Home ခရီးသွားဆောင်းပါး ပလက်ဝမြို့သို့ တစ်ခေါက် အပိုင်း(၁)

ပလက်ဝမြို့သို့ တစ်ခေါက် အပိုင်း(၁)

46
0
ဓာတ်ပုံ - ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

 လွှတ်တော်က ချပေးတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်းတစ်ထောင်နဲ့ ပတ်သက်လို့ စုံစမ်း လေ့လာမှုတွေ လုပ်ဖို့အတွက် ကျွန်တော် ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ထွက်ခဲ့ပါ တယ်။ ပလက်ဝမြို့ဟာ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ်ကိုးမြို့နယ်ထဲကမှ နယ်မြေ အကျယ်ပြန့်ဆုံးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံး မြို့တစ်မြို့ပါ။

          ပလက်ဝမြို့ကို သွားမယ်ဆိုရင် လမ်းကြောင်းက တစ်ခုပဲ ရှိပါတယ်။ ရန်ကုန်ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အထိ ကားစီး၊ ကျောက်တော်မြို့ကမှ တစ်ဆင့် ကုလား တန်မြစ်ကြောင်းအတိုင်း ပလက်ဝအထိ စက်လှေ စီးပြီး သွားရတဲ့လမ်းပါ။ အဲဒီလမ်းကပဲ ပလက်ဝကို ရောက်နိုင်ပါတယ်။

          ဒါကြောင့် ကျွန်တော့် ခရီး စဉ်ကို ရန်ကုန်-စစ်တွေ ပြေးဆွဲနေတဲ့ ကစ္ဆပအထူးခရီးသည်တင်ယာဉ် စီးပြီးတော့ စလိုက်ပါတော့တယ်။ ကား လက်မှတ်ကို တစ်ရက်ကြို တင်ဝယ်ခဲ့ပေမယ့် ခုံနံပါတ်က ရှေ့နားက မရခဲ့ပါဘူး။ ခုံနံပါတ် ၃၅ပဲ ရခဲ့ပါတယ်။ ရခိုင်ကို သွားတဲ့ ခရီးသည် များဟန်တူပါတယ်။

                   အဝေးပြေးက ထွက်လာတုန်းက ကား ထဲမှာ တချို့ခုံတွေဟာ နေရာလွတ်နေပေမယ့် လမ်းမှာ ခရီးသည်တွေ ထပ် တက်လာတာကြောင့် ခုံတွေ ပြည့်သွားပါတယ်။

ဒါ့အပြင် နောက်ထပ်ခရီးသည်တွေ ထပ်တက်လာတာကြောင့် ကားပေါ်က လူလျှောက်လမ်းမှာတောင် ပလတ်စတစ်ခုံတွေ ထပ် ထိုးလိုက်ရပါသေးတယ်။ ဒီလို လူလျှောက်လမ်းမှာ ပလတ်စတစ် ခုံတွေနဲ့ ဖြစ်သလိုထိုင်ရပေမယ့် ကားလက်မှတ်ခကတော့ ကျွန် တော်တို့လို ဘေးခုံထိုင်တဲ့ ခရီးသည်တွေ ပေးရတဲ့အတိုင်း တစ် ယောက်ကို ၂ဝ,၃ဝဝ ကျပ် ပါပဲ။

ဓာတ်ပုံ - ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ – ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

          ကစ္ဆပအထူးယာဉ်ဟာ အောင်မင်္ဂလာအဝေးပြေးကနေ မနက် ၈ နာရီမှာ စထွက်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကျော်၊ သုံးနှစ် လောက်ကဆိုရင် ရန်ကုန်-စစ်တွေ သွားတဲ့ကားလမ်းဟာ လမ်း ကြမ်းပါ။ ကားသွားလိုက်ရင် ဖုန် တွေ၊ သဲတွေ ထောင်းထောင်းထ လို့။ အခုနောက်ပိုင်းမှာတော့ ရခိုင်ကိုသွားတဲ့ ကားလမ်းတွေ အနည်းငယ်ကောင်းလာသလို အဝေးပြေးမော်တော်ယာဉ်တွေ ဟာလည်း အရင်ကထက်စာရင်တော့ ပိုကောင်းလာတာ တွေ့ ရပါတယ်။

          ဒါပေမဲ့လည်း ရန်ကုန်မှ နေပြည်တော်၊ မန္တလေး၊ တောင် ကြီး၊ မူဆယ်၊ လားရှိုးဘက်ကိုသွားနေတဲ့ ကားတွေနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင်တော့ အများကြီးကွာနေသေးတာပေါ့။ ယာဉ် မယ်ဆိုတာလေးတွေ မရှိသေးဘူး။ အဲကွန်းဖွင့်ထားတဲ့ မော်တော် ယာဉ်ထဲမှာ စောင်လေးခြုံ၊ ခေါင်းအုံးလေးနဲ့ စမတ်ကျကျ ကားစီး သွားနိုင်တဲ့ အခြေအနေတော့ မဟုတ်သေးဘူးပေါ့ဗျာ။

