Home မော်ကွန်း ဆွေ့ဆွေ့ခုန်နေသော ၀ါရင့်ချိုကုပ်ဒူးကြီး

ဆွေ့ဆွေ့ခုန်နေသော ၀ါရင့်ချိုကုပ်ဒူးကြီး

142
0
Advertise Here

၂၀၁၄၊စက်တင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၆)မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။

ရန်လိုကျွှဲရေးသည်။

Advertise Here

ဝါရင့်ချိုကုပ်ဒူးကြီး ဆွေ့ဆွေ့ခုန်နေသည်ဆိုသော သတင်း ကြောင့် သတင်းထောက် ရန်လိုကျွဲ ဒုက္ခသီရိနေပြည်တော်ကြီးသို့ ရောက်ရပြန်လေသည်။

ဂျာနယ်အရှုံးပေါ်သဖြင့် အသုံးစရိတ်ချွေတာရေး မူဝါဒချ ထားသော အယ်ဒီတာမင်းတို့က ရန်လိုကျွဲနှင့် သတင်းသမားများ ကို ခရီးမသွားစေချင်။ သို့သော်လည်း ချိုကုပ်ဒူးကြီး လေလည် လျှင်ပင် အထူးသတင်းအဖြစ် ရေးရမည်ဟု ဂျာနယ်တိုက်တွင် မူဝါဒချထားပြန်သောကြောင့် ရန်လိုကျွဲကို သွားခွင့်ပြုလေ၏။ ဤသို့ဖြင့် သတင်းသမားရန်လိုကျွဲ ဒုက္ခသီရိသို့ ရောက်ရပြန် ချေ၏။

ကြားရသည့် သတင်းအတိုင်း ချိုကုပ်ဒူးကြီး ဆွေ့ဆွေ့ခုန် နေသည်ကို တွေ့ရလေ၏။ သတင်းသမားက တရင်းတနှီး နှုတ် ခွန်းဆက်လိုက်သည်။

ရန်လိုကျွဲ။ ။ အဘ ဘာကြောင့် ခုန်နေရတာလဲ။ လေ့ကျင့်ခန်းလုပ် နေတာလား။

ချိုကုပ်ဒူးကြီးက ဂရုမစိုက်။ ခုန်မြဲတိုင်း ခုန်နေ၏။ ရန်လိုကျွဲ လည်း ထပ်မံ နှုတ်ဆက်ပြန်၏။

ရန်လိုကျွဲ။ ။ တော်သလင်းလရောက်ဖို့ အဝေးကြီးလိုပါသေးတယ်၊ အဘ ဘာကြောင့် ဒီလောက်တောင် ခုန်နေရတာလဲ။

တော်သလင်းလဟူသော စကားလုံးကြောင့် ချိုကုပ်ဒူးကြီး ပိုပြီး ဆွေ့ဆွေ့ခုန်လေသည်။ ထို့နောက်…

ချိုကုပ်ဒူးကြီး။ ။ ဘာကွ…တော်သလင်းလနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ။ တော်သလင်းလဆိုတော့ ငါက ဘာကောင်ဖြစ်သွားမလဲ။

ကျွဲ။ ။ မဟုတ်ပါဘူးဗျာ။ ကျွန်တော် ဆိုလိုတာက ဒီလိုပါ။တော် သလင်းနေ ပုစွန်သေဆိုတဲ့စကား ရှိတယ်လေ။ တော်သလင်းလ က ပူလွန်းလို့ ပုစွန်တွေတောင် ဆွေ့ဆွေ့ခုန်ရတယ်လို့ ပြောကြ တယ်မဟုတ်လား။ အခုဟာက တော်သလင်းလမဟုတ်၊ ရာသီ ဥတုလည်း မပူသေးဘဲနဲ့ ဘာကြောင့်များ ဒီလောက်တောင် ဆွေ့ ဆွေ့ခုန်နေသလဲဆိုပြီး ကျွန်တော် စဉ်းစားမိလို့ပါ။

ဒူးကြီး။ ။ အေး…ရာသီဥတုကယ်ပေလို့ပဲ၊ နို့မဟုတ်ရင် မင့်ပြောပုံ နဲ့ဆိုရင် ငါတော့ ဟိုအကောင်ဖြစ်တော့မှာပဲ။ ကဲ…ကဲ…ငကျွဲ…ဆိုစမ်း၊ မင်းရဲ့ လာရင်းကိစ္စ။

