Home အင်တာဗျူး “ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား နာမည် မဟုတ်ဘူး။ ခေါ်ဝေါ်စရာ နာမည် သက်သက်ပါ ပဲ”

“ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား နာမည် မဟုတ်ဘူး။ ခေါ်ဝေါ်စရာ နာမည် သက်သက်ပါ ပဲ”

52
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

Photo : Zayar Hlaing

၂၀၁၂-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး ရခိုင်ရေးရာကျွမ်းကျင်သူ ပြင်သစ် ပညာရှင် ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါ နှင့် တွေ.ဆုံမေးမြန်းခြင်း

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ဥာဏ်လင်း နှင့် ဇေယျာလှိုင် မေးမြန်း ရေးသားသည်။


“ဒီပဋိပက္ခက အသစ်မဟုတ်ဘူး ။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိရောက်သွားတယ်။”

Mawkun – ရိုဟင်ဂျာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာပါလဲ။

Jacques – ရိုဟင်ဂျာဆိုတဲ့စကားလုံးက ရှိလာခဲ့တာကြာပါပြီ။ သိပ်မသုံးကြတာပဲရှိတယ်။ တချို့တွေ ပြောကြသလို ဒီစကားလုံးဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေကျမှ ထွင်ပြီးသုံးတဲ့စကားလုံးတော့မဟုတ်ပါဘူး။ ဇာစ်မြစ်ကိုလိုက်ကြည့်မယ်ဆိုရင် ၁၈ ရာစုအကုန်မှာ ဗြိတိသျှဆရာဝန် ဖရန်စစ်ဟမီလ်တန်ရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဒီအသုံးနှုန်းကို သွားတွေ့တယ်။ သူက ဘာပြောထားသလဲဆိုတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ရခိုင်မှာ နေထိုင်ကြတဲ့ မူဆလင်တွေက သူတို့ကိုယ် သူတို့ ခေါ်ဝေါ်ကြတဲ့အသုံးအနှုန်းဆိုပြီး ပြောထားတယ်။ ဘယ်ကနေ ဒီစကားလုံးဆင်းသက်လာသလဲဆိုရင် ရခိုင်တွေကို ဘင်္ဂါလီတွေခေါ်တဲ့ ရိုရှန်း(Roshanga)ဆိုတဲ့ ဘင်္ဂါလီနာမည်ကနေ ဆင်းသက်လာတာပဲ။ ဒါပေမဲ့ လူတွေက ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို လှပအောင် စိတ်ကူးယဉ်ပြီး ရှင်းလင်းချက်တွေ ထုတ်ချင်ကြတယ်။ အစောပိုင်းစာပေတွေမှာတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို တွေ့ရမယ့်ပုံမပေါ်ဘူး။ ဗြိတိသျှကိုလိုနီအထောက်အထားတွေမှာလဲ ဒီစကားလုံးကို မတွေ့ရဘူး။ တကယ်တော့ ဗြိတိသျှကိုလိုနီအထောက်အထားတွေထဲမှာ ၁၈၇၀ မတိုင်မီက ရခိုင်မှာရှိကြတဲ့ မူဆလင်တွေနဲ့ ပတ်သက်ပြီးဖော်ပြထားတာက အတော့်ကို နည်းပါတယ်။

Mawkun – စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောဧရိယာတစ်ဝိုက်မှာ ကျနော်တို့ တွေ့ဆုံမေးမြန်းမှုတွေ လိုက်လုပ်ကြည့်သလောက်တော့ အဲဒီမှာ ဘင်္ဂါလီအတော်များများက ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကြားတောင် မကြားဖူးကြဘူးလို့ဆိုတယ်။ (သူတို့ကို အင်တာဗျူးတဲ့အခါမှာ ဘာသာပြန်ကတစ်ဆင့်ပေါ့လေ။ ဘာလို့လဲဆိုတော့ သူတို့ဘာသာစကားကို ကျွန်တော်တို့ နားမလည်လို့ပဲ။ ကျနော်တို့ မြန်မာစကားကိုလဲ သူတို့ အတော်များများနားမလည်ကြဘူး။) နိုင်ငံတကာက သူတို့ကို ရိုဟင်ဂျာဆိုပြီး သိနေကြတာ။ ဒါပေမဲ့ အဲဒီစကားလုံးကို အဲဒီဒေသက လူအများစုက ကြားတောင်မကြားဖူးကြဘူးဖြစ်နေတယ်ဗျ။

Jacques – ခင်ဗျားတို့ပြောတဲ့ဟာကို ကျွန်တော်တော့ အတည်မပြုနိုင်ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အဲဒီ ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို သွားလို့မရခဲ့ဘူးဆိုတော့။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာကော၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာကော ကျွန်တော် ကြားခဲ့တာက ရခိုင်ဒေသမှာရှိတဲ့ မူဆလင်အားလုံးက သူတို့ကို ရိုဟင်ဂျာအဖြစ် ရည်ညွှန်းပြောဆိုတာမျိုးကို မခံချင်ကြဘူးလို့ဆိုတယ်။ ရခိုင်မူဆလင်လို့ပဲ အခေါ်ခံချင်ကြတာတဲ့။

ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည်မဟုတ်ဘူး။ ခေါ်ဝေါ်စရာ နာမည်သက်သက်ပါပဲ။ မျက်မှောက်ခေတ်ကျမှ ရခိုင်ဒေသက မူဆလင်တွေကို သီးခြားအဖွဲ့တစ်ခုအဖြစ် ခွဲထုတ်သတ်မှတ်ဖို့အတွက် ဒီစကားလုံးကို ပြန်လည်ဖော်ထုတ်လိုက်ကြတာပဲ။ ဘာနဲ့ နှိုင်းလို့ရသလဲဆိုတော့ မြန်မာပြည်မှာရှိတဲ့ တရုတ်မူဆလင်တွေကို ခေါ်တဲ့ “ပန်းသေး” ဆိုတဲ့ နာမည်နဲ့ နှိုင်းရင်ရကောင်းရနိုင်တယ်။

