Home သတင်းဆောင်းပါး သယံဇာတစီမံခန့်ခွဲမှု နှင့် မြန်မာနိုင်ငံအနာဂတ် အပိုင်း(၁)

သယံဇာတစီမံခန့်ခွဲမှု နှင့် မြန်မာနိုင်ငံအနာဂတ် အပိုင်း(၁)

208
0
Advertise Here

၂၀၁၃၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

မော်ကွန်းသတင်းအဖွဲ့ ရေးသည်။

မြန်မာနိုင်ငံ၏ သယံဇာတနှင့်ပတ်သက်ပြီး ပြည်သူလူထု အများစု သိရှိထားသည့်အချက်မှာ မြန်မာနိုင်ငံသည် မြေပေါ်မြေ အောက် သယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်ဆိုတာလောက်ပဲဖြစ်သည်။ ထိုသယံဇာတများကို အစိုးရက မည်သို့ စီမံနေသည်၊ ယင်း မှ ရရှိသည့် ငွေကြေးများကို မည်သည့်နေရာတွင် မည်သို့အသုံး ချနေသည်ကိုမူ ရေရေရာရာ မသိရှိကြပါ။

Advertise Here

ထို့ကြောင့်လည်း အဆက်ဆက်သော အစိုးရများသည် ပြည်သူလူထုအပေါ် ပွင့်လင်းရိုးသားမှုမရှိခဲ့ဟု ပညာရှင်များနှင့် လေ့လာသူများက ထောက်ပြကြခြင်းဖြစ်သည်။သယံဇာတ မည်မျှပင် ပေါများကြွယ်ဝသော်လည်း စီမံခန့် ခွဲမှုလွဲမှားပြီဆိုလျှင် သယံဇာတ၏ အကျိုးစီးပွားကို ပြည်သူများ မခံစားရသည့်အပြင် ထိုအစား သယံဇာတကျိန်စာပဲ ခံစားရတတ် သည်ဟု ပညာရှင်များက ဆိုပါသည်။

စက်တင်ဘာလအတွင်းက ထွက်ရှိခဲ့သည့် ဘဏ္ဍာရေးဆိုင် ရာစောင့်ကြည့်ရေးအဖွဲ့ (Revenue Watch) ၏ စစ်တမ်းတစ် စောင်အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တွင်းထွက်သယံဇာတ တူးဖော်မှုအပိုင်းတွင် ပွင့်လင်းမြင်သာမှု အနည်းဆုံးနှင့် စီမံ ကွပ်ကဲမှု အညံ့ဖျင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရသည်။

ကမ္ဘာပေါ်ရှိ သယံဇာတပေါများသည့် နိုင်ငံပေါင်း ၅၈ နိုင်ငံ ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုထုတ်လုပ်မှုများတွင် မည်သို့ စီမံကွပ်ကဲသနည်းဆိုသည်ကို လေ့လာသုံးသပ်ထားသည့်Resource Governance Index (သယံဇာတစီမံအုပ်ချုပ်မှု အညွှန်း) အမည်ရှိ အဆိုပါ အစီရင်ခံစာသည် တစ်နိုင်ငံချင်းစီ၏ စီမံကွပ်ကဲမှုနှင့် ပွင့်လင်းမြင်သာရှိမှုတို့အပေါ်တွင် အခြေခံပြီး နိုင်ငံများကို အဆင့်သတ်မှတ်ပေးခြင်းဖြစ်ပါသည်။

ဇင်ဘာဘွေ၊ ကွန်ဂို၊ မိုဇမ်ဘစ်ကဲ့သို့သော အာဖရိကတိုက်မှ ဖရိုဖရဲပြိုလဲနိုင်ငံများပင်လျှင် မြန်မာနိုင်ငံ၏ အထက်တွင် ရှိနေပါသည်။

