Home သတင်းဆောင်းပါး ခန္ဓာရင်း၍ စီးပွားရှာကြသူများ အပိုင်း(၁)

ခန္ဓာရင်း၍ စီးပွားရှာကြသူများ အပိုင်း(၁)

235
0
Advertise Here

၂၀၁၃၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ဥာဏ်လင်း နှင့် ဇေယျာလှိုင် ရေးသည်။

မှုန်နံ့သာခြယ်သလို့ ဘတ်စ်ကားမှတ်တိုင်တစ်ခုသို့ ဦးတည်လျှောက်လှမ်းလာသော မိုးယု၏ ခြေလှမ်းများတွင် လန်းဆန်းတက်ကြွမှုတို့က အပြည့်။ အချိန်ကနံနက်ပိုင်း၊ ရှိလှမှ ၁ဝ နာရီသာသာ။

Advertise Here

နံနက်ခင်းပေမယ့် သူကဲ့သို့သောမိန်းကလေးမျိုးဆီမှ ဝန်ဆောင်မှု ရယူလိုသော ပုရိသတစ်ယောက်ကိုတော့ဖြင့် သူဦးတည် လျှောက်လှမ်းနေသော မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘတ်စ်ကား မှတ်တိုင်တစ်ခု၌ မုချမသွေ ရှာဖွေ တွေ့ရှိနိုင်လိမ့်မည်ဟု အတွေ့ အကြုံများအရ မိုးယု(အမည်လွှဲ) မှန်းဆထားသည်။

ဘတ်စ်ကားမှတ်တိုင်သို့ ရောက်သောအခါ မိုးယု မျှော်မှန်းထားသည့်အတိုင်း ပုရိသတစ်ယောက်ကတော့ သူ့ကို အခန့်သင့်စောင့်လင့်နေသည်။ သို့သော် ထိုသူကား မိုးယု တွေ့ချင်သည့်သူမျိုး လုံးလုံးမဟုတ်။ ထိပ်တိုက်ကြုံတွေ့ရမည်ကိုပင် ကြောက်လွန်းသောကြောင့်ပတ်တရောင်လှည့်နေသည့် ၄င်းတို့အားနည်းပေါင်းစုံသုံးကာ အမြဲတစေ ပတ်ရှောင်နေရသည်။

သို့သော် သည်တစ်ကြိမ်တော့ဖြင့်မိုးယု မရှောင်ကွင်းနိုင်တော့ပါ။ ၄င်းခေါ်ဆောင်ရာ ရဲစခန်းဆီသို့သာ အသာတကြည် လိုက်ပါသွားရတော့သည်။ မည်သို့မှ မငြင်းသာသည့်အဆုံး ပြည့်တန်ဆာပုဒ်မဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံလိုက်ရသည်။

”ကျွန်မတို့ဘဝက ဒီလိုပဲ။ ဘယ်လောက်ပဲ ကြောက်ကြေး ပေးပြီး လုပ်စား၊လုပ်စား အချိန်မရွေး အဖမ်းခံထိနိုင်တာပဲ”ဟု ၃၅ နှစ်အရွယ် မိုးယုက လွန်ခဲ့သည့်၁၅ နှစ်လောက်က ဖြစ်ရပ်ကို ယနေ့တိုင်ထိတ်လန့်နေသေးဟန်ဖြင့်ပြောပြသည်။

မိုးယုသုံးနှုန်းသော ကြောက်ကြေးဟူသည်မှာ လိင်ပျော်တော်ဆက် အလုပ်ကို လုပ်ခွင့်ရရေး သက်ဆိုင်ရာနယ်မြေပိုင်ရဲ ဝန်ထမ်းအချို့ကို တရားမဝင်ပေးရသောငွေကြေးကို ဆိုလိုခြင်းဖြစ်သည်။ ထိုကြောက်ကြေးကို လိုင်းကြေးဟုလည်းခေါ်ဝေါ် သုံးနှုန်းကြသည်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ငန်းအဖြစ် သတ်မှတ်မထားသောမြန်မာနိုင်ငံတွင် မိုးယုကဲ့သို့သော လိင်အလုပ်သမားများ၏ဘဝက အကာအကွယ်မဲ့လွန်းလှသည်။ အကာအကွယ်မဲ့ရုံသာမဟုတ်၊ အန္တရာယ်လည်း ကြီးလွန်းလှသည။် လက်ရှိတည်ဆဲဥပဒေအရ ပြစ်မှုကျူးလွန်သူများအဖြစ် အရေးယူခံနေကြရသလို လုပ်ငန်းခွင်အတွင်း ပြဿ      နာပေါင်းစုံကိုလည်း ကြုံတွေ့နေကြရသည်။

