Home သရော်စာ ကျွန်တော်တို့ပတ်ဝန်းကျင်မှ နာမ်စားများ

ကျွန်တော်တို့ပတ်ဝန်းကျင်မှ နာမ်စားများ

157
0
Advertise Here

ဇွန်လထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၄)မှ သရော်စာဆောင်းပါး ဖြစ်ပါသည်။

ဇူးလူး ရေးသည်။

Advertise Here

ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် နာမ်စားများစွာရှိပါ သည်။ ကျွန်တော့်ကို ငယ်စဉ်က ပေါက်ကြီးဟုခေါ်ကြသည်။ ပေါက်ဖော်ကြီးကဲ့သို့ ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်ဖြစ်သောကြောင့် ဦးလေး၊ အဒေါ်များက ချစ်စနိုးဖြင့် ခေါ်ရာမှ ပေါက်ကြီး ဖြစ်လာ သည်ဟုဆိုသည်။ ချစ်စနိုးဖြစ်ဖြစ်၊ ချစ်မိတ်ကပ်ဖြစ်ဖြစ် အရေး မကြီးပါ။ ပြောချင်သည်က ယခုတလော အပြောများနေသော နာမ်စားများနှင့် ကျွန်တော်တို့၏ ပတ်ဝန်းကျင်ဖြစ်၏။

လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လိုက်ပါ။ သမ္မတကြီးတစ်ခွက် ဟုဆိုလျှင် သင်နွားနို့သောက်ရမည်ဖြစ်သည်။ ဘယ်သူကစ၍ ဖန် တီးသည့် စကားလုံးဆိုသည်မှာ တိကျစွာပြောရန် ခက်ခဲသော် လည်း အသုံးတွင်လှသည်။ လွှတ်တော်ဥက္ကဋ္ဌကြီး၏ အမည်မှာ  ‘မိ မိ’ သို့မဟုတ် ‘မိမိတို့’ဖြစ်သည်။ လူရှေ့သူရှေ့တွင် စကားပြော သည့်အခါ ‘မိမိ’ယခင်ကမသိခဲ့ပါကြောင်း၊ ‘မိမိတို့’လွှတ်တော် အနေဖြင့် အရေးတယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စ သဖြင့် ကြားရမည်ဖြစ်သည်။ ဒေါ်မိမိမဟုတ်ပါ၊ ဦးမိမိဖြစ်သည်ကို သတိချပ်စေလိုပါသည်။

မိမိကျောင်းကို ကောင်းအောင်ကြိုးစားပါဟူသော စကား ကို သတိရမိသည်။ အလယ်တန်းကျောင်းသားဘဝက မြန်မာစာ ဆရာမက ကျွန်တော့်ကို ကုလားညီဟုနာမည်ပေးသည်။ ကျွန် တော့်အစ်ကိုကို အသားမည်းသည်ဟုဆိုကာ ကုလားဟု နောက် ပြောင်ခေါ်ရာမှ ကျွန်တော့်ကို ကုလားညီဟု အမည်တွင်လေ သည်။ ကျွန်တော်တို့နိုင်ငံတွင် အစ်ကိုကြီး၊ ညီလေး အသုံးအနှုန်း များလည်းခေတ်စားသည်။ အရှေ့မြောက်အရပ်မှ အစ်ကိုကြီး များကို ကြောက်ရသည်ဟုဆိုသောဝန်ကြီးတစ်ပါးကို တရုတ် ကြောက်ဝန်ကြီးဟု တချို့က အမည်နာမပြုကြသည်။

