Home ခရီးသွားဆောင်းပါး မြစ်များ၊ချောင်းများ၊ ဘ၀များ အပိုင်း(၂)

မြစ်များ၊ချောင်းများ၊ ဘ၀များ အပိုင်း(၂)

207
0
ဓာတ်ပုံ - ဇေယျလှိုင်/ မော်ကွန်းမဂ္ဂဇင်း
Advertise Here

(၇)

သို့သော် ဖျာပုံသည် အစောကြီး နိုး တတ်သော မြို့ကလေးဖြစ်တာတော့ သေ ချာသည်။ နံနက် ၄ နာရီခွဲလောက်က ပင် လူသံများကို ကြားနေရသည်။ ၅ နာရီ တွင် ဈေးထဲမှာ လူစည်နေပြီး ၆နာရီ၌ လက်ဖက်ရည်ဆိုင်များတွင် လူပြည့်နေ ပါပြီ။ အင်န်ဂျီအိုဝန်ထမ်းအချို့ မြို့လယ် လမ်းမှာ စောစောစီးစီး ကျောပိုးအိတ်များ လွယ်ပြီး လက်ဖက်ရည်ဆိုင်ထဲ ဝင်လာ သည်။ မိတ်ဆွေ အင်န်ဂျီအိုဝန်ထမ်းများ နှင့်ပင် ဆုံသေးသည်။

”ဒီမြို့မှာ ခင်ဗျားတို့ အင်န်ဂျီအိုက လူတွေ များလှချေလားဗျာ”ဟု လူရင်း တစ်ယောက်ကို နောက်မိသည်။

Advertise Here

”အရင်ထက်စာရင် ဒါ အတော် နည်းသွားတာကိုယ့်လူ၊ အရင်တုန်းက ဒီထက်များတာပေါ့။ အခု လက်ကျန် အင်န်ဂျီအိုက နည်းနည်းပါးပါးပဲ ရှိတော့ တာပါ။ အလုပ်လုပ်နေသေးတယ်ဆိုရုံ လောက်ပဲ”

အင်န်ဂျီအိုမှ မိတ်ဆွေဝန်ထမ်းတစ် ဦးက အသံတိုးတိုးဖြင့် ပြောခြင်းဖြစ်သည်။

လုပ်ငန်းများ ရုပ်သိမ်းသွားသည့် အင်န်ဂျီ အိုအရေအတွက်မှာ မနည်းလှ။ ရေရှည် စွဲမြဲလုပ်ကိုင်သည့် အင်န်ဂျီအိုမှာ ယခု အခါ အနည်းငယ်သာ ကျန်တော့သည်။ သူတို့ကလည်း မုန်တိုင်းကာကွယ်ရေးဆို သည်ထက် အခြားသော ဖွံဖြိုးရေးလုပ် ငန်းများဘက်သို့ အာရုံစိုက်လုပ်ပေးကြ သည်။ ပြီးတော့ ဒေသခံဝန်ထမ်းအနည်း ငယ်နှင့်သာ စခန်းသွားနေကြသည်။

ဓာတ်ပုံ - ဇေယျလှိုင်/ မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ – ဇေယျလှိုင်/ မော်ကွန်းမဂ္ဂဇင်း

(၈)

ဖျာပုံတွင် နံနက်စာစားပြီး ကျွန် တော်တို့ ဘိုကလေးသို့ သုတ်ခြေတင်ကြ သည်။ ဖျာပုံနှင့် ဘိုကလေးပြေးသော ခရီး သည်တင်ကားမှာ  ရန်ကုန်မှလာစဉ် စီး လာခဲ့ရသည့် ကားထက် ပို၍ ကြံ့ခိုင်သည်။ လယ်ကွင်းတွေထဲမှာ ဖြတ်ပြီး ဖောက် ထားသည့် ကတ္တရာလမ်းသည်လည်း ဖြူး နေ၏။

တစ်ခုတော့ သတိပြုမိသည်။ ဖျာပုံ မှ ဘိုကလေးသို့ အသွား လမ်းတစ် လျှောက်တွင် အရက်ကြော်ငြာဗီနိုင်းများ ကို အိမ်များ၏ ထရံများ၊ ခေါင်မိုးများတွင် ကပ်ထားခြင်းဖြစ်သည်။ ကုန်စုံဆိုင်ဆို လျှင် ပို၍ ဆိုးသေးသည်။ အဝေးမှ လှမ်း ကြည့်လျှင် ဈေးဆိုင်ထက် အရက်ကြော် ငြာဗီနိုင်းပုံကြီးကို ကြည့်ရသလို ရှိသည်။ ဆိုင်ရာ အရက်ကုမ္ပဏီကပင် ကြော်ငြာ ကောင်း၍လား၊ သို့တည်းမဟုတ် ကိုယ့် သဘောနှင့်ကိုယ် ကပ်ထားကြသည်လား မပြောတတ်။ ဖြတ်သွားဖြတ်လာ ကား ပေါ်မှ လှမ်းမြင်ရခြင်းသာဖြစ်သည်။

ကားပေါ်တွင် ပိုက်ဆံသိမ်းသည့် အစ်ကိုကြီးက ကျွန်တော်တို့နှင့် စကား တွေ ဖောင်လာသည်။ လမ်းတစ်လျှောက် က ရွာတွေကို ပြောပြနေသည်။ ဘို ကလေးသို့ ကျွန်တော်တို့က ရောက်ဖူးကြ သည်မဟုတ်။ ကိုအောင်လေးက သူ့ဘေး တွင် ထိုင်နေသည့် အသားညိုညိုနှင့် တုတ်ခိုင်သော ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦး ကို စက်လှေဘယ်လိုငှားရမလဲဟု မေး နေသည်။

