Home ပုံရိပ်လွှာ မေ့ကွက်ကိုရှာသူ၏ အခြားဘ၀စာမျက်နှာများ အပိုင်း(၂)

မေ့ကွက်ကိုရှာသူ၏ အခြားဘ၀စာမျက်နှာများ အပိုင်း(၂)

92
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

 

ကျားကျားလျားလျား မိန်းမသား

အမေရိကန်ပြည်ထောင်စုတွင် ရှိ စဉ် ကွယ်လွန်သူ ကဗျာဆရာကြီး(ဦး)တင်မိုးက ဒေါ်မာမာအေးနှင့် ပတ်သက် သည့် မှတ်ချက်စကားတစ်ခုပြောသည်။ အမေရိကန်ရောက် မြန်မာလူငယ်များက ဒေါ်မာမာအေးကို ‘အမေ’ဟုခေါ်ကြ သည်။ ထိုလူငယ်များက တစ်ခါတလေ သူ့ ဆီမှ ဦးတင်မိုးဆီသို့လည်း သွားလည် တတ်သည်။ ထိုအခါ ဦးတင်မိုးက လူငယ် များကို ”မင်းတို့ ဘယ်ကပြန်လာကြတာ လဲ”ဟု အမြဲမေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

လူငယ်တွေက”အမေ့အိမ်က…” ဟုဖြေလျှင် ဒေါ်မာမာအေး အိမ်မှ လာ ကြောင်း သိကြပြီးဖြစ်သည်။ ထိုအခါ        ”ဟေ…တွေ့လား၊ မာမာအေးကို တွေ့ခဲ့ လား” ဦးတင်မိုးက ပြန်မေးသည်။ လူငယ် တွေက ”တွေ့ခဲ့တယ်”ဟုဖြေသည့်အခါ ”ဆဲရော ဆဲလိုက်လား”ဟု နောက်တစ် ခွန်း ဆက်မေး၏။ ဆဲလိုက်သည်ဟုဆိုလျှင် ”အေး…အဲဒါ မာမာအေးအစစ်ပဲ”ဟု ဦးတင်မိုးက ရယ်ရယ်မောမောမှတ်ချက် ပေးတတ်သည်။

ဦးတင်မိုး၏ အဆိုပါမှတ်ချက်ကို ပြန်ပြောပြရင်း ဒေါ်မာမာအေးသည် ဟက်ဟက်ပက်ပက်ရယ်နေလေသည်။ သူ့ ဘဝတွင် မာမာအေးဟူ၍ ဖြစ်လာသည် မှာ ဘယ်သူ့ကိုမှ မခံလို့ဟု ဒေါ်မာမာအေး က သုံးသပ်သည်။ သို့သော် ဆဲတတ်သည့် အကျင့်ကလေးတော့ ရှိ၏။

”ငါဘယ်တော့မှ နောက်လိုက် မလုပ်ခဲ့ဘူး။ ဒါပေမဲ့ လူပါးဝတာ မဟုတ် ဘူး။ ကိုယ့်လိုင်းနဲ့ ကိုယ်နေတာ။ ဘယ်သူ့ ကိုမှ မကြောဘူး။ ဘယ်သူ့ကိုမှလည်း မနှိပ်စက်ဘူး။ ကောင်းကောင်းမွန်မွန်နေ တယ်။ ကူညီတယ်။ ကိုယ့်ဆီလာရင် အကောင်းပဲရမယ်၊ တစ်ခုပဲ၊ အကျင့်ပါနေ တာက ဆဲတတ်တာပဲ”ဟု သူက ရယ် လိုက်ရင်း ပြောပြသည်။

မြောင်းမြတွင် မွေးဖွားခဲ့သော ဒေါ်မာမာအေးသည် ‘ကျွန်တော် ကျွန် တော်’ဟု ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်းသုံး နှုန်းတတ်သည်။ ယင်းမှာ သူ့ဖခင်ကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ အမေ့ဝမ်းတွင် ရှိ စဉ်ကပင် ဖခင်ဖြစ်သူက သားယောက်ျား ကလေးလိုချင်သည်။ မိန်းကလေးမွေး သည်ဆိုလျှင် သားယောက်ျားကလေးရှိ ထားသော သူငယ်ချင်းများက နောက် ပြောင်တတ်သောကြောင့်ဖြစ်သည်။ သို့ သော် မိန်းကလေးမွေးလာသည့်အခါ သူ ငယ်ချင်းတွေကို ယောက်ျားလေးမွေး သည်ဟုပြောပြီး သမီးဖြစ်သူကို ယောက်ျားကလေးလို သင်သည်။ ဝတ် ဆင်ပေးသည်။ ပြောဆိုစေသည်။ ထို့ ကြောင့် ‘ကျွန်တော်’ဟု နှုတ်အကျင့်စွဲနေ ခြင်းဖြစ်သည်။ နောင် ဇာတ်သဘင်ထဲ ရောက်မှသာ မိန်းကလေးမှန်း သိ ကြသည်။  ကျောင်းနေစဉ်က အပေါင်းအသင်း များမှာလည်း ယောက်ျားကလေးတွေ သာများသည်။ သူ့တစ်သက် ကျောင်းတွင် ပေါင်းခဲ့သော မိန်းကလေးသူငယ်ချင်းမှာ စုစုပေါင်း သုံးယောက်ပဲရှိသည်။ သူက ယောက်ျားသဘာဝနှင့် ယောက်ျားဆန်မှု ကို သဘောကျသည်။ မလွတ်လပ်သော မိန်းကလေးဘဝကို စိတ်ပျက်သော ကြောင့်ဟု ဆိုသည်။

