“ဂျပန်နိုင်ငံကဖူဂျီလိုပဲကချင်တွေရဲ့အထိန်းအမှတ်က မြစ်ဆုံပဲ”

မြစ်ဆုံဆည်တည်ဆောက်ရန် မြန်မာပညာရှင်တွေဖွဲ့စည်းထားတဲ့ Biodiversity and Nature Conservation Association (BANCA)အဖွဲ့ကိုလျှပ်စစ်ဝန်ကြီးဌာန၊ လျှပ်စစ် ၁ ကEIA (Environmental Impact Assessment)ပြုလုပ်ဖို့အတွက် ငှားရမ်းခဲ့ပါတယ်။ အဲဒီအဖွဲ့ကသုတေသနပြုလုပ်ပြီး မြစ်ဆုံဆည်တည်ဆောက်ခြင်းလုပ်ငန်းမလုပ်ကိုင်ဖို့အစီရင်ခံစာကိုတင်သွင်းခဲ့တယ်။ ဘာကြောင့်မြစ်ဆုံဆည်မတည်ဆောက်သင့်တာလည်းဆိုတာကိုသိရှိဖို့သုတေသနပြုလုပ်ခဲ့တဲ့အဖွဲ့မှာ ပညာရှင်တစ်ယောက်အနေနဲ့ပါဝင်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင်ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခဦးညိုမောင်(ငြိမ်း)အားမော်ကွန်းကတွေ့ဆုံမေးမြန်းမှုများထဲမှ အချို့ကိုကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။       ။မြစ်ဆုံဆည်တည်ဆောက်ဖို့EIAလုပ်ခဲ့တယ်လို့ သိရပါတယ်။ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာကိုပြောပေးပါ။

ဦးညိုမောင်။     ။၂၀၀၉ -၂၀၁၀ မှာအဖွဲ့ကို EIA လုပ်ပေးဖို့ပေါ့။ဆည်ဆောက်တဲ့အခါမှ ထိခိုက်မှုတွေ ဘာတွေထိခိုက်မလဲဆိုတာကိုကြိုတင်ခန့်မှန်တာ၊ လျှပ်စစ်(၁)က လျှပ်စစ်ဝန်ကြီးဌာနနဲ့တရုတ်ကုမ္ပဏီကနေငှားရမ်းခဲ့တာ။ ငှားတဲ့အတွက် သူတို့နဲ့ဆွေးနွေးပြီးတော့ လုပ်တယ်။ အချိန်ကာလဘယ်လောက်ကြာမှာလဲ၊ဒါတွေဆွေးနွေးပြီးတော့ သဘောတူပြီးဒီဟာလုပ်ခဲ့တာပါ။ သုတေသနလုပ်ပြီးတော့ ဆရာတို့ အစီရင်ခံစာတင်ခဲ့တယ်။

ဆရာတို့နဲ့အတူလုပ်တာတရုတ်ပညာရှင်တွေပါတယ်။ တရုတ်ပညာရှင်တွေကသီးခြားအစီရင်ခံစာတင်တယ်။ ဆရာတို့မြန်မာဘက်ကသီးခြားတင်တယ်။ သီးခြားတင်ဖို့လည်းဆွေးနွေးပြီးတော့ သဘောတူတယ်။ အဲဒီတုန်းက တာဝန်အရှိဆုံးသူကတော့Bancaအဖွဲ့ဥက္ကဌဦးဦးဂါ၊ နောက်တာဝန်ယူတဲ့ တွဲဖက်အတွင်းရေးမှူးဒေါက်တာထင်လှ၊ နောက်ဆရာအပါအဝင်ပေါ့။

အခုတော့ ဦးဦးဂါ၊ ဒေါက်တာထင်လှကဆုံးသွားပြီ၊အဲဒီတော့ ပြောဖို့ကဆရာတစ်ယောက်ပဲကျန်တော့တယ်။ ဒီမြစ်ဆုံမှာဆည်ဟာမဆောက်သင့်ဘူးဆိုတာဆရာတို့ရဲ့အစီရင်ခံစာမှာ ပါပြီးသားဖြစ်တယ်။ ဒီနေရာအစားတစ်ခြားနေရာကိုဆရာတို့ကပေးခဲ့တယ်။ ဆရာတို့ပေးခဲ့တာကိုလက်မခံခဲ့ဘူး။ အစားထိုးနေရာကိုမြေပုံနဲ့ဘယ်နေရာကိုဆောက်ပါဆိုပြီးပေးခဲ့တယ်။ မေခမှာတစ်ခု၊ မလိခမှာတစ်ခု၊ အဲဒီအစားဆောက်ပါဆိုပြီးပေးခဲ့တယ်။ မြေပုံနဲ့တကွပေးခဲ့တယ်။ အဲဒါကိုသူတို့လက်မခံဘူး။

