ဆင်ပစ်ခြင်းနဲ့ ကြိုးပေးခြင်း

၂၀၁၅၊မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)  စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်း ဖြစ်ပါသည်။

ဇေယျလှိုင်ရေးသားပါးသည်။

ဒီလ မော်ကွန်းစာအုပ်စင်ကဏ္ဍမှာတော့ အင်္ဂလိပ်စာရေး ဆရာ George Orwell ရဲ့ အက်ဆေးငါးပုဒ်ကို သူရိန်ဝင်းဘာသာပြန် ထားတဲ့ ‘ဂျော့ချ်အောဝဲလ် အက်ဆေးများ’စာအုပ်ကို မိတ်ဆက် ပေးချင်ပါတယ်။
ဂျော့ချ်အာဝဲလ်ရဲ့ ငယ်နာမည်မှာ Eric Arthur Blair ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၂၂ ကနေ ၁၉၂၇ အထိ ငါးနှစ်နီး ပါး ရဲအရာရှိအဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နေစဉ်အတွင်း မန္တလေး၊ မေမြို့၊ မြောင်းမြ၊ သန်လျင်နဲ့ မော်လမြိုင် တို့ကို လှည့်လည်သွားလာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီအစိုးရရဲ့ တာဝန်ကို ထမ်းဆောင်နေရပေမယ့် ကိုလိုနီစနစ်ကို မနှစ်သက်ကြောင်း ၎င်းရေးခဲ့တဲ့စာတွေမှာ တွေ့ မြင်ရပါတယ်။
၁၉၂၇ မှာကျန်းမာရေးကြောင့် ခွင့်ယူပြီး အင်္ဂလန်ကို ပြန် သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရဲအရာရှိဘဝက စွန့်ခွာပြီး စာရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဟာ စစ် အတွင်းက BBC သတင်းဌာနမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဝါဒဖြန့်အလုပ်တစ်ခုအဖြစ်သာ ယူဆတယ်လို့ ဆိုပါတယ်။
သူဟာ ရဲအရာရှိ၊ စာအုပ်အရောင်းသမား၊ သတင်းစာ ဆရာ၊ စာရေးဆရာ စတဲ့ ဘဝတွေ ဖြတ်သန်းခဲ့ပါတယ်။ စာဖတ်သူကို သူမြင်စေချင်သလို မြင်လာအောင်ရေးသားနိုင်ပြီး လူ့ စရိုက်သဘာဝကို လေ့လာအကဲခတ်တဲ့နေရာမှာ အလွန်ထက် မြက်သူဖြစ်တယ်လို့ ဘာသာပြန်ဆရာ သူရိန်ဝင်းက အမှာစာမှာ ဆိုထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ခဲ့စဉ်အတွင်း တွေ့ကြုံခဲ့ရ တဲ့ အဖြစ်အပျက်တွေကို သူပြန်လည်ရေးသားခဲ့တဲ့ Burmese Days(1934),A Hanging (1931) နဲ့ Shooting an Elephant (1936) တွေဟာ နာမည်ကျော်ကြားပါတယ်။
ယခုအက်ဆေးစာအုပ်မှာ အခြားအက်ဆေးသုံးပုဒ်နဲ့အတူ A Hanging (1931) နဲ့ Shooting an Elephant (1936) အက်ဆေးနှစ်ပုဒ်ပါဝင်ပါတယ်။ Non Ficition ရေးသားချင်သူ တွေအတွက် အောဝဲလ်က ဖတ်ရမယ့်စာရေးဆရာဖြစ်ပြီး သူရဲ့ အကောင်းဆုံးလက်ရာတွေဟာ သူ့အက်ဆေးတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။
