Home သတင်းဆောင်းပါး ကျောတစ်ခင်းစာ နေရာပေးပါ

ကျောတစ်ခင်းစာ နေရာပေးပါ

141
0
Advertise Here

Photo: Thet Oo Mon

မေလထုတ်-၂၀၁၄၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၁၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

Advertise Here

သင် အိပ်ရာ ပျောက်ခဲ့ဖူးပါသလား။ ပြန်စရာအိမ်မရှိတဲ့ အဖြစ်ကို ရောက်ခဲ့ဖူးပါသလား။ အိပ်စရာနေရာမရှိလို့၊ ပြန်စရာ အိမ်မရှိလို့ လမ်းဘေးတစ်နေရာရာမှာ အိပ်စက်ခဲ့ဖူးပါသလား။ ဒီအတွေ့အကြုံမျိုး သင်မကြုံတွေ့ခဲ့ဖူးဘူးဆိုရင်တော့ စာဖတ်သူ ဟာ အင်မတန်မှ ကံကောင်းတဲ့သူဖြစ်ပါလိမ့်မယ်။

          စာဖတ်သူလို ကံမကောင်းကြတဲ့ အိုးမဲ့အိမ်မဲ့တွေနဲ့ရော တွေ့ဆုံဖူးပါသလား။ သူတို့တစ်တွေရဲ့ ဒုက္ခအဝဝကိုရော မေးမြန်း ကြည့်ဖူးပါသလား။ အဲဒီလို မကြုံတွေ့ဖူးဘူးဆိုရင်တော့ အောက် မှာ ဖော်ပြထားတဲ့ သတင်းဆောင်းပါးကို ဖတ်ရှုရင်းနဲ့ အိုးမဲ့အိမ်မဲ့ တွေရဲ့ ဘဝကို တစ်စေ့တစ်စောင်း လှမ်းကြည့်နိုင်ပါလိမ့်မယ်။

ည ည ည

          အချိန်က  ည ၉ နာရီ ဝန်းကျင်။

          ထိန်လင်းနေတဲ့ လျှပ်စစ်မီးရောင်အောက်မှာ သီရိမင်္ဂလာ ဈေးသစ်ဟာ ကုန်စိမ်းရောင်းသူ၊ ကုန်စိမ်းဝယ်သူတွေနဲ့ ပျားပန်း ခပ်မျှ လှုပ်ရှားသက်ဝင်နေပါတယ်။ ကုန်ကားကြီးတွေ ဝင်သံ၊ ထွက်သံ၊ ကုန်ကားကြီးတွေပေါ်က ပစ္စည်းတွေချနေကြတဲ့ အသံ၊ တွန်းလှည်းတွေနဲ့ ကုန်ပစ္စည်းတွေကို သယ်ယူနေသူတွေရဲ့ အသံ တွေနဲ့ ဈေးလမ်းမတွေဟာ အနားမရ၊ ရှုပ်ရှုပ်ထွေးထွေး ရှိလှ ပါတယ်။

          အသံပေါင်းစုံနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ဈေးမြင်ကွင်းရဲ့ အခြား တစ်ဖက်မှာတော့ ဆူညံတဲ့အသံတွေနဲ့ ခြားနားတဲ့၊ တိတ်ဆိတ်တဲ့ နေရာတစ်ခုရှိနေပါတယ်။

          ထိုနေရာလေးမှာတော့ အဘွားအိုနှစ်ဦး၊ အသက်ငါးနှစ် အရွယ် ကလေးငယ်တစ်ဦးနဲ့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ခပ်ပိန် ပိန်ပါးပါး အမျိုးသားတစ်ဦးတို့ဟာ မြေကမ္ဗလာပေါ် ခင်းကျင်း ထားတဲ့ ပလတ်စတစ်ဖျာချပ်လေးတွေပေါ်မှာ လှဲသူ လှဲ၊ ထိုင်သူ ထိုင်နဲ့ အနားယူနေကြပါတယ်။

          အဘွားအိုနှစ်ဦးကတော့ လှဲလျောင်းနေပါတယ်။ သူတို့နဲ့ ခြေလှမ်းသုံးလှမ်းစာလောက်မှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ အသက် ငါးနှစ်အရွယ်သမီးငယ်ကို ခြင်မကိုက်ရလေအောင် ဖခင် ဖြစ်သူက ယပ်ခတ်လို့ပေးနေပါတယ်။ သူ့နာမည်က ဦးသိန်းလွင် ပါ။ အသက်က ၅၆ နှစ်။

          ဦးသိန်းလွင်ဟာ အရင်ကတော့ ဒလမြို့နယ်ဘက်မှာ နေပါ တယ်။  ဒီသီရိမင်္ဂလာဈေးမှာ ကုန်ထမ်းတဲ့အလုပ်ကို လာလုပ်တာ ခြောက်လလောက်ရှိပါပြီ။ သူ့ဇနီးဆုံးပါးသွားပြီးတဲ့နောက် ဒီကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အဖေတစ်ခု၊ သမီးတစ်ခုဆို ပါတော့။

