Home ပုံရိပ်လွှာ ပင်လယ်ကိုတွယ်ဖက် အသက်မွေးတဲ့ မိန်းမသား

ပင်လယ်ကိုတွယ်ဖက် အသက်မွေးတဲ့ မိန်းမသား

115
0
မခင်မာတို့သားအမိ ပင်လယ်ဝအနီး ငါးဖမ်းရန် ပိုက်များ ရေသို့ချနေစဉ် ။ ဓာတ်ပုံ - မင်းလွင်/မော်ကွန်းမဂ္ဂဇင်း
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

 

နံနက်သုံးနာရီဝန်းကျင်။ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမည်းမှောင် လို့။ တစ်ချက်တစ်ချက် ခွေးဟောင်သံသဲ့သဲ့ ကြားရတာက လွဲလို့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ တိတ်ဆိတ်နေတယ်။

အများသူငှာ အိပ်လို့ကောင်းနေတဲ့အချိန်မှာ လယ်စောင့် တဲသာသာ မြေစိုက်အိမ်လေးအတွင်းမှာတော့ မခင်မာဟာ သူ့ရဲ့ တစ်နေ့တာကို အစပျိုးဖို့ အိပ်ရာကနေ ကုန်းရုန်းထလိုက်တယ်။ သူနဲ့အတူ အလုပ်လိုက်လုပ်ဖို့ သမီးကြီး မေသဇင်ကိုပါ အိပ်ရာက လှုပ်နှိုးလိုက်တယ်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

လူတွေရဲ့လှုပ်ရှားသံကိုကြားလိုက်တာနဲ့ တစ်ပြိုင်နက် အိမ် ပေါ်တင်မွေးထားတဲ့ ဝက်တစ်ကောင်က တအွန်းအွန်း အသံတွေ ထွက်လို့ အစာတောင်းပါတော့တယ်။ ဒီတော့လည်း မခင်မာဟာ လုပ်ငန်းခွင်အတွက် လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတွေကို ပလတ်စတစ်ရေပုံးအမည်းကြီးတစ်လုံးထဲကို စုပြုံထည့်ရင်း တစ် ဖက်ကလည်း ဝက်စာကျွေးဖို့ကို ပြင်ဆင်ရပါတယ်။

ပင်လယ်ထဲရောက်တဲ့အခါ နေပူဒဏ်ခံနိုင်ဖို့ သားအမိနှစ် ယောက်စလုံး အနွေးထည်တွေကို ကိုယ်စီကိုယ်ငှ ဝတ်လိုက်ကြ တယ်။ ခေါင်းမှာ မျှော့ကြိုးနဲ့ချည်နှောင်ထားတဲ့ ဓာတ်မီးအလင်း ရောင်ကို အားပြုရင်း အမေလုပ်သူက ပုံးအမည်းကို လက်က ဆွဲ၊ သမီးလုပ်သူက အိပ်ချင်မူးတူးနဲ့ နောက်ကလိုက်လို့ သူတို့အိမ်နဲ့ ကိုက်ငါးဆယ် ပျော့ပျော့ဝေးတဲ့ စက်လှေရှိရာ ရွာချောင်းစပ်ဆီကို ဆင်းသွားကြတယ်။

အဲဒီနေ့က သီတင်းကျွတ်လဆန်းဆိုတော့ နံနက်ဝေလီ ဝေလင်း ဒီရေတက်ချိန်မှာ ပိုက်တွေကို ရေထဲချထားနှင့်ဖို့ နံနက် စောစောကြိုတင်သွားကြရတာပါ။ ပင်လယ်နဲ့ မြစ်ချောင်းတွေမှာ ငါးဖမ်းကြသူတွေဟာ မြန်မာလဆန်း၊ လဆုတ်ရက်ပေါ်မူတည်ပြီး ဒီရေအတက်အကျကို ခန့်မှန်းတွက်ချက်ကြပါတယ်။ လပြည့်ရက် နဲ့နီးလေ ဒီရေတက်ချိန်ဟာ စောလေပဲ။

သူတို့စက်လှေဟာ အနံလေးပေနီးပါးရှိပြီး အလျားက ၁၃ ပေဝန်းကျင်လောက်ရှိပါတယ်။ အမိုးအကာမရှိတဲ့အဲဒီလှေပေါ်မှာ လှော်တက်နှစ်ချောင်း၊ အင်ဂျင်ဝိုင်ပုံးဟောင်းကို ထက်ပိုင်းဖြတ် ပြီးလုပ်ထားတဲ့ ရေပုံးတစ်လုံး၊ ငါးဖမ်းပိုက်အထွေးလိုက်ကြီးနဲ့ နောက်ဖျားမှာတော့ တရုတ်နိုင်ငံထုတ် လက်ဆွဲအင်ဂျင်စက် တစ်လုံး၊ ပြီးတော့ မခင်မာတို့သားအမိနှစ်ယောက်ကို ဓာတ်မီး အလင်းရောင်အောက်မှာ မြင်နေရတယ်။

စက်လှေနဲ့ ကမ်းပေါ်က ငုတ်တိုင်ကို ချည်ထားတဲ့ကြိုးကို ရည်ညွှန်းကာ မခင်မာက ”ကြိုးကို ဖြုတ်၊ ကြိုးကို ဖြုတ်”လို့ အော်လိုက်ပြီးခဏမှာပဲ ”ရပြီ၊ ရပြီ”လို့ သမီးက လှမ်းပြောတယ်။ ဒီမှာတင် မခင်မာဟာ စက်ကို သုံးလေးခါနှိုးလိုက်တယ်။ ပြီးတော့ စက်လှေကို ချောင်းရိုးအတိုင်းမောင်းနှင်ပြီး ပင်လယ်ဘက်ကို ထွက်ခွာသွားပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့တစ်နေ့တာဟာ အစ ပြုလိုက်ကြတယ်။ စက်လှေထိုးခွင်းသွားလို့ လှိုင်းထသွားတဲ့ ချောင်းရိုးဟာ စက်လှေဆီကထွက်လာတဲ့ တထုံးထုံးအသံတွေနဲ့ ပဲ့တင်ရိုက်ပြီးကျန်ခဲ့တယ်။