Mawkun – ပြည်ပက ဘင်္ဂါလီပညာတတ်တွေက  ရိုဟင်ဂျာဆိုတဲ့စကားလုံးကို လူသိများအောင် လုပ်နေကြတဲ့ နောက်ကွယ်မှာ ငုပ်လျှိုးနေတဲ့ ဘယ်လိုအကြောင်းပြချက်တွေရှိနေနိုင်လဲ။ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေပါလို့ခေါ်ဝေါ်သမုတ်နေကြတဲ့ ဘင်္ဂါလီတွေဟာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံချင်နေကြ တာက နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေရှိနေကြ တယ်ဆိုပြီးတော့ မြန်မာပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

Jacques –ခင်ဗျားတို့ပြောတဲ့ မူဆလင်ခေါင်းဆောင်တွေဟာ ဟိုးအရင်က ရခိုင်ဘုရင့်နိုင်ငံတော်မှာရှိခဲ့တဲ့ မူဆင်လင်သမိုင်းနဲ့ ချိတ်ဆက်ပြီး သူတို့လူအစုအဖွဲ့ကို နာမည်တစ်ခုပေးနိုင်အောင် အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့ကြတယ်။ တိုင်းရင်းသားအဖြစ်တောင်းဆိုတဲ့ဟာနဲ့ နိုင်ငံသားဖြစ်ရေးဆိုတဲ့ကိစ္စကိုလည်း ချိတ်ထား ကြတယ်။ နိုင်ငံတကာမီဒီယာတွေကလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မွေးစားပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးလာ ကြပြီဆိုတော့ သူတို့ရဲ့ ရွေးချယ်မှုဟာ မဟာဗျူဟာအရ အောင်မြင်တယ်။ ရိုဟင်ဂျာမူဆလင်တွေဟာ သူတို့ကိုယ်သူတို့ ပြည်တွင်းမှာရှိတဲ့ အိန္ဒိယလူမျိုး အသိုင်းအ၀ိုင်းနဲ့ မတူဘူး၊ ခြားနားတယ်ဆိုတာကို ပြချင်နေကြတယ်။ မြန်မာပြည်တွင်းမှာရှိကြတဲ့ အိန္ဒိယလူမျိုးတွေက သူတို့ဟာ တိုင်းရင်းသားအစုအဖွဲ့တစ်ခုဖြစ်ပါတယ်လို့  မပြောကြဘူး။ မတောင်းဆိုကြဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုတာနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ရည်ညွှန်းပြောဆို နေတာဟာ မြန်မာပြည် လွတ်လပ်ရေးမရခင်နဲ့ ရပြီးနောက်ပိုင်းတွေမှာ တောင်းဆိုခဲ့ကြတာကို ရည်ညွန်းတယ်လို့ ကျွန်တော်ထင်တယ်။ လက်ရှိလွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ထောက်ခံဆွေးနွေးကြတာကို ကျွန်တော် မကြားမိဘူး။

သမိုင်းရှုထောင့်က ကြည့်မယ်ဆိုရင် အဓိကအချက်နှစ်ချက်ကို ပြန်သတိရရမယ်။ ပထမအချက်က ရခိုင်မှာရှိတဲ့ မူဆလင်အများစုက သူတို့ရဲ့ ဇာစ်မြစ်ကို ဗြိတိသျှကိုလိုနီခေတ်အတွင်း ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေ ရွှေ့ပြောင်းလာကြတာနဲ့ ခြေရာခံကြတယ်။ ဒါအရေးကြီးပြီး ၁၈၇၀ နှောင်းပိုင်း ၂၀ ရာစုရဲ့ အစောပိုင်းဆယ်စုနှစ်တွေအထိ မှတ်တမ်းတင်ထားတာရှိတယ်။ ကုန်စည်ရောင်းဝယ်ဖောက်ကားတဲ့အလုပ်တွေ၊ ဆိပ်ကမ်း အလုပ်တွေ၊ ဒါမှမဟုတ် ဗြိတိသျှအစိုးရအောက်မှာ အမှုထမ်းတဲ့ အိန္ဒိယရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မတူတာက ဘင်္ဂါလီတွေက လယ်ယာလုပ်ငန်းလုပ်တဲ့အလုပ်ကို အများစု လုပ်ကြတယ်။ နောက်ဒုတိယအချက်က ကိုလိုနီခေတ်မတိုင်ခင်ကတည်းက ရခိုင်မှာ အရင်က မူဆလင်အသိုင်းအ၀ိုင်းဆိုတာ ရှိနေခဲ့တယ်။ ဒီမူဆလင်အသိုင်းအ၀ိုင်းဟာ ၁၅ ရာစုနှောင်းပိုင်းကစပြီး ပါရှားအနွယ်ဝင်တွေ၊ အိန္ဒိယအနွယ်ဝင်တွေနဲ့ ရောထွေးခဲ့တာဖြစ်နိုင်တယ်။ ရခိုင်ဘုရင်တွေ စစ်တကောင်းကို ထိန်းချုပ်ပြီးနောက်ပိုင်း (မင်းဖလောင်း (၁၅၇၁-၉၃) စိုးစံတဲ့ ကာလအလည်လောက်ဖြစ်မယ်) နိုင်ငံတော်အတွင်းက အုပ်ချုပ်ခံလူအများစုဟာမူဆလင်တွေဖြစ်တယ်။ ၁၇ ရာစုအစောပိုင်းမှာ ရခိုင်ဘုရင်တွေဟာ မဂိုတို့ရဲ့ ကျူးကျော်မှုကို တိုက်ထုတ်ဖို့ အရှေ့ဘင်္ဂေါကို ၀င်ရောက်စီးနင်းတယ်။ ပြီးတော့ အဲဒီကလူတွေကို ကုလားတန်မြစ်ဝကျွန်းပေါ်မှာ အခြေချဖို့ ပို့တဲ့သူပို့၊ တချို့ကို ကျွန်အဖြစ်နဲ့ ရောင်းစားခဲ့တယ်။ပညာတတ် မူဆလင်တွေကတော့ နန်းတော်မှာ အမှုထမ်းကြတယ်။ ရခိုင်ရဲ့ နိုင်ငံခြားရေး မူဝါဒက မူဆလင်ဆန့်ကျင်ရေးမဟုတ်ခဲ့ဘူး။ မဂိုဆန့်ကျင်ရေးပဲဖြစ်ခဲ့တယ်။ ဘိုးတော်ဘုရား ရခိုင်ကို အနိုင်ရသွားပြီး ဆယ်နှစ်၊ ဆယ့်ငါးနှစ်အကြာမှာ ရခိုင်ဒေသခံ ဗုဒ္ဒဘာသာဝင်တွေကော၊ မူဆလင်ဘာသာဝင် တွေကော အတော်များများ အရှေ့တောင်ဘင်္ဂေါနယ်ဘက်ကို အခြေသွားချကြပြန်တယ်။ ရှေးယခင် လူမှုအစုအဖွဲ့ကို ရွှေ့ပြောင်းအခြေချကြတဲ့သူတွေ မြောက်များစွာက၀ါးမြိုလိုက်ကြတယ်။ နောက်တော့ အစုအဖွဲ့နှစ်ခုကနေ ဆင်းသက်လာတဲ့သူတွေဟာ အစုအဖွဲ့တစ်ခုတည်းအဖြစ်ပျော်ဝင်သွားကြတယ်။

