Home သတင်းဆောင်းပါး ရှမ်းတောင်တန်းက ဘိန်းသံသရာ

ရှမ်းတောင်တန်းက ဘိန်းသံသရာ

211
0
ဘိန်းအစေးခြစ်နေသည့် အလုပ်သမားတစ်ဦး။ ဓာတ်ပုံ - သန်းထိုက်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။

သန်းထိုက်နှင့် ကျော်မျိုးထွန်း ရေးသည်။

Advertise Here

ဖြူလွလွတိမ်တွေချိတ်ဆွဲထားတဲ့ ကောင်းကင် ပြာပြာကြီးရဲ့ အောက်မှာ တောင်တန်း တွေက စိမ်းညို့ ညို့နဲ့။

ကျွန်တော်တို့ရှေ့မှာ မားမားကြီးရပ်နေတဲ့ ဒီတောင်တန်းတွေပေါ်မှာတော့ သစ် ကြီးဝါးကြီးတွေ သိပ်မရှိဘဲ ခင်တန်းအုပ်လေးတွေနဲ့ အကွက်စိမ်းစိမ်းအခင်းလေး တွေပဲ တွေ့နေရပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ငါးထောင်ကျော် မှာ စိုက်ပျိုးထားတဲ့ ဒီအခင်းလေးတွေကတော့ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ဘိန်းခင်းတွေပါပဲ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ်အတွင်းမှာပါတဲ့ မဲနယ်တောင် တန်းတွေရဲ့တစ်ခြမ်းမှာ ဘိန်းတွေ အပြည့် အသိပ်စိုက်ထားပြီး နောက်တစ်ခြမ်းမှာ တော့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တောထ နေတယ်။ အရင်နှစ်တွေက တစ်တောင် လုံး ဘိန်းစိုက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ လူမြင်ကွင်းကို ရောက်နေတဲ့အခြမ်းကို ဘိန်းမစိုက်ဖို့ အာဏာပိုင်တွေက တား မြစ်တာကြောင့် မဲနယ်တောင်တန်းတွေ ပေါ်မှာ ဘိန်းစိုက်ဧရိယာ ထက်ဝက်မက လျော့သွားတယ်လို့ ဒေသခံတွေက ပြော ပြတယ်။

ရှမ်းပြည်နယ်အပါအဝင် တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ လျော့ကျလာ တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime – UNODC) က ၂ဝ၁၅ မှာထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးဘိန်းစိုက်ပျိုးမှုရဲ့  ၉၁ ရာခိုင်နှုန်းရှိတဲ့ ရှမ်းပြည်နယ်မှာ ၂ဝ၁၄ တုန်းက ဘိန်းစိုက်ဟက်တာ ၅၁,၄ဝဝ (ဧက ၁၂၇,ဝဝဝ ကျော်)ရှိရာက ၂ဝ၁၅ မှာတော့ ၅ဝ,၃ဝဝ ဟက်တာ (ဧက ၁၂၄, ဝဝဝ ကျော်)အထိ  လျော့ကျသွားတယ်လို့ ဆိုပါ တယ်။ နှစ်ရာခိုင်နှုန်းစွန်းစွန်းကျ သွားတဲ့သဘောပါ။

အခုလို လျော့သွားရတာဟာ အရင် တုန်းကလို အရောင်းအဝယ် မလွတ်လပ် တော့တာကြောင့်လည်း ပါတယ်လို့ တောင်တန်းဒေသ လူမှုဖွံ့ဖြိုးရေးလှုပ်ရှား ဆောင်ရွက်မှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးခွန်ထွန်းတင်က ပြောပါတယ်။

”အဖမ်းအဆီးလည်း နည်းနည်း များလာတာလည်း ပါတယ်”လို့ သူက ပြောပါတယ်။ ဦးခွန်ထွန်းတင်တို့အဖွဲ့က တော့    ‘ဘိန်းနွံ့တွင်းက ငိုရှိုက်သံ’ဆိုတဲ့ အစီ ရင်ခံစာတစ်စောင်ကို ပအိုဝ်းလူငယ်အစည်း အရုံး(Pa-Oh Youth Organi-zation – PYO) နဲ့ ပေါင်းပြီး ၂ဝ၁၄ တုန်းက ထုတ်ဝေထားပါတယ်။

ဘိန်းဈေးမကောင်းတာကလည်း ဘိန်းစိုက်ပျိုးမှုလျော့ကျစေတဲ့ အဓိက အကြောင်းထဲမှာပါတယ်လို့ ဒေသခံတွေ က ဆိုတယ်။ ၂ဝ၁၃ တုန်းက ဘိန်းစေး တစ်ပိဿာကို ခုနစ်သိန်းဝန်းကျင်ရှိရာက ၂ဝ၁၅ မှာတော့ ငါးသိန်းဈေးလောက်ပဲ ရပါတော့တယ်။

နောက်ပြီး ဘိန်းထွက်ရာလမ်း ကြောင်းဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြီးခဲ့တဲ့ နှစ်နှစ်က ဖြစ်ခဲ့တဲ့စစ်ပွဲတွေနဲ့ လည်း ဆက်စပ်နေတယ်လို့ ဦးခွန်ထွန်း တင်က သုံးသပ်ပါတယ်။

ဘိန်းစိုက်ဧကက လျော့လာတာမှန် ပေမယ့် သိသိသာသာ လျော့ပါးပျောက်ကွယ်သွားဖို့ဆိုရင်တော့ အခက်အခဲ အများအပြားရှိနေတဲ့အပြင် လုပ်ဆောင် ရမယ့်အရာတွေလည်း များစွာရှိနေတာ ကို မော်ကွန်းနဲ့ တွေ့ဆုံခဲ့တဲ့ ဒေသခံတွေ၊ အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။

ရှမ်းပြည်နယ်ထဲမှာဆိုရင်  ရှမ်းပြည် တောင်ပိုင်းမှာ ၄၇ ရာခိုင်နှုန်း၊ အရှေ့ ပိုင်းမှာ ၃၄ ရာခိုင်နှုန်းနဲ့ မြောက်ပိုင်းမှာ ၁၉ ရာခိုင်နှုန်း စိုက်ပျိုးထားတယ်လို့ UNODC အစီရင်ခံစာက ဆိုပါတယ်။

ဘိန်းကို ဘယ်သူတွေက ဘာ ကြောင့် စိုက်နေကြတယ်၊ ဘိန်းစိုက်ပျိုးမှု အပေါ် သူတို့ ဘယ်လိုသဘောထားကြ တယ်စတဲ့ အကြောင်းတွေကို သိရဖို့ ပြီး ခဲ့တဲ့နှစ် ဒီဇင်ဘာနောက်ဆုံးပတ်နဲ့ ဒီနှစ် နှစ်ဆန်းပိုင်းမှာ ကျွန်တော်တို့ဟာ ရှမ်း ပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ ဟိုပုံး၊ နမ့်စန်နဲ့ လွိုင်လင်မြို့နယ်ထဲက ဘိန်း ခြံတွေဆီကို နှစ်ပတ်ကြာသွားရောက်ပြီး စုံစမ်းမေးမြန်းခဲ့ကြပါတယ်။

ဘိန်း ဘာကြောင့် စိုက်

ပအိုဝ်းလူငယ်အစည်းအရုံး (PYO)က အထွေထွေအတွင်းရေးမှူး ကိုခွန်ဦးကတော့ တောင်သူတွေ ဘိန်း စိုက်တာဟာ ”သူတို့မှာ ရွေးချယ်စရာ တခြားအခွင့်အရေးစီးပွားရေး ရှိမနေ ဘူး”လို့ ပြောပါတယ်။

ဆီဆိုင်မြို့နယ်၊ ပချားကလိုရွာက ပိန်ပိန်ပါးပါးနဲ့ အသက် ၅ဝ ကျော် ပအိုဝ်း တောင်သူတစ်ဦးက သူ့ဝမ်းဗိုက်ကို လက် ညှိုးထိုးထိုးပြပြီး ”ဒီမှာ၊ ဒီမှာ ခိုင်းတယ်”လို့ ဝမ်းရေးကြောင့် ဘိန်းစိုက်ရတာဖြစ်တဲ့ အကြောင်းကို ပြောပြပါတယ်။

