Home သတင်းဆောင်းပါး ကျားဖောင်ပေါ်က ပင်လယ်သားတို့ဘဝ အပိုင်း(၁)

ကျားဖောင်ပေါ်က ပင်လယ်သားတို့ဘဝ အပိုင်း(၁)

122
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

 

ငါးတစ်ကောင်၏ ဆူးတောင်စူးသဖြင့် ခြေထောက်တွင် ဒဏ်ရာရကာ အဖျားတက်နေသည့် ဦးမြရွှေရလိုက်သည့်အရာက စာနာမှု၊ ကရုဏာနှင့် ပြုစုကုသမှုတို့မဟုတ်။ ကော်ပိုက်လုံး ရိုက်ချက်၊ လက်သီးထိုးချက်နှင့် ခြေထောက်ကန်ချက်တို့ပင် ဖြစ်လေသည်။ အားဖြင့်လွှဲလာသည့်ခြေထောက်၊ အရှိန်ဖြင့် ဝင်လာသည့် လက်သီးတို့သည် ဦးမြရွှေ၏ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက်ဆိုသလို ကျရောက်လာပြီး ဆဲသံများလည်း ဆူညံ သွားသည်။

”သေမှပဲ ကုန်းပေါ်တင်ပေးမယ်။ မင်းအတွက်လျော်ကြေးကို ငါလျော်ရတာမဟုတ်ဘူး။ စာရင်းဒိုင်ပဲလျော်ရတာ။ မင်းအတွက်လျော်ကြေးက ပုစွန်ခြောက်တစ်အိတ်တန်ဖိုးတောင် မရှိဘူး”ဟု ဦးမြရွှေကိုရိုက်နှက်သူက အော်ငေါက်ပြောဆိုပြီး ကျားဖောင်ပေါ်မှ ပြန်ဆင်းသွားသည်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ခဏအကြာတွင်ပြန်ရောက်လာပြီး ထပ်မံရိုက်နှက်ထိုးကြိတ်ပြန်သည်။ ဦးမြရွှေက ပြန်ခုခံဖို့ စိတ်ကူးမိသေးသော်လည်း တစ်ယောက်နှင့် အများဖြစ်နေသောကြောင့် ကိုယ်သေသွားနိုင်သဖြင့် ပြန်မခုခံဘဲ ရိုက်သမျှကို အံကြိတ်ကာခံနေရသည်။

ဖျာပုံခရိုင်၊ အမာမြို့၊ အေးကုန်းကျေးရွာတွင် နေထိုင်သည့် ဦးမြရွှေသည် ကပ္ပလီပင်လယ်ပြင်ထဲက ကျားဖောင်တစ်ခုပေါ် တွင် အလုပ်လုပ်နေသည့် လုပ်သားတစ်ဦးဖြစ်ပြီး ထိုဖြစ်ရပ် မတိုင်မီတစ်ပတ်ခန့်က ခြေထောက်ကို ငါးရောင်စူးခဲ့ခြင်းဖြစ် သည်။ အနာကမပျောက်ဘဲ ပြည်တည်ကာ ခြေထောက်ရောင်လာပြီး နေမကောင်းဖြစ်ခဲ့သည်။ ဖောင်ပေါ်ရှိ ကျန်နှစ်ဦးက သူ့ကို နားနေရန် ပြောသဖြင့် အနားယူနေခြင်းဖြစ်သည်။

သို့သော် ကျားဖောင်များကို လိုက်လံစစ်ဆေးနေသည့် ဖောင်ဦးစီးချုပ်က စက်လှေဖြင့်ရောက်လာပြီး သူ့အားရိုက်နှက် ထိုးကြိတ်ခဲ့ခြင်းဖြစ်လေသည်။ ဦးမြရွှေက ကုန်းပေါ်တက်ကာ အနာကို ဆေးကုသပြီး ပျောက်ကင်းပါက အလုပ်ပြန်လုပ်မည့် အကြောင်း ပြောပြသော်လည်း သူ့ကိုခွင့်မပြု။

