Home သတင်းဆောင်းပါး စစ်ဘေးဒုက္ခသည်တို့၏ မှုန်ရီဝိုးဝါး အိမ်ပြန်လမ်းများ အပိုင်း(၂)

စစ်ဘေးဒုက္ခသည်တို့၏ မှုန်ရီဝိုးဝါး အိမ်ပြန်လမ်းများ အပိုင်း(၂)

202
0
Advertise Here

ဒီဇင်ဘာ-၂၀၁၂ – ဇန်န၀ါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ဥာဏ်လင်း ရေးသည်။

သို့သော် သားသုံးယောက်က ပျောက်နေကြဆဲ။ သို့ဖြင့် ဟိုစုံစမ်း၊ ဒီ စုံစမ်းနှင့် နောက်ဆုံးသိရသည်က သား သုံးယောက် တရုတ်နယ်စပ်ရှိ ဒုက္ခသည် စခန်းသို့ ရောက်နေကြသည်ဟူ၍ဖြစ် သည်။ အခြားယာတဲများမှ အသိမိတ် ဆွေများက ကလေးတွေကိုစိုးရိမ်ကြသဖြင့် ထိုစခန်းသို့ ပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ လအနည်းငယ်အကြာမှာ အားလုံး ပြန်ပေါင်းမိကြသည်။ ယခုတော့ သား အမိ၊ သားအဖအားလုံး ဂျာမိုင်ကောင်း ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသည်။

Advertise Here

            ”နောက်တစ်ခါဆိုရင် (ခင်ပွန်းနှင့် သားတွေ) ကံကောင်းချင်မှ ကံကောင်း တော့မှာ၊ စစ်ပွဲတွေမဖြစ်တော့ဘူးဆိုမှ ယာထဲ ပြန်သွားခိုင်းမှာ။အခုခွင့်မပြုနိုင်ဘူး”ဟု ဒေါ်ဇိန်ထုံးထုကဆိုသည်။

            ဒုက္ခသည်များပြန်ပြောကြသည်က ရွာမှာကျန်နေခဲ့သည့် ပစ္စည်းပစ္စယ တချို့ကို ပြန်သွားယူရင်း လမ်းတွင် ပေါ် တာ အဆွဲခံရသည်များလည်းရှိသည်ဟု ဆိုသည်။ အချို့သော ဒေသခံများအဆို အရ ပေါ်တာဆွဲသည့်အထဲတွင် မြန်မာစစ်တပ်သာမက ကချင်စစ်တပ်ကလည်း ဆွဲသည်ဟုဆိုသည်။

            ဒေါ်ဂျာတောင်ကလည်း လုံးဝငြိမ်း ချမ်းသွားပြီဆိုသည်ကို အသေအချာသိ ရမှ ကိုယ့်ရပ်ကိုယ့်ရွာကို မြေးနှစ်ယောက် လက်ဆွဲကာ ပြန်မည်ဟု စိတ်ကူးထား သည်။ မအေးချမ်းသေးသည့်အချိန် ပြန်မိပါက လွန်ခဲ့သော အနှစ် ၂ဝ လောက်က အဖြစ်မျိုး ပြန်ကြုံရ မည်ကို ဒေါ်ဂျာတောင် စိုးရိမ်မိသည်။

            ထိုစဉ်တုန်းက ဒေါ်ဂျာတောင့် အသက် ၄၅ နှစ်ဝန်းကျင်။ သူတို့ရွာနား ရောက်လာသော မြန်မာစစ်တပ်က ရွာသူ၊  ရွာသား အချို့ ကို ပေါ်တာဆွဲရာတွင် ဒေါ်ဂျာတောင်လည်း ပါသွားသည်။ တော ကိုဖြတ်၊ တောင်ကိုတက်ကာ ဝန်စည်စ လယ်များကို ခေါင်းသိုင်းကြိုးဖြင့် ဆိုင်း ထားသော တောင်းကြီးတောင်းငယ်များ ဖြင့် သယ်ရသည်။

            တစ်နေရာအရောက်မှာ ဒေါ်ဂျာ တောင်၏ ရှေ့က ဝန်စည်စလယ်များဖြင့် လေးလေးမှန်မှန် လျှောက်နေသော အမျိုးသမီးတစ်ဦး မိုင်းတက်နင်းမိသည်။ ထိုအမျိုးသမီးမှာ ဒဏ်ရာအကြီးအကျယ် ရသွားသကဲ့သို့ ဒေါ်ဂျာတောင်နှင့် နောက် ထပ် သုံး၊ လေးယောက်လည်း ဒဏ်ရာ အသီးသီး ရသွားကြသည်။

