Home အက်ဆေး နံရံမှာ ချိတ်ဆွဲထားတဲ့ မျှော်လင့်ချက်များ

နံရံမှာ ချိတ်ဆွဲထားတဲ့ မျှော်လင့်ချက်များ

302
0
Advertise Here

Cartoon:  Thiha Sakan Thit

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၂)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြီဆိုရင် ကျွန်တော် တို့အားလုံး မဖြစ်မနေလုပ်ကြရတဲ့ အလုပ်တစ် ခုရှိတယ်။ ဆင်စွယ်နန်းထက်မှာ စံမြန်းကြသူတွေ လည်း အဲဒီအလုပ်ကို လုပ်ကြသလို တဲအိုပျက်မှာ နေသူတွေလည်း အဲဒီအလုပ်ကို မမေ့မလျော့ လုပ်ကြတယ်။

ကုမ္ပဏီပိုင်ရှင် သူဌေးကြီးရဲ့ နေအိမ်ရုံးခန်း တွေမှာ သူရှိနေတတ်သလို ကျေးလက်က မူလ တန်းကျောင်းကလေးရဲ့ ရုံးခန်းထဲမှာလည်း သူ့ကို ကျွန်တော်တို့ တွေ့နိုင်တယ်။ မင်းစိုးရာဇာတွေရဲ့ အလုပ်စားပွဲပေါ်မှာရှိတဲ့အခါရှိပြီး မီးခိုးတလူလူ ထွက်နေတဲ့ လယ်စောင့်တဲလေးထဲမှာလည်း သူ ရောက်ချင် ရောက်နေတတ်တယ်။

Advertise Here

အဲဒါကတော့ ပြက္ခဒိန်ပါပဲ။ ပြက္ခဒိန်တွေက ကျွန်တော်တို့ ရဲ့ လူမှုဘဝမှာ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးတာ အမှန်ပဲ။ ပြက္ခဒိန်မရှိတဲ့ အိမ်၊ ပြက္ခဒိန်မရှိတဲ့ ရုံးဆိုတာ ကျွန်တော် မတွေ့ဖူး ဘူး။ ယုတ်စွအဆုံး သုဘရာဇာတွေသည်ပင် ပြက္ခဒိန်ကို လုပ်ငန်း သဘောအရ ချိတ်ဆွဲထားကြရတာကလား။

ကျွန်တော် လူမှန်းသိတတ်စအရွယ်ကတည်းက အိမ်မှာ ပြက္ခဒိန်ချိတ်ဆွဲထားတာ အမှတ်ရတယ်။ ပြက္ခဒိန်ကို စွဲလမ်းကြ သူတွေထဲမှာ ကျွန်တော့်အဘွား ပါတယ်။ အောက်တိုဘာလ လောက် ရောက်ပြီဆိုတာနဲ့ ပြက္ခဒိန်အသစ် ဝယ်ချိတ်ဖို့ အဘွား က ဆော်သြတတ်တယ်။ အဘွားဝယ်လေ့ရှိတဲ့ ပြက္ခဒိန်က မြန်မာ ပြည်အနှံ့က ထင်ရှားကျော်ကြားတဲ့ ဘုရားပုထိုးပုံပါတဲ့ ပြက္ခဒိန် တွေ ဖြစ်တယ်။

ကျွန်တော်တို့အိမ်မှာ တခုတ်တရ ဝယ်ချိတ်တဲ့ ပြက္ခဒိန် တစ်မျိုးရှိသေးတယ်။ မန္တလေးတိုင်း သမဝါယမအသင်းစုက ထုတ်တဲ့ ပြက္ခဒိန်ပါ။ ပန်းရိုးမပြက္ခဒိန်လို့ ခေါ်တယ်။