မြန်မာလူမှုပတ်ဝန်းကျင်၏ ဖဲကြဉ်ပစ်ပယ်မှုကိုပါ ခံစားကြရသည့် အနေအထားတစ်ခုတွင် ခန္ဓာကိုယ်ရင်းကာအသက်မွေးနေကြရသည့် ၄င်းတို့၏ ဘဝများက မှောင်မိုက်လှသည်။ ကြင်နာသူမဲ့လှသည်။ စာနာသူကင်းလှသည်။ ရေနစ်သည့်အခါ ဝါးကူထိုးမည့်သူများသာ ပေါများလှသည်။

”ဒီလုပ်ငန်းကို ဘယ်သူကမှ ပျော်လို့ ဝင်လုပ်စားကြတာတော့ မဟုတ်ဘူး”ဟု လိင်အလုပ်သမားများအကြား ကျန်းမာရေး အသိပညာပေးကာHIV ကူးစက်မှုလျော့ကျရေး လုပ်ဆောင်နေသည့်တော်ဝင်ခရေအဖွဲ့မှ အတွင်းရေးမှူး မဇာကြီးက ဆိုသည်။

သူတို့သည် ဆင်းရဲသောမိသားစုများမှ ဆင်းသက်လာကြသူများဖြစ်ပြီးပညာသင်ကြားခွင့်လည်း နည်းပါးခဲ့ကြသည့်အတွက် လုပ်ခလစာကောင်းသည့်အလုပ်များနှင့် အလှမ်းဝေးသူများလည်းဖြစ်ကြသည်ဟု မဇာကြီးက ဆိုသည်။

”ပထမတော့ ကောင်းကောင်းမွန်မွန်လို့ပြောတဲ့အလုပ်တွေ လုပ်ကြပါတယ်။ အဲဒီကနေပြီး မိသားစုထဲမှာ ပိုက်ဆံအရေးပေါ် လိုအပ်နေတဲ့အခါ ဘယ်လိုမှ ပိုက်ဆံရှာမရတဲ့အဆုံး ဘယ်သူမှ မလုပ်ချင်တဲ့၊ ဖြစ်လည်းမဖြစ်ချင်တဲ့ ဒီ (လိင်အလုပ်သမား) အလုပ်ကို လုပ်ဖြစ်သွားကြတာပဲ”

ခင်ပွန်းဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံရသည့် မိုးယုဆိုလျှင် အရွယ်မရောက်သေးသော သားတစ်ယောက်၏ စားဝတ်နေရေးအတွက် ရုန်းကန်နေရသလို မောင်ဖြစ်သူနှင့် ညီမဖြစ်သူများ၊ ပြီးတော့ မိခင်ဖြစ်သူတို့ကိုပါ ထောက်ပံ့ပေးနိုင်ရန် သူ၏ခန္ဓာကိုယ်ကို မချစ်မနှစ်သက်သောသူများ၏ ရင်ခွင်များဆီသို့ ထိုးအပ်လာခဲ့ရသည်မှာ နှစ်ကာလပင် မနည်းတော့။

အဖွဲ့အစည်းအချို့၏ ခန့်မှန်းချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အရေအတွက် ၈ဝ,ဝဝဝ ဝန်းကျင်ရှိသောလိင်အလုပ်သမားများထဲတွင် အများစုမှာမိုးယုကဲ့သို့ သားသည်မိခင်များ ပါဝင်သလို အိုမင်းမစွမ်းသော မိဘများကို လုပ်ကျွေးနေရသူများနှင့် ညီအစ်ကို မောင်နှမများ၏ ပညာရေး၊ စားဝတ်နေရေး၊ သို့မဟုတ်မိသားစုကျန်းမာရေးစရိတ်အတွက် ခန္ဓာကိုယ်ရင်းကာ ပိုက်ဆံရှာကြရသူများက အများစုဖြစ်သည်ဟု ဆိုကြသည်။