မော်ကွန်း။       ။ မြစ်ဆုံနေရာမှာဘာကြောင့် ဆည်မဆောက်သင့်တာလဲ။

ဦးညိုမောင်။     ။ကချင်တွေရဲ့ယဉ်ကျေးမှုအစလို့ ယူဆတဲ့နေရာဖြစ်တယ်။ ဗမာလူမျိုးတွေနဲ့ကြည့်ရင်လည်း မြစ်ဆုံကသင်္ကေတတစ်ခုအနေနဲ့တန်ဖိုးထားကြတယ်။ကချင်တွေကလည်းသူတို့ရဲ့ယဉ်ကျေးမှုမွေးဖွားရာနေရာဆိုပြီးတော့ တန်ဖိုးထားကြတယ်။ ဒီနေရာကို လုံးဝပျောက်သွားမယ်။ ဒါတော့မလုပ်သင့်ဘူးလို့ အဲဒီတုန်းကတည်းကဆရာတို့ကတင်ခဲ့တာဖြစ်တယ်။

အဲဒီနောက်ပိုင်းဆည်တွေနဲ့ပတ်သက်ပြီးစာချုပ်မှာဘယ်လိုချုပ်ထားလဲဆရာတို့မသိဘူး။ ဆရာတို့ EIA လုပ်တယ် အစီရင်ခံစာတင်တယ်။ဆရာတို့ EIA လုပ်တဲ့အခါ ဆရာတို့က EIA Guidelineကလူထုကို ချပြရမယ်။ အဲဒီလိုချပြပြီးမှ လူထုရဲ့တုန့်ပြန်မှုကို ပြန်ယူပြီးတော့ ဒီမှာအစီရင်ခံစာကိုပြန်ပြင်ရတယ်။ ဒါပေမဲ့အဲဒီကိစ္စကမလုပ်ခဲ့ဘူး။ ဒါဟာပျက်ကွက်တဲ့အကြောင်းတရားတစ်ခုဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဆရာအနေနဲ့တာဝန်ရှိတဲ့အတွက် လူထုကိုပြောတာပါ။ ပြောတဲ့အခါ လူထုရဲ့တုန့်ပြန်မှုကိုယူရမှာပါ။

 

မော်ကွန်း။       ။ အခုအစိုးရသစ်လက်ထက်မှာလည်း မြစ်ဆုံကိစ္စကိုလူထုကပြောလာတယ်။ အခုကန့်ကွက်နေတာလည်းရှိတယ်။ ဆရာတို့ကလည်းတစ်ချိန်လုံးကန့်ကွက်နေတယ်။ လက်ရှိရောဆရာတို့သဘောထားပြောင်းသွားပြီလားဘယ်လိုရှိပါသဲ။

ဦးညိုမောင်။     ။ဆရာတို့သဘောထားကတော့ မူလလက်ရှိသဘောထားအတိုင်းပဲဒီနေရာကမလုပ်သင့်ဘူး။ မလုပ်သင့်ဘူးဆိုတာကိုယ်ရဲ့ခံစားချက်နဲ့ ဆုံးဖြတ်တာမဟုက်ဘူး။ EIA အရလည်းဒီနေရာဟာယဉ်ကျေးမှုအမွေအနှစ်ဖြစ်တယ်ဆိုရင် ဒါမလုပ်ရဘူးဆိုတာရှိပြီးသား။ နောက်တစ်ခုကဘာလဲဆိုရင် ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေရှိတဲ့နေရာဒါမလုပ်ရဘူး။ အပြောင်းအလဲမလုပ်ရဘူး။ ဒါ EIA မှာရှိပြီးသားဖြစ်တယ်။ ဆရာတို့ကဒီဟာကို ပြန်ပြီးဖော်ထုတ်တာဖြစ်တယ်။ ဆရာတို့ကခံစားချက်နဲ့ပြောတာမဟုတ်ဘူး။

