Home သတင်းဆောင်းပါး ရှမ်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

ရှမ်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

146
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

 Photo: Lynn Myat           ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှ ပိုက်လိုင်းဖြတ်သည့် လယ်ကွင်းအတွင်း တွေ့ရသည့် လယ်သမားတစ်ဦး

၂၀၁၆-ဇန်နဝါရီလထုတ် ၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

ကျော်မျိုးထွန်း နှင့်

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

မြန်မာ-တရုတ်ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဖြတ် သွားရာ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေ တွေကိုလေ့လာဖို့ နိုဝင်ဘာ တတိယပတ်ထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ကျွန်တော်တို့ သွား ရောက်ခဲ့ကြပါတယ်။ ပိုက်လိုင်းဟာ ရှမ်းပြည်နယ် မှာဆိုရင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံနဲ့ နမ့်ခမ်းမြို့နယ်တွေကို ဖြတ်သွားပါတယ်။

ပိုက်လိုင်းတစ်လျှောက် လျော်ကြေးငွေမမျှတမှု၊ အုပ်ချုပ် ရေးပိုင်းမှာ ခြစားမှု၊ လယ်ယာမြေပျက်စီးဆုံးရှုံးမှု၊ အသက်မွေး ဝမ်းကျောင်းတွေ ထိခိုက်မှု၊ ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာ အချို့ ထိခိုက်မှုတွေကို တွေ့မြင်ကြားသိခဲ့ရုံမက သဘာဝပတ်ဝန်း ကျင်ပျက်စီးထိခိုက်မှုနဲ့ ပိုက်လိုင်းမတော်တဆ ပေါက်ကွဲမှာကို ဒေသခံတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကိုလည်း ကြားခဲ့ရပါ တယ်။

ကျွန်တော်တို့ဟာ နိုဝင်ဘာ ၁၄ ရက်မှာ ရန်ကုန်မြို့ကနေ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ကို ထွက်ခွာလာခဲ့ကြပါ တယ်။ နောက်နေ့ မနက်စောစောမှာ ပြင်ဦးလွင်ကို ရောက်ပါ တယ်။ အဲဒီကနေ ဝါးပိုးရေကျေးရွာမှာရှိတဲ့ အာရှအလင်း ပရိ ယတ္တိစာသင်တိုက်ကို သွားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့် ရေးကော်မတီ(Myanmar China Pipeline Watch Committee – MCPWC )အဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။  အဲဒီ ဘုန်း ကြီးကျောင်းမှာ MCPWC က သူရဲ့အဖွဲ့ဝင်တွေအတွက် မြေယာ ဥပဒေသင်တန်းကို ငါးရက်ကြာ ပြုလုပ်နေတာပါ။

သင်တန်းတက်နေကြတဲ့ MCPWC အဖွဲ့ဝင်တွေကို သင် တန်းနားချိန်တွေမှာ တွေ့ဆုံပြီး သူတို့ဒေသအသီးသီးက ပိုက်လိုင်းစောင့်ကြည့်လေ့လာမှုအခြေအနေတွေကို နိုဝင်ဘာ ၁၅ နဲ့ ၁၆ ရက်တွေမှာ မေးမြန်းခဲ့ကြပါတယ်။

ကျောက်မဲသို့

ပြင်ဦးလွင်ကနေ နိုဝင်ဘာလ ၁၇ ရက်မှာ ထွက်ခွာလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရှမ်းပြည် နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲက ရွာခြောက်ရွာကို သွား ရောက်ခဲ့ရာမှာတော့ ပိုက်လိုင်းစီမံကိန်းကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခက်တွေ့ရတာတွေ၊ သောက် သုံးရေရှားပါးပြီး စိုက်ပျိုးရေလုံလုံလောက်လောက် မရတော့တာ ကြောင့် သီးနှံအမျိုးအစားပြောင်းလဲစိုက်ပျိုးရတာတွေ၊ ဒေသခံ တွေရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအချို့ ပျောက်ကွယ်သွားရတာ တွေကို ကြားသိခဲ့ရပါတယ်။

ကျွန်တော်တို့ ပထမဆုံးသွားဖြစ်ခဲ့တဲ့ ရွာကတော့ ပိုက် လိုင်းကြောင့်  ရွာရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့ခဲ့ရတဲ့ စခန်းသာကျေးရွာအုပ်စုထဲက နားအိုက်ခန့် ကျေးရွာပါ။ မန္တလေး-မူဆယ်ကားလမ်းပေါ်မှာရှိတဲ့ အဲဒီရွာရဲ့ဘေး နားကနေ ပိုက်လိုင်းက ဖြတ်သွားတာဖြစ်ပါတယ်။

နားအိုက်ခန့်ရွာသူ ရွာသားတွေဟာ ရွာနဲ့ ကိုးမိုင်ကျော် လောက်ဝေးတဲ့ ကျောက်မဲမြို့ကနေ ကိုယ်ထူကိုယ်ထစနစ်နဲ့ လျှပ် စစ်မီးသွယ်တန်းဖို့ ၂ဝ၁၂ မှာ ကြိုးစားခဲ့ပါတယ်။ အိမ်ခြေ ၂၈၅ အိမ်ရှိတဲ့ နားအိုက်ခန့်ရွာရဲ့ ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ လည်း ဖြစ်၊ ဒေသခံတောင်သူတစ်ဦးလည်းဖြစ်တဲ့ ဦးဆာဂျန်း ဦးဆောင်တဲ့ ကျေးရွာမီးလင်းရေး ကော်မတီက ပိုက်လိုင်းအနီးက ဒေသခံတောင်သူတစ်ဦးပိုင်တဲ့ ယာမြေကိုဝယ်ယူပြီး လျှပ်စစ် ဓာတ်အားခွဲရုံတည်ဆောက်ဖို့ စီစဉ်ခဲ့ပါတယ်။

အဲဒီနေရာကို မြို့နယ်မြန်မာ့လျှပ်စစ်လုပ်ငန်းက လာ ရောက်လေ့လာပြီး လျှပ်စစ်ဓာတ်အားခွဲရုံတည်ဆောက်ဖို့ လက် ခံခဲ့ပေမယ့် တရုတ်ကုမ္ပဏီက ပိုက်လိုင်းနဲ့ နီးတယ်ဆိုကာ ကန့် ကွက်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ဆုံးတော့ အဲဒီလျှပ်စစ်ဓာတ် အားခွဲရုံကို မူလသတ်မှတ်ထားတဲ့နေရာကနေ ခြောက်ဖာလုံ လောက်ဝေးတဲ့နေရာကို ပြောင်းရွှေ့တည်ဆောက်ခဲ့ရတယ်လို့ အသက် ၅၄ နှစ်ရှိ  ဦးဆာဂျန်းက ရှင်းပြပါတယ်။

”အဲဒီတစ်ချက် ခံစားရပြီးတဲ့နောက်ပိုင်းမှာတော့ ကျွန် တော် ဒီပိုက်လိုင်းကြီးကို လုံးဝမနှစ်သက်တော့ဘူး” လို့ သူက ဖွင့်ဟတယ်။ သူတို့အတွက် အကျိုးမရှိတဲ့အပြင် အနှောင့်အယှက် တောင်ဖြစ်ရတယ်လို့ သူက ဆိုတယ်။

ဒီပိုက်လိုင်းက ရပ်ရွာအတွက် ဘာမှအကျိုးမရှိဘူးဆိုတဲ့ အမြင်ကို ဦးဆာဂျန်းနည်းတူ ရွာခံအများစုကလည်း မြင်ကြပါ တယ်။ သူတို့ရဲ့စိတ်ထဲမှာ ပိုက်လိုင်းချို့ယွင်းချက်တစ်ခုခုဖြစ်ပြီး ပေါက်ကွဲသွားမှာကိုလည်း စိုးရိမ်ကြောင့်ကြနေကြတယ်။

ပြီးခဲ့တဲ့နှစ်မိုးတွင်းတုန်းက ဦးဆာဂျန်းအိမ်နဲ့ တစ်ခေါ်စာ လောက်ဝေးတဲ့ ရွာအရှေ့ဘက်တောင်ကုန်းပေါ်က တောင်ကျရေ တွေ လှိမ့်ဆင်းလာတာကြောင့် မြေအောက်ရှစ်ပေလောက် အနက်မှာ မြှုပ်ထားတဲ့ ပိုက်လိုင်းဟာ ပြန်ပေါ်လာခဲ့ပါတယ်။ ရွာ ကိုရောက်လာတဲ့ တရုတ်ဝန်ထမ်းတွေကို သူသွားပြောလိုက်တော့ မှ တရုတ်ကုမ္ပဏီက ပိုက်လိုင်းအပေါ်ကို မြေပြန်ဖို့ပြီးမြှုပ်သွား ခဲ့ပါတယ်။