          ”ကိုယ့်ဘဝပေးကုသိုလ်ပေါ့၊ ကုသိုလ်နည်းခဲ့လို့ ဒီလိုနေရ တယ်လို့ ပဲ အောက်မေ့ပါတယ်”လို့ သူက ဆိုတယ်။

          သူတို့သားအဖနှစ်ယောက်အတွက်တော့ သီရိမင်္ဂလာဈေး ဝန်းကျင်ဟာ နေ့လယ်ခင်းမှာ အလုပ်လုပ်ရာနေရာဖြစ်ပြီး ည ဘက်မှာ အိပ်စက်လဲလျောင်းရာနေရာ ဖြစ်ပါတယ်။

          ကုန်ထမ်းတဲ့အလုပ်ကနေ ရရှိတဲ့ တစ်ရက်လုပ်ခ ကျပ်နှစ် ထောင်ကျော်လောက်နဲ့ သူတို့သားအဖတစ်တွေရဲ့ စားရေး၊ ဝတ် ရေးကို ဖြေရှင်းကြပါတယ်။ သူအလုပ်လုပ်တဲ့အချိန်မှာ သမီးငယ် ကို ကလေးတွေထိန်းပေးတဲ့ ဈေးနားက နေရာတစ်နေရာမှာ ပိုက်ဆံပေးပြီး အပ်ထားရတယ်လို့ ဆိုပါတယ်။

          သူတို့တွေသားအဖနှစ်ယောက်ကတော့ ရတဲ့ပိုက်ဆံပေါ် မူ တည်ပြီး စားရသောက်ရပါတယ်။ လက်ရှိအချိန်အထိတော့ ဦးသိန်းလွင်တစ်ယောက် ကျန်းမာရေးကောင်းမွန်စွာ အလုပ်လုပ်ကိုင်နေပြီး မျှော်လင့်မထားတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ် လာလျှင် သူ့သမီးငယ်အတွက် စီစဉ်ထားတယ်လို့ ဆိုပါ တယ်။

          ”ဦးလေးမလုပ်နိုင်၊ မကိုင်နိုင်ရင်တော့ ဒီကလေး ငုတ် တုတ်မေ့မှာပေါ့။ ဒီကလေးရှေ့ရေးအတွက် စဉ်းစားထားတာက တော့ အစ်ကိုဘက်က တူတွေ၊ တူမတွေ ရှိတယ်။ သူတို့ဆီ ပို့ပေးဖို့ တော့ စဉ်းစားထားတယ်”လို့ သူ့ကလေးအတွက် စီစဉ်ထားပုံကို ပြောပြပါတယ်။

          ဦးသိန်းလွင်တို့နေထိုင်တဲ့ သီရိမင်္ဂလာဈေးမှာတော့ သူ တို့လို အိမ်ခြေရာမဲ့တော်တော်များများ နေထိုင်ကြပါတယ်။ သူ တို့တွေကတော့ နေ့ခင်းဘက် ကြုံရာကျပန်းလုပ်ကိုင်ကြပြီး ည ဘက်ဆိုရင်တော့ အဆင်ပြေတဲ့နေရာလေးတွေမှာ အနားယူ အိပ်စက်ကြပါတယ်။

          ဦးသိန်းလွင်တို့လို နေ့စဉ်ပုံမှန်ဝင်ငွေမရှိဘဲ တစ်နေ့စားဖို့ အတွက်အလျင်မီအောင် မနည်းရှာဖွေနေရသူတွေအဖို့ကတော့ အိမ်ခန်းငှားနေထိုင်ဖို့ဆိုတာ အလှမ်းဝေးလွန်းလှပါတယ်။ ဒီ အတွက် ရန်ကုန်မြို့ရဲ့ လမ်းမတွေကို သူတို့ရဲ့ အိမ်ရာအဖြစ် အသုံး ပြုဖို့အတွက် သူတို့ရွေးချယ်ခဲ့ရပါတယ်။

          လမ်းပေါ်မှာနေတဲ့လူအများစုဟာ မြင့်တက်လာတဲ့ အိမ် ငှားခဈေးနှုန်းနဲ့ စီးပွားရေးအဆင်မပြေမှုတွေကြောင့် လမ်းပေါ် မှာ မတတ်သာလို့ နေထိုင်ကြခြင်းဖြစ်တယ်လို့ သူတို့တစ်တွေက ဆိုကြပါတယ်။

          လမ်းပေါ်က လူတွေထဲမှာ ကိုယ်အင်္ဂါချို့တဲ့ပြီး ရှာဖွေလုပ် ကိုင် စားသောက်ဖို့ အခက်အခဲရှိလို့ တောင်းရမ်းစားသောက်နေ သူတွေကိုလည်း တွေ့ရပါတယ်။