ယခုစာအုပ်မှာ Shooting an Elephant ဆင်ပစ်ခြင်း၊The Sporting Spirit အားကစားစိတ်ဓာတ်၊ Bookshop Memories စာအုပ်ဆိုင်အမှတ်တရများ၊ A Nice Cup of Tea လက်ဖက်ရည်ကောင်းကောင်းတစ်ခွက်နဲ့  A Hanging ကြိုးပေး ခြင်းဆိုတဲ့ အက်ဆေးငါးပုဒ်ကို အင်္ဂလိပ်မူရင်းနဲ့အတူ ထည့်သွင်း ထားပါတယ်။
ဆင်ပစ်ခြင်း Shooting an Elephant ကတော့ အော ဝဲလ် မော်လမြိုင်မှာ ခရိုင်ခွဲရဲအရာရှိဘဝနဲ့ တွေ့ကြုံခဲ့ရတဲ့ အကြောင်းပါပဲ။ လူနေရပ်ကွက်ထဲကို ဆင်တစ်ကောင် မုန်ယို သောင်းကျန်းနေတာကြောင့် ရဲအရာရှိဖြစ်တဲ့ သူ့ကို အကူအညီ လှမ်းတောင်းရာကနေ ဆင်ကို ပစ်သတ်လိုက်ရတဲ့အထိ ဖြစ်သွား တဲ့အကြောင်းကို ရေးသားထားတာပါ။
အကြောင်းအရာက ရိုးရှင်းပေမယ့် သူ့ရဲ့တဒင်္ဂအတွင်းမှာ ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုကို အသေးစိတ်ခြယ်မှုန်းထားတာဟာ အတိတ်ဖြစ်ရပ်တွေကို ရုပ်ရှင်အနှေးပြကွက်ပြန်ပြနေသလို စာ ဖတ်သူရဲ့ စိတ်မှာ ခံစားမိလာစေပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီခေတ်က မြန်မာလူမျိုးတွေရဲ့စရိုက်နဲ့ ဗြိတိသျှအင်ပါယာ   အပေါ်ထားရှိတဲ့ သူ့ရဲ့စိတ်ထားကိုလည်း တွေ့မြင်ရမှာပါ။
မော်လမြိုင်မှာ ၎င်းတာဝန်ထမ်းဆောင်နေတဲ့အချိန်ဟာ  ဥရောပတိုက်သားတွေကို ဒေသခံတွေက ဆန့်ကျင်မုန်းတီးစိတ် တွေ ပြည့်နှက်နေပြီး အခွင့်ရတိုင်း မခံချိမခံသာဖြစ်အောင် လုပ် တတ်ကြတယ်လို့ဆိုပါတယ်။
”သူတို့အတွက် စိတ်ချရသည့် ခပ်လှမ်းလှမ်းအကွာအဝေး သို့ ကျွန်တော်ရောက်လောက်ပြီဆိုလျှင် သူတို့က အော်ဟစ်ဆဲဆိုကတော့သည်။ ထိုအထဲတွင် ဗုဒ္ဓဘာသာရဟန်းပျိုများကတော့ အဆိုးရွားဆုံးပင်ဖြစ်သည်။ ရဟန်းပျိုအရေအတွက်ကလည်း မြို့ ထဲတွင် ထောင်နှင့်ချီ၍ရှိသည်။ သူတို့သည် လမ်းထောင့်တွင် ရပ်ကာ ဥရောပတိုက်သားများကို လှောင်ပြောင်သရော်သည့် အလုပ်က လွဲ၍ အခြားဘာမျှ လုပ်စရာရှိကြပုံမရ”လို့ အော ဝဲလ်က ရေးသားထားပါတယ်။
ဒေသခံတွေရဲ့ ဆက်ဆံပုံကို မကျေမနပ်ဖြစ်နေသလို သူ အမှုထမ်းနေရတဲ့ နယ်ချဲ့အင်ပါယာကိုလည်း မုန်းတီးကြောင်းကို ”ကျွန်တော်လုပ်နေရသည့်အလုပ်ကို ရှင်းရှင်းလင်းလင်းပြောပြနိုင်သည်ထက် ကျော်လွန်၍ ခါးခါးသီးသီးမုန်းတီးသည်။ ထိုသို့ သောအလုပ်အကိုင်မျိုးတွင် နယ်ချဲ့အင်ပါယာ၏ ညစ်ပတ်သည့် လုပ်ရပ်များကို အနီးကပ်တွေ့မြင်ရသည်”လို့ ထည့်သွင်းရေးဖွဲ့ခဲ့ ပါတယ်။
