Home ခရီးသွားဆောင်းပါး ကျိုက်ထီးရိုးနှင့် စေတနာအကျိုး ရောင်ပြန်မရကြသူများ

ကျိုက်ထီးရိုးနှင့် စေတနာအကျိုး ရောင်ပြန်မရကြသူများ

128
0
ဓာတ်ပုံ - ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ကျိုက်ထီးရိုးစေတီတော်သို့ ယခင်က ကျွန်တော်နှစ်ကြိမ် ရောက်ဖူးသည်။နှစ်ကြိမ်စလုံး တောင်ခြေကင်ပွန်းစခန်းမှ ကျိုက် ထီးရိုးတောင်ပေါ်သို့ ခြေကျင်တက်သည်။ တောင်ပေါ်တွင် တစ်ည အိပ်ပြီး နောက်ရက်တွင် ရသေ့တောင်သို့ ခြေကျင်ဆင်းကာ ယင်းမှတစ်ဆင့် တောင်ခြေကင်ပွန်းစခန်းသို့ ကားနှင့်ပြန်ဆင်းကြသည်။ တောင်ခြေသို့ပြန်ရောက်လျှင် ခန္ဓာကိုယ်မှာ မသယ်ချင်၊ မလှုပ်ချင်လောက်အောင်ကို ပင်ပန်းကာကျန်ခဲ့သည်။ စကားပင်မပြောချင်တော့။ အိမ်သို့ရောက်လျှင် နောင် မသွားတော့ဘူးဟုသာ တွေးမိသည်။

ကျိုက်ထီးရိုးသို့သွားဖြစ်ခဲ့သည့် နှစ်ကြိမ်စလုံးသည်လည်း စရိတ်မကုန်ဘဲ သူများကခေါ်၍သာ ရောက်ခဲ့ရခြင်း ဖြစ်သည်။ မိမိဘာသာဆိုလျှင် ရောက်လိမ့်မည်မဟုတ်။ သွားချင်သည့် စိတ် လည်း မဖြစ်ပေါ်။ ယင်းသို့ မသွားချင်ရခြင်းမှာလည်း ရောက်ဖူးပြီး သားဖြစ်ခြင်းထက် ကျိုက်ထီးရိုးတောင်ပေါ်သို့ ရောက်လျှင် ညအိပ်ရန် နေရာ၊ ရေချိုးရန် နေရာနှင့် သန့်စင်ခန်းသွားရန် နေရာများအတွက် အခက်အခဲဖြစ်ခြင်းကြောင့်သာ ဖြစ်သည်။

ယင်းအရာတွေထက် ပိုမိုဆိုးရွားသည်က တောင်ပေါ်တက် သည့် လမ်းတစ်လျှောက်နှင့် ဘုရားရင်ပြင်တော် ပေါ်သို့ မရောက်ခင်တွေ့ရသည့် အလှူခံမဏ္ဍပ်များမှ အတင်းအဓမ္မအလှူငွေတောင်းခံခြင်းကိစ္စပင်ဖြစ်သည်။ ယင်းသို့ ပြုမူခြင်းကို ကျိုက်ထီးရိုးတောင်ပေါ်သို့ ခြေကျင်တက်ဖူးသူတိုင်း တွေ့ကြုံခံစားဖူးကြမည်။ အလှူငွေ မထည့်လျှင်ပင် ကျားထွက်ပြီးကိုက်တော့မလို၊ တောင်ပိုင်ဘိုးဘိုးကြီးဆိုသူကပင် တောင်ပေါ်မှ တွန်းချတော့မလို၊ အမျိုးမျိုး ခြိမ်းခြောက် စကားဆိုတတ်ကြသည်။ ထို့ပြင် “သဒ္ဓါတရားတော်တော်နည်းကြပါလား”ဆိုသည့် အပြောမျိုးကလည်း အပြောခံ ရသေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

တည်းခိုခန်း၊ ဟိုတယ်ခန်းခ ဈေးနူန်းများမှာလည်း ဘုရားဖူးလာသူ များလျှင်များသလို သောင်းဂဏန်း၊ သိန်းဂဏန်းအထိ မယုံနိုင်လောက်သည့် ဈေးနှုန်းများကြားရသည်။ ဘုရားဖူးများပြားလျှင် ကြုံတွေ့ရသည့် နောက်ပြဿနာ တစ်ခုက သန့်စင်ခန်း ဖြစ်သည်။ ကျိုက်ထီးရိုးသို့ ကျွန်တော် ပထမရောက်သည့် အခေါက်က ၂၀ဝ၈ ခုနှစ်။ မနက်စောစော အိပ်ရာမှ ထကာ အများသုံးသန့်စင်ခန်းသို့ သွားခဲ့သည်။ လေးခန်း၊ ငါးခန်းတွဲခန့် ရှိမည့် သန့်စင်ခန်းရှေ့တွင် မြင်ရသည့် မစင်တို့မှာ မြင်ရက်စရာ မကောင်းလောက်အောင် တစ်သက်မမေ့နိုင်သည့် မြင်ကွင်းပင်။ ပါးစပ်မှ ‘ဟာ’ဆိုသည့် အာမေဍိတ်သံပင် ထွက်၍သွားသည်။

ဓာတ်ပုံ - ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

သို့သော် မတတ်နိုင်။ ကိုယ့်ဒုက္ခကလည်း အမြန်ရှင်းဖို့ လို နေသည်။ ထို့ကြောင့် အရဲစွန့်ကာ အိမ်သာအခန်းဝထိ ရောက်အောင် ချပေးထားသောအုတ်နီခဲများကိုနင်း၍ အိမ်သာအခန်းထဲသို့ဝင်ရန်ကြိုးစားလိုက်သည်။ အိမ်သာအခန်းဝနား ရောက်၍ အခန်းတံခါးဖွင့်လိုက်စဉ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့်  ‘ဟင်’ ခနဲဖြစ်ကာဟန်ချက်ပျက် လဲကျမသွားအောင်  အတော်ပင် ထိန်း လိုက်ရသည်။ အကြောင်းမှာ မစင်တို့သည်   အိမ်သာခွက်ကို လျှံ ကျကာ တစ်ခန်းလုံး ပေကျံနေသော ကြောင့်ဖြစ်၏။

ကျွန်တော်သည် အခန်းထဲဝင်ဖို့အတွက်ထပ်၍ မစွန့်စားတော့။ တခြားနေရာသို့သာ အလျင်အမြန် ထွက်ပြေးသွား လိုက်ရသည်။ ထိုတွေ့ခဲ့ရသော မြင်ကွင်းမှာ ကျွန်တော့်မှတ်ညဏ်တွင် ဓာတ်ပုံရိုက်ထားသလို ယနေ့တိုင်ထင်ရှား၍ နေဆဲ ပင်ဖြစ်၏။

အထက်ပါ အတွေ့အကြုံများကြောင့် ကျိုက်ထီးရိုးသို့ သွားချင်သည့်စိတ် ကျွန်တော့်တွင် ထပ်၍ပေါ်မလာတော့။ သို့တိုင် ကြည်ညိုစရာကောင်းသည့် ကျိုက်ထီးရိုးစေတီတော်ကြီး၏ ဓာတ်ပုံများကိုက နှစ်စဉ်ဖူးမြော်ဖြစ်သလို တစ်ဖက်တွင် လည်း ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်တွင် ကျွန်တော့်လို တွေ့ကြုံရသူတို့၏ အသံတို့ကိုလည်း နှစ်စဉ်တစ်မျိုးမဟုတ် တစ်မျိုးတော့ ကြားနေရဆဲဖြစ်သည်။ ကျွန်တော့်အသိထဲမှ မိတ်ဆွေတစ်ဦးဆိုလျှင် အလှူခံသူတို့၏ လုပ်ရပ်များကို နားနှင့် ကြားရုံမျှဖြင့် ကျိုက်ထီးရိုးသို့ လုံးဝမသွားဖြစ်ကြောင်း ပြောပြဖူးလေသည်။ ကျွန်တော့်မှာလည်း  နှစ်ခေါက်ရောက်ပြီးသည့် နောက် နောက်တစ်ကြိမ်သွားဖို့ ပြောလာလျှင်ပင် ဆားတို့ခံရသည့် တီကောင်ပမာ တွန့်တွန့်၍ သွားသည်။

ထိုသို့ ကျိုက်ထီးရိုးသို့ မသွားချင်ခဲ့သည့် ကျွန်တော်သည် ယခုနှစ်တွင် ကင်ပွန်းစခန်းသို့ သွားရောက်ရန် အကြောင်း ဖန်လာသည်။ လုံးဝမသွားဘူးဟု အကျောက်အကန်ငြင်းနေသည့်ကြားက သီတင်းကျွတ်လပြည့်နေမတိုင်ခင် ကင်ပွန်းစခန်းသို့ သွားခဲ့ရသည်။ ပထမအကြိမ်၊ ဒုတိယအကြိမ်သွားခဲ့စဉ်က စင်းလုံးငှားယာဉ်နှင့်သွားခဲ့ရခြင်းဖြစ်ပြီး ယခုတတိယအကြိမ်က တော့ ရန်ကုန်မှ ကင်ပွန်းစခန်းသို့ တိုက်ရိုက်ပြေးဆွဲနေသည့် အဝေးပြေးမော်တော်ယာဉ်နှင့် ထွက်ခဲ့ကြသည်။ ကျိုက်ထို-ကျိုက်ထီးရိုးသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်များပေါများသဖြင့် လက်မှတ်ပင် ကြိုတင်မှာထားရန်မလို။

ရန်ကုန်မှ အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ရောက်သော အခါ နံနက် ၁၁နာရီထွက်မည့် မော်တော်ယာဉ်သည် ကင်ပွန်းစခန်းသို့ တိုက်ရိုက်မရောက်ဘဲ ရောက်သည်ဟုဆိုကာ ကျွန်တော်တို့အား လက်မှတ်ရောင်းရဖို့ ကြိုးစားသေး သည်။ သို့သော် ကျွန်တော်တို့သည် အတူတူသွားမည့် ခရီးသွားဖော်တစ်ဦး မရောက်သေး၍ နောက်ကားနှင့် လိုက်မည်ဟု ဆုံးဖြတ်လိုက် သည်။ ထိုအခါမှ ၁၁ နာရီကားသည် ကျိုက်ထိုမြို့အထိသာ ရောက်ပြီး ၁၂ နာရီခွဲ ထွက်မည့်ကားသာလျှင် ကင်ပွန်းစခန်းသို့ ရောက်မည်ဖြစ်ကြောင်း စုံစမ်းသိလိုက်ရသည်။ ထို့ကြောင့် ပထမ ကားနှင့်သာ လိုက်မိပါက စိတ်ကသိကအောက် ဖြစ်ရဦးမည်။

နေ့လယ် ၁၂နာရီခွဲ ထွက်မည်ဆိုသော ကားမှာ ထုံးစံ အတိုင်း ၁ နာရီလောက်မှ ထွက်ဖြစ်သည်။ ရန်ကုန်မှ ကင်ပွန်း စခန်းအထိ ကားခမှာ ၃၅၀ဝကျပ် ဖြစ်၏။ ကျွန်တော်တို့စီးလာသည့်ကားသည် ဟွန်ဒိုင်းအမျိုးအစားဖြစ်ပြီး အသင့်အတင့် ကောင်းသည်ဟုဆိုရမည်။ သို့သော်အဲကွန်းကသိပ်မအေး။ တချို့က ပြတင်းပေါက်ဖွင့်ကြရာ စပယ်ယာ လုပ်သူက ပြန်ပိတ်ပေးဖို့ မကြာခဏလာပြောသည်။

ရန်ကုန်က ထွက်လာသည့်အခါတွင် ထိုင်ခုံပြည့်ဖြစ်သည်။ သို့သော် ပဲခူးရောက်သည့်အခါတွင် ဘုရားကြီး၊ ဝေါ၊ ကျိုက်ထို စသည့်မြို့များသို့ သွားမည့် လမ်းတက်ခရီးသည်များ တက်လာရာ ကား၏လျှောက်လမ်းတွင် မတ်တတ်ရပ်စီး ခရီးသည်များနှင့် ပြည့်ကျပ်သွားသည်။

ညနေ ငါးနာရီအချိန်တွင် ကျွန်တော်တို့သည် ကျိုက်ထိုမြို့သို့ ရောက်ခဲ့ကြသည်။ ကျိုက်ထိုမြို့တွင် ခရီးသည် တချို့ ဆင်းသွားကြ၏။ ခရီးသည်အများစုကတော့ ကင်ပွန်းစခန်းအထိ လိုက်ပါလာကြသည်။

ကင်ပွန်းစခန်းသို့ ကျွန်တော်တို့လာခဲ့ရသည့် အဓိကအကြောင်းမှာ အခြေခံသတင်းစာပညာသင်တန်းဖွင့်ဖို့ ဖြစ်သည်။ မြန်မာဂျာနယ်လစ်ကွန်ရက်နှင့် ကင်ပွန်းစခန်းအခြေစိုက်ဒေသခံ အဖွဲ့အစည်းတစ်ခုက ပူးပေါင်းစီစဉ်သည့် သင်တန်းဖြစ်သည်။ ထိုသင်တန်းသို့ ကျွန်တော်နှင့်အတူ တခြားသင်တန်းဆရာ နှစ်ဦး လည်းပါသည်။ ကျွန်တော်တို့သည် ကင်ပွန်းစခန်းသို့ ရောက်သည်နှင့် သင်တန်းဖွင့်ရန် စီစဉ်ထားသည့်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးနှင့် ဦးစွာ ချိတ်ဆက်လိုက်သည်။

