Home ခရီးသွားဆောင်းပါး ပန်းမြို့တော်က အပူလှိုင်း

ပန်းမြို့တော်က အပူလှိုင်း

88
0
ဓာတ်ပုံ - နှင်းကို/မော်ကွန်းမဂ္ဂဇင်း
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

သြဂုတ်လ၂၄ရက်။ထိုနေ့ မြန်မာစံတော်ချိန် နံနက်ခုနစ်နာရီတွင်ကားထွက်မည်ဟု ကြေညာထားသည်။သင်တန်းသား၁၄ ယောက်နှင့်သင်တန်းဆရာများ၊ သင်တန်းစီစဉ်သူများစုစုပေါင်း အယောက်နှစ်ဆယ်လောက်ရှိမည်။ မြေယာမူဝါဒနှင့်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းသားတို့ကွင်းဆင်းစုံစမ်းခြင်းဖြစ်သည်။ အေးချမ်းသည့်ပြင်ဦးလွင်မြို့နယ်လေးထဲကအပူမီးများနှင့်မအေးချမ်းလေသော ဒေသခံတောင်သူများကို သွားရောက်တွေ့ဆုံမေးမြန်းရမည်။ ရွာပေါင်းခြောက်ရွာက တောင်သူများ၏အသံတွေကို နားထောင်ဖို့ အချိန်က ဆယ့်နှစ်နာရီခန့်သာရသည်။မိုးကောင်းကင်တွင် တိမ်တိုက်များနှင့် နေမင်း၏ရောင်ခြည်ကအားပြိုင်နေသည်။ နေရောင်က ဖြာကျလိုက်၊ မိုးသားက တက်လာလိုက် ။ ခန့်မှန်းရခက်သည့် မန်းရွှေမြို့က ဥတုရာသီ။ တောကို မှီပြီး အေးရိပ်ကိုလည်း မပေးနိုင်တော့ပါ။

မန္တလေးမြို့မှသည် တောင်လှေကားမြို့သို့ ကျွန်တော်တို့သွားရခြင်းရည်ရွယ်ချက်က အပျော်မဟုတ်။ လူသိများသည့် ပိတ်ချင်းမြောင်၊ ပွဲကောက်ရေတံခွန်ကို သွားခြင်းမဟုတ်။ မဟာအံ့ထူးကံသာဘုရားကြီးကို သွားရောက်ဖူးမြော်ခြင်းမဟုတ်။ နှီးဘုရားကြီးကို သွားဖူးခြင်းမဟုတ်။ကော်ဖီစီမံကိန်းနိမိတ်ဆိုးကြောင့် အပူလိုင်းများနှင့်မအေးချမ်းနိုင်သော ဒေသခံများကို သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။ မြေသိမ်းခံတောင်သူလယ်သမားများ၊ အမျိုးသမီး၊အမျိုးသား၊ လူရွယ်လူလတ်နှင့် သက်ကြီးပိုင်းစုံလို့။ တချို့ ကရှမ်း၊တချို့က ဗမာ၊ တချို့က ရှမ်းဗမာ ကပြား။ သူတို့အားလုံးလုပ်ကိုင်စားသောက်နေကျ၊ မိရိုးဖလာဘိုးစဉ်ဘောင်ဆက်လုပ် ကိုင်လာခဲ့သည့် တောင်ယာမြေတွေကို အရင်အစိုးရလက်ထက် စစ်တပ်မှအရာရှိကြီးအချို့နှင့် ဌာနဆိုင်ရာအချို့က သိမ်းယူသွား ကြသည်။ဌာဆိုင်ရာနှင့် နီးစပ်သူ လုပ်ငန်းရှင်အချို့လည်း ပါသည်။

ဓာတ်ပုံ - နှင်းကို/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ – နှင်းကို/မော်ကွန်းမဂ္ဂဇင်း

ကျွန်တော်တို့ ဆူပါကာစတန်ကားလေးသည် မနည်းရုန်းကန် နေရသည။် အကွေ့ အကောက်များနှင့် တောင်ကြာလမ်း ကို တွယ်ဖက်တက်ရသည်။ လာရာလမ်းကို ပြန်လှည့်ကြည့်ရင်တကယ့်ကို လှေကားထစ်များသဖွယ်။ စိမ်းစိမ်းစိုစိုနှင့် ရှုလို့မဆုံးတော့။ကျွန်တော်တို့ ဆူပါကာစတန်ကားလေးက ခရီးအတော်ပေါက်လာပြီ။ တပ်မတော်အသိအမှတ်ပြု ရုပ်တုကြီးများကိုကျော်ဖြတ်လာခဲ့ပြီ။ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုသည့် ဆိုင်းဘုတ်ကြီးများကို ကျော်ခဲ့ပြီ။ မကြာခင် သောကအပူလှိုင်းများအကြား လူးလိမ့်ခံစားနေရသည့် တောင်သူလယ်သမားများထံ ရောက်ရှိတော့မည်။မန္တလေး-ပြင်ဦးလွင် လမ်းမကြီးတစ်လျှောက် အရှိန်ဖြင့်မောင်းလာသည့် ကျွန်တော်တို့ကားလေးလည်း အရှိန်လျော့လာသည်။ လမ်းရဲ့ဘယ်ဘက်ကို ချိုးဝင်လိုက်သည်။ လမ်းကတော့မြေနီလမ်း၊ ကျောက်စရစ်ကြမ်းနှင့်မို့ ကားကလေးက ခုန်ဆွ ခုန်ဆွ။ ပထမဆုံးရောက်သည့်ရွာက ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စုဝင် ကျင်ဂနိုင်ရွာ။ ရွာသူရွာသားများက ပြုံးရွှင်သော မျက်နှာထားဖြင့် ကျွန်တော်တို့ကို ကြိုဆိုသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ဒုက္ခတွင်းထဲမှ သူတို့ကို ကယ်တင်မယ့် ကယ်တင်ရှင်ကြီးတွေလို့ ကျွန်တော်တို့ကို ထင်နေသလားမသိ။ တကယ်တော့ ကျွန်တော်တို့က သူတို့အတွက်လုပ်ပေးနိုင်တာတစ်ခုပဲရှိသည်။ မေးမည၊် မြန်း မည၊် ရေးမည်ဆိုတာပင်ဖြစ်သည်။ကျင်ဂနိုင်ရွာလေးက လွန်ခဲ့သည့်နှစ်ပေါင်း ၆ဝ၊ ၇ဝလောက်ကတည်းက အိမ်ခြေ ၁၅ အိမ်လောက်နှင့် စခဲ့ပြီး အခုဆိုရင် အိမ် ခြေ ၁ဝဝ ကျော်ရှိသည်ဟု မြေသိမ်းခံရွာသားတစ်ဦးဖြစ်သည့် ကိုဌေးဝင်းက ပြောပါသည်။ သူတို့အနေနှင့် မြေသိမ်းခံရရုံတင်မကတော့ပါ၊ တရားပါ အစွဲခံနေရသည်အထိ ဖြစ်နေကြောင်းကျွန်တော်တို့သတင်းအဖွဲ့ကို အားတက်သရောပြောပါသည်။

