Home ကဗျာ စိမ်းဆွတ်လေငွေရတု

စိမ်းဆွတ်လေငွေရတု

166
0
Illustration - MAUNG NOE
Advertise Here

 

‘စိမ်းဆွတ်လေဟာ

အစဉ်အလာ မင်္ဂလာတရားနှင့်အညီ

Advertise Here

အနီ အဝါ အမှတ်အသား

ခွပ်ဒေါင်းတွန်သံများနဲ့ အစချီ

စောင့်ခဲ့တဲ့ အချိန်အခါ ရောက်ပြီမို့

လက်ပစ်ဗုံး ဖောက်ခွဲလိုက်သလို

ဒိုင်းနမိုက် ဖောက်ခွဲလိုက်သလို

အဏုမြူ   ဗုံး ဖောက်ခွဲလိုက်သလို

ပေါက်ကွဲ ရုတ်တရက်

ကျယ်လောင် ဟိန်းပွက်

ပြင်းထန်လွန်းလျက်

ဖြတ်သန်းတိုက်ခတ်ဖို့ ထွက်လာတယ်’

(၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ရေးသားခဲ့သော ‘စိမ်းဆွတ် လေ’ကဗျာရှည်မှ ကောက်နုတ်ချက်)

 

Illustration – MAUNG NOE

၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ်မရောက်မီ

တစ်နည်းအားဖြင့်

ရှစ်လေးလုံးအရေးတော်ပုံကြီး မဆင်နွှဲမီ

‘စိမ်းဆွတ်လေ’လို့ အမည်ပေးထားတဲ့

ကဗျာတစ်ပုဒ်ကို ငါ ရေးခဲ့။

 

သြော်…အခုတော့

ရှစ်လေးလုံး အရေးတော်ပုံကြီး ငွေရတုတိုင်ခဲ့သလို

ငါတို့ရဲ့

တက္ကသိုလ်ကျောင်းသားဘဝ နေ့ရက်တွေဟာလည်း

ငွေရတုတိုင်ခဲ့

ဒီလိုပဲ၊ ‘စိမ်းဆွတ်လေ’ဟာလည်း

ငွေရတုတိုင်ခဲ့ပေါ့။

 

ငွေရတုတိုင်ခဲ့ပေမယ့်လည်း

ငါ့စိတ်ထဲမှာတော့

ဘာမှ မကွာဝေးလှတဲ့

မနေ့တစ်နေ့ကအတိုင်းပဲ ထင်ယောင်မြင်ယောင်နေသေးရဲ့။

 

အဓိပတိလမ်း၊ တောင်ငူဆောင်နဲ့

ငါတို့သူငယ်ချင်းတွေ ဆုံစည်းရာ

ဦးချစ်နဲ့ အရှည်ကြီး လက်ဖက်ရည်ဆိုင်ကို မြင်ယောင်တယ်။

 

လက်ကမ်းစာရွက်၊ အာစီဟောပြောပွဲနဲ့

မျက်နှာမှာ လက်ကိုင်ပဝါစည်းထားကြတဲ့

ကျောင်းသူ ကျောင်းသားတွေကို မြင်ယောင်တယ်။

 

ငါတို့သူငယ်ချင်းတစ်စု

ဗိုလ်အောင်ကျော်အုတ်ဂူကို

အလေးပြုခဲ့ကြတဲ့ ညကို မြင်ယောင်သလို

စစ်ကားကို ခဲနဲ့ ထုပြီး

ထွက်ပြေးကြရတဲ့ ညကိုလည်း မြင်ယောင်တယ်။

 

ပြီးတော့ အင်းလျားကန်နံဘေးမှာ

သွေးပွက်ပွက် ကမ္ဘာပျက်ခဲ့ကြတဲ့

တံတားနီအရေးအခင်းကို မြင်ယောင်တယ်။

 

ပြီးတော့ လှည်းတန်းမီးပွိုင့်ထိပ်မှာ

ထိုင်သပိတ်လုပ်ကာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့သူတွေကို မြင် ယောင်တယ်

