Home ခရီးသွားဆောင်းပါး ပြည်မှာမိုး အပိုင်း(၁)

ပြည်မှာမိုး အပိုင်း(၁)

161
0
Photo: MTH
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

 

(၁) မိုးထက်ဆီမှာ ခဲသားရောင်တိမ်စိုင် တို့က ထုနှင့် ထည်နှင့်။ ပြိုဟန်ဆင်ကာ ညိုနေတာလေလား။

အောက်ဘက်မှာ မြစ်ပြင်ကျယ်က တသွင်သွင်စီးနေသည်။ လှိုင်းနှင့် ဝဲများက ငါဟဲ့ ဧရာဝတီဆိုပြီး သီကြွေးနေတာလား။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ကျွန်တော်တို့၏ ဗင်ကားဖြူ ကလေးက နဝဒေးတံတားကြီးပေါ်မှာ ဖြည်းဖြည်းသာသာ ပြေးသွားနေပါသည်။ ပြည်ဘက်ကမ်းမှနေ၍ ပန်းတောင်းဘက် ကမ်းသို့ သွားနေခြင်းပါ။ ကျွန်တော်နှင့် အတူ ဘီဘီစီမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဂျာနယ်လစ်ကြီး ကိုချိုလည်း ပါလာပါ သည်။

လွန်ခဲ့သော ဆယ့်ငါးနှစ်တုန်းက တော့ သည်တံတားကြီးအောက်ကနေ ကျွန်တော် ဖြတ်သွားခဲ့ဖူးပါသည်။ ထိုစဉ် က ဧရာမြစ်ဖျား မေခနှင့် မလိခမြစ်ဆုံမှ ရန်ကုန်အထိ မိုင်တစ်ထောင်ကျော် ရေ ကြောင်းခရီးရှည်ကြီးကို ဧရာဝတီတစ် ကြော တစ်လနီးပါးကြာအောင် ခုန်ဆင်းခဲ့ ပါသည်။ စာရေးဆရာချစ်စံဝင်းစီစဉ်သော ‘ဧရာဝတီခရီးပါ’။

Photo: MTH
Photo: MTH

အဲသည့်အချိန်က သည်တံတားက ဖွင့်ပြီးခါစ။ ညဘက်မှာ ကျွန်တော်တို့၏  ‘ပဒုမ္မာ’ရေယာဉ်မှ လှမ်းမျှော်ကြည့်ရှု လိုက်လျှင် မီးရောင်စုံ ထွန်းညှိထားသော တံတားသစ်ကြီးက နဒီဧရာ ကြေးမုံပြင် ပေါ် မှန်ကြည့်လျက်သား။

နဝဒေးတံတားမရှိခင်က ဇက်ယာဉ် များဖြင့် မြစ်တစ်ဖက်ကမ်း ပန်းတောင်း ဆင်တဲကို ဖြတ်ကူးရပါသည်။ ကျွန်တော့် မိဘက ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲ မှဖြစ်ရာ ဆွေမျိုးသားချင်းများ ကားဖြင့် ရန်ကုန်သို့ လာ၊ ရန်ကုန်မှ ပြန်ပါက ပြည် ဘက်ကမ်းမှဖြစ်စေ၊ ပန်းတောင်းဘက် ကမ်းမှ ဖြစ်စေ မြစ်ကူးရသည့်အကြောင်း မကြာခဏ ကြားခဲ့ရသည်။ ရန်ကုန်ဘက်မှ သွားသည်ဆိုလျှင် ပန်းတောင်းကမှတစ် ဆင့် ရိုးလမ်းအတိုင်း ရခိုင်ရိုးမကို ကျော် ကာ ခရီးနှင်ရသည်ပေါ့။

ဇက်အဆင်မပြေ၊ လမ်းခရီးမသာ သည့်အခါမျိုးများတွင် ရောက်သည့်နေ ရာမှာ စခန်းချရပ်နားကာ ညအိပ်ကြရ ပါသည်။ ယခုတော့ တံတားကြီးရှိနေပြီမို့ ခရီးလမ်းပန်းအဆင်ပြေနေတာပင် ဆယ် စုနှစ်တစ်စုခွဲကျော် ကြာခဲ့ပြီ။ ထို့အတူ သည်တံတားကြီးကြောင့် မြို့ရွာများ၏ စီး ပွားရေးနှင့် လုပ်ငန်းကိုင်ငန်းအခြေအနေ များလည်း ပြောင်းကုန်သည်။

