Home ခရီးသွားဆောင်းပါး အင်းလေးရေပြင် ပျောက်မသွားစေချင်

အင်းလေးရေပြင် ပျောက်မသွားစေချင်

223
0
ဓာတ်ပုံ-မြတ်စုမွန်/မော်ကွန်းမဂ္ဂဇင်း
Advertise Here

မှတ်မှတ်ရရ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်း လေးကန်သို့ နှစ်ကြိမ်တိတိ ရောက်ခဲ့ဖူးသည်။ သို့သော် အလည် သဘော အပျော်ခရီးမျိုးသာဖြစ်သည်။

အင်းလေးကန်နှင့်ပတ်သက်၍ သတင်းများတွင် လွန်ခဲ့ သည့်ဆယ်စုနှစ်အတွင်း အမြဲတစေ ဖတ်ရှုခဲ့ရသည်မှာ အင်းလေး ကန်ကြီး ရေခန်းလာပြီဆိုသည့် သတင်းများသာဖြစ်သည်။

အင်းလေးကန်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသတင်းနှင့် ဆောင်းပါးများကို အထူးပြုရေးသားလေ့ရှိသည့် သတင်းစာဆရာများအတွက် ရေးမကုန်သော အရင်းအမြစ်ကြီး တစ်ခု ဖြစ်သည်။ ယခင်ကလည်း ရေးခဲ့သည်။ ယခုလည်း ရေး မကုန် သားမကုန် အကြောင်းအရာများ ရှိနေဆဲဖြစ်သည်။ နောင် လည်း ရှိနေဦးမည်ဖြစ်သည်။

Advertise Here

ယခု ထိုအင်းလေးကန်သို့သွားရရန် အကြောင်းဖန်လာ သည်။ သည်တစ်ကြိမ်ခရီးကား အပျော်ခရီးမဟုတ်။ ရက်သတ္တ တစ်ပတ်ကြာနေထိုင်ကာ ရာသီဥတုဖောက်ပြန်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆက်နွှယ်ခြင်းများအကြောင်း သတင်းရေးသား တင်ပြခြင်းဆိုင်ရာသင်တန်းတိုတစ်ခု တက်ရောက်ရန်ဖြစ်သည်။

ထိုသင်တန်းသို့တက်ရောက်ရန် ကျွန်မအပါအဝင် ရန်ကုန် အခြေစိုက်သတင်းသမား ၁ဝ ဦးသည် ရန်ကုန်မြို့မှ ညဦးပိုင်းက ကားစင်းလုံးငှားကာ ထွက်ခွာလာခဲ့ရာ ညောင်ရွှေမြို့သို့ရောက်ရှိ ချိန်တွင် အတော်ပင်နေမြင့်နေပေပြီ။ တက်ရောက်မည့်သင်တန်း သားများအနက် ရန်ကုန်မှလာသည့် ကျွန်မတို့အဖွဲ့က အစောဆုံး ဖြစ်သည်။

ညောင်ရွှေမြို့အဝင်တွင် တွေ့မြင်လိုက်ရသည့် ရေပြင် ကျယ်ကြီးသည် ခရီးပန်းလာသူများကို အမောပြေစေသည်။ စိတ် ကိုကြည်လင် ရွှင်မြူးစေသည်။ ထိုရေကန်ကျယ်ကြီးထဲတွင် နုန်း မြေများ၊ ရွှံ့ နွံများ၊ ဒိုက်မှော်များကို ရှင်းလင်းမည့် ယန္တရားကြီးများ ကို တွေ့ရသည်။ ရေပေါ်အဆောက်အအုံလေးများ၊ ဟိုတယ်၊ မို တယ်နှင့် အင်းများကို တွေ့ရသည်။

ကျွန်မတို့ စတည်းချရမည့်နေရာသည် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အစပ်တွင်ရှိသည့် ဟူပင်ဟိုတယ် ဖြစ်သည်။ သင် တန်းပို့ချမည့်နေရာလည်း ဖြစ်သည်။ ယခင်က အင်းလေးကန် အတွင်းနှင့် ညောင်ရွှေမြို့နယ်ကို သွားလာသည့် စက်လှေများ ဆိုက်ကပ်ရာ ဆိပ်ကမ်းဖြစ်ခဲ့သောထိုနေရာသည် ယခုမူ ရေဆိုး များအိုင်နေသည့် မြောင်းကြီးတစ်ခုဖြစ်နေသည်။ ရေသန့်ဘူးခွံ၊ ကြွပ်ကြွပ်အိတ် အစရှိသည့်အမှိုက်သရိုက်များသည် ထိုမြောင်းထဲ တွင် ဟိုတစ်စ သည်တစ်စ ပြန့်ကျဲလျက် နေရာယူထား၏။

ထိုနေ့က သင်တန်းမစမီတစ်ရက်အလိုဖြစ်ရာ ဟိုဟိုသည် သည် လျှောက်ကြည့်ရန် အချိန်ရသည်။ ထို့ကြောင့် အထုပ်အပိုး များကို နေရာချကာ အနည်းငယ်အနားယူပြီးသည်နှင့် ညနေပိုင်း တွင် တောင်ကြီးမြို့သို့ သွားလည်ကြသည်။

တောင်ကြီးမြို့လမ်းများသည် လမ်းမသိသူ ခရီးသွားဧည့် သည်များအဖို့ ဝင်္ကပါထဲသို့ ရောက်နေသလိုရှိသည်။ ထို့ကြောင့် တောင်ကြီးမြို့မှ ဒေသခံသတင်းထောက် ကိုနေလင်းသိုက်အား အကူအညီတောင်းရသည်။ သူ ဦးဆောင်ကာ ကားမောင်းလိုက်ပို့ သဖြင့် အချိန်တိုတိုအတွင်း သွားလိုသည့်နေရာသို့ရောက်ခဲ့ သဖြင့် ကျေးဇူးတင်ရသည်။ ရန်ကုန်မှ ဧည့်သည်များ နယ်သို့ ရောက်လျှင် ဒေသခံက တာဝန်ကျေသလောက် ရန်ကုန်သို့လာလျှင်  ပြန်၍ တာဝန်မကျေနိုင်၊ မည်သည့်နေရာမျှ လိုက်လံပို့ ဆောင်နိုင်စွမ်း မရှိသည်ကိုတွေးကာ အားနာရသည်။