ရှမ်းတောင်ပိုင်းမှာ မိရိုးဖလာ အနေနဲ့ အရင်တုန်းက ဆေးပေါ့လိပ်လိပ် ရာမှာ အသုံးပြုတဲ့ သနပ်ဖက်ကို အဓိက စိုက်ခဲ့ကြတာပါ။ သူက စိုက်ပြီး သုံးနှစ် ကြာမှ ခူးလို့ရတာပါ။ သနပ်ဖက်က တခြားသောသီးနှံတွေထက် ပင်ပင်ပန်း ပန်းနဲ့ တစ်နှစ်ပတ်လုံး လုပ်ရပြီးတော့ ဈေးကောင်းလည်း မရပြန်ဘူး။ ဒီဘက် ဒေသမှာ သနပ်ဖက်ကိုပဲ အဓိကထားစိုက် နေချိန်မှာ ရှမ်းမြောက်မှာတော့ ဘိန်းတွေ စိုက်နေကြပြီဖြစ်ပြီး အချိန်တိုတိုအတွင်း မှာ ဝင်ငွေကောင်းကောင်းလည်း ရနေ ကြပြီ။ တစ်ဧကဝန်းကျင်လောက်ရှိတဲ့ သနပ်ဖက်ခြံတစ်ခြံကို တစ်နှစ်လောက် လုပ်လို့ ခြောက်သိန်းလောက်ရတဲ့အချိန် မှာ ဘိန်းတစ်ဧကက လေးလလောက်နဲ့ သိန်း ၂ဝ လောက် ရနိုင်ပါတယ်။

၁၉၉ဝ ပြည့်နှစ်နောက်ပိုင်းမှာ ရှမ်း တောင်မှာ ဘိန်းစိုက်ခင်းတွေ ပေါ်ပေါက် လာဖို့ အခြေအနေဖန်လာပါတယ်။ အကြောင်းကတော့ အဲဒီအချိန်မှာ ရှမ်း မြောက်မှာရှိတဲ့ ကိုးကန့်၊ ဝနဲ့ မိုင်းလား ဒေသဘက်မှာ ဘိန်းတိုက်ဖျက်ရေးတွေ လုပ်နေကြလို့ပါပဲ။ တစ်ဖက်က ကမ်းပြိုလို့ တစ်ဖက်မှာ သောင်ထွန်းဆိုသလိုပဲ ဘိန်း စိုက်ပျိုးမှုတွေဟာ စားဝတ်နေရေးကျပ် တည်းနေတဲ့ တောင်ပိုင်းကို ရွေ့လာပါ တော့တယ်။ ဒီလိုနဲ့ နဂိုရှိပြီးသား သနပ် ဖက်၊ လက်ဖက်စတဲ့ သီးနှံတွေကို တောင် သူတွေက ခုတ်ထွင်ရှင်းလင်းပစ်လိုက်ကြ ပြီး ဘိန်းကိုပဲ အစားထိုးသီးနှံအဖြစ် စိုက် ပျိုးလာကြပါတော့တယ်။

ဘိန်းစိုက်ပျိုးမှုကို တွန်းအားပေးတဲ့ နောက်တစ်ချက်ကတော့ မြေယာသိမ်းမှု ကိစ္စတွေကြောင့်ပါ။ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသထဲမှာပါတဲ့ ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေမှာ ယခင်တပ်မ တော်အစိုးရနဲ့ ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (Pa-Oh National Organization – PNO)၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) တို့က ၁၉၉ဝ နဲ့ ၁၉၉၄ တို့မှာ ငြိမ်းချမ်းရေးရယူခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ၁၉၉၆ ဝန်းကျင်မှာတော့ PNO နဲ့ မြန်မာ့တပ်မတော်က စိုက်ပျိုး ရေး စီမံကိန်းတွေကို အကြောင်းပြုပြီး မြေ ယာတွေ သိမ်းဆည်းခဲ့ကြတယ်လို့ တောင် တန်းဒေသ လူမှုဖွံ့ဖြိုးရေးလှုပ်ရှားဆောင် ရွက်မှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးခွန်ထွန်း တင်က ရှင်းပြပါတယ်။

”မြေသိမ်းယာသိမ်းတွေက များ လာတော့ မြေရှိတဲ့သူတွေက ဒုက္ခရောက် လာတယ်။ မြေမရှိတဲ့သူတွေက ငတ် မွတ်လာတာပေါ့။ နောက်ပိုင်းမှာ လူ တွေက အချိန်တိုတိုအတွင်းမှာ ပိုက်ဆံ အများကြီးရတဲ့ ဘိန်းကို ရွေးလာကြ တယ်”လို့ သူက ဆိုပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဝင်းကိုက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ သူတို့ပါတီနဲ့ မြန်မာ့တပ်မတော်က မြေသိမ်းခဲ့တာတွေ ရှိခဲ့ပေမယ့် ပြည်သူတွေ စားဝတ်နေရေး ပျက်စီးလောက်အောင် သိမ်းဆည်းမှုမျိုး မရှိဘဲ နည်းနည်းပါးပါး ပါသွားတဲ့ ကိစ္စလေးတွေသာ ရှိတယ်လို့ မော်ကွန်းကို ပြောပါတယ်။ သူတို့သိမ်းလို့ ဒေသခံတွေ ပိုင်တဲ့ မြေပါသွားတာ တစ်ဆယ်ရာခိုင် နှုန်းထက် မပိုဘူးလို့လည်း ဆီဆိုင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးဝင်းကိုက ဆိုတယ်။

ဆီဆိုင်မြို့နယ်ထဲက ရွာတစ်ရွာမှာ နေတဲ့ ပအိုဝ်းတောင်သူ မနန်းသိန်းလာ* တို့မိသားစုဆို သနပ်ဖက်ခြံ လေးဧက ပိုင်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့နှစ် ၂ဝ လောက် က မြန်မာ့တပ်မတော်က မနန်းသိန်းလာ တို့ မြေအပါအဝင် ရွာက မြေယာတွေကို ဝက်မွေးမြူရေးခြံလုပ်ဖို့ဆိုပြီး သိမ်းယူ သွားခဲ့တယ်လို့ ဆိုပါတယ်။

မြေသိမ်းခံရပြီးနောက်ပိုင်းမှာ မိသားစုစားဝတ်နေရေး မပြေလည်တော့ တာကြောင့် မနန်းသိန်းလာလည်း ခုနစ် တန်းနဲ့ ကျောင်းထွက်လိုက်ရပြီး ကြုံရာ ကျပန်းပဲ လိုက်လုပ်ရတော့တယ်။ ဘိန်း စိုက်ရာသီတွေမှာ ဆီဆိုင်မြို့နဲ့အလှမ်းဝေး တဲ့ လွယ်မောတောင်ကြောပေါ်က ဘိန်း ခင်းတွေမှာ နေ့စားသွားလုပ်ပါတယ်။ အဲဒီ မှာ ငါးနှစ်လောက်လုပ်ကိုင်ရင်း ရရှိလာတဲ့ ဘိန်းစိုက်အတွေ့အကြုံတွေနဲ့ ၂ဝဝ၇ မှာ တော့ သူကိုယ်တိုင် အရင်းအနှီးထုတ်ပြီး ဆီဆိုင်မြို့နယ်ထဲက ရွာတစ်ရွာမှာ ဘိန်း စစိုက်ပါတော့တယ်။

ဒီဘက်မှာ ဘိန်းစိုက်ရတဲ့ နောက် တစ်ချက်ကတော့ ရှမ်းတောင်တန်းတွေရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ရာသီဥတုအခြေ အနေကြောင့်လို့ ဒေသခံတွေက ဆိုပါ တယ်။ ဒေသခံတွေဟာ တောင်ပေါ်က စိုက်ပျိုးရေးခြံတွေဆီရောက်ဖို့ ရွာတွေ ကနေ တစ်နာရီ အနည်းဆုံးလမ်းလျှောက် တက်ရပါတယ်။ တချို့ခြံတွေဆို နှစ်နာရီ လောက်ကြာအောင် သွားကြရပါတယ်။ မတ်စောက်ကောက်ကွေ့နေတဲ့ တောင် ပေါ်လမ်းတွေဟာ လူနှစ်ယောက်ယှဉ်ရပ် စာလောက်ပဲ ကျယ်ပါတယ်။

တစ်နာရီ၊ နှစ်နာရီလောက် ကုန်း ကြောင်းလျှောက်ရတဲ့ တောင်ပေါ်ကနေ အာလူးတို့၊ ပြောင်းဖူးတို့ စိုက်လို့ အောင် မြင်ရင်တောင် ဒီသီးနှံတွေအားလုံးကို ပလိုင်းနဲ့ တောင်အောက်ကို သယ်ဖို့ဆို တာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ ပြီး တော့ တောင်ပေါ်ဆိုတော့ ကျွဲ၊ နွားသုံးပြီး စိုက်ပျိုးလို့လည်း မရဘူး။ ကျောက်ဆောင် တွေလည်း ထူထပ်တော့ ထွန်ယက်ဖို့ဆို တာကလည်း တော်တော်ခက်တယ်။