ပြည်သည် လမ်းဆုံမြို့တစ်ခုပါ။ ပွဲ စားမြို့ဟု ဆိုကြသည်။ အထက် မကွေး၊ မင်းဘူးဘက်မှလည်းကောင်း၊ ရိုးတစ်ဖက် ရခိုင်ပြည်နယ်မှလည်းကောင်း ဆင်းလာ သော ကုန်စည်များသည် ပြည်သို့ ဝင် သည်။ ထိုဒေသများသို့ တက်မည့် ကုန် စည်များကလည်း ပြည်မှာ တစ်ထောက် နားသည်။

”အခုက လမ်းပန်းဆက်သွယ်ရေး ကောင်းသွားတော့ ရခိုင်ဘက်က လာတဲ့ ကုန်တွေက ရန်ကုန်ကို တိုက်ရိုက်ဆင်း တယ်။ ပြည်အတွက် လုပ်ငန်းနည်းသွား တာပေါ့”ဟု ကျွန်တော်တို့ရဲ့ ဗင်ကား ဆရာ ကိုဝဏ္ဏက တံတားပေါ်မှာ ဖြတ် မောင်းရင်း ပြောပြသည်။ ကိုဝဏ္ဏက ပြည် ဇာတိ။ အသားညိုညို၊ လူလုံးလူထည် ကျစ်ကျစ်။ ကားမောင်းရတော့ အိပ်မငိုက် စေရန်ထင့်၊ ကွမ်းတော့ တော်တော်စား သည်။

တံတားကြီးကို ပြည်ဘက်က တက် တော့ နှစ်ရာကျပ်။ ပန်းတောင်းဘက်မှ ပြန်ဝင်တော့ သုံးရာကျပ်။ နှုန်းတွေ အကြောင်းကိုတော့ ကိုဝဏ္ဏက ကောင်း ကောင်းမသိ။ တောင်းသည့်အတိုင်း ပေး ဆောင်လိုက်တော့လည်း ကိစ္စက ပြီးသွား သည်ကိုး။

ပြည်မြို့ထဲမှာတော့ နိစ္စဓူဝ ရုန်းကန် လှုပ်ရှားနေသူများဖြင့် စည်ကားသက်ဝင် နေလေသည်။ နေရာတော်တော်များများ မှာလည်း တရုတ်ပစ္စည်းများက နေရာယူ ထားသည်ကို တွေ့ရပါသည်။

(၂)

နိစ္စဓူဝ ရုံးလုပ်ငန်းခွင်ထဲမှာ စက် ရုပ်ပမာ ဖြစ်နေခဲ့သော ကျွန်တော်က သံ ပတ်ကုန်လုဖြစ်ခဲ့ပြီ။ တစ်မြေရပ်ခြားမှာ နေ့စဉ်ရက်ဆက်သတင်းများ၊ ထုတ်လွှင့် ချက်များဖြင့် လေးနှစ်နီးပါး နှစ်ပါးသွားခဲ့ ရသော ကိုချိုတစ်ယောက်လည်း စိတ် တွေ ညောင်းညာလှပြီ။ သည်တော့လည်း တစ်နေရာရာဆီ ခရီးထွက်ဖို့ စိုင်းပြင်းနေ သော ကျွန်တော်နှင့် ကိုချိုတို့ ပေါင်းမိကြ သည်မှာ ဘာမှမဆန်း။

ကျွန်တော့်ဦးစားပေးကိုက ပြည်ကို ပါ။ တစ်ဖက်ကမ်း ပန်းတောင်းဘက်မှ ရွာ ကလေးများဆီ သွားချင်သည်။ အဲသည် က ဒေသခံများနှင့် စကားစမြည်ပြောချင် သည်။ ပြည်မှာ စတည်းချဖို့ နေရာက လည်း စိတ်ထဲမှာ အရန်သင့်။

