Home အက်ဆေး ထောင်မလဲ သဲကော်နှလုံးသား

ထောင်မလဲ သဲကော်နှလုံးသား

117
0
ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ဖေဖော်ဝါရီလထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၀)မှ အက်ဆေးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

ဗိုလ်ချုပ်အောင်ဆန်းလို့ ဆိုလိုက်တာနဲ့ မှုန်တေတေမျက် နှာထား၊ အညာသားရုပ်နဲ့ လူ၊ စကားကို အပိုဆာဒါးမပါ တိုတို တုတ်တုတ်နဲ့ ဘွင်းဘွင်းရှင်းရှင်းပြောတတ်သူ၊ တိုင်းပြည်လွတ် လပ်ရေးအကြောင်း အမြဲခေါင်းထဲထည့်ထားလေ့ရှိသူဆိုတာ လူ တိုင်းသိရှိပြီးသားဖြစ်တယ်။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

ပင်လုံစာချုပ်ကို ဦးစီးဦးဆောင်လုပ်ပြီး လက်မှတ်ရေးထိုး ခဲ့တဲ့ ပြည်ထောင်စုရဲ့ ကျေးဇူးရှင်၊ ဗမာ့တပ်မတော်ကို ပထမဆုံး ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီးတစ်ယောက်၊ တပ်ကထွက် နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံမှာ ပါဝင်ခဲ့တဲ့ လွတ် လပ်ရေးဗိသုကာတစ်ယောက်၊ အဲဒီလိုအရည်အချင်းတွေနဲ့ ပြည့် စုံတာတောင်မှ ဗိုလ်ချုပ်ကြောက်ရောဂါ ရှိနေကြသူအချို့ တိုင်း ပြည်ကို စီမံခန့်ခွဲခွင့်ရတဲ့အခါ ဗိုလ်ချုပ်ဟာ အမေ့ခံဖြစ်ခဲ့ရတယ်။

ကျွန်တော်တို့မျိုးဆက်က ဗိုလ်ချုပ်ကို အရှင်လတ်လတ် ထိ တွေ့ကိုင်တွယ်ခွင့်၊ မြင်ဖူးခွင့် မကြုံဖူးသည့်တိုင် ဗိုလ်ချုပ်ကို နှလုံး သားထဲမှာ ထည့်ထားနိုင်ခဲ့ကြသေးတယ်။ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက် ဆံတွေ ကိုင်တွယ်သုံးစွဲခွင့်ရခဲ့တယ်။ အထက်တန်းကျောင်းသား ဘဝမှာ လုပ်တဲ့ အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲတွေမှာ လက် စွမ်းပြခွင့် ရခဲ့သေးတယ်။ အစိုးရအာဘော်သတင်းစာတွေရဲ့ မျက် နှာဖုံးမှာ ဗိုလ်ချုပ်မိန့်ခွန်းအတိုအစလေးလောက်ဖြစ်ဖြစ် ဖတ်ခွင့် ရခဲ့ကြသေးတယ်။ ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းထက်က အရွယ်တူ ကြယ်ဖြူ ၁၄ လုံးနဲ့ စပါးနှံစက်သွားပါ အလံထိပ်မှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ ပါတီကောင်စီဥက္ကဋ္ဌကြီးရဲ့ ချပ်ဝတ်တန်ဆာ ယူနီဖောင်းအပြည့်အစုံနဲ့ ပုံ ကြည့်ခွင့်ရကြသေးတယ်။ အဲဒီတုန်း က အစိုးရရုံးဌာနတိုင်းက ဗိုလ်ချုပ်ပုံနဲ့ ဥက္ကဋ္ဌကြီးပုံကို မဖြစ်မနေ ချိတ်ဆွဲခဲ့ကြရတဲ့ ကာလတွေပေါ့။ ဗဟိုဦးစီးစနစ်ရဲ့ ရွှေအိုရောင် ကာလများလို့ ဆိုနိုင်မယ်။ ကျွန်တော်တို့ထက် ဆယ်စုနှစ်နှစ်စုစာ လောက် ငယ်တဲ့ ချာတိတ်တွေကတော့ (ကံဆိုးစွာပဲ) ဗိုလ်ချုပ်ကို မေ့မေ့လျော့လျော့ထားခဲ့ရတဲ့ နှစ်တွေမှာ လူလားမြောက်ကြသူ တွေ ဖြစ်ကြတယ်။ သူတို့လေးတွေ ရှင်သန်ကြီးထွားချိန်က ကျွန် တော်တို့ဆီမှာ နိုင်ငံရေးသရောကြီးခိုင်းချိန်၊ နိုင်ငံရေးဆိုတာ ထောင်မကြောက်တန်းမကြောက်သူတွေ အလုပ်လို့ အယုံသွင်း ထားချိန်ဖြစ်တယ်။ ဒီနေ့ခေတ်လို ဗီနိုင်းကိုင်ပြီး ဆန္ဒထုတ်ဖော်ဖို့ မပြောနဲ့၊ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ဘီဘီစီက လာတဲ့ သတင်းထုတ်မပြောရဲတဲ့ ကာလ။ နံရံတိုင်းမှာ နားတွေရှိတယ် ဆို တဲ့ စကား ရေပန်းစားနေချိန်လို့တောင် ပြောနိုင်တယ်။ အဲဒီတုန်း က လူတိုင်းနီးပါး နိုင်ငံရေးနဲ့ ခပ်ကင်းကင်းနေကြရတယ်။ မနေလို့ ကလည်း မဖြစ်ဘူး။ အပတ်စဉ်ထုတ်ဂျာနယ်မှာ စာပေစိစစ်ရေး ခွင့်ပြုချက်မရှိတဲ့ ကဗျာဖော်ပြရုံနဲ့ ကဗျာဆရာထောင်ကျတဲ့ ခေတ်။ အဲဒီတော့ လူတော်တော်များများက နိုင်ငံရေးဆိုရင် ဝေရာမဏိ ဖြစ်ကုန်ကြရော။