Mawkun – မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ ပဋိပက္ခရဲ့ အရင်းခံအကြောင်းရင်းတွေက ဘာတွေလဲ။

Jacques – အဲဒီအတွက် (ကျွန်တော်ဖြေမယ့်) အဖြေက ရေတိုအမြင်ကလာတာထက် ရေရှည်အမြင်ကနေလာတာပါ။ ဒီပဋိပက္ခက အသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိရောက်သွား တယ်။ ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်အတော်များများကို ကြည့်မယ်ဆိုရင် လူဝင်၊လူထွက်ကို ကြီးကြပ်ဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ရခိုင်ဒေသကို လာရောက်အခြေချတဲ့ အိန္ဒိယအလုပ်သမားတွေကို ဗြိတိသျှက မထိန်းချုပ်ခဲ့ဘူး။ မတူညီတဲ့ လူအစုအဖွဲ့နှစ်ခုအကြား တင်းမာမှုတွေ မြင့်တက်လာချိန် ၁၉၂၀ ပြည့်လွန်နှစ်တွေမှာကတည်းက ဒီနှစ်ဖွဲ့အကြားမှာ အုပ်စုလိုက် ပဋိပက္ခတွေဖြစ်လာမယ့်၊ ခိုက်ရန်တွေဖြစ်လာမယ့်အခြေအနေကို လေ့လာသူတွေက ကြိုတင်သိမြင်ခဲ့ကြတယ်။ ၁၉၄၂ ခုနှစ် မြန်မာကို ဂျပန်တွေ ကျူးကျော်လာတော့ လူထောင်ပေါင်းများစွာဟာ အိန္ဒိယဘက်ထွက်ပြေးသွားကြတယ်။အုပ်စုလိုက် ပဋိပက္ခတွေဖြစ်လာတယ်။ လွတ်လပ်ရေးရပြီးချိန်နဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ရခိုင်မှာရှိတဲ့ လူနည်းစု (ဒါပေမဲ့ သူတို့ရှိတဲ့ ဒေသတွေမှာတော့ အားကြီးတဲ့လူများစု) မူဆလင်တွေဟာ ရခိုင်လူ့အဖွဲ့အစည်းထဲမှာ ပူးပေါင်းပြီး သဟဇာတဖြစ်အောင်နေဖို့ မရည်ရွယ်ကြတော့ဘူး။ အဲဒီလိုနေမယ့်အစား သူတို့ရဲ့ သီးသန့်ဖြစ်တည်နေတဲ့ ၀ိသေသလက္ခဏာတွေကို ကာကွယ်ဖို့ကိုပဲ သူတို့လိုလားလာကြတယ်။ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ယဉ်ကျေးမှုအရရော၊ နိုင်ငံရေးအရရော မတူကွဲပြား၊ သီးခြားဖြစ်နေပေမဲ့ အုပ်စုနှစ်အုပ်စုကြားက တင်းမာမှုကတော့ ယုတ်လျော့ရပ်စဲသွားတာမရှိခဲ့ဘူး။ ၁၉၆၂ ခုနှစ်နှောင်းပိုင်းမှာလည်း ဒီအခြေအနေဟာ ပြောင်းလဲမသွားဘူး။ ဒါပေမဲ့ နှစ်ဘက်နိုင်ငံက အစိုးရတွေ (နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဖြစ်လာမယ့် အရှေ့ပါကစ္စတန်အစိုးရကတစ်ဘက်၊ မြန်မာအစိုးရက တစ်ဘက်)က ဒီအခြေနေကို ခေါင်းချင်းဆိုင်မဖြေရှင်း၊ မကိုင်တွယ်ခဲ့ကြဘူး။ဖိနှိပ်မှုတွေ၊ နှိပ်စက်မှုတွေ၊ နေရာရွှေ့ပြောင်းကျက်စားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ပွင့်လင်းမြင်သာမှုကင်းမဲ့တာတွေဟာ အခြေအနေကို ပိုပြီးဆိုးရွားစေခဲ့တယ်။ မူဆလင်တွေကိုယ်စား ပဋိပက္ခကို ဥပဒေဆိုင်ရာအခွင့်အရေးကင်းမဲ့မှုလို့ အများစုက ဖော်ပြကြတယ်။လိုရင်လိုသလို၊ မလိုရင်မလိုသလိုလုပ်နေတာတွေက အများကြီးပဲ။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ မူဆလင်တွေဟာ မဲပေးပိုင်ခွင့်တောင်ရခဲ့ကြပေမဲ့ ၁၉၈၂ ခုနှစ်နောက်ပိုင်းမှာ ကန့်သတ်၊ ချုပ်ချယ်မှုတွေနဲ့ နောက်ကို ပြန်အတွန်းထုတ်ခံရတယ်။ နိုင်ငံသားဖြစ်ခွင့်မရှိဘူးဆိုပြီး အငြင်းခံရတယ်။ ယေဘုယျပြောရရင် ဒေသတွင်း အားပြိုင်မှုတွေကို အမြတ်ထုတ်နေတဲ့တစ်ချိန်တည်းမှာ မူဆလင်နဲ့ ရခိုင်တို့ရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေကို ထိန်းချုပ်ဖို့ အစိုးရမူဝါဒက ရည်ရွယ်ထားခဲ့တယ်။ ဗုဒဘာသာရခိုင်တွေရဲ့ အမြင်မှာ သူတို့ရဲ့ဖြစ်တည်မှုဟာ အခြိမ်းခြောက်ခံနေရတယ်လို့ခံစားနေရပြီးတော့ သူတို့မြေပေါ်က မူဆလင်အမြောက်အများကို တိုင်းတပါးသားတွေအဖြစ် မြင်နေကြတဲ့အတွက်ကြောင့် ဒီပဋိပက္ခဟာ ယဉ်ကျေးမှုအရ ဖြေရှင်းလို့ မရတဲ့ပြသနာအဖြစ် အမြဲဆက်ရှိနေလိမ့်မယ်လို့ ခံယူထားကြတယ်။မူဆလင်၊ ဗုဒဘာသာဝင်နှစ်ဘက် စလုံးအနေနဲ့ အတိတ်ကကြောင်းတွေကို တစ်ဖက်သတ်အဓိပ္ပာယ်ကောက်ယူတာကနေ ရရှိလာတဲ့ တရားဝင်ဖြစ်မှုကို မြစ်ဖျားခံပြီး ကိုယ့်အ၀န်းအ၀ိုင်း အပေါ်မှာပဲ ကိုယ်စားပြု အာရုံစိုက်၊ ယိမ်းယိုင်ကြတာဟာ (ပဋိပက္ခပြေလည်ရေးအတွက်) အထောက်အကူမဖြစ်ပါဘူး။ နယ်မြေနဲ့ သမိုင်းကြောင်းပေါ်မှာ နှစ်ဘက်စလုံးက တူညီတဲ့အမြင်မရှိတဲ့အခါမှာ၊ ရခိုင်မှာ ကျွန်တော်တို့ တွေ့ကြတဲ့အတိုင်း တစ်ဘက်နဲ့တစ်ဘက် အဆက်အသွယ် လုံးလုံးကင်းနေတဲ့အခါမှာ ပဋိပက္ခဟာ ပိုပြီးဆိုးရွားလာတယ်။ ပဋိပက္ခရေတိုဖြေရှင်းနည်းနဲ့ တံတားထိုးဖြေရှင်းလို့မရနိုင်လောက်အောင်၊ ဒါမှမဟုတ် အစိုးရဟာ ပိုကောင်းမွန်တဲ့ လုံခြုံရေးမူဝါဒတွေနဲ့ နှစ်ဘက်အကြား ကွာဟမှုကို ကုစား၊ ပြင်ဆင်နိုင်လိမ့်မယ်လို့ ယုံကြည်လို့မရလောက်အောင် နှစ်ဘက်အကြား ကွာဟမှုကြီးကကြီးမားတယ်။