ပြီးတော့ ရွှေတိဂုံဘုရား၊ အနောက်ဘက်မုခ်မှာ လုပ်ခဲ့တယ်

လူထုလူတန်းစားပေါင်းစုံ ရင်ခုန်ပင်လယ်စည်းဝေးပွဲကြီးကို မြင်ယောင်တယ်

ပြီးတော့ မြောက်ဥက္ကလာပက တက်ကြွနိုးကြား နိုင်ငံရေးတရားပွဲ တွေနဲ့

မီးကုန်ယမ်းကုန် ပေါက်ကွဲနေတဲ့ ခေါင်းဖြတ်ပွဲတွေကို မြင်ယောင် တယ်။

 

ပြီးတော့ ၃၃ လမ်းထဲက တိုက်ပွဲဝင် မြန်မာနိုင်ငံ ကဗျာဆရာတွေနဲ့

ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်က

သေနတ်ဒဏ်ရာနဲ့ လူတွေကို မြင်ယောင်တယ်။

 

အို…ယုတ်စွအဆုံး လက်တစ်လုံးခြားလုပ်ပြီး အာဏာသိမ်းလိုက် တဲ့

ညနေခင်းက ကမ္ဘာမကြေသီချင်းဆိုရင်း သံချပ်ကာကားကြီးပေါ်

တွယ်တက်စီးနင်းကာ လိုက်ပါခဲ့ကြပုံတွေကို မြင်ယောင်တယ်။

 

မြင်ယောင်တာတွေ တရေးရေးနဲ့ ငါ့ရင်ထဲမှာ သွေးခုန်နွေး

ဒါဟာ အရေးကြီးတော့ သွေးနီးခဲ့ကြပုံများ

ငါတို့ တက္ကသိုလ်ကျောင်းသားဘဝ နေ့ရက်များ

မုန်တိုင်းကြားက ပန်းပွင့်များ။

 

ငါတို့အားလုံး မွှေးခဲ့ကြတဲ့ မီးကတော့ ဦးနေဝင်းဦးဆောင်တဲ့

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖြုတ်ချရေး၊ တစ်ပါတီအာဏာ ရှင်စနစ်ဖျက်သိမ်းရေး၊ တစ်တိုင်းတစ်ပြည်လုံး ဒီမိုကရေစီရရှိ ရေး။

အဲဒီအရေး၊ အဲဒီကြွေးကြော်သံတွေနဲ့ ‘စိမ်းဆွတ်လေ’ဟာ မြန်မာ ပြည်အရပ်ရပ်ကို တိုက်ခတ်ခဲ့

တစ်နိုင်ငံလုံး လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ရှစ်လေး လုံးအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့ကြတာ

အဏုမြူဗုံး ဖောက်ခွဲလိုက်သလို

တစ်ကမ္ဘာလုံး တုန်ဟည်းသွားအောင်ပေါ့။

 

ရှစ်လေးလုံးအရေးတော်ပုံဟာ

ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင်

ရဟန်းရှင်လူပြည်သူအပေါင်းရဲ့

အသက်သွေးချွေးပေါင်း မြောက်မြားစွာကို စတေးလို့

လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်

သမိုင်းမှာ စံတင်ခဲ့တဲ့ အဖြစ်အပျက်ကြီးပါ။

 

အဲဒီအမှောင်ခေတ်ဆိုး ခေတ်ပျက်ကြီးထဲက

ယုံကြည်ချက်တွေနဲ့ ဖောက်ထွက်ကြရင်း

နောက်ထပ် အမှောင်သစ်အနက်ကြီးထဲ

ထပ်မံသက်ဆင်းကျရောက်ခဲ့ကြရ

ငါတို့ တိုင်းပြည်ရဲ့ ကံကြမ္မာက ဆိုးလှတယ်။

 

မဆလခေတ်မှသည်

နဝတ၊ နအဖခေတ်အထိ

စစ်အစိုးရအဆင့်ဆင့်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ

ငါတို့အားလုံးဟာ ပြားပြားမှောက်ခဲ့ကြရ

လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရ

ထောင်ကျသူ ကျ၊ သေသူ သေကြရ။

 