မော်ကွန်း။       ။ အခုဆိုရင် ဧရာဝတီမြစ်က ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးလိုက် ရေခန်းခြောက်လာလိုက်ဖြစ်နေတယ်။ အဲဒီတော့ ဆရာတို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေအနေနဲ့ ဘယ်လိုမျိုးထိန်းသိမ်းရမယ်လိုမြင်သလဲ။

ဦးညိုမောင်။     ။ဆရာတို့ အဲဒီတုန်းကတည်းကပြောခဲ့တယ်။ ဧရာဝတီအစ မေခ၊ မလိခမြစ်ဆိုတာရှိတယ်။ မလိခကတော့ ကချင်ရေခဲတောင်တွေကအခြေခံလာတာ၊ မေခကတော့နှစ်ခုပေါင်းလာတယ်။ တိဗက်ကလာတဲ့ချောင်းသာသာမြစ်နဲ့ ကချင်တောင်တန်းတွေကအခြေခံတဲ့ ချောင်းနဲ့ပေါင်းပြီးမေခဖြစ်လာတာ။ ရေကြီးတယ်ဆိုတဲ့အခါမှာအဓိကရေဝေရေလဲသစ်တောဆိုတာရှိတယ်။

အင်္ဂလိပ်ကဗမာနဲ့တရုတ်နယ်ခြားမျဉ်းဆွဲတုန်းကဘယ်ပေါ်အခြေခံလည်းဆိုရင် ဧရာဝတီရဲ့ရေဝေရေလဲနဲ့ အထူးသဖြင့် မေခရဲ့ရေဝေရေလဲနဲ့ မလိခရဲ့ ရေဝေရေလဲကိုတော့ဗမာပြည်ထဲထည့်ပြီးမျဉ်းကြောင်းစွဲခဲ့တာ။ ဒီမြစ်ရဲ့ ရေဝေရေလဲတောတွေက မြစ်ရဲ့အသက်ဖြစ်တဲ့အတွက် အဲဒီဟာတွေကိုဗမာပြည်ထဲထည့်ခဲ့တာ။ အခုတော ဧရာဝတီကိုထိန်းဖို့အတွက်ကမေခနဲ့ မလိခ၊ ဧရာဝတီရေအများဆုံးအဲဒီကလာတာဖြစ်တယ်။

မေခနဲ့မလိခရေဝေရေလဲတောတွေကိုထိန်းသိမ်းရမှာဖြစ်တယ်။ ဆရာတို့ အစီရင်ခံစာမှာအဲဒါကိုမြေပုံနဲ့ဒီနေရာကမလိခရဲ့ အမျိုးသားဥယျာဉ်လုပ်ပါ။ ဒီနေရာကမေခရဲ့အမျိုးသားဥယျာဉ်လုပ်ပါ။ အဲဒီလိုထိန်းခြင်းအားဖြင့် ရေကိုထိန်းနိုင်မှာဖြစ်တယ်။ အစီရင်ခံစာမှာမြေပုံနဲ့ပြထားပါတယ်။ ရာသီဥတုဖောက်ပြန်တာဆိုရင်လည်းဒါကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်တယ်။ နောက်တစ်ခုကတော့ ဧရာဝတီထဲဝင်တဲ့ ရေဝေရေလဲကိုလည်းထိန်းရမယ်။

 

မော်ကွန်း။       ။အင်ဂျင်နီယာအချို့ကပြောတာတော့ ဧရာဝတီမြစ်ကို ထိန်းသိမ်းဖို့ နောက်မြစ်ဝကျွန်းပေါ်ရေကြီးမှုကိုကာကွယ်နိုင်ဖို့က မြစ်ဆုံဆည်ဆောက်ပြီးလုပ်ဆောင်သင့်တယ်လို့ ပြောတယ်။ အခုတရုတ်တည်ဆောက်တဲ့ဆည်ကနိမ့်နေတယ်လို့တောင်ပြောတယ်။ ဆရာတို့ရောဘယ်လိုမြင်ပါသဲ။

