Home သုံးသပ်ချက် လက်ပံတောင်းမှာ မျက်နှာဖုံးကွာပြီ

လက်ပံတောင်းမှာ မျက်နှာဖုံးကွာပြီ

74
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ဒီဇင်ဘာ-၂၀၁၂ – ဇန်န၀ါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။

ဝင်းဇော်လတ် ရေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

တန်ဆောင်မုန်းလပြည့်နေ့ညကို ငြိမ်းချမ်းစွာ ဖြတ်သန်းခဲ့သော မြန်မာပြည်သူပြည်သားများသည် နောက်တစ် နေ့မနက်(နိုဝင်ဘာ ၂၉)တွင် အိပ်ရာမှ နိုးလျှင်နိုးချင်း စိတ် မသက်သာစရာ သတင်းတစ်ပုဒ်ကို ကြားသိခဲ့ရလေသည်။

ထိုနေ့ အရုဏ်တက်ချိန် နံနက် ၃နာရီအချိန်ခန့်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်ဆိုင်းရန် ဆန္ဒပြ တောင်းဆိုနေကြသူများ၏ သပိတ်စခန်းများကို အာဏာပိုင်တို့က အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ ဖြိုခွင်းမှုကြောင့် သပိတ်စခန်းရှိ သံဃာတော်အများစုနှင့် လူပုဂ္ဂိုလ်တချို့ ဒဏ်ရာအကြီး အကျယ်ရခဲ့သည်။

သက်ဆိုင်ရာတို့က မျက်ရည်ယိုဗုံး အသုံးပြုဖြိုခွဲခြင်းသာ ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ သို့သော်  ဒဏ်ရာရသံဃာ တော်များ၏ ခန္ဓာကိုယ်အရေပြားများပေါ်မှ စုတ်ပြတ် သွားသည့် ဒဏ်ရာဒဏ်ချက်များက သာမန်လက်နက်သုံး ဖြိုခွင်းခြင်းထက် ပိုမိုကြောင်း သက်သေခံလျက်ရှိသည်။

သံဃာတော်များ၏ ခန္ဓာကိုယ်ပေါ်မှ ဆိုးဆိုးဝါးဝါး ဒဏ်ရာ များကို သတင်းမီဒီယာများမှ တစ်ဆင့်မြင်တွေ့ကြရသော ပြည်သူ ပြည်သားများမှာ လွန်စွာ စိတ်ထိခိုက်ကြရသည်။ ပြုပြင်ပြောင်းလဲမှုများဖော်ဆောင်နေပါသည်ဟု ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ကြွေးကြော်ထားသော အစိုးရတစ်ရပ်၏ ယခုလုပ်ရပ်သည် စိတ်ပျက်စရာဖြစ်သော်လည်း အံသြစရာတစ်ခုတော့ မဟုတ်ပါ။

အာဏာရှင် အရေခွံကို ခွာ၍ မိမိတို့ကိုယ်ကို ဒီမိုကရေစီ တံဆိပ်ကပ်ထားသော လူဝတ်လဲ စစ်ခေါင်းဆောင်အများစု ပါဝင်သော အစိုးရသည်  လက်ပံတောင်းတောင်အရေးတွင် သူ့ဇာတိ သရုပ်မှန်ကို ဖော်ပြလိုက်ခြင်းဟုသာ ဆိုရမည်။

”လူမိုက်ဆိုတာ ပျားသကာလို ချိုတုန်းပဲ ချိုတာ။ ကုန်သွားရင် ဇာတိက ပြန်ပေါ်တာပဲ” ဟု သီတဂူဆရာတော် အရှင် ဥာဏိဿရက လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုတွင် ဒဏ်ရာရ သံဃာတော်များအား  သွားရောက်နှစ်သိမ့်စဉ် ပြောကြားခဲ့သည်။

