ကုစားရန်လိုနေသည့်နာတာရှည်ရွှေ့ပြောင်းလုပ်သား ပြဿ နာအပိုင်း(၁)

မဲဆောက်မြို့ရဲစခန်းရှေ့။ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူများ အပါအဝင် ကျား၊ မ ကြီးငယ်နှစ်ဆယ်ခန့် စုရုံးနေကြသည်။

အမျိုးသမီးတချို့က ထဘီတိုတိုဝတ်ထားကြသည်။ တချို့အမျိုး သမီးများ၏ ပါးပြင်ပေါ်တွင် သနပ်ခါးပါးကွက်ကြားများကို အထင်းသားမြင် နေရသည်။ ပုဆိုးခပ်နွမ်းနွမ်းဝတ်ထားသူများ၊ ဆေးပေါ့လိပ်ခဲကာ လွယ် အိတ်စလွယ်သိုင်းထားသူများလည်း တွေ့ရသည်။

ထိုနေ့က မေ ၁ ရက်နေ့။ အလုပ် သမားနေ့ဖြစ်သည့်အတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့နှင့် အလုပ်သမားအရေး ဆောင်ရွက်နေကြ သော အဖွဲ့အစည်းများ လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရန် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံ၊ နယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့ရှိ ရဲ စခန်းရှေ့တွင် စုရုံးနေကြခြင်း ဖြစ်သည်။

မနက် ၈ နာရီခွဲတော့ လူတစ်ရာ့ငါး ဆယ်ခန့် စုရုံးမိပြီး စုရပ်မှထွက်ခွာရန် ပြင် ကြပြီ။ လေးယောက်တစ်တန်း တန်းစီကာ ‘အလုပ်သမားအားလုံး တန်းတူအခွင့် အရေးရှိရမည်’၊ ‘No Human Being Is Illegal. (တရားမဝင်တဲ့ လူသားမရှိ)’၊  ‘တစ်ပတ်လျှင်တစ်ရက် နားခွင့်ပေး တို့ အလုပ်သမားအခွင့်အရေး’ အစရှိသော စာတန်းများ ကိုင်ဆောင်ကာ လမ်း စလျှောက်ကြသည်။

ပူပြင်းလှသောနေပူရှိန်အောက် တွင် လမ်းလျှောက်သူတို့ ချွေးဒီးဒီးကျ နေသည်။ ဆူညံအော်ဟစ်ခြင်းကား မရှိ ကြ။  အချင်းချင်းစကားပြောဆိုကာ ခပ်မှန် မှန်ပင်လျှောက်ကြသည်။

နာရီဝက်ခန့်လမ်းလျှောက်ပြီး သောအခါ သတ်မှတ်ထားသည့် ဘုန်းကြီး ကျောင်းသို့ရောက်ကြသည်။ ဘုန်းကြီး ကျောင်းရောက်သည့်အခါ အဆောင် တစ်ခုထဲတွင် စုရုံးလိုက်ပြီးနောက် အလုပ်သမားအရေး ကူညီဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုက အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် အစီရင်ခံစာတစ် စောင်ကို ဖတ်ကြားသည်။

ထိုင်းနိုင်ငံစီးပွားရေးကဏ္ဍတွင် အရေးကြီးသောအခန်းမှပါဝင်နေသည့် ရွှေ့ပြောင်းလုပ်သားများ ဆုံးရှုံးနစ်နာမှု တွေ ရှိနေကြောင်းနှင့် ပန်းရောင်ကတ်၊ လုပ်အားခ၊ အလုပ်ချိန်၊ လုပ်ငန်းခွင်အခြေ အနေများဆိုပြီး ခေါင်းစဉ်များအလိုက် ဆုံးရှုံးနစ်နာမှုများကို ဖတ်ကြားခဲ့ပြီး နိဂုံး ချုပ်အနေနှင့် ရွှေ့ပြောင်းလုပ်သားများ အရေးကို လျစ်လျူမရှုဘဲ ဖြေရှင်းဆောင် ရွက်ပေးပါရန် ထိုင်းအစိုးရကို တောင်းဆို ခဲ့သည်။

