Home ပုံရိပ်လွှာ မြန်မာမှု ဒီဇိုင်းသုတေသီ

မြန်မာမှု ဒီဇိုင်းသုတေသီ

229
1
Advertise Here

အသက်သုံးဆယ်ကျော် မြန်မာနိုင်ငံသားအားလုံး ဆရာ ဦးအေးမြင့်နဲ့ ပတ်သက်ခဲ့တယ်ဆိုရင် စာဖတ်သူအနေနဲ့ အံ့ဩ ကောင်းအံ့ဩနေလိမ့်မယ်။ မအံ့ဩပါနဲ့။ အမှန်တကယ်ပတ်သက် ခဲ့တာသေချာပါတယ်။ သူ့ကို နာမည်ကြားဖူးချင်မှ ကြားဖူးပါလိမ့် မယ်။ လူကိုယ်တိုင်လည်း မြင်ဖူးချင်မှ မြင်ဖူးပါလိမ့်မယ်။ သေချာ တာက သူနဲ့ တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ဆက်စပ်မှုရှိ တယ်လို့ ပြောနိုင်လောက်အောင် ဆရာဦးအေးမြင့်ရဲ့ လုပ်ရပ်တွေက ထင်ရှားတယ်။

ဆရာဦးအေးမြင့်က မြန်မာမှုဒီဇိုင်းသုတေသီနယ်ပယ်မှာ ထင်ရှားသူတစ်ယောက်ဖြစ်တယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏက ထုတ်တဲ့ငွေစက္ကူတွေရဲ့ မြန်မာမှုဒီဇိုင်းတွေကို ဖန်တီးခဲ့သူဖြစ်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် က ထုတ်ခဲ့တဲ့တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်ကျပ်တန် ငွေစက္ကူတွေရဲ့ ဒီဇိုင်းကို ဆရာဦးအေးမြင့် ရေးဆွဲခဲ့တာ ဖြစ်တယ်။

ဆရာဦးအေးမြင့်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရဖို့ ကာလအတန်ကြာကတည်းက ကျွန်တော်ကြိုးစားခဲ့တယ်။ ကျွန်တော့်ဆရာတွေဖြစ်ကြတဲ့ ဆရာကျော်ရင်မြင့်၊ ဆရာဆူးငှက်၊ ဆရာညီပုလေး တို့ကလည်း တွေ့ဆုံမေးမြန်းကြဖို့ တိုက်တွန်းကြတယ်။ ဆရာဆူးငှက်က “ဆရာဦးအေးမြင့်က ပညာရှင်ပီသတဲ့ ပညာရှင်တစ် ယောက်ဖြစ်တယ်။ စကျင်တောင်က ကျောက်တော်ကြီးဘုရား ဧရာဝတီမြစ်ကြောင်းအတိုင်း သယ်မယ်ဆိုတော့ ဆရာဦးအေး မြင့်က သူတာဝန်ယူထားတာမဟုတ်ပေမယ့် ဆင်းတုတော်ကြီး သယ်မယ့်ရေယာဉ်ကို မြန်မာမှုဒီဇိုင်းတွေ သူ့ဘာသာသူ ဆွဲထား တာ။ ပညာရှင်ဆိုတာ ကိုယ်လုပ်ရသည်ဖြစ်စေ ကိုယ်မလုပ်ရသည် ဖြစ်စေ ကိုယ့်အလုပ်ကို လုပ်နေတာပဲ”။

Advertise Here

ဆရာကျော်ရင်မြင့်ကလည်း ကျွန်တော့်ကို အခုလို အားပေးတယ်။ “ဆရာဦးအေးမြင့်က စကားတော့နည်းတယ်။ ဒါပေမဲ့ သူ့မှာပြောစရာအများကြီးရှိတယ်”။ (ဆရာကျော်ရင်မြင့်ကိုယ်တိုင် ဦးအေးမြင့်အကြောင်း ကုမုဒြာဂျာနယ်မှာ ဘဝဇာတ်ခုံရေးသားခဲ့ပြီး ဖြစ်ပါတယ်။)

ဆရာတွေရဲ့တွန်းအားကြောင့် တွေ့ဆုံမေးမြန်းမှုလုပ်ဖို့ ဆရာ့ကြိုးဖုန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ဘူး။ ဇူလိုင်နောက်ဆုံးပတ်မှာ ဆရာနဲ့ တွေ့ဆုံခွင့်ရဖို့ အဆက်အသွယ် ရတယ်။