ပင်လယ်ကို အားကိုး၍

အသက် ၃၂ နှစ်အရွယ် မခင်မာဟာ ဧရာဝတီတိုင်းဒေသ ကြီး၊ ဖျာပုံမြို့နယ်၊ အဖောင်ကျေးရွာကပါ။ သူက ငါးဖမ်းတဲ့ အလုပ်နဲ့ အသက်မွေးနေတဲ့သူ။

အရပ်ငါးပေကျော်ကျော်ရှိတဲ့ မခင်မာရဲ့ ညိုတဲ့အသား အရေဟာ နေလောင်ထားလေတော့ မန်ကျည်းခေါက်လို ပြာမွဲမွဲ ခြောက်ကပ်ကပ်နဲ့မို့ ရှိရင်းစွဲသူ့အသက်ထက် ပိုပြီးရင့်ရော်နေတဲ့ ပုံပဲ။ အသက် ၁၃ နှစ်အရွယ်သမီးကြီး မေသဇင်ကတော့ မိခင် နည်းတူ လူလုံးလူဖန် ပိန်လှီသေးကွေးပေမယ့် အပျိုဖော်ဝင်ဖို့ အားယူနေတဲ့အရွယ်ပေါ့။

ခင်ပွန်းဖြစ်သူ ကိုလှမျိုးတစ်ယောက် ပင်လယ်ထဲသွားပြီး ရက်ရှည်လများငါးဖမ်းထွက်နေချိန်မှာ မခင်မာဟာ အခုလိုပဲ သမီးတစ်ယောက်နဲ့ ရွာမှာ ငါးရှာစားရပါတယ်။ ကိုလှမျိုး ပင် လယ်တစ်ခေါက်ထွက်ရင် ရှစ်လကျော်ခန့် ကြာတတ်ပြီး အဲဒီ အတွက် တစ်လကို ငွေကျပ်တစ်သိန်း လုပ်ခရတယ်လို့ မခင်မာက ပြောပါတယ်။

ရှစ်လတာအတွက်ရမယ့်ငွေရှစ်သိန်းထဲက ငွေခြောက် သိန်းခန့်ကိုတော့ ကိုလှမျိုးရဲ့အလုပ်က ကြိုတင်ထုတ်ပေးတယ် လို့ မခင်မာကဆိုပါတယ်။ ဒီနှစ်အတွက်ရတဲ့ ကြိုတင်ငွေထဲက မခင်မာတို့နေအိမ် အမိုးအကာပြင်ဆင်စရိတ်၊ သမီးအငယ်နှစ် ယောက်အတွက် ကျောင်းစရိတ်၊ စက်လှေငှားရမ်းခ၊ ငါးဖမ်းပိုက် တွေ ပြုပြင်ဖာထေးဖို့နဲ့ တင်နေတဲ့ အကြွေးတစ်သိန်းကျော်ပြန် ဆပ်တဲ့နေရာတွေမှာ သုံးစွဲလိုက်ရလို့ ကုန်သွားတယ်လို့ဆိုပါတယ်။

ဒါကြောင့်လည်း ‘မောင်တစ်ထမ်း မယ်တစ်ရွက်’အနေနဲ့ ငါးဖမ်းတဲ့အလုပ်ကို လုပ်နေရကြောင်း မခင်မာက ဆက်ပြောပါ တယ်။ ဒီလိုနဲ့ စက်လှေနဲ့အသွားအပြန် လေးနာရီကျော်ခရီးရှိတဲ့ ပင်လယ်ဘက်ကို နေ့ချင်းပြန်သွားလို့ စားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်လို့ မခင်မာက ပြောပါတယ်။

တစ်ရွာလုံးမှာ တစ်ယောက်သာ

မခင်မာနေတဲ့ အဖောင်ကျေးရွာမှာ အိမ်ထောင်စုသုံးရာ ကျော်ရှိပါတယ်။ အိမ်ထောင်စုသုံးရာကျော်မှာ လယ်ယာလုပ် ငန်းလုပ်ကိုင်သူ သုံးပုံတစ်ပုံ၊ ဈေးအရောင်းအဝယ်လုပ်သူနဲ့ အခြားဒေသတွေကို အလုပ်သွားလုပ်သူ သုံးပုံတစ်ပုံနဲ့ ရေလုပ် ငန်းလုပ်ကိုင်သူ သုံးပုံတစ်ပုံကျော်တို့ အသီးသီးရှိကြပါတယ်။

ရေလုပ်ငန်းလုပ်သူ သုံးပုံတစ်ပုံကျော်မှာတော့ သုံးဆယ် ခန့်က အမျိုးသမီးတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီး သုံးဆယ်ဝန်းကျင်ထဲက အားလုံးနီးပါး ဟာ မြစ်ထဲချောင်းထဲမှာပဲ ငါးဖမ်းတဲ့ အလုပ်ကို လုပ်ကြတာပါ။ မခင်မာတို့သားအမိနှစ်ယောက်သာ ပင်လယ်ထဲအထိ ငါးသွား ဖမ်းကြတာလို့ ဆိုပါတယ်။