နောက်တစ်ချက်က တောင်ပေါ်မှာ က သီးနှံတွေစိုက်လိုက်ရင် အပင်တွေပဲ ထွားပြီး မြေပြန့်က သီးနှံတွေလောက် အစေ့အဆန်မပါတတ်ဘူး။ အလုံးချင်း အတူတူကို မြေပြန့်က ကြက်သွန်က အချိန်စီးတယ်လို့ဆိုတယ်။ အဲဒီတော့ ဒိုင်ကို သွားရောင်းလည်း တောင်ပေါ်က သီးနှံတွေဆို ဈေးနည်းနည်းပဲ ရတယ်လို့ ဒေသခံတွေက ဆိုတယ်။

အဲဒီလိုနေရာတွေမှာ အသင့်တော် ဆုံးက ဘိန်းဖြစ်နေတယ်လို့ ဒေသခံတွေ က ဆိုတယ်။ သီးသန့်ထွန်ယက်စရာမလို တဲ့အပြင် ဘိန်းစေးရတော့လည်း တစ် ဧကစာကို ပလိုင်းထဲလွယ်လွယ်ကူကူ ထည့်သွားရုံပါပဲ။ ဒီလိုနဲ့ ရှမ်းမြောက်မှာ လိုပဲ ရှမ်းတောင်မှာလည်း ဘိန်းစိုက်ပျိုးမှု ဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။

တောင်ပိုင်းမှာ အစိုက်များတာက တော့ လေးလလောက်နဲ့ အစေးခြစ်လို့ရ တဲ့ (ဒေသအခေါ်) ဘိန်းငယ်လို့ ခေါ်တဲ့မျိုး ပါ။ ခြောက်လလောက်မှာ အစေးခြစ်လို့ ရတဲ့(ဘိန်းကြီး)မျိုးကတော့ အသီးကြီးပြီး အစေးပိုရပေမယ့် စိုက်ပျိုးချိန်ကြာလို့ လာဖျက်တဲ့အထဲမှာ ပါသွားမှာကို ကြောက်ရတဲ့အပြင် သူတို့ဒေသနဲ့ သိပ် မကိုက်လို့ မစိုက်ကြတာလို့ တောင်သူတွေ က ရှင်းပြတယ်။ ဘိန်းကြီးမျိုးက အရမ်း အေးတဲ့ဒေသတွေမှာပဲ ကောင်းကောင်း ဖြစ်ထွန်းတယ်လို့ဆိုပါတယ်။

ယေဘုယျပြောရရင် တခြားသီးနှံ တွေထက် ဘိန်းကရတဲ့ အမြတ်က သုံး၊ လေးဆလောက်မြတ်တတ်ပေမယ့် ဘိန်း ဆိုတာ မြေကြီးကရွှေသီးတဲ့ သီးနှံမျိုး တော့လည်း မဟုတ်ပါဘူး။ မြေဆွတာ၊ ပြင်တာတွေလုပ်ရတဲ့အပြင် ဘိန်းက တခြားသီးနှံတွေထက် ပိုပြီးတော့ မြေ သြဇာသုံးရပါတယ်။ တခြားသီးနှံတွေက မြေသြဇာမသုံးဘဲ ရှင်ပေမယ့် ဘိန်းကျ တော့ မသုံးလို့ မရပါဘူး။ မြေသြဇာ မသုံး နိုင်လို့ ခြောက်ပြီးသေသွားတဲ့ ဘိန်း ပင်တွေလည်းရှိတယ်။ ပိုးသတ်ဆေးတွေနဲ့ အသီးတွေကြီးလာအောင် ဖျန်းတဲ့ ဆေး တွေလည်း သုံးရပါသေးတယ်။ ဒီအဖိုးအခ တွေနဲ့တင် တခြားသီးနှံထက် စိုက်ပျိုး စရိတ် အများကြီး ပိုကုန်နေပါပြီ။

ကျွန်တော်တို့ရောက်ခဲ့တဲ့ မြို့နယ် တွေမှာတော့ မိုးနှောင်းပိုင်းဖြစ်တဲ့ သြဂုတ်၊ စက်တင်ဘာလောက်မှာ စစိုက် ကြပြီးတော့ ဒီဇင်ဘာလောက်မှာ ဘိန်း စေးခြစ်ကြပါတယ်။

မိုးနှောင်းပိုင်းမှာ ဘိန်းစိုက်ပြီဆိုရင် မိုးရွာဖို့လိုသလို ဆောင်းမှာစိုက်ရင်တော့ နှင်းဖြိုင်ဖြိုင်ကျဖို့လိုပါတယ်။ နွေမှာဆိုရင် တော့ ရေသွင်းပြီး စိုက်ကြရပါတယ်။ ဘိန်းပင်ငယ်တုန်း အစိုဓာတ်မရခဲ့ရင် ဘိန်းသီးတွေက ဘိန်းစေးသိပ်မထွက် တော့ပါဘူး။ နောက်ပြီး နေရောင်ရဖို့ လည်း လိုပါသေးတယ်။ နေရောင်များ များကျတဲ့ ခြံတွေက ဘိန်းစေး ပိုထွက်ပါ တယ်။ ဘိန်းစေးခြစ်ခါနီးမှာ မြေကြီးစိုနေ ပြီဆိုရင်တော့ အစေးသိပ်မရတော့ပါဘူး။

ဘိန်းစိုက်တောင်သူတစ်ယောက် ကတော့ သူတို့ ဘိန်းစိုက်ရတာက ”ကလေး တစ်ယောက်ကိုမွေးရသလို”ပဲလို့ တင် စားပြောသွားပါတယ်။ အဲဒီလိုစိုက်ရတဲ့ ဘိန်းပင်တွေ သန်သန်စွမ်းစွမ်း ဖြစ်လာတဲ့ အချိန်မှာ ကံစမ်းသလို အခြေအနေမျိုး ဖြတ်ကျော်ရပါသေးတယ်။ အကြောင်းက တော့ ရဲတပ်ဖွဲ့က ဘိန်းခင်းတွေကို လိုက် ဖျက်တတ်လို့ပါပဲ။

 

Photo: Than Htike                                    UNODC အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် ဘိန်းအစားထိုးသီးနှံ ကော်ဖီစိုက်ခင်းနှင့် ကပ်လျက် ဘိန်းခင်းများကို တွေ့ရစဉ်

မရေရာတဲ့ စီးပွား

ရဲတွေက ဟိုပုံးနဲ့ဆီဆိုင်ဘက်က ဘိန်းခင်းတွေကို နှစ်တိုင်း လာဖျက်ကြ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သူ တို့ဖျက်တာကလည်း ဘိန်းတွေ ဝေဝေ ဆာဆာ သီးပွင့်နေပြီး အစေးခြစ်တဲ့အချိန် ဆို လာကြပါပြီ။

တောင်ကြီးမြို့က ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးက ရခဲ့တဲ့ စာရင်းတွေအရ ၂ဝ၁၄-၁၅ မှာ ရှမ်းပြည်နယ်မှာ ဘိန်းစိုက် ဧကပေါင်း ၂၈,ဝဝဝ ကျော် ဖျက်ဆီးခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဖျက် ဆီးခဲ့တဲ့ ဘိန်းခင်းတွေရဲ့ ကိုးဆယ်ရာခိုင် နှုန်းကျော်ဟာ တောင်ကြီးခရိုင်ထဲမှာ ရှိ ပါတယ်။  တောင်ကြီးခရိုင်ထဲမှာမှ အဓိက ဖျက်ဆီးခံရတာကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုံး၊ ပင် လောင်းနဲ့ ဆီဆိုင်မြို့ နယ်တွေမှာပါ။

ဘိန်းဖျက်တဲ့စာရင်းအရ တောင် ကြီးခရိုင်က အများဆုံးဖြစ်ပေမယ့် ရဲတပ် ဖွဲ့တွေ ဝင်လို့မရတဲ့ တိုင်းရင်းသားလက် နက်ကိုင်နယ်မြေတွေက ရှမ်းပြည်နယ်မှာ အများကြီးရှိနေသေးတော့ ဘယ်မြို့နယ် တွေက ဘိန်းအများဆုံးစိုက် နေလဲဆိုတာ ကိုတော့ ရဲတပ်ဖွဲ့က မပြောနိုင်ပါဘူး။

ဒီလိုရဲတပ်ဖွဲ့က ဘိန်းခင်းတွေလိုက် ဖျက်လို့ ဘိန်းခင်းနဲ့ အတူ ဘဝတွေပါ ပျက်သွားတဲ့လူတွေ မဲနယ်တောင်တန်း ပေါ်မှာ ဒုနဲ့ဒေးပါပဲ။

မဲနယ်တောင်စောင်းမှာ အိမ်တွေ ဆင့်ကာဆင့်ကာ ဆောက်ထားတဲ့ ရွာ လေးတစ်ရွာရှိတယ်။ အဲဒီရွာက အသက် ၄၁ နှစ်အရွယ် ဒေါ်နန်းဗယ်ဂဟာ အရင် နှစ်တွေက ဘိန်းခြံသုံးခြံစိုက်ပါတယ်။ ရဲ တွေ နှစ်တိုင်း ဘိန်းခင်းလာဖျက်တိုင်း သူ့ ဘိန်းခင်းပါ ပါသွားတတ်တယ်။