ကျွန်တော် ဆရာ့အိမ်ကိုရောက်ချိန်မှာ ဆရာ့ကိုအဆင်သင့်တွေ့ရပါတယ်။ ဆရာဦးအေးမြင့်အိမ်က အမရပူရ (တောင်မြို့) မဟာဂန္ဓာရုံကျောင်းတိုက်အနီးမှာ တည်ရှိတယ်။ ဆင်ဝင်ထုတ်ထားတဲ့ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး အိမ်ရဲ့အရှေ့ဘက်မှာ ကွက်လပ်ကျယ်ကျယ်ရှိတယ်။ ခြံဝင်းတံခါးမှာ ကြေးခေါင်းလောင်းလေး ချိတ်ဆွဲထားတယ်။ ခြံဝင်းတံခါးရဲ့ဘေးမှာ ရေအိုးစင်တည်ထားပြီး လမ်းသွားလမ်းလာတွေကို ကုသိုလ်ပြုထားတယ်။ ဆရာ့ခြံဝင်းနဲ့ ဆရာ့အိမ်ဟာ မြန်မာမှုတွေ ထုံမွှမ်းထားသလိုခံစားမိစေတယ်။ ဆင်ဝင်အောက်က ကျောက်သင်ပုန်းပေါ် မှာ မြန်မာမှု ဒီဇိုင်းတွေကို မြေဖြူနဲ့ဆွဲထားတဲ့ ဆရာဦးအေးမြင့်ရဲ့ လက်ရာတွေကိုတွေ့ရတယ်။ ကျောက်သင်ပုန်းပေါ်မှာ စေတီတော်ပုံ၊ ဓမ္မာရုံပုံ၊ ခိုနန်းပြာသာဒ်ပုံစတဲ့ မြန်မာမှုနွယ်တဲ့ ဒီဇိုင်းတွေကို ရေးဆွဲထားတာပါ။

ကျွန်တော်ဆင်ဝင်အောက်ကို ရောက်ချိန်မှာ ဆရာဦးအေးမြင့် အိမ်ထဲကထွက်လာတယ်။ လည်ကတုံး အင်္ကျီအဖြူရောင် လက်တိုကို ဝတ်ဆင်ထားပြီး မျက်မှန်အထူကြီး တပ်ထားတဲ့ ဆရာက ဖော်ဖော်ရွေရွေနှုတ်ဆက်တယ်။ အသက် ၈၅ နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ အဘိုးအိုအရွယ် ဆရာဦးအေးမြင့်က မြေးအရွယ် ကျွန်တော့်ကို တလေးတစား ဆက်ဆံနေတယ်။အခုလက်ရှိ ဘဘ ဘာတွေလုပ်နေသလဲလို့ အဖွင့်မေးခွန်းကို စမေးလိုက်တယ်။ ကျွန်တော့်မေးခွန်းကို ဆံပင်တွေ ဖြူနေတဲ့ အဘိုးအိုက အေးအေးသက်သာ တုံ့ပြန်တယ်။“မသိသေးတာတွေ ထပ်ဖြည့်နေတယ်။ သိထားတာတွေ ပြန်ဝေမျှနေတယ်”ဆရာဦးအေးမြင့်ရဲ့ အဖြေကြားတော့ ကျွန်တော် ဖျားချင်သလိုလို ဖြစ်သွားတယ်။ အနှစ်ခုနစ်ဆယ်လုံးလုံး ပညာရပ်တစ်ခုအပေါ် ဇောက်ချလုပ်ကိုင်ခဲ့သူဆီက ဒီလိုအဖြေမျိုး ရလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဆရာ့ရဲ့ စကားသံတွေထဲမှာ ကိုယ့်ကိုယ် ကိုယ်နှိမ့်ချတဲ့ လေသံတွေပါနေတာ သတိထားမိတယ်။

ဒါကြောင့်လည်း ဦးအေးမြင့် ဖြစ်ပေတာပဲလို့ ကျွန်တော် ကောက်ချက်ချမိတယ်။“ဘဘရဲ့ ငယ်ဘဝတွေကို ဘယ်လိုဖြတ်သန်းခဲ့သလဲ”“၁၉၃၀၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မန္တလေးမြို့ တရုတ်တန်းမှာ မွေးတယ်။ စစ်ကြီးပြီးတော့ ဒါးတန်း ရေခဲစက်နား ရောက်သွားတယ်။ လွတ်လပ်ရေးရခါနီးတော့ ပြာသာဒ်ဒကာဝင်းက ဆရာဦးကြွယ်လေးဆီမှာ ပန်းချီပညာ စသင်တယ်”ပြာသာဒ်ဒကာဝင်းက ဘယ်နားဆိုတာ ကျွန်တော်မသိ ဘူး။ ဘယ်နေရာမှာလဲ ဘဘလို့ မေးခွန်းထုတ်တယ်။

