တိပ်ခွေများရဲ့ ရာဇဝင်

တိပ်ခွေများရဲ့ ရာဇဝင်

၂၀၁၄၊ဇန်နဝါရီလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁)မှ အမေခံဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

ကက်ဆက်တိပ်ခွေတစ်ခွေကလူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့အားကောင်းမောင်းသန်မောင်းနှင်နေတဲ့စနစ်ကြီးကိုလက်ဖဝါးကနေလက်ဖမိုးလှန်လိုက်သလိုမျိုး ပြောင်းပြန်လှန်နိုင်တဲ့အစွမ်းရှိတယ်ဆိုရင်ခင်ဗျား မအံ့သြပါနဲ့။ အဲဒီလိုအဖြစ်အပျက်ဟာ အာဖရိကတိုက်တို့၊ တောင်အမေရိကတိုက်တို့၊ အရှေ့ဥရောပတို့မှာဖြစ်ခဲ့တာမဟုတ်ဘူးရ။ ရဝမ်ဒါတို့၊ဆူဒန်တို့၊ဆီးရီးယားတို့မှာဖြစ်ခဲ့တာလည်း မဟုတ်ပါဘူး။ အာရှတိုက်ရဲ့တစ်နေရာမှာဖြစ်ခဲ့တာပါ။ဒီထက်တိတိကျကျရည်ညွှန်းရမယ်ဆိုရင်အရှေ့တောင်အာရှထဲက ခင်ဗျားတို့၊ ကျွန်တော်တို့နေတဲ့ရွှေပြည်ကြီးမှာဖြစ်ခဲ့တာပေါ့။ဟုတ်ပါတယ်။ရန်ကုန်မြို့၊အင်းစိန်မြို့နယ်ကြို့ကုန်းရပ်ကွက်မှာရှိတဲ့လက်ဖက်ရည်ဆိုင်ရဲ့ကက်ဆက်အတွင်းကတိပ်ခွေလေးကမြန်မာ့လူ့အဖွဲ့အစည်းကိုပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ကက်ဆက်တိပ်ခွေတွေဟာကျွန်တော်တို့လူ့အဖွဲ့အစည်းမှာအခိုင်အမာနေရာယူခဲ့ဖူးတယ်။ရဟန်းသံဃာတော်များရဲ့တရားခွေတွေ၊စင်တင်ပြဇာတ်ဇာတ်လမ်းခွေတွေ၊သီချင်းခွေတွေဟောပြောပွဲခွေ၊လက်ရွေးစင်သီချင်းခွေတွေ၊သင်ရိုးညွှန်းတမ်းခွေတွေစတဲ့နယ်ပယ်အသီးသီးအတွက်ကက်ဆက်တိပ်ခွေတွေအသုံးတော်ခံခဲ့ကြတယ်။ကက်ဆက်တိပ်ခွေတွေကိုကျွန်တော်စပြီးနားထောင်တော့စတီရီယိုခေတ်ဦးသီချင်းတွေလို့မှတ်မိနေတယ်။တက္ကသိုလ်အေးမောင်၊ဗစ်တာခင်ညို၊အယ်လ်ပီဂျေသိန်းတန်၊ပလေးဘွိုင်းသန်းနိုင်တို့ရဲ့သီချင်းတွေ၊တစ်ခါတလေစိုးပိုင်ရဲ့အိန္ဒိယတေးသွားသီချင်းတွေ၊အဲဒီတုန်းကကက်ဆက်ကိုကိုယ်တိုင်ဖွင့်ပြီးနားထောင်ခဲ့ရတာတော့မဟုတ်ဘူး။ဦးလေးတွေ၊အစ်ကိုတွေဖွင့်တဲ့သီချင်းတွေကိုနားထောင်ခဲ့ရတာပါ။ အထူးသဖြင့်ဦးလေးကဗစ်တာခင်ညိုရဲ့တေးသီချင်းတွေသိပ်ကြိုက်တာလေ။ဗစ်တာခင်ညိုရဲ့’ နွေ’သီချင်းဆိုရင်ဦးလေးကအ ပီအပြင်ဟဲတော့တာကလား။

နွေရောက်ပြီလေxxxရိုးတံကျဲကျဲxxxစာဆိုတို့မှိုင်ငေးကြတယ်xxxဘယ်ဆေးရေးလို့xxxလိုက်မမီတယ်xxxခြယ်သမကုန်နိုင်တယ်xxxသြော်xxxလွမ်းစရာ့နွေပန်းချီကားxxတိမ်ညိုတိမ်ပြာxxxဆေးရေးခြယ်ထားxxတိမ်သားမီးခိုးxxလွင့်မျောမဆုံးတယ်xxxနွေရယ်ကောင်းကင်xxxကြည်လင်စွာxxxလှပနေတယ်xxxအဲဒီသီချင်းဆိုရင်မူရင်းအဆိုရှင်ဗစ်တာခင်ညိုဆိုတာထက်ဦးလေးဆိုတာမကြာခဏကြားပြီး နားယဉ်သွားတာလေ။ဦးလေးတို့ခေတ်ကဆိုကြမယ်ပျော်ကြမယ်၊ဆိုလိုက်ကြစို့၊ အိပ်မက်ဆုံရာ၊ ဂီတတံခါးလေးဖွင့်ပါဦး၊ မယ်လိုဒီဝေါလ်တို့ မရှိလို့သာပေါ့။ နို့မို့ဆိုအဲဒီအစီအစဉ်တွေထဲကတစ်ခုခုမှာဦးလေးကိုတွေ့ကောင်းတွေ့နိုင်တယ်။

အစ်ကိုတစ်ယောက်ကတော့ကံ့ကော်တောမျိုးအောင်ခရေစီ၊ကံ့ကော်တောမျိုးအောင်ရဲ့နာမည်ကျော်အေးမိစံသီချင်းကိုအချိန်ပြည့်ဆိုနေတတ်တယ်။ သူကြိတ်ပုန်းခုတ်နေတဲ့အစ်မကြီးရဲ့နာမည်ကလည်ေးအးမိစံပဲလေ။ကျွန်တော်တို့ခေတ်မှာတော့ ကိုင်ဇာ၊တူးတူး၊ခင်မောင်ထူး၊လွှမ်းမိုးတို့ရဲ့ခေတ်ဖြစ်လာပြီ။တူးတူးကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအဆိုတော်။စက်မှုတက္ကသိုလ်ကျောင်းသား အဆိုတော်ဖြစ်တဲ့ တူးတူးဟာအဲဒီခေတ်ကစ တိတ်ရှိုးတွေမှာပွဲသိမ်းမင်းသားတစ်ယောက်ပေါ့။

ကက်ဆက်တိပ်ခွေတွေထဲကဇာတ်လမ်းခွေတွေကလည်းထုနဲ့ထည်နဲ့ဈေးကွက်အခိုင်အမာရှိခဲ့ဖူးတယ်။ ကာဗာကတ်တွေကို ပန်းချီသရုပ်ဖော်တွေ၊မင်းသား၊မင်းသမီးတွေရဲ့ဓာတ်ပုံတွေနဲ့လုပ်လေ့ရှိတာမှတ်မိနေတယ်။ဇာတ်လမ်းခွေတွေကလည်းအစုံပါပဲ။ဗုဒ္ဓဝင်ရာဇဝင်တွေလည်းပါတယ်။စင်တင်ပြဇာတ်တွေလည်းပါတယ်။ဓာတ်ပြားခေတ်ကထင်ရှားတဲ့ဇာတ်လမ်းတွေလည်း ပါတယ်။