ပိုက်လိုင်းနဲ့ပတ်သက်ပြီး နားအိုက်ခန့်ရွာသူရွာသားတွေရဲ့ ထိတ်လန့်ကြောက်ရွံ့ မှုတွေကို ချေဖျက်နိုင်ဖို့ တရုတ်ကုမ္ပဏီဘက် ကလည်း ကြိုးစားခဲ့ပါသေးတယ်။ တရုတ်ကုမ္ပဏီ တာဝန်ရှိသူ တွေက ဒီရွာရဲ့ မူလတန်းလွန်ကျောင်းမှာ ရွာသူရွာသားတွေကို ခေါ်ယူတွေ့ဆုံပြီး ဒီပိုက်လိုင်းတွေဟာ သဘာဝဓာတ်ငွေ့နဲ့ ရေနံ ကုန်ကြမ်းတွေပဲ သယ်ဆောင်ဖြတ်သန်းသွားတာကြောင့် မပေါက်ကွဲနိုင်ဘူး၊ အ္တနရာယ်မရှိဘူးလို့ စကားပြန်ကတစ်ဆင့် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ”ဒီမှာနေရတာကို ခပ်ကြောက်ကြောက်ပဲ။ မတော် လို့ ပေါက်ကွဲခဲ့ရင် အရင်ဆုံး ကျွန်တော်တို့ကသေမှာ၊ သူတို့က နောက်မှ လျော်မှာ”လို့ ဦးဆာဂျန်းက ပြောပါတယ်။

ဒီပိုက်လိုင်းဟာ ရွာသူရွာသားတွေ သောက်ရေ၊ စိုက်ပျိုး ရေအတွက် အားထားနေရတဲ့ ရေထွက်ဂနိုင် (စိမ့်စမ်းထွက်ရှိ သော၊ သစ်ပင်ကြီးများ အုံ့ဆိုင်းနေသည့် တော) အနီးက ဖြတ် သွားတာကြောင့်လည်း ရေအရင်းအမြစ်တွေပါ ထိခိုက်သွားတယ် လို့ ရွာခံတွေကဆိုကြပါတယ်။ ဦးဆာဂျန်းနေအိမ်ခြံဝင်းထဲက တစ်နှစ်ပတ်လုံး ရေမခန်းခြောက်တဲ့ရေတွင်းဟာ ပိုက်လိုင်းတည် ဆောက်ပြီးနောက်ပိုင်းမှာ နွေရာသီရောက်တိုင်း ရေခန်းခြောက် လာတာ အခုဆို သုံးနှစ်ရှိပါပြီ။

သူ့အိမ်ရှေ့က မ္တနလေး-မူဆယ်ကားလမ်းရဲ့ တစ်ဖက်ခြမ်း မှာရှိတဲ့ နှစ်စဉ်နှစ်တိုင်း နွေစပါးစိုက်ပျိုးနေတဲ့လယ်တွေမှာဆိုရင် လည်း စိုက်ပျိုးရေအလုံအလောက်မရတော့တာကြောင့် စပါး အစား ပြောင်းဖူးကို ပြောင်းလဲစိုက်ပျိုးနေရပြီလို့ ဦးဆာဂျန်းက ရှင်းပြပါတယ်။

နောက်ပြဿ      နာတစ်ခုကတော့ ပိုက်လိုင်းပေါ်မှာ အဆောက်အအုံမဆောက်ရ၊ နှစ်ရှည်ပင် မစိုက်ရ၊ မီးမရှို့ရဆိုတဲ့ ကန့်သတ်တားမြစ်ချက်တွေနဲ့ မတော်တဆပေါက်ကွဲမှာ စိုးရိမ် မှုတွေကြောင့် ပိုက်လိုင်းအနီးတစ်ဝိုက် လယ်ယာမြေတွေဟာ ဈေးနှုန်းကျဆင်းသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဦးဆာဂျန်းရဲ့နေအိမ်ခြံဝင်းဟာ ပိုက်လိုင်းဧရိယာထဲ မပါ ဝင်ပေမယ့် ပိုက်လိုင်းနဲ့ ပေ ၁ဝဝ လောက်သာကွာဝေးပါတယ်။ ပိုက်လိုင်းဘေးမှာ နေထိုင်ရတဲ့အဖြစ်ကို ”ကျွန်တော်တို့မှာက သေရမှာလည်း ကြောင့်ကြနေရ၊ နေရမှာလည်း ကြောင့်ကြနေရ တယ်”လို့ သူက ညည်းတွားတယ်။

ဒီပိုက်လိုင်းစီမံကိန်းနဲ့ပတ်သက်ပြီး ကောင်းကျိုးအနေနဲ့ တရုတ်ကုမ္ပဏီက ဒေသဖွံ့ဖြိုးရေးအတွက် ရွာက မူလတန်းလွန် ကျောင်းမှာ လိုအပ်နေတဲ့ စာသင်ဆောင်တစ်ဆောင် ဆောက် လုပ်လှူဒါန်းပေးခဲ့တာပဲရှိတယ်လို့ ရွာခံတွေက ဆိုတယ်။

အဲဒီနေ့ညနေပိုင်းမှာပဲ နားအိုက်ခန့်ရွာကနေ ခုနစ်မိုင် လောက်ဝေးတဲ့ ဇီးပင်စခန်းရွာကို ကျွန်တော်တို့ သွားရောက်ခဲ့ ပါတယ်။ ဇီးပင်စခန်းရွာက နာမည်ကျော်ဂုတ်ထိပ်တံတားအနီးမှာ ရှိတာပါ။

ပိုက်လိုင်းမြှုပ်ထားတဲ့နေရာအထက်မှာ သီးနှံတွေ ပြန်စိုက် ခွင့်ပေးခဲ့ပေမယ့် အရင်ကလို အဆင်မပြေတော့ဘူးလို့ ဇီးပင် စခန်းကတောင်သူတွေကဆိုပါတယ်။ ပိုက်လိုင်းပြီးသွားတဲ့အခါ ပိုက်လိုင်းပေါ်က သူ့ယာမြေကို တောင်သူဦးလှတောင်ဟာ သီးနှံ တွေ ပြန်စိုက်ပျိုးပါတယ်။ဒါပေမဲ့ ပိုက်လိုင်းလာမြှုပ်တဲ့သူတွေက မြေပြန်ဖို့တဲ့အခါမှာ စနစ်တကျပြန်ဖို့ခဲ့တာမဟုတ်ဘူးလို့ ဆိုပါ တယ်။ သဘောကတော့ မြေဆီမြေသြဇာပါတဲ့ အပေါ်ယံမြေလွှာနဲ့ အောက်က မြေစိမ်းတွေ ရောပြီး ဖို့လိုက်သလို ဖြစ်သွားတာပါ။ အဲဒါကြောင့် အပင်ပြန်စိုက်ရာမှာ အရင်လို အောင်မြင်ဖြစ်ထွန်းမှု မရှိတော့ပါဘူး။

ဦးလှတောင်လိုပဲ ပိုက်လိုင်းဧရိယာပေါ် ပြန်လည်စိုက်ပျိုး ကြတဲ့ အခြားတောင်သူတွေလည်း အခြားနေရာတွေထက် အပင် ဖြစ်ထွန်းမှုနည်းပြီး အထွက်နှုန်း သိသိသာသာလျော့နည်းသွား ကြတယ်လို့ဆိုပါတယ်။ ဇီးပင်စခန်းရွာက တောင်သူ ကိုစိုင်းကံထူး ပြောပြတာက ပိုက်လိုင်းဖြတ်သွားတဲ့ နေရာတွေဟာ တခြား နေရာတွေနဲ့စာရင် သီးနှံအထွက်နှုန်းက သုံးပုံတစ်ပုံလောက်ပဲ ရှိ တယ်လို့ ဆိုတယ်။ ”တချို့ကျောက်ပုံထားတဲ့နေရာ၊ မြေစာပုံထား လို့ လုပ်(စိုက်)မရတဲ့နေရာတွေလည်း ရှိသေးတယ်”လို့ သူက ဆိုတယ်။

ကျွန်တော်တို့ဟာ ဇီးပင်စခန်းကျေးရွာမှာ တစ်ညတာ ညအိပ်တည်းခိုပြီး နိုဝင်ဘာလ ၁၈ ရက်မနက်ပိုင်းမှာ ပိုက်လိုင်း ဖြတ်သွားတဲ့ ဂုတ်တွင်းဘက်ကို သွားကြည့်ကြပါတယ်။

ရခိုင်ပြည်နယ်ကနေအစပြုပြီး မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်လာတဲ့ပိုက်လိုင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ တော အထပ်ထပ်၊ တောင်အသွယ်သွယ်ကို နိမ့်ချည်တစ်လှည့် မြင့်ချည် တစ်ခါ မြွေလိမ်မြွေကောက် ဖြတ်ကျော်ခဲ့ပြီးတဲ့နောက် ဂုတ်တွင်း ဒေသအရောက်မှာတော့ ဂုတ်ထိပ်တံတားနဲ့အပြိုင် အနက်ပေ ၃ဝဝ လောက်ရှိတဲ့ ချောက်ကမ်းပါးအတိုင်း ဆင်းသွားပါတယ်။

အဲဒီကနေ ဂူအတွင်းထဲကစီးဆင်းနေတဲ့ စမ်းချောင်းပေါ်က ဖြတ်သန်းပြီး ၉ဝ ဒီဂရီလောက်မတ်စောက်နေတဲ့ ချောက်ကမ်း ပါးအတိုင်းအပေါ်ကို ပိုက်လိုင်းဟာ ထောင်တက်ပါတယ်။

