Home စာအုပ်အညွှန်း ပါရီကျဆုံးခန်းကို ပြန်လည်ခံစားကြည့်ခြင်း

ပါရီကျဆုံးခန်းကို ပြန်လည်ခံစားကြည့်ခြင်း

36
0

ဒီဇင်ဘာ-၂၀၁၂ – ဇန်န၀ါရီ-၂၀၁၃ထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။

ဝင်းဇော်လတ် ရေးသည်။

ခေါင်းဆောင်တွေက တိုင်းပြည်ကံကြမ္မာထက် ကိုယ်မဲရဖို့လောက်သာ ကြည့်နေကြသည်။ ခေါင်းဆောင် အချင်းချင်း ပါလီမန်ထဲတွင် တိုက်ကြခိုက်ကြ၊ အပြင်ဘက်တွင် ခြေပုန်း ခုတ်ကြ၊ ခြေထိုးကြနှင့် အချိန်ကုန်နေစဉ်တွင် ဟစ်တလာသည် ပါရီမြို့တွင်းသို့လမ်းလျှောက် ၍ ဝင်လာခဲ့သည်။ ပါရီသည် ဘာလုပ်ရမှန်း မသိဘဲ ဟစ်တလာ၏တပ်များကို ငေးကြည့် ရင်းက ဝါးမျိုခံလိုက်ရသည် . . .

၁။ ၂ဝဝ၂ ခုနှစ် ဆောင်းဦးရက်များ။ ရိုးပြတ်တောကိုဖြတ်သန်းပြီးမှ ရောက်ရ သော ဒဂုံတက္ကသိုလ်၏ နှင်းနှင့်မြူတို့ ရောထွေးနေသော နေ့ရက်များမှာ ဖြစ် သည်။ ကံကော်မြိုင်တန်းမရှိ၊ သစ်ပုတ်ပင် မရှိ၊ အဓိပတိလမ်းမကြီးမရှိ၊ အင်းလျား ရေပြင်ကျယ်မရှိ။ မလေးရှားပိတောက်နှင့် ပင်လယ်ကဗွီးပင်များအောက်တွင်ထိုင်ရင်း ကျွန်တော်တို့သည် ခေတ်ကြီးကို ဒေါသ ထွက်နေကြသည်။ ထိုအချိန်ကကျွန်တော်တို့မှာ ကျောင်းစာမှအပဖြစ်သော  စာအုပ်တွေကို ဝါးစားသလို ရှာဖွေ ဖတ်ရှုနေသော စာရှုးပေရှုး ပေါက်စနလေးတွေ။

            တစ်ရက်မှာ စာဖတ်သက်ရင့်သော အစ်ကိုကြီးတယောက်က ဖတ်သင့်သည့် စာအုပ်တွေကို ကျွန်တော်တို့ အတွက် ညွှန်းသည်။ ထိုအထဲမှာ “ပါရီကျဆုံးခန်း”ဆိုသည့် စာအုပ်အမည်လည်း ပါလေသည်။ သူအညွှန်း ကောင်းသဖြင့် ကျွန်တော်တို့သည် ပါရီကျဆုံးခန်းဆိုသည့် စာအုပ်ကို မဖတ်ဖူးခင်ကပင် စွဲလမ်း နေတော့သည်။ ရှာဖွေခဲ့ကြသည်။ သို့သော် မတွေ့ခဲ့။

            ကျွန်တော်တို့ ရိုးပြတ်တောကို ခွာခဲ့ ကြသည်။ တက္ကသိုလ်၏ ပြင်ပကမ္ဘာသည် ကြမ်းရှစွာ ဆီးကြိုနေသည်။ ရိုးပြတ်တော တက္ကသိုလ်မှသည် မိဘလက်ငုတ် လက်ရင်းဖြစ်သော တကယ့်လယ်ယာ လုပ်ငန်းခွင်ထဲသို့ ကျွန်တော်တို့ ပြန်ရောက် သွားသည်။ ဂီတာသံနှင့်အဝေး၊ ကဗျာရွတ်သံ များနှင့်အဝေး၊ ကောင်မလေးတွေ၏ ခပ်လွင်လွင် ရယ်သံများနှင့်အဝေး၊ စာအုပ် တွေနှင့်အဝေး..။ သို့သော် ပါရီကျဆုံးခန်း ဆိုသည့်အမည်သည်ကား ကျွန်တော်တို့ နှင့်အတူ ပါလာခဲ့လေသည်။

            နှစ်အချို့ကြာပြီးနောက် ကျွန်တော် တို့သည် မြို့ပြကတ္တရာလမ်းမပေါ်သို့  ပြန်ရောက်လာကြပြန်သည်။ ပန်းဆိုးတန်းရှိ လမ်းဘေးစာအုပ်အဟောင်းအရောင်းဆိုင်များ ကြမ်းပိုးထိုးရင်း ၂ဝဝ၉ခုနှစ်၏ တစ်ခုသော နွေရာသီညနေခင်းတွင် ကျွန်တော်တို့သည် ပါရီကျဆုံးခန်းကို မမျှော်လင့်ဘဲတွေ့ရလေသည်။ ဝမ်းသာ လိုက် သည့်ဖြစ်ခြင်း။ သို့သော် စာအုပ်ကသုံးတွဲ ဖြစ်လေရာ ယခု ပထမတွဲနှင့် တတိယတွဲ ကိုသာတွေ့ရပြီး ဒုတိယအတွဲမပါချေ။ ဒီလိုနှင့် ပထမနှင့်တတိယတစ်အုပ်ကို ဖတ်ပြီး ဒုတိယတွဲကို အာသာငမ်းငမ်းရှာ ခဲ့ရသည်။ နောက်ဆုံး ကံအားလျော်စွာ နှစ်နှစ်နီးပါး ရှိကာမှ ဒုတိယတွဲကိုရှာဖွေ၍ ရခဲ့လေသည်။ ဆယ်နှစ်နီးပါး ရှာပုံတော်  ဖွင့်ခဲ့ရသော“ပါရီကျဆုံးခန်း”ဆိုပါတော့။

            ဆရာမြသန်းတင့် ဘာသာပြန်ထားသော “ပါရီကျဆုံးခန်း”သည် ၁၉၈၃ ခုနှစ်က ထုတ်ဝေခဲ့သည်။ စာအုပ်အရွယ် က ၁၆ ချိုးနှင့် အတွဲသုံးတွဲခွဲထားပြီး စာမျက်နှာပေါင်း(၁,၄၉၆)ရှိသည်။ ပထမ အကြိမ် ပုံနှိပ်ပြီးကတည်းက ထပ်မံပုံနှိပ် ခြင်း မရှိသဖြင့် ဈေးကွက်တွင် ရှာရဖွေရ အခက်ဆုံးစာအုပ်ထဲက တစ်အုပ်ဖြစ်ခဲ့ ပါသည်။ လာမည့် နှစ်(၂ဝ၁၃)ဆိုလျှင်ပင် နှစ်သုံးဆယ် ရှိတော့မည်။

၂။ မူရင်းဝတ္တုရေးသူမှာ အီလျာ အာရင်ဘတ်(IIya Ehrenberg)ဖြစ်သည်။  မြန်မာစာဖတ်ပရိသတ်နှင့် မစိမ်းလှသော စာရေးဆရာတစ်ဦးလည်း ဖြစ်ပါသည်။ ဆရာမြသန်းတင့်၊ ဒဂုန်တာ ရာတို့နှင့်လည်း ၁၉၆၁ ကမ္ဘာ့ငြိမ်းချမ်း ရေး လှုပ်ရှားကာလများတွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင်ဆုံခဲ့ဖူးသည်။ သူ၏ အထင်ကရလက်ရာဖြစ်သည့် အမှတ်ရ ချက်များ“Men, Years – life” ကိုပင် ဆရာမြသန်းတင့်က “လူများ- သက္ကရာဇ် များ-ဘဝ”အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး ဖြစ်သည်။

            ပါရီကျဆုံးခန်းသည် ဒုတိယ က္ဘမာစစ်မဖြစ်ခင်က ပါရီ၏ ရုပ်ပုံလွှာကို ရေးထားခြင်းဖြစ်သည်။ ဟစ်တလာ၏ ဖက်ဆစ်ဝါဒသည် ဥရောပတိုင်းပြည်များ အပေါ်တွင် ခြိမ်းခြောက်နေသည်။ ထိုအချိန်  ပါရီ၏ နိုင်ငံရေး ရုပ်ပုံကားသည်မှာ ပန်းစကြာမှန်ပြောင်းကို လှည့်ကြည့်ရ သလို မှောင်လိုက်၊ လင်းလိုက်၊ ဖြူလိုက်၊ နီလိုက်နှင့် ရောင်စုံယှက်ပြေးလျှက်။ နိုင်ငံ ရေးအခြေအနေက “တစ်နေ့ရွှေ၊ တစ် နေ့ငွေ” ဆိုသလိုမျိုးဖြစ်သည်။

            လွှတ်တော်အမတ်တွေက မိမိတို့ မဲရဖို့လောက်သာ အားသန်နေကြသည်။ ပါလီမန်ထဲက စကားစစ်ထိုးပွဲများသည် ကား ပုဂ္ဂိုလ်ရေး၊ အယူအဆရေးများဖြင့် ညံစီလျက်ရှိသည်။ အခုစာကလေး၊အခုဆီထမင်းကြော်ဆိုသလို မနေ့က လက်ဝဲ ယိမ်းသူသည် ဒီကနေ့ လက်ယာပါတီ ဘက် ပြောင်းချင်ပြောင်းသွားသည်။ မိမိ ကိုယ်မိမိ ဆိုရှယ်လစ်ဟု ကြွေးကြော် ထားသူက ဒီညနေတွင် လာဘ်ငွေယူပြီး မနက်ဖြန် ကွန်မြူနစ် ဖြစ်ချင်ဖြစ်သွား သည်။ နိုင်ငံရေးအရ ခြေပုန်းခုတ်မှုများ လည်း ဒုနှင့်ဒေးဖြစ်သည်။ သတင်းစာ သမားများက ငွေရှင်ကြေးရှင်များနှင့် ပေါင်းနေကြသည်။ ငွေရှင်ကြေးရှင်တွေက နိုင်ငံရေးသမားများကို ကြိုးကိုင်ထား သည်။  လူထုက မျက်စိလည်နေသည်။