ဓာတ်ပုံ - ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း
ဓာတ်ပုံ – ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

နောက်လေးရက်ကြာသည့်အခါ ဖောင်ဦးစီးချုပ်သည် သူ၏နောက်လိုက်များနှင့်ထပ်မံရောက်ရှိလာပြီး ဦးမြရွှေကို ထပ်မံထိုးကြိတ်ရိုက်နှက်ပြန်သည်။ ဦးမြရွှေသည်လဲကျသွားပြီး လမ်းမလျှောက်နိုင်တော့ပေ။ ထိုအခါ ဖောင်ဦးစီးချုပ်၏နောက်လိုက်များက သူ့ကိုကျားဖောင်ပေါ်မှ စက်လှေပေါ်သို့ ထမ်းတင်လိုက် ကြသည်။ စက်လှေပေါ်သို့ရောက်သည့်အခါ ဖောင်ဦးစီးချုပ်က ကော်ပိုက်လုံးဖြင့် ထပ်၍ ရိုက်ပြန်သည်။

ဦးမြရွှေက ကုန်းပေါ်တင်ပေးဖို့ တောင်းပန်ပြန်သည်။ ”မတင်ပေးဘူး။ သေအောင်ထားမယ်။ သေပြီးမှတင်ပေးမယ်” ဟူ၍သာ ပြောပြီး သူကိုဆက်ရိုက်သည်။

ထိုသို့ အရိုက်ခံနေရစဉ် ဦးမြရွှေစိတ်ထဲတွင် သည်ကျားဖောင်အလုပ်ကို လုပ်မိခဲ့လို့သာ အခုလိုဖြစ်ရသည်၊ ကုန်းပေါ်မှာ အလုပ်လုပ်လျှင် အခုလိုအဖြစ်မျိုးနှင့် ကြုံရနိုင်မည်မဟုတ်ဟု နောင်တရနေမိ၏။ ယခင်ဘဝက သူများတွေကို လုပ်ခဲ့လို့သာ သည်ဘဝတွင် ကိုယ့်ကိုအနိုင်ကျင့်သည့်သူ ပေါ်လာခြင်းဖြစ်သည်ဟု တွေးနေမိသည်။

ဦးမြရွှေကို ရိုက်နှက်ထိုးကြိတ်လိုက်၊ ဒဏ်ရာကို ဆေးလိမ်းပေးလိုက်နှင့် နှစ်ပတ်ကြာသည်အထိ စက်လှေပေါ်တွင် ထားလေသည်။ နောက်ဆုံးတွင် အသက်ကိုပင်ကောင်းကောင်းမရှူနိုင်တော့ဘဲ ရင်ဘတ်တွေအောင့်လာသည်။ ချောင်းဆိုးလိုက်သည့်တိုင် ပါးစပ်မှအသံထွက်မလာတော့။ တစ်ကိုယ်လုံးတွင် ဒဏ်ရာ၊ ဒဏ်ချက်များနှင့် ပြည့်နှက်လာသည်။ ညာဘက်ခြေသလုံးတွင် အသားကြေသည်အထိ ဖြစ်သွားခဲ့သည်။

နောက်ဆုံးတွင် ငါးပေါင်းဦးစီး(ပင်လယ်ထဲကဖောင်မှ ငါး၊ ပုစွန်များကို ကမ်းသို့သယ်ယူပေးသည့် စက်လှေကို ဦးစီးသည့်သူ) တစ်ဦးက လုပ်ငန်းရှင်ကိုပြောပြီး ငါးပုစွန်များလိုက်လံသိမ်းဆည်းသည့်စက်လှေဖြင့် ကမ်းပေါ်သို့ခေါ်လာခဲ့သည်။ သို့သော် လုပ်ငန်းရှင်က ဦးမြရွှေကို ရွာရှိ သူ့အိမ်တွင် သည်အတိုင်းပစ်ထားခဲ့ သည်။ ဆေးရုံမပို့လျှင် သေဆုံးသွားနိုင်သဖြင့် အိမ်နီးနားချင်း တချို့က ဦးမြရွှေကို ဒေါ်ညိမ်းကျေးရွာဆေးရုံသို့ တင်လိုက်ကြသည်။ ဒေါ်ညိမ်းကျေးရွာဆေးရုံတွင် သုံးရက်ခန့် တက်ပြီးသည့်နောက် ဖျာပုံဆေးရုံသို့ လွှဲပြောင်းပေးလိုက်သည်။