ကျွန်တော်မှတ်မိသလောက် ပန်းရိုးမပြက္ခဒိန်က တစ်နှစ်ကို နှစ်မျိုးလောက် ထုတ်တယ်။ နာမည်ကျော် ပန်းချီဆရာကြီး တွေရဲ့ ဆီဆေးလက်ရာ ပန်းချီကားတွေနဲ့ ထုတ်တာရှိသလို သစ်ခွပန်းအမျိုးမျိုးကို ဓာတ်ပုံတွေ ရိုက်ထားတဲ့ ပြက္ခဒိန်လည်း ထုတ်ခဲ့တယ်။ သစ်ခွပန်းတွေ ဓာတ်ပုံရိုက်ပြီး ထုတ်တဲ့ ပြက္ခဒိန်က ဆီဆေးပန်းချီကားပြက္ခဒိန်ထက် အရွယ်သေးတယ်။ သစ်ခွပန်း ပြက္ခဒိန်က တစ်လ တစ်ရွက်နဲ့ ၁၂ ရွက်ပါတယ်။ တစ်ရွက်ချင်း စပရိန်ကွင်းလေးတွေနဲ့ ချိတ်ဆွဲထားတယ်။

ပြက္ခဒိန်တွေထဲမှာ စိတ်ဝင်စားစရာပါတယ်။ မိတ်ဆွေတို့ ပြက္ခဒိန်တွေကို သေချာလေ့လာဖူးပါသလား။ လဆန်းလဆုတ်ကို ဖော်ပြထားတဲ့ မြန်မာရက်စွဲတွေပါတယ်။ ရက်ရာဇာတွေ၊ ပြဿ      ဒါးတွေပါတယ်။ နဂါးခေါင်းလှည့်တာတွေပါတယ်။ ဗေဒင် ဆရာတွေ ထုတ်တဲ့ ဝေဒပြက္ခဒိန်ဆိုရင် ခုနစ်ရက်သားသမီးတွေ အတွက် ဗေဒင်ဟောစာတမ်းတောင်မှ အဆစ်ပါတယ်။
အခုခေတ်က သတင်းနည်းပညာခေတ်၊ တတိယလှိုင်း ခေတ်၊ ကမ္ဘာပြားတဲ့ ခေတ်လို့ အသံပြာအောင် အော်ရင်း ဂလိုဘယ်လိုက်ဇေးရှင်းချောက်ထဲ ပြုတ်ကျနေတဲ့သူတွေ အများကြီး ရှိတယ်။ ဂလိုဘယ်ခေတ်ဆိုရင် ကိုယ့်အမျိုးသားယဉ်ကျေးမှုကို လည်း ပြည်ပပို့ကုန်အမည်သစ်အဖြစ် ဖန်တီးနိုင်ရမှာပေါ့။ ကာလ ရှည်ကြာတည်ရှိခဲ့တဲ့ ယဉ်ကျေးမှုတစ်ခုကို လက်ဆင့်ကမ်း မသယ်ယူသင့်ပေဘူးလား။ မြန်မာမှန်ရင် မြန်မာနေ့ရက်တွေ၊ လ တွေ သိသင့်တာပေါ့။ ကိုလိုနီကျွန်ပညာရေးကို တိုက်ထုတ်ခဲ့တဲ့ ကျောင်းသားတွေ သပိတ်မှောက်တဲ့နေ့ဟာ ဘယ်နေ့လဲလို့ မေး လာခဲ့ရင် ဘယ်လိုဖြေမလဲ။ ဦးခေါင်းထက်က ဆံပင်တွေ တဗျင်း ဗျင်းကုတ်ရင်း တောင်တောင်အီအီ စဉ်းစားနေရင်တော့ လူအစာရင်း ဝင်သွားပါလိမ့်မယ်။

ဘာလို့လဲဆိုရင် သမိုင်းကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ထဲ က ကျောင်းသင်ခန်းစာအဖြစ် သတ်မှတ်ခဲ့လို့ပါပဲ။ တကယ်တော့ သမိုင်းသင်ရတဲ့ ရည်ရွယ်ချက်ကိုက မအအောင်လို့ သင်ကြရတာ မဟုတ်လား။ အမျိုးသားနေ့ဆိုတာ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်ဆိုတာလောက်တော့ သိဖို့ကောင်းတာပေါ့။