လူတစ်ယောက်အတွက် အနည်းဆုံး ကုန်ကျစရိတ်

          ရန်ကုန်မြို့မှာ လူတစ်ဦးရဲ့ နေထိုင်စားသောက်စရိတ်က မသေးလှပါဘူး။ ဆင်ခြေဖုံးလိုနေရာတွေမှာတောင် လူတစ်ဦး တစ်လတာစားသောက်စရိတ်က  အနည်းဆုံး သုံးသောင်းဝန်း ကျင် ကုန်ကျပါတယ်။

          ဒါဟာ တစ်ရက်ကို စားစရိတ်တစ်ထောင်နှုန်းနဲ့ တွက်ထား တာပါ။ ဒီတစ်ထောင်ဟာလည်း ဝင်ငွေနည်းတဲ့လူအများစု ကျင် လည်ကျက်စားတဲ့နေရာတွေမှာ ဖြစ်သလို စားနိုင်၊ သောက်နိုင်မှ ရမှာပါ။

          နေထိုင်ဖို့အတွက်က အိမ်ခန်းတစ်ခန်းဟာ ဆင်ခြေဖုံးမြို့စွန်တွေမှာဆိုရင်တောင် အနိမ့်ဆုံး တစ်သောင်းခွဲလောက် ရှိ ပါတယ်။

          အကြမ်းဖျင်းအားဖြင့် တွက်ချက်ကြည့်မယ်ဆိုရင် လူတစ် ဦးတည်းအတွက် ရန်ကုန်မြို့မှာ နေထိုင်စရိတ်နဲ့ စားသောက် စရိတ်က ငါးသောင်းဝန်းကျင်မရှိရင် နေဖို့ မဖြစ်နိုင်ပါဘူး။ ဒီအထဲ မှာ နေထိုင်မကောင်းလို့ ဆေးဝါးကုသမှုခံယူစရိတ် မပါသေး ပါဘူး။

          စားစရိတ်နဲ့ နေစရိတ် အကြမ်းဖျင်းကုန်ကျစရိတ်ဟာ ဆင် ခြေဖုံးရပ်ကွက်တွေမှာရှိတဲ့ အခြေခံလူတန်းစား၊ ဝင်ငွေနည်း မိသားစုတွေကို မေးမြန်းပြီး တွက်ချက်ထားတာဖြစ်ပါတယ်။

          ဆိုတော့ တစ်လ ငွေငါးသောင်းရဖို့အတွက် လူတစ် ယောက်ဟာ တစ်ရက်မှာ ပျမ်းမျှ ကျပ် ၁,၆ဝဝ ကျော် ဝင်ငွေ မဖြစ်မနေ ရှိရပါလိမ့်မယ်။  ပြောရရင်တော့ ရန်ကုန်လိုနေရာမျိုး မှာ အနည်း ဆုံး တစ်နေ့ ၁,၆၆၇ ကျပ် (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ ဒေါ် လာ) ဝင်ငွေမရှိရင် နေထိုင်လို့မရနိုင်ပါဘူး။

          (အစိုးရကိန်းဂဏန်းအရ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု မျဉ်းကြောင်း (တစ်နေ့ တစ်ဒေါ်လာ၊ မြန်မာငွေ ၉၆ဝ ကျပ်)အောက် ဝင်ငွေရှိတဲ့သူဟာ ၂၆ ရာခိုင်နှုန်း (လေးယောက်မှာ တစ် ယောက်နှုန်း) လောက်ရှိတယ်လို့ ဆိုပါတယ်။)

          အထွေထွေကုန်ကျစရိတ်မြင့်မားနေချိန်မှာ ဝင်ငွေနည်း မိသားစုတွေအတွက် နေရေးထိုင်ရေး၊ စားရေးသောက်ရေးမှာ ခက်ခဲလှပါတယ်။ အဲဒီအထဲမှာ နေစရိတ်လုံးဝမတတ်နိုင်ဘဲ စား စရိတ်တောင် အနိုင်နိုင်ရှာနေရသူတွေအတွက်တော့ ဈေးတွေ၊ လမ်းတွေ၊ ဘတ်စ်ကားဂိတ်တွေ၊ လူမနေကြတဲ့ အဆောက်အအုံ လို နေရာမျိုးတွေမှာ အိမ်အဖြစ် သဘောပိုက်ပြီး နေကြရပါတယ်။

Photo: Thet Oo Mon        မေတ္တာဝါဒီစာသင်တိုက်တွင် ထမင်းဟင်းများကို လာရောက်တန်းစီယူနေကြစဉ်

အစိုးရ ဘာလုပ်ပေးမလဲ

          အဲဒီလို အိမ်ခြေရာမဲ့တွေကို ကူညီဖို့ လောလောဆယ်မှာ အစိုးရမှာ တိကျတဲ့ မူဝါဒမရှိသေးပါဘူး။