ဦးညိုမောင်။     ။ဆရာတို့ကိုစပြီးပေးတုန်းကဆည်ရဲ့အမြင့်ဘယ်လောက်ရှိမယ်ဆိုပြီးပေးတယ်။ အဲဒီဟာ ပြီးတော့ နောက်ကျတော့ အပြောင်းအလဲလုပ်တယ်။ အဲဒါကိုဆရာတို့ကမသိဘူး။ တရုတ်ကအစီရင်ခံစာမှာကျတော့ နောက်ထပ်မြှင့်ထားတယ်။ ဒီဇိုင်းနဲ့ အစိုးရကအရင်ဘယ်လိုသဘောတူပြီးလက်မှတ်ထိုးထားလဲမသိဘူး။ မြစ်ဆုံကဆရာတို့ကိုပေးတဲ့ဒီဇိုင်းတုန်းကအမြင့်မီတာ ၂၃၀ ရှိတယ်။

 

မော်ကွန်း။       ။ သဘာဝပတ်ဝန်းကျင်ပညာရှင်တစ်ယောက်အနေနဲ့ ဧရာဝတီမြစ်ကို ဆည်တွေမဆောက်သင့်ဘူးလို့ မြင်ပါသလား။ ဒါမှမဟုက်တည်ဆောက်သင့်တယ်လို့မြင်ပါသလား။

ဦးညိုမောင်။     ။လျှပ်စစ်ထုတ်တဲ့အခါမှာစနစ်နှစ်ခုရှိတယ်။ အဲဒါကတော့မြစ်ကိုလုံးဝပိတ်ပြီးတော့ဆောက်တာ။ဒါကိုဆည်ဆောက်ပြီးထုတ်တဲ့စနစ်ပေါ့။ နောက်တစ်ခုကတော့ မြစ်ရေကိုလွှဲပြီးမှ အနိမ့်အမြင့်ပေါ်မှုတည်ပြီးထုတ်တာ။အဲဒီတော့ မြစ်ကသူဘာသာစီးနေမှာလိုအပ်တဲ့ရေကိုပဲလွှဲယူမှာပေါ့။ အခုလောပိတပေါ့။သူဆိုရင်ဘီးလူချောင်းကိုလွှဲယူပြီးထုတ်တာ။ ဆည်တစ်ခုမှမဆောက်ဘူး။ အဲဒီတော့ ဆရာပြောချင်တာကဧရာဝတီရဲ့လက်တက်တွေဖြစ်တဲ့ ဒုဌဝတီ၊ လျှစ်စစ်(ဓါတ်အားအတွက်ဆည်)တွေဆောက်ပြီးသား၊ နောက်ရွှေလီ၊ဒါလည်းဧရာဝတီထဲဝင်တာပဲလေ။ အဲဒီတော့ (မြစ်) လက်တက်တွေမှာတော့ ရေအားလျှပ်စစ်ထုတ်ဖို့၊ လုပ်ဖို့ဆရာတစ်ယောက်ထဲအမြင်ကတော့ရေလွှဲပြီးလျှပ်စစ်ထုတ်တဲ့စနစ်ကိုလုပ်သင့်တယ်လို့မြင်တယ်။ ဒါကလည်းတောင်ပေါ်ပိုင်းပဲလုပ်စေချင်တယ်။ ဆည်ဆောက်တာကကြောက်စရာကောင်းတာကငလျင်လှုပ်လိုက်ရင် အင်မတန်ကြောက်စရာကောင်းတယ်။ ရေဝင်ရေလွှဲတဲ့စနစ်ကကြောက်စရာမရှိဘူး။

 

မော်ကွန်း။       ။ မြစ်ဆုံဆိုရင်ငလျင်ကြောရှိတယ်ပေါ့။ ဒါပေမဲ့ လုံးဝမကျိုးအောင်တည်ဆောက်ဖို့ အင်ဂျင်နီယာပညာရပ်မှာရှိတယ်လို့ပြောတယ်။ အဲဒီအပေါ်မှာကောဆရာဘယ်လိုမြင့်ပါသလဲ။