          ရန်ကုန်ကနေ မနက် ၈နာရီထွက်လာခဲ့တဲ့ ကစ္ဆပအထူး ယာဉ်ဟာ ပဒါန်းကို ညနေ ၆နာရီကျော်လောက်မှာ ရောက်ပါ တယ်။ ညစာစားပြီးတာနဲ့ ကစ္ဆပအထူးကားဟာ ရခိုင်ရိုးမပေါ် စတက်ပါတော့တယ်။ ရခိုင်ရိုးမကို တက်တဲ့အခါမှာတော့ ကစ္ဆပ အထူးယာဉ်ဟာ အထူးယာဉ်မဟုတ်တော့ပါဘူး။ဘာကြောင့်လဲ ဆိုတော့ အဲကွန်းပိတ်ပြီး တံခါးတွေ ဖွင့်လိုက်တာကြောင့်ပါ။

          တရွေ့ရွေ့သွားနေတဲ့ ကားပေါ်မှာ နိုးလိုက်၊ အိပ်လိုက်နဲ့ လမ်းပေါ်က မြို့တွေကို ဘယ်အချိန် ဖြတ်သွားမှန်းတောင် မသိ လိုက်ပါဘူး။ ကျောက်တော်ကားဂိတ်ကို ရောက်တော့ မနက် လေးနာရီထိုးနေပါပြီ။ နာရီ ၂ဝလောက် ကားစီးခဲ့ရတဲ့အတွက် ကားပေါ်က ဆင်းတော့ ခန္ဓာကိုယ်တစ်ခုလုံး  တောင့်တင်းလေးလံ နေပါတော့တယ်။ ကျွန်တော် ကျောက်တော် အဝေးပြေးဝင်းက နေ ပလက်ဝစက်လှေဆိပ်ကို ဆက်ထွက်ခဲ့တယ်။ ကစ္ဆပ မော်တော်ယာဉ်ကတော့ စစ်တွေမြို့ကို ခရီးဆက်လေရဲ့။

          သုံးဘီးဆိုင်ကယ်စီးပြီး ကျောက်တော်မြို့ကမ်းနားကို ကျွန် တော်ထွက်လာခဲ့တယ်။ ကျောက်တော်မြို့ကမ်းနားဟာ အလင်း ရောင်မဲ့ကာ မှောင်မည်းလို့ပါ။ ကုလားတန်မြစ် (ကစ္ဆပနဒီမြစ်) ကမ်းနားတစ်လျှောက်မှာ ကုက္ကိုပင်ကြီးတွေ အုပ်မိုးထားတာ ကြောင့် အမှောင်ထုဟာ ပိုမိုအားကောင်းနေပြီး ညဟာ ချောက် ချားနေသလိုပါ။ ပတ်ဝန်းကျင်မှာ လူသွားလူလာ မတွေ့ရသေး ပါဘူး။ မြစ်ကိုဖြတ်ကာ တိုက်ခတ်လာတဲ့ လေကလည်း အေးစိမ့် လို့ နေပါတယ်။

ပလက်ဝသို့ခရီးဆက်ခြင်း

          တည်းခိုခန်းမှာ အိပ်ဖို့စဉ်းစားမိပေမယ့် နောက်နှစ်နာရီ ဆိုရင် မိုးလင်းတော့မှာမို့ ကျွန်တော်ဟာ ပလက်ဝသွားမယ့် စက် လှေပေါ်ကိုတက်ပြီး အိပ်နေလိုက်တယ်။ စက်လှေပေါ် အခန့်သင့် ခင်းထားတဲ့ ဖျားပေါ်မှာ ပါလာတဲ့အိတ်ထဲက ပုဆိုးတစ်ထည်ကို ထုတ်ပြီး ခြုံအိပ်လိုက်တယ်။ ကုလားတန်မြစ်ကို ဖြတ်ပြီး တိုက် လာတဲ့ လေကလည်း တဟူးဟူးနဲ့ပါ။ အေးလွန်းလို့ ခန္ဓာကိုယ်ကို ကွေးထားရတာဟာ မေးစေ့နဲ့ ဒူးနဲ့ထိမတတ်ပါဘဲ။

