Home သတင်းဆောင်းပါး ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ဖို့ ဘယ်လို ကိုင်တွယ်သင့်လဲ

ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ဖို့ ဘယ်လို ကိုင်တွယ်သင့်လဲ

191
0
ဓာတ်ပုံ - သန်းထိုက်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

ကျွန်တော်တို့ မော်ကွန်းမဂ္ဂဇင်း က သတင်းထောက်ခြောက် ယောက်ဟာ ဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်တဲ့ ရှမ်း၊ ကချင်နဲ့ ကယားစတဲ့ ပြည်နယ်တွေကို နှစ်ယောက်တစ်တွဲအဖွဲ့ ခွဲပြီး စုံ စမ်းဖော်ထုတ် သတင်းရေးသား ဖို့အတွက်  ဒီဇင်ဘာထဲမှာ သွား ရောက်ခဲ့ကြပါတယ်။ ခုလိုသွား ရောက်တဲ့အခါမှာ ဘိန်းစိုက် တောင်သူတွေ၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး  ဆောင်ရွက်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း တွေ၊ အုပ်ချုပ်ရေးပိုင်းက တာ ဝန်ရှိသူတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ ပါတယ်။

မော်ကွန်းရဲ့ တွေ့ရှိမှု

Advertise Here

ပြည်နယ်သုံးခုစလုံးမှာတူညီနေတဲ့အချက်ကဘိန်းမဟုတ်တဲ့ အခြားသီးနှံ တွေ စိုက်ပျိုးရောင်းချဖို့ အခက်အခဲတွေ ရှိနေတယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ရ ပါတယ်။

ဘိန်းစိုက်တဲ့နေရာအများစုဟာ တောင်ပေါ်ဒေသတွေဖြစ်ပါတယ်။ အဲဒီ ဒေသတွေမှာ အခြားသီးနှံစိုက်ပျိုးမယ်ဆို ရင် ထုတ်ကုန်တွေ သယ်ယူပို့ဆောင်တဲ့ အခါမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ တဲ့အပြင် ဈေးကွက်မရှိသလို ဈေးကောင်း လည်းမရတတ်ကြဘူးလို့ ဆိုပါတယ်။

အဲဒီအနေအထားမှာ ဈေးကောင်း လည်းရ၊  သယ်ယူရလည်း လွယ်ကူတဲ့ ဘိန်းကိုပဲ မိသားစုစားဝတ်နေရေးအတွက် အဓိကဝင်ငွေရတဲ့ စီးပွားရေးတစ်ခုအဖြစ် ဒေသခံတွေ လုပ်ကိုင်နေကြတာကို တွေ့ ခဲ့ရပါတယ်။

ပြီးတော့ ဒေသထွက်သီးနှံတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ဘိန်းစိုက်ပျိုးလို့ရလာတဲ့ ဝင်ငွေက အဆများစွာပိုမိုရရှိတာကြောင့် လည်း ဘိန်းစိုက်ပျိုးတဲ့ဘက်ကို တောင်သူ တွေ အာရုံကျနေတာဖြစ်တယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်။

ဘိန်းစိုက်တဲ့သူအများစုဟာ သူတို့ က စားနပ်ရိက္ခာရှားပါးတာကို ဖြေရှင်းဖို့၊ အိမ်မှာ လိုအပ်တဲ့ အခြေခံပစ္စည်းပစ္စယ တွေ ဝယ်ဖို့၊ သူတို့ကလေးတွေအတွက် ပညာရေးနဲ့ ကျန်းမာရေးလက်လှမ်းမီရေး အတွက် ဝင်ငွေရဖို့ ဘိန်းကို စိုက်ကြတာလို့ Transnational Institute(TNI) ရဲ့ သုတေသနမှူး မစ္စတာတွမ်ခရေမာ(Mr.Tom Kramer) ကလည်း ဆိုပါတယ်။TNI ဟာ နယ်သာလန်အခြေစိုက်နိုင်ငံ တကာသုတေသနနဲ့ မူဝါဒပြောင်းလဲရေးလျှောက်လဲတင်ပြတဲ့အဖွဲ့အစည်းဖြစ် ပါတယ်။

