Home အက်ဆေး ပျောက်ဆုံးသွားတဲ့ အမှတ်တရများ

ပျောက်ဆုံးသွားတဲ့ အမှတ်တရများ

123
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

မတ်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၁) မှ အက်ဆေး ဖြစ်ပါသည်။

ဝေလင်း ရေးသည်။

မွေးရပ်ဇာတိ ပုသိမ်ကိုပြန်ရတဲ့အခါ ကန်ကြီးထောင့်လမ်းဆုံကိုကျော်လို့ ပုသိမ်လေဆိပ်နားရောက်တော့မယ်ဆိုရင် ကျွန် တော့်ရင်တွေ ခုန်လာတတ်တယ်။ သက်ပြင်းတွေလည်း တိတ် တခိုးချမိတယ်။ ဒီခံစားမှုက ပုသိမ်ကိုပြန်ရတိုင်း ခံစားရတဲ့ ခံစား မှုပါ။ ဒါပေမဲ့လည်း ကျွန်တော်ကသာ ရင်ခုန်ရတာပါ။ ကျွန်တော့် ကိုတော့ ပုသိမ်မြို့က ဘယ်တုန်းကမှကြိုနေခဲ့တာတော့ မဟုတ်ပါ ဘူး။ သူစိမ်းတွေလိုပဲ။ မနွေးထွေးဘူး။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ရင်ခုန်တတ်စအရွယ်၊ စိတ်ကူးယဉ်တတ်စအရွယ်၊ မြေပေါ် မှာကျနေတဲ့ သစ်ရွက်ခြောက်တွေကိုလေတိုက်လို့ တလိမ့်ခေါက် ကွေးလိမ့်သွားတာကိုကြည့်ပြီး လွမ်းသလိုလို ခံစားတတ်တဲ့ အရွယ်။ အဲဒီအရွယ်မှာ ခွဲခဲ့ရတဲ့ ပုသိမ်ဆိုတာ စုတ်တံကို ခပ်တင်း တင်းဖိပြီး ရေးထားတဲ့ ပန်းချီကားတစ်ချပ်လို ရင်ထဲမှာ ထင်ရှား နေဆဲ။

ပုသိမ်ကိုပြန်လာရင် ကမလင်းကျွန်းမှာ ကားဆိုက်ပြီဆို တာနဲ့ မီးသတ်ရှေ့ကိုသွား၊ အဲဒီကမှတစ်ဆင့် န.တ.ခ (အနောက် တောင်တိုင်းစစ်ဌာနချုပ်) တောင်ပေါ်ကို လိုင်းကားစီးရတယ်။ အဲဒီလိုင်းကားပေါ်ရောက်ပြီဆိုရင် အသိမိတ်ဆွေတစ်ယောက် တလေများ တွေ့လေမလားလို့ လိုက်ရှာရတယ်။ ကျွန်တော်တို့ ရွာထဲက ဘယ်သူတွေများပါမလဲ လိုက်ကြည့်မိတယ်။

ဒီပတ်ဝန်းကျင်မှာ ဒီလူတွေကို တွေ့လိုက်တယ်ဆိုရင်ပဲ ကျွန်တော်ဝမ်းသာမိတယ်။ ဒါကတော့ ဘယ်သူ၊ ဘယ်မှာနေ တယ်။ သူကတော့ ငါတို့ကျောင်းတက်တုန်းက ဘာလုပ်တယ်၊ ဘယ်နှတန်း စသဖြင့် အတိတ်ကပုံရိပ်တွေကို စိတ်ထဲမှာ တစ်ခုပြီး တစ်ခုထုတ်ကြည့်နေမိတယ်။ ကိုယ့်ထက်ငယ်တဲ့ ကလေးတွေဆို ရင် အရွယ်တွေရောက်ပြီး လူကြီးဂိုက်တွေ ဖမ်းနေတာ တွေ့ရ တော့လည်း ပြုံးရပြန်တယ်။