          နောက်တစ်နာရီလောက်အကြာတော့ ပလက်ဝစက်လှေ စီးမယ့် ခရီးသည်တွေ စကားတပြောပြောနဲ့ တက်လာကြပါတယ်။ သူတို့ရဲ့ စကားသံတွေကြားတော့ ကျွန်တော်အိပ်ပျော်နေရာက နိုးလာတယ်။ ကမ်းခြေဘက်ကို လှမ်းကြည့်လိုက်တော့ မှောင် မည်းနေတဲ့ ကုက္ကိုပင်ကြီးအောက်မှာ လက်ဖက်ရည်ဆိုင်၊ ထမင်း ကြော်ဆိုင်၊ ကွမ်းယာဆိုင်တွေက မီးဖိုတွေနဲ့ ရေနွေးအိုးတည်နေ ကြတာဟာ သက်ငြိမ်ပန်းချီကားတစ်ခု လှုပ်ရှားအသက်ဝင်လာ သလို ပတ်ဝန်းကျင်တစ်ခုလုံးဟာ တဖြည်းဖြည်း လှုပ်ရှားအသက် ဝင်လာပါ တော့တယ်။

          စက်လှေမထွက်သေးတာကြောင့် ကျွန်တော် ကမ်းပေါ် တက်ပြီး ကုက္ကိုပင်အောက်က ထမင်းကြော်ဆိုင်မှာ ထမင်းကြော် တစ်ပွဲစားတယ်။ ကော်ဖီတစ်ခွက်သောက်လိုက်တယ်။ မြစ်ရဲ့တစ် ဖက်ကမ်းကို လှမ်းကြည့်လိုက်တော့ ကျောက်တော်တောင်ပေါ် က စေတီဟာ မြူခိုးတွေရဲ့နောက်ကွယ်မှာ မှုန်ပျပျနဲ့ပါ။ မနက် ၇နာရီကျော်ပေမယ့် နေလုံးကြီးကို မမြင်ရသေးပါဘူး။

          မနက် ၈နာရီမှာတော့ ပလက်ဝစက်လှေဟာ ကျောက် တော်ဆိပ်ကမ်းက ခွာပါတော့တယ်။ ကျွန်တော်တို့စီးလာတဲ့ စက်လှေဟာ ကုလားတန်မြစ်အတိုင်း တဒုတ်ဒုတ်နဲ့ ခုတ်မောင်း ကာ လေဆန်၊ ရေဆန်ကို ဆန်တက်နေရရှာတယ်။ လေက တဖြည်းဖြည်း ပိုတိုက်သလို ခံစားရတယ်။

          ကုလားတန်မြစ်ကြောင်းတစ်လျှောက်မှာတော့ ငါးဖမ်း စက်လှေတွေကို နေရာအနှံ့ တွေ့ရတယ်။ ကုလားတန်မြစ်ခေါ် ကစ္ဆပနဒီမြစ်ရေပြင်ကြီးမှာတော့ ရခိုင်တိုင်းရင်းသားတွေရော၊ ဘင်္ဂါလီလူမျိုးတွေပါ ငါးဖမ်းကြ၊ သွားလာနေကြပါတယ်။

          ကစ္ဆပနဒီမြစ်ရဲ့တချို့ ကမ်းစပ်မှာ အမျိုးသမီးတွေ ရေချိုး ကြ၊ အဝတ်လျှော်ကြ၊ ရေခပ်နေကြတာကိုလည်း တစ်ခါတစ်ရံ တွေ့ရပါတယ်။ မြစ်ရေခပ်နေကြတဲ့ အမျိုးသမီးတို့ဟာ လည်ပင်း ရှည်တဲ့ ငွေရောင်ကုလားအိုးကို ခေါင်းပေါ်မှာတစ်လုံး၊ ခါးစောင်း မှာ တစ်လုံး သယ်ကာ ရေခပ်သွားကြတဲ့မြင်ကွင်းဟာ ဒေသ တစ်ခုရဲ့ အမှတ်အသားအဖြစ် တွေ့မြင်ရပါတယ်။

          မြစ်ကမ်းဘေးတစ်လျှောက် သောင်ခုံတွေမှာဆိုရင် မြေပဲ၊ ပြောင်းနဲ့ မုန့်ညင်းပင်တွေဟာ မနက်ခင်းရဲ့ နေရောင်အောက်မှာ အပြိုင်အဆိုင်လှနေပါတယ်။ တဒုတ်ဒုတ်အသံပြုကာ မြစ် ရေပြင်မှာ ပျင်းတွဲတွဲသွားနေတဲ့ စက်လှေဟာ မြစ်လယ်ကောင် တစ်နေရာအရောက် ရေအောက်က ကျောက်ဆောင်တစ်ခုကို ရုတ်တရက် ဝင်တိုက်ပါတော့တယ်။ စက်လှေဟာ ဘယ်၊ ညာ ယိမ်းထိုးသွားတယ်။ စက်လှေဝမ်းထဲ ထိုင်နေတဲ့ ရခိုင်တိုင်းရင်းသူ အမျိုးသမီးတွေက ‘ဇာဖြစ်စွာလဲ၊ ဇာဖြစ်စွာလဲဟိုင်း’လို့ လန့်ဖျပ် ကာ ထအော်ကြတယ်။ (သူတို့အော်တာကတော့ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲလို့ အော်မေးတာပါ။)

