Home သတင်းဆောင်းပါး မြစ်ချောင်းတွေ ပတ်လည်ဝိုင်းပေမယ့် သောက်သုံးရေ မလုံလောက်တဲ့ ဒေသ

မြစ်ချောင်းတွေ ပတ်လည်ဝိုင်းပေမယ့် သောက်သုံးရေ မလုံလောက်တဲ့ ဒေသ

153
0
Advertise Here

 Photo: Khin Maung Myint

၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

Advertise Here

ဗန်ဒါပင်ကျေးရွာ

မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသဟာ မြစ်ချောင်းအင်းအိုင် အများစု စီးဆင်း တည်ရှိနေပေမယ့် ဒေသခံလူထုအတွက် လုံလောက်တဲ့ သောက်သုံးရေ ရရှိနေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသလို မိုးခေါင်ရေရှားရပ်ဝန်း လည်း မဟုတ်ပေမယ့် သောက်သုံးရေ ရှားပါးပြတ်လပ်နေတဲ့ဒေသပဲ ဖြစ်ပါတယ်။

၂ဝ၁၄ သန်းခေါင်စာရင်းရဲ့ကိန်းဂဏန်းတွေအရဆိုရင် ရခိုင်ပြည်နယ်ပြီး ရင် နိုင်ငံအတွင်းမှာ ဒုတိယမြောက် သောက် သုံးရေ အခက်အခဲဖြစ်နေတဲ့ဒေသပါပဲ။ ဧရာဝတီတိုင်းဒေသကြီးမှာ လူဦးရေ ခြောက်သန်းကျော်ရှိပြီး အိမ်ထောင်စု တစ်သန်းခွဲနီးပါးရှိတဲ့အနက် တစ်ဝက်လောက်က ရေကောင်းရေသန့်သုံးစွဲခွင့် မရဘူးလို့ဆိုပါတယ်။

မိုးရာသီမှာ မိုးရေကို သောက်သုံး ရေအဖြစ်အသုံးပြုလို့ရနိုင်ပေမယ့် မိုးကုန်သွားပြီဆိုတာနဲ့ ရေရှားပါးပြတ်လပ် တော့တာပဲလို့ ဒေသခံတွေက ပြောကြ ပါတယ်။ ပင်လယ်နဲ့နီးလာလေ သောက်သုံးရေအခက်အခဲ ပိုဖြစ်လာလေပါပဲ။

ပင်လယ်နဲ့နီးတဲ့ဒေသတွေမှာ ရေချိုရဖို့ မြေအောက်ကိုတူးတဲ့အခါ ၁၂ ပေ ကျော်လောက်ဆိုတာနဲ့ ရေငန်တွေသာ ထွက်ရှိလာတယ်လို့ ဒေသခံတွေက ဆို ကြတယ်။ မြေပေါ်ရေကန်တွေဟာလည်း သဲမြေတွေဖြစ်တဲ့အတွက် ရေတာရှည်မခံ ဘဲမြေကြီးထဲကို စိမ့်ဝင်တာမြန်သလို အပူရှိန်ကြောင့် ရေတွေအငွေ့ပြန်ပြီး မြေ အောက်ကလည်း ရေငန်တိုးလာတာကြောင့် ရေချိုရရှိဖို့ မလွယ်ကူလှပါဘူး။

ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ညိမ်း ကျေးရွာအုပ်စု၊ ပင်လယ်ကမ်းရိုးတန်းမှာ နေကြတဲ့ ရွာတွေမှာ သောက်သုံးရေကန် တွေ လုံလောက်အောင် မရှိသလို သောက် ရေကန် လုံးဝမရှိတဲ့ရွာတွေလည်း ရှိနေပါ တယ်။ မိုးကုန်တာနဲ့ သောက်ရေကို ဝယ် သောက်ရလေ့ရှိပါတယ်။

”ဒီဘက်မှာက မိုးမရွာတာနဲ့ရေ ငတ်တာပဲ။ ဝယ်သောက်၊ ဝယ်သုံးရတယ်။ တစ်ခါတလေ မိုးတွင်းမှာ မိုးတစ်ပတ် လောက် မရွာဘူးဆိုရင်လည်း ဝယ် သောက်ရတယ်”လို့ ဖျာပုံမြို့နယ်၊ အမာမြို့၊  ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဗန်ဒါ ပင်ကျေးရွာမှ အသက် ၃၃နှစ် အရွယ် မမြင့်မော်က ပြောပါတယ်။

