Home သတင်းဆောင်းပါး မြန်မာပြည် မြောက်ဖျားက အရိုင်းပန်းများ

မြန်မာပြည် မြောက်ဖျားက အရိုင်းပန်းများ

217
0
စင်ကြိုင်ကျေးရွာက ဘိန်းအစားထိုး လက်ဖက်ခင်း။ ဓာတ်ပုံ - ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

ဇန်နဝါရီလကုန်ပိုင်းရောက်ရင် ကချင်ပြည်နယ် က မြင့်မားတဲ့ တောင်တန်းတွေပေါ်မှာ ဘိန်းပန်း တွေ ဖူးပွင့်လေ့ရှိကြသလို ဘိန်းခင်းဖျက်ဆီးတဲ့ အဖွဲ့တွေလည်း ရောက်လာတတ်ကြပါတယ်။ အဲဒီလိုအချိန်ဆိုရင် မယိမ်းမေ*ရဲ့ မျှော်လင့်ချက် တွေနဲ့အတူ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက် လာတဲ့အချိန်ပဲ ဖြစ်ပါတယ်။

သူ့မိသားစုအတွက် တစ်နှစ်စာ စားဝတ်နေရေး၊ ကလေး ကျောင်းစရိတ်နဲ့ ဆေးဖိုးဝါးခတွေဟာ လူသူမနီးတောင်ကြောထဲ မှာ သူစိုက်ပျိုးထားတဲ့ တစ်ဧက မပြည့်တပြည့် ဘိန်းစိုက်ခင်း လေးအပေါ် မှီတည်နေပါတယ်။

”ဘိန်းခင်းသာ ဖျက်ခံရရင် လာမယ့်မိုးရာသီမှာ စားဝတ် နေရေးအခက်အခဲ ဘယ်လိုဖြတ်သန်းရမလဲ၊ မတွေးတတ်အောင် ပါပဲ”လို့ ကလေးနှစ်ယောက်မိခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် မယိမ်းမေက သူ့အိမ်ရဲ့မီးဖိုချောင်လေးထဲမှာ ထိုင်ပြီး ငါးလသား အရွယ်သားငယ်ကို ရင်ခွင်ထဲပိုက်ထားရင်းက မြန်မာစကားသံ ခပ်ဝဲဝဲနဲ့ တိုးတိုးညင်းညင်းဆိုပါတယ်။

Advertise Here

သူ့မီးဖိုချောင် ပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် သူ့ဘေးအိမ်ရဲ့ နောက်ဖေးက ပေခြောက်ဆယ်ပတ်လည် လောက်ရှိ မယ့်မြေကွက်မှာ အမည်းရောင် ဇာပိုက်တွေနဲ့ ကာရံထားတဲ့ မုန် ညင်းနဲ့ ဘိန်းရောနှောစိုက်ခင်း စိမ်းစိမ်းစိုစိုကို လှမ်းမြင်နေရတယ်။

မယိမ်းမေတို့ဒေသမှာ ဘိန်း ဖျက် ဆီးရေးလုပ်ငန်းတွေကို အရင်တုန်းက ရဲ၊ ထွေ/အုပ်၊ သစ်တောဝန်ထမ်းတွေနဲ့ ဒေ သဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က လုပ်ဆောင်ပေမယ့် ဒီနှစ်မှာတော့ ပတ်ဂျဆန် (PAT JASAN) လို့ခေါ်တဲ့  လူထုအခြေပြု ဘိန်းနဲ့ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေကပါ ဘိန်းစိုက်ခင်းတွေကို ဝင်ဖျက်ဆီး မယ်လို့ သတင်းထွက်နေတာကြောင့် မယိမ်းမေရဲ့ စိုးရိမ်ပူပန်မှုတွေက အထွတ်အထိပ် ရောက်နေတာပဲဖြစ်ပါတယ်။

ပတ်ဂျဆန်ဆိုတာ ကချင်ဘာသာ စကားနဲ့ နှိမ်နင်းရေး၊ ရှင်းလင်းရေးလို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီအဖွဲ့မှာ ကချင် နှစ်ခြင်းခရစ်ယာန်ဘာသာရေးအသင်း တော်တွေက ဦးဆောင်ကာ ဒေသခံတွေ နဲ့ပါဝင်ဖွဲ့စည်းထားပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးကို အဓိကလုပ် ဆောင်ကြပါတယ်။ ၂ဝ၁၄ ကစပြီး ဒီအဖွဲ့ ဟာ ဘိန်းခင်းဖျက်ဆီးခြင်းကိုပါ တိုးချဲ့ လုပ်ဆောင်လာကြပါတယ်။

ဘိန်းခင်းတွေကို အင်တိုက်အား တိုက်ဖျက်ဆီးနေကြပေမယ့် အစားထိုး သီးနှံ စီမံကိန်းတွေ အောင်မြင်အောင် မလုပ်ပေးနိုင်တာကြောင့် ဘိန်းစိုက်ခင်း တွေ လုံးဝပပျောက်သွားဖို့အတွက်တော့ အိပ်မက်အဖြစ်သာ ရှိနေသေးတယ်လို့ ဘိန်းတိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြောကြပါတယ်။

မယိမ်းမေနေထိုင်တဲ့ နယ်ခြား စောင့်တပ်နယ်မြေ၊ ကချင်ပြည်နယ်အထူး ဒေသ(၁) လို့ သတ်မှတ်ထားတဲ့ ဆဒုံး၊ ကန်ပိုက်တီနဲ့ ပန်ဝါဒေသတစ်ဝိုက်မှာ ဘိန်း ကိုအများဆုံးစိုက်ပျိုးကြတယ်လို့ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဆို ကြပါတယ်။

မယိမ်းမေလို ကချင်ပြည်နယ်၊ အရှေ့တောင်ဘက်နယ်စပ်ဒေသက အလွန်မြင့်မားတဲ့ တောင်တန်းတွေကို အမှီပြုနေထိုင်ပြီး ဘိန်းကို ဘဝရှင်သန် ရေးသီးနှံအဖြစ် အားထားစိုက်ပျိုးအသက် မွေးဝမ်းကျောင်းနေသူတွေ ရာပေါင်းများ စွာ ရှိနေကြပါတယ်။ ဘိန်းခင်းဖျက်ဆီး တာတွေ များလာတဲ့နောက်ပိုင်း ဘိန်းခင်း တွေ ပြန့်ကျဲသွားတာကြောင့် အရေ အတွက် အတိအကျသိဖို့တော့ ခက်ခဲ တယ်လို့ ဒေသခံအရပ်ဘက်အဖွဲ့အစည်း တွေက ပြောကြပါတယ်။

မြစ်ကြီးနား-ကန်ပိုက်တီ ကား လမ်းမဘေးတစ်လျှောက် ဖြတ်သန်းသွား တော့ ဆဒုံးမြို့နဲ့ ကန်ပိုက်တီမြို့ကြားတစ် လျှောက်က တောင်ကြောတွေမှာ စိုက်ပျိုး ထားတဲ့ ဘိန်းခင်းတွေကို ကွက်တိကွက် ကြားတွေ့ခဲ့ရပါတယ်။

မြေပြန့်ရှားပါးပြီး အရိုးကွဲမတတ် အေးတဲ့ရာသီဥတုနဲ့ ပင်လယ်ရေမျက်နှာ ပြင်အထက်ပေသုံးထောင်နဲ့ ခြောက် ထောင်ကြားအမြင့်မှာ တည်ရှိနေတဲ့ အဲဒီဒေသမှာ ဆန်၊ ပြောင်း အစရှိတဲ့ စားသုံးသီးနှံတွေ လောက်လောက်လား လား မဖြစ်ထွန်းတာကြောင့် ဘိန်းဟာ သူတို့အဓိကအားထားရတဲ့ သီးနှံပဲဖြစ် တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခြားပြည်နယ်တွေမှာ ဘိန်း အစားထိုးစီမံကိန်းတွေ လုပ်ဆောင်ပေး နေတယ်ဆိုတာကို တစ်ဆင့်စကား၊ တစ် ဆင့်နားနဲ့ မယိမ်းမေကြားဖူးတာကြောင့် သူတို့ဒေသမှာလည်း အစိုးရဦးဆောင်တဲ့ ဘိန်းအစားထိုးသီးနှံစီမံကိန်းတွေ လာ လုပ်ပေးရင် ကောင်းမယ်လို့ သူက မျှော် လင့်နေတယ်။