နိုင်ငံရေးသရောကြီးခိုင်းတဲ့ကာလမှာ ဗိုလ်ချုပ်ဖိုဘီးယား တွေက ဗိုလ်ချုပ်ကို လူထုရင်ထဲက အပြီးတိုင်မောင်းထုတ်ပစ်ဖို့ ကြိုးပမ်းကြတယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက်တာမှန်သမျှ ဘာကိုမှ ရေးသားထုတ်ဝေခွင့်မပြု၊ နဂိုရှိပြီးသားတွေ မှေးမှိန်အောင် လုပ် ပစ်ကြတယ်။ စာသင်ကျောင်းတွေ၊ ရုံးဌာနတွေမှာ ဗိုလ်ချုပ်ပုံ ချိတ်စရာမလိုတော့အောင် လုပ်တယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပျောက်ကွယ်သွားအောင် အာဏာနဲ့ စွမ်းဆောင်နိုင်ကြပေမယ့် နှလုံးသားထဲမှာ ဆေးမင်ကြောင်ထိုးထားသလို စွဲထင်နေတဲ့ ဗိုလ် ချုပ်ပုံရိပ်ကိုတော့ ပျောက်ပျက်အောင် မစွမ်းဆောင်နိုင်ခဲ့ကြဘူး။

နိုင်ငံရေးအရ အကျပ်တည်းဆုံးကာလ ရောက်နေသည့် တိုင် ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ ဒေါင်ဒေါင်မြည်နိုင်ငံရေးသမား တွေလည်း ပေါ်ပေါက်ခဲ့တယ်။ အာဏာပိုင်တွေက ကာယကံရှင် နိုင်ငံရေးသမားကိုသာမက သူနဲ့ ပတ်သက်ဆက်စပ်သူအားလုံး တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဒုက္ခပေးသည့်တိုင် ဒေါင်ဒေါင် မြည် နိုင်ငံရေးသမားတွေက ထောင်မကြောက် တန်းမကြောက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်ချုပ် ဗိုလ်ချုပ်ဆိုပြီး တစ်ချုပ် တည်း ချုပ်နေရတာ ဘာကြောင့်လဲ။ သိပ်တော်ပြီး သိပ်ထက်မြက် လွန်းနေလို့လား။ သူတော်စင်တမျှ သူတော်ကောင်းဝါဒကို ကျင့် သုံးနေသူဖြစ်လို့လား။

