အစိုးရသစ်ကို ဘယ်သူအတိုက်အခံလုပ်မလဲ (၁)

အစိုးရသစ်ကို ဘယ်သူအတိုက်အခံလုပ်မလဲ (၁)

                      

ဦးခင်မောင်ဆွေ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ

၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။

သန်းထိုက် မေးမြန်းသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၈ရက်က ကျင်းပခဲ့ သည့် အထွေထွေရွေးကောက်ပွဲ၌ လက်ရှိအစိုးရ၏ အတိုက်အခံဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် လွှတ်တော်နေရာအများစုကို အနိုင်ရခဲ့သည်။ NLD ပါတီသည် အစိုးရဖွဲ့နိုင် လောက်သည်အထိပင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၆ တွင်  ပေါ်ထွက်လာမည့် လွှတ် တော်များနှင့် အစိုးရအဖွဲ့ တွင် NLD ပါတီဝင် အများစုကသာ လွှမ်းမိုးထားမည့်သဘောရှိသည်။

ဤနေရာတွင် လွှတ်တော်နှင့် အစိုးရကြား အပြန်အလှန် ထိန်းကျောင်းမှု ရှိပါတော့မလား၊ အတိုက်အခံ လုပ်မည့်သူကရော မည်သို့ပေါ်လာနိုင်ပါသလဲ၊ ဒီမိုကရေစီအာဏာရှင်အဖြစ်မျိုး မရောက်အောင် ဘယ်လိုလုပ်မလဲ စသဖြင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရန်ကုန်နိုင်ငံ ရေးသိပ္ပံကျောင်း ဥက္ကဋ္ဌ ဦးမြတ်သူနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးရဲထွန်းတို့ထံ ဆက်သွယ်မေးမြန်းချက်များကို ယခုလ မော်ကွန်းမဂ္ဂဇင်း အင်တာဗျူးကဏ္ဍအတွက် ကောက်နုတ်ဖော်ပြ လိုက်ရပါသည်။

 

မော်ကွန်း။  ။ လွှတ်တော်အသစ်မှာ အတိုက်အခံတွေ ဘယ်လိုပုံစံ မျိုးနဲ့ ပေါ်ထွက်လာနိုင်မလဲ။

ဦးခင်မောင်ဆွေ။  ။ အခုက လွှတ်တော်ထဲမှာ အတိုက်အခံလို့ ပြောရမှာတောင် ခပ်ရှားရှားဖြစ်သွားပြီ။ အစတုန်းက ကြည့်မယ် ဆိုရင်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၄၂ ယောက် (ပြည်ထောင်စု အဆင့် လွှတ်တော်မှာ) ရထားတာ။ အတိုက်အခံအုပ်စုအဖြစ် ရှိနေလိမ့်မယ်ပေါ့။ ဒါကလည်း ပါတီချင်းမတူလို့၊ ခေါင်းဆောင် ချင်း မတူလို့၊ လားရာချင်းမတူခဲ့လို့ ဒီလိုကွဲပြားတဲ့အမြင်တွေနဲ့ လွှတ်တော်ထဲမှာ အတိုက်အခံအနေနဲ့ ရပ်တည်မယ်လို့ တွေးစရာ ရှိတာပေါ့။ တပ်မတော်ကတော့ ကြားခံအဖွဲ့အစည်းပဲလေ၊ ကြား နေပဲလေ။

အခုကျတော့ ပြန်ကြည့်လိုက်တဲ့အခါ ရွေးကောက်ပွဲပြီးခါစ ကတော့ အဲဒီလိုပြောလို့ရပေမယ့် အခု(ဒေါ်အောင်ဆန်းစုကြည် က) တပ်ချုပ်အသစ်နဲ့ တပ်ချုပ်အဟောင်း၊ သမ္မတနဲ့ သုံးခုတွေ့ ပြီးတဲ့အခါကျတော့ အတိုက်အခံဆိုတဲ့ဟာက တော်တော်ကြီးကို ပြောရမယ့်အနေအထားရောက်သွားတယ်။ ဒါတောင်မှ တောင် ပြိုကမ်းပြိုနိုင်လို့ အတိုက်အခံကို မမှုတော့လောက်စရာရှိသော် လည်း ၄၂ယောက်လောက်ကတော့ အတိုက်အခံအဖြစ် တွေး ထင်စရာရှိပေမယ့် အခု ညီညွတ်ရေးလမ်းကြောင်းကို သူ လျှောက်သွားပြီဆိုတော့ ဘယ်ဟာမဆို သူညှိသွားမယ့်အနေ အထားဖြစ်သွားပြီဆိုတော့ အတိုက်အခံကို ပြောရမှာတော့ တော်တော်ကြီးကို ခက်ခဲသွားပြီပေါ့။