ထို့နောက် သင်တန်းစီစဉ်သူများနှင့်တွေ့ဆုံကာ သင်တန်း ပေးမည့် အခြေအနေများကို ထပ်မံညှိနှိုင်းကြသည်။ ပြီးလျှင် ကျွန်တော်တို့ နေထိုင်စားသောက်ဖို့ ၄င်းတို့က နေရာချပေးသည်။ နောက်ရက်တွင် ကျွန်တော်တို့ သတင်းစာ သင်တန်းစသင်ကြသည်။ ပထမသုံးရက်ကို သီအိုရီများသင်ကြားပေးပြီး ကျန်သည့်နှစ်ရက်ကို လက်တွေ့ သတင်းလိုက်ခြင်းနှင့် လက်တွေ့သတင်းရေးသားခြင်းများပြုလုပ်ခဲ့ကြသည်။

ပထမက သတင်းလိုက်ရန်အတွက် ကင်ပွန်းစခန်းပတ်ဝန်းကျင်တွင် ကိုယ်အလျဉ်းသင့်သည့် နီးစပ်ရာ သတင်းကို လိုက်ကြဖို့ဖြစ်သည်။ သို့သော်တိုက်ဆိုင်စွာပင် ကျိုက်ထီးရိုးတောင်ဖွင့်ပွဲနှင့်ကြုံကြိုက်နေသည်။ ထိုကျိုက်ထီးရိုးတောင် ဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်လာမည်။ ပြီးလျှင် ကရင်တိုင်းရင်းသားရိုးရာ အက၊  မွန်တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေမည်ဖြစ်သည်။ ထိုဖွင့်ပွဲသို့ တချို့သောသင်တန်းသားများက သွားလိုကြသည်။ ထို့ကြောင့် အခြေအနေကို ကြည့်ကာ ကျွန်တော်သည် ကျိုက်ထီးရိုးတောင်ပေါ်တွင် သတင်းလိုက်ရန် ဆုံးဖြတ်လိုက်သည်။

သင်တန်းသူ၊ သင်တန်းသားတချို့က ပျော်သွားကြဟန်တူသည်။ လက်ခုပ်ပင်တီးလိုက်သေး၏။ သို့ဖြစ်၍ မည်သည့် သတင်းများလိုက်မည်ကို သင်တန်းအတွင်း ကြိုတင်ဆွေးနွေးကြရန် ပြင်ဆင်လိုက်သည်။ ထိုသို့ဆွေးနွေးမည် ဆိုသောအခါ သင်တန်းသား တချို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြကာ ပြုံးကြသည်။ ပြီးလျှင် သင်တန်းသားတစ်ဦးက “ကျိုက်ထီးရိုးတောင်ပေါ်ဆိုရင်တော့ သတင်းတွေကအများကြီးရေးလို့တောင် ကုန်မှာ မဟုတ်ဘူး”လို့ အရယ်တစ်ဝက်ဖြင့် ဆိုသည်။

ကျွန်တော်က “အဲဒါဆိုကောင်းတာပေါ့။ ထွေထွေထူးထူး ရှာစရာ မလိုတော့ဘူးပေါ့။ ပြောကြည့်ပါ၊ ဘာရေးမလဲ”လို့ သူတို့ဆီက သတင်းများကို ဆွဲထုတ်လိုက်သည်။ ပထမဆုံးပြောသည့်သတင်းက ကျိုက်ထီးရိုးတောင် ဖွင့်ပွဲသတင်းဖြစ်သည်။ ဘယ်သူတွေကို မေးမလဲ၊ ဘယ်လိုအကြောင်းအရာတွေကိုမေးမလဲလို့ ကျွန်တော်က ထပ်ဆင့် မေးခွန်းထုတ်ဆွေးနွေးလိုက်သည်။ အားလုံးဝိုင်းဝန်းဆွေးနွေးကြသည်။ သတင်းတစ်ပုဒ်လိုက်ရန် အဆင်သင့်ဖြစ်သွား သည်။

နောက်တစ်ပုဒ်ကို ကျိုက်ထီးရိုးရှိ အလှူခံများအကြောင်း ကို သတင်းရေးမည်ဟု သင်တန်းသူတစ်ဦးက ဆိုသည်။ ထိုအခါ ကျွန်တော်က “အလှူခံသတင်းက ဘာကိုရေးမှာတုံး၊ ဘာထူးလို့ တုံး”ဟု မေးခွန်းထုတ်လိုက်ရာ သင်တန်းသူ၊ သင်တန်းသား အား လုံးက ‘ဟာ’ဟု သံပြိုင်အာမေဍိတ်သံထွက်ကာ တစ်ယောက် တစ်ပေါက်ပြောကြလေသည်။

ရသေ့တောင်မှ ကင်ပွန်းစခန်းအထိ သင်တန်းလာတက်သည့် အသက်အကြီးဆုံးသင်တန်းသားတစ်ဦးက “ကျိုက်ထီးရိုးမှာ အလှူခံတွေက အရမ်းသောင်းကျန်းနေတယ်။ အရမ်းကိုဆိုးတာ။ အလှူငွေမထည့်ရင်ဘဲ ကျားကိုက်တော့ မလို၊ မြွေကိုက်တော့မလိုပြောကြတယ်။ ခြိမ်းခြောက်ပြီးအလှူခံကြတယ်။ အရမ်းရှက်ဖို့ကောင်းတယ်။ တခြားမြို့ကိုသွားလို့ ခင်ဗျားဘယ်မှာ နေတာလဲလို့ မေးရင်တောင် ကျိုက်ထီးရိုးမှာနေတာပါလို့ပြောဖို့ ကျွန်တော်အရမ်းရှက်တယ်။ ကျွန်တော့်လို ဒေသခံတွေကိုယ်တိုင် က ဒီကိစ္စကို လုံးဝမကြိုက်ဘူး”ဟု ဒေါသတကြီးပြောလေသည်။

တခြားသော သင်တန်းသူ၊ သင်တန်းသားများကလည်း သူတို့အတွေ့အကြုံများကို တစ်ယောက်တစ်ပေါက် ဝင်ထောက်ကြ သည်။ အဆိုပါ အလှူခံများကိုလေလံပစ်ပြီးသည့်နောက်တွင် ယင်းကဲ့သို့ ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း၊ လေလံပစ်သည်ဟုဆိုသော်လည်း လေလံဆိုသည့်အမည်ခံသာရှိပြီး အဓိကမှာဒေသခံခရိုနီတစ်ဦးက ချုပ်ကိုင်ထားခြင်း သာဖြစ်ကြောင်း၊ အဆိုပါ အလှူခံများ၏ အပြုအမူများကို ဟန့်တားထိန်းသိမ်းမည့်သူ မည်သူမျှမရှိကြောင်း  စသဖြင့် တစ်ယောက်တစ်မျိုးပြောကြသည်။

ကျွန်တော် ကင်ပွန်းစခန်းကို စရောက်သည်နှင့် ကြားနေရသည့် ခရိုနီဆိုသောစကားသည် နားရည်ဝနေသဖြင့် သိပ်ထူးခြားသည်ဟုမထင်ခဲ့။ သို့သော် နောက်ရက်များတွင်လည်း ဒီခရိုနီအကြောင်းကိုပင် လူငယ်ရော၊ လူကြီးပါ မကြာခဏဆိုသလိုပြောကြသည်။ ကျိုက်ထီးရိုးတွင် လုပ်သမျှလုပ်ငန်းအားလုံးသည် သူနှင့်တစ်ခုမျှ မကင်းသလောက်ပင် ဖြစ်သည်။

ယခု အလှူခံသတင်းကိစ္စပြောသည့်အခါတွင်လည်း ဒီမောင်ခရိုနီဆိုသူက ပါလာပြန်သည်။ ကျွန်တော်က စိတ်ဝင်စားသဖြင့် “ခရိုနီဆိုတဲ့ သူက တစ်ယောက်တည်းလား” ဟု မေးလိုက်ရာ “ဟုတ်တယ်၊ အဲဒီတစ်ယောက်တည်းက အကုန်လုံးကို လိုက်လုပ်နေတာ”ဟု ပြန်ဖြေလေ၏။

ကျွန်တော်သည် ဆွေးနွေးမှုများကိုပြန်ချုပ်ပြီး သတင်းရေးမည့်အကြောင်းကို ပြန်ဆွေးနွေးလိုက်သည်။ အလှူခံ အကြောင်းကို မည်သို့ရေးမည်နည်း၊ မည်သူ့ကိုမေးမည်နည်းစသဖြင့် အလှူခံသတင်းကို အဆုံးသတ်လိုက်သည်။

နောက်တစ်ပုဒ်မှာ ကျိုက်ထီးရိုးတောင်သို့သွားသည့် နောက်ထပ်ကားလမ်းသစ်တစ်ခု ထပ်မံဖောက်လုပ်နေသည့် အကြောင်းကို ပြောသည်။ ယင်းသို့လမ်းဖောက်ရာတွင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့နှင့် မောင်ခရိုနီတို့ ပူးပေါင်းဖောက်လုပ်နေခြင်းဖြစ်ကြောင်း ပြောပြသည်။ ထိုသတင်းကိုသင်တန်းသူတစ်ယောက်က ရေးမည်ဟု ဆွေးနွေးခြင်း ဖြစ်ရာ တခြားသောအသက်ကြီးသည့် သင်တန်းသားများက မဖြစ်နိုင်ကြောင်းပြောသည်။ မည်သူ့ကိုမေးမည်နည်း၊ မေးမြန်းမည်ဆိုပါကလည်း ပြဿ     နာဖြစ်နိုင်သည့်ကိစ္စ ဖြစ်သည်ဟုဆိုသည်။ ထို့ပြင် လမ်းဖောက်သည့်နေရာသို့ သွားဖို့ရန်အတွက်မှာလည်း အလှမ်းဝေးသဖြင့် အချိန်မလုံလောက်နိုင်ကြောင်း အခြေအတင်ဆွေးနွေးကြလေသည်။

“ဒီလမ်းဖောက်လုပ်တဲ့အကြောင်းက ကျိုက်ထီးရိုးနဲ့ပတ်သက်ပြီးတော့ ကျိုက်ထိုက လူတွေက စီးပွားဖြစ်ကြတယ်၊ ကောင်းစားသွားကြတယ်။ သိမ်ဇရပ်က လူတွေပါ အဆင်ပြေစေဖို့ အတွက် အခုလိုဖောက်တာလို့တော့ သိရတယ်။ ဒါပေမဲ့ အခုက သစ်တောတွေ အရမ်းပျက်စီးကုန်တာက ခက်တယ်”ဟု သင်တန်းသားတစ်ဦးက ဖြည့်စွက်ပြောပြသည်။

အဆိုပါ လမ်းသစ်မှာ ကားလမ်းဖြစ်ပြီး လက်ရှိ ကျိုက်ထိုမှကင်ပွန်းစခန်းသို့ ဖောက်လုပ်ထားသည့် ကားလမ်း ကဲ့သို့ ထပ်မံဖောက်လုပ်နေသည့် လမ်းသစ်ဖြစ်သည်ဟုဆိုကြသည်။ ထိုစီမံကိန်းတွင်လည်း ခရိုနီဖြစ်သူက ပြည်နယ်အစိုးရနှင့် ညှိနှိုင်းမှုလုပ်ကာ ဖောက်လုပ်နေခြင်းဖြစ်သည်ဟု သင်တန်းသားတချို့ကရှင်းပြကြသည်။ သင်တန်းသားများအနေဖြင့် ထိုသတင်းကို သတင်းလိုက်ချိန်ငါးနာရီအတွင်း စုံစမ်းမေးမြန်းရန် မဖြစ်နိုင်သောကြောင့် ကျွန်တော်သည် ထိုသတင်းကို မရေးဖို့ဆုံးဖြတ်လိုက်သည်။

ယင်းနောက်တွင် ကျိုက်ထီးရိုးတောင်ပေါ်ရှိအထမ်းသည် အလုပ်သမားများ၏ အခက်အခဲများ၊ အလုပ်သမားများ နှင့် ဒေသခံအုပ်ချုပ်သူတို့ကြားက မပြေလည်သေးသည့် အကျပ်အတည်းပြဿ       နာများကို ရေးမည့်အကြောင်း၊ ကျိုက်ထီးရိုးစေတီတော်ကြီးသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်အရေအတွက် တိုးလာသည့် အကြောင်းနှင့် ကျိုက်ထီးရိုးတောင်ပေါ်တွင် အဆောက်အအုံများ ထပ်မံတိုးချဲ့တည်ဆောက်လာသည့် အကြောင်းတို့ကို ရေးရန် ဆွေးနွေးခဲ့ကြသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် အဆောက်အအုံများ ထပ်မံတိုးချဲ့ဆောက်လုပ်ထားရာ၌ ရှိသင့်သည်ထက် ပိုမိုများပြားလျက်ရှိ ကြောင်း၊ ကျိုက်ထီးရိုးတောင်၏ ခံနိုင်ရည် ဝန်အားထက် ပိုမိုများပြားနေသဖြင့် အဆောက်အအုံ ထပ်မံမဆောက်ရန် တားမြစ်ခဲ့သော်လည်း မောင်ခရိုနီက ဟိုတယ်တစ်လုံးကိုပင် မဖြစ်၊ဖြစ်အောင် တည်ဆောက်လိုက်ကြောင်း သင်တန်းသား များက ဆွေးနွေးကြသည်။

