Home သတင်းဆောင်းပါး လွယ်ထား၍ မရသည့် ဒုက္ခ

လွယ်ထား၍ မရသည့် ဒုက္ခ

219
0
Advertise Here

Photo: Thet Oo Mon

၂၀၁၄၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၈)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

သန်းထိုက် ရေးသည်။

Advertise Here

အိမ်သာမကြာခဏသွားတတ်သော ဒေါက်တာဝဏ္ဏသည် ခရီးသွားလျှင် အိမ် သာအလွယ်တကူရှာမရနိုင်သောကြောင့် ခရီးထွက်ရန် ဝန်လေးသူဖြစ်ပြီး မဖြစ်မနေ သွားရမည်ဆိုပါကလည်း ဝမ်းပိတ်ဆေးကို မသွားမီ ကြိုတင်သောက်ပြီးမှ သွားလေ့ရှိသည်။

            ဆေးရုံတက်နေသော ဦးလေးဖြစ်သူကို ကြည့်ရှုဖို့ အောက်တိုဘာလထဲ ရန်ကုန်ကို လာ တုန်းက အလောတကြီးထွက်လာခဲ့ရသည့် အတွက်ကြောင့် ဆေးသောက်ရန် သတိမရခဲ့။ ကံအားလျော်စွာ ရန်ကုန်ကို အလာတုန်းက လမ်း တွင် ဘာပြဿ      နာမှ မတွေ့ခဲ့ပေ။ရန်ကုန်ရောက်ပြီး ဦးလေးရှိရာ ဆေးရုံသို့ သတင်းသွား မေးပြီးနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သုံးဆယ်မြို့ကို ပြန် ရန်အတွက် သခင်မြပန်းခြံဘေးရှိ ကားဂိတ်သို့ ရောက်လာခဲ့သည်။ ဂိတ်ပတ်ဝန်းကျင်သည် သူ့အတွက်အစိမ်းဖြစ်နေသည့် အပြင်လူ ကလည်း ပင်ပန်းနေသည်မို့ ကားပေါ်တွင်ပင် ထိုင်နေလိုက်သည်။ ထိုင်၍ခဏအကြာတွင်တော့ အန္တရာယ်၏ ရှေ့ပြေးဖြစ်သော အစာဟောင်းအိမ်၏ လှုပ်ရှားမှုကို သူစတင် ခံစားလာရသည်။

            အူများလှုပ်ရှားမှုကြောင့် အနည်းငယ်နာလာသော ဗိုက် သည် အချိန်ကြာလာလေ တစ်စထက်တစ်စ ရစ်၍ ရစ်၍ နာလာ လေတော့သည်။ ဝမ်းဗိုက်အတွင်းတွင် အူမကြီးက အစာဟောင်း များကို ညှစ်တွန်းတွန်းနေပြီဖြစ်ကြောင်း ဆရာဝန်တစ်ယောက် ဖြစ်သော ကိုဝဏ္ဏ ကောင်းကောင်းသိနေသည်။ လက်ပတ်နာရီကို ကြည့်ရင်း ကားထွက်မည့်အချိန်၊ အိမ်သာရှာရမည့်အချိန်နှင့် ကိစ္စကို ဖြေရှင်းရမည့်အချိန်တို့ကို ချိန်ထိုးစဉ်းစားနေရင်း ရင်တွေ တလှပ်လှပ် တုန်လာပြီး နှုတ်ခမ်းတွင် ချွေးများ စို့လာသည်။

            အစာဟောင်းများ၏ တွန်းကန်အားကို ခန္ဓာကိုယ်က မလွန်ဆန်နိုင်သည့်အဆုံး သူကားပေါ်မှဆင်း၍ အိမ်သာရှာဖွေမိ သည်။ လမ်းထိပ်တွင် စည်ပင်က ချပေးထားသော အိမ်သာနှင့် တူသောအရာ ရှိသော်လည်း တကယ်တမ်းတွင်တော့ အပေါ့သွား ခန်းတစ်ခုသာ ဖြစ်နေသည်။ ယင်းနေရာတွင် အလေးစွန့်ပါက လည်း ဒဏ်ငွေက နှစ်သောင်းကျပ်။