လက်ပံတောင်းတောင်ရှိ သပိတ်စခန်းများကိုဖြိုခွင်း အပြီး နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာချက်တစ်ခု ထုတ်ပြန်သည်။ မကြာမီပင် ထိုကြေညာ ချက်ကို ပြန်လည်ရုပ်သိမ်းသွားသည်။ နာရီပိုင်းသာခံသည့် အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ဖြိုခွင်းမှု များသည် နိုင်ငံတော်၏ အကျိုးစီးပွား၊ အများပြည်သူ၏အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လုပ်ကိုင်ရပါသည်ဆိုသော စကား ရပ်တစ်ခုပါဝင်ခဲ့သည်။ သတင်းထုတ်ပြန်ချက်တစ်ခုကို ယခုကဲ့ သို့ ထုတ်ချည်၊ ရုပ်ချည်လုပ်သည်မှာ ကိုယ့်လိပ်ပြာကိုယ်မလုံ သောကြောင့်ဟု ကောက်ချက်ချကြရုံမှတစ်ပါး အခြားမရှိပါ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် အရှုပ် ဇယားတစ်ခုဖြစ်ကြောင်း တစ်တိုင်းပြည်လုံးသိကြသည်။ တပ်မ တော်အရာရှိကြီးများပါဝင်သော မြန်မာစီးပွားရေးဦးပိုင်လီမီတက်           နှင့်တိုက်ရိုက်ပတ်သက်နေသောကြောင့်လည်း ဖြေရှင်းရန် ပို၍ လက်ဝင်နေလေသည်။ ပြည်သူများကတော့ ဒီကြားထဲမှာ ”ငထွား ခါးနာ”ရသည့်ကိန်း ဆိုက်ရခြင်းဖြစ်သည်။

လက်ပံတောင်းတောင် အနီးအနားမှ ဒေသခံများ အတွက်မူ ၄င်းတို့၏ အိုးအိမ်များ၊ သာသနိက အဆောက်အုံ များ၊  စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ ရွှေ့ပြောင်း ပေးရခြင်းအပြင် အခြားသော လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အထွေထွေ ထိခိုက်နစ်နာမှုများကြောင့် သူတို့၏ သဘောထားကို ဆန္ဒဖော်ထုတ်နေကြသည်မှာ လနှင့်ချီကြာနေပါပြီ။

နောက်ဆုံးတစ်ချီတွင် သံဃာတော်များပါ ပူးပေါင်း လာကြပြီး သပိတ်စခန်းများဖွင့်၍ အရေးဆိုလာကြသောအခါ အများပြည်သူနှင့် နိုင်ငံရေးသမားတို့၏ အာရုံစိုက်ခြင်းကို ခံလာရသည်။ လက်ပံတောင်းတောင် အရေးသည် လွှတ် တော်တွင် အဆိုတင်သွင်းသည်အထိ ဖြစ်လာခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုဝင်ဘာ ၂၉ ရက်တွင် ဒေသခံများနှင့် တွေ့ဆုံရန် လက်ပံတောင်းတောင်ဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း ကြိုတင်ကြေညာထားပြီးဖြစ်သည်။

သို့သော် ထိုနေ့နံနက်တွင်မူ အချိန်ကိုက် လုပ်ကိုင်လိုက်သည့်အလား အာဏာပိုင်တို့၏  အင်အားသုံးဖြိုခွင်းမှုများ စတင်ခဲ့သည်။ အကြမ်းပတမ်းအရာတွင် လက်ယဉ်နေသူများ ပီသပါပေ၏။ ဖြိုခွင်းလိုက်သည်မှာ သံဃာတော်နှင့် လူပုဂ္ဂိုလ်များ ဆေးရုံရောက်ကြရသည်အထိ၊ ကြည့်ရမြင်ရသူ ပြည်သူများ စိတ်မချမ်းသာစရာ ခံစားရသည်အထိ ဖြစ်ခဲ့ရလေသည်။