အိမ်နီးချင်း၊ ဒေသတွင်းနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ ပြောင်းလုပ်သားများ (အထူးသဖြင့် အထောက်အထားမဲ့လုပ်သားများ) လူ့ အခွင့်အရေးချိုးဖောက်ခံရမှု၊ လုပ်ခလစာ အပြည့်အဝမရရှိမှု၊ ခေါင်းပုံဖြတ်ခံရမှုနှင့် နေ့စဉ်လိုလို ကျီးလန့်စာစားဘဝနေထိုင် ကြရသည်မှာ နာတာရှည်ရောဂါတစ်ခုလို ဖြစ်နေသည်။

တပ်မတော်အစိုးရအဆက်ဆက် လျစ်လျူရှုှုခံခဲ့ရသော ရွှေ့ပြောင်းလုပ်သား များအရေးသည် ဦးသိန်းစိန်အစိုးရ လက် ထက်တွင် အနည်းငယ်ကောင်းမွန်လာခဲ့ သော်လည်း ထူးထူးခြားခြားပြောင်းလဲ သွားခြင်းမရှိဟု အလုပ်သမားအရေး ဆောင်ရွက်သူများကဆိုသည်။

လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အရေးပေးဆောင်ရွက်မည်ဟု ကြွေးကြော်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရတက်လာသည့် အခါတွင်တော့ ရွှေ့ပြောင်းလုပ်သားများ၏ မျှော်လင့်ချက်ရောင်စဉ်တန်းများ ထွန်း လင်းတောက်ပလာကြသည်။

ထိုမျှော်လင့်ချက်ထဲတွင် မိမိမွေး ရပ်မြေတွင် အလုပ်အကိုင်အခွင့်အလမ်း ပေါများလာရေးပါဝင်သကဲ့သို့  နိုင်ငံပြင်ပ ရောက် ရွှေ့ပြောင်းလုပ်သားများကိစ္စကို မြန်မာနိုင်ငံအစိုးရက ကူညီဆောင်ရွက် ပေးရေးတို့လည်း ပါဝင်သည်။

မျှော်လင့်သည့်အလျောက် အစိုးရကဆောင်ရွက်ပေးလိမ့်မည်ဟုယုံကြည်ပြီး  အစိုးရသစ်တက်လာသည့်အခါ ရွှေ့ပြောင်း လုပ်သားများ ပျော်ရွှင်ကြကြောင်း မဲဆောက်မြို့အခြေစိုက်ရွှေ့ ပြောင်းလုပ်သား အရေး လိုက်ပါဆောင်ရွက်နေသော ရောင် ခြည်ဦးအဖွဲ့၊ ဥပဒေရေးရာအထောက် အကူပြုဌာနမှ ဦးစိုးမိုးက ဆိုသည်။

”ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ရွှေ့ ပြောင်းလုပ်သားတွေ အခွင့်အရေးအပြည့် မရဘူး။ အစိုးရကနေ ထိထိရောက်ရောက် ရင်ကြားစေ့ပြီး ဝင်ကူညီမယ်ဆိုရင်တော့ သိပ်ကို ဝမ်းသာစရာတစ်ရပ်ပဲ”ဟု သူက ဆိုသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနစာရင်း အရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တရားဝင်နှင့် တရားမဝင်သွားရောက်လုပ် ကိုင်သူအရေအတွက်မှာ တစ်နိုင်ငံလုံး လူဦးရေ၏ဆယ်ရာခိုင်နှုန်း (၅၁ သိန်း ကျော်) ရှိသည်ဟုဆိုသည်။ လူဆယ်ဦး လျှင် တစ်ဦးနှုန်း နိုင်ငံပြင်ပထွက်ပြီး အလုပ်လုပ်နေသည့် သဘောဖြစ်သည်။