          စက်လှေကို အရှိန်လျှော့ပြီး စက်လှေမှ ထိုးဝါးကန်တဲ့ လုပ် သားတစ်ဦးက ကျောက်ဆောင်နဲ့ တိုက်မိတဲ့ နေရာကို သွားကြည့် တယ်။ ပြီးတော့  ”ကျောက်ဆောင်ကို တစောင်းတိုက်မိစွာ(တာ)ဖြစ်လို့အကို၊ တည့်တည့်တိုက်ပ(ပစ်)လိုက်ဖို့(မယ်)ဆိုကေ(ရင်) စက်လှေကွဲ ရေ(တယ်)”လို့ သူက ကျွန်တော့်ကို ရခိုင်ဘာသာ စကားနဲ့ လာပြောပြတယ်။

          မြစ်ရေဟာ တချို့နေရာတွေမှာ တော်တော်လေးကို တိမ် တာကြောင့် စက်လှေဟာ သူ့လမ်းကြောင်းနဲ့သူ ကွေ့ကာ ပတ် ကာ သွားခဲ့ရတယ်။ ကျောက်ဆောင်ရှိတဲ့နေရာတွေမှာဆိုရင် မြစ် ကမ်းဘေးမှာ အနီရောင်အမှတ်အသားအလံတွေ ပြထားပါတယ်။

          စက်လှေကျောက်ဆောင်ကို ဝင်တိုက်လိုက်တာကြောင့် စက်လှေခေါင်မိုးပေါ်မှာ လှည့်ပတ်ပြီး မတ်တတ်ရပ် ဓာတ်ပုံ ရိုက်နေတဲ့ ကျွန်တော်ဟာ ရှေ့ဆက်မယ့် ခရီးအတွက် သတိထား ရပါတော့တယ်။ အခု စက်လှေ ကျောက်ဆောင်နဲ့ တိုက်တဲ့အချိန် မှာ ကျွန်တော်ထိုင်နေလို့ပါ။ မဟုတ်ရင်တော့ မြစ်ထဲ ကျွမ်းပစ်ကျ သွားနိုင်တယ်။

          ကျွန်တော်တို့စီးလာတဲ့ စက်လှေဟာ ကျောက်တော်မြို့နယ် က ကျေးရွာတွေဖြစ်တဲ့ ကျောက်ဂူစု၊ အလယ်ကျွန်း၊ ရွှေပြည်သစ်၊ ရွှေပြည်ဟောင်း၊ တင်းမ စတဲ့ ရခိုင်ကျေးရွာတွေနဲ့ ဘင်္ဂါလီ ကျေးရွာတချို့ကို စက်လှေပေါ်ကနေ တွေ့ခဲ့ရတယ်။ တချို့ရွာတွေ မှာဆိုရင် ကလေးတွေ စောစောစီးစီး ဘောလုံးကန်နေကြတယ်။ ဒီရွာတွေကို ကျွန်တော်တို့ စီးလာတဲ့ စက်လှေဟာ ပျင်းတွဲတွဲနဲ့ ဖြတ်ကျော်လာခဲ့တယ်။

          နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့နယ်ကို နယ်မြေခွဲခြားသတ်မှတ်ထားတဲ့ ကျောက် တော်မြို့နယ်ထဲက မီးဝကျေးရွာကို ရောက်ပါတယ်။ အဲဒီရွာလွန် ပြီး ခဏအကြာ နောက်တစ်ခေါက်ကမ်းကပ်တော့ ကျွန်တော်တို့ နေ့လယ်စာစားကြတယ်။ ပလက်ဝမြို့နယ်ထဲက ဗွီဟုန်းရဲကင်းရှေ့ မှာရှိတဲ့ ဝါးထရံကာထားတဲ့ ထမင်းဆိုင်မှာ စားကြတာပါ။ နေ့ လယ်စာစားပြီး စက်လှေပြန်ထွက်လာတော့ ကျောက်တော်မြို့ နယ်ဟာ မှုန်ပျပျမြူခိုးတွေနဲ့အတူ တဖြည်းဖြည်း အဝေးမှာ ကျန်နေခဲ့ပါတယ်။