ကိုခင်မောင်မြင့်ကတော့ သူ့ဘေးမှ အမျိုးသားတစ်ဦးနှင့် စကားတွေဖောင် နေ၏။ သတင်းထောက်တော့ ပီသသည်။ ဒေသခံတွေက သဘောကောင်းပြီး ဖော် ရွေတာကြောင့်လည်း ပါပါသည်။ ခပ်စိမ်း စိမ်မနေတတ်သည့် သဘာဝကြောင့် ကျွန်တော်တို့က ကားပေါ်မှာ ရင်းရင်းနှီးနှီး စပ်စုနိုင်ခြင်းဖြစ်သည်။

ဘိုကလေးသင်္ဘောဆိပ်တွင် ရန် ကုန်သို့ သွားမည့် သင်္ဘောကြီးအချို့နှင့် ပင်လယ်ဝကျေးရွာမျာသို့ပြေးဆွဲသည့် ရှပ်ပြေးယာဉ်များ ဆိုက်ကပ်ထားသည်။ သင်္ဘောဆိပ်မှ ကွမ်းယာရောင်းသူတစ်ဦး ထံ စက်လှေဘယ်လိုငှားရမလဲမေးတော့ သူတို့က ဈေးသက်သာသည့် လမ်းကို ညွှန်ပါသည်။ သို့သော် အချိန်အခက်အခဲ အရ ကျွန်တော်တို့က စက်လှေနှင့်သွားမှ ဖြစ်မည်။ သည်တော့လည်း သူက ကူညီ  ပါသည်။

စက်လှေမောင်းသူကိုယ်တိုင်က  ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) တွင် အလုပ်လုပ်ဖူးသည့် ဒေသခံဖြစ် သဖြင့် ပို၍ အဆင်ပြေသွားသည်။ သွား ချင်သည်မှာ ကဒုံကနိကျေးရွာဖြစ်သော် လည်း ဝေးလွန်းသဖြင့် အချိန်မီ ဘို ကလေးသို့ ပြန်မလာနိုင်မှာစိုးကြောင်း သူ ကပြောသည်။ သို့နှင့် ပဒဲကောကျေးရွာသို့ ဦးတည်သွားရန် ဆုံးဖြတ်လိုက်သည်။ ထို ရွာမှာ ဘိုကလေးမြစ် အောက်ဘက် အခြမ်းတွင် နာဂစ်တုန်းက လူအသေ အပျောက် အတော်များသည်ဟု ဒေသခံ တွေက ဆိုသည်။ ထိုရွာမှာတော့ မုန်တိုင်း ဒဏ်ခံအဆောက်အအုံ မရှိ။

စက်လှေနှင့် လေးနာရီခန့် သွားရ သည်။ ဘိုကလေးမြစ်ထဲမှာ နေရောင် ကလေးတစ်ချက်လင်းပွင့်လာသဖြင့် ကျွန်တော်တို့ ဝမ်းသာသွားသည်။ သို့ သော် ကြာကြာမပျော်လိုက်ရ။ တစ်နာရီ ခန့် ရှိသောအခါ ပင်လယ်ဘက်မှ မိုးရိပ်မိုး သားများ တရိပ်ရိပ်တက်လာပြီး အုံ့ဆိုင်း မည်းမှောင်လာသည်။ လှေသေးသေး ကလေးတွေနှင့် ငါးဖမ်းသူများက ကမ်း ခြေဘက်သို့ ပြေးကပ်နေကြသည်။

ထို့ကြောင့် ဘိုကလေးမြစ်ထဲမှာ ကျွန်တော်တို့ ပဲ့ထောင်တစ်စင်းသာ ရေ လယ်ကောင်မှ ခုတ်မောင်းလျက်ရှိနေ သည်။ မျှော်လင့်ထားသည့်အတိုင်း မိုး သည် အငြိုးတကြီးရွာချလိုက်သည်။ လေ ကလည်းထန်သဖြင့် လှိုင်းများထလာ သည်။ ပဲ့ထောင်မှာ လှိုင်းကြောင့် လူးနေ သည်။ မိုးက သည်းထန်သဖြင့် ကမ်းခြေကို ဝိုးတဝါးသာ မြင်ရပါသည်။

ပဲ့ထောင်ဝင်းထဲမှာ ကျွန်တော်တို့ သုံးယောက်က စကားတပြောပြောနှင့် ရှိ နေသည်။ ထိုစဉ် ပဲ့ထောင်ကြမ်းပြင်ပေါ် သို့ ရေများ စီးကျလာသည်။ ပထမတွင် မိုးပက်သည်ဟု ထင်သေးသည်။ သေချာ ကြည့်မိမှ ပဲ့ထောင်ဦးပိုင်းက ရေတွေ ဝင် လာခြင်းဖြစ်သည်။ ပျဉ်ပြားဖြင့် ဖာထား သည့် အပေါက်နေရာမှ ရေဝင်လာခြင်း ဖြစ်သည်။

”ဟေ့လူတွေ…ဟိုမှာကြည့်စမ်း၊ လှေပေါက်ပြီး ရေတွေဝင်လာပြီ”