            တကယ်တမ်း အပေါ့သွားမည်ဆိုပါကလည်း အနံ့ဆိုးများ ထွက်နေသော အမှိုက်ပုံအနီးရှိ ယင်းအပေါ့သွားခန်းသည် သော့ ခတ်ထားသည်။ အများသုံးအိမ်သာလိုက်လံရှာဖွေရာ အလွယ် တကူမတွေ့သည့်အဆုံး ယာဉ်နောက်လိုက်တစ်ဦးကို မေးမြန်းရာ မှ မြေစိုက်အိမ်ဆိုင်ကလေး နောက်တွင် ဖွင့်လှစ်ထားသည်ဟု ညွှန်ပြပေးသောကြောင့် ထိုနေရာသို့သွားရောက် ဖြေရှင်းခဲ့ရခြင်း ဖြစ်သည်။

            သင်သည် ရန်ကုန်မြို့၌ နေထိုင်သူ သို့မဟုတ် ရန်ကုန်မြို့သို့ ခေတ္တခဏလာလည်သူဆိုလျှင် ဒေါက်တာဝဏ္ဏကြုံသည့် ပြဿ      နာ မျိုး  တစ်ကွေ့မဟုတ် တစ်ကွေ့ ကြုံကောင်းကြုံရနိုင်ပါသည်။

            ရန်ကုန်မြို့တွင်လူဦးရေ ငါးသန်းနှစ်သိန်းကျော်နေထိုင် လျက်ရှိပြီး ရန်ကုန်လေဆိပ်မှပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံခြား သား ခရီးသည် ရှစ်သိန်းကျော်ဝင်ရောက်ခဲ့သည်ဟု ကနဦး ကောက်ခံထားသော သန်းခေါင်စာရင်းများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းများက ဖော်ပြသည်။ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ခရီး သည်အသီးသီးလည်း ဝင်ရောက်သွားလာနေကြသည့်အတွက် လူဦးရေခြောက်သန်းကျော်ရှိနေမည့် ရန်ကုန်မြို့တွင် အများပြည် သူသုံးသန့်စင်ခန်း အလုံး ၃ဝ သာရှိနေဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ(မြို့တော်စည်ပင်)က ဆိုသည်။ (သန့် စင်ခန်းတစ်လုံးတွင် များသောအားဖြင့် ကျားလေးခန်းနှင့် မ, လေးခန်း တည် ဆောက်ထားခြင်းဖြစ်၍ စုစုပေါင်း အခန်း ၂၄ဝ ရှိသည်။)

            ယင်းအရေအတွက်နှင့် စည်ပင်က တည်ဆောက်ပေးထား သော အများပြည်သူသုံးသန့်စင်ခန်းအရေအတွက်ကို အချိုးချ ကြည့်မည်ဆိုပါက လူနှစ်သောင်းခွဲအတွက် အများပြည်သူသုံး အိမ်သာတစ်လုံးနှုန်းဖြစ်နေသည်။

            ရန်ကုန်မြို့ လက်ရှိလူဦးရေနှင့် နိုင်ငံတကာခရီးသွားများ အတွက် သန့်စင်ခန်း အရေအတွက်မှာ လုံလောက်မှု မရှိသေးဟု မြို့တော်စည်ပင်လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒု-ဌာနမှုး ဦးလှဝင်းအောင်က ပြောပြသည်။

            ”အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ လူဦးရေ ၂၅ဝ အတွက် အနည်းဆုံးသန့်စင်ခန်းတစ်လုံး လိုတယ်”ဟု ရေနှင့် မိလ္လာကျွမ်းကျင်ပညာရှင်၊ ရန်ကုန်နည်းပညာတက္ကသိုလ်မြို့ပြ ဌာနမှ ကထိက (ငြိမ်း) ဦးစောခရစ်စတိုဖာမောင်က ပြောသည်။

            မြို့တော်စည်ပင်အဆိုအရ ၄င်းတို့ဌာနအနေနှင့် သန့်စင် ခန်းအရေအတွက်ကို တိုးချဲ့ဆောက်လုပ်သွားရန်ရှိသည်ဟုဆိုပါသည်။