            ဒေါ်ဂျာတောင်ဆိုလျှင် ညာဘက်ဒူး ခေါင်းထဲဝင်သွားသော သံစတစ်စကို ခွဲမ ထုတ်ရဲသဖြင့် ဒီအတိုင်း ထားထားသည်။ တစ်ချက်၊ တစ်ချက် ခိုးလို့ ခုလုခံစားရ သည်ဟုဆိုသည်။ လမ်းအလျှောက်များ သည့်အခါနှင့် မိုးအုံ့သည့်အခါများမှာ ထိုဒဏ်ရာက တဆစ်ဆစ် ကိုက်တတ် သည်ဟုလည်း  ဒေါ်ဂျာတောင်က ဆိုသည်။

            ”လုံးဝအေးချမ်းပြီဆိုတော့မှပဲ အမေကတော့ ပြန်ရဲမယ်၊ နောက်တစ်ခါ ပေါ်တာဆွဲခံနေရရင် ဒုက္ခ”ဟု ထိုစဉ်က ဖြစ်ရပ်ကို ယနေ့တိုင် ထိတ်လန့်နေ သည့်ဟန်ဖြင့် ဒေါ်ဂျာတောင်က ဆိုသည်။

            အန္တရာယ်များကြားက နေရပ်ပြန် ပြီး အလုပ်လုပ်ဖို့ အများစုက စိတ်မကူး ကြသော်လည်း ဒုက္ခသည်စခန်းများတွင် ဒီအတိုင်း နေနေလို့ကမဖြစ်ချေ။ ဒုက္ခ သည်စခန်းများတွင် နေရေး၊ စားရေး မပူပင်ရသော်လည်း မိသားစုအတွက် သုံးစွဲစရာကိစ္စ ကြုံလာပါက လက်ထဲမှာ ငွေစ၊ ငွေန လေးရှိဖို့ လိုသေးသည်။ သည် အတွက် မြို့ပေါ်မှာ ဝင်ငွေအထိုက် အလျောက်ရမည့်အလုပ်ကို ရှာကြံလုပ်ကိုင် နေကြရသည်။

            နယ်စပ်တစ်လျှောက်တွင်ရှိသည့် ဒုက္ခသည်တချို့ကတော့ တရုတ်ပြည်ဘက် သွားကာ အလုပ်ရှာကြသည်များလည်းရှိ သည်။ ဤနေရာတွင် ဒုက္ခသည်များ လုပ် အား ခေါင်းပုံဖြတ်ခံရမည့် အန္တရာယ်၊ လူကုန်ကူးခံရမည့် အန္တရာယ်များနှင့် ကြုံ ရနိုင်ကြောင်းနယ်စပ်တစ်လျှောက်ရှိ ဒုက္ခ သည်စခန်းပေါင်း ၃ဝ ခန့်ကို ထောက် ပံ့ကူ ညီပေးနေသော ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများ အစည်းအရုံးမှ ညှိ နှိုင်းရေးမှူးဒေါ်မွန်းနေလီကပြောပြသည်။

            ”ပိုက်ဆံက အနည်းနဲ့အများ လို ကြတာပဲလေ။ အမျိုးသမီးတွေဆို ပိုက်ဆံ ရှာရင်းနဲ့ လူကုန်ကူးခံရတာတွေ ရှိတယ်။ စိုးရိမ်ရတယ်”ဟု သူကဆိုသည်။

            တကယ်တော့ စစ်ပွဲတွေမဖြစ်ခင်က တည်းက ကချင်ပြည်နယ်တစ်ကြောမှာ လူကုန်ကူးမှုပြဿနာက ကြီးထွားနေ သည်။ အများစုကတော့ တရုတ်ပြည်ဘက်က အမျိုးသားများအား လက်ထပ်ရန် သတို့သမီးအဖြစ် အတင်းအဓမ္မရောင်း စားခံရခြင်းဖြစ်သည်။

            မြန်မာတစ်နိုင်ငံလုံးအနေနှင့် ကြည့်မည်ဆိုလျှင်လည်း ဤကိစ္စမှာ အင်မတန်ကြီးမားသော ပြဿနာတစ်ခု အဖြစ် ရှိနေပါသည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ အစည်းများအဆိုအရ လူကုန်ကူးမှုဖြစ်စဉ် ၁ဝ ခုတွင် ခုနစ်ခု လောက်က သတို့သမီးအဖြစ် အတင်း အဓမ္မ ရောင်းစားခံရသည့် အမှုကိစ္စများ ဖြစ်သည်ဟု ဆိုကြသည်။

