Home သတင်းဆောင်းပါး အကူအညီ လိုအပ်နေသော ‘ ကူညီပါရစေ ‘ များ အပိုင်း(၁)

အကူအညီ လိုအပ်နေသော ‘ ကူညီပါရစေ ‘ များ အပိုင်း(၁)

209
0
ဓာတ်ပုံ- မင်းလွင်
Advertise Here

ဒေါ်ခင်မာတစ်ယောက် တစ်သက်နှင့်တစ်ကိုယ် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ ခွင့်ရ လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့မိပါ။ သို့သော်လည်း သူမျှော်လင့်မထားသည့် အခွင့် အရေးတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက ကိုယ်တိုင်ကြုံခဲ့ရပြီဖြစ်သည်။

သူ့ခင်ပွန်းဒုတပ်ကြပ်စောထွန်းဦး တာဝန်ကျရာ ရမည်းသင်းမြို့ရှိ ရဲသင်တန်း ကျောင်းတွင် တွေ့ကြုံရခြင်းဖြစ်၏။ ယင်းသင်တန်းကျောင်းသို့ ယခင်က နိုင်ငံတော် အကြီးအကဲတစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ဖူးပေ။

ယခုတော့ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်ခဲ့ပြီဖြစ်သည်။ လိုင်းခန်း ပေါင်း တစ်ရာကျော်ရှိသည့်အနက် သူတို့ နေအိမ်လိုင်းခန်းပေါ်သို့ ဆိုက်ဆိုက်မြိုက် မြိုက် ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။

Advertise Here

သို့အတွက် သူ့ရင်မှာ အတိုင်းမသိ ပျော်ရွှင်မိ၏။ ယခင်ကတော့ ဒေါ်အောင် ဆန်းစုကြည်ကို အစိုးရအား အတိုက် အခံလုပ်နေသူအဖြစ်နှင့်သာ သူသိထား ၏။ ယခုများတော့ အသက်ခုနစ်ဆယ့် တစ်နှစ်ရှိပြီဖြစ်သည့် ထိုအမျိုးသမီးကြီး သည် သူတို့နေအိမ်ရှိ လှေကားထစ်ခုနစ် ထစ်ကို တက်ကာ အိမ်ပေါ်ထိပင် လာ ရောက် ကြည့်ရှုသွားခဲ့သေး၏။

”စားဝတ်နေရေး အဆင်ပြေလား ဆိုပြီးမေးတယ်။ နောက်တော့ ဘာတွေ အခက်အခဲရှိလဲမေးတော့ နေအိမ်မိုးမလုံ တာကို ပြောလိုက်တယ်” ဟု ဒေါ်ခင်မာက  ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစကား ပြောခဲ့ရပုံကို ပြန်ပြောပြ၏။

ထိုသို့ စားဝတ်နေရေးပိုင်းတွင် အခက်အခဲဖြစ်ကြသည်မှာ ဒေါ်ခင်မာတို့ မိသားစုသာ ကြုံတွေ့ရသည်မဟုတ်။ အခြားသော ရဲဝန်ထမ်းများသည်လည်း ထိုနည်းတူပင် ဖြစ်၏။

two police

Photo: Minn Lwin                 ဒေါ်အောင်ဆန်းစုကြည် သွားခဲ့သည့် ရမည်းသင်း ရဲသင်တန်းကျောင်း မှ ဒေါ်ခင်မာတို့ နေအိမ်လိုင်းခန်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် ‘ကူ ညီပါရစေ’ဟု ကြွေးကြော်နေသည့်တိုင် ”ကျွန်တော်တို့ ရဲဝန်ထမ်းတွေကိုယ်တိုင်က အကူအညီတွေ လိုအပ်နေပါသေးတယ်” ဟု အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်း (ရမည်းသင်း)မှ ကျောင်းအုပ်ကြီး၊ ဒုရဲမှူး ကြီးလှသန်းက ဆိုသည်။