ကြုံသလိုရှင်း

            လောလောဆယ်တွင်တော့ သန့်စင်ခန်းအရေအတွက် နည်းပါးသည့်အပြင် အချိန်ပြည့်ဖွင့်လှစ်ခြင်းလည်း မရှိသော ကြောင့် အပေါ့အလေးစွန့်ချင်သူများအတွက် ပြဿ      နာတစ်ရပ် ဖြစ်နေသည်။ (အများပြည်သူသုံး သန့်စင်ခန်းများသည် နံနက် ခြောက်နာရီခန့်တွင်ဖွင့်၍ ညရှစ်နာရီခန့်တွင် ပိတ်ကြသည်။)

            ဈေးရောင်းချနေသူများနှင့် ခရီးသွားပြည်သူများ ည အချိန်တွင် သန့်စင်ခန်းအသုံးပြုနိုင်ရန်ခက်ခဲသကဲ့သို့ နံနက်စော စော အလုပ်လုပ်နေရသူများနှင့် ကျန်းမာရေးလိုက်စားသူများ အတွက်လည်း ယင်းမှာ ပြဿ      နာဖြစ်နေသည်။ နံနက်စောစောနှင့် ညဘက်အချိန်များတွင် ဘူတာကြီးအနီးတစ်ဝိုက်နှင့် ရန်ကုန်မြို့ရှိ လမ်းမအချို့တွင် အပေါ့အလေးစွန့်ပစ်ကြသူများကို တစ်နေရာ မဟုတ် တစ်နေရာ တွေ့နေရသည်။

            မြန်မာပြည်တွင် အများပြည်သူသုံးသန့်စင်ခန်းများ မလုံ လောက်မှုနှင့် မသန့်ရှင်းမှုများကြောင့် အပေါ့အလေးကိစ္စကို လေဆိပ်ရှိသန့်စင်ခန်းတွင်ပင် ကြိုတင်ဖြေရှင်းထားကြရန် backpackstory.me ကဲ့သို့ နိုင်ငံခြားခရီးသွားလမ်းညွှန် ဝက်ဘ် ဆိုက်များတွင် ရေးသားထားသည်ဟု ခရီးသွားဧည့်လမ်းညွှန် တစ်ယောက်ဖြစ်သော မချောချောကြေးမုံက ပြောပြသည်။

            ဟိုတယ်ကြီးများနှင့် ဈေးကြီးသော စားသောက်ဆိုင်များမှလွဲ၍ မြန်မာနိုင်ငံရှိအများသုံးသန့်စင်ခန်းများသည် သန့်ရှင်း မှုနည်းသောကြောင့် လေဆိပ်သန့်စင်ခန်းတွင်ပင် အပေါ့အလေး ပြဿ      နာကို ကြိုတင်ဖြေရှင်းထားကြရန် အဆိုပါဝက်ဘ်ဆိုက်တွင် အကြံပြုဖော်ပြထားသည်။

            အနော်ရထာလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ သန့်စင်ခန်းကြီးကြပ်ရေးမှူး ကိုဥာဏ်ထွေးကတော့ သန့်စင်ခန်း များမှာ လုံလောက်မှုမရှိသေးဘဲ လိုအပ်သည့်နေရာများတွင် သန့်စင်ခန်းများ ထပ်မံတည်ဆောက်သင့်သည်ဟု သူ၏ အမြင်ကို ပြောပြသည်။ အချို့ဆိုလျှင် အိမ်သာသို့ပြေးလာရင်း လမ်းမှာ     ထွက်ကျသည့်အဖြစ်မျိုးဖြစ်တတ်ကြသည်ဟု ကိုဥာဏ်ထွေးက ပြောပြသည်။

            မြို့တော်စည်ပင်က တည်ဆောက်ပေးနေသော အများ ပြည်သူသုံးသန့်စင်ခန်းများ နေရာအနှံ့တွင် မရှိ၍ အများပြည်သူ တို့သည် နီးစပ်ရာလက်ဖက်ရည်ဆိုင်များ၊ ဈေးဝယ်စင်တာများ၊ အလွယ်တကူ ဝင်၍ရသော ဘာသာရေးအဆောက်အအုံများသို့ သွားရောက်ကာ ပြဿ      နာကို ဖြေရှင်းကြရသည်။