            နိုင်ငံရေးသမားများက လွှတ်တော် ထဲတွင် စကားများနေချိန်၊ အလုပ်သမား တွေက သပိတ်တွေတစ်လုံးပြီးတစ်လုံး မှောက်နေသည်။ လူထုက သူတို့အိမ် ပေါက်ဝသို့ မကြာမီရောက်လာတော့မည့် ဖက်ဆစ်ဝါဒအရိပ်မည်းကြီးကို တွန်းလှန် ချင်နေသည်။ အစိုးရအဖွဲ့ကမူ အချင်းချင်း ခြေပုန်းခုတ်နေသည်။ အာဏာရရေး လုံး ပမ်းနေသည်။ နောက်ထပ်ရွေးကောက်ပွဲ အတွက် ကြိတ်ကြံနေကြသည်။ ဖက်ဆစ် လိုလားသည့် နိုင်ငံရေးအဖွဲ့အစည်းများ ကလည်း တိတ်ဆိတ်စွာ ကြံစည်နေသည်။ စစ်ကြီးဖြစ်မှာမဟုတ်ဘူးဟု အစိုးရသည် လူထုကို လှည့်စားထားသည်။

            တစ်ချိန်တည်းမှာပင် ပါရီမြို့ကြီး သည် စည်ကားလျက်။ ကပွဲများတွင် လူတွေကြိတ်ကြိတ်တိုးနေကြသည်။ ကဖေးများတွင် လူတွေက ရယ်ရယ် မောမော။ ဖန်ခွက်ချင်းထိသံ၊ တွတ်ထိုးသံ များဖြင့် ပျော်ရွှင်နေကြမြဲ။ ရှောင်ဇေလီ စေး လမ်းမကြီး၏ မှောင်ရိပ်ကျသော ထောင့်များတွင်မူ နမ်းနေသော စုံတွဲများ ကိုမြင်နေရသည်။ မိတ်ကပ်ထူထူ လိမ်း ထားသော ပြည့်တန်ဆာများက လမ်းသွားလမ်းလာများကို မြှူနေသည်။ မြေအောက်တိုက်ခန်းများတွင်မူ အလုပ် သမားတွေက မနက်ဖြန် သပိတ်မှောက် ကြဖို့ ခေါင်းချင်းရိုက်နေကြသည်။ လွှတ် တော်အမတ်တစ်ဦးကမူ အရက်ခွက်ကို ကိုင်ရင်း  သူ့မယားငယ်ကလေးကို ပြည် တည်တည်ကြည့်လျက်။

၃။ “ကျွန်တော့်ရဲ့ ပါရီကျဆုံးခန်း ဝတ္တုမှာ ဇာတ်ဆောင်တွေ အများကြီးပါပေမယ့်  ဇာတ်လိုက်တစ်ယောက်မှ မပါဘူးလို့ ဝေဖန်ရေးဆရာတစ်ယောက်က ရေးသွား တယ်။ ကျွန်တော့်အထင်ကို ပြောရမယ်ဆို ရင်တော့ ဒီဝတ္တုရဲ့ဇာတ်လိုက်ဟာ ပါရီမြို့ ကြီးပဲ”ဟု အာရင်ဘတ်က ပြောခဲ့သည်။

            ပါရီကျဆုံးခန်းတွင် အလုပ်သမား ခေါင်းဆောင် မစ်ရှော။ ရိုးရိုးအအနှင့် စိတ်ရင်းကောင်းပြီး နိုင်ငံရေး စိတ်ဝင် စားသော အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ပီယာ၊ အာဏာရဖို့ ဘာမဆိုလုပ်နေသည့် လွှတ်တော်အမတ် တက်စ။ အဖေနှင့် ပြဒါးတစ်လမ်းသံတစ်လမ်း နိုင်ငံရေး လမ်းကြောင်းရွေးချယ်သွားသည့် တက်စ၏ သမီးကျောင်းသူကလေး ဒင်းနိစ်၊ အမတ်တက်စ၏ သားတစ်ဦးဖြစ် သော လူဆန်း။ သူကတော့ အနုပညာ သမားယောင်ယောင်၊ တော်လှန်ရေး သမားယောင်ယောင်နှင့် အကျင့်ပျက်နေ သူ။ စက်မှုလုပ်ငန်းရှင်ကြီး ဒက်ဇာ။ ဖက် ဆစ်ခေါင်းဆောင် ဘရီကျူး။ ကျောင်း ဆရာမကလေး အဂ္ဂနိ။ နိုင်ငံရေးကို စိတ် မဝင်စားသည့် ပန်းချီဆရာ အန်ဒရေ။ ပြီးတော့ ကချေသည်မကလေး ဂျဲနက်တို့ သာပါဝင်ပြီး ပါရီနှင့် ပြင်သစ်လူထု၊ စစ် ကြိုခေတ်ဥရောပနိုင်ငံရေးအခင်းအကျင်း များနှင့် ရက်ဖောက် ရေးပြသွားသည်။

            ပါရီကျဆုံးခန်းတွင် ကြွနေသော ဇာတ်ရုပ်မှာ လွှတ်တော်အမတ် တက်စ ဖြစ်သည်။ စက်မှုလုပ်ငန်းရှင်ကြီး ဒက်ဇာ ကတော့ ပြင်သစ်နိုင်ငံရေးကို နောက်ကွယ်မှ ကြိုးကိုင်နေသူ။ ဘရီကျူးက တော့ ဖက်ဆစ်လိုလားသူ။  တက်စက သူ့ အာဏာကလေးမြဲဖို့အတွက် ဘယ်သူ နှင့်ပေါင်းရ ပေါင်းရဆိုသူဖြစ်သည်။ နိုင်ငံ ရေးအရ ကျောရိုးမရှိသူ။ ရွေးကောက်ပွဲ တွင် ရှုံးမလိုဖြစ်နေရာမှ နိုင်ငံရေးကုလား ဖန်ထိုးပြီး မဲဆန္ဒနယ်မှ ပြိုင်ဘက်မရှိ အရွေးခံခဲ့ရသည်။ ပြီးတော့ ပြင်သစ်ပြည် ကြီးကိုကယ်တင်မည့်သူမှာ သူ့အပြင် အခြားမရှိဆိုပြီး ဘဝင်တစ်လုံးနှင့်ဖြစ်နေ၏။

            သူ့သားလူဆန်းကတော့ အနုပညာ သမားယောင်ယောင်ဖြင့် နိုင်ငံရေးအရ မယ်မယ်ရရ မရှိသူတစ်ဦးဖြစ်သည်။ စိတ် ကူးနှင့် နိုင်ငံရေးလုပ်နေသည်။ ဘာကိုမှ လည်း တကယ်တမ်းယုံကြည်သည် မဟုတ်။ မိန်းမလှကလေးများနှင့် အတူ အိပ်သည်။ သူတစ်ပါးမယားနှင့် ကြာခို သည်။ သူ့အဖေ့ တက်စကိုကျတော့လည်း ဘဝင်မကျ။ နိုင်ငံရေးအရ အာဏာရနေ ဖို့နှင့် ရပြီးအာဏာ ဆက်လက်တည်မြဲ စေဖို့ ဘာမဆိုလုပ်မည့် အဖေကို မယုံ ကြည်သော်လည်း ငွေတော့ မှန်မှန် တောင်း သည်။

            သူ့သမီး ဒင်းနစ်ကတော့ ကျောင်းသူ ကလေး။ ခပ်အေးအေးနေသော်လည်း နိုင်ငံရေး ဒီရေမြင့်နေသည့် ပါရီ၏လူထု အစည်းအဝေးပွဲတစ်ခုတွင် ကွန်မြူနစ် မစ်ရှောနှင့် တွေ့ ခဲ့သည်။ ထိုမှနိုင်ငံရေး တွင် စိတ်ဝင်စားလာခဲ့သည်။ သူ့အဖေ ပါဝင်သည့် ပြင်သစ်အစိုးရအဖွဲ့၏ အကျင့် ပျက်မှုနှင့် ဖောက်ပြန်သော နိုင်ငံရေး ကစားကွက်များကို တဖြည်းဖြည်းသိ လာပြီးနောက်ရွံ့လာသည်။ နောက်ပိုင်း အိမ်မှ ထွက်သွားပြီးစက်ရုံတစ်ခုတွင် အလုပ် လုပ်သည်။ အလုပ်သမား သပိတ် များတွင် အားတက်သရော ပါဝင်နေသည်။

            တက်ကြွသည့် အလုပ်သမားခေါင်း ဆောင်တစ်ဦးဖြစ်သည့် မစ်ရှောက သူတို့ အလုပ်လုပ်နေသည့် “ဆိန်း” လေယာဉ်ပျံ စက်ရုံကို သပိတ်မှောက်သည့်အခါ ခေါင်း ဆောင်သည်။ စက်မှုလုပ်ငန်းရှင်ကြီးဒက်ဇာက သူ့အလုပ်သမားတွေ သပိတ် မှောက်တာကို ဘယ်အထိမှောက်နိုင် မလဲဆိုပြီး အကဲစမ်း၍ ကြည့်နေသည်။ အရင်က ပေါ်ခဲ့သော သပိတ်များနည်းတူ အချိန်တန်တော့လည်း ပြီးသွားမှာပါဟု သာ သဘောထားသည်။  အလုပ်သမား တို့က အောင်ပွဲနှင့် နီးလာတော့မှ ပျာယီး ပျာယာဖြစ်လာသည်။