          အိမ်ခြေရာမဲ့နှင့် အခြေခံလူတန်းစားတွေအတွက် လွှတ် တော်မှာ မကြာခဏတင်ပြလေ့ရှိတဲ့ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကတော့ လက်ရှိအစိုးရအနေနဲ့ အိမ် ခြေရာမဲ့ ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံတကာမှာလို အိုးမဲ့အိမ်မဲ့ ဂေဟာ (Homeless Shelter) တွေ ဆောက်ပေးသင့်တယ်လို့ အကြံပြု ပါတယ်။

          ”ဆွီဒင်ကိုသွားတဲ့အခါမှာ အခုလို ခိုကိုးရာမဲ့တွေအတွက် အခမဲ့နေလို့ရတဲ့ဟာ Home Shelter တွေ ထားပေးထား တာတွေရှိတယ်။ မြန်မာနိုင်ငံမှာ အဲဒီလိုလုပ်ပေးရင်ကောင်းမှာပဲ လို့ စဉ်းစားမိတယ်”လို့ ဒေါ်ခင်ဝိုင်းကြည်က ဆိုပါတယ်။

          အိမ်ခြေရာမဲ့တွေအတွက် နိုင်ငံတော်ပိုင် မြေပိုမြေလျှံတွေ မှာ မြို့ကွက်သစ်တွေတည်ပြီး နိုင်ငံတော်ဘတ်ဂျက်၊ ပြည်ပအကူ အညီတွေနဲ့  အဆင့်နိမ့်အိမ်ရာတွေကို ဖော်ဆောင်ပေးသင့်တယ် လို့လည်း သူက အကြံပြုပါတယ်။

          ”တန်းလျားပဲဖြစ်ပါစေ၊ တဲပဲဖြစ်ပါစေ၊ ရာသီဥတုဒဏ်ကို တော့ ခံနိုင်ရမှာပေါ့၊ နိုင်ငံတော်ကတော့ နည်းနည်းတော့ ပြည်သူ လူထုအတွက် ရင်းရမှာပေါ့လေ”

          အိမ်ခြေရာမဲ့ဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ သိရှိဖို့ ခက်ခဲတဲ့အပြင် ၄င်းတို့အတွက် အစိုးရရဲ့ ဆောင်ရွက်ပေးမှု အခြေ အနေတွေကို သိရှိဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဖေ ဖော်ဝါရီ ၇ ရက်နေ့က ကျွန်တော် စာသွားတင်ခဲ့ပါ တယ်။ ဒါပေမဲ့ ဧပြီလကုန်ပိုင်းအထိ သုံးလနီးပါးသာကြာသွားတယ်။ ဘာအဖြေ မှ မရရှိခဲ့ပါဘူး။

          သမ္မတဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ဆက် သွယ်ကြည့်ရာမှာတော့ မြန်မာနိုင်ငံမှာ အိမ်ခြေရာမဲ့အားလုံး ထက် လမ်းပေါ်က လေလွင့်ကလေးငယ်များအတွက်ပဲ ဆောင် ရွက်နေတဲ့ ကိစ္စတွေသာ ရှိတယ်လို့ဆိုပါတယ်။

          ”အခုသန်းခေါင်စာရင်းမှာ အိမ်ခြေရာမဲ့တွေ အခြေအနေ ကို ထည့်သွင်းကောက်ယူနေတယ်လို့ သိရတယ်။ နောက်တစ်ခုက အိမ်ခြေရာမဲ့တွေမှာ တစ်ဦးချင်းနေထိုင်နေသူများနဲ့ မိသားစု လိုက် အိမ်ခြေရာမဲ့ဖြစ်နေသူတွေဆိုပြီး ခွဲခြားဖြေရှင်းဖို့ လိုပါ တယ်။ အဲဒီစာရင်းတွေ အတိအကျထွက်ပေါ်လာရင်တော့ အိမ် ခြေရာမဲ့အရေးကို ဖြေရှင်းနိုင်ဖို့အတွက် ခိုင်လုံတဲ့ ကိန်းဂဏန်း တွေ ထွက်လာမှာဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

          အိမ်ခြေရာမဲ့တွေအတွက် အစိုးရက စီစဉ်ဆောင်ရွက်နေ တာကို ဒေါ်ခင်ဝိုင်းကြည်က ကြားထားမိတယ်လို့ ပြောပါတယ်။

          ”အားလုံးပေါင်း(အိုးမဲ့အိမ်မဲ့)လူဦးရေက ဘယ်လောက် ရှိလဲ။ အဲဒါတွေကို ဘယ်လိုလုပ်ပေးရမလဲဆိုပြီးတော့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ဘယ်ဒေသမှာ ဘယ်လောက်ရှိလဲဆိုတာကို တတ်နိုင်သမျှ နေရေးကိစ္စ အဆင်ပြေသွားအောင် နိုင်ငံတော်က စီစဉ်နေပါတယ်”လို့ သူက ဆိုပါတယ်။