ကျွန်တော်တို့ခပ်ငယ်ငယ်က အစ်ကိုတစ်ယောက်က ကျောက်မျက်ရတနာထုတ်လုပ်ရေး (သတ္တုတွင်းဝန်ကြီးဌာန)က ထုတ်တဲ့ ပြက္ခဒိန်တွေကို နှစ်စဉ်ဝယ်ယူအားပေးတာလည်း အမှတ်ရစရာပါပဲ။ ကျောက်မျက်ပြက္ခဒိန်တွေမှာ အနယ်နယ် အရပ်ရပ်က လှပေ့ချောပေ့ဆိုတဲ့ အမျိုးသမီးငယ်တွေချည်း ရွေး ပြီး ရိုက်ထားတာလေ။ အဲဒီခေတ် အဲဒီအခါက ကျောက်မျက် ပြက္ခဒိန်မှာ ပါဝင်ခွင့်ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ကျောက် မျက်ပြက္ခဒိန်မှာ ပါဝင်သူအားလုံးက ပြစ်မျိုးမှဲ့မထင်ဆိုတာချည်း ပဲ။ မင်းကြိုက်စိုးကြိုက်၊ ကာလသားများနဲ့ လားလားမှ မထိုက် ဆိုပါတော့။ အဲဒီတုန်းက ကြားခဲ့ဖူးတဲ့ ကောလာဟလလေးတစ်ခု ကြုံတုန်း ဖောက်သည်ချရဦးမယ်။ မြန်မာပြည် အနောက်ယွန်း ယွန်းမှာနေတဲ့ တိုင်းရင်းသူလေးတစ်ယောက်က ကျောက်မျက် ပြက္ခဒိန်မှာ ပါလာပြီး မကြာမီမှာပဲ သွားလေသူ ဥက္ကဋ္ဌကြီးရဲ့ တော်ကောက်ခြင်း ခံခဲ့ရပြီး ရာဇတောဝါ (မင်းညစ်တို့ရဲ့ ဘေး)သင့်ခံရသတဲ့။ အဲဒီ ကောလာဟလက အတည်ပြုဖို့ ခက်ပေမယ့် ဘယ်သူကမှလည်း ငြင်းချက်မထုတ်ရဲဘူး။ ဥက္ကဋ္ဌကြီးကလည်း ဥက္ကဋ္ဌကြီးပီပီ နေခဲ့ထိုင်ခဲ့ ပြုမူခဲ့ပေသကိုး။

ပြက္ခဒိန်ကို အလှူလုပ်တယ်သဘောထားပြီး ဝယ်ယူချိတ် ဆွဲကြတာလည်း ရှိတယ်။ ရန်ကုန်မြို့၊ ဝေနေယျသုခရေချမ်းစင် အသင်းက ထုတ်တဲ့ ပြက္ခဒိန်တို့၊ စစ်ကိုင်းတောင်ရိုး ဝါးချက်ဇီဝိတ ဒါန ဆေးရုံရန်ပုံငွေအတွက် ထုတ်တဲ့ ပြက္ခဒိန်တို့ဟာ အလှူ သဘောထားပြီး ဝယ်ယူ ချိတ်ဆွဲကြတာပါ။ ကျွန်တော်တို့မိသားစု လည်း အရင်က ဝါးချက်ပြက္ခဒိန်တွေ နှစ်စဉ်ဝယ်ပြီး ကုသိုလ်ယူခဲ့ ကြသေးတယ်။

ဒီဘက်နှစ်တွေမှာတော့ ပြက္ခဒိန်ဆိုတာ ဝယ်ယူစရာမလို အောင် များပြားလွန်းနေပြီ။ ကလေးပုခက်တင်က ပေးတဲ့ ပြက္ခဒိန်ရှိတယ်။ အလှူမင်္ဂလာဆောင်က ပေးတဲ့ ပြက္ခဒိန်ရှိတယ်။ ရွှေဆိုင်တွေက လက်ဆောင်ပေးတဲ့ ပြက္ခဒိန်တွေ ရှိတယ်။ ပုဂ္ဂလိက သတင်းစာတွေကလည်း ပြက္ခဒိန်တွေ ထုတ်ပြီး လက် ဆောင်ပေးသေးတယ်။ အားကစားဂျာနယ်တွေကလည်း ပြက္ခဒိန်ရာသီရောက်ရင် ဘောလုံးသမားတွေနဲ့ ပြက္ခဒိန် ထုတ် ကြသေးတာပေါ့။ ပုံနှိပ်တိုက်တွေ၊ ဒဏ်ကြေဆေးတွေ၊ ဘဏ်တွေ၊ ပုဆိုးဆိုင်တွေ၊ ရေသန့်တွေ၊ မုန့်လုပ်ငန်းရှင်တွေ လုပ်ကြတဲ့ ပြက္ခဒိန်ဆိုတာတွေက များမှ များ။ နိုင်ငံရေးပါတီတွေသည်ပင် ပြက္ခဒိန်ဈေးကွက်ထဲ ဒိုင်ဗင်ထိုးဆင်းနေကြတဲ့ ကာလ။