၂ဝ၁၅ မှာတော့ ဘိန်းခြံတစ်ခြံပဲ စိုက်ထားတာ။ ဘိန်းခင်းကို မြေသြဇာ ထည့်နေရတာကြောင့် ကလေးတွေကို မုန့်ဖိုးတောင် မပေးနိုင်တော့ဘူးလို့ ပအိုဝ်းသံဝဲဝဲနဲ့ အိမ်အလယ်မှာဖိုထားတဲ့ မီးဖိုဘေးမှာထိုင်ရင်း ဒေါ်နန်းဗယ်က ပြောပြတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ လည်း ဘိန်းခင်းတွေလာဖျက်တော့ သူ့ ခြံပါသွားပြန်တယ်။

”ရွာကလှမ်းကြည့်နေတာ။ သူတို့ (ဘိန်းခင်းလာဖျက်တဲ့ ရဲတွေ)ကို မြင် တယ်။ ကျွန်မ မျက်စိပိတ်ပစ်လိုက်ရတယ်။ စိတ်ထဲမှာ သေချင်သလိုလို။ ဘယ်လိုမှန်း လဲမသိဘူး။ ဖျားတယ်၊ အိပ်လည်း မရဘူး၊ စားလည်း မရဘူး”လို့  မြန်မာစကားကို ကြိုးစားပြောရင်း မျက်ရည်တွေပါ ဝိုင်း လာတယ်။

အရင်နှစ်က အကြွေးတွေအပြင် ဒီ နှစ်အတွက်လည်း ငါးကျပ်တိုးနဲ့ ထပ်ချေး ထားတဲ့ အကြွေးတွေက စုစုပေါင်း ၁၆ သိန်း ရှိနေပါပြီ။ ဒီနှစ်လည်း အရင်းပါ ပြုတ်တော့ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့ နေနေသာသာ၊ အတိုးတောင် မပေးနိုင် တော့ဘူးလို့ ပြောပြတယ်။

ဘယ်လိုလူတွေ ဘိန်းစိုက်လဲ

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ၂ဝ၁၄ မှာ လုပ်ခဲ့တဲ့ ‘မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အထူးအစည်းအဝေး’မှာ  တောင်သူတွေ အသိပညာဗဟုသုတ နည်းပါးခြင်းက လည်း ဘိန်းစိုက်ရတဲ့ အကြောင်းရင်းတစ် ခုဖြစ်တယ်လို့ ပြောသွားပါတယ်။

ကျွန်တော်တို့က ဟိုပုံး၊ ဆီဆိုင်၊ လွိုင်လင်နဲ့ နမ့်စန်မြို့နယ်ထဲက ဘိန်းစိုက် တောင်သူတွေနဲ့ တွေ့ခဲ့တဲ့အခါမှာ မြို့နယ် တိုင်းမှာ ဘွဲ့ရပြီး ဘိန်းစိုက်တဲ့သူတွေ ရှိ နေတာကို တွေ့ခဲ့ရပါတယ်။ သူတို့ဟာ တောင်ကြီးနဲ့ မန္တလေးတက္ကသိုလ်တွေက ဘွဲ့တွေ ရထားတာပါ။

ဆီဆိုင်မြို့နယ်ထဲက ရွာတစ်ရွာမှာ တွေ့ ခဲ့ရတဲ့ အသက် ၂၈ နှစ်အရွယ် မနန်း ဗွာ*ကတော့ တောင်ကြီးတက္ကသိုလ်မှာ တက်ပြီးတော့ ဒဿ       နိကဗေဒနဲ့ အဝေး သင်ဘွဲ့ရထားတာပါ။ သူ့ရဲ့ ရည်မှန်းချက် ကတော့ ရွာမှာ ကျောင်းဆရာမ လုပ်ဖို့ပါ။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို မျက်နှာသာ မပေးပါဘူး။ ရွာကျောင်းအတွက် ဆရာမ တွေလိုလို့ ခေါ်တုန်းက သူလျှောက်ခဲ့ပေ မယ့် အရွေးမခံခဲ့ရပါဘူး။

သူ့မှာက ကိုယ်ပိုင်ခြံမရှိတော့ ငယ် ငယ်ကတည်းက ဘိန်းခင်းတွေမှာ နေ့စား လိုက်လုပ်ပါတယ်။ ၂ဝဝ၅ မှာတော့ အိမ် ထောင်ကလည်း ကျခါစဆိုတော့ နေ့စား လိုက်ရတဲ့ ပိုက်ဆံတွေ စုပြီးတော့ ကိုယ် ပိုင်ဘိန်းခင်းတစ်ခင်းကို ခြံငှားပြီးတော့ စိုက်ပါတယ်။

အဲဒီနှစ်မှာပဲ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်(Pa-Oh National Organization – PNO)က မဲနယ်တောင်ပေါ်မှာ ဘိန်း ခင်းတွေကို အကြီးအကျယ်ဖျက်ဆီးတော့ အဖျက်ခံရတဲ့အထဲမှာ သူ့ဘိန်းခင်းတွေပါ သွားလို့ အကြွေးနွံထဲနစ်သွားတာ ဒီ နေ့အထိပါပဲ။ တခြားအစားထိုးသီးနှံ လည်း ဘာမှစိုက်လို့မဖြစ်တော့ ဘိန်းစိုက် လိုက်၊ ရှုံးလိုက်နဲ့ အကြွေးသံသရာလည် နေလိုက်တာ ဒီနှစ်တော့ သူများခြံထဲမှာ နေ့စားပြန်လိုက်နေရပါပြီ။

”လုပ်ရင်းလုပ်ရင်းနဲ့တောင် စိတ် ပျက်ပျက်လာတယ်။ ဒါပေမဲ့ မတတ်နိုင်လို့၊ စားစရာမရှိလို့ လုပ်ရတာ”လို့ ကလေးနှစ် ယောက်မိခင်ဖြစ်သူ မနန်းဗွာက ဆိုတယ်။

ဒါပေမဲ့ သူက ဘဝကို လွယ်လွယ်နဲ့ တော့ အရှုံးမပေးပါဘူး။ ခေါင်းရွက် ဗျပ်ထိုး ဈေးလိုက်ရောင်းတဲ့အခါရောင်း၊ ဘိန်းခင်းထဲမှာ နေ့စားလိုက်တဲ့အခါ လိုက်ရင်း တစ်ဖက်ကလည်း စာတွေ ပြန် ဖတ်နေပါသေးတယ်။ အခွင့်အရေးကြုံရင် တော့ ဆရာမလုပ်ဖို့ သူ အသင့်ဖြစ်အောင် လုပ်နေပါတယ်ဆိုပြီး ပြောပြတယ်။

”ကိုယ်ကြိုးစားပြီး သင်ပေးလိုက် တဲ့ ကလေးက ပညာတတ်အောင်၊ နောက် နောင်အနာဂတ်မှာ သမီးတို့လိုမဖြစ်ဘဲနဲ့ သူတို့ လမ်းပွင့်သွားအောင်လို့ ပြောပြပြီး တော့မှ သင်ပေးမယ်”လို့ တုန်ရီလှိုက်မော တဲ့အသံနဲ့ ပြောရင်း ငိုချလိုက်ပါတော့တယ်။

ဘိန်းစိုက်သူ ဘိန်းမစားရ မူ

ရွာခံတွေအနေနဲ့ ဘိန်းကို စိုက်ကြ တယ်ဆိုပေမယ့် ကျွန်တော်တို့ရောက်ခဲ့တဲ့ ရွာတိုင်းမှာ ဘိန်းစားတာ၊ ရှူတာကို လုံးဝ ခွင့်ပြုမထားပါဘူး။ တကယ်လို့ ဘိန်းသုံးစွဲ တဲ့လူတစ်ယောက်ရှိမယ်ဆိုရင်လည်း အဲဒီလူကို ရွာပြင်နှင်ထုတ်ဖို့ အားလုံးက သဘောတူထားကြပါတယ်။

(ဘိန်းဖြူ၊ ဘိန်းစိမ်းရှူတာ၊ သုံး တာကို ဘိန်းစားတယ်လို့ ခေါ်တာပါ။ အရွက်ကို ဟင်းချက်စားတာမျိုး၊ ကလေး နို့ဖြတ်ဖို့ ဘိန်းကျွေးတာမျိုးနဲ့ ဝမ်းပျက်၊ ဝမ်းလျှောတာ၊ သွားကိုက်တာနဲ့ အနာ စိမ်းတွေဖြစ်ရင် ဆေးအဖြစ် သုံးတာတော့ ရှိပါတယ်။)

