

မေလထုတ်-၂၀၁၄၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၃)မှ သုံးသပ်ချက်ဆောင်းဖြစ်ပါသည်။

 (အောက်ဖော်ပြပါဆောင်းပါးမှာ Yangon Press International(YPI) ၏ Facebook စာမျက်နှာတွင် ၂၀၁၁ ခုနှစ်၊ မေ ၂၇ ရက်နေ့က ဖော်ပြခဲ့သော ဆောင်းပါးကို ပြင်ဆင်တည်းဖြတ်၍ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)

မြန်မာနိုင်ငံရဲ့ လူနေသိပ်သည်းတဲ့ မြို့တွေကို အင်အားပြင်း ငလျင်လှုပ်ခါခဲ့မယ်ဆိုလျှင်…

(၁) ခင်ဗျားတို့၊ ကျွန်တော်တို့ နေထိုင်နေတဲ့ တိုက်တာအဆောက် အအုံတွေဟာ ငလျင်ပြင်းအား ဘယ်လောက်အထိကို တောင့်ခံ နိုင်ကြမလဲ။

(၂) ငလျင်လှုပ်နေချိန်မှာ အထိအခိုက်နည်းနိုင်သမျှနည်းအောင် ဘယ်လိုအကာအကွယ်ယူရမယ်ကို မြို့ပြနေလူဦးရေ ရာခိုင်နှုန်း ဘယ်လောက်က သိရှိထားကြသလဲ။

(၃) အဆောက်အအုံအပြိုအပျက်တွေအောက်မှာ ခင်ဗျားတို့၊ ကျွန်တော်တို့ ပိတ်မိနေရင် လာရောက်ရှာဖွေ ကယ်ထုတ်ပေးမယ့် သူ (search and rescue workers) တွေ လုံလုံလောက်လောက် ရှိပါသလား။ လေးလံတဲ့ အပျက်အစီးတွေကို ဖယ်ရှားပြီး ခင်ဗျား တို့၊ ကျွန်တော်တို့ကို ကယ်ထုတ်ဖို့ သူတို့မှာ ကျွမ်းကျင်မှု၊ ပစ္စည်း ပစ္စယ စုံစုံလင်လင်၊ လုံလုံလောက်လောက်ရှိပါသလား။

(၄) ခင်ဗျားတို့၊ ကျွန်တော်တို့ အစုလိုက်အပြုံလိုက် ဒဏ်ရာဒဏ် ချက်တွေ ရထားပြီဆိုရင် ခင်ဗျားတို့၊ ကျွန်တော်တို့ကို ဆေးဝါး ကုသမှု ပေးနိုင်လောက်အောင် ပြည်သူ့ဆေးရုံတွေမှာ ကျန်းမာ ရေးလုပ်သား၊ ဆေးဝါးပစ္စည်း လုံလုံလောက်လောက်ရှိပါသလား။

(၅) ဟေတီငလျင်ဘေးလောက် ကြီးမားတဲ့ အပျက်အစီးမျိုးနဲ့ ကြုံရရင် အစိုးရသစ်အနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း တွေကို ဘယ်လိုလုပ်မလဲ။ နိုင်ငံတကာအသိုင်းအဝိုင်းက အရေး ပေါ် ကယ်ဆယ်ရေးတွေ ပြုလုပ်ပေးဖို့ ကမ်းလှမ်းလာခဲ့ရင် အစိုးရ သစ်က ချက်ချင်း လက်ခံမလား။ သို့မဟုတ် အချိန်ဆွဲလိုက်မလား။

အစရှိတဲ့ မေးခွန်းတွေ၊ စိုးရိမ်မှုတွေ ခင်ဗျားတို့၊ ကျွန်တော် တို့ ခေါင်းထဲ ဝင်ရောက်လာကြမှာပါ။ ထို့ထက်မကတဲ့ မေးခွန်း တွေ၊ စိုးရိမ်စရာတွေလည်း ပေါ်ထွက်ကောင်းပေါ်ထွက်လာကြဦးမှာပါ။