ပုသိမ်မြို့ထဲကနေ တောင်ပေါ်ကို ပြေးနေတဲ့ မီနီဘတ်စ် ကားဟာ ကားဟောင်းလေးပါ။ ကားရဲ့ ခန္ဓာကိုယ်တချို့နေရာတွေ ဆို သံချေးတွေတောင် တက်လို့။ ကားထဲမှာ လူက အပြည့်။ အပေါက်ဝမှာ လူ သုံး၊ လေးယောက်လောက်ကလည်း တွယ်စီး နေသေးတယ်။ ကားဟာ တစ်ခြမ်းစောင်းပြီး တအိအိသွားရတာ။ သွားနေရင်းနဲ့ တစ်စစီပြုတ်ထွက်သွားမလားလို့တောင် ထင်ရတယ်။

ပုသိမ်-တောင်ပေါ်ဈေး လိုင်းကားလေးဟာ န.တ.ခ တောင်ပေါ်ကားဂိတ်ရှိတဲ့ ကုန်းလေးကို တက်လိုက်တာနဲ့ န.တ.ခ တောင်ပေါ်ဈေးက ဘွားခနဲဆို တွေ့ရတာပါပဲ။ ကားပေါ်ကဆင်းပြီး ကျွန်တော်တို့ အရင်က နေခဲ့တဲ့ ရွာလေးကို လမ်းလျှောက် သွား ရတယ်။ ရွာကိုသွားတဲ့ ဒီလမ်းဟာ ငယ်ငယ်က ကျောင်းတက်၊ ကျောင်းဆင်း နေ့စဉ်သွားခဲ့ရတဲ့ ကျောက်ခင်းလမ်းပေါ့။ အဲဒီ လမ်းပေါ်လမ်းလျှောက်နေရင်း ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့် ပြီး ‘ငါပြန်လာပြီကွ’လို့ သတိတရနဲ့ စိတ်ထဲကတောင် ကြွေး ကြော်မိတယ်။

ဒီပတ်ဝန်းကျင်ကို သေချာပြန်ကြည့်မိတော့ အရင်တုန်းက ဝေးတယ်လို့ ထင်ရတဲ့ လမ်းဟာ အခုကျတော့ နီးနီးလေး ဖြစ်နေ တယ်။ အကျယ်ကြီးလို့ထင်ခဲ့ရတဲ့ ကစားကွင်းဟာ အခုကျတော့ လည်း ထင်သလောက် မကျယ်လှဘူး။ ကျွန်တော်တို့မိသားစုနေ ခဲ့တဲ့ အိမ်လေးအနားကို ရောက်တယ်။ ကျွန်တော်တို့ရောင်းခဲ့ရတဲ့ အိမ်လေးပေါ့။ ကိုယ်တွေ ငယ်ငယ်လေးကတည်းက နေခဲ့တဲ့အိမ်။ ကိုယ်တွေ ပိုင်ခဲ့တဲ့ အိမ်လေး။ အခုတော့ သူများတွေလက်ထဲ ရောက်လို့။ ‘ငါတို့မပိုင်တော့ပါလား’ဆိုတဲ့ အသိနဲ့ အဝေးကပဲ မဝံ့ မရဲနဲ့ပဲ ကြည့်ခဲ့ရတယ်။

နောက်ပြီး ကျွန်တော်တက်ခဲ့တဲ့ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း။ အဲဒီကျောင်းက တောင်ပေါ်ဈေးရဲ့ ဘယ် ဘက်အခြမ်းမှာရှိတာပါ။ ကျောင်းရဲ့ အရှေ့မှာတော့ ကုက္ကိုပင်ကြီး တွေ၊ မန်ကျည်းပင်ကြီးတွေ၊ သရက်ပင်ကြီးတွေ ရှိတယ်။ ကျွန် တော်တို့ကျောင်းသားဘဝကတော့ မုန့်စားကျောင်းဆင်းပြီဆိုရင် နေ့တိုင်း ဒီသစ်ပင်ကြီးတွေအောက်မှာ သူငယ်ချင်းတွေစုထိုင်ပြီး မုန့်စားခဲ့ကြတယ်။ စာမေးပွဲဖြေပြီဆိုရင် ဒီအပင်ကြီးတွေအောက် မှာ ကျောင်းသူ၊ ကျောင်းသားတွေ စာဖတ်ခဲ့ကြတယ်။

