ကျေးဂျူးး ကမ္ဘာ မိုင်ဂျာယန်

ကျေးဂျူးး ကမ္ဘာ မိုင်ဂျာယန်

 ကချင်ဘာသာနဲ့’ကံကောင်းခြင်းလက်ဆောင်’လို့အမည်ရတဲ့ ‘မိုင်ဂျာယန်’ မြို့လေးဆီကို ရွှေလီကတစ်ဆင့် အနောက်မြောက်ဘက်ရှိ ‘ကျန်းဖုန်း’မြို့ ကို ကားနဲ့ ၄၅ မိနစ်လောက် သွားခဲ့ကြရတယ်။ ကျန်းဖုန်းမြို့အနောက်ဘက် ကားလမ်းတစ်လျှောက် ရှည်လျားပြီး အပြိုင်းအရိုင်း စိုက်ပျိုးထားတဲ့ ကြံခင်းကြီးတွေကြားမှ လမ်းကြားလေးထဲကို ထိုးဝင် မောင်းနှင်လိုက်တယ်။ ထိုကြံခင်းကို ဖောက်ထွက်လိုက်တာနဲ့ အုတ်အင်္ဂတေ အဆောက်အအုံကြီးတွေနဲ့ ဖွဲ့တည်ထားတဲ့ မိုင်ဂျာယန်မြို့လေးကို ရင်သပ်ရှုမောအံ့သြဖွယ်ရာ တွေ့ လိုက်ရတော့တယ်။ ရွာကြီးမည်ကာမတ္တမျှလို့ ထင်မှတ်ခဲ့တဲ့ မိုင်ဂျာယန်ဟာ အမှန်ပဲ ဘုရား သခင်ရဲ့’ကံကောင်းခြင်းလက်ဆောင်’ ဖြစ်ပေလိမ့်မယ်။

၁၉၉၄ မှာ အစိုးရနဲ့ KIO အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးချိန်က စပြီး မိုင်ဂျာယန်မြို့ဟာ အချိန်တိုအတွင်း ဖွံ့ဖြိုးစည်ပင်လာခဲ့တာ ဖြစ်ပါတယ်။ နယ်စပ် မိုင်ဂျာယန်မြို့လေး ကို ပြည်တွင်းကသာမက ပြည်ပက နိုင်ငံခြားသားတွေပါ ကြက်ပျံမကျ စည်ကားလှအောင် စီးမျောဝင်ရောက်လာခဲ့ကြ တယ်။ ဈေးဆိုင်၊ စားသောက်ဆိုင်၊ အနှိပ်ခန်းက အစ အဆင့်မြင့် ဟိုတယ်တွေအထိ တန်းစီနေတော့တယ်။ ကာရာအိုကေခန်းမှ တေးသံတွေက လမ်းပေါ်ကို ဖိတ်လျှံကျနေသလို ညကလပ်တွေရဲ့ သီကျူးကခုန်မှုတွေကလည်း ညလုံးပေါက်ဆူညံလျှံဝေနေတော့ တယ်။ ၂ဝဝ၁ က စတင် ဖွင့်လှစ်ခဲ့တဲ့ Casino လောင်းကစားရုံကြီး တွေကို တရုတ်ပြည်တွင်းမှသာမက ရုရှား၊ ဟောင်ကောင်၊ မကာအို၊ စင်ကာပူက သူဌေးကြီးတွေကိုယ်တိုင် လာရောက် ပျော်ပါးမွေ့လျော်ခဲ့ကြတယ်။ မိုင်ဂျာယန်ရဲ့ ရွှေရောင်နေ့ရက် တွေပါပဲ။