ညာဘက်ကို လှမ်းကြည့်လိုက်တော့ ဂုတ်ထိပ်တံတားကို ပျပျမြင်ရပြီး ရထားတစ်စင်းက ဖြည်းဖြည်းချင်း ဖြတ်မောင်းနေ တာ တွေ့ရတယ်။ အဲဒီမှာ လေ့လာကြည့်ရှုပြီး နောင်ချိုမြို့ကို အဝေးပြေးကားတစ်စီးနဲ့ လိုက်ပါလာခဲ့ပါတယ်။

နောင်ချို

ဒီမြို့နယ်ထဲမှာ အခြားနေရာတွေနဲ့ မတူတဲ့ လျော်ကြေး ရတဲ့ဖြစ်စဉ်ကို တွေ့ခဲ့ရသလို ရှေ့မှာဖော်ပြခဲ့တဲ့ ရွာတွေ ကြုံတွေ့ရ တဲ့ပြဿနာတွေကိုလည်း ဒီဘက်မှာ တွေ့ရပါသေးတယ်။ နောင် ချိုမြို့ရဲ့ အစွန် အဖျားရပ်ကွက်တစ်ခုဖြစ်တဲ့ နားရှိုး ၂ ရပ်ကွက်ကို အရင်ဆုံးသွားဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ဒေသခံအချို့နဲ့ တွေ့ဆုံခဲ့ပြီး အဲဒီရပ်ကွက်ကနေ သုံးမိုင်လောက်အကွာမှာရှိတဲ့ သဖန်းကိုင်း ကျေးရွာကို ဆိုင်ကယ်နဲ့ ဆက်သွားခဲ့ကြပါတယ်။

ပိုက်လိုင်းဟာ သဖန်းကိုင်းရွာကို အလယ်လောက်ကနေ ဖြတ်သွားတဲ့အတွက် ရွာက နှစ်ခြမ်းအပိုင်းခံလိုက်ရသလို ဖြစ်နေ တာကိုလည်းတွေ့ရပါတယ်။ ပိုက်လိုင်းဟာ ဒီရွာက တောင်သူ ဦးတင်အောင်ရဲ့ နေအိမ်ခြံဝင်းထဲကနေ ဖြတ်သန်းသွားခဲ့တာပါ။

တောင်သူ ဦးတင်အောင်ဟာ ယာခင်းထဲက တောင်ပို့ကို မြေတူးစက်ငှားပြီး ဖြိုဖို့ စီစဉ်ရာမှာ ပိုက်လိုင်းပေါ်က ဖြတ်သွားရ မှာ ဖြစ်လို့ တရုတ်ကုမ္ပဏီက ဖြတ်သန်းခွင့်မပြုတာကြောင့် ဦးတင်အောင်လည်း တောင်ပို့ဖြိုမယ့် အစီအစဉ်ကို လက်လျှော့ ခဲ့ရပါတော့တယ်။

သဖန်းကိုင်းကျေးရွာက အပြန်မှာတော့ ညဥ့်နက်နေပြီ ဖြစ် လို့ နောင်ချိုမြို့ပေါ်က တည်းခိုခန်းတစ်ခုမှာ တစ်ညတည်းခိုခဲ့ ပါတယ်။ နောက်တစ်နေ့ နိုဝင်ဘာ ၁၉ ရက် မနက်စောစောမှာ နောင်ချိုမြို့နဲ့ မိုင် ၄ဝ ဝန်းကျင်ဝေးတဲ့ နမ့်လင်းခံကျေးရွာကို အဝေးပြေးကားနဲ့ သွားရောက်ခဲ့ပါတယ်။

နမ့်လင်းခံကျေးရွာက တောင်သူတွေကတော့ ဒီပိုက်လိုင်းဖြတ်သန်းသွားတဲ့အတွက် အဆိုးထဲက အကောင်းတစ်ခုအဖြစ် စစ်အစိုးရလက်ထက်တုန်းက အသိမ်းခံခဲ့ရတဲ့ မြေယာတွေ အတွက် လျော်ကြေးငွေရခဲ့တာပဲဖြစ်ပါတယ်။ ၁၉၉၂ က နမ့်လင်း ခံရွာက တောင်သူတွေပိုင်တဲ့ လယ်ယာမြေဧက ၇၂ဝ ကျော်ကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက သိမ်းယူလိုက်ပြီး ပိုးစာပင်တွေ စိုက်ပျိုးခဲ့တာပါ။ အဲဒီလယ်မြေတွေမှာ ပိုးစာစိုက်ပျိုးတာ မအောင် မြင်တာကြောင့် နောက်ပိုင်းမှာ မြေသိမ်းခံတောင်သူတွေက ဝင် ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။

ပိုက်လိုင်းဧရိယာထဲပါသွားတဲ့ လယ်မြေတွေအတွက် လျော်ကြေးကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက တောင်းဆိုခဲ့ပေ မယ့် နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်း ဦးစီးမှူးတို့က လက်မခံဘဲ မူလမြေသိမ်းခံ တောင်သူတွေကိုပဲ ပေးအပ်ခဲ့ပါတယ်။

နမ့်လင်းခံရွာကနေ ၁၅ မိနစ်လောက် ဆိုင်ကယ်စီးသွားရ တဲ့ ကြိမ်ဂနိုင်ကျေးရွာမှာတော့ ပိုက်လိုင်းက ရွာကို အလယ်က နေဖြတ်သွားပါတယ်။ ပိုက်လိုင်းနဲ့ လူနေအိမ်တွေက ၁၅ ပေ လောက်ပဲကွာဝေးပါတယ်။  ပိုက်လိုင်းမြှုပ်ထားတဲ့ မြေကြီးပေါ်မှာ အမှိုက်တွေကို ပုံပြီး မီးရှို့ထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

      Photo: Lynn Myat                                                 ကျောက်မဲမြို့နယ်၊ နောင်ပိန်လေးကျေးရွာမှ ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားသည့် ဧည့်သချိုင်္င်းနေရာ

သင်္ချိုင်းပျောက်သည့် ရွာ

ကြိမ်ဂနိုင်ရွာကနေ ကျောက်မဲမြို့ကို မှန်လုံယာဉ်တစ်စီးနဲ့ ခရီးဆက်ခဲ့ပါတယ်။ ကျောက်မဲမြို့မှာ တစ်ညတာတည်းခိုပြီး နောက်ရက် နိုဝင်ဘာ ၂ဝ ရက်မနက်ပိုင်းမှာ ဧည့်သင်္ချိုင်းအဖျက် ခံရတဲ့ နောင်ပိန်လေးရွာကို သွားရောက်ခဲ့ပါတယ်။ ဆယ်စုနှစ် များစွာတည်ရှိလာခဲ့တဲ့ ဧည့်သင်္ချိုင်းပျက်စီးသွားတာကြောင့် ဒေသခံ ရှမ်းလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာ တစ်ခုဟာ ဖျက်ဆီးခံလိုက်ရတယ်လို့ ရွာသားတွေက ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေဟာ ရွာမှာခေတ္တ လာရောက်တည်းခိုနေထိုင်တဲ့ ဧည့်သည်တွေ ဆုံးပါးခဲ့ရင် ရွာက သင်္ချိုင်းမှာ သင်္ဂြိုဟ်လေ့မရှိပါဘူး။ အကြောင်းကတော့ ဧည့်သည် တွေကိုရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်ခဲ့ရင် ရွာကလူတွေ ဆက်တိုက်သေ ဆုံးတတ်တယ်ဆိုတဲ့ အယူအဆကြောင့်ပါ။

ဒါကြောင့်လည်း ရှမ်းရွာတိုင်းမှာ ရွာခံတွေကို သင်္ဂြိုဟ်တဲ့ သင်္ချိုင်းနဲ့ ဧည့်သည်တွေကို သင်္ဂြိုဟ်တဲ့သင်္ချိုင်းဆိုပြီး သင်္ချိုင်းနှစ်ခု ထားရှိကြတာဖြစ်ပါတယ်။ (ရွာမှာ လာရောက်နေထိုင်တာ တစ် နှစ်ကျော်သွားတဲ့ ဧည့်သည် ကွယ်လွန်ခဲ့ရင်တော့ ရွာခံသင်္ချိုင်းမှာ သင်္ဂြိုဟ်လို့ ရတယ်လို့ဆိုကြပါတယ်။)

အရင်က သင်္ချိုင်းဖြစ်ခဲ့တဲ့အဲဒီနေရာဟာ ပိုက်လိုင်းဖြတ် သွားရုံ နေရာတစ်ခုတင်မကပါဘူး။ အမှိုက်ပုံတစ်ခုဖြစ်နေသလို အဲဒီအမှိုက်တွေကို မီးရှို့ရာနေရာလည်းဖြစ်နေတာကို တွေ့ ခဲ့ရပါ တယ်။ ရွာသားတွေနဲ့ ကျွန်တော်တို့ စကားပြောနေတဲ့အချိန်မှာ ပိုက်လိုင်းမြှုပ်ထားတဲ့ မြေနေရာအထက်မှာ အမှိုက်တွေပုံပြီး မီး ရှို့ထားတာကို တွေ့ ခဲ့ရပါတယ်။