မြို့ပြနှင့် ငလျင်ဘေး

လွန်ခဲ့တဲ့အတိတ်က မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ငလျင် ပြင်းတွေလှုပ်ခဲ့စဉ်က လူနေကျဲပါးတာက တစ်ကြောင်း၊ အဆောက်အအုံတိုက်တာဆိုတာကလည်း ယနေ့ခေတ်နဲ့ယှဉ်ရင် အဲဒီတုန်းက အနည်းငယ်မျှသာရှိခြင်းတို့ကြောင့် အထိအခိုက် အပျက်အစီး သိပ်များများစားစား မရှိခဲ့ပါ။

၁၉၃ဝ ပဲခူးငလျင်လှုပ်တုန်းက မြန်မာနိုင်ငံရဲ့ လူဦးရေက ၁၅ သန်းမျှသာရှိခဲ့တာပါ။ ဒါပေမဲ့ နှစ်ပေါင်း ၈ဝ ကျော်ကြာလာတဲ့ ယနေ့အချိန်မှာ လူဦးရေက သန်း ၆ဝ လောက်အထိ လေးဆနီးပါး မြင့်တက်လာခဲ့ပါတယ်။

ထိုနှစ်ပေါင်း ၈ဝ ကျော်အတွင်း ကျေးလက်မှ မြို့ပြသို့ ရွှေ့ ပြောင်းနေထိုင်တဲ့ လူဦးရေကလည်း များပြားလာပြီး အထပ်မြင့် အဆောက်အအုံတွေလည်း ပေါများလာလျက်ရှိပါတယ်။

လူနေသိပ်သည်းလာတဲ့ မြို့တွေထဲမှာ ငလျင်ဇုန်တွေ အတွင်း ကျရောက်နေတဲ့ မြို့တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီမြို့တွေဟာ ငလျင်အန္တရာယ်ကို ကြိုတင်ကာကွယ်မှုတွေ ပြု လုပ်ထားခြင်း မရှိကြသေးသလို လူနေအိမ်ရာတွေလည်း အင် အားပြင်းတဲ့ ငလျင်ဒဏ် ဘယ်လောက်အထိခံနိုင်မလဲဆိုတာကို မသိရှိနိုင်ကြသေးတဲ့ အနေအထားတစ်ခုမှာ တကယ်လို့ အားကြီး တဲ့ ငလျင်သာ လှုပ်လာခဲ့ရင် စိုးရိမ်စရာပါ။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်မတိုင်ခင်အထိ အဆောက် အအုံတွေ တည်ဆောက်ရာမှာ ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ထည့်သွင်းတွက်ချက်စဉ်းစားဖို့ကို မဖြစ်မနေ ပြုလုပ်ရမယ့် လုပ် ငန်းစဉ်အဖြစ် သက်ဆိုင်ရာက ပြဋ္ဌာန်းကြပ်မတ်ခဲ့ခြင်းမရှိပါဘူး။

အဲဒီတော့ ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ထည့်သွင်းတွက်ချက် တည်ဆောက်ထားခြင်းမရှိတဲ့ အဆောက်အအုံတွေ၊ ဟောင်းနွမ်း နေတဲ့ အဆောက်အအုံတွေ၊ အန္တရာယ်ရှိတဲ့အဆောက်အအုံတွေ ရန်ကုန်၊ မန္တလေး၊ ပဲခူးစတဲ့ မြို့ကြီးတွေမှာ ဘယ်လောက်ရှိမလဲ။

ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေထဲမှာ လူအများနေထိုင်ဆဲ၊ အသုံးပြုဆဲ အဆောက်အအုံတွေ ငလျင်ဇုန် တွေထဲမှာ  ဘယ်လောက်ရှိနေမလဲ။

အဲဒီအဆောက်အအုံတွေအားလုံး ငလျင်ပြင်းအား ဘယ် လောက်ကို ခံနိုင်ရည်ရှိကြမလဲ။ အဲဒီအဆောက်အအုံတွေပေါ်မှာ မြို့နေလူထုရဲ့ ဘယ်လောက်ရာခိုင်နှုန်း နေထိုင်နေကြသလဲ။