Mawkun – ရခိုင်ပဋိပက္ခကို ညွှန်းဆိုကြတဲ့အခါမှာ စကားလုံးအသုံးအနှုန်းနဲ့ပတ်သက်လို့ နိုင်ငံတကာ မီဒီယာတချို့နဲ့ အချို့အဖွဲ့တွေက “လူမျိုးတုန်းသတ်ဖြတ်မှု (geonocide)”၊ “တိုင်းရင်းသားသုတ်သင် ရှင်းလင်းမှု (ethnic cleansing)” စတဲ့စကားလုံးတွေကို သုံးကြတာတွေ့ရတယ်။ The New York Times မှာ ပါသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါမောက္ခတစ်ယောက်ရေးတဲ့ အတွေးအမြင်ဆောင်းပါးမှာဆိုရင် “တိုင်းရင်းသားသုတ်သင်ရှင်းလင်းမှု” ဆိုတဲ့ စကားလုံးကို သုံးသွားတယ်။ ဒီစကားလုံးတွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပကတိအခြေအနေကို ထင်ဟပ်ကြသလား။

Jacques – အဲသလို အစွန်းရောက်တဲ့ ထုတ်ဖော်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်သဘောမတူပါဘူး။ ဒီပဋိပက္ခဟာ ငါ့လူမျိုးက သူ့လူမျိုးထက်သာတယ်ဆိုတဲ့လူတွေဆင်နွှဲတဲ့ စစ်ပွဲမဟုတ်ပါဘူး။ ပြီးတော့ ဘယ်သူ့ဘာသာက ပိုကောင်းတယ်ဆိုပြီး တိုက်ကြခိုက်ကြတာလည်း မဟုတ်ပါဘူး။ ၀ါဒဖြန့်ချိရေးစစ်ပွဲဟာ (အထူးသဖြင့် အင်တာနတ်ပေါ်မှာ တစ်ဘက်နဲ့တစ်ဘက် တိုက်ခိုက်တဲ့ အသုံးအနှုန်းတွေ သုံးကြတာဟာ) ပဋိပက္ခရဲ့ သဘောသဘာဝကို ဖော်ပြရာမရောက်ဘူး။ အဖြစ်မှန်က ဘာလဲဆိုရင် ရွှေ့ပြောင်းလာတဲ့ မူဆလင်တွေနဲ့ ဗုဒဘာသာရခိုင်တွေဟာ သူတို့မဖန်တီးတဲ့ သမိုင်းအခြေအနေတွေမှာ အတူတူ အထားခံကြ ရတယ်။ သူတို့ဘ၀ မရေရာ၊ မသေချာမှုတွေ၊ ဥပဒေအရ အကာအကွယ်မဲ့မှုတွေကြောင့် ရိုဟင်ဂျာဆို သူတွေကို တိုင်းမဲ့ပြည်မဲ့လို့ခေါ်ရင်ရခိုင်တွေကို ပြောရေးဆိုခွင့်မဲ့သူတွေလို့ ခေါ်ရမယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ရာစုနှစ် နှစ်ခုလုံး ရခိုင်တွေဟာ အသိမ်းပိုက်ခံ၊ အအုပ်ချုပ်ခံ၊ အဖိနှိပ်ခံရပြီး အမြဲတန်းရှုံးနိမ့်မှုတွေကို တစ်လျှောက်လုံးခံစားခဲ့ကြရတဲ့ သမိုင်းကြောင်းရှိနေလို့ပဲ။ကုန်ကုန်ပြောရရင် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ နှစ်ပေါင်းများစွာ သူတို့ရင်ထဲမှာ ကိန်းအောင်လာခဲ့တဲ့ မျှော်လင့်ချက်ကင်းမဲ့နေမှုတွေ၊ ဒေါသတွေကို ထုတ်လွှတ်လိုက်တာပဲ။ဒါတွေကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းနဲ့ထုတ်ပြလိုက်တာပဲ။ လတ်တလောအဖြစ် အပျက်က ပြစ်မှုဆိုင်ရာကျူးလွန်တဲ့ကိစ္စနဲ့ စဖြစ်ခဲ့တာပါ။ ရခိုင်အမျိုးသမီး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စမှာ ရဲရဲ့အလုပ်က တရားခံကို လိုက်ရှာပြီး ဖမ်းဆီးရမယ့်အလုပ်ပါ။ အချိန်တိုတိုအတွင်း ထိရောက်အောင် မလုပ်နိုင်ခဲ့တဲ့အခါမှာ မူဆလင်အဖွဲ့တစ်ဖွဲ့ကို အကြာင်းမဲ့သတ်ဖြတ်တဲ့ကိစ္စြဖစ်လာအောင် အစပျိုးပေးလိုက်သလိုဖြစ်သွားတယ်။ အဲဒီအချိန်ကစလို့ ရက်ရက်စက်စက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဖော်ညွှန်းတဲ့အခါမှာ တိုင်းရင်းသားသုတ်သင်ရှင်းလင်းမှု၊ လူမျိုးတုန်းသတ်ဖြတ်မှုလို့ သုံးနှုန်းခဲ့ကြတယ်။ အဲဒီအခါမှာပဋိပက္ခကို ဖြစ်ပေါ်စေတဲ့ အခြေခံအကြောင်းအရာတွေ (ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ရခိုင်ဒေသမှာ ဖြစ်ပျက်ခဲ့သမျှ အရင်းခံအကြောင်းတရားတွေ)နဲ့ ပတ်သက်တဲ့ အမြင်တွေကိုေ၀၀ါးသွားစေခဲ့တယ်။ တခြားနေရာတွေမှာလိုပဲ ဒီမှာလည်း လူတွေဟာ အခြေခံအားဖြင့် တရားမျှတမှု၊ တိုးတက်မှုနဲ့ သူတို့ရဲ့ဖြစ်တည်မှုတွေနဲ့ ပတ်သက်ပြီး အခိုင်အမာရချင်ကြတာပဲ။