မော်ကွန်း။  ။ အတိုက်အခံဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ရနိုင် လဲ။ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ အတိုက်အခံ ဘယ်လို ပုံစံမျိုးတွေ ဖြစ်လာနိုင်သလဲ။

ဦးခင်မောင်ဆွေ။  ။ အတိုက်အခံဆိုတာက သာမန်ပြည်သူတွေနဲ့ အခြားပုဂ္ဂိုလ်တွေသိနေတာက တက်လာတဲ့အစိုးရ၊ တက်လာတဲ့ လွှတ်တော်ကို အတိုက်အခံလုပ်ပြီးတော့ သူတို့ပြောသမျှ မကောင်းဘူးဆိုတာပြောမယ့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တွေ ကို အတိုက်အခံလို့ လူတွေက ယူဆတာကိုး။

နိုင်ငံရေးသမားတွေရဲ့အတိုက်အခံက အဲဒီလိုမဟုတ်ဘူး လေ။ နိုင်ငံရေးသမားတွေရဲ့ အတိုက်အခံက အာဏာရပါတီက လုပ်တာတွေ ကောင်းတယ်ဆိုလို့ရှိရင် ထောက်ခံသွားရမှာပဲ။ တိုင်းပြည်မှာ တစ်ပါးနိုင်ငံက ကျူးကျော်လာလို့ စစ်ထဲဝင်ရမယ်၊ တိုက်ကြမယ်။ အဲဒါကို ဆန့်ကျင်တယ်၊ မလုပ်ရဘူးလို့ပြောရင် အဲဒီလိုအတိုက်အခံမျိုးက အဓိပ္ပာယ်မရှိဘူးလေ။ တစ်ပြည်လုံး နိုင်ငံသားအားလုံးက တွန်းလှန်မှသာလျှင်၊ ကောင်းတယ်ဆိုတဲ့ ဘက်ကရပ်မှသာ အတိုက်အခံရဲ့ မှန်ကန်တဲ့လမ်းကြောင်းကို ရွေး ရာရောက်တယ်။

ဒါပေမဲ့ ဗိုလ်ရှုသဘင်ဆောက်တယ်။ ဆောက်တဲ့အခါမှာ ကျပ်သန်းပေါင်းများစွာကုန်သွားတယ်။ ကုန်သွားတော့ ဒါတွေ က Microeconomic Point of View က ကြည့်ရင် ငွေကြေး ဖောင်းပွမှုကို ဦးတည်သွားတာပေါ့။ နောက် ဗဟိုဘဏ်ကလည်း အုပ်ချုပ်မှုအာဏာအောက်ကနေ ကင်းလွတ်မှုရှိမနေဘူး။ အဲဒီ ဟာမျိုးတွေဆိုရင် လွှတ်တော်ရော၊ အစိုးရကိုရော ကျွန်တော်တို့ အနေနဲ့ အတိုက်အခံပြုရမှာ။

အဲဒါက သူတို့ကို မုန်းလို့မဟုတ်ဘူး။ တိုင်းပြည်နဲ့ ပြည်သူ လူထုအပေါ် ကျွန်တော်တို့ ကောင်းရာမွန်ရာတွေဖြစ်ဖို့အတွက် ကျွန်တော်တို့ အတိုက်အခံတွေက ပြောပေးရတာ။ အဲဒီလို အတိုက်အခံမျိုးသာလျှင် နိုင်ငံရေးသမားတွေပြောတဲ့ အတိုက် အခံဖြစ်တယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။

အခုအချိန်မှာ အတိုက်အခံအင်မတန်နည်းသွားပြီးတော့ ကျွန်တော်တို့လို ပုဂ္ဂိုလ်တွေ၊ ပါတီငယ်တွေကလည်း အပြင် ရောက်သွားတဲ့အခါကျတော့ လွှတ်တော်ထဲမှာ ခြေစုံရပ်ပြီး ပြည် သူ့အတွက်ပြောမယ့်၊ ဆိုမယ့်သူတွေ ဒီမိုကရက်တစ်အင်အားစုထဲ က မရှိတော့တာ။ နောက်တစ်ခါ ဦးသန်းရွှေနဲ့တွေ့ပြီး နောက်ပိုင်း သူတို့ ညီညွတ်ရေးရသွားပြီဆိုတော့ အတိုက်အခံပြုဖို့ဟာ တော် တော်ကြီးနည်းသွားပြီပေါ့။