အတိတ်ကိုလွမ်းသလိုလိုရှိတာနဲ့ ဒီသစ်ပင်ကြီးတွေအောက် ကို လျှောက်ကြည့်မိသေးတယ်။ ဒီသစ်ပင်ကြီးတွေအောက် ရောက်သွားတဲ့အခါ ရင်ထဲမှာနွေးလာတယ်။ ကျွန်တော်တို့ သူ ငယ်ချင်းတွေထိုင်ခဲ့ကြတဲ့ ကုက္ကိုပင်ကြီးအောက်ရောက်တော့ ရင်တွေ တဒိတ်ဒိတ်နဲ့ကို ခုန်ရပါတယ်။ အရင်တုန်းက အဖြူ အစိမ်းဝတ်ခဲ့ရတဲ့ ကျောင်းသားဘဝကို လွမ်းနေမိတယ်။ အဲဒီသစ် ပင်တွေအောက်မှာ ကျောင်းတက်နေဆဲ သူငယ်ချင်းတချို့နဲ့ တောင် စကားပြောလိုက်ရပါသေးတယ်။ ဟိုတစ်ယောက်က လာ ပခုံးပုတ်လိုက်၊ ဒီတစ်ယောက်ကလာ ပခုံးပုတ်လိုက်နဲ့ ကျွန်တော် တို့ သူငယ်ချင်းတွေပြန်တွေ့ရတာ တကယ့်ကို ပျော်စရာကြီးပါ။

ဒီအဖြစ်အပျက်၊ ဒီခံစားမှုတွေဟာ ကျွန်တော် ပုသိမ်မြို့က နေ ခွဲပြီး ပထမဆုံးတစ်ခေါက် ပြန်ရောက်တုန်းက တွေ့ကြုံခံစား ခဲ့ရတာတွေပါ။ ကျွန်တော် တက်ခဲ့တဲ့ကျောင်း၊ ကျွန်တော်တို့ မိသားစုနေခဲ့တဲ့နေရာ၊ ကျွန်တော်တို့ ကစားခဲ့တဲ့နေရာတွေနဲ့ငယ် သူငယ်ချင်းတွေဟာ ကျွန်တော့်အတွက်တော့ ထာဝရ မေ့မရနိုင် တဲ့ အမှတ်တရတွေပါ။ ကျွန်တော်တန်ဖိုးထားတဲ့ အရာတွေပါ။

အဲဒီအမှတ်တရတွေဟာ တဖြည်းဖြည်းပျောက်ဆုံးလာ တယ်။ နောက်ပိုင်း ကျွန်တော် ပုသိမ်ကို သုံး၊ လေးခေါက်လောက် ထပ်ရောက်ဖြစ်တယ်။ တစ်ခေါက်နဲ့ တစ်ခေါက်က ပြောင်းလဲမှု တွေ ပိုများလာတယ်။ အခုနောက်ဆုံးရောက်ခဲ့တဲ့ အခေါက်ဆိုရင် ပြောင်းလဲမှုတွေ အများကြီးဖြစ်နေပြီ။ ကျွန်တော်တန်ဖိုးထားတဲ့ အမှတ်တရတွေ ကုန်သလောက်ကို ဖြစ်နေပြီ။

အခုဆိုရင် ပုသိမ်နဲ့ တောင်ပေါ်ဆွဲပေးနေတဲ့ လိုင်းကား လေး မရှိတော့ဘူး။ ပြီးတော့ ပုသိမ်မြို့ထဲကနေ တောင်ပေါ်ဈေးကို ရောက်ဖို့အတွက် လမ်းမှာ စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်ရ တယ်။ တော်ရုံဆိုင်ကယ်ကယ်ရီသမား မလိုက်ချင်ဘူး။ ပြီးတော့ တောင်ပေါ်ဈေးဟာ အရင်ကထက် ဈေးဆိုင်ခန်းတွေ များလာ တယ်။ ဈေးရဲ့ ဘယ်ဘက်အခြမ်းမှာ ဈေးဆိုင်ခန်းတွေ ထပ်ပြီး တိုး ချဲ့လိုက်တာမှ ကျွန်တော်တို့ တက်ခဲ့တဲ့ အ.ထ.က(၇) ကျောင်း အရှေ့အထိ ရောက်သွားတယ်။