သောက်သုံးရေကန်တစ်ကန်မှ မရှိ တဲ့ သူတို့ရွာ အနောက်ဘက်မှာတော့ သဲ သောင်ပြင်နဲ့ ပင်လယ်ပြာကြီးပဲ ရှိပါ တော့တယ်။ သူ့အိမ်ရှေ့ ပေသုံးဆယ် လောက်အကွာမှာရှိတဲ့ ချောင်းရိုးလေးထဲ မှာတော့ ရေငန်တွေသာ စီးဆင်းပါတယ်။ ရွာမှာစက်လှေရှိတဲ့ အိမ်တစ်အိမ်က စက် လှေနဲ့နှစ်နာရီလောက်သွားရတဲ့ တခြား ရွာတွေမှာရှိတဲ့ ရေကန်က ရေကို သွား ဝယ်ပြီး သူတို့ရွာမှာ တစ်ဆင့် ပြန်လည် ရောင်းချပါတယ်။

ဂါလန် ၅ဝ ဝင်ရေတစ်စည်ကို ၆ဝဝ ကျပ်ပေးရပါတယ်။ အဲဒီရေကိုတော့ ထမင်းဟင်းချက်ဖို့နဲ့ သောက်သုံးဖို့ အတွက် သာ အသုံးပြုပြီး ချိုးရေအတွက်တော့ သူ့အိမ်ရှေ့ချောင်းထဲက ရေငန်ကိုပဲ အသုံး ပြုတယ်လို့ ဆိုပါတယ်။

သူ့မှာ ကလေးသုံးယောက်ရှိပြီး ”ကလေးတွေကလည်း ချောင်းထဲမှာ (ရေချိုးဖို့) ဆင်းကူးနေကြတာပဲ”လို့သူ့ အိမ်ရှေ့က ချောင်းကို လက်ညှိုးထိုးပြရင်း ပြောပါတယ်။

သောက်သုံးရေအတွက် ရေချိုကို လည်း ဝယ်ချင်တဲ့အချိန် ဝယ်လို့မရသလို ရေရောင်းတဲ့သူကလည်း ရေအိုး၊ ရေပုံး နည်းနည်းပဲ ရှိတဲ့သူတွေဆိုရင် အလုပ်ရှုပ်ပြီး အမြတ်အစွန်းနည်းတာကြောင့် မရောင်းချင်ဘူးလို့ သူက ပြောပြတယ်။

ငွေကြေးတတ်နိုင်သူတွေက ရာဝင် အိုးကြီးတွေနဲ့ မိုးတွင်းမှာ မိုးရေကို လှောင် ထားနိုင်ပေမယ့် မမြင့်မော်ရဲ့ အိမ်ရှေ့ မှာတော့ ရေထည့်စရာဆိုလို့ ဂါလန် ၄ဝ ကျော်ဆံ့တဲ့ ဖိုက်ဘာရေပုံးတစ်ပုံးသာ တွေ့ခဲ့ရတယ်။

scarcity water two

Photo: Khin Maung Myint     ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာမှ ရေရောင်းသူများ ရေခပ်နေကြစဉ်

အယ်လ်နီညိုနဲ့ သောက်သုံးရေ ပြဿ v   နာ

ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေးဒလူ ကျေးရွာအုပ်စုထဲက ကျေးရွာ ၁၄ ရွာမှာ ရေကန်ပေါင်း ၃၅ ကန်နီးပါးရှိပြီး  ရေ ရောင်းတဲ့ ရေကန်ပိုင်ရှင် ဆယ်ဦးလောက်  ရှိပါတယ်။ အဲဒီကျေးရွာအုပ်စုက တာပွန် ကျေးရွာမှာလည်း ရေရောင်းတဲ့သူ သုံးဦးရှိပြီး ရေကန်က ၁၂ ကန်ရှိပါတယ်။ အဲဒီကန်တွေထဲက ရေတွေကို အနီးအနား ရွာတွေကသာမက ကပ်လျက်တည်ရှိနေ တဲ့ ဘိုကလေးမြို့နယ်ထဲက ကျေးရွာတွေ ကပါ စက်လှေတွေနဲ့ ရေလာဝယ်ကြ တယ်လို့ သောက်ရေကန် ကိုးကန်ပိုင်ရှင် တာပွန်ရွာသားကိုမင်းမင်းက ပြောပါတယ်။