ကက်ဆက်တိပ်ခွေဇာတ်လမ်းခေတ်မှာထင်ရှားတဲ့အသံမင်းသားတွေကထွန်းဝေ၊ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေး၊ ဘီအီးဒီအောင်သိုက်တို့ဖြစ်ကြတယ်။ အညာဒေသတွေမှာတွံတေးသိန်းတန်ကပွဲတိုင်းကျော်ဇာတ်လိုက်ကြီး၊အမျိုးသမီအး သံသရုပ်ဆောင်တွေကတင်တင်နွဲ့၊ တင်တင်မြ၊ ချစ်စံပယ်၊ ခေတ္တရာတမာချို၊ ပဲခူးမြတို့ကနာမည်ကျော်တွေပေါ့။ကျွန်တော်အကြိုက်ဆုံးဇာတ်လမ်းကတော့ဗိုလ်အောင်ဒင်ပဲ။ကောလိပ်ဂျင်နေဝင်းရဲ့အသံသရုပ်ဆောင်မှုတွေကပီပြင်လွန်းတယ်။နောက်ခံတေးဂီတတွေကလည်းဖမ်းစားနိုင်လွန်းတယ်။ကက်ဆက်ဇာတ်လမ်းဖွင့်ချိန်ဆိုနားထောင်နေကြသူအားလုံးဟာ တိတ်ဆိတ်ငြိမ်သက်လို့၊အပ်ကျသံမဟုတ်တောင်ငါးမတ်သံကျတာလောက်တော့ကောင်းကောင်းကြားနိုင်တယ်။ရာဇဝတ်အုပ်လုပ်တဲ့ပုလိပ်ဦးဘချစ်နဲ့မမြဝင်းတို့တော့ဘယ်သူတွေအသံနဲ့သရုပ်ဆောင်လဲမမှတ်မိတော့ဘူး။ဒါပေမဲ့အသံသရုပ်ဆောင်ချက်ကပီပြင်လွန်းတော့ကိုယ့်ရှေ့မှာမျက်ဝါးထင်ထင်သရုပ်ဆောင်နေကြသလို မြင်ယောင်လာစေတယ်။

ဗိုလ်အောင်ဒင်နဲ့ရာမတို့ တွေ့ကြတဲ့အခန်းဆို ကောင်းလွန်းလို့အခုအထိမှတ်မိနေတယ်။ ဗိုလ်အောင်ဒင်ရဲ့တပည့်ရာမကလက်ထောက်ခေါင်းဆောင်။ သူတို့အဖွဲ့မှာဗိုလ်အောင်ဒင်သာမရှိတော့ရင် သူက အလိုလိုခေါင်းဆောင်ဖြစ်လာမှာလေ။ မကြံကောင်းမစည်ရာဗိုလ်အောင်ဒင်ကိုလုပ်ကြံဖို့အထိကြံလာတယ်။ ဗိုလ်အောင်ဒင်ပဲလေ၊ တပည့်တွေအကွက်ရွှေ့တာလောက်ကတော့ ပျင်းတောင် ပျင်းသေးတယ်။ရာမ အခန်းထဲမှာ တစ်ယောက်တည်းရှိနေချိန်မှာဗိုလ်အောင်ဒင်က တံခါးခေါက်လိုက်တယ်။

”ရာမ…ဟေ့ကောင်ရာမ…တံခါးဖွင့်စမ်း၊ ငါပြောနေတယ်၊ တံခါးဖွင့်စမ်း၊ ဖွင့်ဆိုအခုဖွင့်စမ်း”အခန်းထဲမှာရှိတဲ့ရာမကသူ့ဆရာအသံကြားတော့ပျာယာခတ်သွားတယ်။ တံခါးနားကိုအသာကပ်သွားတယ်။ တံခါးမှာတပ်ထားတဲ့ကန့်လန့်ကိုချောက်ခနဲဖွင့်ပြီး တံခါးဖွင့်တာနဲ့တစ်ပြိုက်နက်လက်ထဲကသေနတ်နဲ့ဒိုင်းခနဲပစ်ချလိုက်တယ်။ဒါပေမဲ့ဗိုလ်အောင်ဒင်ပဲလေ၊ လွယ်လွယ်နဲ့ဘယ်ရမတုန်း။

ရာမပစ်လိုက်တဲ့ကျည်ဆန်ကဗိုလ်အောင်ဒင်ကိုမထိဘဲဗိုလ်အောင်ဒင်ရှေ့မှာတန်ဆာခံလုပ်ပြီး ကာထားတဲ့ရာမရဲ့မိန်းမကိုမှန်သွားပါရောလား။ရာမကသူ့မိန်းမရင်ဘတ်မှာသေနတ်ဒဏ်ရာနဲ့သွေးတွေထွက်နေတော့သွေးပျက်သွားပြီ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေပြီ။ အဲဒီအချိန်မှာဗိုလ်အောင်ဒင်က သြဝါဒ ချွေတော့တာပဲ။

”လွယ်သလား ခက်သလား ရာမ၊ ဟင်…လွယ်သလားခက်သလား၊ မင်းက ဗိုလ်လုပ်ချင်တာ ဟုတ်လား၊ဟင်း ဟင်းဟင်း… ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာဒီလိုဖဲချပ်လေးတွေမှန်အောင် ပစ်တတ်ရတယ်ကွ၊ ဝှီး…ဒေါက်”အငြိမ့်စင်ပေါ်ကလူရွှင်တော်တွေကအဲဒီဇာတ်ကွက်ကိုပဲသရုပ်ဖော်ပြီး ခွင်ချပြက်လုံးထုတ်ကြပြန်တယ်။

”လွယ်သလား ခက်သလားရာမ၊ မင်းကဗိုလ်လုပ်ချင်တယ်ဟုတ်လား၊ဟင်းဟင်းဟင်း… ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာဒီအက်စ်အေတက်ခဲ့ရတယ်ကွ။ဒါမှမဟုတ်ရင်အိုတီအက်စ်လောက်တော့တက်ခဲ့ရတယ်ကွ”ဆိုတော့ပွဲကြည့်ပရိသတ်ကပတ်တုတ်လို့မရတော့ဘူး။(ဒီအက်စ်အေဆိုတာစစ်တက္ကသိုလ်ဖြစ်ပြီး အိုတီအက်စ်က ဗိုလ်သင်တန်းကျောင်းဖြစ်ပါတယ်။)

ဇာတ်သဘင်တွေရဲ့အောင်မြင်တဲ့စင်တင်ပြဇာတ်တွေကလည်း ကက်ဆက်ဇာတ်လမ်းတွေဖြစ်လာကြတယ်။ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်၊ နန်းထား လမ်းသလားနေသည်၊ ရွှေဖိနပ်ကြီးရှပ်တိုက်စီးမယ်၊ မိထားခင်လင်နှစ်ယောက်နဲ့စတဲ့ကက်ဆက်ဇာတ်လမ်းတွေဟာဘီအီးဒီအောင်သိုက်ရဲ့နာမည်ကျော်စင်တင်ပြဇာတ်တွေပါ။

ကက်ဆက်တိပ်ခွေဇာတ်လမ်းတွေခေတ်စားလာတော့တိပ်ရီကော်ဒါခေတ်ကဇာတ်လမ်းတွေ၊ဓာတ်ပြားခေတ်ကဓာတ်ပြားတွေလည်း ကက်ဆက်တိပ်ခွေတွေပေါ် ရောက်လာတယ်။ရွှေမန်းတင်မောင်ရဲ့ရွဲကုန်သည်၊မောင်မူ၊ဖ ွားတော်မူခန်း၊တောထွက်ခန်း၊ လေးတော်တင်ခန်းတွေလည်း လူကြိုက်များတဲ့ဇာတ်လမ်းတွေပေါ့။

အညာကျေးလက်ဒေသတွေမှာကောက်စိုက်ပျိုးနုတ်ချိန်ရောက်ရင်ဟွန်းလို့ခေါ်တဲ့လော်စပီကာကြီး လှည်းပေါ်တင်ပြီးလယ်ကွင်းတွေဘက်လှည့်ပြီး ကက်ဆက်ဇာတ်လမ်းတွေ ဖွင့်ပေးကြရတယ်။ကောက်စိုက်သမတွေမပျင်းရအောင်၊ အလုပ်တွင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့တောင်သူကြီးတွေကလော်စပီကာအငှားလိုက်တဲ့သူတွေထံသွားငှားပြီး ဖွင့်ကြရတာပါ။ အဲဒီခေတ်ကစက်ဆရာကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့။ဟွန်းနှစ်လုံးလှည်းထမ်းပိုးပေါ် တင်လိုက်တာနဲ့သူဟာဆရာတစ်ဆူဖြစ်သွားပြီ။