တစ်ရက်မှာတော့ မြို့တစ်ဖက်ခြမ်းမှာ ရှိတဲ့ ရဲစခန်းတစ်ခုမှ ဒုရဲအုပ်က ဖုန်းဆက်လာပြီး ဈေးထဲမှာ ဆင်တစ်ကောင် သောင်း ကျန်းနေကြောင်းနဲ့ တစ်ခုခု လာရောက်လုပ်ဆောင်စေလို ကြောင်း ပြောပါတော့တယ်။ အောဝဲလ်လည်း အဲဒီနေရာကို ရောက်တဲ့အခါ မုန်ယိုနေတဲ့ ဆင်ကြီးတစ်ကောင် ထူးခတ်ထားတဲ့ သံကြိုးတွေကို ဖြတ်တောက်လွတ်မြောက်သွားပြီး လူနေရပ် ကွက်ကို ဖျက်ဆီးသွားကြောင်း လူတွေက ပြောကြပြီး ဒရာဗီဒီယံ ကူလီတစ်ယောက်ကို နင်းသတ်သွားတာကို တွေ့လိုက်ရပါတယ်။
လူသေအလောင်းကို မြင်ပြီးနောက်မှာတော့ အနီးအနား ရှိ မိတ်ဆွေတစ်ဦးထံကနေ ရိုင်ဖယ်သေနတ်သွားငှားဖို့ အကူရဲ ဘော်တစ်ဦးကို လွှတ်လိုက်ပါတယ်။ သေနတ် သူ့လက်ထဲရောက် တဲ့အခါမှာတော့ ဒေသခံနှစ်ထောင်ကျော်လောက်က သူ့နောက် က လိုက်ပါအားပေးနေပြီး ဆင်ကြီးကို သူတစ်ခုခုလုပ်တော့မှာပဲ လို့ ယူဆနေကြပါတယ်။
ဒီလိုနဲ့ ဆင်ကို လိုက်ရှာလိုက်တာ မုန်ကျပြီးသွားပြီဖြစ်တဲ့ဆင်ကြီးက လယ်ကွင်းပြင်ထဲမှာ အေးအေးလူလူ မြက်တွေစား နေတာ သွားတွေ့ပါတော့တယ်။ ဆင်ကြီးဟာ ဆင်ဦးစီးပြန်လာပြီး သူ့ကို ဖမ်းမိသွားလောက်တဲ့အထိ အေးဆေးဖြစ်သွားပြီဆိုတာသိ လိုက်ရလို့ သူ့အနေနဲ့ ပစ်ခတ်ဖို့ဆန္ဒ မရှိတော့ပါဘူး။ ပြဿနာက အဲဒီမှာ စတာပါပဲ။
သူ့နောက်ကလူအုပ်ကြီးက ဆင်ကြီးကို သူတစ်ခုခုလုပ် တော့မယ်ဆိုတဲ့အတွေးနဲ့ စိတ်လှုပ်ရှားဖွယ်ရာမြင်ကွင်းကို တွေ့ လိုက်ရတဲ့အခါမှာ ”ရုတ်တရတ် ကျွန်တော်သဘောပေါက်လိုက် ပြီ။ ဘာပဲဖြစ်ဖြစ် ဆင်ကြီးကို ကျွန်တော်ပစ်ရတော့မည်ဟူ၍ ဖြစ် သည်။  ယခုရပ်ကြည့်နေသည့်လူတွေက ကျွန်တော့်ကို ထိုသို့လုပ် စေချင်နေသည်။ ကျွန်တော်ပစ်ရတော့မည်။ နှစ်ထောင်အရေ အတွက်ရှိသော လူအုပ်ကြီး၏ စိတ်ဆန္ဒက ကျွန်တော့်ကို တွန်း တိုက်နေကြောင်း ကျွန်တော်ခံစားနေရသည်”လို့ သူ့ခံစားချက် ကို ဖွင့်ဟထားပါတယ်။
လူအများက မျက်နှာဖြူတွေဟာ ဒေသခံ မြန်မာတွေကို အုပ်ချုပ်တဲ့လူတန်းစားအဖြစ် ရှုမြင်ကြပေမယ့် သူ့အနေနဲ့တော့ အများဖြစ်စေချင်သလို လိုက်လုပ်ဆောင်ပေးနေရတဲ့ ကြောင် တောင်တောင်အဖြစ်အပျက်ပါပဲလို့ ဆိုပါတယ်။