”ဘိန်းက မကောင်းဘူးဆိုတာ အခု လူတိုင်းက သိနေပြီလေ။ ဒါပေမဲ့ အခြား ဘာမှစိုက်လို့ပျိုးလို့ မရတဲ့အတွက် အားလုံးက ဘိန်းကိုပဲ အားကိုးနေကြရ တာ”လို့ သူက ဆိုပါတယ်။

Photo: Kyaw Zaya                         ဆဒုံး-ကန်ပိုက်တီကားလမ်းဘေးက နေအိမ်တစ်ခုရဲ့ ခြံထဲမှာ စိုက်ပျိုးထားတဲ့ ဘိန်းနဲ့ မုန်ညင်း ရောနှောစိုက်ခင်း

အစားထိုးသီးနှံ ဘာကြောင့် မအောင်မြင်

၂ဝ၁ဝ အရှေ့ပိုင်းနှစ်တွေမှာ အစိုးရ ဌာနဆိုင်ရာတွေ ဦးဆောင်ပြီး အစားထိုးသီးနှံစိုက်ပျိုးခိုင်းတာမျိုးတွေ လုပ် ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြ တယ်။ ပြောင်းဖူးမျိုးစေ့၊ အာလူးနဲ့ ပန်းသီးလိုမျိုး အခြားရာသီအလိုက် သီးနှံတွေ ကို စိုက်ခိုင်းခဲ့တယ်။ ရေမြေအနေအထား နဲ့ ရာသီဥတုဒဏ်ကြောင့် ဒီသီးနှံတွေ ဟာလည်း စီးပွားဖြစ်စိုက်ပျိုးဖို့ အခက် အခဲဖြစ်ခဲ့တယ်။ အအေးလွန်ကဲတာနဲ့ မြင့်မားတဲ့တောင်စောင်းတွေကို ယာခင်း အဖြစ် ခုတ်ထွင်ရတာတွေက သာမန် သီးနှံတွေကို စီးပွားဖြစ်စိုက်ပျိုးဖို့ အခက် တွေ့စေတယ်လို့ ဒေသခံတွေက ပြော ကြတယ်။

အဲဒီဒေသမှာ နှစ်ရှည်သီးနှံပင်တွေ ဖြစ်တဲ့ ချဉ်စော်ခါးသီး၊ သစ်ကြားသီး၊ လက်ဖက်နဲ့ ရှောက်ကော (အောက်ဘက် ဒေသတွေမှာ ဖာလာပင်လို့လည်း ခေါ်ကြ ပါတယ်)လို့ခေါ်တဲ့ ဟင်းခတ်အမွှေး အကြိုင်ပင်တွေ စိုက်ပျိုးဖြစ်ထွန်းပေမယ့် စီးပွားဖြစ် ရောင်းချနိုင်တဲ့ ဈေးကွက်မရှိ တာကြောင့် အစားထိုးသီးနှံအဖြစ် လုပ် ဆောင်ရ ခက်ခဲနေတယ်လို့ ဒေသခံတွေ က ရှင်းပြတယ်။ ဝယ်မယ့်သူသာရှိရင် ဒီနှစ်ရှည်အပင်တွေဟာ ဘိန်းနေရာမှာ အစားထိုးနိုင်လောက်တယ်လို့ဒေသခံ တွေက ဆိုကြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(World Food Program – WFP) က ဘိန်း စိုက်တောင်သူတွေကို ရိက္ခာဆန်ထောက် ပံ့တာမျိုး နှစ်နှစ်လောက် လုပ်ဆောင်ပေး ခဲ့ဖူးပေမယ့် အစားထိုး သီးနှံတွေဟာ စီးပွားဖြစ်လုပ်မရတာကြောင့် ဒေသခံ တွေဟာ WFP က ရိက္ခာကိုယူပြီး ဘိန်း ခင်းတွေဆီကိုပဲ ခြေဦးပြန်လှည့်သွားကြ ရတယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ ကန်ပိုက်တီးမြို့ပေါ်က အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

လက်နက်ကိုင်နယ်မြေထဲမှာ သွား လာလုပ်ဆောင်နေရတာကြောင့် အသက် အန္တရာယ်အရ သူ့အမည်ကို ဖော်ထုတ် ရေးသားဖို့ သူက ငြင်းဆိုပါတယ်။

”ကိုယ်ဘာသာစိုက်၊ ကိုယ့်ဘာသာ စားပဲ။ ရောင်းစရာနေရာမှ မရှိတာ။   နောက်ဆုံးတော့ (ဒေသခံတွေက)ဘိန်းပဲ ပြန် ရောက်တာပဲ”လို့ သူက ပြောပါတယ်။

ဘိန်းမစိုက်ဖို့ ဘာသာရေးအရ လည်း တားမြစ်ဟောကြားပေမယ့် နှစ် ရှည်သီးနှံတွေဆီကနေ အကျိုးအမြတ် ပြန်လည်ရရှိဖို့ အနည်းဆုံး ငါးနှစ်လောက် စောင့်ရမှာဖြစ်တာကြောင့် အဲဒီအချိန် အတောတွင်းမှာ စားစရာမရှိတာဟာ လည်း ဒေသခံ တွေကို ဘိန်းစိုက်ပျိုးဖို့ကိုပဲ ပြန်လည်ဦးတည်စေတဲ့အချက်ဖြစ်တယ် လို့ ဒေသခံ ခရစ်ယာန်သင်းအုပ်ဆရာ တွေက ဆိုပါတယ်။ ကချင်အထူးဒေသ(၁)မှာ ၂ဝ၁ဝ နောက်ပိုင်းဘိန်းအစားထိုးစီမံကိန်းအဖြစ် လာလုပ်ဆောင်တာမျိုး မရှိ သေးဘူးလို့ မော်ကွန်းက တွေ့ဆုံမေးမြန်း ခဲ့တဲ့ ဘိန်းစိုက်တောင်သူတွေက ပြောကြ ပါတယ်။

ဘိန်းစိုက်တောင်သူတွေရဲ့ လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီ ပေးနေတဲ့ မြစ်ကြီးနားမြို့ပေါ်က အရပ် ဘက် အဖွဲ့အစည်းတစ်ခုရဲ့ အမည်မဖော် လိုသူ စီမံကိန်းညှိနှိုင်းရေးမှူးတစ်ဦးက တော့ ဘိန်းတိုက်ဖျက်ရေးလုပ်ဆောင် ချက်က ကချင်ပြည်နယ်မှာတော့ ထိ ရောက်မှုမရှိဘူးလို့ ပြောတယ်။ လက်ရှိ သူ တာဝန်ခံလုပ်ဆောင်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းနဲ့ ဒေသတွင်းဆက်သွယ်လှုပ် ရှားမှုတွေမှာ လုံခြုံရေးအာမခံချက်ရှိဖို့ သူ့ရဲ့အမည်ကို ကွယ်ဝှက်ထားဖို့ သူက တောင်းဆိုပါတယ်။