ကော်ဖီစီမံကိန်းအကြောင်းပြပြီး တောင်ယာမြေဧကပေါင်း ၉ဝ ကျော်ကို ပဏာမ အသိမ်းခံရသည်။ နောက် စီမံကိန်းအတွက် ဆည်ဆောက်မည်၊ လမ်းဖောက်မည်ဆိုပြီး နောက်ထပ်လုပ်ငန်းရှင်တစ်ယောက်က ဧကပေါင်း ၁၂ဝ ကျော် ထပ်သိမ်းသည်။ သို့သော် ယခုထိ စီမံကိန်းများက အကောင်အထည်ဖော်ခြင်း မရှိသေးပါ။ ထို့ကြောင့် သူတို့ပိုင်ခဲ့၊ ဆိုင်ခဲ့သည့် သူတို့ရဲ့ မြေနေရာလေးမှာ ပြန်လည်လုပ်ကိုင်ကြသည်။အသိမ်းခံထားရသည့်အထဲတွင် တောင်သူ ၃၅ ဦး ပါသည်။ထိုအထဲကမှ တောင်သူ ၁၃ ဦးကို ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ (ပိုင်နက်ကျူးကျော်မှု၊ ငွေကျပ် ၅ဝ အထက် သူတစ်ပါးအကျိုးစီးပွားဖျက်ဆီးမှု)တို့ဖြင့် CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ကိုယ်စားလှယ် ဦးကိုကိုဝင်းဆိုသူက တရားစွဲထားသည်ဟု သူတို့က ပြောပါသည်။ ယခုနှစ် နှစ်လပိုင်း ၂၃ ရက်ကတည်းက ဒီကနေ့အထိ တရားစွဲခံနေရဆဲပင်။ ရုံးချိန်းသည်ပင် ၂၅ ကြိမ်မကတော့။ ယနေ့အထိ ဘာမှ စစ်ဆေးမေးမြန်းခြင်း မရှိသေးဘူးဟု ဆိုကြပါသည်။ တရားလိုဖြစ်တဲ့ ဦးခင်မောင်အေး၏ ကိုယ်စားလှယ်ဦးကိုကိုဝင်းလည်း အဲဒီမြို့နယ်တရားရုံးကို လာရောက်ခြင်းမရှိဟု သူတို့က ပြောပါသည်။သူတို့တင်ပြသမျှက စိတ်ဝင်စားစရာဖြစ်ပေမယ့် အခုလိုလယ်ယာမြေ၊ တောင်ယာမြေစသဖြင့် မြေကြီးတွေ အသိမ်းခံရတာက မြန်မာနိုင်ငံတွင် မထူးဆန်းတော့။ ထို့ကြောင့်လည်း အခုလိုမြေသိမ်းမှုတွေကို စုံစမ်းဖို့ လွှတ်တော်က ကော်မရှင်ဖွဲ့ခဲ့သည်မဟုတ်ပါလား။

ကျွန်တော်တို့အဖွဲ့ကို ဦးဆောင်သည့် မော်ဒန်နဲ့ ကုမုဒြာဂျာနယ်မှ မန္တလေးအခြေစိုက်အယ်ဒီတာ ကိုစန်းယုကျော်ကလှည့်ကြည့်လိုက်သည်။ ကျွန်တော့်အနားကို ကပ်လာသည်။ပြီးတော့ ခမောက်တစ်လုံးကို ဒူးပေါ်တင်ပြီး အင်္ကျီလက်ရှည် အဝါကွက်နှင့် အသက်ခြောက်ဆယ်ကျော်အရွယ်ရှိ အမျိုးသမီးကြီးတစ်ယောက်ကို လက်ညှိုးထိုးပြသည်။ သူ့မျက်နှာက ညှိုးညှိုးငယ်ငယ်ဖြစ်နေသည်ကို ကိုစန်းယုက စိတ်မကောင်းဖြစ်နေဟန်တူသည်။အခုလို လူအုပ်ကြီးရှိတဲ့ ဒီဓမ္မာရုံထဲကို ဘာလို့လာတာလဲမေးတော့ သူက မဖြေ။ ကျွန်တော်က ထပ်မေးတော့မှ ”အဘွားမပြောတတ်ဘူး”ဟု ဖြေရှာသည်။ စကားကို ခဏရပ်ပြီးတော့မှအခုလိုဆက်ပြောသည်။

”အဘွားက ရှမ်း၊ အခုတရားစွဲခံနေရတဲ့၁၃ ယောက်အထဲမှာ အဘွားပါတယ။် အဘွားကကိုယ့်အကွက်နဲ့ကိုယ် လုပ်စားနေတာ။ ရွှေ့ပြောင်းတောင်ယာပေါ့။ ဟိုနားလေးလုပ်လိုက်၊ ဒီနားလေးလုပ်လိုက်ပေါ့”အဘွားနာမည်က ဒေါ် မြအောင်။ အသက် ၆၃ နှစ်။ သုံးဧကလောက်ရှိသည့် သူ့ယာမြေလေးမှာ လုပ်လာတာ ဘုန်းဇိုးတို့လက်ထက်ကတည်းကဟု အဖွားဒေါ် မြအောင်က ပြောပါသည်။(ဘုန်းဇိုးဆိုသည်မှာ ရှမ်းအခေါ် ဖြစ်ပြီး အဘိုးအဘွားဟုအဓိပ္ပာယ်ရပါသည်။)

အဘွားဒေါ် မြအောင်သည် သူ့ကို တရားစွဲတာတောင်သူများတကာတွေ ပြောပြမှ သိတာဟုဆိုပါသည်။ သူ့မြေသုံးဧကလောက်မှာ နာနတ်၊ ပန်းနှမ်း၊ ပိန်းဥ၊ ချင်း၊ ငှက်ပျောသီးနှင့် စပါးတို့ကို အလှည့်ကျစိုက်လေ့ရှိသည်။ အခုလည်း သူ့လယ်လေးမှာပန်းနှမ်းတွေ စိုက်ဖို့ပြင်နေတုန်း အခုလို တရားစွဲခံရတာဖြစ်ပါသည်။ တစ်သက်နှင့် တစ်ကိုယ် အခုလိုသက်ကြီးရွယ်အိုကျမှတရားရုံးမှာ တရားစွဲခံရခြင်းသည် သူ့အတွက် ပထမဆုံးဖြစ်ခဲ့သည်ဟု ဆိုသည်။”ကိုယ်လုပ်တတ်တာကလည်း တောင်သူပဲ လုပ်တတ်တာကိုး။ ဈေးရောင်း၊ ဈေးဝယ်လည်း မလုပ်တတ်ဘူး။ ကျောင်းလည်းမနေဖူးပါဘူး။ အဘွားက စာလည်းမတတ်ဘူး။ အဘွားကို တရားစွဲတာကတော့ ဦးခင်မောင်အေးလို့ပြောတာပဲ။ အဘွားလည်းသိပ်မသိဘူး။ သူတို့ပြောမှသိတာ။ ကိုယ့်ယာနဲ့ကိုယ်ပဲ တောင်သူဆိုတော့ ကုန်းပြီး လုပ်နေတာ။ သူများဘာပြောပြော သိပ်သိတာမဟုတ်ဘူး”သူ့ဘဝမှာ ပထမဆုံးအကြိမ် တရားစွဲခံရခြင်းဖြစ်ပေမယ့်