ထိုအထဲတွင် ထိုင်းနိုင်ငံသို့ သွား ရောက်လုပ်ကိုင်သည်မှာ အများဆုံးဖြစ် ပြီး သုံးသန်းဝန်းကျင်ရှိသည်ဟု အထက်ပါ ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဦးမျိုး အောင်က မော်ကွန်းကိုပြောသည်။ ကျန် သည့်နိုင်ငံများတွင်တော့ ရွှေ့ပြောင်းလုပ် သား မည်မျှရှိသည်ကို စာရင်းပြုစုထား ခြင်းမရှိဟု သူကဆိုသည်။

တွန်းအားနှင့်ဆွဲအား

ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှုသည် မြန်မာနိုင်ငံ၌ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့ခြင်းဖြစ်ပြီး ရှုပ်ထွေးမှုလည်း ရှိသည်ဟု အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ ( International Organization for Migration –IOM ) က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင် ရန် ဆုံးဖြတ်ချက်ချရာတွင် အဓိကတွန်း အားများကတော့ ပြည်တွင်း၌ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းနည်းပါးခြင်း၊ လူမှုစီး ပွားအခြေအနေချို့တဲ့ခြင်းနှင့် နှစ်ရှည်လ များ ပဋိပက္ခဖြစ်ပွားနေသောကြောင့် လုံ ခြုံမှုမရှိခြင်းတို့နှင့် သက်ဆိုင်သည်ဟု IOM ကဆိုသည်။

အိမ်နီးချင်းနိုင်ငံများ၌ ကျွမ်းကျင်မှု အားနည်းသော လုပ်သားများအတွက်ပင် လုပ်ခလစာကောင်းမွန်နေခြင်းနှင့် လုပ် သားလိုအပ်မှုရှိနေခြင်းတို့သည် ရွှေ့ပြောင်း သွားလာလုပ်ကိုင်လိုသူများအတွက် ဆွဲအား ဖြစ်နေသည် ဟုဆိုသည်။

ရလဒ်အဖြစ် မဟာမဲခေါင်ဒေသခွဲ (တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်)တွင် မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်သူဦးရေသည် အများဆုံးနိုင်ငံ ဖြစ်လာသည်ဟု IOM  ကဆိုသည်။ ထိုင်း နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကို သွားရောက် လုပ်ကိုင်သူဦးရေသည် အခြားနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူဦးရေထက် ပိုမို များပြားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ အိန္ဒိယနှင့် အခြားနိုင်ငံများသို့သွားရောက် လုပ်ကိုင်သူဦးရေမှာလည်း သိသိသာသာ များပြားသည်ဟု ဆိုသည်။

အရှေ့အလယ်ပိုင်းသို့သွားရောက်လုပ်ကိုင်သူဦးရေမှာလည်း များပြားလာပြီး လာမည့်နှစ်များတွင် မြင့်တက်လာဖွယ်ရာ ရှိသည်ဟု IOM  က ခန့်မှန်းထားသည်။

ပုံမှန်လမ်းကြောင်း (တရားဝင် နည်း) ဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နိုင်သည့် လမ်းကြောင်းများရှိသော်လည်း အများစု သည် ပုံမှန်မဟုတ်သည့် လမ်းကြောင်း (တရားမဝင်နည်း)များဖြင့် သွားရောက် လုပ်ကိုင်ကြသည်ဟု IOM ကဆိုသည်။

၎င်းတို့ထဲတွင် လူကုန်ကူးခံရသူများ ပါဝင်ပြီး ငွေညှစ်ခြင်း၊ အကြွေးနှင့် ချည် နှောင်ခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းကဲ့သို့ သော မတရားမှုများနှင့် တွေ့ကြုံရနိုင် သည်ဟု ဆိုသည်။