လက်လွန်သွားပြီကို သိလိုက်ပြီဖြစ်သော ဆိုင်ရာတို့သည် ကြမ်းပိုးကို လိပ်ဖြစ်အောင် တိုင်းပြည်ကို တစ်နည်းတစ်လမ်း အကဲစမ်း၍ ဖြေရှင်းကြပြန်သည်။ သပိတ်စခန်းဖြိုခွင်းမှုတွင် ဖြိုခွင်းမည့်အကြောင်း အသံချဲ့စက်များဖြင့် ပြောခဲ့ပါသည်။ နောက်ဆုံးမှာ မလွှဲမရှောင်သာ ဖြိုခွင်းရခြင်းသာဖြစ်သည်ဟု ဆိုလေသည်။

ဆိုင်ရာတို့ဘက်မှ အချိန်မဆိုင်းဘဲ နိုဝင်ဘာ၃ဝရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး သူရသွင်ကိုကို၏ ဖြေရှင်း ချက်ကို နိုင်ငံပိုင် ရုပ်သံမီဒီယာများတွင် ထုတ်လွှင့်ခဲ့သည်။

”သပိတ်စခန်းလေးခုကို ကျွန်တော်တို့ နိုင်ငံတကာ စံချိန်စံညွှန်းများဖြင့် ခွင့်ပြုထားတဲ့အတိုင်းပဲ မီးသတ်ပိုက်များဖြင့် ဖြိုခွင်းခြင်း၊ မျက်ရည်ယိုဗုံးသုံးခြင်း၊ မီးခိုးဗုံးသုံးခြင်းများကို မလွှဲသာ မရှောင်သာဘဲ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ရပါတယ်။ အဲလိုဆောင်ရွက်ခဲ့တဲ့နေရာမှာ အင်အားကိုလည်း အတတ်နိုင် ဆုံး အသင့်အတင့်သာ သုံးခဲ့ကြောင်း တွေ့ရှိရပါတယ်”ဟု သူ၏ ပြောဆိုချက်ကို တစ်တိုင်းပြည်လုံးကြားခဲ့ရပြီးဖြစ်သည်။”ဆင်ကျီစားတာ ဆိတ်မခံနိုင်” ပါကလားဟုသာ မြန်မာ စကားပုံလာ စကားကို ကိုးကားပြောရတော့မည်။ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးများသာ သုံးခဲ့သည်ဆိုသော်လည်း ထိခိုက်ဒဏ်ရာရသူများ၏ မမြင်ရက်စရာ စုတ်ပြတ်သွားသော ခန္ဓာကိုယ့်အနှံ့မှ ဒဏ်ရာဒဏ်ချက်များက သူပြောသလို မဟုတ် ကြောင်း ထင်ရှားစေခဲ့ပြီးဖြစ်သည်။

ကျွမ်းကျင်သူများကတော့ ယခုဖြေရှင်းချက်ကို ခေါင်းခါ ကြသည်။ ပြည်သူများကလည်း မယုံကြ။ ဒါမျိုးတွေက ရိုးနေပါပြီ။ ဒီထက် ယုတ္တိရှိသော ဖြေရှင်းချက်များကို တိုင်းပြည်က ကြားချင် နေပါသည်။

သပိတ်စခန်းများ ဖြိုခွင်းပြီးနောက် အစိုးရက လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နှစ်ကြိမ်တိုင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင် ဆန်းစုကြည်ပါဝင်နေသည့်အတွက်လည်း ကော်မရှင်သည် လူထု ယုံကြည်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိနေသည်။