သတ္တိကောင်းသည့် ရှမ်းအမျိုးသမီးကြီး အဘွားဒေါ် မြအောင်ကတော့ သူ့မြေကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ကြောင်းကိုအခုလို ပြောပါသေးသည်။”အဘွားရဲ့မြေကို လိုချင်လို့ သူတို့က အခုလို တရားစွဲတာနေမှာပေါ့။ အဘွားမပေးနိုင်ဘူး။ ဟိုးငယ်ငယ်တုန်းကတည်းကအဘိုးအဘွားတွေ လုပ်ခဲ့တဲ့ မြေလေ။ ဖမ်းချင် ဖမ်း။ သူများမြေသွားလုတာမဟုတ်ဘူး။ သူများအကွက်သွားလုတာ မဟုတ်ဘူး။ မကြောက်ဘူးကွာ။ ဒါ င့ါမြေနဲ့ ငါ”အဘွားဒေါ် မြအောင်နှင့် စကားလက်ဆုံကျနေတုန်းနောက်ကျောဘက်က ကိုစန်းယုကျော်က ”ရဲဘော်တို့၊ အချိန်ငါးမိနစ်သာရတော့မည်၊ ခရီးဆက်ရဦးမည်”တဲ့။ ကျွန်တော်တို့ ခရီးဆက်ဖို့ ရွာငါးရွာကျန်သေးသည်။ အချိန်က ၁၁ နာရီဝန်းကျင်။တက်သုတ်ရိုက်မှ မီနိုင်မည်ဖြစ်သည်။

ဆူပါကာစတန်မီးခိုးရောင်လေးနှစ်စီးက လာလမ်းကို ပြန်ပြီးဦးတည်လျက်။ ပြင်ဦးလွင်-မိုးကုတ်လမ်းအတိုင်း ကျွန်တော်တို့ခရီးဆက်ခဲ့သည်။ ပြင်ဦးလွင်မြို့ကို ဖြတ်ခဲ့သည်။ ပြင်ဦးလွင်မြို့ထဲက လမ်းဘေးတစ်နေရာမှာ ကားကို ရပ်လိုက်သည်။ အဆင့်မြင့် မြန်မာထမင်းဆိုင်။ အသားစုံရသည်။ အသီးအရွက်ကလည်းစုံလို့။ကျွန်တော်တို့ ဒီတစ်ခါ အလှည့်ကျရွာကတော့ ဖောင်းတောရွာ။ ထိုရွာတွင်လည်း ကော်ဖီစီမံကိန်းဆိုပြီး ဌာနဆိုင်ရာတွေက မြေတွေ သိမ်းထားသည်။ဖောင်းတောရွာကလေးသည် ပြင်ဦးလွင်တွင် ထင်ရှားသည့် နှီးဘုရားအနှီးတွင် ရှိသည်။ နှီးဘုရားမပေါ်ခင်အထိ သူတို့အသုံးပြုခွင့်ရခဲ့သည့် ရှစ်ဧကကျော်ပတ်လည်ရှိ ကျောက်တောင်ကြီးလည်းရှိသေးသည်။ ဒီကျောက်တောင်ကြီးနှင့် သူတို့ (ကျေးရွာသူ ကျေးရွာသားတွေ)သည် နှီးဘုရားကြီးလူသိများသည်နှင့်အမျှ ဝေးကွာသွားတော့သည်။ ၄င်းကျောက်တောင်ကြီးကိုလည်း သတ္တုတွင်းဝန်ကြီးဌာနက နိုင်ငံတော်ပိုင်သိမ်းလိုက်သည်။

ဒေသခံကျောက်တူးသမားတို့ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ ကြွေထည်လုပ်ငန်းအတွက် အသုံးပြုမည်ဆိုသည့် အကြောင်းပြချက်ကလည်း အခုအထိ အကောင်အထည်မပေါ်။သူတို့ရွာသားတွေပြောတာတော့ ယခင် သတ္တုတွင်းဝန်ကြီးဟောင်း ဦးအုန်းမြင့်(ယခု မွန်ပြည်နယ်ဝန်ကြီးချုပ်)၏ ဇနီးဒေါ်စန်းစန်းမြင့်နာမည်ဖြင့် ကျောက်တောင်ကြီးပတ်လည်မှ မြေကွက်ဧကတစ်မတ်(တစ်ဧက၏ လေးပုံတစ်ပုံ)လောက်ကို ဝယ်ပြီးဒီကျောက်တောင်ကြီးပတ်လည်ကို သံဆူးကြိုးများ ခတ်ထားသည်ဟု ဆိုသည်။ဒီတောင်ကြီးဟာ ကျေးရွာဖွံ့ဖြိုးရေးအတွက် အရေးပါသည်ဟု သူတို့ကဆိုသည်။ မည်သူ့အတွက်မျှ အကျိုးမရှိဘဲ ထိုတောင်ကြီးကို စွန့်လွှတ်မထားနိုင်ကြောင်း သူတို့ဆိုပါသည်။ကျွန်တော်တို့အဖွဲ့လည်း နောက်ထပ်တစ်ရွာကို ခရီးဆက်ရဦးမည်။ ထုံးစံအတိုင်း ဆူပါကာစတန်ကို ခေါင်းလှည့်ရသည်။

တောင်ယာလယ်ကွက်တွေကြားထဲက မြေနီကျောက်စရစ်လမ်းအတိုင်း မောင်းလာသည်။ လမ်းဘေးတွင် စပါးတွေစိုက်ထားသည်။ ပြောင်းဖူးတွေ စိုက်ထားသည်။ ပြောင်းဖူးပင်များမှာ စိမ်းညို့ ယိမ်းနွဲ့လျက်ရှိသည်။သိပ်မကြာခင်ပဲ ညောင်ကုန်းရွာထဲကို ရောက်သွားသည်။ကားကို ဘယ်ဘက်ကွေ့ဝင်လိုက်သည်။ ကျယ်ပြန့်ပြန့် ကုန်းမြင့်တစ်နေရာ။ မည်းနက်နေသော သက်တမ်းရင့် ပျဉ်ထောင်အဆောက်အအုံကြီးတစ်လုံး။ တိုင်ကြီးများတစ်လုံးလျှင် လက်နှစ်ဖက် သိုင်းဖက်လျှင်တောင် လက်ချင်း ထိဆက်မည် မထင်။ခိုင်ခိုင်ခန့်ခန့်ရှိသည်။ သက္ကံညောင်ကုန်းဘုန်းတော်ကြီးကျောင်း(ညောင်ကုန်းကျေးရွာ)ဖြစ်သည်။ ဖိနပ်များကို ကားပေါ် ချန်ထားခဲ့သည်။