အစိုးရဝန်ကြီးဌာနများကလည်း ပြက္ခဒိန်ဈေးကွက်မှာ အားရပါးရဝင်ပြီး ဆင်နွှဲကြသေးတာပေါ့။ ကျန်းမာရေး၊ ပညာ ရေး၊ သမဝါယမ၊ ဟိုတယ်ခရီး၊ အားကစား စုံလို့။ မီးသတ်တပ်ဖွဲ့ တို့၊ ကြက်ခြေနီတပ်ဖွဲ့တို့၊ မိခင်နှင့် ကလေး၊ အမျိုးသမီးရေးရာတို့ ကလည်း ဘယ်နေလိမ့်မတုံး။ တချို့ ဌာနဆိုင်ရာတွေက ပြက္ခဒိန် တွေကို မယူမနေရ ရောင်းချတာလည်း ရှိတာပေါ့။ ယုံချင်ယုံ၊ မယုံချင်နေ၊ ကျွန်တော်ကိုယ်တွေ့ကြုံတာလေးတစ်ခု ပြောပြ မယ်။ ကျွန်တော့်မှာ ဟိုနားဒီနားသွားလို့ရအောင် ဝယ်ထားတဲ့ တရုတ်ပြည်ဖြစ် ဆိုင်ကယ်လေးတစ်စီးရှိတယ်။ အဲဒီ ဆိုင်ကယ် တစ်စီးပိုင်ဆိုင်မှုကြောင့် ပြက္ခဒိန် ငါးစောင် မဖြစ်မနေ နှစ်တိုင်း ဝယ်ခဲ့ရဖူးတယ်။ ဆိုင်ကယ်လိုင်စင်သက်တမ်းကုန်လို့ ကညန (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန) ကို လိုင်စင်သွား လုပ်တဲ့အခါ ကညနက ထုတ်တဲ့ ပြက္ခဒိန်ဝယ်ရတယ်။ ဓာတ်ဆီ စာအုပ်အတွက် ရေနံရုံးကို စာအုပ်သက်တမ်းတိုးရင် ရေနံ/ဓာတု ပြက္ခဒိန်ဝယ်ရတယ်။ ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီထည့်တဲ့အခါ ရေနံ ဖြန့်ဖြူးရေးက ထုတ်တဲ့ ပြက္ခဒိန်ဝယ်ရပြန်တယ်။