“ဆိုင်းတန်းရုပ်ရှင်ရုံအရှေ့ဘက်၊ ကိုဇော်မြင့်တို့နားလောက်မှာပေါ့။ (ကိုဇော်မြင့်က ရီမြင့်ထုတ်လုပ်ရေးပိုင်ရှင်ဖြစ် ပြီးသင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားထုတ်လုပ်ခဲ့သူဖြစ်ပါတယ်။) အဲဒီခေတ်က ဆရာဦးကြွယ်လေးတို့၊ ဆရာဦးညိုလေးတို့ဆိုတာ လူသိများတယ်။ ညီအစ်ကိုလို့ထင်နေကြတာ။ သူတို့ကရှုမဝဆရာ ငွေရဲ့တပည့်တွေပေါ့။ ဆရာငွေက မြို့မတူရိယာ အသင်းကြီး ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့သူ”

ဆရာဦးအေးမြင့်ရဲ့ စကားတွေထဲမှာ ရှေးခေတ်မ္တလေးရဲ့ လူမှုစီးပွားပုံရိပ်တွေ ပါဝင်နေတယ်။ ငယ်ဘဝပုံရိပ်တွေ ကို ပြောနေတဲ့ ဆရာဦးအေးမြင့်ရဲ့ ပုံသဏ္ဍာန်က တည်တည်ငြိမ်ငြိမ်ပါပဲ။

“ရှုခင်းပန်းချီပညာကိုတော့ ဆရာဦးခင်မောင်(ဘဏ်)ဆီ မှာ သင်တယ်။ ဒုတိယက္ဘာစစ်ဖြစ်တော့ ကျောင်းတွေ ပိတ်ရော။ အဲဒီအချိန်မှာ ခုနစ်တန်းရောက်နေပြီ။ စစ်ကြီးအပြီးမှာ ကျောင်း တွေ ပြန်ဖွင့်တော့ ကျောင်းပြန်မနေတော့ဘူး”

ပန်းချီပညာသင်ယူထားတဲ့ လူငယ်တစ်ယောက်၊ စစ်ပြီး ကာလမှာ ဘဝကို ဘယ်လိုရပ်တည်မလဲ၊ ကျွန်တော် စိတ်ဝင် တစား နားစွင့်နေတုန်းမှာပဲ ဆရာဦးအေးမြင့်က သူ့ဘဝဇာတ်ကြောင်း ဆက်ပြောပါတယ်။

“ကိုဇော်ဇော်ရဲ့ အဖေဦးအေးမောင်ဆိုတာ ငယ်သူငယ်ချင်း၊ ဦးအေးမောင်က လူပုံဆွဲသိပ်ကောင်းတာ။ အခုတော့ ပန်းချီဆွဲဖြစ်သေးရဲ့လား မသိပါဘူး။ သူက ဆရာဦးဘရင်လေးရဲ့တပည့်ပေါ့”“ဘယ်က ကိုဇော်ဇော်လဲ ဘဘ”“ဓာတ်ပုံရိုက်တဲ့ ကိုဇော်ဇော်ပေါ့”ဘဘပြောတဲ့ ဓာတ်ပုံရိုက်တဲ့ ကိုဇော်ဇော်ဆိုတာ ကျွန် တော်နဲ့ ရင်းနှီးတဲ့ ဦးဇော်ဇော်(ဘိုအဖွဲ့)ဖြစ်ကြောင်း ပြောပြလိုက်တယ်။ ဦးဇော်ဇော်ရဲ့ အဖေ ပန်းချီဦးအေးမောင်က ယခုအခါ ရွှေမန္တလေးအပတ်စဉ်ထုတ်ဂျာနယ်မှာ ဆောင်းပါးတွေ ရေးနေတယ်ပြောတော့ သူငယ်ချင်းဖြစ်သူအတွက် ဂုဏ်ယူကျေနပ်တဲ့အသွင် ဆရာဦးအေးမြင့်ရဲ့ မျက်နှာမှာ တွေ့ရတယ်။“ဘဘရဲ့ ဝန်ထမ်းဘဝကို ဘယ်မှာ စခဲ့သလဲ”“အမရပူရက ဆောင်းဒါးရက်ကန်းမှာ ဒီဇိုင်းနည်းပြအဖြစ် စလုပ်ခဲ့တာ။ ၁၉၅၄ ခုနှစ်မှာပေါ့။ အဲဒီကနေ ရန်ကုန်ရုံးချုပ်ကို ရောက်တယ်။ မြန်မာ့ထုတ်ကုန်သွင်းကုန်ကော်ပိုရေးရှင်းကို ရောက်ပြန်ရော။ ၁၉၆၇ ခုနှစ် ဗီလာနိုထရိတ်ဖဲမှာ ပြခန်းကိစ္စအကြောင်းပြုပြီး လိုက်ရတယ်။ ၁၉၇၀ ခုနှစ်မှာလည်း အိုဆာကာ မှာ လုပ်တဲ့ နထစသ ၇၀ ပွဲကို မြန်မာပြခန်း မြန်မာမှုဒီဇိုင်းအတွက် လိုက်ရပြန်တယ်။ ဂျာမနီမှာ ပညာသင် အဖြစ် သွားရတယ်”