သို့သော် အမယ်ဘုတ်ကဲ့ သူ့ချည်ခင်လို ပွေလီလှ သော စီမံကိန်းအရှုပ်တော်ပုံကြီးတွင်  တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များ၊ လက်ရှိအစိုးရအဖွဲ့တွင်းမှ တိုက်ပုံဝတ် တပ် မတော် ခေါင်းဆောင်ဟောင်းတချို့၏အကျိုးစီးပွား၊ တရုတ်နှင့် ဆက်ဆံရေး မျက်နှာမပျက်ရေး စသည်တို့နှင့်လည်း ဆက်နွှယ် နေရာ ထဲထဲဝင်ဝင်ကိုင်တွယ်ရန်မှာ လွယ်ကူပါ့မလားဟု သံသယ ရှိသူများလည်း  ရှိသည်။

ယင်းသံသယနှင့်ပတ်သက်၍ ဒီဇင်ဘာ ၆ ရက်တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ”ဘယ်သူ့အကျိုးစီးပွားမှ ကာကွယ်မှာ မဟုတ်ဘူး” ဟု သတင်းထောက်တစ်ဦး၏ အမေးကို ဖြေကြားခဲ့ သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို လာ မည့် ဇန်နဝါရီ ၃၁ ရက်အမီ တင်ပြရန်လည်း သမ္မတက လက် မှတ်ထိုးပြီး ထုတ်ပြန်ထားသည်။ ကော်မရှင်အနေဖြင့် လက် တွေ့တွင် မည်သည့်အတိုင်းအတာအထိ ထိထိရောက်ရောက် လုပ်ကိုင်နိုင်မည်လဲ၊ အစီရင်ခံစာတွင် မည်သည့်အချက်များ ပါဝင်မည်လဲ၊ မည်သည့် ဂယက်များ ထဦးမည်လဲဆိုသည်ကို စောင့်ကြည့်ရဦးမည်။ အဖြေနှင့် ဝေးလာဝေးနေသေးသော ရခိုင်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကဲ့သို့ အဖျားမရှူးရန်မူ အလွန်အရေးကြီးပါသည်။

ဘာတွေဆက်ဖြစ်လာဦးမည်ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေးပါ။ အစိုးရထိပ်ပိုင်းကမူ ယခုအထိ နှုတ်ဆိတ်နေပါ သည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို ဖုတ်ပူမီးတိုက် ဖွဲ့စည်းပေးလိုက်ခြင်းဖြင့် တာဝန်ကျေပြီဟု ယူဆနေပြီလား မဆိုနိုင်ပါ။ အစိုးရက ရေငုံနှုတ်ပိတ်လုပ်နေခြင်းသည် လူထုကို ပိုမိုမချင့်မရဲဖြစ်စေပြီး ဒေါသလည်းထွက်စေသည်။ ယခုအခါ မြန်မာနိုင်ငံ၏ နေရာအချို့တွင် လက်ပံတောင်းတောင်အရေး သံဃာ တော်နှင့် ပြည်သူတို့၏ ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပေါ်နေသည်။ အစိုးရက သံဃာတော်များအား သူတို့လွန်ကျူးခဲ့မှုများကို ဝန်ချ တောင်းပန်မှုများပြုလုပ်သည်။ သူတို့ အရေးယူလိုသည်မှာ သံဃာ ထုကို အကာအကွယ်ယူထားသော လူပုဂ္ဂိုလ်များကိုသာဖြစ်ပြီး ၄င်းတို့က ဦးစွာတိမ်းရှောင်သွားကြသည့်အတွက် အာဏာ ပိုင်တို့၏ မျက်ရည်ယိုဗုံးများသည် သံဃာတော်များကို မမျှော်လင့်ဘဲ ထိခိုက်ခဲ့ရခြင်းသာဖြစ်သည်ဟု ဆိုသည်။ သံဃာတော်များကို မှဲ့တစ်ပေါက်တောင် မစွန်းစေချင်သော ဆန္ဒကိုယ်စီရှိပါသည်ဟုလည်း ဆိုင်ရာတို့က ပြောလေသည်။