ပိုက်လိုင်းပေါ် မီးမရှို့ရဘူးလို့ ကုမ္ပဏီက တားမြစ်ထားတယ် ဆိုပေမယ့် ဒူးလောက်မြင့်တဲ့ အမှိုက်ပုံကြီးဟာ မီးခိုးတွေထွက်ပြီး တဖြည်းဖြည်းလောင်နေပါတယ်။ ကျွန်တော်တို့က ဒါကို မှတ် တမ်းတင်ဓာတ်ပုံ ရိုက်ပါတယ်။ တငွေ့ငွေ့နဲ့ လောင်နေတဲ့ အမှိုက် ပုံဟာ လေတိုက်လာတဲ့အခါ မီးတောက်တွေ ထွက်လာပါတယ်။

အမှိုက်လာပုံတဲ့လူတွေဟာ သူတို့ရဲ့ ခါးကြားမှာ ထိုးလာတဲ့ မီးခြစ်လေးနဲ့ မီးတို့ပြီး အမှိုက်ပုံကို ဒီအတိုင်းထားပစ်ခဲ့တာဖြစ်ပါ တယ်။ ကျွန်တော်တို့ရှိနေတဲ့ အချိန်နာရီဝက်လောက်မှာကို နောက်လူတစ်ယောက်ဟာ အမှိုက်လာပုံရင်း မီးရှို့သွားပါတယ်။ အဲဒီမီးပုံကို မီးငြိမ်းတဲ့အထိ စောင့်ကြည့်နေတဲ့သူမရှိပါဘူး။

”ဒီလိုရှို့နေကျပဲ။ အခြားရှို့စရာနေရာမှ မရှိတာ”လို့ အမှိုက် လာပုံပြီး မီးရှို့သွားသူက ပြောပါတယ်။

ဧည့်သင်္ချိုင်းရှိတုန်းကတော့ သင်္ချိုင်းမြေကို ခြံစည်းရိုးကာ ထားတာကြောင့် အခုလို အမှိုက်ပုံတာတွေ၊ မီးရှို့တာတွေ မလုပ် ခဲ့ကြဘူးလို့ နောင်ပိန်လေးရွာသူ ဒေါ်နန်းမြအိမ်က ပြောပါတယ်။

”ဧည့်သင်္ချိုင်းအတွက် ရွာက လျော်ကြေးလည်း မရ၊ မြေ အစားလည်းပြန်မရတော့ အခက်တွေ့နေတာပေါ့။ လောလော ဆယ် ဧည့်သည်တွေ ဆုံးပါးသွားရင်တောင် သင်္ဂြိုဟ်ဖို့ နေရာ မရှိဘူး”လို့ အဲဒီရွာခံ ဒေါ်နန်းမြအိမ်က ရှမ်းသံဝဲဝဲနဲ့ ပြောပါတယ်။

သင်္ချိုင်းနားကလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့ လမ်းသွားလမ်းလာတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေကလည်း မီးပုံ ကို အလေးထားကြပုံမပေါ်ပါဘူး။ တကယ်လို့ ပိုက်လိုင်းပေါ်မှာ လောင်နေတဲ့မီးကြောင့် ပိုက်လိုင်းတစ်စုံတစ်ခု ပေါက်ကွဲခဲ့မယ် ဆိုရင်တော့ ဒီဆောင်းပါးကို ကျွန်တော်တို့ရေးခွင့်ရလိုက်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့သေသွားခဲ့ရင်တောင် နောင်ပိန်လေးရွာမှာ ကျွန်တော်တို့ကို သင်္ဂြိုဟ်ဖို့အတွက် ဧည့် သချိုင်းလည်း မရှိတော့ပါဘူး။

တရုတ်ကုမ္ပဏီက ပိုက်လိုင်းပေါ်မှာ ဆောင်ရန်၊ ရှောင်ရန် တွေကို ရွာသူရွာသားတွေကို အသိပညာပေးတာမရှိဘူးလို့လည်း နောင်ပိန်လေးရွာရဲ့ အုပ်ချုပ်ရေးမှူးရုံးက အလုပ်အမှုဆောင် ဦးကျော်ဝင်းက ဆိုပါတယ်။

ကျွန်တ်ာတို့ဟာ နောင်ပိန်လေးကျေးရွာကနေ ငါးမိုင် လောက်ဝေးတဲ့ ဗူးခါးကျေးရွာကို သွားခဲ့ကြပါတယ်။ ဒီဘက်ရွာ မှာက ပိုက်လိုင်းတည်ဆောက်ရေးလုပ်ငန်းတွေ မစတင်မီ ၁၅ ရက်ခန့်သာ ကြိုပြောခဲ့တဲ့အတွက် ယာခင်းထဲက ပြောင်းဖူးတွေ မချိုးလိုက်ရသလို ကြံလည်း မခုတ်လိုက်ရဘူးလို့ဒီရွာက ရှမ်း တောင်သူ ကိုစိုင်းခင်မောင်ညွန့်က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ(ကျားဖြူပါတီ)နဲ့ ကျောက်မဲမြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံးကို သွားရောက်တင်ပြခဲ့ပေမယ့် အကြောင်းမထူး ခဲ့ဘူးလို့ သူက ဆိုတယ်။ ဗူးခါးရွာက ကိုစိုင်းခင်မောင်ညွန့်ရဲ့ နေ အိမ်မှာ သူနဲ့တွေ့ဆုံမေးမြန်းနေတုန်းမှာပဲ ဗူးခါးရွာနဲ့ နှစ်မိုင် လောက်ဝေးတဲ့ နားခေါ်ရွာက တောင်သူသုံးဦး ရောက်လာပါတယ်။

နားခေါ်ကျေးရွာက တောင်သူဦးဆန်မူးက သူ့ယာထဲကို ပိုက်လိုင်းမဖြတ်ပေမယ့် ပိုက်လိုင်းဖြတ်သွားတဲ့ ပန်ကျိုင်းတောင် ပေါ်မှာ မိုးများရင် တောင်ကျရေတွေနဲ့အတူ ကျောက်ခဲတွေ ပါ လာပြီး တောင်ခြေမှာရှိတဲ့ သူ့ရဲ့ယာထဲ ကျလာတယ်လို့ ပြောပြ တယ်။ ပိုက်လိုင်းဖြတ်သန်းဖို့ တောင်ပေါ်က ကျောက်တွေကို တူး ဆွထားခဲ့တာကြောင့် မိုးများတဲ့အခါ ကျလာတာဖြစ်ပါတယ်။

”ကျောက်ခဲတချို့ဆို စားပွဲလောက်ကြီးတယ်”လို့ ဦးဆန် မူးက ပြောပြတယ်။ ကျောက်ခဲတွေကျလာတာကြောင့် သူပိုင်တဲ့ ယာရဲ့သုံးပုံနှစ်ပုံလောက်က စိုက်ပျိုးလို့မရတော့ဘူးလို့ ဆိုတယ်။ ပိုက်လိုင်းဧရိယာထဲ မပါဝင်ပေမယ့် ပိုက်လိုင်းကြောင့် သီးနှံစိုက် ပျိုးလို့ မရအောင် နစ်နာဆုံးရှုံးနေရတဲ့ ဦးဆန်မူးတို့လို တောင်သူ တွေကို ဘယ်သူမှ တာဝန်ယူဖြေရှင်းပေးတာ မတွေ့ရပါဘူး။

”ထယ်(ထိုး)လို့မရတော့ဘူး။ လယ်ထွန်စက်နဲ့တောင် ထယ်(ထိုး)လို့ မရတော့ဘူး”လို့ ဦးဆန်မူးက ဆိုပါတယ်။

လယ်ကွက်တွေကြားထဲက ဖြတ်သွားတဲ့ ပိုက်လိုင်းကြောင့် လယ်တစ်ကွက်နဲ့ တစ်ကွက်အကြားက ရေသွင်း၊ ရေထုတ်မြောင်း တွေ ပိတ်ဆို့သွားပြီး စိုက်ပျိုးရေတွေ မရတော့လို့ တောင်သူတွေ အခက်တွေ့နေကြတာကို ဗူးခါးရွာနဲ့ လေးမိုင်ကျော်လောက်ဝေး တဲ့ ချောင်းချောက်ရွာဘက်မှာလည်း တွေ့ ခဲ့ရပါတယ်။