            ရွှေဘုံသာလမ်းတစ်ဝိုက်တွင်ပျံကျဈေးရောင်းနေသူ အများစုကတော့ နီးစပ်ရာ လက်ဖက်ရည်ဆိုင်များသို့သွားကာ ပြဿ       နာဖြေရှင်းကြသည်ဟု ပန်းဘဲတန်းတစ်ဝိုက် မိုဘိုင်းလ်ဖုန်း အရောင်းအဝယ်ပြုလုပ်နေသော ကိုယာကွတ်က ပြောသည်။

            ရွှေဘုံသာလမ်းတစ်ဝိုက်တွင် အလုပ်လုပ်နေသော အချို့ အစ္စလာမ်ဘာသာဝင်များကတော့ အပေါ့အလေး သွားချင်လျှင် ရွှေဘုံသာလမ်းရှိ ဗလီများထဲသို့ ပြေးဝင်ပြီး ရှင်းကြသည်ဟု အသက်၂၆ နှစ်အရွယ် ကိုယာကွတ်က ဆိုသည်။

            ”ဒါကြောင့်ဆရာတွေတောင် သောကြာနေ့ တရားဟော ရင် သေးပေါက်ဖို့ကျ ဗလီကိုလာတယ်။ ဘုရားရှိခိုးဖို့ကျ မလာဘူး ဆိုပြီး ထည့်ဟောတာမျိုးတောင်ရှိတယ်”ဟု ကိုယာကွတ်က ပြုံး လျက်ပြောပြသည်။

            အချို့လည်း လမ်းဘေးမှာ ကြုံသလိုဖြေရှင်းလိုက်ကြသည်။ ကျောင်းသားတစ်ဦးဖြစ်သည့် ကိုသန့်ကျော်ဇင်ဆိုလျှင်လည်း သူ သွားလာလှုပ်ရှားနေသော နေရာသည် မြို့လယ်ကောင် မဟုတ်ပါ က လမ်းဘေးမှာ ကြုံလျှင်ကြုံသလို ဖြေရှင်းတတ်သည်ဟု ဆိုသည်။

            ”အပေါ့သွားချင်ရင်တော့ နီးနီးနားနား အိမ်သာရှာသေး တယ်။ မတွေ့ရင်တော့လည်း တွေ့တဲ့နေရာ ကောက်ပန်းလိုက် တာပဲ”ဟု သူက ဆိုသည်။

            ထိုကဲ့သို့ လမ်းဘေးတွင် အပေါ့အပါးသွားနေကြခြင်းအပေါ် မဟာဗန္ဓုလပန်းခြံအတွင်းရှိ သန့်စင်ခန်းကြီးကြပ်ရေးမှူး ကိုမိုး ကောင်းက ယခုလိုမှတ်ချက်ပေးသည်။

            ”အိမ်သာအလွယ်တကူမတွေ့ဘူးဆိုရင် ဖြစ်သလို ပြဿ      နာကို ဖြေရှင်းကြတာပေါ့။ လမ်းဘေးမှာပေါက်တယ်ဆိုရင် တော့ ပေါက်တဲ့လူလည်း မကောင်းဘူး။ တခြားမြင်လည်း မကောင်းတော့ အိမ်သာတွေ ပိုများသင့်တယ်”

            ရန်ကုန်မြို့တွင် အိုးမဲ့အိမ်မဲ့များလည်းရှိကြရာ ၄င်းတို့သည် အဆင်ပြေသလို ကျင်ကြီးကျင်ငယ်စွန့်ကြသည်။ အနီးအနား တွင် အိမ်သာရှိသည်ဆိုလျှင်ပင် အိုးမဲ့အိမ်မဲ့များအနေဖြင့် ၁ဝဝ ကျပ် ဟူသော ငွေကြေးကို မသုံးနိုင်၊ သို့မဟုတ် မသုံးလိုကြသဖြင့် လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြားတွင် အပေါ့အလေးသွား လေ့ရှိကြသည်။

            ”အခမဲ့အိမ်သာတွေ လိုတာပေါ့။ အခပေးအိမ်သာတွေကို လည်း ဈေးနှုန်းအဆင်ပြေအောင်လုပ်ပေးရမယ်”ဟု ဦးစော ခရစ်စတိုဖာမောင် ကပြောသည်။