”ကျွန်တော်သည် ဦးဆောင်သူနေရာမှ ပါဝင်အသုံးတော်ခံ နေသူဟုထင်ရသည်။ သို့သော် တကယ့်အရှိတရားတွင် ကျွန် တော်သည် ကျွန်တော့်နောက်မှာရှိနေသည့် မျက်နှာဝါများ၏ အလိုကျ ရှေ့တိုးနောက်ငင် လှုပ်ရှားနေရသည့် ရယ်စရာ ကိုးရိုး ကားရား ရုပ်သေးရုပ်တစ်ရုပ်မျှသာဖြစ်သည်”လို့ သူက ရှုမြင် ထားပါတယ်။
ဆင်ပစ်တဲ့အကြောင်းကိုလည်း တစ်ဆင့်ချင်း အသေးစိတ် သရုပ်ဖော်ထားပါတယ်။ ဆင်သေသွားတဲ့အခါမှာတော့ ဒေသခံ ဗမာတွေက ဓားတွေ၊ တောင်းတွေသယ်ယူလာကြပြီး ဆင် ကောင်ကြီးကို အရိုးပေါ်တဲ့အထိ လှီးဖြတ်ခွာယူသွားကြတယ်လို့ဆိုထားတာကြောင့် အဲဒီခေတ်အခါက မြန်မာလူနေမှုပုံစံကို လေ့ လာခွင့်ရမှာပါ။
ဆင်ကိုပစ်သတ်လိုက်တာနဲ့ ပတ်သက်ပြီး သတ်သင့်တယ်၊ မသတ်သင့်ဘူး စသဖြင့် အယူအဆတွေ ကွဲနေကြပေမယ့် ”ကျွန် တော် ဆင်ကို ပစ်ခတ်လိုက်ရခြင်းမှာ ပေါကြောင်ကြောင် လူပြက် တစ်ယောက်အဖြစ်သို့ မရောက်ရှိရေးဟူသော အကြောင်းတစ်ခု တည်းအတွက်ကြောင့်သာဖြစ်ကြောင်း အခြားသူများ သိကြပါရဲ့ လားဟု ကျွန်တော် မကြာခဏ တွေးတောကာ သိချင်နေမိ သည်”လို့ ၎င်းအက်ဆေးကို အဆုံးသတ်ထားပါတယ်။
ဒီအက်ဆေးကိုဖတ်မိတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီ ခေတ်၊ ဒီစနစ်ထဲမှာရော မကြိုက်ပေမယ့် မတတ်သာလို့ လုပ် လိုက်ရတယ်၊ မနေနိုင်လို့ ထွက်လိုက်ရတယ်ဆိုတဲ့သူတွေ ဘယ် လောက်များများရှိနေမလဲ ဆင်ခြင်မိပါတယ်။
အားကစားစိတ်ဓာတ် The Sporting Spirit အက်ဆေး မှာတော့ အင်္ဂလန်ဘောလုံးအသင်း အာဆင်နယ်နဲ့ ရုရှားဘော လုံးအသင်း ဒိုင်နမိုတို့ရဲ့ ပွဲကိုအခြေခံပြီး အတွေးပွားထားတဲ့ အက်ဆေးပဲဖြစ်ပါတယ်။
”ကမ္ဘာကြီးတွင်ရှိနေသည့် သာမန်လူတို့သည် တစ်ဦးနှင့် တစ်ဦး ဘောလုံးပွဲ၊ ခရစ်ကစ်ပွဲများတွင်သာ တွေ့ဆုံနိုင်ကြလျှင် စစ်ပွဲတွင် တွေ့ဆုံလိုစိတ်ရှိကြမည်မဟုတ်ပေ”လို့ သုံးသပ်ထား    ပါတယ်။
ဒါပေမဲ့ ဂုဏ်သိက္ခာဆိုတာပါလာပြီဆိုရင်တော့ မိမိကိုယ်  စားပြုထားတဲ့ လူအုပ်စုကြီး ဒါမှမဟုတ် နိုင်ငံဂုဏ်သိက္ခာ ကျ ဆင်းတော့မယ်လို့ ခံစားရပြီဆိုတာနဲ့ အရိုင်းစိုင်းဆုံးသော တိုက် ခိုက်လိုစိတ်တွေ နိုးကြွလာပါတော့တယ်တဲ့။
၎င်းအယူအဆကို ယခုလို ရေးဖွဲ့ထားပါတယ်။
”ထူးခြားသည်က ပါဝင်ကစားသူများ၏ အပြုအမူမဟုတ် ဘဲ ပွဲကြည့်ပရိသတ်၏ သဘောထားပင်ဖြစ်သည်။ ထို့ပြင် ကြည့်ရှု နေသူများ၏နောက်ဘက်က သဘောထားပင်ဖြစ်သည်။ ထိုပြိုင်ပွဲ များကြောင့် ဒေါသထွက်နေသည့် နိုင်ငံများပင်ဖြစ်သည်။ ထို့ပြင် ပိုဆိုးနေသည်က ပြေးလိုက်၊ ခုန်လိုက်၊ ဘောလုံးကို ကန်လိုက်လုပ် ခြင်းသည် နိုင်ငံတစ်ခု၏ ကောင်းမြတ်ခြင်း၊ ဆိုးယုတ်ခြင်းကို စမ်း သပ်နေခြင်းဖြစ်သည်ဟူ၍ လေးလေးနက်နက်ယုံကြည့်နေခြင်း ပင်ဖြစ်သည်”