ချောင်းချောက်ရွာမှာလည်း နောင်ပိန်လေးရွာမှာလိုပဲ ရွာက ဧည့်သင်္ချိုင်းကို ပိုက်လိုင်းဖြတ်သွားတာကြောင့် ပျက်စီး သွားပါတယ်။ ရွာကိုလာလည်တဲ့ ဧည့်သည်တစ်ဦးဦးဆုံးပါးသွားခဲ့ရင် ရွာမှာ မြေမြှုပ်သင်္ဂြိုဟ်စရာ ဧည့်သင်္ချိုင်းမရှိတော့တဲ့အတွက် ကျောက်မဲ မြို့က နာရေးကူညီမှုအသင်းကို အကူအညီတောင်းပြီး ကျောက်မဲမြို့မှာပဲ သင်္ဂြိုဟ်ရတော့မယ်လို့ တောင်သူ ဦးစိုင်းထွန်း ကျော်က ဆိုပါတယ်။ အဲဒီနေ့ညနေဘက် သီပေါကို ခရီးဆက်ပြီး အဲဒီညတော့ သီပေါမှာ အိပ်ပါတယ်။

 

သီပေါက မြေအောက်ဆားကြော

နောက်ရက် နိုဝင်ဘာ ၂၁ ရက်မနက်မှာ သီပေါမြို့နယ်ထဲက နားလွယ်ကျေးရွာ၊ ဘော်ကြိုကျေးရွာနဲ့ သမိုင်းဝင်ဘော်ကြို မုဋ္ဌောစေတီတို့ကို သွားရောက်ခဲ့ပါတယ်။ ဒီဘက်မှာလည်း ပိုက် လိုင်းကြောင့် စိုက်ပျိုးရေးထိခိုက်တာတွေကို ကြားရပြန်ပါတယ်။ ဒါ့အပြင် မြေအောက်ဆားကြောရှိနေတာကြောင့် ပိုက်လိုင်း ကြံ့ခိုင်ရေးကို ဒေသခံတွေစိုးရိမ်နေတာကိုလည်း ကြားသိခဲ့ရပါတယ်။

ဒီမြို့နယ်မှာ ကျွန်တော်တို့ ပထမဆုံးသွားခဲ့တဲ့ရွာကတော့ နားလွယ်ကျေးရွာဖြစ်ပါတယ်။

တခြားနေရာတော်တော်များများမှာလိုပဲ ဒီဘက်မှာလည်း ကြားရတဲ့ကိစ္စက ပိုက်လိုင်းလျော်ကြေးပေးတုန်းက နှစ်ဦးနှစ် ဖက်ညှိနှိုင်းပြီး ပေးခဲ့တာမဟုတ်ဘူးလို့ နားလွယ်ကျေးရွာက ရှမ်းတောင်သူ ဦးစိုင်းစံအေးက ဆိုပါတယ်။ နေရာဒေသလိုက်ပြီး လျော်ကြေးငွေ ကွာခြားတာဟာ မဖြစ်သင့်ဘူးလို့လည်း သူက ဆက်ပြောပါသေးတယ်။

နားလွယ်ရွာက တောင်သူတွေလည်း ပိုက်လိုင်းကြောင့် သူတို့ရဲ့စိုက်ခင်းတွေ ထိခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။ ပိုက်လိုင်းကို မြေမြှုပ်ပြီး မြေပြန်ဖို့ရာမှာ အနည်းငယ်မြင့်သွားတာကြောင့် ပိုက်လိုင်းတစ်ဖက်တစ်ချက်က လယ်ထဲရေသွင်းလို့ မရတော့ပါ ဘူးတဲ့။ အဲဒါကြောင့် လယ်ယာမြေတချို့  မစိုက်ပျိုးနိုင်တော့ဘူးလို့ တောင်သူတွေက ဆိုပါတယ်။

သီပေါမြို့နယ်ထဲက သမိုင်းဝင်ဘော်ကြိုဘုရားအနီးက ဒေသခံတွေ စိုးရိမ်နေတာတစ်ခုရှိပါတယ်။ အဲဒါကတော့ အဲဒီ    ဒေသဟာဆားကြောတွေရှိတဲ့နေရာဖြစ်တဲ့အတွက် ပိုက်လိုင်းကို ဆားစားသွားရင် ဒုက္ခတွေ့မှာကို စိုးရိမ်နေကြတာပါ။ ဒါကြောင့် လည်း ပိုက်လိုင်းတည်ဆောက်ပြီးချိန်မှာ ဘော်ကြိုရွာသူရွာသား တွေဟာ သံဃာတွေပင့်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ကာ တရားနာခဲ့ကြပါသေးတယ်။

အရှေ့တောင်အာရှသဘာဝဓာတ်ငွေ့(South East Asia Gas Pipeline – SEAGP )ကုမ္ပဏီရဲ့ လူထုဆက်ဆံရေးလက် ထောက်မန်နေဂျာ မစ္စတာဟင်နရီကျန်းကတော့ သူတို့ပိုက်တွေ ဆားကြောကိုဖြတ်သွားပေမယ့် မစိုးရိမ်ရဘူးလို့ ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်မှာ မော်ကွန်းနဲ့ သီးသန့် တွေ့ ဆုံစဉ် ပြောဆိုပါတယ်။

”ပိုက်လိုင်းရဲ့ အပြင်ဘက်ကျဆုံးအလွှာက ဓာတုပစ္စည်း တွေတိုက်စားလာရင်တောင် ခံနိုင်ရည်ရှိတဲ့အလွှာဖြစ်ပါတယ်။ ဒါကြောင့် မစိုးရိမ်ကြဖို့ ပြောချင်ပါတယ်”လို့ မစ္စတာဟင်နရီ ကျန်းက စကားပြန်ကတစ်ဆင့် ရှင်းပြခဲ့ပါတယ်။

ပိုက်လိုင်းမှာ အလွှာသုံးလွှာပါတာကြောင့် ပိုက်လိုင်းဘေး နားမှာ မီးရှို့ရင်တောင် ပေါက်ကွဲနိုင်ခြေက တော်တော်နည်းတယ် လို့ သူကဆိုပါတယ်။ ”ဒါပေမဲ့ ပိုက်လိုင်းပေါ်မှာမီးရှို့တဲ့လုပ်ရပ် ကိုတော့ ကုမ္ပဏီက အားမပေးပါဘူး”လို့တော့ သူက သတိပေး ပါတယ်။

ဆားငွေ့တွေကြောင့် ပိုက်လိုင်းတစ်စုံတစ်ခုဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းကို NGO အဖွဲ့တွေကလည်း မေးမြန်းကြတယ်လို့ သူက ပြောပါတယ်။

ပိုက်လိုင်းဟာ ရှမ်းပြည်နယ်မှာ နာမည်ကြီးဘုရားတစ် ဆူဖြစ်တဲ့ သမိုင်းဝင်ဘော်ကြိုမုဋ္ဌောစေတီရဲ့ အနောက်ဘက် ပေ ၂ဝဝ အကွာလောက်ကနေ ဖြတ်သွားတာဖြစ်လို့ ဘုရားပွဲကျင်းပ တဲ့အချိန်မှာ နေရာတိုးချဲ့ဖို့ အခက်အခဲဖြစ်ရတယ်လို့ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခင်က ပြောပါတယ်။

”တစ်နှစ်ထက်တစ်နှစ်က ပိုစည်ကားလာတော့ ဒီပိုက် လိုင်းဘေးနေရာပဲ ထပ်ချဲ့ပြီး လုပ်ဖို့နေရာရှိတော့တယ်။ ပွဲဆို တော့ စားသောက်ဆိုင်တွေပါတော့ မီးတွေ၊ ဂက်စ်အိုးတွေ ဘာ တွေသုံးရင် မတော်တဆဖြစ်မှာစိုးလို့ အန္တရာယ်များလို့ မလုပ် (မတိုးချဲ့)ဖြစ်ဘူး”လို့ ဦးအောင်ခင်က ရှင်းပြပါတယ်။ အဲဒီညမှာ သီပေါမှာအိပ်ကြပါတယ်။

သီပေါမှသည် နမ္မတူဆီ

နိုဝင်ဘာ ၂၂ ရက် မနက်မှာ သီပေါမြို့ကနေ မိုင် ၄ဝ ကျော် ကွာဝေးတဲ့ နမ္မတူမြို့ကို ဆိုင်ကယ်နဲ့ ဆက်လက်ထွက်ခွာလာ ခဲ့ပါတယ်။  နမ္မတူမြို့နယ်ထဲက မန်လီကျေးရွာကို အရင်ဆုံးသွား ဖြစ်ခဲ့ပါတယ်။

မန်လီရွာက အလယ်တန်းကျောင်းမှာ သိန်း ၅ဝ တန် စာ သင်ဆောင်တစ်ဆောင်ကို တရုတ်ကုမ္ပဏီက တည်ဆောက်ပေးခဲ့ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မန်လီရွာအနီးက မိုးတေ ကျေးရွာမှာတော့ ပိုက်လိုင်းဧရိယာထဲပါသွားတဲ့ ဒေသခံတောင် သူခြောက်ဦးပိုင်တဲ့ သီးနှံစိုက်ခင်းတွေကို သစ်တောပိုင်မြေထဲဝင် နေတယ်ဆိုပြီး သီးနှံလျော်ကြေးပဲ ရရှိခဲ့ပြီး မြေလျော်ကြေးကို တော့ သစ်တောဦးစီးဌာနက ယူသွားတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ပန်လုံရွာမှာတော့ တရုတ်ကုမ္ပဏီက ရွာဖွံ့ဖြိုးရေးအဖြစ် တည်ဆောက်ပေးခဲ့တဲ့ ဆေးပေးခန်းဟာ ရွာအပြင်ဘက်သုသာန် အဝင်လမ်းထိပ်မှာ ဖြစ်နေတာကြောင့် သူနာပြုဆရာမတွေ မနေ ရဲကြလို့ ပိတ်ထားရပါတယ်။ ”သရဲခြောက်သံတွေကြားလို့ သူနာ ပြုဆရာမတွေမနေရဲတော့ (ရွာထဲမှာ)အစိုးရဖွင့်ထားတဲ့ ကျေး လက်ဆေးခန်းမှာပဲ ကုသပေးနေရတယ်”လို့ ပန်လုံရွာသူ မဆိုင် မွန်က ပြောပြပါတယ်။