ဦးညိုမောင်။     ။ဒီဟာကလည်းငလျင်ဒဏ်ခံနိုင်တယ်။ ဥပမာငလျင်ဒဏ်ရှစ်အထိခံနိုင်တယ်လို့ မြစ်ဆုံကိုပြောတာပေါ့။ ငလျင်ကရှစ်ထက်ကျော်ပြီးမလှုပ်နိုင်ဘူးလားဆိုတော့ အဖြေမရှိပြန်ဘူး။ အဲဒီလိုငြင်းမယ်ဆိုရင် အများကြီးပဲ။ အဲဒီတော့ငလျင်အန္တရာယ်ရှိသလားဆိုရင် ရှိတယ်လိုဖြေရမှာပဲ။

ဒါကငလျင်ပညာရှင်တွေ လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုကဆည်တွေဆောက်ရင် မြစ်တွေပိတ်လိုက်မယ်ဆိုရင်၊မေခမှာငါးခု၊ မလိခမှာတစ်ခု၊ မြစ်ဆုံမှာတစ်ခုပိတ်လိုက်တယ်ဆိုပါတော့ ဧရာဝတီရေဟာ အောက်ဘက်မှာနည်းသွားမယ်။ နည်းသွားရင်ဧရာဝတီမြစ်ကြောင်း သွားလာရေးကထိခိုက်နိုင်တယ်။ ထိခိုက်မလား၊ မထိခိုက်ဘူးလားလုပ်ကြည့်မှသိမှာ။

နောက်တစ်ခုကဘာလဲဆိုတော့ နှစ်စဉ်ရေလွှမ်းမိုးတာရှိတယ်။ နှစ်စဉ်ရေလွှမ်းမိုးတာကလိုအပ်တယ်။ ဘာဖြစ်လိုလဲဆိုတော့ မြေနုကျွန်းစိုက်ပျိုးရေးဆိုတာအဓိက ဧရာဝတီမှာရှိတာဖြစ်တယ်။ နှစ်တိုင်းရေလွှမ်းတယ်။ နုန်းတွေတင်တယ်။ စိုက်ပျိုးရေးရှိတယ်။ကဲပိတ်လိုက်ပြီမြေနုကျွန်းဆိုတာမပေါ်တော့ဘူး။ပျက်မယ် ဘယ်လိုလုပ်မလဲ။

နောက်တစ်ခုက ဧရာဝတီက ရေစီဝင်လာတာလျော့သွားရင် ဆားငံရည်က ဝင်လာမှာပဲ။ ဆားငံရည်ထိုးဖောက်ဝင်မလာဖို့ဆိုတာရေချိုကတအားစီးလာရင် ဒီကောင်(ရေငန်)ကမတက်နိုင်တော့ဘူး။ ရေနည်းနည်းစီးလေ ထိုးဝင်လာလေဖြစ်မှာပဲ။ အဲဒီတော့ မြစ်ဝကျွန်းပေါ်ဒေသမှာ ဆားငံရည်ဝင်ရောက်မှုပိုပြီးတော့များလာမယ်။ အစီရင်ခံစာမှာပါပြီးသား။ နောက်ပြီးတော့ ဧရာဝတီမှာ အဓိကလုပ်ရမှာကဘာလဲဆိုရင် သောင်တူးရမှာအဓိကတောတွေပြုန်းလာပြီးမိုးရေတိုက်စားပြီးပါလာတဲ့အနယ်အနှစ်တွေက မြစ်ကိုတစ်ဖြည်းဖြည်းနဲ့ကောလာတယ်။

အဲဒီကောလာတာကိုတူးရမှာဖြစ်တယ်။ နောက်တစ်ချက်က ဧရာဝတီမြစ်ကို ဖြတ်ကူးတဲ့တံတားတွေ ရေလယ်တိုင်မပါတဲ့တံတားတွေဖြစ်ရမယ်။ ရေလယ်တိုင်ရှိရင် သူရဲ့အပေါ်ဘက်မှာသောင်ထွန်းတာပဲ။ ဧရာဝတီမှာလည်း သောင်တွေထွန်းတာက ဧရာဝတီမြစ်ကူးတံတားတွေမှာ ရေလယ်တိုင်တွေကြောင့် ဖြစ်တာ။ ရေလယ်တိုင်မပါတဲ့တံတားဘာလို့ မဆောက်လည်းမသိဘူး။