ပထမဆုံး တောင်ကြီးမြို့ကို အပေါ်စီးက လှမ်းမြင်ရသည့် တောင်ပေါ်ဘုရားသို့သွားကြသည်။ တောင်ပေါ်မှ မြင်ရသည့် တောင်ကြီးမြို့ ရှုခင်းသည် 3D မြင်ကွင်းကို ကြည့်နေရသည့်နှယ်၊ မည်သည့်အခါမျှ မရိုးနိုင်အောင် လှပဆန်းသစ်သည့် မြင်ကွင်းမျိုး ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ညွှန်းနေသည့် မြင်ကွင်းမျိုး ဖြစ်သည်။ နေဝင်စအချိန် တောင်ကြီးမြို့ကို အပေါ်စီးမှ လှမ်း ကြည့်နေစဉ် လျှပ်စစ်မီးများ ဟိုတစ်ပွင့်သည့်တစ်ပွင့် လင်းလာ ပြီး စက္ကန့်ပိုင်းအတွင်း တစ်မြို့လုံး ထိန်လင်းသွားသည့် မြင်ကွင်း က မြင်နေကျမဟုတ်သဖြင့် ဆန်းနေသည်။

တောင်ပေါ်ဘုရားမှအပြန်တွင် စူဠာမုနိစေတီနှင့် တောင် ကြီးမြို့လယ်ရှိ ညဈေးတန်းကိုဝင်ကြသည်။ ထို့နောက် နယ်မြေခံ သတင်းထောက် ကိုနေလင်းသိုက်ကို နှုတ်ဆက်ကာ ညောင်ရွှေမြို့ သို့ပြန်ခဲ့ကြသည်။ နောက်ရက်မနက် သင်တန်းစမည်။ စောစော အနားယူရမည်မဟုတ်လား။

မနက်မိုးလင်းလျှင် အတူသွားကြသည့် သတင်းထောက် နှစ်ဦးက ဈေးသွားရန် အဖော်စပ်သည်။ သင်တန်းစမည့် အချိန်က လည်း လိုသေးသဖြင့် ဟိုတယ်ရှေ့လမ်းမနှင့်အပြိုင် မျက်နှာချင်း ဆိုင်လမ်းပေါ်ရှိ မင်္ဂလာဈေးဟု အမည်ရသော ညောင်ရွှေဈေးသို့ သွားကြသည်။

ထိုနေ့က ကံကောင်းသည်။ ညောင်ရွှေမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဈေးသည်များစုံစုံလင်လင်တွေ့ရသည့် ငါးရက် တစ်ကြိမ်ဈေးနေ့ဖြစ်ရာ ညောင်ရွှေဈေးသည် အလွန်ပင်စည်ကား လျက်ရှိသည်။ ရှမ်းအစားအစာဟုဆိုလျှင် ပဲပုတ်၊ ခေါပုတ်နှင့် ဂျူး မြစ်တို့လောက်သာသိသည့် ကျွန်မသည် အမျိုးအမည်မသိသော အမည်စုံ ရှမ်းအစားအစာများနှင့် လွန်စွာလတ်ဆတ်သော အသီး အနှံ၊ အရွက်မျိုးစုံကို မြင်တွေ့လိုက်ရသည်။

လတ်ဆတ်သော မုန်လာဥနီများ၊ စတော်ဘယ်ရီသီးများ၊ ဂေါ်ဖီထုပ်များ၊ ပဲလိပ်ပြာ၊ ပဲပိုးတီ၊ ခရမ်းချဉ်သီး အစရှိသော အသီးအနှံများအပြင် အမည်စုံလှသော ပန်းဈေးတန်းတို့အပြင် ပအိုဝ်းအမျိုးသားဝတ်စုံကို ဆင်မြန်းထားသော လက်ဖက်ခြောက် ရောင်းသူများကြောင့် ကျွန်မသည်  ရှမ်းပြည်နယ်သို့ ရောက်နေ သည်ဆိုသည့်အသိကို ပို၍ လေးလေးနက်နက် ခံစားရစေသည်။

ညောင်ရွှေမြို့တွင် ငါးရက်တာသင်တန်းတက်ရောက်ရဦးမည် ဖြစ်ရာ ဝယ်ချင်လှသော ဟင်းသီးဟင်းရွက်များကို အိမ်ပြန်ခါနီး လျှင် တစ်ထုပ်ကြီးဝယ်သွားမည်ဟု စိတ်ထဲတွင်တေးကာ သင် တန်းကျင်းပမည့် ဟူပင်ဟိုတယ်သို့ ပြန်ခဲ့ကြသည်။

ကျွန်မတို့တက်ရောက်ရမည့်သင်တန်းက ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သတင်းရေးသားတင်ပြနည်း သင်တန်း ဖြစ်သည်။ ထိုသင်တန်းကို နီပေါနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင် ရာတောင်တန်းဒေသများ ဖွံ့ဖြိုးရေးအဖွဲ့(ICIMOD) ဟု အမည် ရသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ဦးဆောင်စီစဉ်ခဲ့ခြင်း ဖြစ်သည်။

two inlay

Photo: Myat Su Mon       ချင်း(ဂျင်း) သည် လက်မောင်းကွေးကျေးရွာအုပ်စု၏ စိုက်ပျိုးရေးထွက်ကုန်တစ်မျိုးဖြစ်သည်။

ICIMOD သည် ဟိမဝန္တာတောင်တန်းပေါ်နှင့် ထိုတောင်တန်းကို အမှီပြု၍ အသက်ရှင်နေထိုင်သည့် လူများအတွက် ရာသီဥတုပြောင်းလဲခြင်းနှင့် သက်ရောက်ခြင်းများအကြောင်းကို အသိပညာပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။ ၄င်းတို့သည် ဟိမဝန္တာတောင်တန်းနှင့် ဆက်စပ်နေသည့် မြန်မာ၊ နီပေါ၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊ ဘူတန်နှင့် ပါကစ္စတန်ဆိုသည့် နိုင်ငံရှစ်နိုင်ငံနှင့် ပူးပေါင်းကာ အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသင်တန်းတွင် ပါဝင်တက်ရောက်မည့် သင်တန်းသားဦး ရေမှာ ၂ဝ ဦးဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အခြေစိုက် မြန်မာသတင်းသမား ၁၉ ဦး၊ ရှမ်းပြည်နယ်မှ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းတစ်ဦး တို့ ဖြစ်ကြသည်။