အာဏာပိုင်တို့က လက်ပံတောင်းတောင် သပိတ်စခန်းများ ကို ဖြိုခွင်းပြီးနောက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သည် မုံရွာနယ်နိမိတ်ကို ကျော်လွန်ပြီး မြန်မာပြည်အနှံ့အပြားသို့ ရောက်လာခဲ့ပြီဖြစ်သည်။ လက်ပံတောင်းတောင်အရေးသည် အာဏာရှင်စစ်အုပ်ချုပ်ရေးလက်ထက်က လက်သင့်ရာ စား တော်ခေါ်ပြီး လက်သိပ်ထိုးလုပ်ကိုင်ခဲ့သော အလုပ်များ၏ အကျိုး ဆက်များထဲမှ တစ်ခုဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ရွေး ကောက်ပွဲဖြင့် တက်လာသော ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအစိုးရအနေဖြင့် တစ်နှစ်နီးပါး သက်တမ်းအတွင်း ပြုပြင်ပြောင်းလဲရေးတချို့ လုပ်ခဲ့ပါသည်။ အဆိုပါ ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ် တချို့ကြောင့်ပင် နိုင်ငံတကာမျက်နှာစာ တွင် အစိုးရသည် မျက်နှာပန်းပွင့်ခဲ့သည်။ မကြာသေးမီကပင် နှစ်ငါးဆယ်အတွင်း မေးထူးခေါ်ပြောလောက်သာ ရှိခဲ့သော အမေရိကန်နှင့် ဆက်ဆံရေးတွင် ပြန်လည်၍ ရွှေလမ်းငွေလမ်း ဖောက်နိုင်သည်အထိ အစိုးရသည် ရလဒ်ကောင်းခဲ့သည်။

အဆိုပါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ အကျိုးကျေးဇူးကို အစိုးရနှင့် ထိပ်ပိုင်းခေါင်းဆောင်များကသာခံစားခဲ့ကြရပြီး ပြည်သူများအကြား သိသာထင်ရှားသည့် အပြောင်းအလဲများကမူ မည်မည်ရရမတွေ့ရသေးပါ။ စည်းနှင့်ကမ်းနှင့်ပေး ထားသော ဒီမိုကရေစီအခွင့်အရေးတချို့ကား ပြည်သူလူ ထုက ရရှိသည်မှာ မှန်ပါ၏။ ဆန္ဒပြပွဲများသည်အစိုးရသစ်တက် လာပြီး တစ်နှစ်တွင်း အများအပြားဖြစ်ခဲ့သည်။ မြေယာပြဿ နာ၊ အလုပ်သမား အခွင့်အရေးနစ်နာမှုများအား ထုတ်ဖော် ဆန္ဒပြမှုများရှိခဲ့သည်။

နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတချို့နှင့် ပြည်တွင်း တွင် ကြုံရတိုင်း အစိုးရသည် ယခင်အစိုးရလက်ထက်က လုပ် ဆောင်ချက်များ၏ အကျိုးဆက်ဟု လက်ညှိုးထိုးခဲ့ပါသည်။ သို့သော် အစိုးရတစ်ရပ်သည် ယခင် အစိုးရတစ်ရပ်၏ ကောင်းမွေ၊ ဆိုးမွေကို မလွှဲသာ မရှောင်သာဆက် ခံရစမြဲဖြစ်ပါသည်။

ယခု အရပ်သားအစိုးရအနေဖြင့်မူ ပို၍ တာဝန်ရှိပါသည်။ အကြောင်းမှာ ယခု အစိုးရအဖွဲ့၏ အဖွဲ့ဝင်ထက်ဝက်ကျော်မှာ ယခင် အာဏာရှင်အစိုးရလက်ထက်က တိုင်းပြည်၏ထိပ်တန်း ရာထူးကြီးများကို ထမ်းဆောင်ခဲ့သူများဖြစ်ပါသည်။ နိုင်ငံတော် ၏ ကိစ္စများကို လက်ညှိုးညွှန်ရာ အရာထင်စေနိုင်သော အခွင့် အရေးနှင့် အာဏာကို ပိုင်ဆိုင်ခဲ့ကြသူများလည်းဖြစ်သည်။