          အိမ်ခြေရာမဲ့တွေကို တွေ့ဆုံမေးမြန်းတဲ့အခါမှာတော့ ယနေ့အချိန်အထိတော့ အစိုးရဘက်က ဆောင်ရွက်နေတာတွေ ကို မကြုံဖူးသေးပါဘူးလို့ ကျွန်တော့်ကို ပြောပြကြပါတယ်။

မေတ္တာဖြင့် ကူညီသူများ

          လောလောဆယ်မှာတော့ စားရေး၊ သောက်ရေးအတွက် တတ်အားသမျှ ကူညီပေးနေတဲ့ ဘုန်းကြီးကျောင်းအချို့တော့ ရှိ ကြပါတယ်။ အထူးသဖြင့် အခြေခံလူတန်းစားများတဲ့နေရာတွေမှာ ဘုန်းကြီးကျောင်းတချို့ဟာ ဆွမ်းထမင်း၊ ဆွမ်းဟင်းအချို့ ကို နေ့လယ်စာအဖြစ် မရှိဆင်းရဲသူတွေကို စွန့်ကြဲပေးကမ်းတတ်ကြ ပါတယ်။

          သမိုင်းဘူတာနားမှာနေတဲ့ အိုးမဲ့အိမ်မဲ့တွေ နေ့စဉ် အစား အစာတွေ သွားယူကြတဲ့ နေရာတစ်နေရာ ရှိပါတယ်။ အဲဒီနေရာ ကတော့ သမိုင်းခုံးတံတားအနီး၊ လှိုင်မြို့နယ် ဗဟိုလမ်းမပေါ်မှာ ရှိတဲ့ မေတ္တာဝါဒီ စာသင်တိုက်ပဲ ဖြစ်ပါတယ်။

          အဲဒီစာသင်တိုက်မှာ နေ့လယ် ၁၂ နာရီဆိုရင် အိမ်ခြေရာ မဲ့တွေဟာ ပလတ်စတစ်အိတ် ကိုယ်စီ၊ ခွက်ကိုယ်စီနဲ့ တန်းစီကြ ပါတယ်။

          မေတ္တာဝါဒီစာသင်တိုက်ဟာ အိမ်ခြေရာမဲ့နဲ့ ဆင်းရဲနွမ်းပါး သူတွေကို ကျွေးမွေးလာတာ အနှစ်နှစ်ဆယ်ကျော်ရှိပြီ ဖြစ်တယ် လို့ ဆွမ်းစားကျောင်းတာဝန်ခံ ဦးနရိန္ဒက ရှင်းပြပါတယ်။ ထမင်း၊ ဟင်းလာယူကြတဲ့အရေအတွက်ဟာ လက်ရှိမှာ လူခြောက်ဆယ် လောက်ရှိတယ်လို့ ဦးဇင်းက မိန့်ပါတယ်။ အရင်ကတော့ ဒီထက် များတယ်လို့ဆိုပါတယ်။

          ”အရင်ကဆိုရင် ဒီဆွမ်းစားကျောင်းပေါ်တောင် ခေါ်ကျွေး တာ။ အခုတော့ သူတို့ထည့်စရာတွေ ယူလာတယ်။ ကြွပ်ကြွပ် အိတ်တို့၊ ဘာတို့နဲ့ပေါ့”လို့ ဦးနရိန္ဒက မိန့်ပါတယ်။

          စစ်အစိုးရလက်ထက်တုန်းကဆိုရင် ထောက်လှမ်းရေးတွေ သင်္ကာမကင်းဖြစ်ကြတာတောင် ရှိတယ်လို့ဆိုပါတယ်။

          ”အရင်က ထောက်လှမ်းရေးတို့၊ ဘာတို့ လာတယ်။ သူတို့ က စုစုဝေးဝေးမြင်တော့ တစ်မျိုးမြင်တာပေါ့လေ”လို့ မိန့် ပါတယ်။

          ”ဦးဇင်းတို့ကတော့ နိုင်ငံရေးမပါဘူး။ ပရဟိတလုပ်တာ။  ကိုယ်တတ်နိုင်သလောက်စောင့်ရှောက်တာပေါ့”

          လှိုင်မြို့နယ်၊ သမိုင်းဘူတာအနီး ရထားသံလမ်းဘေးက ညောင်ပင်ကြီးတစ်ပင်ရဲ့အောက်မှာ နေထိုင်တဲ့ ကိုဖိုးလပြည့်ဆို ရင် ဒီကျောင်းကနေ ထမင်း၊ ဟင်းတွေကို တောင်းယူစားသောက် နေရတာဖြစ်ပါတယ်။