            ဘရီကျူးက သူ့ဖက်ဆစ်အမာခံ လက်ရုံးတပ်သားများကိုခေါ်ပြီး သပိတ် မှောက်နေသော အလုပ်သမားများထံ ရောနှောဝင်ရောက်ကာ သူ့လူကိုယ့်ဘက် သားလုပ်ခိုင်းသည်။ နောက်ဆုံး ဆူဆူ ပူပူဖြစ်လာသည်ဆိုပြီး သပိတ်ကို ဖြိုခွဲ မည့်အကြံနှင့်ဖြစ်သည်။ သို့သော် သွေး စည်းသော အလုပ်သမားထုကို မလွန်ဆန် နိုင်ဘဲ နောက်ဆုံးတွင် ဒက်ဇာလည်း အ လျှော့ပေးလိုက်ရသည်။ ထိုနှစ်က တစ်လုံး ပြီး တစ်လုံးပေါ်လာသော ပြင်သစ်ပြည်၏ သပိတ်များအနက် အောင်မြင်သော သ ပိတ်တစ်လုံးဖြစ်ခဲ့သည်။ သပိတ်၏ အောင်ပွဲကိုကြည့်ပြီး ပါရီလူထုသည် စိတ်အားတက်ကြွနေကြသည်။

            ပါရီသည် သွားမြဲဆက်သွားနေ သည်။ ဘရီကျူးက ဖက်ဆစ်တွေနှင့် လက်သိပ်ထိုးထားသည်။ ပြင်သစ်ပြည် ထဲတွင် အမာခံ လက်ရုံးတပ်ဖွဲ့များကိုဖွဲ့ ထားပြီး လူထုနှိပ်ကွပ်ရေး လုပ်ငန်းများ တွင် အသုံးပြုရန်ပြင်ဆင်နေသည်။ သူက ဘယ်အစိုးရခေါင်းဆောင်ကိုမှ အထင် ကြီးသူတော့မဟုတ်။ ပြင်သစ်ပြည်ကို လူ ရမ်းကားတွေ တက်အုပ်ချုပ်ခဲ့သည်ဟု သတ်မှတ်ထားသည်။ ပြင်သစ်ပြည်ကြီးကို အပြောင်းအလဲဖြစ်လိုလျှင် အကြမ်း ပတမ်းလုပ်မှဖြစ်မည်ဟု သူကယူဆသည်။ မူဆိုလီနီ အကြမ်းပတမ်းလုပ်သဖြင့် အီတလီနာလန်ထူခဲ့သည်။ ဟစ်တလာက မာ့က်စ်ဝါဒကို သံဒလှိမ့်ဖြင့် နင်းချေခဲ့ပြီဟု ဘရီကျူးကယုံကြည်သည်။ ထိုအားကျ စိတ်ဖြင့် ဖက်ဆစ်တပ်ဖွဲ့များကို လျှို့ဝှက် စည်းခဲ့သည်။

            သူ့တပ်ဖွဲ့ထဲတွင် စိတ်ကူးယဉ်သူ၊ လူမိုက်၊ ကြီးပွားလိုသည့် စွန့်စားရေး သမား၊ လက်စားချေလိုသူများလည်း ပါ ဝင်သည်။ အစိုးရအား အန်တုသော လူထု သပိတ်များတွင် ကြားဝင်ပြီး တိုက်ခိုက် သည်။ လူထုသွေးထွက်သံယိုဖြစ်အောင်လုပ်ပြီး အစိုးရကို သွေးစွန်းစေခြင်းဖြင့် သိက္ခာချရန်ကြိုးစားသည်။

၎။ပြင်သစ်မှာ နိုင်ငံရေးအရ ရှုပ်ထွေး နေချိန် စပိန်တွင်လည်း သမ္မတနိုင်ငံ အစိုးရကို ဖက်ဆစ်ဖရန်ကို၏ တပ်ဖွဲ့များ က မတ်ဒရစ်မြို့အနီးတွင် တိုက်ခိုက် နေကြသည်။ ပြင်သစ်ပြည်သည် ဖက်ဆစ်ဝါဒ တစ္ဆေကြီးမိမိတို့အိမ်ပေါက်ဝသို့ရောက် လာနေသည်ကို စိုးရိမ်တကြီးဖြင့်မြင်နေရသည်။

            တိုးတက်သည့် ပြင်သစ်များက စပိန်ပြည်သူများ၏ ဖက်ဆစ် တွန်းလှန် တိုက်ပွဲတွင် အကူအညီပေးရန် အစိုးရကို တွန်းအားပေးသည်။ “ဆိန်း”လေယာဉ် စက်ရုံမှ အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ပီယာက ဒေါသထွက်နေသည်။ သူတို့က စပိန်ပြည်သူတို့အား လက်နက်ထောက်ပံ့ ရန်ကြိုးစားကြည့်သော်လည်းအချည်းနှီး ဖြစ်သည်။ အစိုးရက တစ်ဘက်လှည့်နှင့် မသိချင်ယောင်ဆောင်နေသည်။ စပိန် မှာဖြစ်နေသည့် ပြဿနာများနှင့် ခပ်ကင်းကင်းနေလိုသည်။ ဖက်ဆစ်တွေနှင့် အလျှော့အတင်းလုပ်ဖို့သာ ပါလီမန် ထဲမှာပြောနေသည်။ ဟစ်တလာ၊ မူဆို လီနီစသည့် ဖက်ဆစ်တို့နှင့် သဟဇာတ မျှ စွာပူးပေါင်းခြင်းသည် အမြော်အမြင်ရှိ သော အစိုးရတစ်ရပ်ဖြစ်သယောင် လူထုကို သတင်းစာများမှတစ်ဆင့် ဝါဒဖြန့်ထားသည်။

            မစ်ရှောတို့ အလုပ်သမား တစ်သိုက်ကတော့ စပိန်ပြည်သို့ သွားတော့ မည့် အပျော်တမ်းတိုက်ခိုက်ရေး အဖွဲ့များ ဖွဲ့စည်းထားသည်။ ဖရန်ကို၏ ဖက်ဆစ် များကို ခုခံနေသည့် စပိန်ပြည်သူများအား ကူ ညီရန် သူတို့ပါဝင်တိုက်ခိုက်ကြမည်ဖြစ် သည်။ ဟစ်တလာက လက်နက်ထောက်ပံ့ ထားသော ဖရန်ကိုတပ်များက စပိန်ပြည် သူတွေအပေါ်နေ့စဉ်နှင့်အမျှ ဗုံးတွေ ကြဲချ နေချိန်တွင် တက်စတို့၏ လွှတ်တော် အမတ်များသည် အစိုးရ အမြော်အမြင် ရှိ သောကြောင့်သာ ပြင်သစ်ပြည်ကြီးမှာ အဆိုပါ အနိဋ္ဌာရုံများမှ ကင်းလွတ်ရသည် ဟု ဆိုနေလေသည်။

            “ကျွန်တော်တို့၏ အစဉ်အလာကြီး သောပြင်သစ်လူမျိုး၏ ဥာဏ်အမြော် အမြင်ကြောင့် ဤအနိဋ္ဌာရုံတို့ကို မမြင်ရ တော့ပြီ”ဟု ဂျိုလီယော့ကရေးသည်။ သူ သည် အစိုးရထံမှ၊ အစိုးရကို ကြိုးဆွဲနေ သော လုပ်ငန်းရှင်များထံမှ ငွေယူပြီး အလိုကျ ရေးပေးနေသော သတင်းစာ တစ်စောင်၏ ပိုင်ရှင်ဖြစ်သည်။

            ဝန်ကြီးချုပ်ဗီလွန်းနှင့် ဗီးလာ့ဒ်တို့ ၏ အမိန့်အရ ပြင်သစ်အစိုးရသည် စပိန်နယ်စပ်ကို ပိတ်ထားလိုက်ပြီး ပြင်သစ်မှ အပျော်တမ်းတပ်ဖွဲ့ဝင်များ တစ်ဖက်သို့ မကူးနိုင်အောင် ပိတ်လိုက်သည်။သို့ သော်လည်း အသီးသီးသည် ကိုယ့်အစီ အစဉ်နှင့်ကိုယ် နယ်စပ်မျဉ်းကို ကူးခဲ့ကြ သည်။ စပိန်ပြည်သူများနှင့်အတူ မစ်ရှောတို့ ပြင်သစ်အလုပ်သမားများသည် ဖက်ဆစ်တို့ ကို ခုခံတိုက်ခိုက်နေသည်။

            “ကျူပ်တို့ဟာ သူတို့အတွက်တိုက် နေကြတာလို့ စပိန်လယ်သမားတွေက ပြောကြတယ်။ အမှန်ကတော့ မဟုတ် ဘူးဗျ။ ကျုပ်တို့ဟာ ပါရီအတွက် တိုက် နေကြတယ်။ ပြင်သစ်ပြည်ကြီးအတွက် တိုက်နေကြတာ”ဟု မစ်ရှောကပြောသည်။

၅။ တက်စကတော့ အစိုးရကို ဖြုတ်ချ ဖို့ ကြိုးစားနေသည်။ ဝန်ကြီးချုပ်ဗီးလာ့ဒ်၊ ဘရီကျုးတို့ကတော့ ပါရီနိုင်ငံရေး စင် မြင့်တွင် စကားလုံးများဖြင့် တစ်ဖက်စီ ပေါက်နေကြဆဲ။ စင်အောက်တွင်မူ ခြေပုံး ခုတ်နေသည်။ ပြည်သစ်ပြည်တွင် ပြည်သူ့ တပ်ဦးအနိုင်ရပြီး အစိုးရဖြစ်နေသည်မှာ နှစ်နှစ်နီးပါးရှိနေပြီ။ စီးပွားရေး အခြေ အနေကောင်းနေပြီဟု စီးပွာရေး ပါရဂူတို့ က ရေးနေကြသည်။

