မီဒီယာဥပဒေအတွက် ပြန်ကြားရေးဝန်ကြီးဌာန တကယ်လိုအပ်ပါသလား

၂၀၁၃-သြဂုတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၇) မှ အက်ဆေး ဖြစ်ပါသည်။

ဇေယျာလှိုင် ရေးသည်။

အခုတစ်လော ကျွန်တော်တို့မီဒီယာလောကမှာ ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်း၊ သတင်းမီဒီယာဥပဒေ ကြမ်းတွေနဲ့ ပတ်သက်ပြီး အသံကျယ်ကျယ်လောင်လောင်ကြားနေရပါတယ်။ သည်နှစ် ဖေဖော်ဝါရီလအတွင်းမှာ ပြန်ကြားရေး ဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကို ကြေ ညာခဲ့ပါတယ်။ မတ် ၁၈မှာ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ် ဆိုတဲ့ အဲဒီမူကြမ်းကို သတင်းလွတ်လပ်ခွင့်ကော်မတီက ဦးစီးပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ဒါ့ပြင် ဒီမူကြမ်းကို စာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံသတင်းဆရာအသင်း၊ မြန်မာသတင်းစာဆရာများ သမဂ္ဂနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်တွေက သဘောမတူ ကြောင်း ထုတ်ပြန်ချက်တွေ ချက်ချင်းဆိုသလို ပြန်လည် ကြေ ညာခဲ့ပါတယ်။ ဒါနဲ့ပဲ ပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်းကောင် စီနဲ့တွေ့ဆုံပြီး ၎င်းတို့ဝန်ကြီးဌာနနဲ့ တိုင်ပင်ဆွေးနွေးဖို့ ကမ်းလှမ်း လာပါတယ်။  သဘောမတူတဲ့ အချက်တွေကို ပြန်လည်ပြင်ဆင်ညှိနှိုင်းရေးဆွဲဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ယခုတစ်ကြိမ်လွှတ်တော် ကိုတင်တဲ့ မူကြမ်းမှာတော့ စာနယ်ဇင်းကောင်စီက ပြုပြင်ပေးစေ လိုတဲ့အချက်တွေကို ပြင်ဆင်ထည့်သွင်းခြင်းမပြုဘဲ မှတ်ချက် အနေနဲ့သာ ဖော်ပြပြီး တင်သွင်းခဲ့ပါတယ်။  ပြည်သူ့လွှတ်တော်က လည်း ဇူလိုင် ၄ ရက်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

          ဒီမူကြမ်းနဲ့ပတ်သက်လို့ လွှတ်တော်ကနေ အသံနှစ်သံ ထွက်လာပါတယ်။ တစ်ခုက ဒီဥပဒေကြမ်းဟာ ပြန်ကြားရေးဝန် ကြီးဌာနနဲ့ စာနယ်ဇင်းကောင်စီ ညှိနှိုင်းသဘောတူပြီးဖြစ်တယ်ထင်လို့ အတည်ပြုလိုက်တယ်ဆိုတာရယ်၊ လွှတ်တော်ကိုယ်စား လှယ်တွေမှာလည်း မီဒီယာနဲ့ပတ်သက်ပြီး သိပ်မကျွမ်းကျင်လို့ တတ်သလောက်နဲ့ လုပ်လိုက်ရတယ်ဆိုတာပါပဲ။ ပထမအသံက တော့ လွှတ်တော်ကိုယ်စားလှယ်အများစုက ပြောတဲ့စကားပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍကို မေးခွန်း ထုတ်စရာဖြစ်လာပါတယ်။ ပြန်ကြားရေးနဲ့ စာနယ်ဇင်းကောင်စီက သဘောတူရုံနဲ့ လွှတ်တော်က ကန့်ကွက်စရာမရှိတော့ဘူး လားဆိုတဲ့ မေးခွန်းပါပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာပါ။ ပြည်သူ့အကျိုး အလို့ငှာ ဥပဒေကြမ်းထဲမှာ ဘာတွေတော့ဖြင့် ပါသင့်တယ်၊ ဘာကတော့ဖြင့် မပါသင့်ဘူးဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဖတ်မကြည့်ဘူးဆိုတဲ့ အဖြေကိုရပါတယ်။