သို့ပေမဲ့ ၂ဝဝ၉ မှာ လောင်းကစားဝိုင်းတွေကို ပိတ်လိုက် တဲ့အခါ ကြက်ပျံမကျ စည်ကားခဲ့တဲ့ မိုင်ဂျာယန်ဟာ ခြောက်ကပ် တိတ်ဆိတ်သွားတော့တယ်။ အရင်က လူဦးရေသောင်းချီနေ ခဲ့တဲ့ မိုင်ဂျာယန်မှာ ထောင်ဂဏန်းမျှသာ ကျန်တော့တယ်။ ဟိုတယ်နဲ့ စားသောက်ဆိုင်ကြီးတွေလည်း ပိတ်သွားကြပြီ။ ၂ဝ၁၁ နောက်ပိုင်း တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေ ပြန်ဖြစ်ပွား ချိန်မှာ ပြည်သူတွေ စစ်ရှောင်ထွက်ပြေးကြလို့ မိုင်ဂျာယန်ဟာ တစ္ဆေမြို့ (Ghost Town) နီးပါး ခန်းခြောက်သွားရပါတယ်။ ဒါပေမဲ့ KIO အဖွဲ့က အခုအခါ မိုင်ဂျာယန်ကို ပညာရေးမြို့တော် အဖြစ် ပြန်လည်တည်ဆောက်ထားပြီး ဖြစ်တယ်။ လက်ရှိ မိုင်ဂျာ ယန်မှာ အထက်တန်းကျောင်း၊ အကြိုကောလိပ်၊ ကောလိပ်၊ အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းနဲ့ Institute of Liberal Arts၊ Federal Law Academy ကျောင်းတွေ ဖွင့်လှစ်သင်ကြား နေပြီဖြစ်တယ်။

၂ဝ၁၆ ဇူလိုင်နှောင်းပိုင်းမှာတော့ မိုင်ဂျာယန်ဟာ ပြန် လည်လှုပ်ရှားအသက်ဝင်လာခဲ့ပါပြီ။ ၂၁ ရာစု ပင်လုံညီလာခံ အကြို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေးကို မိုင်ဂျာယန်မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် မြစ် ကြီးနား၊ ဗန်းမော်၊ ကချင်ပြည်နယ်တစ်ဝန်းက ကျောင်းသူ၊ ကျောင်းသား လူငယ်အဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေ၊ အရပ်ဘက် အဖွဲ့အစည်းဝင်တွေ၊ အင်အားထောင်ချီ ရောက်ရှိလာခဲ့ကြတယ်။ ဧည့်သည်တွေ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဧည့်ခံကြိုဆိုရေးတို့အတွက် ကချင်လော်ပန်များ ပေးပို့လှူ ဒါန်းတဲ့ ပစ္စည်းတွေနဲ့အတူ ကြိုပို့ကားသစ် အစီး ၃ဝ လောက် ရောက်ရှိနေပါပြီ။ ဇူလိုင်၂၅ ရက် ဝန်းကျင်မှာတော့ မြန်မာပြည် အနှံ့အပြားက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင်ကြီးတွေ၊ ရုံးအဖွဲ့၊ အလုပ်အဖွဲ့တွေ၊ အထူးဖိတ်ကြား ထားတဲ့ ဧည့်သည်တော်တွေနဲ့ သတင်းမီဒီယာဌာနပေါင်းစုံက သတင်းထောက်များ အစုံအညီ ရောက်ရှိလို့ လာခဲ့ကြပါပြီ။

မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရဲ့ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင် ၂၆ ရက် မနက် ၉ နာရီမှာ စတင်ပါတယ်။ ဒီအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယား နဲ့ တရုတ်ပြည်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ အထူးသံတမန် ဆွန်ကော့ရှန်တို့ တက်ရောက်ခဲ့ကြပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် NCA လက်မှတ် ရေးထိုးထားတဲ့ UNFC အဖွဲ့ဝင် ရှစ်ဖွဲ့၊ NCA လက်မှတ်ရေးထိုး ထားခြင်း မရှိသေးတဲ့ UNFC အဖွဲ့ဝင် ကိုးဖွဲ့တို့ တက်ရောက်ခဲ့ကြ ပါတယ်။ မိုင်းလားအဖွဲ့နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့က တော့ လေ့လာသူများအဖြစ် ပါဝင်ခဲ့ကြပါတယ်။ တိုင်းရင်းသား နိုင်ငံရေးပါတီများ ကိုယ်စားလှယ်အဖွဲ့အဖြစ် ညီညွတ်သော တိုင်း ရင်းသားများအဖွဲ့ (UNA) နဲ့ တိုင်းရင်းသားညီအစ်ကိုများ ဖက်ဒရယ်အဖွဲ့(NBF) အဖွဲ့တို့မှ ကိုယ်စားလှယ်ငါးဦးစီ ပါဝင် တက်ရောက်ခဲ့ပါတယ်။ မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေး ကို တိုင်းရင်းသားကိုယ်စားလှယ်စုစုပေါင်း ၉၆ ဦး တက်ရောက်ပြီး လေ့လာသူနဲ့ အလုပ်အဖွဲ့တွေ အပါအဝင် အားလုံး ၂ဝ၆ ဦး ပါဝင် တက်ရောက်ခဲ့ကြပါတယ်။ မိုင်ဂျာယန်မျက်နှာစုံညီအစည်း အဝေးကို မတက်ရောက်နိုင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဆိုလို့ ဝအဖွဲ့ (UWSA)၊ ကိုးကန့်အဖွဲ့နဲ့ ပလောင် အဖွဲ့ (TNLA) သုံးဖွဲ့ပဲ ရှိပါတယ်။ ဒါကြောင့် မိုင်ဂျာယန်မျက်နှာ စုံညီအစည်းအဝေးဟာ ၂၁ ရာစု ပင်လုံညီလာခံမတိုင်မီ ကျင်းပ တဲ့ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ အစည်းအဝေးတွေထဲ မှာ စုဖွဲ့ မှုအများဆုံး၊ အကျယ်ပြန့်ဆုံးလို့ ဆိုနိုင်ပါတယ်။

မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေး ပထမဆုံးနေ့ရဲ့ သဘာပတိဟာ KIA အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးအင်ဘန်လက အစည်းအဝေးအဖွင့် သဘာပတိမိန့်ခွန်းပြောကြားရာမှာ မျက်နှာစုံညီအစည်းအဝေး ကို လေးရက် ကျင်းပမည်ဖြစ်ကြောင်း။ ဒီလိုကျင်းပရာမှာ (ပထမ နေ့) ပင်လုံလက်စွဲစာတမ်း၊ (ဒုတိယနေ့) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံစာတမ်း၊ (တတိယနေ့) နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများ၊ (စတုတ္ထနေ့) နိုင်ငံရေးမူ ဘောင်ဆိုင်ရာ စာတမ်းတို့ကို ဆွေးနွေးဆုံးဖြတ်ရမှာ ဖြစ်ကြောင်း၊ ဒီလို ဆွေးနွေးရာမှာ ကိုယ့်သဘောထားကို လွတ်လွတ်လပ်လပ် တင်ပြခွင့်ရှိပေမယ့် အများစုသဘောထား ရယူဆုံးဖြတ်ရမှာ ဖြစ် ကြောင်း၊ ဒီဆုံးဖြတ်ချက်တွေကို ဆုပ်ကိုင်ပြီး ၂၁ ရာစု ပင်လုံညီ လာခံကို ချီတက်ရမှာဖြစ်လို့ ‘မိုင်ဂျာယန်ညီလာခံ တစ်သံတည်း ထွက်ရန်’ လိုအပ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