ဘိန်းစိုက်ပြီး ဘာလို့မစားကြတာ လဲလို့ မေးကြည့်တော့ သူတို့က ဘိန်းစား တဲ့လူတစ်ယောက်က ကျန်းမာရေးထိခိုက် တဲ့အပြင် အိမ်က ဒန်အိုး၊ ဒန်ခွက်ကအစ ခိုးကြမှာဖြစ်လို့  အကုန်စိတ် မချမ်းမသာ ဖြစ်မှာကို သိလို့ သူတို့ကြိုတင်ပြီး ကာ ကွယ်ထားတာဖြစ်တယ်လို့ ရွာသူကြီး တစ်ယောက်က ပြောပါတယ်။

ဒီဘက်မှာ ဘိန်းမရှူကြပေမယ့် ဘိန်းလိုပဲ စွဲတတ်တဲ့ အရာတစ်ခုကတော့ စိမ့်ဝင်နေပါတယ်။ ၂ဝ၁၂ လောက်ကစပြီး ဘိန်းကုန်သည်တွေဟာ တောင်သူတွေ လာရောင်းချတဲ့ ဘိန်းစိမ်းကို ငွေတစ် ဝက်ပဲ ပေးချေပြီးတော့ ကျန်တဲ့ တစ်ဝက် ဖိုးကိုတော့ ယာဘလို့ခေါ်တဲ့ စိတ်ကြွရူး သွပ်ဆေးပြားတွေနဲ့ ပေးချေတာမျိုး ရှိ တယ်လို့ ဆီဆိုင်မြို့က ဘိန်းစိုက်တောင် သူ မနန်းသိန်းလာ*က ပြောပါတယ်။ အဲဒီ ဆေးပြားတွေကို တောင်သူတွေက ကိုယ့် ရပ်ကိုယ့်ရွာမှာ ပြန်လည်ရောင်းချကြတာ ကြောင့် ဒေသခံလူငယ်အများအပြား ဆေးစွဲလာပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဘိန်းသုံးစွဲမှု သိပ်မရှိဘဲ ယာဘဆေးပြား သုံးစွဲမှုသာ ရှိတယ်လို့ ပြောကြပေမယ့် မြောက်ပိုင်းမှာတော့ ဘိန်းဖြူ၊ ဘိန်းမည်း၊ ယာဘတို့ကို ရွာလုံးကျွတ် သုံးစွဲနေကြ တာတွေ ရှိတယ်လို့ တအာင်းကျောင်း သားနှင့် လူငယ်များအဖွဲ့  တွဲဖက် အထွေ ထွေအတွင်းရေးမှူး ၂ ကိုမိုင်းမျိုးအောင် က ပြောပြပါတယ်။

ပုံမှန်ပေးရတဲ့  ဘိန်းခွန်

ဘိန်းစိုက်တောင်သူတွေဟာ သက် ဆိုင်ရာဒေသက မြန်မာစစ်တပ်တွေ၊ ရဲတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့စစ်တွေကို နှစ်စဉ် အခွန်ငွေပေးရတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်ရာသီမှာ အိမ်ထောင် တစ်စုကို အနည်းဆုံး ကျပ် နှစ်သောင်းခွဲ ကနေ အများဆုံးကျပ်တစ်သိန်းအထိ အခွန်အခပေးရတယ်လို့ ဆီဆိုင်မြို့နယ် ထဲက ဘိန်းစိုက်တောင်သူတွေက ပြော ပြတယ်။ ပိုက်ဆံကောက်တဲ့အခါ သုံးရစ်ခွဲ ကောက်တယ်လို့ ဆိုပါတယ်။ ပေးရတဲ့ငွေ က ဘိန်းခင်းအကျဉ်းအကျယ်ပေါ်လည်း မူတည်ပါတယ်။

ဘိန်းစိုက်တဲ့ကျေးရွာတွေမှာ သက် ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘိန်းစိုက်ခအခွန် (တစ်နည်းအားဖြင့် ဘိန်းခွန်)ပေးဖို့ သတ်မှတ်ထားတဲ့နှုန်းနဲ့ ဘိန်းစိုက်တောင်သူတွေဆီကနေ ရွာသူ ကြီးက ကောက်တယ်လို့ ဆိုပါတယ်။ ဘိန်း ခွန်လာတောင်းတဲ့ အဖွဲ့အစည်းတွေက လည်း အဲဒီရွာသူကြီးဆီကပဲ တောင်းကြ တာပါ။ တောင်သူတွေအနေနဲ့ ဒီလို အခွန်အခတွေ ပေးဆောင်နေရပေမယ့် သူတို့ရဲ့ဘိန်းခင်းတွေ အဖျက်မခံရဖို့ အတွက်တော့ ဘယ်အဖွဲ့အစည်းကမှ အာမခံချက် မပေးပါဘူး။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ မဲနယ်တောင်ကြောပေါ်မှာရှိတဲ့ ရွာတစ်ရွာက အမည်မဖော်လိုတဲ့ ရွာ သူကြီးတစ်ဦးက သူတို့အနေနဲ့ စစ်တပ်၊ ရဲ၊ စစ်ဘက်လုံခြုံရေးအဖွဲ့(စရဖ)၊ ရဲသတင်း တပ်ဖွဲ့ (Special Branch – SB) ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(Pa-Oh National Organization – PNO)နဲ့ အသွင် ပြောင်းဌာနေပြည်သူ့စစ် (Pa-Oh National Army – PNA)တို့ကို နှစ်စဉ်ဘိန်းခွန်ပေးဆောင်ရတယ်လို့ ပြောပြ ပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းကိုက အခွန်အတုတ် တွေ ကောက်တာကတော့ သူတို့ပါတီ အနေနဲ့ မူဝါဒချမှတ် ပြီးတော့ တရားဝင် ကောက်ခံတာမျိုး မရှိပါဘူးလို့ ငြင်းဆို တယ်။ ”လမ်းတံတားဆောက်ဖို့ ကောက် တာကတော့ တစ်နည်းမဟုတ် တစ်နည်း ရှိကောင်း ရှိမယ်”လို့ သူက ဆိုတယ်။ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့အခါ နိုင်ငံ တော်က ဘတ်ဂျက်ချပေးတာ မလုံ လောက်လို့ လိုအပ်တဲ့ငွေကို ကောက်ခံ တာမျိုးတော့ ရှိတယ်လို့ သူက ဆိုတယ်။

ဒီနှစ်တော့ တခြားအဖွဲ့အစည်း အားလုံးကို အခွန်ပေးပြီးပေမယ့် PNO၊ PNA အဖွဲ့တွေက လာတောင်းတာမရှိ သေးဘူးလို့ မဲနယ်တောင်ကြောပေါ်မှာ ရှိတဲ့ ရွာတစ်ရွာက ရွာသူကြီးတစ်ဦးက ဆို တယ်။ ရဲကတော့ အဲဒီရွာကို ကျွန်တော်တို့ မရောက်ခင် တစ်ရက်ကပဲ ဖုန်းလှမ်းဆက် ပြီး တောင်းလို့ သွားပေးလိုက်ရသေး တယ်လို့ ရွာသူကြီးက ပြောပါတယ်။

”ကျွန်တော်တို့ တအားကြီး ကြောက်တယ်”လို့ သူကြီးက အစချီ တယ်။ ”ခဏကြာ စစ်ကြောင်းနဲ့ ဘာနဲ့ ခေါ်လာရင် (ဘိန်းခင်း) ပြောင်သွားမှာစိုး လို့ ပေးရတာပဲ”လို့ အဲဒီရွာသူကြီးက ပအိုဝ်းသံဝဲဝဲနဲ့ ရှင်းပြပါတယ်။

ဒေသခံရဲနဲ့ စစ်တပ်တွေကိုတော့ သူတို့ရဲ့တပ်ဝင်းထဲအထိ သွားပေးရတယ် လို့ သူကြီးက ဆက်ပြောပါတယ်။ ”သူ တို့က ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံ တာ၊ မဆိုးပါဘူး။ ဘယ်လောက် ကူညီနိုင် မလဲပေါ့။ သူတို့က ရန်ပုံငွေလှူဒါန်းငွေလို ပေါ့ဗျာ။ ရှေ့တန်းထိုး(ထွက်)တဲ့လူကျ တော့ သူ့မိန်းမတို့၊ သူ့သားသမီးတို့ ရှိ သေးတာကိုး”လို့ သူကြီးက ပိုက်ဆံသွား ပေးရတဲ့အကြောင်းကို ပြောပြတယ်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး စန်းလွင် (ဦးစီးအရာရှိ ပထမတန်း) က တော့ ရဲတပ်ဖွဲ့အနေနဲ့ ဘိန်းနဲ့ပတ်သက်ပြီး ငွေရေးကြေးရေးလက်ခံတာမျိုး မရှိဘဲ ဖျက်ရမယ့်တာဝန်အရ ဘိန်းခင်းတွေကို ဖျက်တယ်လို့ ဆိုတယ်။

”ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် တော့ အရေးယူတာမျိုးရှိပါတယ်။ ဆီ ဆိုင်ဘက်မှာ (ငွေကြေးယူတာနဲ့ပတ် သက်လို့) အရေးယူထားတာ ရှိပါတယ်”လို့ ဒုရဲမှူးကြီးက ပြောပါတယ်။

ဘိန်းစိုက်တောင်သူတွေကို တပ်မ တော်က အခွန်ကောက်ခံနေတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် က တာဝန်ရှိသူတွေကို ဇန်နဝါရီ ၂၅ ရက် မှာ အီးမေးလ်နဲ့ တယ်လီဖုန်းတို့က တစ် ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မဂ္ဂဇင်း ဖောင်ပိတ်ချိန်ဖြစ်တဲ့ ဇန်နဝါရီ ၂၆ ရက်ည နေအထိ တစ်စုံတစ်ရာအကြောင်းပြန် ချက် မရရှိခဲ့ပါဘူး။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nation-wide Ceasefire Agreement – NCA)မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်း ပြည်တပ်မတော်(တောင်ပိုင်း) [Restoration Council of Shan State(RCSS)/Shan State Army-South(SSA-S)]’ကြီးစိုးရာဒေသတွေဖြစ်တဲ့ နမ့်စန်၊ လွိုင်လင်၊ ပင်လုံတစ်ကြောမှာ တော့ ဘိန်းစိုက်တောင်သူတွေအတွက် သီးခြားအာမခံချက်မရှိပေမယ့် အဲဒီနေ ရာတွေမှာတော့ ဘယ်အာဏာပိုင်အဖွဲ့ အစည်းကမှ ဘိန်းခင်းတွေကို လာဖျက် ဆီးလေ့မရှိဘူးလို့ ဒေသခံဘိန်းစိုက် တောင်သူတွေက ပြောပါတယ်။

နမ့်စန်မြို့နယ်ထဲမှာပါပြီး မြို့ရဲ့ အနောက်ဘက် မိုင် ၃ဝ လောက်ဝေးတဲ့ လိုက်ခါးကျေးရွာနဲ့ နောင်ဘိုဈေးကုန်းရွာ တို့မှာတော့ ၂ဝ၁၂ မှာ RCSS/SSA-S  အဖွဲ့က ဘိန်းစိုက်တဲ့ အိမ်ထောင်စုတစ်စု ကို ၂ဝ,ဝဝဝ ကျပ်နှုန်းကောက်ခဲ့တယ် ဆိုပြီး ရွာသားတွေက ပြောပါတယ်။

၂ဝ၁၄ နဲ့ ၂ဝ၁၅ မှာတော့ ဘိန်း ထွက်တဲ့ရာသီမှာ ဘိန်းခြံတွေထဲကနေ အစေးခြစ်ပြီး သယ်လာတဲ့ဘိန်းစေးတွေ ကို RCSS/SSA-S အဖွဲ့က ရွာအဝင် လမ်းကနေစောင့်ပြီး ဘိန်းစေးတစ်ပိဿာ     ကို ၃ဝ,ဝဝဝ ကျပ်နှုန်း အခွန်ကောက်တယ် လို့ ဆိုပါတယ်။ တကယ်လို့ တခြားလမ်းက ဖြတ်လို့ သူတို့တွေ့သွားရင်တော့ ပစ္စည်း အားလုံးကိုသိမ်းတယ်လို့ လိုက်ခါးရွာ သားတွေက ပြောပြတယ်။

လိုက်ခါးရွာနဲ့ နှစ်မိုင်လောက်ပဲ ဝေး တဲ့ နောင်ဘိုဈေးကုန်းရွာမှာတော့  RCSS/SSA-S အဖွဲ့ရှိသလို ဒေသခံ နား ရိုင်းပြည်သူ့စစ်အဖွဲ့ရှိပါတယ်။ ရွာရဲ့အရှေ့ ဘက်မှာ နားရိုင်းအဖွဲ့ရဲ့ဂိတ်ရှိပြီး အနောက် ဘက်မှာတော့ RCSS/SSA-S ဂိတ်ရှိနေ တော့ ဘိန်းခင်းထဲကနေ ဘိန်းစေးတွေ သယ်လာတဲ့ ရွာခံတောင်သူတစ်ဦးဟာ ရွာအနောက်ဘက်က ဂိတ်ကိုဖြတ်ရင် ဘိန်းခွန်ဆောင်ရမှာ ဖြစ်သလို အဲဒီအခွန် ဆောင်ပြီး ဘိန်းစေးကို နားရိုင်းဂိတ်ကနေ ထပ်ဖြတ်သွားမယ်ဆိုရင်လည်း သူတို့အဖွဲ့ ကို ဘိန်းခွန်ထပ်ပေးရတယ်လို့ အဲဒီရွာက ရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီရွာတွေမှာ ဘိန်းအပြင် ကား တွေ၊ ထော်လာဂျီတွေ၊ ဈေးဆိုင်ခန်းတွေ အတွက်လည်း အခွန်အခတွေ ပေးရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

RCSS/SSA-S  အဖွဲ့က ဒုတိယ ဗိုလ်မှူးကြီးစိုင်းဟန်က သူတို့အဖွဲ့မှာ အခွန်အခကောက်ခံတဲ့ မူဝါဒမရှိပါဘူးလို့ ပြောပါတယ်။

”ဒီဟာ(အခွန်ကောက်တာ) ကို ပေါ်လစီအရလည်း ခွင့်မပြုဘူး။ ဒီဟာတွေ ကို သက်သေတွေရှိရင်လည်း ကျွန်တော် တို့ကို ပို့လို့ရပါတယ်”ဆိုပြီး သူက ဆိုတယ်။

သူတို့အဖွဲ့အနေနဲ့ ဘိန်းပပျောက် ရေးကိုလည်း လိုလားပြီးတော့ အပစ် အခတ်ရပ်စဲရေး စဆွေးနွေးကတည်းက ဒီကိစ္စကို ဦးစားပေးတစ်ခုအနေနဲ့ ထည့် သွင်းဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူတာမျိုး ရှိခဲ့ဖူး တယ်လို့ ဒုဗိုလ်မှူးကြီးက ပြောပါတယ်။

မကြာခဏ ဘိန်းခင်းတွေဖျက်ဆီး ခံရတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တောင်သူတွေက ဆင်းရဲနွမ်းပါးကြ ပေမယ့် ဘိန်းခင်းအဖျက်မခံရဘဲ လွတ် လွတ်လပ်လပ် စိုက်ခွင့်ရကြတဲ့ တခြား လက်နက်ကိုင်တပ်ဖွဲ့တွေ စိုးမိုးရာနယ် မြေတွေက ဘိန်းစိုက်တောင်သူတွေက တော့ စီးပွားရေးချောင်ချောင်လည်လည် ရှိကြတာကို တွေ့ရပါတယ်။ အဲဒီရွာတွေ မှာ တစ်ရွာကို အိမ်စီးကား လေး၊ ငါး၊ ခြောက်စီးစီလောက်ရှိကြပြီး ကားအများ စုကတော့ လိုင်စင်မဲ့ကားတွေပါ။

သူတို့အနေနဲ့ဘိန်းခင်းအဖျက်မခံရလို့ စီးပွားရေးချောင်လည်ပေမယ့် လက် နက်ကိုင်တွေက တပ်သားသစ်စုဆောင်း တဲ့ ဒဏ်ကို ခံကြရသလို ရွာတွေထဲက အိမ်တွေမှာ ညအိပ်ညနေလာတည်းပြီး မထင်ရင်၊ မထင်သလို ပိုက်ဆံတောင်းတာ တွေလည်း ရှိနေဆဲပါလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနယ်မြေတွေမှာတော့ စစ်တပ်တို့၊ ရဲတို့ကလာပြီး ပိုက်ဆံတောင်း တာတော့မရှိဘူးလို့ ဒေသခံတွေက ဆိုတယ်။

လက်နက်ကိုင်တွေက အခွန်အခ ကောက်တာကလွဲလို့ သူတို့ကိုယ်တိုင် ဘိန်းစိုက်တာမရှိဘူးလို့ ဒေသခံတွေက ပြောတယ်။

သူတို့ကိုယ်တိုင် မစိုက်ပေမယ့် ”ပြည်သူတွေ စိုက်တာက သူတို့ဟာလို မျိုးပေါ့။ ကျွန်တော်တို့စိုက်ပြီးရင် သူတို့ စားရတယ်”ဆိုပြီး နောင်ဘိုဈေးကုန်းရွာ က ဘိန်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