”မြန်မာမှာ ဘိန်းစိုက်ပျိုးမှုကို မောင်းနှင်နေတဲ့ အရေးကြီးတဲ့အကြောင်း တရားတွေထဲက တစ်ခုက ဆင်းရဲမွဲတေမှု ပဲ”လို့ သူက သုံးသပ်ပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇ ဝတ်မှုဆိုင်ရာရုံး(UN Office on Drugs and CrimeUNODC)က မြန်မာနိုင်ငံ ဆိုင်ရာ မန်နေဂျာ မစ္စတာထရိုးစ် ဗက်စ် တာကလည်း အစားအစာမဖူလုံတာ၊ ဆင်းရဲတာ၊ ပဋိပက္ခနဲ့ မလုံခြုံတာတွေက ဘိန်းစိုက်ဖို့ကိုမောင်းနှင်နေတဲ့ အရေး ကြီးတဲ့အရာတွေထဲမှာ ပါနေတယ်လို့ မော်ကွန်းကို အီးမေးလ်ကတစ်ဆင့် ပြော ဆိုပါတယ်။

ဒါက ဘာကိုပြနေလဲဆိုတော့ ”နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ဖြေရှင်း ဖို့ လိုနေတယ်ဆိုတာကို ပြနေတာပဲ”လို့ သူက ဆိုပါတယ်။

UNODC က၂ဝ၁၅ မှာထုတ်ပြန်ခဲ့ တဲ့ အစီရင်ခံစာမှာတော့ တောင်သူတွေ ဟာ ဘိန်းစိုက်တာကနေရတဲ့ ဝင်ငွေတွေ ကို အစားအစာဝယ်ယူဖို့အတွက် အဓိက အသုံးပြုတယ်လို့ဆိုပါတယ်။ အကြွေးဆပ် ဖို့နဲ့ အိမ်အတွက်လိုအပ်တဲ့ပစ္စည်းပစ္စယ ဝယ်တာတွေက နောက်ကလိုက်တယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်မှာတော့  ခြွင်းချက်အဖြစ်နဲ့ ဘိန်းကရတဲ့ ဝင်ငွေအများ စုကို အကြွေးဆပ်ဖို့အသုံးပြုရတယ်လို့ ဆိုပါတယ်။အခြားအသုံးစရိတ်တွေက တော့ ဆေးဖိုးဝါးခအတွက်ရယ်၊ ပညာရေး အတွက်ရယ်ဆိုပြီး သုံးစွဲကြတယ်လို့ဆိုပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ ဘိန်းစိုက်ပျိုးတာကနေရတဲ့ဝင်ငွေကို ကျေးရွာအခြေခံအဆောက်အအုံနဲ့ ဘာ သာရေးအဆောက်အအုံတွေ တည်ဆောက် ဖို့အတွက်လည်း အသုံးပြုကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မော်ကွန်းက တွေ့ဆုံခဲ့တဲ့ ဘိန်းစိုက် တောင်သူအများစုဟာ ဖြစ်နိုင်ရင် ဘိန်း စိုက်တာကို စွန့်လွှတ်ချင်ကြတယ်လို့ ဆို ပါတယ်။ ဒါပေမဲ့ ဘိန်းမစိုက်ရဘူးဆိုရင် သူတို့ဒေသနဲ့ကိုက်ညီပြီး ဈေးကွက်လည်း ရှိတဲ့ ဘယ်လိုသီးနှံမျိုး စိုက်ပျိုးရမလဲဆို တာဟာ သူတို့အတွက် ကြီးမားတဲ့ ပြဿနာ တစ်ခုဖြစ်နေပါတယ်။တစ်နည်းပြောရရင် ဘယ်လို အစားထိုးသီးနှံစိုက်ပျိုးရမလဲဆိုတာဟာ ခေါင်းခဲစရာကိစ္စဖြစ်နေပါတယ်။

မအောင်မြင်ခဲ့တဲ့ စီမံကိန်းများ

ဘိန်းစိုက်တောင်သူတွေအနေနဲ့ အစားထိုးသီးနှံကို ၁၉၉၆ ကတည်းက ရခဲ့ ဖူးပေမယ့် စိုက်ပျိုးဖြစ်ထွန်းတဲ့ သီးနှံတွေ ကိုဘယ်နေရာမှာရောင်းရမှန်းမသိတော့ ရွာသားတွေက အလေးမထားတော့ဘူး လို့ ရှမ်းပြည်နယ်အခြေစိုက်တောင်တန်းဒေသလူမှုဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖွဲ့ ခေါင်း ဆောင် ဦးခွန်ထွန်းတင်က ပြောပါ တယ်။