ပြည်သူကို ဝန်ဆောင်မှုပေးရမည့် သူများတွင် စားဝတ်နေရေးဆိုင်ရာအခက် အခဲရှိနေမှုများကို သူက ရည်ညွှန်းပြောဆို ခြင်း ဖြစ်ပါ၏။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ထို ရဲသင်တန်းကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ”ရဲသင်တန်းသားတွေရဲ့  လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ရင် အဖိုးတန်တဲ့ ရဲ တွေ မွေးထုတ်ပေးတဲ့နေရာမှာ ပြဿနာ ရှိနိုင်ပါတယ်”ဟု ထည့်သွင်းပြောဆိုခဲ့ ကြောင်း ဇွန် ၉ ရက်ထုတ် 7 DAY Daily သတင်းစာက ဖော်ပြခဲ့သည်။

လိုအပ်ချက်များအနက် နယ်မြေ စခန်းတပ်ဖွဲ့ဝင်များအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည့် အကြောင်းရင်းများမှာ တပ်သားသစ်စုဆောင်းပေးရမှု၊ အင်အား မလုံလောက်မှု၊ လစာနည်းပါးမှု၊ လိုင်းခန်း များမလုံလောက်မှုနှင့် ကျန်းမာရေးစောင့် ရှောက်မှု အပြည့်အဝမရရှိမှုတို့ ပါဝင်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အောက်တွင် တပ်ရင်းရဲနှင့် နယ်မြေခံစခန်းရဲဟူ၍ရှိပြီး တပ်ရင်းရဲများက လူစုလူဝေးထိန်းသိမ်း ရေး၊ သံတမန်လုံခြုံရေး၊ လွှတ်တော်လုံခြုံ ရေး စသောတာဝန်များကို အဓိကထမ်း   ဆောင်ရကာ စခန်းရဲများက မိမိနယ်မြေ အတွင်းရှိ ပြည်သူလူထု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးစေရေးတို့ကို နိစ္စဓူဝ ဆောင်ရွက်ရသည်။ ယင်းအတွက်လည်း စခန်းရဲတို့၏ လိုအပ်ချက်မှာ များပြားလှ၏။

ထိုကဲ့သို့ တပ်ဖွဲ့ဝင်များတွင် လိုအပ် ချက်များရှိနေသဖြင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးရာတွင် ဥပဒေပြင်ပလုပ် ရပ်တချို့ ပါဝင်လာတတ်သည်ဟု ဒုရဲမှူး ကြီးလှသန်းက ပြောသည်။

မမှန်ကန်သည့်လမ်းကြောင်းဆိုရာတွင် ဥပဒေနှင့်မညီသော လုပ်ငန်းများ အနက်မှ နှစ်လုံးထီ၊ သုံးလုံးထီ၊ ဘော လုံးပွဲလောင်းကြေးဒိုင်၊ အရက်ပုန်းဆိုင် အစရှိသောလုပ်ငန်းလုပ်ကိုင်သူများထံမှ ရဲအခေါ် ဘော်ဒါကြေး (အရပ်အခေါ် လိုင်း ကြေး) တောင်းယူသော လုပ်ရပ်များကို ဆိုလိုခြင်းဖြစ်ကြောင်း မော်ကွန်းက ချဉ်း ကပ်ခဲ့သော ရဲအရာရှိများက ရှင်းပြ၏။

ဥရောပသမဂ္ဂ(European Union – EU) ၏ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးအစီအစဉ်တွင် အကြီးတန်း အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးနေ မျိုးနိုင်ကလည်း ယခုလိုပြောပြသည်။

”လစာမလောက်တော့ ဥပဒေ ပြင်ပနည်းတွေနဲ့ငွေရှာ၊ အဲဒီတော့ ရဲကို ပြည်သူက အမြင်မကြည်ဘူး။ မကြည် တော့ ရဲထဲ ဝင်ချင်တဲ့သူမရှိ၊ မရှိတော့ အင်အားမလောက်၊ မလောက်တော့ ရာဇဝတ်မှုနှိုမ်နင်းရာမှာ အားနည်းသွားနဲ့ သံသရာလည်နေတော့တာပဲ”

three police

Photo: Minn Lwin                                           ဇီးပင်ကြီးရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှ သင်တန်းသားများ