မော်ကွန်း။  ။ တွေ့ဆုံပြီးတော့ ညီညွတ်သွားတော့ အတိုက်အခံ မလုပ်တော့ဘူးလို့ ဆိုချင်တာလား။

ဦးခင်မောင်ဆွေ။  ။ ညီညွတ်သွားတော့ အတိုက်အခံမဟုတ် တော့ဘူးလို့ ပြောတာမဟုတ်ဘူး။ ညီညွတ်သွားတဲ့အခါမှာ ညီညွတ်ခြင်းရဲ့အပေါ်မှာ ဆွဲထားတဲ့ အနာဂတ်လုပ်ငန်းစဉ်တွေ ဟာ စိတ်တူသဘောတူသွားကြတော့မယ်ဆိုတဲ့ အပိုင်းတွေ ရောက်လာတယ်လေ။ အဲဒီတော့ အဓိကလမ်းကြောင်းကြီး၊ အဓိကမူဝါဒကြီးတွေမှာတော့ ကွဲပြားမှု သိပ်မတွေ့ရတော့ဘူးပေါ့။

မော်ကွန်း။  ။ အတိုက်အခံဘာကြောင့်လုပ်ဖို့လိုတာလဲ။ ဒီမို ကရေစီနိုင်ငံမှာ အတိုက်အခံက ဘယ်လောက်အရေးကြီးသလဲ။

ဦးခင်မောင်ဆွေ။  ။ ဒီမိုကရေစီနိုင်ငံမှာ ဒီမိုကရေစီအာဏာရှင် စနစ်ဆိုတာ ကိုရင်တို့ကြားဖူးမှာပါ။ ဖိလစ်ပိုင်မှာ မားကို့စ်က အာဏာရှင်ပဲလေ၊ မူဂါဘီက အာဏာရှင်ပဲလေ။ ဖဆပလခေတ် မှာ ဝန်ကြီးချုပ်ဦးနုက အာဏာရှင်ပဲလေ။ အားလုံးနိုင်ထားတဲ့ အခါကျတော့ လုပ်ချင်တာလုပ်လို့ရသွားပြီလေ။ လုပ်ချင်ရာ လုပ် လို့ရတယ်ဆိုရင်ကို ဒါမကောင်းတော့ဘူးလေ။ အထိန်းအကွပ်နဲ့ သွားဖို့က အတိုက်အခံဆိုတာ ရှိဖို့လိုတယ်လို့ပြောတာ။ ငါနဲ့မတူ ငါ့ရန်သူဆိုတာမျိုးမဟုတ်ဘဲ ပြည်သူ့ဘက်က အထိန်းအကွပ် အနေနဲ့ အတိုက်အခံအင်အားစုက လောက်လောက်လားလား ပါလီမန်ထဲမှာရှိနေတာကို ဆိုလိုတာပါ။

မော်ကွန်း။  ။ ဦးနုခေတ်မှာ အပြန်အလှန်ထိန်းကျောင်းတာ ဘယ် လိုမျိုးတွေ ပျက်သွားတာလဲ။

ဦးခင်မောင်ဆွေ။  ။ ပျက်သွားတာက ကချင်တွေ တောခိုသွား တာက အဲဒါကြောင့်မို့လို့ပေါ့။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်မယ်ဆိုပြီး ဦးနုက တစ်ချက်တည်းနဲ့ ဆော်ထည့်လိုက်တယ်။ အဲဒီတော့ အတိုက်အခံက အားမရှိတော့တဲ့အခါကျတော့ ဦးနုက ပြောချင်ရာပြော လုပ်ချင်ရာလုပ်တာပေါ့။ အဲဒါကြောင့် ကချင် တွေ တောခိုသွားတာပေါ့။ ဒါက အသိသာ အထင်ရှားဆုံးပဲ။ နိုင်ငံ အတွက် အကျိုးမရှိတာ။

ဗုဒ္ဓဘာသာအများစုအတွက် နိုင်ငံတော်ဘာသာလုပ်တာ ဟာ လူနည်းစုဘာသာဝင်တွေအတွက်တော့ ဒါသဘောကျနိုင် စရာ မရှိဘူးလေ။ ဒါကြောင့် ကချင်တောခိုသွားတာ။ ဗမာလူမျိုးကြီးဝါဒကျင့်သုံးတယ်ဆိုတဲ့အမြင်ကို ရောက်သွားတာပေါ့။ ဥပမာ- ဗမာ ဗုဒ္ဓအမျိုးသားရေးဆိုပြီးတော့ အခုလည်း ပြောနေ ကြတာပဲလေ။