            ယခုလို စစ်ပွဲတွေဖြစ်နေချိန်၊ အလုပ်အကိုင်အခွင့်အလမ်းလည်း ရှားပါး နေချိန်မျိုးတွင် နယ်စပ်တစ်လျှောက် ခေတ်သစ်ကျေးကျွန် ကုန်ကူးသူသားရဲ များ ခြေချင်းလိမ်မတတ် ပေါများတတ် သည်ဟု အဖွဲ့အစည်းများကဆိုသည်။

            ”တရုတ်ပြည်ထဲမှာက မြန်မာပြည် သားအလုပ်သမားတွေအတွက် ဘာအကာအကွယ်မှမရှိဘူး။ ယောက်ျားတွေ လည်း လခမရဘဲ တရုတ်စက်ရုံ၊ အလုပ်ရုံ တွေမှာ တစ်သက်စာကျွန်လုပ်ဖို့ ရောင်း စားခံနေရတာ ဒုနဲ့ဒေး”ဟု ကချင်အလင်း မှ ဒေါ်မေလိအောင်ကဆိုသည်။

            ”နေ့စဉ် မိန်းမရော၊ ယောက်ျား ရော ရောင်းစားခံနေရတာ။ အဲဒီနှုန်း ပိုပြီးမြင့်တက်လာလိမ့်မယ်”ဟုလည်း ၄င်းက သတိပေးပြောဆိုပါသည်။

            ယခုဆိုလျှင် စခန်းတိုင်းနီးပါးမှာ အမျိုးသမီးတွေ လူကုန်ကူးခံရသည့် အခြေအနေမျိုးနှင့် ကြုံဆုံနေရပြီး နောက်ထပ်လည်း လူကုန်ကူးခံကြရဦး မည့် အခြေအနေ များကို ဒေါ်မေလိအောင် မြင်နေသည်။

            နောက်ထပ် စိုးရိမ်စရာကောင်း သည့်အချက်မှာ စစ်တွင်းကာလ အကြောင်းအမျိုးမျိုးကြောင့် လင် ယောက်ျားများဆုံးရှုံးသွားသော အမျိုး သမီးများ စစ်ပြီးကာလတွင် အိမ်ထောင် ဦးစီးနေရာမှနေပြီး ပြန်လည်ထူထောင် ရေးလုပ်ရာတွင် အလုပ်အကိုင်ရှားပါးမှု အပါအဝင် အခက်အခဲမျိုးစုံကို ကြုံဆုံ ကြရမည့်ကိစ္စဖြစ်သည်။

            ဝိုင်းမော်မြို့ပေါ်က ဘုန်းကြီး ကျောင်းဝင်း တစ်ခုတွင် ခိုလှုံနေသော ရှမ်းတိုင်းရင်းသူ ဒေါ်အေးခဲဆိုလျှင် ဘဝ ကိုသုညကနေစရမည့် သဘောရှိနေသည်။ သူရင်းငှားအလုပ်ဖြင့် တစ်အိမ်လုံးကို ရှာကျွေးနေသော ခင်ပွန်းသည် ဆုံးသွား သောကြောင့် ကလေးသုံးယောက်မိခင်၊ အသက် ၃၃ နှစ်အရွယ် ဒေါ်အေးခဲခမျာ စစ်ပွဲများပြီး သွားလျှင် တစ်အိမ်လုံးကို ရှာကျွေးဖို့ လုံးလုံး တာဝန်ယူရတော့မည်။ သူတို့မှာ လယ်ပိုင်ယာပိုင်ဟူ၍မရှိ။ တခြား ဘာအလုပ်လုပ်ရမည်ကိုလည်း မသိ။

            ”နောင်ရေးကို တွေးမိတဲ့အခါ ညည အိပ်လို့ကိုမပျော်ဘူး”ဟု ကျဉ်း ကျဉ်းကျပ်ကျပ်၊ ခနော်ခနဲ့ တဲကုပ်လေး ထဲမှာ ခပ်ရို့ရို့ထိုင်ရင်း ဒေါ်အေးခဲက ဆိုသည်။