ထို့ကြောင့် ယခုအရပ်သားအစိုးရအဖြစ် အမည်ခံထား သော  အစိုးရအဖွဲ့ဝင်လူကြီးမင်းများအနေဖြင့် ယနေ့ တိုင်းပြည်၏ ပြဿနာများတွင်အဓိက တာဝန်ရှိသူများဖြစ်ပါသည်။ အပေါ်ယံ ဝတ်စုံများ ပြောင်းသွားရုံမျှနှင့် ယခင်က ပြုလုပ်ခဲ့သော ကောင်း မွေ၊ ဆိုးမွေများမှ ဖယ်ခွာရန် မဖြစ်နိုင်ပါ။

လက်ပံတောင်းတောင်တွင် ယခုဖြစ်ပျက်ခဲ့သော အကြမ်းဖက် ဖြိုခွင်းမှုများသည်ပင် ဒီမိုကရေစီ အရပ်သားအစိုးရ၏ သိက္ခာရှိသော၊ မျှတသော လုပ်ရပ်မဟုတ်သည်မှာထင်ရှား ပါသည်။ ယခင်အာဏာရှင် အစိုးရကိုယ် ကျိုးစီးပွားကာကွယ်ရေး၊ ရက်စက်သော လူထုဖိနှိပ်ရေး လုပ်ရပ်များနှင့် ထပ်တူထပ်မျှသာ ဖြစ်နေပါသည်။

အထူးသဖြင့် သံဃာတော်များအား ရက်စက်စွာ အင်အားသုံးဖြေရှင်းသည်မှာ မည်သို့မှ လက်မခံနိုင်စရာ ဖြစ်ပါ သည်။ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်းတုန်းက တစ်ကြိမ် လည်း ဖြစ်ခဲ့ဖူးပါသည်။ ယခု ဒီမိုကရေစီ အစိုးရဟု တွင်တွင်ပြော နေသော  အစိုးရတစ်ရပ်၏ လက်အောက် တွင် တစ်ခါကြုံရ ပြန် ပါပြီ။

လူထုရရှိသော ဒီမိုကရေစီမှာ ဘုရားစူး ဒီမိုကရေစီဟုသာ ဆိုရတော့မည်။ တချို့ကမူ အစိုးရသစ်တက်ခါစ အလလွန် ကျွံ  မျှော်လင့်ချက်များ ထားခဲ့ကြသည်။ မဝရေစာ ဒီမိုကရေစီ အခွင့်အရေးကလေးများ နောက်ကြောင်းပြန်လှည့်မည့် အရေး ပူပန်စိုးရိမ်မှုများလည်း ရှိခဲ့သည်။

ယခုတော့ အစိုးရသည် သူ့၏ မျက်နှာဖုံးကို ဖွင့်ပြပါပြီ။ အာဏာနှင့် ကိုယ်ကျိုးစီပွားကို မထိခိုက်သေးသရွေ့  အစိုးရသည် လူထု၏ ဆန္ဒထုတ်ဖော်မှုများ၊ တောင်းဆိုသံများကို လျစ်လျူရှု ထားလိမ့်ဦးမည်။ တစ်နည်း လိုက်လျောခွင့်ပြုထားလိမ့်ဦးမည်။ သို့ သော် အာဏာနှင့်ကိုယ်ကျိုးစီးပွားကို တိုက်ရိုက်ထိပါးလာသည့် အခါတွင်မူ အစိုးရသည် လူထုကို မညှာသည့်အကြောင်း လက် ပံတောင်းတောင်အရေးအခင်းက သက်သေပြလိုက်ပါပြီ။ အစိုးရအပေါ် လူထု၏မရဲတရဲ အကောင်းမြင်မှုမှာ ယခုအခါ တဲတဲ လေးသာ ကျန်ပါတော့သည်။