ဆရာကသူသွားခဲ့တဲ့ နိုင်ငံတကာခရီးစဉ်တွေအကြောင်း ပြောနေပေမယ့် သူ့လေသံက အေးအေးသက်သာ ရှိလှတယ်။ ဆရာနိုင်ငံခြားခရီးစဉ်သွားရတဲ့ ကာလတွေက မြန်မာ့နည်း၊ မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကြီး အားကောင်းမောင်းသန် ခုတ်မောင်းနေချိန်၊ အဲဒီအချိန်က သာမန်ပြည်သူပြည်သားတစ် ယောက်အဖို့ နိုင်ငံရပ်ခြား သွားရဖို့ဆိုတာ ဗြဟ္မာပြည်ကအပ်နဲ့ လူ့ပြည်ကအပ်လိုပဲ။ ဗေဒင်ဆရာတွေက နိုင်ငံခြားသွားရကိန်း ရှိတယ်ဆိုတဲ့ အဟောမျိုးနဲ့ ဗေဒင်လာမေးသူတွေရဲ့ သည်းခြေကြိုက်စကားလုံးတွေနဲ့ သိမ်းသွင်းနေချိန်မျိုးမှာ ဆရာဦးအေးမြင့်က အခေါက်ခေါက်အခါခါ သွားပြီးနေပြီ။

“ဘဘဝါဇီကို ဘယ်အချိန်ရောက်လာသလဲ”

“၁၉၇၂ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ ဝါဇီမှာ ငါးနှစ်ကြာ တယ်ဗျာ”

ဝါဇီက မြန်မာတစ်နိုင်ငံလုံးရဲ့ အရေးကြီးတဲ့ လုံခြုံရေးဆိုင် ရာ ပုံနှိပ်စက်ရှိတဲ့ မြို့ဖြစ်တယ်။ ငွေစက္ကူ၊ စာချုပ်စာတမ်း၊ တံဆိပ်ခေါင်းစတာတွေ ရိုက်နှိပ်ထုတ်ဝေတယ်။ မြေပုံထဲမှာ နေရာတိတိကျကျဖော်ပြမထားတဲ့ မြို့ဖြစ်တယ်။ အဲဒီခေတ်ကထုတ်ဝေခဲ့တဲ့ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန်ငွေစက္ကူတွေမှာ  မြန်မာမှုဒီဇိုင်းတွေကို ဆရာဦးအေးမြင့် ရေးဆွဲခဲ့တယ်။ဝန်ထမ်းဘဝက အတွေ့အကြုံတွေ ကျွန်တော်မေးတယ်။

“ဝန်ထမ်းဘဝမှာ ကျွန်တော် ကိုယ့်ဘာသာသီးသန့်နေ တယ်။ ဟိုဟိုဒီဒီ သွားတာ၊ လာတာ မလုပ်ဘူး။ အဲဒီမှာ ကျွန်တော့် ကို သံသယရှိလာပုံရတယ်။ ကျွန်တော့်ကို စစ်ကြောရေးဝင်ပြီး ဖမ်းချုပ်လိုက်တယ်။ ကျွန်တော်နေတဲ့ အိမ်ခန်းကိုလည်း ဝင်ရှာကြတယ်။ ဘာမှထွေထွေထူးထူး မတွေ့ပါဘူး။ နိုင်ငံရေးအပြစ်ရှာ ကြတာပေါ့ဗျာ”

မြန်မာနိုင်ငံမှာ နိုင်ငံရေးတစ္ဆေကြီးခြောက်တာ နှစ်ငါးဆယ်ကြာပေါ့လို့ ကျွန်တော်တွေးမိတယ်။ မနေ့တစ်နေ့က အထိ အမြင်သဘောထားချင်း မတိုက်ဆိုင်သူတွေကို ထောင်သွင်း အကျဉ်းချတဲ့ ဖြစ်စဉ်တွေ မြန်မာနိုင်ငံမှာ အမှန်တကယ် ဖြစ်ခဲ့ဖူးတယ်။

“အဲဒီနောက် ဘဘ ဘာလုပ်သလဲ”

“၁၉၇၇ ခုနှစ်မှာ အမရပူရပြန်လာတယ်။ မိသားစုနဲ့ အတူ နေတယ်။ ၁၉၈၀ ခုနှစ်မှာ ရန်ကုန်ဆင်းပြီး အလုပ်လုပ်ဖို့ အကြောင်းဖန်လာတယ်”