အာမခံရုံးကို အာမခံဆောင်ရတဲ့အခါ မြန်မာ့အာမခံလုပ် ငန်းပြက္ခဒိန်၊ စည်ပင်သာယာကို ဘီးလိမ့်ခွန်ဆောင်တဲ့အခါ စည် ပင်ဌာနက ထုတ်တဲ့ ပြက္ခဒိန်၊ စုစုပေါင်း ငါးစောင်တိတိ နှစ်တိုင်း နီးပါးဝယ်ယူအားပေးခဲ့ရတယ်။ တစ်အိမ်တည်း ဆိုင်ကယ်နှစ်စီး ရှိရင် ပြက္ခဒိန်ဆယ်စောင် ဝယ်ကြရတယ်။ မိသားစု၊ ညီအစ်ကို၊ မောင်နှမများလို့ ဆိုင်ကယ် သုံး၊ လေးစီး ရှိလို့ကတော့ သေပြီ ဆရာဖြစ်ကုန်ရော။ ဒါတောင် ဆိုင်ကယ်ဝပ်လျှော့တို့၊ လေထိုး ကျွတ်ဖာတို့၊ ရေဆေးဆီလိုက်တို့ လုပ်တဲ့အခါ ပြက္ခဒိန် ဇွတ် မရောင်းပေလို့။ လိုင်စင်မဲ့ဆိုင်ကယ်စီးရင် ဘာပြက္ခဒိန်မှ ဝယ် စရာမလိုပေမယ့် အမှန်အကန်လိုင်စင်နဲ့ ဆိုင်ကယ်စီးတဲ့အခါ ပြက္ခဒိန်ငါးခု မဖြစ်မနေ ဝယ်ယူအားပေးခဲ့ကြရတယ်။ ဥပဒေ ဘောင်တွင်း နေထိုင်ခြင်း ဘေးရန်ကင်းကွာ လွန်ချမ်းသာဆိုတဲ့ ဆောင်ပုဒ်ကို သတိရမိသေးတော့။ တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်လုပ်ဆိုတဲ့ ခေတ်ရဲ့ များပြားလှတဲ့ အကျိုးကျေးဇူး တွေထဲက တစ်ခုဆိုပါတော့။

ပြက္ခဒိန်တွေထဲမှာ စစ်ကိုင်းတိုင်း၊ ဆားတောင်သား (ဦး) အောင်ထွန်းနိုင်(ပြည်မြန်မာ)ရဲ့ လက်ရာတွေက တစ်မူထူးခြား တယ်။ မင်းသား၊ မင်းသမီးတွေ အများကြီးသုံးပြီး Group Photo ရိုက်တာ သူက စတယ်လို့ ထင်တယ်။ ၁၉၉၄-၁၉၉၅ လောက် ဖြစ် လိမ့်မယ်။ ပြည်သူ့ရင်ပြင်ထဲက အဝိုင်းကြီးမှာ မင်းသားတွေ အကုန်စုပြီး ပြက္ခဒိန်ရိုက်ကူးခဲ့သေးတယ်။ ညွန့်ဝင်း၊ ကျော်ဟိန်း တို့ကအစ ကျော်သူ၊ စိုးသူ၊ ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင် တို့ အပါအဝင် ရိုက်တဲ့ ပြက္ခဒိန်က အဲဒီနှစ်မှာ တော်တော်ပေါက် တဲ့ ပြက္ခဒိန်လို့ ပြောလို့ရတယ်။ အိမ်တိုင်း၊ ဆိုင်တိုင်းနီးပါးမှာ အဲဒီ ပြက္ခဒိန်ကို နေရာပေးချိတ်ဆွဲခဲ့ကြတယ်။

တကယ်တော့ ပြက္ခဒိန်ဆိုတာ ဇွတ်ရောင်းလို့ ရတဲ့ ပစ္စည်း မဟုတ်ဘူး။ ကြိုက်ပြီဆိုမှ ဝယ်ယူအားပေးပြီး သင့်တော်ရာနေရာ မှာ အမြတ်တနိုး တန်ဖိုးထား ချိတ်ဆွဲကြရတာ မဟုတ်လား။ မဝယ်မနေရ ဇွတ်အတင်းရောင်းလိုက်တဲ့ ပြက္ခဒိန်တွေကိုလည်း ဘယ်သူကမှ အရေးတယူလုပ်ပြီး အိမ်ဦးခန်းမှာ နေရာပေး ချိတ် ဆွဲနေမှာ မဟုတ်ဘူး။ ဂျီအက်စ်အမ်ဖုန်း ခေတ်ဦးမှာလည်း မြန်မာ့ ဆက်သွယ်ရေးရဲ့ မယူမနေရ ပြက္ခဒိန်တွေကို ကပ်စတန်မာတွေ အောင့်သက်သက်နဲ့ ဝယ်ယူခဲ့ရဖူးတယ်။