          သည်လိုဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဘဏ္ဍာ ရေးဝန်ကြီးဌာန သဘောတူညှိနှိုင်းပြီးတင်တဲ့ ဥပဒေကြမ်းတွေကို ရော နှစ်ဦးနှစ်ဖက်သဘောတူပြီး ဖြစ်တယ်လို့ယူဆပြီး ပြည်သူ့ အကျိုးကိုထည့်မစဉ်းစားဘဲ လွှတ်တော်က အတည်ပြုပေးမှာပါ လား။ နှစ်ရှည်လများ ဗဟိုချုပ်ကိုင်စနစ်နဲ့လည်ပတ်ခဲ့တဲ့ မို ဘိုင်းလ်ဆက်သွယ်ရေးအော်ပရေတာ တင်ဒါကြေညာဖို့ကိုလည်း  တိုင်းရင်းသားလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွား ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်က ဆိုင်းငံ့ဖို့ ကြိုးစားခဲ့ကြတာပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပေါင်းမြောက်မြားစွာကြားထဲမှာ အလုပ်ရှုပ်နေရတယ်ဆိုတာကို နားလည်သဘော ပေါက်မိပါတယ်။ ဥပဒေတိုင်းကို နားမလည်နိုင်ဘူးဆိုတာလည်း လက်ခံပါတယ်။ ဒါပေမဲ့ ပုံနှိပ်နှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ကြမ်းမှာတော့ ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ဘာဖြစ်လို့များ မတိုင်ပင်ခဲ့ကြပါလိမ့်။

          ဇူလိုင် ၁၈ ရက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အန်အယ်လ်ဒီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ပို့ဆောင်၊ ဆက်သွယ်၊ ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ ဥက္ကဌတို့က လွှတ်တော်မှာ မြန်မာဂျာနယ်လစ်ကွန်ရက်နဲ့ သတင်းသမားတွေကို တွေ့ဆုံရာမှာတော့ ပြန်လည် ပြင်ဆင်လို့ရနိုင်ကြောင်း ပြောဆိုကြပါတယ်။

          လွှတ်တော်ကို ထိခိုက်ရေးသားပါတယ်လို့ စွပ်စွဲခဲ့တဲ့ ဒေါက်တာဆိတ်ဖွားကိစ္စမှာတော့ လွှတ်တော်က ချက်ချင်းပဲ ဖော်ထုတ်အရေးယူဖို့ကော်မတီဖွဲ့ပြီး အချိန်ကုန်ခံ အသည်းအသန် ဆောင်ရွက်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေ ဒီဥပေဒကြမ်းကိစ္စမှာ တော့ တက်ကြွစွာဆောင်ရွက်တာ မတွေ့ရပါဘူး။ ဒေါက်တာ ဆိတ်ဖွားဆိုသူကို  တွေ့ပြီဆိုတဲ့အခါကျတော့ ထုတ်ဖော်ပြောဆို ရန်မသင့်ဆိုတဲ့အချက်နဲ့ အဖျားရှူးခဲ့ကြပါတယ်။ အချိန်ကုန်၊ လူပန်း၊ ပြည်သူတွေလည်း စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။ ဆိတ်ဖွားဘယ်သူဖြစ်ဖြစ် ပြည်သူတွေအတွက် အရေးမကြီးပါ ဘူး။ အခုပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းကိစ္စမှာတော့ အများပြည်သူတွေ တိကျတဲ့ သတင်းအချက်အလက်မှန်တွေ ရရှိဖို့ ဆိုတဲ့ အချက်နဲ့ သက်ဆိုင်နေပါတယ်။ ဒီမိုကရေစီအရေးလို့ ကြွေးကြော်ပြီး လွှတ်တော်အတွင်းဝင်သွားတဲ့ ကိုယ်စားလှယ် တွေလည်း ဒီမိုကရေစီအတွက်အရေးပါတဲ့ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ဆိုတဲ့အချက်နဲ့သက်ဆိုင်တဲ့ ဥပဒေကိစ္စမှာ အသံ မထွက်ခဲ့တာလည်း စိတ်ဝင်စားစရာပါပဲ။