“ရန်ကုန်မှာ အလုပ်လုပ်ဖို့ ဆင်းတော့ ရုပ်ရှင်မင်းသား လေး လေးဦးထွန်းဝေရဲ့ တိုက်ခန်းမှာနေရင်း အလုပ်လုပ်တယ်။ လေးလေးဦးထွန်းဝေရဲ့ တိုက်ခန်းက ၃၉ လမ်းနဲ့ လွစ္စလမ်းကြား မဟာဗန္ဓုလလမ်းပေါ်မှာ ရှိတယ်။ သူက စိတ်ချရတဲ့သူ ရှိစေချင် တာ။ ဝိုင်အမ်ဘီအေအသင်းက ထုတ်တဲ့ ရတနာမွန်မဂ္ဂဇင်းမှာ မျက်နှာဖုံးတွေ လုပ်ရတယ်။ အကြောင်းသင့်တော့ မဂ္ဂဇင်းက လည်း စောင်ရေတိုးလာတယ်။ နေရာလည်း ခိုင်ခိုင်မြဲမြဲရလာ တယ်။ မြတ်ဆုမွန်တို့၊ သစ္စာရောင်ခြည်တို့မှာလည်း ရေးလာရတယ်”

ဘဘဦးအေးမြင့်က ဝိုင်အမ်ဘီအေအသင်းကြီးက ထုတ်ဝေတဲ့ ရတနာမွန်မဂ္ဂဇင်းမှာ ၂၅ နှစ်တိတိ လစဉ်မပျက် မျက်နှာဖုံးတွေ ရေးဆွဲခဲ့သူဖြစ်တယ်။ အဲဒီလို ၂၅နှစ်တိတိ လစဉ်မပျက်ရေးဆွဲခဲ့တာကြောင့် အသင်းကြီးက ဆရာဦးအေးမြင့်ကို ဂုဏ်ပြုလွှာ ချီးမြှင့်ထားတာကို ဧည့်ခန်းထဲက ရှိုးကေ့စ်ဗီရိုထဲမှာ တွေ့ရတယ်။ မဂ္ဂဇင်း မျက်နှာဖုံးတွေကို ၂၅ နှစ်တိတိ မပျက်မကွက် တာဝန်ယူနိုင်ဖို့ဆိုတာ တော်ရုံဇွဲသတ္တိနဲ့ မရနိုင်ဘူး။

ဆရာဦးအေးမြင့်လိုပညာရှင်မို့သာရနိုင်တာလို့ ကျွန်တော်ကောက်ချက်ချမိတယ်။

ဆရာဦးအေးမြင့်က သူရေးဆွဲခဲ့တဲ့ ကာဗာဒီဇိုင်းတွေ ယူပြတယ်။ ကာဗာအချို့ကို ဂျပ်စက္ကူပေါ်ကပ်ထားတယ်။ မဂ္ဂဇင်း အဟောင်းတွေပါတယ်။ မဂ္ဂဇင်းတွေကို လှန်လှောကြည့်တော့ ကာဗာပုံဆွဲရခြင်းအကြောင်းရင်းတွေကို ရေးထားတယ်။ စာရဲ့အောက်ခြေမှာ မြန်မာမှုဒီဇိုင်းသုတေသီမောင်အေးမြင့်လို့ ရေးထိုးထားတယ်။ ကျွန်တော် ကင်မရာနဲ့ မျက်နှာဖုံးအချို့ကို မှတ် တမ်းတင်တယ်။ ကာဗာတွေ ရေးဆွဲဖြစ်တဲ့အကြောင်းကိုလည်း မေးခွန်းထုတ်တယ်။

“လစဉ်ထုတ်မဂ္ဂဇင်းမှာ ပင်တိုင်ယူပြီး ကာဗာဒီဇိုင်းတွေ ရေးဆွဲခဲ့ရပေမယ့် လွတ်လပ်တယ်။ ထုတ်ဝေသူကလည်း သဘော ကောင်းတယ်။ ရေးတဲ့အကြောင်းအရာကို ကိုယ်တိုင်ရှာတယ်။ ဝိုင်အမ်ဘီအေမှာက ဆောင်ပုဒ်က ရှိပြီးသား။ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဆိုတဲ့ မူထဲကနေ ဆွဲတာပဲ”