ကျောင်းပေါ်ရောက်တော့ ဒေသခံရွာသားများက ကျွန်တော်တို့အဖွဲ့ကို စောင့်နှင့်ပြီးသား။ ရွာနီးချုပ်စပ်ကျေးရွာများလည်း ပါသည်။ အနီးအနားက မိုးကြိုးဆိုသည့်ရွာလေးက လယ်သိမ်းခံရွာသားများလည်း ပါသည်။ သူတို့အားလုံး ပါးစပ်တပြင်ပြင်၊ အရိပ်တကြည့်ကြည့်နှင့်။ ကျွန်တော်တို့ကို တစ်စုံတစ်ခု ပြောချင်နေကြသည်မှာ မြင်ရုံနှင့်သိသည်။ကျွန်တော်တို့အဖွဲ့က ရွာသားတွေအားလုံးကို မိတ်ဆက်စကားပြောသည်။ အသံခပ်ဝဲဝဲနဲ့ အသက် ၅ဝ ကျော်အရွယ် ရှမ်းအမျိုးသား ဦးနေလင်းအောင်က ရွာသားတွေကို ဦးဆောင်ပြီးသူတို့ကြုံတွေ့ရသည့် အဖြစ်သနစ်ဆိုးတွေကို ပြောပြသည်။

ဒီအထဲတွင်လည်း စိတ်ကူးယဉ်ကော်ဖီစီမံကိန်းက ပါသေးသည်။သူတို့တောင်ယာတွေကို ကော်ဖီစီမံကိန်းအတွက် လျော်ကြေးမပေးဘဲ အစိုးရဌာနဆိုင်ရာများက သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။ ကော်ဖီစီမံကိန်းအတွက် ဧကပေါင်း ၅ဝဝကျော် အထိသိမ်းယူထားပြီး အခုအချိန်ထိ ငါးဧကလောက်ပဲ စိုက်ထားသေးသည်ဟု ဦးနေလင်းအောင်က ပြောပါသည်။ဘာအကြောင်းကြားစာမှ မပါဘဲ၊ လျော်ကြေးတစ်ပြားတစ်ချပ်မှ မပေးဘဲ အဲဒီမြေတွေကို သိမ်းထားခဲ့တာ ၂ဝဝ၈ခုနှစ်ကတည်းက ဖြစ်သည်။ အမှန်တကယ် စီမံကိန်းနှင့်တူအောင်လည်းမလုပ်ဘဲဟန်ပြစိုက်ပျိုးထားသည့် ကော်ဖီစိုက်ခင်း များကိုကြည့် ရင်း ဒေသခံတောင်သူများက ဒေါသစိတ်ကို ချုပ်တည်းနေခဲ့ရသည်က နေ့စဉ်နှင့်အမျှ။ ကိုယ့်မြေကို ကွက်လပ်အတိုင်း၊ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ မြင်နေရပါလျက်နှင့် လက်ပိုက်ကြည့်ရသည့်နေ့ရက်တွေက များခဲ့ပြီ။

လယ်သိမ်းခံတောင်သူများ၏ စိတ်တွင်မကျေနပ်ချက်တွေ၊ ဒေါသတွေ၊ ခံပြင်းမှုတွေဖြင့် အပြည့်။ ပေါက်ကွဲစပြုနေပြီ။၂ဝ၁၁ ခုနှစ် လေးလပိုင်းတွင်တော့ တောင်သူများ စုပေါင်းပြီး မွန်းကျပ်နေသည့် သူတို့စိတ်ကို လှစ်ဟပေးလိုက်သည်။ဒေါသစိတ်တို့၊ ခံပြင်းစိတ်တို့ အလိမ့်လိုက် အလိမ့်လိုက် ဟန်ပြကော်ဖီစိုက်ခင်းထဲကို စီးဆင်းသွားစေတော့သည်။ စိုက်ခင်းများကို မီးရှို့ကြသည်။ အပင်များကို ဓားဖြင့် ခုတ်ကြသည်။ ဖျက်ဆီးလိုက်ကြသည်။ ၃ဝ ဦးသော တောင်သူတွေ တရားရုံးတွင် မီးရှို့မှု၊ပိုင်နက်ကျူးလွန်မှုတို့ဖြင့် တရားရင်ဆိုင်ရပြီ။ ဦးနေလင်းအောင်ဆိုရင်လည်း အဲဒီကိစ္စနှင့်ပင် ငါးလ အချုပ်ကျခဲ့သေးသည်ဟုဆိုသည်။သူတို့တောင်သူတွေအနေဖြင့် ဥပဒေကို နားမလည်ဘဲစိတ်လိုက်မာန်ပါ လုပ်လိုက်မိခြင်းကို ဦးနေလင်းအောင်က သိသည်။ ဒီတစ်ကြိမ်တွင်တော့ ရှေ့နေရှေ့ရပ်များဖြင့် လယ်သိမ်းခံတောင်သူလယ်သမားများ စုပေါင်းပြီး ဥပဒေကို လေ့လာကြသည်။ သူတို့မြေတွေ ပြန်ရဖို့ ကြိုးစားကြသည်။ မန္တလေးတိုင်းဒေသကြီးတစ်ဝိုက်တွင် လယ်သမားများအရေး ဆောင်ရွက်ပေးနေသည့် ရှေ့နေကြီးဦးမြင့်သွင်နှင့် ချိတ်ဆက်ရသွားသည်။

ဓာတ်ပုံ – နှင်းကို/မော်ကွန်းမဂ္ဂဇင်း

စီမံကိန်းမြေအဖြစ် အသိမ်းခံရပြီး စီမံကိန်းမလုပ်ဘဲ လစ်လပ်နေသည့် သူတို့မြေများတွင် ဥပဒေကြောင်းအရ သက်ဆိုင်ရာကိုအကြောင်းကြားပြီး ပြန်စိုက်နေကြသည်။ သူတို့လမ်းစတစ်ခုကိုရှာတွေ့ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။အခုတောင်သူလယ်သမားများနှင့် ကျွန်တော်တို့ တွေ့ဆုံနေရသည့် သစ်သားကျောင်းဆောင်ကြီးတွင် လွန်ခဲ့သည့် ငါးနှစ်လောက်ကလည်း သူတို့ကို မြေသိမ်းမည့်သူတွေနှင့် တွေ့ဆုံခဲ့ဖူးသည်။ အဲဒီတုန်းက သူတို့အားလုံးစိတ်မချမ်းသာခဲ့ကြဘူးဟုလည်း ဦးနေလင်းအောင်ကဆိုပါသည်။ အခုတစ်ခါ ကျွန်တော်တို့နှင့် တွေ့ဆုံသည်ကတော့ လွန်ခဲ့သည့်ငါးနှစ်က ၄င်းတို့ အနိုင်ကျင့်ခံခဲ့ရသည်များကို ပြောပြခွင့်ရပြီဟု ဆိုရမည်ဖြစ်သည်။