ပထမနေ့တင်ပြတဲ့ ‘ပင်လုံလက်စွဲ’စာတမ်းကို UNFC သုတေသနအဖွဲ့က ပြုစုတင်ပြထားတာ ဖြစ်ပါတယ်။ စာတမ်းရဲ့ အချုပ်သဘောကတော့ တိုင်းရင်းသားအသီးသီးဟာ ကိုလိုနီ ခေတ်မတိုင်ခင်ကတည်းက တစ်ပြည်ထောင်ချင်း အသီးသီး လွတ်လပ်စွာ ကိုယ့်မင်းကိုယ့်ချင်း နေထိုင်ခဲ့ကြတာ ဖြစ်တယ်။ ကိုလိုနီခေတ်ရောက်မှ ဗြိတိသျှက မြန်မာနိုင်ငံကို မြေပြန့်ဒေသ (Proper Land) နဲ့ တောင်တန်းဒေသ (Frontier Area)ဆိုပြီး ခွဲခြားအုပ်ချုပ်ခဲ့ကြတာ ဖြစ်တယ်။ ဗမာပြည်ကို လွတ်လပ်ရေး ပေးခါနီးတော့ ရှမ်း၊ ချင်း၊ ကချင်တို့ အလျင်အမြန် လွတ်လပ်ရေး ရချင်ဇောနဲ့ ဗမာတွေနဲ့ ပူးတွဲလွတ်လပ်ရေး တောင်းဆိုဖို့ ပင်လုံ ညီလာခံကျင်းပပြီး ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် တန်းတူအခွင့်အရေး မရ ခဲ့ဘဲ ပြည်နယ်၊ ပြည်မဆိုပြီး ခွဲခြားဆက်ဆံလာခဲ့တယ်။ ၁၉၆၁ ရှမ်းမူအရ ဗမာဒေသကိုလည်း ပြည်နယ်တစ်ခုအဖြစ် တန်းတူပါ ဝင် ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်။ လက်ရှိမှာတော့ ဝပြည် နယ်အပါအဝင် ပြည်နယ် ၁၂ ခုနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ သင့်တယ်လို့ စာတမ်းက အဆိုပြုတင်ပြထားပါတယ်။ အစည်း အဝေးမှာ ပင်လုံလက်စွဲစာတမ်းကို အခြေခံသဘောအရ ကန့် ကွက်သူ မရှိပါဘူး။ ဒါပေမဲ့ ဆွေးနွေးတဲ့ ကိုယ်စားလှယ် ၂ဝ ကျော် ရှိပြီ အစည်းအဝေးချိန် ကုန်ဆုံးသွားတဲ့အတွက် ဆုံးဖြတ်ချက်ချ ခွင့် မရခဲ့ကြပါဘူး။