ကျွန်တော်တို့နိုင်ငံ ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များ မြောက်မြားစွာထွက်နေသော်လည်း ၄င်းဓာတ်ငွေ့များသည် အစ်ကိုကြီးတို့အရပ်ဆီသို့ ဦးတည်၏။ ကျွန်တော်တို့ သွေးချင်း များမှာ အမှောင်ထဲတွင် ရေနံပိုက်လိုင်းပေါ် ထိုင်နေကြရသည်။ မပူပါနှင့်၊ ကိုကိုလှိုင်တစ်တိုင်ပေးပါဟုသာ ဈေးဆိုင်တွင် ပြော ဝယ်ပါက ဖယောင်းတိုင်တစ်တိုင်ရမည်မှာ ကျိန်းသေ၏။ ဆိုင်ရှင် အင်တင်တင်လုပ်နေပါက အုန်းမြင့်လိုက်မယ်နော်ဟုသာ ဆက် ပြောပါလေ။ ကျွန်တော်တို့၏ ကျေးလက်များ ဖွံ့ဖြိုးသည်၊ မဖြိုး သည်တော့ မသိ။ ဝန်ကြီးလက်ဝါးကောင်းလို့ ရွာသားများက တော့ ပါးဖောင်းအောင် လုပ်ထားကြလေသည်။ သို့သော် ၄င်းတို့ ၏ ဗိုက်များက ပိန်လှီလွန်းလှ၏။ အိတ်ကပ်များကလည်း ပြားချပ် လွန်းလှ၏။  အကြွေးများကား ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက် ပြန်၍ဆပ်လျှင်တောင် ကျေနိုင်ပါ့မလားဟု ထင်ရလောက်အောင်ပင် များပြားလှ၏။ ထို့ကြောင့် ဝန်ကြီးတစ်ပါးကလည်း အကြံပေး သေး၏။ ထမင်းတစ်နပ်လျှော့စားခြင်းဖြင့် ကုသိုလ်လည်း ရ၊ အကြွေးလည်း ကျေစေနိုင်သည်ဟူ၏။ ၄င်း၏အမည်မှာကား တစ်နပ်စားဝန်ကြီးဟု တွင်၏။ တစ်ရက်နှစ်ထောင်ရှိလျှင် စား သောက်ဖို့ လုံလောက်သည်ဟု ဒုသမ္မတပြောစကားများကို လျစ် လျူရှုထားကြသည်လား။ ၄င်းတို့နှစ်ဦးပေးသော အကြံပေးချက် များကို ထည်လဲသုံးပါလေ။ လူရွှင်တော်တွေထက် ပိုရယ်ရတယ် ဟု သမုတ်ခံရသော အစိုးရကို ပိုင်ဆိုင်ရသည်မှာ ကျွန်တော်တို့ နိုင်ငံသားများအဖို့ လွန်စွာမှပင် ကံကောင်းလှပေတော့သည်။ ရယ်ချင်လျှင် အစိုးရ၏မိန့်ခွန်းများ နားထောင်ပါဟု တိုက်တွန်း လိုပါသည်။

ကျွန်တော့်မိတ်ဆွေထဲတွင် အညာသားတစ်ဦးရှိသည်။ ၄င်းကို ရေသိုးဟုခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် မစား ရက်၊ မသောက်ရက် စုထား၊ သိမ်းထားရာတွင် ရေကိုပင် ပုပ်သိုး သွားသည်အထိ ထားသောကြောင့် ရေသိုးဟု အမည်တွင်သည်ဟု မိတ်ဆွေများက ပြောကြသည်။ သို့သော် ကျွန်တော်တို့နိုင်ငံတွင် အလွန်တရာချမ်းသာကြွယ်ဝသော အညာသား သူဌေးကြီးတစ် ဦးရှိလေသည်။ ဥစ္စာရော အာဏာပါ ကြွယ်ဝလေသည်။ အများက လည်း သူ့ကို ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ကြရသည်။ သူ့ကို ရေ သိုးဟု မခေါ်ပါ။ ခွေးဘီလူးဟုခေါ်လျှင် အများသိကြသည်ဟု ဆို သည်။ အဘယ်ကြောင့် ခွေးဘီလူးဖြစ်ရခြင်းကိုမူ ဤနေရာတွင် မရှင်းပြလိုတော့ပါ။ မီကိုကော်ဖီမစ်ကြော်ငြာထဲမှ ဒွေးနှင့် တွဲပါ သော ခွေးဘီလူးကြီးကို သတိရမိတော့သည်။