မဟာမဲခေါင်ဒေသခွဲနှင့် ယင်းဒေသ ပြင်ပကို အထောက်အထားအပြည့်အစုံနှင့် သွားရောက်လုပ်ကိုင်သူများသည်ပင် နှိပ် စက်ညှဉ်းပန်းမှုများကို ကြုံရနိုင်ခြေရှိ သည်ဟု IOM ကဆိုသည်။

ရွှေ့ပြောင်းသွားလာလုပ်ကိုင်လိုသူ များတွင် ဘေးကင်းစွာ ရွှေ့ပြောင်းရေး၊ ရ သင့်ရထိုက်သည့်အခွင့်အရေးနှင့် ကြုံတွေ့ ရမည့် လုပ်ငန်းခွင်အခြေအနေတို့နှင့် ပတ် သက်ပြီး အရေးကြီးသောသတင်းအချက် အလက်သိရှိမှုနှုန်းမှာလည်း အန္တရာယ်ရှိ လောက်အောင်ပင် နည်းပါးလွန်းသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ( International Organization for Migration –IOM) က ယမန်နှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်တွင် ထောက်ပြသည်။

သို့ဖြစ်ရာ အများစုသည် မိတ်ဆွေ များ၊ မိသားစုများကပေးသော သတင်း အချက်အလက်ပေါ်တွင်သာ ကြီးကြီးမား မား မှီခိုကြတော့သည်ဟု ‘မြန်မာနိုင်ငံတွင် ဘေးကင်းစွာရွှေ့ပြောင်းမှုဆိုင်ရာ ဗဟု သုတ၊ သဘောထားနှင့် လုပ်ထုံးလုပ်နည်း’အမည်ရှိ အစီရင်ခံစာတွင် IOM က သုံး သပ်ထားသည်။

သတင်းအချက်အလက်လုံလုံလောက်  လောက်မရရှိသူ၊ သို့မဟုတ် အလိမ်ခံရ သော ရွှေ့ပြောင်းသွားလာသူတို့မှာ အတင်းအဓမ္မခိုင်းစေခံရမှု၊ အခြားသော လက်မခံနိုင်စရာအလုပ်မျိုးအပါအဝင် အမျိုးမျိုးသော နှိပ်စက်မှုတို့၏ ပစ်မှတ် အဖြစ်သို့ အလွယ်တကူရောက်သွားနိုင် သည်ဟု IOM က ဆိုသည်။

အထောက်အထားမဲ့သည့်အခါ

တရားမဝင်သောနည်းဖြင့် (အရပ် အခေါ်ဝေါ်အားဖြင့် အောက်လမ်းမှတစ် ဆင့်) အသွားအလာများသည့် ထိုင်းနိုင်ငံ တွင် အများဆုံးကြုံတွေ့ရသောပြဿနာ များမှာ လုပ်ခလစာအပြည့်အဝမရရှိမှု၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရမှုနှင့် သတ် မှတ်အလုပ်ချိန်ထက် ကျော်လွန်ခိုင်း စေခံရမှုတို့ဖြစ်သည်ဟု ရောင်ခြည်ဦးအဖွဲ့မှ မီဒီယာနှင့် လူ့အခွင့်အရေးသင်တန်းများ ပေးနေသူ ဦးမျိုးကိုက ဆိုပါသည်။

ထိုင်းနိုင်ငံအလုပ်သမားဥပဒေတွင် အလုပ်သမားတစ်ဦးကို တစ်ရက်လုပ်ခ အနည်းဆုံး ထိုင်းငွေ ဘတ် ၃ဝဝ (မြန်မာ ငွေ ကိုးထောင်ဝန်းကျင်)ပေးရမည်ဟု သတ်မှတ်ထားသော်လည်း မြန်မာလုပ် သားများသည် ဘတ် ၆ဝ မှ၂ဝဝ ကြား သာရရှိတတ်သည်ဟု ဦးမျိုးကိုက ဆိုသည်။