Photo: Lynn Myat                                  ပိုက်လိုင်းသည် နမ့်ခမ်းမြို့နုယ်၊ မန့်ဟောင်းကျေးရွာအနီးမှ ရွှေလီမြစ်ကိုဖြတ်ပြီး တရုတ်နိုင်ငံထဲသို့ ဝင်ရောက်သွားသည်

ခြစားသွားသည့် လျော်ကြေးငွေ

ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပေါင်းပြီး မသမာတဲ့နည်းနဲ့ လျော်ကြေးငွေကို အလွဲသုံးစားထုတ် ယူမှုတွေ ရှိကြတယ်လို့ နမ္မတူမြို့နယ်ဒေသခံတော်တော်များများ က စွပ်စွဲပြောဆိုကြပါတယ်။

ပိုက်လိုင်းဖြတ်တဲ့ယာမြေတစ်ဧကကို ကျပ်၂၃ သိန်းလျော် ကြေးရခဲ့ပေမယ့် မြေပိုင်ဆိုင်ကြောင်း အထောက်အထားမရှိတဲ့ တောင်သူတွေကို ကျေးရွာအုပ်စုဥက္ကဋ္ဌနဲ့ ထွေ/အုပ်၊ မြေစာရင်း ဌာနတို့ပေါင်းပြီး ၂၅ ရာခိုင်နှုန်းကောက်ခံခဲ့ကြတယ်လို့ နမ္မတူ မြို့နယ်၊ ဆန်ခါကျေးရွာရဲ့ လက်ရှိအုပ်ချုပ်ရေးမှူး ဦးဝိလိန်က လည်းက ရှင်းပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နမ္မတူမြို့နယ် ကိုယ်စားပြုပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းခမ်းအေးကို မေးမြန်းကြည့် တော့ ”အဲဒီလိုဌာနဆိုင်ရာတွေနဲ့ ရွာသူကြီးတွေ ပေါင်းစားထား တာ ဒီနမ္မတူမြို့နယ်တစ်ခုလုံးအနေနဲ့ဆိုရင် ၂ဝ ရာခိုင်နှုန်းလောက် အထိရှိတယ်”လို့  ဆိုတယ်။ သူဟာ နမ္မတူမြို့နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပိုက်လိုင်းနဲ့ပတ်သက်ပြီးမြေယာလျော်ကြေးအရှုပ် အရှင်းတော်တော်များများကို လိုက်လံဖြေရှင်းပေးနေသူပါ။

နောက်ဒီဒေသမှာ သူကြီးစားကွက်ဆိုတဲ့ အသုံးအနှုန်းကို လည်း ကြားခဲ့ရပါတယ်။ ပိုက်လိုင်းဖြတ်သွားတဲ့ ဆန်ခါရွာနဲ့ ကောင်းဟုန်းရွာနယ်နိမိတ်ကြားက ယာမြေကို မြေစာရင်းဦးစီး ဌာနက မြေပုံထဲမှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအတွက် မြေ ကွက်အသစ်တစ်ခုဖော်ပေးပြီး လျော်ကြေးငွေရအောင်ဖန်တီး ပေးခဲ့တာရှိတယ်လို့ ရွာသားတွေကပြောပြပါတယ်။ အဲဒီ မြေ ကွက်ကို ဒေသခံရွာသားတွေက သူကြီးစားကွက်လို့ သုံးနှုန်းခေါ် ဆိုကြပါတယ်။

အထက်ပါအချက်တွေနဲ့ပတ်သက်ပြီး မော်ကွန်းက သီးခြားအတည်ပြုချက်မရယူနိုင်ခဲ့ပါဘူး။ ပိုက်လိုင်းစီမံကိန်းစတင် ဆောင်ရွက်စဉ်က တာဝန်ယူခဲ့တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန် ရှိသူတွေဟာ အခုအချိန်မှာ ပြောင်းရွှေ့သွားခဲ့တာကြောင့် တွေ့ဆုံ ခွင့်မရခဲ့ပါဘူး။

ပိုက်လိုင်းဖြတ်ရာ ဒေသတစ်လျှောက် ရွာတိုင်းလိုလိုမှာ လျော်ကြေးငွေအပါအဝင် ပြဿနာတော်တော်များများ ဖြစ်ပွား ခဲ့တယ်လို့ ဒေါ်နန်းခမ်းအေးက ဆိုပါတယ်။ ပိုက်လိုင်းတစ်လျှောက် မြေယာလျော်ကြေးတွေကို တရုတ်ကုမ္ပဏီဘက်က အပြည့်အဝ ပေးလျော်ထားပေမယ့် အောက်ခြေကဝန်ထမ်းတွေက တောင်သူ တွေကို အပြည့်အဝမပေးဘဲ ဖြတ်စားထားတာသာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အရှေ့တောင်အာရှသဘာဝဓာတ်ငွေ့ပိုက်လိုင်း (South East Asia Gas Pipeline – SEAGP) ကုမ္ပဏီက မစ္စတာ ဟင်နရီကျန်းက လျော်ကြေးတွေကို အခမ်းအနားတွေ ပြုလုပ်ပြီး ဌာနဆိုင်ရာတွေရှေ့မှာ ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီ နောက်မှာ လာဘ်စားမှုတွေဖြစ်လာရင် သက်ဆိုင်ရာကို တိုင် ကြားပြီး ဥပဒေရဲ့ အကူအညီကို ယူသင့်တယ်လို့ ပြောပါတယ်။

”သူတို့လုပ်ရမှာ ရဲစခန်းကို သွားဖို့ပဲ”လို့ မစ္စတာကျန်းက ပြောပါတယ်။

စွန့်ပစ်ပစ္စည်းကြောင့် အဆိပ်သင့်

နမ္မတူမြို့အဝင်က ဆိုင်ဂျာရွာမှာ ပိုက်လိုင်းတည်ဆောက် ရေးအတွက် အသုံးပြုပြီး စွန့်ပစ်ခဲ့တဲ့ ဓာတုဗေဒပစ္စည်းကြောင့် နွား ၁၈ ကောင်အဆိပ်သင့်ပြီး သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု ၂ဝ၁၃၊ ဒီဇင်ဘာတုန်းက ဖြစ်ပွားခဲ့ပါတယ်။

ပိုက်လိုင်းစီမံကိန်းကထွက်ပေါ်လာတဲ့ ဓာတုပစ္စည်းတွေကို စနစ်တကျ မစွန့်ပစ်ခဲ့တဲ့အတွက် ဖြစ်ရတာလို့ ဆိုင်ဂျာရွာက မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC)အဖွဲ့ဝင် ဒေါ်ဂျာကိုင်က ပြောပါတယ်။ ဖြစ်ပုံက ရွာအနီးက ဂေါက် ကွင်းမှာ လွှတ်ကျောင်းထားတဲ့ နွား ၁၈ ကောင်ဟာ ညနေပိုင်း နေအိမ်ကိုပြန်ရောက်ပြီး ည ရှစ်နာရီလောက်မှာ ပါးစပ်က အမြှုပ် ထွက်၊ စအိုက သွေးထွက်ပြီး သေဆုံးသွားကြပါတယ်။

အဲဒီနွားတွေကို တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် ဌာနဆိုင် ရာ ခုနစ်ခုက လာပြီး စစ်ဆေးခဲ့ကြပါတယ်။ သေဆုံးသွားတဲ့ နွား တွေရဲ့ အစာအိမ်ကို ခွဲကြည့်တော့ စွန့်ပစ်ထားတဲ့ ဓာတုဗေဒ     ပစ္စည်းတွေကြောင့်ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

မိုင်းခွဲတဲ့နေရာမှာသုံးတဲ့ သက်တမ်းလွန် ယမ်းတွေကို ပြောင်းဖူးရိုးတွေနဲ့ရောပြီး မီးရှို့ခဲ့ရာမှာ အဲဒီ မီးရှို့ထားတဲ့ ပြာ တွေကို နွားတွေက လျက်စားမိတာကနေ အဆိပ်သင့်ပြီး သေဆုံး သွားတာဖြစ်တယ်လို့လည်း ဒေါ်ဂျာကိုင်က ရှင်းပြပါတယ်။ တရုတ်ကုမ္ပဏီက သေဆုံးသွားတဲ့ နွား ၁၈ ကောင်ရဲ့ ပိုင်ရှင်နှစ်ဦး ကို လျော်ကြေး ကျပ်သိန်း ၁၁ဝ ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဆိုင်ဂျာရွာမှာ အင်တာဗျူးပြီးတဲ့အခါမှာတော့ ဆိုင်ဂျာရွာ နဲ့ မိုင်အနည်းငယ်ဝေးတဲ့ ပိန်းလောင်း(ရှမ်း)ရွာကို ဆိုင်ကယ်နဲ့ ဆက်လက်သွာရောက်ခဲ့ကြပါတယ်။  အချိန်က ညဘက်ပါ။ ဆိုင် ကယ်နဲ့ ငါးမိနစ်လောက်ပဲ သွားရပါတယ်။