ဒါပေမဲ့ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်ပြောင်းခဲ့

ခွပ်ဒေါင်းဝိညာဉ်ကတော့ဖြင့် မသေ

၉၆၊ ၉၈ နဲ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး

မော်ကွန်းသစ်သွေးတွေ သွန်းလောင်းဖြတ်သန်း

မပြီးဆုံးသေးတဲ့ ခရီးကြမ်း၊ ခရီးရှည်ပေါ့။

 

ဒီလိုနဲ့ ညောင်နှစ်ပင်ကနေ မွေးဖွားလိုက်တဲ့

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကို

အလိုမတူဘဲ ရခဲ့ကြ

၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း

မထောက်ခံဘဲ အတည်ပြုခဲ့ကြ

ငါတို့ ဘာများ တတ်နိုင်ခဲ့ကြလို့လဲလေ။

 

အခုတော့လည်း ရာဇဝင် ပြီးခဲ့ပါပြီပေါ့

ဦးသိန်းစိန်အစိုးရသစ်နဲ့

ဒေါ်အောင်ဆန်းစုကြည်လည်း

လွှတ်တော်ထဲ တရားဝင်ရောက်ရှိနေပြီဖြစ်တဲ့

လင်းပွင့်စ ဒီမိုကရေစီခေတ်ဦးလား

တံဆိပ်သစ်ကပ်ထားတဲ့

နောက်ဆုံးပေါ် ပစ္စည်းအတုတစ်ခုလား

ဘာများလဲ သေချာချင်ပေမယ့်…။

 

နှင်းမြူတွေကြားက နံနက်ခင်းဟာ မှုန်ဝါးဆဲ

နွံထဲ နစ်နေတဲ့ လှည်းဘီးဟာလည်း နစ်နေဆဲ

ပြည်သူတွေရဲ့ မျှော်လင့်ချက်အိပ်မက်ဟာလည်း

အကောင်အထည် မဖော်နိုင်သေးတဲ့

အိပ်မက်အဆင့်မှာပဲ ရှိနေဆဲ။

 

ဒီအခြေအနေမှာပဲ

ရှစ်လေးလုံး အရေးတော်ပုံကြီးလည်း

ငွေရတု တိုင်ခဲ့

ငါတို့ရဲ့

တက္ကသိုလ်ကျောင်းသားဘဝ နေ့ရက်တွေဟာလည်း

ငွေရတုတိုင်ခဲ့

‘စိမ်းဆွတ်လေ’ဟာလည်း ငွေရတုတိုင်ခဲ့

သြော်…ငွေရတုပင် တိုင်ခဲ့ရပေါ့။

 

ဒီမှာ ငါတို့အသက်အရွယ်တွေကတော့

ငွေရတုပင်မက ရွှေရတုပင် တိုင်ခဲ့ရ

ဒါပေမဲ့ ငါတို့ဘဝ၊ ငါတို့ရည်မှန်းချက်တွေကတော့

ငွေခရုနဲ့ ဇေမယျတုရသေးပါလား။

 

မည်သို့ပင် ဖြစ်လေ၊ ဖြစ်စေကာမူ

‘စိမ်းဆွတ်လေ’ဟာ

လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က

တက္ကသိုလ်ကျောင်းသားဘဝက

ငါရေးခဲ့တဲ့ ကဗျာဟောင်းတစ်ပုဒ်ပေါ့။

 

ဒီကဗျာ ဘယ်လောက် ဟောင်းဟောင်းဆွေးဆွေး

အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့

ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးကို

ငါတို့နှလုံးသွေးထဲ တိမ်းညွှတ်နေသမျှတော့

‘စိမ်းဆွတ်လေ’က တိုက်ခတ်နေဦးမှာပဲဆိုတာ ယုံ။        ။

 

 စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၈)မှ ကဗျာ ဖြစ်ပါသည်။

 

မင်းထက်မောင် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here