”မိန်းကလေးတွေဆိုတာ တို့ခေတ် တုန်းက ဗိုင်းကောင်းကျောက်ဖိတွေလို နေရတာ။ တို့က အဲသလို နေချင်တဲ့ဟာ တွေ မဟုတ်ဘူးလေ။ (ရယ်သည်) ယောက်ျားကလေးဆန်တယ်ဆိုတာ ဒီ ခေတ်လို အချစ်တော်တွေ၊ ဘာတွေ ထား တာကို ပြောတာမဟုတ်ဘူး။ ယောက်ျား ဆန်တာကိုကြိုက်တာ။ လွတ်လပ်တယ်လို့ ခံစားရတယ်”ဟု သူက ပြောသည်။

ယောက်ျားဆန်ဆန်နေတတ်သော် လည်း ဆယ်ကျော်သက် မိန်းကလေးတစ် ယောက်၏ ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့် တော့ မကင်းနိုင်ဘဲရှိခဲ့သည်သာဖြစ်၏။ ဆောင်းနှောင်းရက်များထဲက တစ်ရက် မှာ ရည်းစားနှင့် ကျောင်းပြေးပြီး ချိန်းတွေ့ သည်။ တမေ့တမော စကားတွေ ဖောင် လောက်အောင် ပြောနေသဖြင့် ကျောင်း ကားနှင့် ပြန်လိုက်ရမည်မှာ နောက်ကျ သွားသည်။

ကျောင်းကားပေါ် ပြန်မပါလာ သဖြင့် မိဘများကလည်း စိတ်ပူပြီး ကျောင်းလိုက်သွားသည်။ ကျောင်းကား မောင်းသူများ ကလည်း မနက်ကတည်းက သူတို့နှစ်ဦးထွက်သွားသည်ကို မြင်လိုက် ကြသဖြင့် အချိန်မီပြန်ရောက်မလာသော အခါ စိတ်ပူပြီး မိဘတွေကိုပင် အကျိုး အကြောင်းပြောပြီးပြီ။ သူနှင့်တွဲသော ကောင်ကလေး၏ မိဘများအိမ်သို့ပင် မိခင်ဖြစ်သူက သွားမေးပြီးပြီ။ သူကတော့ အိမ်ပြန်ရောက်သည့်အခါ မျက်နှာသေ ကလေးနှင့် အမေ့ကို လိမ်ရသည်။ အမေ ကတော့ အိမ့်ရှေ့ပေါက်မှာ ထိုင်ပြီး ပြုံးနေ သည်။ သူကတော့ ရှက်သဖြင့် မျက်နှာ ဘယ်မှာ ထားရမှန်းမသိတော့။

”အဲဒါက အဲလိုပဲလေ၊ ဘာမှလည်း ပြောမရတော့ အသာလေး ကိုယ့်ဟာ ကိုယ်ပဲ ထွက်သွားရတာပေါ့ဟ” ဟု ဒေါ်မာမာအေး ထိုစဉ်က အတွေ့အကြုံ များကို လှိုက်လှိုက်လှဲလှဲ ရယ်၍ ပြော နေသည်။ သူ့ရယ်သံသည် အခန်းတွင်း လွှမ်းခြုံသွားသည်။

အဆိုပါ ငယ်ဘဝနှင့် ရင်ခုန်စိတ် လှုပ်ရှားဖွယ်ရာ အချစ်ဇာတ်လမ်းကို ”ရင်ဖွင့်ကြည့်ပါသူငယ်ချင်း”အမည်ရှိ တစ်စိတ်တစ်ပိုင်း ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ်တွင် အသေးစိတ်ရေးထားပြီးဖြစ် ပါသည်။ အထူးသဖြင့် အိမ်ထောင်မကျ ခင်နှင့် အိမ်ထောင်ရေးပြိုကွဲပြီးကာလ အထိ သူ၏ဖြတ်သန်းမှုနှင့် ခံစားချက်များ ဖြစ်သည်။ အဆင်မပြေဖြစ်ခဲ့ရသော အိမ်ထောင်ရေးဘဝကို သူက ရေးသားထားပြီး ဖြစ်ရာ ယခုအချိန်တွင် ပြန်ပြောလိုခြင်း လည်း မရှိတော့ပါ။ ဒီလောက်ပဲ သူက ပြောသည်။

”ဘဝအချိုးအကွေ့ကတော့ အိမ် ထောင်ရေးနဲ့ ပတ်သက်တာပဲရှိမယ်။ ကျန် တာတော့ မရှိပါဘူး”