အစိုးရဟာ ဘိန်းစိုက်ပျိုးမှုလျော့ပါး ပျောက်ကွယ်စေဖို့ရည်ရွယ်ပြီးဘိန်းအစား ထိုးသီးနှံစိုက်ပျိုးရေးစီမံကိန်းတွေ လုပ် ဆောင်ခဲ့ဖူးပါတယ်။

အဲဒီလိုလုပ်ဆောင်တဲ့အခါမှာ မူး ယစ်ဆေးဝါး တရားမဝင်စိုက်ပျိုး၊ ထုတ် လုပ်၊ ရောင်းဝယ်မှုတွေကိုပူးပေါင်းနှိမ်နှင်း ဖို့အတွက်၁၉၇၄ မှ ၁၉၈၈ အထိ အမေရိ ကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက် ခဲ့ကြတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) နှင့် တောင်တန်းဒေသ လူမှုဖွံ့ဖြိုး ရေး လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့တို့ ပူး ပေါင်းထုတ်ပြန်တဲ့ ၂ဝ၁၄ စစ်တမ်းက ဖော်ပြပါတယ်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးအတွက် ၁၉၇၆ မှ ၁၉၉၁ အထိ  ၁၅ နှစ်စီမံကိန်း၊ ၁၉၉၉ မှ ၂ဝ၁၄ အထိ ဒုတိယ ၁၅ နှစ်စီမံကိန်းတွေကို       ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုနဲ့ ဆောင် ရွက်ခဲ့ပါတယ်။

အဲဒီလိုလုပ်ခဲ့ပေမယ် TNI က ၂ဝ၁၄ မှာထုတ်ပြန်ခဲ့တဲ့ ‘တစ်ကျော့ပြန်-မူလအခြေအနေဆိုးသို့ ပြန်လည်ဆိုက် ရောက်လာသည့် ရွှေတြိဂံဒေသ’ အမည် ရှိအစီရင်ခံစာပါ ဖော်ပြချက်အရ ဘိန်းပ ပျောက်ရေးစီမံကိန်းတွေဟာ မအောင်မြင် ခဲ့ဖူးဆိုတာ တွေ့ရပါတယ်။

စီမံကိန်းတွေလုပ်ခဲ့တဲ့ ရှမ်းပြည် နယ်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ ချို့တဲ့မှု၊ ဘိန်းအစားထိုးသီးနှံတွေနဲ့ ရာသီ လိုက် အခြား လယ်ယာထွက်သီးနှံကုန် ကြမ်းတွေအတွက် တွက်ခြေကိုက်စီးပွားအဖြစ်တင်ပို့နိုင်မယ့်ဈေးကွက်မရရှိမှု၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဆေးကုသ ပေးမယ့် လူထုယုံကြည်မှုရှိတဲ့ ဆေးခန်း တွေ အလုံအလောက်မရှိမှု၊ ဗဟိုချုပ်ကိုင် မှု စနစ်တွေနဲ့ လယ်ယာစိုက်ပျိုးမြေတွေကို မြေလွတ်မြေရိုင်းလို့  ခေါင်းစဉ်တပ်ပြီး သိမ်းယူမှု၊ ပြည်တွင်းစစ် ကြာရှည်မှုတို့    ကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုပပျောက် ရေးကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့တာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။

TNI ရဲ့ သုတေသနမှူးမစ္စတာ ခရေမာက ”မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသ၊ တိုင်းပြည်ဖြစ်ဖို့ကို အာရုံစိုက်နေ မယ့်အစား အစိုးရဟာ ပိုပြီးလက်တွေ့ကျ တဲ့၊ ရောက်နိုင်လောက်တဲ့ မူဝါဒရည်မှန်း ချက်တွေကို ချမှတ်သင့်ပါတယ်”လို့  ဆိုတယ်။

ဘိန်းအစားထိုးစီမံကိန်းတွေနဲ့  ပတ်သက်လို့အစိုးရသစ်ဖွဲ့ဖို့ ရှိနေတဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ ၄င်း ပါတီရဲ့ ဗဟိုတိုင်းရင်းသားဆက်ဆံရေး ကော်မတီဝင်လည်းဖြစ်သူ ဦးထွန်းထွန်းဟိန် ကတော့ အစားထိုးသီးနှံဆိုတဲ့ နေရာမှာ စည်းစနစ်မကျဘဲ လုပ်သွားတဲ့ဟာက တော်တော်ဆိုးတယ်လို့ ဆို ပါတယ်။