            ငြိမ်သက်နေသည့် အပေါ်ယံ မျက် နှာပြင်အောက်တွင်မူ ပြင်သစ်ပြည်သူ များ၏ မကျေနပ်မှုက ခိုအောင်းနေလေ သည်။ ဇွန်လ အလုပ်သမားသပိတ်များ ကြောင့် ကုန်ဈေးနှုန်းတွေကြီးမြင့်ရသည်ဟု ငွေရှင်ကြေးရှင်တွေက ပြောသည်။ အလုပ်သမားတွေကလည်း လူနေစရိတ် ကြီးမြင့်မှုကြောင့်မကျေနပ်ကြ။ သပိတ် တွေက တစ်လုံးပြီးတစ်လုံးပေါ်လာမြဲပင် ဖြစ် သည်။ ဖက်ဆစ်တွေကလည်း စစ်အဖွဲ့ အစည်းများကို ပြောင်ပြောင် တင်းတင်း ဖွဲ့ကြ၏။ ဘရီကျူးကတော့ တစ်နှစ်လုံး ခြိမ်းခြောက်တိုက်ခိုက်မှုများကို ဦးစီးလုပ် နေသည်။ မီးရထား မိုင်းထောင်သည်။ ဓနရှင်များကို ခြိမ်းခြောက်လိုသည့်အခါ ကုန်သည်ကြီးများအသင်းတိုက်တွင် ဗုံးခွဲသည်။

            ပြီးတော့ ကွန်မြူနစ်တို့၏လက်ချက် များဟု သတင်းလွှင့်သည်။ အစိုးရကတော့ ဒီအဖျက်လုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်ရှိသလဲဆိုတာ ဖော် ထုတ်ရမည်ဟု ဆင်ဝှေ့ရန်ရှောင်ပြော၏။ ပြည်သူ့တပ်ဦးကို မဲပေးထားသော ပြည် သူများက အဆိုပါအကြမ်းဖက်မှုများကို ကိုင်တွယ်ရန် ဖိအားပေးသောအခါ  အစိုး ရသည် မြေတိုက်ထဲမှ လက်နက် အနည်း ငယ်နှင့် ဘရီကျူး၏ အမာခံတပ်သား တ ချို့ကိုအဖမ်းပြလိုက်သည်။ ထို့နောက်           ”လုပ်ကြံမှုကြီးကို ဖော်ထုတ်လိုက်ပြီ” ဟု ခပ်တည်တည်ဆိုလေသည်။

            လူဆန်းကတော့ ဘရီကျူးနှင့် ပေါင်းပြီး ပြည်သူ့တပ်ဦး အစိုးရဖြုတ်ချ ရေးအစီအစဉ်တွင် သူလျှိုလုပ်ပေးနေလေ သည်။ တက်စကလည်းအကြံနှင့် ဖြစ် သည်။ အစိုးရပြုတ်ကျလျှင်လည်း အရေး မကြီး။ဘယ်အစိုးရတက်တက် သူ့အတွက် ဝန်ကြီးတစ်နေရာရဖို့သာလိုသည်။ ထို အတွက် ချသင့်သူကိုချမည်။ ကလိန်ကျ သင့်သူကိုလည်း ကျရမည်။ ဖားတန်သူကို လည်း ဖားရမည်။ ကိစ္စမရှိ။  လူဆန်းက လည်း သူ့အဖေ တက်စ၏ ထံမှသူလျှိုပြန် လုပ်သည်။ တက်စသိသော အခါ ဒေါသ ထွက်ပြီး သူ့မိန်းမကို အော် ပြော သည်။

            “မင်းသားက သူလျှိုကွ၊ သူလျှို၊ ဂျာမန်တွေအတွက် အလုပ်လုပ်ပေး နေတယ်”

            နိုင်ငံရေး နားမလည်ဟု တက်စ ယူဆထားသည့် သူ့မိန်းကပြန်ပြောသည်။

            “ ကျွန်မ မပြောဘူးလား။ နိုင်ငံ ရေးက ညစ်ပတ်ရတဲ့အလုပ်လို့။ အခု တော့ သားကြီးက ရှင့်အတုတွေ ရကုန် တာပေါ့။ ဂျာမန်တွေနဲ့ တည့်အောင် ပေါင်းရမယ်။ စေ့စပ်ရမယ်။ ဟစ်တလာက ကွန်မြူနစ်သောရက်ဇ်ထက် ပိုကောင်း တယ်လို့ ရှင်ပဲပြောခဲ့တယ်မဟုတ်လား။ အခုသားကြီးက ဂျာမန်တွေ အတွက် လုပ်တာ ဘာဆန်းလဲ”

            တက်စငိုင်နေသည်။ ညအိပ်ရာ ဝင်သောအခါ အိပ်မက်ဆိုးများ မက်ရင်း ဝူးဝူးဝါးဝါး အော်နေလေသည်။

            လွှတ်တော်ထဲမှာတော့ အမတ် တွေက ဝန်ကြီးချုပ်ဗီလွန်းကို အယုံ အကြည်မရှိကြောင်း အဆိုတင်သွင်းပြီး မဲ ခွဲသောအခါ မိမိတို့ရရှိမည့် မဲအရေ အတွက်ကို စိတ်ဖြင့်တွက်နေကြသည်။ ပျော့စိစိဖြစ်နေသည့် ပြည်သူ့တပ်ဦးကို ဖြုတ်ချဖို့လည်း ဘရီကျူးတို့ အင်အားစု တွေက အောက်လမ်းနည်းပေါင်းများစွာကို သုံးသည်။

            ပြည်သူ့တပ်ဦးပြုတ်ကျသွားပြီး နောက် တက်စသည် နောက်ထပ် အစိုးရ တွင် ဝန်ကြီးတစ်နေရာ ရလာသည်။ သတင်းထောက်များ၏ ကင်မရာ မီး မောင်းများအောက်တွင် လွှတ်တော် အမတ်များသည် ညက အောင်ပွဲခံရင်း သောက်ခဲ့သော အရက်နံ့ပင် မပြယ်ကြ သေး။  လွှတ်တော်ဧည့်ခန်းဆောင်တွင် အမူးမပြယ်သေးသော အမတ်များသည် ဒယီးဒယိုင်ဖြစ်နေကြသည်။

            ပါရီ၏ လမ်းမပေါ်မှ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သည့် လီဂရေး ကမူ ကျိန်ဆဲနေလေသည်။

            “ရဲဘော်တို့ အခုရာသီကို နွေဦးလို့ ခေါ်ကြမလား။ ကျွန်တော်ကတော့ မခေါ်ချင်ဘူးဗျ။ ဒါဟာနွေဦးမဟုတ်ဘူး ။ ကျက် သရေ မရှိတဲ့ အမင်္ဂလာအခါကြီး”

၆။ လူထုက စစ်ကြီးဖြစ်တော့မည် လော ဟု  တစ်ယောက်ကိုတစ်ယောက် ပြောရင်း ပူပန်နေကြသည်။ တက်စကမူ ပြည်သစ် ပြည်ကြီး လုံခြုံငြိမ်းချမ်းကြောင်း လူတွေ့တိုင်းပြောနေသည်။ ကြာလာသည့် အခါ သူကိုယ်တိုင်ပင် သူ့စကားကို သူယုံ ချင်သလိုဖြစ်လာ၏။ ဘာလင်မှ ကြေး နန်းသတင်းများအရ စစ်ဖြစ်ဖို့က နီး သထက်နီးလာပြီ။ ဟစ်တလာက ချက်ကို စလိုဗက်ကီးယားကို ဝင်တိုက်ဖို့လုပ်နေပြီ။ ချက်ကိုစလိုဗက်ကီးယား၏ အချုပ်အခြာ အာဏာကို ကာကွယ်ပေးထားသော နိုင်ငံကြီးများက ဟစ်တလာ၏ ရန်ကို ကာကွယ်ပေး ရန်တောင်းဆိုလိုက်သော အခါ ပြင်သစ်အစိုးရအဖွဲ့ထဲမှာ ခေါင်းချင်း ရိုက်ရတော့သည်။ တက်စကဘရီကျူး ဆီမှ အကြံတောင်းသည်။ ဖက်ဆစ်လို လားသော ဘရီကျူးက ”ဝင်တိုက်လို့ မဖြစ်ဘူး”ဟုဆို လေသည်။

            နောက်ဆုံးတွင် ဗြိတိန်ဝန်ကြီးချုပ် ချိန်ဘာလိန်က ဟစ်တလာနှင့် စေ့စပ် တော့မည်ဆိုသည့်အခါ တက်စပြုံးလာ သည်။ သူတို့အစိုးရမှာ ဘာတာဝန်မှ မရှိ တော့။ သူများလုပ်သလို လိုက်လုပ်ရုံသာ။

လူထုကမူ နဝေတိမ်တောင်ဖြစ်နေသည်။ စစ်ကြီးဖြစ်မည်လား၊ မဖြစ်ဘူးလား။ ပြင် သစ်ပြည်၏ ဓနရှင်များကမူ အလျှော့ပေး ရေးသမား“ချိန်ဘာလိန်”ကို ချစ်နေကြ လေပြီ။ ငြိမ်းချမ်းရေး တမန်တော်ကြီးဟု ကင်ပွန်းတပ်ကြသည်။ ပါရီ၏ တချို့လမ်း များကို ချိန်ဘာလိန်လမ်းဟု အမည်ပေး သည်အထိဖြစ်နေသည်။

            ပါရီကတော့ လှုပ်လှုပ်ရွရွ ဖြစ်နေ လေသည်။ စပိန်ပြည်တွင်းစစ်ဖြစ်စကပင် ပါရီတွင် နှစ်ခြမ်းကွဲနေသည်။ ပညာတတ် အလွှာက ရွှေပြည်အေးဝါဒ၊ မေတ္တာဝါဒ ကို တွင်တွင်ပြောပြီး စစ်ပွဲကို မုန်းတီးနေ ချိန် အလုပ်သမားရပ်ကွက်များတွင်မူ မကြာမတင်လာတော့မည့် စစ်ကြီး၏ အလာအလာများကိုကြည့်ပြီး ဘယ်သူမှ စိတ်ချမ်းသာခြင်းမရှိကြ။ သူတို့သည် ကျူးကျော်သူများကို တိုက်ခိုက်ရန် ရှေ့ တန်းစစ်မျက်နှာပြင်သို့ ထွက်သွားနေ ကြ သည်။ ဖက်ဆစ်များကို တိုက်ရန်ဖြစ်သည်။