          နောက်နာရီဝက်လောက် ခုတ်မောင်းပြီး ပလက်ဝက်မြို့ နယ်ထဲက နှမဒါကျေးရွာမှာ လူတင်၊ လူချလုပ်ပြီး ပြန်အထွက်မှာ ရေတိမ်နေလို့ စက်လှေကမ်းတင်နေပါသေးတယ်။ အစမှာတော့ စက်လှေလုပ်သားတွေက ထိုးဝါး၊ စက်အားနဲ့ကန်ကာ စက်လှေကို ကမ်းက ခွာတယ်။ စက်လှေက နည်းနည်းမှ မလှုပ်။ အဲဒီတော့ စက်လှေမှာပါတဲ့ ခရီးသည်တွေ အကုန်ဆင်းရတယ်။ ဒါပေမဲ့ စက်လှေက သောင်တင်နေတုန်းပါ။ ပထမ လူဆယ်ယောက်နဲ့ ဝိုင်းတွန်းတယ်။ မရဘူး။ နောက်တော့ ကျွန်တော်အပါအဝင် ခရီး သည်သုံးဆယ်လောက် ဝိုင်းတွန်းလိုက်မှ စက်လှေဟာ ရေနက်ထဲ ဆင်းသွားတယ်။

ကုလားတန်မြစ်ဝမှာ ရေချိုးနေကြသူများ ။ ဓာတ်ပုံ – ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

ပလက်ဝမြို့

          ပလက်ဝကို ပုံမှန် မွန်းလွဲ နှစ်နာရီရောက်ရမယ့် စက်လှေက ညနေသုံးနာရီခွဲမှ ပလက်ဝမြို့ဆိပ်ကမ်းကို ဦးဆိုက်ပါတော့တယ်။ ပလက်ဝမြစ်ဆိပ်မှာတော့ အုတ်နဲ့ပြုလုပ်ထားတဲ့ အနီရောင်ဆိုင်း ဘုတ်ပေါ်မှာ ‘မင်္ဂလာပါ ပလက်ဝမြို့’ ဆိုတဲ့ အဝါရောင်စာတန်းက ကျွန်တော့်ကို ဆီးကြိုနေတယ်။ စက်လှေပေါ်ကနေ ပလက်ဝမြို့ကို ကြည့်မယ်ဆိုရင်တော့ ခေါင်းကို မော့ကြည့်ရတယ်။ အုတ်လှေ ကားတွေအတိုင်း တက်သွားမှ မြို့ပေါ်ကိုရောက်တာပါ။ လှေကား ထစ်ပေါင်း တစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။

          ပလက်ဝမြို့က ကုလားတန်မြစ်ရဲ့ ကမ်းနဖူးတောင်ကုန်း ထက်မှာ တည်ရှိတာပါ။ ရပ်ကွက်သုံးရပ်ကွက်ရှိပါတယ်။ အဲဒီမှာ ပြောတဲ့ ဘာသာစကားက ရခိုင်၊ ခူမီး စကားသံတွေကို အများဆုံး ကြားရပါတယ်။ မြို့နဲ့ မျက်နှာချင်းဆိုင်မှာတော့ အိန္ဒိယကုမ္ပဏီ တစ်ခုက အကောင်အထည်ဖော်နေတဲ့ ကုလားတန်မြစ်စီမံကိန်း (စစ်တွေ-ပလက်ဝ)ဆိပ်ကမ်းတစ်ခုကိုတွေ့ရပါတယ်။ မြို့အောက် မှာရှိတဲ့ မြစ်ကမ်းစပ်မှာတော့ ယောက်ျား၊ မိန်းမ အသက်အရွယ် မျိုးစုံ ရေချိုးနေကြပါတယ်။

          ကျွန်တော်တို့ စီးလာတဲ့ စက်လှေ ဆိပ်ကမ်းကပ်တော့ ခန္ဓာကိုယ်မှာ ကြိုးတွေသိုင်းထားတဲ့ အမျိုးသမီးတစ်စု စက်လှေ ရှိရာကို ဆင်းလာကြတယ်။ အားလုံးက အမျိုးသမီးတွေချည်းပါပဲ။ ကျွန်တော့်စိတ်ထဲ နည်းနည်းတော့ ထူးဆန်းနေတယ်။ ဘာလုပ်ဖို့ ဆင်းလာကြတာလဲလို့ စဉ်စားမိတယ်။ သူတို့ထဲမှာ အသက် နှစ်ဆယ်အရွယ်ကနေ အသက် ၆ဝ ဝန်းကျင်အထိ ပါတာ တွေ့ ရတယ်။

          နောက်မှ သိလိုက်ရတာက သူတို့တွေအားလုံးဟာ ကူလီ ထမ်းကြတဲ့ အမျိုးသမီးတွေပါ။ သူတို့ ခန္ဓာကိုယ်ကကြိုးတွေဟာ ဗြက်သုံးလက်မခန့်ရှိတဲ့ ကြိုးအပြားတွေပါ။ သူတို့ဟာ အဲဒီကြိုး တွေကို နှဖူးပေါ်တင်ပြီး ကျန်တဲ့ကြိုးကွင်းကို ကျောကုန်းပေါ် အသီးသီးသိုင်းချထားကြတယ်။ အဲဒီကြိုးကွင်းထဲမှာတော့ စက် လှေပေါ်မှာပါတဲ့ ဆန်အိတ်၊ ကုန်စုံဆိုင်ပစ္စည်း၊ ဆီဘူး၊ ခရီးသည် တွေရဲ့ ခရီးဆောင်အိတ် စတာတွေကို သူတို့က အသီးသီး သယ် သွားကြပါတယ်။