ဈေးကွက်စီးပွားရေးစချိန်၁၉၉ဝပြည့်လွန်နှစ်တွေအထိလော်စပီကာငှားတဲ့လုပ်ငန်းကတွင်ကျယ်နေသေးတယ်။စက်ဆရာအတွက်ကွမ်း၊ ဆေးလိပ်၊ မုန့်ပဲသရေစာအားလုံးကိုလော်စပီကာငှားရမ်းတဲ့တောင်သူကြီးကတာဝန်ယူပေးရတယ်။ ဖျော်ဖြေစရာဘာမှမည်မည်ရရရှိတဲ့ခေတ်မဟုတ်တော့ကက်ဆက်တိပ်ခွေထဲကအသံမင်းသား၊ မင်းသမီးတွေကိုပဲတခုတ်တရ နားသောတဆင်ကြရတာပေါ့။

တွံတေးသိန်းတန်ရဲ့စိုးမိုးမေတ္တာ၊ကိုယ်ရယ်၊တိုးရယ်၊စိုးစိုးရယ်၊ထွေးညိုဇာတ်ထုပ်တွေဟာပရိသတ်ဟယဒကိုငြိစေတဲ့ဇာတ်လမ်းတွေဖြစ်တယ်။ ထွေးညိုဇာတ်ဆိုရင်ဂျပန်ခေတ်ကာလကိုအခြေခံထားတဲ့ကျေးလက်ဇာတ်ထုပ်။ ဇာတ်လိုက်ကဂျပန်တော်လှန်ရေးသမား ကိုသစ္စာ။ သူကြီးသားသာဒင်ကဖျက်ဆီးလိုက်တော့ထွေးညိုခမျာဗိုက်တစ်လုံး ကျန်ရစ်ခဲ့ရှာတယ်။

ကိုသစ္စာကရှေ့တန်းစစ်မျက်နှာကနေတော်လှန်ရေးပြီးလို့ပြန်လာတော့မယ်ဆိုတော့ထွေးညိုကသူ့ရဲ့မသန့်ရှင်း၊ မစင်ကြယ်တော့တဲ့ခန္ဓာကိုယ်ကိုချစ်သူဆီမအပ်ချင်တော့ဘူး။ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ထွေးညိုဆုံးဖြတ်ချက်ချလိုက်တယ်။ဒါကိုထွေးညိုရဲ့အုပ်ထိန်းသူဘကြီးမှုံသိတော့တရားစကားတွေပြောပြီး တားတယ်။ ထွေးညိုကခေါင်းမာတဲ့သူဆိုတော့ဘကြီးမှုံဘယ်လိုပဲဖျောင်းဖျဖျောင်းဖျမရဘူး။

အဲဒီအချိန်မှာလေတွေ၊မိုးတွေတဝုန်းဝုန်းကျလာတယ်။ ထွေးညိုကလေထဲမိုးထဲထွက်ပြေးသွားတယ်။ဘကြီးမှုံကထွေးညိုမလုပ်နဲ့၊ ထွေးညိုသမီးမှားမယ်လို့တကြော်ကြော်အော်ပြီး ထွေးညိုနောက်ကလိုက်တယ်။ရွာထိပ်လည်း ရောက်ရောညောင်ကိုင်းကြီးကမိုးသက်လေပြင်းကြောင့်ထွေးညိုခေါင်းပေါ် တည့်တည့်ကျသွားတယ်။ ထွေးညိုကနေရာမှာတင်ပွဲချင်းပြီး ဆုံးရှာတယ်။ ဘကြီးမှုံတစ်ယောက်ရင်ထုမနာဖြစ်ရတယ်။ ထွေးညိုအတွက်လွမ်းစေတီကိုရွာထိပ်ကတောင်ကုန်းမို့မို့လေးပေါ် တည်ထားတယ်။ ကိုသစ္စာပြန်လာချိန်မှာဘကြီးမှုံက တဘက်ခေါင်းပေါင်းထားပြီး စေတီရင်ပြင်မှာ တံမြက်စည်းလှည်းနေချိန်နဲ့ဇာတ်ကိုအ ဆုံးသတ်ထားတယ်။ဇာတ်က အလွမ်းဇာတ်နဲ့ သိမ်းထားတာလေ။

ရွှေကျီးညိုနဲ့ပဲခူးမြတို့ရဲ့သိုက်နန်းရှင်မြစိမ်းကလည်းအောင်မြင်တဲ့ဇာတ်လမ်းမို့လူရွှင်တော်တွေရဲ့ပြက်လုံးခွင်ထဲရောက်လာတယ်။ အဲဒီဇာတ်ထုပ်ထဲက”မိုက်ပါ့ဘုန်းကြွယ်ရာ၊သိုက်ဆရာလှေပေါ်တင်လာရတယ်လို့”ဆိုတဲ့ စကားအစား လူရွှင်တော်တွေက”မိုက်ပါ့ဉာဏ်ပွင့်ရာ၊ တစ်အိမ်လိုလို့လူခေါ်ခိုင်းလိုက်ပါတယ်၊ရဲလက်တို့လာရတယ်လို့”ဆိုပြီး ပြက်လုံးထုတ်ကြပါလေရောလား။ဗိုလ်အောင်ဒင်ဇာတ်လမ်းထဲကဗိုလ်အောင်ဒင်နဲ့ဦးဘချစ်တို့ရဲ့အချီအချပြောကြတဲ့ဒိုင်ယာလော့ခ်တွေကလည်းရပ်သုံးရွာသုံးဝေါဟာရ ဖြစ်သွားတာတွေရှိတယ်။ ဦးဘချစ်ကဗိုလ်အောင်ဒင်ကို ဖမ်းတော့ “Duty is Duty” တာဝန်ဟာတာဝန်ပါပဲတဲ့။

ဗိုလ်အောင်ဒင်ကပြန်ပြောလိုက်တယ်။ သိပ်ကောင်းတဲ့စကားလုံးပေါ့။”ဒါကတော့ပုလိပ်အမြင်ကိုး ဦးဘချစ်ရဲ့”တဲ့လေ။ဗိုလ်အောင်ဒင်ဇာတ်လမ်းခွေကအောင်မြင်လွန်းတော့မြန်မာတွေရဲ့ထုံးစံအတိုင်း နောက်ဆက်တွဲတွေဆက်ထွက်လာတယ်။ ဗိုလ်အောင်ဒင်ပြန်လာပြီတို့၊သားဗိုလ်အောင်ဒင်တို့ဟာဗိုလ်အောင်ဒင်ရဲ့နောက်ဆက်တွဲဇာတ်လမ်းတွေဖြစ်ကြတယ်။ပရိသတ်ကလည်းဆက်တိုက်အားပေးကြတာပါပဲ။ကက်ဆက်ဇာတ်လမ်းတွေဟာအောင်မြင်တဲ့စင်တင်ပြဇာတ်တွေ၊အော်ပရာတွေတင်မကဘဲထင်ရှားတဲ့ရုပ်ရှင်တွေနဲ့ကျော်ကြားတဲ့ဝတ္ထုတွေကိုပါအသံသွင်းဇာတ်လမ်းအဖြစ်ဖန်တီးထုတ်လုပ်ကြတာတွေလည်းရှိတယ်။ဘဝသံသရာတို့၊မုန်း၍မဟူတို့ဟာထင်ရှားတဲ့ရုပ်ရှင်တွေကနေအောင်မြင်တဲ့ကက်ဆက်ဇာတ်လမ်းခွေတွေအဖြစ်အသွင်ပြောင်းလာကြတာပါ။ မင်းသိင်္ခနစနေမောင်မောင်၊ဲ့ပုဂံသူရရဲ့မင်းအသက်ငါ့ပေး၊ဆရာကြဲီးမြတ်ခိုင်တို့လိုလျှို့ဝှက်ဆန်းကြယ်ဇာတ်တွေကပရိသတ်ကိုမိန်းမောသွားအောင်စွမ်းဆောင်နိုင်အားကြီးတယ်။