”(အခြားသီးနှံကို) ပိုက်ဆံပေးပြီး စိုက်ခိုင်းမယ်။ အဲဒီမှာငွေရတဲ့ နှစ်မှာတော့ ဒီဘိန်းကို မစိုက်ဘူးပေါ့။ ဒါပေမဲ့ ကူညီ ပေးတဲ့လူလည်း ထွက်သွားရော ငွေကလည်း ကုန်သွားတော့ ဘိန်းဘက်ပြန် လှည့်သွားရော”လို့ သူက ပြောတယ်။

NLD ပါတီအနေနဲ့ကတော့ ဘိန်း တိုက်ဖျက်ရေးကို တာဝန်ယူလုပ်ဆောင် တဲ့အခါမှာ တရားဥပဒေစိုးမိုးရေးကိစ္စ ဟာ အဓိကကျတဲ့စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်မယ်လို့ ဦးထွန်းထွန်းဟိန်က သုံးသပ် ပါတယ်။

ဒါကြောင့်လည်းစာရွက်ပေါ်မှာပဲ ရှိနေတဲ့ ဥပဒေတွေ အသက်ဝင်လာဖို့၊ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေတွေ ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ စတဲ့အချက် တွေအပြင် ”လူတွေနဲ့ စနစ်ကိုပါ ပြောင်း လဲနိုင်အောင်လုပ်ရမယ်”လို့ မော်ကွန်းက တွေ့ဆုံမေးမြန်းရာမှာ သူက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဘိန်းပပျောက်ရေးဆောင်ရွက်တဲ့ နေရာမှာ တိုးတက်တဲ့နိုင်ငံတွေလည်း လုံး ဝပပျောက်တဲ့အထိလုပ်ဆောင်နိုင်တာ မျိုး မရှိသလို မြန်မာနိုင်ငံမှာလည်း ”တိုင်း ပြည်ရဲ့ အပြောင်းအလဲနဲ့ နိုင်ငံတော်ရဲ့ ငွေ ကြေးစိုက်ထုတ်သုံးစွဲနိုင်မှုအပေါ်မှာ မူ တည်နေတယ်”လို့ ပြည်ထဲရေးဝန်ကြီး ဌာန၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာန၊ ဌာနမှူး ရဲမှူးကြီးရွှေညာမောင်က သုံးသပ်ပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံး (Pa-Oh Youth Organization-PYO) ရဲ့  အထွေထွေအတွင်းရေးမှူး ဦးခွန်ဦးက တော့ လုံးဝကင်းရှင်းပပျောက်ရေးဆိုတာ ကို ဒုတိယ၊ အစားထိုးသီးနှံစိုက်ပျိုးရေးနဲ့ တောင်သူလယ်သမားအကျိုးပြုလုပ်ငန်း တွေကို တတိယထားပြီး ”လျှော့ချရေးဆို တဲ့ အဆင့်ကို အရင်သွားသင့်တယ်”လို့ အကြံပြုပါတယ်။

ဘိန်းကိစ္စဟာ မူးယစ်ဆေးဝါးဆိုတဲ့ အဆင့်လောက်သာမဟုတ်ဘဲ တစ်ဖက် က နိုင်ငံရေးအခြေအနေတွေနဲ့လည်း ဆက်စပ်နေတယ်လို့ သူက ပြောပါတယ်။

ရဲမှူးကြီးရွှေညာမောင်ကလည်း ဘိန်းနဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါးကိစ္စ တွေကို အပြည့်အဝဆောင်ရွက်နိုင်ဖို့ အတွက် အစားထိုးသီးနှံ၊ ပြန်လည်ထူ ထောင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တို့အတွက် ငွေကြေးအမြောက်အမြား လို အပ်မှာဖြစ်ပေမယ့် ”ဒေသတွင်း တည်ငြိမ်မှု ရှိရေးက အဓိကပိုပြီးကျတယ်”လို့ သူ့ အမြင်ကို ပြောပါတယ်။