သူတို့တစ်တွေက ‘ဘိ’ဟုခေါ်ဝေါ်သုံးနှုန်းကြသည့် မီးရောင်မှိန်ပြ ပြည့်တန်ဆာအိမ်များတွင် အလုပ်လုပ်ကြရသည်များရှိသလို အနှိပ်ခန်းအချို့၏ အလင်းရောင်မှုန်ဝါး ကန့်လန့်ကာခန်းဆီးများအကြား သာယာမှုလာရှာကြသည့် ပုရိသများကို ပျော်တော်ဆက်ကြရသည်များလည်း ရှိသည်။

အချို့ကျတော့လည်း လူစုစုရှိရာဘတ်စ်ကားမှတ်တိုင်များ၊ လူသွားစင်္ကြံလမ်းများသို့ အရဲစွန့်သွားရောက်ကာ ၄င်းတို့ထံမှ ကာမဝယ်ယူလိုသူများ၏ မျက်လုံးများကို လိုက်လံဖမ်းစားကြရသည်များလည်းရှိသည်။ ညဘက် နိုက်ကလပ်တက်ကာ ဧည့်သည်ရှာကြရသူများမှာလည်းမနည်းမနော။

သီချင်းသံများ ပေါက်ကွဲရာ၊ ဆေးလိပ်မီးခိုးငွေ့များ မွှန်ထူရာKTV ခန်းမများအတွင်း ဧည့်သည်ဖြစ်သူများနှင့်အတူထိုင်ပေးရသည့်အလုပ်၊ သီချင်းလိုက်ဆိုရသည့် အလုပ်ထက်ပိုမိုသော ဝန်ဆောင်မှုများပေးကာ ပိုက်ဆံရှာကြသူများကလည်း ရှာနေကြရသည်။

ကျီးလန့်စာစား ဘဝများ

၎င်းတို့အနက် လမ်းပေါ်ထွက်ကာဧည့်သည်ရှာကြရသည့် လိင်အလုပ်သမားများ၏ ဘဝကား ကျီးလန့်စာစား ဘဝမျိုးဖြစ်သည်။ ၄င်းတို့အတွက် အချိန်ကာလနှင့် နေရာ၊ အတွက်အချက် မှန်ကန်ရေးသည် များစွာ အရေးကြီးလှသည်။အထူးသဖြင့် လွတ်လပ်ရေးနေ့၊ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ကဲ့သို့သော သူတို့အခေါ် ‘အခါကြီး၊ ရက်ကြီး’များတွင် ၄င်းတို့အနေဖြင့် သတိကြီးစွာထားရသည်။ အကြောင်းမူ ထိုသို့သောနေ့ရက်များတွင် အာဏာပိုင်များက စီမံချက်ချကာ လိုက်လံဖမ်းဆီးတတ်ကြသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

မိုးယု အဖမ်းခံထိသည့်နေ့ကဖေဖော်ဝါရီ ၁၂ ရက်၊ ပြည်ထောင်စုနေ့ဖြစ်သည်။ ထိုတလောအတွင်းက ပြက္ခဒိန်မှန်မှန်ကြည့်ဖို့ ပျက်ကွက်ခဲ့သည်ဟု မိုးယုကဆိုသည်။

မိုးယုတို့အလုပ်က တစ်ချက်မှားလိုက်ပြီဆိုသည်နှင့် ကိုယ်ကိုယ်တိုင်လည်းထောင်နန်းစံရမည်ဖြစ်သလို နောက်ပိုင်းမှာ ကျန်ရှိခဲ့သည့် မိသားစုမှာလည်းအခက်အခဲ၊ အကျပ်အတည်းများစွာဖြင့်ရုန်းကန်ကြရမည်ဖြစ်သည်။