မော်ကွန်း။  ။ လက်ရှိအခြေအနေအရဆိုရင် လွှတ်တော်အသစ်မှာ Check and Balance က ပျက်သွားပြီလို့ ပြောလို့ရမလား။

ဦးခင်မောင်ဆွေ။  ။ Check and Balance သဘောတရားဟာ အားကောင်းမောင်းသန် မရှိတော့ဘူး။ လွှတ်တော်ပြင်ပကနေပြီး တော့ ပြည်သူအစုအဝေးကသော်လည်းကောင်း၊ ပါတီအစုအဝေး ကသော်လည်းကောင်း၊ သတင်းစာတွေကသော်လည်းကောင်း၊ NGO တွေကသော်လည်းကောင်း ထောက်ပြဝေဖန်တာတွေ တော့ ရှိဦးမှာပေါ့။ အဲဒါတွေကိုလည်း အာဏာရအစိုးရက ထုတ် ယူသုံးစွဲနိုင်တဲ့ နိုင်ငံရေးသဘောထားကြီးမှုရှိရင်တော့ အတိုက် အခံမရှိသော်လည်း ပြုပြင်ရေးသမားတွေရဲ့အဆိုကို သုံးစွဲတဲ့ အစိုးရဆိုရင်တော့ ဒါဟာ ထိန်းကွပ်မှု ရနိုင်တာပေါ့။

မော်ကွန်း။  ။ PMESM(Political Monitoring and Evaluation Society of Myanmar) ကို ဘယ်ကနေ အိုင်ဒီယာရပြီး ဖွဲ့လိုက်တာလဲ။ (ယင်းအဖွဲ့သည် အသစ်တက်လာမည့် အစိုးရနှင့် လွှတ်တော်အား စောင့်ကြည့်ထိန်းကြောင်းရန် NDF ပါတီ ဦး ဆောင်မှုဖြင့် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်)

ဦးခင်မောင်ဆွေ။  ။ ကျွန်တော်တို့ပါတီက လူငယ်ခေါင်းဆောင် တွေက နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲပြီးတဲ့အခါမှာ ၉ ရက်မှာ အဲဒီအိုင်ဒီယာရပြီးတော့ Workshop (အလုပ်ရုံဆွေးနွေးပွဲ)ပေါ့။ လွှတ်တော်နဲ့ တက်လာမယ့်အစိုးရကို စောင့်ကြည့်လေ့လာအကြံ ပြုရေးဆိုတဲ့ အိုင်ဒီယာရတော့ ကျွန်တော်တို့ ပါတီခေါင်းဆောင် ပိုင်းက လက်ခံလိုက်တယ်။ လက်ခံပြီးတော့ တကယ်တမ်းခွင့်ပြုချက်တောင်းတဲ့အခါမှာ ကျွန်တော်တို့က ချပေးဖို့ အဆင်သင့် ဖြစ်တယ်။ ကျွန်တော်တို့ ပါတီလူငယ်ခေါင်းဆောင်များတင်မက ပါဘူး၊ တခြားပါတီက လူငယ်တွေလည်းပါမယ်။ တခြားပါတီက ပညာရှင်တွေလည်းပါမယ်။ ပြင်ပပုဂ္ဂိုလ်တွေလည်း ပါမယ်ဆိုတာ ကျွန်တော်တို့ သိထားရပါတယ်။

အနိုင်မရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြင်ပပညာ ရှင်များ၊ ပုဂ္ဂိုလ်များ ပူးပေါင်းဖွဲ့စည်းထားတဲ့ PMESM အဖွဲ့ ဖြစ်ပါတယ်။ ဒါကို ဘယ်လိုသွားမယ်ဆိုတာ မသိသေးဘူး။ NGO ပုံစံ သွားမှာလား။ ကျွန်တော်တို့ Joint Action နဲ့ သွားမှာလား၊ ကွန်ရက်အနေနဲ့သွားမှာလား မသိသေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ သဘောတူပေးထားတယ်။ လမ်းကြောင်းမှား မယ်ဆိုရင် နောက်ကနေ ပြန်တည့်ပေးမယ်။ ကျွန်တော်တို့က တော့ ကိုယ်တိုင်ကိုယ်ကျပါမှာ မဟုတ်ဘူး။ ပါတီခေါင်းဆောင်ပိုင်း က မပါပါဘူး။ ပါတီလူငယ်တွေနဲ့ တခြားလူငယ်တွေပါမှာပါ။