ကျွန်တော့်အသံကြားမှ ဆေးလိပ် ဖွာနေသည့် ကိုအောင်လေးနှင့် ကိုခင် မောင်မြင့်တို့ ပြူးပြူးပျာပျာဖြစ်ပြီး လှေဦး ပိုင်းကို လှမ်းကြည့်သည်။ သူတို့နှစ်ဦး မျက်နှာပျက်သွားသည်။ စက်လှေသမား ကို ကျွန်တော်လှမ်းပြောလိုက်သည်။  သူက ”အေးဆေးပါဗျ”ဟု ပဲ့ပိုင်းမှ မိုးရေ ထဲတွင် ထိုင်၍ တက်မကိုင်ထားရင်း ပြော သည်။ သူ့ကြည့်ရသည်မှာ အမှန်ပင် အေး အေးဆေးဆေး။ သို့သော် ကိုခင်မောင်မြင့် က လှုပ်လှုပ်ရှားရှားဖြစ်နေပြီ။

”ရွှမ့်(ရွှံ့) နဲ့ ပိတ်ဟေ့၊ ရွှမ့်(ရွှံ့) နဲ့ ပိတ်ရအောင်ဗျို့”

ကိုခင်မောင်မြင့် အသံကုန်ဟစ် သည်။ မိုးသံ၊ လေသံနှင့် စက်သံတို့ကို လွှမ်းအောင် အော်ရသဖြင့် သူ့အသံမှာ ပြာနေသည်။ အော်ပြောတာမို့ သူ့အသံကို ကျွန်တော်တို့အားလုံး ကြားပါသည်။ ခက် သည်မှာ ရေးကြီးသုတ်ပျာ သူပြောနေ သည့် ‘ရွှမ့်’ဆိုသည်ကို ဘာမှန်း မသိခြင်း ဖြစ်သည်။ရခိုင်အမျိုးသား ကိုခင်မောင်မြင့် က စကားဝဲသည်။ မိနစ်အနည်းငယ်ကြာမှ သူပြောသည့် ‘ရွှမ့်’ဆိုသည်မှာ  ‘ရွှံ့’ကို ဆို လိုခြင်းဖြစ်ကြောင်း အားလုံးက ရိပ်မိကြ သည်။ သို့သော် ရေလယ်ကောင်မှာ သူ ပြောသည့် ရွှံ့ကို ဘယ်မှာရနိုင်မလဲ။ ငိုအား ထက်ရယ်အားသန်သည့် အဖြစ်မျိုးဆို ပါတော့။

သွေးရူးသွေးတန်းနှင့် ကိုအောင် လေးက သူ့အင်္ကျီကို ချွတ်သည်။ ကိုခင် မောင်မြင့်ကလည်း ရောယောင်ပြီး ချွတ် ပစ်လိုက်သည်။ စက်လှေသမားက တဟားဟားရယ်သည်။ ကျွန်တော်တို့ ကြောက်နေပုံကို မြင်ပြီးကတည်းက စက် လှေကို ကမ်းသို့ ဦးတည်ထားပြီဖြစ်သည်။ လှိုင်းထန်ရေဆန်မို့ အတော်နှင့် မရောက် နိုင်တာပဲဖြစ်သည်။ ကမ်းနဖူးသို့ ထိုးဆိုက် လိုက်မှ အားလုံး သက်ပြင်းချနိုင်ကြသည်။

Photo: Win Zaw Latt

 

(၉)

ပဒဲကောရွာသည် ကဒုံမြစ်ရိုးတစ် ဖက်ကမ်းတွင်ရှိသည်။ ရွာ၏ မျက်နှာချင်း ဆိုင်တွင် မိန်းမလှကျွန်းသစ်တောကြိုး ဝိုင်းကို မြင်ရသည်။ လှေဆိပ်မှ တက်လျှင် တက်ချင်း ရွာလက်ဖက်ရည်ဆိုင်ကလေး ကို မြင်ရသည်။ သို့သော် ကော်ဖီမစ်ပဲရ သည်။ ဆိုင်ရှင်က ကျွန်တော်တို့ကို ရယ်၍ နေရာထိုင်ခင်းပေးသည်။ သူ့ဆီမှ တော အရက်နံ့မှာ သင်းနေသည်။

”မောင်ကြီးတို့က ဘယ်ကလာကြ သတုံး”

အမျိုးသမီးတစ်ဦးက ကော်ဖီမစ် ဖျော်ရင်းလှမ်းမေးသည်။ ‘မောင်ကြီး’ဆို သော အသုံးအနှုန်းကို သတိထားလိုက်မိ သည်။ ရေငန်ပိုင် ဦးရှင်ကြီး ဇာတ်လမ်း စတင်ရာမှာ ဒီနေရာတစ်ဝိုက်တွင်ဖြစ် သည်။ ကျွန်းညိုကြီး၊ မိန်းမလှကျွန်းနှင့် မောင်ကြီးဆိုသည့် အသုံးအနှုန်းသည် ကျွန်တော်တို့ငယ်ငယ်က ဦးရှင်ကြီးဇာတ် ထုပ်ကြည့်လျှင် ကြားရတတ်သော အခေါ် အဝေါ်များဖြစ်သည်။

”ကျုပ်တို့ရွာက နာဂစ်မတိုက်ခင် ကဆိုရင် ဒီလို ဘယ်ဟုတ်မလဲ ကိုရင်ရာ”