ကက်ဆက်ဇာတ်လမ်းတွေမှာလည်း စီစဉ်ထုတ်လုပ်ကြသူတွေရှိတယ်။ဂီတစာဆိုမောင်ကြေးမုံ၊စွယ်စုံပန်းချီလေးဝင်းတို့ရဲ့ဇာတ်လမ်းတွေကိုကျွန်တော်နားထောင်ဖူးတယ်။တိပ်ခွေဇာတ်လမ်းတွေရဲ့သက်ရောက်မှုကကျေးလက်ဒေသတင်မကဘူး၊မြို့ပြအထိပါသက်ရောက်မှုရှိတယ်။ အလုပ်သမားအများစုလုပ်ကြရတဲ့ဆေးလိပ်ခုံတို့၊ ပုံနှိပ်စက်တို့၊ ဖိနပ်ချုပ်အလုပ်ရုံတို့မှာအလုပ်ရှင်တွေကအလုပ်သမားတွေအတွက်အပျင်းပြေကက်ဆက်ဇာတ်လမ်းတွေကိုဖွင့်ပေးထားကြရတယ်။

အခုခေတ်လိုဗီစီဒီတွေ၊ဒီဗီဒီတွေမပေါ်သေးဘူး။ ကက်ဆက်ကလည်း လုပ်ငန်းရှင်တွေလောက်သာဝယ်နိုင်ချိန်၊ဧည့်ခန်းထဲကဗီရိုပေါ်မှာရှိနေတဲ့ကက်ဆက်တစ်လုံးသည်ပင်ဂုဏ်ရည်ပြပစ္စည်း၊ တော်ရုံလူကက်ဆက်တစ်လုံးပိုင်ဖို့အိပ်မက်မမက်နိုင်သေးချိန်၊ ကက်ဆက်ပိုင်ရှင်ဆိုသူတွေပင်ထွက်သမျှခွေမဝယ်နိုင်ကြသေးဘူး။ စာပေနှင့်တိပ်ခွေဆိုတဲ့အငှားဆိုင်တွေမှာတစ်ရက်ငှားခတစ်ကျပ်နှုန်းနဲ့ငှားရမ်းနားထောင်နေရချိန်၊ သီချင်းခွေဆိုတာတစ်နှစ်လုံးနေလို့လက်ဆယ်ချောင်းပြည့်တာမဟုတ်ဘူး။ တိပ်ခွေတစ်ခွေရဲ့တန်ဖိုးကတစ်ခွေအစိတ်(၂၅ကျပ်)ဆိုတော့ထွက်သမျှဝယ်ယူနားဆင်ဖို့ကမလွယ်ဘူးလေ။

 ၁၉၈ဝပြည့်နှစ်ဝန်းကျင်တွေပေါ့။အဲဒီအချိန်ကနေ့စားအလုပ်သမားတစ်ယောက်ကတစ်ရက်၃ကျပ်၁၅ပြားရချိန်၊ ကျွမ်းကျင်လုပ်သားသည်ပင်တစ်ရက်လုပ်အားခက၅ကျပ်၂၅ပြား၊ တိပ်ခွေဝယ်ဖို့ဆိုတာအတော်လေးစွန့်စားရတဲ့ကိစ္စ။ တိပ်ခွေအငှားဆိုင်ကနားထောင်ပြီးလို့ကြိုက်ပြီဆိုတာသေချာမှခွေတစ်ခွေအတွက်တစ်လကိုးသီတင်း စုဆောင်းဝယ်ကြရတာ၊ အခုအချိန်ပြန်တွေးကြည့်တော့လွမ်းစရာကြီး။

အဘွားကလည်း ကက်ဆက်တိပ်ခွေကြိုက်တဲ့ ပရိသတ်တစ်ယောက်ဖြစ်တယ်။ အဘွားကြိုက်တာကသီချင်းတို့၊ ဇာတ်လမ်းတို့မဟုတ်ဘဲတရားခွေဖြစ်နေတယ်။ကက်ဆက်ကတ ရားခွေဖွင့်ပေးလိုက်ရင်သူ့ခုတင်လေးပေါ်ကနေဘုရားကိုအာရုံပြုပြီး ကျုံ့ကျုံ့လေးထိုင်ပြီး တရားနာတတ်တယ်။ အဘွားနာလေ့ရှိတဲ့တရားတွေကမင်းကွန်းဆရာတော်ကြီးရဲ့ သုတ္တန်တရားတော်တွေ၊အ ထူးသဖြင့်စူဠကမ္မဝိဘင်္ဂသုတ်တို့၊ဘာတို့ပေါ့။ကျွန်တော်တို့အိမ်နဲ့ နှစ်အိမ်ကျော်လောက်ကအဒေါ်ကြီးတစ်ယောက်ကတော့ကြာနီကန်ဆရာတော်ဦဇဋိလရဲ့အခိုင်အမာပရိသတ်။

ဥပုသ်နေ့မနက်ရောက်ပြီဆိုတာနဲ့မိုးမလင်းသေးဘူး၊ ကြာနီကန်တရားခွေတွေဖွင့်တော့တာပဲ။ ကျွန်တော်တို့မှာတော့ နားရည်ကိုဝလို့။

ကျွန်တော်တို့လူပျိုပေါက်ရောက်ချိန်မှာကက်ဆက်တိပ်ခွေလောကဟာစတီရီယိုတေးသီချင်းခွေတွေအပြိုင်းအရိုင်းပေါ်လာနေပြီ။ကိုင်ဇာ၊လွှမ်းမိုး၊စိုးလွင်လွင်၊တူးတူးစတဲ့အ ဆိုတော်တွေကTop Ten စာရင်းဝင်တွေ။အ မျိုးသမီးအဆိုတော်တွေထဲမှာမေဆွိ၊ ဟေမာနေဝင်း၊ ပိုးဒါလီသိန်းတန်တို့နာမည်ကျော်ချိန်။အဲဒီအဆိုတော်တွေကပ ရိသတ်အပေါ်ဘယ်လောက်အထိလွှမ်းမိုးသလဲဆိုရင်သူငယ်ချင်းတွေထဲမှာအဆိုတော်တူးတူး ဆံပင်ပုံစံထားတဲ့သူတောင်ရ ှိတယ်။ဆ ံပင်ညှပ်ဆိုင်တွေကလည်အး ဲဒီလိုဆံပင်ပုံစံကိုတူးတူးကေတဲ့။

 အဲဒီခေတ်ကအမျိုးသမီးငယ်တွေရဲ့ဆံပင်ပုံစံကလည်း ဟေမာနေဝင်းရဲ့ခွင့်လွှတ်နော်စီးရီးကကာဗာကတ်ပုံစံလိုက်ထားကြလို့ဟေမာကေတဲ့လေ။ ပိုးဒါလီသိန်းတန်ကဆံပင်ပွယောင်းယောင်းအကောက်ပုံစံနဲ့မေတ္တာရေလှိုင်းစီးရီးထွက်လာတော့လည်ေး မတ္တာရေလှိုင်းကေတဲ့လေ။

ကျွန်တော် ပထမဆုံးကက်ဆက်တိပ်ခွေစဝယ်တော့တစ်ခွေ၁၂ဝပေးရတဲ့အချိန်ရောက်နေပြီ။ ၁၉၉ဝခုနှစ်ဝန်းကျင်နှစ်တွေဖြစ်မှာပေါ့။ ကက်ဆက်တိပ်ခွေတွေထဲမှာစီးရီးခွေအရောင်းရဆုံးကသ င်္ကြန်မိုးရုပ်ရှင်သီချင်းများနဲ့ဗဒင်ရဲ့နေရာစီးရီးခွေတွေဖြစ်ကြတယ်။ သင်္ကြန်မိုးသီချင်းတွေကတော့ကက်ဆက်တိပ်ခွေလောကမှာတင်ကျန်မနေခဲ့ဘူး၊ စီဒီခေတ်၊ ဗီစီဒီခေတ်၊ဒီဗီဒီခေတ်၊ အီးဗီဒီခေတ်အထိပါလာရုံကမဘူး၊ မန်မိုရီစတစ်ခေတ်အထိပါလာပါရောလား။