သူ့အနေနဲ့ ပင်လယ်ထဲအထိ ငါးဖမ်းထွက်လာခဲ့တာ အခု ဆိုရင် ဆယ့်လေးငါးနှစ်ရှိခဲ့ပြီလို့လည်း မခင်မာက ဆိုပါတယ်။ အဖောင်ရွာ ရေလုပ်သားဖွံ့ဖြိုးရေးကော်မတီရဲ့ အတွင်းရေးမှူး ဒေါ်ဇင်မာဦးက ”တစ်ရွာလုံးမှာတော့ ခင်မာက စံပဲ”လို့ ချီးကျူး တယ်။ ”သူ့လို ဘယ်မိန်းမမှ မသွားရဲဘူး”လို့လည်း ဒေါ်ဇင်မာဦး က ဆိုပြန်တယ်။

ရေလုပ်သားဖွံ့ဖြိုးရေးကော်မတီအဖွဲ့ကို World Vision က ၂ဝ၁၃ ခုနှစ်မှာ ရွာခံ ရေလုပ်သားတွေနဲ့ အခြေပြုဖွဲ့စည်း ပေးခဲ့တာပါ။ ဖွဲ့စည်းရတဲ့ အဓိက ရည်ရွယ်ချက်က ဒေသခံရေလုပ် သားတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူဖြစ်စေဖို့လို့ ဆို ပါတယ်။

အဲဒီအဖွဲ့က ကျေးရွာမှာရှိတဲ့ ရေလုပ်သားဦးရေစာရင်းကို ပြုစုထားပြီး သူတို့ရဲ့လိုအပ်ချက်တွေဖြစ်တဲ့ စက်လှေ၊ ငါးဖမ်းပိုက် စတဲ့လုပ်ငန်းသုံးပစ္စည်းတွေအပြင် စားဝတ်နေရေး အခက်အခဲ တွေအတွက် ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ချေးငွေထုတ်ပေးတာ တွေလုပ်တယ်လို့ ဒေါ်ဇင်မာဦးက ပြောပါတယ်။

မခင်မာကိုယ်တိုင်လည်း အဲဒီအဖွဲ့ဆီကနေ ငွေချေးထား ရတယ်လို့မခင်မာက ပြောပါတယ်။ ငါးထွက်ရှာလိုက်၊ ရလာတဲ့ အထဲက စားဝတ်နေရေးအပြင် ပိုလျှံတဲ့အခါ ယူထားတဲ့ကြွှေးမြီ လေးတွေ ပြန်ဆပ်လိုက်နဲ့ ”လုံးလည်ချာလည်လိုက်နေတော့ တာပဲ”လို့ မခင်မာက ဘဝအမောတွေကို ရယ်မောပစ်ရင်း ဆက် ပြောတယ်။

တကယ်တော့ မခင်မာရဲ့ဘဝဟာ အခုမှ ခက်ခဲတာတော့ မဟုတ်ပါဘူး။

ကြမ်းတမ်းတဲ့ဘဝ

မခင်မာ အသက်ဆယ်နှစ်အရွယ် ကျောင်းပညာရေးအရ ပထမတန်းတက်နေချိန်မှာပဲ တံငါသည်လို့ အများက ခေါ်ဝေါ်ကြ တဲ့ ရေလုပ်သားဘဝကို ခံယူဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။

မခင်မာရဲ့ မိဘတွေကိုယ်တိုင်ကလည်း ရေလုပ်ငန်းကိုပဲ အသက် မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြတာဆိုတော့ မခင်မာအဖို့ ငါး ဖမ်းတဲ့အလုပ်ဆိုတာ မစိမ်းလှဘူး။

မိဘဖြစ်သူများက စားဝတ်နေရေး အဆင်မပြေတော့ ခင်မာလေးကို ကျောင်းဆက်ထားဖို့ မတတ်နိုင်ကြတော့ပါဘူး။ ခင်မာကို ကျောင်းကနေထွက်ဖို့ တိုက်တွန်းလာပါတယ်။ မိသားစု အပေါ်မှာ သိတတ်တဲ့ ခင်မာကိုယ်တိုင်ကလည်း   မိဘတွေရဲ့ တိုက်တွန်းမှုကို အလွယ်တကူပဲ လက်ခံလိုက်တယ်။

”အဲဒီအချိန်တုန်းကတော့ ဒီအလုပ်ကိုလုပ်ရင် ပင်ပန်းမယ် တွေ ဘာတွေ ဘယ်သိပါ့မလဲ။ မိဘတွေကို သနားတာပဲသိတယ်”လို့ မခင်မာက အဝေးကို ငေးကြည့်ရင်းပြောပြတယ်။

ပြီးတော့ သူက ”ကျွန်မသမီးလေးနဲ့ ကျွန်မရဲ့ ဘဝက တစ် ထပ်တည်းပါပဲ”လို့လည်း မခင်မာက ဆိုလိုက်သေးတယ်။ ဒီလို ပြောနေတဲ့အချိန်မှာ သူ့အသံဟာ တိုးသွားတယ်။

သူရည်ညွှန်းတာက သမီးကြီးမေသဇင်ကိုလည်း ကျောင်း က ထုတ်လိုက်ရတဲ့အဖြစ်ကိုပါ။ မေသဇင်ကိုလည်း တစ်တန်း တက်နေတုန်းမှာပဲ စားဝတ်နေရေးအခက်အခဲကို ဝိုင်းကူဖြေရှင်း ပေးဖို့ ကျောင်းက ထုတ်လိုက်ရတယ်လို့ဆိုပါတယ်။

နောက်နှစ် ကျောင်းဖွင့်ချိန်ရောက်တော့ ”သမီးကျောင်း ပြန်တက်ပါလား။ အမေတို့ ထားနိုင်မှာပါ”လို့ တိုက်တွန်းခဲ့ပေမယ့်  မေသဇင်က ကျောင်းပြန်တက်ဖို့ကို မရွေးချယ်ခဲ့ဘူး။ သူ့အမေက အဲဒီလိုတွေပြောပြနေချိန်မှာ မေသဇင်ကတော့ မိခင်ဖြစ်သူကို ငေးပဲကြည့်နေတော့တာ။