အသက်မွေးဝမ်းကျောင်းအတွက် ဒေသနဲ့ကိုက်ညီတဲ့ အစားထိုးစီမံကိန်း တွေ မရှိဘဲ ဘိန်းခင်းတွေချည်းပဲ ဖျက်ဆီး နေတာဟာ ဘိန်းတိုက်ဖျက်ရာမရောက် ဘဲ ”တောင်သူတွေရဲ့ ဘဝ ကိုဖျက်ဆီးတာ မျိုးဖြစ်နေတယ်”လို့ သူက သုံးသပ်ပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့ ဘိန်းအစားထိုးစီမံကိန်းတွေ လုပ် ဆောင်တဲ့အခါ ဒေသခံတွေရဲ့အခက်အခဲ ကို သေချာနားလည်အောင်လေ့လာဖို့လိုတယ်လို့ သူက ထောက်ပြပါတယ်။ ဘိန်း စိုက်တောင်သူတွေရဲ့ လိုအပ်ချက်ကို တိုင် ပင်ဆွေးနွေးတာမျိုးမလုပ်ဘဲ ဟိုသီးနှံ စိုက်၊ ဒီသီးနှံစိုက် စသဖြင့် ပါးစပ်အပြောပဲ ရှိတာကြောင့် ကချင်ပြည်နယ်မှာ ဘိန်း အစားထိုးသီးနှံ စီမံကိန်းတွေ ကျဆုံးခဲ့ရ တာဖြစ်တယ်လို့ သူက ဆက်ပြောတယ်။

ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့၊ စင်ကြိုင်ကျေးရွာက ဘိန်းတောင်သူ ဒေါ်လုဂျာဂ ကလည်း ရေရှည်အတွက် စားနပ်ရိက္ခာတွေ လာထောက်ပံ့ပေးပြီး ဈေးကွက်ရှိတဲ့ နှစ်ရှည်သီးနှံပင်တွေ စိုက် ခိုင်းတာမျိုးလုပ်ရင်တော့ ဘိန်းစိုက်ခင်း တွေ သေချာပေါက် ပျောက်သွားနိုင်တယ် လို့ ယူဆပါတယ်။

တခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းရှိရင် ”ဘိန်းကို ဘယ်သူမှ ဂရု စိုက်မနေတော့ဘူးပေါ့” လို့ သူက ပြောတယ်။

သူကိုယ်တိုင်လည်း အစားထိုးသီးနှံ ဖြစ်တဲ့ စပါးနဲ့ ပြောင်းဖူးကို စိုက်ပျိုးခဲ့ဖူး ပေမယ့် အလုပ်မဖြစ်တာကြောင့် သူတို့ တောင်တန်းဒေသရဲ့ ရေမြေရာသီဥတုနဲ့ ကိုက်ညီတဲ့ ဘိန်းကိုပဲ ပြန်လည် စိုက်ပျိုး ခဲ့ရတယ်လို့ သူ့အတွေ့အကြုံကို ပြော ပြတယ်။

ဘိန်းရာသီ

ကချင်ပြည်နယ်ရဲ့ဘိန်းစိုက်ရာသီ ဟာ စက်တင်ဘာနှောင်းပိုင်းမှာ စတင်ပြီး မတ်လအကုန်မှာ ရာသီသိမ်းပါတယ်။ နေရာဒေသတစ်ခုနဲ့ တစ်ခု စတင်စိုက်ပျိုး ချိန် မတူညီကြသလို ရိတ်သိမ်းချိန်လည်း မတူညီကြပါဘူး။

မော်ကွန်းက မြေပြင်လေ့လာရေး ဒေသအဖြစ် ရွေးချယ်ခဲ့တဲ့ ကချင်အထူး ဒေသ(၁)နယ်မြေမှာတော့ ဘိန်းစိုက်ပျိုးမှု ကို အောက်တိုဘာနဲ့ နိုဝင်ဘာမှာစတင်ပြီး နောက်အကျဆုံး ဖေဖော်ဝါရီနဲ့ မတ်မှာ ရိတ်သိမ်းကြတယ်လို့ ဒေသခံ ဘိန်းစိုက် တောင်သူတွေက ပြောတယ်။

ဘိန်းဟာ ရေခံမြေခံနဲ့ ကိုက်ညီပေ မယ့် အအေးပိုတဲ့ဆောင်း ရာသီအစပိုင်းမှာ စတင်စိုက်ပျိုးရတာကြောင့် လွယ်ကူတဲ့ လုပ်ငန်းတော့မဟုတ်ပါဘူး။ တောင် စောင်းတွေက မတ်စောက်ပြီး ဆင်းရဲတဲ့ ဘိန်းစိုက်တောင်သူတွေအနေနဲ့ အလုပ် သမားလည်း မငှားနိုင်တာကြောင့် မိသား စုဝင်တွေကိုယ်တိုင် ခက်ခက်ခဲခဲလုပ်ရ တယ်လို့ ဘိန်းတောင်သူတွေက ဆိုပါတယ်။

စိုစွတ်တဲ့မြေဆီလွှာကို ကြိုက်နှစ် သက်တဲ့ ဘိန်းပင်ကြောင့် ဒေသခံတွေဟာ တောင်စောင်းတွေကနေ အခင်းအထိ ရေ ကို ခက်ခက်ခဲခဲသွယ်ယူစိုက်ပျိုးကြရပါတယ်။

ဘိန်းပွင့်ချိန်မိုးရွာခဲ့ရင်တော့ ဘိန်းပွင့် တွေ ပျက်တာကြောင့် အဲဒီဘိန်းစိုက်ရာသီ မှာ တောင်သူတွေဟာ အရှုံးပေါ်ပါပြီ။

ဒါပေမဲ့ ဘိန်းပင်ပေါက်အခြေအနေ မှာ မိုးရွာချခဲ့ရင်တော့ ”ကားတွေကျလာ ပြီ၊ ဆိုင်ကယ်တွေကျလာပြီ”ဆိုပြီး ဘိန်း စိုက်သူတွေ ပျော်ကြတယ်လို့ ဆဒုံးမြို့က ဘိန်းစိုက်တောင်သူတွေက ရှင်းပြပါ တယ်။ သူတို့ ဆိုလိုချင်တာက ဘိန်း အထွက်ကောင်းလို့ ဘိန်းစိုက်တောင်သူ တွေ ကားတွေ၊ ဆိုင်ကယ်တွေ ဝယ်စီးနိုင် တော့မှာကို ရည်ညွှန်းပြီး ပြောတာပါ။

ကချင်ပြည်နယ်၊ အထူးဒေသ(၁)ဘက်မှာတော့ ဘိန်းကို တစ်ရာသီပဲစိုက် ပျိုးကြပေမယ့် ကာလတိုအတွင်း ဝင်ငွေ ရစေတဲ့ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုပါ။ စတင်စိုက်ပျိုးပြီး သုံးလအတွင်း ဘိန်းစေး စတင်ခြစ်နိုင်ပြီး လေးလဆိုရင် အခင်း ပြန်လည်သိမ်းပါပြီ။

ဒါ့အပြင် အခြားသီးနှံတွေလို ဈေး တွေအထိသယ်ပိုးရောင်းချနေစရာ မလို ဘဲ ဘိန်းစေးခြစ်ချိန်ရောက်တဲ့အခါ အခင်းထဲအထိ ဘိန်းဝယ်လက်တွေ ရှိတာ ကြောင့် ပြုစုပျိုးထောင်ရတာ ပင်ပန်းပေ မယ့် ရောင်းဝယ်ရတာ လွယ်ကူတယ်လို့ ဘိန်းစိုက်တောင်သူတွေက ဆိုကြတယ်။