 

မော်ကွန်း။       ။ မြစ်ဆုံကိစ္စအစိုးရသစ်ကလည်း ပြန်လည်သုံးသပ်မယ်လို့ပြောတယ်။ တရုတ်သံအမတ်ကလည်းအစိုးရသစ်နဲ့တွေ့ဆုံမယ်လို့ မီဒီယာတွေမှာပြောထားတယ်။ အဲဒီလိုဆိုတော့ ဆရာတို့အနေနဲ့ကမဆောက်လုပ်သင့်ဘူးလို့ကန့်ကွက်နေတယ်။ အခုလက်ရှိမှာဘာမှတော့ လုပ်ဆောင်တာမရှိသေးပေမယ့် ဘာတွေစိုရိမ်းစရာရှိလဲ။

ဦးညိုမောင်။     ။မဆောက်သင့်ဘူးဆိုတဲ့ အကြောင်းတရားတွေ ဒါတွေကိုအစိုးရသစ်ကစဉ်စားဖို့လိုတယ်။ တည်ဆောက်သင့်တယ်လို့ထင်တဲ့ အကြောင်းတရားတွေကိုစဉ်စားမယ်။ ဆရာတို့ကတော့ မဆောက်သင့်ဘူးဆိုတဲ့ အကြောင်းကိုပြောပြီးပြီ။ ဒီပေါ်မှာစဉ်စားရမယ်။ အဓိကခေါင်းဆောင်ဆိုတဲ့လူဟာခွဲခြားစိတ်ဖြာပြီးသုံးသပ်ရမယ်။ အဲဒီလိုသုံးသပ်တတ်မှဒါကိုဆုံးဖြတ်ချက်ချနိုင်မယ်။

မော်ကွန်း။       ။ မြစ်ဆုံကတည်ဆောက်မယ်ဆိုရင် ထိခိုက်မှုဘယ်နှခုလောက်ရှိပါသလဲ။

ဦးညိုမောင်။     ။ထိခိုက်မှုအားလုံးခုနစ်ခုရှိတယ်။နောက်ဦးစားပေးဆောင်ရွက်ပေးရမယ်ဆိုတာကတော့ ကိုးခုလောက်ရှိပါတယ်။

(မြစ်ဆုံဆည်တည်ဆောက်ပါကထိခိုက်မှုရှိနိုင်တဲ့ အချက်များမှာ၁။ ဒေသအရအရေးကြီးသောကမ္ဘာလုံးဆိုင်ရာထင်ရှားဂေဟဒေသ(Eco regions) သုံးခုအပေါ်ထိခိုက်ခြင်း ၂။ မြန်မာဇီဝမျိုးစုံမျိုးကွဲများ(Myanmar Biodiversity)အပေါ်သက်ရောက်ခြင်း ၃။ ဒေသအခြေခံလူတန်းစား၏ အသက်မွေးဝမ်းကြောင်းအပေါ်သက်ရောက်မှုရှိနိုင်ခြင်း ၄။ စပါးရိုင်းမျိုးခွဲ(Wild rice varietise and theirancestors)များပျောက်ကွယ်နိုင်ခြင်း ၅။ ကချင်လူမျိုးတို့တန်ဖိုးထားသောယဉ်ကျေးမှုအမွေးအနှစ်နေရာ ထာဝရပျောက်ကွယ်နိုင်ခြေရှိခြင်း ၆။ဂေဟခရီးသွားနေရာ(Ecotourism site) ပျောက်ကွယ်သွားသဖြင့် ဂေဟခရီးသွားမှုဆုံးရှုံးခြင်း ၇။ အပင်များနှင့်သတ္တဝါများ၏ နေထိုင်ရာဒေသ(Habitat) များဆုံးရှုံးနိုင်ခြင်းတွေကိုသုတေသနပြုလုပ်ချက်အရတွေ့ရှိတာတွေပါ။)

 

မော်ကွန်း။       ။ EIA လုပ်တာအချိန်ဘယ်လောက်ကြာပါသလဲ။ လုံးလောက်တဲ့သုတေသန ပြုလုပ်ခဲ့ရပါသလားဆရာ။