ထိုသတင်းကို ရေးသားရန် ဆွေးနွေးကြည့်ကြသည့်အခါတွင် တွေ့ရမည့်သူများ များနေသဖြင့် အချိန်တိုအတွင်း သတင်းရရန် မဖြစ်နိုင်ပါဟု အားလုံးဝိုင်း၍ဆုံးဖြတ်သဖြင့် ထိုသတင်းကိုလည်း ပယ်လိုက်သည်။ ထို့ကြောင့် အဖွဲ့လေးဖွဲ့ ခွဲကာ အလှူခံသတင်း၊ အထမ်းအလုပ်သမားများ ပြဿ      နာသတင်း၊တောင်ဖွင့်ပွဲသတင်းနှင့် နိုင်ငံခြားသား ပိုမိုလာရောက်သည့်သတင်းစသည့် အလွယ်တကူလိုက်လို့ရနိုင်သည့် သတင်းလေးပုဒ်ကို မဲနှိုက်ကာ ခွဲဝေပေးလိုက်သည်။ ပြီးနောက် သင်တန်းကို ရပ်နားကာ တောင်ပေါ်တက်ဖို့ ပြင်ဆင်လိုက်ကြလေ၏။

သင်တန်းခဏ ရပ်နားလိုက်သောအခါ ကျွန်တော့်စိတ်ထဲတွင် သင်တန်းသူ၊ သင်တန်းသားတို့ မကြာခဏဆိုသလို ပြော ပြောနေသည့် ခရိုနီဆိုသူ၏ အကြောင်းကို မေးကြည့်မိသည်။ သင်တန်းသားများက ခရိုနီဆိုသူ၏ နာမည်နှင့် ၄င်း၏လုပ်ငန်းများအကြောင်းကို တစ်ခုချင်း မိတ်ဆက်ပေးသည်။

ထိုသူမှာကျိုက်ထိုမြို့ကဖြစ်သည်။ ချဲမှုဖြင့်ထောင်ခဏခဏကျဖူးသည်ဟုဆိုသည်။ ၄င်းထောင်ထဲသို့ ရောက်သွား သည့် အခါမျိုးတွင် ထောင်ထဲရှိလူမိုက်ဆိုသောသူများကို ထောင်ကထွက်သည့်အခါ ၄င်းထံလာရောက်ကာ အလုပ်လုပ်ရန် ကမ်းလှမ်းသည့်နည်းဖြင့် လူမိုက်မွေးလေ့ရှိသည်ဟု သင်တန်းသားတချို့က ရှင်းပြသည်။

၎င်းသည် ခေတ်အဆက်ဆက် ပြည်နယ်အစိုးရ လူကြီးများနှင့်ပေါင်းကာ ကျိုက်ထီးရိုးတွင် စီးပွားရေး လုပ်ငန်းများစွာကို တိုးချဲ့တည်ထောင်ထားသည်။ ရန်ကုန်-ကျိုက်ထီးရိုးအဝေးပြေးယာဉ်လိုင်းနှင့် ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်များ လည်းရှိသည်။ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်နှင့် တည်းခိုခန်း များသည် ၄င်းပိုင်ဆိုင်သည်က အများစုဖြစ်သည်ဟု သိရသည်။

သင်တန်းသူတစ်ဦးက သူတွေ့ဖူးသည့် မောင်ခရိုနီ၏ ပုံစံကို ယခု လိုပြောပြသည်။

“သူလာရင် ဂိုဏ်းစတားပုံစံနဲ့လာတာ။ သူ့တပည့်တွေက အင်္ကျီအနက်၊ မျက်မှန်တွေ ဝတ်ပြီး သူ့အနားမှာ ဝိုင်းနေတာ။ မုန့်ဈေးတန်းတစ်လျှောက်ဆိုရင် သူစားချင်တာ အကုန်နှိုက်စားသွား တာ။ သူ့တပည့်က ပိုက်ဆံအိတ်ကိုင်ပြီး နောက်ကလိုက်ရှင်းပေးတယ်။ နောက်ပြီး သူဆေးလိပ်သောက်ချင်တယ်ဆိုရင်လည်း လက်နှစ်ချောင်းထောင်ပေး လိုက်တယ်။ သူ့တပည့်ကမီးညှိပြီးဆေးလိပ်ကို လက်ကြားညှပ်ပေးရတယ်”

ထိုအခါမှကျွန်တော်သည် ဒီသူဌေးအကြောင်းကို အရင်ကတည်းက ကြားဖူးပြီးသားဖြစ်ကြောင်း အမှတ်ရ တော့သည်။ တကယ်တော့သူ့အကြောင်းကို ကင်ပွန်းစခန်းစရောက်ကတည်းကကြားနေရခြင်းနှင့် သူနှင့်ကျိုက်ထီးရိုး ဆက်စပ်နေခြင်းအကြောင်းကို သိချင်လို့သာမေးကြည့်ခြင်းဖြစ်ရာ စိတ်ဝင်စားမှုမရှိတာတော့အမှန်ပင်ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရလျှင် ကျိုက်ထီးရိုးအကြောင်းရော၊ သူ့အကြောင်းပါရေးချင်သည့် စိတ်လည်းမရှိ။

သင်တန်းခဏနားပြီး နေ့လယ်တစ်နာရီအချိန်တွင် ကျွန်တော်တို့သည် ကျိုက်ထီးရိုးတောင်ပေါ်သို့ တက်ခဲ့ကြ သည်။ ကျွန်တော်တို့သတင်းအဖွဲ့သည် ကရင်ဒုံးယိမ်းကမည့်အဖွဲ့နှင့်အတူ တက်ခဲ့ကြခြင်းဖြစ်၏။ ကျွန်တော်တို့ စီးသည့် ကားက ကားအသစ်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အမှိုက်သိမ်းသည့်ကားကို အမိုးများဖြုတ်ကာ လက်ကိုင်တန်း၊ ခုံတန်းများ တပ်ပြီး ပုံစံပြောင်းထားသည့်ကားဖြစ်သည်။ ယခုနောက်ပိုင်းတွင် ကျိုက်ထီးရိုးတောင်ပေါ်တက်ရန် အဆိုပါ ကားများကိုသာ အသုံးများသည်ဟု သိရသည်။ တစ်စီးလျှင် အားလုံးပြင်ဆင်ပြီး ကျပ်သိန်းသုံးရာ ဈေးပေါက်သည်ဟုဆိုသည်။

တောင်ပေါ်တက်သည့် လမ်းတစ်လျှောက်တွင် ကားပေါ် လိုက်ပါလာသည့် ကရင်ဒုံးယိမ်းအကအဖွဲ့က အိုးစည်၊ ဒိုးပတ်များတီးကာ ကရင်တိုင်းရင်းသားရိုးရာ သီချင်းများကိုသံပြိုင်သီဆိုကြသည်။ ကရင်ရိုးရာတေးသီချင်းသည် တောတောင်သဘာဝအလှနှင့် အတော်ပင်လိုက်ဖက်၏။ မြူးမြူြးွကြွကသီဆိုနေသည့်တိုင် တစ်စုံတစ်ရာကို လွမ်းနေရ သလိုပင်။

ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

ကားသည် ကွန်ကရစ်လမ်းအတိုင်း တဖြည်းဖြည်းတက်သွားသည်။ တောတို့သည် စိမ်းညို့၍နေ၏။ တောင်တို့ သည်လည်း မြင့်မားလှသည်။ ထိုတောတောင်များကြားမျောလွင့်နေသော ကရင်ရိုးရာသံပြိုင်တေးသံသည် အဝေးက နားထောင်ရသူအဖို့ တော့ လွမ်းဆွေးစရာကောင်းမည်က အမှန်ပင်ဖြစ်သည်။

ကင်မွန်းစခန်းနှင့် ကျိုက်ထီးရိုးတောင်ပေါ်သည် ၁၀မိုင်ခန့်ဝေးသည်။ ကားသည် တစ်နာရီခန့် မောင်းပြီးသည့် နောက် တောင်ပေါ်သို့ရောက်လေသည်။ ပထမကညနေ၆နာရီတွင် တောင်အောက်သို့ ပြန်ဆင်းမည်ဟု ဆိုထားသော် လည်း ကျိုက်ထီးရိုးတောင်ပေါ်သို့ရောက်သောအခါ ရသေ့တောင်တွင်နေသည့် သင်တန်းသားတစ်ဦးက ကျိုက်ထီးရိုး တောင်ပေါ်တွင် ညအိပ်ရန်အကြံပြုသည်။ ထို့ကြောင့် အားလုံး၏ သဘောတူညီချက်ယူကာ တောင်ပေါ်တွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ တောင်ပေါ်တွင် အိပ်ရမည်ဆိုသောအခါ အားလုံးပျော်သွားကြသည်။

ထို့နောက် မဲနှိုက်၍ရသည့် အကြောင်းအရာအတိုင်း ကိုယ့်အဖွဲ့နှင့်ကိုယ် သတင်းလိုက်ကြရန် လူစုခွဲ လိုက်ကြသည်။ ကျွန်တော်နှင့် သင်တန်းဆရာတစ်ဦးက ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်သို့ လှည့်လည် ကြည့်ရှုကြသည်။ ကျန်သင်တန်းဆရာတစ်ဦးက အရေးကြီးကိစ္စရပ်ဖြင့် ရန်ကုန်သို့ခဏပြန်သွားလေသည်။

ကျိုက်ထီးရိုးသည် ကျွန်တော်အရင်ကရောက်ခဲ့တုန်းကနှင့် ကွာခြားမှုရှိနေသည်က ဟိုတယ်နှင့် တည်းခိုခန်းတချို့ တိုးလာခြင်းပင်ဖြစ်သည်။ ရင်ပြင်တော်နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင်လည်း ပြုပြင်မွမ်းမံထားသည့် လက္ခဏာများ ကိုတွေ့ရသည်။ ဖုန်းဟန်းဆက်နှင့် ဘက်ထရီအမျိုးမျိုးအားသွင်းသည်ဆိုသည့် ဆိုင်များကိုလည်း တွေ့ရသည်။

ထိုနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်နေခြင်းကြောင့် ဘုရားရင်ပြင်တော်ပေါ်တွင် ဘုရားဖူးများ အတော်ပင် စည်ကားနေသည်။ ရင်ပြင်တော်ပေါ်တွင် ဘုရားဖူးတို့သည်ဖျာများခင်း၊ အထုပ်အပိုးများကိုချကာအစုလိုက်၊ အစုလိုက်ဝိုင်းဖွဲ့ကာ ထိုင်နေကြသည်။ အချို့ကလည်း သက်သောင့်သက်သာ လဲလျောင်းကာနေကြသည်။ တချို့က နေပူသဖြင့် စောင်များကို အကာအရံ ပြုလုပ်ကာ ထိုင်နေကြသည်။

ကျွန်တော်တို့သည် ရင်ပြင်တော်ပေါ်တွင် လှည့်ပတ်ကြည့် ပြီးသည့်နောက် မုဆိုးတောင်ဘက်သွားသည့် မုန့်ဈေးတန်းသို့ လမ်းလျှောက်ထွက်ခဲ့သည်။ ဘုရားရင်ပြင်မှ ဆင်းလိုက်သည်နှင့် ငါးကြော်များ၊ ငါးခြောက်ကြော်များနှင့် ဆီထမင်းများ ရောင်း သည့် နေရာသို့ရောက်သည်။ ငါးသလောက်များ၊ ငါးခူများကို ကြော်ထားသည်မှာ စားချင်စရာပင်။ ယင်းနေရာတွင် ဘုရားဖူး များကို တိုးဝှေ့ရင်း ဆီထမင်းနှင့် ငါးခြောက်သုံးကောင် (အာပြဲ ခြောက်) ဝယ်လိုက်သည်။

အာပြဲခြောက်ကြော်ကို စား၍အဆင်ပြေသော်လည်း ဆီထမင်းမှာက ဆန်ပျော့ပျော့ကို နနွင်းရောင်ဆိုးကာ ရောင်း သလား မှတ်ရ၏။ ကျွန်တော်တို့တောရွာတွင် စားဖူးသော ဆီထမင်းပင်မဟုတ်။  လှိုင်၊ သံလမ်းထိပ်က ဆီထမင်းလောက်ပင် စားမကောင်း။ ထို့ကြောင့် ဆီထမင်းကို အမှိုက်တောင်းထဲသို့ ပစ်လိုက်ရသည်။

ကျွန်တော်တို့သည် ညနေစာစားရန် အောက်ဘက်ရှိ      ထမင်းဆိုင်တန်းများရှိရာသို့ လျှောက်သွားကြသည်။ အမှတ်တရပစ္စည်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ဆေးမြစ်စုံရောင်းသည့် ဆိုင်များကို ကျော်ပြီးသည့်နောက် ထမင်းဆိုင်တန်းသို့ရောက်သည်။ ထမင်းဆိုင်တန်းသည် ဘယ်၊ ညာနှစ်ဖက် တန်းစီကာ ဖွင့် လှစ်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့သည် ထမင်းဆိုင်တန်း အလယ်လမ်းမှ လျှောက်သွားရသည်မှာ ဘဲခြံထဲသို့ မှားဝင်မိလေ သလား မှတ်ထင်ရ၏။

“အစ်ကိုကြီးလာပါ၊ အစ်မကြီးဝင်ကြည့်လိုက်လေ၊ ဒီဘက်ကိုလာပါအစ်ကိုကြီးရဲ့”ဆိုသည့် အရောင်အသွေး စုံလင်လှသော အမျိုးသမီးငယ်တို့၏အသံများက ဆူညံ၍သာနေတော့သည်။ တချို့အသံများကချိုချိုသာသာ၊ တချို့အသံများက တစ်နေကုန်အော်ထားရဟန်တူသည်၊ အသံများနာကာအသံပြာ၊ အသံဝါမျိုးစုံနှင့် အော်ခေါ်နေကြ လေသည်။