တစ်ဘက်နဲ့တစ်ဘက် တိုက်ခိုက်နေတဲ့အနေအထားမှာ အစိုးရယူရမယ့် တာဝန်ကတော့ သူတို့ကို ဖျန်ဖြေပြီးခွဲထားလိုက်ဖို့ပဲ။ ဒါပေမဲ့ ခွဲထားတယ်ဆိုတာ လုံခြုံးရေးအရ ရေတိုထက်မပိုရပါဘူး။ မကြာခင်မှာ လူမျိုးရေး၊ ဘာသာရေးအရ ခွဲခြားထားတယ်လို့ အဝေဖန်ခံရပါလိမ့်မယ်။နိုင်ငံတစ်နိုင်ငံထဲမှာ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို တောင်းဆိုနေကြတဲ့ အတူတူနေထိုင်နေကြတဲ့ လူတွေအတွက် ခွဲထားတယ်ဆိုတာကို နိုင်ငံရေးအမြင်အဖြစ် အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။

Mawkun – အနာဂတ်မှာ အလားတူပဋိပက္ခတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရင် အကောင်းဆုံးဖြစ်မလဲ။

Jacques လောလောလတ်လတ်ပြသနာဟာ ဖြေရှင်းလို့ရသေးတဲ့ ပုံမပေါ်သေးဘူး။ အခုမှ စတာပါ။ ပဋိပက္ခမှာ ပါဝင်တဲ့သူတွေအားလုံးက အခြားတစ်ဘက်ဟာ အမှားတွေလုပ်နေတယ်၊ ဘာတွေတော့ လုပ်ဆောင်ဖို့ပျက်ကွယ်တယ်စသဖြင့် စွပ်စွဲနေကြတုန်းပါပဲ။ လူတွေဟာ ပြတ်ပြတ်သားသား တစ်ဘက်ဘက်မှာ ရပ်တည်နေကြတယ်။မတူညီတဲ့ အစုအဖွဲ့တွေဟာ ပိုပြီး ရန်စောင်လာကြတယ်။ သုံးနှုန်းတဲ့ ဘာသာစကားတွေက ရိုင်းစိုင်းလာတယ်။ ခံယူချက်တွေကလည်းအစွန်းရောက်လာကြတယ်။