ဦးထွန်းထွန်းဟိန်ကတော့ လက်ရှိ ဆွေးနွေးအဖြေရှာနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း ဘိန်းတိုက်ဖျက် ရေးအတွက် အဓိကကျတဲ့ အချက်တစ် ချက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်း ရေးရလာတော့မှ တပ်မတော်နဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေနှစ်ခုစလုံးမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် ဥပဒေအတိုင်း အမှန် တကယ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိတာဝန်ယူနေတဲ့ အစိုးရ အာဏာပိုင်အချို့ ၊ ပြည်သူ့စစ်အဖွဲ့ဝင် အချို့၊  နယ်ခြားစောင့်တပ်စတဲ့ နယ်မြေ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ပတ်သက်နေသူ တွေကိုယ်တိုင်က အကျင့်ပျက်ခြစားမှုတွေ ရှိနေတာကိုလည်း စုံစမ်းဖော်ထုတ်ပြီး အရေးယူနိုင်တဲ့အထိ ဆောင်ရွက်ဖို့လို တယ်လို့ ဦးထွန်းထွန်းဟိန်က သုံးသပ်ပါတယ်။

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲရဲ့ ဓမ္မဆရာတစ်ဦးဖြစ်တဲ့ ဦးလဂီနော်အောင် ကလည်း ဝန်ထမ်းအချို့ရဲ့ လာဘ်စားမှု တွေအပေါ်မှာ အခုလို မှတ်ချက်ပေးပါတယ်။

ဒေသတစ်ဝိုက်မှာ ဌာနဆိုင်ရာဝန် ထမ်းအစုံအလင်ရှိနေပေမယ့် ဘိန်းခင်း တွေကို ဟန်ပြသက်သက်သာ ဖျက်ဆီးပြ နေပြီး အမှန်တကယ်တော့ ”သူတို့ (ဌာန ဆိုင်ရာ)က ဘယ်ဖျက်ကြမလဲ၊ မူးယစ် ဆေးက သူတို့ရဲ့ ထမင်းပန်းကန်ပဲလေ”လို့ ဦးလဂီနော်အောင်က ဆိုပါတယ်။

ဦးခွန်ဦးကတော့ နာတာရှည် ရောဂါတစ်ခုလို အမြစ်တွယ်တည်ရှိနေတဲ့ ဘိန်းပြဿ     နာကို အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုင်တွယ်ရာမှာ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို ဖော်ထုတ်မှုမရှိတာကလည်း ဘိန်းတိုက် ဖျက်ရေး မအောင်မြင်ရတဲ့ ကြီးမားတဲ့ အကြောင်းရင်းဖြစ်တယ်လို့  သုံးသပ်ပါတယ်။

ဘိန်းစိုက်ပျိုးမှုဖြစ်စေတဲ့ အခြေခံ အကြောင်းတရားတွေကို ဖြေရှင်းဖို့ ကြိုး စားတဲ့ နေရာမှာ လူမှုအသိုင်းအဝိုင်းတွေရဲ့ လူမှုစီးပွားအခြေအနေတွေ၊ ကျေးလက် အိမ်ထောင်စုတွေရဲ့ အသက်မွေးဝမ်း ကျောင်းတွေ တိုးတက်တဲ့အခါကျမှ ဘိန်း စိုက်ပျိုးတာကို ရေရှည်မှာ လျှော့ချဖို့ဆို တာ လုပ်လို့ရမယ်လို့ UNODC က မစ္စတာဗက်စ်တာက ဆိုပါတယ်။

ဒါကြောင့် ဘိန်းစိုက်တာကို ရေရှည် လျှော့ချနိုင်ဖို့ အကောင်အထည်ဖော်တဲ့ မူဝါဒတွေကို အကဲဖြတ်တဲ့အခါမှာ အလွန် အမင်းဆင်းရဲမွဲတေနေတာကို တိုက်ဖျက် တဲ့ ကိစ္စတွေ၊ လူသားဖွံ့ဖြိုးရေး၊ ကျား၊ မ တန်းတူရည်တူရှိရေး၊ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်ပေးရေးကိစ္စတွေ၊ ပြီးတော့ သဘာဝပတ်ဝန်းကျင် အရှည်တည်တံ့ရေး ကိစ္စတွေနဲ့ပဲ ချိန်ထိုးအကဲဖြတ်သင့်တယ် လို့ မော်ကွန်းရဲ့ မေးမြန်းမှုကို သူက ပြန် လည်ဖြေကြားထားပါတယ်။