          တကယ်တော့ အသက် ၃၂ နှစ်အရွယ် ကိုဖိုးလပြည့်ဟာ နိုင်ငံတော်ရဲ့တာဝန်ကို အသက်နဲ့ရင်းပြီး ထမ်းဆောင်ခဲ့ရတဲ့ စစ်မှု ထမ်းဟောင်းတစ်ယောက်ဖြစ်ပါတယ်။ သူဟာ တိုက်ပွဲမှာ မိုင်း နင်းမိပြီး ညာခြေထောက် ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဒဏ်ရာကြောင့် ပဲ သူ တပ်ထဲကနေ ဆေးပင်စင်နဲ့ မနှစ်က ထွက်ခဲ့ရပါတယ်။

          တပ်ကထွက်ပြီး ဖခင်ဖြစ်သူနဲ့ နေနေပါသေးတယ်။ ဖခင် က သူပင်စင်ခံစားခွင့်ရတဲ့ ကျပ်ခုနှစ်သိန်းကိုသုံးပြီး ပုသိမ်မှာ အိမ်အသစ်ဆောက်လုပ်လိုက်ပါတယ်။ နောက်ပိုင်း ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြုသွားတဲ့အခါမှာ အဆင်မပြေတဲ့အဆုံး သူ့ ပိုက်ဆံနဲ့ ဆောက်လုပ်ထားတဲ့ အိမ်အသစ်ပေါ်ကနေ ကိုဖိုး လပြည့် ဆင်းလာခဲ့တော့တယ်။ အဓိကပြ ဿ       နာကတော့ မိထွေး ဖြစ်သူနဲ့ မတည့်တာကနေ စကားများရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်း လာရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်ထဲက လမ်းမတွေပေါ်ကို ရောက်လာခဲ့တာပါ။

          နိုင်ငံတော်အတွက် ခြေထောက်တစ်ဖက်ပေးခဲ့ရတဲ့ ကိုဖိုး လပြည့်ဟာ အခုတော့ လမ်းပေါ်မှာနေ၊ လမ်းပေါ်မှာ အိပ်ဘဝကို ရောက်နေပါတယ်။ ကိုဖိုးလပြည့်ဟာ ဝင်ငွေရဖို့အတွက် သမိုင်း ဈေးဘူတာမှာ ကုန်ထမ်းပါသေးတယ်။ ဒါပေမဲ့ တစ်ခါဆို ဆို သလောက် ကံမကောင်းစွာနဲ့ သူ့ခြေတုက ခြေဖဝါးတစ်ဖက် ပြုတ်ထွက်သွားခဲ့ရတယ်။ အဲဒီနောက်ပိုင်းတော့ ဘာအလုပ်မှ မလုပ်ကိုင်နိုင်တော့ဘဲ မေတ္တာဝါဒီဘုန်းကြီးကျောင်းက စွန့်ကြဲတဲ့ အစားအသောက်ကိုပဲ မှီခိုနေရတယ်။

          သူနေထိုင်တဲ့ ညောင်ပင်ကြီးနားလေးမှာ ရေဆိုးမြောင်း တစ်ခုရှိတယ်။ ညောင်ပင်အောက်မှာတော့ မြက်ဖျာနှစ်ချပ်ခင်း ထားတာကို တွေ့ရတယ်။ ညောင်ပင်ခြေရင်းမှာတော့ သူ့ရဲ့ပိုင် ဆိုင်ရာ ဥစ္စာပစ္စည်းတွေဖြစ်တဲ့ အဝတ်အစားထည့်တဲ့ ကျောပိုး အိတ်ကလေးတစ်လုံးနဲ့အတူ ခြင်ထောင်နဲ့ စောင်တွေကို စီစီရီရီ ခေါက်ပြီး ပုံထားတာကို တွေ့ရတယ်။ ဒီနေရာမှာ ပစ္စည်းတွေ ထားရတာလည်း စိတ်မချရဘူးလို့ သူက ပြောပြပါတယ်။

          ”ဟိုတစ်လောက အခိုးခံလိုက်ရတယ်”လို့ ဆိုရင်း သူ့မျက် နှာနဲ့ ခြေလက်တွေပေါ်မှာ အုံခဲနေတဲ့ ယင်ကောင်တွေကို မောင်း ထုတ်လိုက်တယ်။

          သာမန်လူတွေအတွက် သိပ်တန်ကြေးမရှိနိုင်ပေမယ့် အခိုးခံလိုက်ရတဲ့ သူ့ကျောပိုးအိတ်လေးထဲမှာ သူ့အတွက်တန်ဖိုး မဖြတ်နိုင်တဲ့ ပစ္စည်းတစ်ခု ပါသွားပါတယ်။ အဲဒါကတော့ ခြေတု လဲဖို့ စာရွက်စာတမ်းအထောက်အထားတွေပဲဖြစ်ပါတယ်။

          ”အခု ခြေတုသွားလဲဖို့တောင် ဒုက္ခတွေရောက်နေတယ်”လို့ စိတ်မကောင်းဖြစ်နေဟန်နဲ့ သူက ပြောပြပါတယ်။