မော်ကွန်း။  ။ လက်ရှိဖွဲ့ထားတဲ့ PMESM အဖွဲ့အနေနဲ့ရော ဘာ တွေလုပ်သွားဖို့ရှိလဲ။

ဦးခင်မောင်ဆွေ။  ။ PMESM ခုနက ပြောတဲ့အတိုင်းပဲလေ။ လွှတ်တော်ကိုသော်လည်းကောင်း၊ အစိုးရကိုသော်လည်းကောင်း စောင့်ကြည့်ဝေဖန်မယ်။ စောင့်ကြည့်ဝေဖန်မယ် ဆိုတာက အစိုးရပါးစပ်လှုပ်တိုင်း လိုက်ပြီးတော့ မကောင်းဘူးပြောမယ့် အဖွဲ့ မဟုတ်ဘူးလေ။ အစိုးရမှာ လုပ်ရင်းကိုင်ရင်း လွှတ်တော်မှာ လုပ်ရင်းကိုင်ရင်းနဲ့ အဆိုတွေ၊ အမိန့်တွေ၊ ဥပဒေတွေက ပြည်သူ လူထုအကျိုးစီးပွားနဲ့ ကင်းကွာတယ်ဆိုရင်တော့ ဒါထောက်ပြ ဝေဖန်မှာပေါ့။

သဘောက ဘာလဲဆိုတော့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို မျက်ကွယ်ပြုတဲ့အရာမျိုး၊ မေးခွန်းမျိုး၊ ဥပဒေမျိုးကို ကျွန်တော် တို့က တိုက်ခိုက်ရမယ်။ ဒါတွေကို ဝေဖန်သုံးသပ်ပြီးတော့ တွန်း အားပေးမှာ။ ထပ်ပြီးတော့ မွမ်းမံတာပဲရှိမယ်။ အစအဆုံး ပြန်ပြီး ပြုပြင်တာမျိုးတော့ မဖြစ်သင့်ဘူး။ ချထားတဲ့ဟာက တော်တော် ကြီးကို Reasonable(အကျိုးအကြောင်းဆီလျော်မှု) ဖြစ်နေ ပါလားဆိုတာကို ကျွန်တော်တို့က ထောက်ပြအကြံပြုမှာပေါ့။ Statement(ထုတ်ပြန်ချက်) ထုတ်မယ်။ မီဒီယာကို ချပြမယ်။ သူတို့ဆီကို (လွှတ်တော်ထဲ) ပို့မယ်။ ပို့လို့မရရင် ရတဲ့ Channel ကပို့မယ်။

မော်ကွန်း။  ။ များသောအားဖြင့် အနိုင်ရတိုင်းရင်းသားပါတီတွေ ကလည်း NLD ရဲ့ မဟာမိတ်တွေဖြစ်နေတော့ သူတို့အနေနဲ့က ရော ဘယ်လိုပုံစံမျိုး အတိုက်အခံလုပ်သင့်လဲ။

ဦးခင်မောင်ဆွေ။  ။ ဘယ်လိုအတိုက်အခံလုပ်မလဲဆိုတော့ ဖက် ဒရယ်ကိစ္စပဲပြောမှာပေါ့။ ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်တာ လက်မခံဘူး။ ပြည်နယ်တွေရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်တွေကို ဒီထက်တိုးပေးဖို့။ Decentralization (ဗဟိုချုပ်ကိုင်မှု ဖြေ လျော့မှု) ရဖို့။ နောက် ရေအားလျှပ်စစ်တို့၊ ကျောက်မီးသွေးနဲ့ သုံး တဲ့ လျှပ်စစ်ဓာတ်အားပေးစက်တို့ ဒါတွေကို ကန့်ကွက်မယ်လေ။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ၊ အခြေခံဥပဒေ ပြင်တဲ့အခါမှာ တိုင်းဒေသကြီး ခုနစ်ခု၊ ပြည်နယ်ခုနစ်ခုကနေ ၁၄ ပြည်နယ်တို့၊ ၁ဝ ပြည်နယ်တို့ ဖြစ်လာဖို့အကြောင်းတွေ ရှိတယ် လေ။ ဒါတွေက အတိုက်အခံမဟုတ်သော်လည်း သူတို့လိုလား ချက်တွေကို တောင်းဆိုတော့မှာပေါ့။ အဲဒီလိုတော့ရှိပါတယ်။