ပျက်စီးကျိုးပဲ့နေသောအရာများကို အေးချမ်းမေဟု တစ် ခေတ်တစ်ခါက ခေါ်ခဲ့ဖူးကြသည်။ အဆိုတော်အေးချမ်းမေ၏ တစ်စစီကျိုးပဲ့နေဟူသော တေးစီးရီးကို ကျွန်တော်တို့ ကြိုက်နှစ် သက်ခဲ့ကြသည်။ ပြည်တွင်းစစ်များကြောင့် နိုင်ငံတစ်ဝန်း အေး ချမ်းမေလည်းဖြစ်ခဲ့ဖူးပြီ။ ငြိမ်းချမ်းရေးပွဲစားများဆိုသည့် နာမ် စားလည်း ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည်ဆိုသော ကျွန် တော်တို့နိုင်ငံတွင် ကြားလာရသည်။ ငြိမ်းချမ်းရေးပွဲစားဖြစ်ဖို့ ဘယ်အဘနားကို ကပ်လျှင်ရမလဲ။ သိလျှင်ပြောပေးကြပါ။ ငြိမ်း ချမ်းရေးပွဲစားနှင့် လက်နက်ပွဲစား ဘာများ ကွာပါသနည်း။ သစ်ပွဲ စား၊ ကားပွဲစား၊ ငါးပွဲစား၊ ဖားပွဲစားများနှင့်ရော ဘာများကွာပါ သနည်း။ ငါးပွဲစားကရော ငြိမ်းချမ်းရေးပွဲစား ဖြစ်နိုင်ပါသလား။ ငြိမ်းချမ်းရေးနှင့် ကားပါမစ် လဲလှယ်နိုင်သည်။ ငြိမ်းချမ်းရေးနှင့် စီးပွားရေးလုပ်ကွက်များ လဲလှယ်နိုင်သည်။ ယခင်ကတော့ လက် နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည်။ ထို့နောက် လက်နက်နှင့် အတူပါလာသော ငွေအနက်များကိုလည်း အဖြူဖြစ်အောင် လုပ်နိုင်စွမ်းခဲ့ကြသည်။ ဥပဒေအရ ပြောင်ပြောင်တင်းတင်းပင် စီးပွားရေးအရ အနိုင်ကျင့်ကြသည်။ ဥပဒေအထက်တွင် မည်သူ မျှမရှိရဟု ကြွေးကြော်ကြသည်။ ဤသည်ကို အချို့က ‘မည်သူမျှ’ ဆိုသည့် စကားရပ်ရှေ့တွင် ကွင်းစကွင်းပိတ်ဖြင့် (ငါ တို့က လွဲရင်) ဟု ထည့်လိုက်ကြသည်။ ဥပဒေရှေ့တွင် မည်သူက လက်ဆော့ပြီး ‘တရား’ဆိုသည့် စကားရပ်ထည့်ကာ ‘တရားဥပဒေ’ဟု ထွင်သုံး သည်ကိုလည်း ကျွန်တော် မသိ။ ဥပဒေတိုင်းက တရားပါ၏လော။ မျှတပါ၏လော။ သို့ဆိုလျှင် ၄၃၆ ပြင်ဆင်ပါ၊ ၅၉(စ) ပြင်ဆင် ပါဆိုသော အသံများ ကြားလာစရာမလို။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုကောက် ခြေဥဆိုသည့် စကားရပ်ကိုလည်း သတိပြု စေလိုသည်။ ဤအကြောင်းရာများကို ပြောမည်ဆိုလျှင် ၈၈ ငြိမ်းပွင့်နှင့် နိုင်ကျဉ်းဆိုသည့် နာမ်စားများကိုလည်း မေ့လျော့ ထားရန်မသင့်ပါ။ ဝိဝိ ဆိုသည့်အသုံးအနှုန်းကိုလည်း သတိရမိ သည်။ ၄င်းတို့ကို ကျောင်းမှ ထွက်ခဲ့ကြရသူများ၊  ကျောင်းထဲသို့ ဝင်သွားကြရသူများ၊ ကျောင်းထဲသို့ ဝင်သွားကြသူများ မည်သို့ ခေါ်လျှင် ကောင်းမည်နည်း။