အနုပညာအားကောင်းလာပြီဆိုရင်ခေတ်ပေါ်သီချင်းအဖြစ်သာမကဘဲခေတ်အဆက်ဆက်ပါလာပြီးဂန္ထဝင်ဖြစ်တော့တာကိုး။ မိတ်ဆွေလုပ်ငန်းရှင်တစ်ယောက်ဆိုရင်သင်္ကြန်မိုးကိုသိပ်ခရေစီဖြစ်တာပေါ့။သူူ့ရဲ့ထုတ်ကုန်အမှတ်တံဆိပ်ကိုသ င်္ကြန်မိုးစာလုံးဒီဇိုင်းအတိုင်း ဒီဇိုင်းဆရာကိုလုပ်ခိုင်းတာလေ။ သင်္ကြန်မိုးခွေရဲ့အောင်မြင်မှုကကြောက်ခမန်းလိလိ။အခုအချိန်အထိသင်္ကြန်ရာသီရောက်ရင်သင်္ကြန်မိုးသီချင်းတွေကရောင်းတန်းဝင်တုန်း။(ကက်ဆက်တိပ်ခွေတော့မဟုတ်တော့ဘူးပေါ့။ ခေတ်ကာလအခြေအနေအရ စီဒီခွေဖြစ်သွားတာတော့ရှိတာပေါ့။)

ကျွန်တော်တို့လည်သင်္ကြန်မိုးသီချင်းတွေကိုစ၊လယ်၊ဆုံးကြိုက်ကြတယ်။ ကျွန်တော့်ကြီးတော်တစ်ယောက်ကတော့နည်းနည်းအကဲပိုတယ်။ သင်္ကြန်မိုးခွေဆိုရင်အစအဆုံးဖွင့်မှကြိုက်တာ၊ သီချင်းတွေဟိုကျော်ဒီကျော်ရစ်ပြီးဖွင့်ရင်မကြိုက်ဘူး။သင်္ကြန်မိုးသည်ပင်အခုလာမယ့်သင်္ကြန်ဆိုနှစ်၃ဝပြည့်တော့မှာပါလား။

ကက်ဆက်တိပ်ခွေခေတ်မှာသင်္ကြန်ရာသီရောက်ရင်သင်္ကြန်ခွေတွေကမိုးဦးကျမှိုပွင့်တွေလိုဟိုဟိုဒီဒီကထွက်ပေါ်လာတတ်တယ်။တချို့လည်းဈေးကွက်မှာအချိန်မီရောက်မလာနိုင်တဲ့အခါကာဗာကတ်တွေပုံစံပြောင်းပြီးလာမယ့်သင်္ကြန်ရာသီအတွက်တစ်နှစ်တိတိစောင့်ရတာမျိုးလည်းရှိတတ်တယ်။ သေချာတာကတော့အခုအချိန်အထိဘယ်သင်္ကြန်ခွေမှသင်္ကြန်မိုးရဲ့ပျံ့နှံ့မှုကို မမီနိုင်သေးဘူး။

ကက်ဆက်သီချင်းခွေတွေထဲမှာ အဆိုတော်ဗဒင်ရဲ့ နေရာသီချင်းခွေကလည်း ဝက်ဝက်ကွဲအောင်မြင်တဲ့ခွေလို့ပြောနိုင်တယ်။သူူ့ရှေ့ကသီချင်းခွေတွေအောင်မြင်တယ်ဆိုရာမှာတ က္ကသိုလ်ကျောင်းသားကျောင်းသူတွေချည်း သီးသန့်ကြိုက်သူတွေရှိတယ်။ နယ်ပရိသတ်တွေချည်း ကြိုက်တဲ့အဆိုတော်တွေလည်းရှိတယ်။

အောင်သူ၊အနိုင်၊မင်းအောင်စတဲ့အဆိုတော်တွေဟာနယ်ပရိသတ်အတွက်ရယ်လို့သီးသန့်ထုတ်လုပ်ဖြန့်ချိတာမဟုတ်ပေမယ့်နယ်ပရိသတ်တွေရဲ့ အားပေးမှုအပြည့်အဝရတဲ့အဆိုတော်တွေဖြစ်ကြတယ်။ ဗဒင်ရဲ့နေရာကတော့အဲဒီလိုမဟုတ်ဘူး။ ကျေးလက်ရောမြို့ပြပါကြိုက်ကြတာ။ဘယ်လောက်အထိကြိုက်ကြသလဲဆိုရင်အဲဒီတုန်းကကျွန်တော်တို့ညီအစ်ကိုတွေစုပြီးပုဂံဘုရားဖူးထွက်ချိန်၊မန္တလေးတစ်မြို့လုံးဗဒင်သီချင်းသံတွေနေရာအကြားအလပ်မရှိကြားနေရချိန်၊ဘုရားဖူးသွားတော့လည်း ရောက်တဲ့မြို့၊ နားတဲ့နေရာတိုင်းမှာဗဒင်ရဲ့သီချင်းသံတွေချည်းလေ။ ပုဂံမှာဘုရားဖူးတော့မြင်းလှည်းဆရာကအစ ဗဒင်သီချင်းဆိုပြီး မြင်းလှည်းမောင်းပို့တယ်။

ဗဒင်ရဲ့ကက်ဆက်တိပ်ခွေကာဗာကတ်ကကဏန်းကောင်ပုံစံနဲ့ထွက်လာပြီး တစ်ခွေလုံး တစ်ယောက်တည်း ရေး၊ ဆို။သီချင်းခွေစီးရီးလိုက်မဟုတ်ဘဲစိတ်ကြိုက်လက်ရွေးစင်သွင်းတဲ့ selection ခွေတွေလည်း ခေတ်စားခဲ့ဖူးသေးတယ်။ လူဆိုတာကလည်းလူတစ်ကိုယ်အကြိုက်တစ်မျိုးမဟုတ်လား။စီးရီးခွေထဲကသီချင်းအားလုံးကိုကြိုက်ချင်မှကြိုက်မှာလေ။ရော့ခ်ထဲကတစ်ပုဒ်စ၊နှစ်ပုဒ်စကြိုက်မယ်၊ကန်းထရီးသီချင်းလေးတွေလည်းကြိုက်တာပါဦးမှာ။စတီရီယိုခေတ်ဟောင်းတေးလည်းကြိုက်နိုင်သေးသကိုး။ အဲဒီတော့ လက်ရွေးစင် သီးသန့်သွင်းတာတွေ ဖြစ်လာရော။

လက်ရွေးစင်သီချင်းတွေကို ကက်ဆက်ကာဗာကတ်လေးပေါ်မှာတိပ်ခွေဆိုင်ကလက်ရေးစာလုံးနဲ့ရေးပေးတယ်။ကျွန်တော်အကြိုက်ဆုံးလက်ရေးစာလုံးကလူထုကြီးပွားရေးတိုက်နဲ့ဓားလွယ်ခုတ်လောက်မှာရှိတဲ့မန္တလေးတေးသံသွင်းဆိုင်ကလက်ရေးစာလုံးလေးတွေပဲ။ သီချင်းနာမည်နဲ့ အဆိုတော်အမည်တွေကို လက်ဝဲစာလုံးလေးတွေနဲ့ သပ်သပ်ရပ်ရပ် လှလှပပဖြစ်အောင်ရေးပေးနိုင်လို့ပဲ။အဲဒီခေတ်က(၁၉၈ဝပြည့်လွန်နှစ်များ)လက်ရွေးစင်သီချင်းသွင်းခဲ့ကြဖူးသူတွေအမှတ်ရနိုင်ကောင်းပါရဲ့။ အခုတော့ကက်ဆက်တိပ်ခွေတွေလည်း တစ်ခန်းရပ်ပေါ့။