ဒီဆိုင်ခန်းတွေ ဆောက်ရဖို့အတွက် ကျောင်းရှေ့မှာရှိတဲ့ ကုက္ကိုပင်၊ မန်ကျည်းပင်၊ သရက်ပင်ကြီးတွေ အကုန်ခုတ်ပစ်တယ် ဗျာ။ တစ်ခုမှ မရှိတော့ဘူး။ ကျွန်တော့်ရင်ထဲမှာ သတိတရ၊ အမှတ်တရရှိခဲ့တဲ့ နေရာလေးတစ်ခု ပျက်စီးသွားတယ်။ အဲဒီ နေရာလေးမှာ လက်ဖက်ရည်ဆိုင်တွေ၊ အအေးဆိုင်တွေ၊ အလှ ပြင်ဆိုင်တွေ အစားထိုးဝင်လာတယ်။ ကျွန်တော်တို့ သူငယ်ချင်း တွေ စာကျက်ခဲ့တဲ့နေရာလေးဟာ ဈေးဆိုင်တွေရဲ့ အမှိုက်စွန့်ပစ် တဲ့ နေရာဖြစ်နေတယ်။ ကျွန်တော် နှမြောလိုက်တာမှ အရမ်းပါပဲ။

ကျွန်တော်တို့ရွာထဲသွားတဲ့ လမ်းကိုလည်း ကြည့်ပါဦး။ အဲဒီလမ်း ထိပ်မှာ စစ်ဆေးရေးဂိတ်တစ်ခုရှိနေတယ်။ စက်ဘီး၊ ဆိုင်ကယ် အကုန်ဆင်းတွန်းရတယ်။ လမ်းကတော့ ကျောက်ခင်းလမ်း မဟုတ်တော့ဘူး။ ကတ္တရာလမ်းဖြစ်နေပါပြီ။ ရွာထဲမှာ လျှပ်စစ်မီး လည်းရနေပြီ။ လမ်းမတစ်လျှောက်မှာ လူနေအိမ်တွေ အများကြီး တိုးလာပြီ။

ကျွန်တော်တို့ အိမ်နေရာကို သွားကြည့်တော့ ဘာအိမ်မှ မရှိတော့ဘူး။ လူမနေတော့ ခြံထဲမှာ တောထနေပြီ။ အရင်က ဘောလုံးကန်ခဲ့တဲ့ မြေကွက်လပ်ကို မျက်စိထဲပြန်ဖော်လို့ကို မရ တော့ဘူး။ ဆူးပင်တွေ၊ ပေါင်းပင်တွေ၊ သီဟိုဠ်ရွက်ခြောက်တွေနဲ့။ အရင်က လက်တစ်ဆုပ်စာရှိတဲ့ သီဟိုဠ်ပင်တွေက လက်တစ်ဖက် စာလောက်ကို ဖြစ်နေပြီ။

အိမ်နောက်ဖေးက လှည်းလမ်းဟာ အခုတော့ ကားလမ်းမ ကြီးဖြစ်တော့မယ်။ လမ်းတွေကို ချဲ့ထားတယ်။ ကျွန်တော်တို့ အိမ် ရဲ့ မလှမ်းမကမ်းက လူသေအလောင်းတွေ ထပ်နေအောင် မြှုပ် ထားတဲ့ သင်္ချိုင်းကုန်းမှာလည်း လူအရှင်တွေရောက်လာပြီး အိမ် ဆောက်နေကြတယ်။ အဲဒီသင်္ချိုင်းမြေကြီးတွေကတောင် ကျပ် သိန်းရာချီတန်လို့ပါ။ အရင်က ဓနိမိုးထရံကာအိမ်နေရာမှာ တိုက် အိမ်တွေ ဖြစ်နေကြပြီ။