ဘရီကျူးကမူ လွှတ်တော်အစည်းအဝေး တခုတွင် ဘယ်တော့မှ စစ်မဖြစ်ဘူးဟု ပြောနေလေသည်။

            “အခုတိုက်နေတာ ကွန်မြူနစ် ဝါဒကိုသာဖြစ်တယ်။ ကွန်မြူနစ်ဝါဒရဲ့ အန္တရာယ်က ကာကွယ်ပေးမယ့်သူဟာ ဟစ်တလာ တစ်ဦးတည်းသာရှိတယ်”ဟု လည်းဆို၏။

            နိုင်ငံရေးအပြောင်းအလဲတွေက တော့ ပါရီမှာ တစ်နေ့ထက်တစ်နေ့ မရိုး နိုင်အောင်ဖြစ်နေကြတုန်းပါ။ လွှတ် တော်ထဲတွင် အာဏာလုနေကြတုန်း။ အာဏာမြဲဖို့ သူတော်ချင်းချင်း သီတင်း လွေ့လွေ့ ပေါင်းဖက်တွေ့နေကြတုန်း။ ရန်သူနှင့် လေပြေထိုးနေတုန်း..။ အမတ် များက မယားငယ်ကလေးများနှင့်အတူ ဝိုင်နီကို စုပ်နေတုန်း။ အကြံသမားတွေက ခြေပုန်းခုတ်နေတုန်း..။ တက်စသည် သူ့ မယားငယ်ကလေး ပေါလက်ကို သန်သန် မာမာ ယောက်ျားတစ်ယောက်နောက် ပါသွားမှာ စိုးနေတုန်း။

            ထိုအချိန်တွင် ပါရီသည် ထိတ် ထိတ်ပျာပျာဖြစ်စပြုလာနေပြီ။

၇။ နောက်ဆုံးမှာတော့ ပြည်သစ်ပြည် နယ်ခြားမျဉ်းနားသို့ ဂျာမန်တပ်များသည် ရောက်လာသည်။ အစိုးရကမူ ဟစ်တလာ နှင့် စေ့စပ်ဆွေးနွေးငြိမ်းချမ်းရေး လုပ်ထားသည်။ မည်သို့မှပြဿနာမရှိဟု လူထုကိုလှည့်ပတ်ထားသည့်တိုင် တ ဖြည်းဖြည်း နီးနီးလာနေသော သေနတ်သံများ၊ အမြောက်သံများ၊ ဗုံးသံများကို ကြားရသောအခါ စိုးရိမ်ထိတ်လန့်နေ လေသည်။ ညညဆိုလျှင် ဥသြဆွဲသံများ ကြောင့် ပါရီမြို့သူမြို့သားများသည် ကောင်းကောင်းအိပ်ရသည်ဟု မရှိတော့။

“ဂျာမန်တွေက နယ်စပ်ဖြတ်ရုံလေးရှိပါ သေးတယ်ဗျာ။ ကျွန်တော်တို့က ကြိုကြို တင်တင်ကာကွယ်တာပါ။ ပါရီမြို့ကြီးကို ကိုယ်ကျိုးစွန့်တဲ့ စိတ်ဓာတ်တွေ ပေါ်လာအောင် လေ့ကျင့်ပေးနေတာပါ” ဟု တက်စ ခပ်ပြုံးပြုံးပြောနေသည်။

            ရှေ့တန်း စစ်မျက်နှာသို့ တပ်သား သစ်များကို စုဆောင်းပေးပို့နေရသည်။ အလုပ်သမားများ ရှေ့တန်းစစ်မျက်နှာသို့ ပို့သောအခါ အလုပ်သမားရှားပါးမှုသည် လွှတ်တော် အမတ်များ ခေါင်းကိုက်စရာ ဖြစ်လာသည်။

            ဒီ့နောက်ကွယ်တွင်မူ အစိုးရသည် လူဖမ်းပွဲများကို ခပ်ကြမ်းကြမ်းလုပ်သည်။ ကွန်မြူနစ်တွေဟု သမုတ်ပြီး အလုပ် သမားတွေကိုဖမ်းတော့သည်။ အဖမ်း အဆီးများကို စာရင်းအတိအကျဖြင့် ပြု လုပ်သည်။ ဘာမဟုတ်ညာမဟုတ် အကြောင်းကလေးများနှင့်လည်း တချို့ အဖမ်းခံရလေသည်။ တစ်ယောက်ဆိုလျှင် လက်သီးဆုပ်ကို မြှောက်မိ၍။ တစ် ယောက်ကမူ “အင်တာနေရှင်နယ်” သီချင်းကို လေချွန်မိ၍ဖြစ်၏။ အခြား တစ်ယောက်မှာမူ “ကရင်မလင်နန်း တော်”ပုံကို အိမ်နံရံတွင်ချိတ်မိ၍ စ သဖြင့်။

            တက်စကမူ လူဖမ်းပွဲ အစီရင်ခံစာ များကို ကြည့်ရင်း ရင်တုန်နေသည်။ အောင်မလေးလေး နေရာတကာမှာ ကွန် မြူနစ်တွေ စိမ့်ဝင်ထိုးဖောက်နေပါကလား ဟုလည်း တစ်ကိုယ်တည်းဆို၏။ ဟုတ်သည်။ အပျော်တမ်းငါးမျှားအသင်း၊ ရပ် ကွက်လုံးဆိုင်ရာ စစ်တုရင်အသင်း၊ ခြေ လျင်နှင့် တောင်တက်အဖွဲ့ စသဖြင့် ဒီ အသင်းတွေသည်လည်း ကွန်မြူနစ်   လက်အောက်ခံအဖွဲ့အစည်းတွေဖြစ်လို့ နေသည်။ အစိုးရသည် သူ့ကိုယ်သူ လှည့်စားနေလေသည်။

            ဘရီကျူးကလည်း ကွန်မြူနစ် အမတ်တွေကို သတ်ပစ်ရမည်ဟု ကြိမ်းပြန်သည်။ သူတို့က မြို့လူထုက ရွေးကောက်ထားသည့် အမတ်များဖြစ် ကြောင်း တက်စကပင် သတိပေးရလေ သည်။ တက်စကတော့ သူ့ကိုယ်သူ သူတော်ကောင်းကဲ့သို့ အဖမ်းအဆီးခံ ကွန်မြူနစ်အမတ်တွေကို ကယ်ချင်သည်။ ထို့ကြောင့် တတိယကွန်မြူနစ် အင်တာ နေရှင်နယ်အဖွဲ့နှင့် မပတ်သက်ကြောင်း ဝင်ခံလျှင် ပြန်လွှတ်ပေးမည်ဟု အဖမ်း ဆီးခံ အမတ်တွေကို သိမ်းသွင်းသည်။ သို့သော်  တစ်ဖက်က ငြင်းလိုက်သော အခါ အလကားတစ်ယူသန်တွေဟု ဆိုလေသည်။

            တိုင်းပြည်ကတော့ စိုးတထိတ် ထိတ်။ အစိုးရက ဟစ်တလာသည် သူတို့ မိတ်ဆွေသဘောမျိုး တွင်တွင်ပြောရင် စစ်ကြီးသည် ပြင်သစ်တို့နှင့် ဝေးကွာ သယောင် လူထုကို မှိုင်းတိုက်ထားသည်။ စစ်ပွဲအတွက် ပြင်ဆင်ထားခြင်းမရှိသဖြင့် လည်း ရှေ့တန်းစစ်မျက်နှာတွင် စစ်သား တွေက လက်နက်နှင့် လူအင်အား မလုံ လောက်သဖြင့် စိတ်ဓာတ်ပျက်ပြားနေကြ သည်။ စစ်သားစုဆောင်းရေးလုပ်သော အခါ အင်ဂျင်နီယာ  ပီယာလည်းပါသွား သည်။ လူဆန်းလည်းပါ၏။ နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေချင်သည့် ပန်းချီဆရာ အင်ဒရေလည်း ပါသွားသည်။ သူတို့သည် အစိုးရကို အမြောက်သံတွေ ကြားထဲမှ နေ၍ ကျိန်ဆဲနေကြလေသည်။

            မည်သူမျှ စစ်ကြီးအတွက် ပြင်ဆင် ထားခြင်းမရှိသည့်အချိန်တွင် စစ်ကြီး သည် ဖြစ်ပွားလာခဲ့သည်။ ဂျာမန်တို့၏ ဗုံးကြဲလေယာဉ်များက ပြင်သစ်မြို့များ ပေါ်သို့ ဗုံးများကြဲချနေသည်။ ထိတ်ထိတ် ပျာပျာ ဖြစ်နေသော ပြင်သစ်တောင်ပိုင်းမှ စစ်ပြေးဒုက္ခသည်အရေအတွက်မှာ တစ်နေ့ တခြားများပြားလာသည်။ သတင်းစာ များက ဂျာမန်တို့သည် အချိန်ကို စောင့် နေသည်ဟုရေးနေချိန်တွင် ဆုတ်ခွာလာ သော အမှတ်၉ ပြင်သစ်တပ်မတော် တပ်ရင်းများသည် ပါရီ၏ ဆင်ခြေဖုံးသို့ပင် ရောက်နေလေပြီ။

            အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ကမူ ရှိသမျှပစ္စည်းများကို ထုပ်ပိုးကာ မိသားစု ကိုလည်း ဘေးလွတ်ရာမြို့များသို့ တိမ်း ရှောင်ခိုင်းလိုက်သည်။ အထက်တန်းလွှာ များသာ စီးနိုင်ကြသော ကားကြီးကား ကောင်းများသည် ပါရီမြို့မှ တသောသော မောင်း၍ ထွက်သွားနေကြသည်။

            ဂျာမန်တင့်ကားများ လာတွန်သို့ ရောက်လာပြီဆိုသော သတင်းကြားရ သည့်အခါ တက်စသည်လည်း အထုပ် အပိုးပြင်ပြီး ပါရီမှထွက်ခွာရန် စိတ်ကူးမိ သည်။ သူ့ အပျော်မယား ပေါလက်ကို သတိရပြီး  မြို့မှ အရင်ထွက်ခိုင်းလိုက်သည်။

            ”မနက်ဖြန်လောက်ဆိုရင် ပါရီကို ဂျာမန်တွေသိမ်းလောက်ပြီဗျ။ အချိန် သိပ်မရှိတော့ဘူး။ ဒီတော့ ခံတိုက် မယ်ဆို တာ အစိုးရက ကြေညာဖို့ကောင်းပြီ။ ရိုးရိုး သားသားထက်ထက်သန်သန်ကြေညာဖို့လိုလိမ့်မယ်။ နေရာတကာမှာ သူလျှိုတွေပြည့်နေတယ်။ ဒီသူလျှိုတွေကို ဖမ်းပြီး ပစ်သတ်ရမယ်။ ဒီသူလျှိုတွေဟာ အလုပ်သမားတွေမဟုတ်ဘူး။ လာဗယ် တို့၊ ဂရမ်ဒယ်တို့၊ ဘရီကျူးတို့၊ ဗိုလ်ချုပ်  ပီးကာ့တို့.. .”