လက်ဖက်ရည်ဆိုင်ရှင်က ပြော သည်။ သူက သဲအိတ်များခင်းထားသည့် ရွာလမ်းကျဉ်းကလေးကို လက်ညှိုးထိုး၍ ပြောသည်။ ဟိုစဉ်က ဖြူးဖြူးဖြောင့်ဖြောင့် ရှိသောလမ်းကလေးမှာ နာဂစ်ပြီးက တည်းက ဗွက်ထသည့်လမ်းအဖြစ်ပြောင်း လဲသွားသည်။

ဒီရွာမှာ ပြောင်းလဲတာတွေ မနည်း ဘူးရှိသည်။ ရွာခံတွေက နာဂစ်မှာ ဆုံးပါး သွားကြသည့်နောက် အခြား ရွာခံမဟုတ် သူများ ပဒဲကောတွင် လာရောက် နေထိုင် ခဲ့ကြသည်။ ယခု ရှိနေသည့် ရွာလူဦးရေ၏ သုံးပုံနှစ်ပုံမှာ အခြားဒေသများမှ နာဂစ် အပြီး ပြောင်းရွှေ့လာသူတွေဖြစ်သည်။

”ရွာက အရင် ဒီထက်စည်းလုံး တယ်။ ညီညွတ်ကြတယ်။ အခု နာဂစ်ပြီး ကတည်းက လူတွေလည်း ဗြောက် သောက်ရောက်လာတော့ အကျင့်စရိုက် ကလည်း ပေါင်းစုံဖြစ်လာတယ်”

ဆိုင်ရှင်က ဆက်ပြောသည်။ ထိုစဉ် တွင် လူတစ်ယောက်ဝင်လာသဖြင့် ဆိုင် ရှင်က သူနှင့် ကျွန်တော်တို့ကို မိတ်ဆက် ပေးသည်။ သူ့နာမည်မှာ ကိုကျော်လွင်ဖြစ် သည်။ နာဂစ်တုန်းက ဇနီး၊ သားနှင့် သမီး တို့ ဆုံးရှုံးခဲ့ရသူဖြစ်သည်။

”နာဂစ်ရဲ့ ရိုက်ချက်ကတော့ ပြင်း လွန်းပါတယ် ငါ့ညီရာ”ဟု သူကပြော သည်။ လယ်သမားတစ်ဦးလည်းဖြစ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သည့် စရိုက်က ပေါ် လွင်လွန်းသည်။

”နာဂစ်ပြီးကတည်းက ဘာပဲလုပ် လုပ် အဆင်မပြေတော့ဘူး၊ စပါးစိုက် တော့ ကြွက်တွေ သောင်းကျန်းတာ မပြောပါနဲ့တော့။ ဒါနဲ့ ပင်လယ်နှမ်းပြောင်း စိုက်ကြည့်တယ်။ ကိုယ်စိုက်တဲ့နှစ်မှ နှမ်း ဈေးကျလိုက်တာ သောက်သောက်လဲ ကွဲ ပါရောလား”

ကိုကျော်လွင်က အားပါးတရ ရယ် ၍ ပြောသည်။

”ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ ညီ လေး။ အလုပ်ကတော့ လုပ်နေရတာပဲ”

ဖော်ရွေလွန်းသည့် ကိုကျော်လွင် နှင့် ကျွန်တော်တို့မှာ ရင်းနှီးသွားကြသည်။

ဒူးခေါင်းလောက်ထိ မြုပ်သော ရွှံ့ဗွက်များ ကို ဖြတ်ပြီးသွားရသည့် သစ်သားအိမ် ကလေးများကို ခပ်လှမ်းလှမ်းတွင် အစီ အရီတွေ့ရသည်။ နာဂစ်အပြီးတွင် အလှူ ရှင်များက ဆောက်ပေးထားသောအိမ်ကလေးများဖြစ်သည်။ သရက်သားသစ်ဖြင့် ဆောက်ထားသဖြင့် ယခုအခါ ဆွေးသည့် နေရာ ဆွေးနေပြီ။ ပိုးစားသည့်နေရာက စားနေပြီ။

ပဒဲကောရွာမှ ကျွန်တော်တို့ ထွက် လာခဲ့ကြသည်။ လမ်းမှာ တံငါသည်လှေ ကလေးတွေကို တွေ့ရသည်။ ဒီဒေသမှာ ငါးဖမ်းစားရသည်မှာလည်း ယခင်ကလို မဟုတ်တော့။ ဘိုကလေးမြစ်၊ ကဒုံမြစ်ရိုး တစ်လျှောက်တွင် မြစ်ကို အကွက်လိုက် နေရာလုပ်ပြီး ဒေသအာဏာပိုင်များက လေလံပေးသည်။ ငွေရှိသူတို့က လေလံဆွဲ သည်။ လေလံအောင်မြင်သူတို့က တံငါ သည်များကို လုပ်ကွက်ပြန်ချသည်။ ကိုယ့် ပိုင်နက်နှင့် ကိုယ်ဖြစ်သည်။

ငါးဖမ်းသူ တံငါသည်များက နေ့စဉ် ကြေး၊ လစဉ်ကြေးပေး၍ လုပ်ကိုင်စား သောက်ရသည်။ တံငါသည်တင်မဟုတ်၊ဘဲမွေးမြူသူများလည်း ထိုအတိုင်းဖြစ် သည်။ လေလံဆွဲထားသည့် မြစ်အတွင်း ဘဲကျောင်းမည်ဆိုလျှင် သက်ဆိုင်ရာ မြစ် ဧရိယာကို လေလံဆွဲထားသူများထံ ဘဲ တစ်ကောင်လျှင် မည်မျှဟူ၍ သတ်မှတ် နှုန်းအတိုင်း ပေးရသည်ဟု ဒေသတံငါ သည်များက ပြောပြသည်။