တကယ်တော့ ဗိုလ်ချုပ်ဟာ သူတော်စင်တစ်ယောက် မဟုတ်ပါဘူး။ စူပါမင်းလည်း မဟုတ်သလို တန်ခိုးရှင်တစ်ယောက် လည်း မဟုတ်ဘူး။ ဗိုလ်ချုပ်ဟာ နှလုံးသားလှလွန်းသူတစ် ယောက်သာ ဖြစ်တယ်။ အဲဒီလို နှလုံးသားလှလို့လည်း ပြည်သူ တွေရဲ့ ရင်ထဲမှာ ဒီနေ့အထိ နေရာပေးထားတာ ဖြစ်တယ်။

ဗိုလ်ချုပ်ဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက သူ မှန်တယ်ထင်လို့ ယုံကြည်တာတွေအတွက် မိခင်ဒေါ်စုကို ပက် ခနဲ ပြန်ပြောခဲ့သူဖြစ်တယ်။ ငယ်ဆရာဘုန်းကြီး ဦးသောဘိတကို လည်း သူမှန်တယ်ထင်တဲ့ ကိစ္စအတွက် မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ လျှောက်သူဖြစ်တယ်။ တကယ်တော့ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းဟာ မိဘဆရာစကား မြေဝယ်မကျ နားထောင်ရတယ် ဆိုတဲ့ နီတိလိုလို၊ လောကဝတ်လိုလိုကြားမှာ အသားကျနေတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။ လူကြီးမိဘစကား မှန်မှန်မှားမှား နား ထောင်သူ၊ လိုက်နာသူကို ပတ်ဝန်းကျင်က လူတော်အဖြစ် သတ် မှတ်ကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လူကြီးသူမတွေရဲ့ စကား သံယောင်လိုက်ပြီး ဟုတ်ကဲ့လုပ်ရင် အနေချောင်၊ အစား ချောင်တယ်။ ကျွန်တော်တို့အားလုံးရဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်မဖြစ်ခင် မောင်ထိန်လင်းဘဝမှာကတည်းက သူမှန် တယ်လို့ ယုံကြည်တာကိုသာ ရဲရဲဝံ့ဝံ့ လုပ်ခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းမမွေးမီကတည်းက တိုင်းပြည်ဟာ သူ့ကျွန်ဘဝ ရောက်ခဲ့ရတယ်။ အဲဒီခေတ်ကတည်းက နယ်ချဲ့တွေ ကို ရရာလက်နက်နဲ့ စွဲကိုင်တော်လှန်ခဲ့သူတွေ ဒုနဲ့ ဒေးရှိခဲ့ကြ တယ်။ ဗိုလ်ချုပ်ထက် သူရသတ္တိအရာမှာ မညံ့သူတွေ မြန်မာ့ သမိုင်းမှာ အများကြီးပဲ။ ပညာအရာမှာလည်း ဗိုလ်ချုပ်ထက် တော်သူ၊ ထူးချွန်သူတွေ ရှိကြတာပဲ။ ဗိုလ်ချုပ်တို့မတိုင်မီခေတ်မှာ ပဲ ဘိလပ်မှာရှိတဲ့ ကမ္ဘာကျော်တက္ကသိုလ်တွေက ဝတ်လုံဘွဲ့ယူလာ ကြသူတွေ ရှိနေပြီ။ ဒါပေမဲ့ ဗိုလ်ချုပ်ကိုပဲ လူတွေ တန်းတန်းစွဲနေ ရတာက သူ့ရဲ့ လူသားဆန်မှုကြောင့်ပါပဲ။

ဆောင်းတွင်းမနက်ကြီးမှာ လမ်းဘေးက အကြော်သည်ကို ဝတ်ထားတဲ့ အနွေးထည်ချွတ်ပေးခဲ့သူ၊ ပလေဒီယံဘိုင်စကုပ်ရုံမှာ ငါးမူးတန်းက ဓာတ်ရှင်ကြည့်ခဲ့သူ၊ စားဖားတွေ ညီညွတ်တာမလို ချင်ဘူး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ညီညွတ်စေချင်သူ၊ ပဲ ပြုတ်နဲ့ နံပြားကိုတောင်မှ အတင်းအကျပ်မတောင်းဆိုဘဲ ‘ရရင်’ ဆိုတဲ့ ကြိယာပုဒ်လေးကို လှလှပပအသုံးချသွားသူ၊ လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေးက ထွက်ပြီး ပြင်ဦးလွင်မှာ စာရေးချင်သူ။ အဲဒီ လို ရိုးရှင်းလွန်းတဲ့ ဂုဏ်ပုဒ်တွေကြောင့် သူ့ကို ပြည်သူတွေက ချစ် နေကြတာ ဖြစ်တယ်။