အကြောင်းမလှစွာ အိမ်ထောင်ကွဲ သွားပြီးနောက် သားသမီးများကို ဝင်ဒါမီ ယာနေအိမ်မှ မိဘများရှိရာ ဥက္ကလာပနေ အိမ်ကလေးသို့ ပြန်ပြောင်းခေါ်သွားခဲ့ရ သည်။ ထိုအိမ်တွင် ငယ်စဉ်ကတည်းက သူ နေခဲ့သည်။ ကလေးတွေအတွက်တော့ ဝင်ဒါမီယာကဲ့သို့ လူချမ်းသာရပ်ကွက်မှ သာမန်လက်လုပ်လက်စားများနေထိုင် ရာ ရပ်ကွက်သို့ပြောင်းရသည်မှာ ကြီးမား သည့် ရိုက်ခတ်မှုဖြစ်နိုင်ပါသည်။ ထို့ ကြောင့် ကလေးများကို ဘော်ဒါတွင်ထား လိုက်သည်။

”ဘာကြောင့်ဆို မအေက အလုပ် လုပ်တော့မှာလေ။ အမေက အလုပ် အများကြီးလုပ်လို့ရှိရင် သန်းခေါင်သန်း လွဲလည်းပြန်ရမှာပဲ။ အစောကြီးလည်း ထရမှာပဲ။ သူတို့အနေနဲ့ မိဘရင်ခွင်ထဲမှာ နေရတော့မှာမှ မဟုတ်တာ။ စည်းကမ်း တကျအုပ်ချုပ်မယ့်ဆရာတွေဆီမှာ အပ်နှံ ထားလိုက်တာ အကောင်းဆုံးပဲလို့ ယူဆ လိုက်တာပေါ့”ဟု ဒေါ်မာမာအေးက     ပြောသည်။

ထိုအချိန်က မိဘများလည်း ရှိနေ သေးရာ ကလေးများကို သူတို့က ဝိုင်းဝန်း စောင့်ရှောက်ပေးသဖြင့် အပြင်သို့ နောက် ဆံမတင်းဘဲ အလုပ်ထွက်လုပ်နိုင်သည်။ ပြီးတော့ သားသမီးများက လိမ်မာခဲ့ သဖြင့် မိခင်တယောက်အနေဖြင့် သူတို့ကို ကျေးဇူးတင်နေမိသည်။ သား သမီးများကို ပြောဆိုဆုံးမရာတွင် ”ကောင်းတာတွေ ကို လုပ်ရန်နှင့် မကောင်းဘူးထင်တာတွေ ကို မလုပ်ရန်”ဆိုသည့် ပျော့ပျောင်းပြီး ထိရောက်သော အချက်နှစ်ချက်ဖြင့်သာ ထိန်းကွပ်ခဲ့သည်။

မာမာအေးဆိုသည့် အောင်မြင် သော အနုပညာရှင်တဦးဖြစ်လာဖို့ ပေး ဆပ်ခဲ့ရသည့် အရင်းအနှီးတွေက များ လွန်းလှသည်။ တစ်ဘဝလုံး ပေးဆပ်ခဲ့ရ သည်ဟု သူက ဆိုပါသည်။ အထူးသဖြင့် အချိန်ပဲဖြစ်သည်။ ကိုယ်ပိုင်အချိန်ဟူ၍ မရှိ။ ယခုအသက်ကြီးလာချိန်ကျမှ ကိုယ့် ဘဝ၏ အချိန်များအားလုံး သူတစ်ပါးဆီ မှာ ရောက်သွားပြီဆိုတာကို သတိထားမိ တော့သည်။ ထို့ကြောင့်ပင် သားသမီးများ ကို ဂီတလိုင်းထဲဝင်ဖို့ အားမပေးခြင်းဖြစ် သည်။ သားသမီးတွေအားလုံးလည်း ဆို တတ်၊ တီးတတ်ကြသည်။ ဒီလောက်ဆို လျှင် မိခင်တစ်ယောက်အနေဖြင့် ကျေနပ် နိုင်ပါသည်။

”ဒီခေတ်က ပိုက်ဆံရင်းလည်း ပါမှ၊ လူရင်းလည်း ပါမှဆိုတာ ဖြစ်နေတော့ ကိုယ့်ကလေးတွေကို အဲလို အဖြစ်မခံနိုင် ဘူး။ လောကက မသန့်ရှင်းတော့ဘူး။ အခုက ငွေရှိလို့ ဝင်တာတွေများတယ်မို့ လား” သူက ဖားလျားချထားသော ဆံ ပင်ကို လက်ဖြင့် သပ်ရင်း ပြောသည်။

သက်တံပေါ်မှာ ကစားသူ

၂ဝ၁၂ ကုန်ခါနီးတွင် အမိမြေသို့ ပြန်ရောက်လာသောအခါ ဒေါ်မာမာအေး သည် ပထမဆုံးအကြိမ် ဂီတဖျော်ဖြေပွဲ ပြု လုပ်သည်။ အချိန်အတိုင်းအတာတစ်ခု အထိ ကင်းကွာခဲ့သည့် စင်မြင့်ပေါ်သို့ ပြန် ရောက်ခြင်းဖြစ်သည်။ သီချင်းများ မမော မပန်းဆိုနိုင်သေးသည်မှန်သော်လည်း အရွယ်က စကားပြောပြီ။