ပြည့်တန်ဆာပပျောက်ရေးဥပဒေပုဒ်မ (၃) အရ မည်သူမဆို ပြည့်တန်ဆာကိစ္စအလို့ငှာ မြူဆွယ်သွေးဆောင်ခြင်းပြုလျှင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်နှင့် ထောင်ဒဏ် နှစ်ရပ်စလုံးဖြစ်စေစီရင်ခံရနိုင်သည်ဟုဆိုထားသည်။

တရားစွဲဆိုခံရသည့် အပိုင်းနှင့်ပတ်သက်လျှင်လည်း အခြားသော အမှုသည်များနှင့် မတူသောအချက်မှာ တရားရုံးတွင် ၄င်းတို့အနေနှင့် ခုခံပိုင်ခွင့် မရှိသည့်အချက်ပင်ဖြစ်သည်။

”ပြည့်တန်ဆာတွေဟာ အခြေခံဥပဒေပါ အခန်း(၈) နိုင်ငံသားများရဲ့အခြေခံအခွင့်အရေးတွေကို ရထိုက်တယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအရလည်း ကာကွယ်ခုခံပိုင်ခွင့်ရှိတယ်”ဟုဥပဒေရေးရာကျွမ်းကျင်သူ ဦးကျော်မင်းစံက ဆိုသည်။

ပြည့်တန်ဆာများကို ဖမ်းဆီးအရေးယူနိုင်သည့် နောက်ထပ်ပုဒ်မ တစ်ခုမှာ  မှောင်ရိပ်ခိုမှုဖြစ်သည်။ယင်းပုဒ်မက နေအိမ်၊ အဆောက်အအုံ၊ နောက်ဖေးလမ်းကြား၊ နေအိမ်ဥပစာများတွင်တည်ရှိနေပါကရဲဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှမေးမြန်းပိုင် ခွင့်ရှိသည်ဟု ဆိုထားသည်။တာဝန်ရှိသူ က မေးမြန်းသည်ကို ကျေနပ်လောက်အောင် အကြောင်းမပြန်ပေးနိုင်ခဲ့လျှင် ထောင်ဒဏ် တစ်ပတ်မှ သုံးလ ကျခံရမည်ဟုဆိုထားသည်။

ထိုပုဒ်မသည် မှောင်ရိပ်ခိုမှုဟု ဆိုထားသော်လည်း တကယ့်လက်တွေ့တွင်နေ့ခင်းကြောင် တောင်ပင်ဖြစ်စေကာမူယင်းမှောင်ရိပ်ခိုမှုဖြင့် အဖမ်းခံထိနေကြသည်များလည်း ရှိသည်ဟု ဆိုကြသည်။

မှောင်ရိပ်ခိုမှုနှင့်ပတ်သက်၍ ဥပဒေပါရှိသည့်အတိုင်းသာ အတိအကျလုပ်မည်ဆိုလျှင်လိင်အလုပ်သမားများအတွက်ယခုလောက်အန္တရယ်များမည် မဟုတ်ဟုတော်ဝင်ခရေအဖွဲ့မှ မဇာကြီးကဆိုသည်။

အချို့သောလိင်အလုပ်သမားများ၏ အဆိုအရ ၄င်းတို့အနေနှင့် လူအများအပန်းဖြေသည့် နေရာများသို့ အများနည်းတူ သွားရောက်အပန်းဖြေသည့်အခါမှာတောင် မလုံမခြုံခံစားကြရသည်ဟုဆိုသည်။ အကြောင်းမူ ၄င်းတို့ကို မျက်မှန်းတန်းမိနေသော နယ်မြေပိုင်ရဲများ၏နှောင့်ယှက်ဖမ်းဆီးမည်ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်ဟု ဆိုပါသည်။