Photo : Nyan Lynn

စီတာပူအသင်းတော်ဝင်းအတွင်းက ဒုက္ခသည်စခန်းတွင် နံနက်စာစားနေသော ကလေးငယ်တစ်ဦး

နေရေး၊ ထိုင်ရေး၊ ကျန်းမာရေး

            လူမှုအကူအညီပေးသူများ နောက် ထပ်စိုးရိမ်ကြသည့်အချက်မှာ ဒုက္ခသည် များ၏ နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေး ကိစ္စဖြစ်သည်။ ဒုက္ခသည် ဦးရေများပြား လာမှုကြောင့် စခန်းအများစု၌ နေရေး ထိုင်ရေး စီစဉ်ရသည်မှာ အခက်အခဲဖြစ် လာသည်ဟု ဆိုသည်။

            အချို့စခန်းများမှာ အမိုးအကာများ ပျက်စီးနေပြီဖြစ်သောကြောင့် ပြန်လည် ပြုပြင်ရန်လိုအပ်နေသည်။ စခန်းအများစု မှာ နေရာလုံလုံလောက်လောက် မရှိ သဖြင့် ဒုက္ခသည်များ ကျပ်ညပ်ပြွတ်သိပ်ကာ နေကြရသည်။ အိပ်ခန်းတစ်ခန်းသာ ပါသည့် တဲကုပ်လေးတွေထဲမှာ လင်မယား၊ သမီးသား၊ အဘိုးအဘွား စုပြုံအိပ် ကြရသည်။

            ဒုက္ခသည်များ ကျပ်ကျပ်သိပ်သိပ် နေရမှု၊ သန့်ရှင်းသော သောက်ရေ၊ သုံးရေ မလုံလောက်မှုနှင့် အာဟာရပြည့်ဝသော အစားအစာများ မစားသောက်နိုင်မှုတို့ ကြောင့် အလွယ်တကူ ဖျားနာကြကြောင်း ကျန်းမာရေး လုပ်သားများကဆိုသည်။ ဖြစ်လေ့ဖြစ်ထရှိသော နာမကျန်းမှုများမှာ ဝမ်းပျက်၊ ဝမ်းလျှော၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုးနှင့် အရေပြားရောဂါများဖြစ် သည်ဟုဆိုပါသည်။ မိုးတွင်းကာလ အဖြစ် များဆုံးထဲတွင် ငှက်ဖျားရောဂါလည်း ပါဝင်သည်ဟုဆိုသည်။

            ကလေးအများစုကတော့ အသက် ရှူလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ဖြစ်လေ့ရှိသည်ဟု ဂျာမိုင်ကောင်းဒုက္ခ သည် စခန်းတွင် ဆေးလာကုပေးနေသည့် ဆေးမှူး ဦးခင်မောင်ဌေးက ကလေးတစ် ယောက်ကို စမ်းသပ်နေရင်းပြောပြသည်။

            ယခုအခါ မိုးကုန်ကာ ဆောင်းရာသီ သို့ ပြောင်းလာပြီမို့ မိုးတွင်းဘက် ဖြစ် တတ်သော နာဖျားမှုများ လျော့နည်းလာ ပြီဟုဆိုသည်။ သို့သော်လည်း ခိုက်ခိုက် တုန်အောင် အေးတတ်သည့်ဆောင်းတွင်း ကာလ၌ အနွေးထည်များ၊ စောင်များ လုံလုံလောက်လောက် ရရှိရေးအတွက် အကူအညီများ လိုအပ်လျက် ရှိကြောင်း အဖွဲ့အစည်းများကဆိုသည်။

            မြောက်ဖျားပိုင်းဒေသ ရေခဲတောင်များရှိသော ဤကချင်ပြည်နယ်၌ ဆောင်း တွင်းဆိုလျှင် နေရာအတော်တော်များ များတွင် အပူချိန် 8ံC အထိကျသွား တတ်သည်ဟုဆိုသည်။

            ”အထူးသဖြင့် ကလေးတွေ၊ သက် ကြီး ရွယ်အိုတွေအတွက် စိုးရိမ်ရတယ်။ သူတို့အတွက် ဘွတ်ဖိနပ်တွေ၊ အနွေး ထည် ကောင်းကောင်းတွေလိုမယ်”ဟု Karuna Myanmar Socail Services (Bamaw) မှ ညွှန်ကြားရေးမှူး ခရစ်ယာန် ဘုန်းတော်ကြီး ဦးပေါလ်အောင်ဒန် ကဆိုသည်။

ကုစားပေးပါ စိတ်ဒဏ်ရာ

            တကယ်တော့ ဒုက္ခသည်များမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ထိခိုက်လျက် ရှိသည်ဟု လူမှုအဖွဲ့အစည်းများကဆို သည်။

            ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ်ဌာနေ ဘယ်တော့ ပြန်ရမည်မသိဖြစ်နေကြသည့် အလျောက် ဒုက္ခသည်အများစုမှာ စိတ် ဖိစီးမှုများလာကြပြီး စိတ်ဓာတ်ကျသူတွေ ကျ၊ တမှိုင်မှိုင်တတွေတွေနှင့် ဘာမှ မလုပ်ချင်၊ မကိုင်ချင်ဖြစ်သူတွေကဖြစ်။

            စခန်းဝန်းကျင် ဟိုဟိုဒီဒီ လျှောက် လှမ်းနေကြသော သူတို့၏ ခြေလှမ်းများ က ခွန်အားမဲ့ခြေလှမ်းတွေဖြစ်နေသည်။ စိတ်ဖိစီးမှုတို့ပြည့်နှက်နေသော သူတို့ မျက်နှာများက မျှော်လင့်ချက်မဲ့ မျက်နှာများ ဖြစ်နေသည်။

            အမျိုးသားတွေ အရက်သောက်မှုပို များလာပြီး မိသားစုပြဿနာတွေ၊ အိမ်တွင်းရေးအကြမ်းဖက်မှုတွေလည်း ပိုများ လာသည်ဟု အဖွဲ့အစည်းများကဆိုသည်။

            ဒုက္ခသည်အယောက် ၁ဝဝ မှာ ၅ဝ (နှစ်ယောက်မှာ တစ်ယောက်နှုန်း) စိတ်ကျ ရောဂါခံစားနေရသည်ဟု ၄င်းတို့၏ တွေ့ရှိ မှုကို အခြေခံ၍ ထိုင်းအခြေစိုက် ကချင် အမျိုးသမီးများအစည်းအရုံးကဆိုသည်။

            ”အလိုလိုနေရင်း အားငယ်နေတာ တွေ၊ စိတ်တွေ ကယောင်ချောက်ချား ဖြစ် နေတာတွေ စခန်းတိုင်းမှာ တွေ့ရတယ်”ဟု ယင်းအဖွဲ့မှ ညှိနှိုင်းရေးမှူး ဒေါ်မွန်းနေလီက ဆိုသည်။

            တရုတ်ပြည်ထဲက အတင်းရွှေ့ ပြောင်းခံရပြီး KIA ထိန်းသိမ်းနယ်မြေ အတွင်းရှိ ဒုက္ခသည်စခန်းသို့ ရောက်လာ သော ဒုက္ခသည်များအနက် အမျိုးသား တစ်ယောက်ဆိုလျှင် မကြာခင်ပဲ စိတ် ဖောက်သွားသည်ဟု ကချင်အလင်းမှ ဒေါ်မေလိအောင်က ပြောပြ သည်။

            ”ပြတင်းပေါက်ကိုရိုက်ခွဲပြီး စခန်းထဲက ထွက်ပြေးသွားလို့ လိုက်ဖမ်းယူရ တယ်။ အခုထိရူးသွပ်နေတယ်”ဟု ဒေါ်မေလိအောင်ကဆိုသည်။

            နောက်အမျိုးသားတစ်ဦးဆိုလျှင် လည်း စခန်းထဲမှာ နေထိုင်နေရင်း စိတ် ဖောက် သွားသည်ဟုဆိုသည်။

            ကျောက်စိမ်းရောင်းပြီး ပိုက်ဆံရှာ မည်ဟုဆိုကာ စခန်းအနီးနားက ကျောက် ခဲတွေကို လိုက်ကောက်သည်။ ပြီးတော့သူ့ မိန်းမကို ဘယ်သူနှင့်မှ စကားမပြောခိုင်း ဘဲ သူ့ဘေးမှာပဲ နေခိုင်းသည်ဟုဆိုသည်။

            ”ဘယ်သူမှ သူ့မိန်းမကို စကားလာ မပြောရဘူး။ သူ့မှာ ပိုက်ဆံမရှိလို့ သူ့ မိန်းမက သူများနောက်လိုက်ပါသွားမှာ စိုးရိမ်သလားမသိဘူး”ဟု ဒေါ်မေလိ အောင်က ပြောပြသည်။

            စိတ်ဒဏ်ရာကို ခံစားနေရသူများ ထဲမှာ လူကြီးများသာမက အမူအရာ ပုံမှန်မဟုတ်တော့သော ကလေးငယ်များ ကိုလည်း တွေ့လာရ သည် ဟုဆိုသည်။