အင်အားမလုံလောက်

ရဲတပ်ဖွဲ့အတွင်း အင်အားလုံလောက် မှုမရှိကြောင်း ခေတ်အဆက်ဆက် ပြော ဆိုလာကြသည်မှာ ရိုးအီနေပြီဟု ရဲမှူး (ငြိမ်း) ခင်မောင်စိုးက ဆိုသည်။ သို့သော် ယခုအချိန်ထိလည်း လုံလောက်သည့် ဖွဲ့ စည်းပုံအင်အားကို ဖြည့်တင်းနိုင်ခြင်း မရှိ သေး။ (ရဲမှူး (ငြိမ်း)ခင်မောင်စိုးသည် ယမန်နှစ်နှောင်းပိုင်းတွင် အငြိမ်းစားယူ ခဲ့သူဖြစ်သည်။ အငြိမ်းစားမယူမီ ရခိုင်ပြည် နယ်တွင် တာဝန်ကျခဲ့သည်။)

ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအရ တစ်နိုင်ငံ လုံးအတိုင်းအတာနှင့် တပ်ဖွဲ့ဝင်အင်အား တစ်သိန်းခွဲခန့်ရှိရမည့်အစား လက်ရှိတွင် အင်အား ရှစ်သောင်းကျော်သာရှိသေး ကြောင်း ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီး ရဲ အရာရှိ လေ့ကျင့်ရေးကျောင်း၏ ကျောင်း အုပ်ကြီး ရဲမှူးကြီးဝင်းမြင့်စိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလကပြုလုပ်သည့် ပြည်သူဗဟိုပြုရဲ လုပ်ငန်းစနစ် ရှင်းလင်းပွဲတွင်ပြောကြား သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ဇော် ဝင်း၏အဆိုအရ လက်ရှိတွင် ရဲသားတစ် ဦးလျှင် ပြည်သူအယောက် ၁,၂ဝဝ ကျော် ကို တာဝန်ယူထားရသည်ဟုဆိုသည်။ နိုင်ငံတကာစံနှုန်းအရဆိုလျှင် ရဲနှင့် ပြည် သူအချိုးမှာ ၁း၎ဝဝ ဖြစ်သည်ဟု ရဲမှူး ကြီးဝင်းမြင့်စိုးက ရှင်းပြသည်။

ထိုသို့သော အင်အားမလုံလောက် မှုကြောင့်လည်း အောက်ခြေအဆင့်ဆင့်သို့ တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင် ရန် ဌာနချုပ်က ညွှန်ကြားထားသည်ဟု မော်ကွန်းကချဉ်းကပ်ခဲ့သည့် စခန်းမှူး များက ပြောပြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၏ ညွှန်ကြားချက်အရ နယ်မြေရဲတပ်ဖွဲ့စခန်း များအနေဖြင့် တစ်လလျှင် တပ်သားသစ် တစ်ယောက်နှုန်း စုဆောင်းပေးရသည်ဟု ရန်ကုန်မြို့တွင်းရှိ မြို့နယ်စခန်းတစ်ခုမှ အမည်မဖော်လိုသည့် စခန်းမှူးတစ်ဦးက ဆိုပါသည်။ (ယခုကဲ့သို့ထုတ်ဖော်ပြောဆို မှုအပေါ် တစ်စုံတစ်ရာအရေးယူခံရမည် စိုးရိမ်သောကြောင့် နာမည်မသုံးရန် သတင်း ရင်းမြစ်က မေတ္တာရပ်ခံထားပါသည်။)