ဘယ်လိုပဲဖြစ်ဖြစ် သမီးဖြစ်သူကို တစ်သက်လုံး ငါးဖမ်းတဲ့ အလုပ်ကိုပဲ မလုပ်စေချင်ဘူးလို့ မခင်မာက ဆိုတယ်။ သမီးတွေနဲ့ ပတ်သက်ရင် သူ့မှာ အိပ်မက်တွေ ရှိနေတယ်။

သမီးတွေအတွက် သူ့အိပ်မက်

မခင်မာက သမီးကြီးမေသဇင်အပါအဝင် သမီးသုံးယောက် စလုံးအပေါ်မှာ သူ့တုန်းက မလုပ်နိုင်ခဲ့တာတွေအတွက် ”ငါ့သမီး တွေတော့ လုပ်နိုင်ရမယ်”ဆိုတဲ့အသိနဲ့ မျှော်လင့်ချက်တွေကို တစ်ဦးချင်းအတွက် ထားတယ်လို့ ဆို တယ်။

”ကျွန်မ သူ့(မေသဇင်)ကို (ပင်လယ်ထဲ)မခေါ်ချင်ဘဲ ခေါ် နေရတာ။ ဒီအလုပ်က နေပူကြီးထဲမှာ အရမ်းပင်ပန်းတာလေ”လို့ မခင်မာက သမီးဖြစ်သူနဲ့ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်ကို ဖွင့် ဟတယ်။

အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ရောက်လို့ အပျိုရွယ် ဖြစ်လာပြီဆိုရင်တော့ မေသဇင်ကို စက်ချုပ်သင်ပေးမယ်ဆိုပြီး မခင်မာက စိတ်ကူးထားတယ်။ အဲဒီအတွက်လည်း သူ့သမီး မေ သဇင်ကိုယ်တိုင် စိတ်ဝင်စားမှုရှိ၊ မရှိ မေးမြန်းတီးခေါက်ထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မေသဇင်က ”သမီး စက်ချုပ်တာ ဝါသနာပါတယ်။ အဲဒီ အလုပ်က နေပူထဲသွားစရာ မလိုဘူးလေ”လို့ ကျွန်တော့်ကို  ရှက် စနိုးနဲ့ ပြောတယ်။

ကျန်တဲ့သမီးအငယ်နှစ်ယောက်မှာတော့ တစ်ယောက်က ဆယ်နှစ်၊ တစ်တန်းရှိပြီ။ အငယ်ဆုံးတစ်ယောက်က အသက်ခုနစ် နှစ်၊ သူငယ်တန်းတက်နေတယ်။ နှစ်ယောက်စလုံးကို ဘွဲ့ရပညာ တတ်တွေ  ဖြစ်စေချင်တယ်လို့ မခင်မာက ပြောပြတယ်။

မခင်မာက သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ခွင့် မရ ခဲ့ပါဘူး။ အိပ်မက်တစ်ခုလို စိတ်ထဲမှာ အမြစ်တွယ်တည်ရှိခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ရေးဆိုတာကလည်း သူနဲ့အလှမ်း ဝေးလှပါတယ်။ သူ့ခင်ပွန်း ပြန်ရောက်လာလို့ ငွေစကြေးစလေးအဆင်ပြေတဲ့အခါမျိုးမှာတော့ တစ်ဖက်ရွာက ကာရာအိုကေရုံမှာ စိတ်အဆာသွားဖြေတယ်လို့ မခင်မာက ရယ်မောလျက်ပြောပါတယ်။

နောက်ထပ် မခင်မာ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုက ချမ်းချမ်း သာသာနေနိုင်တဲ့သူတစ်ယောက်ဖြစ်ရေးပါပဲ။ အခုအချိန်အထိ တော့ ချမ်းသာဖို့ အသာထားလို့ နေ့စဉ်စားဝတ်နေရေးအတွက်ရုန်းကန်နေရဆဲပဲလို့ ဆိုပါတယ်။

စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့ မခင်မာဟာ ပင် လယ်ထဲထွက်ဝံ့တဲ့ အမျိုးသမီးအဖြစ် ဒီရွာကလူတွေကြားထဲမှာ ချီးကျူးစရာဖြစ်နေသလို သူ့ရဲ့စိတ်မြန်ကိုယ်မြန်လုပ်တတ်တဲ့ အကျင့်နဲ့ပတ်သက်ပြီးတော့လည်း ရွာသူရွာသားတွေကြားမှာ ပြောစမှတ်ဖြစ်နေပါတယ်။

ငါးဖမ်းပိုက်များ ရေသို့ချအပြီး တွေ့ရတဲ့ မခင်မာတို့သားအမိ။ ဓာတ်ပုံ -မင်းလွင်/မော်ကွန်းမဂ္ဂဇင်း

 

ဓားမ ခင်မာ

ရွာကလူတွေကြားမှာ မခင်မာကို ‘ဓားမခင်မာ’လို့လည်း သိနေကြတယ်။ ဒီနာမည်ရလာတာက သူ့ခင်ပွန်းနဲ့ ရန်ဖြစ်တာက နေရလာတာပါ။