            ”တချို့ ကျောင်းသူကျောင်းသား လေးတွေ ကျောင်းစာမှာ စိတ်မပါတော့ ဘူး။ ကျောင်းဆက်မတက်တော့ဘူး။ ငိုင်နေတယ်။ ဘယ်သူခေါ်ခေါ်မလာဘူး။ ညကျတော့ ထငိုတယ်။ ကယောင်ကတမ်း တွေဖြစ်ကြ တယ်”ဟု ဒေါ်မေလိအောင်က ပြောပြသည်။

            မုန်တိုင်း၊ ငလျင်ကဲ့သို့သော သဘာဝ ဘေးဆိုး၊ ကပ်ဆိုးများကို မျက်မြင်ကြုံတွေ့  ခဲ့ရသူတွေ၊ စစ်ပွဲများကြား ပြေး ရင်းလွှား ရင်း၊ ရှောင်ရင်းတိမ်းရင်းဖြင့် ထိတ်လန့် စရာများကို မျက်မြင်ကြုံတွေ့ခဲ့ရသူတွေ၊ တုန်လှုပ်ဖွယ်ရာ ပစ်ခတ်သတ် ဖြတ်နေ သည့်  ဖြစ်စဉ်များကို မြင်တွေ့ခဲ့ရ သူအ တော်များများမှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာ ဒဏ်ချက် (trauma) တွေရသွားတတ်သည်ဟု စိတ်ပညာရှင်များက ဆိုသည်။

            စိတ်ဒဏ်ရာရသွားသူများတွင် တွေ့ရလေ့ရှိသော လက္ခဏာများမှာ သူတို့ ကြုံတွေ့ ခဲ့ရသည့် ဖြစ်စဉ်များကို ခဏခဏ ပြန်လည်သတိရကာ ထိတ်လန့် နေတတ်ခြင်း၊ ဝမ်းနည်းနေတတ်ခြင်း၊ ဘယ်သူနှင့်မှ ထိတွေ့ဆက်ဆံမှု မပြုတော့ ဘဲ တစ်ကိုယ်တည်း တွေးမိတွေးရာတွေး နေတတ်ခြင်း၊ ငေးမိငေးရာ ငေးနေတတ် ခြင်း၊ ဘယ်အရာကိုမှ အာရုံစူးစိုက်မရ ခြင်း၊  မည်သည့်အလုပ်ကိုမှ လုပ်လိုစိတ် မရှိခြင်း၊ မျှော်လင့်ချက်မဲ့သည်ဟု ခံစား နေရခြင်း စသည်တို့ဖြစ်ကာ ထိုစိတ် ဒဏ်ရာ များကို စနစ်တကျအချိန်ပေးပြီး ကုစားပေးဖို့ လိုအပ်သည်ဟု စိတ်ပညာ ရှင်များကဆိုထားသည်။

            ကမ္ဘာပေါ်ရှိ စစ်ပွဲဖြစ်ပွားသည့် ဒေသများတွင်လည်း စစ်ပွဲကာလ မြင်တွေ့ ခံစားခဲ့ရသည့် ဖြစ်ရပ်များကြောင့် စိတ်မှာ ဒဏ်ဖြစ်သွားသူ အမြောက် အမြား ရှိတတ်ကြသည်ဟု ပညာရှင်များ ကဆိုပါသည်။

            လူပေါင်း ၁၄ဝ,ဝဝဝ ကျော်ကို သေ ကျေ၊ ပျောက်ဆုံးစေခဲ့သည့် နာဂစ်မုန် တိုင်းဒဏ်ခံစားခဲ့ရသူ အချို့မှာလည်း စိတ်ဒဏ်ရာ ရရှိထားသည့် အနေအထား များကို တွေ့ရှိခဲ့ရကြောင်း သတင်းအချို့တွင်ပါရှိခဲ့ဖူးပါသည်။

            လူမှုကူညီရေးအဖွဲ့များက ၄င်းတို့ အနေဖြင့် တတ်စွမ်းသမျှ နှစ်သိမ့်ဆွေးနွေး မှုများ ပြုလုပ်ပေးနေသည်ဟုတော့ ဆို သည်။ သို့သော် လုပ်နိုင်သည့်အင်အားနှင့် လိုအပ်မှုက မမျှပါ။

            ”စိတ်ဒဏ်ရာကုစားတာက နှစ် သိမ့်ဆွေးနွေးတာထက်ကို လေးနက်တာ ဆိုတော့ ကျွန်မတို့ဆီမှာ trauma healing (စိတ်ဒဏ်ရာကုသ)တတ်တဲ့ လူသား အရင်းအမြစ် တတ်ကျွမ်းသူမရှိဘူး”ဟု ဒေါ်မေလိအောင်က ဆိုသည်။