မြန်မာနိုင်ငံအနေနှင့် အဆင့် ၅၈ အနက် နောက်ဆုံးနေရာ တွင် ရှိနေရသည်မှာ ဥပဒေနှင့် ထိန်းကျောင်းမှုလုပ်ထုံးလုပ်နည်း အားနည်းခြင်းကြောင့်ဖြစ်သလို သယံဇာတတူးဖော်မှုနှင့် ပတ်သက်ပြီး စီမံကွပ်ကဲမှုဆိုင်ရာ သတင်းအချက်အလက် မရရှိနိုင်မှုတို့ကြောင့်လည်းဖြစ်သည်ဟု အဆိုပါအဖွဲ့မှ အုပ်ချုပ်မှုမူဝါဒ လေ့ လာသုံးသပ်သူ မယ်ရီလင့်ဇာက မော်ကွန်းမဂ္ဂဇင်း၏ မေးမြန်းမှုကို အီးမေးလ် မှတစ်ဆင့် ပြန်လည်ဖြေကြားပါသည်။

”ဥပမာ – မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ ဥပဒေပြုမှုမှာ လိုင်စင်လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမထားဘူး။ အစိုးရအာဏာပိုင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အဓိပ္ပာယ် ဖွင့်ဆိုမထားဘူး။ ဒါမှမဟုတ် အခွန်ဘဏ္ဍာငွေနဲ့ပတ်သက်တဲ့ စနစ်ကို အဓိပ္ပာယ်ဖွင့်ဆိုမထားဘူး”ဟု မယ်ရီလင့်ဇာက ရှင်း ပြသည်။

”ဒီကဏ္ဍကနေ ဝင်ငွေဘယ်လောက်ရတယ်ဆိုတာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို ရဖို့ တော်တော်ကို ခက်ခဲပါ တယ်”ဟုလည်း ၄င်းကဆိုသည်။

အားနည်းချက်များ

ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့သည် အခန်းငါးခု ဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အနေအထားကို တိုင်းတာသည်။ ၄င်းတို့မှာ ‘အင်စတီကျူးရှင်းနှင့် ဥပဒေစနစ်’၊  ‘အစီရင်ခံသည့် အလေ့အထ’၊ ‘ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးထိန်းချုပ် မှု’၊ ‘လုပ်နိုင်ကိုင်နိုင်ခွင့် ရရှိအောင် ဖန်တီးပေးသည့် ပတ်ဝန်းကျင်’ နှင့် ‘အစိုးရပိုင်ကုမ္ပဏီများ’တို့ဖြစ်ပြီး အမှတ်ဖြင့် အကဲ ဖြတ်သည်။ အခန်းတစ်ခုချင်းစီကို အမှတ် ၁ဝဝ ပေးထားသည်။

‘အင်စတီကျူးရှင်းနှင့် ဥပဒေစနစ်’တွင် ပေးမှတ် ၁ဝဝ အနက် မြန်မာက ရှစ်မှတ်သာရရှိသည်။ အကြောင်းမှာ သယံ ဇာတတူးဖော်မှုနှင့်ပတ်သက်ပြီး သတင်းအချက်အလက် မရရှိမှု၊ သတင်းအချက်အလက်လွတ်လပ်မှုနှင့် ဆိုင်သည့်ဥပဒေ မရှိမှုတို့ ကြောင့်ဖြစ်သလို သယံဇာတတူးဖော်ရာတွင် သဘာဝပတ်ဝန်း ကျင်အပေါ် သက်ရောက်မှုစစ်တမ်း(Environmental Impact Assessment – EIA) နှင့် လူမှုဘဝအပေါ်သက်ရောက်မှုစစ်တမ်း(Social Impact Assessment – SIA) တို့လုပ်ဆောင် ရန် မလိုအပ်သောအချက်ကြောင့်လည်းဖြစ်သည်ဟု ဆိုပါသည်။

ထို့ပြင် အစိုးရပိုင်းမှ မူဝါဒချမှတ်သူများနှင့် တိုက်ရိုက်ထိတွေ့ အလုပ်လုပ်နေသော ပညာရှင်များပင် အစိုးရ၏ စနစ်အတွင်းပိုင်း လည်ပတ်မှုနှင့်ပတ်သက်ပြီး ဂဃနဏမသိရှိကြသလို တွင်းထွက် သယံဇာတတူးဖော်သည့် ကုမ္ပဏီများထံမှ မည်သည့်အစိုးရ အာဏာပိုင်က ဝင်ငွေရနေသနည်းဆိုသည်မှာလည်း ရှင်းရှင်း လင်းလင်း မရှိဟု စစ်တမ်းက ဆိုသည်။