သူတို့လင်မယားက ညားခါစမှာ သိပ်ပြီးအဆင်မပြေလှဘူး။ တစ်နေ့တစ်နေ့ ရန်ပဲဖြစ်နေရတာ။ တစ်ခါတော့ စကားများနေ ရင်း ခင်ပွန်းဖြစ်တဲ့ ကိုလှမျိုးက ဓားမကို လှမ်းဆွဲလိုက်တယ်။ ”သူက (ဓားမကို) ဆွဲဖို့လုပ်တာနဲ့ ကျွန်မက အရင်ဦးအောင် (ဓားမကို) ခြေနဲ့ ကန်ထုတ်ပစ်လိုက်တာ။ အဲဒါနဲ့ ဓားမကြီးနာမည် ရရော”လို့ မခင်မာက ရယ်ရယ်မောမောနဲ့ ပြန်ပြောင်းပြောပြတယ်။

ဘာလုပ်လုပ် စိတ်မြန်လက်မြန်ရှိပြီး အလျင်စလိုလုပ်ကိုင် ဆောင်ရွက်တတ်တာကလည်း အကျင့်တစ်ခုလို ဖြစ်နေတယ်လို့ မခင်မာက ဆိုတယ်။ ကျွန်တော် သူတို့ သားအမိနဲ့ ငါးဖမ်းထွက်ရာ ကို ပင်လယ်ဝအထိ လိုက်သွားတော့လည်း သူ့ရဲ့စိတ်မြန်လက်မြန် ရှိမှုကို တွေ့လိုက်ရတယ်။

”မြန်မြန်လုပ်၊ မြန်မြန်လုပ်။ ဟိုငေးဒီငေးနဲ့ ချ မြန်မြန်ပိုက် ကို”ဆိုပြီး မခင်မာက သူ့သမီးကို ခဏခဏ အော်ပြောနေခဲ့တာ ကို ကြားခဲ့ရတယ်။

လုပ်ငန်းခွင်ထဲမှာတော့ မခင်မာဟာ စိတ်လောတာ၊ စိတ် တိုတာမျိုးတွေရှိတတ်တာကို ပြန်ပြောပြတဲ့အချိန်မှာ သူ့ဟာသူ  သဘောကျပြီး တဟားဟားနဲ့ ရယ်နေပါတော့တယ်။

အဲဒီအချက်ကို သူ့သမီးမေသဇင် ပြန်ပြောပြတာက ”အမေ က စိတ်တိုလာရင် ကျွန်မခေါင်းကို လှော်တက်နဲ့ လှမ်းလှမ်းပြီး ခေါက်တော့တာပဲ”တဲ့။

ဒါကလည်း ပင်လယ်ကိုး။ ခပ်သုတ်သုတ်သွား၊ ပြီး ခပ်သုတ် သုတ်ပြန်ဆိုတာမျိုးလုပ်ရတော့ အချိန်လုနေရတာလည်း ပါတယ် လို့ ဆိုပါတယ်။ တကယ်တော့ မခင်မာတို့ ရေလုပ်သားတွေရဲ့ အလုပ်သဘောကိုက မိုးလေဝသကြည့်ပြီးလုပ်နေရတော့ သွား သုတ်သုတ်၊ လာသုတ်သုတ် လုပ်ကြရတာပေါ့။ ပင်လယ်ထွက်ပြီး အလုပ်လုပ်စားရတဲ့သူတို့ ဘဝမှာ အ္တရာယ်ဆိုတာက အချိန် မရွေး ကျရောက်လာနိုင်တာကိုး။

အသက်ဘေးနဲ့  နှစ်ခါကြုံ

 

ပင်လယ်က မခင်မာတို့အတွက် စားဝတ်နေရေး အဆင် မပြေချိန်မှာ မှီခိုအားထားရာ ကျေးဇူးရှင်ကြီးပါ။ လေတွေ မိုးတွေ ထန်လာပြီး အခန့်မသင့်ရင်တော့ မမျှော်မှန်းနိုင်လောက်အောင် တရိပ်ရိပ်ပြေးတက်လာတဲ့ လှိုင်းလုံးကြီးတွေက သက်ရှိသက်မဲ့ အရာအားလုံးကို ဝါးမျိုတတ်ကြတာလို့ သူက ဆိုပါတယ်။

မခင်မာကိုယ်တိုင် ပင်လယ်ကြီးရဲ့ ဝါးမျိုခံရမယ့် ဘေးနဲ့ ကြုံခဲ့ရတာ နှစ်ကြိမ်တိတိပါ။ ပထမတစ်ကြိမ်က သူငယ်ငယ်က ဖြစ်ပြီး ဒုတိယအကြိမ်ကတော့ သူ့သမီးလေးနဲ့အတူ ကြုံတွေ့ ခဲ့ရ တာပါ။

ဆယ်ကျော်သက်အရွယ်မှာတုန်းကကြုံခဲ့ရတဲ့ ပထမ အကြိမ်တုန်းက လှေပေါ်မှာ အစ်ကိုတစ်ယောက်ရယ်၊ ခဲအိုတစ် ယောက်ရယ်ပါခဲ့ကြတယ်လို့ ဆိုတယ်။ သူတို့သုံးယောက် တက် ထိုင်ထားတဲ့ လှေငယ်ကို လှိုင်းတွေက တဘုန်းဘုန်းနဲ့ကို လာလာ ရိုက်နေတာ။

လှေကလည်း သိပ်ပြီးကြီးလှတယ်တော့ မဟုတ်ဘူး။ စပါး အိတ်တင်မယ်ဆိုရင် အိတ်အလုံးငါးဆယ်ကျော်လောက်ပဲ ဝင်ဆံ့ တယ်လို့ မခင်မာက ပြောပါတယ်။ အဲဒီလိုလှိုင်းလေတွေနဲ့ ရင် ဆိုင်နေရချိန်မှာ သူက ငယ်သေးတော့ လှေပေါ်ထိုင်ရင်း စိုးရိမ် တဲ့စိတ်နဲ့ ငိုချင်သလိုဖြစ်နေခဲ့တယ်လို့ မခင်မာကဆိုတယ်။