ဒီစာပိုဒ်ကိုဖတ်ပြီးတဲ့အခါ ယခင်စစ်အစိုးရခေတ်က အား ကစားပွဲတွေမှာ ကြားနေကျသီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါသည်xxxမြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်’ဆိုတဲ့ သီချင်းသံကို နားထဲကြားယောင်မိပြီး ကျွန်တော်တစ်ကိုယ်တည်း ပြုံးမိပါတယ်။
အက်ဆေးထဲမှာ တားမနိုင်ဆီးမရ ပရိသတ်တွေကို ရဲ အစောင့်တွေ တင်းတင်းကျပ်ကျပ် ချထားဖို့လိုတယ်ဆိုတာ ပါ လာတဲ့အခါမှာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်းက ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပွဲကြည့်စင်က ခုံတွေပါ ရိုက်ချိုးလွှင့်ပစ်၊ ပိုစတာတွေပါ မီးနဲ့ ရှို့တဲ့ အဆင့်အထိဖြစ်ခဲ့တဲ့ အစွန်းရောက် ပရိသတ်တွေ အကြောင်းကိုလည်း တွေးမိပါတော့တယ်။
အဲဒီနေရာမှာ မြန်မာနိုင်ငံမှာနေထိုင်စဉ်အတွင်း အောဝဲလ် ကြုံတွေ့ခဲ့ရတဲ့ ဘောလုံးပွဲအကြောင်းကိုလည်း အခုလို တို့ထိထား ပါတယ်။
”တစ်ဖက်အသင်းကို အားပေးနေသည့် ပရိသတ်သည် တကယ့်သူနိုင်ကိုယ်နိုင် အကြိတ်အနယ်ကစားနေသည့်အချိန် တွင် ရဲအစောင့်ကို ဖြတ်ကျော်ဖောက်ထွင်းပြီး ယှဉ်ပြိုင်ဘက် အသင်းမှ ဂိုးဖမ်းသမားကို ဘာမျှ မလုပ်နိုင်အောင် လုပ်ထားသည် ကို ဗမာပြည်တွင် ကျွန်တော်မြင်တွေ့ဖူးသည်”
စာအုပ်ဆိုင်အမှတ်တရများ  Bookshop Memories  အက်ဆေးကတော့ စာအုပ်အဟောင်းဆိုင်မှာ အလုပ်လုပ်ခဲ့စဉ် က အတွေ့အကြုံများကို အခြေခံထားတာပါပဲ။
အဲဒီမှာသဘောကျတာကတော့ အတည်အခန့် စာကောင်း ပေမွန်တွေထက် ဇာတာခွင်ဟောစာတမ်းတွေကို လူတွေက နှစ်သက်ကြတယ်ဆိုတဲ့အကြောင်းပါပဲ။ အဲဒီလို ဇာတာတွေ ထုတ်ချင်တယ်ဆိုရင်တော့ ”သင်သည် ဆန့်ကျင်ဘက်လိင်အတွက် အလွန်ဆွဲဆောင်မှုရှိသူတစ်ယောက်ဖြစ်ပြီး သင့်တွင်ရှိနေသည့် အဆိုးရွားဆုံးအပြစ်အနာဆာမှာ ရက်ရောတတ်ခြင်းပင် ဖြစ် သည်ဟု ဟောထားမည်ဆိုလျှင် မည်သည့် ဗေဒင်ဟောစာတမ်း မဆို မှန်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်”လို့ ခပ်ထေ့ထေ့ နည်းလမ်းပေးထားပါတယ်။