          အုပ်ချုပ်ရေးဘက်က မီဒီယာလွတ်လပ်ခွင့်ကို အကန့်အသတ်နဲ့သာ ပေးလိုတဲ့ဆန္ဒပေါ်လွင်နေပြီး  ဥပဒေပြုရေးဘက်က လည်း သည်နေရာမှာ အုပ်ချုပ်ရေးဘက်က တင်လာတဲ့ ဥပဒေ ကြမ်းဘက်ကို ယိမ်းနေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဘာကြောင့်ပါလဲ။

          ယနေ့မြန်မာမီဒီယာလောကမှာ စိစစ်ဖြတ်တောက်တဲ့ ဆင်ဆာအဖွဲ့မရှိတော့လို့ လွတ်လပ်တယ်လို့ ပြောလို့ရပေမယ့် ကိုယ့်ဘာသာ ပြန်လည်စိစစ်ဖော်ပြနေကြတယ်ဆိုတာ တွေ့ရမှာပါ။ လက်ရှိအစိုးရအဖွဲ့ဝင်တွေရဲ့  မိသားစုတွေ လုပ် ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊  လွှတ်တော်ထဲရောက်နေတဲ့ ကိုယ်စားလှယ်အချို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေ  စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်က စီးပွားရေးလုပ်ဆောင်မှုတွေ ဥပဒေနဲ့ ညီ၊ မညီ စသဖြင့် ပြည်သူများသိချင်နေတဲ့ အကြောင်း အရာတွေ အများအပြားကျန်နေပါသေးတယ်။ ဒီအကြောင်း အရာတွေကို ဖော်ထုတ်ရေးသားလာခဲ့ရင်ဆိုတဲ့ စိုးရိမ်မှုမျိုးနဲ့ အစိုးရဘက်ကလည်း နိုင်သလောက် လုပ်ဆောင်နေတယ်လို့ ထင်မှတ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှု တင်ပြဖို့ တောင်းဆိုခဲ့တာလည်း ပယ်ချခဲ့တာ မှတ်မိကြမှာပါ။ ပြည်တွင်းမီဒီယာသမားတွေက ထိန်းထိန်းသိမ်းသိမ်းရေးနေလို့ (လုပ်ဖို့အချိန်မရသေးတာ၊ ဒါမှမဟုတ် ထုတ်ဝေသူတွေက ခွင့်မပြုသေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်) တစ်ခါတစ်ရံ ပြည်ပမီဒီယာသမားတွေ၊ နိုင်ငံရေးအကဲခတ်သူတွေနဲ့ တွေ့တဲ့ အခါ ဘာလို့မရေးလဲဆိုတဲ့ မေးခွန်းကို မကြာခဏအမေးခံရပါ တယ်။ ကျွန်တော်တို့နောက်ကွယ်မှာ မမြင်ရတဲ့ လက်မည်းကြီး တွေ ရှိနေပါသေးတယ်။