သင်တန်းကာလငါးရက်တာအနက် သုံးရက်မှာ စာတွေ့ သင်တန်းဖြစ်ပြီး နှစ်ရက်မှာ လက်တွေ့ကွင်းဆင်းလေ့လာခြင်း ဖြစ်သည်။ သင်တန်းတွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကျွမ်း ကျင်ပညာရှင် နီပေါနိုင်ငံသားနှစ်ဦးက ဦးဆောင်သင်ကြားပေးခဲ့ ပြီး ICIMOD မှ တာဝန်ရှိသူများ၊ မြန်မာပြည်တွင်း၌ သတင်း သမားအဖြစ် လုပ်ကိုင်နေသည့် သြစတြေးလျနိုင်ငံသူတစ်ဦးတို့ ပါဝင်ခဲ့သည်။

စာတွေ့သင်တန်း သုံးရက်တာကာလအတွင်း ယခင်က ကျွန်မ မစဉ်းစားခဲ့ဖူး၊ မသိကျွမ်းခဲ့ဖူးသည့် ဟိမဝန္တာတောင်တန်း ကြီး၏ အကျိုးပြုပုံကို လေ့လာသင်ယူခွင့်ရခဲ့သည်။ သုတေသန များအရ ဟိမဝန္တာတောင်တန်းပေါ်တွင် လူပေါင်း သန်း ၂၁ဝ ဝန်းကျင် နေထိုင်ကြပြီး ထိုတောင်တန်းပေါ်မှ စီးဆင်းလာသည့် မြစ်ချောင်းများကို အမှီပြုသည့် တောင်ခြေတစ်ဝိုက်တိုင်းပြည် များတွင် နေထိုင်သူလူပေါင်းမှာ ၁ ဒသမ ၃ ဘီလီယံရှိကြောင်း သိရသည်။

”တောင်တန်းပေါ်မှာ နေထိုင်သူတွေဟာ လျစ်လျူရှုခံ ထားရတယ်။ အမေ့လျော့ခံထားရတယ်။ ဒါကြောင့် သူတို့က ပို ဆင်းရဲကြတယ်”ဟု ICIMOD မှ အသိပညာစီမံခန့်ခွဲရေးနှင့် ပြန်ကြားရေးအရာရှိ Mr.Gopilal Acharya က ပြောသည်။

ဟိမဝန္တာတောင်တန်းအနီးဝန်းကျင်မှ နိုင်ငံများ၏အစိုးရ များက လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်ကတည်းက ICIMOD ၏ လုပ်ငန်းဆောင်တာများအတွက် ရန်ပုံငွေများ ထည့်ဝင်လှူ ဒါန်းထားကြောင်းသိရသည်။

ကျွန်မအပါအဝင် မတူညီသောဘာသာစကားပေါင်း ၆ဝဝ ခန့် ပြောဆိုကြသည့်လူသားများသည် ဟိမဝန္တာတောင်တန်း ကြီးကိုအမှီပြု၍ အသက်ရှင်နေထိုင်ကြကြောင်း သိရသည်။ မြေ ပြန့်ဒေသတွင် နေထိုင်သူများအတွက် တောင်တန်းများ၏ ရေ၊ အစားအစာနှင့် စွမ်းအင်များ ဖြည့်ဆည်းပေးနိုင်စွမ်း မည်မျှ ရှိသည်၊ တောင်တန်းများကို မည်သည့်အတွက်ကြောင့် ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်သည်ကို တီးမိခေါက်မိ လေ့လာခွင့်ရခဲ့သည်။

”ကမ္ဘာကြီးရဲ့ အပူချိန်ဟာ ၁၉ဝ၆ နဲ့ ၂ဝဝ၅ ကြားမှာ ဝ ဒသမ ၇၄ လောက်ကွာခြားလာတယ်။ ပြီးတော့ ၂ဝ၁၅ ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်ဖြစ်ခဲ့တယ်။ တောင်ပေါ်မှာ အပူရှိန် ပြောင်းလဲလာတာနဲ့အမျှ မြေပြန့်ဒေသမှာ နေသူတွေအတွက် အသက်အန္တရာယ်အရေးကြီးလာတယ်။  စိုက်ပျိုးရေးလုပ်ငန်းတွေ ကျဆင်းလာမယ်။ ရောဂါသစ်တွေပေါ်လာမယ်။ တိရစ္ဆာန်တွေ သေမယ်။ တောမီးတွေ လောင်မယ်။ လျှပ်စစ်စွမ်းအင် ရရှိနိုင်မှု လျော့နည်းမယ်။ ရေကြီးတာ၊ မြေပြိုတာ၊ ရေခန်းခြောက်တာတွေ ဖြစ်လာမယ်”ဟု ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင် Dr.Dhrupad Choudhury က ရှင်းပြသည်။

ညနေပိုင်း သင်တန်းဆင်းချိန်တွင် ညောင်ရွှေမြို့အတွင်း စက်ဘီးလှည့်လည်စီးရန် စက်ဘီးအငှားဆိုင်သို့ သွားကြသည်။ ညောင်ရွှေမြို့၏ နေရာအနှံ့တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် များကို တွေ့ရသည်။ နိုင်ငံခြားသားခရီးသွားများထံမှ အခွန်ငွေ မြောက်မြားစွာရရှိသည့် မြို့ဖြစ်သော်လည်း ညောင်ရွှေမြို့၏ လမ်းမများသည် ချိုင့်ခွက်များ၊ ကျောက်စလစ်များ၊ အချို့နေရာ များတွင် ဖုန်ထူသော မြေလမ်းများကို မြင်တွေ့နေရဆဲဖြစ်သည်။ လမ်းလျှောက်ရန် ပလက်ဖောင်းများ မရှိသလို စက်ဘီးစီးရန် ညီညာပြန့်ပြူးသော လမ်းကောင်းကောင်း မတွေ့ခဲ့ရ။ ညောင်ရွှေ မြို့လယ်ကောင်ရှိ အချို့ရေမြောင်းများမှာ အဖုံးမရှိသလို မြောင်း ပုပ်နံ့များက အော်ဂလီဆန်စရာ ကောင်းလှသည်။