၁၉၉၈ ခုနှစ် ဧရာဝတီခရီးတုန်းက ကျွန်တော်တို့ ပြည်ကိုရောက်ခိုက် မင်္ဂလာ ဂါးဒင်းဟိုတယ်ပိုင်ရှင် ကျားပျံမကောက် သူဌေးဦးလေး ဦးအုန်းမောင်က သူ့ဟို တယ်မှာ ညစာဖြင့် ဧည့်ခံခဲ့သည်။ အဲသည် ကတည်းက သည်ဟိုတယ်ကို ကျွန်တော် သဘောကျခဲ့ပါသည်။ အထူးသဖြင့် ရေ ထွက်ကြောင့်ဖြစ်နေသော လုံးချင်းတည်း ဆောင်ငယ်များရှေ့ရှိ ရေကန်ကြီးက ကျွန် တော့်ကို အဆွဲဆောင်နိုင်ဆုံးဖြစ်ပါသည်။ တည်းဆောင်များကိုမူ ကျူထရံများဖြင့် သပ်ရပ်စွာ ဆောက်လုပ်ထားပါသည်။

ကျွန်တော်နှင့် ကိုချိုတို့ ပြည်ကို သွားမည်ဆိုတော့ ဒီဇိုင်းဆရာကိုစိုးဝင်း ငြိမ်းက ဟိုတယ်အခန်းကို ကြိုပြီး စီစဉ် ပေးပါသည်။ သူက ဦးလေးဦးအုန်းမောင် ၏ မြေး မတင်မိုးဝေ၊ သူ့ခင်ပွန်း ကိုအောင် တို့နှင့် ရင်းနှီးသည်ကိုး။ ထို့ကြောင့်ပင် အခန်းခ ဆယ်ရာခိုင်နှုန်း လျှော့ဈေးရခဲ့ ခြင်းဖြစ်ပါသည်။

သို့ဖြင့် ကျွန်တော်တို့နှစ်ယောက် သား အဝေးပြေးဂိတ်မှ ‘မျိုးဆက်သစ်’ဘတ်စ်ကားစီးကာ ပြည်သို့ ခရီးနှင်ခဲ့ တော့သည်။ ကွယ်လွန်သူ တေးသံရှင် ကိုခင်ဝမ်းက ‘ပြည်မှာဆောင်း’ဆိုပြီး တေးသီသွားခဲ့ဖူးသည်။ ယခုကတော့ ဝဿ္တနရာသီမို့ ‘ပြည်မှာမိုး’ဟုပဲ စာဆိုရ ချိမ့်မည်။

ရန်ကုန်-ပြည်လမ်းက အဝေးပြေး လမ်းများထဲမှာတော့ ဘိုးအေဟု ခေါ်ရ မည်ထင်သည်။ နှစ်ပရိစ္ဆေဒ ရှည်ကြာလှ ပြီ။ ပြီးတော့ နေပြည်တော်လမ်းလိုလည်း ယာဉ်အတိမ်းအမှောက် နာမည်မကြီး။ လက်ရှိမှာ အေးရှားဝေါလ်က ပြုပြင်ထိန်း သိမ်းထားသည်မို့ လမ်းက ဖြူးနေပါသည်။

အသွားတုန်းက မနက်ခုနစ်နာရီခန့် တွင် အောင်မင်္ဂလာမှ စထွက်ပြီး မွန်းလွဲ တစ်နာရီကျော်ကျော်တွင် ပြည်သို့ရောက် သည်။ အပြန်ခရီးတွင်မူ လမ်းတစ် လျှောက် ခရီးသည် အတင်အချများသည် မို့ မနက်ဆယ်နာရီတွင် ပြည်မှ ထွက်ခဲ့ရာ ညနေခြောက်နာရီကျော်မှ ရန်ကုန် ရောက်တော့သည်။