          ဇူလိုင်  ၂၄  ရက်မှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပြည်သူ့လွှတ်တော်အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီတို့ သုံးပွင့်ဆိုင် တွေ့ဆုံရာမှာလည်း စာနယ်ဇင်းသမားတွေရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ပြင်ဆင်စေလို့တဲ့ အချက် ၁၇ ချက်မပြင်ပေးရင် လွှတ်တော်မှာ တင်ပေးမှာမဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာနက ခပ်တင်းတင်းပဲ ပြော ဆိုခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက တင်တဲ့ ဥပဒေမူကြမ်း အခန်း(၄) ပုဒ်မ (၈) မှာ ‘မှတ်ပုံတင်အရာရှိသည် ပုဒ်မ(၇) ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်သော ထုတ်ဝေစာကို စိစစ် တွေ့ရှိပါက တရားမဝင်ထုတ်ဝေစာအဖြစ် ကြေညာနိုင်သည်’လို့ တွေ့ရပါတယ်။ ပုဒ်မ(၇) နှင့် ငြိစွန်းသည် ဟုတ်၊ မဟုတ်ကို တရားစီရင်ရေးအာဏာရှိတဲ့ တရားရုံးကို ဦးတိုက်လျှောက်ထားဖို့ စာ နယ်ဇင်းကောင်စီက အကြံပြုထားပြီး ‘မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ’အစား ‘မူပိုင်ခွင့်နှင့် မော်ကွန်းဌာန’လို့ ပြင်ဆင်ဖို့လည်း အကြံပြုထားပါတယ်။ မှတ်ပုံတင်အရာရှိက တရားမဝင်ထုတ် ဝေစာအဖြစ် သတ်မှတ်နိုင်တဲ့ အာဏာရှိနေခြင်းဟာ လွတ်လပ် စွာ ရေးသားနိုင်ခွင့်ကို တစ်ဖက်လှည့်နဲ့ ခြိမ်းခြောက်နေတဲ့သဘော ရှိတာကြောင့် သတင်းသမားတွေက ကန့်ကွက်နေရခြင်းဖြစ်ပါ တယ်။

          အရင်ခေတ်တွေတုန်းကလည်း တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်ကာတစ်ဖုံနဲ့ အစိုးရက မကြည်တဲ့ သတင်းသမားတွေကို အရေးယူတာတွေ၊ အလုပ်ဖြုတ်ပစ်ဖို့ ဖိအားပေးတာမျိုးတွေ၊ တစ်ပတ်တန်သည်၊ တစ်လတန်သည် ထုတ်ဝေခွင့်ပိတ်ပင်တာမျိုး တွေ သတင်းသမားအများစု ကြုံခဲ့ပြီးဖြစ်ပါတယ်။ စစ်အစိုးရ ခေတ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အရင်က ပြန်ကြားရေး ဝန်ကြီးဟောင်းကို ဖြေရခက်စေမယ့် မေးခွန်းမျိုးမေးခဲ့မိလို့ အလုပ်ကထွက်သွားရတဲ့ အယ်ဒီတာလည်းရှိခဲ့တာပါပဲ။ အခုလို မှတ်ပုံတင်အရာရှိက ထုတ်ဝေခွင့်နဲ့ပတ်သက်ပြီး မှန်သည်၊ မှားသည် ဆုံးဖြတ်ခွင့်ရှိနေခြင်းဟာလည်း အရင်ခေတ်ကို ပြန်သွား နေတာပဲလို့ ယူဆရပါတယ်။

          အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲဖို့ စစ်တပ်ကို ထိန်းချုပ်နိုင်ဖို့ အရင်ဆုံးကြိုးစားတယ်။ နောက်တော့ မီဒီယာကို ထိန်းချုပ်ဖို့ကြိုးစားတယ်။ ပြီးတဲ့အခါမှာတော့ ပညာရေးစနစ်ကို ပြောင်းပြန်လှန်ပစ်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ပြီးခဲ့တဲ့အစိုးရ အဆက်ဆက်က သည်လုပ်ငန်းတွေ အောင်မြင်ခဲ့တယ်လို့ ပြောရ မှာပါ။ အခုအစိုးရသစ်လက်ထက်မှာလည်း မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ကြိုးစားတယ်ဆိုတာဟာ အာဏာရှင် အငွေ့အသက်မကင်းဘူးလို့ပဲ ဆိုရမှာပါ။ လက်ရှိနိုင်ငံရေးအခင်း အကျင်းအရဖြစ်ပေါ်လာတဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ အရင်စစ်အစိုးရခေတ်က အုပ်ချုပ်ခဲ့တဲ့သူတွေပဲ အများစု ပါ ဝင်နေတာကြောင့် ချက်ချင်းကြီး အပြောင်းအလဲလုပ်ဖို့ အခက် အခဲရှိနိုင်တယ်ဆိုတာ သဘောပိုက်မိပါတယ်။ သမ္မတက ဘယ်လိုပင် ပြောနေသော်ငြား လွတ်လပ်ပွင့်လင်းပြီး ပြည်သူလူထု အတွက် ဦးစားပေးစဉ်းစားတဲ့စနစ်ကို မနှစ်ခြိုက်နိုင်တဲ့သူတွေ ပါနေဦးမယ်ဆိုတာလည်း မီဒီယာဥပဒေကြမ်း တင်သွင်းရေးမှာ ထင်ဟပ်လာပါတယ်။