မော်ကွန်း။  ။ လက်ရှိလွှတ်တော်မှာရော NLD က အတိုက်အခံ ကောင်းဖြစ်ခဲ့ရဲ့လား။

ဦးခင်မောင်ဆွေ။  ။ NLD ဟာ အဲဒီအချိန်က ဦးရွှေမန်းခေါင်း ဆောင်တဲ့ ကြံ့ ဖွံ့ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)ကို ဘာတစ်ခုမှ ကန့်ကွက်ခဲ့တာမရှိဘူး။ ဖြစ်စဉ်ပြန်ကြည့်ရင် သိပါ တယ်။ ထောက်ခံပေးတာပဲရှိတယ်။ ဥပမာတစ်ခုကြည့်၊ လွှတ် တော်ဥပဒေမှာ ပုဒ်မ ၁၉ ရှိတယ်။ ဘာရေးထားသလဲဆိုတော့ လွှတ်တော်ကြီးကို နာယကဖြစ်စေ၊ ဥက္ကဋ္ဌဖြစ်စေ အမိန့်ချတဲ့ အခါမှာ အမိန့်ညွှန်ကြားချက်အာဏာကို တည်ရမယ်လို့ အဲဒီ အမိန့်ညွှန်ကြားချက်အာဏာအတိုင်းပဲ အတည်ဖြစ်တယ်ဆို တာမျိုး ရေးထားတာရှိတယ်။

အဲဒီဟာကို ကျွန်တော်တို့ ပါတီက ကန့်ကွက်တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့က ဘာမှမပြောဘူး။ အဲဒါက အတည် ဖြစ်နေတယ်။ လွှတ်တော် ဥက္ကဋ္ဌက အမိန့်အာဏာသုံးခွင့်ရှိတယ် ဆိုတဲ့ဟာကို ကိုယ်တို့က အမိန့်အာဏာ မသုံးပါနဲ့ ညွှန်ကြားချက် လောက်နဲ့ပြောပါဆိုတာကို မရဘူး။ အမိန့်အာဏာသုံးခွင့်ရှိတယ် လို့ အပိုဒ် ၁၉ ပြန်ကြည့် ရင်တွေ့မှာပါ။ လွှတ်တော်ဥပဒေမှာ အဲဒါ တွေရှိခဲ့ပါတယ်။

မော်ကွန်း။  ။  NLD အတိုက်အခံလုပ်သွားတဲ့ဆီက ဘာသင်ခန်း စာတွေ ယူလို့ရနိုင်မလဲ။

ဦးခင်မောင်ဆွေ။  ။  NLD ကလည်း တော်တော်များများက မှတ် လောက်သားလောက်အောင် မကြားနာရဘူး။ ဘာသင်ခန်းစာမှ ကျွန်တော်တော့ မတွေ့မိဘူး။ ခေါင်းပေါင်းချွတ်ဖို့ကိစ္စ၊ နောက် ပြည့်တန်ဆာဥပဒေကို ပြဋ္ဌာန်းဖို့ကိစ္စ အဲဒါတွေက ပြည်သူ့အကျိုး စီးပွားနဲ့ တိုက်ရိုက်မပတ်သက်ဘူးလေ။ အဲဒါက သင်ခန်းစာရ လောက်အောင်ရှိတယ်ဆိုရင်တော့ ကျွန်တော်က မြှောက်ပင့် ပြောတာဖြစ်မှာပေါ့။ ကျွန်တော်က သင်ခန်းစာရလောက်အောင် မရှိဘူး။ အလကားပါဆိုရင်လည်း ကျွန်တော်က ပုတ်ခတ်ရာ ရောက်မယ်။ အဲဒီတော့ ကျွန်တော်မတွေ့ပါဘူး။

မော်ကွန်း။  ။ လွှတ်တော်အသစ်၊ အစိုးရအသစ် ဖော်ဆောင်လာ နိုင်တဲ့ အနာဂတ်နိုင်ငံရေးလမ်းကြောင်းက ဘယ်လိုဖြစ်လာနိုင် မလဲ။