တွင်းထွက်သယံဇာတတူးဖော်မှုတွင် ခြစားမှုများဖြစ်ပေါ် နေပြီး ထိုကဏ္ဍမှ ရရှိသော ဝင်ငွေအများစုမှာ အစိုးရအရာရှိ အချို့၏ နိုင်ငံခြားဘဏ်စာရင်းများသို့ ရောက်ရှိသွားကြသည်ဟု လူအများက ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်ဟုလည်း အစီရင်ခံစာက ဖော်ပြထားသည်။

‘အစီရင်ခံသည့်အလေ့အထ’အခန်းတွင် ငါးမှတ်သာရရှိ သည်ကိုတွေ့ရသည်။ မြန်မာအစိုးရသည် လိုင်စင်ထုတ်ပေးမှု (သို့) ကန်ထရိုက်ချုပ်ဆိုမှုနှင့်ပတ်သက်ပြီး သတင်းအချက် အလက် ပံ့ပိုးခြင်းမရှိဟု အစီရင်ခံစာက ဆိုသည်။ ဘဏ္ဍာရေးဝန် ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကလည်း တွင်းထွက်သယံ ဇာတတူးဖော်မှုမှ ရရှိသော ဝင်ငွေနှင့် ပတ်သက်ပြီး သတင်း အချက် အလက်ပံ့ပိုးမှုမရှိဟု ဆိုပါသည်။

‘ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးထိန်းချုပ်မှု’ အခန်းတွင် နှစ်မှတ်သာရရှိပါသည်။ သယံဇာတတူးဖော်ရေး လိုင်စင်ချပေးရာ၌ အကဲဖြတ်မှုနှင့်ပတ်သက်ပြီး  သတ်မှတ်ချက် တိတိပပ မရှိသလို ဘဏ္ဍာရေးမူဝါဒနှင့်ပတ်သက်ပြီး ရုတ်တရက် အပြောင်းအလဲများ ဖြစ်တတ်သည်ဟုဆိုပါသည်။ ထို့ပြင် သယံ ဇာတတူးဖော်သည့်ကဏ္ဍတွင် ရှင်းလင်းပြတ်သားသော ကြီး ကြပ်မှုမရှိဟု လည်းဆိုပါသည်။

‘လုပ်နိုင်ကိုင်နိုင်ခွင့်ရရှိအောင် ဖန်တီးပေးသည့်ပတ်ဝန်း ကျင်’ အခန်းတွင်လည်း နှစ်မှတ် သာရရှိပါသည်။ အကြောင်းမှာ ခြစားမှုများကို မထိန်းချုပ်နိုင်ခြင်း၊ အစိုးရ၏ ထိရောက်မှုအား နည်းခြင်း၊ ဒီမိုကရေစီအရ တာဝန်ခံမှုအားနည်းခြင်းနှင့် တရား ဥပဒေစိုးမိုးမှုအပိုင်းအား နည်းခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုပါသည်။

‘အစိုးရပိုင် ကုမ္ပဏီများ’ အခန်းတွင်လည်း နှစ်မှတ်သာ ရ ရှိပြန်သည်။ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်း (Myanmar Oil and Gas Enterprise – MOGE) သည် ရင်းနှီးမြှုပ်နှံသူများကို ရည်ရွယ်သည့် Power Point Presentation များ အခါအားလျော်စွာလုပ်ရုံမှတစ်ပါး အခြား သော အစီရင်ခံမှုများမရှိဟု ဘဏ္ဍာရေးဆိုင်ရာစောင့်ကြည့်ရေး အဖွဲ့ က ဆိုသည်။