          သူတို့ဟာ ထဘီကို ခြေသလုံးပေါ်အောင် ခပ်တိုတိုဝတ် ထားတာကြောင့် အညိုရောင်သန်းနေတဲ့ သူတို့ရဲ့ခြေသလုံးက ကြွက်သားတွေဟာ အမြောင်းလိုက်ထလို့ပါ။ သူတို့ဟာ ကျော ပေါ် က ဝန်တွေကို ပုံမှန်ပဲ သယ်သွားကြတယ်။ မြို့ပေါ်ရောက်တော့ ကူလီထမ်းကြတဲ့ အမျိုးသမီးတွေတော့ ဘယ်လိုနေမယ်မသိ။ကျောပိုးအိတ်တစ်လုံးသာ သယ်ပြီး တက်လာတဲ့ ကျွန်တော်က တော့ အပေါ်ရောက်တဲ့အခါ မောဟိုက်နေတော့တာပဲ။

          ကျွန်တော် သူတို့ကို စိတ်ဝင်စားလို့ မေးကြည့်တော့ သူတို့ ယောက်ျားသားတွေဟာလည်း တခြားမှာ နေ့စားအလုပ်လုပ်နေ ကြတယ်လို့ အမျိုးသမီးကြီးတစ်ဦးက ပြောပြပါတယ်။

          ပလက်ဝမြို့ပေါ်ရောက်တော့ ဖုန်တထောင်းထောင်းထနေ တဲ့လမ်းက ကျွန်တော့်ကို ဆီးကြိုနေပါတယ်။ ကားလမ်းက ကတ္တရာ လမ်းပါ။ ဒါပေမဲ့ လမ်းကဟောင်းနွမ်းနေပြီး ကတ္တရာ မရှိတော့တာကြောင့် ကျောက်ခဲတွေဟာ အလုံးလိုက် သီးခြား စီဖြစ်နေကြတယ်။ ဆိုင်ကယ်တစ်စီး ဖြတ်မောင်းသွားတဲ့ အခါမှာ ဖုန်တွေဟာ ကျွန်တော့် နှာခေါင်းထဲ၊ မျက်စိထဲ အလုံးလိုက် ပြေး ဝင်လာတယ်။

          ပလက်ဝမြို့ဟာ တခြားမြို့တွေလို ဆိုက်ကားနင်းသူ၊ ဆိုင် ကယ်ကယ်ရီမောင်းသူတွေကို မတွေ့ရပါဘူး။ ကိုယ့်အိတ်ကိုယ် ထမ်း။ ကိုယ့်ခြေနဲ့ ကိုယ်လမ်းလျှောက်ရတာပါ။ သင်္ဘောဆိပ်လမ်း အတိုင်း ဆက်သွားလိုက်တာနဲ့ လဝက(အထူးအဖွဲ့)၊ မြို့နယ်စည် ပင်သာယာရုံး၊ ပလက်ဝမြို့ဈေး စသဖြင့် ဆက်တိုက်တွေ့ရတယ်။ ဈေးရဲ့ ခေါင်မိုးသွပ်တွေပေါ်မှာလည်း ဖုန်တွေ ပေကျန်နေပါတယ်။

ရန်ကုန်ကတည်းက ကြိုတင်ဖုန်းချိတ်ထားတဲ့ ‘ဇော်’ဆိုတဲ့ တည်း ခိုခန်းကို ကျွန်တော်လိုက်ရှာလိုက်တယ်။ ပလက်ဝမြို့မှာက တည်းခိုရိပ်သာ နှစ်ခုတည်းရှိတဲ့အတွက် ထွေထွေထူးထူးတော့ မရှာရပါဘူး။ တည်းခိုခန်းတွေက နေအိမ်နဲ့ တွဲဖက်ဖွင့်ထားတာပါ။

          တည်းခိုခန်းပိုင်ရှင် ဦးအေးသောင်းက ”အရင်တုန်းကဆို ဒီမြို့ကိုလာတဲ့သူတွေ တည်းခိုဖို့အတွက် အရမ်းခက်ခဲတယ်။ တည်းခိုခန်းမရှိဘူး။ ကျွန်တော့် သူငယ်ချင်းတွေလာရင် ဒီအိမ်မှာ ပဲ တည်းကြရင်းနဲ့ တည်းခိုခန်းဖွင့်ဖြစ်သွားတာ”လို့ ဆိုပါတယ်။