ခွဲခြားဆက်ဆံခံရမှုနှင့်ပတ်သက် လျှင် တစ်ခါတစ်ရံ ”အသားလွတ်အနှိမ်ခံ ရတယ်။ မှန်တယ်ထင်ရင်တောင် ပြန် မပြောရဲကြဘူး”ဟု ဦးမျိုးကိုက ရှင်းပြသည်။

မဲဆောက်တွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားအများစုမှာ အထောက် အထားမဲ့လုပ်ကိုင်နေကြသူများပြီး ထိုသို့တရားမဝင်လုပ်ကိုင်ကြသောကြောင့် လည်း ထိုင်းရဲ၊ ထိုင်းပြည်သူ့စစ်နှင့် အလုပ် ရှင်များ၏ ခြိမ်းခြောက်စစ်ဆေးမှုနှင့် အနိုင် ကျင့်မှုကိုခံနေရသည်ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်းများက ဆိုသည်။

ထိုင်းနိုင်ငံသားတချို့က ရဲအယောင် ဆောင်၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး အယောင် ဆောင်ကာ မြန်မာအလုပ်သမားများအား အထောက်အထားများ ပြခိုင်းပြီး စစ်ဆေး သလိုလိုနှင့် ငွေကြေးတောင်းခံမှုများ လည်းပြုလုပ်တတ်ကြသည်ဟု ထိုင်းအခြေ စိုက် မြန်မာပြည်သားရေးလှုပ်ရှားမှုပူးတွဲ ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။

ထိုသို့ပြုမူခြင်းသည် မြန်မာလုပ် သားများကို ငွေထုတ်စက် ATM ကတ်ပြားတွေလို သဘောထားနေကြခြင်းဖြစ် သည်ဟု သူက ခိုင်းနှိုင်းသည်။

အဓိကပြဿနာမှာ အထောက် အထားမရှိခြင်းပင်ဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားများအနေနှင့် ထိုင်းနိုင်ငံတွင်အလုပ်လုပ်မည်ဆိုပါက ပြည်ဝင်ခွင့်(ဗီဇာ)ပါရှိသော သက်တမ်းရှိ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)၊ အလုပ် သမားစေလွှတ်မှုဆိုင်ရာ နှစ်နိုင်ငံအစိုးရ ချင်းသဘောတူညီမှု(MOU) စာချုပ်အရ နေထိုင်အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်ပါသည်။

(လက်ရှိ MOU စာချုပ်သည် သက် တမ်းကြာမြင့်နေပြီဖြစ်၍ အလုပ်သမား များရပိုင်ခွင့်နှင့် ပတ်သက်သည့် ကိစ္စရပ် များမှာ ခေတ်ကာလနှင့် လျော်ညီမှုမရှိ တော့သဖြင့် ပြင်ဆင်ချုပ်ဆိုရန် မြန်မာ ဘက်က ကမ်းလှမ်းထားသည်။)

ထိုသို့ တရားဝင်အထောက်အထား များကိုမပြုလုပ်ဘဲ နယ်စပ်မှ တရားမဝင် ခိုးဝင်ကာ သွားရောက်အလုပ်လုပ်ကိုင် နေကြသူများအဖို့ ထိုင်းအစိုးရမှ လုပ်ပေး ထားသည့် ပန်းရောင်ကတ်ဟု အများခေါ် ကြသည့် ယာယီနေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့်ကတ် ရှိရမည်ဖြစ်သည်။