”အရင်တုန်းက ပေကို မမီတော့ ဘူး”ဟု ဒေါ်မာမာအေးက ပြောသည်။

ထို့ကြောင့် သူသည် ပရိသတ်ကို မညာခဲ့။ ရောဂါတွေလည်း ဝင်လာပြီ။ အသက် လည်းကြီးပြီ။ သို့သော် ဆိုပြချင်သေး သည်။ ပရိသတ်ကို ပွင့်လင်းစွာ ပြောခဲ့ သည်။ ယင်းမှာ သူ့ခံယူချက်ဖြစ်ပါသည်။ အောင်မြင်သော အနုပညာရှင်တစ် ယောက်အဖြစ် ပရိသတ်၏ ရင်ထဲတွင် ခိုင် ခိုင်မာမာရပ်တည်နိုင်ရန်မှာ အောင်မြင် မှုကို ပုံစံအမျိုးမျိုးဖြင့် ထိန်းသိမ်းရသည်။ အထူးသဖြင့် ရိုးသားမှုရှိဖို့ လိုအပ်သည်။ လူတွေကို မှန်မှန်ကန်ကန်ဆက်ဆံရလိမ့် မည်။ အပြန်အလှန်လေးစားမှု ရှိရလိမ့် မည်။ ဆင်းရဲချမ်းသာ အတန်းအစားခွဲ ခြားခြင်းကင်းရလိမ့်မည်။ ထိုအတိုင်း ဒေါ်မာမာအေးယုံကြည်သည်။

ဂီတလောကတွင် မာမာအေးဆို သော နာမည်တစ်လုံးကျော်ကြားလာ သောအခါ ရုပ်ရှင်နယ်မှ ပုဂ္ဂိုလ်များက သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာသည်။ ထိုအချိန်က သူနှင့်ခေတ်ပြိုင်အနုပညာ ရှင်များဖြစ်သော တွံတေးသိန်းတန်၊ သန်း ဖေလေးတို့က ရုပ်ရှင်နယ်တွင် အောင်မြင် နေချိန်ဖြစ်သည်။ ကမ်းလှမ်းလာသည့်တိုင် ခင်ပွန်းဖြစ်သူက ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ စသည်တို့ကို စိတ်တိုင်းကျ မတွေ့မချင်း ဇနီးသည်ကို သရုပ်ဆောင် လုပ်ခိုင်းဖို့ ငြင်းနေစဉ်ဖြစ်သည်။ ဦးသာဓု တို့ ကမ်းလှမ်းစဉ်တွင်လည်း ငြင်း၏။ မင်း သားဝင်းဦး ပြောတော့လည်း လက်မခံ။ နောက်ပိုင်း ဒါရိုက်တာ ဘိုကလေးတင့် အောင်တို့ ကမ်းလှမ်းလာမှသာ ခင်ပွန်း သည်က လက်ခံသည်။ ဒီလိုနှင့် ရုပ်ရှင်နယ် ထဲသို့ ဝင်ဖြစ်သည်။

တစ်နည်းအားဖြင့် အနုပညာကို စမ်းသပ်ရခြင်းဖြစ်သည်။ ဂီတဘက်မှ လာ သည်ဖြစ်ရာ ပရိသတ်က ထက်ဝက်နီးပါး ကိုယ့်ဘက်မှာရှိသည်။ တစ်ဖက်မှာ အောင်မြင်ထားပြီးဖြစ်ရာ ကျန်တစ်ဖက် တွင် အောင်မြင်ဖို့မှာ သိပ်မဝေးပါ။ ပြီး တော့ ငယ်စဉ်က ဇာတ်စင်အတွေ့အကြုံ လည်း ရှိထားသောကြောင့် သရုပ်ဆောင် ရသည်မှာ အစိမ်းသက်သက်မဟုတ် တော့။ တစ်ခုပဲကွာသည်။ ဇာတ်သဘင် တွင် အသံနှင့် အမူအရာကို ဇာတ်စင်နှင့် ခပ်လှမ်းလှမ်းရှိ ပရိသတ်ပါ မြင်နိုင်၊ ကြား နိုင်အောင် ပို၍ အားထုတ်ရသည်။ သရုပ် ဆောင်ခြင်းကတော့ အပြင်တွင် သာမန် စကားပြောဆိုရုံမျှ အားထုတ်လျှင်ပင် ကိစ္စပြီး၏။

”အနုပညာဆိုတာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာပဲ။ ဆက်စပ်သွားတာက လည်း စာကြောင့်ဖြစ်လိမ့်မယ်။ အခြေခံ အားဖြင့်တော့ အနုပညာတွေက တူကြ တာချည်းပဲလေ”ဟု သူက ပြောသည်။

ဒေါ်မာမာအေးအတွက် စာပေက တော့ အသည်းစွဲပင်ဖြစ်သည်။ ငယ်ရွယ် စဉ် စာလုံးများ ပေါင်းဖတ်တတ်သည်ဆို ကတည်းက တွေ့သမျှစာကို ရှာဖတ်ခဲ့ သည်။ ဝါးစားသလိုဖတ်သည်။ စကားလုံး တွေကို မျိုချသည်။ အစွဲလမ်းဆုံး၊ အနှစ် သက်ဆုံးစာရေးဆရာမှာ (ဆရာ) ဗန်း မော်တင်အောင်ဖြစ်သည်။ ငယ်စဉ်က တည်းက ”လေးမာ”နာမည်ဖြင့် ကဗျာ တွေ ရေးခဲ့သည်။ ပြီးတော့ ဆောင်းပါးတွေ ရေးသည်။ ဝတ္ထုတွေ ရေးသည်။