တိုးတက်မှုကို သွားတဲ့လမ်းက တစ်ဘက်နဲ့တစ်ဘက် ဆက်သွယ်မှုရှိဖို့၊ ဘုံရည်မှန်းချက်တွေရှိဖို့လိုအပ်တယ်။ အဲဒါတွေ အသင့်ရှိပြီးမှ စတင်ကြတာပါ။ဒါပေမဲ့ အဲဒါက ဘယ်တော့မှဖြစ်နိုင်မလဲဆိုတော့ (ပဋိပက္ခမှာ) ခံစားနေကြရတဲ့လူတွေဟာ သူတို့ရဲ့ နစ်နာမှုတွေ၊ မကျေနပ်မှုတွေကို အပြည့်အ၀ ထည့်သွင်းစဉ်းစားပေးကြ တယ်လို့ ခံစားလာရတော့မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ အမြဲတန်းပါပဲ…အစီရင်ခံစာတွေထွက်လာပြီဆိုရင် ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ လူလူချင်းစာနာထောက်ထားရေးဆိုင်ရာအဖြစ်အပျက်တွေကိုပဲ ဗဟိုပြုရေးသားကြတယ်။ အဲဒါကြောင့် ရခိုင်တွေရဲ့ ရင်ထဲမှာ သူတို့ကိုတော့ မျှမျှတတ သဘောမထားကြဘူး၊ မျှမျှတတမဆက်ဆံကြဘူးလို့ ခံစားနေကြရတာပဲ။လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေရဲ့ တရားဝင်တဲ့ ရည်ရွယ်ချက်တွေအပေါ်မှာတော့ ကျွန်တော်တို့ တကယ်ပဲ မေးခွန်းမထုတ်သင့်ပါဘူး။အဲဒါတွေက ပွင့်လင်းမြင်သာမှုကို ရှိစေပါတယ်။ ဒါပေမဲ့ တင်းမာမှုတွေကို လျှော့ချဖြေထုတ်ဖို့ နည်းနာတွေကတော့နိုင်ငံရေးနယ်ပယ်ထဲမှာ ရှိနေတယ်။အဲဒါတွေက ဘာတွေလဲဆိုရင် နာမည်တပ်ပြောမယ်ဆိုရင် – ခံစားခဲ့ရသူတွေကို ပြောရေးဆိုခွင့်ပေးတာ၊ ကြားဝင်ဖျန်ဖြေတာ၊ ပညာရေး၊ ကျန်းမာရေးတို့လို ဘုံအကျိုးစီးပွားတူညီတဲ့အရာတွေနဲ့ လူတွေကို စေ့စပ်ညှိနှိုင်းပေးတာ မျိုးပေါ့။ ရခိုင်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်တဲ့အလားအလာမှာ ဘာပါသင့်သလဲဆိုရင်အဲဒီဒေသမှာ နေထိုင်နေကြတဲ့ လူတွေရဲ့တည်ရှိနေမှု၊ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုတွေ ပါရှိရပါမယ်။ ရှေ့လာမယ့် အကြိတ်အနယ် စကားစစ်ထိုးပွဲတွေမှာ နိုင်ငံသားဖြစ်မှုဆိုတဲ့ကိစ္စကိုဗဟိုပြုဆွေးနွေးကြလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူတွေဟာ နိုင်ငံသားဖြစ်ခွင့်ရှိတယ်၊ ဘယ်သူတွေဟာတော့ နိုင်ငံသားဖြစ်ခွင့်မရှိဘူးဆိုတာနဲ့ ပတ်သက်လို့ အချုပ်အချာအာဏာပိုင်နိုင်ငံတွေဟာ လက်တွေ့ကျကျ ထည့်သွင်းစဉ်းစားကြရပါလိမ့်မယ်။

Mawkun – ရခိုင်လူမျိုးတွေဝေဖန်ကြတာရှိတယ်။ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာလူမှုအဖွဲအစည်းတွေဟာ ဘင်္ဂါလီတွေကို တော်တော် ဦးစားပေးတယ်လို့ဆိုတယ်။ အဲဒီအဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ်မှာ ရှိနေကြတာဟာ ဘင်္ဂါလီတွေကိုပဲ ကူညီဖို့ဆိုတဲ့ သဘောနဲ့ရောက်နေကြတယ်လို့လည်း ဝေဖန်နေကြတယ်။ ဒီအချက်ပေါ်မှာ ဘာများ သုံးသပ်ချင်တာရှိလဲ။

Jacques – ဗုဒဘာသာရခိုင်တွေမှာရှိတဲ့ ထင်ရှားတဲ့ လက္ခဏာက သူတို့ရဲ့ နိုင်ငံတော် ပျက်စီးသွားကတည်းက သူတို့ ကံကြမ္မာရဲ့ အရှင်သခင်ဟာ သူတို့မဟုတ်တော့ဘူး(ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်မရှိတော့ဘူး)လို့ ခံစားနေကြရတယ်။ ကိုလိုနီခေတ်မှာ ၀င်ရောက်လာကြတဲ့ အိန္ဒိယလူမျိုးတွေရဲ့ လူမှုရေး၊ စီးပွားရေးဖိအားတွေက ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးနေတဲ့ ရခိုင်တွေရဲ့ ခံစားချက်ကို ပိုပြီးပြင်းထန်သွားအောင် လုပ်လိုက် သလိုဖြစ်သွားတယ်။ ခြုံပြောရရင် ဒီအခြေနေဟာ လွတ်လပ်ရေးရကတည်းက ပြောင်းကို မပြောင်းလဲဘူး။ ကုလသမဂနဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေက ရိုဟင်ဂျာတွေကို ခုခံနိုင်စွမ်းအားနည်းတဲ့ အစုအဖွဲ့အဖြစ်လာပြီး မျက်နှာသာပေးတဲ့အခါမှာသာမန်အရပ်သူ၊ အရပ်သား ရခိုင်တွေဟာ ငါတို့တော့ ရှုံးရပြီပေါ့တစ်ခါဆိုပြီး ဒေါသထွက်ကြတာပဲ။ ကျွန်တော်အထင် ရခိုင်တွေဟာ တခြားမြန်မာနိုင်ငံသားတွေထက် ပိုဆိုးရွားကြမှာ မဟုတ်ဘူး။ ဒါဟာ မတရားမှုကြောင့် ခံစားကြရတာလို့မြင်တယ်။ ကျွန်တော်ထင်ပါတယ်။ အခုဆိုရင် ကုလသမဂနဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေမှာရှိတဲ့တာဝန်ရှိဝန်ထမ်းတွေဟာ ဒီပြသနာကို သဘောပေါက်၊ နားလည်ကုန်ကြပြီ၊ ဘာကြောင့် သူတို့တတွေဟာ ပြည်သူတွေရဲ့ ပစ်မှတ်ဖြစ်ကြရသလဲဆိုတာကိုလည်း နားလည်လာကြပြီလို့ထင်တယ်။

Mawkun – တချို့က ရခိုင်ပြည်နယ်ဟာ အနာဂတ်မှာ ကိုဆိုဗိုလိုမျိုးဖြစ်လာနိုင်တယ်ဆိုပြီး ယူဆနေကြတာရှိတယ်။ ဒီအပေါ်မှာ ဘာများ သုံးသပ်ချင်ပါသလဲ။

Jacques – ပြည်ထောင်စုမြန်မာနိုင်ငံဟာ မပြိုကွဲသေးဘူး။ ရခိုင်ပြည်နယ်ကလည်း လွတ်လပ်တဲ့ သမတနိုင်ငံအဖြစ်လည်း ကြေညာဦးမှာမဟုတ်ဘူး။ ကိုဆိုဗိုကိစ္စမှာ ဆားဗီးယားက ဆာ့ဗ်လူနည်းစုတွေဘက်ကနေ ၀င်စွက်ဖက်ပေမဲ့ ရိုဟင်ဂျာတွေနဲ့ ဘယ်နိုင်ငံခြားအင်အားကြီးနိုင်ငံကမှ ၀င်ရောက်စွက်ဖက်တာမရှိသေးဘူး။ ဒါကြောင့် ယူဂိုစလားဗီးယားကနေ ကိုဆိုဗိုခွဲထွက်သွားခဲ့တဲ့ နောက်ခံအကြောင်းအရာနဲ့ ယှဉ်ထိုးကြည့်တာဟာ မဆီလျော်ပါဘူး။