ဦးနေလင်းအောင် ရင်ဖွင့်သမျှထဲတွင် အမှတ်ရဆုံး စကားတစ်ခွန်းရှိပါသည်။ အသံသည် ရင်ခေါင်းထဲမှ လာသည်။ ကွဲရှသည်။ သို့သော် ပြတ်သားသည်။”နိုင်ငံတော်အကျိုးရှိဖို့အတွက် လုပ်တာဆိုရင် ကျွန်တော်တို့အားလုံး ကြည်ကြည်ဖြူဖြူနဲ့ ဖယ်ပေးမှာပါ။ အခုတော့ ဘာအကြောင်းပြချက်မှမပါဘဲ မတရားအသိမ်းခံရတာ”သူ၏စကားကို ထောက်ခံ အတည်ြပုပေးသည့် ဒေသခံများကတော့ လက်ခုပ်သံများ တဖြောင်းဖြောင်း။ အချိန်အတော်ကြာထိ လက်ခုပ်သံများ ညံနေဆဲ။ ဒေသခံတောင်သူလယ်သမား၊မိဘပြည်သူများ၊ လူငယ်လူရွယ်များ၊ သက်ကြီးရွယ်အိုများ စုစုပေါင်း ၇ဝ ကျော်လောက်ရှိမည်။သူတို့အားလုံးတွင် သူတို့ တစ်ချိန်က မတရားသဖြင့်အသိမ်းခံထားရသည် သူတို့ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာခဲ့သည့် သူတို့၏ မြေလေးတွေကို ပြန်ရလိုသည့် မျှော်လင့်ချက်ကတော့ ကိုယ်စီကိုယ်စီ ရှိကြပါလိမ့်မည်။

ပြောစရာစကားများလည်း ရင်ဘတ်ကိုယ်စီတွင် အပြည့်ရှိနေကြလိမ့်မည်။ကျွန်တော်တို့အတွက်တော့ နောက်ထပ် သူတို့လိုမျိုး တောင်သူလယ်သမားတွေထံ ခရီးဆက်ရဦးမည်။ သူတို့အားလုံးရဲ့ မျှော်လင့်ချက်တွေ၊ အသံတွေ၊ ခံစားချက်တွေ အားလုံးကို ကျွန်တော်တို့သတင်းအဖွဲ့အနေဖြင့် အပြည့်အဝ နားထောင်ခွင့်မရခဲ့ပေမယ့်ကျွန်တော်တို့ သတင်းသမားတွေ သိလိုက်ပါသည်။ သူတို့တွေအားလုံး မတရားခံရမှုတွေကို တွန်းလှန်ချင်နေကြသည်။ အမှန်တရားကို ရှာဖွေနေကြသည်။ကျွန်တော်တို့ သတင်းသမားအဖွဲ့ကို ဦးဆောင်လာသည့်ကိုစန်းယုကျော်က ကျွန်တော်တို့ကို သတိပေးလိုက်ပြန်ပါသည်။”နောက်ထပ် ငါးမိနစ်ပဲ အချိန်ရတော့တယ်။ အင်တာဗျူးမေးခွန်းတွေကို လက်စသတ်ပါတော့”ကျွန်တော်တို့ လာလမ်းအတိုင်း ပြန်ထွက်လာခဲ့သည်။လမ်းဘေးတွင် စိုက်ခင်းများကို တွေ့ရသည်။

တချို့က တောရှင်းနေကြသည်။ ရုတ်တရက် ဆိုင်းဘုတ်တစ်ခုကို ဖြတ်ခနဲ မြင်တွေ့လိုက်ပေမယ့် ဓာတ်ပုံဖြင့် မှတ်တမ်းမတင်လိုက်ရ။ ‘ပြည်သူပိုင်မြေ မကျူးကျော်ရ’တဲ့။ ကျွန်တော့်နားထဲ ကြားဖူးတာ၊ မျက်လုံးထဲမှာ ယဉ်နေတာက ‘တပ်ပိုင်မြေ မကျူး ကျော်ရ’မဟုတ်လား။

ဒီလိုနှင့် ရွာမဟုတ်သည့် မြို့အစွန်အဖျားက ယခင် ဇနပုဒ်လေးတွေကို ဖြတ်ခဲ့ရသည်။ အခုတော့ ရပ်ကွက်အသစ်ကလေးများဖြစ်သည်။ မိုးကြိုးရွာဟုခေါ်သည်။ ထိုရွာတွင်လည်း လယ်သိမ်းခံတောင်သူတွေရှိသေးသည်။ သူတို့ကို တွေ့ဆုံဖို့ အချိန်မရတော့။ ကျွန်တော်တို့ ကားဖြင့် ခဏသာ ဖြတ်သွားလိုက်သည်။ကျွန်တော်တို့အဖွဲ့ သက္ကံချိုင်ရွာလေးကို ရောက်သွားသည်။တကယ့် မြေနီကြမ်း။ အချိန်က ညနေစောင်း။ နေရောင်ကပုစွန်ဆီရောင်။ အပင်တို့က စိမ်းစိမ်းစိုစို။ ဘူး၊ ဖရုံ၊ ပြောင်း၊ပန်းနှမ်းပင် တို့ကို အိမ်ဝင်းထဲတွင် စိုက်ထားသည်။မကြာမီဒေသခံများနှင့် လိုတိုရှင်းမေးခွန်းများ မေးသူ မေးကြ၊ ဖြေသူဖြေကြနှင့် စည်စည်ကားကား ဆူဆူညံညံ။ ကော်ဖီစီမံကိန်း၊ ပိုးစာစီမံကိန်းအကြောင်းပြချက်များဖြင့် သူတို့မြေတွေကိုအစိုးရက သိမ်းခဲ့တာလို့ သူတို့က ပြောသည်။

အနီးအနားရှိ ရွာများဖြစ်သော ထုံးဘို၊ နောင်လုံး၊ ရေသရောက်ကုန်းတို့မှာ ဧကထောင်ချီပြီး သိမ်းခဲ့ကြသည်။ သက္ကံချိုင်ရွာက တောင်သူတွေကတော့ ဧက ၇ဝလောက် ပါသွားသည်။ နိုင်ငံတော်သမ္မတကိုလည်းအကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ဖူးသည်။ ဘာမှ အကြောင်းမထူး။သူတို့အတွက် ကူဖော်လောင်ဖက်လို့ ကျွန်တော်တို့ သတင်းသမားတွေကို မြင်ကြသည်။ ထိုရွာကလေးကို နှုတ်ဆက်ပြီးနောက်ထပ်ခရီးဆက်ဖို့ ကိုစန်းယုကျော်က သတိပေးနေသည်။လိုအပ်သည့် ဖုန်းနံပါတ်များကို အရယူပြီး ဒေသခံတွေကို နှုတ်ဆက်ခဲ့ရသည်။ ကျွန်တော်တို့အဖွဲ့ ခရီးဆက်ခဲ့သည်။ မကြာသေးခင်က မြေယာစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ပါတဲ့ဝက်ဝံကျေးရွာကလေးကို ဦးတည်မောင်းနှင်လာခဲ့သည်။ အချိန်က ညနေလေးနာရီခွဲလောက်ဖြစ်မည်။ ဝက်ဝံကျေးရွာသည်မန္တလေး-မူဆယ်လမ်းမကြီး နံဘေးတွင်တည်ရှိသည်။