စာတွေ့သင်တန်း ဒုတိယမြောက်ညတွင် ရန်ကုန်မှ အတူ လာသည့် သတင်းသမားတချို့က မနက်စောစော အင်းလေးကန် ထဲသို့သွားရန် တိုင်ပင်ကြသည်။ ထိုမနက်သည် အင်းလေးကန် အတွင်းရှိ နာမည်ကြီး ရေပေါ်ဈေးနေ့ ဖြစ်သည်။ ရေပေါ်ဈေး အကြောင်း သတင်းနှင့်ဆောင်းပါးများရေးသားရန် တက်ကြွ နေသည့်မိတ်ဆွေများက သူတို့၏ ဆုံးဖြတ်ချက်အတိုင်း မနက် အရုဏ်မတက်မီ အင်းထဲသို့ ဆင်းသွားကြသည်။

ကျွန်မသည် အိပ်ရာမှမနိုးသည်က တစ်ကြောင်း၊ သင် တန်းချိန်အမီ ပြန်မရောက်မည်ကိုစိုးရိမ်သည်က တစ်ကြောင်း ကြောင့် အင်းလေးရေပေါ်ဈေးသို့ မရောက်ခဲ့။ အင်းလေးကန် အတွင်းရှိ ဟဲယာရွာမတွင်ရှိသည့် ရေပေါ်ဈေးမှ ပြန်လာသည့် လုပ်ဖော်ကိုင်ဖက်သတင်းသမားများက ရေပေါ်ဈေးမဟုတ်တော့ ဘဲ ကုန်းပေါ်ဈေးဖြစ်နေပြီဟု ပြောဆိုကြသည်။three inlay

Photo: Myat Su Mon    ပဲလိပ်ပြာဆွတ်ခူးနေသည့် တောင်ရိုးတိုင်းရင်းသူ သားအမိ

ယခင်က လှေများဖြင့် တိုးဝှေ့သွားလာကာ ဈေးရောင်းသူ၊ ဈေးဝယ်သူများသည် ယခုမူ ကုန်းမြေပြင်ပေါ်တွင် ရောင်းဝယ် ဖောက်ကား ပြုလုပ်နေကြတော့သည်ကိုသာ မြင်တွေ့ခဲ့ရကြောင်း သူတို့က ပြန်၍ မျှဝေကြသည်။ တောင်တန်းများဝန်းရံနေသည့် အင်းလေးကန်၏ ရေမျက်နှာပြင်သည် တဖြည်းဖြည်း တိမ် ကောလာသည်ကို စိတ်မကောင်းဟန်ဖြင့် ဆိုကြသည်။

ယခင်က ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်စွမ်းရှိ သည့် ရေပေါ်ဈေးသည် ယခု ထိုသို့ ဆွဲဆောင်နိုင်စွမ်း ရှိသေးရဲ့ လားဟု ကျွန်မဘာသာတွေးမိသည်။ နောက်တစ်ကြိမ် အင်းလေး သို့ရောက်လျှင် ရေပေါ်ဈေးကို ကိုယ်တိုင်မြင်ဖူးအောင်သွားကြည့် ဦးမည်ဟုလည်း တေးမှတ်ထားလိုက်သည်။ သင်တန်းနားချိန် အချိန်တိုအတွင်းသာ စကားစမြည်ပြောခွင့်ရခြင်းကြောင့် ရေပေါ် ဈေးအကြောင်း စုံစုံလင်လင်မသိရတော့ဘဲ သင်တန်းခန်းမထဲသို့ ပြန်ဝင်ခဲ့ရသည်။

ကမ္ဘာ့ရာသီဥတုနှင့် ဟိမဝန္တာတောင်တန်းများ ဆက်စပ်မှု ကို ပညာရပ်ဆိုင်ရာ စကားလုံးများဖြင့် သင်ကြားပို့ချသည့် ထို သုံးရက်တာ စာတွေ့သင်တန်းချိန်များသည် ကျွန်မတို့သင်တန်း သားများအဖို့ အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းနေသည်။ သို့ သော် မြန်မာပြည်နှင့်ပတ်သက်ဆက်နွှယ်သည့် အကြောင်းအရာ များ ထည့်သွင်းပြောဆိုခြင်းကြောင့် စိတ်ဝင်စားဖွယ်လည်း ကောင်းပြန်၏။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာနိုင် သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရေခန်းခြောက်ခြင်းနှင့် ဆိုက် ကလုန်းမုန်တိုင်းများ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းစသည့် ရာသီ ဥတုဖောက်ပြန်ခြင်း ဘေးဒုက္ခများကို အများဆုံး ကြုံတွေ့နေရ သော နိုင်ငံများအနက် မြန်မာနိုင်ငံသည် ဒုတိယနေရာတွင် ရှိနေကြောင်း သိရပြန်ရာ မယုံကြည်သည့် သင်တန်းသားအချို့နှင့် သင်တန်းဆရာများအကြား အပြန်အလှန်ဆွေးနွေးကြသည်။

သင်တန်းစတုတ္ထမြောက်နေ့တွင် ကလောမြို့နယ်ရှိ လက်မောင်းကွေးကျေးရွာအုပ်စုသို့ ကွင်းဆင်းလေ့လာရမည် ဖြစ် သည်။ လက်မောင်းကွေးကျေးရွာအုပ်စုသည် အင်းလေးကန်ကို ဝန်းရံထားသည့် တောင်တန်းဒေသတွင် တည်ရှိပြီး ရေရှားပါး သည့် ကျေးရွာများဖြစ်သည်။ ICIMOD သည် ထိုတောင်တန်း ဒေသ ကျေးရွာခြောက်ခုတွင် ရေအရင်းအမြစ်ရှာဖွေခြင်း၊ မြေဆီ လွှာထိန်းသိမ်းပြုပြင်ရေး သင်တန်းများပေးခြင်း၊ စိုက်ပျိုးရေး နည်းပညာ ဖြန့်ဝေခြင်းနှင့် မျိုးစေ့ဖြန့်ဝေပေးခြင်းများကို ရှေ့ပြေး စီမံချက်များချမှတ်ကာ အကောင်အထည်ဖော်လျက် ရှိသည်။