            ”ကူညီထောက်ပံ့တဲ့အဖွဲ့တွေထဲမှာ ဒီ issue (ကိစ္စ)ကို စိတ်ဝင်စားတဲ့သူတွေ နည်းတယ်။ အားလုံးက ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုကိုပဲစိတ်ဝင်စားကြ တော့ လုပ်တဲ့အဖွဲ့နည်းတယ်”ဟု၎င်းက ထောက်ပြသည်။

            ဒုက္ခသည်များသာလျှင် ထိုကဲ့သို့ စိတ် ဒဏ်ရာတွေကို ခံစားနေရသည် မဟုတ်၊ သူတို့ကို ဝန်ဆောင်မှုပေးနေသည့် လူမှုရေးဝန်ထမ်းများမှာပါ စိတ်ဒဏ်ရာများ ရနေကြပြီဟု ကချင်အမျိုးသမီးများ အစည်းအရုံးမှ ညှိနှိုင်းရေးမှူးက ဆိုသည်။

            ”သူတို့(ဝန်ထမ်း)တွေဟာ ဒုက္ခ သည်တွေရဲ့ ပြဿနာပေါင်းသောင်း ခြောက်ထောင်ကို နားထောင်နေရတယ်။ နားမထောင်ချင်လည်း ကြားနေရတယ်။ ကြာလာတော့ သူတို့တစ်တွေမှာလည်း စိတ်ဒဏ်ရာက ကူးစက်လာတယ်။ သူတို့ ကိုလည်း စိတ်ဒဏ်ရာ ကုစားပေးကြ ဖို့လိုတယ်”ဟု ဒေါ်မွန်းနေလီကဆိုသည်။

Photo: Nyan Lynn

ဂျာမိုင်ကောင်းစစ်ဘေးရှောင် စခန်းမှ ထမင်းစားဆောင်

            စခန်းများသို့ ခိုလှုံလာသော ဒုက္ခ သည်များအနက် သံသယရှိရသူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ဆက်လက်ရှိ နေခြင်းကလည်း ဒုက္ခသည်များ၏ စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေလျက်ရှိကြောင်း လူမှုအဖွဲ့အစည်းများက ဆိုသည်။

            ပြီးခဲ့သည့် ဇွန်လက ဂျာမိုင်ကောင်း ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ဦးဘရန်ရှောင်ကို မြန်မာအာဏာပိုင်များ က သံသယရှိသဖြင့် ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခဲ့မှုများက ယင်းစခန်းတွင် နေထိုင်သူ ဒုက္ခ သည်များကို သွေးပျက်စေခဲ့သည်။

            နှိပ်စက်၊ စစ်ဆေးမေးမြန်းပြီး စခန်း ရှိအခြားလူများအား ပုံစံပြသည့်အနေဖြင့် စခန်းတစ်ဝိုက်လှည့်လည်ပြခဲ့ခြင်းများက စခန်းရှိ ဒုက္ခသည်အပေါင်းတို့အား အကြီး အကျယ် ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ မျက်မြင်ကြုံတွေ့သူများ ပြန်ပြောင်း ပြောပြကြသည်က ဦးဘရန်ရှောင်၏ ဇနီး ဆိုလျှင် ဒဏ်ရာဒဏ်ချက် ဗရပွဖြစ်နေသော သူ့ခင်ပွန်းမျက်နှာကို မြင်လိုက် ရသည့်အခိုက် စိတ်ထိခိုက်လွန်းလို့ နေရာ တွင်ပဲ မူးမေ့လဲကျ သွားသည်ဟုဆိုသည်။

            သွေးလန့်သွားသည့်အထဲတွင် ဆိုး ဆိုးရွားရွားဖြစ်သွားကြသူများမှာ စခန်း အတူနေဖော်နေဘက် အမျိုးသား တစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့လည်းပါဝင် သည်ဟုဆိုသည်။

            အမျိုးသမီးတစ်ဦးဆိုလျှင် ညဘက် မှောင်ရီသန်းလာပြီဆိုလျင် အလိုလို ထိတ်လန့်လာပြီး စခန်းအပြင်ဘက်သို့ ထွက်ပြေးဖို့ကိုပဲ ကြိုးစားတတ်သော ကြောင့် ကျန်သည့် စခန်းဖော်များက ဂရုတစိုက်ကြည့်နေရသည် ဟုဆိုသည်။