ပိတ်ချင်းမြောင်နှင့် ကပ်လျက်သား။ရွာတွင် ရှမ်းနှင့် ဗမာနှစ်မျိုးလုံး မှီတင်းနေထိုင်ကြပါသည်။မဆလခေတ်(၁၉၆၂-၁၉၈၈)နှင့် နဝတခေတ်အစောပိုင်းကာလ(၁၉၈၈-၁၉၉၇) တစ်လျှောက် လယ်ယာမြေသိမ်းဆည်းခြင်း သုံးကြိမ်ဖြစ်ခဲ့ပါသည်။ ကာလရှည်လျား သိမ်းထားသော လယ်နှင့်ယာများမှာ မြေဆုံးသူတောင်သူလယ်သမားတို့ မြဲဦးပိုင်လက်မှတ်(မြေခွန်၊ သီးနှံခွန်ဆောင်ထားသော ဖြတ်ပိုင်းများ) ရှိခဲ့သည်များ ဖြစ်ပါသည်။၁၉၈ဝ အလွန်ကာလတွင် ပထမမြေသိမ်းခြင်းအဖြစ် ပိတ်ချင်းမြောင်သာသနာမြေသို့ ဧက ၁ဝဝ ခန့် ပေးအပ်ခဲ့ရသည်။တောင်သူလယ်သမားများလည်း လျော်ကြေးငွေ ရရှိခဲ့သည်။ထို့ပြင် တောင်သူလယ်သမားတို့ကို သာသနာပိုင်မြေပိုပေါ် တွင်ဆက်လက်စိုက်ပျိုးခွင့်ပြုခဲ့သေးသည်။ မဆလခေတ်နှင့် နဝတခေတ်အတွင်း မည်သည့်မြေငှားခမျိုးကိုမှ တောင်သူလယ်သမားတို့ ပေးရန်မလိုခဲ့ပါ။ နောင်တွင်ကျေးရွာ အေးချမ်း သာယာရေးနငှ့် ဖွံ့ဖြိုးရေးကောင်စီက တောင်သူလယ်သမားတို့အား မြေငှားချခြင်းကို ကိုင်တွယ်လာခဲ့ပါသည်။ ထိုအချိန်မှစပြီး မြေငှားချရာတွင် တောင်သူလယ်သမားတို့ထံမှ ငွေကောက်ခံခဲ့သည်။

မြေငှားခသည် တစ်ဧကလျှင် တစ်နှစ် ၃ဝ,ဝဝဝ ကျပ်အထိ မြင့်တက်လာသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးထံ မြေငှားဆောင်ရင်းတောင်သူလယ်သမားတို့ ဆက်လက်စိုက်ပျိုးခဲ့သည်။ ၂ဝ၁၂ခုနှစ် လယ်ယာမြေဥပဒေသစ် ပြဋ္ဌာန်းခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က သီးစားချထားခြင်းကို ရုပ်သိမ်းခဲ့သည်။ဒုတိယအကြိမ်မြေသိမ်းခြင်းက ၁၉၈၉-၁၉၉ဝခုနှစ်။ ဂျပန်မြန်မာသခွားစိုက်ပျိုးရေးစီမံချက် အကောင်အထည်ဖော်ရန် စစ်ဌာနချုပ်တိုင်းမှူးကြီး(ထိုအချိန်က ဗိုလ်ချုပ်ထွန်းကြည်)က မြေဧက ၁၅ဝ ကျော်ကို သိမ်းခဲ့သည်။ မကြာမီ သခွားစိုက်ပျိုးရေးအတွက် မြေပြုပြင်ရာတွင် လယ်သမားတို့အား လုပ်အားပေးရန်ခိုင်းစေခဲ့သေးသည်။ တကယ်တွင်မူ ဒီကနေ့အချိန်အထိ သခွားတစ်ပင်မှ စိုက်ခဲ့ခြင်းမရှိခဲ့ကြောင်းကို ဝက်ဝံကျေးရွာမှ အသက်၇ဝ အရွယ်ရှိ မြေသိမ်းခံတောင်သူကြီး ဦးမောင်လေးက ယခုလိုရှင်းပြပါသည်။

”၂၇ နှစ်စလုံး ဘာမှ မစိုက်ခဲ့ဘူး။ လျော်ကြေးလည်းမရဘူး”နှစ်နှစ်အကြာတွင် သခွားစီမံချက်အတွက် သိမ်းပိုက်ထားသောမြေကို ကျေးရွာတိုးချဲ့ရေးတွင် အသုံးပြုမည်ဖြစ်ကြောင်းရွာသားများအား အကြောင်းကြားထားပါသည်။

ထိုကိစ္စသည်လည်း အမှန်တကယ်ဖြစ်မလာခဲ့ပါ။ မြေကို အရိုင်းသဖွယ် ထားခဲ့ပါသည်။ ထိုမြေပေါ်တွင် စိုက်ပျိုးလုပ်ကိုင်ရန် တောင်သူလယ်သမားတို့အား မည်သည့်အခွင့်အရေးမှ မပေးခဲ့ပါ။ ကြောက်သောကြောင့် တောင်သူလယ်သမားတို့ စောဒက မတက်ခဲ့ကြပါ။၂ဝ၁ဝ ခုနှစ် အစိုးရသစ် အာဏာရလာရာ မြေပြန်အသုံးပြုနိုင်ရေးအတွက် တောင်သူလယ်သမားတို့ ကြိုးပမ်းလာခဲ့သည်။ ထိုမြေအတွက် မြေယာသုံးစွဲမှု အခွင့်အရေးများ လက်ဝယ်ထားကြောင်း အမှန်တရားကို ဖော်ထုတ်ခဲ့ကြသည်။ မြေသိမ်းမှုကိုအစပြုခဲ့သော အရာရှိကြီး(ဗိုလ်ချုပ်ထွန်းကြည်)၏ ဇနီးဖြစ်သူဆိုသူအား မြေခွန်ပြေစာများ ထုတ်ပေးခဲ့သည်ကို တောင်သူလယ်သမားတို့ တွေ့ရှိခဲ့သည်။