တပ်သားသစ်စုဆောင်းမည်ဆိုပါ က တစ်ယောက်အတွက် ကုန်ကျစရိတ် ငွေကျပ်တစ်သိန်းခန့်ရှိပြီး အဆိုပါငွေ ကြေးအား မြို့နယ်စခန်းမှူးမှ တာဝန်ယူ ကျခံရ၏။ ”အဲဒီကုန်ကျစရိတ်ကို ကျွန် တော်တို့ ဘယ်ကရမလဲ၊ ဌာနကလည်း ထုတ်မပေးဘူး”ဟု အမည်မဖော်လိုသည့် အထက်ပါ စခန်းမှူးက ညည်းညူသည်။

ငွေတစ်သိန်းခန့် ကုန်ကျသည့် အကြောင်းရင်းများတွင် အဆိုပါတပ် သားသစ် စခန်း၌ရှိနေစဉ် စားဝတ်နေရေး၊ သင်တန်းဝတ်စုံဖိုး၊ သေတ္တာဖိုး၊ သင်တန်း ကျောင်းသို့ သွားမည့်စရိတ် စသည်တို့ အား တာဝန်ယူထားရ၍ဖြစ်၏။ ထို့ပြင် ယင်းတပ်သားသစ်အား သင်တန်းကျောင်း သို့ မပို့ရမချင်း စခန်းတွင် ကျွေးထားရ သည်။ ပုံမှန်အားဖြင့် တစ်လခန့်သာကြာ တတ်သော်လည်း နှစ်လ၊ သုံးလတင်ကျွေး ထားရသည်များလည်းရှိကြောင်း  စခန်း မှူးက ရှင်းပြသည်။

အကြောင်းကတော့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနယ်နယ်အရပ်ရပ်မှ သင်တန်းသားများ ခေါ်ယူခြင်းဖြစ်သော ကြောင့် ဦးရေအကန့်အသတ်အရ စောင့် ဆိုင်းရ၍ ဖြစ်သည်။

သို့အတွက် စခန်းများတွင် ငွေရေး ကြေးရေးပိုင်းအခက်အခဲဖြစ်လာကာ အဆင်ပြေသလို ဖြေရှင်းရာမှ ငွေရရှိရေး ကို မမှန်ကန်သော နည်းလမ်းတချို့ဖြင့် ရှာဖွေလာကြသည်ဟု အမည်မဖော်လို သည့် အထက်ပါ စခန်းမှူးကပင် ဖွင့်ဟ၏။ ”ဒါဟာ စခန်းတိုင်းအတွက် လစဉ်ရင် ဆိုင်နေရတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ”ဟု သူ ကဆို၏။

တပ်သားသစ်စုဆောင်းမှုများ လစဉ် လုပ်ဆောင်နေသော်လည်း လိုအပ် သည့်ဖွဲ့စည်းပုံအင်အားမှာ လုံလောက်မှု မရှိသေးပေ။

ထိုကဲ့သို့ အင်အားမလုံလောက် သောကြောင့် ရဲတပ်ဖွဲ့ဝင်များတွင် ဝန်ပို ထမ်းရသည်များ ရှိလာ၏။ စခန်းရဲများ အနေဖြင့် ပုံမှန်တာဝန်များဖြစ်သော လှည့်ကင်း၊ လုံခြုံရေး၊ စခန်းကင်းစောင့်၊ အမှုစစ် အစရှိသောတာဝန်များနှင့်ပင် ‘ဝန်နှင့်အား မမျှ’ ဖြစ်လျက်ရှိကြောင်း ပြင်ဦးလွင်မြို့ပေါ်စခန်းတစ်ခုမှ အမည် မဖော်လိုသူ ဒုရဲအုပ်တစ်ဦးက ပြောသည်။ (ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုမှုအပေါ် တစ်စုံတစ်ရာအရေးယူခံရမည် စိုးရိမ် သောကြောင့် သတင်းရင်းမြစ်က နာမည် မသုံးရန် မေတ္တာရပ်ခံထားပါသည်။)