လူဟောင်းတွေက ခြံတွေ၊ အိမ်တွေရောင်းပြီး တခြားကို ပြောင်းကြ။ လူသစ်တွေ ရောက်လာ။ ရွာထဲမှာ ကိုယ်နဲ့ မရင်းနှီးတဲ့ သူတွေ အများကြီးတိုးလာတယ်။ ငယ်ငယ်တုန်းက အတူဆော့ ကစားခဲ့တဲ့ ကစားဖော်တွေဆိုတာ တစ်ယောက်ပဲတွေ့ခဲ့ရတယ်။ သူတောင်မှ ရွာကို ပြန်ရောက်တာ မကြာသေးပါဘူး။ ကျန်တဲ့သူ တွေမှာ သေသူတွေက သေကုန်ပြီ။ တချို့က စစ်သားတွေဖြစ်လို့။ တချို့က စစ်ပြေးတွေ ဖြစ်ပြီး ကိုယ့်ရွာကိုယ်မပြန်ရဲ။ တချို့က ဘယ်ရောက်လို့ ရောက်မှန်းတောင် မသိရ။ ဒီတစ်ခေါက် ရွာမြေ ကိုပြန်နင်းရပေမယ့် ကိုယ်နေခဲ့တဲ့ရွာကြီးက ကျွန်တော့်ကို သူ စိမ်းတစ်ယောက်လိုပဲ ဆက်ဆံခဲ့တယ်။ ကိုယ်နဲ့ မရင်းနှီးတဲ့ ရွာ တစ်ရွာကို ရောက်လာရသလိုပါပဲ။

ကျောင်းနေဘက်သူငယ်ချင်းနှစ်ယောက်နဲ့တွေ့ပါသေး တယ်။ သူတို့က အ.ထ.က(၇)ကျောင်းအရှေ့က ဆိုင်ခန်းတစ်ခုမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတာပါ။ ကျွန်တော်နဲ့ မူလတန်းမှာ ကျောင်းအတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်းညီအစ်ကိုနှစ်ယောက် ပါ။ ကျွန်တော်ဝမ်းသာအားရ သွားနှုတ်ဆက်တယ်။ ”အေး…အေး…သူငယ်ချင်း”လို့ ခေါင်းညိတ်ပြီး စကားပြောနေပေမယ့် သူ့အာရုံက သူ့ဆိုင်လူဝင်၊ လူထွက်လောက်ကိုပဲ စိတ်ရောက်နေ တယ်။ ဟက်ဟက်ပက်ပက်မရှိလှဘူး။

ကျွန်တော်နဲ့ အရင်းအနှီးဆုံးဖြစ်တဲ့ သူ့အစ်ကိုကို သွား နှုတ်ဆက်တယ်။ သူက အီကြာကွေး ကြော်နေတယ်။ ကျွန်တော် သွားနှုတ်ဆက်တော့ ”မင်းနေကောင်းလား”၊ ”ဘယ်မှာနေ တုံး”၊ ”ဘာတွေလုပ်နေတုံး”၊ ”မိန်းမရပြီလား”၊ ”သတိရတာ ပေါ့ကွာ”စတဲ့ စကားတွေကို ပြောရင်း ဂျုံအတုံးလေးတွေကို ဆီ အိုးထဲထည့်လိုက်၊ ဆီအိုးထဲက အီကြာကွေးတွေကို ဆယ်ယူလိုက် နဲ့ သူ့အာရုံကလည်း အီကြာကွေးကြော်ထဲမှာပဲ ရှိတယ်။ ကျွန် တော်တို့စကားပြောတာ ငါးမိနစ်လောက်ပဲ ကြာတယ်။

ကျွန်တော်ပြန်လာလိုက်တယ်။ သူလည်း အီကြာကွေး ဆက်ကြော်ပြီး ကျန်နေခဲ့တယ်။ ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ တွေ့ဆုံမှုက ဒီလောက်ပဲလားလို့ ကျွန်တော်တွေးမိတယ်။တကယ်တော့ ကျောင်းနေဘက်သူငယ်ချင်းရော၊ တစ်ရွာ တည်းနေ သူငယ်ချင်းတွေပါ သိပ်မရှိတော့ပါဘူး။ ရှိတဲ့ သူငယ် ချင်းတွေကလည်း သူ့အလုပ်နဲ့သူ၊ သူ့စီးပွားနဲ့သူမို့ ရှေးဟောင်း နှောင်းဖြစ်တွေပြောဖို့ အချိန်ရဟန် မတူဘူး။ ရှေးဟောင်းနှောင်း ဖြစ်တွေကို လွမ်းရဖို့ထက် ဝမ်းရေးကို လုံးပန်းနေကြရတယ်။