ရောင့်ရဲတင်းတိမ်မှုမှာလည်း စံပြုထိုက်တဲ့ ပုဂ္ဂိုလ်ထူးဖြစ် တယ်။ တစ်သက်တာဝတ်သွားတဲ့ ဝတ်စုံက လေး၊ ငါး၊ ခြောက်စုံ ထက်မပိုခဲ့ဘူး။ ဘဏ်စာအုပ်မရှိခဲ့ဘူး။ သမီးနားကပ်ဆင်ဖို့ ရွှေကို မအေဆီက တောင်းခဲ့သူဖြစ်တယ်။ နိုင်ငံ့ခေါင်းဆောင်အဖြစ် ကွယ်လွန်ချိန်မှာ ကုပ်ပိုးကြီး ထူမနေဘူး၊ ဗိုက်ကြီးရွှဲမနေဘူး၊ ပါး ချောင်နားချောင်ကျနေတဲ့ မျက်နှာနဲ့ ပြားချပ်ချပ်၊ ပိန်ကပ်ကပ် ခန္ဓာကိုယ်သာ ပိုင်ဆိုင်ခဲ့တယ်။

ပင်လုံစာချုပ်၊ အောင်ဆန်းအက်တလီစာချုပ်၊ ကန္ဒီစာချုပ် စတဲ့ အရေးပါတဲ့ စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့တယ်။ တက္ကသိုလ်က ထွက်ပြီး နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်တော့လည်း တိုင်းပြည် အတွက် လုပ်လိုက်တဲ့ အလုပ်တွေက တောင်ပုံရာပုံ။ တိုင်းပြည် အနှံ့ ရေလမ်း၊ ကုန်းလမ်းကနေ အမျိုးမျိုးသွားတယ်။ ပြည်ပခရီး တွေအဖြစ် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အင်္ဂလန်စတဲ့ နိုင်ငံတွေကို ရောက်အောင်သွားတယ်။ တက္ကသိုလ်က ထွက်ချိန်မှာ ၁၉၃၇ ခုနှစ် ဝန်းကျင်။ သူကွယ်လွန်တော့ ၁၉၄၇ ခုနှစ်။ အဲဒီဆယ်နှစ် အတွင်း အလုပ်တွေ တရစပ်လုပ်သွားခဲ့တယ်။ ဗမာ့ထွက်ရပ်ဂိုဏ်း လို နိုင်ငံရေးတပ်ပေါင်းစုဖွဲ့တော့ ဒေါက်တာဘမော်ကို ဥက္ကဋ္ဌ ရာ ထူးထားပြီး သူကိုယ်တိုင်ကတော့ အတွင်းရေးမှူးနေရာသာ ယူ ခဲ့တယ်။ ဗိုလ်ချုပ်လေးစားတဲ့ မြန်မာပညာရှိကြီးတွေဖြစ်တဲ့ သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုတို့လို လူကြီးတွေ ရှိနေပေ မယ့် ဗမာ့ထွက်ရပ်ဂိုဏ်းလို နိုင်ငံရေးတပ်ပေါင်းစုရဲ့ ဥက္ကဋ္ဌရာထူး ဟာ (အခြေအနေအချိန်အခါအရ) ဒေါက်တာဘမော်လိုလူမျိုးနဲ့  သာ ထိုက်တန်တဲ့နေရာဆိုတာ ဗိုလ်ချုပ်သဘောပေါက်တယ်။ တပ်ပေါင်းစုဖြစ်တာကြောင့် လိုအပ်ရင် နန်းရင်းဝန်တို့၊ ဘုရင်ခံတို့ နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ စကားအချေအတင်ပြောရတဲ့အခါ ဗြိတိသျှဥပဒေတွေကို ထုံးလိုချေ၊ ရေလိုနှောက်နိုင်သူဟာ ဘိလပ် က ဝတ်လုံဘွဲ့ယူလာတဲ့သူသာ အဆင်ပြေမယ်ဆိုတာ ဗိုလ်ချုပ်က အသေအချာသိတာပေါ့။ လူမှန်၊ နေရာမှန်ကို ပုဂ္ဂိုလ်စွဲမထားဘဲ ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။ ဒါကြောင့်လည်း ပြည်သူ တွေက တဆန်းတည်း ဆန်းနေကြတာလေ။