ကျွန်တော်သည် ထိုင်လို့ကောင်းမည့်ဆိုင်ကို တစ်ချက်တစ်ချက် အကဲခက်ကြည့်သည့်တိုင် သူတို့နှင့် မျက်လုံးချင်း မစုံမိစေရန် ကြိုးစားကာလမ်းလျှောက်နေရသည်။ သို့မဟုတ်ဘဲ မျက်လုံးချင်းဆုံမိ၍ အတင်းအော်ခေါ်ပါက အားနာနာနှင့် ဝင်စားရမှာစိုးသောကြောင့် သတိထားသွားရခြင်းဖြစ်သည်။

ထမင်းဆိုင်အသီးသီမှ တစာစာအော်ခေါ်နေကြသည့် မိန်းကလေးတို့သည် ကျွန်တော်တို့ လျှောက်နေသည့် လမ်းပေါ်အထိတော့တက်မလာကြ။ သတ်မှတ်ထားသည့် စည်းအတွင်းမှသာခေါ်နေခြင်းဖြစ်သည်။ တချို့မှာ ခြေထောက်ကစည်းကိုမကျော်သည့်တိုင် ခန္ဓာကိုယ်လေးယိုင်ကာ လှမ်းဆွဲတော့မည့်ဟန်ဖြင့် ခေါ်လိုက်သေးသည်။ ကျွန်တော်တို့အနေဖြင့်လည်း သူတို့စည်းအနားသို့ကပ်မိသည်ဆိုလျှင်ပဲ အားမနာတမ်းလက်ကိုဆွဲကာ အတင်းခေါ်ခံရမည် သာဖြစ်သည်။

ကျွန်တော်တို့သည်ရှေ့သို့ဆက်လက်လျှောက်သွားပြီး ဈေးဆိုင်တန်းအဆုံးတွင် ရှိသော မွန်ထမင်းဆိုင်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ဝက်ကလီစာ၊ ဆိတ်ကလီစာနှင့် စားမည်ဆိုလျှင် ၂,ဝ၀ဝ ကျပ်ဖြစ်ပြီး တခြားသော မည်သည့်ဟင်းနှင့် စားစား ၁,၈၀ဝ ကျပ်ဟု ဆိုသည်။ အဆိုပါဈေးနှုန်းမှာ ဘုရားဂေါပကအဖွဲ့က သတ်မှတ်ပေးထားသည့် နှုန်းထားဟု သိရသည်။

ထမင်းပွဲ၊ ဟင်းပွဲအပြင် ချဉ်ပေါင်ကြော်၊ ပဲဟင်းရည်၊ ငါးပိ ချက်တို့ကိုလည်း ချပေးထားသည်။ ထမင်းစားပြီးလျှင် ထန်း လျက်ခဲဘူးချပေးသည်။ ကျွန်တော်သည် အဆိုပါထမင်းဆိုင်၏ ဆိုင်ခန်းငှားရမ်းမှု ဈေးနှုန်းကို မေးကြည့်သည်။ ယခုနှစ်ပွဲတော် ရာသီခုနစ်လအတွက် ဆိုင်ခန်းငှားခမှာ ကျပ်သိန်း၉၀ကျော်သည်ဟုဆိုသည်။ ဘုရားရင်ပြင်တော်ဘက် ခြမ်းနှင့်ပိုနီးသည့် ထမင်းဆိုင်များမှာတစ်ခန်းလျှင် ကျပ်သိန်း ၁၀ဝကျော်အထိ ဈေးပေါက်သည်ဟုဆိုသည်။ ယခင်နှစ် ဈေးနှုန်းထက် ယခုနှစ်တွင် ကျပ်ငါးသိန်းပိုသည်ဟု သိရသည်။

ပွဲတော်ရာသီပြီးဆုံးပါက တစ်ခါတလေအရင်းလောက်သာပြန်ရသည့်နှစ်များရှိသလို အမြတ်ကျန်သည့် အခေါက်များက ပိုများသည်ဟုဆိုသည်။ ဆိုင်ရှင်များအနေနှင့် အဆင်မပြေလို့ ဈေးမရောင်းချင်ဘူးဆိုပါက အဆိုပါ ဆိုင်ကို ဂေါပကအဖွဲ့သို့ပြန်အပ်ပြီး တခြားသူသို့ လွှဲပြောင်းပေးရသည်ဟု အဆိုပါ ထမင်းဆိုင်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

ညအိပ်တည်းခိုမည်ဆိုပါကလည်း သူတို့ထမင်းဆိုင် အပေါ်ထပ်ရှိအခန်းတွင် ညအိပ်တည်းခိုနိုင်ကြောင်း ရှင်းပြသည်။ ယင်းအခန်းတွင် ဘုရားဖူးခရီးသည် အလာနည်းသည့်အချိန်များတွင် ၄င်းတို့၏ ထမင်းဆိုင်၌ ထမင်းစားရုံဖြင့် အခမဲ့တည်းခိုနိုင်သော်လည်း ဘုရားဖူးခရီးသည်အလာများသည့်အချိန်တွင် အဆိုပါထမင်းဆိုင် အပေါ်ထပ် အခန်းတစ်ခန်း လျှင်ပင် ကျပ်လေးသောင်းအထိ ဈေးနှုန်းရှိသည်ဟုဆိုသည်။ ယခုကျွန်တော်တို့ တည်းခိုမည်ဆိုပါကလည်း လူငါးယောက် တည်းခိုနိုင်သည်ဟု ဆိုသည်။

ကျွန်တော်တို့ ထမင်းစားနေချိန်တွင် လူငယ်ပိုင်းအမျိုးသားတစ်အုပ်သည် ထမင်းဆိုင်တန်း အလယ်လမ်းအတိုင်း ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ရာ ကျွန်တော်တို့ထိုင်နေသည့် ဆိုင်တန်းအဆုံးထိရောက်လာသည်။ ထမင်းဆိုင်များမှ လူခေါ်သည့် အမျိုးသမီးငယ်များက ဝိုင်း၍အော်ခေါ်ကြရာ သူတို့မှာလည်း ဟိုဆိုင်ဝင်ရနိုးနိုး ဒီဆိုင်ဝင်ရနိုးနိုး ဖြစ်နေလေ၏။  လူငယ် နှစ်ယောက်လောက်က နားငြီးသဖြင့် နားကိုပင် လက်နှင့်ပိတ်ထားလိုက်သေးသည်။

ထိုစဉ် ကျွန်တော်တို့ထိုင်နေသည့် ထမင်းဆိုင်မှ လက်သွက်လှသော ခပ်ချောချောအမျိုးသမီးငယ်တစ်ဦးက ဆိုင်၏ သတ်မှတ်စည်းမျဉ်းနားသို့ကပ်လာသော အမျိုးသားတစ်ဦး၏ လက်ကိုလှမ်းဆွဲကာ “ လာပါ အစ်ကိုကြီးရဲ့၊ ညီမတို့ဆိုင်က ဟင်းစုံတယ်လေ” ဟူသောအပြောလေးနှင့် ဆိုင်ထဲအရောက် ခေါ်ဆောင်လိုက်လေသည်။ ၄င်းအမျိုးသား နောက်သို့ အခြားသောသူများလည်း အတန်းလိုက်ကြီးပါလာလေတော့၏။ စုစုပေါင်း လူငယ်အမျိုးသား ကိုးယောက်ခန့်ရှိမည်။

ထိုအမျိုးသမီးငယ်လေးသည် မွန်တိုင်းရင်းသူလေးဖြစ်ပြီး ခန္ဓာကိုယ်ပိန်ပိန်ပါးပါးဖြင့် အဝါရောင်ဝမ်းဆက်ကို ဝတ်ဆင်ထားသည်။ သနပ်ခါးပါးကွက်ကြားကို ပါးနှစ်ဖက်တွင် အရွယ်တူလိမ်းထားသည်။ သူ၏ နှုတ်ခမ်းတွင် နှုတ်ခမ်းနီကို အရောင်ရှိသည်ဆိုရုံ လောက်သာဆိုးထားလေ၏။ သူ၏ ခေါင်းကို ညိတ်လိုက်သည်ဖြစ်စေ၊ ခေါင်းယမ်းလိုက်သည်ဖြစ်စေ သူ့နားတွင်ရှိသော ရွှေရောင်နားဆွဲလေးက ဘယ်၊ ညာသို့ ယိမ်းထိုးကာနေလေ၏။

ကျွန်တော်တို့ထမင်းဝိုင်းမှာ သင်တန်းသူတစ်ဦးက အဆိုပါ မိန်းကလေးကို ကြည့်ကာ…

“သူက ဒီဆိုင်မှာ တခြားသူတွေထက် လစာပိုရလိမ့်မယ်”

“ကျွန်တော်က ဘာဖြစ်လို့လဲ”ဟု မေးလိုက်သည်။

“ဒီဆိုင်မှာ သူက ဧည့်သည်များများရအောင် ခေါ်ရတယ် လေ။ ဧည့်သည်များများရရင် လကုန်တဲ့အခါ သူ့ကို လစာပိုပေးတယ်”

ကျွန်တော်တို့ စကားပြောနေစဉ်မှာပင် အဝါရောင်ဝမ်းဆက်ဝတ်ဆင်ထားသော ထိုမိန်းကလေးသည် ယဉ်ကျေးချိုသာစွာဖြင့် ဧည့်သည်နှစ်ဦးကို ဆိုင်ထဲသို့ခေါ်ဆောင်သွားသည်။ ကျွန်တော်သည် အနီးအနားရှိ ထမင်းဆိုင်များကို အကဲခတ်ကြည့်ရာ လူခေါ်သောအမျိုးသမီးငယ်တို့သည် အသံဝါကြီးဖြင့် လည်ပင်း ကြောထောင်သည့် အထိ အော်ခေါ်နေကြသည်။ ဣနြေ္ဒမရ။ သူတို့အချင်းချင်း လှမ်းအော်၍ပင် စနောက်နေကြသေး၏။

ကျွန်တော်တို့ထိုင်သည့် ထမင်းဆိုင်မှ အဝါရောင်ဝမ်းဆက် မိန်းကလေးသည်က ထိုသို့မဟုတ်။ နှုတ်အမူအရာ၊ ကိုယ်အမူ အရာယဉ်ကျေးသိမ်မွေ့လှ၏။ ဆိုင်ရှင်အဒေါ်ကြီးသည် ဝန်ထမ်းကောင်းတစ်ဦး ရထားသည်မှာ ကံကောင်းလှသည်ဟု ကျွန်တော့်စိတ်ထဲတွေးနေမိ၏။

ကျိုက်ထီးရိုးတောင်တက် ကားစီးတစ်စီး ။ ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

ထမင်းစားပြီးသည့်နောက် ဘုရားရင်ပြင်တော်ပေါ်သို့ ပြန်တက်လာကြသည်။ ရင်ပြင်ပေါ်တွင် ဘုရားဖူးများ ပြည့်ကျပ်နေသဖြင့် တိုးဝှေ့ကာပင်သွားရသည်။ ကရင်ရိုးရာဒုံးယိမ်းအဖွဲ့နှင့် မွန်ရိုးရာအကအဖွဲ့တို့ ဖျော်ဖြေကပြနေသဖြင့် ဘုရားဖူးတို့ ဝိုင်း အုံတိုးကာ ကြည့်ကြသည်။ ဓာတ်ပုံတွေ ရိုက်ကြသည်။

ထိုအချိန်တွင် ရင်ပြင်တော်ပေါ် တစ်နေရာမှ ‘ဒုံး…ဒုံး…ဒုံး’ ဆိုသောအသံကိုကြားလိုက်ရသည်။ သေချာကြည့်လိုက်ရာ တရုတ်နဂါးတစ်ကောင် ကနေသည်ကို တွေ့လိုက်ရလေ၏။ တိုင်းရင်းသားရိုးရာအဆိုအကများ သီဆိုတီးမှုတ်နေစဉ် တရုတ်ဗုံတီး သံကိုကြားရသောအခါ စိတ်ထဲတွင် ကသိကအောက်ဖြစ်ရသည်။ တရုတ်နဂါးတို့ ကျိုက်ထီးရိုးစေတီတော်အထိပင် ရောက်လာကြပါလားဆိုသော အသိက ဘာရယ်မှန်းမသိ ရင်ထဲအားငယ်သလိုပင် ခံစားလိုက်ရသည်။ မြန်မာဝန်ကြီးတစ်ဦးက တရုတ်ကိုလည်း ကြောက်ရသေးတယ်ဟု ဆိုထားခြင်းကြောင့်လားတော့ မပြောတတ်။

တဖက်က ကရင်ဒုံးယိမ်းအကဖြင့် တီးမှုတ်ဖျော်ဖြေနေ သည်ကို တစ်ဖက်က တရုတ်နဂါးဗုံတီးသံက အပြိုင်လိုက်၍ တီးလိုက်သေးသည်။ ယင်းသို့ကြားရသဖြင့် စိတ်မကောင်းဖြစ်ရုံကလွဲ၍ ကျွန်တော်သည် တရုတ်နဂါးအဖွဲ့ကို ဘုရားပေါ်မှလည်း နှင်ချ၍မရ။ သူတို့အနေဖြင့် ကျိုက်ထီးရိုးတောင်ဖွင့်ပွဲသို့ လာ ရောက်ဂုဏ်ပြုကပြဖျော်ဖြေသည်ဟု ဆိုသည့်တိုင် ယခုလို တိုင်း ရင်းသားရိုးရာအကများနှင့် အပြိုင်တီးတာမျိုး မဖြစ်စေချင်။