မင်္ဂလာဂါးဒင်းကို ရောက်တော့ ဟို တယ်ကို အသစ်ပြန်ပြင်ထားတာ တွေ့ရပါ သည်။ ယခင်က ကျူထရံလုံးချင်းတည်း ဆောင်များမှာ ယခုမူ အုတ်ဆောင်ဖြူဖြူ များ ဖြစ်နေပါပြီ။ ရေကန်ပခုံးပေါ်မှာ မြ စိမ်းရောင် မြက်ခင်းများ။ အလှစိုက်အပင် များ၊ အုန်းထန်းပင်များကို မြေယာအလှ ရှုခင်းအဖြစ် စိုက်ပျိုးထားပါသည်။

Photo: MTH

 

ကျွန်တော်ချစ်သော ရေကန်ကြီးက မူ မြစိမ်းရောင်ရွှန်းပြက်နေသည်။ လေ ပြည်တစ်ချက် ဖျန်းလိုက်တိုင်း လှိုင်းယဉ် ကလေးများ ပျောက်သွားကာ မှန်သား ပြင်ညီလို ဖွေးလက်သွားသည်။ ကန်ထဲက ရောင်စုံအလှငါးကြီးများကတော့ ဟိုစဉ် တုန်းကအတိုင်းပင်။ ကန်ထဲမှာ ကူးခတ် မြူးထူးနေကြ၏။ လူရိပ်မြင်လျှင် ခေါင်း ကလေးများ ပေါ်လာကာ ပါးစပ်များဟ လျက် အစာတောင်းကြတော့သည်။

ခဏနေတော့ မိုးစက်မိုးပေါက်များ တဖွားဖွားကျလာသည်။ ကန်ရေပြင်သည် ရုတ်ခြည်းပင် ဖြူမှိုင်းမှိုင်းဖြစ်သွားသည်။ ဝန်းကျင်တစ်ခွင်ကမူ မိုးစက်မြားများဖြင့် ဖွေးနေလေသည်။

(၃)

နဝဒေးတံတားကို ဖြတ်ကူးပြီးသည့် နောက် ပန်းတောင်းသို့ သွားသောလမ်းမှ ညာဘက်သို့ ဖဲ့ဆင်းလိုက်ပါသည်။ သစ် ပင်ဝါးပင်များကြားမှ ကတ္တရာလမ်း ကလေးက ကွေ့ကောက်ဝေ့ဝိုက်နေပါ သည်။ လမ်းက ကောင်းလည်း ကောင်း သည်။ ကိုဝဏ္ဏက ပြည်တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိဘုရားဆီ ကျွန်တော်တို့ကို ခေါ်သွားနေခြင်းဖြစ်ပါသည်။ သည်ဘက် ကမ်းမှာက ရွှေဆံတော်ဘုရားကို ဝင်ဖူးပြီး သွားပြီ။

ကျွန်တော်က လမ်းဘေးမှ ရွာငယ် များကို ငေးကြည့်ရင်း လိုက်လာသည်။ အိမ်ခြေက ခပ်ကျဲကျဲရယ်။ နွားတချို့ကို ဟိုနေရာ၊ သည်နေရာတွေမှာ စားကျက် ခင်းများထဲ လှန်ထားတာ တွေ့ရပါသည်။ တစ်နေရာမှာ ရွာသား လေး၊ ငါးယောက် က အမိုးနှင့် အခင်းသာရှိသော လယ်တဲ ငယ်လို တဲငယ်လေးထဲမှာ ထိုင်စကား ပြောနေကြသည်။ တောသူတောင်သား များဘဝက မြို့ပြတွေမှာလို အမြန်ဘဝ မဟုတ်ပေဘဲကိုး။

ရွှေဘုံသာမုနိဘုရားရင်ပြင်တော် ပေါ်မှာ တရားခွေတစ်ခွေကို ဖွင့်ထားပါ သည်။ တရားခွေက အပြင်ရန်သူကို ရှာဖို့ ထက် မိမိကိုယ်တွင်းက လောဘ၊ ဒေါသ၊ မောဟ ရန်သူများကို အရင်ရှာဖို့ တရားပြ နေပါသည်။ ဗုဒ္ဓ၏ တရားတော်စစ်စစ်များ ပင်တည်း။ ကိုယ်နှင့်မတူသူတွေကို ရန်သူ အဖြစ်သတ်မှတ်ပြီး ဆန့်ကျင်ဖို့ ဟောနေ သော မုန်းတီးရေးစကားများနှင့်ကား တခြားစီ။