ဦးခင်မောင်ဆွေ။  ။ ခက်တာကလည်း အများစုက NLD ဖြစ် နေတဲ့အတွက် NLD ရဲ့ ဖွဲ့စည်းပုံကလည်း အပေါ်ကနေပြီးတော့ Instruction (ညွှန်ကြားချက်)ပေးရင် အောက်က ဒီအတိုင်း လိုက်လုပ်ကြတာ ဖြစ်နေတယ်လေ။ ဖြစ်နေတော့ ပါတီတွင်း ဒီမို ကရေစီရှိတဲ့ ပါတီမျိုးဆိုရင်တော့ လွတ်လွတ်လပ်လပ်တွေးခေါ် မြော်မြင်ပြောနိုင်တာပေါ့ဗျာ။

ပါတီတွင်း ဒီမိုကရေစီမရှိတဲ့ပါတီမျိုးမှာ အပေါ်က အမိန့် အတိုင်းပဲ လုပ်ရမယ်ဆိုရင် တော်တော်ကြီးခက်တယ်။ လွှတ် တော်ထဲမှာလည်း လွှတ်တော်ရေးရာကော်မတီတွေပေါ်လာမှာပဲ။ အဲဒီမှာ တခြားပါတီက လူတွေကိုလည်း ထည့်ဖွဲ့လိုက်ပြီး အနိုင်ရပါတီနဲ့ ပူးပေါင်းလုပ်မယ်ဆိုရင် အမြင်ကွဲလွဲမှုတွေတော့ ပေါ်လာမှာပဲလေ။

ကွဲလွဲမှုတွေကို ဒီမိုကရေစီ Practice(ကျင့်စဉ်)အရ ဆုံး ဖြတ်၊ သုံးသပ်လိုက်ရင် အနိုင်ရပါတီက လူအများစုဆိုတော့ ပြီးခဲ့ တဲ့လွှတ်တော်မှာလိုပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက စီးထားတဲ့ ကော် မတီတွေကလည်း ဘာမှ ပြည်သူ့ဘက်က ရပ်တည်နိုင်မှာလည်း မဟုတ်ဘူးလေ။ လွှတ်တော်ပြင်ပက ဝိုင်းဝန်းအကြံပေးပြီးတော့ ထိန်းမတ်ပေးတဲ့ဟာတစ်ခုပဲ Check and Balance က အလား အလာရှိတော့တယ်လို့ ပြောနိုင်ပါတယ်။

နောက်တစ်ခုက အနိုင်ရပါတီကြီးကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဖန်သုံးသပ်ဆုံးဖြတ်ပြီးတော့ ပြည်သူအတွက် အကျိုး ရှိရဲ့လား၊ နောင်အရှည်ကို သင့်တော်ရဲ့လား၊ နိုင်ငံတကာမျက်စိ မှာရော လိုက်လျောညီထွေရှိရဲ့လား၊ နိုင်ငံ့ဂုဏ်သိက္ခာနဲ့ရော ညီရဲ့ လား၊ နောက်ပြီးတော့ အရှေ့ သို့မဟုတ် အနောက်ဘက်ကို ယိုင် နေတဲ့ ဆုံးဖြတ်ချက်တွေဖြစ်နေသလားဆိုတာကို ကိုယ့်ဟာကိုယ် ဝေဖန်ထိန်းကွပ်သွားမယ်ဆိုရင်လည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ လူများစုနိုင်ထားတဲ့အတွက်ကြောင့် ဘယ်သူကမှ ထောက်ပြပြောဆိုရဲဖို့လည်း အကြောင်း မရှိပါဘူး။

မော်ကွန်း။  ။ လွှတ်တော်အသစ်နဲ့ အစိုးရအသစ်ကို ဘာတွေဖြစ် လာလိမ့်မယ်လို့ မျှော်လင့်လဲ။

ဦးခင်မောင်ဆွေ။  ။ အကြမ်းဖျင်းအကဲခတ်ရရင်တော့ ဦးသိန်းစိန် အစိုးရထက်ပိုပြီးတော့ ဒီမိုကရေစီလွတ်လပ်ခွင့်တွေ ပိုရဖို့ အကြောင်း ရှိလာမှာပေါ့။