            ”ကားဂိတ်တွေ၊ သင်္ဘောဆိပ်တွေနဲ့ တခြားလိုအပ်တဲ့နေ ရာတွေမှာ ဆောက်ပေးဖို့လိုတယ်”ဟု ၄င်းက ဆက်ပြောသည်။

            ခရီးသွားဧည့်လမ်းညွှန်တစ်ယောက်ဖြစ်သော မချောချော ကြေးမုံက ”နိုင်ငံခြားမှာတော့ အခပေးအိမ်သာရော အခမဲ့အိမ် သာတွေပါ ထားပေးထားတယ်။ အများပြည်သူနဲ့ ဆိုင်တဲ့နေရာ တွေမှာဆိုရင်တော့ အခမဲ့များပါတယ်။ ရန်ကုန်မြို့ဟာလည်း မီဂါ စီးတီးတောင်ဖြစ်တော့မှာဆိုတော့ အခမဲ့အိမ်သာတွေများများ ရှိဖို့လိုပါတယ်”ဟု နိုင်ငံတကာအတွေ့အကြုံနှင့် နှိုင်းယှဉ်ပြော ပြသည်။

            တစ်ခါက သူနေထိုင်သော တိုက်လှေကားကွင် တစ်စုံတစ် ယောက်က မစင်စွန့်သွားခဲ့ဖူးကြောင်း မချောချောကြေးမုံက ပြန် ပြောပြသည်။

ဗိုလ်ချုပ်လမ်းနှင့်သိမ်ဖြုလမ်းထောင့်ရှိ အများသုံးအိမ်သာ

 မသန့်ရှင်းသော သန့်စင်ခန်းများ

            အချို့လက်ဖက်ရည်ဆိုင်များ၏ သန့်စင်ခန်းများက သန့် သန့်ရှင်းရှင်းမရှိပုံနှင့် ပတ်သက်ပြီး ကိုယာကွတ်မှာ ပြောပြစရာ အတွေ့အကြုံရှိသည်။

            တစ်ခါတော့ အလေးသွားချင်သောကြောင့် ဆူးလေစေတီ အနီးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်သွားခဲ့ရာ ”အထဲရောက်တော့ နောက်ဖေးသွားချင်စိတ်ပါ ပျောက်သွား တယ်”ဟု အဆိုပါလက်ဖက်ရည်ဆိုင်၏ သန့်စင်ခန်း ညစ်ပတ်ပုံ ကို သူက ပြောပြသည်။

            ”အခုနောက်ပိုင်းတော့ အိမ်ကထွက်ပြီဆိုကတည်းက လက်ဖက်ရည်ကျဆိမ့်တစ်ခွက်သောက်ပြီး ချုပ်အောင်နေလိုက် တယ်”ဟု မြောက်ဥက္ကလာပတွင်နေပြီး မိုးလင်းမိုးချုပ် မြို့ထဲတွင် အလုပ်လုပ်သော ကိုယာကွတ်က ပြောပြသည်။

            စည်ပင်သာယာက တည်ဆောက်ထားသော သန့်စင်ခန်း များတွင် သန့်ရှင်းရေးဝန်ထမ်း ထားသည့်အပြင် လိုအပ်သော  အိမ်သာသုံးဆပ်ပြာတို့ကိုထားပေးသော်လည်း လက်ဖက်ရည်ဆိုင်များနှင့် အခြားအခပေးသန့်စင်ခန်းများတွင်တော့ ထားရှိ ပေးခြင်းမရှိပေ။

            ကားဂိတ်အနီးရှိထမင်းဆိုင်တွင် ဖွင့်လှစ်ထားသော အခ ပေးအိမ်သာကို အသုံးပြုခဲ့သူ ကိုဝဏ္ဏကတော့ သူအသုံးပြုခဲ့သော အိမ်သာသည် ယင်မလုံသည့်အပြင် လက်ဆေးရန်ဆပ်ပြာလည်း ထားပေးခြင်းမရှိကြောင်း ပြောပြသည်။

            ”အဓိကကတော့ အိမ်သာမှာသုံးထားတဲ့လက်ပေါ့၊ အဲဒါနဲ့ အစားအသောက်တွေ ကိုင်မိရင် ရောဂါဖြစ်နိုင်တယ်”ဟု ကိုဝဏ္ဏက ပြောပြီး လက်သန့်စင်ဆေးရည် (Hand Sanitizer) ဆောင်ထားရန် အကြံပြုသည်။