            လုပ်ငန်းရှင်ကြီး ဒက်ဇာက တက်စ ကို ဒေါနှင့်မောနှင့်ပြောနေချိန်တွင် တက်စသည် ဒေါသထွက်နေလေသည်။

            “ကျူပ်က တာဝန်ရှိတဲ့သူ ဝန်ကြီး ဗျ”ဟု တက်စက ပြန်အော်သည်။

            ”ခင်ဗျား ခံတိုက်မယ်ဆိုရင် ကျုပ် အားလုံးစွန့်လွှတ်ဖို့ရှိတယ်။ စည်းစိမ် ဥစ္စာတင်မဟုတ်ဘူး။ အသက်ပါစွန့်မယ်။ ကျွန်တော့်လိုလူတွေ အများကြီးရှိသေး တယ်။ တစ်ခုတော့ နားလည်ထားပါ။ ခင်ဗျားတို့ ဝန်ကြီးတွေကိုတော့ ဘယ်သူမှ အယုံအကြည်မရှိတော့ဘူး”

            ဒက်ဇာကပြောသည်။ ထိတ်ထိတ် ပျာပျာဖြစ်နေသော ပါရီမြို့သူမြို့သား များသည် သတင်းတစ်ပုဒ်ကြောင့် သက် ပြင်းချသူက ချလေသည်။ ယင်းသတင်း မှာ ဂျာမန်တွေသည် ဗြိတိန်သို့ လှည့် သွားပြီဆိုသည့် သတင်းဖြစ်သည်။ အမှန် တော့ တက်စ၏ လက်ချက်ဖြစ်လေသည်။

ရန်သူကတော့ နေရာတကာမှာ ရောက်နေသည်။ ပြည်သစ်ပြည်ကြီးသည် မျက် ရည်၊ သောက၊ စိုးရွံ့ထိတ်လန့်မှုများဖြင့် ဖိစီးနေသည်။ အားနှင့်မာန်နှင့် ဂျာမန် တို့ ကို တိုက်မည်ပြင်နေသော တပ်စိတ် ကလေးတစ်ခုသည် အထက်မှ တပ်များ ပြန်ရုပ်ရန်အမိန့်လာသောအခါ စိတ် ပျက်သွားကြသည်။ မစ်ရှောသည် ကျိန်ဆဲ နေ၏။

            လမ်းမများပေါ်တွင် စစ်ပြေးဒုက္ခ သည်များ တန်းစီပြီး မြင်ရသောအခါ တွင်မှ ပါရီသည် အိပ်မက်မှ လန့်နိုးလာ လေသည်။ အစိုးရိမ်ကြီးသူတို့က စောစီး စွာ ပါရီမြို့မှ ထွက်ခွာသွားကြသည်။ တချို့  သော အစိုးရအဖွဲ့ဝင်များသည်ပင် မြို့မှ ထွက်ခွာရန်စဉ်းစားထားပြီးလေပြီ။ သွားရန် အဆင်သင့် ပြင်ထားသည်။

            ဘရီကျူးနှင့် အပေါင်းအပါ ဖက်ဆစ်သူလျှိုတစ်ဦးဖြစ်သည့် ဂရမ်ဒယ် က ဂျာမန်တို့ ပြင်သစ်မြေပေါ်ခြေချချိန် ကတည်းက စိတ်ကူးနှင့် ဖဲရိုက်နေသည်။အချိန်အနည်းငယ် စောင့်လိုက်လျှင် ပါရီသည် ဖက်ဆစ်တို့လက်အောက် ရောက်ရတော့မည်။ ထိုအချိန်ကျမှ မိမိ ကိုလာပြီး စကားပြောသူတွေကို ခပ်တင်း တင်း ဆက်ဆံလိုက်မည်ဟု ဆိုနေသည်။ သို့တိုင်ပါရီသည် ရက်သတ္တသုံး၊ လေးပတ် အတွင်းမှာပင် ခြောက်သယောင်း သွား သည်။ အဆောက်အအုံတွေက ဟာလာ ဟင်းလင်း။ ကဖေးဆိုင်တွေမှာ လူတွေ တိတ်ဆိတ်လျက်။ လမ်းပေါ်မှာ လူသူ လေးပါး သိပ်မရှိတော့။ ခွေးလေခွေးလွင့် နှင့် မြေအောက်ကြွက်ကြီးတွေသာ တစ်ခါ တစ်ခါမြင်ရတော့သည်။

            အစိုးရအဖွဲ့သစ်ကို ပြင်ဆင် ဖွဲ့စည်း သည်။ တက်စတို့ လူစုကတော့ ပန်းပန် လျက်ရှိတုန်းပင်။ ဟိတ်တစ်လုံးဟန် တစ်လုံးနှင့် လူထုကို အကြောင်ရိုက်နေ သော်လည်း ပါရီဆင်ခြေဖုံးရပ်ကွက်များ ဆီမှ ကြားနေရသော အမြောက်သံများ ကြောင့် ကြာရှည်ကြာမော မလိမ့်တစ်ပတ် လုပ်၍မရတော့။ ဂျာမန်တပ်တွေက တဖြည်းဖြည်းနီးလာပြီ မဟုတ်လား။

            ရက်အနည်းငယ်ကြာသည့်အခါ  အစိုးရအဖွဲ့သည် ဆိုင်းမဆင့်၊ ဗုံမဆင့်ဘဲ ပါရီကို စွန့်ခွာထွက်ပြေးတော့သည်။ တက်စလည်း ဟိုလိုဒီလိုနှင့် လစ်ပြေး သည်။ အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်း ဆောင် တချို့ကလည်း ကိုယ်လွတ်ရုန်း သည်။ အစိုးရနှင့် ပလဲနံပသင့်သည့် သတင်းစာဆရာ ဂျူလီးယော့ပင်မသိ လိုက်။ မနက်တုန်းကပင် တက်စသည် သူ့ကိုအားလုံး အဆင်ပြေနေကြောင်း ပြောသေး၏။ ယခုမူ ဒင်းက အရင်ထွက် ပြေးနှင့်ပြီ။

            “ရှေးတုန်းကတော့ ကြွက်တွေက သင်္ဘောကို စွန့်ခွာထွက်ပြေးကြသတဲ့။ အခုတော့ ကြွက်တွေက မပြေးရဘူး။ သင်္ဘောမာလိန်တွေက အရင်ထွက်ပြေး နေကြတယ်။ အတော်လည်း ဟုတ်တဲ့ လူတွေ..”ဟု ဂျူလီယော့သည် အထုပ် အပိုးများကို ကသောကမျောပြင်ရင်း ပြောနေသည်။

၈။  ပီယာ့၏ ဇနီး ကျောင်းဆရာမက လေး အဂ္ဂနိစ်ကတော့ ပါရီမှ မခွာဘဲ နေ သည်။ သူ့ယောက်ျား စစ်ပွဲမှာ ကျသွား ကတည်းက သားကလေးနှင့်သာ အချိန် ကုန်နေသည်။ ပါရီက မစွန့်ခွာသည့် အတွက် သူ့ကိုပင် အိမ်နီးချင်းတွေက နား မလည်။ သူ့ယောက်ျားကို သတ်ခဲ့သော ဂျာမန်တွေကဲ့သိုပင် သူလည်း နှလုံးသား မဲ့သူဟုသာ သတ်မှတ်ထားသည်။ အဂ္ဂနိစ် က လူတွေ စွန့်ခွာသွားကြပြီဖြစ်သော ပါရီမြို့ထဲတွင် တစ်ယောက်တည်း လျှောက်သွားနေမိသည်။

            တစ်နေရာတွင် “ပြင်သစ်သမ္မတ နိုင်ငံတော်၊ လွတ်လပ်ရေး၊ တန်းတူညီမျှ ရေးနှင့် ညီရင်းအစ်ကိုသဖွယ် ချစ်ကြည် ရေး”ဟု ခေါင်းစဉ်တပ်ထားသော ကြော် ငြာစာရွက်များကို တွေ့ရသည်။

            စာရွက်၏ အောက်တွင်“ပါရီမြို့ ကြီးကို ဟင်းလင်းဖွင့်ထားသည့် မြို့ကြီး အဖြစ် ကျွန်ုပ်ကြေညာလိုက်သည်။ ဗိုလ်ချုပ် ဒင့်ဇ်၊ စစ်ဘုရင်ခံမင်းကြီး” ဟု ရေးထားသည်။

            တကယ်တော့ ဂျာမန်ကို အညံ့ခံ သည့်သဘော။ ထိုကြောင့်သာ ဟင်းလင်း ဖွင့်ထားသော မြို့ကြီးဟု သုံးနှုန်းခြင်း ဖြစ် သည်။ ခုခံသူမဲ့ မြို့ကြီး။ ဂျာမန်တင့်ကား များ၊ စစ်သားများသည် ပါရီမြို့ထဲသို့ သေနတ်တစ်ချက်မဖောက်ဘဲ လမ်း လျှောက် ဝင်လာကြတော့မည်။ အဂ္ဂနိစ် ရပ်ကြည့်နေစဉ်အလုပ်သမား တစ် ယောက်က ”ခွေးမသားတွေ ဂျာမန်နဲ့ အပေးအယူ လုပ်ပြီးပြီထင်တယ်”ဟု မြေကြီးပေါ် တံတွေး တစ်ချက်ထွေးရင်း ကျိန်ဆဲလိုက်သည်။

