Home သတင်းဆောင်းပါး အေအာတီဆေး အမြန်ဆုံးပေး အပိုင်း(၂)

အေအာတီဆေး အမြန်ဆုံးပေး အပိုင်း(၂)

148
0
Advertise Here

Photo : Zayar Hlaing   အာသောကာရာမဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော HIV ပိုးရှိသူများ နားခိုရာနေရာ

ဒီဇင်ဘာ-၂၀၁၂ – ဇန်န၀ါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ဥာဏ်လင်း နှင့် ဇေယျာလှိုင် ရေးသည်။

Advertise Here

ထိုရောဂါနှင့်ပတ်သက်၍ မီဒီယာများမှတစ်ဆင့် အသိ ပညာပေးခြင်းများ လုပ်ဆောင်နေသော်လည်း HIV ပိုးရှိသူများ နှင့် လက်ဆွဲနှုတ်ဆက်ရလျှင်ပင် ရောဂါကူးစက်ခံရမည်စိုးသော ကြောင့် လက်ဆွဲမနှုတ်ဆက်ဝံ့သူများ၊ အိုးခွက်ပန်းကန် အတူ သုံးလျှင်ပင် ရောဂါကူးစက်မည့် သဘောထားမျိုး၊ အိမ်သာအတူ သုံးလျှင်ပင် ရောဂါကူးစက်ခံရမည့်အယူအဆမျိုးကို ခေတ်မီပါ သည်ဆိုသော ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများတွင်ပင် တွေ့ နေရသည်ဟုဆိုပါသည်။

ရန်ကုန်တွင် ယောက္ခမများရှိသောကြောင့် နေရေးထိုင် ရေးအတွက်တော့ ပူပင်စရာလိုမည်မဟုတ်ဟု ကျိန်းသေပေါက် တွက်ကာ ရန်ကုန်ကို ဆင်းလာခဲ့သည့် ကိုတင်ထွန်းဆိုလျှင် ခွဲခြားဆက်ဆံမှုဒဏ်ကို တော်တော်ကြီးခံစားလိုက်ရသည်။

သူတို့လင်မယားနှစ်ယောက်စလုံးမှာHIV ရှိနေကြပြီဆို သည်ကို ယောက္ခများကသိသည်နှင့် သမီးနှင့် သမက်အား အဖက်မတန်သလို ဆက်ဆံလိုက်ကြသည်ကို ကိုတင်ထွန်း ယခု အထိ ရင်နာနေတုန်း။

“ကျွန်တော်တို့ကို ရေတောင်မတိုက်ဘူးဗျ၊ တော်တော် ခံစားလိုက်ရတယ်” ဟု ကိုတင်ထွန်းက ဆိုသည်။

ထိုစဉ်က အကြောင်းတွေကို ပြန်ပြောင်းပြောပြနေသည့် ကိုတင်ထွန်းအသံတွင် ဝမ်းနည်းမှု၊ ကြေကွဲမှုနှင့် နာကြည်းမှုတို့ ရောစပ်ပါဝင်နေသည်။

HIV ရှိသူများကို ပတ်ဝန်းကျင်က ကြောက်ရွံ့ခြင်း၊ ခွဲခြား ဆက်ဆံခြင်းများသည် ပိုးရှိသည့်သူများအတွက် ကုသစောင့် ရှောက်မှုများခံယူရေးကိစ္စတွင် အတားအဆီးများဖြစ်နေတတ် သည်ဟု UNAIDS မှ ဒေါက်တာစိုးနိုင်ကဆိုပါသည်။

“ခွဲခြားဆက်ဆံခံရမှာရှက်လို့ အသေသာခံလိုက်တော့ မယ်။ ဆေးသွားမယူဘူးဆိုတာတွေရှိတယ်။ သွေးအဖြေပေါ်ရင် ဒုက္ခ ရောက်ရချေရဲ့၊ ငါ့လုပ်ငန်းထိခိုက်ရချေရဲ့၊ လူမှုရေးတွေ ထိခိုက် ရချေရဲ့ဆိုတဲ့ကိစ္စတွေကြောင့် သွေးတောင်လာ မစစ်ဘူး။ ကုသမှုတောင် သွားမခံတာအများကြီး” ဟု ဒေါက်တာစိုးနိုင်က ပြောပြသည်။

“အဲဒါတွေကိုမကိုင်တွယ်ဘဲနဲ့ ဆေးတွေကို ကြော့နေ အောင်ပေးမယ်၊ ဆေးခန်းတွေကိုလည်း ပျံနေအောင်လုပ်ထား မယ်ဆိုရင်တောင် ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံနေကြမယ် ဆိုရင်မဖြစ်သေးဘူး။ ဒါဟာ စိန်ခေါ်မှုတွေ၊ အဟန့်အတား တွေပဲ”

HIV  ရှိသူများအား ခွဲခြားဆက်ဆံနေမှုများ လျော့ကျရေး လှုပ်ရှားမှုများတွင် နာမည်ကျော်အနုပညာရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ပြည်သူလူထုလေးစားခံရသည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးသမားများလည်း ပူးပေါင်းပါဝင်သင့် ကြောင်း ဒေါက်တာ စိုးနိုင်က အကြံပြုသည်။