ရဲလက်စွဲအရ ရဲသားတစ်ဦးသည် ၂၄ နာရီတာဝန်ယူပြီးလျှင် ၂၄ နာရီ အနားရ၏။ သို့သော်လည်း စခန်းရဲများ တွင် ဖွဲ့စည်းပုံအင်အား၏ ထက်ဝက်ခန့် သာရှိသောကြောင့် တာဝန်မှ အနားမရ။ နှစ်ရက်၊ သုံးရက်ဆက်တိုက် တာဝန်ထမ်း ဆောင်ပြီးမှသာ နားချိန်ရ၏။

ရန်ကုန်တောင်ပိုင်းခရိုင်တွင် တာ ဝန်ထမ်းဆောင်နေသည့် အသက် ၃ဝ ဝန်းကျင်ရှိ ရဲတပ်သားတစ်ဦးကတော့ သူ့အနေနှင့် ရဲတပ်ဖွဲ့အတွင်းသို့ ဝါသနာအရဝင်ရောက်ခဲ့ခြင်းဖြစ်သော်လည်း အအိပ် ပျက်၊ အစားပျက် တာဝန်ထမ်းဆောင်ရဖန် များလာသည့်အတွက် ”ကိုယ့်ဘဝကို တွေး ပြီး စိတ်ပျက်လာတယ်” ဟု ရင်ဖွင့်သည်။

ထို့ပြင် တာဝန်များအား ယင်းကဲ့သို့ မအားမလပ်ရအောင် လုပ်ကိုင်ရသည့် ကြားမှ အထက်လူကြီးများက ဆူပူကြိမ်း မောင်းလာသောအခါမျိုးတွင် ”စခန်းက နေ ထွက်ပါပြေးချင်တယ်”ဟု သူက ဆို၏။

ယင်းအခြေအနေများကြောင့် ပြည် သူလူထုနှင့် ထိတွေ့ ဆက်ဆံကြရာတွင် ရဲဝန်ထမ်းများဘက်မှ စိတ်ရှည်သည်းခံမှု အားနည်းခြင်း၊ အကျိုးအပြစ်အား ကြောင်း ကျိုးကျန မရှင်းပြတတ်ခြင်းများ ဖြစ်တတ် သကဲ့သို့ လူမှုဆက်ဆံရေးနယ်ပယ်တို့တွင် ချို့ယွင်းချက်များလည်းရှိလာသည်ဟု ပြင် ဦးလွင်မှ အမည်မဖော်လိုသူ ဒုရဲအုပ်ကပင် ရှင်းပြ၏။

four police

Credit : Moe Ma Kha (Police Media Group)             ချင်းပြည်နယ် ပလက်ဝမြို့နယ် ရဲစခန်းမှ ရဲဘော်များ လူနာအား ဆေးရုံသို့ ပို့ဆောင်စဉ်

ရန်ကုန်မြို့တွင်းမြို့နယ်တစ်ခုမှ အမည်မဖော်လိုသည့် စခန်းမှူးကလည်း   ”တစ်ခါတလေ သေချင်စိတ်တောင် ပေါက်မိတယ်”ဟု ညည်းတွားသည်။

အထက်မှညွှန်ကြားချက်များအား တာဝန်ကျေအောင် ထမ်းဆောင်ရမှု၊ စခန်းတွင်းမှ တပ်ဖွဲ့ဝင်များကို ထိန်းသိမ်း ကြပ်မတ်ရမှုများက ကြီးမားသည့် ဝန်ထုပ် များကိုထမ်းပိုးထားရသကဲ့သို့ ခံစားရ ကြောင်း သူက ဆက်ပြော၏။

သူဆိုလျှင် မိမိကိုယ်တိုင်က အလုပ် တာဝန်များကြောင့် စိတ်ဖိစီးမှုခံစားနေရ သည့်တိုင် စခန်းတွင်တာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့်  အောက် လက်ငယ်သားများကိုလည်း  နှစ်သိမ့် ဆွေးနွေးပေးရသည်ဟုဆိုသည်။