လက်ပံတောင်းတောင်မှာ အခုတော့ ကြေကွဲစရာတွေဖြစ်ခဲ့ ပါပြီ။ ဝမ်းနည်းစရာတွေကို တိုင်းပြည်က မြင်ခဲ့ရပါပြီ။ အဆိုပါ အရာများကို ကုစားဖို့ အစိုးရအနေဖြင့် ထိရောက်မှန်ကန်သော ဖြေရှင်းမှုတစ်ရပ်ကို အရေးတကြီး တာဝန်ယူလုပ်ဆောင်ဖို့ လို ပါလိမ့်မည်။ လက်ပံတောင်းတောင် အရေးအခင်း၏ ပြဿနာ များကို မျှတမှန်ကန်စွာ ဖြေရှင်းပေးခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။

ထိုသို့ဖြေရှင်းရာတွင် လူထု၏ အကျိုးစီးပွားကို အခြေခံ စဉ်းစားဆုံးဖြတ်မှသာ သင့်တော်မှန်ကန်ပေမည်။ စာရွက် ပေါ် မှရရှိသော အချက်အလက်နှင့် ပကတိဖြစ်ရပ်များမှ ကင်းကွာ သော စံချိန်စံနှုန်းများချည်းဖြင့်တော့ အလုပ်ဖြစ်မည် မထင် ပါ။  ဒေသခံပြည်သူတို့၏ ခံစားချက်နှင့် လိုအင်ဆန္ဒများအား အခြေခံ စဉ်းစားခြင်းမှ ပေါက်ဖွားလာသော ရလဒ်သည်သာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ သို့မဟုတ်ပါက တိုင်းပြည်၏ ရှေ့ခရီးတွင် နာကျင်စရာများနှင့်သာ ပြွမ်းတီးနေလိမ့်ဦးမည်။

ယခုဖြစ်ပွားနေသော အရေးအခင်းများသည်အတိတ် ကာလက အစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိသော လုပ်ရပ်များ၏ အကျိုးဆက်ဟုပြောကြပါသည်။ ထိုအကျိုးဆက်များကို အစိုးရအနေဖြင့် သိစိတ်ရှိရှိဖြင့် ငြိမ်းချမ်းမျှတစွာတာဝန် ယူဖြေရှင်းရန်လည်းလိုပါသည်။ အတိတ်ကာလနှင့် ချက်ကြိုး ဖြတ်ရန် မကြိုးစားသင့်ပါ။

လက်ပံတောင်းတောင်တွင် အာဏာပိုင်တို့ ပြုလုပ်ခဲ့သော အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းကမူ အရုပ်ဆိုးလွန်းပါသည်။ အကျည်းတန်ခဲ့ရပြီဖြစ်သည့် အစိုးရ၏ ပုံရိပ်ကို ကုစားရန်မှာ အစိုးရသည် လူထု၏ ဒီမိုကရေစီအခွင့်အရေးများကို အာမခံပေးဖို့ဖြစ်ပါသည်။ ကိုယ်ကျိုးစီးပွားအခြေခံ စဉ်းစားပုံများမှ လမ်းခွဲထွက်ဖို့ဖြစ်သည်။ ပြည်သူပြည်သားကိုမေတ္တာ မထားမချင်း ပြည်သူပြည်သားတို့၏မေတ္တာကိုလည်း ပြန်လည်ရရှိမည်မဟုတ်ပါ။

နောက်ဆုံးမှာ အစိုးရဟူသည် ပြည်သူပြည်သားများ၏ အစေခံမျှသာဖြစ်ကြောင်းသဘောထားလိုက်နိုင်ဖို့ဖြစ်ပါသည်။ သို့သော် လက်ရှိအစိုးရအတွက်မူ ဒီအချက်က ခက်ခဲကောင်း ခက်ခဲနေပါလိမ့်ဦးမည်။      ။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here