          နှစ်ရက်နဲ့ တစ်ညကားစီး၊ စက်လှေစီးကာ ပင်ပန်းလာတဲ့ အတွက် တည်းခိုခန်းရောက်တော့ ရေကို တဝကြီးချိုးပစ်လိုက် တယ်။ ညနေငါးနာရီကျော်တာနဲ့ နေဝန်းကြီးဟာ တောင်တန်း ကြီးရဲ့နောက်ကွယ်ကို ကွယ်သွားပါပြီ။ အဲဒီနောက်မှာတော့ အအေးဓာတ်ကလည်း နည်းနည်းပိုလာပြီ။ ပလက်ဝမြို့ဟာ ကျောက်တော်ထက် အအေးဓာတ်ပိုပါတယ်။

          ညစာကို ဈေးအနားက ထမင်းဆိုင်မှာ သွားစားလိုက်တယ်။ ဟင်းက ကြက်သားနဲ့ ဝက်သားဟင်းသာ ရှိပါတယ်။ အဝစား ၁,၅ဝဝကျပ်ပါ။ ထမင်းစားပြီးတော့ ကျွန်တော် အင်တာနက်ဆိုင် လိုက်ရှာတယ်။ ကြံ့ခိုင်ရေးပါတီရုံးမှာ သုံးလို့ရတယ်ဆိုလို့ သွား ကြည့်တော့ လက်တော့ပ်ကွန်ပျူတာတွေကို ကီးဘုတ်နဲ့ ချိတ် ဆက်ထားတာပါ။

          အင်တာနက်သုံးရင် တစ်နာရီကို ၁,ဝဝဝကျပ်ပါ။ အင် တာနက်လိုင်းကို ဖွင့်ကြည့်လိုက်တော့ အစိမ်းရောင် စက်ဝိုင်း လေးက လည်နေတယ်။ နာရီဝက်လောက်ကြာမှ အီးမေးလ်နဲ့ ဖေ့စ်ဘွတ်ခ်ပွင့်လာတယ်။

          အဲဒီမှာ GSM ဖုန်းလိုင်းမမိပါဘူး။ CDMA 800 MHz နဲ့ CDMA 450 MHz လိုင်းမိတယ်။ ဒါကြောင့် ကျွန် တော့်မှာပါသွားတဲ့GSM ဖုန်းဟာသီချင်းနားထောင်ဖို့ပဲ အသုံး ဝင်တော့တယ်။ အဲဒီမှာ Touch Screen ဟန်းဆက် အသုံးပြုတာ ကို မတွေ့ရ။ Keypad ဟန်းဆက်တွေသာ အသုံးပြုကြပါတယ်။ အဲဒီမှာ CDMA 800 နဲ့CDMA 450 ဖုန်းတစ်လုံးကို တစ်သိန်း ကျော်ကနေ နှစ်သိန်းကျော်အထိ ဈေးပေါက်တယ်လို့ ဖုန်းဆင်း ကတ်ရောင်းသူတစ်ဦးက ပြောပြတယ်။

ပလက်ဝမြို့နယ် နမဒါကျေးရွာအနီး စက်လှေသောင်တင်နေပုံ ။ ဓာတ်ပုံ - ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း
ပလက်ဝမြို့နယ် နမဒါကျေးရွာအနီး စက်လှေသောင်တင်နေပုံ ။ ဓာတ်ပုံ – ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

          ”ဝ၉ ၄၉ xxxxxနဲ့စတဲ့ ဆင်းကတ်ဆိုရင် နှစ်သိန်းသုံး သောင်းကျတယ်။ ဝ၉ ၇၃ xxxxx နဲ့စတဲ့ဖုန်းဆိုရင် တစ်သိန်းသုံး သောင်းနဲ့ရောင်းတယ်”

          ဒါကြောင့် ရန်ကုန်မှာ ဖုန်းကိုင်နိုင်ဖို့က လွယ်ကူသွားပေ မယ့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှာတော့ ဖုန်းကိုင်ရဖို့ဆိုတာ မလွယ်သေးပါဘူး။  ပလက်ဝမြို့ပေါ်က အိမ်တိုင်းမှာ အနည်းဆုံး အစိုးရဝန်ထမ်းနှစ်ယောက်လောက်ရှိတယ်လို့ သိရပါတယ်။ သူ တို့ဟာ ဒီလိုလမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့နေရာမှာ တာဝန် ထမ်းဆောင်ရတဲ့အတွက် လစာကို နှစ်ဆရကြပါတယ်။ အဲဒါ ကြောင့် အစိုးရဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့သာ ဖုန်းကိုင်နိုင်ကြပါတယ်။