အဲဒီရေကန်တွေကို သူ့မိဘလက် ထက်က ငါးမွေးမြူရေးလုပ်ဖို့ တူးခဲ့ကြ တာဖြစ်ပေမယ့် ရေရှားပါးပြတ်လပ်မှု တွေနဲ့ ကြုံတွေ့လာရတာကြောင့် ကန်ထဲ ကရေတွေလာဝယ်ကြရင်း ရေရောင်းဖြစ် သွားတာလို့ သူက ရှင်းပြတယ်။

အခုအချိန်မှာတော့ အဲဒီကန်တွေ က ရေကိုရောင်းနေတဲ့အတွက် ငါးကို အစာကျွေးပြီး စီးပွားဖြစ် မမွေးမြူတော့ ပါဘူး။ ငါးတွေကို ပြင်ပအစာကျွေးပြီး မွေးမြူရင် ကန်ရေတွေ ညစ်ညမ်းသွား တာကြောင့် သဘာဝအတိုင်း အနည်းငယ် သာ မွေးမြူထားတော့တယ်လို့ဆိုပါတယ်။ အဲဒီကန်တွေထဲက ရေတွေကိုပဲ လူတွေက သောက်သုံးရေအဖြစ် အသုံးပြုနေရ တာပါ။

ရေကန်ကိုးကန်ရှိတဲ့အထဲက တစ်ကန်ကိုတော့ အိမ်နဲ့ သူတို့ရွာအတွက် သုံးဖို့ထားပြီး ကျန်တဲ့ရှစ်ကန်က ရေတွေကို ရောင်းချလာတာ ၁၅ နှစ်ကျော်ပြီလို့ ဆို ပါတယ်။

သြဂုတ်လကနေ မိုးဦးကျစ မေလ ကုန်လောက်အထိ ဆယ်လလောက် ရေ ရောင်းရပြီး သူက ဂါလန် ၅ဝ ဆံ့ ရေ တစ်စည်ကို ကျပ် ၁ဝဝ နဲ့ ရောင်းပါတယ်။ သူ့ဆီကတစ်ဆင့် ပြန်လည်ရောင်းချသူ တွေကတော့ ၅ဝဝ ကျပ်က စလို့ ရေသယ် ရတဲ့ကျေးရွာတွေ ဝေးရင်ဝေးသလို ထောင့်လေးငါးရာ၊ နှစ်ထောင်လောက် အထိ တင်ရောင်းကြတယ်လို့ ဆိုပါတယ်။ ရေကန်ရှစ်ကန်က ရေရောင်းရငွေဟာ တစ်နှစ်ကို ကျပ်သိန်းလေးငါးဆယ်ဝန်း ကျင်အထိ ရတယ်လို့ ကိုမင်းမင်းက ရှင်း ပြပါတယ်။

ရေရောင်းပြီး ဝင်ငွေရှာနေတဲ့ ကိုမင်းမင်းတစ်ယောက် ဒီနှစ်မှာ စိုးရိမ် တကြီးဖြစ်နေတဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ မိုးရာသီကုန်တာ စောသွားတာကြောင့် သူ့ရေကန်တွေမှာ ထင်သလောက်ရေမရခဲ့သလို ယခုနှစ် ဟာလည်း အယ်လ်နီညိုရာသီဥတု ဖြစ် စဉ်လည်း တွေ့ကြုံရမယ့်နှစ် ဖြစ်နေတာ ကြောင့်ပါပဲ။

နှစ်ငါးရာကျော်အတွင်း အင်အား အကောင်းဆုံး အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်လည်း ဖြစ်ပေါ်နေတဲ့အတွက် ရေ ခန်းခြောက်မှုပြဿ      နာတွေ ပိုပြီးဖြစ်လာ နိုင်တယ်လို့ မိုးလေဝသပညာရှင်ဒေါက်တာ ထွန်းလွင်က မော်ကွန်းမဂ္ဂဇင်းကို ပြော ပါတယ်။

”အယ်လ်နီညိုဖြစ်ရင် ပူနွေးပြီး ခြောက်သွေ့တဲ့ရာသီဥတုကို ဖြစ်တတ် တယ်။ သူ့ရာသီအလိုက်ရှိတဲ့ အပူချိန်တွေ က ပုံမှန်ထက် ပိုသွားတာတွေချည်းပဲ။ ရွာ တဲ့ မိုးကလည်း ပုံမှန်ထက်လျော့မယ်”လို့ သူက ရှင်းပြပါတယ်။