            အစိုးရအဖွဲ့ကတော့ တူးဝါးမြို့သို့ ရောက် နေသည်။ ဝန်ကြီးချုပ်ရေးနော့က အမေရိကန်သမ္မတရုစဗဲ့ထံ ကြေးနန်းရိုက် ရုံမှအပ ဘာမှ လုပ်တတ်ဟန်မတူဟု တက်စ ထင်သည်။

            ”ကျွန်တော်တို့ ဝန်ကြီးချုပ်လည်း ယူပီသတင်းဌာနရဲ့သတင်းထောက် ဖြစ် မှန်းမသိဖြစ်နေပြီဗျ” ဟု ကွယ်ရာတွင် လှောင်သည်။

            ဂျာမန်တွေက ပါရီကို သိမ်းလိုက်ပြီ။ ပြင်သစ်အစိုးအရအဖွဲ့တွင်လည်း ဝန်ကြီး ချုပ်ရေးနော့ကို ဖြုတ်ချလိုက်ပြီး မာရှယ် ပေးတိန်းက ဝန်ကြီးချုပ်ဖြစ်လာသည်။ ဂျာမန်နှင့်စေ့စပ်ရန် အစိုးရသည် ဘာလင်မှ ဟစ်တလာ၏ မာတင်းသော တောင်းဆိုချက်များကို သဘောတူ လက် မှတ်ထိုးမည်၊ မထိုးမည်ကို တွန့်ဆုတ် နေသည့်တိုင် နောက်ဆုံးတွင် သဘောတူ လေ၏။ ဒီတွင် တက်စက ပြောသေးသည်။

            ”သူတို့တွေ တောင်းတဲ့ စည်းကမ်း ချက်တွေဟာ ကျွန်တော်တို့ လူမျိုးရဲ့ ဂုဏ် သိက္ခာနဲ့ ညီညွတ်တဲ့ စည်းကမ်းချက် တွေပါ။ ဒီလိုမှ မဟုတ်ရင် မာရှယ်ကြီးက ဘယ်စဉ်းစားမလဲ” ဟု ခပ်တည်တည်ဖြင့် လှိမ့်သည်။

            အစိုးရက တစ်မြို့ပြီးတစ်မြို့ပြောင်း ပြီး ရောက်လေရာတွင် ကောင်းပေ့ဆို သော ဟိုတယ်များတွင် ဇိမ်နှင့် နှပ်နေရင်း ဂျာမန်တို့နှင့် အပေးအယူလုပ်သည်။ ထိုအချိန်တွင် ပြင်သစ်ပြည်၏ တချို့ မြို့ များတွင် ပြင်သစ်မျိုးချစ်များနှင့် လူထု သည်သူတို့ပြည်ကြီးကို ခုခံကာကွယ်နေ ကြသည်။ ထိတ်ထိတ်ပျာပျာဖြစ်နေသော ထိုအချိန်က ပြင်သစ်ပြည်တွင် ရဲရင့်သော လူထုနှင့် ရဲရင့်သော မြို့များရှိခဲ့သည်။ ရန်သူနှင့် လက်နက်အင်အားချင်းမယှဉ် နိုင်သည့်တိုင် လူထုသည် ဖက်ဆစ်သံ ဖနောင့်အောက်ရောက်ရမည့် သူတို့ တိုင်းပြည်အတွက် ခုခံနေကြသည်။ ခုခံ သူများမှာ ပထမကမ္ဘာစစ်အတွင်းက စစ်မှုထမ်းဟောင်းများနှင့် ထိုအချိန်က စစ်မူထမ်းရန်အရွယ်မရောက်သေးသော လူငယ်များဖြစ်ကြသည်။

            ပြင်သစ်အစိုးရအဖွဲ့ကမူ နောက် ထပ် တစ်နေရာ ထပ်ပြောင်းပြန်သည်။ ရေပူစမ်းများပေါများသော ကလဲမောင့်မြို့ သို့ ပြောင်းခြင်းဖြစ်သည်။ ကလဲမောင့်တွင် ပါရီမှ နာမည်ကြီးစားသောက်ဆိုင်များ လည်း လာဖွင့်ထားသဖြင့် အစိုးရအဖွဲ့ ဝင်များနှင့် အထက်တန်းလွှာများမှာ ဇိမ်ကျနေ၏။ စက်မှုလုပ်ငန်းရှင်ကြီး ဒက်ဇာကတော့ စိတ်ဓာတ်ကျနေသည်။ ကလဲမောင့်တွင် ရောက်နေသော တက်စ နှင့်တွေ့ပြီး အစိုးရ၏ အညံ့ခံရေး အပျော့ စား လမ်းစဉ်များကို ဝေဖန်နေတော့သည်။

အတိတ်ကို လွမ်းနေသော လူတွေပဲဟု တက်စက ဒက်ဇာကို ကြည့်ပြီးပြောသည်။  ဟစ်တလာနှင့် ပူးပေါင်းရေး စကားများ တက်စဆီမှကြားရသဖြင့် ဒက်ဇာက လည်း စိတ်ပျက်သည်။ နောက်ဆုံးမှာ ဒက်ဇာသည် သူ့ကိုယ်သူ သတ်သေ သွားသည်။

            မာရှယ်ပေတိန်းဦးဆောင်သော ပြင်သစ်အစိုးရအဖွဲ့သည် ဂျာမန်၏ ကြိုး ဆွဲရုပ်သေးသာဖြစ်သည်။ ဂျာမန်တပ် တွေက ပါရီမြို့ထဲတွင် ထင်တိုင်းသောင်းကျန်းနေကြတော့သည်။ ဂျာမန်- ပြင်သစ် အဘိဓာန်များလည်း နေရာတကာ၌ တွေ့နေရသည်။ မီးရောင်မှိန်မှိန် ပါရီ၏ လမ်းကြားများတွင် ပြည့်တန်ဆာတို့၏ မိတ်ကပ်နံ့များ၊ ဂျာမန်စစ်သားတို့၏ လေချဉ်တက်သံ၊ ဆေးရွက်ကြီးနံ့တို့ဖြင့် မွှန်ထူနေ၏။

            ဘရီကျူးသည်လည်း ဂျာမန်တို့နှင့် တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ဆက်ဆံရ သောအခါ ဟန်ပုံမရတာကို ရိပ်စားမိလာ သည်။ ဂျာမန်သည် ပြင်သစ်အစိုးရ တစ်ဖွဲ့ လုံးနှင့် နိုင်ငံရေးလောကတစ်ခုလုံးကို မှောက်လိုက်လှန်လိုက်နှင့် ကစားနေ သည်။ တက်စသည်လည်းကောင်း၊ ဘရီ ကျူးသည်လည်းကောင်း ဂျာမန်တို့၏ တစ်သွေးတစ်သံတစ်မိန့်အောက်တွက် ကျွန်အကြီး စားကြီးများ ဖြစ်နေကြသည်။

အကျင့်ပျက်သတင်းစာဆရာ ဂျူလိယော့ ကတော့ ဂျာမန်တို့ဆီက ငွေယူပြီး ဘရီး ကျူး၏ ဂျာမန်လက်အောက် ပြင်သစ် ပြည်ကြီးသည် အေးချမ်းစွာရှိနေကြောင်း ဆောင်းပါးကိုထည့်သည်။ ပူးပေါင်း ဆောင်ရွက်မှုများ အောင်မြင်ခဲ့ပြီဟုသူ၏ဘဝသစ်သတင်းစာက ရေးလေသည်။

၉။ “အချိန်စေ့ပြီ။ ကိုယ့်အိမ်ထဲ ပြန်ဝင် ကြ”ဆိုသည့် ဂျာမန်အာဏာပိုင်တို့၏ ကြေညာသံကြီးသည် ပါရီ၏ လမ်းမများ ပေါ်တွင် နေ့တိုင်းကြားနေရသည်။ မြင်နေ ကျ မဟုတ်သောကြောင့် ဂျာမန် တပ်သား မျာကိုကြည့်ပြီး ပါရီမြို့သူမြို့သားများ သည် ထိတ်လန့်နေကြသည်။ လမ်းပေါ်သို့ ပင် တချို့က မထွက်ရဲကြ။ ပါရီသည် တိတ် ဆိတ်ခြောက်ကပ်နေသည်။ သူတို့သည် ယခုအခါ မရှိတော့သော အရာများကို စိတ်ထဲတွင် ပြန်တွေးနေကြသည်။ ကဖေး ဆိုင်များ၊ ကပွဲရုံများ၊ တေးဂီတသံများ အားလုံးသည် အသံတိတ်လျက်။ ပေါင်မုန့် တစ်ဖဲ့၊ အာလူးတစ်လုံးလောက်ကိုပင် အခုခါ ရှာရဖွေရခက်နေသည်။

            “ပြင်သစ်ပြည်ကြီးလည်းဆုံးပြီ” ဟု လူထုသည် တွေးမိကြသည်။ တက်စ၏ သမီးဖြစ်သော ဒင်းနိစ်သည် ပါရီတွင် ကျန်ခဲ့သော ကွန်မြူနစ်ပါတီမှ သူ့ရဲဘော် များကို ရှာကြည့်နေသည့်တိုင် အဆက် အသွယ်ပြတ်နေသည်။ တစ်နေ့ မြို့ထဲတွင် ရှိနေသော ကလော်ဒယ်နှင့် အဆက် အသွယ်ရပြီးနောက် ပါတီ၏လုပ်ငန်း များ ကို ကြေညာချက်များထုတ်ခြင်းဖြင့် အသက်သွင်းနေကြသည်။