၁၉၅ဝ ကျော်နောက်ပိုင်းထုတ်ဝေ သော စာနယ်ဇင်းများတွင် သူ့ကဗျာ၊ ဆောင်းပါး၊ စာညွန့်များ ပါရှိခဲ့သည်။  ”သိုးကလေးမေမေ” လုံးချင်းစာအုပ် ထုတ်ဝေခဲ့သည်။ နောက်ပိုင်း အိမ်ထောင် ရေးကိစ္စများကို သူငယ်ချင်းထံ ပေးစာ သဘောရေးခဲ့သော ”ရင်ဖွင့်ကြည့်ပါသူ ငယ်ချင်း ”မှတ်တမ်းရှည်ကြီးကို ရေးသား ခဲ့ပြီး နှစ်များစွာအကြာ ၂ဝ၁၂ တွင်မှ ပထမပိုင်းကို ပုံနှိပ်ခဲ့သည်။ ဒုတိယပိုင်း ကိုမူ ပုံနှိပ်ခြင်းပြုရန် အစီအစဉ်မရှိဟု ဆို ပါသည်။ ကျန်ရှိသည့် သက်တမ်းမှာတော့ တစ်ချိန်က ကျော်ကြားခဲ့သော ဂီတအနု ပညာရှင်များအကြောင်းရေးရန် စိတ်ကူး ရှိသည်။ ပြီးတော့ ကိုယ်ရေးအတ္ထုပ္ပတ္တိ လည်း အချိန်ရလျှင် ရေးဖို့ ဆန္ဒရှိသည်။

”ရေးဖို့ဟာတွေရှိပါတယ်။ ဆရာ ကြီးရွှေပြည်အေးတို့၊ စန္ဒရားလှထွတ်တို့ စသဖြင့်ပေါ့လေ၊ သူတို့အကြောင်းကို ရေး ချင်ပါတယ်။ လူတွေမသိတဲ့အကြောင်း တွေအများကြီးရှိတာပေါ့”

ဖားလျားချထားသော ဆံပင်ကို လက်ဖြင့်သပ်ရင်းမှ ဒေါ်မာမာအေးသည် ကိုယ်ကို အနည်းငယ်နေရာရွှေ့ထိုင်သည်။ ခြေထောက်တစ်ဖက်ရောင်နေသဖြငခန္ဓာကိုယ်ကို အရမ်းကာရော လှည့်၍ တော့ မရ။ လေအေးပေးစက်ဖွင့်ထား သဖြင့် အခန်းတွင်းအအေးဓာတ်သည် အချိန်ကြာလာသည်နှင့်အမျှ စိမ့်လာ၏။ ဒေါ်မာမာအေး၏ ငြိမ့်ငြိမ့်အေးအေးရှိ သောအသံသည် အေးနေသော အခန်း အတွင်း ခေတ္တတိတ်ဆိတ်သွားရာမှ ပြန် လည် စီးဆင်းလာသည်။

၁၅ နှစ်ဆိုသောအချိန်သည် အရာ များစွာကို အပြောင်းအလဲဖြစ်စေခဲ့သည်။ ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနိမ့် ဆင်းသွားသော အနုပညာ (အထူးသဖြင့် ဇာတ်သဘင်) နှင့် ¤င်းနှင့် နွှယ်ယှက်သော ယဉ်ကျေးမှုမျက်နှာစာအကြောင်းကို ဒေါ်မာမာအေးက ပြန်စဉ်းစားမိသည်။

တစ်ချိန်ကတော့ မိမိတို့ မစိစစ် သဖြင့် အခြားသော ပြင်ပအရာများက ကိုယ့်အမျိုးသားလက္ခဏာကို လွှမ်းမိုး သည်ဟု ထင်ခဲ့သည်။ ယခုစဉ်းစားကြည့် တော့ နိုင်ငံတော်မှာတင်မက နားထောင် သော ပြည်သူတွေမှာပါ တာဝန်ရှိသည်ဟု သူတွေးမိသည်။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အမျိုးသားစိတ် ဓာတ်ဖြင့် မိမိတို့ မြန်မာသီချင်းတွေကို  ပရိသတ်က ပြန်လည်အားပေးကြမည်ဆို သည့်အခါ မြန်မာဂီတသည် တစ်ဖန်ပြန်၍ လန်းဆန်းလာလိမ့်မည်ဟု ဒေါ်မာမာအေး က ပြောသည်။