ဗိုလ်ချုပ်ဟု နာမ်စားသုံးခေါ်ဝေါ်လျှင် မည်သူ့ကို ရည်ညွှန်း သည်ကို ကျွန်တော်တို့ ပြည်သူများ သိကြသည်။ ၄င်းတို့လက်ခံ ထားသော ဗိုလ်ချုပ်မှာ တစ်ယောက်တည်းရှိသော်လည်း သံ ယောင်လိုက်သော ဗိုလ်ရှုပ်များ အများအပြားပင်ရှိသည်ကို မည် သူမျှမပြောဘဲ သိနေကြသည်။ သင့်နိုင်ငံတော်အတွင်း အလေးခိုး ထားသော အစိတ်သားကို လျှော့လိုက်ပါ။ ပခုံးပေါ်တွင် ဂေါ်ဖီပန်း ပွင့်ကြီးကြီးပါပါစေ။ ဤနေရာတွင် နိုင်ငံတော်ဆိုသည့် စကား ရပ်ကို အနည်းငယ်ဆွေးနွေးလိုသည်။ နိုင်ငံတော်ဆိုသည်မှာ ဘယ်အရာနည်း။ ယူနီဖောင်းလား၊ ယူနီဖောင်းပြောင်းထားသူ များလား၊ ခေါင်းပေါင်းစတလူလူလွင့်နေသည့် မိမိလား၊ ကိုယ့်မြေ ပေါ် ကိုယ်နေရင်း ဥပဒေအရ ကျူးကျော်ဖြစ်သွားရသူများလား။ နိုင်ငံတော်၏ စေတနာ၊ နိုင်ငံတော်က စေတနာနဲ့လုပ်ပေးတာ ဆိုသည့် စကားရပ်များသည် ဘယ်အရာကို ကိုယ်စားပြုပါ သနည်း။ ကျွန်တော်တို့ပြည်သူများသည် ရာစုနှစ်ဝက်ချီ အလိမ်ခံ ခဲ့ရပြီး ဖြစ်သောကြောင့် လိမ်ညာမှုများကို အပြုံးဖြင့် ထိုင်ကြည့် နေနိုင်ကြပြီဖြစ်သော်လည်း ဆက်လက်လိမ်ညာနေသူများမှာ အဘယ်ကြောင့် မပြုံးနိုင်ဖြစ်နေသည်ကို ကျွန်တော့် ဦးနှောက် သေးသေးလေးက နားလည်နိုင်စွမ်းမရှိပါ။ မပြုံးနိုင်ဖြစ်နေသည် လား၊ ကြောက်နေသည်လား၊ ဒါမှမဟုတ် စားပိုးနင့်နေတာလား။ လွှတ်တော်အတွင်း တင်သွင်းကာ ဆွေးနွေးအဖြေရှာလျှင် ကောင်းမည်လော။

ကျွန်တော်တို့နိုင်ငံအတွင်း အခက်ခဲဆုံးတာဝန်ကို ယူထား ရသော မျက်နှာပြောင်တိုက်ကာ ခပ်တည်တည်ဖြင့် ပြောချင်ရာ ပြောတတ်သူကို သမိန်ရဲသွပ်ဟု အများက ကင်ပွန်းတပ်ထား ကြောင်း တော်တော်နောက်ကျမှ သိရသည်ကို များစွာ စိတ် မကောင်းဖြစ်မိပါ၏။ ကျွန်တော့်ကို အေဝမ်းနှင့် စီဝမ်း တိုက်ပါ။ အေဝမ်းဆိုသည်မှာ အေဘီစီစတောက်တစ်ခွက်ကို ဆိုလိုခြင်းဖြစ် ပြီး စီဝမ်းဆိုသည်မှာ စည်ဘီယာတစ်ခွက်ကို ဆိုလိုခြင်းဖြစ် ကြောင်း စားပွဲထိုးများကို မည်သူ သင်ပေးခဲ့ပါသလဲ။ ပန်းခြံမှတ် တိုင်ကို ရင်ခွင်နန်းတော်ဟု မည်သည့်ကားစပယ်ယာက စပြောခဲ့ သည်ကိုလည်း ကျွန်တော် မသိပါ။ သင် ယခုဖတ်နေသော မဂ္ဂဇင်း သည် မော်ကွန်းမဂ္ဂဇင်းဖြစ်ပါသည်။ မော်ဂေးမဂ္ဂဇင်းမဟုတ် ကြောင်း အယ်ဒီတာအဖွဲ့က ပြောကြပါသည်။ ဘူးလက် လွှတ် လိုက်မှာကို ကျွန်တော်ကြောက်သည်။ ကျွန်တော်တို့၏ ပတ်ဝန်း ကျင်တွင် နာမ်စားများစွာ ကျန်နေပါသေးသည်။     ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here