Photo: MTH

 

ရင်ပြင်တော်ပေါ်မှာ ကျွန်တော် အနှစ်သက်ဆုံးက ပင်အုပ်ကြီးမားလှ သော မန်ကျည်းပင်ကြီးဖြစ်ပါသည်။ အပင်ကြီးက ပီဘိအကြီးကြီးပါ။ အရိပ် ကောင်းပြီး အေးမြနေသည်မို့ ဘုရားဖူး မိသားစုများ ထိုင်သူ ထိုင်၊ လျောင်းသူ လျောင်းဖြင့် ကြည်နူးအေးချမ်းစွာ နားနေ ကြတာ တွေ့ရပါသည်။ သူတို့မှာ ထမင်း ချိုင့်ကြီး၊ ချိုင့်ငယ်များနှင့်ဖြစ်ရာ ဘုရား ဖူးပြီး နားနားနေနေ စားသောက်ကြပြီးမှ ပြန်ကြမည့်သဘောပါ။ မြန်မာတို့၏ မိရိုး ဖလာ ဘုရားဖူးခရီးစဉ်တည်း။

ဘုရားပေါ်မှ ပြန်ဆင်းလာတော့ အောက်ဘက်ရှိ ဆိုင်တန်းဆီ ဝင်ကြည့်ပါ သည်။ ဒေသထွက် သရက်ပြင်၊ သလဲသီး၊ မာလကာသီး၊ တောလက်ဖက်၊ မန်ကျည်း သီး၊ ပြောင်းဖူးပြုတ်စသည်များကို ရောင်း နေကြသည်။ သူတို့က ဝယ်သူကိုလည်း ဟစ်အော်ကာ ဖိတ်ခေါ်နေကြသည်။

ထိုမှတစ်ဆင့် ဆင်တဲသို့ ခရီးဆက် ကြပါသည်။ ခရီးတာက မဝေးလှသော် လည်း လမ်းက မြွေလိမ်မြွေကောက်ဖြစ် သည်။ တောင်ဆင်း၊ တောင်တက်တွေ များသည်။ မြစ်ကမ်းနဖူးကို တစ်ခါ၊ နှစ်ခါ ဆိုသလို လမ်းက ထိနမ်းသွားသည်။ ထို စဉ်ခိုက်မှာ သစ်လုံးများ တင်ဆောင်ထား သော သစ်ဖောင်တစ်စင်းကို သင်္ဘောတစ် စင်းက အကြေအရပ်ဆီသို့ ဆွဲယူစုန်ဆင်း သွားနေတာ တွေ့လိုက်ရသည်။

နိုင်ငံမှာ သစ်တွေ ကျန်ရှိနေဆဲပဲဆို ပြီး ဝမ်းသာရသည်။ ရွှေဘုံသာမုနိသို့ အသွားလမ်းမှာ လမ်းဘေးတစ်ဖက်တစ် ချက်စိမ်းစိုနေသော ရှုခင်းကို ကြည့်ပြီး ကိုချိုက ”ပြည်မှာ သစ်ပင်တွေနဲ့ စိမ်းစိုနေ တုန်းပဲ။ ဝမ်းသာစရာကောင်းတယ်”ဟု ပြောခဲ့ပါသည်။ သို့သော် ယခုမြင်နေရ သော သစ်ဖောင်ပေါ်မှ သစ်တွေကို ဘယ် လိုပုံ နည်းစနစ်များနှင့် ခုတ်လှဲနေတာလဲ ဆိုတာကို စဉ်းစားမိတော့ စိတ်ထဲမှာထင့် သွားရသည်။

ဆင်တဲကို ဝင်တော့ မြို့ကွက် ကလေးက လှပသည်။ မြို့နေ လူများစုက စက်ရုံများမှာ အလုပ်ဆင်းနေကြတော့ မြို့ က လှုပ်ရှားသက်ဝင်မှု မရှိလှပါ။ တိုက်အိမ် ကလေးများ အတော်များသလို တချို့တွင် ဈေးကြီးမော်တော်ယာဉ်များ ရပ်ထား သည်ကိုပင် တွေ့ရပါသည်။