၂ဝ၁၃ မတိုင်မီကာလအထိ ဒီ ဒေသက ဘိန်းစိုက်တောင်သူတွေဟာ ရွာ အနီးအနားက တောင်တန်းတွေမှာပဲ ဘိန်းကို စိုက်ပျိုးကြပါတယ်။ အဲဒီကာလ တုန်းကဆို ဇန်နဝါရီနှောင်းပိုင်း ဘိန်းပန်း ပွင့်ချိန်ရောက်ပြီဆိုရင် ဆဒုံး-ကန်ပိုက်တီး ကားလမ်းဘေးတစ်လျှောက် တောင် ကြောတွေမှာ ဖွေးဖွေးလှုပ်နေတဲ့ ဘိန်း ပန်းတွေကို တွေ့နိုင်တယ်လို့ ဆဒုံးနဲ့ ကန် ပိုက်တီးက ဒေသခံတွေက ဆိုကြတယ်။ တချို့တလေဆိုရင် နေအိမ်ခြံဝင်းထဲမှာ တောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးတာမျိုးရှိတယ်လို့ မြို့ခံတွေက ပြောတယ်။

မော်ကွန်းက မြေပြင်ကွင်းဆင်းတဲ့ အခါမှာလည်း အဲဒီဒေသက တောင် စောင်းတွေတစ်လျှောက် အကွက်လိုက်၊ အကွက်လိုက်၊ မြေရှင်းလင်းမှုလုပ်ဆောင် ထားတဲ့ တောင်ယာကွက်တွေကို တွေ့ ခဲ့ရ တယ်။ ဒီတောင်ယာကွက်တွေဟာ ၂ဝ၁၃ လောက်အထိ ဘိန်းခင်းတွေအဖြစ်ရှိခဲ့ပြီး အခုနောက်ပိုင်း အဖျက်အဆီးများတာ ကြောင့် မစိုက်တော့တာလို့ ဒေသခံတွေ က ရှင်းပြတယ်။

၂ဝ၁၃ မတိုင်ခင်က ရွာအနီးမှာ ဘိန်းကို စုဝေးစိုက်ပျိုးခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဘိန်းခင်းဖျက်ဆီးခံရတာ တွေ များလာတာကြောင့် ကားလမ်းမက နေ အလွယ်တကူမမြင်ရတဲ့ တောင်ကြော တွေနဲ့ လူသူမနီးတောင်ကြားတွေဆီကို ဘိန်းခင်းတွေက ပြန့်ကျဲရွေ့လျားသွားပါ တော့တယ်။

ဘိန်းခင်းတွေကိုဖျက်ဆီးလိုက်ရုံနဲ့ ဘိန်းခင်းတွေလျော့ကျသွားတာ မဟုတ် ဘဲ အန္တရာယ်နဲ့ကင်းလွတ်တဲ့နေရာတွေကို ဘိန်းခင်းတွေက ရွှေ့သွားတာသာဖြစ် တယ်လို့ ဘိန်းစိုက်တောင်သူဖွံ့ ဖြိုးတိုး တက်ရေးလုပ်ဆောင်ပေးနေတဲ့ မြစ်ကြီး နားမြို့ပေါ်က အမည်မဖော်လိုသူက ပြော ပြတယ်။

”အရင်လို တောင်တစ်လုံးထဲမှာ မြင်ရသလို အများကြီးတော့ မဖြစ်တော့ ဘဲနဲ့ နည်းနည်းစီနဲ့ ပြန့်ကျဲလုပ်ကြတယ်။ ပြောချင်တာက (ဘိန်းက) မပြတ်သွား ဘူး။ ပြန့်ကျဲစိုက်ပျိုးပြီး ဆက်ပြီးရှိနေ သေးတယ်”လို့ သူက ပကတိအခြေနေကို ရှင်းပြတယ်။

အဖျက်အဆီးတွေရဲ့ဝေးရာကို ရှောင်ရှားစိုက်ပျိုးရတာကြောင့် စိုက်ပျိုး စရိတ်နဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်ပြီး ဘိန်းစိုက်တောင်သူတွေမှာ အကြွေးတွေ ပိုပိုပိလာတယ်လို့ သူက ဆို ပါတယ်။

”တချို့ တောင်သူတွေဆိုရင် (ဘိန်း စိုက်ပေမယ့်) ထမင်းကောင်းကောင်း မစားနိုင်ဘူး။ ထမင်းနဲ့ ဖရုံသီးတွေနဲ့ ရော နှောချက်ပြုတ်စားရတာတွေပေါ့။ ဆန် မလောက်မှာ စိုးတာကြောင့်ပေါ့။ အဲဒါမျိုး တွေ စားသောက်နေရတာတွေ အများ ကြီးရှိတယ်”လို့ ဘိန်းတောင်သူတွေရဲ့ အခက်အခဲကို သူက ဖွင့်ဟတယ်။

Photo: Khin Maung Myint                 ဘိန်းအစားထိုး နှစ်ရှည်သီးနှံ ရှောက်ကော

ဘယ်သူတွေ ဘယ်လောက်စိုက်

ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇ ဝတ်မှုဆိုင်ရာရုံး (UNODC)ရဲ့ ၂ဝ၁၅ အစီရင်ခံစာမှာတော့ ကချင်ပြည်နယ်ထဲ က တနိုင်း၊ ပူတာအို၊ ဖားကန့်နဲ့ ဝိုင်းမော် ဒေသတွေမှာ ဘိန်းစိုက်ပျိုးတယ်လို့ ဖော် ပြတယ်။ အခြားမြို့နယ်တွေဖြစ်တဲ့ ဆွမ် ပရာဘွမ်၊ ချီဖွေ၊ မိုးကောင်းနဲ့ ကာမိုင်း မြို့နယ်တွေမှာလည်း စိုက်ပျိုးကြတာရှိပါ တယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးနေတဲ့ ပြည်နယ်လေးခုဖြစ်တဲ့ ရှမ်း၊ ကချင်၊ ကယားနဲ့ ချင်းတို့မှာ  ကချင်ပြည်နယ်ဟာ ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံး ပြည် နယ်တစ်ခုလို့ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်ရဲ့ ဘိန်းစိုက်ပျိုးမှုအမြင့်ဆုံးဒေသတွေထဲမှာ အထူးဒေသ (၁) ဧရိယာကို ထည့်သွင်းဖော်ပြထား တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃,၅ဝဝ ကနေ ၆,ဝဝဝ အထက် မြင့်မားတဲ့ တောင်တန်းတွေရှိတဲ့ ဆဒုံးနဲ့ ကန်ပိုက်တီးဒေသတွေမှာ ဘိန်းကို အဓိကစိုက်ပျိုးကြပါတယ်။ အဲဒီဒေသက ရွာတိုင်းလိုလိုမှာ ဘိန်းစိုက်တောင်သူတွေ ရှိတယ်လို့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်း တွေက ဆိုပါတယ်။

တောင်တွေကို ခုတ်ထွင်ရှင်းလင်း ပြီး စိုက်ပျိုးတာဖြစ်တာကြောင့် ဧက အတိအကျနဲ့  တွက်ပြဖို့တော့ ခက်တယ် လို့ ဆိုကြတယ်။

”နံပါတ်တစ်(ဘိန်းစိုက်ပျိုးမှု အများဆုံး)နေရာက ဆဒုံး၊ ကန်ပိုက်တီး၊ ချီဖွေ၊ အဲဒီဒေသ၊ တရုတ်နယ်စပ်ဒေသ ပေါ့”လို့ မြစ်ကြီးနားနယ် ပတ်ဂျဆန်အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအင်ခွမ်တန်ဂွန်းက ပြောပါတယ်။

အဲဒီဒေသတွေမှာ ဒေသခံဘိန်း စိုက်တောင်သူတွေအပြင် တစ်ဖက်နိုင်ငံ က လာတဲ့ ဘိန်းစိုက်သူတွေနဲ့ အောက် ဘက်ဒေသတွေဖြစ်တဲ့ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားနဲ့ မန္တလေးစတဲ့ ဒေသတွေက တက်လာတဲ့ ငွေရင်းနှီးနိုင်သူတွေလည်း စိုက်ပျိုးတယ်လို့ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ ဒေသခံပတ်ဂျဆန်အဖွဲ့တွေက ပြောပါတယ်။