ဖေဖော်ဝါရီပထမပတ်တွင်းမှာပဲ ကိုမင်းမင်း ရေရောင်းနေတဲ့ ရေကန်ရှစ် ကန်မှာ သုံးကန်က လုံးလုံးခန်းသွားပါပြီ။ ကျန်တဲ့ ရေကန်ငါးခုထဲက သုံးကန်ကို လက်ရှိရောင်းနေရပြီး မရောင်းရသေး တာ နှစ်ကန်ပဲရှိပါတော့တယ်။  အဲဒီနှစ် ကန်က ရေတွေကို အမှတ်အသားတွေ ပြုလုပ်ကာ ရေလျော့တဲ့အခြေအနေတွေ ကို တိုင်းတာထားပါတယ်။

ရေတွေအငွေ့ပြန်သွားတာနဲ့ မြေ    ကြီးထဲစိမ့်ဝင်သွားတာတွေကြောင့်လည်း မရောင်းရဘဲ ကျန်နေသေးတဲ့ကန်တွေက တစ်ရက်ကို လက်မဝက်လောက် လျော့ လာနေတယ်လို့ ကိုမင်းမင်းက ပြော ပါတယ်။

”တပေါင်း၊ တန်ခူးဆိုရင် ကန်ရေ တွေ ကုန်နိုင်တယ်။ ဒါဆိုရင်တော့ ဒီဘက် က လူတွေရေအခက်အခဲတော်တော် ရောက်ကြမယ်”လို့ သူက ရှင်းပြပါတယ်။

ဒေးဒလူကျေးရွာအုပ်စု ကျေးရွာ ပေါင်း ၁၄ ရွာမှာ အိမ်ခြေ ၄,၆ဝဝ ကျော် ရှိပြီး လူဦးရေ ၂၁,ဝဝ ကျော် ရှိပါတယ်။

ရေအသုံးစရိတ်

မြစ်ဝကျွန်းပေါ်ဒေသက ပင်လယ်နဲ့ နီးပြီး ရေချိုရှားတဲ့ နေရာတွေမှာ ပုံမှန်ရာသီဥတုအခြေနေတွေမှာတောင်  နွေရာသီ ရောက်လာလေလေ ရေဈေးက တက်လာ လေပါပဲ။ ရေတစ်စည်ကို ကျပ် ၁,ဝဝဝ ကနေ ၂,၅ဝဝအထိ ဈေးတွေက တဖြည်း ဖြည်းတက်လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်ရှိအခြေအနေမှာ တစ်လကို ရေအသုံးစရိတ်အတွက် ကျပ် ၁၅,ဝဝဝ လောက် အသုံးပြုနေရပြီး နွေရာသီ ရောက်လာလို့ ရေတွေ ခန်းလာလေလေ ရေအတွက် အသုံးစရိတ်က တက်လာ လေလေပဲလို့ မမြင့်မော်က ပြောပြတယ်။

မမြင့်မော်ရဲ့ခင်ပွန်းဟာ ပင်လယ် ထဲက ငါး၊ ပုစွန်ဖမ်းတဲ့ ကျားဖောင်လို့ ခေါ်တဲ့ ဝါးဖောင်ကြီးတွေမှာ အလုပ်လုပ် ပြီး ပင်လယ်ကို တစ်ခါထွက်ရင် ရှစ်လခန့် ကြာမြင့်ပါတယ်။ အဲဒီအတွက် ကျပ်ခုနစ် သိန်းဝန်းကျင် ဝင်ငွေရရှိပါတယ်။ အဲဒီဝင် ငွေနဲ့ မလောက်တာကြောင့် မမြင့်မော်က ပုစွန်ခြောက်ရွေးတဲ့အလုပ်ကို ဝင်လုပ် ပါတယ်။ တစ်ရက်ကို ကျပ်နှစ်ထောင် ကျော် ရပါတယ်။

ရေအသုံးစရိတ်အတွက် သူတို့ နေ့စဉ်စားဝတ်နေရေးစရိတ်ထဲက အပို ဖဲ့သုံးနေရသလို တခြားစားသောက်ကုန် ဈေးနှုန်းတွေကလည်း တဖြည်းဖြည်း မြင့်တက်လာတာကြောင့် မမြင့်မော် တစ် ယောက် ဘယ်လိုမှမတတ်နိုင်တော့ဘဲ သုံးတန်းတက်နေတဲ့ သူ့သမီးကို ကျောင်း ထုတ်လိုက်ရတယ်လို့ ဆိုပါတယ်။