ပန်းရောင်ကတ်ကို မိမိဘာသာပြု လုပ်မည်ဆိုလျှင် ဘတ်ငွေ ၅,၆၈ဝ (မြန် မာငွေ ၁၇ဝ,ဝဝဝ ခန့်) ကျသင့်မည်ဖြစ်ပြီး ဘာသာစကားအခက်အခဲကြောင့်  ပွဲစား နှင့်ပြုလုပ်ပါက နောက်ထပ် ထိုငွေပမာဏ လောက် ထပ်မံကုန်ကျတတ်သည်ဟုဆို သည်။ တစ်နေ့ ဘတ်ရှစ်ဆယ်၊ တစ်ရာခန့် သာရရှိသော အလုပ်သမားများအတွက်မူ ထိုသို့ငွေအလုံးအရင်းနှင့် လုပ်ဆောင်နိုင် ခြင်းမရှိကြဟု ဦးမျိုးကိုက ရှင်းပြပါသည်။

ထိုသို့အထောက်အထားများရှိရ မည်ဖြစ်သော်လည်း ငွေကုန်ကြေးကျများ သောကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား အများစုက အထောက်အထားများကို လုပ်ဆောင်ခြင်းမရှိကြဘဲ နယ်စပ်မှ ခိုးဝင် ကာ ပွဲစားများ၊ ဆွေမျိုးနီးစပ်များမှ တစ် ဆင့် အလုပ်ရှာကြသည်။

မလုံခြုံသော ဘဝများ

သို့ဖြစ်ရာ အထောက်အထားမဲ့မြန် မာရွှေ့ပြောင်းလုပ်သားများ၏ဘဝမှာ လုံ ခြုံမှုမရှိဖြစ်လာသည်။ ဟိုဟိုဒီဒီ သွားလာ ကြသည့်အခါ စစ်ဆေးအဖမ်းခံရခြင်းများ ရှိသည်ဟု ဦးမိုးကြိုးက ရှင်းပြပါသည်။

ဥပမာ ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း တွင် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက် ပြီး မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား အငြင်းပွားဖွယ်ရာ တရားစီရင်မှုဖြင့် သေ ဒဏ်ပေးလိုက်သောဖြစ်ရပ်သည် မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ မလုံခြုံသော ဘဝအခြေအနေကို အထင်ရှားဆုံးနှင့် အနီး ကပ်ဆုံး မီးမောင်းထိုးပြလိုက်သော ဖြစ် စဉ်တစ်ခုဖြစ်ပါသည်။

(မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား လူ သတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းခိုးယူမှု၊ လုယက်မှု၊ နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အမှုထိမ် ချန်မှုစသည့် ပုဒ်မခုနစ်ခုတပ်၍ အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ် လိုက်သော်လည်း အမှုမှ လွတ်မြောက်ခွင့် ရရေး ၎င်းတို့၏ မိသားစုများက အယူခံ ဝင်နေဆဲဖြစ်သည်။)

မဲဆောက်လိုနေရာမျိုးတွင်  အလုပ် သမားများသာ ခြိမ်းခြောက်အနိုင်ကျင့်ခံ နေရသည်တော့မဟုတ်။ အလုပ်သမား အဖွဲ့အစည်းများလည်း ခြိမ်းခြောက်မှုတွေ ခံရသည်ဟု ရောင်ခြည်ဦးအဖွဲ့ ဥပဒေရေး ရာအထောက်အကူပြုအဖွဲ့မှ ဦးစိုးမိုးက ဆိုပါသည်။

သူဆိုလျှင် အလုပ်သမားတွေအတွက် ဖြေရှင်းပေးရင်း ထိုင်းလုပ်ငန်းရှင်က သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်သည်အထိ ခံခဲ့ရဖူးသည်ဟု ဆိုသည်။

လွန်ခဲ့သည့် သုံးနှစ်ကဖြစ်သည်။ စက်ရုံတစ်ရုံတွင် အလုပ်သမား ၃ဝဝ ကို အလုပ်ရှင်က သုံးလစာ လခမပေးဘဲ ထားသည့်အတွက် ဦးစိုးမိုး၊ ထိုင်းရှေ့နေ တစ်ဦးနှင့် မြန်မာအလုပ်သမားရေးရာကို ဆောင်ရွက်နေသည့် ထိုင်းအရပ်ဘက် အဖွဲ့အစည်းမှ တစ်ဦး စုစုပေါင်း သုံးဦး သွားရောက်ညှိနှိုင်းကြသည်။