ထို့ပြင် တင်ပြမှုများမှာ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြ သည့် သဘောမဆောင်ဘဲ အရန်ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပရောဂျက်ကုန်ကျစရိတ်၊ နိုင်ငံအတွင်း လည်ပတ်နေသည့် ကုမ္ပဏီများနှင့် ထုတ်လုပ်မှုအချက်အလက်များသာ ပါဝင် သည် ဟုဆိုသည်။

နှစ် ၆ဝ စာ အလွဲများ

မြန်မာ့ပတ်ဝန်းကျင်သိပံ္ပ၏ နာယကနှင့် အကြံပေးပုဂ္ဂိုလ် ပါမောက္ခဦးမောင်မောင်အေးကတော့ ဘဏ္ဍာရေးဆိုင်ရာ စောင့် ကြည့်ရေးအဖွဲ့မှ ထုတ်ပြန်သည့် စစ်တမ်းရလဒ်သည် ဖြစ်နိုင်ခြေရှိ သည်ဟု သုံးသပ်သည်။

မြန်မာနိုင်ငံ၏ အဓိကအားနည်းချက်မှာ ပွင့်လင်းမြင်သာမှုမရှိသောအချက်ဖြစ်သည်ဟု ၄င်းက ရှုမြင်သည်။”ဘယ်လိုအကျိုးအမြတ်တွေနဲ့ ထုတ်ယူနေတယ်၊ ဘယ်လို အချိုးတွေနဲ့ ထုတ်ယူနေတယ်၊ ဘယ်လိုခွဲဝေသုံးစွဲမယ် ဒါတွေ ကို မသိရဘူး။ ဒီအရင်းအမြစ်ပစ္စည်းတွေကို ထုတ်ယူနေတဲ့ ဖြစ်စဉ် တွေကိုလည်း အများပြည်သူက မသိဘူး။ ပိုဆိုးတာက အဲဒါတွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နည်းဥပဒေတွေဆိုရင် ပိုတောင်မှ အလှမ်းဝေးတာပေါ့”ဟု ဦးမောင်မောင်အေးက ဝေဖန်သည်။

လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်မှုစီမံကိန်းအပါအဝင် အရင်းအမြစ်ပစ္စည်း ထုတ်ယူနေမှုများနှင့်ပတ်သက်ပြီး ပြဿနာတွေဖြစ်နေကြသည်မှာ ပွင့်လင်းမြင်သာမှုမရှိသော ကြောင့် ဖြစ်ရသည်ဟု ၄င်းက မြင်သည်။

ဖြစ်သင့်သည်မှာ သစ်ပဲထုတ်ထုတ်၊ ဓာတ်သတ္တုပဲထုတ် ထုတ်၊ ကျောက်မျက်ရတနာပဲထုတ်ထုတ် ထိုလုပ်ငန်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသခံများအပါအဝင် တစ်နိုင်ငံလုံး နား လည်သဘောပေါက်အောင် ထိထိရောက်ရောက် ရှင်းပြသင့်ပြီး ၄င်းတို့ ကျေနပ်ပါမှ ထုတ်လိုသည့်ပစ္စည်းကို ထုတ်သင့်သည်ဟု ဦးမောင်မောင်အေးက ဆိုသည်။

အစိုးရအဆက်ဆက်လုပ်သွားခဲ့ကြသည့်ပုံစံမှာ ပြည်သူ များ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ သူတို့လုပ်ချင် ရာ လုပ်ဆောင်သွားကြသည်ဟု ဦးမောင်မောင်အေးက ဆိုသည်။

ထို့ပြင် သယံဇာတတူးဖော်မှုများမှ ရရှိသည့် ငွေကို မည်သည့် နေရာတွင် အသုံးပြုသနည်းဆိုသည်ကို ပြည်သူက မသိရှိရ ခြင်းမှာလည်း ပညာရှင်များအဖို့ ထောက်ပြစရာဖြစ်နေပါသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုယ်စားပြုအဖွဲ့ (EcoDev) မှ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးဝင်းမျိုးသူက ”သုံးစွဲတဲ့သယံဇာတက ဘယ်သူတွေအကျိုးအမြတ်ရသလဲပေါ့။ ရတဲ့ဟာတွေကိုလည်း ဘယ်နေရာတွေမှာ သုံးစွဲသလဲပေါ့။ ကာကွယ်ရေးအသုံးစရိတ် ထဲမှာပဲ သုံးသလား၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာပဲ သုံးသလားပေါ့။ တိုင်းပြည်အတွက် သုံးတာသိပ်မတွေ့ဘူး”ဟု ဆိုသည်။