”တစ်ယောက်တည်းလုပ်ရင် အကုန်ထမင်းငတ်ကုန်မယ်”လို့ ဘေး နားက သူ့သမီးကို လှမ်းကြည့်ရင်း ပြော ပြတယ်။ အဲဒီနေ့က ပုစွန်ခြောက် ရွေးစရာ ကုန်မရှိလို့နားနေရတဲ့နေ့ ဖြစ်တာကြောင့် သူတို့အတွက် ဝင်ငွေမရတဲ့ နေ့တစ်နေ့ ပါပဲ။

လက်ရှိ နွေဦးပေါက်ရာသီမှာ တောင် တခြားရွာတွေကနေရေဝယ်သုံးလို့ရနေတာပါ။ အယ်လ်နီညိုရာသီ ဥတု ဖြစ်စဉ်ကြောင့် အပူချိန်တွေမြင့်တက် လာပြီး တခြားရွာတွေမှာပါ ရေကန်တွေ ခန်းကုန်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ သူက ခဏလောက်ငြိမ်သက် ပြီးမှ အခုလို ဖြည်းဖြည်းချင်းပြန်ပြော ပါတယ်။

”အစ်မတို့က ပင်လယ်ကမ်းနားမှာ နေတာလေ။ သောက်ရေမှ မရှိတာ။ သူတို့ (တခြားရွာတွေ) မှာလည်း ရေမရှိတော့ ဘူး ဆိုရင်တော့ ရေငတ်သေရုံပေါ့”

scarcity water three

Photo: Khin Maung Myint         ဖျာပုံမြို့နယ်၊ ဂွေးတောက်ကျေးရွာမှ ရေရောင်းသည့် ရေကန်

သက်ဆိုင်ရာရဲ့ အစီအစဉ်

ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်ပေါင်း၂၆ မြို့နယ်မှာ ကျေးရွာ ပေါင်း ၁၁,၉ဝ၈ ရွာ ရှိပါတယ်။ ဒီနှစ်မှာ တော့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ကြောင့် ဧရာဝတီတိုင်းဒေသကြီးထဲက ကျေးရွာပေါင်း ၄၄ဝ ဝန်းကျင်ဟာ သောက်သုံးရေရှားပါးမှု အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေမှူး ဦးစိုးသန်းက ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ကတော့ ဧရာဝတီ တိုင်းဒေသကြီးမှာ ကျေးရွာပေါင်း ၁၄ဝ လောက်သောက်သုံးရေ အခက်အခဲဖြစ်ခဲ့ တယ်လို့ သူက ပြောပါတယ်။

”တကယ်လို့ ရေအခက်အခဲဖြစ် မယ်ဆိုရင် အဲဒီရွာတွေကို ရေချိုရနိုင်တဲ့ နေရာကနေ စက်လှေတွေ၊ ကားတွေနဲ့ သယ်ယူပေးမှာပါ။ ကျွန်တော်တို့ဌာနက မြို့နယ်အလိုက် တာဝန်ရှိသူတွေရဲ့ ဖုန်းနံ ပါတ်တွေကို ပေးထားပါတယ်”လို့ သောက်သုံးရေရှားပါးမှုဖြစ်လာရင် ရေတို ဖြေရှင်းဖို့ စီစဉ်ထားတွေနဲ့ပတ်သက်ပြီး သူက ရှင်းပြပါတယ်။

ဒီနှစ်မှာ သောက်သုံးရေအခက် အခဲဖြစ်တဲ့ကျေးရွာတွေကို လာမယ့်နှစ် ဘတ်ဂျက်မှာ မိုးရေလှောင်ကန်တွေ၊ အုတ်ရေလှောင်ကန်တွေ၊ အဝီစိတွင်း အသစ်တူးပေးတာစတဲ့ ရေရှည်ဖြေရှင်း နည်းနဲ့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ သူက ဆက်လက်ပြောပါတယ်။

ဖျာပုံ၊ လပွတ္တာမြို့နယ်တွေဟာ ပင်လယ်နဲ့ နီးစပ်တဲ့အတွက် သောက်သုံး ရေရှားပါးမှုကို ကြုံတွေ့ရသလို ဟင်္သာတ ခရိုင်ထဲက မြို့နယ်တွေဟာလည်း အညာ ဒေသလို သောက်သုံးရေ အခက်အခဲတွေ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

”ဖျာပုံဆိုရင်လည်း ပင်လယ်နဲ့ အရမ်းနီးတယ်။ ဖျာပုံမြစ်ဆိုရင်လည်း မြို့ဝန်းကျင်လောက်ပဲ ရေငန်မတိုးတာ။ အဲဒီအောက်ပိုင်းက မတ်လလောက်မှာ ရေငန်တိုးပြီ။ ရေတွင်းအနက်တူးတော့ လည်း ရေငန်ပဲထွက်တယ်”လို့ သူက ရှင်းပြပါတယ်။