မေတ္တာဖောင်ဒေးရှင်း၊ ကယား ပြည်နယ်ရုံး ညှိနှိုင်းရေးမှူး ဦးခွန်မြင့်နိုင် ကတော့ အမှန်တကယ်အာဏာရှိသူတွေ ရဲ့ မသိကျိုးကျွံလုပ်ပြီး လာဘ်ပေးလာဘ် ယူလုပ်တဲ့ကိစ္စတွေ အပါအဝင် ဘိန်းစိုက် တောင်သူတွေရဲ့ ဘဝအခြေအနေမှန်ကို ကုစားလိုတဲ့ ”စေတနာအမှန်ရှိဖို့လို တယ်” လို့ ဆိုပါတယ်။

”ပပျောက်နိုင်မယ်၊ မပပျောက်နိုင် ဘူးဆိုတာ ပေါ်လစီအပေါ်မှာ အများကြီး မူတည်တယ်။ လာဘ်ပေးလာဘ်ယူကိစ္စ မရှင်းသရွေ့ ၊ မကင်းသရွေ့ကတော့ ရှိနေ ဦးမယ်”လို့ သူက သုံးသပ်ပါတယ်။

ဘိန်းစိုက်ပျိုးမှုနဲ့ သက်ဆိုင်တဲ့ ပြဿ       နာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေ ရာမှာ မြန်မာနိုင်ငံက မူးယစ်မူဝါဒဟာ Deadline (ပြီးစီးဖို့ နောက်ဆုံးအချိန် သတ်မှတ်ချက်)ကို အခြေခံတဲ့ စဉ်းစားပုံ၊ မူးယစ်ကင်းစင်ရမယ်ဆိုတဲ့ ပန်းတိုင်တွေ ကနေ ဖယ်ခွာသင့်တဲ့အပြင် မူးယစ်သုံးစွဲ သူတွေ ရှိတယ်ဆိုတာကို လက်ခံပြီး သူတို့ တစ်တွေအတွက် အန္တရာယ်လျှော့ချရေး ကိစ္စတွေ မြှင့်တင်သင့်တယ်လို့ TNI က မစ္စတာခရေမာကဆိုတယ်။

ဘိန်းစိုက်တောင်သူတွေနဲ့ မူးယစ် ဆေးဝါး သုံးစွဲသူတွေကို ရာဇဝတ်သား တွေအဖြစ် မမြင်သင့်သလို ဘိန်းစိုက်ပျိုး ရေးနဲ့ ဆက်စပ်တဲ့ ပြဿ      နာတွေကို ဖြေ ရှင်းတဲ့အခါမှာလည်း ”ဖွံ့ဖြိုးရေးဘက်က ချဉ်းကပ်မှုတွေ လုပ်ဆောင်သင့်တယ်”လို့ မစ္စတာခရေမာက အကြံပြုတယ်။

ဖွံ့ဖြိုးရေးဆိုတဲ့အခါမှာ အစိုးရ အဆက်ဆက်က ဆောင်ရွက်ခဲ့တဲ့ စီမံ ကိန်းတွေကို သင်ခန်းစာယူပြီး မူဝါဒ အသစ်တွေနဲ့ ချမှတ်လုပ်ဆောင်ဖို့လိုပြီလို့ ကျွန်တော်တို့ မော်ကွန်းက တွေ့မေးခဲ့တဲ့ အဖွဲ့အစည်းအများစုကလည်းဆိုပါတယ်။

စီမံကိန်းအသစ်

ကချင်၊ ကယား၊ ရှမ်းပြည်နယ် သုံးခုစလုံးမှာ ဘိန်းတိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒေသခံ အဖွဲ့အစည်းတွေ ထောက်ပြတာကတော့ အစားထိုးသီးနှံအဖြစ် နှစ်ရှည်သီးနှံပင် တွေ စိုက်ပျိုးဖို့ လုပ်ဆောင်ရမယ့်အပြင် ရေတိုဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို ပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ ဆိုပါတယ်။

ရေတိုနည်းလမ်းဆိုတာကတော့ အစားထိုးစိုက်ပျိုးထားတဲ့ နှစ်ရှည်ပင်တွေ စိုက်ပျိုးနေတဲ့အချိန်မှာ မိသားစုဝင်ငွေရ စေဖို့ ငွေပေါ်လွယ်တဲ့ အခြားအစီအစဉ် တွေ ရှိသင့်တယ်လို့ ဆိုပါတယ်။