                   မီဒီယာဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က စာနယ်ဇင်းကောင်စီရဲ့ တင်ပြမှုတွေဟာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ညီညွတ်ခြင်း မရှိလို့ လက်မခံနိုင်ဘူးလို့ဆိုပါတယ်။ ဒီလိုဆိုရင် လွတ်လပ်ပြီး ခေတ်မီနေတဲ့ နိုင်ငံတွေနဲ့ ယှဉ်ထိုးကြည့်ရအောင်ပါ။ အဲဒီနိုင်ငံတွေမှာ ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာရှိပါရဲ့လား။ လူသားတိုင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေခံလူ့အခွင့်တစ်ခုအဖြစ် နဲ့ လက်ခံထားပြီး အမုန်းတရားတွေနဲ့ပြောတဲ့၊ တစ်ဖက်သားကို ထိခိုက်နစ်နာစေတဲ့ ရေးသားဖော်ထုတ်မှုမျိုးဖြစ်ရင် အရေးယူ ဆောင်ရွက်နိုင်ဖို့ အခြေခံဥပဒေထဲမှာ ရေးဆွဲထည့်သွင်းထားပြီးဖြစ်ကြပါတယ်။ နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တဲ့ ဥပဒေလို့ ဆိုနိုင်ပါတယ်။

          ကျွန်တော်တို့နိုင်ငံမှာတော့ အရင် စစ်အစိုးရခေတ်တွေ တုန်းက အစိုးရအဖွဲ့နဲ့ပတ်သက်သမျှ ထုတ်ပြန်ချက်တွေ၊ သတင်းတွေကို ပြန်ကြားရေးဝန်ကြီးဌာန တစ်ခုတည်းကပဲ ဒိုင်ခံပြီး ရှင်း လင်းပြောဆိုခဲ့တာပါ။ ပြန်ကြားရေးဝန်ကြီးဌာနဟာ အခြားဌာန တွေရဲ့ လုပ်ငန်းစဉ်တွေကို ကျွမ်းကျင်မယ်လို့ယူဆလို့ မရနိုင်တဲ့ အတွက် အချက်အလက်အမှားအယွင်းတွေ ပါရှိနိုင်ပါတယ်။ နောက်တစ်ချက်က အစိုးရက ပြည်သူကို ဝါဒဖြန့်ချိလိုတဲ့ အစိတ်အပိုင်းတွေပဲပြောဆိုပြီး ပြည်သူတွေ တကယ်သိလိုတဲ့ မေးခွန်း တွေ၊ သတင်းစာဆရာတွေမေးတဲ့ မေးခွန်းတွေကို ရှောင်ပြီးဖြေဆို ခဲ့တာတွေကိုလည်း မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ထင်ရှားတဲ့ဥပမာ အနေနဲ့ အရင်စစ်အစိုးရခေတ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြန်ကြားရေးဝန်ကြီးက နေပြည်တော်ကို အစိုးရရုံးတွေ ရွှေ့ ပြောင်းမှာမဟုတ်ပါဘူးလို့ ပြောပြီး သိပ်မကြာခင်မှာပဲ မြန်မာ နိုင်ငံရဲ့ အစိုးရရုံးစိုက်ရာကို နေပြည်တော်ကို ရွှေ့ပြောင်းခဲ့ကြတာ ပါပဲ။