သောက်သုံးရေရရှိရေးနဲ့ ပတ် သက်ပြီး အစိုးရဌာနတွေက လုပ်နေကြ ပေမယ့် တကယ့်လက်တွေ့မှာတော့ အလုပ်မဖြစ်တာတွေ ရှိနေတယ်လို့ လယ် ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနလက်အောက်က ဦးစီးဌာနတစ်ခုက အရာရှိတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ သူ့ရုံးဟာ ဖျာပုံမြို့မှာ အခြေစိုက်ပြီး သူ့နာ မည်ကိုဆောင်းပါးမှာ ထည့်သုံးဖို့ဆိုရင် နေပြည်တော်မှာရှိတဲ့ ရုံးချုပ်အထိ တင်ပြ ရမှာဖြစ်တာကြောင့် နာမည်ထည့်သုံးဖို့ ငြင်းဆိုပါတယ်။

အစိုးရဌာနဆိုင်ရာတွေအနေနဲ့ ရေတွင်း၊ ရေကန်တွေကို လုပ်ဆောင်တဲ့ နေရာမှာ တတ်သိနားလည်တဲ့ ပညာရှင် တွေနဲ့ ပူးပေါင်းကာ ကြိုတင်စစ်တမ်း ကောက်ယူတာတွေကို စနစ်တကျ လုပ်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

စနစ်တကျ မလုပ်ဆောင်တာ ကြောင့် ”အဝီစိတွင်း တူးလိုက်တယ်။ တူး တဲ့အချိန်အခါပဲ ရေနည်းနည်းထွက်တယ်။ နောက်ဆို ရေမထွက်တော့ဘူး။ တည်ကန် (မိုးရေလှောင်ကန်)  လုပ်ပေးလိုက်တယ်။ သိပ်မကြာဘူး။ ဆားငန်ပေါက်သွားတယ်။ သုံးလို့မရတော့ဘူး။ အဲဒီလို ဆုံးရှုံးတာ တွေရှိတယ်”လို့ ထိုအရာရှိက ဆက်လက် ပြောပါတယ်။

ဖျာပုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေမှူး ဦးအောင်ဇော်လင်းက တော့ ငွေကျပ် ၆၅သိန်းကျော်တန်ဖိုးရှိတဲ့ မြေသားတည်ကန်တွေကို ဆောင်ရွက် ပေးနေသလို ရေဂါလန်တစ်သောင်း ဝင် ဆံ့တဲ့ အုတ်ကန်တွေကိုလည်း ဖျာပုံ မြို့နယ်မှာ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

သောက်သုံးရေအခက်အခဲဖြစ် ကြောင်း ကျေးရွာတွေကနေ တင်ပြလာ မယ်ဆိုရင် ရေကန်တည်ဖို့ ကျေးရွာကနေ မြေတစ်ဧကပေးရပါတယ်။ အဲဒီမြေပေါ်မှာ မှ အစိုးရက ငွေအကုန်အကျခံပြီး ကန်တူး ပေးတာဖြစ်တယ်လို့ သူကရှင်းပြတယ်။

ပင်လယ်နဲ့န်ီးပြီး ရေလိုအပ်နေတဲ့ ရွာတွေမှာ ၂ဝ၁၃ ကနေ လက်ရှိအချိန် အထိ ဖျာပုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ  ကျပ် ၆၅ သိန်းကျော် တန်ဖိုးရှိတဲ့ မြေသားတည် ကန် ၆၃ လုံးနဲ့ ဂါလန်တစ်သောင်းဆံ့ အုတ်ရေလှောင်ကန် ရှစ်ကန်၊ အဝီစိတွင်း ကိုးတွင်း တူးဖော်ပေးပြီးဖြစ်တယ်လို့ သူ က ဆက်လက်ပြောပါတယ်။

”ရေငန်ပေါက်တော့ တူးတိုင်း လည်း ရေမရဘူး။ ဒါပေမဲ့ သောက်သုံးရေ အတွက် အရေးကြီးတဲ့ရွာတွေကို ဦးစား ပေးအဖြစ် ဆောင်ရွက်ပေးနေတယ်”လို့ သူက ရှင်းပြတယ်။

မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေ ရေရရှိရေးကိုတော့ ကျေးလက်ဒေသဖွံ့   ဖြိုးတိုးတက်ရေးဦးစီးဌာနကဆောင်ရွက် ပြီး ဖျာပုံမြို့တစ်ဝိုက် ရေရရှိရေးအတွက် ကိုတော့ မြို့နယ်စည်ပင်သာယာရေး ကော်မတီနဲ့ ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency- JICA) အဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ဖျာပုံမြစ်ရေကို ရေစစ်ကန်တွေထဲ မှာသန့်စင်ပြီး မြို့တွင်းကို ရေပေးဝေဖို့ ခန့်မှန်းကုန်ကျငွေ ကျပ်သန်းနှစ်ထောင် ကို JICA ကနေ နှစ်ရှည်ချေးငွေနဲ့ ဆောင် ရွက်နေတဲ့စီမံကိန်းတစ်ခုရှိတယ် လို့ ဖျာပုံ မြို့နယ်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာမှူး ဦးသိန်းဇော်က ပြောတယ်။

ဖျာပုံမြို့မှာရှိတဲ့ အိမ်ထောင်စု တစ်ဝက်ကျော် (အိမ်ထောင်စု ၄,ဝဝဝ ကျော်) ကို တစ်နေ့ရေဂါလန်  ခြောက်     သိန်းပေးဝေသွားနိုင်ဖို့ ရည်ရွယ်ထားပြီး ယခုနှစ် အောက်တိုဘာလောက်မှာ စတင်ပေးဝေသွားနိုင်မယ်လို့ သူက ခန့် မှန်းပြောဆိုပါတယ်။

ဒီစီမံကိန်းကို JICA ကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ ၂၄ မြို့ မှာကွင်းဆင်းစစ်ဆေးပြီး ရွေးချယ်တဲ့အခါ ဖျာပုံမြို့မှာ အမှန်တကယ်ရေရှားတဲ့ အတွက် ရွေးချယ်ခံရတာဖြစ်တယ်လို့ ဦးသိန်းဇော်က ရှင်းပြတယ်။

ဖျာပုံမှာလုပ်သလိုမျိုး မြစ်ရေကို သန့်စင်ပြီးရေပေးဝေတဲ့စနစ်ကို တခြား ကျေးလက်ဒေသတွေမှာ လုပ်မယ်ဆိုရင် လည်း ရနိုင်ပေမယ့် ချေးငွေနဲ့ဆောင်ရွက် တဲ့အတွက် ရေကို အခွန်အခတွေ ကောက် ပြီး ပြန်ဆပ်မယ့်အခါမှာ အခက်အခဲတွေ ရှိနိုင်တာကြောင့် မလုပ်ကြတာလို့ သူက ပြောပါတယ်။

”ဒီစီမံကိန်းကုန်ကျငွေကို နိုင်ငံ တော်အစိုးရက ဆပ်မှာ မဟုတ်ဘူးလေ။ မြို့တော်စည်ပင်သာယာက အခွန်အခ ကောက်မယ်။ အဲဒါတွေကို တဖြည်းဖြည်း ဆပ်သွားလို့ရတယ်”လို့ ဦးသိန်းဇော်က ဆိုပါတယ်။

အဆိုပါစီမံကိန်းကနေ သန့်စင်ပြီး ထွက်လာတဲ့ရေကို သောက်လို့ရနိုင်၊ မရနိုင်ဆိုတာကို ရေသန့်စင်ပြီး ထွက်လာ တဲ့ အချိန်ကျမှ ပြောနိုင်မှာဖြစ်ပြီး မြစ်ရေ လိုတော့ နောက်ကျိနေမှာ မဟုတ်ဘူးလို့ သူက အာမခံပါတယ်။

scarcity water f

Photo: Khin Maung Myint      ဖျာပုံမြို့နယ်၊ ဘုရားလေးသောင်စုကျေးရွာမှ အဝတ်လျှော်နေသည့် အမျိုးသမီးတစ်ဦး

သောက်သုံးရေလုံလောက်အောင်ပေးပါ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနရဲ့ ၂ဝဝ၈ ခုနှစ်စာရင်း တွေအရ မြန်မာတစ်နိုင်ငံလုံးမှာရှိနေတဲ့ မြစ်ချောင်းတွေကနေ တစ်နှစ်ကို ရေချို ခန့်မှန်းဧကပေသန်းပေါင်း ၈၈ဝ ဝန်းကျင် (၁,ဝ၈၁ ကုဗကီလိုမီတာ) စီးဆင်းနေ တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ရဲ့ ရေချိုစီးဆင်းမှု ပမာဏကတော့ တစ်နိုင်ငံလုံး ရေစီးဆင်း မှုရဲ့ ၄၂ ရာခိုင်နှုန်းရှိပြီး ဧကပေ သန်း ပေါင်း ၃၇ဝ (၄၅၅ ဒသမ ၂ ကုဗကီလိုမီ တာ) ရှိတယ်လို့ အမျိုးသားအဆင့် ရေ အရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့်က ပြောပါတယ်။