နမ့်စန်မြို့နယ်ထဲမှာဆိုရင် လက် နက်ကိုင်အဖွဲ့ခြောက်ဖွဲ့ရှိတာဟာ ဒေသ ခံတွေအတွက်တော့ ဝန်ထုပ်ဝန်ပိုးဖြစ်စေ တယ်လို့ ပအိုဝ်းတောင်သူတစ်ဦးက ဆိုပါ တယ်။ သူတို့ဒေသမှာ RCSS/SSA-S၊ မတ်ကျန်းပြည်သူ့စစ်၊ နားရိုင်းပြည်သူ့စစ်၊ အသွင်ပြောင်းဌာနေပြည်သူ့စစ်(PNA)၊ MTA(Mong Tai Army) ပြည်သူ့စစ်နဲ့ Southern Shan State (SSS) ပြည်သူ့စစ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ အစည်း ခြောက်ဖွဲ့ရှိပါတယ်။

ဒီလိုလက်နက်ကိုင်တွေ ရှိနေတာ ဟာ သူတို့ဘိန်းစိုက်နေတာကြောင့်လို့    ဘိန်းစိုက်တောင်သူတစ်ဦးက ဆိုပါတယ်။ ဘိန်းမရှိရင် လက်နက်ကိုင်တွေလည်း ပျောက်ပြီး သူတို့လည်း အနှိပ်စက်မခံရ တော့ဘူးလို့ သူက ပြောပါတယ်။

”ဘိန်းများများစိုက်ရင် သူတို့ လည်းအခွန်များများရတော့ သူတို့လည်း စီးပွားရေးကောင်းတယ်။ ဒီအောက်မှာပဲ အသီးအနှံစိုက်မယ်ဆိုရင် သူတို့လည်း အခွန်မရဘူး။ သိပ်ငွေမရွှင်ဘူးပေါ့ဗျာ”လို့ အမည်မဖော်လိုတဲ့ အဲဒီတောင်သူက ဆိုတယ်။ ”ဘိန်းပပျောက်ဖို့ပဲ ကျွန်တော်တို့မျှော်လင့်ချက်ထားတယ်။ ဘိန်းအစား ထိုးပဲ လိုချင်တယ်”လို့ သူက ဆိုတယ်။

Photo: Than Htike                ဘိန်းစေးများ လိုက်လံစုဆောင်းနေသည့် တောင်သူတစ်ဦး

ဘိန်းပပျောက်ရေးအိပ်မက်

အစိုးရက ဘိန်းပပျောက်ရေးစီမံ ကိန်းတွေ လုပ်ခဲ့ပေမယ့် အစားထိုးသီးနှံ စီမံကိန်းကို အောင်မြင်အောင် မလုပ်နိုင် လို့ ဘိန်းက တကယ်မပျောက်ဘဲနဲ့ ဒေသ ခံပြည်သူတွေပဲ အကြိမ်ကြိမ်နစ်နာပြီး ဆင်းရဲဒုက္ခရောက်ရတယ်လို့ ပအိုဝ်း လူငယ်အစည်းအရုံးရဲ့ အထွေထွေအတွင်း ရေးမှူး ကိုခွန်ဦးက ပြောပါတယ်။

PNO  အဖွဲ့က လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က ဘိန်းတိုက်ဖျက်ရေးလုပ်လို့ ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းဒေသတွေမှာ အဲဒီအချိန်တုန်းက ဘိန်းစိုက်ပျိုးမှုကို စွန့်လွှတ်လိုက်ကြပါတယ်။ ဒါပေမဲ့ အစား ထိုးသီးနှံစီမံကိန်းတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတာမရှိ တော့ ဘိန်းစိုက်တောင်သူတွေ အခက် တွေ့ကုန်ပါတယ်။

၂ဝဝ၇ မှာ ဘိန်းမစိုက်ရလို့ မဲနယ် တောင်တစ်ကြောလုံးစိုက်ခဲ့ကြတာက ကြက်သွန်ဖြူ။ အရင်နှစ်က စိုက်တဲ့လူတွေ ဈေးကောင်းရတယ်ကြားလို့ အဲဒီနှစ် တော့ အကုန်လုံး ကြက်သွန်ဖြူစိုက်ကြ တယ်။ ကြက်သွန်ဖြူအထွက်လည်း တော် တော်ကောင်းခဲ့ကြတယ်။

ဒါပေမဲ့ မဲနယ်တောင်သားတွေကို ကံကြမ္မာက လှည့်စားခဲ့တယ်။ ဒီနှစ်တစ် ပိဿာကို ၃,၅ဝဝ ကျပ်ဈေးရှိတဲ့ ကြက် သွန်ဖြူဟာ အဲဒီနှစ်မှာတော့ တစ်ပိဿာ     ကို မြန်မာငွေ တစ်ရာကျပ်ပဲ ရခဲ့တယ်လို့ ဆိုတယ်။  ဆီဆိုင်မှာရှိတဲ့လူတွေကတော့ ဒီကြက်သွန်ဖြူတွေကို အလကားပေး တောင် ယူမယ့်လူမရှိလို့ သနပ်ဖက်ခြံ တွေထဲ သွားလွှင့်ပစ်ရတယ်လို့ ပြောတယ်။

ဟိုပုံးမြို့နယ်ထဲက ရွာတွေဆိုရင် လည်း ဒီကံကြမ္မာက ပြေးမလွတ်ပါဘူး။ ဟိုပုံးမြို့ပေါ်သွားရောင်းတော့လည်း ကားခတောင် ပြန်မရလို့ နောက်ဆုံး ဒီ ကြက်သွန်တွေကို လမ်းပေါ်က ချိုင့်တွေ ကိုဖို့တဲ့နေရာမှာပဲ သုံးပစ်လိုက်ကြတယ်။ လူတစ်ယောက်ဆိုရင် သူများဝါးရုံပင်ခြေ ရင်းမှာ ကြက်သွန်ဖြူတွေ သွားပစ်လိုက် တာ ဝါးတွေသေကုန်လို့ ဝါးဖိုးတောင် ပြန်လျော်ပေးရသေးတယ်လို့ ဟိုပုံးမြို့ နယ်ထဲက ရွာခံတစ်ဦးက ပြောပြပါတယ်။

ပြဿ      နာက ဒီလောက်နဲ့ပြီးမသွား ဘူး။ နောက်နှစ်မှာတော့ မဲနယ်တောင်က လူတွေ သကြားစက်တွေက လာလာဝယ် လေ့ရှိတဲ့ တင်လဲရည်ရဖို့ ကြံစိုက်ကြပြန် တယ်။ ကြံတွေကလည်း သူတို့ တောင်ပေါ် မှာ အောင်မြင်ပါတယ်။ ကြံရည်တွေကို ကျိုချက်လိုက်လို့ရလာတဲ့ တင်လဲရည် တွေကို သံပေပါတွေနဲ့ ထည့်ထားကြတယ်။

သကြားစက်တွေက တစ်ရက်လာ ဝယ်နိုး၊ တစ်ရက်လာဝယ်နိုးနဲ့ စောင့်လိုက် ကြတာ နောက်ဆုံးတော့ ဘယ်သူမှ လာ ဝယ်မယ့်လူလည်း မရှိ၊ တင်လဲရည်တွေ လည်း ချဉ်ကုန်လို့ သူ ကိုယ်တိုင်ထုတ်လုပ် ထားတဲ့ တင်လဲရည်တွေကို တောင်စောင်း ကနေ သွန်ချလိုက်ရတယ်လို့ ဆီဆိုင်မြို့ နယ်ထဲက ကိုခွန်ကျော်မိုးဂက ပြောပြတယ်။

”ထိုင်ငိုရတယ်။ ကျွန်တော်တအား နာကြည်းတယ်”လို့ သူက ပြန်ပြောပြ တယ်။ တစ်နှစ်ကနေ နှစ်နှစ်ဆိုတော့ သူ တို့ရွာသားတွေ အရင်းပြုတ်သွားကြ တယ်။ နောက်ဆုံးတော့ ”သူများဆီမှာ ကျွန်ခံပြီးတော့ အလုပ်လုပ်ရတယ်”လို့ သူကဆိုတယ်။

ဘိန်းအစားထိုး သီးနှံစီမံကိန်းအသစ်

UNODC ဟာ အစိုးရနဲ့ပူးပေါင်း ပြီး ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံ ကိန်း ကနဦးစီမံချက်ကို ရှမ်းပြည်နယ်က ဟိုပုံးနဲ့ လွိုင်လင်မြို့နယ်တွေမှာ ၂ဝ၁၄၊ ဇန်နဝါရီကစပြီး အကောင်အထည်ဖော် နေပါပြီ။

ဟိုပုံးမြို့နယ်ထဲက ဟိုဟွေ့ကျေးရွာ ကတော့ တစ်ရွာလုံး ဘိန်းအစားထိုး သီးနှံ တွေ စိုက်ပျိုးနေတဲ့ရွာပါ။