          ယနေ့လို ပွင့်လင်းမြင်သာတဲ့ဒီမိုကရေစီခေတ်ကို သွားနေ တယ်ဆိုရင် အရင်ခေတ်ဟောင်းကအယူအဆနဲ့ အကျင့်တွေကိုဖျောက်ဖျက်ဖို့လိုပါတယ်။ သက်ဆိုင်ရာဌာနအသီးသီးက သတင်းထုတ်ပြန်ရေးအဖွဲ့တွေကပဲ သတင်းထုတ်ပြန်ပါစေ။ သတင်းသမားတွေကလည်း လိုအပ်ရင် လိုအပ်သလို သိုင်းဝိုင်း တူးဆွပြီး သတင်းကို ရေးကြပါလိမ့်မယ်။ အမှားတွေပါခဲ့ရင်၊ တစ် ဖက်သားကိုထိခိုက်တယ်ဆိုရင် နိုင်ငံအတွင်းနေထိုင်သူ မည်သူ့ကိုမဆို အခြေခံဥပဒေအရ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်းသာ အရေးယူပါစေ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကြားဝင်စွက်ဖက်ဖို့မလိုအပ်တော့ဘူးလို့ယူဆပါတယ်။

          ဝန်ကြီးဌာနတစ်ခုရဲ့ အသုံးစရိတ်ဟာ မသေးလှပါဘူး။ ခေတ်နောက်ကျကျန်နေခဲ့တဲ့ ကျွန်တော်တို့နိုင်ငံကို အမြန်ဆုံး ခေတ်မီလာစေဖို့ အစိုးရအဖွဲ့အနေနဲ့ မသုံးသင့်တဲ့နေရာတွေမှာ နိုင်ငံတော်ဘဏ္ဍာငွေ၊ တစ်နည်းအားဖြင့် ပြည်သူပြည်သားတွေရဲ့ ငွေတွေကို မလိုအပ်ဘဲ မဖြုန်းတီးစေချင်တော့ပါဘူး။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုထားတဲ့ ဘတ်ဂျက်ငွေတွေထဲက သုံး မကုန်လို့ပိုနေတဲ့ ဘဏ္ဍာငွေအသုံးစရိတ် ငွေကျပ်သန်းပေါင်း ခုနစ်သောင်းကျော်ကို အချိန်မီပြန်လည်မပေးသွင်းခဲ့တဲ့ ဌာန တွေထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနလည်း တစ်ခုအပါအဝင်ပါ။

          နိုင်ငံတော်သမ္မတက နောက်ကြောင်းပြန်လှည့်မှာမဟုတ် ဘဲ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတယ်လို့ ပြော နေပါတယ်။ ဒီမိုကရေစီကိုသွားမယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ် သာရဖြစ်တဲ့ ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်တွေ ရရှိဖို့အရေးကြီးပါတယ်။ သတင်းတွေကို ကြိုတင်ဖြတ် တောက်တဲ့ ဆင်ဆာအဖွဲ့ဖျက်သိမ်းလိုက်တာကို အများကြီး ကြို ဆိုပါတယ်။ ဒါပေမဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တစ် ဖက်လှည့်နဲ့ထိန်းချုပ်မယ့် ဥပဒေမျိုးကိုတော့ အလိုမရှိပါဘူး။ ဒီကိစ္စဟာ သတင်းသမားတွေနဲ့ပဲဆိုင်တဲ့ ဥပဒေမဟုတ်ဘဲ အခြေ ခံလူ့အခွင့်အရေးအရ လူသားတိုင်းဟာ သတင်းအချက်အလက် ကို လွတ်လပ်စွာသိပိုင်ခွင့်ဆိုတဲ့ အချက်နဲ့လည်း သက်ဆိုင်နေပါ တယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာမရှိဘဲနဲ့ ဒီမိုကရေစီစနစ် ကိုသွားဖို့ မဖြစ်နိုင်ဘူးဆိုတာတော့ ကျွန်တော်တို့ သတင်းသမား တွေက ယုံကြည်ကြပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ ဒီမို ကရေစီစနစ်ရဲ့ စံနှုန်းတစ်ခုဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ သက်ဆိုင်တဲ့ ဥပဒေပြုရေးမှာ အပြုသဘောဆောင်သလား၊      နှောင့်နှေးကြန့်ကြာနေစေသလားဆိုတာကို ယခု ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်းနဲ့ မီဒီယာဥပဒေကြမ်းတင်သွင်းရေး တွေမှာ သက်သေပြလိုက်ပြီးဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ တစ်ခုတည်းရပ်တည်ပြီး မရှိ သင့်တော့ဘူးလို့ယူဆပါတယ်။

