Home စာအုပ်အညွှန်း နှင်းဆီသင်းတဲ့ လမ်း နှင်းဆီခင်းတဲ့ လမ်း

နှင်းဆီသင်းတဲ့ လမ်း နှင်းဆီခင်းတဲ့ လမ်း

202
0
Advertise Here

 

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။

သင့်နော် ရေးသည်။

Advertise Here

နှင်းဆီအောင်ကို ဝတ္ထုတိုရေးသူအဖြစ် သိသူအချို့ ရှိကောင်းရှိပါမယ်။ ကြည်ဇော်ဝင်းကိုတော့ ဝတ္ထုရေးသူအဖြစ်သိသူ နှင်းဆီအောင်ထက် ပိုများ နိုင်ပါတယ်။ သေချာတာက လူအချို့ပဲသိမှာပါ။ တအားကြီး နာမည်ကြီးသူ တွေမှ မဟုတ်ဘဲ။ ကနဦးမှာ သူတို့နှစ်ယောက်စလုံးဟာ ဝတ္ထုတိုတွေအရေး များခဲ့ကြတယ်။ Best Seller မဟုတ်သည့်တိုင် နှစ်ယောက်ကိုယ်စီမှာ ဝတ္ထုတိုပေါင်းချုပ်တွေ ကိုယ်စီထုတ်ပြီးသားတွေနဲ့ပေါ့။ ကြည်ဇော်ဝင်းက စီနီယာ။ သူက အခု တောင်ဒဂုံမှာ စာအုပ်အရောင်းဆိုင်နဲ့ ထုတ်ဝေရေးနှစ်ခု တွဲပြီးငြိမ့်နေရဲ့။ နှင်းဆီအောင်က ၂ဝ၁၂ တုန်းက ‘လက်ယက်တွင်း’ ဝတ္ထုတို တွေနဲ့ ကျပ်ပြင်သဟာယစာဖတ်သင်းရဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို အရယူခဲ့ပြီး အခုအမရပူရမှာ အခြေချနေဆဲပေါ့။ ၂ဝ၁၃ မှာ စိတ်ကူးချိုချိုက နေ ‘အရောင်ပြောင်းထောင့်’ ထွက်လာပြီး အခု ၂ဝ၁၆ မှာ ကြည်ဇော်ဝင်း စာပေကနေ ‘လမ်းကလေးရဲ့ လက်ဆောင်’ထွက်လာတော့ ဝတ္ထုတိုပေါင်း ချုပ်မဟုတ်တော့ဘဲ ရသဆောင်းပါးများစုစည်းမှုလို့ Sub-Heading တပ်လာပါတယ်။

          ဖတ်ကြည့်တော့…

ဖတ်ကြည့်တဲ့အခါ ဆွဲဆောင်မှုတွေနဲ့ ပြည့်သိပ်နေတယ်။ ဖတ်ရင်းနဲ့ သူ့စာတွေကို ငြိသွားတယ်။ ဆောင်းပါး။ ရသဆောင်း ပါးတဲ့။ စင်စစ်တော့ အဲဒီသဘောထက် အက်ဆေးဘက်ကို ပိုပြီး ရောက်နေတဲ့ စာတွေပဲလို့ နားလည်ခံစားမိတယ်။ ဒါမှမဟုတ် နောက်တစ်မျိုး လှည့်စဉ်းစားရင် ဇာတ်ကောင် (သက်ရှိ/သက်မဲ့) ပါတဲ့ ဆောင်းပါးတွေလို့ ပြောနိုင်ပါတယ်။ ၂ဝ၁၂ နောက်ပိုင်းမှာ နှင်းဆီအောင်က မန္တလေးက ထုတ်တဲ့ မြနန္ဒာဂျာနယ်နဲ့ မန္တလေး ခေတ်ဂျာနယ်တွေမှာ အပတ်စဉ်လိုလို ဆောင်းပါးတွေ အလျင် မပြတ်ရေးခဲ့တဲ့ ပင်တိုင်ဆောင်းပါးရှင်ဖြစ်လာတယ်။ အဲဒီဆောင်း ပါးတွေထဲက သူ့စိတ်ကြိုက် ၃၃ ပုဒ်ကို ရွေးပြီး ကဏ္ဍရှစ်ခု ခွဲခြား ပေးလိုက်တယ်။ ငြိမ်းချမ်းရေးသို့၊ လမ်း၊ မြို့သစ်၏ ရသများ၊ အတည့်မြင်ကွင်း၊ ပန်းကလေးများသို့၊ အောက်မေ့ခြင်း၊ အိုင်တီ ထဲတွင် ကူးခတ်ခြင်းနဲ့ သဘာဝသို့ ဦးညွှတ်ခြင်း။