မြစ်များသည် သဘာဝ၏ လက် ဆောင်ဖြစ်ပါသည်။ လူတို့မှီခိုအသက်မွေးဝမ်းကျောင်းရာဖြစ်သည်။ သို့သော် အဆို ပါ သဘာဝလက်ဆောင်ဖြစ်သည့် မြစ်ကြီး ကို ငွေရှင်နှင့်အာဏာရှိသူတို့ ပူးပေါင်းပြီး မောင်ပိုင်စီးလိုက်ကြသည်မှာ ဖြစ်သင့်ပါ သလားဆိုတာ ကျွန်တော်တို့ စဉ်းစားရ လိမ့်မည်။

မြစ်ကို မှီခိုစားသောက်ရသည့် ဒေသခံ တံငါသည်တွေမှာ  ဝမ်းစာအခက် အခဲဖြစ်ရသည့်အထဲ ငွေပေးပြီး ငါးရှာနေ ရသည်မှာ မဖြစ်သင့်ဟု ကျွန်တော်ထင် သည်။ သဘာဝ၏လက်ဆောင်ကို လူ တိုင်း ခံစားထိုက်သည်မဟုတ်လား။ ထို စနစ်ဆိုးသည် အမှန်တကယ် ဖျောက် ဖျက်သင့်သည်။ ဆင်းရဲခြင်းကို တိုက်ဖျက် ရန် ကြွေးကြော်နေသည့် အစိုးရသည် ထို လုပ်ရပ်များကိုလည်း တစ်ပါတည်း တိုက် ဖျက်ရလိမ့်မည်။

(၁ဝ)

ကဒုံမြစ်ရိုးနှင့် မိန်းမလှကျွန်းသည် မျဉ်းပြိုင်ကဲ့သို့ဖြစ်နေသည်။ သို့သော် မိန်းမလှကျွန်းသည်ပင် ယခင်လို စိမ်းစိမ်း အုပ်အုပ်ရှိတော့သည်မဟုတ်။ ဆံပင်ကျိုး တိုးကျဲတဲသာ ကျန်တော့သည့် အဘိုးအို တစ်ဦးနှင့် တူနေသည်။ တဒုတ်ဒုတ်ခုတ် မောင်းနေသည့် ပဲ့ထောင်မှာ ဓနိပင်တွေ ကြားထဲရှိ ချောင်းကလေးထဲသို့ ချိုးဝင် လိုက်သည်။ ချောင်းရိုးထဲတွင် ငှက်ပျော သီးတင်သည့် လှေကလေးအချို့ တွေ့ရ သည်။ လှေပေါ်မှာပင် ချက်ပြုတ်စား သောက်သည့် စားအိုးစားခွက်နှင့် တံငါ သည်လှေကလေးများသည် ဓနိပင်များ၏ ခြေရင်းတွင် ထိုးဆိုက်ထားသည်။

ဆတ်ကျွန်းရွာဆိုသည့် ဆိုင်းဘုတ် ကို လှေဆိပ်တွင် ထင်ရှားစွာမြင်ရသည်။ ရွာကလေးမှာ အိမ်ခြေတစ်ရာခန့်ရှိသည်။ ရေလုပ်ငန်းနှင့် လယ်ယာလုပ်ကိုင်သူများ သာရှိသည်။ ကိုအောင်လေးက ဆတ် ကျွန်းမှာ သူ့ဆွေမျိုးတွေ ရှိသည်။ ရှာချင် သည်ဟု ပြောသဖြင့် လိုက်ရှာကြသည်။ ရွာက သေးသေးလေးမို့ သိလိုသည့်နာ မည်ကို ဘယ်သူ့မေးမေးသိကြသည်သာ။ ကျွန်တော်တို့နားတွင် ကလေးတွေ ဝိုင်း အုံလာကြသည်။ လူစိမ်းသူစိမ်း အလာ နည်းသည့် ရွာကလေးဖြစ်ဟန်ရှိသည်။

ကလေးလေးတွေက ကိုယ်ပေါ်မှာ အဝတ်မပါ။ အဝတ်ပါသူများကလည်း ရွံ့နှင့် ဗွက်နှင့် လူးနေသည်။ ကလေးအချို့ သစ်ပင်ကို ကားရားခွနေရင်းမှ လှမ်း ကြည့်သည်။ သူတို့လေးတွေမှာ ပျော်နေပုံ ရပါသည်။ ကလေးအချို့က ဗိုက်ပူပူ ကလေးတွေဖြစ်တာ သတိထားမိသည်။လက်သည်းကြားမှာလည်း ရွှံ့တွေဝင်      နေသည်။

”ရွာမှာ ကျန်းမာရေးဆေးပေးခန်း မရှိဘူးလား”ဟု ရွာခံလူကြီးအချို့ကို မေး ကြည့်သည်။ အနီးအနားမှာတော့ မရှိဟု သိရသည်။ ကလေးလေးအချို့ ဗိုက်ကြီး တွေ ကားနေတာ သန်ကောင်ကြောင့်ဟု ကျွန်တော်က သံသယရှိနေသည်။ ခက် သည်မှာ ကိုယ်ကလည်း ဆရာဝန်မဟုတ်။ မှန်းဆရုံသာ စွမ်းနိုင်သည်။