ဦးညိုမောင်။     ။အားလုံးဆည်ခုနှစ်ခုမှာခုနှစ်လကြာပါတယ်။ တစ်ကမြစ်ဆုံ၊ မလိခကတစ်ခု၊ မေခမှာငါးခု။ ဆရာတို့ဖွဲ့သွားတဲ့အဖွဲ့မှာ မြန်မာပညာရှင်သုံးယောက် တရုတ်ပညာရှင်သုံးယောက်။ အဖွဲ့တွေကတော့ အများကြီးပါတယ်။ SIA(Social Impact Assessment)အပိုင်းမှာတော့ မေးခွန်းမေးတယ်။ ဒါပေမဲ့မေးခွန်းကဥပမာ- အခုနေတဲ့အိမ်နဲ့ဟိုမှာအသစ်ဆောက်ပေးတဲ့အိမ်နဲ့ ဘယ်အိမ်ကပိုကောင်းလဲ။ ကောင်းတာပေါ့ အသစ်ဆောက်တဲ့အိမ်က။

အဲဒီလိုမေးခွန်းမျိုးတွေဆိုတော့ လူထုရဲ့သဘောထားအမှန်မရဘူးပေါ့။ ပြီးတော့ အဲဒီတုန်းကစစ်အစိုးရခေတ် မေးခွန်မေးတဲ့သူတွေကအုပ်ချုပ်ရေးပိုင်းကလူတွေဆိုတော့ အဖြေမှန်ကတော့မရနိုင်ဘူး။ အချိန်လုံလောက်ခဲ့သလားမေးရင် အတိအကျပြောရရင်တော့ မလုံလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ရဲ့အပေါ်ပိုင်းပဲသုတေသနလုပ်ခဲ့ရတာ။ ဆည်ရဲ့အပေါ်ပိုင်းပဲပိတ်ရင် အောက်ပိုင်းထိမှာပဲ။ ဆည်ရဲ့အောက်ပိုင်းကိုဘာမှမလုပ်ခဲ့ရဘူး။ အဲဒီတော့ ဆားငံရည်၊ မြေနုကျွန်းထိခိုက်တာ၊မြစ်ကြောင်းသွားဖို့ခက်တာတွေ၊အဲဒါတွေကိုသုတေသနလုပ်ရမှာပါ။ ဆရာတို့မလုပ်ရသေးဘူး။

 

မော်ကွန်း။       ။ မြစ်ဆုံကိုအချိန်ဘယ်လောက်အတွင်းအပြီးဆောက်မယ်လို့ သိထားပါသလဲဆရာ။

ဦးညိုမောင်။     ။ဆရာတို့မသိဘူး။ တရုတ်ကလည်းဘယ်လိုလုပ်မယ်ဆိုတာလည်းမပြောဘူး။ နောက်ဆုံးထွက်လာမယ့်လျှပ်စစ်ကိုရှယ်ယာဘယ်လိုခွဲမယ်ဆိုတာလည်းမသိဘူး။ တရားဝင်မသိဘူး။ အဲဒါနဲ့ဘယ်လိုခွဲမှာလဲလို့ ဆရာနဲ့သွားတဲ့တရုတ်ပါမောက္ခတစ်ယောက်ကိုမေးမှ သူကပြောတယ်။ မင်းတို့ရမှာ ၁၀ ရာခိုင်နှုန်း။ တရုတ်ရမှာက ၉၀ ရာခိုင်းနှုန်းတဲ့။ ဧရာဝတီမြစ်တစ်ခုလုံးပိတ်မှ မဂ္ဂါဝပ်က တစ်ထောင်ကျော်ပဲရမှာဧရာဝတီဆုံးပြီလေ။

 

မော်ကွန်း။       ။ ဧရာဝတီက ထိန်းသိမ်းဖို့လိုအပ်နေပြီဆိုတော့ ဘာတွေလုပ်ပေးရမလဲဆရာ။

ဦးညိုမောင်။     ။ မြစ်ကြောင်းမဖြစ်မနေတူးပေးရမယ်။ မြစ်ကြောင်းတူးရင်လည်းကိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဧရာဝတီသဲထဲမှာ ရွှေမှုန်တွေကပါတယ်။ ဆရာတို့ သုတေသနသွားလုပ်တုန်းကရွှေတူးနေတာ။ မြစ်ထဲကသဲကျောက်ကိုတူးယူပြီးတော့ ရွှေကိုထုတ်ယူတာအဲဒီမှာမြင်မကောင်အောင်ပဲထုတ်နေတာပဲ။ မေခတစ်လျှောက်နဲ့ မလိခမှာ။ အဲဒီတော့ နှစ်ပေါင်းများစွာစီးဆင်းလာတဲ့ ဧရာဝတီရဲ့သဲထဲမှာလည်း ရှိနိုင်ပါတယ်။