”ခြေသလုံးအသားတွေပုပ်နေလို့ အရိုးပေါ်တဲ့အထိ ခြေသလုံးက အသားတွေကို ခြစ်ထုတ်ပစ်လိုက်ရတယ်”ဟု ဦးမြရွှေက သူ့အဖြစ်ကို ပြန်ပြောပြသည်။

အစပိုင်းတွင် ဦးမြရွှေကို လုပ်ငန်းရှင်ဖြစ်သူက မည်သည့် ဆေးဝါးကုသမှုကိုမှ တာဝန်မယူဘဲ သည်အတိုင်းပစ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အေးကုန်းရွာခံတချို့နှင့် NLDပါတီဝင်တချို့က လုပ်ငန်းရှင်ထံသွားရောက်ပြီး ဆေးကုသစရိတ်ကို တာဝန်ယူပေးရန် ညှိနှိုင်းကြသည့်အတွက် ဦးမြရွှေ၏ဆေးကုသစရိတ်ကို လုပ်ငန်းရှင်က တာဝန်ယူပေးခဲ့ခြင်းဖြစ်သည်ဟု အေးကုန်းကျေးရွာမှ ဒေသခံများက ဆိုသည်။

ယခုလိုအဖြစ်မျိုးနှင့် ကြုံတွေ့ရသူမှာ ဦးမြရွှေတစ်ယောက် တည်းမဟုတ်။ ကျားဖောင်ရေလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် ဦးမြရွှေကဲ့သို့သော ရေလုပ်သားတချို့သည် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ လုပ်ခလစာ အပြည့်အဝမရခြင်း စသည့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု မျိုးကို ကြုံတွေ့နေရသည်ဟု မော်ကွန်းက ချဉ်းကပ်ခဲ့သော ဧရာ ဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ ကျားဖောင်ရေလုပ်သားများက ပြောသည်။

ပင်လယ်ပြင်ရှိ ကျားဖောင်လုပ်သားများကြားတွင် လူသတ်မှုများ၊ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုများရှိသလို ဖောင်ဦးစီးများအလစ်တွင် ဝါးလုံး၊ ဖော့သီးများဖြင့် ပင်လယ်ထဲ ထွက်ပြေးသွားတတ်ကြသဖြင့် လူပျောက်တိုင်တန်းမှုများလည်းရှိသည်ဟု ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးလွင်မောင်သိန်းကဆိုသည်။ အမှုစာရင်းများကိုကြည့်လျှင် လူပျောက်တိုင်ကြားမှုက အများဆုံးဖြစ်သည်ကို တွေ့ရမည်။

၂ဝ၁၅ အတွင်း ဖျာပုံခရိုင်၊ အမာမြို့  နယ်မြေရဲစခန်းအပိုင်တွင် ကျားဖောင်လုပ်ငန်းနှင့်ဆက်စပ်သည့် ပင်လယ်ပြင် လူသတ်မှုရှစ်မှု၊ သေကြောင်းကြံစည်မှုရှစ်မှုနှင့် လူပျောက်တိုင်ကြားမှု ၃၇ မှု(တစ်လလျှင် သုံးမှုနှုန်း) ရှိခဲ့သည်ဟု ဆိုပါသည်။