ဒီအက်ဆေးတွေဟာ မန္တလေးရဲ့ ကာလပေါ်ပုံရိပ်တွေပဲ။ အထူးသဖြင့် ဒီဘက်ခေတ်မှာ ဖွံ့ဖြိုးလာတဲ့ မြို့သစ်ခံစားမှုတွေပဲ။ အရွယ်သုံးပါး မိန်းမသားတွေရဲ့ ခံစားမှုတွေ၊ လူနေမှုပုံစံသစ်တွေ၊ ဘဝရုပ်ပုံကားချပ်တွေ၊ တစ်ဝမ်းတစ်ခါးအတွက် အရပ်တစ်ပါးက ရွှေ့ပြောင်းလာခဲ့ကြသူတွေ၊ ပြုန်းတီးလျော့ပါးသွားတဲ့ သဘာဝ ပတ်ဝန်းကျင်တွေ၊ လျော့ရဲဆုတ်ယုတ်သွားတဲ့ လူမှုပတ်ဝန်းကျင် တွေ၊ တစ်စတစ်စ ထိပါးခံရပြီး နိမ့်ကျဆုံးရှုံးလာတဲ့ လူ့အခွင့် အရေးကိစ္စတွေ၊ အမိုးအကာမရှိ ကျူးလို့ သတ်မှတ်ခံရမှုတွေ၊ ခေတ်သစ်မန္တလေးမှာ ဘယ်သို့ဘယ်ပုံ စီးမျောနေရသလဲ၊ သူတို့ က ဘာတွေကို မျှော်လင့်နေကြဆဲလဲ၊ သူတို့ကို စိန်ခေါ်နေတဲ့ အကြောင်းခြင်းရာတွေက ဘာတွေလဲ။ နှင်းဆီအောင်ဆီကတစ်ဆင့် စူးစူးနစ်နစ် သိခွင့်ရကြပြီ။

‘လမ်းကလေးရဲ့ လက်ဆောင်’မှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအခင်းအကျင်း၊ လူ့ အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသဖြင့် လက်ရှိခံစားမှုအစုစုကို သိပ်သိပ်သည်းသည်း ထည့်သွင်း ထားတယ်။ အားလုံးဟာ ခေတ်ပြိုင်ရုပ်ပုံလွှာတွေကို သုံးသပ်ချက် တွေချည်းပါပဲ။ ဂျာနယ်တွေမှာ တစ်ပတ်တစ်ကြိမ် အချိန်နဲ့ တစ်ပြေးညီ သူရေးခဲ့တာတွေဟာ ထိထိရှရှရှိလှတာ တွေ့ရတယ်။ ခေတ်သစ်မန္တလေး လူသားပုံတူတွေ၊ ဒါမှမဟုတ် မန္တလေးရဲ့ အတွင်းသားတွေပေါ့။ ခံစားနိုင်စွမ်းနဲ့သာ တင်ဆက်လို့ရတဲ့ အမျိုးအစားပါပဲ။

ဝတ္ထုတိုအရေးကောင်းတဲ့၊ စကားပြေနိုင်နင်းတဲ့၊ သမိုင်းကို ထဲထဲဝင်ဝင်ရှိတဲ့၊ စာဖတ်နာသူတစ်ဦးဖြစ်တယ်လို့ နှင်းဆီအောင် ကို သူ့အက်ဆေးတွေက ညွှန်ပြနေတယ်။ သူက ဘာကိုမဆို ထိထိ ရှရှ ခံစားနိုင်စွမ်းရှိသူဖြစ်ပြီး သူတထူးကို ကူညီဖို့ ကူညီနိုင်ခွင့် ရှာ ကြံဖို့ ဝန်မလေးသူလည်း ဖြစ်နေပြန်တယ်။ နိုင်ငံသားတစ်ယောက် ရဲ့ ရပိုင်ခွင့်တွေအတွက်လည်း သူက အကျိုးဆောင်ပဲ။ နိုင်ငံ့အရေး နိုင်ငံရေးအတွက်တော့ သူဟာ ဘယ်တုန်းကမှ စိတ်အေးချမ်းသာ မရှိခဲ့။ သူက တစ်ကိုယ်တော် NGO လည်း ဖြစ်ခဲ့။ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းကာကွယ်သူ Environmentalist တစ် ယောက် ဖြစ်ခဲ့။ တောင်မင်းမြောက်မင်း မကယ်နိုင်ကြတဲ့ ဘဝမှာ နှင်းဆီအောင်ဟာ သူကယ်လို့ ရနိုင်သမျှကို ကယ်နိုင်သလောက် ကယ်ခဲ့သူဖြစ်ခဲ့။