ကလေးတွေကတော့ ပျော်ပျော်ပါး ပါးပါပဲ။ အချို့ကလေးတွေက ကိုယ်တုံး လုံး၊ အချို့ကလေးများမှာ အပေါ်ဝတ်သာ ပါပြီး ခါးအောက်ပိုင်းတွင် အဝတ်မပါ။ မိန်းကလေးအချို့က ဂါဝန်ကလေးတွေနှင့်၊ သူတို့ကို ဓာတ်ပုံရိုက်တော့ ရှက်နေသည်။

”အင်းလေ၊ ဒီလိုရွာမျိုးက ကလေး တွေထဲကလည်း တစ်ချိန်မှာ နိုင်ငံတော် သမ္မတပေါ်ထွက်မလာနိုင်ဘူးလို့ ဘယ် ပြောနိုင်မလဲ”

ကျွန်တော်ကပြောတော့ ကိုခင်မောင်မြင့်နှင့် ကိုအောင်လေးတို့က ရယ် ကြသည်။ ဟုတ်သည်။ အနာဂတ်ကို ဘယ် သူမှ ကြိုတင်မြင်ကြရသည်မဟုတ်။ ဘာ ကိုမှ ကံသေကံမ ပြော၍ ရသည်မှ မဟုတ် ဘဲ။ ဆတ်ကျွန်း၏ ချောင်းရိုးကလေးထဲက ထွက်တော့ ကျွန်းညိုကြီးကို မားမားကြီး မြင်ရသည်။အသွားတုန်းကမိုးရွာနေသဖြင့် သဲကွဲစွာ မမြင်ခဲ့ရသည့် ကျွန်းဖြစ်သည်။

ကျွန်းညိုကြီး။ ရာဇဝင်ဇာတ်လမ်း တွေထဲက နာမည်ကြီးသည့် ကျွန်း။ ရေငန် ပိုင် ဦးရှင်ကြီး၏ ကျွန်း။

နတ်ကြီးသည်၊ နတ်မကြီးသည် တော့ မသိ။ မြစ်ဝကျွန်းပေါ်သား ကျွန် တော်တို့အဖို့တော့ စိတ်ထဲမှာ စွဲလမ်းနေ သည့် ကျွန်းဖြစ်သည်ကတော့အမှန်။ နောင်တွင် ရေငန်ပိုင်အဖြစ် ယုံကြည်သူ တွေအကြား ပေါ်ပေါက်လာမည့် မောင် ရှင်ကို ကျွန်းညိုကြီးအနီးတွင် ရေထဲပစ်ချ ခဲ့သည်။ ယခု ကျွန်တော်တို့ ပဲ့ထောင်ခုတ် မောင်းနေသည့်ကျွန်းနှင့် မနီးမဝေးတွင် ဖြစ်သည်။

ဦးရှင်ကြီးဇာတ်လမ်း စတင်ဖြစ်ပေါ် သည့် ကျွန်းညိုကြီးတစ်ဝိုက်တွင်လည်း ဦးရှင်ကြီးပူဇော်ပွဲကို နှစ်စဉ် ဝှဲချီးကျင်းပ ကြသည်။ ကျွန်းညိုကြီးကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ ကျွန်းထိပ်ရှိစေတီ က ရွှေရောင်တလက်လက်နှင့်။ ညနေ စောင်းလာပြီဖြစ်ရာ မြစ်ရေပြင်ကျယ်ကို ဖြတ်သန်းရင်း ကျွန်းညိုကြီးကို ငေးကာ ရေငန်ပိုင်ဦးရှင်ကြီးဇာတ်လမ်းကို စဉ်းစား ရသည်မှာ လွမ်းစရာကြီးဖြစ်နေပါ  တော့သည်။

(၁၁)

တစ်နေ့လုံး ရွာခဲ့သောမိုးသည် အခု တော့  မောသွားပုံရသည်။ နေရောင် ကလေး လင်းပွင့်လာသည်။ မြစ်ထဲတွင် ဘိုကလေးဘက်မှ ဈေးရောင်းဈေးဝယ်ပြီး ပြန်လာကြသူတွေကို တင်ဆောင်လာ သည့် လိုင်းသင်္ဘောတွေက ကျွန်တော်တို့ ကျောခိုင်းခဲ့ရာ ပင်လယ်ဘက်သို့ ဦးတည် နေကြသည်။

သင်္ဘောခေါင်မိုးပေါ်မှာ ဖဲရိုက်ပြီး လိုက်လာသည့် ဒေသခံအမျိုးသားအချို့ကျွန်တော်တို့ကို လက်လှမ်းပြသွားသည်။ သင်္ဘောခေါင်မိုးမှာ လူစုပြီး ဖဲရိုက်သည့် ဓလေ့ကတော့ အခုအထိ မြစ်ဝကျွန်းပေါ် နှင့် ရေလမ်းခရီးသွားများအကြားတွင် ပပျောက်သေးဟန်မတူပါ။

(၁၂)

ဘိုကလေးနှင့် နီးလာသည်။ နေလုံး နီသည် အနောက်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းလာသည်။ မြစ်ထဲတွင် ငါးဖမ်း သူများက မျှောထားသည့် ပိုက်ဖောင်များ ကို ပြန်ရုပ်နေကြသည်။  ပိုက်ဖောင်နှင့် တွဲ ထားသည့် ဖော့သီးကလေးတွေက ရေပေါ် မှာ ပေါလောပေါ်နေ၏။ မြစ်ရေကျချိန်မို့ ဗေဒါပင်များက ပင်လယ်ဘက်သို့ ဦး တည်ပြီး စုန်မျောသွားသည်။