ကက်ဆက်တိပ်ခွေခေတ်က သီချင်းခွေတွေမှာ အကျိုးပြုသီချင်းတစ်ပုဒ်မဖြစ်မနေပါရတာလည်း လွမ်းတတ်ရင်တော့လွမ်းချင်စရာ။ ထူးအိမ်သင်ရဲ့နာရီပေါ်မှမျက်ရည်စက်များထဲကသူငယ်ချင်းအတွက်ဆိုတဲ့ သီချင်းဟာ အကျိုးပြုသီချင်းကောင်းတစ်ပုဒ်ပေါ့။ပေါ်လစီခေတ်မှာမထည့်မနေရထည့်ခဲ့ရတဲ့သီချင်းဖြစ်ပေမယ့်အနုပညာအားကောင်းတော့လူငယ်တွေကြားမှာရေပန်းစားတဲ့သီချင်းတစ်ပုဒ်ဖြစ်သွားတယ်။

‘ခေါင်းလောင်းကြီးလည်းxxxအိပ်ပျော်နေတယ်xxxအသံမမြည်နိုင်ရှာတယ်xxxစာသင်ခုံတွေလည်းxxဖရိုဖရဲxxxပိုးစားခြကိုက်နဲ့xxxကျေးလက်ကဆရာသူငယ်ချင်းရေxxxမင်းအတွက်ဂုဏ်ယူလိုက်ပါတယ်xxx’ဟေမာနေဝင်းရဲ့ခွင့်လွှတ်နော်စီးရီးထဲက’တံတားဟောင်းလေး’သီချင်းကလည်းအကျိုးပြုသီချင်းပါ။အလင်္ကာကျော်စွာမြို့မငြိမ်းကြီးရဲ့’လူချွန်လူကောင်း’သီချင်းကလည်း ပေါ်လစီသီချင်းတစ်ပုဒ်ပါပဲ။ မြို့မငြိမ်းရဲ့ အနုပညာဓာတ်ခံအားကောင်းမှုကြောင့် ယနေ့ထက်တိုင် လူတိုင်းပါးစပ်ဖျား ရေပန်းစားနေတဲ့ သီချင်းဖြစ်နေတာလေ။

ကျွန်တော်မှတ်မိနေတဲ့နောက်သီချင်းတစ်ပုဒ်ကအဆိုတော်လွှမ်းမိုးရဲ့ ‘မောင်မေးမယ် မေ’။ ဗျည်းအက္ခရာတွေချည်းအလုံးတစ်ရာကျော်နဲ့သီချင်းကိုရေးဖွဲ့ထားတာလေ။’မှောင်ထဲမှာ မီးမှိတ်မှxxxမိုက်မိုက်မဲမောင်မေးမယ်xxxများများမော့မြန်မြန်မူးမှxxxမောင်မေ့မှာမို့xxxမောင်မိုက်မယ်မေxxxမြမြင့်မိုရ်ေ မျှာ်မိမှxxxမှားမိမှန်ေးမာင်မှတ်မယ်xxx’

ရုပ်ရှင်မင်းသားများလည်း သီချင်းတိပ်ခွေတွေထုတ်ဖူးကြပေါ့။ ဝင်းဦး၊ရန်အောင်၊ စိုးသူ၊ သီဟတင်စိုး၊ လွင်မိုးတို့လည်း သီချင်းခွေတွေ ထွက်ခဲ့ကြတယ်။ သီချင်းဆိုရာကနေ ရုပ်ရှင်ရိုက်ကြသူတွေလည်းရှိတယ်။ တွံတေးသိန်းတန်၊ လွှမ်းမိုးနဲ့မေဆွိတို့ကထင်ရှားတဲ့သာဓကတွေဖြစ်ကြတယ်။ဇာတ်မင်းသားတွေလည်းကက်ဆက်တိပ်ခွေခေတ်မှာနှစ်ပါးသွားခွေတွေထွက်တာရှိတယ်။သောင်းထိုက်ကကျော်ဆိုတာဇာတ်မင်းသားလေးသိန်းဇော်ရဲ့နာမည်ကျော်နှစ်ပါးသွား အခွေပေါ့။

သီချင်းကက်ဆက်ခွေခေတ်မှာထင်ရှားတဲ့တိုင်းရင်းသားအဆိုတော်တွေကစိုင်းထီးဆိုင်၊ စိုင်းဆိုင်ဝ်မော၊ လားရှိုးသိန်းအောင်၊ အယ်လ်ခွန်းရီစတဲ့ အဆိုတော်တွေပါပဲ။ကက်ဆက်သီချင်းခွေတွေအကြောင်းပြောရင်ပြန်ဆိုတေးတွေကိုချန်ထားလို့မရဘူး။ စိုင်းထီးဆိုင်ရဲ့သီချင်းတွေမေဆွိပြန်ဆိုတော့ရင်ထဲကစိုင်းထီးဆိုင်တဲ့လေ။ပြန်ဆိုတေးတွေ ဆိုကြတဲ့အခါ မူရင်းအဆိုရှင်နဲ့ တေးရေးဆရာတွေကိုလေးစားဖို့ကောင်းတယ်လို့ထင်တယ်။ခေတ်နဲ့မညီဘူးဆိုတိုင်းပြင်လိုက်လို့ကောင်းပါရဲ့လားစဉ်းစားကြစေလိုပါတယ်။ သီချင်းတစ်ပုဒ်ဟာခေတ်နဲ့စနစ်ကိုထင်ဟပ်နေပြီဆိုရင်ကိုယ့်သဘောနဲ့ကိုယ်ပြင်ဖို့သင့်၊ မသင့်သေချာစဉ်းစားမှဖြစ်မယ်။

သီချင်းခွေတွေအကြောင်းပြောရြင်မို့မဧည့်ခံတေးတွေအကြောင်း ထည့်ပြောရပါဦးမယ်။ မြို့မသီချင်းတွေကအလှူအိမ်မှာ၊ မင်္ဂလာဆောင်မှာမကြာခဏကြားနေရတော့နားထဲစွဲနေတယ်။ မြို့မဧည့်ခံတေးတွေချည်း သီးသန့်ခွေတွေထုတ်ခဲ့ကြဖူးတယ်။ မြို့မရဲ့ ပင်တိုင်အဆိုတော်တွေနဲ့ပေါ့။ လွန်ခဲ့တဲ့ သုံး၊ လေး၊ငါးနှစ်ကလည်း မြို့မစိန်ရတုအထိမ်းအမှတ်ဗီစီဒီထုတ်ပါလေရောလား။ မြို့မသီချင်းတွေတင်မကဘူး၊ ရွှေတိုင်ညွန့်သီချင်းလည်းပါတယ်။ နဂါးနီသီချင်းလည်း ပါတယ်။ဒါတို့တိုင်း၊ တို့ပြည်ဆိုတဲ့

သီချင်းလည်းပါတယ်။သီချင်းတွေကသီချင်းကောင်းတွေပါ။သို့သော်မြို့မကထုတ်တဲ့မြို့မစိန်ရတုခွေမှာတော့မြို့မရဲ့သောတရှင်တွေကမြို့မသီးသန့်ဖြစ်စေချင်ကြတယ်။စိန်ရတုတိုင်အောင်ရပ်တည်နိုင်ခဲ့တဲ့အသင်းကြီးမဟုတ်လား။ဧည့်ခံတေးပေါင်းများစွာ၊သင်္ကြန်သီချင်းပေါင်းများစွာထုတ်ခဲ့တဲ့အသင်းကြီးအနေနဲ့မှတ်မှတ်ရရစိန်ရတုမှာကိုယ်ပိုင်သီချင်းတွေထုတ်ဖို့ကောင်းတာပေါ့။