မြန်မာတွေရဲ့ စိတ်က ချစ်လုံးလုံး၊ မုန်းလျားလျားဆိုတဲ့ စိတ်မျိုး။ သူတို့ ချစ်ခင်နှစ်သက်တဲ့ မင်းသား၊ မင်းသမီးပုံတွေဆိုရင် ဝယ်ယူအားပေးကြတာချည်းပဲ။ ပြက္ခဒိန်မရိုက်ဖူးတဲ့ မင်းသား၊ မင်းသမီး မရှိလောက်ဘူး။ ကမ္ဘာကျော်မင်းသား၊ မင်းသမီးတွေ ဖြစ်တဲ့ အာနိုးတို့၊ မွန်ရိုးတို့ ပြက္ခဒိန် ရိုက်ဖူးချင်မှ ရိုက်ဖူးဖြစ်ပေမယ့် မြန်မာမင်းသား၊ မင်းသမီးအားလုံးနီးပါးကတော့ ပြက္ခဒိန်မရိုက် ဖူးတဲ့သူ မရှိသလောက်ပဲ။ အခု ဦးလေးကြီးအရွယ်ရောက်နေတဲ့ ဇာတ်မင်းသားလေး သိန်းဇော်သည်ပင် ဇာတ်မင်းသားဝတ်စုံနဲ့ ပြက္ခဒိန်ထွက်ခဲ့ဖူးပါသော်ကော။ အခု သာသနာ့ဘောင်မှာ ပျော် မွေ့နေတဲ့ မင်းသားကြီးဦးကျော်ဟိန်းလည်း သူ့ခေတ်သူ့အခါက ပြက္ခဒိန်စတားပေါ့။ တိုက်ပုံအင်္ကျီမိုးပြာရောင်လေး ဝတ်၊ အကယ် ဒမီရွှေစင်ရုပ်တုလေး ကိုင်ထားတဲ့ ဘေးတစ်စောင်း ကိုယ်တစ် ပိုင်းပုံပြက္ခဒိန်က မင်းသားကြီးကျော်ဟိန်းရိုက်ခဲ့တဲ့ ပြက္ခဒိန်တွေထဲမှာ တော့ပ်တန်းစာရင်းဝင် ဖြစ်ခဲ့တယ်။

အခုခေတ်ကတော့ ပြက္ခဒိန်တွေကလည်း များလှသလို အမျိုးအစားတွေကလည်း အမျိုးမျိုးပဲ။ နံရံမှာ ချိတ်လို့ ရတဲ့ ပြက္ခဒိန်ရှိတယ်၊ တစ်နေ့ချင်းဆုတ်ဖြဲရတဲ့ ရွက်ဆုတ်ပြက္ခဒိန် ရှိတယ်။

ရုံးသူရုံးသား၊ ကျောင်းသူကျောင်းသားတွေအတွက် စားပွဲ တင်ပြက္ခဒိန်တွေလည်း ရှိတယ်။ လက်တစ်ဝါးစာလောက်သာရှိ တဲ့ လက်ကိုင်ဖုန်းတွေထဲမှာသည်ပင် ပြက္ခဒိန်တွေ နေရာယူနေပါ ပကော။

တကယ်တော့ ပြက္ခဒိန်ဆိုတာ ဈေးနှုန်းသက်သက်သာသာ နဲ့ တစ်နှစ်ပတ်လုံး ကြော်ငြာလို့ ရတဲ့ နေရာ။ စီးပွားရေးလုပ်ငန်း ရှင်တွေက အဲဒီအချက်ကို ကောင်းကောင်းသိပြီး လက်တွေ့အသုံး ချကြတယ်။ ကျွန်တော့်အိမ်မှာတင်ပဲ ရွှေဆိုင်ကပေးထားတဲ့ ရွက်ဆုတ်ပြက္ခဒိန်ရှိတယ်။ (စိန်ရွှေလက်ဝတ်လက်စားတွေ ဝယ်လို့ ပေးထားတာ မဟုတ်ဘူး။ လူချင်းခင်မင်ရင်းနှီးလို့ ပေးထားတာ ပါ။ )ဈေးချိုထဲက လုံချည်ဆိုင်ပိုင်ရှင်ပေးထားတဲ့ ရှုခင်းပုံတွေပါတဲ့ ပြက္ခဒိန်ရှိတယ်။
ပုဂ္ဂလိကဘဏ်နှစ်ခုက လက်ဆောင်ပေးထားတဲ့ ပြက္ခဒိန်နှစ်ခုရှိတယ်။ ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာတစ် စောင် က ပေးထားတဲ့ စားပွဲတင်ပြက္ခဒိန် ရှိတယ်။ သူငယ်ချင်းတစ် ယောက်ရဲ့ အလှူဖိတ်စာအဖြစ် ပေးထားတဲ့ (မောင်ရှင်လောင်း နဲ့ နားထွင်းပါတဲ့) ဝေါလ်ရှိအရွယ်ပြက္ခဒိန်ကြီးတစ်ခုရှိတယ်။ မုန့် လုပ်ငန်းရှင်ပေးထားတဲ့ ပြက္ခဒိန်လည်း ရှိသေးတယ်။