ဒေသခံဘိန်းစိုက်တောင်သူတွေက တစ်ပိုင်တစ်နိုင်အခြေအနေနဲ့ စိုက်ပျိုးနေ ကြချိန်မှာ တရုတ်လော်ပန်(သူဌေး)တွေ နဲ့ အောက်ဘက်ကတက်လာတဲ့ သူဌေး တွေက လုပ်သားအင်အားများများ၊ တောင်ယာစိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ထွန်စက်အင်အားများများနဲ့ အင်တိုက်၊ အားတိုက် စိုက်ပျိုးကြတယ်လို့ ဒေသခံ ပတ်ဂျဆန်အဖွဲ့တွေက ဆိုပါတယ်။ တချို့ တရုတ်လော်ပန်တွေဆိုရင် တောင်စောင်း တွေမှာအသုံးပြုလို့ရတဲ့ ထွန်စက်တွေကို အစီးရေ ရာနဲ့ချီ သယ်ဆောင်လာပြီး လုပ် ဆောင်ကြတယ်လို့ ဆိုတယ်။

”တချို့က မြန်မာနိုင်ငံမှတ်ပုံတင်နဲ့။ တချို့ကလည်း (မြန်မာမှတ်ပုံတင်) မကိုင် ဘဲနဲ့ တရုတ်တွေက ရွာလိုလာနေပြီးတော့ ကို လုပ်နေတာ”လို့ ဦးအင်ခွမ်တန်ဂွန်းက ပြောတယ်။

တရုတ်နိုင်ငံသား ဘိန်းစိုက်သူတွေ နဲ့ အောက်ဘက်က တက်လာတဲ့ သူဌေး တွေဟာ ဒေသခံတွေထံက တောင်တွေကို အလုံးလိုက်ငှားရမ်းတာ၊ တောင်သူကို အမည်ခံခိုင်းပြီး ဘိန်းစေးထွက်ရှိမှုအပေါ် မှာ အကျိုးအမြတ်ခွဲဝေယူတာမျိုးတွေနဲ့ စိုက်ပျိုး ကြတယ်။

ကချင်ပြည်နယ်ချီဖွေမဲဆန္ဒနယ်၂ ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဇခုန်ယိန်းဆောင်ကလည်း ကချင် အထူးဒေသ (၁)ထဲမှာ တရုတ်လော်ပန် တွေရဲ့ ဘိန်းခင်းတွေ ရှိနေတယ်ဆိုတာ ကို အခုလို အတည်ပြုပါတယ်။

”တောင်တွေမှာ ဘိန်းခင်းလာခုတ် တယ်ဆိုတာက ဒေသခံတွေအပြင် အောက်က တက်လာတဲ့သူတွေလည်း အများကြီးပဲ။ တရုတ်စီးပွားရေးသမား တွေက အလုပ်သမားအဖြစ် ငှားပြီး ခေါ် လာတာ။ အောက်ကလူတွေလည်း အခု ဒီဒေသကို ဘိန်းစိုက်ပျိုးရေးခြံတွေမှာ လုပ်ဖို့ ရောက်လာကြပြီ”

သူဟာ ကချင်အထူးဒေသ(၁)ရဲ့ ဒေသဖွံ့ဖြိုးရေးခေါင်းဆောင် ဦးဇခုန်တိန့် ယိန်းရဲ့ သားတစ်ယောက်လည်း ဖြစ်ပါ တယ်။  ဦးဇခုန်တိန့်ယိန်းဟာ ယခင်က အမျိုးသားဒီမိုကရေစီသစ်တပ်မတော်-ကချင်ပြည်နယ် (New Democracy Army-Kachin – NDA-K) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဖြစ် ခဲ့ပြီး ၂ဝ၁ဝ မှာတော့ သူ့ရဲ့တပ်ဖွဲ့ကို နယ် ခြားစောင့်တပ် (Border Guard Force) အဖြစ် ပြောင်းလဲခဲ့ပါတယ်။

နယ်ခြားစောင့်တပ်အဖြစ် ပြောင်း လဲပြီးနောက်ပိုင်းမှာ အာဏာသက် ရောက်မှု မရှိတော့တာကြောင့် ဒေသ တွင်း ဘိန်းခင်းတွေကို ဖျက်ဆီးခွင့်မရှိ တော့ဘူးလို့ ဦးဇခုန်ယိန်းဆောင်က ရှင်းပြပါတယ်။

UNODC ရဲ့ ၂ဝ၁၅ အစီရင်ခံစာ အရ ကချင်ပြည်နယ်မှာ ဘိန်းစိုက်ဟက် တာ ၄,၂ဝဝ (၁ဝ,၃၇၈ ဒသမ ၄၃ ဧက) ရှိတယ်လို့ ခန့်မှန်းထားပြီး ဒီပမာဏဟာ တစ်နိုင်ငံလုံးဘိန်းစိုက်ဧကရဲ့ ရှစ်ရာခိုင် နှုန်းရှိပါတယ်။ ယခု စိုက်ပျိုးမှုနှုန်းဟာ  ၂ဝ၁၄ ကထက် ၁၇ ရာခိုင်နှုန်းကျော် လျော့သွားတယ်လို့ ဖော်ပြတယ်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ဝိုင်း မော်၊ တနိုင်း၊ ဖားကန့်၊ ချီဖွေနဲ့ ပူတာအို ဒေသတွေမှာ ဘိန်းစိုက်ဧက ၃,၇ဝဝ ခန့် ဖျက်ဆီးထားတယ်လို့ပြောပါတယ်။ အထူးဒေသ(၁) ဧရိယာတည်ရှိတဲ့ ဝိုင်း မော်မြို့နယ်တစ်ခုတည်းမှာတင် ဘိန်းစိုက် ဧက ၁,၃ဝဝ ကျော် ဖျက်ဆီးထားတာပါ။ ရဲတပ်ဖွဲ့ရဲ့ စာရင်းဇယားတွေအရ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ဖျက်ဆီးမှုနှုန်းဟာ ၂ဝ၁ဝ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး ဖျက် ဆီးမှုနှုန်းလည်းဖြစ်ပါတယ်။

ဘိန်းဈေးကွက်

ကချင်ဒေသမှာ ဘိန်းကို ‘အဟောင်’ ဆိုတဲ့ အခြင်အတွယ်နဲ့တိုင်းတာပါတယ်။ တစ်ပိဿာကို ဘိန်းအဟောင်လေးဆယ် ရှိတာကြောင့် တစ်ဟောင်ကို နှစ်ကျပ်ခွဲ သားရှိပါတယ်။ ဒီဒေသမှာ ဘိန်းတစ်ပိဿာ     ကို အနိမ့်ဆုံး ကျပ်လေးသိန်းကနေ အမြင့် ဆုံး ကျပ်ရှစ်သိန်းအထိ ဈေးရတယ်ဆို့ ဘိန်းတောင်သူတွေက ပြောပြ တယ်။

ဆဒုံးက အချို့တောင်သူတွေက တော့ ဘိန်းရှားပါးတဲ့ အချိန်တွေမှာ ဆယ်သိန်းဈေးလောက်အထိ ပေးဝယ် တာလည်း ရှိတယ်လို့ဆိုတယ်။  ဘိန်း အစေးခြစ်ကာလတွေ ဖြစ်တဲ့ ဖေဖော် ဝါရီနဲ့ မတ်တွေမှာတော့ ဘိန်းဈေးအနိမ့် ဆုံး ဖြစ်လေ့ရှိပါတယ်။