ကျွဲ။ ။ အဘ ခုန်နေတယ်ကြားလို့ လာကြည့်တာပါ။

ဒူးကြီး။ ။ ဟေ…မင်းပြောပုံက မျောက်ပွဲရှိလို့ လာကြည့်သလို ဖြစ်နေပြီ။

ကျွဲ။ ။ အဲဒီလိုလည်း မဟုတ်ပါဘူး။ ဘာများထူးမလဲလို့ လာဗျူး တာပါ။

ဒူးကြီး။ ။ ဘာထူးသလဲဆိုတော့ မင်းမြင်တဲ့အတိုင်းပဲလေ။

သတင်းထောက်ရန်လိုကျွဲမြင်ရသည်မှာ ဆွေ့ဆွေ့ခုန်နေ သော ၀ါရင့်ချိုကုပ်ဒူးကြီး။ ခုန်သည်။ တကယ် ခုန်သည်။ အလွန် ခုန်သည်။ ဒေါသတကြီး ခုန်သည်။ အခုန်ရပ်သည်အထိ စောင့် ဆိုင်းမနေတော့ဘဲ ရန်လိုကျွဲလည်း အသံဖမ်းစက်ထုတ်၊ ခလုတ် နှိပ်ပြီး အင်တာဗျူးခြင်း အစပြုလိုက်သည်။

ကျွဲ။ ။ အဘ…ဘာကြောင့် ဒီလို ခုန်နေရတာလဲ။

ဒူးကြီး။ ။ တစ်နိုင်ငံလုံးမှာ မင်း မတွေ့ဘူးလား၊ အခြေခံဥပဒေပြင် ဆင်ရေးဆိုပြီး လက်မှတ်တွေ လိုက်ကောက်နေကြတာ။ ဒါ ကြောင့် ဒေါသထွက်လွန်းလို့ ဆွေ့ဆွေ့ခုန်နေတာပေါ့ကွ။ (ခုန် လျက်နှင့် ဖြေသည်)

ကျွဲ။ ။ လက်မှတ်ကောက်တာပြီးသွားပြီလေ။ လက်မှတ်က နည်း နည်းပဲ ရတာပါ။ ဒါတောင် တချို့က လက်မှတ်ကို သုံး၊ လေး၊ ငါး နေရာမှာ လိုက်ထိုးချင်ထိုးကြမှာ။ ဟဲ…ဟဲ… အဘတို့လုပ်တဲ့ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲတုန်းကလိုပေါ့ဗျာ၊ ထောက်ခံတဲ့ စာရင်းထဲ သေပြီးသားရော၊ ပုခက်ထဲက သူငယ်နှပ်စားရော ပါ တယ်ဆို။

ဒူးကြီး။ ။ ဟေ့ကောင်…ဟေ့ကောင်…အဲဒီအကြောင်း မပြောနဲ့၊ မဆိုင်ဘူး။

(၀ါရင့်ချိုကုပ်ဒူးကြီးက ပြောလည်းပြော၊ခုန်လည်း ခုန်၏။)

ကျွဲ။ ။ အဘ ဘာကြောင့် ဒီလို ခုန်နေရတာလဲ။ သူတို့လက်မှတ်က ငါးသန်းပဲ ရတာ။ အဘတို့ အခြေခံဥပဒေကို သန်းသုံးလေးဆယ်နဲ့ အတည်ပြုခဲ့တာ မဟုတ်လား။ ကိုယ်က စင်ပေါ်ကပဲ။အနေသာ ကြီးပါဗျာ။

ချိုကုပ်ဒူးကြီး ခုန်ခြင်း ရပ်သွားသည်။ ရန်လိုကျွဲ၏နှစ်သိမ့် စကားကြောင့်မဟုတ်။ အဆက်မပြတ် ဆွေ့ဆွေ့ခုန်အပြီး ဟော ဟဲလိုက် မောပန်းသွားသောကြောင့် ရပ်သွားခြင်းပင်။ စကား လည်း ဆက်မပြောနိုင်တော့။ အတန်ကြာမှ…

ဒူးကြီး။ ။ မင်း စဉ်းစားကြည့်ကွာ။ ဒီအခြေခံဥပဒေကို ငါတို့က စိတ်ကြိုက်ဆွဲလာတာကွ။

ကျွဲ။ ။ ဟုတ်ကဲ့။

ဒူးကြီး။ ။ ဒီလို စနစ်တကျ ဆွဲထားတဲ့ဟာကို ထောက်ခံကြောင်း သဘောထားကောက်ချိန်မှာ ထူးထူးခြားခြား တိုက်တိုက်ဆိုင် ဆိုင် နှာကစ်မုန်တိုင်းကြီးဝင်လာတာ မင်း မှတ်မိမှာပေါ့။

ကျွဲ။ ။ ဟုတ်ကဲ့။

ဒူးကြီး။ ။ အေး…အဲဒါ ငါတို့အတွက် နိမိတ်ကောင်းပဲ။ မုန်တိုင်း ဆိုတော့လည်း အထိအခိုက် နည်းနည်းပါးပါးတော့ ရှိမှာပေါ့ကွာ။ အခြေခံဥပဒေအတည်ပြုဖို့တို့၊ ဘာတို့ရှိတော့ အချိန်ဆွဲလို့မဖြစ် ဘူး။ ဒါကြောင့် လုပ်စရာရှိတာတွေ ဆက်လုပ်ခဲ့တာ မင်း မှတ်မိ မှာပေါ့။