ကျိုက်ထီးရိုးတောင်ပေါ်သို့ရောက်ပါက ကျွန်တော်သည် ညဥ့်နက်သည်အထိ အိပ်ပဲနေမည်ဟု တွေးမိခဲ့သည်။ သီတင်း ကျွတ်မှာ သာသည့် ‘လ’ကို ထိုင်ငေးကြည့်မည်ဟု စိတ်ကူးခဲ့၏။ သို့သော် တကယ်တမ်း လက်တွေ့တွင် ‘လ’ ကိုကြည့်ဖို့မပြောနှင့်၊ လူတိုးမခံရအောင်ပင် မနည်းရှောင်နေရသည်။ ထိုင်နေသည့် လူကိုပင် ဆော့ကစားနေသည့် ကလေးများက ဝင်တိုက်သွားသေး၏။ ရင်ပြင်ပေါ်တွင် သွားလာနေကြသူများ၊ ဆော့ကစားနေသော ကလေးများကြောင့် အေးဆေးစွာပင်မနေရ။

ထို့ကြောင့် ကျွန်တော်တို့အိပ်ဖို့ပြင်ကြသည်။ သင်တန်းသူ၊ သင်တန်းသားများက ဘုရားရင်ပြင်တော်ရှိ ဓမ္မာရုံတစ်ခုတွင်အိပ်ဖို့လုပ်ကြသည်။ ကျွန်တော်တို့ကိုတော့ ဘုရားရင်ပြင်အတက်လမ်းရှိ အဆင့်မြင့် အအေးခန်း ဧည့်ရိပ်သာတစ်ခုတွင် အိပ်ဖို့ပြင်ဆင်ပေးသည်။ ကျိုက်ထီးရိုးတောင်ပေါ်တွင်က လေတိုက်သဖြင့် အနည်းငယ်အေး၍ နေသည်။

အဆင့်မြင့်အအေးခန်းဧည့်ရိပ်သာကောင်တာမှ အခန်းသော့ကိုယူကာ အဆောက်အအုံ၏ အောက်ဘက်သို့ ဆင်းသွား လိုက်သည်။ လှေကားမှတစ်ဆင့် အောက်သို့ဆင်းပြီးသည့်နောက် ယာဘက်သို့ချိုးဝင်လိုက်သည်။ ထိုလျှောက်လမ်းတွင် အခန်း လေးခန်းရှိပြီး အစွန်ဆုံးအခန်းမှာ ကျွန်တော်တို့တည်းခိုရမည့် အခန်းဖြစ်သည်။

အခန်းတံခါးသော့ကို ဖွင့်လိုက်သည်။ ပြီးနောက် တံခါးကို တွန်းဖွင့်လိုက်ရာ အခန်းတံခါးမှာ အဆုံးအထိဖွင့်မရ။ အထဲက အိပ်ရာနှင့်ခံနေသည်။ အခန်းတံခါးသည် လူတစ်ကိုယ်ဝင်စာလောက်သာကျယ်၏။ ကျွန်တော့်ခန္ဓာကိုယ်သည် လက်ရှိထက် အနည်းငယ်မျှဝရုံဖြင့် ထိုအခန်းထဲသို့ ဝင်၍ရမည်မဟုတ်။ ယခုပင်လျှင် တံခါးဂျက်နှင့် ဘောင်းဘီအိတ် ချိတ်၍နေသည်။

အဆင့်မြင့်အအေးခန်းဆိုသော တည်းခိုခန်း၏ အခန်းသည် ရှစ်ပေ၊ ကိုးပေ ပတ်လည်ခန့်အကျယ်ရှိပြီး လိုဏ်ဂူတစ်ခုနှင့်တူသည်။ ထိုလိုဏ်ဂူနှင့် တူသော အခန်းထဲတွင် ခန်းလုံးပြည့် သစ်သားကွပ်ပျစ်တစ်ခု ရိုက်ထားသည်။ ယင်းအပေါ်မှ ဂွမ်းကပ်တစ်ခု ခင်းသည်။ ဂွမ်းကပ်ပေါ်တွင် အပြာရောင်အိပ်ရာခင်းကို ထပ်ခင်း ထားသည်။

ကျွန်တော်တို့တည်းခိုရမည့် အခန်းထဲရှိ အိပ်ရာခင်းမှာ တွန့်ကြေနေသည်။ အိပ်ရာခင်းပေါ်မှ သဲများကို လှည်းမချရသေး။ အိပ်ရာခင်းပေါ်တွင် ထမင်းခြောက်များကပ်နေသလို ရွှံ့များပေနေသည်ကိုလည်း တွေ့ရသေးသည်။ ခေါင်းအုံးများမှာလည်း သူ့နေရာနှင့် သူမရှိ။ ခြုံစောင်များကို အခန်းထောင့်တစ်နေရာတွင် စုပုံထားသည်။ အမှိုက်များရှိနေသော ပလတ်စတစ်အမှိုက် တောင်းတစ်ခုရှိသည်။ အခန်းအတွင်း မီးသီးတစ်လုံးတပ်ထား သည်။ မီးပလပ်ပေါက်တစ်ခုရှိသည်။ အခန်းထဲ ရှိသမျှပစ္စည်းက ထိုမျှသာဖြစ်၏။

ကျိုက်ထီးရိုးအတွေ့အကြုံရှိသော ကျွန်တော်က ဘယ်လိုမှသဘောမထားသော်လည်း ကျွန်တော်နှင့် တစ်ခန်းတည်းနေရမည့် ကျိုက်ထီးရိုးသို့ တစ်ခါမှမရောက်ဖူးသော သင်တန်းဆရာက အခန်းကိုကြည့်ကာ ရွံရှာသလိုလို ဖြစ်နေသည်။ ကျွန်တော်က အိပ်ရာခင်းကိုဆွဲဆန့်ပြီး သန့်ရှင်းရေးနည်းနည်းလုပ်လိုက်သည်။ ပြီးလျှင် တစ်ညလောက် သည်းခံပြီး အိပ်ဖို့အတွက် ကိုယ့်ရဲ့အခန်းဖော်ကို ဖျောင်းဖျရသေးသည်။ ညဘက်တွင်လည်း တခြားသော အခန်းများက တစ်ညလုံးဆူညံနေခြင်း၊ ညမအိပ်သောသူတို့က တည်းခိုခန်းအတွင်း အော်ဟစ်စကားပြောဆိုနေခြင်းများကြောင့် မကြာခဏ လန့်လန့်နိုးလေသည်။

မနက်ငါးနာရီ အိပ်ရာမှထပြီး ဘုရားကြီးသို့ အေးအေးဆေးဆေး သွားဖူးမည်ဟုဆိုကာ တည်းခိုခန်းမှ ထွက်ခဲ့သည်။ တည်းခိုခန်းအရှေ့၊ ဘုရားရင်ပြင်တော်ပေါ်တက်သည့်လမ်းသို့ ရောက်သောအခါ လမ်းအပြည့် တရွေ့ရွေ့ဖြင့် ဝှေ့ကာသွားနေကြသော ဘုရားဖူးခရီးသည်များကို တွေ့ရလေသည်။ ဘုရားရင်ပြင်သို့ တက်လာသည့် ဘုရားဖူးခရီးသည်က အများစုဖြစ်ပြီး ရင်ပြင်တော်ပေါ်မှ ပြန်ဆင်းသွားသည့် ဘုရားဖူးက အနည်းငယ်သာ ရှိသည်။

ကျွန်တော်သည် လမ်းအပြည့် တရွေ့ရွေ့လျှောက်ကာနေသော လူအုပ်ကြီးကို ကြည့်ကာ “ဘာကြောင့်များ ဒီလောက် များရပါလိမ့်”ဟု တွေးမိသည်။ ဒီအချိန်ဘုရားဖူးပါက ကုသိုလ်များ ပိုမိုရရှိမည်ဆိုခြင်းကြောင့် လာရောက်ခြင်းက ဟုတ်ဟန်မတူ။ အဓိကအကြောင်းမှာ သီတင်းကျွတ်လပြည့်နေ့ ရုံးပိတ်ရက်ကြောင့်သာ ဤမျှဘုရားဖူးခရီးသည် စည်ကားရခြင်းဖြစ်မည်။

လပြည့်နေ့မတိုင်ခင်ညက ရန်ကုန်မှထွက်ခဲ့လျှင် ယခုလိုမနက်ဆိုလျှင် ဘုရားတောင်ပေါ်သို့ ရောက်မည် ဖြစ်သည်။ လပြည့်နေ့၌ ကျိုက်ထီးရိုးဘုရားတောင်ပေါ်တွင် တစ်နေကုန်ရှိနေနိုင်ပြီး ညနေပြန်ဆင်းမည်ဆိုပါကလည်း ပြန်ဆင်းနိုင်သလို လပြည့်ည ဘုရားရင်ပြင်တော်ပေါ်တွင် ရှိနေနိုင်ပြီး မနက်မှ ပြန် ဆင်းမည်ဆိုပါကလည်း လပြည့်ကျော် ၁ရက် နေ့လယ်အချိန်တွင် ရန်ကုန်သို့ပြန်ရောက်နိုင်မည် ဖြစ်သည်။

ထိုသို့အလွယ်တကူသွားလာနိုင်ခြင်း၊ မွန်းကျပ်လှသည့် ရန်ကုန်မြို့မှ ခဏထွက်ကာ တောတောင် သဘာဝတို့ကို ထိတွေ့ ခံစားလိုခြင်း၊ လူငယ်များစုဝေးကာ လူငယ်သဘာဝ ပျော်ပါးလိုကြခြင်း၊ သီတင်းကျွတ်လပြည့်နေ့ဆိုသော နေ့ရက်ဖြစ်နေခြင်း၊ တချို့သောဘာသာရေးလိုက်စားသူတို့၏ အဓိဋ္ဌာန်နေ့ဟုဆိုသည့်ရက်ဖြစ်ခြင်း၊ တောင်ဖွင့်ပွဲ အခမ်းအနားသို့ တာဝန်ရှိသဖြင့်မဖြစ်မနေလာပေးရခြင်းစသည့် အကြောင်းအရင်းတို့ကြောင့်သာ ယခုလောက် ဘုရားဖူးဧည့်သည် စည်ကားနေခြင်းဖြစ်သည်ဟု ကျွန်တော်တွေးတောမိသည်။

ကျွန်တော့်အတွက်ဆိုလျှင် အလုပ်ကိစ္စကြောင့် ရောက်လာခြင်းဖြစ်သည့်တိုင် ကျိုက်ထီးရိုးတောင်ပေါ်သို့ ရောက်ပါက လပြည့်ညတွင် အေးအေးဆေးဆေးနေမည်၊ အခွင့်သာလျှင် တရားထိုင်မည်ဟု တွေးထားခဲ့သည်။ သို့သော် တကယ့်လက်တွေ့တွင်က ကိုယ့်အလုပ်ကိစ္စကိုသာ ပြီးမြောက်အောင်လုပ်နိုင်ခဲ့သည်။

မနက်စာ စားပြီးသည့်နောက် သင်တန်းသူ၊ သင်တန်းသား များနှင့်အတူ ကင်ပွန်းစခန်းတောင်ခြေသို့ပြန်ဆင်းရန် ပြင်ဆင် ကြသည်။

ရသေ့တောင်ခြေသို့ ယခင်လမ်းအဟောင်းအတိုင်း ကျွန် တော်တို့ ခြေကျင်ဆင်းလာခဲ့သည်။ တောင်ပေါ်မှ စဆင်းဆင်းချင်း တဲအိမ်လေးများရှေ့က ဖြတ်၍ဆင်းလာခဲ့သည်။ ခဏကြာတော့ ကားလမ်းဘေးတွင် တဲအိမ်များမရှိတော့။ တချို့သော အဆင်း ကွေ့တွင် ဈေးဆိုင်ဖွင့်ထားသော တဲအိမ်တို့ကို တွေ့ရသည်။

ယခင်က ကျိုက်ထီးရိုးတောင်ပေါ်မှ ပြန်ဆင်းလျှင် ဤ တောင်တက်ကားလမ်းအတိုင်းသာ ခြေကျင်ဆင်းကြသည်။ ထို စဉ်က ကျိုက်ထီးရိုးတောင်ပေါ်အထိ တိုက်ရိုက်ကားမရှိ။ ရသေ့ တောင်အထိသာ ကားအတက်အဆင်းလုပ်ပေးသည်။ ထို့ကြောင့် ဘုရားဖူးတို့သည် ကျိုက်ထီးရိုးတောင်ပေါ်သို့ရောက်ရန် ရသေ့ တောင်မှ လမ်းလျှောက်တက်ကြရသည်။ ထိုအချိန်က အဆိုပါ တောင်တက်လမ်း၏ လမ်းဘေးဝဲယာတို့တွင် ဈေးဆိုင်များက အပြည့်။ အတက်၊ အဆင်း လမ်းလျှောက်ကြသည့် ဘုရားဖူးခရီး သည်များကလည်း ပြတ်သည်မရှိ။

ကျိုက်ထီးရိုးတောင်ပေါ်မှ အဆောက်အအုံများ ။ ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