ညောင်ရွှေမြို့မှ မနက်စောစော ကားဖြင့်ထွက်ခဲ့ကြသည်။ လက်မောင်းကွေးကျေးရွာအုပ်စုသို့ သွားရာလမ်းသည် ကျောက် ချောခင်းလမ်းဖြစ်၍ လမ်းသာသော်လည်း အကွေ့အကောက် များပြီး လမ်းကျဉ်းသဖြင့် ကားဆရာသည် အထူးသတိထား၍ မောင်းနှင်နေရသည်။  အချို့နေရာများတွင် ကားပေါ်မှလူအားလုံး ဆင်းကာ လမ်းလျှောက်ကြရသည်။ ရှမ်းရိုးမ၏တောင်တန်းများ ဖြစ်သော်လည်း တောင်များသည် သစ်ပင်ဝါးပင်များဖြင့် စိမ်းညို့ မနေဘဲ အခြားပြည်နယ်နှင့် တိုင်းများတွင် တွေ့ရလေ့ရှိသလို တောင်ကတုံးများသာ အများဆုံး ဖြစ်နေသည်။

လမ်းဘေးဝဲယာတစ်လျှောက် အချို့နေရာများတွင် နှမ်းပင်များ စိုက်ပျိုးထားကြသည်။ တချို့နေရာများတွင် ဘာမှ စိုက်ပျိုးမထားဘဲ နီညိုရောင်မြေကြီးများကို ထွန်ရက်ထားသဖြင့် အဝေးမှ လှမ်းမြင်ရသည့် တောင်များပေါ်တွင် ဟိုတစ်ကွက်၊ သည်တစ်ကွက် အစိမ်းနှင့်အညို လေးထောင့်ကွက်များကို တွေ့ ရသည်။

မော်တော်ကား ဝင်၍မရတော့သည့်နေရာမှ ကျွန်မတို့ သွားလိုသည့်ကျေးရွာသို့ လမ်းလျှောက်ဝင်ကြရသည်။ ရေရှားပါး သည့် တောင်တန်းဒေသဖြစ်သော်လည်း ရေနှင့် မြေဆီလွှာကို ပျက်စီးစေသည်ဟု ကျွမ်းကျင်သူများကဆိုကြသည့် ယူကလစ်ပင်များ စိုက်ပျိုးထားသည်ကိုလည်း တွေ့ရသည်။ ထင်းရူးပင်နှင့် ဝါးပင်များကို နေရာအနှံ့ ခပ်ကျဲကျဲတွေ့ရသည်။

တောင်ရိုးလူမျိုးများနေထိုင်သည့် ထိုကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ချင်း(ဂျင်း)၊ ခရမ်းချဉ် သီး၊ ဂျုံ၊ ပဲမျိုးစုံ၊ နှမ်း၊ အာလူးနှင့် စပါးကို အဓိက စိုက်ပျိုးကြသည်။  ရေရှားပါးကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး တစ်သီးစား စိုက်ပျိုးရေးစနစ်များကြောင့် ဖွံ့ဖြိုးမှု နှေးကွေးသည့် ဒေသလည်း ဖြစ်သည်။ လက်မှုပစ္စည်းများစွာကို ထုတ်လုပ်နိုင်စွမ်းရှိသည့် ဝါးပင်များ လွန်စွာပေါများသည့်ဒေသဖြစ်သော်လည်း နည်းပညာမရှိသဖြင့် မိရိုးဖလာနည်းဖြင့်သာ အကြမ်းထည်အဖြစ် ရက်လုပ်ကြသည်။ ထို့ကြောင့် ဝင်ငွေလည်း သိပ်မကောင်းလှ။

ထိုကျေးရွာတစ်လျှောက်ရှိ နေအိမ်များ၏ လှေကား အတက်အဆင်းအဝင်ဝတွင် ပျားသလက်အုံများ ချိတ်ဆွဲထား သည်ကို တွေ့ရသည်။ ကံကောင်းခြင်း၊ မကောင်းဆိုးဝါးများရှောင် ရှားခြင်းတို့ကို ဖန်တီးပေးနိုင်သည့် အဆောင်တစ်မျိုးဟု ဒေသခံ တစ်ဦးက ဆိုသည်။

”အဖေ၊ အမေတွေထားခဲ့တဲ့ အမွေပေါ့”ဟု လက်မောင်း ကွေးကျေးရွာအုပ်စု၊ ကျောင်းတောင်ကျေးရွာမှ တောင်ရိုးလူမျိုး ဦးကျော်က ဆိုသည်။ သူတို့၏ စကားသံနှင့်လေယူလေသိမ်းသည် နားမလည်နိုင်လောက်အောင် ဝဲလွန်းလှသဖြင့် နှစ်ကြိမ်ပြန်၍ မေးရသည်။

ကျွန်မတို့ ခဏအနားယူကြမည့် ကျေးရွာစာကြည့်တိုက်သို့ အရောက်တွင် ထူးခြားသည့် သတိပေးဆိုင်းဘုတ်တစ်ခုကို တွေ့ ရသည်။ ထိုဆိုင်းဘုတ်တွင် ‘စာသင်ကျောင်းများနှင့် ကျေးရွာ အတွင်း ရေခဲချောင်း လုံးဝ(လုံးဝ) မရောင်းရ။ စီးပွားရှာကြ သော ဈေးသည်များ စားစရာ၊ သံတိုသံစနှင့် အခြားပစ္စည်းတို့နှင့် လဲလှယ်ခြင်း မပြုကြပါရန် တိုက်တွန်းနှိုးဆော် တားမြစ်အပ်ပါ သည်’ဟု ရေးသားထားသည်။