မြန်မာနဲ့ မြေငလျင်

ကမ္ဘာပေါ်မှာ လှုပ်ခဲ့သမျှ ငလျင်အားလုံးရဲ့  ၉ဝ ရာခိုင်နှုန်း ဖြစ်ပွားရာ၊ လှုပ်ခဲ့သမျှအင်အားပြင်းထန်တဲ့ ငလျင်အားလုံးရဲ့ ၈ဝ ရာခိုင်နှုန်းဖြစ်ပွားရာ ပစိဖိတ်သမုဒ္ဒရာ ပတ်ပတ်လည်နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်ရှိ ငလျင်ရပ်ဝန်းကြီးနှစ် ခုအနက် အယ်လ်ပိုက်ငလျင်ရပ်ဝန်း (Alpide Belt)ပေါ်မှာ အလျားလိုက်ကျရောက်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

အဲဒီငလျင်ရပ်ဝန်းဟာ မြေထဲပင်လယ်မြောက်ပိုင်းက စပါ တယ်။ တူရကီ၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဟိမဝန္တာ၊ အဲဒီကမှ မြန် မာပြည်ကို အလျားလိုက်ဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမတြား၊ ဂျာဗားအထိ ရှည်လျားတဲ့ ငလျင်ရပ်ဝန်းကြီးဖြစ်ပါတယ်။

အဲဒီငလျင်ရပ်ဝန်းပေါ်မှာ ကျရောက်လျက်ရှိတဲ့ မြန်မာ နိုင်ငံမှာ ပြတ်ရွေ့ကြောအမြောက်အမြားရှိပြီး အဲဒီထဲမှာ စစ်ကိုင်း ပြတ်ရွေ့ကြောတစ်လျှောက်မှာ ငလျင်ကြီးတွေ လှုပ်ရှားလေ့ရှိ ပါတယ်။

၁၈၃ဝ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၁၈ဝ ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ရစ်ချ်တာစကေး ၇ အဆင့်ဝန်းကျင်ရှိ အင် အားပြင်းငလျင်တွေ လှုပ်ခဲ့တဲ့အထဲမှာ အများစုက စစ်ကိုင်း ငလျင်ကြောတစ်လျှောက်မှာ လှုပ်ခဲ့ကြတာတွေဖြစ်တယ်လို့ မြန် မာနိုင်ငံမြေငလျင်ကော်မတီရဲ့ မှတ်တမ်းမှတ်ရာတွေက ဆို ပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောမှာ ပူတာအို-မြစ်ကြီးနားပိုင်း၊ တကောင်း-မန္တလေးပိုင်း၊ သာစည်-ပျဉ်းမနားပိုင်း၊ တောင်ငူ-ပဲခူး ပိုင်းနှင့် ပဲခူး-မုတ္တမပိုင်းဆိုပြီး အပိုင်းငါးပိုင်းရှိပါတယ်။ ပြတ်ရွေ့ ကြောတစ်လျောက်ရှိတဲ့ မြို့အများအပြားဟာ လူနေသိပ်သည်း တဲ့ မြို့ပြတွေဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်က ဘူမိဗေဒပညာရှင်တွေ ငလျင် လှုပ်ရင် ဖြစ်ပေါ်လာနိုင်တဲ့ အဖျက်စွမ်းအားကို တွက်ဆပြီး ဇုန်ငါး ဇုန်သတ်မှတ်ခဲ့ကြပါတယ်။