ပြက္ခဒိန်တစ်ခု လက်ဆောင်ပေးလိုက်ရုံနဲ့ တစ်နှစ်ပတ်လုံး ပြက္ခဒိန်ကြည့်တိုင်း လုပ်ငန်းရှင်တွေရဲ့ အမှတ်တံဆိပ်ကို မြင်ရ တော့မှာလေ။ လက်ဆောင်ရတဲ့ လူအတွက်လည်း အသုံးတည့် သလို လက်ဆောင်ပေးရသူအတွက်လည်း အခမဲ့ ကြော်ငြာခွင့်ရ တယ်။ ဝေါလ်ရှိတစ်ရွက်ရဲ့ ထုတ်လုပ်မှုစရိတ်က ကျပ်တစ်ထောင် လောက်တောင် မကုန်ကျဘူး မဟုတ်လား။ လုပ်ငန်းအမှတ်တံ ဆိပ်ပါတဲ့ ပြက္ခဒိန်ဆိုတော့ တစ်နှစ်ပတ်လုံး နံရံပေါ်မှာ အခမဲ့ ကြော်ငြာခွင့် ရနေတယ်လေ။

ဟိုရက်ပိုင်းတုန်းက စွမ်းအင်ကုမ္ပဏီကြီးတစ်ခုနဲ့ အခြား ကုမ္ပဏီကြီးတစ်ခုတို့ရဲ့ ၂ဝ၁၆ ခုနှစ်ထုတ် ပြက္ခဒိန်က လူမှုကွန် ရက်မှာ လူပြောသူပြော အတော်များခဲ့သေးတာပေါ့။ ပင်လယ် ကမ်းခြေတစ်နေရာနဲ့ ရေကူးကန်တွေထဲမှာ မော်ဒယ်လ်ဂဲလ်တွေ က ရေကူးဝတ်စုံနဲ့ ပုံတွေကို ပြက္ခဒိန်ထုတ်လို့တဲ့လေ။ စီးပွားရေး လုပ်ငန်းရှင်ဆိုတာကတော့ သူတို့လုပ်ငန်းကို လူသိလေ ကောင်း လေပေါ့။ ကျွန်တော့်သဘောထားပြောရရင် စီးပွားရေးလုပ်ငန်း ရှင်က သူ့အလုပ် သူလုပ်တယ်လို့ပဲ မြင်တယ်။ တချို့ကတော့ မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ ပေတံနဲ့ ခလုတ်တိုက်ကြတယ်။

ပင်လယ်ကမ်းခြေတို့၊ ရေကူးကန်တို့ နောက်ခံထားပြီး ရေကူးဝတ်စုံနဲ့ ရိုက်ကြတာပဲ။ မော်ဒယ်လ်ဂဲလ်တွေကလည်း ပြေပြေပြစ်ပြစ် သွယ်သွယ်လျလျ ချောချောမောမောလေးတွေချည်း ပဲလေ။ ဘုရားကျောင်းကန်ဇရပ်နောက်ခံထားပြီး ရေကူးဝတ်စုံဝတ် ရိုက်ကူးရင်တော့ မသင့်တော်ဘူးပေါ့။ ကမ်းခြေမှာ ရေကူး ဝတ်စုံနဲ့ ရိုက်တာ သဘာဝကျတယ်မဟုတ်လား။ ကျွန်တော်တို့ ဆီက လူတချို့က မရောင်ရာဆီလူးတဲ့နေရာမှာ ထူးချွန်ကြတယ်။