ဒီအထဲအသင်းကြီးရဲ့မာစတာပိစ်လို့တောင်ဆိုနိုင်တဲ့’ပြည်တော်ဝင်’လိုသီချင်းကပါမလာဘူး။’အခါတော်ရောက်ချိန်xxxနီးလို့လာပြီxxxဒေါ်ဒေါ်မမ နှမတို့ရေxxxအသည်းစွဲချစ်မိတ်ဆွေxxxခေတ္တခွဲလို့နေxxxမြို့မနဲ့အတူတကွxxxလိုက်ပါနိုင်စေxxxအောင်စည်ရွှမ်းသံxxxကြားရပြီထင့်xxxပြည်တော်ဝင်မယ်လေxxx’အဲဒီခွေထဲမှာ မြို့မအဆိုတော်တွေချည်းသီးသန့်မဟုတ်ဘဲဈေးကွက်ဝင်မယ်ထင်ရတဲ့အဆိုတော်တွေကို ထည့်လိုက်တော့အမာခံပရိသတ်ရင်ထဲမှာ စလုံးစခု ပိုဖြစ်ရတယ်။ အဆိုတော်ရန်အောင်၊အောင်ရင်တို့ကပါဝ င်ဆိုထားကြတာလေ။သ ူတို့ဟာအောင်မြင်တဲ့အဆိုတော်တွေဖြစ်ကြတာမှန်တယ်။ သို့သော်ပရိသတ်ကသူတို့ချစ်တဲ့မြို့မအသင်းကြီးကိုမြို့မအဆိုတော်တွေရဲ့အာစောက်လျှာစောက်အသံတွေနဲ့သာနားထောင်ချင်ကြတာကလား။

ဈေးကွက်လိုအပ်ချက်အရလို့ပြောရအောင်ကလည်းအဲဒီအချိန်ကရန်အောင်နဲ့အောင်ရင်ဟာဈေးကွက်မျာလျှမ်းလျှမ်းတောက်မဟုတ်တော့ပါဘူး။သူတို့ထက်စာရင်(ဈေးကွက်တစ်ခုတည်းကြည့်ပါက)စိုင်းစိုင်းခမ်းလှိုင်ကမှဈေးကွက်ပိုမသေချာဘူးလား။စိန်ရတုတိုင်ခဲ့ပြီဖြစ်တဲ့အသင်းကြီးကဈေးကွက်မှာလျှမ်းလျှမ်းတောက်မဟုတ်တော့တဲ့(သူ့ခေတ်သူ့အခါမှာအောင်မြင်ခဲ့မှာပါ။ဒါ ပေမဲ့အ ဲဒီအချိန်မှာသူူတို့ကဈေးကွက်ကောင်းတဲ့အ ဆိုတော်တွေမဟုတ်တော့) သူတွေရဲ့အားကိုယူပြီး ထုတ်ရတယ်ဆိုတာကိုမခံချင်တာပါ။ တကယ်တော့အဲဒီခွေဟာအထိုက်အလျောက်အောင်မြင်ပါတယ်။

အခွေမှာပါတဲ့ပြင်ပအဆိုတော်တွေ၊ပြင်ပတေးရေးဆရာတွေကြောင့်မဟုတ်ဘဲမြို့မကိုသံယောဇဉ်ရှိကြတဲ့ပရိသတ်အများစုရဲ့အားပေးတာခံကြရလို့ပါ။မြို့မရဲ့အမာခံပရိသတ်တွေကခိုးကူးခွေအလွယ်တကူဝယ်ယူလို့ရသည့်တိုင်မူရင်းခွေကိုဝယ်ယူအားပေးကြတယ်။ အဲဒီအထဲမှာကျွန်တော်လည်း ပါတယ်။ဒါပေမဲ့ချင်ခြင်းမပြေတော့ဖြစ်ရတာပေါ့။ဝတ္ထုစာအုပ်ခွေဖြစ်တဲ့ Audio Book ဆိုတဲ့တိပ်ခွေလည်းထွက်ခဲ့သေးတယ်။ စာရေးဆရာမဂျူးရဲ့ရေမျောသီးနဲ့မြရဲ့လ၊ထူးအိမ်သင်နဲ့ဟေမာနေဝင်းတို့ကဖတ်ပေးကြတာလေ။

မြန်မာစာအုပ်လောကမှာရှားရှားပါးပါးAudio စာအုပ်တွေ၊စာရေးဆရာချစ်ဦးညိုရဲ့ခန္တီစသည်းခံခြင်းသည်လည်းကောင်းဆိုတာလည်း စာပေလောကစာအုပ်တိုက်ကအသံသွင်းစာအုပ်အဖြစ်တိပ်ခွေအနေနဲ့ထွက်ခဲ့ဖူးသေးတာပေါ့။ စာပေဟောပြောပွဲခွေတွေထွက်တာရှိပေမယ့်ဝါသနာပါသူအချင်းချင်းပြန်မျှကြတာလောက်ပါပဲ။ဈေးကွက်ထဲမှာအလုံးအရင်းသိပ်မတွေ့ရဘူး။အင်္ဂလိပ်စကားပြောခွေတွေတောင်ထွက်ဖူးပါတယ်။ ဘီဘီစီအင်္ဂလိပ်တို့၊ ဘာတို့နားထောင်ဖူးတယ်။ အခုနေပြန်စဉ်းစားကြည့်တော့ကောင်းကောင်းမမှတ်မိတော့ဘူး။

ကက်ဆက်တိပ်ခွေတွေထဲမှာရောင်းအားအကောင်းဆုံးနဲ့လူသုံးအနည်းဆုံး ကက်ဆက်တိပ်ခွေတွေရှိတယ်ဆိုရင် မိတ်ဆွေမအံ့သြပါနဲ့။ ဟုတ်ပါတယ်၊ ကျွန်တော်ရေးတာ မမှားပါဘူး။ရောင်းအားအကောင်းဆုံးနဲ့လူသုံးအနည်းဆုံး ကက်ဆက်တိပ်ခွေတွေကျွန်တော်တို့နိုင်ငံမှာအသေအချာရှိခဲ့ဖူးတယ်။ အဝေးသင်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအတွက်ကျောင်းတွေကရောင်းချပေးတဲ့သင်ရိုးညွှန်းတမ်းကက်ဆက်တိပ်ခွေတွေဟာကျွန်တော်ပြောတဲ့(ရောင်းကောင်း/အသုံးနည်း)ဖြစ်တယ်ဆိုတာလက်ခံပြီလား။

ကျွန်တော့်ညီငယ်တစ်ယောက်ကတော့ဘွဲ့သာရသွားတယ်။အဲဒီတိပ်ခွေတွေကိုပက်ကင်ပိတ်ထားတဲ့ပလတ်စတစ်တောင်မခွာလိုက်ရဘူး။တစ်နိုင်ငံလုံးမှာရှိတဲ့အဝေးသင်ကျောင်းသား၊ကျောင်းသူတွေအတွက်မဝယ်မနေရရောင်းပြီဆိုမှတော့ရောင်းအားကိုစဉ်းစားသာကြည့်ပေတော့။ကျွန်တော်တို့ကက်ဆက်တိပ်ခွေတွေသုံးပြီးဖွင့်တဲ့အခါတစ်ခါတစ်ရံကက်ဆက်ဟတ်ကိုကြေးကပ်နေရင်ဂွမ်းကိုအရက်ပြန်ဆွတ်ပြီးဟတ်ဆေးကြရသေးတာ၊အခန့်မသင့်လို့ဖွင့်နေရင်းတန်းလန်းတိပ်တွေညပ်နေရင်စိတ်ရှည်လက်ရှည်တိပ်တွေဆွဲထုတ်ကြရသေးတာပေါ့။