            ”ကူးစက်ရောဂါတွေဖြစ်နိုင်တယ်။ အရေပြားရောဂါလိုပိုး တွေလည်း ကူးနိုင်တယ်။ အနာကြီးရောဂါလိုမျိုး၊ ပွေးလိုမျိုးတွေ တော့ ကူးစက်နိုင်တယ်”ဟု ဆရာဝန်တစ်ဦးလည်းဖြစ်သော သူကဆက်ပြောသည်။

            နိုင်ငံခြားတိုင်းပြည်များတွင် ပုဂ္ဂလိကသန့်စင်ခန်းများနှင့် စားသောက်ဆိုင်သန့်စင်ခန်းတွေကို စစ်ဆေးသောအဖွဲ့များရှိပြီး မြန်မာနိုင်ငံတွင်လည်း ယင်းသို့လုပ်သင့်သည်ဟု ဦးစောခရစ်စတို ဖာမောင်က ပြောသည်။

            ”သိမ်ကြီးဈေးက အိမ်သာဆို အရမ်းညစ်ပတ်တာပေါ့၊ ဆပ်ပြာလည်းမရှိဘူး”ဟု ၄င်းက ဆက်ပြောသည်။

            ရန်ကုန်မြို့တော်စည်ပင်အနေဖြင့် ယင်းကဲ့သို့ အိမ်သာများ ကိုလည်း မှတ်ပုံတင်စေကာ ကြီးကြပ်ရန်လိုအပ်ပြီး ပုဂ္ဂလိက လုပ် ကိုင်နေသူများအနေဖြင့်လည်း စနစ်တကျလုပ်ကိုင်ရန်လိုအပ် ကြောင်း ဦးစောခရစ်စတိုဖာက ပြောသည်။

ယာဉ်ကြောတွေက ကျပ်၊ ဗိုက်တွေကနာ

            ယခုနောက်ပိုင်း ယာဉ်ကြောကျပ်မှုကလည်း ဆိုးရွားလျက် ရှိရာ ရုံးသွားရုံးပြန်ဘတ်စ်ကားစီးရင်း အပေါ့အလေးသွားချင်သူ တို့မှာ ဒုက္ခအကြီးအကျယ်ရောက်ကြတော့သည်။ မြန်မာနိုင်ငံသားများသာမက သန့်စင်ခန်းအခက်အခဲ ကြောင့် နိုင်ငံခြားသားအချို့လည်း အပေါ့အလေးပြဿ      နာကို လမ်းတွင်ပင် ကြုံသလိုဖြေရှင်းနေရသည်များလည်း ရှိနေသည်။

သန့်စင်ခန်း နည်းပါးရသည့်အထဲ ယာဉ်ကြောကလည်း ကျပ်လှ သောကြောင့် နိုင်ငံခြားခရီးသွားများကို ပို့ဆောင်ရာတွင် အိမ် သာကိစ္စကို ခေါင်းထဲမှာ ထည့်ထားရသည်ဟု မချောချောကြေးမုံ က ပြောပြသည်။

            ”လမ်းဘေးမှာဖြေရှင်းရတာမျိုးတွေလည်းရှိတယ်။ဥပမာ- မြို့ထဲကနေ လေဆိပ်ကိုသွားရင် ဦးထောင်ဘိုကုန်းတက်မယ်။ ဦးဝိစာရလမ်းသွားမယ်။ ဘယ်မှာလဲ အိမ်သာ။ စားသောက်ဆိုင် တစ်ခုမှာ ရှင်းချင် ရှင်း၊ ဒါမှမဟုတ် ဒဂုံစင်တာမှာ ရပ်မလား။ အဲဒီ က ဆက်သွားရင် လှည်းတန်းမှာလည်း ဘာမှမရှိဘူး။ အင်းယား ကနေ လေဆိပ်အထိကို မရှိတော့ဘူး။ ဧည့်သည်ကသာ ပေါက် ကရစားရင် မလွယ်ဘူး” ဟုမချောချောကြေးမုံက ပြောပြသည်။