”ပျောက်သွားတဲ့သူက ပြန်မတွေ့တာကများတယ်”ဟု ဒုတိယရဲမှူးကြီးလွင်မောင်သိန်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီမှ မတ်အထိ ရရှိသည့်ကိန်းဂဏန်းမှာ ပင်လယ်ပြင်လူသတ်မှု နှစ်မှုရှိခဲ့ပြီး လူပျောက်တိုင်ကြားမှု မရှိသေးဟု သူက ဆိုသည်။

မရေရာတဲ့ ဘဝ

ကျားဖောင်လုပ်ငန်းတွင် အလုပ်သမားများက ကြိုတင်ငွေယူကာ ထွက်ပြေးကြသည့်အတွက် လုပ်ငန်းရှင်များ ထိခိုက် နစ်နာမှုများရှိသလို လုပ်ငန်းရှင်နှင့် ဖောင်ဦးစီးချုပ်များကြောင့် အလုပ်သမားများ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခြင်းများရှိသည်ဟု ဖျာပုံခရိုင်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဦးသန့်ဇင်က ဆိုသည်။

”အလုပ်ရှင်တွေနစ်နာရင် ငွေကြေးပဲနစ်နာတာ။ အလုပ်သမားတွေနစ်နာရင် ဘဝတစ်ခုလုံး ပေးဆပ်လိုက်ရတာ။ ကျားဖောင်လုပ်သားတွေရဲ့ဘဝက ဘာမှအာမခံချက်မရှိဘူး”ဟု သူ က ဆိုသည်။

၂ဝ၁၁၊ မတ်အတွင်း လေပြင်းများတိုက်ခတ်ခဲ့စဉ်က ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်များနှင့်ဆက်စပ်နေသော မုတ္တမကွေ့နှင့် ကပ္ပလီပြင်လယ်ပြင်ရှိ ကျားဖောင်လုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ယင်းတို့တွင် လုပ်ကိုင်နေသူများအပါအဝင် အခြားငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေသူ အမြောက်အမြားလည်း ပျောက်ဆုံးခဲ့ရသည်။ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ စာရင်း ဇယားများအရ ရေလုပ်သား ၁၆,ဝဝဝ ကျော် ထိခိုက်ခဲ့ကြပြီး ၂ဝ ဦးသေဆုံးကာ လူပေါင်း ၄၈ဝ ပျောက်ဆုံးသွားခဲ့သည်။

ထိုစဉ်က ငါးလုပ်ငန်းဦးစီးဌာနနှင့် ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ (Network Activities Group-NAG)တို့ပူးပေါင်းပြီး စစ်တမ်းကောက်ရာတွင် ကျားဖောင်အရေအတွက် နှင့် ကျားဖောင်လုပ်သားအရေအတွက် အတိအကျမရခဲ့သဖြင့် ကူညီထောက်ပံ့ရေးတွင် အခက်အခဲများစွာ တွေ့ခဲ့ရသည်ဟု NAGမှ စီမံချက်ဦးစီး ကိုရင်ငြိမ်းက ပြောသည်။

”ဘာမှRecord (မှတ်တမ်း) မရှိဘူး။ ဒီကျားဖောင်မှာ လုပ်တဲ့သူကို Register (မှတ်ပုံတင်)လုပ်ဖို့လိုတယ်။ ငါးလုပ်ငန်း ဦးစီးဌာနက တရားဝင်မှတ်ပုံတင်ထားတဲ့ ရေလုပ်သားဖြစ်ဖို့ လိုတယ်။ အဲဒီလိုမရှိဘဲနဲ့ နောက်ဆက်တွဲတွေ ဘာမှဆက်လုပ်လို့ မရဘူး”ဟု သူကဆိုသည်။

ကျားဖောင်လုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်း အများဆုံးလုပ်ကိုင်ကြပြီး ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ဖျာပုံမြို့နယ်နှင့် အမာမြို့ကျေးရွာများအတွင်း ကျားဖောင် ၁,၇၂ဝ နှင့် ဖောင်လုပ်သား ၅,၁ဝဝကျော်ရှိသည်။ တစ်ဖောင်လျှင် အလုပ်သမားသုံးယောက်နှုန်းရှိသည့်သဘော ဖြစ်သည်။