အခုလို သူငယ်ချင်းတွေ မရှိတော့တာ၊ ပြီးတော့ ကျွန် တော်ရှင်သန်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်လေးတစ်ခုပျက်စီးသွား တာဟာ ကျွန်တော့် ရင်ထဲမှာရှိတဲ့ သံယောဇဉ်ကြိုးမျှင်တွေကို တစ်ခုပြီး တစ်ခုဖြတ်တောက်နေသလိုပါပဲ။ ကျွန်တော်တန်ဖိုးထား တဲ့ အရာတွေ တစ်ခုပြီး တစ်ခု ပျောက်ဆုံးသွားတယ်။

ဘာကြောင့် ဒီလိုကြီးဖြစ်သွားရတာတုန်း ကျွန်တော် ပြန် တွေးကြည့်တယ်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင်ကိုက ဒီ ပတ်ဝန်းကျင်မှာ မွေးခဲ့တာကိုး။ ဒီစစ်သားတွေရှိတဲ့နေရာ၊ စစ် တပ်တွေ ရှိတဲ့နေရာမှာ မွေးခဲ့တာကိုး။ စစ်တပ်ဟာ အရင်လို မဟုတ်တော့ဘူး။ အခု သူတို့က စစ်သားနဲ့ အရပ်သားခွဲခြားနေပြီ။ အရပ်သားတွေနဲ့ အဆက်အဆံသိပ်မလုပ်ချင်တော့ဘူး။ အရင်က ကျွန်တော်တို့သွားနေကျ လမ်းတွေကို အခုပိတ်လိုက်တယ်။ စစ်ဆေးရေးဂိတ်တွေ တစ်ခုပြီး တစ်ခုထားလိုက်ကြတယ်။ ”မင်းတို့က စစ်သားလား၊ အရပ်သားလား”လို့ မေးခံနေရ တယ်။ အရင်က ဒါမျိုးရှိခဲ့တာမဟုတ်ဘူး။

သူတို့တွေ စီးပွားရေးလုပ်ကြတယ်။ တောင်ပေါ်ဈေးကို တိုး ချဲ့ဖို့အတွက် ကျွန်တော်တို့ ကျောင်းအရှေ့က သစ်ပင်တွေ ခုတ် ပစ်တာလည်း သူတို့ပဲ။ ကုက္ကိုပင်ကြီးတွေ၊ မန်ကျည်းပင်ကြီးတွေ၊ သရက်ပင်ကြီးတွေ အကုန်လှဲပစ်တယ်။ သူတို့မှာ နှလုံးသားမရှိကြ ဘူး။ သူတို့ခေါင်းထဲမှာ အကြောက်တရားနဲ့ ငွေပဲရှိတယ်။ ကျွန် တော်တို့ သူငယ်ချင်းတွေကို စစ်သားဖြစ်အောင်လုပ်တယ်။ ပြီး တော့ စိတ်ဆင်းရဲအောင်ထားတယ်။ တချို့ဆို စစ်ပြေးတွေဖြစ်ပြီး ရွာကို ပြန်မလာရဲကြဘူး။ ရှိတဲ့သူငယ်ချင်းတွေ ကျွန်တော့်ကို စကားမပြောရဲအောင်လုပ်တာလည်း သူတို့ပဲ။

အခု ကျွန်တော်တို့ရွာမှာ မြေဈေးတွေ ကောင်းလာတော့ သူတို့လိုချင်နေကြတယ်။ သူတို့မြေပါဆိုပြီး သိမ်းချင်နေကြတယ်။ ကြာရင် တစ်ရွာလုံးကို သိမ်းလေမလားတောင် မပြောတတ်ဘူး။ တချို့ကို အတင်းအဓမ္မသိမ်းနေကြပြီ။ သူတို့သိမ်းဖို့ကြိုးစားနေတဲ့ အိမ်တွေကလည်း စစ်မှုထမ်းဟောင်းကြီးတွေရဲ့အိမ်တွေပါပဲ။ သူ တို့လုပ်ရက်တယ်ဗျာ။ သူတို့ဇာတ်တူသား စားဖို့လည်း ဝန်မလေး ကြဘူး။ အချင်းချင်းလည်း ရက်စက်လိုက်ကြတာ။ အတော်ကို စိတ်မချမ်းမြေ့စရာပဲ။ အေးလေ၊ ငါတို့က လူတွေပဲ။ လူတွေဟာ ဒီလိုနဲ့ပဲ လောကကြီးကို ဖျက်ဆီးကြမှာပဲလေလို့ တွေးမိရင်း ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်မိတယ်။