ကျွန်တော် ဆရာဦးအေးမြင့်ရေးဆွဲခဲ့တဲ့ အနုပညာလက်ရာတွေကို ကြည့်တယ်။ ဇာတ်ကြီးဆယ်ဘွဲ့ထဲက အကြောင်းအရာ တွေပါတယ်။ ပုဂံခေတ် ကဟန်တွေ ပါတယ်။ ဘုရားသွားကျောင်းတက် မိသားစုပုံတွေပါတယ်။ ဆင်ယင်ထုံးဖွဲ့မှုနဲ့ ပတ်သက်တာတွေပါတယ်။ နိပါတ်တော် ပန်းချီကားတွေပါတယ်။ မြန်မာမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာစုံ၊ နယ်ပယ်စုံ ပါဝင်နေတာ တွေ့ရတယ်။ ဆရာ့ရဲ့ အနုပညာတွေက မြန်မာမှုနယ်ပယ်မှာ လင်းလက် တောက်ပနေတယ်။

“၁၉၉၁ ခုနှစ်မှာ စေတီပုထိုး ကျောင်းကန်တွေ လုပ်လာ ကြတယ်။ ကျွန်တော်က မြန်မာမှုပိုင်း တာဝန်ယူပေးရတယ်”

ဘဘစကားဆုံးတော့ ကျွန်တော်က တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင်ဆိုတဲ့ ဆောင်ပုဒ်ကို မြင်ယောင်လာတယ်။

“ဘယ်နေရာတွေမှာ ဘဘတာဝန်ယူလုပ်ပေးခဲ့ရသလဲ”

“ရွှေတိဂုံဘုရားတောင်ဘက်စောင်းတန်း၊ တက္ကသိုလ် ဓမ္မာရုံ၊ တပ်မတော်ဓမ္မာရုံတွေမှာ မြန်မာမှုနဲ့ ပတ်သက်တာတွေ လုပ်ပေးခဲ့ရတယ်။ ကမ္ဘာအေးထဲက ရပ်တော်မူတွေနဲ့ သစ်ထုတ် လုပ်ရေးဓမ္မာရုံတွေလည်း လုပ်ခဲ့ရတာပေါ့”

ဘဘရဲ့ စကားသံတွေထဲမှာ လက်မထောင်တဲ့ လေသံမပါ ဘူး။ ပညာပြည့်ဝနှလုံးလှသူတွေမှာသာ တွေ့ရလေ့ရှိတဲ့ အေး ချမ်းတဲ့ အမူအရာသာ တွေ့ရတယ်။

“ ရန်ကုန်မြို့မှာ အခန်းပိုင်မရှိတော့ နေရာ ၁၁ နေရာ ပြောင်းခဲ့ရတယ်။ စပေါ်ကျပ် သုံးထောင်က စပြီး ရန်ကုန်မှာနေလာတာ ကျပ်နှစ်သိန်းခွဲအထိ ပေးခဲ့ရတယ်”

ရန်ကုန်မြို့ရဲ့ ဒိတ်ဒိတ်ကြဲအဆောက်အအုံတွေကို မြန်မာမှုတာဝန်ယူခဲ့တဲ့ ပညာရှင်ကြီးက ကန်ထရိုက် တိုက်လက်ညှိုးထိုးမလွဲတဲ့ ရန်ကုန်မှာ အခန်းပိုင်မရှိဘူးဆိုတော့ ကျွန်တော့်မှာ အံ့ဩရတယ်။ အဲဒီခေတ်က မြန်မာပြည်ရဲ့ လက်ညှိုးညွှန်ရာရေဖြစ်တဲ့သူနဲ့ အနီးကပ်အကြာကြီး အလုပ်တွေလုပ်ခဲ့ပေမယ့် ကျောတစ်ခင်းစာအတွက် မျက်နှာချို မသွေးခဲ့ဘူး။ မြို့ကွက်သစ်တွေ ဖောဖောသီသီဖော်နေချိန်မို့ ဘဘဦးအေးမြင့်သာ အခွင့်အရေးယူခဲ့မယ်ဆိုရင် မြို့သစ်တိုင်းမှာရဖို့ အခွင့်အလမ်းရှိတယ်။ ဘတ်စ်ကားနှစ်ဆင့်၊ သုံးဆင့်စီးပြီး အင်းစိန်ဘက်က ငှားနေတဲ့ အိမ်ကို နေ့စဉ် ပြန်ပြီး အလုပ်ဆင်းတယ်။

“ရိုးရာပန်းပညာရှင်များ အစည်းအရုံးဝင်တွေကို မြေ ကွက်တွေ ပေးတယ်။ ကျွန်တော့်အတွက်လည်း ပေးတယ်။ မယူ ခဲ့ဘူး။ တယ်လီဖုန်းတောင် မတောင်းခဲ့ဘူး။ ကိုယ်ရေးကိုယ်တာ နဲ့ အနုပညာကို ရောထွေးမထားဘူး”

“ဘဘ ပန်းချီဒီဇိုင်းမြန်မာမှုတွေကို ဘယ်လိုရေးဆွဲခဲ့ သလဲ”