          လက်ရှိ သူ့ခြေတုတစ်ဖက်ကလည်း ဖဝါးပြုတ်ထွက်နေပြီး သွားရလာရတာ အဆင်မပြေတဲ့အကြောင်း သူက ဆိုပါတယ်။ သူ က ခြေထောက်မကောင်းပေမယ့် အလုပ်ကိုတော့ လုပ်ချင်ကိုင် ချင်စိတ်ရှိတယ်လို့ ဆိုပါတယ်။

          ”ခြေထောက်ကောင်းလို့ အလုပ်လုပ်နိုင်မယ်ဆိုရင်တော့ ဂိတ်စောင့်အလုပ်တော့ လုပ်နိုင်တယ်”လို့ ဆိုပါတယ်။

          ဒါပေမဲ့ ခြေတုတစ်ဖက်နဲ့ သွားလာလှုပ်ရှားနေရတဲ့သူတွေ ကို ဂိတ်စောင့်အဖြစ် ခန့်တဲ့နေရာတွေက မရှိသလောက်ပါပဲ။လမ်းပေါ်မှာနေထိုင်တဲ့ သူ့အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုပြုလုပ် တဲ့နေရာက သမိုင်းဈေးထဲမှာ ဖြစ်ပါတယ် ။

          ”ရေချိုးတာကတော့ နေ့တိုင်းသွားချိုးဖြစ်တယ်။ ဈေးနား မှာ သွားချိုးတာ။ တစ်ခါချိုးရင်တော့ တစ်ရာပေးရတယ်။ ကြိုက် သလောက်ချိုး၊ ဝအောင်ချိုးလို့ရတယ်”လို့ သူက ပြောပြပါတယ်။ အဲဒီအတွက် ပိုက်ဆံကိုတော့ သူ့ကို သားတစ်ယောက်လို ခင်တဲ့ သူနေထိုင်တဲ့ သမိုင်းဘူတာနားမှာ ပလတ်စတစ်လျှော်တဲ့ အလုပ် လာလုပ်ကိုင်တဲ့  အဒေါ်ကြီးတစ်ဦးက ပေးတယ်လို့ ဆိုပါတယ်။

သံသယရဲ့ သားကောင်များ

          လမ်းပေါ်မှာနေ၊ လမ်းပေါ်မှာစားကြရတဲ့ အိုးမဲ့အိမ်မဲ့တွေကို အစိုးရက လက်ရှိကာလမှာ အကူအညီသာ မပေးသေးတာ၊ ရာဇဝတ်မှုလျှော့ချရေး ခေါင်းစဉ်အောက်ကနေပြီး ဖမ်းဆီးတာ တွေတော့ ရှိနေပါတယ်။

          သီရိမင်္ဂလာဈေးတစ်ဝိုက်မှာ ဂါလီ(ထိုင်စရာကူရှင် မပါတဲ့ ဆိုက်ကား)နင်း၊ ဂါလီပြင်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်ဌေး ပြောပြတာက သူကိုယ်တိုင် နှစ်ကြိမ်အဖမ်းခံရဖူးတယ်လို့ ပြောပြ ပါတယ်။ သူတို့ကို သီရိမင်္ဂလာဈေးအနီးက ပိတောက်ချောင်းရဲ စခန်းက ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။

          ”ကျွန်တော်ကိုယ်တိုင် နှစ်ကြိမ်ပါဖူးတယ်။ လမ်းပေါ်အိပ် တဲ့သူတွေကို လေး၊ ငါး၊ ခြောက်ယောက် ဝိုင်းလာပြီးတော့ ဖမ်း သွားတာ။ တစ်ခါတည်း လက်ထိပ်ခတ်ပြီးခေါ်သွားတာ။ မသင်္ကာ မှုနဲ့ပေါ့။ တစ်ခါကျရင် တစ်လ၊ နှစ်လ၊ သုံးလပေါ့။ အမြင်ကပ်ရင် ခြောက်လစီလောက်ကျတယ်”လို့ သူက ပြောပြပါတယ်။

          ”ဖမ်းရင်လည်းခံရမှာပေါ့။ လိုက်သွားရမှာပဲလေ”

          ပိတောက်ချောင်းရဲစခန်းက တာဝန်ရှိသူတစ်ဦးကို မေး ကြည့်တော့ ဒီလိုလမ်းပေါ်မှာနေတဲ့လူတွေကို ဖမ်းရတာဟာ ပြည် သူလူထုလုံခြုံရေးအတွက် ဖမ်းဆီးရတာဖြစ်တယ်လို့ ဆိုပါတယ်။