            အသက် ၄၇ နှစ်အရွယ် ဦးတူးမိုင် တစ်ယောက်လည်း ဆေးခန်းကပေးလိုက် သည့် ဆေးကို မပျက်မကွက်သောက်နေရ သည်ဟုဆိုသည်။

            အရိုးပေါ်အရေတင်ဟုဆိုရလောက် အောင် ပိန်လှီနေသည့် ဦးတူးမိုင်တစ် ယောက် သူ၏တဲပတ်ဝန်းကျင် လမ်း လျှောက်ရသည်ကို ပင် သူ့အနေနှင့် မလုံ မခြုံခံစားနေရသည်။ ဘေးဝဲယာ၊ ရှေ့ နောက်ကို အပြန်ပြန်၊ အလှန်လှန်ကြည့် ရင်း ခပ်ကုပ်ကုပ်လေး လမ်းလျှောက် တတ်သည်။

            ”ညဘက်ဆိုရင် အိပ်လို့ရတာ မဟုတ်ဘူး”ဟု အသံလေးလေးတွဲ့တွဲ့ ကြီးဖြင့် ဦးတူးမိုင်က သူ့တဲရှေ့မှာထိုင်ရင်း ပြောပြသည်။

            အိပ်ရေးအပျက်ကြီးပျက်နေသည် ကို သူ၏မျက်ကွင်းဟောက်ပက်များက သက်သေထူနေသည်။

            သူအိပ်ရေးပျက်ရသည်က မိန်းမ ဖြစ်သူကို စိတ်မချသည့်အတွက် ညဘက် ဆို သူ့ကို ငုတ်တုတ် ထိုင်စောင့်ကြည့်နေရ သောကြောင့်ဟု ကလေးနှစ်ယောက် ဖအေ ဦးတူးမိုင်ကဆိုသည်။ ဦးတူးမိုင် သည်လည်း ကြင်သူသက်ထားက သူ့အား ပစ်ခွာသွားမည်ကို စိုးရွံ့ချောက်ချားနေသူ များထဲက တစ်ယောက်ဖြစ်သည်။

            စစ်ပွဲကြာရှည်လာသည်နှင့်အမျှ စိတ်ဒဏ်ရာရသည့် ဒုက္ခသည်ဦးရေ၊ စိတ်မူမမှန်တော့သော ဒုက္ခသည်ဦးရေ လည်း ပိုမိုများပြားလာမည်ကို လူမှုအဖွဲ့ အစည်းများက စိုးရိမ်နေကြသည်။

            ထို့အပြင် လူမှုရေးပြဿနာများ၊ အိမ်ထောင်ရေးပြဿနာများလည်း ပိုမိုများပြားလာမည်ကို စိုးရိမ်ရသည်ဟု လူမှုအဖွဲ့များက ဆိုပါသည်။

            စစ်ပွဲရှည်ကြာမှုကြောင့် လူသား များအပေါ် သက်ရောက်လာမည့် နောက် ဆက်တွဲပြဿနာများ ဆိုးရွားလာနိုင် ချေရှိသော်လည်း လောလောဆယ် အထိ တော့နှစ်ဖက် စစ်တပ်ကြားအပစ် အခတ် ရပ်စဲကြမည့်လမ်းစကိုမူ ခပ်ရေးရေးပင် မတွေ့ရသေးပါ။

            သို့ဆိုလျှင် ဒုက္ခသည်တို့၏ အိမ် အပြန်ခရီးလမ်းကား မည်သည့်အချိန် အထိ ဆက်လက်ဝေဝါးနေဦးမှာပါလဲ။

            နှစ်ဖက်စစ်တပ်၏ သဘောထား ကပဲ မိမိတို့၏ အိမ်ပြန်ခရီးလမ်းကို ဆုံး ဖြတ်ချက်ချပေးမည့်အနေအထား တစ်ခု တွင် ဘုရားသခင်ထံပါးမှာ ဆုတောင်းနေ ရုံမှတစ်ပါး အခြားမရှိဟု ဒုက္ခသည် အများစုနည်းတူ ဒေါ်ဇိန်ထုံးထု ကလည်း ခံယူထားသည်။

            ”ဘုရားသခင်ဆီမှာ ဆုတောင်းရုံပဲ တတ်နိုင်တာပဲလေ”ဟု ဒေါ်ဇိန်ထုံးထုက အဝေးတစ်နေရာသို့ ငေးနေရင်းက ဖွင့်ဟသည်။

            ”တခြား ဘာမှမတတ်နိုင်ဘူးလေ’။     ။    အပိုင်း(၁)သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here