တိုင်းပြည် လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၆ဝ ကျော်အတွင်း အစိုးရအဆက်ဆက်၏ စီမံခန့်ခွဲမှု လွဲမှားမှုကြောင့် မြေပေါ်မြေအောက် သယံဇာတမည်မျှပင် ပေါများသော်လည်း တိုင်းပြည်မှာ ဆင်းရဲမြဲ ဆင်းရဲလျက် ရှိနေပါသည်။ဖြစ်ပျက်နေသောအနေအထားများကိုကြည့်ပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောပညာရှင်ဦးအုန်းက ”ဝမ်းနည်းစရာကောင်းတယ်”ဟုဆိုသည်။

”နှစ်ပေါင်း ၅ဝ၊ ၆ဝ လောက် မဟုတ်တဲ့ကောင်တွေအုပ်ချုပ် တော့ သယံဇာတတွေလည်း အလဟဿဖြစ်၊ လူတွေလည်း ပျက် စီး၊ တိုင်းပြည်က သယံဇာတရှိရဲ့သားနဲ့ မတိုးတက်တာ တရားခံ က သူတို့ပေါ့ဗျာ”ဟု ဦးအုန်းက ဝေဖန်သည်။

နောက်ပြီး အလွှာအသီးသီးတွင် ခြစားနေမှုများနှင့်ပတ် သက်ပြီးတော့လည်း သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (Forest Resource Environment Development and Conversation Association – FREDA) မှ ဒုဥက္ကဋ္ဌ လည်းဖြစ်သည့် ဦးအုန်းက ယခုလိုဆိုသည်။

”ခြစားတာက အစိုးရလည်း ခြစားတယ်၊ သူပုန်လည်း ခြ စားတယ်။ ရှိတဲ့ပစ္စည်းတွေ ထုတ်ရောင်းတယ်။ သယံဇာတတွေ၊ ဓာတ်သတ္တုတွေ၊ ကျောက်စိမ်းတွေ ထုတ်ရောင်းတယ်၊ သစ်တွေ ထုတ်ရောင်းတယ်။ အစိုးရဝန်ထမ်းတွေကလည်း မသိချင်ယောင် ဆောင်တယ်၊ သူပုန်တွေကလည်း သူတို့ရပ်တည်ရအောင်ဆိုပြီး ရှိတဲ့ သယံဇာတထုတ်ရောင်းတယ်။ သယံဇာတရှိပြီးတော့ တိုင်း ပြည်ကဆင်းရဲတယ်၊ မွဲတယ်”

မြန်မာနိုင်ငံ၏ ဦးခေါင်းအဖြစ် တင်စားခေါ်ဝေါ်ကြသည့် ကချင်ပြည်နယ်ဆိုလျှင် တွင်းထွက်ပစ္စည်းများ အကန့် အသတ်မဲ့ ထုတ်ယူနေမှုများကြောင့် ဆိုးကျိုးများစွာ ခံစားနေရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (Kachin Development Networking Group – KDNG) မှ ပြောရေး ဆိုခွင့်ရှိသူ မအာနန်းက ဆိုသည်။

”ယခုလက်ရှိအခြေအနေမှာ ဒေသခံပြည်သူတွေ ဆိုးကျိုး အများကြီး ခံစားနေရပါတယ်။သတ္တုတွင်းထွက်ထုတ်ယူတဲ့ နေ ရာတိုင်း ဒေသခံတွေအခြေအနေကတော့ ယခင်ထက် ပိုမိုဆင်းရဲ ဒုက္ခများလာတာကို တွေ့ရှိရတယ်” ဟု ၄င်းက ဆိုသည်။       ။  အပိုင်း(၂)သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here