ပိန်းလောင်း(ရှမ်း)ရွာက ပိုက်လိုင်းဧရိယာထဲ ပါသွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးရရှိတဲ့တောင်သူတွေအား လုံးဟာ သူတို့ရတဲ့လျော်ကြေးငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဌာနဆိုင် ရာဝန်ထမ်းတွေကို ပေးခဲ့ရတယ်လို့ တောင်သူ ဦးဇော်လင်းက ပြောပါတယ်။

”ကျွန်တော်ရတဲ့လျော်ကြေးရဲ့ ပထမအရစ် ၁၂ သိန်းကို မြေစာရင်းနဲ့ ထွေအုပ်စာရေးတွေက လက်ဖက်ရည်ဖိုးလေး ဘာ လေး ပေးဖို့ပြောပြီး ၂၅ ရာခိုင်နှုန်းဘုံး(ယူ)သွားတော့ ကိုးသိန်းပဲ ရလိုက်တော့တယ်”လို့ သူက ဆိုပါတယ်။

နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တရုတ် ကုမ္ပဏီ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နဲ့ မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူတွေရှေ့မှာ လျော်ကြေးငွေ အပြည့်ထုတ်ပေးလိုက်ပေမယ့် ရွာပြန်ရောက်တာနဲ့ မြေစာရင်းနဲ့ ထွေ/အုပ်ကစာရေးတွေလိုက်လာပြီး ၂၅ ရာခိုင်နှုန်း ပြန် လိုက်တောင်းယူတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ အဲဒီလို တောင်းယူရာမှာ ရွာက တောင်သူတွေသာမက ရွာအုပ်ချုပ်ရေး မှူးဆီကပါ တောင်းယူသွားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ပိန်းလောင်း(မြန်မာ)ရွာက ရွာသူရွာသားတွေကတော့ အဲဒီလုပ်ရပ်ကိုမကျေနပ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တက်တိုင်ခဲ့ရာမှာ မြေစာရင်းနဲ့ ထွေ/အုပ်စာရေးတို့ လာတောင်း ယူသွားတဲ့ လျော်ကြေးငွေတွေကို ပြန်ပေးခဲ့ကြတယ်လို့ ရွာသား တွေကဆိုပါတယ်။ အဲဒီနောက် ထွေ/အုပ်နဲ့ မြေစာရင်းဝန်ထမ်း တွေ နယ်မြေရွှေ့ပြောင်းခံရတယ်လို့ ရွာခံတွေက ဆိုပါတယ်။ မော်ကွန်းကဒီအချက်ကို သီးခြားအတည်ပြုချက်မရယူနိုင်ခဲ့ပါဘူး။

ကျေးရွာတွေမှာ တရုတ်ကုမ္ပဏီက ပေးတဲ့ မြေယာလျော် ကြေးတွေကို မသမာမှုတွေလုပ်ခဲ့ကြတဲ့ ရွာအုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေ၊ မြေစာရင်းဦးစီးဌာနနဲ့ မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေကို အရေး ယူပေးဖို့ လွှတ်တော်မှာတင်ခဲ့ပေမယ့် တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်တာမရှိဘူးလို့ ဒေါ်နန်းခမ်းအေးက မော်ကွန်းကို ပြော ပြပါတယ်။ အဲဒီညဘက်မှာ နမ္မတူမြို့ပေါ်က တည်းခိုခန်းမှာ အိပ် ကြပါတယ်။

နမ္မတူမှ နမ့်ခမ်း

နိုဝင်ဘာ ၂၃ ရက်မနက်မှာတော့ နမ္မတူကနေ မိုင် ၄ဝ ကျော်ကွာဝေးတဲ့ လားရှိုးမြို့ကို ဆိုင်ကယ်နဲ့ ဆက်လက်ထွက်ခွာ လာပါတယ်။ လားရှိုးမြို့မှာ တစ်ရက်နားပြီး နောက်တစ်နေ့ နိုဝင် ဘာ ၂၄ ရက်စောစောမှာ နမ့်ခမ်းမြို့ကို ခရီးသည်တင်ကားနဲ့ ခရီး ဆက်ခဲ့ပါတယ်။ နမ့်ခမ်းကိုရောက်တော့ ညနေ လေးနာရီဝန်းကျင် ပါ။ အဲဒီနေ့ညပိုင်းမှာ နမ့်ခမ်းမြို့ပေါ်က တည်းခိုခန်းမှာ အိပ်ခဲ့ကြ ပါတယ်။ နောက်ရက်မနက်မှာ လေ့လာရေးအစီအစဉ်စပါတယ်။

နမ့်ခမ်းမြို့နယ်အပါအဝင် ပလောင်ဒေသတစ်လျှောက် ပိုက်လိုင်း နဲ့ ပတ်သက်ပြီး လျော်ကြေးငွေ မညီမျှမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေရှိတယ်လို့ မြန်မာ-တရုတ်ပိုက်လိုင်းစောင့် ကြည့်ရေးကော်မတီ(MCPWC)အဖွဲ့ဝင် (ဦး)မိုင်းသန်းထိုက်က ရှင်းပြပါတယ်။

နမ့်ခမ်းတစ်မြို့နယ်တည်းမှာတောင် မြို့နဲ့နီးတဲ့ လယ်ကွက် တွေမှာ တစ်ဧကကို ကျပ်၁၃၅ သိန်းလောက်ပေးပေမယ့် မြို့နဲ့ အလှမ်းဝေးတဲ့ရွာတွေမှာဆို တစ်ဧကကို ကျပ်ခုနစ်သိန်းကနေ ဆယ်သိန်းလောက်အထိပဲ ပေးတယ်လို့ ဒေသခံတွေက ဆိုပါ တယ်။ တရုတ်ဘက်ကလျော်ကြေးကို တစ်ပြေးညီပေးခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေက မသမာမှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ လည်း မိုင်းသန်းထိုက်က ဆိုပါတယ်။

တရုတ်ကပေးတဲ့ လျော်ကြေးစာချုပ်တွေမှာ တရုတ်စာ၊ အင်္ဂလိပ်စာနဲ့ မြန်မာစာတွေ အသုံးပြုထားတဲ့ စာချုပ်သုံးမျိုးရှိပါ တယ်။ လျော်ကြေးယူတဲ့တောင်သူတွေကို တရုတ်ကုမ္ပဏီဘက် က စာချုပ်ပြန်ပေးတာရှိသလို ပြန်မပေးတာလည်း ရှိနေပါတယ်။

”မြို့နဲ့ဝေးတဲ့ တချို့ပလောင်ရွာတွေမှာဆိုရင် တရုတ် ကုမ္ပဏီနဲ့အတူ စစ်တပ်ကပါလိုက်ပါလာလို့ တောင်သူတွေက လျော်ကြေးမတောင်းရဲတာမျိုးတွေရှိတယ်”လို့ မိုင်းသန်းထိုက် က ဆိုပါတယ်။

ပိုက်လိုင်းလုံခြုံရေးအကြောင်းပြချက်နဲ့ တပ်မတော်က    တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေထဲ ဝင်ရောက်လာ တဲ့အတွက် မကြာခဏ တိုက်ပွဲတွေဖြစ်ပွားလာတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။ ပိုက်လိုင်းစီမံကိန်းပြီးတဲ့နောက် ရွာအနီးပတ် ဝန်းကျင်မှာ စစ်တပ်တွေ ရောက်ရှိလာတာကြောင့် ဒေသခံ ပလောင်အမျိုးသမီးတွေ လက်ဖက်မခူးရဲတဲ့အထိ ဖြစ်လာတယ် လို့ မိုင်းသန်းထိုက်က ဆိုပါတယ်။

ဒီပိုက်လိုင်းတည်ဆောက်ပြီးသွားရင် ပိုက်လိုင်းပေါ် ပြန် စိုက်ပျိုးခွင့်ရမယ်ဆိုလို့ တောင်သူလယ်သမားတွေက လွယ်လွယ် ကူကူနဲ့ လက်ခံခဲ့တာဖြစ်တယ်လို့ နမ့်ခမ်းမြို့နယ်၊ မန့်ဟောင်း ကျေးရွာက ရှမ်းတောင်သူ ဦးစိုင်းပီးက ဆိုပါတယ်။ လျော်ကြေး ငွေတွေကို တရုတ်စာနဲ့ စာချုပ်ချုပ်ဆိုဖို့ တရုတ်ကုမ္ပဏီက စီစဉ် ခဲ့ပေမယ့် မန့်ဟောင်းတစ်ရွာလုံးက လက်မခံခဲ့တဲ့အတွက် လက် လျှော့သွားခဲ့ရပါတယ်။