အစိုးရတာဝန်ရှိသူတွေ ပြောနေတဲ့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးစီမံကိန်း တွေဆိုတာကလည်း ဘိန်းအများဆုံး စိုက်တဲ့ ပြည်နယ်တိုင်းမှာ တွေ့ရတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ သွားရောက် ခဲ့တဲ့ ပြည်နယ်သုံးခုထဲမှာတော့ ရှမ်းပြည် နယ်ဘက်မှာပဲ ကော်ဖီစိုက်ပျိုးခြင်းဖြင့် အစားထိုးသီးနှံစီမံကိန်းလုပ်ဆောင်နေ တာကို တွေ့ခဲ့ရပါတယ်။

UNODC  နဲ့ မြန်မာအစိုးရဟာ ရှမ်းပြည်တောင်ပိုင်းက ဟိုပုံးနဲ့ လွိုင်လင် မြို့နယ်တွေထဲမှာ အစားထိုးသီးနှံစီမံကိန်း ကို အကောင်အထည်ဖော်နေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအောက်က မူး ယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာနမှ ဌာနမှူး ရဲမှူးကြီး ရွှေညာမောင်ကတော့ အဲဒီ ကော်ဖီစိုက်ခင်းဟာ ဟက်တာ ၄ဝဝ (ဧက ၁,၃ဝဝ ကျော်)ရှိတယ်လို့ ဆိုပါတယ်။

UNODC  ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာဗက်စ်တာက ကော်ဖီလို နှစ်ရှည်သီးနှံစိုက်ပျိုးတဲ့အတွက် တောင် သူတွေအနေနဲ့ ရေရှည်မှာ ကုန်ကျစရိတ် သက်သာပြီး အမြတ်အစွန်းတွေ ပိုရလာ နိုင်သလို သူတို့ရဲ့ စိုက်ပျိုးမြေတွေက ပင် လယ်ရေမျက်နှာပြင်အထက် မီတာတစ် ထောင်နဲ့ ၁,၈ဝဝ ကြားမှာ တည်ရှိနေလို့ ကော်ဖီစိုက်ဖို့ အသင့်တော်ဆုံးဖြစ်တယ် လို့ ပြောပါတယ်။

”ကော်ဖီကို အသေအချာလေ့လာ ဆန်းစစ်ပြီးမှ ရွေးခဲတာ”လို့ မစ္စတာဗက်စ် တာက ဆိုတယ်။ ဒါ့အပြင် ဈေးကွက်အခွင့် အလမ်းတွေကို ကြည့်သလို ဒီဘက်ဒေသ မှာ ရေရှည်ဖြစ်ထွန်းနိုင်ခြေတွေကိုလည်း ကြည့်တယ်လို့ သူက ဆိုတယ်။

”ကော်ဖီထုတ်လုပ်တာဟာ လုံခြုံ စိတ်ချရပြီး ကြီးထွားလာနေတဲ့ ဈေးကွက် အခွင့်အလမ်းရှိတယ်”လို့ UNODC မှ မစ္စတာဗက်စ်တာက ဆိုပါတယ်။ ကမ္ဘာမှာ ကော်ဖီသောက်တဲ့ နှုန်းဟာ လွန်ခဲ့တဲ့ နှစ် ၅ဝ ကျော်မှာ ပျမ်း မျှအားဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းတက်လာတယ်လို့လည်း နိုင်ငံ တကာကော်ဖီအဖွဲ့အစည်း (International Coffee Organization) ရဲ့ ကိန်း ဂဏန်းတွေကို ကိုးကားပြီး သူက ပြော ပါတယ်။

မကြာသေးခင်နှစ်တွေကပဲ အာရှ ရဲ့ ကော်ဖီဈေးကွက်ဟာ ကမ္ဘာ့ကော်ဖီလုပ် ငန်းရဲ့ အာရုံစိုက်စရာနေရာ ဖြစ်လာတယ် လို့ မစ္စတာဗက်စ်တာက ဆိုတယ်။ ၁၉၉ဝ က စပြီး အာရှရဲ့ ကော်ဖီသောက်တဲ့နှုန်း မြင့်လာတာဟာ ကမ္ဘာမှာ မြင့်တက်တဲ့ နှုန်း အမြင့်ဆုံးဖြစ်လာတဲ့အပြင် နှစ်စဉ် ပျမ်းမျှ လေးရာခိုင်နှုန်း မြင့်တက်ရာက ၂ဝဝဝ က စလို့ ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ တက်လာတဲ့အတွက် ကော်ဖီထုတ်ကုန်ကို ဈေးကွက်နဲ့ ချိတ်ဆက်ဖို့လည်း အခွင့် အလမ်းတစ်ရပ် ရှိနေတယ်လို့ သူက ဆိုပါတယ်။