”ဒီခရီးကတော့ လွမ်းစရာကြီးပဲ ဖြစ်မှာပါ အစ်ကိုရာ”ဟု ကိုခင်မောင်မြင့် က အနားလာပြီး ခပ်တိုးတိုးပြောသည်။ တစ်နေ့ခရီးသာ လာရသော်လည်း မြစ်၊ ချောင်းနှင့် ဒေသခံတို့၏ ဘဝများက သူ့ ကို ဆွဲဆောင်ထားနိုင်သည်လား မပြော တတ်။ ဆတ်ကျွန်းမှာ ဆံပင်နီနီနှင့် ကောင်မလေးကို တွေ့သည့်အခါ သူက ကမ္တာရထဲမှာ ရေခဲချောင်းစားရသလို မျက်နှာပေးမျိုးဖြစ်သွားတာကိုတော့ ကျွန်တော်သတိထားမိသည်။ ကောင်မ လေးနှင့် ဓာတ်ပုံတွဲရိုက်ဖို့ သူကြိုးစားခဲ့ သေးသည်။

အစပိုင်းမှာ လူစိမ်းတစ်ယောက်နှင့် ဓာတ်ပုံအရိုက်ခံဖို့ ကလေးမက ငြင်း သည်။ ရွာမှ ကိုအောင်လေး၏ ဆွေမျိုး အဒေါ်ကြီးက ”အမျိုးတွေပဲ၊ ဓာတ်ပုံ အရိုက်ခံလိုက်ပါ”ဆိုတော့မှ အရိုက်ခံ သည်။ ကိုခင်မောင်မြင့်က ပြုံးပြုံးကြီး။ အပြန်မှာ ဒီအကြောင်းကိုပဲ တဖွဖွပြောလို့ မဆုံးတော့။ ဘိုကလေးမြစ်ထဲမှ ရွာ ကလေးတစ်ရွာက သူ့ကိုပြုစားလိုက်သည် ထင်၏။ လူငယ်မို့ ရင်ခုန်သံ နည်းနည်းမြန် ကောင်းမြန်ပါလိမ့်မည်။

ကျွန်တော်လည်း ရင်ခုန်သည်။ ချစ် ခဲ့ရသော မြစ်ဝကျွန်းပေါ်၏ ရင်ခွင်ထဲသို့ ခေတ္တမျှ ပြေးဝင်ခိုလှုံရသောကြောင့်ဖြစ်ပါ သည်။ ဇာတိရနံ့များ ရင်ထဲမှာ ပြန်လည် စိမ်းစိုလာသောကြောင့်ဖြစ်သည်။

တိုးမြစ်ကမ်းဘေးကဘဝ၊ ဖျာပုံမြစ် ကမ်းဘေးက ဘဝ၊ ဘိုကလေးမြစ်ကမ်း ဘေးက ဘဝ၊ ကဒုံမြစ်ရိုးကဘဝ၊ ရွေးမြစ် ဘေးက ဘဝ၊ ပုသိမ်မြစ်ဘေးက ဘဝ၊ ပြာ မလော့မြစ်ဘေးကဘဝ၊ သံလွင်မြစ်ဘေး က ဘဝ၊ ချင်းတွင်းမြစ်ဘေးက ဘဝ၊ မုန်း မြစ်ကမ်းဘေးက ဘဝ၊  ဧရာဝတီမြစ်ရိုး တစ်လျှောက်က ဘဝများ အစရှိသည့် မြန်မာပြည်မြေပုံပေါ်တွင် ရှိ သမျှမြစ်တွေ၊ ချောင်းတွေ ဘေးတွင် နေ ထိုင်ကြသူတို့၏ ဘဝများသည် ပထဝီအနေအထားအရ အလှမ်းကွာကောင်းကွာမည်။ ရုပ်ပိုင်း ဆိုင်ရာအခြေအနေပေးမှုအရ ကွဲပြားနိုင် သည်။ သို့သော် အနှစ်သာရနှင့် သဘာဝ အပေါ် ခုံမင်တပ်မက်စိတ်၊ ချစ်ခင်မြတ်နိုး စိတ်နှင့် လောကဓံကို ကြံ့ကြံ့ခံနိုင်ခြင်း ဆိုသည့် စိတ်ဓာတ်ရေးရာခံယူမှုမှာတော့ အတူတူပင်ဖြစ်သည်။ ထိုသို့ ကျွန်တော် ထင်သည်။

မြစ်များ၊ ချောင်းများသည် မြစ်ဝ ကျွန်းပေါ်၏ အရေပြားပေါ်တွင် ဖန်ကွဲစ များလို့ စိတ်မြွှာလျက်ရှိကြသည်။ ထို့အတူ ဘဝများလည်း ခြားနားကြသည်။ သို့ သော် ကံတရားအပေါ်တွင် ယုံကြည်စိတ် နှင့် သဘာဝ၏ အဖျက်စွမ်းအားစုများ တွန်းလှန်ရာတွင်တော့ ညီညွတ်မှုရှိသည်။ ထို့ကြောင့် နာဂစ်အပြီးတွင် ဆုံးရှုံးခဲ့သမျှ အခြေအနေများမှ ရုန်းထနိုင်ခဲ့ခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်းက မြစ်ဝကျွန်းပေါ်၏ အရေပြားပေါ်ရှိ အမှတ်အသားအချို့ကို နေရာရွေ့သွားစေခဲ့ပါသည်။ အချို့အမှတ် အသားများကတော့ ထာဝရပျောက်ဆုံး သွားပါပြီ။ သို့သော် လောကဓံကို အန်တု ရန် အဆင်သင့်ရှိနေတတ်သည့် မြစ်ဝ ကျွန်းပေါ်သားတို့၏ စိတ်ဓာတ်အင်အား ကိုတော့ နာဂစ်က လှုပ်ယမ်းမပစ်နိုင်ခဲ့ပါ။ မြစ်ဝကျွန်းပေါ်သည် မီးပုံထဲက ထပျံသန်း လာမည့် ဖီးနစ်ငှက်ဖြစ်ပါသည်။