အလုပ်ရှင်က အလုပ်သမားများကို သုံးလစာအပြည့်မပေးဘဲ တစ်ဝက်သာ ပေးမည်ပြောဆိုကာ ထို့အတွက် အသိ သက်သေအဖြစ် လက်မှတ်ထိုးပေးရန်နှင့် လက်မှတ်ထိုးခ ငွေဘယ်လောက်ပေးရ မလဲဟု ဦးစိုးမိုးတို့ကိုမေးသည်။

သို့ပေမဲ့ ဦးစိုးမိုးက သူ့အနေနှင့် လက်မှတ်ထိုးခွင့်မရှိကြောင်းပြောဆိုကာ အလုပ်သမားများဘက်မှပင် ဆက်လက် ရပ်တည်ခဲ့သဖြင့် အလုပ်ရှင် ဒေါသထွက် ကာ အံဆွဲထဲမှ ခြောက်လုံးပြူးသေနတ် ကိုထုတ်ပြီး ဦးစိုးမိုးကို ချိန်လိုက်သည်။

”သေနတ်နဲ့ချိန်တော့  စက်ရုံအလုပ် သမားတွေက အကုန်ဝိုင်းလာတယ်။ လုပ် ငန်းရှင်ကို ပတ်ဝိုင်းထားတယ်။ လုပ်ငန်း ရှင်ကလည်း သေနတ်ကို ချလိုက်တယ်”ဟု ယင်းနေ့က အဖြစ်အပျက်ကို ပြန် ပြောင်းပြောပြသည်။

ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်းထားသော အလုပ်သမားဥပဒေပြဋ္ဌာန်းချက်များမှာ ဆိုးရွားလှသည်မဟုတ်ဘဲ တန်းတူခံစား ခွင့် တော်တော်များများ ပေးထားသည်ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန် ရက် (Migrant Worker Rights Network – MWRN)ဥက္ကဋ္ဌ ဦးစိန်ဌေး ကဆိုသည်။ သို့ပေမဲ့ ဥပဒေစိုးမိုးမှု အား နည်းသောကြောင့် ရွှေ့ပြောင်းလုပ်သား များအနေနှင့် ဥပဒေပြဋ္ဌာန်းချက်အတိုင်း ခံစားခွင့်များ ဆုံးရှုံးနေကြသည်ဟု သူက ထောက်ပြသည်။

”မဲဆောက်လိုဒေသမှာ စက်ရုံ ပေါင်း ရာချီပြီးရှိတဲ့အထဲက စက်ရုံ နှစ်ရုံ၊ သုံးရုံပဲ ဥပဒေကိုလိုက်နာသယောင်ပြ တယ်။ ကျန်တာတွေက (ဥပဒေမှာပြဋ္ဌာန်း ထားတဲ့အတိုင်း) လုံးဝမခံစားရဘူး။ အလုပ်သမားသိန်းနဲ့ချီပြီး အခွင့်အရေး ချိုးဖောက်တာ ခံနေရတယ်”ဟု သူက ပြောသည်။

သို့ဖြစ်ရာ ဝင်ငွေကောင်းသော အလုပ်ကို ရှာဖွေလုပ်ကိုင်ရင်း ဘဝအခြေ ကို မြှင့်တင်နိုင်ရေး အိပ်မက်တို့ဖြင့် နိုင်ငံ ပြင်ပသို့ အထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်လုပ်သူတို့မှာ မျှော်လင့်မထား သော လုပ်ငန်းခွင်၊ ပတ်ဝန်းကျင် အခြေ အနေများနှင့် ရင်ဆိုင်ကြရတော့သည်။                     အပိုင်း( ၂ )သို့

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."