ဒုတိယနေ့မှာတော့ ‘ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံဥပဒေမှာ အခြေခံရမယ့်မူ’များ စာတမ်းကို ဖတ်ကြား တင်ပြသွားခဲ့ပါတယ်။ ဒီဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အခြေခံရမယ့်မူများဆိုတာ ၁၉၉၅ က သောင်းရင်းမြစ်ဘေးမှာ NCGUB လက်ထက်က ရေးဆွဲထားတဲ့ အခြေခံဥပဒေသစ်ထဲက ဆွဲထုတ်ထားတဲ့ ဒုတိယမူကြမ်းဖြစ်ပါတယ်။ အဓိက ဦးတည်ချက် ကတော့ အမျိုးသားပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းရေး ဖြစ်ပါတယ်။ ဒီထဲမှာ ဗမာပြည်နယ် လည်း ပြည်နယ်တစ်ခုအဖြစ် ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒီအခြေခံ ဥပဒေထဲမှာ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရှိရန် လိုအပ်သလို ပြည်နယ်အလိုက် ပြည်နယ်ဖွဲ့စည်းပုံဥပဒေတွေ လည်း ထပ်မံရေးဆွဲရဦးမယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာ ပြည်ထောင်စုဥပဒေအရ ဖွဲ့စည်းမယ့် ပြည်သူ့လွှတ်တော်(အောက်)၊ အမျိုးသားလွှတ်တော်(အထက်)နှစ်ရပ်စလုံးကို အာဏာတူ ခွဲ ဝေပေးရမယ်လို့ ဆိုထားပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေမှာ အခြေခံရမယ့် မူတွေနဲ့ပတ်သက်လို့ ဆွေးနွေးစရာ ပြဿနာများစွာ ပါဝင် နေတဲ့အလျောက် ပါဝင်ဆွေးနွေးသူများစွာ ရှိနေတဲ့အတွက် အစည်းအဝေးရပ်နားချိန်အထိ ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြပါဘူး။ တိုင်းပြည်ရဲ့ အမည်ကို မြန်မာတို့၊ ဗမာတို့ မခေါ်ဘဲ သင့်လျော်မယ့် နာမည်တစ်ခုရွေးချယ်ဖို့ ဆွေးနွေးငြင်းခုံရင်း အချိန်ကြာလာတာ ကို သည်းမခံနိုင်တဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ”ဗမာခေါ်ခေါ် ဘာခေါ်ခေါ် ခေါ်ချင်တာခေါ်ကြဗျာ”ဆိုပြီး ဆွေးနွေးပွဲကို ဖြတ်ချ လိုက်ရပါတယ်။ KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကတောင် ”ကျွန်မတို့တိုင်းရင်းသားတွေကဘာသာစကားမရေလည်ကြတော့အတော်အငြင်းပွားရတယ်။လော်ခီးလာအစည်းအဝေးတုန်းက လည်း စကားလုံးတစ်လုံးကို ငြင်းခုံကြတာ သုံးရက်တောင် ကြာ ခဲ့ရတယ်”လို့ ပြောယူခဲ့ရပါတယ်။

တတိယနေ့ကတော့ ‘နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးဆိုင်ရာ အခြေခံမူများ’စာတမ်းကို ဆွေးနွေးကြရပါတယ်။ ဒီ စာတမ်းရဲ့ အတွင်းသဘောက ဖက်ဒရယ်ပြည်ထောင်စု တပ်မ တော်ထူထောင်ရေးဆိုင်ရာ မူဝါဒသဘောထားတွေ ပါဝင်တဲ့ အတွက် အလွန် ထိခိုက်ရှနာလွယ်တဲ့ ပြဿနာများစွာ ပါဝင်ပါ တယ်။ ကာကွယ်ရေးဝန်ကြီးကို အရပ်သားခန့်ရေး၊ တပ်မတော်ကို အရပ်သားအုပ်ချုပ်မှုအောက်ထားရေး၊ ကာချုပ်(ကြည်း၊ ရေ၊ လေ) တွေဟာ ဗမာချည်းမဖြစ်ရေး စတဲ့ အလွန်ထိရှနိုင်တဲ့ ပြဿနာကြီးတွေ ပါဝင်နေပါတယ်။ ဒါတင်မက ပြည်ထောင်စု တပ်မတော်အပြင် ပြည်နယ်အလိုက် တပ်ဖွဲ့တွေရှိဖို့ လိုအပ် ကြောင်းလည်း တင်ပြထားပါတယ်။ ဒီလိုပြဿနာကြီးတွေကို စုံ ညီအစည်းအဝေးမှာ အလေးထားစဉ်းစားဆွေးနွေးမှု အားနည်း ပြီး ပြတ်သားစွာ ထောက်ခံဆွေးနွေးတာမျိုး မရှိကြသလို အပြင်း အထန် ကန့်ကွက်ဆန့်ကျင်တာမျိုးလည်း မတွေ့ခဲ့ကြရပါဘူး။ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုတဲ့ စကားလုံးတွေ ဖွင့်ဆိုအငြင်းပွား ရင်းသာ အချိန်ကုန်ခဲ့ရပါတယ်။ ဒီမှာ ထူးခြားတာက ဒီကာကွယ် ရေးနဲ့ လုံခြုံရေးပြဿနာကို လက်တွေ့တိုက်ပွဲဝင်နေတဲ့ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်တွေက မဆွေးနွေးရဘဲ လက်နက်ကိုင်တပ်လည်း မရှိ၊ တိုက်ပွဲအတွေ့ အကြုံလည်း မရှိတဲ့ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေက အာပေါင်အာရင်းသန်စွာ ဆွေးနွေးငြင်းခုံနေကြတာတော့ အံ့သြ စရာပါ။ ဘာပဲဖြစ်ဖြစ် ဒီကာကွယ်ရေးနဲ့ လုံခြုံရေး အခြေခံမူတွေ ပြဿနာလည်း အရင့်အရင်ရက်တွေလိုပဲ နေစုန်းစုန်းမြုပ် မိုးချုပ် သွားခဲ့သည့်တိုင် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချနိုင်ခဲ့ကြပါဘူး။