ဝယ်လက်အများဆုံးက တရုတ်က လာတာဖြစ်ပြီး ဘိန်းခင်းတွေထဲအထိ ဆင်းဝယ်ကြပါတယ်။

ဒါပေမဲ့ အဖမ်းအဆီးများတဲ့ အချိန် တွေဆိုရင် ဘိန်းခင်းအထိ ဆင်းဝယ်တဲ့ ဝယ်လက်တွေ နည်းသွားတာကြောင့် ရွာထဲက ဘိန်းစိမ်းဝယ်တဲ့ ဒိုင်တွေဆီကို သွားရောင်းတဲ့အခါ ဈေးနှိမ်ခံရတယ်လို့ သူတို့က ပြောကြတယ်။

ဘိန်းခင်းထဲကို ရောက်လာတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တိုင်းကို ဘိန်းစိုက် တောင်သူတွေဟာ ပိုက်ဆံပေးရတယ်လို့ ဆိုကြတယ်။ ရဲတပ်ဖွဲ့တွေ၊ နယ်ခြားစောင့် တပ် (BGF)တွေနဲ့ ကျေးရွာ အုပ်ချုပ်ရေး မှူးတွေဟာ သူတို့ဆီက ငွေတောင်းသူ တွေ ဖြစ်တယ်လို့ ဘိန်းစိုက်တောင်သူတွေ က ပြောတယ်။

ဘိန်းစိုက်တောင်သူတွေထံက BGFတွေ ငွေကောက်ခံ တယ်ဆိုတာဟာ အောက်ခြေတပ်ဖွဲ့ဝင်အချို့က လုပ်ဆောင် တာမျိုးတွေဖြစ်တယ်လို့ ဦးဇခုန်ယိန်း ဆောင်က ပြောတယ်။

ဘိန်းခင်းစိုက်ပျိုးတဲ့အတွက် ပေး ဆောင်ရတဲ့ငွေက သတ်သတ်မှတ်မှတ် တော့ မရှိပါဘူး။ ဘိန်းခင်းအောင်မြင်မှု၊ ဘိန်းစိုက်တောင်သူရဲ့ စီးပွားရေးအခြေ အနေတွေအပေါ် လိုက်ပြီး ငွေကြေးကို ညှိနှိုင်းပေးရတာမျိုးဖြစ်ပါတယ်။ ဒေသခံ ဘိန်းစိုက်တောင်သူတွေကတော့ သူတို့ အကြောက်ဆုံးဟာ ရဲတပ်ဖွဲ့ဝင်တွေလို့ ဆိုပါတယ်။

ဆဒုံးနဲ့ ကန်ပိုက်တီးက နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့ဆီကို ပုံမှန် အခွန်လာကောက်တယ်လို့ ပြောပြတယ်။ တစ်ခါ တစ်ရံ ဘိန်းစေးဝယ်သွားသူတွေကို ဖမ်းမိတဲ့အခါ စစ်မေးပြီး ဝိုင်းမော်မြို့က ရဲတွေတောင်ရွာအထိ ရောက်လာတာမျိုး ရှိတယ်လို့ ဘိန်းစိုက်တောင်သူတွေက ဆိုကြတယ်။

ဘိန်းစေးဝယ်သွားတဲ့သူထံကတစ် ဆင့် ဘိန်းစိုက်တောင်သူရဲ့ အိမ်ကို သိပြီ ဆိုရင်တော့ ဘိန်းစိုက်ပျိုးတဲ့အတွက် ဥပဒေအရ ထောင်ချလို့ရတယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ငွေညှစ်၊ ငွေတောင်း တာတွေ လုပ်ကြတယ်လို့ ကန်ပိုက်တီး မြို့နယ်ခွဲ၊ ဝေါချုံ ကျေးရွာအုပ်စုမှာ နေ ထိုင်တဲ့  ဒေါ်ရဝီဂက ပြောပြတယ်။ ရွာက ဘိန်းစိုက်သူတိုင်းလိုလိုဟာ  ရဲတပ်ဖွဲ့ဝင် တွေကို ပိုက်ဆံပေးဖူးကြတယ်လို့လည်း ဒေါ်ရဝီက ပြောတယ်။

”ပိုက်ဆံရချင်လို့ (ဘိန်းစေး)ရောင်းလိုက်တာ။ ရောင်းလိုက်တဲ့ ပိုက်ဆံ ထက်မကတဲ့ ပိုက်ဆံတွေ (ရဲကို ပေးလိုက် ရလို့) ပြန်ထွက်သွားတဲ့ ဖြစ်စဉ်တွေ အများကြီးရှိတယ်”လို့ ဘိန်းစိုက်တောင် သူတွေ တကယ်ကြုံနေရတဲ့အခြေအနေ ကို သူက ရှင်းပြတယ်။

ငွေလာတောင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဟာ ဘယ်ရဲတပ်ဖွဲ့ ခွဲ ကလည်းဆိုတာတော့ သေချာမသိဘူးလို့ သူတို့ ပြောတယ်။

”ရဲတွေက ဒီမှာ လာခြောက်စား တာ။ တောင်းသလောက် မပေးရင် ခေါ် သွားမယ်၊ ဘာညာနဲ့ လာခြောက်စားတာ တွေ အများကြီးရှိတယ်။ မရှိရင်လည်း ချေးငှားပြီး ပေးရတော့တာပေါ့”လို့ ဒေါ်ရဝီက ပြောပြတယ်။

တရုတ်ငွေကို တွင်တွင်ကျယ်ကျယ် သုံးတဲ့ဒီဒေသတွေမှာ တစ်ခါတလေ ရဲတွေကို တရုတ်ငွေတန်ဖိုးနဲ့ ညီမျှတဲ့ ဘိန်းစေးကို ပေးပြီး ဖြေရှင်းရတယ်လို့ ဆိုကြတယ်။

ဒေါ်လုဂျာကတော့ ၂ဝ၁ဝ လောက် က သူ့ရဲ့ဘိန်းခင်းကို လာဖျက်မယ်လို့ ပြောတဲ့ ရဲတွေကို ငွေမရှိတဲ့အတွက် ဘိန်း စေးပေးပြီး ဖြေရှင်းဖူးပါတယ်။

”၂၅ ဟောင်ပေးလိုက်တဲ့အတွက် လာတော့ မဖျက်တော့ဘူး” လို့ သူ့ အတွေ့အကြုံကို ပြောပြတယ်။

ဘိန်းစိုက်တောင်သူတွေပြောတဲ့ ရဲ တပ်ဖွဲ့ဝင်တွေကိုငွေပေးရတဲ့အကြောင်းနဲ့ ကချင်ပြည်နယ်မှာ ဘိန်းခင်းဖျက်ဆီးမှု အကြောင်းတွေကို မေးမြန်းဖို့ မော်ကွန်းက မြစ်ကြီးနားမှာရှိတဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးနဲ့ မူးယစ်အထူးတပ်ဖွဲ့ရုံးတွေကို သွားရောက် ခဲ့ပါတယ်။ ဒါပေမဲ့ ဘိန်းခင်းဖျက်ဆီးမှု အချက်အလက်တွေသာရခဲ့ပြီး တောင်သူ တွေရဲ့ စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တော့ မေးမြန်းခွင့်မရခဲ့ပါဘူး။

ရန်ကုန်ပြန်ရောက်ပြီး ဒီဆောင်းပါး ကိုအဆုံးမသတ်ခင် ဇန်နဝါရီ ၂၅ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့ မှ ဒုတိယရဲမှူးမြင့်စိုးကို မော်ကွန်းက ဖုန်းဆက်ပြီး အတည်ပြုချက် ရယူခဲ့ရာမှာ ”သူ့ဘာသာသူ ဒေသခံတွေကတော့ စွပ် စွဲတာတွေ ရှိချင်ရှိမှပေါ့”လို့ ပြန်လည် ဖြေ ကြားခဲ့ပါတယ်။