ထို့ပြင် ရဲတပ်သားများအနေဖြင့် ‘ဝန်နှင့်အား မမျှ’အောင် တာဝန်ထမ်း ဆောင်ရသည့်အတွက် လုပ်ငန်းအပေါ်မှာ စိတ်ဝင်စားမှုနည်းလာပြီး အလုပ်ကိုပေါ့ ပေါ့ဆဆ လုပ်ကိုင်လာသည်အထိ ကြုံ လာရသည်ဟု အထက်ပါစခန်းမှူးက ရှင်း ပြသည်။ ”နေ့စဉ်နဲ့အမျှ စိတ်ညစ်နေရ တယ်”ဟုလည်း သူကဆို၏။

သို့သော်လည်း သူမတတ်နိုင်ပြီ။ တာဝန်တွေကို ပစ်ချထားခဲ့၍ မရ။ မိမိ တွင် တာဝန်ရှိသည့်အလျောက် တပ်ဖွဲ့ဝင်များ ကိုလည်း နားလည်မှုပေးနိုင်အောင် ကြိုး စားရသည်။ ပြီး သူတို့၏ လူမှုရေး၊ စီးပွား ရေးဆိုင်ရာ အခက်အခဲများကို တတ်နိုင် သည့်ဘက်မှ ကူညီခြင်းအားဖြင့် စည်း ရုံးသိမ်းသွင်းရသည်ဟု သူက ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် မိမိ ကိုယ်တိုင်က လစာ အကောင်းကြီး မဟုတ်သည့်အတွက်  သူ့အနေနှင့် တပ်ဖွဲ့ ဝင်တို့ အပေါ် ငွေကြေးအကူအညီမျိုးတော့ ပေးနိုင်သည်မဟုတ်။ ”ကိုယ့်မိသားစု အတွက်တောင် အနိုင်နိုင်လောက်အောင် သုံးစွဲနေရတာ”ဟု စခန်းမှူးက ညည်း တွား၏။

တပ်ဖွဲ့ဝင်များတွင် ငွေရေးကြေး ရေးအခက်အခဲရှိလာပါက သက်သာချောင် ချိရေးရန်ပုံငွေကဲ့သို့သော ငွေများထဲမှ ခေတ္တကြိုတင်ငွေထုတ်ပေးထားရပြီး လစာထုတ်မှ ပြန်လည်ခုနှိမ်ယူရသည်ဟု စခန်းမှူးက ရှင်းပြသည်။

အဆိုပါရန်ပုံငွေကိုလည်း ဌာနမှ မတည်ပေးခြင်း မဟုတ်ပါ။ သက်ဆိုင်ရာ မြို့နယ် သို့မဟုတ် နယ်မြေစခန်းမှူးများက ဥပဒေဘောင်အတွင်းမှ မိမိအစီအစဉ်ဖြင့် ရှာဖွေရရှိသော ငွေနှင့် ထူထောင်ခြင်းဖြစ် ၏။ ဥပမာအနေနှင့် စခန်းအနီးဝန်းကျင် တွင် သက်သာဆိုင်ခန်းများဖွင့်ကာ ဝင် ငွေရှာခြင်းမျိုးဖြစ်သည်။ ထိုရန်ပုံငွေအတွင်း  မှ တပ်ဖွဲ့ဝင်များ၏ သာရေး၊ နာရေးကိစ္စ များတွင် ထုတ်ယူသုံးစွဲနိုင်ခွင့်ရှိသည်ဟု ရဲမှူး(ငြိမ်း)ခင်မောင်စိုးက ဆိုသည်။

ရန်ပုံငွေကို ဝန်ထမ်းလစာများ အတွင်းမှ ဖဲ့ယူစုဆောင်းခြင်းကို ဌာနက ခွင့်ပြုမထားဟု သူက ဆက်ပြော၏။      အပိုင်း(၂)သို့

၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ် (၃၇) မှ မျက်နှာဖုံး ဆောင်းပါး ဖြစ်ပါ သည်။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here