          ပြီးခဲ့တဲ့ရက်ပိုင်းက ရုပ်သံလိုင်းတစ်ခုမှာလာတဲ့ ဉာဏ်ရည်ချင်းပြိုင် ဘယ်သူနိုင်အစီအစဉ်မှာ ဝက်နို့ဒိန်ခဲနဲ့ ပတ်သက်ပြီး ဉာဏ်စမ်းမေးခွန်းလေးလာပါတယ်။  ဝက်မကြီးတစ်ကောင်နား မှာ ဝက်ပေါက်စလေး၊ ငါး၊ ခြောက်ကောင် နို့ဝိုင်းစို့နေတဲ့ မြင်ကွင်း တွေ့ရတယ်။ အဲဒီအချိန်မှာလည်း ကျွန်တော့်ဘေးက ခုတင်ပေါ် မှာ ကိုးလအရွယ် သားငယ်လေးက သူ့အမေနို့ကို အငမ်းမရစို့နေတယ်။ အဲဒါနဲ့ အနားမှာ အစီအစဉ်ကို စိတ်ဝင်တစားကြည့်နေတဲ့ ကျွန်တော့်သမီးငယ်ကို မိဘကျေးဇူးနဲ့ပတ်သက်ပြီး အသိဉာဏ် ပွင့်လာအောင် မေးခွန်းလေးတွေ မေးမယ်လို့ အကြံရလာတယ်။

ဝက်ကလေးတွေဘာလုပ်နေလဲဆိုတော့ သမီးငယ်က နို့စို့နေ တယ်လေဖေဖေတဲ့။ မောင်လေးရောဘာလုပ်နေလဲ ကြည့်လိုက် ပါဦးကွယ်ဆိုတော့ သူလည်း နို့စို့နေတယ်ဖေဖေတဲ့။ ဝက်ကလေး တွေ နို့မစို့ရရင် ဘာဖြစ်သွားမလဲသမီးလို့ ထပ်မေးမိတယ်။ နို့မစို့ရရင် အစာငတ်ပြီး သေသွားမှာပေါ့ဖေဖေဆိုတဲ့ အဖြေကို ကျွန်တော်က မျှော်လင့်ထားတာပါ။ ဒါပေမဲ့ ကျွန်တော့် သမီးဖြေလိုက်တဲ့အဖြေကြောင့် ကျွန်တော်လည်း ငိုအားထက် ရယ်အားသန်သွားတယ်။ ”နို့မစို့ရရင်ငိုမှာပေါ့ဖေဖေရယ်။ ဒါလေးတောင် မသိဘူးလား”တဲ့။

          ဟုတ်သားပဲ။ သူ့အသက်အရွယ်နဲ့ သူတွေ့ဖူးကြုံဖူးတာကိုပဲ ဖြေမှာပေါ့။ သူငယ်တန်းကလေးအရွယ်ဆီကနေ ကျွန်တော် ဘာ တွေများ ကြီးကြီးကျယ်ကျယ်မျှော်လင့်နေမိပါလိမ့်။ကျွန်တော် ဆက်တွေးမိတယ်။ နှစ်နှစ်သားအရွယ် အရပ်သားအစိုးရဆီကရော ကျွန်တော်တို့ ဘာတွေများ ကြီးကြီးမားမားမျှော်လင့်နေမိပါလိမ့်လို့ပါ။

[ ပြီးပါပြီ။ ]

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."