ရသေ့တောင် ကျွန်တော်တို့ဖြတ်သန်းသွားသည့် ယခုအချိန်မှာတော့ ကျွန်တော်တို့အဖွဲ့နှင့် နိုင်ငံခြားသူတစ်ဦးမှ လွဲ၍ တခြားသူမရှိ။ တစ်ခါတရံ ကျိုက်ထီးရိုးတောင်ပေါ်မှာ ဘုရားဖူးခရီးသည်များပါ သည့် မော်တော်ယာဉ်တချို့ ဆင်းဆင်းလာသည်ကို တွေ့ရသည်။ လမ်းဘေးတွင် လက်ဖက်ရည်ဆိုင်လိုလို၊ အအေးဆိုင်လိုလို ဈေး ဆိုင်တချို့ကို တွေ့ရသည့်တိုင် ထိုင်မည့်သူ မရှိ။ တချို့ ဈေးဆိုင်တို့ သည် ပျက်စီး၍ နေသည်။ ဆိုင်တစ်ဆိုင်တွင် ခုံတစ်လုံး၊ နှစ်လုံး လောက်သာချထားပြီး ဆိုင်ရှင်အမျိုးသမီးတစ်ဦးသည် ကလေးထိန်းလျက် ကျွန်တော်တို့အားကြည့်နေသည်။ ကားလမ်းကွေ့ချိုး တစ်ခုတွင် အလှူခံမဏ္ဍပ်တစ်ခုကို တွေ့လိုက်သေးသည်။

ကျွန်တော်တို့ ၄၅မိနစ်လောက်လမ်းလျှောက်ပြီးနောက် ဘုရားဖူးခရီးသည် မပါဘဲ ကျိုက်ထီးရိုးတောင်ပေါ်မှ ဆင်းလာသည့် ကားတစ်စီးအားတွေ့လိုက်သည်။ အဆိုပါကားသည် ကျွန်တော်တို့ သတင်းစာသင်တန်းဖွင့်ရန် စီစဉ်ပေးသော အဖွဲ့အစည်းမှ ပိုင်ဆိုင်သည့် ကားဖြစ်သည်။ ယာဉ်မောင်းသည် ကျွန်တော်တို့ အား တွေ့သောအခါ ကားပေါ်တက်ရန်ခေါ်သည်။ ထို့ကြောင့် ကျန်သည့် တောင်ဆင်းခရီးကို ကားဖြင့် ကျွန်တော်တို့လမ်းကြုံလိုက် ဆင်းခဲ့ကြသည်။

တောင်ခြေစခန်းသို့ရောက်သောအခါ ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ပြီး အလုပ်သမားရုံးသို့ သတင်းသွားမေးနေကြသော သင်တန်းသူအချို့ကို ခဏစောင့်နေလိုက်၏။ ထိုသို့ထိုင်နေစဉ် ဆိုင်ရှင်သည် ကျွန်တော်တို့ စားပွဲဝိုင်းသို့ လာထိုင်သည်။ ကျွန်တော်က ယခင်ကျိုက်ထီးရိုးသို့လာခဲ့စဉ်က ရသေ့တောင်မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ လမ်းလျှောက်တက်ခဲ့ရသည့်အကြောင်းနှင့် ယခုအခါ တောင်ပေါ်သို့ ကားဖြင့် တိုက်ရိုက်တက်၍ရနေကြောင်း၊ သို့ဖြစ်၍ ယခင် ကားလမ်းအဟောင်းသည် ဘုရားဖူးများ အသုံးမပြုသောကြောင့် လမ်းဘေးတွင် မြက်များပေါက်၍ လမ်းဘေးဈေးဆိုင်များ မရှိသလောက်ပင်ဖြစ်ကြောင်း မြင်ခဲ့သမျှကို ပြောပြလိုက်သည်။

ဆိုင်ရှင်သည် သက်ပြင်းတစ်ချက်ချပြီး “ကျိုက်ထီးရိုးမှာ အဲဒီပြဿ      နာက အကြီးကြီးဖြစ်နေတာ။ လူတွေ တော်တော်များများ ဒုက္ခရောက်ခဲ့ကြတယ်”ဟု အစချီကာ ကျိုက်ထီးရိုးကား လမ်းအကြောင်းကို အတိတ်ဆောင်ကာ ပြောပြသည်။

ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုးတောင်ပေါ်အထိ ကားလမ်းဖောက်ခဲ့သော ကရင်လူမျိုး နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့် ဗိုလ်မှူးစောကြီးရွှေသည် ပထမကကားလမ်းကို ရသေ့တောင်အထိသာ ဖောက်ခဲ့သည်။ ဘုရားဖူးများ လာရောက်ပါက ရသေ့တောင်တွင် ကားရပ်ပြီး ကျန်သည့်ခရီးလမ်းပိုင်းကို လမ်းလျှောက်တက်စေသည်။ ယင်းသို့လုပ်ရခြင်းမှာလည်း ခြေကျင်တက်သည့် တောင်တက်လမ်းတစ်လျှောက်တွင် ကျိုက်ထီးရိုးအနီး ပတ်ဝန်း ကျင်ရှိ ဒေသခံတို့ ဈေးဆိုင်များဖွင့်ခြင်း၊ အထမ်းအပိုးလုပ်ငန်း လုပ်ကိုင်ခြင်းစသဖြင့် စီးပွားရှာလုပ်ကိုင်စားသောက်နိုင်စေရန် အတွက် ရည်ရွယ်၍ လုပ်ခဲ့ခြင်းဖြစ်သည်။

ကင်ပွန်းစခန်းမှ ရသေ့တောင်အထိ ကားမောင်းတက်ရသည့်လမ်းမှာ ခုနစ်မိုင်ကွာဝေးပြီး ရသေ့တောင်မှ ကျိုက်ထီးရိုး တောင်ပေါ်အထိ ခြေကျင်တက်ရသည့်လမ်းမှာ တစ်မိုင်ကျော်၊ နှစ်မိုင်ခန့်ကွာဝေးလေသည်။ အဆိုပါ ခြေကျင်တက်သည့်လမ်းသည် ကားမောင်း၍ တက်နိုင်အောင်လုပ်ထားသော လမ်းဖြစ်သော်လည်း ဘုရားဖူးခရီးသည် အများစုသည် ကားစီးခြင်းထက် ခြေကျင်တက်ကြသည်က ပိုများသည်။

ဘုရားဖူးခရီးသည်တို့သည် ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုး အထိ လေးနာရီကြာတက်ရသော ခြေကျင်တောလမ်းမှ လမ်းလျှောက်မတက်ရသည့်တိုင် ရသေ့တောင်မှကျိုက်ထီးရိုးအထိ ခြေကျင်တက်ရသည့်လမ်းမှ လမ်းလျှောက်တက် ခြင်းဖြင့် တောင်တက်အတွေ့အကြုံကို ခံစားကြသည်။

သို့သော် ယခုအခါ ရသေ့တောင်မှ ကျိုက်ထီးရိုးတောင်ပေါ်အထိ ကားဖြင့်တက်၍ရနိုင်သည့် ကွန်ကရစ်ကားလမ်း သစ်တစ်ခုကို ဖောက်လုပ်ပြီး ကျိုက်ထီးရိုးအထိကားများဖြင့် တိုက်ရိုက်တက်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် ယခင် ရသေ့တောင်မှ ခြေကျင်တက်သည့် ကားလမ်းကို အသုံးမပြုကြတော့။ အဆိုပါလမ်းကို အသုံးပြုသူ ဘုရားဖူးခရီးသည် မရှိသလောက်ဖြစ်သွားသောကြောင့် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်များလည်း ပိတ်သိမ်းလိုက်ရသည်။ အထမ်းသည်များ လည်း အလုပ်အကိုင်ပါးသွားကြသည်။ ရသေ့တောင် ကားဂိတ်သည်ပင် စည်ကားမှုမရှိတော့။

“အဲဒီလမ်းသစ်ဖောက်မယ်လုပ်တော့ ဒေသခံတွေက ဝိုင်းတားကြတယ်။ ဒါပေမဲ့ သူဌေးတစ်ယောက်က ဖောက်ပစ်လိုက် တယ်။ လမ်းပြီးတော့ သိပ်မကြာဘူး။ ဒေသခံတွေ အလုပ်လက်မဲ့ တွေ အများကြီးဖြစ်သွားကြတယ်။ ဒီမှာ အလုပ်မရှိတော့ တချို့က လည်း တခြားကို ထွက်သွားကြတယ်”ဟု ဆိုင်ရှင်က စိတ်ရှည်ရှည်နှင့် ရှင်းပြလေသည်။

ကျွန်တော့်အတွက်တော့ ကားလမ်းဖောက်လုပ်လိုက်ခြင်းသည် တိုးတက်သည့် လက္ခဏာတစ်ခုဖြစ်သည်ဟု ရှုမြင်သည်။ ကျိုက်ထီးရိုးဘုရားပေါ်အထိ အချိန်တိုအတွင်း အလွယ်တကူကားဖြင့်တက်နိုင်သည်။ သို့သော် အခြားတစ်ဖက်တွင် တိုးတက်ခြင်း၏ နောက်တွင် ဒေသခံတို့ အလုပ်လက်မဲ့ဖြင့် စီးပွားပျက်သည်အထိဖြစ်သွားကြသည်။ ထိုအရာကတော့ လုံးဝမဖြစ်သင့်။

ချမ်းသာသောသူသည် ငွေကြေးတတ်နိုင်၍ ရင်းနှီးမြှုပ်နှံရာ သူ တစ်ဦးတည်း ချမ်းသာသည်ထက် ချမ်းသာသွားသည်။ ငွေကြေး မတတ်နိုင်သူအများစုက မရင်းနှီးနိုင်သဖြင့် လုပ်ငန်းမတိုးချဲ့နိုင်သည့်အပြင် ငွေကြေးတတ်နိုင်သူ၏ လုပ်ရပ်ကြောင့် စီးပွားပါ ပျက်ရလေသည်။ ယင်းသို့ဖြစ်ခြင်းက တစ်ဦးတည်းမဟုတ် အများစုဖြစ်၏။

ဖြစ်သင့်သည်က အစိုးရအနေဖြင့် ပုဂ္ဂလိကသို့ ရင်းနှီးမြှုပ်နှံမှု တစ်ခုလုပ်ကိုင်ခွင့်ပေးမည်ဆိုပါက ငွေကြေးတတ်နိုင်သူ မည်သူ့ကိုမဆို ပါဝင်ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အရေးပေးရမည်။ ထိုသို့အခွင့်အရေးပေးရာ တွင်လည်း အဆိုပါရင်းနှီးမြှုပ်နှံမှုကို အကောင်အထည်ဖော်ရာ၌ ဒေသခံတို့၏ စီးပွားရေးလုပ်ငန်းကိုပါ မထိခိုက်စေဘဲ ဒေသခံပြည်သူများပါ အကျိုးရှိစေမည့်နည်းလမ်း ဖြင့် လုပ်ငန်းအကောင်အထည်ဖော် ရင်းနှီးမြှုပ်နှံနိုင်သည့် သူကို သာ ဦးစားပေးလုပ်ကိုင်ခွင့်စေသည့် စနစ်ကိုသာ အစိုးရက ကျင့် သုံးသင့်သည်။

ထိုသို့မဟုတ်ဘဲ ငွေကြေးတတ်နိုင်သူသည် အာဏာပိုင်အစိုးရနှင့်ပေါင်းကာ လာဘ်ပေးလာဘ်ယူပြုလုပ်ပြီး တစ်ဦး တည်း လုပ်ပိုင်ခွင့်ရထားခြင်းသည် မသမာသောနည်းလမ်းဖြင့်သာ ချမ်းသာခြင်းဖြစ်ပြီး အုပ်ချုပ်သူသည်လည်း အကျင့်ပျက်သည့် အုပ်ချုပ်သူသာ ဖြစ်နေပေမည်။ ယင်းလုပ်ရပ်များ ရှိနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံသည် ဆင်းရဲသားလျှော့ချဖို့ မပြောနှင့်၊ ပြည်သူများ အလုပ်လက်မဲ့ဖြစ်ပြီး တိုင်းပြည်မပျက်ဖို့ပင် ဆုတောင်းရမည်ဟု ကျွန်တော်တွေးတောနေမိသည်။

“အခုအလုပ်သမားတွေဖြစ်နေတဲ့ ပြဿ      နာကို အရင်ရှင်း ပေးဖို့ ကျွန်တော်တို့လုပ်နေတယ်။ အဲဒါပြီးရင်တော့ ကျိုက်ထီး ရိုးမှာရှိတဲ့ ငွေကြေးကိစ္စတွေကို ထပ်လုပ်မယ်။ တချို့အထောက် အထားတွေ သိမ်းထားတယ်။ ပြီးခဲ့တဲ့နှစ်က ကျပ်သိန်းပေါင်း ခုနစ်ထောင်ကျော်၊ ရှစ်ထောင်နီးပါးရတယ်။ ဒါပေမဲ့ အခုဘုရားကြီးက သိန်းတစ်ထောင်လောက် အကြွေးတင်နေတယ်လို့ သိရတယ်။ အရင် ဂေါပကအဖွဲ့တုန်းက ကျပ်သိန်း ၇၀ဝ ကိစ္စက အခုအထိ မရှင်းနိုင်သေးဘူး။ ဘယ်သူမှလည်း မမေးကြဘူး။ ဘုရားကြီးမှာ ဝင်ငွေဘယ်လောက်ရလို့ ဘယ်နေရာမှာ ဘယ်လိုသုံးလိုက်တယ်၊ ဘယ်လောက်တော့ ကျန်သေးတယ်ဆိုတာမျိုး အများပြည်သူသိအောင် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ပေးသင့်တယ်”ဟု ကျွန်တော်တို့ထိုင်နေသော ဈေးဆိုင်မှာ ဆိုင်ရှင်က ဆက်တိုက်ဆိုသလို ရင်ဖွင့်သွားလေသည်။

ကျိုက်ထီးရိုးတောင်ပေါ်မှ မုဆိုးတောင်သို့ လှမ်းမြင်ရပုံ ။ ဓာတ်ပုံ - ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း
ကျိုက်ထီးရိုးတောင်ပေါ်မှ မုဆိုးတောင်သို့ လှမ်းမြင်ရပုံ ။ ဓာတ်ပုံ – ဇေယျာလှိုင်/မော်ကွန်းမဂ္ဂဇင်း