ဧရာဝတီမြစ်ကနေ စီးဆင်းလာတဲ့ ရေချိုတွေဟာ ၄င်းရဲ့ မြစ်လက်တက်တွေ ဖြစ်တဲ့ ငဝန်မြစ်(ပုသိမ်မြစ်)နဲ့ ရန်ကုန် မြစ်ကြားမှာရှိနေတဲ့ ဘိုကလေးမြစ်၊ ဖျာပုံမြစ်အပါအဝင် စုစုပေါင်းမြစ် ၁၂ စင်းကနေ ပင်လယ်ထဲကို ရောက်သွားစေ တယ်လို့ သူက ဆက်လက်ပြောပါတယ်။

ယခုအချိန်မှာ ရာသီဥတုတွေ ဖောက် ပြန်လာတဲ့အတွက်ကြောင့် တစ်နိုင်ငံလုံး ရေချိုစီးဆင်းမှုပမာဏဟာ အရင်နှစ် တွေကထက် လျော့နည်းသွားနိုင်တယ်လို့ ဦးအုန်းမြင့်က ထောက်ပြပါတယ်။

”လူတွေ ဒုက္ခမရောက်အောင် ရေကန်တွေ ထပ်တူးပေးရမယ်။ ရေကန်တွေ ထပ်ချဲ့ပေးရမယ်။ ပြီးရင် ရေကန်တွေကို အပေါ်ကနေအုပ်တဲ့ အမိုးတွေလုပ်ပေးရ မယ်။ ရေချိုတဲ့ကာလမှာ (မြစ်ချောင်း ရေချိုတဲ့ကာလ) အဲဒီရေတွေကို စုပ်ပြီး တော့ သောက်ရေကန်၊ သုံးရေကန် လုပ် ပြီးတော့ ထည့်ရင်ပိုကောင်းတယ်”လို့ ဦးအုန်းမြင့်က အကြံပြုတယ်။

ရေကန်တွေ တိုးချဲ့တူးဖော်ဖို့ လို အပ်သလို ကန်တွေမှာရှိနေတဲ့ ရေတွေကို လည်း ကျေးရွာကလူတွေ စနစ်တကျသုံးစွဲ တတ်အောင် ပညာပေးတာတွေလည်း လုပ်ရမယ်လို့ သူက ဆိုပါတယ်။ လက်ရှိ အချိန်မှာတော့ ”ရေနဲ့ပတ်သက်လို့ ပညာ ပေးတာတွေ အရမ်းနည်းနေတယ်”လို့ သူက ထောက်ပြပြောဆိုပါတယ်။

ရွာတွေမှာရှိတဲ့ သောက်သုံးရေ ကန်တွေကို စနစ်တကျ ခြံစည်းရိုးကာရံ ပြီး ကန်မှာ ရေနည်းလာတဲ့အချိန်တွေမှာ အချိန်နဲ့ စနစ်တကျ ခွဲဝေသုံးစွဲကြဖို့နဲ့ တစ်ဦးတစ်ယောက်က အဲဒီသောက်ရေ သုံးရေကန်က ရေတွေကို တိုက်အိမ်တွေ ဆောက်လုပ်တဲ့နေရာတွေမှာ မသုံးစွဲဖို့ စတဲ့ ရေစီမံခန့်ခွဲမှုပိုင်းတွေကို အစိုးရ တာဝန်ရှိသူတွေနဲ့ အရပ်ဘက်လူမှု အဖွဲ့ အစည်းတွေက ပညာပေးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

မြစ်ချောင်းတွေ အမြောက်အမြား စီးဆင်းနေပေမယ့် ဒေသခံလူထု သောက် သုံးရေလုံလောက်အောင် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကိုတော့ ရေအရင်း အမြစ်ကျွမ်းကျင်ပညာရှင် ဦးအုန်းမြင့်က ယခုလို ပြောပါတယ်။

”လူတွေ သောက်သုံးရေ အခက် အခဲမဖြစ်အောင် Water Supply ကို အစိုးရက လုပ်ပေးရမယ် “ ။   ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here