သူက ဝတ္ထုဖန်တီးသူဘဝကနေ ဂျာနယ်လစ်တစ်ယောက် ဘဝကို ရသနဲ့ ကူးပြောင်းခဲ့ရာမှာ လမ်းကလေးရဲ့လက်ဆောင်ဆို တဲ့ အက်ဆေးတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်နေတယ်။ ဒီအက်ဆေး တွေဟာ သူ့ရင်ထဲက အမြုတေတွေ ဖြစ်နေတာ အထင်အရှား တွေ့ရတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ရဲ့ ပကတိကိစ္စတွေ အပေါ် ရင်နဲ့အမျှ ဆို့နင့်နေတာတွေကို နှင်းဆီအောင်က ဝေမျှ တာဖြစ်တယ်။ အဖြေရှာရာမှာ အကူအညီတောင်းခံတာဖြစ် တယ်။ သတိမမူမိသေးတာကို သတိမူမိအောင် နှိုးဆော်သူဖြစ် တယ်။ တိုင်းရေးပြည်ရေး စိတ်မအေးကြသူတွေအတွက် အားပေး စကား လက်ဆင့်ကမ်းသူဖြစ်တယ်။ သံသယရဲ့ သံသရာကို မီး မောင်းထိုးပြသူဖြစ်တယ်။ လူမျိုးရေးနဲ့ ဘာသာရေးတွေကို အသုံးချပြီး နိုင်ငံကို နစ်မွန်းအောင် ကြံစည်သူတွေရဲ့ အန္တရာယ် ကို သတိထားကြရလေအောင်လည်း နှင်းဆီအောင်က အချက် ပေးပြန်ပါတယ်။

ဘဝအမောတွေကိုယ်စီနဲ့ နေ နေကြရတဲ့ အခိုက်အတန့်မှာ ဖြေဆည်ရာကို ဘယ်လိုရှာပြီး ဘယ်လို သက်သာအောင် ကြံ ဆောင်ကြရမလဲဆိုတဲ့ကိစ္စဟာ လူတိုင်းအတွက် အရေးကြီး တယ်။ ဒါမျိုးက လူတိုင်းမှာ သေချာပေါက် ကြုံရပေမယ့် တချို့က ကိုယ့်ဘာသာကိုယ်ဘာဖြစ်လို့ ဖြစ်နေမှန်း သိကြတာမဟုတ်ဘူးလေ။ သတိမမူတော့ ဂူကို ဘယ်မြင်ကြမှာတုံး။ ဒါတွေကို နှင်းဆီ အောင်က သူ့အက်ဆေးတွေထဲကနေ လှစ် ဟထားတယ်။ လောကသဘာဝနဲ့လူ့ သဘာဝတွေကိုလည်း သူက တစ်ဆစ်စီသီ ထားတယ်။ သူ့စာတွေဖတ်ရတဲ့အခါ စွယ် စုံကျမ်းတစ်ခုကို ကြုံသလို လှန်ကြည့်လိုက် ရသလိုပဲလေ။