”ငါတို့ သေကြရတော့မှာလားလို့ တွေးတွေးပြီး ရင်ထဲမှာ ဆို့ဆို့လာတယ်”လို့ သူက ပြန်ပြောပြတယ်။

ကံကောင်းချင်တော့ လှိုင်းလေတွေ ထန်တဲ့အချိန်က သိပ် မကြာလိုက်ဘူး။ နာရီဝက်လောက် အချိန်အတွင်းမှာပဲ လေငြိမ် သွားခဲ့တယ်။ လှိုင်းမိနေတဲ့ အချိန်တွေမှာတော့ လှေမှောက်မသွား အောင် ဘုရားတရားတပြီးနေရတာပေါ့လို့ မခင်မာက ပြောပါ တယ်။ ဒီလိုနဲ့ သေဘေးက လွတ်လာခဲ့တာ။

နောက်တစ်ကြိမ် မခင်မာ မုန်တိုင်းနဲ့ ကြုံရတဲ့အခါမှာတော့ လှေပေါ်မှာ သားအမိနှစ်ယောက်တည်း။ အဲဒီနေ့က မခင်မာတို့ ရွာကနေစထွက်တဲ့အချိန်ဟာ နေ့လယ်ပိုင်း။ ပင်လယ်ဝကို နည်း နည်းကျော်လာတော့ ပိုက်တွေကို စပြီး ရေထဲမှာ လိုက်ချတဲ့အခါ အချိန်က ညနေသုံးနာရီလောက်ရှိပြီ။ အစောပိုင်းမှာ ရာသီဥတု ဟာ အုံ့ဆိုင်းမှုန်မှိုင်းနေပေမယ့် မိုးက မရွာသေးဘူး။ သားအမိ နှစ်ယောက် ပိုက်တွေချပြီးလို့ တစ်နာရီနီးပါးကြာတော့မှ မိုး ရွာလာတဲ့အပြင် လေပါတိုက်လာခဲ့ပါတယ်။

မိုးကလည်း သည်း၊ လေကလည်း ထန်လာတော့ မေသဇင် က ”အမေလုပ်ပါဦး။ သမီးအရမ်းကြောက်တယ်”လို့ အော်နေ တယ်တဲ့။ သူ့ကိုယ်သူလည်း ”ငါသေလို့တော့ မဖြစ်ဘူး။ သမီး လေးရှိသေးတယ်”ဆိုပြီး မခင်မာက အားတင်းထားတယ်။

လှေဟာ လှိုင်းလုံးတွေကြားမှာ အပေါ်ကိုမြောက်ပြီး တက် သွားလိုက်၊ အောက်ကို ပြန်ကျလာလိုက်နဲ့ ပွဲဈေးက ရဟတ်ကြီးစီး နေရသလို ရင်ထဲကို အေးအေးပြီး ကျန်ခဲ့တယ်လို့ မခင်မာက သရုပ်ဖော်ပြတယ်။

”စိတ်ကို အတတ်နိုင်ဆုံးငြိမ်အောင်ထားပြီး လှိုင်းလုံးတွေ နဲ့ အလိုက်သင့်ပါသွားအောင် ထိန်းရတာပေါ့”လို့ သူက ဆိုတယ်။

မေသဇင် ပြန်ပြောပြတာက ”အမေ့ကိုကြည့်နေပြီး လှေပေါင်ကို လက်နဲ့ တင်းတင်းကြီးဆုပ်ကိုင်ထားရတာ”တဲ့။ ကြောက်တဲ့စိတ် ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးဟာ တဆတ်ဆတ်တုန်နေခဲ့တာလို့ လည်း မေသဇင်က ပြောပါသေးတယ်။

”ကျွန်မသမီးက မျက်စိမျက်နှာပျက်ပြီး အမေလုပ်ပါဦး၊ လုပ်ပါဦးနဲ့ ငိုယိုပြီးအော်နေတော့ ကျွန်မလည်း ဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိဘူး။ ခဏတော့ တွေဝေသွားတယ်။ ကိုယ်တိုင် လည်း အားငယ်နေမိတယ်”လို့ လှိုင်းလေတွေကြား သားအမိနှစ် ယောက်ကြုံခဲ့ရပုံကို မခင်မာက ပြန်ပြောပြတယ်။ အဲဒီလိုပြောပြ နေချိန်မှာ မခင်မာဟာ လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လို့။ အတိတ်က ဖြစ်ရပ်ထဲကို ပြန်ရောက်သွားသလို ခြေဟန် လက်ဟန် နဲ့ ပြောပြနေခဲ့တာပါ။

လေတွေမိုးတွေ ငြိမ်သွားတော့ မခင်မာတို့လှေဟာ ကမ်းနဲ့ ခပ်ဝေးဝေး ပင်လယ်ထဲကို ရောက်မှန်းမသိ ရောက်နေခဲ့ပြီ။ သမီး မှာ ပါလာတဲ့ လက်ပတ်နာရီလေးကိုကြည့်လိုက်တော့ ညနေ ငါးနာရီ နီးပါးရှိပြီ။ အရေးထဲ ကမ်းပျောက်နေလို့ ရွာအပြန်လမ်းကို စမ်းတဝါးဝါးနဲ့  ရေစီးရေလာကိုကြည့်ပြီး စက်လှေကို မောင်းလာ ခဲ့ရတယ်။

အဲဒီနေ့က ညရှစ်နာရီကျော်လောက်ရှိတော့မှ ရွာကိုပြန် ရောက်တယ်လို့ မခင်မာက ပြောပါတယ်။ ဒါဟာ သူ့အတွက် ဒုတိယအကြိမ်မြောက် အသက်ဘေးက လွတ်လာခဲ့တာပေါ့။ ဒီ အကြိမ်ကြုံရတာက ၂ဝ၁ဝ ထဲမှာပါ။