Mawkun – ရခိုင်ပြည်နယ်လိုပဲ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ အာသံပြည်နယ်မှာလည်း ဘင်္ဂါလီရွှေ့ပြောင်းလုပ်သားတွေပါဝင်တဲ့ အုပ်စုလိုက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်။ လူဒါဇင်နဲ့ချီ သေကြပြီး လူနှစ်သန်းကျော် နေရပ်က ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ရခိုင်မှာဖြစ်တဲ့အရေးကိစ္စနဲ့ အာသံမှာဖြစ်တဲ့အရေး ဘာတွေမှာ တူညီမှုရှိလဲ။

Jacques – တူညီမှုတွေရှိရင် မတူညီမှုတွေလည်း ရှိမှာပါ။ ဖြစ်စဉ်နှစ်ခုစလုံးကို ကြည့်မယ်ဆိုရင် တင်းမာမှုတွေ မြင့်တက်လာနေတာကို ကြိုတင်မသိရကောင်းလား၊ အကြမ်းဖက်မှုတွေ မဖြစ်ပွားအောင် ကြိုတင် မကာကွယ် နိုင်ကောင်းလားဆိုပြီး ပဋိပက္ခဖြစ်နေတဲ့ ဒေသကကော၊ နိုင်ငံတကာကပါ အစိုးရနှစ်ရပ်စလုံးကို ဝေဖန်တာတွေရှိတယ်။

တစ်ကမ္ဘာလုံးအနေအထားနဲ့ ကြည့်မယ်ဆိုရင် စီးပွားရေးအရ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းနေထိုင်ကြတာကို တားလို့တော့မရဘူး။ ဒါပေမဲ့ အကောင်းဆုံး စီမံကွပ်ကဲလို့ရတယ်။ အစိုးရအရာရှိတွေရဲ့ ငြင်းပယ်မှုတွေ၊ လုံခြုံမှုမရှိတာတွေ၊ ခေါင်းပုံဖြတ်တာတွေ၊ တုံ့ပြန်မှုနောက်ကျတာတွေ ရောထွေးနေတာဟာ စိတ်မချရဘူး။ အဲဒါတွေဟာ ဒေသခံတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို ထိခိုက်စေတယ်။ နောက်ဆုံး လူတွေကို ကိုင်တွယ်တာမှားတဲ့ အစိုးရတွေလည်း သူတို့ရဲ့ ဂုဏ်သိက္ခာတွေ အထိခိုက်ခံရတယ်။ အစိုးရတွေဟာ ရွှေ့ပြောင်းလုပ်သားတွေကြောင့် သူတို့နိုင်ငံရဲ့ စီးပွားရေးကို ရေရှည်ကောင်းကျိုးတွေဖြစ်ထွန်းတယ်ဆိုရင် တရားမ၀င်ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်တဲ့ ကိစ္စကို အရေးယူဆောင်ရွက်ဖို့ စိတ်အားမထက်သန်ကြဘူး။ ရခိုင်ပြည်နယ်မှာ တွေ့ရတဲ့အခြေအနေမျိုးက အဲသလိုအခြေနေမျိုးတော့ မဟုတ်ဘူး။ ရခိုင်မှာဖြစ်နေတာက အခြားအစုအဖွဲ့တစ်ခုက (သူတို့နယ်မြေမှာ) အခြားအစုအဖွဲ့တစ်ခုရှိနေတာဟာ ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ခံစားနေရတယ်။

Mawkun – ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေများပြားနေတာဟာ ပတ်ဝန်းကျင်နဲ့ ဒေသတွင်းနိုင်ငံတွေပေါ်မှာ ၀န်ထုပ်ဝန်ပိုးတွေဖြစ်လာစေမလား။ ဖြစ်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးတွေဖြစ်လာမလဲ။ အုပ်စုလိုက်တိုက်ပွဲတွေ မဖြစ် အောင် ဘယ်လိုကြိုတင်ကာကွယ်လို့ရမလဲ။

Jacques –ရခိုင်ကိစ္စကို တရားမ၀င်ဘင်္ဂါလီတွေကြောင့်ဖြစ်ပျက်ရတယ်ဆိုတဲ့ ပုံစံမျိုး စဉ်းစားရင် မှားသွားလိမ့် မယ်။ ရခိုင်ပြည်နယ်မှာ မူဆလင်တွေရှိလာရတာဟာ တရားမ၀င်ရွှေ့ပြောင်းဝင်ရောက်လာကြလို့လို့ ယေဘုယျယူဆထားကြတယ်။ အဲဒီ အချက်ဟာ လက်ခံလို့မရတဲ့အချက်ပဲ။ နှစ်ပေါင်းများစွာကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်က မူဆလင်တွေဟာ သင်္ဘောတွေနဲ့ ထိုင်းနဲ့ မလေးရှားကို ထွက်သွားကြတယ်။ဟိုမှာ သူတို့ဟာ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ပြောကြတယ်။ ပြီးတော့ သူတို့ဟာ တိုင်းပြည်မဲ့ ဒုက္ခသည်တွေအဖြစ်ဆက်ဆံခံကြရတယ်။ အဲတော့ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ တရားမ၀င်ဒုက္ခသည်တွေအတွက် ဆွဲဆောင်မှုကောင်းတဲ့ နေရာတော့ ဟုတ်ဟန်မတူဘူး။