ခရစ္စမတ်ရာသီမှာ ခရစ္စမတ်ကတ်တွေ ရောင်းအားကောင်း တဲ့အခါမှာတော့ ”ခရစ်ယာန်ဘာသာအပေါ်ထားရှိသည့် စိတ် ထားကို ကိုယ်ကျိုးရှာ အမြတ်ထုတ်သည်ဟူသော အဆိုးမြင် ရက် ရက်စက်စက်ဝေဖန်မှုများဖြင့် တွေ့ရသည်ကို ကျွန်တော်စိတ်ဝင် စားခဲ့ဖူးသည်”လို့ သူ့အမြင်ကိုဖော်ထုတ်ထားပါတယ်။
စာအုပ်အငှားဆိုင်က နှစ်ပဲနိနဲ့ စာအုပ်ငှားပြီး တံဆိပ်ကိုခွာ ကာ အခြားစာအုပ်ဆိုင်မှာ တစ်သျှီလင်နဲ့ ပြန်ရောင်းတဲ့အလုပ် ဟာ ကမ္ဘာပေါ်မှာ အလွယ်ကူဆုံး ပြစ်မှုကျူးလွန်တဲ့အလုပ်ပဲဖြစ်တယ်ဆိုတဲ့ စာကြောင်းအရောက်မှာတော့ လွန်ခဲ့တဲ့ ၁၂ နှစ် လောက်က သာကေတက သူငယ်ချင်းတစ်ယောက်ကို စာအုပ် အငှားဆိုင်ဖွင့်ဖို့ ကူညီခဲ့ပေးတာကို သွားသတိရမိပါတယ်။ သူက တော့ စာအုပ်တွေရဲ့ အဖုံးမှာရော အတွင်းသားတွေမှာပါ သူ့ဆိုင် အမှတ်တံဆိပ်တုံးကို ထုတော့တာပါပဲ။ ဒါပေမဲ့လည်း စာအုပ်တွေ က ပျောက်တာပါပဲ။
ခုခေတ်မှာတော့ စာအုပ်အငှားဆိုင်တွေ ကျဆုံးခန်းရောက် သလိုဖြစ်နေပြီး အငှားဈေးကွက်စာအုပ်တန်းလည်း ပျက်လုပျက် ခင်ဖြစ်နေပါပြီ။ အငှားဆိုင်ဖွင့်ထားတဲ့မိတ်ဆွေတွေရော အငှား တန်းဝင် စာအုပ်အဟောင်း ရောင်းဝယ်လုပ်တဲ့သူတွေပါ အခြား အလုပ်တွေပြောင်းဖို့ ရုန်းကန်နေကြရပါပြီ။
လက်ဖက်ရည်ကောင်းကောင်းတစ်ခွက်  A Nice Cup of Tea ကတော့ လက်ဖက်ရည်ကောင်းတစ်ခွက် ဖျော်ပုံဖျော် နည်းကို အချက် ၁၁ ချက်နဲ့ အသေးစိတ်မွမ်းမံထားတဲ့ အက်ဆေး တစ်ပုဒ်ပါပဲ။
လက်ဖက်ရည်ကောင်းကောင်းတစ်ခွက်ရဖို့ အလေးချိန် အခြင်အတွယ်ကို အတိအကျဖော်ပြထားသလို လက်ဖက်ရည် ဖျော်မယ့်အိုးကိုလည်း မည်သို့မည်ပုံအပူပေးသင့်တယ်၊ ရေနွေး အရင်ထည့်မလား၊ နို့အရင်ထည့်မလားက အစ အနုစိတ်ရေးဖွဲ့ ထားပါတယ်။
”လက်ဖက်ဖျော်မည့်အိုးကို ရေနွေးကျိုထားသည့်အိုးအနီး သို့ ယူလာရပါမည်။ ရေနွေးအိုးကို လက်ဖက်ဖျော်မည့်အိုးဆီသို့ သယ်မသွားသင့်ပါ။ လက်ဖက်အိုးထဲသို့ ရေနွေးကို လောင်းထည့် လိုက်သည့်အချိန်တွင် ရေသည် တကယ့်ကို ပွက်ပွက်ဆူနေမှ ကောင်းပါသည်”လို့ ရေးသားထားပါတယ်။
လက်ဖက်ရည်ထဲကို သကြားထည့်တာဟာ လက်ဖက်ရည်ရဲ့ အနံ့အရသာကို ဖျက်ဆီးခြင်းပဲဖြစ်တယ်လို့ သူက ဆိုထားပါတယ်။
ကျွန်တော်ဟာ လက်ဖက်ရည်ကြိုက်သူမဟုတ်ပေမယ့် စာဖတ်နေရင်း လက်ဖက်ခြောက်နံ့တသင်းသင်း၊ အငွေ့တထောင်း ထောင်းထနေတဲ့ လက်ဖက်ရည်တစ်ခွက်ကို မြင်ယောင်လာပြီး သောက်ချင်စိတ် ဖြစ်ပေါ်လာပါတော့တယ်။