လူပေါင်း ၁၄ဝ,ဝဝဝ ကျော်ကို သေကျေပျောက်ဆုံးစေခဲ့ပြီး လူသိန်းနဲ့ချီကာ ဒုက္ခရောက်စေခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီး နှစ်နှစ် အကြာမှာကြုံခဲ့ရတာပါ။ ၂ဝဝ၈၊ မေ ပထမပတ်မှာတိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းတုန်းက သူတို့ အဖောင်ကျေးရွာမှာ ၂၄ ယောက် သေဆုံးခဲ့တယ်လို့ဆိုတယ်။

မခင်မာနှင့် သမီးကြီး မေသဇင်။ ဓာတ်ပုံ – မင်းလွင်/မော်ကွန်းမဂ္ဂဇင်း

 

ငါးရှာသူ ငါးကောင်းမစားရ

မခင်မာတို့ဟာ ငါးတွေကိုခက်ခဲပင်ပန်းကြီးစွာ ပင်လယ်ထဲ သွားရောက်ရှာဖွေနေရပေမယ့် ရလာတဲ့ ငါးတွေကိုတော့ သူတို့ မစားသုံးရဘူးလို့ဆိုတယ်။ အကြောင်းကတော့ အကောင်ကြီးပြီး ဈေးကွက်ဝင်တဲ့ငါး အကုန်လုံးကို ရောင်းပြီးမှ အိမ်အတွက် ဆန်၊ ဆီ၊ ဆား ဝယ်တန်တာဝယ်၊ ကလေးတွေ ကျောင်းမုန့်ဖိုးအတွက် သုံးတန်တာ သုံးနဲ့ ရလာတဲ့ငါးအကုန်နီးပါးရောင်းတော့မှ လောက်ငရုံရှိတာလို့ မခင်မာက ပြောတယ်။

ဈေးကောင်းရတဲ့ငါးအကုန်ရောင်းပြီး ငါးနုပ်ငါးဖွဲလေးတွေ ပဲ အိမ်စားဖို့ချန်ထားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

”တစ်ခါတလေ ငါးဒိုင်ကတောင် ပြန်ဝယ်စားရတယ်”လို့ သူကဆိုတယ်။

သူတို့ ငါးရှာလို့ရတဲ့ တစ်နေ့ဝင်ငွေက ပျမ်းမျှလေးထောင် လောက်ပဲရှိချိန်မှာ တစ်မိသားစုလုံးရဲ့ တစ်နေ့ကုန်ကျစရိတ်က သုံးထောင်ခန့်အထိရှိတယ်လို့ သူက ဆိုတယ်။

ကုန်ကျစရိတ်  တစ်နေ့ကျပ်သုံးထောင်ဆိုတာကလည်း  အခါအားလျော်စွာ ပေါ်လာတတ်တဲ့ သာရေးနာရေးလို လူမှုရေး ကိစ္စတွေအတွက် ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးဘူးလို့ သူကဆိုတယ်။

”တစ်နေ့ရတာနဲ့ တစ်နေ့ကုန်ကျတာ ပိုတယ်ကိုမရှိဘူး”လို့ သူတို့ရုန်းကန်နေရတဲ့ ဘဝကို မခင်မာ ညည်းတွားပါတယ်။ မခင်မာတို့ အဖောင်ကျေးရွာကိုရောက်နေတဲ့ နှစ်ရက်တာ အတွင်းမှာ သူတို့မိသားစုဟာ လက်ဖက်သုပ်၊ မန်ကျည်းသီးကို   ပုစွန်ဆိတ်နည်းနည်းရောပြီးချက်ထားတဲ့ ငရုတ်သီးစိမ်းချက်နဲ့ စားနေကြတာကို ကျွန်တော် တွေ့ ခဲ့ရတယ်။

ဒီကြားထဲ ငါးမရတဲ့ရက်တွေ၊ ငါးမဖမ်းရရာသီမှာ စား သောက်စရိတ်တွေအတွက် အဆင်ပြေသလို ချေးငှားစားရတာ ကြောင့် ကြွေးမြီတချို့တောင် တင်နေသေးတယ်လို့ သူက ဆက် ပြောပါတယ်။ ချေးငွေကိုတော့ ရေလုပ်သားဖွံ့ဖြိုးရေးကော်မတီ ဆီကနေ ချေးယူတာရှိသလို ရွာထဲက မိတ်ဆွေအချို့ဆီက အတိုးနဲ့ချေးတာလည်းရှိတယ်လို့ မခင်မာက ဆိုတယ်။

ချေးငှားပြီး စားဝတ်နေရေးဖြေရှင်းရတဲ့အချိန်အများစုက အစိုးရက ငါးမဖမ်းရကာလအဖြစ် သတ်မှတ်ထားတဲ့ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာပါ။ အဲဒီသုံးလကို ငါးမဖမ်းရရာသီအဖြစ် သက် ဆိုင်ရာက တားမြစ်ထားတာကြောင့် ပင်လယ်ကို ထွက်ပြီး ငါးရှာ လို့မရပါဘူးတဲ့။ ငါးတွေက အဲဒီလတွေမှာ ငါးသားပေါက်ကြတာ ကြောင့်လို့ မခင်မာက ပြောတယ်။

မခင်မာမှာက ငါးဖမ်းမစားရဘူးဆိုရင် သူ့မှာအခြားလုပ် စရာကလည်း မရှိပြန်ဘူး။ ငါးဖမ်းတဲ့ အလုပ်ကလွဲလို့ အခြား အလုပ်တွေကို သူကမလုပ်တတ်ဘူးလေ။ သူ့ယောက်ျား ကိုလှ မျိုးကလည်း မခင်မာအတိုင်းပဲ။ အခြား အလုပ်မလုပ်တတ်ဘူးလို့ မခင်မာက ဆက်ပြောတယ်။