          အင်တာနက်အသုံးပြုပြီးနောက် ကျွန်တော်တည်းခိုခန်းကို ပြန်လာတော့ ရှစ်နာရီခွဲကျော်နေပါပြီ။ အအေးဓာတ်ဟာ ပိုပြီး အေးလာနေပါပြီ။ အအေးဓာတ်တွေ လွှမ်းခြုံနေတဲ့ ပလက်ဝမြို့ရဲ့ တစ်ညတာဟာ မကုန်ဆုံးနိုင်တော့သလို ခံစားမိတယ်။ ခြုံထား တဲ့ စောင်ဟာ အအေးဓာတ်ကို လုံလောက်အောင် ကာကွယ်ပေး နိုင်စွမ်း မရှိပါဘူး။

          နောက်နေ့ မနက်မိုးလင်းတော့ ဖွံ့ဖြိုးရေး ရန်ပုံငွေသိန်း တစ်ထောင်လုပ်ငန်းမှာပါတဲ့ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင် အထည်ဖော်တဲ့အဖွဲ့က မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းနဲ့ သွားတွေ့ခဲ့ပါတယ်။ နေ့လယ်မှာ မြို့နယ်ဖွံ့ ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးထောင် ဝှေ့နဲ့ တွေ့ခွင့်ရပါတယ်။ ညနေဘက်မှာတော့ ခူမီး(ခမီး)အမျိုး သားပါတီဥက္ကဋ္ဌ ဦးကျော်ထွန်းနဲ့ တွေ့ခဲ့ပါတယ်။

          ညနေစောင်းမှာတော့ ကျွန်တော် ပလက်ဝမြို့ကို လှည့်ပတ် ကြည့်လိုက်တယ်။ တောင်ပေါ်မှာ ဘုရားနဲ့ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို တွေ့ရတယ်။ ပလက်ဝ မြို့ပေါ်မှာတော့ ရပ်ကွက်က သုံးရပ်ကွက်ပဲရှိပါတယ်။ အိမ်ခြေက တစ်ထောင်ကျော်ပါ။ မြို့ပေါ်မှာနေတဲ့ လူဦးရေစုစုပေါင်းက တစ် သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ပလက်ဝမြို့ပေါ်က လူ နေအိမ်အများစုဟာ သစ်သားကို အခြေခံဆောက်ထားတဲ့ အိမ် တွေက အများစုပါ။ အုတ်နဲ့ဆောက်ထားတဲ့ နှစ်ထပ်တိုက်အိမ် တချို့ကိုလည်း တွေ့ရတယ်။

          ကျွန်တော်မြို့အောက်ဘက် မြစ်ကမ်းနားဘက်ကို ဆက် လျှောက်သွားလိုက်တယ်။ မြစ်ကမ်းဘေးမှာ အမျိုးသမီး၊ အမျိုး သားအရွယ်စုံ ရောနှောကာ ရေချိုးနေကြတာကို တွေ့ရတယ်။ အပျိုအရွယ်၊ လူပျိုအရွယ်တွေလည်းပါပါတယ်။ သူတို့ကို ကြည့် ရတာဟာ  အဆန်းမဟုတ်သလို။ တစ်ဦးနဲ့ တစ်ဦး စနောက်နေ ကြတာလည်း မရှိပါဘူး။ နွေရာသီဆိုရင် သူတို့ဟာ ဒီလိုပဲ မြစ် ရေချိုးကြပါတယ်။ မိုးရာသီဆိုရင်တော့ စည်ပင်က ပေးတဲ့ရေကို အသုံးပြုကြပါတယ်။ အဲဒီအချိန်ဆိုရင် မြစ်ရေဟာ ရေစီးသန် တယ်လို့ ဆိုကြပါတယ်။ ကုလားတန်မြစ်ရေဟာ သူတို့အတွက် ချိုးရေလည်း ဟုတ်တယ်၊ သုံးရေလည်း ဟုတ်တယ်။ သောက်ရေ လည်း ဒီမြစ်ရေပါပဲ။

          နွေရာသီမှာဆိုရင် ပလက်ဝစည်ပင်က မြို့ထဲကို သုံးရက် တစ်ကြိမ် ရေပေးပါတယ်။ ဒါပေမဲ့ သုံးရက်နေလို့မှ ရေမလာတဲ့ နေ့တွေလည်း ရှိတယ်လို့ မြို့သူမြို့သားတို့က ဆိုပါတယ်။ ပလက် ဝမြို့သူ၊ မြို့သားတွေဟာ ရေချိုကုလားတန်မြစ်ကို ရှေ့မှာထားပြီး မြို့ပေါ်မှာ ရေရှားနေကြတယ်။          ။

၂၀၁၅၊မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၁)မှ ခရီးသွားဆောင်းပါးဖြစ်သည်။

ခင်မောင်မြင့် ရေးသည်။

အပိုင်း(၂)သို့

LEAVE A REPLY

Please enter your comment!
Please enter your name here