လာမယ့်အနာဂတ်မှာ တောင်သူ တွေကို အကောင်းဆုံးဈေးကွက်တွေနဲ့ ချိတ်ဆက်ပေးဖို့ အပါအဝင် ရေရှည်ထိန်း ထားနိုင်တဲ့ စစ်မှန်တဲ့ အပြောင်းအလဲတစ် ရပ်ကို ဖော်ဆောင်ဖို့အတွက် Green Gold Coffee Cooperative ကို ၂ဝ၁၅၊ ဇူလိုင်မှာ တည်ထောင်ထားခဲ့ပြီး ဖြစ်တယ် လို့ မစ္စတာဗက်စ်က ပြောပါတယ်။ လော လောဆယ် အဲဒီစီးပွားရေးလုပ်ငန်းမှာ တောင်သူအယောက် ၈ဝဝ လောက်ဟာ အစုရှယ်ယာရှင်တွေ ဖြစ်နေကြပြီလို့ သူက ဆိုပါတယ်။

တောင်သူတွေက တရားဝင်ဖြစ်တဲ့ အခြားအသက်မွေးဝမ်းကျောင်းအလုပ် တွေကို ပြောင်းလုပ်ဖို့ စိတ်အားထက်သန် တာကို တွေ့ရပေမယ့် UNODC အနေနဲ့ ရန်ပုံငွေအရနည်းတာကြောင့် ငွေကြေး မလုံလောက်တဲ့အတွက် ”တောင်သူတွေ လက်ခံယုံကြည်လာအောင် မစည်းရုံးနိုင် ဘူး”လို့ မစ္စတာဗက်စ်တာက ပြောပါတယ်။

UNODC ရဲ့ စီမံကိန်းတွေနဲ့ ပတ် သက်လို့ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ နယ်၊ ကျောက္ကချားကျေးရွာမှ ဒေသခံတစ် ဦးကတော့ သူ့အတွေ့အကြုံကို ခုလို ပြောပါတယ်။

သူ့အနေနဲ့ အရင်တုန်းက ဘိန်း အစားထိုးစီမံကိန်းအတွက် UNODC ကဲ့သို့ အခြားအဖွဲ့အစည်းတွေက ပေးတဲ့ ကြက်သွန်၊ ပန်းဂျုံစိုက်ပျိုးမှုနဲ့ ဝက်၊ နွား မွေးမြူရေးတို့ကို လုပ်ကိုင်တဲ့အခါမှာ အောင်မြင်မှုမရှိခဲ့တာကြောင့် စီမံကိန်း တွေအပေါ် မျှော်လင့်ချက် သိပ်မထား တော့ဘူးလို့ ဆိုပါတယ်။

ပြီးတော့လည်း အစားထိုးသီးနှံတွေ ထွက်လာတဲ့အချိန်မှာဝယ်ယူမယ့်သူမရှိတဲ့အပြင် စိုက်ပျိုးချိန်တုန်းကအကြွေးယူထားရတဲ့ မြေသြဇာဖိုးတွေအတွက် ရှိတာလေးနဲ့ ပြန်လျော်လိုက်ရတယ်လို့ အဲဒီတောင်သူက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့  သူတို့ဒေသ မှာ အခြားသောတောင်သူတွေ ကော်ဖီ ပင်စမ်းသပ်စိုက်ပျိုးတဲ့ စီမံကိန်းတွေ ရှိနေလို့ ကိုယ်တိုင်ကစိုက်ပျိုးချင်ပေမယ့် ဘယ်အဖွဲ့အစည်းတွေမှာတောင်းယူရ မယ်ဆိုတာကိုမသိရသလို  ”မရတဲ့လူက ခပ်များများဆိုတော့ ရတဲ့လူနဲ့ မရတဲ့လူ အငြင်းပွားနေရတာပေါ့”လို့ အထက်ပါ ကျောက္ကချားရွာဒေသခံတောင်သူက စီမံ ကိန်းတွေအပေါ် မှတ်ချက်ပေးပါတယ်။    ။

 

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

 

မင်းလွင် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here