“ကရုဏာ၊ မုဒိတာနဲ့ စေတနာကို အခြေခံပြီး ဆွဲတာပဲ။ ကျွန်တော်က အနုပညာနဲ့ ပြောတဲ့အခါ ခွာပြီးပြောတာ သဘော ကျတယ်”

“ဘဘက ပရောဂျက်ကြီးတွေလုပ်ခဲ့တော့ ဘဘရဲ့အနုပညာနဲ့ လုပ်ငန်းလမ်းညွှန်သူတွေကြားမှာ သဟဇာတ မဖြစ်ခဲ့တာတွေရှိလား”

“ရှိတာပေါ့။ စွယ်တော်မြတ်စေတီတည်ဆောက်ရေးမှာ ထိပ်တိုက်တွေ့ကြရတာပေါ့။ အဲဒီမှာ သုံးမယ့် ခြင်္သေ့ရုပ်တုမှာ သူတို့နဲ့ ကျွန်တော် အယူအဆကွဲကြတယ်”

လိုအပ်သည်များကို လမ်းညွှန်မှာကြားဆိုသူတွေက အရာ ရာကို သူတို့သိ၊ သူတို့တတ်လို့ ထင်ပြီး သွေးနားထင်ရောက်လေ့ ရှိတယ်။ အဲဒီလိုလူတွေနဲ့ တွဲလုပ်ကြရတဲ့ အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင ဆိုသူတွေဟာ စိတ်ကသိကအောက် ဖြစ်ရတာချည်းပဲလို့ ကျွန်တော်တွေးမိတယ်။

“ဆရာပေါ်ဦးသက်တို့နဲ့ရော ဘယ်လိုတွဲမိကြသလဲ ဘဘ”

“ဆရာပေါ့်အဖေက ဦးလှကြီးတဲ့။ ဆရာပေါ့်မိန်းမက မြို့မ ငြိမ်းရဲ့သမီး။ ဆရာပေါ်ဦးသက်က ကျွန်တော့်ထက် ခြောက်နှစ် ငယ်တယ်။ သူက ကာတွန်းလည်း သိပ်ကောင်းတာ။ ပန်းချီကျ တော့လည်း ရဲရဲတင်းတင်းလုပ်ရဲကိုင်ရဲတယ်။ ကိုယ့်စတိုင်လ်ကို ဖော်ထုတ်ရဲတယ်”

မိတ်ဆွေဖြစ်သူအပေါ် တခုတ်တရချီးကျူးတယ်။ ကောင်း ကွက်ကို ဖော်ထုတ်တယ်။ ဆရာဦးအေးမြင့်က သူ့စကားကို ဆက် ပြောတယ်။

“ ဆရာဦးခင်မောင်(ဘဏ်)ရဲ့ ကျေးဇူးတွေကြီးတယ်။ ကျွန်တော်တို့ ပန်းချီပညာစသင်ကြတော့ ပန်းချီပန်းပု ကျောင်းကမဖွင့်သေးဘူး။ ၁၉၅၂ ခုနှစ်ရောက်မှဖွင့်တာ။ သင်ရိုးညွှန်းတမ်းတွေကို အပြင်ကဝယ်ပြီး လေ့လာ ရတာ”

ဆရာက သူ့လက်ထဲကိုင်ထားတဲ့ စာအုပ်ထူကြီးထဲက ဒီဇိုင်းတွေ ကျွန်တော့်ကိုပြတယ်။ ကျွန်တော်က ဒီဇိုင်း ပညာနဲ့ ဝေးသူမို့ ဆရာ ဘာကိုဆိုလိုမှန်းမသိဘူး။

“အိုးခြမ်းပဲ့တွေမှာ ဒီဇိုင်းတွေ ရှိတယ်ဗျ။ ပျူခေတ်၊ဗိဿနိုး ခေတ်၊ သရေခေတ္တရာခေတ်စတဲ့ ခေတ်တွေက အိုးခြမ်းပဲ့တွေမှာ ခေတ်ကာလအလျောက် ဒီဇိုင်းတွေက ကွဲပြားတယ်”