ကိုယ်ကျင့်သီလနဲ့ပတ်သက်ရင် မှတ်ကျောက်တင်ခံနိုင်သူ ဖြစ်တယ်။ ဗိုလ်တေဇအဖြစ် ရဲဘော်သုံးကျိပ်ကို ဦးဆောင်ပြီး ဂျပန်ပြည်မှာ စစ်ပညာသင်ကြားတော့ စစ်ရေးနည်းပြတွေက ဗိုလ်တေဇကို ကြေးစားမယ်တွေနဲ့ ပျော်ပါးဖို့ မြှူဆွယ်ကြတယ်။ ကျုပ် ဒီကိုလာတာ ဒီလိုမဟုတ်တာလုပ်ဖို့ လာတာမဟုတ်ဘူး။ ခင်ဗျားတို့ဆီက စစ်ပညာသင်ဖို့ လာတာတဲ့လေ။ ရွှေဘိုမှာ အငြိမ့်ကြည့်တော့ ဗိုလ်ချုပ်ရဲ့ မိတ်ဆွေတွေက အငြိမ့်မင်းသမီးကို ဗိုလ်ချုပ်လက်ကိုင်ဖို့ တွန်းအားပေးတယ်။ မင်းသမီးက ဗိုလ်ချုပ် လက်ကိုင်တာပေါ့။ ကျုပ်တို့ဗိုလ်ချုပ်က ဘာပြန်ပြောတယ် မှတ် လဲ။ ကျုပ်မှာ ကာမပိုင်နဲ့ဗျတဲ့။ အဲဒီလို နှလုံးသားလှလွန်းတာ ကြောင့်လည်း အခုလို နှစ်တစ်ရာတိုင်သည့်တိုင် ကျုပ်တို့မှာ မမေ့ နိုင်ဖြစ်နေရတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ဗိုလ်ချုပ်ကို ကာလအတန်ကြာ မေ့ပစ်ထားခဲ့တဲ့ကာလတစ်ခု ရှိခဲ့ တယ်။ ဗိုလ်ချုပ်မွေးနေ့ကို ဖျောက်ဖျက်ချင်ခဲ့ကြတယ်။ ဗိုလ်ချုပ် ကွယ်လွန်တဲ့ အာဇာနည်နေ့ကို မလွှဲသာမရှောင်သာ မည်ကာ မတ္တ ကျင်းပပေးခဲ့တဲ့ နှစ်တွေလည်း မနည်းဘူး။ ဗိုလ်ချုပ်နဲ့ ပတ် သက်တာတွေကို တမင်ရည်ရွယ်ချက်ရှိရှိ မေ့ဖျောက်ပစ်ခဲ့ကြ တယ်။ ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ နေနေသာသာ ကျေးဇူး တောင် ကန်းခဲ့ကြတဲ့သူတွေ ရှိတယ်။ အဲဒီလိုလူတွေကို သမိုင်းက ခွင့်မလွှတ်ပါဘူး။

ဗိုလ်ချုပ်က စကားပြောရင် တုတ်ထိုးအိုးပေါက် ပြောလေ့ ရှိသူဖြစ်တယ်။ သူ့ရဲ့ စိတ်ရင်းစေတနာ ဖြူစင်မှုကြောင့်သာ သူ့ စကားတွေကို ဗွေမယူခဲ့ကြတာပါ။ မိန့်ခွန်းတွေပြောရာမှာလည်း အပိုဆာဒါးတွေ ထည့်နေတာမဟုတ်ဘူး။ ‘ကျုပ်တို့လူမျိုးက ပန်း တိုင်မရောက်ခင် တက်ထောင်ချင်ကြတယ်’၊ ‘လွတ်လပ်ရေးရပြီ ဆိုပြီး လမ်းမပေါ် ဆေးရိုးလှန်းချင်ကြတယ်’၊ ‘ဖာနိုင်ငံကြီး ဖြစ် သွားမယ်’စတဲ့ စကားတွေကို ကြည့်လိုက်တာနဲ့ ဗိုလ်ချုပ်ဟာ ဟန်ဆောင်မှုကို မကြိုက်ဘူးဆိုတာ ပေါ်လွင်နေတယ်။