ရန်လိုကျွဲလည်း မှတ်မိကြောင်း။ မုန်တိုင်းသင့်ဒေသသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်သတင်းယူခဲ့သောကြောင့် ထို စဉ်က အခြေအနေကို ပိုပြီး မှတ်မှတ်ထင်ထင် ဖြစ်မိကြောင်း ပြောလိုက်၏။

ဒူးကြီး။ ။ အေး…လုပ်စရာရှိတာကို ငါတို့ မြန်မြန်ဆန်ဆန် လုပ်ခဲ့ တာ မင်းတို့အားလုံးအသိ။ ပြီးတော့ ဒါဟာ အခြေခံဥပဒေသမိုင်း မှာ မှတ်တိုင်သစ်လည်းဖြစ်တယ်။ ဟုတ်တယ်မဟုတ်လား။ မင်း နိုင်ငံတကာကို ကြည့်လိုက်စမ်း။ အခြေခံဥပဒေဆွဲဖို့အတွက် ဘယ်နိုင်ငံက ငါတို့လောက် အချိန်ယူသလဲဆိုတာ လေ့လာလိုက် စမ်း၊ ကြည့်လိုက်စမ်း။

ကျွဲ။ ။ ဟုတ်ကဲ့။

ဒူးကြီး။ ။ အခြေခံဥပဒေကို အနှစ် ၂၀ အချိန်ဆွဲပြီး ဆွဲလာတာ ငါတို့ကွ။ ကမ္ဘာမှာ အဲဒီလိုလုပ်နိုင်တာ ငါတို့ပဲ ရှိတယ်။ ငါတို့ အကြာဆုံးပဲ။ ဘယ်နိုင်ငံနဲ့မဆို ငါတို့ ပြိုင်ရဲတယ်။

ပြောရင်းပြောရင်း ၀ါရင့်ချိုကုပ်ဒူးကြီး ဒေါသများ တစိမ့် စိမ့်ထွက်လာပုံရသည်။ လက်နှစ်ဖက်ကို လေထဲမြှောက်၊ လက်သီး နှစ်လုံး ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

ရန်လိုကျွဲလည်း အနှစ် ၂၀ ကိစ္စကို ချက်ချင်း ထောက်ခံ လိုက်သည်။ ဤကိစ္စတွင် နိုင်ငံတော်က ထိပ်တန်းရောက်ကြောင်း၊ အပြတ်အသတ် ပြိုင်ဘက်ကင်း စံချိန်တင်ပါကြောင်း ထောက်ခံမဲ ပေးလိုက်သည်။

ထိုသို့ ထောက်ခံမဲပေးနေချိန်မှာပင် ၀ါရင့်ချိုကုပ်ဒူးကြီး ခုန်ဆွခုန်ဆွဖြစ်လာပြန်သည်။ ဒေါသများ အချောင်းလိုက် ထွက် လာပုံရ၏။ ရန်လိုကျွဲလည်း အရဲစွန့်ပြီး မေးခွန်းထုတ်လိုက်ပြန်၏။

ကျွဲ။ ။ ဟုတ်ကဲ့။ ကျွန်တော် နားမလည်တာက အဘ ဘာကြောင့် ဒီလို ဒေါသထွက်နေရတာလဲ။

ဒူးကြီး။ ။ မင်းမတွေ့ဘူးလား။ အခြေခံဥပဒေပြင်ဆင်ရေးဆိုပြီး လက်မှတ်တွေ လိုက်ကောက်ကြတာ မင်း မတွေ့ဘူးလား။ ဒါ စော် ကားတာပဲ။ ဘာပြင်စရာ လိုမလဲကွ။ ငါတို့ အနှစ် ၂၀ အချိန်ယူပြီး စနစ်တကျ၊ အကွက်ကျကျ၊ ထောင့်စေ့အောင် လုပ်ထားတာကွ ဒါကြီးကို။ လုံး……………….၀ လက်မခံနိုင်ဘူး။ ဒါကြီးကို ပြင်မယ်ပြုမယ်ဆိုတာ ငါတို့ကို စော်ကားတာပဲကွ။ ဒါကြောင့် ငါ ဒေါသထွက်နေတာ။

ထိုသို့ ပြောပြီးနောက် ၀ါရင့်ချိုကုပ်ဒူးကြီး၏ ခုန်ဆွခုန်ဆွ ဖြစ်မှုက အရှိန်တက်လာသည်။

ခုန်သည်။ ခုန်သည်။ သတင်းထောက်လည်း အသံဖမ်းစက် ပိတ်သည်။ ထိုနေရာမှ အလိုက်တသိ ထွက်ခွာလိုက်သည်။ ဒေါသ ထွက်နေသော ၀ါရင့်ချိုကုပ်ဒူးကြီး ဆက်လက်၍ ဆွေ့ဆွေ့ခုန်ပြီး ကျန်ရစ်ခဲ့လေသည်။