ဘိန်းတောင်သူတွေဆီကရဲတွေ ငွေ တောင်းတာနဲ့ပတ်သက်ပြီး တရားဝင် တင်ပြအကြောင်းကြားလာတာမျိုး မရှိ သလို အဲဒီလို သတင်းမျိုးတွေလည်း မကြားမိဘူးလို့ ပြောပါတယ်။

အဲဒါတွေနဲ့ ပတ်သက်လို့လည်း ”ကျွန်တော် မှတ်ချက်မပြုချင်ဘူး၊ အဲဒီ သတင်းတွေကို ဆရာတို့သာ ကြားတာ၊ ကျွန်တော်တို့က မကြားဘူး။ ကျွန်တော် စုံစမ်းကြည့်ပါဦးမယ်”လို့ ပြန်လည် ဖြေ ကြားပါတယ်။

အဖမ်းအဆီးများပြီး ဘိန်းဈေးက လည်း ကျဆင်းနေတယ်ဆိုပေမယ့် ဘိန်း က ရတဲ့ ဝင်ငွေဟာ အခြားသီးနှံတွေ စိုက် လို့ရတဲ့ ဝင်ငွေထက် ပိုနေဆဲပါပဲ။ အဖျက် အဆီးမခံရရင် ဝင်ငွေရဖို့ ကျိန်းသေတာ ကြောင့် တောင်သူတွေဟာ ဘိန်းကို လက် မလွှတ်နိုင်ဖြစ်နေရသေးတယ်လို့ ဒေသခံ တွေက နှိုင်းယှဉ်ပြပါတယ်။

ဒေါ်လုဂျာတစ်ယောက် ၂ဝဝ၈ တုန်းက ပြောင်းတစ်ဧက စိုက်ပါတယ်။ ပြောင်းမအောင်မြင်တာကြောင့် ကျပ် တစ်သိန်းနှစ်သောင်းလောက်သာ ပြန်ရ ခဲ့လို့ နောက်နှစ်တွေမှာ ဘိန်းကိုပဲ ပြန် လည်စိုက်ပျိုးခဲ့ရတယ်လို့ ဆိုပါတယ်။ ဘိန်းတစ်ဧက အထွက်နှုန်းဟာ နှစ် ပိဿာ      ခန့် ရှိတာကြောင့် ကျပ် ၁ဝ သိန်းဝန်းကျင် ဝင်ငွေရတယ်လို့ ဆိုရမှာပါ။ ဘိန်းပင်ဟာ တခြားသီးနှံပင်တွေလိုပဲ ပိုးမွှားဖျက်ဆီး တာကို ခံရတတ်ပေမယ့် သူတို့ဒေသရဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့အတွက် ဒီဘိန်း စိုက်ပျိုးမှုကို ဆက်လက်လုပ်ကိုင်နေကြ တာဖြစ်တယ်လို့ ကိုခေါပုံက ပြောပါတယ်။

Photo:- Luseng                                   ၂၀၁၄၊ တနိုင်း-ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ပတ်ဂျဆန်အဖွဲ့ ဘိန်းခင်းများကို ရှင်းလင်းနေစဉ်

ဘိန်းပပျောက်ရေး အလှမ်းဝေးနေသေး

ကိုခေါပုံဟာ အရင်က ဘိန်းစိုက် ခဲ့တဲ့ တောင်ယာတွေမှာ အစားထိုးလက် ဖက်စိုက်ခင်းတွေကို ဦးဇခုန်ယိန်းဆောင် တို့နဲ့ ပူးပေါင်းစတင်ခဲ့ပါတယ်။ ၁၉၉၅-၉၆ မှာ ဘိန်းအစားထိုး လက်ဖက်စိုက်ခင်းကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ အခုဆိုရင် ဆဒုံး-ကန်ပိုက်တီကားလမ်း ဘေး စင်ကြိုင်ရွာက ဒီလက်ဖက်ခင်းကို ဧက ၅ဝဝ ခန့် အထိ တိုးချဲ့ နိုင်ခဲ့ပါပြီ။  လက်ဖက် စိုက်ပျိုးတာအောင်မြင်ပေမယ့် ထွက်သလောက် တင်ပို့နိုင်မယ့် အခြား ဈေးကွက်မရှိတာကြောင့် မန္တလေးနဲ့ ရန် ကုန်ဈေးကွက်ကိုပဲ ပြန်လည်တင်ပို့ရ ပါတယ်။

ဦးဇခုန်ယိန်းဆောင်တို့အဖွဲ့အစည်း ဟာ ငွေကြေးအတော်အတန်တောင့်တင်း တာကြောင့် ယခုအချိန်အထိ လက်ဖက် စိုက်ခင်းကို ဆက်လက်လုပ်ဆောင်နိုင်ပေ မယ့် ကျန်တဲ့တောင်သူတွေကို ဆွဲခေါ်ဖို့ တော့ သူတို့မှာ အင်အားမရှိဘူးလို့ ကိုခေါပုံက ပြောပြတယ်။

ဒေသတွင်းမှာ တောင်သူတွေ အတုယူလို့ရအောင် လက်ဖက်နဲ့ ရှောက် ကောအပင်ကို သူတို့ ဒေသဖွံ့ဖြိုးရေးအဖွဲ့ က ဦးဆောင်စိုက်ပျိုးပြနေပေမယ့် တချို့ ကလွဲရင် အများစုက အရင်းအနှီးနဲ့ ဈေးကွက်အခက်အခဲကြောင့် လိုက်မလုပ် နိုင်ဘူးလို့ ဦးဇခုန်ယိန်းဆောင်ကလည်း ဆိုပါတယ်။ ဘိန်းအစားထိုးလက်ဖက် စိုက်ခင်းတွေ၊ ဘိန်းနဲ့ မုန်ညင်း စသဖြင့် စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကိုလည်း တွေ့ ခဲ့ရပါတယ်။

အစိုးရက ဘိန်းခင်းဖျက်ဆီးတာ တွေပဲ လုပ်ဆောင်နေပြီး ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် မှု အားနည်းတာကြောင့် ဘိန်းအစားထိုး စီမံကိန်းတွေ မအောင်မြင်ရတာဖြစ်တယ် လို့ ဦးဇခုန်ယိန်းဆောင်က သုံးသပ်ပါတယ်။

”ဘိန်းအစားထိုးကိုသူတို့(ဌာန ဆိုင်ရာ)လည်း လာပြီးတော့ ဦးဆောင်ပြီး မလုပ်ပေးနိုင်ဘူး။ ကျွန်တော်တို့လုပ်ထား တဲ့ ကိစ္စတွေကိုလည်း အားပေးတာမျိုးမရှိ ဘူး”လို့ သူက ပြစ်တင်ပြောဆိုပါတယ်။

မြစ်ကြီးနားမြို့ပေါ်က ဘိန်းစိုက် တောင်သူတွေကို အကူအညီပေးနေကာ  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းလုပ်ကိုင်တဲ့ အရပ်ဘက်အဖွဲ့အစည်းက အမည်မဖော်လိုသူ စီမံကိန်းတာဝန်ခံ အမျိုးသမီးကတော့ ကချင်ပြည်နယ် ဘိန်းပပျောက်ရေးအတွက်  အစိုးရတစ် ဖွဲ့တည်း လုပ်ဆောင်နေမယ်ဆိုရင် မအောင်မြင်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

”အင်န်ဂျီအိုရယ်၊ အစိုးရရယ်၊ ဒေသခံရယ် ပေါင်းပြီးလုပ်။ ဒေသခံကို လည်း သေချာနားလည်အောင်ပြောပြဖို့လိုတယ်”လို့ တာဝန်ခံအမျိုးသမီးက အကြံပြုတယ်။