လက်ဖက်ရည်ဆိုင်ကလေးတစ် ဆိုင်တွင် လူတချို့ အေးအေးလူလူ ထိုင် ကာ လက်ဖက်ရည်သောက်ရင်း စကား ပြောနေကြသည်။ မြို့အဝင် သစ်ရိပ် အောက်တွင် ဆိုင်ကယ်ကယ်ရီ ဆယ် ယောက်ခန့်က ဝိုင်းဖွဲ့ကာ စကားကောင်း နေကြသည်။ တစ်ချိန်က ဆိပ်ကမ်းနေရာ ဖြစ်သော စားသောက်ဆိုင်ထဲတွင်မူ လူ လေးယောက်ထိုင်ကာ ဘီယာသောက်နေ ကြလေသည်။

ကိုချိုကတော့ မြို့ငယ်၏ အေးချမ်း မှုကို သဘောကျသွားသည်။ ”ဒီနေရာမှာ အိမ်ကလေးတစ်လုံးလောက် ဝယ်ထားပြီး လာအပန်းဖြေရရင် ကောင်းမယ်။ သစ် သားအိမ် ကောင်းကောင်းလေးတစ်လုံး လောက်ပေါ့” ဟု သူက ပြောပါသည်။

မြန်မာကတော့ တစ်ခါတစ်ခါ ကမ္ဘာ မည်သည့်နေရာနှင့်မှ မတူအောင် ကို ထူးခြားတာမျိုးတွေ ရှိတတ်သည်။

Photo: MTH

 

အိမ်မြေဈေးတွေဆိုလျှင် ကမ္ဘာမှာ ခေါင်အခိုက်ဆုံးဆိုသော နေရာများထက် ပင် ဈေးကြီးနေသည်ဟု သတင်းမွှေးနေ သည် မဟုတ်လား။ ကဲ…ဆင်တဲမှာရော။ ကိုဝဏ္ဏကတော့ အိမ်ဝိုင်းတစ်ဝိုင်းကို သိန်းနှစ်ဆယ်လောက် အောက်ထစ်ပေး ရမလား မှန်းသည်။

ဟုတ်ပါ့မလား။ လမ်းမှာတုန်းက ပြည်မြို့ထဲ ဗိုလ်ချုပ်လမ်းပေါ်ရှိ စတိုးဆိုင် တစ်ခုကို သူက လက်ညှိုးထိုးပြပြီး ယခင် ပိုင်ရှင်က ထိုနေရာကို သိန်း ၁၈,ဝဝဝ ဖြင့် ရောင်းသွားကြောင်း ပြောပြခဲ့သေးသည်။

မူလကတော့ ကျွန်တော်က ပန်း တောင်းဘက်က ရွာများဆီ သွားချင်ခဲ့ သည်။ သို့သော် ကျွန်တော်တို့ခရီးစဉ်အနေ အထားအရ အဆင်မပြေတော့။ အပြန် လမ်းမှာ ငွေဘုံသာမုနိပေါ် တက်ဦးမလား မေးရာ ကျွန်တော်တို့က မတက်တော့ဘဲ အောက်မှပဲ ဖူးမြော်ခဲ့ကြပါသည်။

လမ်းတွင် တန့်ကြည့်ဆုတောင်း ပြည့်ဘုရားဆိုပြီး ရေးထားသော ဆိုင်း ဘုတ်ကို တွေ့ရပါသည်။ အဝင်မုခ်နေရာမှာ တပ်သားတစ်ဦး ထိုင်နေသည်ကိုလည်း တွေ့ရပါသည်။ ထိုဘုရားကို လွန်လာတော့ ကိုဝဏ္ဏက ဘုရားပေါ်တက်ဖူးချင်တိုင်း ဖူး လို့မရဘူးဟု ပြောပါသည်။

”ဟုတ်လား၊ ဘာဖြစ်လို့လဲ”

”အဲဒီဘုရားတောင်ပေါ်က ကြည့် လိုက်ရင် ဟိုဘက်က ဆင်တဲစက်ရုံတွေကို လှမ်းမြင်နေရလို့”