အမျိုးသားလိင်လုပ်သား ဝတ်မှုန်(၃၃ နှစ်) ဆိုလျှင် ပြည့်တန်ဆာပုဒ်မဖြင့်အရေးယူခံရမည့်ဘေးမှ သီသီကလေးလွတ်လာခဲ့သည်။တစ်ညနေတွင် အင်းလျားကန်စောင်း၌ မိတ်ဆွေအချို့နှင့် အေးအေးလူလူလမ်းထွက်လျှောက်သည်ကို ပြည့်တန်ဆာအလို့ငှာ လိုက်’ဆွယ်’နေသည်ဟုအနီးရှိ ရဲတစ်ဦးက သံသယဖြစ်သဖြင့်စခန်းသို့ အခေါ်ခံရသည်။”ဘာမှ ထွက်လုပ်တာမဟုတ်ဘူး၊ရိုးရိုးတန်းတန်း လမ်းလျှောက်ထွက်လာတာဆိုတာကို ကျကျနန ရှင်းပြနိုင်လိုက်လို့ပေါ့”ပခုံးပေါ်ဝဲကျနေသော ဆံပင်များကိုခါယမ်း လိုက်ရင်းဝတ်မှုန်က ပြောပြသည။်”မဟုတ်ရင်တော့ ဝတ်မှုန်မလွယ်ဘူး”

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ အလုပ်ခွင်ဝင်ရန်ပြင်ဆင်နေကြသည့်ညဉ့်ငှက်ကလေးများ

အကာအကွယ်မဲ့ သူတို့ဘဝ

လူ့အခွင့်အရေးရှုထောင့်မှ ကြည့်ရှုသူများကတော့ မည်သည့်နည်းနှင့်မှပပျောက်သွားအောင် လုပ်လို့မရသည့်ပြည့်တန်ဆာများကို လိုက်လံနှိပ်ကွပ်နေမည့်အစား ခန္ဓာကိုယ်ရင်းကာ လုပ်စားနေကြသည့် ၄င်းတို့၏ဘဝများကို စာနာသောအားဖြင့် အပြစ်ပေး၊ အရေးယူမှုများမပြုလုပ်သင့်ကြောင်း ဝေဖန်ထောက်ပြကြသည်။

ထို့ပြင် ပြည့်တန်ဆာပပျောက်ရေးဥပဒေပြဋ္ဌာန်းရခြင်းမှာ မြန်မာအမျိုးသမီးများကို ကာကွယ်ရန်ဟုဆိုသော်လည်းစင်စစ် တွင် မည်မျှအကာအကွယ်ပေးနိုင်၊မပေးနိုင်ဟူသည်ကို ဆန်းစစ်ကြဖို့ လိုအပ်ကြောင်းလည်း ပြည့်တန်ဆာများအား ခွဲခြားဆက်ဆံမှု၊ အပြစ်ပေးအရေးယူမှုများယုတ်လျော့သွားရေး အရေးဆိုသူများကတိုက်တွန်းကြသည်။

နိုင်ငံလူဦးရေ၏ ၄ဝ ရာခိုင်နှုန်းအလုပ်လက်မဲ့ဖြစ်နေပြီး ၂၆ ရာခိုင်နှုန်းတစ်နေ့ တစ်ဒေါ်လာ (မြန်မာငွေ ၈၅၅ကျပ်ဝန်းကျင်) ပင် မဝင်သော မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှုနှင့် ဆင်းရဲမွဲတေမှုတို့သည် လိင်လုပ်ငန်းအား ကြီးထွားစေသည့် မူလအကြောင်းတရားများဖြစ်သည်ဟု ပြည့်တန်ဆာများအကြားကျန်းမာရေးအသိပညာပေးသူများကသုံးသပ်ကြသည်။

ဥပဒေအတိုင်ပင်ခံ ဦးကျော်မင်းစံက ”ပြည့်တန်ဆာလုပ်ငန်းက စီးပွားရေး၊လူမှုရေးအခြေအနေတွေ၊ လူကုန်ကူးမှုတွေနဲ့ ဆက်စပ်နေတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမှု၊ အသိပညာပေးလုပ်ငန်းတွေနဲ့ပဲ ပြည့်တန်ဆာလုပ်ငန်းကို လျော့ကျစေနိုင်ပါလိ့မ်မယ်”ဟု သုံးသပ်သည်။

ထိုသို့သော နောက်ခံအကြောင်းတရားများကိုမကုစားဘဲ ပြည့်တန်ဆာပပျောက်ရေးဟုဆိုကာ ဖမ်းဆီးထောင်ချနေကြခြင်းမှာ မှန်ကန်သော ဖြေရှင်းနည်းမဟုတ်ဟု လူ့အခွင့်အရေးရှုထောင့်မှကြည့်မြင်သူများက ဝေဖန်ကြသည်။