စိတ်ဝင်စားစရာကောင်းသဖြင့် ရွာသူကြီး(ကျေးရွာအုပ် ချုပ်ရေးမှူး) ကို မေးမြန်းကြည့်ရာ သူက ‘ရေခဲချောင်းက ကျန်း မာရေးထိခိုက်တယ်။ ပြီးတော့ မိဘတွေမှာ ဝယ်ကျွေးဖို့ ပိုက်ဆံ မရှိဘူး။ ကလေးတွေက စားချင်တော့ သံတိုသံစတွေနဲ့ လဲတယ်။ ဓားမ အကောင်းတွေနဲ့ လဲတယ်။ အသီးအနှံတွေနဲ့ လဲတယ်။ မတန်တဆဈေးတွေနဲ့ လဲတယ်။ ဒါကြောင့် ဈေးသည်တွေလာရင် မောင်းထုတ်တယ်။ ဝယ်စားမယ့်သူရှိရင်တော့ ရောင်းပေါ့။ ဒါ ပေမဲ့ ပစ္စည်းနဲ့ မုန့်ပဲသရေစာတွေနဲ့ မလဲနဲ့လို့ တားမြစ်ထားတယ်” ဟု ရှင်းပြရာ ငိုအားထက် ရယ်အားသန်မိလေသည်။

ခဏအနားယူသည့်နေရာသို့ရောက်သည်နှင့် သတင်း သမားများသည် ဓာတ်ပုံရိုက်ရန်၊ အင်တာဗျူးလုပ်ရန် အသီးသီး ထွက်သွားကြရာ တစ်ခဏအတွင်း မည်သူ့ကိုမျှ မမြင်လိုက်ရ တော့ပေ။ ကျွန်မသည်လည်း ဒေသအခြေအနေအချို့ကို မေးမြန်း ခြင်း၊ အလွန်လှသော ရှုခင်းဓာတ်ပုံများကို ရိုက်ခြင်းဖြင့် တစ် ကိုယ်တည်းအလုပ်ရှုပ်နေမိသည်။

”ရေက ကျွန်တော်တို့ မမွေးခင်ကတည်းက ရှားတာ။ တချို့က ဒီကနေ ပြောင်းသွားကြတယ်။ မပြောင်းဘဲ သံယောဇဉ်နဲ့ နေတဲ့လူတွေက အခုပြောင်းချင်တဲ့ အတွေးအခေါ်တွေ ပေါ်လာ ပေမယ့်လည်း မြေကွက်ဈေးတွေကြီးတော့ ဒီကနေ မပြောင်းနိုင် တော့ဘူး”ဟု ရွာသူကြီးက ဆိုသည်။

ICIMOD က ရှေ့ပြေးစီမံကိန်းအဖြစ် အကောင်အထည် ဖော်နေသည့် စိုက်ပျိုးရေးသင်တန်းများသည် ဒေသခံများ အတွက် အကျိုးပြုသော်လည်း နည်းပညာသာမက မျိုးစေ့များ လည်း လုံလောက်စွာရလိုကြောင်း သူက ဆိုသည်။

သူက ”အခု ချင်းမျိုးစေ့ပေးတယ်။ ဒါပေမဲ့ တစ်ရွာလုံးမှာ တစ်ဦးစာပဲပေးတော့ ကျန်တဲ့လူတွေ မရဘူး။ အဆင်မပြေဘူး။ အစည်းအဝေးမှာ ပြောကြည့်တယ်။ မထူးဘူး။ လူတွေကတော့ သူတို့မပေးလည်း လုပ်စရာရှိတာ ဆက်လုပ်ကြတာပါပဲ”ဟု ပြောသည်။

ICIMOD မှ စီမံကိန်း စည်းရုံးရေးအရာရှိ ဦးစိုးခိုင်ဌေးက ”အခုက စမ်းသပ်ကာလဆိုတော့ ကျွန်တော်တို့ပေးမယ့် မျိုးစေ့နဲ့ ကိုက်၊ မကိုက် စမ်းသပ်နေတုန်းပါ။ တကယ်လို့ကိုက်တယ်ဆိုရင် တစ်ရွာလုံးကို ဖြန့်သွားမှာပါ။ တစ်အိမ်ထောင်ကို အနည်းဆုံး ပိဿာ     ၁ဝဝ လောက်စိုက်နိုင်မှ အဆင်ပြေမယ်”ဟု ရှင်းပြသည်။

နာရီပိုင်းမျှအကြာတွင် အင်တာဗျူးလုပ်နေရာများမှ အလျှိုလျှိုထွက်လာကြသည့် လုပ်ဖော်ကိုင်ဖက် သတင်းသမား များနှင့်ဆုံကာ အင်းလေးကန်အား အပေါ်စီးမှမြင်နိုင်သည့် နေရာသို့သွားကာ ဓာတ်ပုံရိုက်ကြသည်။ ကျွန်မတို့အနားမှ ဖြတ် သွားသည့် ဒေသခံတစ်ဦး၏ နှိုင်းယှဉ်ပြောပြချက်အရ အင်းလေး ကန်ရေပြင်၏ ယခင်က ရှိခဲ့သည့် အကျယ်အဝန်းနှင့် ယခုလက်ရှိ လျော့နည်းသွားသော ရေပြင်အကျယ်အဝန်းကိုသာ မြင်ခွင့်ရ ခဲ့သည်။

ထိုအနီးဝန်းကျင်တွင် ပဲလိပ်ပြာများကို ကျောပိုးပလိုင်းကြီး များနှင့် ဆွတ်ခူးနေသည့် တောင်ရိုးတိုင်းရင်းသူများကို တွေ့ရ သည်။ လတ်ဆတ်သော ဒေသထွက်အသီးအနှံကို ဝယ်ယူအား ပေးလိုသဖြင့် သူတို့နှင့်အတူ ဝိုင်းခူးကာ ဝယ်ယူခဲ့သည်။ ပိုင်ရှင် အမျိုးသမီးကြီးက အလကားပေးမည်ဟု ဆိုသဖြင့် သူတို့ စိတ် မဆိုးအောင် ငြင်းရသေးသည်။ သူက ချင်း(ဂျင်း)များကို အပို ထည့်ပေးလိုက်သည်။

ထိုရွာများမှ အပြန်တွင် အလာခရီးတုန်းက လမ်းဆင်း လျှောက်ခဲ့ရသည့် တောင်ကုန်းအဆင်း တစ်နေရာသို့ အရောက် တစ်ဖက်ချောက်သို့ ကားဘီးချော်ကျသဖြင့် ကားပေါ်မှ အထိတ် ထိတ်အလန့်လန့် ဆင်းပြေးခဲ့ရပြီး နောက်ဆုံးတွင် ခုနစ်မိုင်ခန့် ကွာဝေးသည့် ဟဲဟိုးမြို့သို့ နှစ်နာရီနီးပါး ကုန်းကြောင်းလျှောက် ခဲ့ရခြင်းက အမှတ်တရဖြစ်လေတော့သည်။