ပြီးတော့ ဇာတ်သဘင်သည်လည်း အလားတူပင်ဖြစ်သည်။ သမ္ပဇဉ်တွေကို လျှော့ချပစ်လိုက်သည်။ ထို့ကြောင့် ဇာတ် ၏ သန္ဓေများ ပျက်စီးသွားသည်။ ယခင်က တော့ ဇာတ်ပွဲတစ်ခုတွင် စလျှင်စချင်း နတ်ကတော်ကမည်။ ဘုရားရှိခိုးမည်။ ပြီး လျှင် ပြဇာတ်။ နှစ်ပါးသွားနှင့် ဇာတ်ကြီး လာသည်။ ယခုအခါ ဇာတ်ကြီးကို ဘယ် သူမှ မကတော့။ အော်ပရာခေါ်သော ပြ ဇာတ်နေရာတွင် စတိတ်ရှိုးဆိုသည်က အစားဝင်လာသည်။ စတိတ်ရှိုးက ဟိုတုန်း က ရှိခဲ့သည်မဟုတ်။

”အခုခေတ်လူတွေက ငိုချင်းချရင် ရယ်ချင်တယ်တဲ့။ ဟိုတုန်းက ငိုချင်းချတာ တကယ်တော်မှ မင်းသားကြီး၊ မင်းသမီး ကြီးဖြစ်တာ။ အဲသလိုပေါ့၊ အမြင်ကို မတူ ကြတော့တာ။ ခေတ်ရဲ့ကလေးတွေ အမြင် က ကိုယ့်ဇာတ်သဘင်ရဲ့ သရုပ်ပါမှုကို ပြ တာ ရယ်ချင်တယ်ဖြစ်တာ။ အဲတော့ ဘာ မှ မဆိုင်ဘဲ ဒွန့်နဲ့ ဒွန့်နဲ့ ကတာကိုပဲ သွား ကြည့်တယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။ အဲတော့ ကျုပ်က ပြောတယ် လက်ခံတဲ့ ပြည်သူတွေမှာ အပြစ်ရှိပါတယ်လို့”

ဒေါ်မာမာအေးကပြောသည်။ ထို ကဲသို့ ဒိုးဒိုးဒေါက်ဒေါက်ပြောတတ်သဖြင့် လူတွေနှင့် မတည့်တာဟု ဆိုသည်။ ပြီး တော့ သဘောကျကာ တစ်ခါထပ်ရယ်ပြန် သည်။ ရယ်ရင်းမှဆက်ပြောသည်။ ဖောင်း သောပါးတို့သည် ပြုံးလိုက်သောအခါ ချိုင့် ၍ ဝင်သွားတတ်သည်။

အမိမြေသို့ ပြန်ရောက်သောအခါ မြင်တွေ့ရသည့် များစွာသော အပြောင်း အလဲများအနက် ကိုရီးယားရုပ်သံဇာတ် လမ်းတွဲများနှင့် ယဉ်ကျေးမှုက မြန်မာလူ့ အဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာ စိမ့်ဝင် ထိုးဖောက်နေကို မြင်ရသည်။ မိမိတို့ ယဉ် ကျေးမှုကို သူတစ်ပါးဆီ ပျံ့နှံ့အောင် မကြိုး စားဘဲ သူတစ်ပါးပစ္စည်းများကိုသာ အုံနှင့် ကျင်းနှင့် တင်သွင်းနေသည့်အဖြစ်မှာ စိတ်သက်သာစရာမရှိပါဟု ဒေါ်မာမာ အေး ခေါင်းကို ယမ်းရင်း ပြောပြသည်။

”မကြိုက်ဘူးကွာ၊ စဉ်းစားကြည့်။ကိုရီးယားမင်းသားကလေးတွေက လူ ဖလံလေးကလေးတွေချည်းပဲ။ ‘ဗလ’မဟုတ်ဘူးနော်၊ ‘ဖလံ’ကလေးတွေ။ သိ လား။ ငပိန်ကလေးတွေ။ ယောက်ျားဟဲ့ ဆိုပြီး ဒီငပိန်ကလေးတွေကို ဘယ် ကောင်မက သွားအားကိုးမလဲ။ လူ့ဘဝ ကြီးဆိုတာ ကမြင်းထဖို့ တစ်ခုတည်း မဟုတ်ဘူး။ လူ့ဘဝမှာ အလုပ်ကို လုပ်ရ မယ်။ ရှေ့နောက် စဉ်းစားတိုင်းထွာတတ်တဲ့ ဥာဏ်ကလေးရှိနေရမယ်။ မိန်းမတစ် ယောက် သို့မဟုတ် အိမ်ထောင်တစ်ခုကို ဦးစီးရမယ့်ယောက်ျားက အဲလို ချက်ပြုတ် နဲ့ကောင်ကို ဘယ်လိုအားကိုးရမလဲပြော။ ငါတို့ဆို မယူဘူးဟေ့”

ပွင့်လင်းစွာ ရယ်မောနေသော ဒေါ်မာမာအေးသည် ခွေးခြေပုပေါ်တင် ထားသော ရောင်နေသည့် ခြေထောက် ပေါ်သို့ လက်တစ်ဖက်ကို တင်လိုက်၏။ ခေါင်းမှ ဆံပင်များက မျက်နှာကို အုပ် သွားသဖြင့် ဘီးဖြင့် အပေါ်သို့ လှန်တင်နေ သည်။ ခန္ဓာကိုယ်အလေးချိန် အနည်း ငယ်တက်လာသဖြင့် ထိုင်နေသည့် ဆိုဖာ ခုံမှ ဘယ်လှည့်ညာလှည့် လုပ်ရသည်မှာ ပင် လွယ်ကူသည်မဟုတ်။ ဖြည်းဖြည်း လေးလေး ရွှေ့ရ၏။