ယင်းသို့ ကျွန်တော့်ကိုပြောပြသည်မှာ သူအပါအဝင် နှစ်ဦးရှိလေပြီ။ ကျွန်တော်သည် သူပြောသမျှကို ခေါင်းညိတ်၍သာ နားထောင်မိလေသည်။ ယခုလို ပွင့်လင်းမြင်သာသည့်အချိန်တွင် ယင်းကိစ္စကို မီဒီယာတွေက စုံစမ်းထောက်လှမ်း ရေးသားသင့်သည်ဟုလည်း တွေးမိသည်။ ကိုယ်တိုင်ရေးဖို့အတွက်လည်း စဉ်းစားမိသည်။ ဆိုင်ရှင်ပြောသည့်အထဲတွင် စိတ်ဝင်စားသည့်ကိစ္စက တစ်နှစ်တစ်ကြိမ် အများပြည်သူသိအောင် ပွင့်လင်းမြင်သာစွာ ငွေစာရင်းရှင်းဖို့ကိစ္စနှင့် ယင်းသို့လုပ်ရမည်ကို ပြည်နယ်အစိုးရက ဘာကြောင့်များ မတိုက်တွန်းသလဲဆိုသည့် အကြောင်းပင်ဖြစ်သည်။

ကျွန်တော်သည် သူနှင့် စကားစဖြတ်ကာ သင်တန်းသူ၊ သင်တန်းသားများနှင့်အတူ တောင်အောက်သို့ ပြန်ဆင်းလာခဲ့ သည်။ ကားတစ်စီးလျှင် ခရီးသည် ၄၁ ဦးသာ စီးရန် သတ်မှတ်ထားသည်ဟုဆိုသည်။ ခရီးသည်တစ်ဦးလျှင်  ကားခမှာ ရသေ့ တောင်မှ ကင်ပွန်းစခန်းအထိ ၁,၅၀ဝကျပ်၊ ကျိုက်ထီးရိုးတောင် ပေါ်မှ ကင်ပွန်းစခန်းအထိ ၂,၅၀ဝကျပ် စသဖြင့် သတ်မှတ်ထားသည်။

ရသေ့တောင်အဆင်းတွင် ကင်ပွန်းစခန်းမှတက်လာသည့် ကားများကိုခဏစောင့်ဆိုင်းနေရသေးသည်။ စောင့်ဆိုင်းနေသည့် ကားများတွင် ကျိုက်ထီးရိုးတောင်ပေါ်မှဆင်းလာသည့် ကားကအများစုဖြစ်ပြီး ရသေ့တောင်ထွက် ကားက ကျွန်တော်တို့တစ်စီးသာရှိ၏။ တောင်ပေါ်မှ ဆင်းမည့်ကား စုစုပေါင်း ရှစ်စီး၊ ကိုးစီးခန့်ရှိမည်ထင်သည်။

သိပ်မကြာ၊ ဘုရားဖူးခရီးသည်များ အပြည့်တင်လာသည့် ကားများ တောင်ပေါ်သို့ တက်လာကြသည်။ ကျွန်တော် ရေတွက် ကြည့်လိုက်ရာ စုစုပေါင်း ၁၃ စီးခန့် ရှိမည်။ ကားတစ်စီးလျှင် ခရီး သည် ၄၁ ဦးဖြင့် တွက်ကြည့်မည်ဆိုပါက ယခုတစ်ခေါက်တည်း ပင်လျှင် ဘုရားဖူးခရီးသည် ၅၃၃ဦး ဖြစ်၏။

ကားခနှုန်းထား ၂,၅၀ဝကျပ်ဖြင့်တွက်ကြည့်လျှင် ယခုတစ် ခေါက်တည်းအတွက် ကားခမှာ ကျပ် ၁၃သိန်းကျော် ရှိသည်။ ယနေ့အတွက်တော့ ဘုရားဖူးခရီးသည်များ တစ်နေကုန် တက် နေကြသည်ကို ကျွန်တော်မြင်တွေ့နေရသည်။  ကျွန်တော်တို့အဖွဲ့ ကျိုက်ထီးရိုးတောင်ပေါ်သို့မတက်မီ ရန်ကုန်သို့ ခေတ္တပြန်သွားသော သင်တန်းဆရာသည် ကျိုက်ထီးရိုးတောင်ပေါ်သို့တက်ရန် ကြိုးစားကြည့်သေးသည်။ ကားခေါင်းခန်းမှ လိုက်ရန်အတွက် ကားဂိတ်တွင် မေးကြည့်ရာ ကားအစီး ၆၀ စောင့်ရမည်ဟု သိရ သဖြင့် တောင်ပေါ်သို့တက်မလာတော့ဘဲ ကင်ပွန်းစခန်းမှသာ ကျွန်တော်တို့အား စောင့်နေလေတော့သည်။

ကင်ပွန်းစခန်းနှင့် ကျိုက်ထီးရိုးပြေးသည့် ကားစီးရေမှာ စုစုပေါင်း၁၅၀ခန့်ရှိသည်ဟု သိရသည်။ ပွဲတော်ရာသီခုနစ်လ စာရင်းချုပ်ကြည့်မည်ဆိုပါက ကားတစ်စီးလျှင် ဘယ်လောက်ကျန်သလဲဟု ကားမောင်းသူကား မေးကြည့်ရာ ကျပ်သိန်း ၅၀ဝ ဝန်းကျင်ခန့်ရသည်ဟု ဖြေသည်။

ညနေပိုင်း ကားသိမ်းသည့်အချိန်တွင် ယနေ့အတွက် ဘယ်လောက်ရသလဲဟု ကားသမားတစ်ဦးအား မေးကြည့်ရာ သူ့ကား တစ်စီးတည်းအတွက် ၁၂သိန်းခန့်ရသည်ဟုဆို၏။ ယခုရက်က သီတင်းကျွတ်ဘုရားဖူးကျသည့်နေ့ ဖြစ်သောကြောင့်လားတော့ မပြောတတ်။

ထပ်၍သိရသည်က ထိုယာဉ်လိုင်းထဲတွင် အမည်ပေါက်လွှဲကာ တစ်ဦးတည်း ၁၀ စီးပိုင်သည့်သူလည်း ရှိသည်ဟု ယာဉ် မောင်းက ဆိုလိုက်သေးသည်။ တကယ်တော့ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ ထိုသို့ တစ်ဦးတည်းက ကားအစီးရေများစွာ ပိုင်ဆိုင်ခွင့်မရှိဘဲ ပိုင်ရှင်တစ်ဦးလျှင် အများဆုံးကားနှစ်စီးသာ ပြေးဆွဲခွင့်ရှိကြောင်း သိရ၏။ တချို့သော မော်တော်ယာဉ်များဆိုလျှင် ဒေသခံများနှင့် အများပိုင်သဘောစုပေါင်းပြေးဆွဲကြကာ ရရှိလာသည့်အမြတ်ကိုလည်း အချိုးကျခွဲဝေယူကြသည်ဟု သိရသည်။

ရသေ့တောင်မှ ဆင်းလာခဲ့သော ကျွန်တော်တို့သည် မနက်ပိုင်း ၁၁နာရီခွဲတွင် ကင်ပွန်းစခန်းသို့ပြန်ရောက်လေ သည်။ နေ့လယ်ထမင်းစားပြီးသည့်နောက် မွန်းလွဲ ၁နာရီတွင် သင်တန်းပြန်စပြီး သတင်းရေးကြလေသည်။ သင်တန်းသူ၊ သင်တန်းသား တို့သည် ကိုယ့်အဖွဲ့နှင့် ကိုယ်သတင်းရေးကြလေသည်။ သုံးနာရီခန့်ကြာသောအခါ အားလုံး သတင်းရေးပြီးသွားသည်။ ညနေ လေးနာရီထိုးလေပြီ။

ကျွန်တော်တို့သည် သင်တန်းသူ၊ သင်တန်းသားများ ရေးသားထားသော သတင်းများကို အားလုံးရှေ့တွင် တစ်ပုဒ်ချင်းစီ အားနည်းချက်၊ အားသာချက်တွေကို ပြန်လည်ဆွေးနွေးကြသည်။

ကျိုက်ထီးရိုးအလှူခံအကြောင်းရေးသည့် သတင်းဆိုလျှင် ဂေါပကအဖွဲ့က အလှူခံများအနေဖြင့် ဘုရားဖူးသူများကို စိတ် အနှောင့်အယှက်ပြုပါက ပထမတစ်ခေါက်တွင် ကျပ်တစ်သိန်း၊ ဒုတိယတစ်ခေါက်တွင် ကျပ်သုံးသိန်း၊ တတိယတစ်ခေါက် တွင် နေရာပြောင်းရမည်အထိ ပြစ်ဒဏ်များရှိသည်ဟု ပြောထားသည်။ သို့သော် ယင်းသို့အရေးယူခံရသူ မရှိဟု ဂေါပကအဖွဲ့က ပြောသည်။

အလှူခံပုဂ္ဂိုလ်များ လိုက်နာရမည့် စည်းကမ်းများကိုလည်း ဂေါပကအဖွဲ့က ချမှတ်ပေးထားပြီး ယင်းစည်းကမ်းချက်များအား အလှူခံမဏ္ဍပ်များတွင် ကပ်ပေးထားရန် ပြောကြားထားသလို ကျိုက်ထီးရိုးရှိ အလှူခံများချထားပေးမှု စနစ်မှာလည်း လေလံစနစ်ဖြင့် ချထားပေးသည်ဟု ဂေါပကအဖွဲ့ကဆိုထားသည်။ သို့သော် အလှူခံမဏ္ဍပ်များတွင် မည်သည့် စည်းကမ်းချက်မှကပ် ထားသည်ကို မတွေ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

မုဆိုးတောင်အလှူခံမဏ္ဍပ်က ပြောကြားသည်တွင် ၄င်းတို့အနေဖြင့် နေ့စဉ် အလှူခံရသမျှကို ဂေါပကအဖွဲ့သို့ ပေး သွင်းရသည်ဟု ဆိုသည်။ ရသေ့တောင်ရှိ အလှူခံမဏ္ဍပ်က ဆိုလျှင် တစ်နှစ်ပတ်လုံးအတွက် ဂေါပကအဖွဲ့သို့ ကျပ်ငါး သိန်း ပေးထားရကြောင်း ပြန်လည်ဖြေကြားထားသည်။

စာဖတ်ပရိသတ်ကို ပြောရမည့် အဓိက အရေးကြီးသည့် အချက်မှာ ကျိုက်ထီးရိုးတွင် အလှူခံကိစ္စသည် ဘုရားဖူးသူတို့ အများစု ဝေဖန်နေကြသည့်အကြောင်းဖြစ်ကြောင်း၊ ယင်းသို့ဖြစ်ရသည်မှာ ဂေါပကအဖွဲ့၏ ကြီးကြပ်နိုင်မှုကို မေးခွန်းထုတ်စရာဖြစ်သလို အလှူခံမဏ္ဍပ် လေလံပေးသည့်စနစ်မှာလည်း ဘုရားဖူးသူတို့၏ သဒ္ဓါတရားကို လေလံပစ်သည့်သဘော ဖြစ်နေကြောင်း၊ ယင်းတို့၏ နောက်ဆက်တွဲအနေဖြင့် အလှူခံမဏ္ဍပ်များက ဘုရား ဖူးများထံမှ အတင်းအဓမ္မ အလှူငွေတောင်းခံသည့် အပြုအမူများ ဖြစ်လာရခြင်းဖြစ်ကြောင်း ဖြည့်စွက်ရှင်းပြလိုက်သည်။

သင်တန်းသူ၊ သင်တန်းသားများ သတင်းလိုက်ခဲ့စဉ်က ၄င်းတို့ ဂေါပကရုံးခန်းသို့ ရောက်ခဲ့ရာတွင် ဘုရားဖူးအမျိုးသမီးတစ်စုသည် မုဆိုးတောင်၌ အလှူခံမဏ္ဍပ်နှင့် ပြဿ     နာတက်ခဲ့ သည့် အကြောင်းကို ဂေါပကရုံးခန်းသို့ လာရောက်တိုင်ကြားသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့မြင်ခဲ့ရသည်ဟုဆိုသည်။ မဏ္ဍပ်မှ အလှူခံပုဂ္ဂိုလ်တို့သည် ပြဿ      နာတက်သဖြင့် အမျိုးသမီးတို့ လှူဒါန်းသည့် အလှူငွေ ကျပ်၂၅,ဝ၀ဝ ကို လက်မခံဘဲ ပြန်ပေးခဲ့သည်ဟု ၄င်းတို့က ကိုယ်တိုင်မြင်ခဲ့ရသည့် အတွေ့အကြုံကို သင်တန်းအတွင်း ပြန်ရှင်းပြသည်။

နောက်တစ်ပုဒ်မှာ ကျိုက်ထီးရိုးဘုရားသို့ နိုင်ငံခြားသားလာရောက်လည်ပတ်မှုများပြားသည့် သတင်းဖြစ်သည်။ ယင်းသတင်းတွင် အချက်အလက်တချို့လိုအပ်နေကြောင်းတွေ့ရှိရပြီး အဓိကသတင်းဖြစ်သည့် အကြောင်းအရင်းမှာ ခရီးသည်ပိုများသည့်အခါတွင် တည်းခိုခန်းနှင့် ဟိုတယ်များ တည်းခိုခနှုန်းထား ကျပ်သိန်းဂဏန်းအထိ မြင့်တက်သွားသည့် အကြောင်းဖြစ်သည်ဟု ဆွေးနွေးဖြစ်ကြသည်။