ဆရာ့လက်ထဲကိုင်ထားတဲ့ သားရေဖုံးနဲ့ စာအုပ်ကြီးက ဒီဇိုင်းနဲ့ ပတ်သက်လို့ ဆရာကိုယ်တိုင်ပြုစုထားတဲ့ စာအုပ်ကြီး၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက အင်္ဂလိပ်လို ပြန်ဆိုရေး သားပေးထားတယ်။ အဲဒီစာအုပ်ထဲမှာ ဆရာဦးအေးမြင့်ရဲ့ သုတေသနတွေကို ပုံနဲ့တကွ ဖော်ပြထားတယ်။ ထိုင်းနိုင်ငံမှာ ပုံနှိပ်ခဲ့တဲ့ မြန်မာမှုအဖိုးတန် စာအုပ်ဖြစ်ပါတယ်။ ဆရာ့စာအုပ်ကို ကျွန်တော်ယူကြည့်မိတယ်။ မြန်မာတွေရဲ့ခေါင်းပေါင်းအမျိုးမျိုးကို ဆရာသုတေသန ပြုထားတာ တွေ့ရတယ်။ သူဆင်းရဲခေါင်းပေါင်း၊ သူကြွယ်ခေါင်းပေါင်း၊ မြို့အုပ်ခေါင်းပေါင်း၊ မြို့ဝန်ခေါင်းပေါင်း၊ နယ်ပိုင် ခေါင်းပေါင်း၊ အရေးပိုင်ခေါင်းပေါင်း၊ ဝန်ထောက်ခေါင်းပေါင်း၊ မင်းညီမင်းသားခေါင်းပေါင်းစတဲ့ ခေါင်းပေါင်းပုံတွေကို အမျိုးအစားခွဲထားတယ်။

ဆရာဆူးငှက်ရဲ့ စကားသံတွေ ကျွန်တော်ကြားယောင် လာတယ်။

“အဲဒီစာအုပ်က ရွှေဗျ။ ဆရာကြီးဒေါက်တာသန်းထွန်းဆီ မှာ တစ်အုပ်၊ ဆရာတော်ဦးပညာဆီမှာ တစ်အုပ်၊ ဆရာဦးအေး မြင့်ဆီမှာ တစ်အုပ်၊ လူထုတိုက်မှာ တစ်အုပ်၊ စုစုပေါင်း လေးအုပ်ပဲ ပြည်တွင်းမှာ ရှိတာ”

ဆရာဦးအေးမြင့်ရဲ့ ပုံ ၁၀ဝ၊ စာ ၁၀ဝ ဆိုတဲ့ စာအုပ် လူထု ကြီးပွားရေးမှာ ရိုက်နှိပ်ဖို့ ပြင်ဆင်နေတယ်။ ခရစ်နှစ် ၂၀ဝ၀ မှာ လောကနတ်ပန်းချီခန်းမမှာ ပြုလုပ်တဲ့ ပြပွဲမှတ်တမ်းစာအုပ် ဘဘက ယူလာတယ်။ မောင်မိုးသူ၊ နေမျိုးဆေး၊ ဒေါ်ချိုချိုအောင် စတဲ့သူတွေရဲ့ အမှတ်တရလက်မှတ်တွေ ပါဝင်တယ်။ မန္တလေးမှာလည်း ပြပွဲလုပ်ချင်သေးကြောင်း သူ့ဆန္ဒကို ပြောပြတယ်။

“လောကနတ်ရုပ်တုတွေထဲမှာ ဘယ်အရုပ်ကို စံထားသလဲ”

“ရွှေကျောင်းကြီးက လောကနတ်ကို စံထားတယ်။ အချိုးအစားကျလွန်းလို့ပါ”

“ဆရာပေါ်ဦးသက်တို့နဲ့ အမှတ်ရစရာရှိရင် ပြောပြပါဦး”

“၁၉၆၀ ခုနှစ်လောက်မှာ စာပို့သင်္ဘောနဲ့ ပုဂံကို သွားခဲ့ကြ တာ အမှတ်တရပေါ့။ ပုဂံကို ပထမဆုံး ရောက်ဖူးတာပဲ။ ဘကြီး သက်လည်း ပါတယ်။ ဆရာဦးခင်မောင်(ဘဏ်)ပါတယ်။ ဆရာ ပေါ်ဦးသက်လည်း ပါတယ်။ အဲဒီကတည်းက ပုဂံကို စွဲသွားတာပါ။ သီရိပစ္စယာလုပ်တော့လည်း နံရံဆေးပန်းချီတွေ အခြေပြုပြီး ပုံ ထုတ်ကြတာပါပဲ”

မြန်မာမှုဒီဇိုင်းသုတေသီတစ်ယောက် မော်ဒန်ပန်းချီအပေါ် ဘယ်လိုသဘောထားလဲ ကျွန်တော်သိချင်တယ်။

“မော်ဒန်ပန်းချီကို ဘဘ ဘယ်လိုသဘောထားလဲ”

“ဦးဝင်းဖေတို့၊ ဦးခင်မောင်ရင်တို့က မော်ဒန်ဘက် နွှယ်တယ်။ သူတို့လည်း ကောင်းကြပါတယ်”ဆရာဦးအေးမြင့်ရဲ့ အဖြေကို ကျွန်တော်ဘယ်လိုမှ မတုံ့ပြန်မိပေမယ့် စိတ်ထဲမှာတော့ ကျေနပ်မိတယ် ။      ။

Advertise Here

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here