နောက်နေ့နံနက်တွင် ကွင်းဆင်းလေ့လာရမည့်နေရာမှာ အင်းလေးကန်အတွင်းမှ လင်းကင်းရွာပင် ဖြစ်သည်။ ညောင်ရွှေ မြို့မှ ချောင်းရိုးအတိုင်း အင်းလေးကန်အတွင်းသို့ ခုတ်မောင်း သွားစဉ် လမ်းခုလတ်တစ်နေရာအရောက် ခြေထောက်ဖြင့် လှေ လှော်သည့် အင်းသားများက ငါးဖမ်းမြှုံးများဖြင့် အလှပြနေကြ သည်။ ခရီးသွားများကို တင်ဆောင်လာသည့် စက်လှေများသည် ယင်းနေရာအနီးသို့ရောက်သောအခါ အဆိုပါလှေငယ်များကို ထိခိုက်မိမည် စိုးသဖြင့် အရှိန်ကိုလျှော့မောင်းကြသည်။

ရိုးရာဝတ်စုံကိုဝတ်၍ လှေကို ခြေဖြင့် လှော်နေသည့် ထို လှေသမားများသည် အင်းသားသဘာဝ ငါးဖမ်းထွက်ကြသည် ဟု ထင်လိုက်မိသော်လည်း တကယ်တမ်းက ထိုသို့မဟုတ်။ အရှိန်လျှော့မောင်းနှင်လာသည့် ခရီးသွားလှေများထံ အတင်း တိုးကပ်ကာ လှေနံရံများကို လှမ်းဆွဲ၍ မုန့်ဖိုးပေးခဲ့ရန် တောင်းဆို ကြခြင်းဖြစ်သည်။

ယခင်အကြိမ်များက မကြုံခဲ့ဖူးသည့် ထိုအခြေအနေကို ရုတ်တရက်ကြုံတွေ့လိုက်ရသဖြင့် ရေလယ်ကောင်တွင် အန္တရာယ် တစ်စုံတစ်ရာဖြစ်မည်ကို စိုးရိမ်သွားမိသည်။ ထိုသို့သော အသက် အန္တရာယ်နှင့် နီးစပ်သည့် ဝင်ငွေရှာဖွေနည်းကို အသုံးပြုနေရ သည့် သူတို့အတွက် များစွာစိတ်မကောင်းဖြစ်မိသည်။

ထို့နောက် ယင်းလှေငယ်များနှင့် ခပ်လှမ်းလှမ်းရောက် သည်နှင့် စက်လှေများသည် အရှိန်တင်၍ မောင်းနှင်သွားကြ သည်။ စက်လှေတို့သည် ဖုန်ထူသည့်လမ်းမပေါ်တွင် မြင်းရိုင်းများ ဒုန်းစိုင်းပြေးနေသကဲ့သို့ ရှိနေသည်။ စက်လှေများနောက်မှ တဖွားဖွား လွင့်စဉ်ထွက်နေသည့် ရေပန်းဖြူဖြူများက ကြည့်၍ ပင် ကောင်းလှတော့သည်။ ရေကို မြင်သဖြင့် စိတ်ထဲတွင် ခပ်မြူး မြူးလေးဖြစ်လာကာ တစ်ပိုင်းတစ်စသာရသော ‘အင်းလေးမှာ ရွာတဲ့မိုး’သီချင်းကို ခပ်ကျယ်ကျယ်ဆိုလိုက်မိသေးသည်။

four inlay

Photo: Myat Su Mon         အင်းလေးကန်မှ အင်းသားများ၏ ရိုးရာဓလေ့လှေလှော်ဟန်

လင်းကင်းရွာသို့မသွားမီ သင်တန်းသူတစ်ဦး၏ တောင်းဆို မှုကြောင့် အင်းလေးဖောင်တော်ဦးဘုရားသို့ ဦးစွာသွားရောက် ဖူးမြော်ခွင့်ရခဲ့သည်။ အင်းလေးဖောင်တော်ဦးဘုရား ပရဝဏ် အတွင်းတွင် လာရောက်လည်ပတ်သူများကို ရွှေဆိုင်းများ၊ စင်ရော်စာများ၊ ကျူရိုးကောက်ညှင်းများကို စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင် အတင်းလုယက် ရောင်းချတတ်သောဈေးသည်များအပါအဝင် အရာရာတိုင်းသည် ယခင်ရောက်ခဲ့သည့် အကြိမ်များကဲ့သို့ ပုံမှန်အတိုင်းပင်ဖြစ်သည်။

ထို့နောက် လင်းကင်းရွာအရောက်တွင် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းတွင် ကျွန်မတို့ အနားယူကြသည်။ ညောင် ရွှေမှ သယ်ဆောင်လာသည့် ထမင်းဘူးများကိုဖွင့်ကာ နေ့လယ်စာ စားကြသည်။ ကျွန်မ တွေ့ဖူး၊ မြင်ဖူးသည့် ဘုန်းတော်ကြီး ကျောင်းများအနက် အင်းလေးကန်နှင့် မွန်ပြည်နယ်ရှိ ကျေးရွာ တချို့မှ ဘုန်းတော်ကြီးကျောင်းများသည် အကြီးဆုံးနှင့် အကျယ် ဝန်းဆုံးကျောင်းများဖြစ်သည်။ အံ့သြဖွယ်ကောင်းလောက် အောင် ကြီးမားကျယ်ဝန်းလှသည့် ထိုကျောင်းကြီးကို ရေပေါ်တွင် တည်ဆောက်ထားသည့် လက်မှုပညာရှင်များ၏ စွမ်းအားက လည်း ချီးကျူးဂုဏ်ယူဖွယ်ပင်ဖြစ်သည်။