ဦးစိုင်းပီးက သူပိုင်လယ်မြေအတွက် လျော်ကြေးငွေ ၉၆ သိန်းရယူခဲ့တာနဲ့ ပတ်သက်လို့ သူက အခုလိုပြောပြခဲ့ပါတယ်။                     ”မဖြစ်သာလို့သာ ရောင်းလိုက်ရတာ။ အငှားနဲ့ဆိုလို့ တောင်သူတွေက ယုံကြည်မှုနဲ့ ခွင့်ပြုလိုက်တာ။ ထာဝရသာဆိုရင် ဘိုးဘွားပိုင်မြေကို လက်သင့်မခံနိုင်ဘူး။ သူတို့လုပ်ပုံက ပွင့်လင်း မြင်သာမှုမရှိဘူး”

ပိုက်လိုင်းမတည်ဆောက်ခင်ကတည်းက ရှိနေတဲ့ အဆောက် အအုံတွေ၊ နေအိမ်တွေကို ပိုက်လိုင်းက ဘေးကနေ ဖြတ်သန်း သွားတာဖြစ်လို့ ပိုက်လိုင်းဘေးမီတာ ၁၅ဝ(ပေ ၄၉ဝ ခန့်)အတွင်း အဆောက်အအုံမဆောက်ရဆိုတဲ့ လျော်ကြေးစာချုပ်ပါ အချက် အလက်က တောင်သူတွေအကြား အငြင်းပွားစရာတစ်ခု ဖြစ် နေပါတယ်။

”ပေ ၁ဝဝ အတွင်းမှာပဲ သူ(တရုတ်ကုမ္ပဏီ)ဝယ်ထားတာ။ ကျန်တဲ့လယ်မြေကို လယ်သမားလုပ်ပိုင်ခွင့်ပဲ ဖြစ်ရမယ်”လို့ ဦးစိုင်းပီးက ရှင်းပြပါတယ်။

မန့်ဟောင်းကျေးရွာကနေ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံ အတွင်း ပိုက်လိုင်းနောက်ဆုံး အဆုံးသတ်နေရာဖြစ်တဲ့ ရွှေလီမြစ် တစ်ဖက်ကမ်းက တရုတ်နိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ နောင် ခမ်းကျေးရွာကို ကူးတို့နဲ့ သွားခဲ့ပါတယ်။

နောင်ခမ်းရွာအဝင်လမ်းဘေးက တရုတ်ပြည်ဘက်အခြမ်း မှာ တရုတ်စစ်တပ်က လုံခြုံရေးရယူထားတဲ့ ကင်းမျှော်စင် အဆောက်အအုံတစ်ခုကို တွေ့ရပါတယ်။ ကျွန်တော်တို့ကို ကင်း မျှော်စင်ပေါ်က ကင်မရာကြီးတစ်လုံးက ထက်ကြပ်မကွာ လှည့် လည်ကြည့်နေပါတယ်။

မြန်မာဘက်အခြမ်းမှာတော့ တရုတ်ဘက်ကလို နယ်စပ် လုံခြုံရေးအတွက် စောင့်ကြပ်တဲ့အဖွဲ့အစည်းတစ်ခုမှ မတွေ့ရပါ ဘူး။ မြန်မာဘက်က ဒေသခံ ရှမ်းအမျိုးသမီးတွေဟာ တရုတ် ပြည်ဘက်ကို ဝန်စည်စလွယ်တွေပါတဲ့ လုပ်ငန်းသုံး ဆိုင်ကယ် တွေနဲ့ ဥဒဟိုဝင်ထွက်သွားလာနေကြပါတယ်။

တရုတ်ပြည်ထဲသွားတဲ့လမ်းရဲ့ ထိပ်တည့်တည့်မှာတော့ စကျင်ကျောက်သားအဖြူပေါ်မှာ ‘မြန်မာမိတ်ဆွေအား လက် ဆောင်ပေးခြင်း’ဆိုတဲ့ ခေါင်းစဉ်နဲ့ (၁၉၅၇၊ ဒီဇင်ဘာ ၁၄ ရက်စွဲ ပါ) ကဗျာတစ်ပုဒ်ကို မြန်မာစာတစ်ဖက်၊ တရုတ်စာတစ်ဖက်နဲ့ ရေးသားဖော်ပြထားပါတယ်။ အဲဒီရဲ့အရှေ့မှာတော့ ရေအိုးရွက် ထားပြီး ကလေးငယ်ကို ကျောပိုး ထားတဲ့ သားသည်မိခင်တစ်ဦးနဲ့ လယ်ယာလုပ်ငန်းခွင်က ပြန်လာတဲ့ အမျိုးသမီးတစ်ဦးတို့ နှုတ် ဆက်နေဟန် ကျောက်သားရုပ်တုနှစ်ခုကို ကွင်းပြင်ကျယ်ကြီး ထဲမှာ ထီးတည်းကြီး တွေ့ရပါတယ်။

တရုတ်နိုင်ငံထဲက ပိုက်လိုင်းဖြတ်သွားတဲ့ကျေးရွာက တောင်သူတွေကို ကျွန်တော်တို့ သွားရောက်တွေ့ဆုံမေးမြန်းဖို့ ကြိုးစားပေမယ့် တရုတ်ပြည်ထဲဝင်ရောက်ဖို့ အဆင်မပြေတဲ့ အတွက် မသွားနိုင်ခဲ့ပါဘူး။

အဲဒီနေ့ ညနေပိုင်းမှာ နမ့်ခမ်းကနေ မူဆယ်ကို ထွက်လာ ခဲ့ကြပါတယ်။ မူဆယ်ကိုရောက်ရောက်ချင်း တည်းခိုခန်းမှာ အိတ်တွေ ထားခဲ့ပြီး တရုတ်ဘက်ခြမ်းက ကျယ်ခေါင်ဘက်ကို သွားခဲ့ကြပါတယ်။ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော်(Taang National Liberation Army – TNLA) ရဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်နဲ့ တွေ့ဖို့ပါ။

”ပိုက်လိုင်းဝန်းကျင်မှာ တိုက်ပွဲတွေ မဖြစ်အောင် ရှောင် တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒေသခံတွေကို ထိခိုက်နိုင်လို့။ ပြီး တော့ မြန်မာ-တရုတ်ဆက်ဆံရေးကို ထိခိုက်မှာကိုစိုးလို့” လို့ မိုင်း အိုက်ကျော်က ပြောပါတယ်။

အကယ်၍ ပိုက်လိုင်းပေါ်မှာ RPG-7  လို လက်နက်တွေ ကျရောက်ပေါက်ကွဲရင်၊ ၁ဝ၅ မမ လို လက်နက်တွေကျရင် ပိုက် လိုင်းပေါက်ကွဲနိုင်တာဟာ ပြောစရာတောင် မလိုဘူးလို့ သူက ဆိုပါတယ်။

ပိုက်လိုင်းဖြတ်သန်းရာနေရာတွေမှာ ပစ်တာခတ်တာတွေ မလုပ်ဖို့ TNLA  တပ်ဖွဲ့တွေကို မှာထားတယ်လို့လည်း သူက ဆိုပါတယ်။ ပိုက်လိုင်းဝန်းကျင် ငါးမိုင်ကနေ ဆယ်မိုင်ဝန်းကျင် အတွင်းမှာ တိုက်ပွဲတွေ မဖြစ်အောင် ရှောင်ကွင်းထားတာဖြစ်ပြီး နောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲတွေဟာ လူတွေနဲ့ ဝေးတဲ့နေရာတွေမှာ ဖြစ်ပွားတာလို့ မိုင်းအိုက်ကျော်က ရှင်းပြပါတယ်။

တိုက်ပွဲတွေကြောင့် ပိုက်လိုင်းမထိခိုက်ဖို့ကိစ္စနဲ့ ပတ်သက် ပြီး ပိုက်လိုင်းကုမ္ပဏီနဲ့ တိုက်ရိုက်ပြောဆိုဆွေးနွေးတာ၊ ဆွေးနွေး ဖို့ ကမ်းလှမ်းတာ ကျွန်တော်တို့အင်တာဗျူးတဲ့အချိန်အထိ မရှိ သေးဘူးလို့ မိုင်းအိုက်ကျော်က ပြောပါတယ်။ အင်တာဗျူးပြီးတဲ့ နောက် မူဆယ်ဘက်ကိုပြန်လာပြီး တည်းခိုခန်းမှာ အိပ်ကြပါတယ်။

နောက်ရက် နိုဝင်ဘာ ၂၆ ရက်နေ့မှာ မူဆယ်ကနေ လားရှိုး၊ လားရှိုးကနေ ရန်ကုန်ကို ပြန်ထွက်လာပြီး ကျွန်တော်တို့ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။

ပိုက်လိုင်းတစ်လျှောက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံ နေရတာတွေအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ အမြင်ကို လာမယ့်အပိုင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။     ။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here