အဲဒီဇုန်ငါးဇုန်အနက် အစိုးရိမ်ရဆုံး၊ ပျက်စီးမှုအားအကြီးဆုံးဖြစ်နိုင်တဲ့ (ရစ်ချ်တာစကေး ၇ နှင့် အထက်ရှိမယ့်) ဇုန်(၅)ထဲမှာ ဧရိယာလေးခုပါဝင်ပြီး အဲဒီထဲမှာ လူနေသိပ်သည်းတဲ့ ပဲခူး-ဖြူးဧရိယာ၊ မ္တနလေး-စစ်ကိုင်း-တောင်ငူဧရိယာနဲ့ လူနေကျဲ ပါးတဲ့ ပူတာအို-တနိုင်းဧရိယာ၊ ကလေး-ဟုမ္မလင်းဧရိယာတို့ ပါဝင်ပါတယ်။

ဇုန်(၅)လောက် ပျက်စီးမှုအားမကြီးနိုင်ပေမယ့် ဆိုးရွာတဲ့ ပျက်စီးမှုတွေဖြစ်ပေါ်နိုင်တဲ့ ဇုန်(၄)ထဲမှာ တောင်ငူ၊ တောင်တွင်း ကြီး၊ ပုဂံ-ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ဝန်းသို၊ ခမ္မတီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနဲ့ ကွမ်းလုံမြို့တို့ ပါဝင်ပါ တယ်။

(၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ဒုတိယပတ်ထဲမှာ ရွှေဘိုကို ဗဟိုပြု ပြီး အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ လူအသေ အပျောက်ရှိသလို အဆောက်အအုံအများအပြားလည်း ပျက်စီးခဲ့ ရပါတယ်။)

ရန်ကုန်ဧရိယာက ပျက်စီးနိုင်ခြေအသင့်အတင့်ရှိနိုင် လောက်တဲ့ ဇုန် (၃)နှင့် ဇုန်(၂)ကြားမှာ ပါဝင်ပါတယ်။

ရန်ကုန်ဧရိယာအနေနှင့် ပျက်စီးမှုအားအကြီးဆုံးဖြစ်နိုင် လောက်တဲ့ ဇုန်ထဲမှာမပါဝင်ပေမယ့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ် တည့်တည့်ခွထိုင်ထားတဲ့ ပဲခူးမြို့နဲ့ မိုင် ၅ဝ လောက်ပဲ ဝေးကွာတာ ကြောင့် ပဲခူးမြို့ ငလျင်ဒဏ်ခံရရင် ရန်ကုန်ဟာလည်း ခံစားရ တတ်တာကို ၁၉၃ဝ ပဲခူးငလျင်က သက်သေထူနေပါတယ်။

၁၉၃ဝ ခုနှစ်တုန်းက လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ပဲခူး မြို့မှာ လူနေတိုက်တာအဆောက်အအုံ အမြောက်အမြား ပျက်စီး ပြီး လူပေါင်း ၅ဝဝ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာလည်း အပျက်အစီးတွေရှိခဲ့ပြီး လူပေါင်း ၅ဝ ဝန်းကျင် သေကျေခဲ့ဖူးတယ်လို့ ငလျင်မှတ်တမ်းတွေက ဆိုပါတယ်။

ရန်ကုန်အနေနဲ့ နောက်ထပ် စိုးရိမ်စရာရှိတာက ရန် ကုန်ဟာ စစ်ကိုင်းပြတ်ရွေ့နဲ့ မလှမ်းမကမ်းမှာ တည်ရှိနေတဲ့အပြင် ဒေးဒရဲပြတ်ရွေ့၊့ အနောက်ပဲခူးရိုးမပြတ်ရွေ့တို့ကလည်း ရန်ကုန် အနီးတစ်ဝိုက်မှာ တည်ရှိနေကြပါတယ်။

ပြောရရင် အင်အားပြင်းငလျင်ဟာ အချိန်မရွေး ကျ ရောက်လာနိုင်စရာရှိပါတယ်။ အဲဒီလိုအားကြီးတဲ့ ငလျင်တွေ လှုပ်ခတ်လာခဲ့ရင် အပျက်အစီးတွေ နည်းနိုင်သမျှနည်းအောင် အခုကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ့်အကြောင်းကို တိုက်တွန်းလိုက်ပါရစေ။         ။

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."