မူလရှေးဟောင်းကျောင်းကြီး၏ဘေးဘက်တွင် ဆွမ်းစားဆောင်အသစ်တစ်ခုတည်ဆောက်နေရာ ဘုန်းတော်ကြီးကျောင်း ၌ လူစည်ကားနေသည်။ သတင်းသမားများသည် နေ့လယ်စာ စားပြီးသည်နှင့် လက်သမားဆရာများ၊ ဝေယျာဝစ္စ လုပ်ကိုင်နေ သည့် အမျိုးသမီးကြီးများအား သိလိုသည်များကို မေးကြမြန်း  ကြသည်။

ဒေသခံများ၏ပြောပြချက်အရ လင်းကင်းရွာသည် ယခင် က အင်းထဲမှ ရေကိုသောက်သုံးကြသည်။ ရေနှင့် ပတ်သက်၍ အခက်အခဲမရှိသလို ရောဂါဘယလည်း မဖြစ်ခဲ့ကြ။ ယခုမူကား အင်းလေးကန်ရေသည် သောက်ရန် မဆိုထားနှင့်၊ သုံးရန်ပင် မသင့်တော်တော့ကြောင်း သိရသည်။

”အခု ရေသန့် (၂ဝ လီတာ) ဘူးတစ်ဘူးကို ၇ဝဝ (ကျပ်)နဲ့ ဝယ်သောက်နေရတယ်လေ။ ခရမ်းချဉ်စိုက်ပြီးနောက်ပိုင်းမှာ ပိုးသတ်ဆေးတွေက ရေထဲကိုရောက်နေကြပြီ။ သောက်လို့မရ တော့ဘူး။ သုံးရေကတော့ ရေဦးရွာက ရေထွက်ကနေ ပိုက်နဲ့ သွယ်ပြီး ဘုန်းကြီးကျောင်းမှာ ကန်နဲ့ လှောင်တယ်။ ရွာက လူ တွေက ဘုန်းကြီးကျောင်းမှာ လာခပ်ရတယ်လေ”ဟု အသက် ၆၅  နှစ်အရွယ် အင်းသူတစ်ဦးဖြစ်သည့် ဒေါ်ညွန့်ခင်က ပြောသည်။

၂ဝ၁ဝ နောက်ပိုင်းတွင် ရေခန်းခြောက်မှုကို ပိုမိုကြုံတွေ့ လာရပြီး တန်ခူး၊ ကဆုန်နှင့် နယုန်လများတွင် ရွာအတွင်း၌ ရေ လုံးဝမရှိတော့သဖြင့် လှေမစီးနိုင်တော့ဘဲ လမ်းဆင်းလျှောက် ရတော့ကြောင်း သူက ဆက်လက်ပြောသည်။

အင်းလေးကန်ရေပြင် လျော့နည်းလာသည့် သတင်းများ ကို စာမျက်နှာများပေါ်တွင်သာ ဖတ်ရှုခဲ့ရရာမှ ယခု ဒေသခံများ၏ ပြောဆိုသံကို ကိုယ်တိုင် ကြားသိခဲ့ရခြင်းဖြစ်သည်။ အင်းလေး သည် မည်သည့်အခါမျှ မရိုးနိုင်သည့် အရသာကို ပေးစွမ်းနိုင်သည့် နေရာဖြစ်သည်။ အင်းလေးကန်၏ အသက်သည် ရေပြင်ကျယ် ဖြစ်သည်။ ထိုရေပြင်ကျယ်မရှိတော့လျှင် အင်းလေးကန်သည် အင်းလေးကန် မည်တော့မည်မဟုတ်။

ထို့ကြောင့် အင်းလေးကန်၏ ရေအရင်းအမြစ်ဖြစ်သည့်  ရှမ်းတောင်တန်းကြီးများကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ပြီးခဲ့သည့် သုံးရက်အတွင်းက စာတွေ့သင်ခန်းစာများကို ပြန်လည် သတိရမိသည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က အင်းလေးကန်သို့ အလည် ရောက်ခဲ့ချိန်တွင် ယက္ကန်းရုံပိုင်ရှင်   အင်းလေးဒေသခံတစ်ဦး  ပြောသည့်

”NGO တွေကတော့ အများကြီးလာ ကြ၊ လုပ်ကြ တာပဲ။ ဒါပေမဲ့ အင်းလေးကန်ကတော့ တကယ်တမ်း ထိထိရောက်ရောက် ပိုကောင်းလာတာ၊ ပြောင်းလဲလာတာ မတွေ့ရဘူး။ ငွေတွေ အများကြီး သုံးပြီး လုပ်နေတဲ့အလုပ်တွေ  တကယ် ထိ ရောက်စေချင်ပါတယ်”  ဆိုသော စကားကို ပြန်သတိရမိသည်။

ကျွန်မအတွက် ထိရောက်ကောင်းမွန်သော လေ့လာသင် ယူရေးခရီးစဉ် ပြီးဆုံးခဲ့ပြီဖြစ်သည်။ ထိုသင်တန်း ငါးရက်တာ ကာလအတွင်း ယခင်က ကျွန်မ မသိခဲ့၊ နားမလည်ခဲ့၊ ခေါင်းထဲပင် ထည့်၍ မစဉ်းစားခဲ့ဖူးသည့် အသိပညာများ ရရှိခဲ့သည်။ တောင် တန်းများသည် ကျွန်မတို့လူသားများ၏ အသက်ရှင်သန်ရေး အတွက် မည်မျှအရေးကြီးသည်ကို စာတွေ့ရော၊ လက်တွေ့ပါ အနည်းငယ် သိခွင့်ရခဲ့သည်။

ညောင်ရွှေမှ အပြန် မနက်စောစောတွင် ညောင်ရွှေမြို့၏ အစည်းကားဆုံး ငါးရက်တစ်ဈေးသို့ ဝင်ကာ ရောက်ခါစက ဝယ်ရန် တေးမှတ်ထားသော အသီးအနှံများကို ဆွဲခြင်းနှင့် တစ် လုံးဝယ်သည်။  နောက်တစ်ကြိမ် အင်းလေးကန်သို့ ပြန်၍ ရောက်ရန် အခွင့်အရေးကြုံပါက အင်းလေးရေပေါ်ဈေးသို့ ဖြစ် အောင်သွားမည်ဟု ဆုံးဖြတ်ကာ ရန်ကုန်သို့ ပြန်ခဲ့လေသည်။      ။

၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃) မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

Save

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here