တောင်သူလယ်သမားတို့ တွေ့ရှိသောအထောက်အထားအရ ဗိုလ်ချုပ်ထွန်းကြည်၏ဇနီးသို့ မြေခွန်ပြေစာထုတ်ပေးထားသော အစောဆုံးကာလမှာ ၂ဝဝ၄ ခုနှစ်ဖြစ်ပါသည်။ တစ်ဖက်တွင် တောင်သူလယ်သမားတို့သည် ဆုံးခဲ့သောမြေတို့အတွက် သုံးခွင့်မရခဲ့ငြား ဆုံးခဲ့သောကာလ တစ်လျှောက်လုံး မြေခွန်ဆောင်ခဲ့ကြရသည်။အခုတော့ တောင်သူတွေ စုပေါင်းပြီး ဘာမှ စိုက်ပျိုးခြင်းမရှိသည့် ပိတ်ချင်းမြောင်သာသနာ့မြေနားက ဗိုလ်ချုပ်ထွန်းကြည် သိမ်းထားသည့် မြေများအပေါ်တွင် ဥပဒေနှင့်အညီ သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားပြီး ဝင်ရောက်စိုက်ပျိုးနေကြပါ ပြီ။ ဝက်ဝံရွာတွင် ထူးခြားသည်က တခြားသော ကျင်ဂနိုင်၊ညောင်ကုန်း၊ မိုးကြိုး၊ သက္ကံချိုင်၊ ရေသရောက်ကုန်းတို့က တောင်သူတွေလို တရားစွဲခံရသူ မရှိခဲ့။ မြေယာအမည်ပေါက်ထားသည့်ဗိုလ်ချုပ်ထွန်းကြည်၏ ဇနီးဆိုသူကလည်း သူတို့ကို နှောင့်ယှက်ဟန့်တားမှုမျိုးမရှိခဲ့။ အားလုံးအဆင်ပြေနေသည်။ လယ်သမားတို့အတော်ပင် ဝမ်းသာပျော်ရွှင်နေကြသည်။

အသက်၇၈ နှစ်အရွယ်ရှိ ဝက်ဝံရွာသူ လယ်သိမ်းခံ အမျိုးသမီးကြီး ဒေါ်ခင်သန်းကို မေးကြည့်တော့ သူမက ”ကိုယ့်ဟာကိုယ် လုပ်စားလို့ပဲ ရသေးတယ်လို့ ပြောတာပဲ။ အပြည့်အဝပြန်ရတာတော့ ဟုတ်တယ်မထင်ဘူး။ ဦးထွန်းကြည် သိမ်းသွားတော့တို့လည်း ဘာမှ မလုပ်ရတော့ဘူးပေါ့။ ဘာမှလည်း မပြောတတ်ပါဘူး။ ဒီအတိုင်းပဲနေလိုက်ရတာပဲ။ အခု စိုက်လို့ရတော့ ဝမ်းသာတာပေါ့”ဟု ကျိုးတိုးကျဲတဲသွားများပေါ်အောင် ရယ်လျက် ပြောပြနေသည်။ တောင်ယာလုပ်ငန်းက လွဲပြီး တခြားဘာကိုမှ မလုပ်တတ်ဘူးဆိုသည့် အဘွားဒေါ်ခင်သန်းက မြေကြီးကို သနပ်ခါးလိုသဘောထားပြီး မိုးရေကို ရေချိုးပေးသည်ဟုပင် မှတ်ယူထားကြောင်း သူ့ရဲ့တောင်သူလုပ်ငန်းအပေါ် နှစ်ခြိုက်မြတ်နိုးပုံကိုလည်း ယခုလို ရှင်းပြသေးသည်။

”မိုးရွာတဲ့အခါကျရင် ရေချိုးပေးတယ်ပဲ အောက်မေ့ရတယ်။ တို့ရဲ့တောင်သူတွေရဲ့ ဘဝ။ မြေကြီးကို သနပ်ခါး အောက်မေ့ပါ တယ်။ အလုပ်လုပ်တဲ့အခါ မြေကြီးတွေ လူးတဲ့အခါ၊ မြေကြီးနှိုက်နေရတော့ သနပ်ခါး မလိမ်းရတော့ဘူး”အဖွားဒေါ်ခင်သန်းလိုပဲ ဝမ်းသာပျော်ရွင်နေပေမယ့် စိုးရိမ်ကြောင့်ကြမှုများကို နေ့စဉ်နှင့်အမျှ တွေးပူနေရသူကတော့အသက် ၄ဝ အရွယ်ရှိ ဝက်ဝံရွာသူ ဒေါ်ချိုတူး ဖြစ်ပါသည်။ သူမစိုးရိမ်နေရသည်က ဗိုလ်ချုပ်ထွန်းကြည်သိမ်းခဲ့သည့် ခြံဝင်းနှင့်သူမ နေသည့်အိမ်က ကပ်လျက်မို့ဖြစ်သည်။ သူမ ကြုံတွေ့ခဲ့ရသည်များကလည်း ချောက်ချားစရာ။ ကျေးလက်နေပြည်သူမို့ပိုကြောက်တတ်သည်။ ဒေါ်ချိုတူးက ယခုလိုပြောပြပါသည်။

”စသိမ်းတုန်းကတော့ မသိလို့ အဲဒီခြံထဲကို သွားမိသေးတယ်။ အဲဒီအထဲက ခြံစောင့်ကပဲ ‘မလာခဲ့နဲ့၊ နောက်တစ်ခါဒီအထဲကို လာရင် ထောင်ချပစ်မယ်’ဆိုပြီး ပြောတော့ ကျွန်မတို့လည်း မသွားရဲဘူးပေါ့။ အဲဒီလို ခြိမ်းခြောက်တော့ ကြားထဲမှာသွားချင်ပေမယ့်လည်း မသွားရဲဘူးလေ။ ကိုယ့်ခြံ၊ ကိုယ့်မြေကိုစိတ်ချမ်းချမ်းသာသာနဲ့ ရဲရဲဝံ့ဝံ့လုပ်ကိုင်စားချင်တာပေါ့။ အခုတော့ ကျွန်မတို့မြေတော့ မှန်တယ်။ ဒါပေမဲ့ ကျွန်မတို့မှာ မဝံ့မရဲနဲ့သွားလာလုပ်ကိုင်နေရသေးတာပေါ့။ ကိုယ့်ကိုများ ဘာများ လုပ်လိုက်မလဲဆိုပြီး စိုးရိမ်နေရတာ”မည်သို့ဆိုစေ ဝက်ဝံရွာကလေးသည် မြန်မာတစ်နိုင်ငံလုံးရှိမြေသိမ်းခံရမှုများကို ပြန်လည်ရယူရတွင် အောင်ပွဲတစ်ခုဟုပင်ယခုအချိန်အထိ ဆိုရပေမည်။

သူတို့က ဥပဒေလမ်းကြောင်းအတိုင်း လုပ်သည်ဟုဆိုသည်။ ၂ဝ၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သောလယ်ယာမြေဥပဒေသစ်နှင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေအရ လယ်သမားများကပြန်လည်စိုက်ပျိုးခွင့်ရနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က ရှင်းပြပါသည်။၂ဝ၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေသစ်၏ အခန်း(၇)၊ ပုဒ်မ ၂၂၊ ပုဒ်မခွဲ(ဂ)အရ မူလခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင်အသုံးပြုခြင်းမရှိသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်ကပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု ဆိုထားသည်။ ထို့ပြင် ၂ဝ၁၂လယ်ယာမြေဥပဒေ၊ အခန်း(၁၁)၊ ပုဒ်မ ၃၂ ၏ အဆိုအရ နိုင်ငံတော်အနေဖြင့် စီမံကိန်းအဖြစ် သိမ်းယူထားသောမြေများကိုသတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးအောင် အကောင်အထည်ဖော်ရန်နှင့် စီမံကိန်းများ ဆောင်ရွက်ခြင်းမပြုတော့ပါကမူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည်ပေးအပ်ရမည်ဟု ဆိုပါသည်။