လက်တွေ့လုပ်ငန်းခွင်တွင်ရှိသည့် ကျားဖောင်အရေအတွက်သည် ငါးလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကိန်းဂဏန်းထက် ပိုများသည်ဟု ဒေါ်ညိမ်းကျေးရွာအုပ်စုရှိ ကျားဖောင်လုပ်သားများက ဆိုသည်။

ပင်လယ်ထဲတွင် တွေ့ရသည့် ကျားဖောင်များ ။    Photo: Myanmar Fisheries Federation
ပင်လယ်ထဲတွင် တွေ့ရသည့် ကျားဖောင်များ ။ Photo: Myanmar Fisheries Federation

   

အန္တရာယ်ကြားက ဝမ်းတစ်ထွာ

ကမ်းမမြင်၊ လမ်းမမြင်ရသော ပင်လယ်ပြင်တွင် ခုနစ်လ၊ ရှစ်လကြာမျှ အလုပ်လုပ်ရသည့် ကျားဖောင်လုပ်သားတို့သည် သဘာဝဘေးအန္တရာယ် ကျရောက်သည်ဖြစ်စေ၊ ကျန်းမာရေး မကောင်းသည့်အခါတွင်ဖြစ်စေ ပင်လယ်ပြင်တွင်သာ နေကြရသည်။ လုပ်ခ၊ လစာကိုလည်း ပုံသေသတ်မှတ်ထားခြင်းမရှိဟု ကျားဖောင်လုပ်သားများက ဆိုသည်။

ကျားဖောင်လုပ်သားတစ်ဦးသည် ပင်လယ်သို့မဆင်းမီ ပထမအသုတ်အဖြစ် ကြိုတင်စရန်ငွေ ကျပ်နှစ်သိန်းမှ သုံးသိန်းထိ ရရှိနိုင်ပြီး ပင်လယ်ထဲရောက်သွားသည့်အခါ ကုန်းပေါ်တွင် ကျန်ခဲ့သည့်မိသားစုက နောက်ထပ်ငွေနှစ်သိန်း ထပ်ရကြသည်။

စရန်ငွေမယူဘဲ လုပ်ငန်းခွင်ကို တိုက်ရိုက်ဆင်းသည့် (ဒေသ အခေါ် ခုန်ဆင်း) ရေလုပ်သားများကိုတော့ သူတို့ပင်လယ်ထဲ ရောက်သွားသည့်အချိန်တွင် ကုန်းပေါ်တွင်ကျန်ခဲ့သည့်မိသားစုကို လုပ်ငန်းရှင်က ကြိုတင်ငွေအဖြစ် လေးသိန်းခွဲ၊ ငါးသိန်းအထိ ထုတ်ပေးလေ့ရှိသည်။

ကျားဖောင်ရေလုပ်သားတို့၏လုပ်ခလစာသည် ပုစွန်ခြောက်၊ ငါးခြောက်ကုန်ချိန်ရရှိမှု အပေါ်မှုတည်ပြီး လုပ်ခလစာကို သတ်မှတ်ပေးသည်ဟု ဖျာပုံမြို့နယ်မှ ကျားဖောင်လုပ်ငန်းရှင်များ က ပြောသည်။

သို့သော် ပင်လယ်ထဲတွင်အလုပ်လုပ်ပြီး ငါးဖမ်းရာသီ သိမ်း၍ ကုန်းပေါ်ပြန်တက်သည့်အခါတွင် အလုပ်ရှင်ထံမှ ကြို တင်ယူထားသည့် စရန်ငွေ မကြေတာမျိုးလည်းရှိသလို စရန်ငွေကြေရုံသာရှိသည့်အခါမျိုးလည်း ကြုံရတတ်သည်ဟု ကျားဖောင် လုပ်ငန်းတွင် လုပ်သက် ၁၆ နှစ် အတွေ့အကြုံရှိသည့် ဖျာပုံမြို့ နယ်၊ အချာလေးကျေးရွာ(မြစ်တန်း)မှ အသက် ၆၄ နှစ် အရွယ် ဦးပေါက်စီက ပြောသည်။