ကြိုးပေးခြင်း A Hanging ကတော့ မြန်မာနိုင်ငံတွင်း ရဲ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ထောင်တွင်းကြိုး ပေးမှုတစ်ခုရဲ့ မြင်ကွင်းခဏတာကို ရေးဖွဲ့ထားတာပါ။ ဘယ်နေ ရာ၊ ဘယ်ထောင်လဲဆိုတာ သေချာဖော်ပြမထားပါဘူး။ ကြိုးပေး ခံရသူရဲ့ နောက်ဆုံးခံစားချက်နဲ့ ကြိုးပေးဖို့ အမိန့်ကို အကောင် အထည်ဖော်ရတဲ့ ထောင်ဝန်ထမ်းတွေရဲ့ မတူညီတဲ့ခံစားချက်ကို ချဉ်းကပ်လှစ်ဟထားပါတယ်။
ကြိုးပေးမယ့်သူကို ထောင်ကြပ်တွေ ခေါ်လာပုံကိုလည်း     ‘အသက်ရှင်နေဆဲငါးတစ်ကောင် ရေထဲသို့ ပြန်ခုန်ထွက်မသွား နိုင်အောင် ကိုင်တွယ်နေသည်နှင့်တူသည်’လို့ ဥပမာပေးထား     ပါတယ်။
ကြိုးပေးခံရမယ့်သူက ကြိုးစင်ရှိရာကို လှမ်းလျှောက်နေ တဲ့အချိန် ရေအိုင်ခွက်ငယ်ကို ရှောင်ရှားသွားလိုက်တာကို မြင်ပြီး စိတ်ကူးဆန်းတစ်ခုရပုံကို ယခုလိုရေးဖွဲ့ထားသည်။
”ကျန်းမာပြီး အသိစိတ်မပျက်သေးသည့် လူတစ်ယောက် ကို ဖျက်ဆီးလိုက်သည်မှာ မည်သို့အဓိပ္ပာယ်ရှိမည်ကို ထိုအချိန် အထိ ကျွန်တော်မသိ။
”ပြည့်ပြည့်ဝဝ ရှင်သန်နေဆဲဘဝတစ်ခုကို တိုတောင်း သွားအောင် ဖြတ်တောက်လိုက်ခြင်းကိုတွေ့လိုက်ရသည်။ ဤလူ သားသည် သေအံ့ဆဲဆဲအခြေအနေမှာ ရှိနေသူမဟုတ်ပါ။ ကျွန် တော်တို့ရှင်သန်နေသလို သူသည် ရှင်သန်နေဆဲပင်။
”သူ့ကိုယ်ခန္ဓာ၏ အင်္ဂါအစိတ်အပိုင်းအားလုံး အလုပ်လုပ် နေသည်။ သူ့အူသိမ်အူမများက အစာကို ချေဖျက်နေသည်။ အရေပြားကလည်း အသစ်အသစ် ဖြစ်ထွန်းနေသည်။ လက် သည်းများ ရှည်ထွက်နေသည်။ တစ်ရှူးများဖြစ်ပေါ်တည်ဆောက် နေသည်။
”ကြိုးစင်ပေါ်တွင် သူရပ်လိုက်သည့်အခါ သူ့လက်သည်း တွေ ရှည်လျားကြီးထွားနေဆဲဖြစ်လိမ့်မည်။
”ပြီးလျှင် နှစ်မိနစ်အတွင်း ရုတ်တရက် ထောက်ခနဲ ဖျောက်ခနဲ ကျွန်တော်တို့ထဲက တစ်ယောက်က ပျောက်ဆုံးသွား တော့မည်။ စိတ်တစ်ခုလျော့သွားတော့မည်။ လောကတစ်ခု လျော့သွားတော့မည်”
ဘာကြောင့် ကြိုးပေးခံရတယ်ဆိုတာ မသိရပေမယ့် ကြိုး ပေးခံရမယ့်သူအပေါ် မြင်တဲ့ သူ့ရဲ့အမြင်ဟာ သူနဲ့အတူရှိနေတဲ့ ထောင်မှူး၊ ထောင်ပိုင်တွေနဲ့ မတူတာ တွေ့ရပါတယ်။ အခြား ထောင်ဝန်ထမ်းတွေဟာ သူတို့ရဲ့အလုပ်ကိုသာ အချိန်မီ ပြီး မြောက်အောင် ဆောင်ရွက်လိုကြပေမယ့် သူကတော့ လူသား ဆန်တဲ့ အတွေးအမြင်နဲ့ ချဉ်းကပ်ထားပါတယ်။