အခြားအသက်မွေးဝမ်းကျောင်းအလုပ်တွေ မလုပ်တတ် လို့သာ ဒီအလုပ်ကို လုပ်နေရတာ။ သူတို့လင်မယားနှစ်ယောက် စလုံးအတွက်က အ န္တရာယ်ဆိုတာ လက်တစ်ကမ်းမှာရှိနေတာ။

အန္တရာယ်တွေ့လည်း မမှုတော့ပါ

နှစ်ယောက်စလုံးက ငါးဖမ်းတဲ့အလုပ်ပဲ လုပ်ကြတော့ နေ့ စဉ်နဲ့အမျှ စိုးရိမ်ပူပန်ရတာတွေ ရှိတယ်လို့ သူက ဆိုတယ်။

”ကျွန်မမှာ သမီးလေးအတွက် ပူပန်ရသလို ယောက်ျား အတွက်ကလည်းတစ်နေ့မှ စိတ်မအေးရဘူး။ နေမှကောင်းရဲ့လား၊ ဗိုက်အောင့်တတ်တော့ ဆေးမှသောက်ရဲ့လားနဲ့ စိတ်ပူရတယ်”လို့ ဟင်းခနဲ သက်ပြင်းတစ်ချက်ချရင်း မခင်မာကပြောပြတယ်။

ယောက်ျားဖြစ်သူရဲ့ အကြောင်းကို တွေးမိတဲ့ညတိုင်း မခင်မာ တော်တော်နဲ့အိပ်လို့ မရချင်ဘူးတဲ့။ ဒီတစ်ခေါက် ကိုလှ မျိုး ပင်လယ်ထဲမသွားခင် စိတ်သက်သာရာရအောင်လို့ အိမ်မှာရှိ တဲ့ မိသားစုက ငွေကိုချွေတာသုံးပြီး စုဆောင်းနိုင်အောင်လုပ်မယ့် အကြောင်း အားပေးလိုက်ရတယ်လို့ မခင်မာကဆိုတယ်။

ပိုလျှံငွေလေးရှိတယ်ဆိုရင်တော့ ”နှစ်တိုင်း ပင်လယ်ထဲကို မိသားစုနဲ့ခွဲပြီး မသွားခိုင်းတော့ဘူး”လို့လည်း မခင်မာက စိတ် ကူးထားတယ်။

၂ဝ၁၁ ၊ မတ်အတွင်းက တိုက်ခတ်ခဲ့တဲ့ စိုက်ဆင်း မုန်တိုင်း ကြောင့် မခင်မာတို့ ဧရာဝတီတိုင်းမှာ၊ အထူးသဖြင့် ဖျာပုံတစ်ဝိုက် က ငါး၊ ပုစွန်ဖမ်းတဲ့ ကျားဖောင်တွေ ရာနဲ့ချီပြီး ပင်လယ်ဘက်မျော ပါသွားတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။ ကျားဖောင်တွေနဲ့ အတူ ရေလုပ်သားထောင်ဂဏန်းဟာလည်း မျောသွားကြပါတယ်။

မိမိရပ်ရွာကို ပြန်လည်ရောက်ရှိသူတွေရှိသလို ပြန်ရောက် မလာသူတွေလည်းရှိတယ်။ လေပြင်းတိုက်ခတ်လို့ ကျားဖောင် လိုက်တဲ့ ရေလုပ်သား တစ်သောင်းခြောက်ထောင်ကျော်ဟာ မြိတ်၊ ကော့သောင်း၊ ကိုကိုးကျွန်းတို့အပြင် သီရိလင်္ကာနဲ့ အိန္ဒိယ နိုင်ငံတွေအထိ မျှောပါခဲ့ကြပြီး ရေလုပ်သား ငါးရာခန့် သေဆုံးခဲ့ တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။  အဲဒီကတည်းက အိမ်မှာကျန်နေခဲ့တဲ့ ဇနီးသည်တွေအနေနဲ့ ကိုယ့်ရဲ့ ခင်ပွန်းတွေအတွက် ငါးဖမ်းထွက်တိုင်း စိတ်မအေးရတော့ ဘူးလို့ ဆိုတယ်။ အဲဒီထဲမှာ မခင်မာလည်း တစ်ယောက်အပါ အဝင်ပါပဲ။

မခင်မာမျှော်လင့်တဲ့ အရင်းအနှီးတွေရလာဖို့ အချိန်ဘယ် လောက်ကြာနိုင်မလဲဆိုတဲ့အမေးကိုတော့ မခင်မာ ဖြေဆိုနိုင်ခြင်း မရှိပါဘူး။ လက်ရှိအခြေနေက နေ့စဉ်စားဝတ်နေရေးအပြင် ချေး ငှားပြီး စားထားတဲ့ အကြွေးလေးတွေ အကြေဆပ်နိုင်ဖို့ အတွက်ပဲ လုံးပန်းနေရတာတဲ့။

ဒီအလုပ်က အန္တရာယ်များပေမယ့် အခြားအလုပ်ပြောင်း လုပ်ဖို့လည်း လောလောဆယ်တော့ မဖြစ်နိုင်သေးဘူးလို့ သူက ဆိုတယ်။ ”ငွေအရင်းအနှီးလေး ရှိလာရင်တော့ အိမ်မှာဈေးလေး ရောင်းပြီး သမီးကို စက်ချုပ်ခိုင်းရမလားပဲ”လို့ သူက ဆိုတယ်။           ။

၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ ပုံရိပ်လွှာဆောင်းပါး ဖြစ်ပါသည်။

မင်းလွင် ရေးသည်။

Save

Save

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here