ပြည့်တန်ဆာများကိုဖမ်းဆီးထောင်ချလိုက်ခြင်းအားဖြင့် ပြည့်တန်ဆာဦးရေ လျော့မသွားနိုင်သည့်အပြင်ထပ်ပြီးတော့ပင် တိုးလာနိုင်ကြောင်းတော်ဝင်ခရေအဖွဲ့ဝင်တစ်ဦးဖြစ်သည့်ခတ္တာ (အမည်လွှဲ) က ပြောပြသည်။

”အိမ်တစ်အိမ်မှာ အစ်မဖြစ်တဲ့သူ(ပြည့်တန်ဆာမှုနဲ့) ထောင်ကျသွားပြီဆိုရင် အိမ်ရဲ့စီးပွားရေးကို ဖြေရှင်းဖို့ ညီမဖြစ်တဲ့သူက သူ့နေရာရောက်သွားပြီး ဒီအလုပ်နဲ့ ပိုက်ဆံရှာကြရတာတွေ ရှိတတ်တယ်”ဟု ခတ္တာကဆိုသည်။

”(ပြည့်တန်ဆာတစ်ယောက်ကို)ဖမ်းပြီးထောင်ချလိုက်လို့ ဒီလောကထဲမှာပြည့်တန်ဆာက မလျော့သွားတဲ့အပြင် ဒီလောကထဲကို နောက်တစ်ယောက်ရောက်လာဖို့ကိုတောင် တွန်းအားပေးလိုက်သလိုဖြစ်သွားတတ်တယ်”

လိင်အလုပ်သမားများ၏ အမြင်တွင်တော့ အာဏာပိုင်များသည် ပြည့်တန်ဆာပပျောက်ရေးဥပဒေဖြင့် ခြိမ်းခြောက်ကာ ၄င်းတို့ အကျိုးစီးပွားအတွက်လိုရင်လိုသလို၊ မလိုရင် မလိုသလို ပြုမူဆက်ဆံနေကြသည်ဟု မြင်ကြသည်။

ခတ္တာကတော့ သူတို့ဘဝကို သူတို့အခုလို ပုံဖော်သည်။”ရဲတွေ ပိုက်ဆံလိုနေရင် ကျွန်မတို့က ဘဏ္ဍာတိုက်၊ အမှုလိုချင်လို့ရှိရင်ကျွန်မတို့ကအမှုသည်၊ လိင်ဆက်ဆံချင်ရင် ကျွန်မတို့ က လိင်ဆက်ဆံဘက်’ဒုတပ်ကြပ်အဆင့်ရှိသူ အနောက်ပိုင်းခရိုင်မှ ရဲတစ်ဦးကတော့ ၄င်းတို့လိုက်လံဖမ်းဆီးလိုက်သည့်အတွက် ပြည့်တန်ဆာများ ပပျောက်သွားမည် မဟုတ်ဟူသည်ကို သိကြသော်လည်း အမှုကြီးတွေမပေါ်ပေါက်စေရေးအတွက် လောင်းကစားမှု၊ ပြည့်တန်ဆာမှုကဲ့သို့သော အမှုသေးများကို အထက်အမိန့်အရ လိုက်လံဖမ်းဆီးနေရသည်ဟု ပြောပါသည်။

”ရဲတွေရဲ့ အယူအဆမှာ ပြစ်မှုကြီးတွေဖြစ်မလာအောင် အမှုသေးတွေကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ဖမ်းကြရတယ်။ အဲဒါကို ကြိုကာလို့ခေါ်တယ်။ ကြိုကာအမှုတစ်လကို ဘယ်လောက်ပြည့်အောင်ဖမ်းနိုင်မယ်ဆိုရင် ပြစ်မှုကြီးတွေကို ကာကွယ်ပြီးသားဖြစ်မယ်ဆိုတဲ့ အယူအဆရှိတယ်။ ဒါကြောင့် လိုက်ဖမ်းတာ။