”အသက်ကြီးတော့ ရောဂါတွေ လည်း ဝင်လာပြီလေ”ဟု သူက ဆိုသည်။

တစ်သက်တာပတ်လုံး ဂီတမှော်ရုံတော တွင် ကျင်လည်ခဲ့ပြီးနောက် ပရိသတ်၏ နှလုံးသားကို ညှို့ငင်နိုင်ခဲ့သော အနုပညာ ရှင်သည် ယခုအခါ အေးဆေးသက်သာစွာ ဆက်တီခုံပေါ်တွင် ထိုင်နေသည်။ ကျန်းမာ ရေးနှင့် ကျန်သည့် ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့် နိုင်ငံခြားနှင့် အမိမြေကို ကူး ချည်သန်းချည်တော့ လုပ်နေရဦးမည်။ ယခုတစ်ခေါက် မြန်မာပြည်သို့ ပြည်ဝင် ခွင့်ဗီဇာသက်တမ်းမှာလည်း သုံးလသာရ သည်။ အမိမြေမှာ ခေါင်းချချင်သလားဆို သည့် မေးခွန်းအတွက် သူက အခုလို ပြန် ဖြေသည်။

”ဘုရားတောင်မှ ကိုယ်သေမယ့် သင်္ချိုင်းရှိရာမှာ သေရတယ်လို့ပြောသေး တာပဲကွယ်၊ သက်သက်သာသာသေရင် တော့ ဟိုမှာ သေရမှာပေါ့။ အခုက သေဖို့ ရာနည်းနည်းဝေးပါသေးတယ်။ နောက် ဆယ်နှစ်လောက် နေရဦးမယ်မှန်းထား ပါတယ်။ နောက်ဆယ်နှစ်လောက်အတွင်း ဘာတွေများလုပ်ပေးနိုင်ဦးမလဲလို့ စဉ်း စားပြီးတော့ လုပ်ပေးနိုင်တာတွေ လုပ် ပေးမှာပေါ့”

အခြေအနေပေးလျှင် ပြည်ပတွင် နေစဉ် သင်ကြားခဲ့သော ဆေးပညာဖြင့် ကျေးလက်တောရွာတွေမှာ ကျန်းမာရေး ဗဟုသုတကို လက်ဆင့်ကမ်းချင်သော ရည်ရွယ်ချက်တစ်ခု သူ့မှာ ရှိသည်။ အသက်လည်းရလာပြီးဖြစ်ရာ လုပ်စရာ အလုပ်ကတော့ တဖြည်းဖြည်းနည်းလာ ပြီ။ ထို့ကြောင့် ပွဲပြီးသွားလို့ လောကကြီး ကို ထိုင်ကြည့်နေသူတစ်ဦးဟု သူ့ကိုယ်သူ ရည်ညွှန်းနေခြင်းဖြစ်သည်။

နေရေး၊ စားရေးက လွဲ၍ တခြား လုပ်ကိုင်စရာ မည်မည်ရရမရှိ။ ပြီးတော့ သီချင်းသီဆိုခြင်းအတတ်ပညာနှင့် ပတ် သက်၍ လုပ်ပေးချင်သည့် စိတ်ကူးများရှိ သည်။ ပြီးတော့ စာရေးမည်။ သူ့အတွေ့ အကြုံနှင့်ဖြတ်သန်းမှုများ၊ တစ်ချိန်က ကျော်ကြားခဲ့ပြီး ယခုအခါ လူမသိ သူမသိ ဖြစ်နေသောအနုပညာရှင်များ အကြောင်း  ရေးမည်။ ဒီလောက်ပဲ။

ဘုမသိ ဘမသိနှင့် ပြည်ပတွင် သောင်တင်ခဲ့ရသည့် နှစ်ကာလတွေကို တော့ မေ့ပစ်လိုက်မည်။ သို့သော်လည်း အဆိုးထဲမှ အကောင်းအဖြစ် ပြည်ပတွင် နေစဉ် ပညာသင်နိုင်ခွင့်ရခဲ့သည်မှာ အမြတ်ပဲဖြစ်သည်။ တိုင်းပြည်၏ နိုင်ငံရေး အခြေအနေက ယခုအခါတွင် တစ်စုံတစ် ရာ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ မသေခင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်လာနိုင်ခွင့်ရခဲ့ တာကို ဝမ်းမြောက်သည်။ ဒေါ်မာမာအေး က တိုင်းပြည်၏ အပြောင်းအလဲအနေ အထားအပေါ် သူ့ထင်မြင်ချက်ကိုလည်း ပြောသည်။

”အကုန်လုံးက ပြဿနာတွေက ရှိ နေတာဆိုတော့ တစ်ခုပြီး တစ်ခု ရှင်းသွား ရလိမ့်မယ်လို့ ထင်ပါတယ်။ အခုက အလင်းရောင်လာပြီလို့ ဒီလောက်ပဲ ကိုယ် ပြောပါတယ်။ ဒါ အမှန်စကားပြောတာပဲ။ အစိုးရမကောင်းဘူးပြောတာ မဟုတ်ဘူး။ ဒါပေမဲ့လည်း လုပ်စရာကလေးတွေက အခုမှ အစပဲရှိသေးတာ”