သူသိသမျှ၊ သူခံစားရသမျှ သူက ဝေငှတဲ့အခါ သူပြောပြလေလေ ကိုယ်က ပိုပိုပြီး သိချင်လေလေ၊ သူခံစားပြလေလေ ကိုယ်က ပိုပိုပြီး ခံစားချင်လေလေဖြစ်လာ တယ်။ ဒါဟာ သူ့ဆီမှာ ဘာတွေ ဘယ်လောက်အထိ ရှိနေသလဲ ဆိုတာကို ပြနေတယ်လို့ပဲ ယူဆချင်တယ်။ သူက စာဖတ်သူကို သူ့ စိတ်ရင်းစေတနာအမှန်နဲ့ သူ့ရင်ထဲက ဝေဒနာ(စေတနာ)တွေကို ဖွင့်အံတင်ဆက်တာဖြစ်တယ်။ ဒီတင်ဆက်မှုဟာ အချည်းနှီးဖြစ် မသွားဘူး။ တန်ဖိုးတစ်ခုပေါ် ထွက်တယ်။ လမ်းကလေးက ပေးတဲ့ လက်ဆောင်ဟာ အများစုအတွက် နှစ်လိုဖွယ်ရာကောင်းတဲ့ လက်ဆောင်တစ်ခုဖြစ်လာတယ်။ ပေးသူက သန့်သန့်လေးပေး လို့ လက်ခံရရှိသူကလည်း နှစ်သက်မြတ်နိုးမှု ရှိကြရတာမျိုးပါ။

မန္တလေးမှာ မွေး၊ မန္တလေးမှာနေပြီး မြို့သစ်မှာ သွားကြီးကြ ရတဲ့ မလေးသူ မန္တလေးသားတွေရဲ့ ဘဝကို စာနာနိုင်သူတွေဟာ မန္တလေးမှာပဲရှိတာပါ။ ရွာနေပြည် ထိုင်ဆိုတဲ့ စကားလုံး၊ ဝေါဟာ ရ၊ အသုံးအနှုန်းဟာ အရောင်မှိန်မှိန်ကလေးပဲရှိတော့တာ ဒေသ ခံတွေ သိကြပေမယ့် ဘာဆိုဘာမှ မတုံ့ပြန်နိုင်ကြပါဘူး။ ခေတ် တွေ၊ စနစ်တွေ၊ လူတွေ၊ နေရာထိုင်ခင်းတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေ၊ ဖန်တီးမှုတွေ ရုတ်ခြည်းရုတ်ခြည်း ပြောင်းလဲလာလိုက်ကြတာ ဟာ မျက်စိအောက်မှာတင်ပဲ လျင်လျင်မြန်မြန် ရှိလွန်းနေတယ် လေ။ ဒါကို သတိမူမိအောင်၊ မှတ်မှတ် သားသား ရှိကြရအောင်၊ စူးစူးနစ်နစ် ခံစားနိုင်အောင် တပ်လှန့်ကြရသူတွေက သတင်းစာဆရာတွေ၊ သတင်းသမားတွေ၊ ဂျာနယ်လစ်တွေသာဖြစ်တယ်။ သူတို့က နေ့စဉ်ကိစ္စတွေအပေါ် အာရုံအပြည့်ထား နေကြရသူတွေဆိုတော့ ဖြတ်သန်းမှုအစု စု အတွက် မှတ်တမ်းပြုကြရတယ်။ နှင်းဆီ အောင်က အဲဒီအသိုင်းအဝန်းထဲကို ရောက်ခဲ့တဲ့ ကာလတစ်ခုအတွင်း သူ့ အတွင်းစိတ်မှာ တွယ်ငြိစွဲကပ်လာတဲ့ အကြောင်းခြင်းရာတွေကို သူက သူ့ သဘာဝအတိုင်း ဖွယ်ဖွယ်ရာရာ တင်ဆက် လိုက်လို့ မန္တလေးရဲ့ ခေတ်ပေါ် မြို့ပြလူမှုအဖွဲ့အစည်းရဲ့ ပစ္စက္ခတ် ကို ဇာတ်လမ်း မှတ်တမ်း Docu-Drama အဖြစ် ထိတွေ့ ခွင့်ရကြ ရုံသာမက တိုင်းနိုင်ငံ ပြည်ရွာအရေး မျှော်တွေးရမှုကိုပါ သူက အဆစ်ထည့်ပေးလိုက်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျေနပ်အားရ ရှိလှပါတယ်။

လမ်းကလေးရဲ့လက်ဆောင်ဟာ လူတိုင်းအတွက် အဖိုး တန်လှပါရဲ့လို့ ကောက်ချက်ချလိုက်ပါရစေ။     ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here