UNODC ရဲ့စီမံကိန်းနဲ့ ဘိန်းခြံ တွေထဲမှာ ကော်ဖီပင်တွေ စိုက်ကြတာပါ။ မနှစ်ကအထိ ဘိန်းစိုက်ခဲ့တဲ့ ဒီရွာမှာ ဒီနှစ်တော့ ကတ်တွိုင်း (Catuai) လို့ခေါ် တဲ့ ကော်ဖီပင်တွေ တော်တော်များများ စိုက်ကုန်ကြပါပြီ။ ကော်ဖီပင်ကို စီးပွား ဖြစ်စိုက်ဖို့ဆိုရင် အနည်းဆုံးမြေတစ်ဒသမ ၂၅ ဧက လိုပါတယ်။ ဒီမြေပေါ်မှာမှ ကော်ဖီပင်တွေကို 2 × 1 မီတာခြားပြီး စိုက်တာပါ။

ကော်ဖီက သုံးနှစ်ကြာမှ အသီးသီး တာပါ။ ကော်ဖီပင်တစ်ပင်အနေနဲ့ အနည်းဆုံး ကော်ဖီစေ့ငါးဆယ်သား လောက်ထွက်ပြီးတော့ ကော်ဖီစေ့တစ် ပိဿာ    ကို ၅,ဝဝဝ ကျပ်ရပါတယ်။ ကော် ဖီပင်က ၁ ဒသမ ၂၅ ဧကမှာ အပင် ၂,၅ဝဝ လောက်စိုက်လို့ရတော့ တစ်နှစ် အတွက်ဆို ကျပ်သိန်း ၆ဝ ကျော်ရနိုင် ကြောင်း UNODC က ရှင်းပြထားတယ် လို့ ဟိုဟွေ့က ကော်ဖီစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

ဟိုဟွေ့ ရွာက ပအိုဝ်းတောင်သူ ဦး ခွန်စိန်တာကတော့ ကော်ဖီက နှစ်ရှည် သီးနှံဖြစ်တော့ ကော်ဖီမထွက်ခင် ကာလ တွေမှာ စားဖို့သောက်ဖို့က သိပ်အဆင် မပြေဘူးလို့ စကားပြန်ကနေတစ်ဆင့် ပြောပါတယ်။၂ဝ၁၂ က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီ မွန်း လာရောက်ကြည့်ရှုသွားတဲ့ ကျောက္က ချားဆိုတဲ့ရွာက ဘိန်းစိုက်တောင်သူတစ် ဦးကတော့ သူ့အနေနဲ့ အစားထိုးသီးနှံ စိုက်ဖို့ကို ဇဝေဇဝါဖြစ်နေပါတယ်။

၁၉၉၅-၁၉၉၆ ဝန်းကျင်မှာ ဘိန်း အစားထိုးသီးနှံဆိုပြီး ပန်းဂျုံတို့၊ ပန်းသီး တို့ စိုက်ခဲ့ကြပါသေးတယ်။ တကယ်လည်း ထွက်ရော ဝယ်မယ့်လူမရှိ ဖြစ်ခဲ့လို့ အခု ကော်ဖီကိုလည်း သိပ်ပြီး မယုံမကြည်ဖြစ် နေပါတယ်။ ၁၉၈၈ ခုနှစ်ဝန်းကျင်ကလည်း ဒီဒေသတွေမှာ ကော်ဖီကို စိုက်ဖူးကြပါ တယ်။ နှစ်စဉ် အာမခံပေးတဲ့ဈေးကွက် မရှိတဲ့အပြင် ကော်ဖီပင်တွေက သီးချင် တဲ့နှစ် သီးပြီး မသီးချင်တဲ့နှစ် မသီးတော့ အစားထိုးထပ်စိုက်ဖို့ကို တောင်သူတွေက အလေးမထားတော့တာ ဖြစ်တယ်လို့ တောင်တန်းဒေသ လူမှုဖွံ့ဖြိုးရေး လှုပ် ရှားဆောင်ရွက်မှုအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးခွန်ထွန်းတင်က ရှင်းပြပါတယ်။

တောင်သူတွေရဲ့ ခံယူချက်

ဟိုပုံးမြို့နယ်အတွင်းက အသက် ၃၄ နှစ် အရွယ်ရှိတဲ့ ဘိန်းစိုက်တောင်သူ အမျိုးသားတစ်ယောက်ကလည်း သူတို့ ဘိန်းစိုက်လို့ တခြားလူတွေ ဘဝပျက်တာ တွေ သိလို့ သူတို့လည်း ဘိန်းမစိုက်ချင် တော့ပါဘူးဆိုပြီး ပြောပါတယ်။ ”ကျွန် တော်တို့ကို ဘိန်းစိုက်တဲ့လူဆိုပြီးတော့ လူဆိုးလူမိုက်လို မမြင်ပါနဲ့”လို့ ပြုံးပြုံး ရယ်ရယ်နဲ့ ပြောတယ်။

ဆီဆိုင်မြို့နယ်အတွင်းက ဘိန်းစိုက် တောင်သူ ကိုခွန်ကျော်မိုးကလည်း သူတို့ ဘိန်းစိုက်တယ်ဆိုတာ ”သေနတ်တွေ၊ ကျည်ဆန်တွေ ထုတ်လိုက်သလိုပဲ”လူ တွေကို အညွန့်တုံးစေတာ၊ သေစေတာ တွေ သိနေတော့ ဒီအလုပ်ကို မကောင်းတဲ့ အလုပ်လို့ ခံယူပါတယ်လို့ ပြောပါတယ်။

ဘိန်းစိုက်လို့ရတဲ့ပိုက်ဆံနဲ့ အလှူ အတန်းလုပ်တော့လည်း လူသတ်တဲ့ဆေး ကိုထုတ်ပြီး လှူရတာဆိုတော့ စိတ်ထဲ မဖြောင့်ဘူးလို့ ကိုခွန်ကျော်မိုးက ပြောပါ တယ်။ ရွာက ဆရာတော်တွေကလည်း သူတို့လှူတာကို တစ်ရာလှူရင် တစ် ကျပ်တောင် ကုသိုလ်ဖြစ်ချင်မှ ဖြစ်မယ်လို့ ပြောတော့ ”အရမ်းဝမ်းနည်းတာပေါ့”ဆို ပြီး ပြောပါတယ်။

တွေ့ခဲ့ရသမျှဘိန်းစိုက်တောင်သူ တွေကတော့ ဘိန်းမစိုက်ချင်တော့ပေ မယ့် သူတို့အတွက် ရွေးစရာလမ်းကိုတော့ ဘယ်သူကမှ ပြမပေးနိုင်သေးပါဘူး။ ဘိန်း မစိုက်နဲ့ဆိုပြီး နှစ်တိုင်းဘိန်းခင်းတွေ လာဖျက်နေပေမယ့် ဝမ်းစာဖူလုံမယ့် ဘယ်သီးနှံကို အစားထိုးစိုက်ရမလဲဆို တာကိုလည်း ဘယ်သူကမှ ဆောင်ရွက် ပေးတာ မရှိပါဘူး။

UNODC က ဘိန်းအစားထိုး သီးနှံစီမံကိန်း လုပ်နေတယ်ဆိုပေမယ့် တစ်နိုင်ငံလုံးမှာ စုစုပေါင်း ဧက ၁,၃ဝဝ ပဲ အစားထိုးသီးနှံ ပေးနိုင်ပါသေးတယ်။ တစ်နိုင်ငံလုံးမှာ ဘိန်းစိုက်တာ ဧက ၁၄ဝ,ဝဝဝ လောက်ရှိတော့ တစ်နိုင်ငံလုံးဘိန်းစိုက်ဧရိယာရဲ့ တစ်ရာခိုင်နှုန်းလောက်  ပဲ ပေးနိုင်တာပါ။

”ကျွန်တော်တို့ ဆန်ဝယ်လို့ရ အောင်၊ တစ်နှစ်စာဖူလုံအောင် ရရင် တော်ပြီ” လို့ ဟိုပုံးမြို့နယ်၊ ကျောက္ကချား ရွာက ဘိန်းစိုက်တောင်သူတစ်ဦးက ပြော ပါတယ်။

”ချမ်းသာရမယ်၊ ကြွယ်ဝရမယ်၊ တိုက်ကြီးတွေ ကျွန်တော် မမျှော်မှန်းဘူး။ ဆန်ပဲ။ ထမင်းဝဝ လင်လင်စားရမယ်၊ ဒါ ကျွန်တော်မှန်းတယ်”

အစားထိုးသီးနှံလည်း မပေးနိုင်တဲ့ ဒီလိုအခြေအနေမျိုးမှာ ဘိန်းမစိုက်ပါနဲ့ လို့ပြောတာက ”ရိုက်သတ်လိုက်တာနဲ့ အတူတူပဲ”လို့ သူ့ခံစားချက်ကို ပြောပြ သွားတယ်။       ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here