”ဥပမာ-ပြည်တန်ဆာနဲ့ ပျော်ပါးဖို့လာရင်းနဲ့ မူးပြီး ရန်ဖြစ်တာကနေ သတ်တဲ့အထိဖြစ်မှာစိုးလို့၊ နောက်ပြီး လောင်းကစားမှုတွေ လုပ်ရင်း ငွေလိုလို့ ခိုးတာ၊လုတာ၊ သတ်ဖြတ်တာတွေ ဖြစ်မှာစိုးလို့ဖမ်းတာပါ”

အထက်အမိန့်အရ လိုက်လံဖမ်းဆီးရသော်လည်း လိင်အလုပ်သမားများ၏အခက်အခဲ၊ အကျပ်အတည်းများကိုကြားရသည့်အခါ စိတ်မကောင်းဖြစ်ရကြောင်းလည်း အထက်ပါ ဒုတပ်ကြပ်အဆင့်ရှိသူက ဖွင့်ဟဝန်ခံသည်။

”သူတို့ကို အမှုစစ်လိုက်ရင် နောက်ကွယ်မှာ အကြောင်းရင်းတွေ အများကြီး။အိမ်က စီးပွားရေးအဆင်မပြေလို့၊ ပညာမတတ်လို့၊ အလုပ်အကိုင်ကောင်းကောင်းမရလို့၊ ယောက်ျားနဲ့ကွဲပြီး ကလေးကိုကျွေးမယ့်သူမရှိလို့၊ အစုံပေါ့”

အာရှတိုက်ရှိ နိုင်ငံများကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံနည်းတူ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် သတ်မှတ်ပေးထားကြသည်တော့ မဟုတ်ပါ။ သို့သော် ထိုနိုင်ငံများတွင် ဥပဒေအရ ခွင့်ပြုမထားသော်လည်း ဥပဒေအရ အပြစ်ပေးခြင်းမျိုးလည်း မရှိဟု ဦးကျော်မင်းစံကဆိုပါသည်။

အာရှပစိဖိတ်နိုင်ငံအချို့ကို ကြည့်မည်ဆိုလျှင်လည်း အဆိုပါနိုင်ငံများ၌ မြန်မာနိုင်ငံနှင့်မတူသည့်အချက်မှာ ပြည့်တန်ဆာလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိ လက်ခံပေးထားကြသည်ဟု အာရှနှင့်ပစိဖိတ်ဒေသ လိင်အလုပ်သမားများကွန်ရက် (Asia- Pacific Network of SexWorkers-ASNSW) ၏ ဥက္ကဋ္ဌဒေါ်ကေသီဝင်းကလည်း ဆိုပါသည်။

”အဲဒီတော့ (အဲဒီနိုင်ငံတွေက)လိင်အလုပ်သမားတွေအတွက် ကျန်းမာရေး၊ စီးပွားရေးရှုထောင့်တွေက ကြည့်ရင်လူတိုင်းရဲ့ ခွဲခြားနှိမ့်ချတာ မခံကြရဘူး”

ထို့ပြင် အဆိုပါနိုင်ငံများ၏ အစိုးရများက လိင်လုပ်ငန်းလုပ်ကိုင်သူများဖွဲ့စည်းပေးထားပြီး ၄င်းတို့နှင့်ပတ်သက်၍ဝန်ဆောင်မှုပေးသည့်အဖွဲ့များကို ရန်ပုံငွေထောက်ပံ့ပေးထားခြင်းမျိုးလည်း ရှိကြောင်း ဒေါ်ကေသီဝင်းက ပြောပြပါသည်။

ယင်းသို့ စီမံပေးခြင်းအားဖြင့် လိင်အလုပ်သမားများကို ကျန်းမာရေး အသိပညာပေးရာတွင် ပိုမိုထိရောက်လာသည်ဟု လည်း ၄င်းက ဆိုသည်။မြန်မာနိုင်ငံမှာတော့ လိင်အလုပ်သမားများ၏အရေးကို အစိုးရအာဏာပိုင်များက မစိုးရိမ်ကြရုံတင်မက ရာဇဝတ်မှုကျူးလွန်သူများဟုပင် သတ်မှတ်ထားကြသည်ဟု ကျန်းမာရေးရှုထောင့်မှကြည့်မြင်သူများက ဝေဖန်ကြသည်။   အပိုင်း(၂)သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here