အောဝဲလ်ဟာ သူ့အတွေး သူ့အမြင်တွေကို ရိုးရိုးရှင်းရှင်း ထိထိမိမိစကားလုံးတွေနဲ့ တိုတိုတုတ်တုတ်ရေးဖွဲ့ထားပါတယ်။ ဖြစ်ရပ်တွေကို အများအမြင်နဲ့ မတူတဲ့ ရှုထောင့်က မြင်တတ်ပြီး ရိုးစင်းလွယ်ကူအောင် တင်ပြထားပါတယ်။
ဘာသာပြန်ဆိုသူ သူရိန်ဝင်းဟာ မြောက်ကိုရီးယားအကျဉ်း စခန်းက လွတ်မြောက်လာသူတစ်ယောက်အကြောင်း ရေးဖွဲ့ ထားတဲ့ Escape from Camp 14 ကို အကျဉ်းစခန်း အမှတ် ၁၄ မှ လွတ်မြောက်ခြင်းနဲ့ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ကိတ်ဝင်း စလက် ပါဝင်သရုပ်ဆောင်ထားတဲ့The Reader  ဇာတ်ကားရဲ့ မူရင်းဝတ္ထုကို ဟန်နာရဲ့က္ဘာ ဆိုပြီး ဘာသာပြန်ဆိုခဲ့ပြီး ဖြစ်ပါတယ်။
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ပူးတွဲဖော်ပြထားတာ ကြောင့် အင်္ဂလိပ်စာကိုပါ လေ့လာနိုင်ပါတယ်။
”အက်ဆေးစာအုပ် ထုတ်တယ်ဆိုလို့ ၁ဝ တန်းကျောင်း သားရှိတဲ့ မိဘတွေက သူတို့ပါ အားပေးမယ်ဆိုတော့ ကျွန်တော် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်”ဆိုတဲ့ ဘာသာပြန်ဆရာ သူ ရိန်ဝင်းရဲ့ ပြောစကားကြောင့် ငိုရမလို ပြုံးရမလို ဖြစ်ရပါသေးတယ်။
ဆင်ပစ်ခြင်း Shooting an Elephant အင်္ဂလိပ်ဖော်ပြ ချက်မှာတော့ စာမျက်နှာ ၁၈ အကျော်မှာ တစ်မျက်နှာကျော် ကျော်လောက် စာကျန်နေခဲ့တာကြောင့် မျက်စိလည်သွားနိုင်ပါ တယ်။ စာစီစာရိုက်နဲ့ စာအုပ်အပြင်အဆင်လုပ်ရာမှာ ကျန်ခဲ့ တယ်လို့ပဲ ယူဆရမှာပါ။
စာမျက်နှာ ၁၂ဝ ပါဝင်ပြီး ရောင်းဈေးကတော့ ၁,၅ဝဝ ကျပ်ပါ။ စာအုပ်ချုပ်ကတော့ ယနေ့ထုတ် သူသူငါငါ စာအုပ်များ လိုပါပဲ။ နှစ်ခေါက်၊ သုံးခေါက် ရှေ့နောက် ပြေးလွှားလှန်လှောပြီးတဲ့ အခါမှာတော့ စာရွက် သုံး၊ လေးရွက် ကော်ကွာလာပါတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်အရှေ့ပိုင်းမှာ ဘာသာပြန်သူ မိတ်ဆက် ထားသလို Non Fiction ရေးချင်တဲ့သူတွေ ဖတ်သင့်တဲ့စာအုပ် ဆိုတာ မမှားပါဘူး။
သတင်းဆောင်းပါးရေးဖို့ ကြိုးစားနေတဲ့ သတင်းစာဆရာ တွေလည်း ဖတ်သင့်တယ်လို့ ညန်းလိုပါတယ်။ ဘာကြောင့်လဲဆို တော့ မြင်ကွင်းတွေကို မပြောဘဲနဲ့ တစ်ကွက်ပြီး တစ်ကွက် မျက် စိထဲမှာ မြင်လာအောင် ပြနိုင်လို့ပဲဖြစ်ပါတယ်။ စာဖတ်သူဟာ ဇာတ်လမ်းထဲက ဇာတ်ကွက်နေရာဆီကို ရောက်နေသလို ခံစား လာရအောင် ရေးဖွဲ့ထားလို့ပဲဖြစ်ပါတယ်။

[ ပြီးပါပြီ။ ]

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."