တစ်ဘက်မှာ ကျယ်ပြန့်တဲ့ ဒေသတွင်းအခြေနေကို ကြည့်မယ်ဆိုရင်စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင်ကြတာဟာ အရေးကြီးတဲ့ သွင်ပြင်လက္ခဏာတစ်ခုအဖြစ် သေချာပေါက် ရှိနေတယ်။ ဒါပေမဲ့ ဒေသခံအတော်များ များရဲ့ စိတ်ထဲမှာ အခိုင်အမာယူဆထားတဲ့ တရားမ၀င်ရွှေ့ပြောင်း၊လာရောက်နေထိုင်ကြတဲ့ အတွက်ကြောင့် လို့ဆိုတဲ့ အချက်တစ်ခုတည်းနဲ့က မလုံလောက်တော့ဘူး။ အလွယ်တကူဖြတ်သန်းသွားလာလို့ရတဲ့ နယ်စပ်ရှိနေတာ၊ ခြစားမှုတွေရှိနေတာ၊ လူဦးရေရွေ့လျားမှုကို အစိုးရက ခြေရာခံဖို့ ပျက်ကွက်တာ၊ စတာတွေကို ကျနော်တို့ ကြားသိလာရလိမ့်မယ်။ ကိန်းဂဏန်းတွေ မရှိတာရယ်၊ အားကိုးအားထားပြုရလောက်တဲ့ သတင်းအချက်အလက်နဲ့ နောက်ခံအကြောင်းတရား တွေမရှိတာနဲ့ကိုပဲ လေးနက်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ ဆယ်စုနှစ်အတော်များများ နှောင့်နှေးခဲ့ရတယ်။အရှေ့မြောက်အိန္ဒိယဒေသကို ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ ရွှေ့ပြောင်းသွားကြတာနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထပ်ခါထပ်ခါပေါ်ထွက်လာခဲ့ဖူးတယ်။ ဒါပေမဲ့ မြန်မာနယ်စပ်တစ်လျှောက်မှာ ရွှေ့ပြောင်းသွားလာနေကြတဲ့ ပကတိအခြေအနေမှန်ဟာ ဘယ်လိုဟာမျိုးလဲဆိုတာကို လွတ်လပ်ရေးရကတည်းက ကျနော်တို့ မသိကြတော့ပါဘူး။

ဆိုတော့က သူတို့ဟာ ဘယ်လိုလူတွေပဲဖြစ်ဖြစ်၊ နယ်စပ်ကို ဘယ်လိုပဲ ဖြတ်ကျော်ဝင်ရောက်ပြီးတော့ပဲ လာကြလာကြဒီကနေ့ကမ္ဘာမှာ အစိုးရတွေဟာ သူတို့တွေကို ကန်ထုတ်ပစ်လိုက်လို့ မရတော့ပါဘူး။ ကျွန်တော်ထပ် ပြောပါဦးမယ်။ အရေးကြီးတဲ့ကိစ္စက အိမ်ရှင်နိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်သားတွေဟာ အဲဒီနိုင်ငံရဲ့ စီးပွားရေးအတွက် ရေရှည်မှာ အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာပါပဲ။ ထိုင်းမှာဆိုရင် မြန်မာလုပ်သား သိန်းပေါင်းများစွာဟာ ထိုင်းနိုင်ငံရဲ့စီးပွားရေးက လိုအပ်နေတဲ့ လုပ်သားအင်အားကို ဈေးပေါပေါနဲ့ ပံ့ပိုးပေးနေတယ်။တစ်ဘက်မှာ ရွှေ့ပြောင်းလုပ်သားတွေကို မှတ်ပုံတင်ပြီး ထိန်းချုပ်ဖို့ဆိုတဲ့ နိုင်ငံရေးယူဆချက်ရှိနေတယ်။တစ်ဘက်မှာ အစိုးရက ဘာတွေ ဘယ်လိုပဲလုပ်နေလုပ်နေ ၀မ်းရေးအတွက် ရွှေ့ပြောင်းကြရတဲ့ စီးပွားရေးဖိအားတွေက ရှိနေတယ်။ အဲဒီနှစ်ခုကြားမှာ ကွာဟမှုက တော်တော်ကို ကြီးနေတတ်တယ်။

Mawkun – မကြာသေးခင်က ပါကစ္စတန်က တာလီဘန်အဖွဲ့က ရခိုင်မှာ သေဆုံးသွားတဲ့ မူဆလင်တွေအတွက် သူတို့လက်စားချေတဲ့အနေနဲ့ မြန်မာအစိုးရကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ တကယ်တန်းသာ သူတို့ခြိမ်းခြောက်တဲ့အတိုင်း လုပ်ကြမယ်ဆိုရင် ဘယ်လို လူမှုရေးနဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မြင်တွေ့ရမလဲ။

Jacques –မြန်မာပြည်က မွတ်ဆလင်ခေါင်းဆောင်တွေဟာ တာလီဘန်အဖွဲ့တွေရဲ့ အဲသလို ဟောင်ဖွာ၊ ဟောင်ဖွာ ကြေညာချက်တွေထုတ်နေတာကို မကြိုဆိုရုံမက ပယ်ကို ပယ်ချလိုက်ကြပါလိမ့်မယ်။ နိုင်ငံတကာက ပူးတွဲကာကွယ်မှုပေးထားတဲ့ကိစ္စတွေ၊ မီဒီယာတွေကလည်း ၀ိုင်းရေးနေကြတဲ့ ကိစတွေမှာ အစွန်းရောက်အဖွဲ့တွေ ဟာ လူအများရဲ့ အာရုံစိုက်မှုကို ရယူဖို့ စိတ်အားထက်သန်ကြတယ်။ ယေဘုယျအားဖြင့် အောင်လည်း အောင်မြင်ကြပါတယ်။ အဲတော့ သူတို့ဟာ အပြင်လူတွေဖြစ်ပေမဲ့ ပါဝင်ပတ်သက်နေကြပြီ။ တကယ်တော့ သူတို့ရဲ့ အစွန်းရောက်အမြင်တွေဟာ သူတို့အတွက်ပဲ ကိုယ်စားပြုကြတယ်။ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် လုံခြိမ်းရေးဆိုင်ရာ ပြသနာဖြစ်လာမယ်ဆိုရင် နှစ်ဘက်အစိုးရအနေနဲ့ ပူးပေါင်းဖြေရှင်းသင့်ပါတယ်။ အုပ်စုလိုက်တိုက်ခိုက်တာတွေ၊ အကြမ်းဖက်တာတွေဟာ တော်တော်ကို စိုးရိမ်နေရတဲ့အနေအထားဖြစ်နေပါပြီ။  ဒီလိုအနေအထားမှာ အကြမ်းဖက်သမားတွေရဲ့ ကွန်ရက်တွေ ခြေကုပ်ယူမသွားနိုင်အောင် အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးစားကြရပါလိမ့်မယ်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here