မော်ကွန်း။  ။ ဘာကြောင့် အဲဒီလိုပြောနိုင်တာလဲ။

ဦးခင်မောင်ဆွေ။  ။ ဒီမိုကရေစီပါတီကြီးတစ်ခုက အစိုးရဖြစ်မှ တော့ ပိုပြီးလွတ်လပ်ခွင့်တွေ မဖော်ဆောင်လို့ရှိရင် သူအပြောခံရ မှာပေါ့။ ဦးသိန်းစိန်က ခါးကြိုးနဲ့ ချည်ခံထားရတာကိုး။ ဦးသိန်း စိန်အစိုးရက နောက်မှာ ချည်တုပ်ထားတာတွေ ရှိတယ်လေ။ ဒီ မှာက ချည်တုပ်ထားခံရခြင်းမရှိဘူးလေ။ နောက် ဒီအစိုးရက        ပြည်သူလူထု တစ်ခဲနက်ဆန္ဒမဲပေးထားတာ။ ပြည်သူက မဲပေး ထားတော့ Legitimate Government (တရားဝင်အစိုးရ) ဖြစ်တယ်ဆိုတာကလည်း ပြောစရာ မလိုတော့ဘူး။ Legitimate Government ရဲ့လုပ်နိုင်စွမ်းဟာ ဒီ Freedom ကိုတော့ ရ အောင် ဆောင်ကြဉ်းပေးနိုင်ဖို့ အကြောင်းများပါတယ်။ ဦးသိန်းစိန်အစိုးရထက်တော့ များပါတယ်။

မော်ကွန်း။  ။ လွှတ်တော်ပြင်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေ ဘာတွေဆက်လုပ်သင့်လဲ။

ဦးခင်မောင်ဆွေ။  ။ မြန်မာပြည်နိုင်ငံရေးက အားလုံးက ဥက္ကဋ္ဌ ဖြစ်ချင်ကြတာကိုး။ လူတိုင်းက ဥက္ကဋ္ဌနေရာမှာပဲ နေချင်ကြတဲ့ အခါကျတော့ ထင်သလောက်ခရီးမပေါက်ဘူးလေ။ ပါတီတွေ များပြီးတော့ ပွဲမစည်ဘူးပေါ့ဗျာ။ ပါတီများလာလို့ လူတွေ များ လာရင် နေရာအတွက်က စကားပြောရပြီလေ။ အရေးကြီးတာက တော့ တူရာ၊ တူရာ စုဖွဲ့ပြီးတော့ အစုအဖွဲ့တွေနဲ့ နိုင်ငံရေးလုပ် ရင်တော့ အခုထက်ပိုပြီး ခရီးရောက်မယ်ထင်တယ်လေ။ နောက် နိုင်ငံရေးမှာ မျှခြေဆိုတာရှိတယ်လေ။ နိုင်ငံရေးမျှခြေကို မထိ အောင်တော့ သွားသင့်တယ်။ တစ်ယောက်နဲ့ တစ်ယောက် Understanding(နားလည်မှု)ပေါ့။ ဒါတွေ မပါဘဲ ခရီးဆက်လို့ မရဘူးလေ။

အဲဒီတော့ ပါတီတွေဟာ တူရာတူရာတွဲပြီးတော့ သို့မဟုတ် မဟာမိတ်အဖွဲ့တွေပေါင်းပြီးတော့ သွားမယ်ဆိုရင်တော့ ခွဲတမ်း ချတဲ့ကိစ္စရော၊ နိုင်ငံရေးယုံကြည်မှုကိစ္စရော၊ မူဝါဒကိစ္စရော၊ ပြတ်အောင်ဖြတ်ကြမယ်ဆိုရင်တော့ ရှေ့လုပ်ငန်းစဉ်တွေကို ၁ဝ ပါတီရှိတဲ့အထဲမှာ တစ်ယောက်က ထပြောရင် လုံလောက်တယ် လေ။ အဲဒီလိုမျိုးဖြစ်အောင် သဘောထားကြီးကြီးနဲ့ နိုင်ငံရေး ခရီးကို ဆက်ကြမယ်ဆိုရင် မြန်မာ့နိုင်ငံရေးဟာ သက်သောင့် သက်သာနဲ့ ထင်ထင်ရှားရှား၊ အောင်အောင်မြင်မြင်နဲ့ လူအထင် ကြီးခံရတဲ့ နိုင်ငံရေးပါတီတွေဖြစ်လာမှာပဲ။ မဟုတ်လို့ရှိရင်တော့

ကြိတ်ကြိတ်တိုးလုနေတာနဲ့ပဲ အချိန်ကုန်နေမယ် ထင်တာပဲ။      ။   နောက်လာမည့် အပိုင်း(၂)တွင်   ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းမှ ဥက္ကဌ ဦးမြတ်သူ နှင့် တွေ့ဆုံ မေးမြန်းထားသော အင်တာဗျူး းဆောင်းပါးကို အောက်ပါ Link ကိုနှိပ် ၍ဖတ်ရှုနိုင်ပါသည်။

 အပိုင်း(၂)သို့

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."