လမ်းပေါ်မှာနေထိုင်တဲ့ လူအများစုအနက် တချို့ ငယ်ရွယ်တဲ့ ကလေးငယ်တွေက လမ်းကြိုလမ်းကြားတွေမှာ စွန့်ပစ်ပစ္စည်း တွေလိုက်လံ ကောက်ကြပြီး လူလစ်ရင် ခိုးတတ်ဝှက်တတ်ကြ တယ်လို့ စခန်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ ဖမ်းဆီးတဲ့အခါမှာ လည်း အပြစ်ရှိတဲ့လူတွေကိုသာ ဖမ်းဆီးတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

          ”သူတို့မှာ ဘာပြစ်မှုတွေတွေ့ရသလဲဆိုတော့ နေ့ခင်းဘက် အိမ်ကြိုအိမ်ကြားသွားတယ်၊ ပစ္စည်းတွေကောက်တယ်၊ လစ်ရင် ခိုးတယ်၊ အဲဒီလိုမျိုးတွေ့ရတတ်တယ်။ အဲဒါကြောင့်မို့လို့ ထိန်း သိမ်းတဲ့သဘောနဲ့ သူတို့ကို ဖမ်းတယ်။ ပြီးတော့ စည်ပင်ကို ပို့ပေး တယ်”လို့ ရှင်းပြပါတယ်။

          အခုကိစ္စနဲ့ ပတ်သက်ပြီးတော့  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ဌာနကို စာတင်ကာ မေးမြန်းခွင့်တောင်းခံခဲ့သော်လည်း တာဝန် ရှိသူတွေက ပြန်လည်ဖြေကြားခြင်းမပြုနိုင်ဘူးလို့ ငြင်းဆိုခဲ့ ပါတယ်။

          ဦးသိန်းစိန်အစိုးရတက်လာတဲ့ သုံးနှစ်တာကာလမှာ အချို့ ကဏ္ဍတွေ၊ အချို့အလွှာတွေမှာ တိုးတက်မှုတွေ၊ ပြောင်းလဲ မှုတွေ ကို တွေ့နေကြရပေမယ့် အောက်ဆုံးအလွှာရဲ့ အောက်ဆုံးမှာ ရှိကြတဲ့ ကိုကျော်ဌေးတို့လို လူတွေအတွက်တော့ ဘာမှ မည်မည် ရရ ပြောင်းလဲတာကို မတွေ့ရသေးပါ။

          ”တက်ချင်တဲ့ လူ တက်၊ ကိုယ်နဲ့မဆိုင်ဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ”လို့ ကိုကျော်ဌေးက ခပ်ပြတ်ပြတ်ပြောပါတယ်။

Photo: Thet Oo Mon           မေတ္တာဝါဒီစာသင်တိုက်ဘေးတွင် ထမင်းစားနေသော အိမ်ခြေရာမဲ့တစ်ဦး

ကိုကျော်ဌေးဟာ အမျိုးသမီးဖြစ်သူနဲ့အတူ ဈေးအနီးမှာ ကျင်လည်ပြီး ဈေးမှာပဲ အိပ်ကြတာဖြစ်ပါတယ်။

          အစိုးရက သူတို့အတွက် တစ်ခုခုလုပ်ပေးမယ်ဆိုရင် ကိုကျော်ဌေးတို့လို အိုးမဲ့အိမ်မဲ့တွေအလိုချင်ဆုံးအရာက ဟိုဟာ လုပ်ခွင့်၊ ဒီဟာလုပ်ခွင့်၊ ဟိုပရောဂျက်လုပ်ခွင့်၊ ဒီပရောဂျက်လုပ် ခွင့်တွေ မဟုတ်ရပါဘူး။ လေးဖက်လေးတန် တိုင်ထောင်ပြီး အမိုး အကာပါတဲ့ ကျောခင်းစရာ အိမ်လေးတစ်လုံးမျှသာ ဖြစ်ပါတယ်။

          စစ်မှုထမ်းဟောင်းတွေကို ငဲ့ညှာသောအားဖြင့် အစိုးရက တစ်ခုခုလုပ်ပေးမယ်ဆိုရင် ကိုဖိုးလပြည့်က လောလောဆယ် သူလိုချင်တဲ့အရာတစ်ခုရှိတယ်လို့ ပြောပါတယ်။ အဲဒီအရာဟာ အခုအချိန်မှာ ပိုက်ဆံရှာဖို့ သူ အရေးတကြီး လိုအပ်နေတဲ့ အရာ ဖြစ်ပါတယ်။ အဲဒါသာရရင် သူ့အခက်အခဲတချို့ကို ဖြေရှင်းနိုင် ကောင်း ဖြေရှင်းနိုင်ပါလိမ့်မယ်။

          သူလိုနေတဲ့အရာကို ရထားသံလမ်းဘက်ကို ငေးမျှော် ကြည့်ရင်း သူက  အခုလိုပြောလိုက်တယ်။

          ”စစ်မှုထမ်းဟောင်းတစ်ယောက်ကို နိုင်ငံတော်က ပေး မယ်ဆိုရင်တော့ ခြေထောက်လေးပဲ ပြန်ကောင်းချင်တယ်” ။           ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here