(၁၂)

ဘိုကလေးဆိပ်ကမ်းကို ပဲ့ထောင် ဝင်လာတော့ နေလုံးနီနီမှာ ကောင်းကင် ၏ အစွန်းတစ်ဖက်သို့ ဝင်ရောက်ပျောက် ကွယ်သွားပါပြီ။  ဆိပ်ကမ်းမှာ အမျိုးသမီး အချို့က ရေချိုးနေသည်။ ဆန်စက်များ၏ ခေါင်းတိုင်ထိပ်မှ မီးခိုးများသည် မှောင်ရီ ပျိုးစ ကောင်းကင်ထဲသို့ တလူလူ လွင့် တက်သွားသည်။

ရှပ်ပြေးယာဉ်တစ်စင်း ဆိပ်ကမ်းသို့ ထိုးစိုက်လာသဖြင့် လှိုင်းထသွားသည်။ ရပ်ထားသည့် လှေကလေးတွေမှာ ရေပေါ် တွင် တလွန့်လွန့်ဖြစ်ကုန်သည်။ ပဲ့ထောင် ဦးတွင် မတ်တတ်ရပ်နေသည့် ကျွန်တော် တို့သုံးဦးလည်း အနည်းငယ် ယိုင်သွား သဖြင့် စက်လှေသမားက ကျွန်တော့်လက် ကို လှမ်းဆွဲလိုက်သည်။ သူက ဆိပ်ခံတံ တားပေါ် ရောက်နှင့်ပြီ။ သူ့ကိုပါ တစ်ခါ တည်း လက်ဆွဲနှုတ်ဆက်လိုက်သည်။

”ထပ်ဆုံကြဦးမယ်ဗျာ”

စက်လှေသမားက ပြုံးပြီး ခေါင်း ညိတ်သည်။

”နောက်တစ်ခေါက် လာခဲ့ပါဦး”

သူကပြောသည်။ ကျွန်တော်တို့ သုံးယောက်စလုံး ခေါင်းပြိုင်တူညိတ်လိုက် မိ၏။

စက်လှေမောင်းသူက သူ့ပဲ့ထောင် ဆီသို့ ပြန်လည်ခုန်ဆင်းလိုက်သည်။ ကိုအောင်လေး၊ ကိုခင်မောင်မြင့်နှင့် ကျွန် တော်တို့ တံတားကလေးအတိုင်းလျှောက် လာခဲ့သည်။ သူတို့နှစ်ဦး ရှေ့က စိုက်စိုက် စိုက်စိုက်နှင့်သွားနေစဉ် ကျွန်တော့်ခေါင်း ထဲမှာ တစ်ခု သတိရလာသည်။

ထို့ကြောင့် ဆိပ်ခံတံတားဘက်ပြေး ဆင်းပြီး မိုးရွာပြီးစ တိမ်ရောင်စုံယှက် ပြေးနေသော ကောင်းကင်ပေါ်သို့ မော့ ကြည့်လိုက်သည်။ အိပ်တန်းပြန် ငှက် ကလေးတွေကို မြင်ရမလားလို့ပါ။ အထူး သဖြင့် ရာဂဏန်းမျှရှိသော ဗျိုင်းအုပ်ကြီး တွေ လေးကိုင်းသဏ္ဌာန်လုပ်၍ အိပ်တန်း ပြန်ကြသည်ကို ငယ်ဘဝတစ်လျှောက်လုံး ညနေခင်းတွေမှာ အမြဲတမ်း မော့ကြည့် ခဲ့ဖူးသည်။

ဖြူဆွတ်သည့် ဗျိုင်းကလေးသုံး ကောင်လားမသိ။ အထီးကျန်ဆန်စွာ အိပ် တန်းသို့ ပျံသွားကြသည်။ မြစ်တစ်ဖက် ကမ်းရှိ တောအုပ်ကလေးထဲသို့ဖြစ်မည်။  ဟိုတုန်းကလို ဧရာမ ဗျိုင်းအုပ်ကြီးတွေ၊ ငှက်အုပ်ကြီးတွေကို မမြင်ရသည်မှာ နာ ဂစ်ပြီးကတည်းက ဖြစ်ပါသည်။ သို့သော် ကျွန်တော်က ငှက်တွေ အိပ်တန်းပြန်တာ ကို မော့ကြည့်ချင်နေဆဲပါ။

လွန်ခဲ့သည့် ၁၅ နှစ်လောက်တုန်းက လို မြစ်ဝကျွန်းပေါ်မှာ ငှက်တွေ မရှိတော့ တာကိုတော့ ကျွန်တော်  ဝမ်းနည်းသည်။       ။

သြဂုတ်လထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၇)မှ ခရီးသွားဆောင်းပါးဖြစ် ပါသည်။

ဝင်းဇော်လတ် ရေးသည်။

     အပိုင်း(၁)သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here