ဒီတစ်ခေါက် ပုသိမ်က ပြန်လာတော့ ကျွန်တော်ကြီးပြင်းခဲ့ တဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းအပေါ် သံယောဇဉ်တွေ လုံးဝ ပျက်သွားသလိုခံစားရတယ်။ ကျွန်တော်ရှင်သန်ခဲ့တဲ့ ပတ်ဝန်း ကျင်လေးက ပျက်စီးသွားပြီ။ တကယ်တော့ ကိုယ်မြတ်နိုးတွယ် တာတဲ့ အရာတွေ ပျက်စီးသွားပြီဆိုတဲ့အသိက ရင်ဘတ်တစ်လုံး ကို ခြေမွလိုက်သလို ခံစားရတယ်။ ကြေကွဲရတယ်။

တခြားသူတွေက သူတို့ မွေးရပ်ဇာတိကို ဘယ်တော့ ပြန် မယ်၊ ဘယ်လိုလွမ်းရတယ်၊ သူတို့မွေးရပ်ဇာတိကို ပြန်ရင် သူတို့ အမှတ်တရဖြစ်တဲ့ အရာတွေနဲ့ ဓာတ်ပုံရိုက်ကြတယ်။ ဒါတွေကို မြင်ရ၊ ကြားရရင် အရမ်းအားကျမိတယ်။ သူတို့ကို ကြည့်ပြီး ကြည်နူးမိတယ်။

ကိုယ်တိုင်ကျတော့ လွမ်းစရာလည်း မရှိတော့ဘူး၊ ပြန် စရာနေရာလည်း မရှိတော့ဘူး။ အဲဒီအသိက ခေါင်းထဲဝင်လာရင် အားငယ်စိတ်ဖြစ် လာတယ်။ ဝမ်းနည်းလာတယ်။ ပြောရရင်တော့ မိဘမဲ့နေတဲ့ ကလေးတစ်ယောက် ဘယ်ရင်ခွင်ကို ပြေးဝင်ရမယ် မှန်း မသိသလိုမျိုးကို ခံစားရတာပါ။ ဟုတ်ပါတယ်။ ကျွန်တော့် အတွက်တော့ ခိုလှုံနားခိုစရာ သဘာဝမိခင်ကြီးပျက်စီးသွားခဲ့ပြီလေ။

အခုနောက်ပိုင်း ကျွန်တော် ပုသိမ်မြို့က ပြန်လာတိုင်း ခံ စားရတာက မိသားစုနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာတဲ့ ကလေးတစ်ယောက်လိုပဲ။ ဘာကိုမှ ပြန်လှည့်မကြည့်ချင်ဘူး။ ဘယ်သူ့ကိုမှ နှုတ်မဆက်ချင်ဘူး။ ဒါက ပုသိမ်က ပြန်လာပြီဆို ကျွန်တော်ခံစားရတဲ့ ဝေဒနာ။

ဒီတစ်ခါတော့ အိမ်ပေါ်ကဆင်းလာတဲ့ ကလေးဟာ သူပိုင် ဆိုင်သမျှ ပစ္စည်းတွေအားလုံးကို သိမ်းဆည်းပြီး အိမ်ပေါ်က အပြီး အပိုင်ဆင်းလာသလို ကျွန်တော်လည်း ကျွန်တော် မြတ်နိုးတန်ဖိုး ထားတဲ့၊ ကျွန်တော်ရှင်သန်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ ပုံရိပ် တွေကို ရင်ဘတ်ထဲမှာ အပြီးအပိုင်သိမ်းဆည်းပြီး ပုသိမ်မြို့က ပြန်ထွက်လာခဲ့တယ်။ နောက်တစ်ခါ ပုသိမ်ကိုပြန်လာရင် ကျွန် တော် ရင်တွေခုန်ပါဦးတော့မလား။   ။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here