ဟုတ်သည်ကော၊ ဆင်တဲမှာ စစ် လက်နက်ပစ္စည်းစက်ရုံရှိသည်ဟု ကြားဖူး ပါသည်။ ထို့အတွက် လုံခြုံရေးယူထားခြင်း ဖြစ်မည်။

ကျွန်တော်တို့တစ်တွေ ပြည်မြို့ထဲ ပြန်ဝင်ပြီး သရေခေတ္တရာမြို့ဟောင်းဆီ ခရီးဆက်ခဲ့ပါသည်။ မြို့ဟောင်းနေရာမှာ မြို့ရိုးအကြွင်းအကျန်တချို့ကို တွေ့ရပါ သည်။ အများစုကတော့ နှစ်ပရိ္ဆေစဒ ရှည် ကြာခဲ့သည်နှင့်အမျှ ရာသီဒဏ်၊ လူတို့ ဒဏ်ဖြင့် ပျက်စီးပျောက်ကွယ်ကုန်ပါပြီ။

ဧရာဝတီခရီးတုန်းက တကောင်း မြို့ဟောင်းကို ရောက်ခဲ့စဉ်ကလည်း သည် အတိုင်းပင်။ ထိုစဉ်က မြို့ဟောင်းကို တူး ဖော်သုတေသနပြုနေသူတစ်ဦးက မြို့ ဟောင်းမှ အကြွင်းအကျန်များကို ခေတ် အဆက်ဆက်နောင်လာနောက်သားများ က ဆွဲယူသုံးစွဲခဲ့သောကြောင့် ရှေးဟောင်း ခြေရာလက်ရာများကို သဲလွန်စကောက် ယူရန် ခက်ခဲရကြောင်း ပြောပြခဲ့ပါသည်။

ကျွန်တော်တို့က သီရိခေတ္တရာမြို့ ဟောင်းနယ်နိမိတ်ထဲက မှော်ဇာရွာဝိုင်း ကို ဖြတ်ကာ ပြတိုက်သို့ သွားရောက်ခဲ့ပါ သည်။ ဝင်ကြေး တစ်ယောက် ငါးထောင် ကျပ်စီ ပေးပြီး ပြတိုက်ထဲ ဝင်ကြည့်ခဲ့ပါ သည်။ (ဝင်ကြေးလက်မှတ်မှာ လူကြီး ၂ဝဝ ကျပ်ဟု ပုံနှိပ်ထားရာ ယင်းကို ခေတ် နှင့်အညီ ပြင်ဆင်သင့်ပါသည်)

ပြတိုက်ထဲမှာ ဝန်ထမ်းတချို့က ရှေးဟောင်းပစ္စည်းများကို ဂရုတစိုက် စာရင်းပြုစုနေကြပါသည်။ ဧည့်သည့်များ အဖြစ်နှင့်ကတော့ ကျွန်တော်တို့ သုံး ယောက်တည်းသာ။

ပြတိုက်လက်ထောက်-၄ ဦးသူရိန် ထွန်းက လူငယ်ပီပီ ဧည့်သည်များပေါ်မှာ ဖော်ရွှေပျူငှာရှိပါသည်။ သူက ကိုယ်လုံး ကိုယ်ထည် ခပ်ညှက်ညှက်ပေမယ့် မျက် နှာက ချိုပါသည်။ သရေခေတ္တရာနန်း တော်ရာကို မြေပုံကားချပ်ကြီးပေါ် တုတ် ဖြင့်ထောက်ပြီး ရှင်းပြပါသည်။ သရေ ခေတ္တရာ၏ မြို့ရိုးနှင့် ကျုံးများအကြောင်း၊ ခေတ်သစ်မှာ မြို့ဟောင်းထဲဖြတ်ပြီး ရထားလမ်း၊ ကားလမ်းများ ဖောက်လုပ် ထားသည့်အကြောင်း စသဖြင့် ဖြစ်ပါ သည်။

စက်တင်ဘာလထုတ်-၂၀၁၃၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၈)မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။

ထင်အောင်ကျော် ရေးသည်။

   အပိုင်း(၂)သို့

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here