 

မော်ကွန်း။       ။တရုတ်ပညာရှင်တွေနဲ့ ဆက်ဆံတဲ့အချိန်တုန်းကရောသူတို့နဲ့လုပ်ဆောင်ချက်အပေါ် ဘယ်လိုမြင်လဲ။

ဦးညိုမောင်။     ။ဆရာတို့ကအပင်ပိုင်းသုတေသနလုပ်တာဆိုတော့ တရုတ်ပါမောက္ခတွေနဲ့ ညှိတဲ့အခါတိုင်းတာတဲ့နည်းတွေကိုတော့ ဆွေးနွေးတဲ့အခါ အားလုံးအဆင်ပြေတယ်။ သဘောတူကြတယ်။အဲဒီတုန်းကဒီဇင်ဘာမှစလုပ်တာဆိုတော့ တရုတ်ပညာရှင်တွေကတရုတ်နှစ်ကူးရှိလို့ပြန်သွားတယ်။ ဆရာတို့ကတောတွေကိုတိုင်းတာရတဲ့ အပိုင်းရှိတယ်။ဒီတောကဘာတောလဲဆိုတာသိအောင် ဆရာတို့ကအကွက်ရိုက်ရတယ်။

အပင်အမြင့်က မီတာနှစ်ဆယ်မြင့်ရင် မီတာနှစ်ဆယ်ပတ်လည်ကို ကြိုးနဲ့တိုင်းပြီးအပင်အမျိုးအစားတွေ ဘယ်နှစ်မျိုးရှိလဲ။ အပင်အမျိုးအစားတစ်ခုချင်းစီးလည်းကောက်ရတယ်။ အပင်အရေအတွက်လည်းကောက်ရတယ်။ပြီးတော့ အပင်အမျိုးအစားလုံးပတ်တိုင်းရတယ်။ အပင်အမြင့်တိုင်းရတယ်။ ပြီးတော့မှ ဒီသစ်တောရဲ့တန်းဖိုးကိုတွက်တာ။ အဲဒါကိုတရုတ်ပညာရှင်တွေဘက်ကပါမောက္ခတစ်ယောက်ကဒူးနာလို့ မလိုက်နိုင်တော့ဘူး။ အဲဒါသူမလုပ်နိုင်ဘူး။ခုနှစ်ခုလုပ်တဲ့အထဲမှာသူတို့က လုံးဝမကောက်ဘူး။ ဆရာတို့ ကောက်ထားတာကိုသုံးသွားတာ။ အမှန်ကများများကောက်လေကောင်းလေးပဲ။ သူတို့ဘက်ကလုံးဝမကောက်သွားဘူး။

 

မော်ကွန်း။       ။ဆရာအနေနဲ့မြစ်ဆုံနဲ့ပတ်သက်ပြီး ဖြည့်ပြောချင်တာရှိရင်ပြောပေးပါဆရာ။

ဦးညိုမောင်။     ။မြစ်ဆုံကိုဆရာအယူအဆကတော့ မလုပ်ပါနဲ့။ ဒီနေရာကဒေသခံတွေရဲ့ သူတို့ရဲ့အယူအဆကိုဘေးဖယ်လို့မရဘူး။ ဂျပန်နိုင်ငံကဖူဂျီလိုပဲကချင်တွေရဲ့အထိန်းအမှတ်က မြစ်ဆုံပဲ။ အဲဒီတော့ ဒီနေရာကမလုပ်သင့်ဘူး။ တစ်ခြားနေရာလုပ်ချင်လုပ်ပေါ့။     ။

၂၀၁၆-ဧပြီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။

မောင်သင်တုန်းတွေ့မေးသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."