ကျွန်တော်တို့ခေတ်အထိချစ်သူရည်းစားတွေကိုလက်ရွေးစင်သီချင်းရေးပေးတဲ့ခေတ်ရှိခဲ့ဖူးတယ်။ခင်မောင်တိုးတို့၊မွန်းအောင်တို့ရဲ့ သီချင်းတွေလေ။ မိန်းကလေးတွေကလည်းမောင်၊ တစိမ့်စိမ့်သူ၊ ခွင့်လွှတ်နော်သီချင်းတွေပြန်ပေးကြတာပေါ့။ ကျွန်တော့်ဆီမှာအဲဒီခွေတွေရှိနေသေးတယ်။(မဒမ်ဥယျာဉ်မသိပါစေနဲ့)မိန်းကလေးတွေရဲ့နာမည်နဲ့တေးသီချင်းတွေလည်းအများကြီး။မော်၊ယု၊ဝိုင်းရဲ့ဆည်းဆာ၊တစ်ပင်တည်းရင်ထဲကနွယ်၊မိမာ၊ဟသာတို့ရဲ့နန်းတော်ရှေ့၊ပပြုတ်သည်မထား၊စံပယ်၊ဟိုအစ်ကိုကြီးရဲ့မခင်နှင်းဆီ၊ တစ်ပြည်သူမရွှေထား၊ရင်သို့တိုးဝှေ့ဆဲပါခိုင်၊ နွဲ့တင်အတွက်သီချင်းတစ်ပုဒ်၊ သီတာ၊ စာဥစတဲ့ သီချင်းတွေက အောင်မြင်ထင်ရှားတဲ့ တေးသီချင်းတွေ ဖြစ်ကြတယ်။

ကက်ဆက်တိပ်ခွေတွေကလည်းအ မျိုးအစားစုံလင်လှတယ်။ ကျွန်တော်တို့ အရင်က ဟီတာချီတံဆိပ် ခွေအဖြူရောင်တွေ၊ ကျွန်တော်တို့လက်ထက်မှာတိုယိုတာတံဆိပ်ခွေတွေပေါ်လာပြီ၊နောက်ပိုင်းမှာမက်ဆဲလ်တို့၊တီဒီကေတို့တရုတ်ပြည်ဘက်ကနေ ဝင်လာတယ်။ တိပ်ခွေတော်တော်များများရဲ့ တိပ်အရှည်က စီခြောက်ဆယ်၊ အချိန်က တစ်နာရီဝန်းကျင်ကြာအောင်နားထောင်ရတယ်။နောက်ပိုင်းမှာစီကိုးဆယ်တွေဝင်လာတာရှိပေမယ့်တိပ်ခွေခေတ်ရဲ့နေဝင်ချိန်ကိုရောက်နေပြီ။ နည်းပညာလှိုင်းလုံးကြီးတွေတဝုန်းဝုန်းရိုက်ခတ်နေပြီလေ။ စီခြောက်ဆယ်တစ်ခွေစာရဲ့ကြာချိန်ဟာရပ်သုံးရွာသုံးဝေါဟာရဖြစ်လာတယ်။”အစည်းအဝေးမှာသဘာပတိမိန့်ခွန်းပြောတာစီခြောက်ဆယ်တစ်ခွေစာလောက်ရှိတယ်”၊”အဲဒီလူပေါ့ကွာ၊ လေကြောရှည်နေတာ၊ စကားကြောက မပြတ်နိုင်ဘူး၊ စီခြောက်ဆယ်တစ်ခွေစာမကဘဲ”ဆိုတဲ့စကားတွေဟာတိပ်ခွေခေတ်ကိုဖြတ်သန်းခဲ့ကြသူတွေရဲ့ စကားလုံးတွေပေါ့။

ကက်ဆက်ခွေတွေယူပြီးလက်ဖက်ရည်ဆိုင်သွားတဲ့အခါကိုယ့်အလှည့်မရောက်သေးရင်ခွေအစကနားထောင်နိုင်အောင်ဘောလ်ပင်ကိုအထဲထည့်ပြီးရစ်ကြရတယ်။ Horse ဘောလ်ပင်တို့၊ျွ Reynold ေ ဘာလ်ပင်တို့နဲ့ထည့်ပြီရစ်ကြရတာပေါ့။အိမ်မှာကက်ဆက်ရှိနေပေမယ့်ရောက်လေရာအရပ်မှာနားထောင်ချင်တဲ့အခါကက်ဆက်တိပ်ခွေတွေကိုကိုယ်နဲ့မကွာယူဆောင်သွားကြရတာလေ။ အခုခေတ်လိုအမ်ပီသရီး၊ အမ်ပီဖိုးလည်းမရှိသေးဘူး၊ လက်ကိုင်ဖုန်းတွေလည်း မပေါ်သေးဘူး။ ဗီစီဒီတို့၊ဒီဗီဒီတို့ဆိုတာအဝေးကြီး၊ ကက်ဆက်နားထောင်ချင်ရင်တိပ်ခွေမှလွဲပြီး အခြားရွေးချယ်စရာမရှိ။

အခုခေတ်နည်းပညာတွေတစ်ဟုန်ထိုးတိုးတက်နေတဲ့ခေတ်မှာလူလားမြောက်လာတဲ့ကလေးတွေကိုကျွန်တော်တို့ခေတ်ကနားထောင်ပြီး ကြိုက်ခဲရတဲ့ကက်ဆက်ဇာတ်လမ်းတွေနားထောင်ခိုင်းရရင်ဘယ်လိုနေမယ်မသိဘူး။ ကျွန်တော်ကတော့ အာရုံခံစားမှုတွေများလွန်းလှတဲ့ဒီခေတ်ကကလေးတွေကက်ဆက်ဇာတ်လမ်းတွေပေါ်မှာလိုက်ပါခံစားနိုင်မယ်မထင်ဘူး။ဘာကြောင့်ဒီလိုကောက်ချက်ချရတာလဲဆိုရင်ကျွန်တော်တို့ကြည့်ခဲ့ရပြီးပရိသတ်ရဲ့မျက်ရည်ကိုကောင်းကောင်းကြီးချူနိုင်ခဲတဲ့ဇာတ်ကားတွေကဒီနေ့ခေတ်ကလေးတွေရဲ့မျက်ရည်ကိုမချူနိုင်တော့ဘူး။ဒါရိုက်တာဦးသုခရဲ့’ဘယ်သူပြိုင်လို့လှပါတော့နိုင်’ဇာတ်ကားကကျွန်တော်တို့အလယ်တန်းကျောင်းသားဘဝအထိမျက်ရည်ချူနိုင်တုန်း၊ကျွန်တော့်ညီငယ်တွေလက်ထက်မှာတော့အံ့ကျော်ကြီးထန်းလျက်တောင်းကြီးထမ်းပြီးမြို့ကိုပြန်သွားတဲ့ဆရာမလှည်းနောက်ကိုပြေးလိုက်တာဟာငိုစရာအခန်းမဟုတ်တော့ဘူး။

”အံ့ကျော်ကြီးကဘာလို့ခြေကျင်ပြေးလိုက်တာလဲ။ ကားနဲ့လိုက်ရင်ပြီးရော”လို့ရယ်ကာမောကာပြန်ပြောသဗျ။ ကြီးတော်တို့၊ ဒေါ်လေးတို့တုန်းက အဲဒီအခန်းဟာ တကယ့်အထွဋ်အထိပ်မျက်တောင်ပုတ်ခတ်ပြီးမျက်ရည်ဆည်ရတဲ့အခန်း။ခေတ်တွေက ကွာသွားပြီကိုး။ကျွန်တော်ကတော့စိတ်လိုလက်ရရှိတဲ့တစ်နေ့မှာကက်ဆက်ဇာတ်လမ်းခွေတွေနားထောင်ဖို့ဆုံးဖြတ်ထားတယ်။ခေတ်ဟောင်းကို ပြန်သွားချင်လို့ မဟုတ်ပါဘူး။ အဲဒီခေတ်အနုပညာကိုပြန်ပြီး ခံစားချင်လို့ပါ။ အလုပ်ဗာဟီရလည်း မများ၊ ခရီးလည်း ထွက်မနေဘဲ လက်ကိုင်ဖုန်းကို ပိတ်ထားတယ်ဆိုရင်ဇာတ်လမ်းနားထောင်နေပြီလို့မှတ်ယူစေလိုပါတယ်။ ကျွန်တော့်ကို နားလည်ပေးကြပါ။   ။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."