သူ့ရဲ့အတွေ့အကြုံအရ ထိုင်းနိုင်ငံ မှာ ဘိန်းအစားထိုးစီမံကိန်းတွေကို လုပ်တဲ့အခါ ဘုရင်ကိုယ်တိုင်ဦးဆောင်ပြီး စီမံကိန်း အကြီးကြီးတွေ ရေးဆွဲတယ်။ ဘိန်းစိုက်တောင်သူတွေရဲ့ အစားထိုး သီးနှံတွေကို ထိုင်းဘုရင်ကိုယ်တိုင် ဒိုင်ခံ ဝယ်ပေးပြီး ဈေးကွက်ဖော်ဆောင်ပေးတဲ့ အတွက် ထိုင်းမှာ ဘိန်းလျော့နည်းသွား တယ်လို့ သူကရှင်းပြတယ်။

အစိုးရအနေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပမာ ကိုယူပြီး စီမံချက်တွေ ရေးဆွဲ အစားထိုး ပေးမယ်ဆိုရင် ဘိန်းစိုက်ပျိုးမှုလျော့ကျ မယ်လို့ သူက အကြံပြုတယ်။

”ဘိန်းပင်တွေကိုခုတ်လိုက်ရုံနဲ့ မပ ပျောက်နိုင်ဘူး။ သူတို့ရဲ့ စားဝတ်နေရေးကို တစ်ခုခုပြန်အစားမထိုးပေးနိုင်ရင်တော့ လုံးဝ မပပျောက်နိုင်ဘူး။ သူတို့လည်းဒီ ဟာလုပ်တာမကောင်းဘူးဆိုတာ သိ တယ်လေ။ ဒါပေမဲ့ ဒီဟာမစိုက်ရင် ဝမ်းစာ အတွက် ခက်ခဲတော့ စိုက်နေဦးမှာပဲ”လို့ မြစ်ကြီးနားမြို့မှာ မော်ကွန်းနဲ့ တွေ့ဆုံစဉ် ရှင်းပြတယ်။

”မလုပ်နဲ့၊ မစိုက်နဲ့လို့ သွားဖိအား ပေးရင် သူတို့က ဒီထက် ဝေးတဲ့နေရာမှာ သွားစိုက်မှာပဲ”လို့ သူက ပြောတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး နဲ့ ဆက်နွှယ်တဲ့ နောက်ဆက်တွဲ ကျန်းမာ ရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက် နေတဲ့ ရန်ကုန်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတစ်ခုက ဒါရိုက်တာတစ်ဦးက တော့ အစိုးရဟာ ဘိန်းပပျောက်ရေး အတွက် မဟာဗျူဟာတွေ ရေးဆွဲထားပေ မယ့် သီးသန့်ရန်ပုံငွေ မတည်ထားတာမျိုး မတွေ့ရဘူးလို့ သူ့ရဲ့ လေ့လာတွေ့ရှိချက်ကို မော်ကွန်းကို ပြောတယ်။ သူ့ရဲ့အလုပ် ကြောင့် အမည်ကို ကွယ်ဝှက်ပေးဖို့ မော် ကွန်းကို သူက တောင်းဆိုခဲ့တယ်။ သူဟာ ယခင်က ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးမှာလည်း တာဝန် ထမ်းဆောင်ဖူးပါတယ်။

”သီးသန့်ရန်ပုံငွေတောင် မရှိတာ၊ အစားထိုးတွေ၊ ဘာတွေ ဆိုတာ အဝေး ကြီးကျန်သေးတယ်”လို့ သူက  သုံးသပ် ပါတယ်။

ဘိန်းပပျောက်ရေးအတွက် ၁၉၉၉-၂ဝ၁၄ ပထမ ၁၅ နှစ် ကာလအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မလုပ် ဆောင်နိုင်ခဲ့ လို့ ၂ဝ၁၉ အထိ နောက်ထပ် ငါးနှစ်သက်တမ်း ထပ်တိုးထားပါတယ်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဟာဗျူဟာတွေဟာလည်း နိုင်ငံတကာနဲ့ အာဆီယံဒေသအတွင်းက နိုင်ငံတွေ ကြားမှာ မူဝါဒပိုင်းဆိုင်ရာ ဆက်ဆံရေး ကောင်းမွန်ဖို့အတွက် အလုပ်သဘော အနေနဲ့သာ ရေးဆွဲထားခဲ့တာကြောင့် မအောင်မြင်တာဖြစ်တယ်လို့ သူက ထောက်ပြတယ်။

အစိုးရသစ်တစ်ရပ်တက်လာတဲ့ အခါ လုံလောက်တဲ့ရန်ပုံငွေနဲ့ သတ်သတ် မှတ်မှတ်လုပ်မယ့် သီးခြားကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလုပ်ကိုင်ရင်တော့ သက် တမ်းတစ်ခုအတွင်း လျော့ချသွားနိုင် အောင် လုပ်နိုင်တယ်လို့ သူက အကြံ ပြုတယ်။

သတ်သတ်မှတ်မှတ်အစီအစဉ်မရှိခဲ့ရင်တော့ ၂ဝ၁၉ အထိ သက်တမ်းထပ် တိုးထားတဲ့ မြန်မာနိုင်ငံရဲ့ ဘိန်းတိုက်ဖျက် ရေး မူဝါဒအစီအစဉ်ဟာလည်း အရင်တပ် မတော်အစိုးရလက်ထက်နဲ့ လက်ရှိ အစိုးရလက်ထက်တွေမှာ ဖြေရှင်းခဲ့တာ မျိုးထက် ပိုထူး ခြားပြီး ဖြစ်မလာနိုင်ဘူးလို့ သူက ထောက်ပြတယ်။

ရန်ကုန်ပြန်ရောက်ပြီး ဒီဆောင်း ပါးကို ရေးနေတုန်း ဇန်နဝါရီ တတိယ ပတ်အတွင်းမှာ တချို့အချက်အလက်တွေ ကို ပြန်လည်အတည်ပြုနိုင်ဖို့ ကန်ပိုက်တီးမြို့နယ်ထဲမှာရှိတဲ့ စင်ကြိုင်ရွာက သင်း အုပ်ဆရာတစ်ဦးကို ဖုန်းဆက်မေးမြန်း တဲ့အခါ အစိုးရဌာနပေါင်းစုံပါဝင်တဲ့ ပူး ပေါင်းအဖွဲ့က ဇန်နဝါရီ ၁၃ ရက်မှာ ဘိန်း ခင်းတွေ ဝင်ရောက်ဖျက်ဆီးသွားတယ် လို့ ပြောပြပါတယ်။

အဲဒီလိုဘိန်းဖျက်သူတွေကိုရှောင် ရှားဖို့ မယိမ်းမေတို့လို ဘိန်းစိုက်တောင် သူတွေကတော့ လူသူအရောက်အပေါက် နည်းပါးတဲ့ နေရာသစ်တွေကို ချဲ့ထွင် ရှောင်ရှားပြီး စိုက်ပျိုးနေကြဆဲပါပဲ။ ဘိန်း ပင်တွေကို စိုက်ချင်လို့မဟုတ်ဘဲ ဘိန်း ခင်းတွေထဲမှာ သူတို့ရဲ့ ဘဝတွေ ရှိနေ တယ်လို့ မယိမ်းမေက  ငါးလသားအရွယ် သူ့သားငယ်ကို ရင်ခွင်ပိုက်ထားရင်းက အခုလို တိုးတိုးညင်းညင်း ပြောပြတယ်။

”အခြားဘာ(သီးနှံ) မှလည်း မစိုက်ထားဘူး။ ဘိန်းကိုပဲ အားကိုးထား တာ။ အဲဒါ(ဘိန်းခင်း)ကို လာဖျက်ရင် တော့ ကျွန်မ တို့ဘဝတွေ အကုန်လုံး အဲဒီ မှာ ပါသွားပြီ” ။          ။

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။

 

ကျော်ဇေယျနှင့် ခင်မောင်မြင့် ရေးသည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here