            နိုင်ငံခြားသား ဧည့်သည်တစ်ယောက်၏ အဖြစ်အပျက်နှင့် ပတ်သက်ပြီး မချောချောကြေးမုံ မှတ်မိနေသေးသည်။

            ”ဧည့်သည်(တစ်ယောက်)ဆိုရင် တစ်ခါကနောက်ဆုံးပိတ် ဝမ်းလွယ်မထားနိုင်တော့လို့ ကားပေါ်မှာတင် ဖြေရှင်းလိုက် ရ တယ်။ နံဟောင်နေတာပေါ့။ လွယ်တဲ့နေရာရောက်တော့ ကားကို ရပ်၊ ရေတွေနဲ့ ဆေးချ၊ အဝတ်အစားတွေလဲရတာမျိုး ကြုံဖူး တယ်”ဟု သူက ဆိုသည်။

            တကယ်တော့ ဘတ်စ်ကားစီးသူများသာမက မြို့ပတ် ရထားစီးသူများလည်း အခက်ကြုံကြရသည်။ ရန်ကုန်မြို့ပတ် ရထားများအနက် အဲယားကွန်းရထားအချို့ပေါ်တွင်တော့ သန့်စင်ခန်းများပါရှိပါသည်။ သို့သော်လည်း အသုံးပြုရန် ခွင့်ပြုမထား ဟု မြန်မာ့မီးရထားမှ လက်ထောက်အထွေအထွေမန်နေဂျာ(မြို့ ပြ) ဦးမောင်မောင်သန်းက ပြောသည်။

            ”နိုင်ငံတကာမှာလည်း မြို့ပတ်ရထားပေါ်မှာအိမ်သာသုံး ခွင့် မပေးပါဘူး၊ အခုပြေးဆွဲနေတာက ဟိုင်းဝေးရထားကို မြို့ပတ် ဆွဲလို့ ရထားပေါ်မှာ အိမ်သာပါတာ။ မြို့ပတ်ရထားတွဲဆိုရင်အိမ်သာကိုမပါဘူး”ဟု မြန်မာ့မီးရထားမှ စီးပွားရေးမန်နေဂျာ ဦးစိုး မိုးအောင်က ရှင်းပြသည်။

            အမျိုးသားဒီမိုကရေစီအင်အားစု (National Democratic Force- NDF) ပါတီခေါင်းဆောင် ဦးခင်မောင် ဆွေကလည်း ”ရန်ကုန်မြို့ကြီး သန့်ရှင်းသာယာဖို့ဆိုရင် ဘူတာ တိုင်းမှာ အိမ်သာတွေရှိဖို့ လိုအပ်တာပေါ့။ တကယ်လို့ အစိုးရက လုပ်လို့ မနိုင်ဘူးဆိုရင်လည်း ပုဂ္ဂလိကလွှဲပေါ့ဗျာ၊ ဒါပဲရှိတာပေါ့။အစိုးရနိုင်ရင်လည်း အစိုးရက လုပ်ပေးသင့်ပါတယ်”ဟု မှတ် ချက်ပြုသည်။

            လောလောဆယ်တွင်တော့ အများပြည်သူသုံးသန့်စင်ခန်း လုံလုံလောက်လောက်မရှိသေးသည့်အတွက်ကြောင့် ဒေါက်တာဝဏ္ဏတို့လို ဝမ်းလွယ်သောသူများအတွက်သာမက  ရန်ကုန်မြို့ တွင်း သွားလာလှုပ်ရှားနေသူများအဖို့ အခက်အခဲကတော့ ဆက် လက်ရှိနေဦးမည်ဖြစ်သည်။

            ရန်ကုန်လာတုန်းက ကြုံတွေ့ခဲ့ရသည့်ဖြစ်ရပ်ကို ဒေါက် တာဝဏ္ဏ ယနေ့တိုင် မှတ်မိနေသေးသည်။ သူကြုံခဲ့ရသည့် ဖြစ် ရပ်နှင့် ပတ်သက်ပြီး သူက ယခုလိုလည်း ပြောသေးသည်။”သွားရင်းလာရင်း အိမ်သာရှာမရတဲ့ အခက်အခဲက တော် တော်ကြီးတာပေါ့။ ချွေးကိုပြန်ရောပဲ”ဟု ဒေါက်တာဝဏ္ဏက ဆိုသည် ။           ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here