အချိန်က ညနေ ၅ နာရီခန့်ရှိပြီ။ ကျွန်တော်တို့ ခရီးဆက်ရဦးမည်။ ကော်ဖီအိပ်မက်ဆိုးထဲက အောင်ချမ်းသာရွာကို ဖြစ်သည်။ တောင်သူကြီးဦးစိန်ထွန်းက ကျွန်တော်တို့ကို ကြိုဆိုသည်။ကောဖီစီမံကိန်းအကြောင်း ပြပြီး မြေသိမ်း ခဲ့သည့်အစိးုရ အရာရှိတွေအကြောင်းကို သူနှင့်အတူ အသိမ်းခံရသည့် တောင်သူများနှင့်အတူ ပြောပြကြပြန်သည်။ ကျွန်တော်တို့ နားထောင်ရသည်။မေးရ၊ မြန်းရသည်။ ကော်ဖီတစ်ပင်တောင် ဟန်ပြမစိုက်ဘဲ မြေကွက်ရိုက်ပြီး ဈေးခေါ်ရောင်းနေကြသည့်အကြောင်း ကြားရလို့အတော်စိတ်မကောင်းဖြစ်သွားသည်။ အာဏာကိုခုတုံးလုပ်ပြီးသက်သက်မဲ့ မျက်နှာပြောင်တိုက်ပြီး အာဏာမဲ့သူကို အနိုင်ကျင့်တာဟုသာ ကောက်ချက်ချလိုက်မိသည်။

သူတို့ပြောချင်သည်များကို အားရအောင်ပြောပြီး ဦးစိန်ထွန်းတို့အဖွဲ့က ယခုလိုဆိုပါသည်။ ”ဦးတို့ကို ကူညီပါဦး။ နောက်လည်း အချိန်မရွေး ဝင်ပါ၊ ထွက်ပါ”တဲ့။ ကျွန်တော်တို့ ဆူပါကာစတန်ကားလေး ဘီးလိမ့်သည်အထိ ပြောနေဆဲ။ ကျွန်တော်တို့ကားလေး လမ်းထိပ်ကို ရောက်သည်အထိ လက်ပြလို့ ကျန်ခဲ့ဆဲ။သူတို့လယ်ယာမြေတွေ ပြန်ရရေးအတွက် သူတို့တိုက်ပွဲဝင်ရဦးမည်ဟု သူတို့သိထားသည်။ဒေသခံတွေကိုယ်စား လိုက်လံဆောင်ရွက်ပေးနေသည့်ဦးအောင်ကျော်ဆန်းကတော့ ယခုလိုပြောပါသည်။

ဓာတ်ပုံ - နှင်းကို/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ – နှင်းကို/မော်ကွန်းမဂ္ဂဇင်း

”ဥပဒေကြောင်းအရ တင်ပြတောင်းဆိုနေတာပဲလေ။ မရတဲ့အဆုံးတော့ မြေယာတော်လှန်ရေးလုပ်ရမှာပဲ”ဦးအောင်ကျော်ဆန်းရဲ့ ပြောပြချက်အရဆိုရင် မန္တလေးတိုင်းဒေသကြီးအတွင်း မြေသိမ်းမှုများထဲတွင် ပြင်ဦးလွင်နယ်ကမြေသိမ်းမှုတွေက အဆိုးဆုံးဖြစ်သည်။ အများဆုံးဖြစ်သည်။ မသိနားမလည်သူများကို သက်သက်မဲ့ အနိုင်ကျင့်သလိုပဲဟု ဆိုပါသည်။ အခုဆိုရင် ပြင်ဦးလွင်မြို့တစ်မြို့နယ်လုံးအတွင်းရှိ မြေသိမ်းခံမှုတွေအထဲကမှ ဧကပေါင်း ၂ဝ,ဝဝဝ ကျော်ကိုသာ သက်ဆိုင်ရာသို့ တင်ပြထားနိုင်သေးသည်။ မြေသိမ်းသူတွေထဲမှာဆိုရင် စစ်တပ်၊ တသန(တပ်မတော်သိပ္ပံနှင့် နည်းပညာ)၊ ရဲသိပ္ပံ(ဗဟို လေ့ကျင့်ရေးသင်တန်းကျောင်း)၊ မီးသတ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ကုမ္ပဏီ၊ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ စသဖြင့် ပါဝင်သည်ဟု ဦးအောင်ကျော်ဆန်းက ပြောပါသည်။

သိမ်းသမျှ၏ အကြောင်းပြချက်ထဲတွင် ကော်ဖီစီမံကိန်းကအများဆုံးဖြစ်သည်။ နောက် သစ်မျိုးစုံစိုက်ခင်းစီမံကိန်း။ နောက်ပိုးစာစီမံကိန်းဖြစ်သည်။ ကော်ဖီစီမံကိန်းကို နိုင်ငံတော်အနေဖြင့်အမှန်တကယ်လျာထားသည်က ပြင်ဦးလွင်တွင် ဧက ငါးသောင်းနှင့် နောင်ချိုတွင် ဧကငါးသောင်းဟုလည်း သူတို့တွေ သိထားသည်။ သို့သော် ဒီကနေ့အချိန်အထိ ကော်ဖီစိုက်ခင်းဧက တစ်ထောင်ကျော်သာ စိုက်ပျိုးထားနိုင်သေးသည်ဟု ဦးအောင်ကျော်ဆန်းက သုံးသပ်သည်။

ညနေချိန်ခါ နေလုံးက ပျောက်ခဲ့ပြီ။ အမှောင်သန်းလာသည်။ မနက်တုန်းကလို့ စိမ်းစိမ်းစိုစို မမြင်တွေ့ရတော့။ ဘေးဘီအားလုံး အမှောင်ထုက လွှမ်းခြုံထားသည်။ ကျွန်တော်တို့ကားလေး ဆက်မောင်းထွက်လာသည်။ မနက်တုန်းကလို ကားထဲတွင် ဆူဆူညံညံမရှိလှတော့။ ကျန်ခဲ့လေသော မြေသိမ်းခံ တောင်သူများကတော့ အိပ်လို့မှ ပျော်ကြပါ့မလားဟု တွေးရင်း ကော်ဖီစီမံကိန်းကိုသာ အပြစ်တင်နေမိတော့သည်။ လောင်မြိုက်သောပန်း လန်းပါစေ။ နာမည်ကျော် ကိုထီး(စိုင်းထီးဆိုင်) ရဲ့ သီချင်းထဲကလို မေမြို့မှာ မိုးမခေါင်စေလိုပါ။           ။

၂၀၁၃၊ နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။

နှင်းကို ရေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here