မူလက မျက်နှာစုံညီအစည်းအဝေး နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားတဲ့ စတုတ္ထနေ့မှာတော့ ‘နိုင်ငံရေးမူဘောင်များ ဆွေးနွေးချမှတ်ရေး’ ပြဿနာကို ဆွေးနွေးကြပါတယ်။ နိုင်ငံရေး မူဘောင်ပြဿနာကို အဓိကဆွေးနွေးကြရာမှာ လာမည့် ၂၁ ရာစု ပင်လုံညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည်တင်ပြတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးမူဘောင်နှစ်ရပ်သာ ဆွေးနွေးရေး အဆိုပြု ချက်ကို တိုင်းရင်းသားအဖွဲ့အစည်းများက သဘောမကျခဲ့ကြ ကြောင်း တင်ပြခဲ့ကြတာပါ။ တိုင်းရင်းသားများက လူမှုရေး၊ သယံဇာတခွဲဝေရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကိုပါ ထည့်သွင်းဆွေးနွေးလိုတဲ့ဆန္ဒ ရှိနေခဲ့ကြပါ တယ်။ ဒီဆွေးနွေးပွဲမှာလည်း တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ မဟုတ်တဲ့ အမျိုးသမီးများအဖွဲ့က အမျိုးသမီးအခွင့်အရေး၊ ကျား၊ မ တန်းတူရေးပြဿနာတွေ ထည့်သွင်းပေးဖို့ အကြိမ်ကြိမ်တောင်း ဆိုမှုတွေကြောင့် မူဘောင်ကိစ္စ မဆုံးဖြတ်နိုင်ဘဲ နောက်တစ်ရက် ထပ်ရွှေ့ဆိုင်းခဲ့ကြရပါတယ်။