အောင်မြင်သော အနုပညာရှင် တစ်ယောက်အဖြစ် လျှောက်ခဲ့ရသည့် ဘဝခရီးတွင် ”ရိုးရိုးကျင့် မြင့်မြင့်ကြံ”ဆို သည့် စကားကို လက်ကိုင်ထား နေထိုင်ခဲ့ သည်။ ပြီးတော့ အမြဲတမ်းသင်ယူရန် စိတ် အားထက်သန်ခဲ့သည်။ မိဘက ဇာတ် သဘင်၊ ဂီတအလုပ်ကို လုပ်ကိုင်ခဲ့ကြသည် မှန်သော်လည်း သူ့တို့သမီး အနုပညာ လောကထဲရောက်လာသည်ကို အားပေး ခဲ့သည်မဟုတ်ပါ။ သူ့အမေပြောဖူးသော စကားကို ဒေါ်မာမာအေး ပြန်ပြော ပြသည်။

”တို့အမေပြောတာ ဒီပညာက လို တဲ့အချိန်ပဲကောင်းတာတဲ့။ အိမ်သာလိုပဲ တဲ့။ ကိုယ့်ကိစ္စပြီးပြီဆိုရင် မေ့ထားတာတဲ့။ မကြိုက်ဘူးတဲ့။ သူဝါသနာပါလို့ လုပ်ခဲ့ တယ်။ ဒါပေမဲ့ သူမကြိုက်ဘူးတဲ့”

ဒီလိုနှင့် တစ်သက်တာ ကိုယ့်ဒူး ကိုယ်ချွန်ခဲ့ရသည်။ ကိုယ့်လမ်းကိုယ် ဖောက်ခဲ့ရသည့် ဘဝတွင် မုန်တိုင်းထန် သောနေ့များလည်း ကြုံခဲ့သလို နေခြည် ဝင်းပသာယာလှသည့် နေ့ရက်များနှင့် လည်း ဆုံခဲ့ရပါသည်။  လောကဓံက မည် မျှရိုက်ပုတ်ခဲ့သည်ရှိစေ ‘မာမာအေး’ဆို သော နာမည်တစ်လုံးကိုတော့ ဂီတချစ် ပရိသတ်တွေအကြား တည်ဆောက်ထား နိုင်ခဲ့ပြီ။

သူ့ဘဝတွင် စံပြထားသော ပုဂ္ဂိုလ် နှစ်ဦးသာရှိခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းဖြစ်သည်။ ”ဦးအောင်ဆန်းနှင့် ဘငြိမ်းချမ်း”ဟု သူ က သုံးနှုန်းသည်။

”တစ်ယောက်က တိုင်းပြည်ခေါင်း ဆောင်၊ တစ်ယောက်က ငြိမ်းချမ်းရေး ခေါင်းဆောင်လေ။ ဒီနှစ်ခုက လွဲလို့ တို့ တိုင်းပြည်မှာ ဘာလိုလို့လဲ”

သူက ဆိုဖာပေါ်တွင် ကိုယ်တစ်ဝက် မြုပ်အောင် ထိုင်နေတုန်းပင်။ လေးလံ သောကိုယ်လုံးကို တစ်ဖက်သို့ သာယာ စွာ စောင်း၍ ရွှေ့သည်။  အဝတ်ထူပတ် ထားသည့် ခြေထောက်ကိုလည်း မထိခိုက် ရအောင် သတိထားသည်။ အခန်းထဲ တွင် စကားသံများ တိတ်ဆိတ်သွား၏။ လေ အေးပေးစက်သံက တဂျစ်ဂျစ်မြည် နေသည်။ အပြင်တွင် ဒေါ်မာမာအေးကို တွေ့ရန် စောင့်နေသော ဧည်သည်များ၏ အသံကို ကြားနေရသည်။ တေးသံရှင်ကြီး သည် ဆံပင်ကို ဖားလျားချထားပြီး ဆံပင် များကို တစ်ချောင်းချင်း လက်ဖြင့် ဆွဲ နေသည်။ ဟန်ဆောင်မှုကင်းပြီး လှိုက်လှဲ သောအပြုံးသည် နှုတ်ခမ်းပေါ်တွင် ပျောက်မသွား။ အပြင်မှ ဧည့်သည်များ သူ့ အနားရောက်လာသည်ကို နှုတ်ဆက် သည်။ လှိုက်လှဲသောအသံ။ ရင်ကိုလှုပ် ခတ်သောအသံ။ မေတ္တာဓာတ်၏ ရောင် ပြန်ဟပ်သောအသံ။ ဆယ်စုနှစ်များစွာ ပရိသတ်ရင်ကို ညှို့ငင်နိုင်ခဲ့သော အသံနှင့် ပင်ဖြစ်ပါသည်။      ။

မတ်လ-၂၀၁၃ထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၄)မှ ပုံရိပ်လွှာဆောင်းပါးဖြစ်ပါသည်။

ဝင်းဇော်လတ် ရေးသည်။

   အပိုင်း(၁)သို့

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here