ယင်းသို့ကြုံရသည့်အခါမျိုးတွင် ”နောက်နှစ်အတွက် ကြိုတင်ငွေပြန်ယူတယ်။ ဒီလိုပဲ သံသရာလည်နေတယ်”ဟု ဦးပေါက်စီက ပြောပြသည်။

ပင်လယ်ထဲမှာ အလုပ်လုပ်ကြရသည့် အခြေအနေကို ဦးပေါက်စီက ”အဘတို့ ပင်လယ်ထဲကဘဝတွေက အကန်း (မျက်မမြင်)ထက် ဆိုးတယ်။ သူက စမ်းလျှောက်ရင်လည်း မြေကြီးထောက်မိမယ်။ ဟိုမှာက လေတိုက်လို့ ရေထဲပြုတ်ကျရင် သေဖို့ပဲရှိတယ်” ဟု သူက ပြောသည်။

ကျားဖောင်လုပ်သားတို့သည် ကြိုတင်ငွေကြေသည်အထိ ပင်လယ်ထဲတွင် အလုပ်လုပ်ကြရပြီး ကျန်းမာရေးမကောင်းသည့် တိုင် ကြိုတင်ငွေမကြေပါက ဖောင်ဦးစီးချုပ်နှင့်လုပ်ငန်းရှင်များ က ဆေးကုသရန် ကမ်းပေါ်မတင်ပေးဟု ကျားဖောင်လုပ်သားများ က ဆိုသည်။

ဦးမြရွှေဆိုလျှင် ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဗန်ဒါပင်ကျေးရွာရှိ ကျားဖောင်လုပ်ငန်းရှင်တစ်ဦးထံမှ စရန်ငွေကျပ်နှစ်သိန်း ကြိုတင်ထုတ်ယူပြီး မိသားစုနေထိုင်ဖို့ ဝါးတိုင်၊ ဓနိမိုး၊ ဓနိကာ အိမ်လေးတစ်လုံးဆောက်လိုက်သည်။ ထိုအိမ်လေးထဲတွင် သူ့ ဇနီး၊ သူ့ဇနီးဘက်က ပါလာသော ကလေးနှစ်ယောက်နှင့်အတူ ဦးမြရွှေနေထိုင်သည်။ ပင်လယ်သို့ထွက်ခါနီးတွင် နောက်ထပ်  ကြိုတင်ငွေနှစ်သိန်းခွဲ ထပ်မံထုတ်ယူပြီး သူ့မိသားစုကို ပိုက်ဆံ ပေးထားခဲ့ကာ သူပင်လယ်ထဲသို့ ထွက်လာခဲ့တော့သည်။

ကျားဖောင်တွင် နှစ်လကျော်ကြာလာပြီး တစ်ရက်တွင် ငါး၊ ပုစွန်များရွေးရင်း ခုနစ်လက်မခန့်ရှည်သည့်ငါးရောင်တစ်ကောင်သည် ငါးရွေးဗန်းမှပြုတ်ကျကာ သူ၏ခြေဖမိုးကို စူးလေသည်။ ငါးရောင်ကို ဆွဲထုတ်လိုက်ပြီး ဒဏ်ရာကို ဆေးမထည့်ဘဲ ထားလိုက်သည်။ တစ်ပတ်ခန့်ကြာတော့ ခြေဖမိုးမှာ ရောင်ကိုင်း လာပြီး ပြည်တည်ကာ အလုပ်မလုပ်နိုင်တော့ပေ။ ဤတွင်ပဲ ဦးမြရွှေ အနှိပ်စက်ခံရတော့သည်။

၂၀၁၆-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

အပိုင်း(၂)သို့

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here