တကယ်တော့ ပြက္ခဒိန်ဆိုတာ ကျောင်းသားတွေအတွက် ကျောင်းပိတ်ရက် မျှော်လင့်တဲ့ အရာ၊ ဝန်ထမ်းတွေအတွက် လခထုတ်ရက် မျှော်လင့်ရာ စာရွက်။ အဘိုးအဘွားတွေအတွက် လပြည့်၊ လကွယ်ကြည့်ရတဲ့ စာရင်းဇယား၊ ပြက္ခဒိန်ဆိုတာ အား လုံးအတွက် မျှော်လင့်ချက်ပဲ မဟုတ်လား။

ဒီနှစ် ကျွန်တော့်အိမ်မှာ ပိုက်ဆံပေးဝယ်ပြီး ချိတ်ဆွဲထားတဲ့ ပြက္ခဒိန်ရှိတယ်။ အဲဒီပြက္ခဒိန်က စွယ်စုံရအနုပညာရှင် ဦးဝင်းဖေ ရဲ့ ပန်းချီကား ၁၂ ချပ်နဲ့ ထုတ်ထားတဲ့ ပြက္ခဒိန်။ ကျွန်တော်ကိုယ် တိုင်က ပန်းချီကားကြိုက်သူတစ်ယောက်ဖြစ်တော့ ဆရာဦးဝင်း ဖေရဲ့ လက်ရာတွေကို သဘောကျတာလည်း ပါတာပေါ့။ ဆရာ ဦးဝင်းဖေရဲ့ ပန်းချီကားအစစ်တွေဆို ဘယ်ဝယ်နိုင်မှာတုံး။ အခု ပြက္ခဒိန်က ရသေ့စိတ်ဖြေသဘောနဲ့ ဝယ်လိုက်တာ။ နှစ်ကုန်တဲ့ အခါ ရက်စွဲတွေကို ဖယ်ထုတ်ပြီး ပန်းချီကားတွေချည်းပဲ ဘောင် သွင်းထားမယ်လို့ စိတ်ကူးတယ်။ ဆိုင်ဖွင့်ပွဲ၊ ရုံးခန်းဖွင့်ပွဲတွေရှိရင် လက်ဆောင်ပေးလို့ရတယ်။ ဆရာဦးဝင်းဖေရဲ့ ပန်းချီကားတွေက ဘယ်နေရာမှာ ချိတ်ချိတ် ရတယ်။ အမြင်တင့်တယ်တယ်။ နှစ် ဟောင်းကုန်လို့ နှစ်သစ်ကူးသွားလည်း အသုံးတည့်တဲ့ ပြက္ခဒိန်ပေါ့။

မိတ်ဆွေတို့ကို အကြံကောင်းတစ်ခုပေးမယ်။ ဒီနှစ် ပြက္ခဒိန် ရာသီရောက်ရင် ပြက္ခဒိန်လက်ဆောင်တွေ အများကြီး ရခဲ့သည့် တိုင် ဝေနေယျသုခရေချမ်းစင်အသင်းက ထုတ်တဲ့ ပြက္ခဒိန်ဖြစ် ဖြစ်၊ စစ်ကိုင်းဝါးချက်ဇီဝိတဆေးရုံက ထုတ်တဲ့ ပြက္ခဒိန်ဖြစ်ဖြစ် ဝယ်ယူအားပေးပြီး ဧည့်ခန်းထဲမှာ ဂုဏ်သိက္ခာရှိရှိ ချိတ်ဆွဲထားပါ။

အလှူလုပ်တဲ့သဘောပေါ့။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူးလို့ သဘောမထားစေချင်ဘူး။ နှမ်းတစ်စေ့ဟာ ဆီတစ်အိုးမရပေမယ့် ဆီတစ်စက်တော့ ရနိုင်ပါသေးတယ်။ မိတ်ဆွေတို့အိမ် အလည် အပတ်ရောက်တဲ့အခါ အဲဒီလိုပြက္ခဒိန်တွေ ကြည့်ပြီး ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်မယ်။ ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here