တည်ဆောက်ပြုပြင်မြန်ပြည်တစ်ခွင် တစ်နိုင်ငံလုံး အုန်း အုန်းကျွက်ကျွက် ခေတ်စားခဲ့ပေမယ့် ဗိုလ်ချုပ်ရဲ့ ဇာတိ မွေးရပ် မြေက အဲဒီအစီအစဉ်မှာ အကျုံးမဝင်ခဲ့ဘူး။ ဗိုလ်ချုပ်ရဲ့ ဇာတိဟာ မြန်မာပြည်အလယ်ပိုင်းက အညာမြို့သေးသေးလေးဖြစ်တယ်။ သွားရေး၊ လာရေး မခက်ခဲပေမယ့် မြို့ဟာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘူး။ တစ်နိုင်ငံလုံး တက္ကသိုလ်တွေ မိုးဦးကျမှိုပွင့်လို ပေါ တဲ့ကာလမှာ တက္ကသိုလ်မရှိခဲ့ဘူး။ ဖွံ့ဖြိုးရေးဒေသကြီး ၂၄ ခုဆို ပြီး သတ်မှတ်လိုက်တော့လည်း ကျန်ခဲ့ပြန်တယ်။ အခုအချိန်အထိ စူပါမားကက်တွေ၊ ရှော့ပင်းမောလ်တွေ၊ ပလာဇာတွေ မထွန်း ကားသေးဘူး။ ကွန်ဒိုဆိုတာ ဘာမှန်းမသိသေးတဲ့ မြို့။ ဘူတာ သေးသေး၊ လမ်းကျဉ်းကျဉ်းနဲ့ အလိုရမ္မက်နည်းတဲ့သူတွေ နေထိုင် ရာဒေသအဖြစ် အခုအထိ ရှိတုန်း။ ၂ဝ၁၅၊ ဖေဖော်ဝါရီ ၁၃ က ဗိုလ်ချုပ်ရဲ့ နှစ်တစ်ရာတင်းတင်းပြည့်တဲ့ မွေးနေ့ဖြစ်တယ်။ ဗိုလ် ချုပ်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ဗိုလ်ချုပ်မကြိုက်တဲ့ အာဏာ ရှင်စနစ်၊ ဆွေမျိုးသားချင်းကောင်းစားရေးဝါဒ၊ သူတလူငါတမင်း ဗိုလ်ကျစိုးမိုးရေးစတာတွေကို မြေမြှုပ်သင်္ဂြိုဟ်ပစ်လိုက်ကြရ အောင်။ နောင်အနာဂတ်လူ့အဖွဲ့အစည်းအတွက် ရောင့်ရဲသော၊ ရဲရင့်သော၊ ဥာဏ်ရှိသော၊ စွမ်းဆောင်ရည်ပြည့်သော လူ့အဖွဲ့ အစည်းအဖြစ် ထူထောင်ကြပါလေ။

ဖြစ်နိုင်ရင် အဲဒီနေ့မှာ ဗိုလ်ချုပ်မွေးရပ်မြေကို တစ်ခေါက် တစ်ကျင်းဖြစ်အောင်သွားဖို့ ဆုံးဖြတ်ထားတယ်။ မိတ်ဆွေတို့နဲ့ လည်း အဆင်ပြေရင် အဲဒီနေ့ နတ်မောက်မြို့က ဗိုလ်ချုပ်အိမ်မှာ ဆုံချင်တယ်။ အမျိုးသားခေါင်းဆောင်ကြီးအိမ်မှာ ပြည်သူ့ဘက် က ရပ်တည်ခဲ့သူတွေအကြောင်း ထွေရာလေးပါး ပြောကြသေး တာပေါ့။ အချိန်ရရင် ဗိုလ်ချုပ်အမျိုးတွေနဲ့လည်း စကားစမြည် ပြောခွင့်ရနိုင်တယ်။ မိတ်ဆွေတို့သာ ပါလာရင် နတ်မောက်ခရီး စဉ်ဟာ ပိုပြီး အဓိပ္ပာယ်ပြည့်ဝမယ်လို့ ကျွန်တော်ယုံကြည်တယ်။ တွေ့ကြဦးမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့။       ။

ဈေးနှုန်းသက်သာစွာ ကြော်ငြာထည့်သွင်းနိုင်ပါပြီ

LEAVE A REPLY

Please enter your comment!
Please enter your name here