မျက်နှာစုံညီအစည်းအဝေးကို တစ်ရက်တိုးပြီး ပဉ္စမမြောက် နေ့မှာ ဆွေးနွေးကြရာမှာတော့ မပြီးပြတ်သေးတဲ့ မူဘောင်ကိစ္စ ထဲက ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်တက်ရောက်ကြမယ့် အစု အဖွဲ့များရဲ့ အချိုးအစားပြဿနာ ဖြစ်ပါတယ်။ ကျင်းပရေးကော် မတီက အစိုးရနှင့် လွှတ်တော်အစုအဖွဲ့ ၁၅ဝ၊ တပ်မတော် ၁၅ဝ၊ တိုင်းရင်းသားလက်နက်ကိုင်များ ၁၅ဝ၊ နိုင်ငံရေးပါတီများ ၁၅ဝ၊ တိုင်းရင်းသားကိုယ်စားလှယ်များ ၅ဝ၊ အထူးဖိတ်ကြားသင့်တဲ့ ဧည့်သည်များ ၅ဝ၊ စုစုပေါင်း ကိုယ်စားလှယ် ၇ဝဝ တက်ရောက် ကြဖို့ စီစဉ်ထားပါတယ်။ ဒါပေ မဲ့ မိုင်ဂျာယန်အစည်းအဝေးကတော့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ပူးပေါင်းတစ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ဆိုပြီး သုံးပွင့်ဆိုင်ဆွေးနွေးလိုတဲ့ သဘောထားရှိပါတယ်။ ဒီလို ငါးပွင့် ဆိုင်နဲ့ သုံးပွင့်ဆိုင် ကွဲလွဲနေတဲ့ ပြဿနာကို ညီလာခံပြင်ဆင်ရေး ကော်မတီမှာ တင်ပြညှိနှိုင်းဖို့ စီစဉ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ မိုင်ဂျာယန်ဆွေးနွေးချက်တွေအတိုင်း စာတမ်းတွေ ပြင်ဆင်ဖြည့် စွက်ပြီး အဖွဲ့အစည်းအားလုံးရဲ့ သဘောတူညီချက် ရယူရဦးမှာ ဖြစ်တဲ့အတွက် ၂၁ ရာစု ပင်လုံညီလာခံကို စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းမှာ ပြောင်းရွှေ့ကျင်းပပေးဖို့ တင်ပြသွား မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်မှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့အတွက် ဒီဆုံးဖြတ် ချက်တွေလည်း အဟောသိကံ ဖြစ်သွားခဲ့ပါပြီ။

မိုင်ဂျာယန်ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီကိုယ်စားလှယ် အစုံ အညီနဲ့ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ညီလာခံအစီအစဉ် နေ့တိုင်းတင်ပြခဲ့တဲ့ စာတမ်းပါ သဘောထားတွေကတော့ တစ်ရက်မှ ဆုံးဖြတ်ချက်အဖြစ် ထွက် ပေါ်မလာနိုင်ခဲ့ပါဘူး။ ဒီတော့လည်း သဘာဝကျစွာ စုံညီအစည်း အဝေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ပီပီပြင်ပြင် မထုတ်ပြန်နိုင်ခဲ့သလို အစည်းအဝေးရဲ့ ရလဒ်တွေနဲ့ ပတ်သက်လို့လည်း သတင်းမီဒီယာ တွေ ကျေနပ်လောက်အောင် ရှင်းမပြနိုင်ခဲ့ပါဘူး။ နောက်ဆုံး အစည်းအဝေးစတင်တဲ့ ပထမနေ့ သဘာပတိ ဗိုလ်ချုပ်ကြီးအင် ဘန်လမိန့်ခွန်းထဲမှာ တိုက်တွန်းခဲ့သလို ‘တစ်သံတည်းထွက်ရန် မိုင်ဂျာယန်ညီလာခံ’လည်း ဖြစ်မလာခဲ့ပါဘူး။ ‘အသံတိတ် မိုင် ဂျာယန်’ကနေ ကိုယ်စားလှယ်တော်ကြီးများလည်း တိတ်ဆိတ် စွာ လမ်းခွဲပြန်သွားခဲ့ကြပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ငွေကုန်ကြေးကျ များစွာခံပြီး ကြီးကျယ်ခမ်းနားစွာ မိုင်ဂျာယန်ညီလာခံကြီး ဖြစ် မြောက်အောင်မြင်ဖို့ ဘက်ပေါင်းစုံ တာဝန်ယူဆောင်ရွက်ပေးခဲ့ တဲ့ KIO အဖွဲ့အစည်း၊ ကချင်ပြည်နယ်က ရပ်မိရပ်ဖများ၊ လူငယ် အဖွဲ့အစည်းများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ မိုင်ဂျာယန်ပြည် သူများအားလုံးကိုတော့ ရှက်ရွံ့အားနာစွာနဲ့ ‘ကျေးဂျူးကမ္ဘာ’လို့ ပဲ နှုတ်ဆက်ခဲ့ရပါတယ်။       ။

၂၀၁၆-စက်တာဘာလထုတ် ၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၈)မှ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."