            အဂ္ဂနိစ်လည်း ပါရီမှ ထွက်ခွာမသွား ခဲ့။  စာအုပ်အဟောင်းများ၊ ပစ္စည်း အဟောင်းအမြင်းနှင့် တိုလီမုတ်စများကို ချရောင်းရင်း ဂျာမန်လက်အောက်ရောက် သွားသောပါရီတွင် ရှင်သန်ရန်ကြိုးစား နေသည်။ သို့သော် မှောင်မည်းသော ပါရီ၏ ညတစ်ညတွင် ရေးကြီးသုတ်ပျာ တံခါးခေါက်သံများကြောင့် ထိတ်လန့်သွား သည်။“ဂျာမန်တွေများလား”ဟု တွေးပြီး မဝံ့မရဲဖြင့် တံခါးကို ဖွင့်ပေးသည်။

             ”ကျွန်တော်တို့ကို လိုက်ဖမ်းနေ လို့ဗျ” ဟု သူ့ရှေ့တွင် ရပ်နေသည့် ပြင်သစ် လူငယ်သုံးယောက်အနက် တစ်ယောက်က ပြောသည်။ သူက ဧည့်ခန်းထဲသို့ ခေါ်လာခဲ့ သည်။ မကြာမီ တံခါးခေါက်သံများပေါ် လာ၏။ ဂျာမန်တွေဖြစ်သည်။ အဂ္ဂနိစ်က ရဲဘော်များကို ဖွက်ထားလိုက်သည်။ မတွေ့သဖြင့် ဂျာမန်တွေ ပြန်ထွက်သွား သည်။ ကောင်လေးတွေက ဂျာမန်တွေကို ဆက်လက် တိုက်ပွဲဝင်ရန် လန်ဒန်အထိ ရောက်အောင်သွားကြမည့် မျိုးချစ် လူငယ်ကလေးများဖြစ်သည်။ လန်ဒန် တွင် ဗိုလ်ချုပ်ဒီဂေါလ်ရှိသည်။ သူနှင့်အတူ ဆက်လက်တိုက်ပွဲဝင်မည်။

            “စစ်ပြေငြိမ်းစာချုပ် ချုပ်ပြီးပြီ မဟုတ် လား” ဟု အဂ္ဂနိစ်က ပြောမိသည်။

            “ဘယ်သူက ချုပ်လို့လဲ။ အလကား သစ္စာဖောက်တွေ”ဟုတစ်ယောက်က ဒေါသသံဖြင့်ပြောသည်။

            ဟုတ်သည်။ စစ်ကြီးသည် မပြီး သေး။ ဒီအစိုးရသည် လူထုကို ကိုယ်စား ပြုထားသော အစိုးရမဟုတ်။

            ကောင်လေးတွေ ထွက်သွားသော အခါ အောက်ထပ်လမ်းမတန်းမှ သေနတ်သံ များထွက်လာသည်။ ထို့နောက် အဂ္ဂနိစ် အခန်းသို့ စောစောကဂျာမန်တွေ ပြန် တက်လာပြီး အဂ္ဂနိစ်ကို ဖမ်းတော့သည်။ ပြီးတော့စစ်ကြောရေးလုပ်သည်။ အဂ္ဂနိ ကမဖြေ။ အစောက ကောင်လေးတွေ လွတ်သွားပြီဟု သူသိရသဖြင့်လည်း စိတ် သက်သာရာရသည်။ ယခင်က သူသည် နိုင်ငံရေးနှင့် မပတ်သက်ခဲ့သလို စိတ်ဝင် စားမှုလည်းမရှိခဲ့။ အခုတော့ သူ့စိတ်ထဲမှ လိပ်လိပ်တက်လာသော မျိုးချစ်စိတ် ဓာတ်၏အဟုန်ဖြင့်အဂ္ဂနိစ်သွေးပူနေသည်။

            နောက်ဆုံးမေးမရသောအခါ သူ့ရှေ့က ဂျာမန်စစ်ဗိုလ်က “ အမျိုးသမီး ဒါခင်ဗျားအဖို့ လမ်းဆုံးပဲ” ဟု ပြောသည်။

ပြင်သစ်ပြည်အဖို့တော့ လမ်းမဆုံးဘူး။ ဒါ လမ်းဆုံးမဟုတ်ဘူး” နောက်ဆုံးထွက် သက်နှင့်အတူ အားယူ၍ အဂ္ဂနိစ်က အော်လိုက်သည်။

            ဒင်းနိစ်နှင့် မစ်ရှောတို့လည်း ပါရီတွင် ပြန်ဆုံသည်။ ဒင်းနိစ်၊ မစ်ရှော၊ ကလော်ဒယ်တို့သည် မြေအောက်တွင် လျှိုးရင်း ဖက်ဆစ်ဆန့်ကျင်ရေး လုပ်ငန်း များ ဆက်လုပ်နေသည်။

            ”ဒီစစ်ပွဲမှာ အစ်ကိုတို့ နိုင်ရမယ် ဆိုတာယုံပါ။ ညပြီးရင် နေ့ရောက်သလို၊ ဆောင်းပြီးရင် နွေဦးရောက်ရသလို၊ အောင်ပွဲကို အစ်ကိုတို့ ရမှာပါ။ အစ်ကိုတို့ ပြည်သူတွေမှာ စွန့်လွတ်ဖို့အသင့်။ ဂျာမန်တွေဘက်မှာတော့ အကျင့်ပျက်နေတဲ့ သူခိုးရယ်၊ ဓားမြတွေရယ်ပဲရှိတယ်။ အစ်ကိုတို့ အမှန်ပဲနိုင်ရမယ်။အဲဒီကျတော့ ပျော်ရွင်မှုကိုတွေ့ရမယ်” ဟုမစ်ရှောက ဒင်းနိစ်ကိုပြောသည်။

            ပန်းချီဆရာ အန်ဒရေက သူနေရာ အခန်းမှ အောက်ဘက်တွင်ရှိသော ရှာရှေမီဒီလမ်းကို ငုံ့ကြည်နေမိသည်။ ရှာရှေမီဒီဆိုသည့် ပြင်သစ်စကားလုံး  “မွန်းတည့်ချိန်တွင် ငါလိုက်ရှာသည်” ဟု အဓိပ္ပာယ်ထွက်သည်။

            ဟုတ်သည်။  ”ဒီမွန်းတည့်ချိန်ကို တွေ့ရမယ်။ အလင်းရောင်တွေရယ်၊ ပျားရည်တွေရယ်၊ ပေါ်ပီပန်းတွေရယ်၊ နီလာရောင်တွေရယ်၊ ဒါတွေကို တွေ့ရမဲ့ အချိန်၊ ပါရီရဲ့ မွန်းတည့်ချိန်၊ ဒါကိုတော့ တွေ့ရမယ်” အန်ဒရေတွေးနေသည်။ ရှာရှေမီ ဒီလမ်းထဲက အိမ်တွေမှာရော တရုတ်ကပ် မှန်တံခါးတွေက ပိတ်ထားဆဲ။ အထဲမှာ တော့ မီးရောင်မှိန်ပျပျ။

            “ကိုယ့်အိမ်ထဲကိုယ်ပြန်ဝင်ကြ။ အချိန် စေ့ပြီ၊ အချိန်စေ့ပြီ၊ ကိုယ့်အိမ်ထဲ ကိုယ်ပြန်ဝင်”ဆိုသည့် ဂျာမန်တို့၏ကြေ ညာသံသည် ထိုအချိန်တွင် ပါရီလမ်းမ များဆီမှ ထွက်ပေါ်လာလေသည်။

၁ဝ။ ဝတ္ထုကို ထိုအတိုင်း စာရေးဆရာက အဆုံးသတ်ထားပါသည်။ အာရင်ဘတ် သည် “ပါရီကျဆုံးခန်း”၏ အခန်းပေါင်း ၃၉ ခန်းကိုရေးပြီးချိန်တွင် စစ်ကြီး ဖြစ်လာခဲ့ပါသည်။ ၁၉၄၁ခုနှစ် ဇွန်လထဲ တွင်ဖြစ်သည်။ ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲများငြိမ်သက်နေသည့် နောက်နှစ် ဇန်နဝါရီတွင်မှ ဝတ္ထု၏ နောက်ဆုံးခန်း များကို ဆက်လက်ရေးသား ဖြစ်တော့ သည်။ ထိုနောက် ၁၉၄၂ ထဲမှာပင် ဝတ္ထု ကို ပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

 “ ကျွန်တော်ရေးခဲ့သမျှသော ဝတ္ထုများ အနက် ယခုဝတ္ထုသည် သမားရိုးကျ ဝတ္ထု နှင့် အတူဆုံးဖြစ်ပါသည်။ သို့တိုင်အောင် ထိုဝတ္ထုထဲမှာပင်လျှင် ကျွန်တော်သည် ဇာတ်ဆောင်တွေအများကြီး ထည့် ထားပြီး ရှုခင်းတွေကိုလည်း လျင်မြန်စွာ ပြောင်းထားပါသည်။ ကျွန်တော်သည် ထို ဝတ္တုကို စိတ်ပါ လက်ပါရေးခဲ့ပါသည်။  ယခုဝတ္ထုကို ပြန်ဖတ်သည့်အခါ၌ စစ် မဖြစ်မီ ပြင်သစ်ပြည်အကြောင်းကို ရေးခြယ်ပြရာတွင် ကျွန်တော် အောင်မြင် သည်ဟု ထင်ပါသည်။

            “ပါရီကျဆုံးခန်း” ဝတ္ထုနှင့် ပတ်သက်၍ အာရင်ဘတ်သည့် သူ၏ အမှတ်ရချက်များဖြစ်သော“လူများ၊ သက္ကရာဇ်များ-ဘဝ” စာအုပ်တွင် ထို အတိုင်း ရေးသားခဲ့ပါသည်။   ။

ကိုးကား- မြသန်းတင့် (မြန်မာပြန်)၊ လူများ။ သက္ကရာဇ်များ-ဘဝ (၁၉၃၃-၁၉၄၁)၊ စာ -၃၈၁

LEAVE A REPLY

Please enter your comment!
Please enter your name here