ထိုအခါ သင်တန်းသားတစ်ဦးက “ကျိုက်ထီးရိုးမှာ ပြောစမှတ်တစ်ခုရှိတယ်။ အဒေါ်ကြီးတစ်ယောက် ဘုရားဖူးတွေ တည်းဖို့၊ခိုဖို့အတွက် ဇရပ်တစ်ခုဆောက်ပေးတယ်။ နောက်နှစ်သူလာတော့ ဇရပ်က လူတစ်ယောက် ထွက်လာပြီး အန်တီ ဘယ်လောက်တန် အခန်းယူမလဲလို့မေးခံလိုက်ရတယ်။ သူတို့က သူများလှူထားတာကို ငှားစားလိုက်ကြတယ်” ဟု ဆိုသည်။

ထို့ကြောင့် ကျွန်တော်က ယင်းကဲ့သို့သော အကြောင်းအရာများကို ဘယ်အချိန်၊ ဘယ်နေရာတွင် ဖြစ်ခဲ့သည်ဟု အတိ အကျပေးနိုင်ပါက သတင်းတစ်ပုဒ်အတွက် ကောင်းမွန်သည့်အချက်အလက်ဖြစ်ကြောင်း သတင်းရေးသားခြင်းနှင့်  ချိတ်ဆက်ပြီး ရှင်းပြလိုက်သည်။

ကျိုက်ထီးရိုးတောင် ဖွင့်ပွဲသတင်းရေးသားထားမှုကို ဝိုင်းဝန်းဆွေးနွေးရာတွင်လည်း ဖွင့်ပွဲကိုမည်သို့ကျင်းပသည်၊ မည် သည့်အချိန်ကျင်းပသည်ဟု ရေးသားထားခြင်းမှာ သာမန်ရေးသားမှုသာဖြစ်ပြီး ထူးခြားမှုကို ဆွဲထုတ်ရေးသားမည် ဆိုပါက ကျိုက်ထီးရိုးတောင်ပေါ်တွင် တရုတ်နဂါးအကဖြင့် လာရောက်ဖျော်ဖြေခြင်းကို ရေးသားနိုင်ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်ရေးသားနိုင်သည့် အကြောင်းအရာများစွာရှိသည်ဟု အကြံပြုချက်ပေးလိုက်သည်။

နောက်ဆုံးတစ်ပုဒ်မှာ ရသေ့တောင်ရှိ တောင်တက်အထမ်းသမား အလုပ်သမားများနှင့် အုပ်ချုပ်ရေးအဖွဲ့တို့ကြား ဖြစ်နေသည့် ငွေကြေးရှုပ်ထွေးမှုကိစ္စဖြစ်သည်။ အလုပ်သမားများသည် တောင်ဖွင့်ရာသီ ခုနစ်လတာအတွင်း အလုပ်လုပ်ကိုင်ခွင့်ရရှိရန်  ကျပ်ငွေ ၇,၅၀ဝ ကို ထိုအုပ်ချုပ်ရေးအဖွဲ့သို့ပေးရသည်။ ကျိုက်ထီး ရိုးတောင်တွင် အထမ်းသည် အလုပ်သမားဦးရေ ၉၀ဝ ခန့် ရှိသောကြောင့် စုစုပေါင်းမည်ဆိုပါက ၆၂ သိန်းကျော် ရရှိခဲ့သည်။

သို့သော် ငွေဘယ်လောက်ကို မည်သည့်နေရာတွင် အသုံးပြုခဲ့ပြီး လက်ကျန်ငွေမှာ ဘယ်လောက်ဖြစ်သည်ဆိုခြင်းကို မည်သည့် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကမှ ရှင်းလင်းပေးခြင်းမရှိသည့်အကြောင်းကို အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌအား မေးမြန်းရေးသားထားခြင်းဖြစ်သည်။

ထိုသတင်းရေးသားရာတွင် အလုပ်သမားများသည် တစ်ရက်ဝင်ငွေ ဘယ်လောက်ရသည်၊ ဘယ်လောက်ပင်ပင် ပန်းပန်း လုပ်ရသည်၊ အလုပ်သမားမိသားစုတို့သည် တစ်ရက်ရသည့် ဝင်ငွေနှင့် အိမ်သုံးစရိတ်လောက်ငမှု ရှိ၊ မရှိ၊ ကလေးများ ကျောင်းထားနိုင်သည့် အခြေအနေစသည့် အချက်အလက်တို့အား ပြည့်စုံစွာ ရေးသားရမှာဖြစ်သလို ထိုသို့ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေ စားသောက်နေရသော အလုပ်သမားများထံမှ အုပ်ချုပ်သူတို့က မည်သို့ခေါင်းပုံဖြတ် ချုပ်ကိုင်ထားသည်ကို ပေါ်လွင်အောင် အချက်အလက်များဖြင့် သက်သေပြရမှာဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပေး လိုက်သည်။ သတင်းအားလုံး ဆွေးနွေးပြီးသွားသည့်အခါ ကျွန်တော်တို့သည် သင်တန်းဆင်းလက်မှတ်ပေး၍ သင်တန်းကို နိဂုံးချုပ်လိုက်လေသည်။

ကျွန်တော်တို့ သင်တန်းပြီးသည့်အချိန်တွင် ညခုနစ်နာရီထိုးလေပြီ။ နေ၏အလင်းရောင်ပျောက်ကာ သီတင်းကျွတ်လ၏ အလင်းရောင်သည် အရှေ့ရပ်တွင် ဖြာဆင်းကာကျနေလေပြီ။ ထိုနေ့ညတွင် သင်တန်းသူ၊ သင်တန်းသားအချို့က ကျွန်တော်တို့အား ကင်ပွန်းချောင်းတွင် ပြုလုပ်သည့် ပွဲဈေးတန်းသို့လျှောက်ရန် ဖိတ်ခေါ်သဖြင့် ပွဲဈေးတန်းသို့ လမ်းလျှောက်ထွက်ခဲ့ကြသေးသည်။

နောက်ရက်တွင် ကျွန်တော်တို့သည် မနက် ရှစ်နာရီထွက်သည့် ကားနှင့်ရန်ကုန်သို့ပြန်ခဲ့ကြသည်။ အိမ်အပြန်လမ်းတွင် ကျွန်တော့်အတွေးများသည် ကျိုက်ထီးရိုးမှ ကြားခဲ့သမျှသော အကြောင်းအရာများထဲမှ ရုန်းမထွက်နိုင်။ ဒေသခံတို့ မကြာခဏ ပြောပြသည့် ခရိုနီဆိုသူကိုလည်း မျက်စိထဲပေါ်လာသည်။

အမှန်အတိုင်းပြောရလျှင် ကျွန်တော်သည် ကျိုက်ထီးရိုးနှင့် ပတ်သက်သည့် မည်သည့်အကြောင်းကိုမျှ စာရေးချင်သည့်စိတ်မရှိ။ ရေးမည်ဟုလည်း မရည်ရွယ်ခဲ့။ သို့သော် ကြားခဲ့သမျှသော အကြောင်းအရာတို့က ကျွန်တော့် ခေါင်းထဲမှမထွက်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဟု ပြန်စဉ်းစားရင်း ကျိုက်ထီးရိုးတောင် အကြောင်းကို ထပ်၍ တွေးမိနေ ပြန်သည်။

ကျွန်တော့်နားထဲ ထပ်ခါထပ်ခါ ကြားယောင်နေသည့် စကားတစ်ခွန်းလည်း ရှိသေးသည်။ ကျွန်တော်တို့ သင်တန်းမှ အသက်ကြီးသည့် သင်တန်းသားတစ်ဦး၏ မှတ်ချက်ဖြစ်သည်။

သူက “ကျိုက်ထီးရိုးမှာ ဘုရားဖူးတွေ လှူဒါန်းခဲ့တဲ့ငွေက နှစ်စဉ်ထောင်ချီရနေပေမယ့် ဘုရားပေါ်မှာ ဘုရားဖူးတွေ ရေတစ်ခွက် အလကားသောက်လို့မရဘူး”ဟု မှတ်ချက်ပြုလေသည်။

ကျွန်တော်သည် သူ့စကားကိုကြားသောအခါ တွေးစရာများ ခေါင်းထဲရောက်လာသည်။ ကျွန်တော် တွေးမိသည်က ကျိုက်ထီးရိုးတောင်တွင် ရိုးသားသည်ဆိုသော မြန်မာ့စိတ်ရင်းသည် ဘယ်အရာနည်း၊ ကျိုက်ထီးရိုးသည် စီးပွားရေးရောင်းဝယ် ဖောက်ကားသည့် ပွဲစားတန်းမဟုတ်၊ လောင်းကစားဝိုင်းများရှိသည့် နေရာမဟုတ်၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ၊ ကိုးကွယ်ဆည်းကပ်စရာ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကြီး တည်ရှိရာ နေရာဖြစ်သည်။ သို့သော် ထိုမြင့်မြတ်သည့် နေရာ၌ပင် လူတို့၏ စေတနာ၊ မေတ္တာ၊ သဒ္ဓါတရားတို့ အလွဲသုံး စားလုပ်ခြင်းခံနေရသည်၊ အစော်ကားခံနေရသည်၊ အလိမ်ခံနေရသည်။

ကျိုက်ထီးရိုးစေတီတော်ကြီးသို့ နှစ်စဉ် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ဘုရားဖူးခရီးသည်  သည် သိန်း၊ သန်းချီ၍ လာရောက်ကြသည်။ ဘုရားကြီးမှ ရရှိသည့် အလှူငွေမှာလည်း ကျပ်သိန်းပေါင်း ထောင်နှင့်ချီ၍ရရှိသည်။ သို့တိုင် ကျိုက်ထီးရိုးရင်ပြင်တော်တွင် ဘုရားဖူးခရီးသည်များ ရေဝယ်သောက်ရသည်။ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ အခမဲ့ ညအိပ်တည်းခိုနိုင်သည့် လုံလောက်သော ဇရပ်နှင့် ဓမ္မာရုံမရှိ။ အခ ကြေးငွေ သိန်း၊ သောင်းချီသည့် တည်းခိုခန်းများ၊ ဟိုတယ်များသာ တစ်နှစ်တခြားတိုးတိုးလာသည်။

ထို့ထက်ဆိုးသည်က ကျိုက်ထီးရိုးစေတီတော်ကြီးကို ကြည်ညို၍ လာရောက်ဖူးမြော်သော ဘုရားဖူးသူတို့၏ စေတနာ သဒ္ဓါတရားတို့သည် ကျိုက်ထီးရိုးသို့မရောက်ခင်တည်းကပင် အလှူခံမဏ္ဍပ် လေလံအောင်သူတို့၏ လက်ထဲသို့ အပ်လိုက်ပြီးသားဖြစ်သည်။ မြင်သာအောင်ပြောရလျှင် ဘုရားဖူးသူတို့၏ စေတနာသဒ္ဓါတရားတို့သည် ကြိုတင်ကာ အရောင်းအဝယ်လုပ်ခြင်း ခံထားရပြီးဖြစ်သည်။ ဘုရားဖူးသူတို့၏ စေတနာသဒ္ဓါတရား ကို ဝယ်ယူထားပြီးဖြစ်သောကြောင့် အရှေ့မှတားဆီးကာ အလှူငွေအတင်းထည့်ခိုင်းမည်၊ အလှူငွေ မထည့်လျှင် ခြိမ်းခြောက်မည်၊ စိတ်အနှောင့်အယှက် ဖြစ်အောင်ပြောမည်။

ကျွန်တော်ထပ်မံတွေးမိသည်က ကျိုက်ထီးရိုးစေတီတော် ကြီးမှ ရရှိသော သိန်းပေါင်းထောင်သောင်းချီသည့် အလှူငွေတို့သည် ဘယ်သို့ရောက်သွားသနည်း၊ ဘုရားဖူးပြည်သူတွေအတွက် ဘယ်လိုသုံးလိုက်သနည်း၊ နှစ်စဉ်အသုံးစရိတ်တို့ကို အများပြည်သူ ပွင့်လင်းမြင်သာမှုရှိအောင်ထုတ်ပြန်ပါ၏လော။ ဘုရားဖူး ပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးနိုင်စေရန် မွန်ပြည်နယ် အစိုးရသည် မည်သို့တာဝန်ယူထားပါသနည်း စသဖြင့် ကျွန်တော်သည် တစ်ခုပြီး တစ်ခု ဆက်၍ တွေးတောနေမိသည်။

အထက်ပါအတိုင်းတွေးမိ၊ မေးမိနေခြင်းသည် ကျွန်တော့် တွင် ရည်ရွယ်ချက်တစ်ခုတည်းသာရှိ၏။ ယင်းမှာ မြန်မာပြည် အနယ်နယ်အရပ်ရပ်က ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်စေရန်နှင့် ဘုရားဖူးသူတို့၏ စေတနာ၊ မေတ္တာ၊ သဒ္ဓါ တရားတို့၏ အကျိုးကို ရောင်ပြန်ခံစားရစေဖို့အတွက်သာ တွေးမိ၊ မေးမိနေခြင်းသာ ဖြစ်သည်။ ကျွန်တော်သည် ထိုသို့ အပြန်အလှန် စဉ်းစားတွေးတောမိသောအခါ ကျိုက်ထီးရိုးတွင် မြင်ခဲ့၊ ကြားခဲ့သမျှကို စာရေးသားတော့မည်ဟုသာ ဆုံးဖြတ်ပြီး ရန်ကုန်သို့ ပြန်လာခဲ့တော့သည်။          ။

နိုဝင်ဘာလထုတ်-၂၀၁၄၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၈)မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။

ကျော်ဇေယျာထွန်း ရေးသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here