ယခုအခါ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးအတွက် UNAIDS က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၄င်းတို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ သံ တမန်အဖြစ် လောလောလတ်လတ် ရွေးချယ်ခန့်အပ်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ တစ်ကမ္ဘာလုံးက ချစ်ခင် လေးစားရသည့်သူမျိုးကို ယင်းရာထူးခန့်အပ်လိုက်သည့် အတွက် ခွဲခြားဆက်ဆံမှုများအား တိုက်ဖျက်ရာတွင် ပိုမိုထိ ရောက်မှုများရှိလာလိမ့်မည်ဟုHIV ၊ AIDS တိုက်ဖျက်ရေး အဖွဲ့များက မျှော်လင့်ထားကြသည်။

HIV ရှိသူများ ရင်ဆိုင်ကြုံတွေ့နေရသည့် နောက်ထပ် စိန်ခေါ်မှုတစ်ခုမှာ အသက်ရှင်နေသေးသည့်အချိန်အတွင်းမှာ ၄င်းတို့၏ စားဝတ်နေရေးအတွက် အလုပ်အကိုင်များ ရရှိမှု မသေချာ၊ မရေရာမှုပင်ဖြစ်သည်။

HIV ရှိနေသူများအဖို့ အလုပ်တစ်ခုရရန် မသေချာ သကဲ့သို့ အလုပ်ရပြန်လျှင်လည်း အချို့လုပ်ငန်းများတွင် HIV ရှိသူများကို ခွဲခြားဆက်ဆံသည်များရှိသည်ဟုဆိုပါသည်။ သို့ ဖြစ်ရာ ထိုသို့ခွဲခြားဆက်ဆံမှုက ၄င်းတို့၏ လူမှုဘဝပေါ် သက် ရောက်မှုရှိရုံသာမက ဘဝရပ်တည်ရေးအတွက်ပါ ဆိုးကျိုးများ သက်ရောက်လာတော့သည်။

အသက် ၄၂ နှစ်အရွယ် ဦးမောင်မောင် (အမည်လွှဲ) အတွက်တော့ နွေးထွေးစွာ လက်ခံမည့် မိသားစုဟူ၍လည်းမရှိ၊ ယခင်တုန်းကလို အမောမခံနိုင်တော့သောကြောင့် အလုပ်ကြမ်း ကိုလည်း မလုပ်နိုင်တော့ရာ သူ၏ အနာဂတ်မှာ ဘာဆိုဘာမှ ခန့်မှန်းထားလို့မရပါ။ လောလောဆယ် တူမတစ်ယောက်က ထောက်ပံ့ပေးထားသော ငွေစ၊ ငွေနလေးနှင့် မနွေးနွေးတို့ တည်းခိုရာ ဘုန်းကြီးကျောင်းမှာ လာစတည်းချနေရသည်။

“တူမက အိမ်မှာ ကလေးငယ်လေးတွေ ရှိတယ်၊ ကျွန်တော်ရှိလို့ မသင့်တော်ဘူးဆိုပြီးတော့ ကျွန်တော်ကို ဒီကို လာ ပို့ထားတာ”ဟု ချောင်းတဟွတ်ဟွတ်ဆိုးနေသည့်ကြားမှ ဦးမောင်မောင်က မချိတင်ကဲဖြစ်လေဟန်ဖြင့် ပြောပြသည်။

စကားလေး၊ ငါးခွန်းပြောလိုက်၊ ချောင်းဆိုးလိုက်ဖြစ်နေ သော ဦးမောင်မောင်၏မျက်နှာတစ်ခုလုံးသည် အမ်းနေသည်။ အသက်ကသာ ၄၂ နှစ်ဆိုသော်လည်း ဘဝ၏ အထုအထောင်း၊ အကျောက်အကန်တို့ကို ခံစားလာရသည့်အတွက်ကြောင့်လား မဆိုတတ်၊ ဦးမောင်မောင်ကို ကြည့်ရသည်မှာ အသက် ၆ဝ နီးပါး ရှိပြီလားဟုထင်ရလောက်အောင် ရုပ်က တော်တော် ကျသွားသည်။ အသားအရေမှာလည်း မည်းညစ်ကာ အရေများ တောင်တွန့်ချင်နေပြီ။

ဦးမောင်မောင်က အရင်တုန်းက စစ်သား။ အတန်းပညာ ၆ တန်းပဲနေခဲ့ရပြီး သူ့ဘဝတစ်လျှောက်လုံး စစ်တပ်ထဲတွင် ကျင်လည်ခဲ့သည်မှာ နောက်ဆုံးပြစ်ဒဏ်ဖြင့် ထွက်မလာသေး ခင်အထိဖြစ်သည်။ ငယ်ရွယ်စဉ်တုန်းက ဦးမောင်မောင် အပျော် လည်း ဖက်သည်၊ အရက်လည်းသောက်တတ်သည်။ ဘဝတစ်ခု ကို ပျော်ပျော်ပါးပါးဖြင့် ဖြတ်သန်းခဲ့သူတစ်ယောက်ဖြစ် သည်။

ဇနီးဖြစ်သူနှင့် သားဦးလေး တီဘီရောဂါဖြင့် ပြီးခဲ့သည့် နှစ်က ရှေ့ဆင့်နောက်ဆင့် ဆုံးသွားပြီးနောက်ပိုင်းမှာတော့ ဦးမောင်မောင်၏ ဘဝတစ်ခုလုံး ချာချာလည်သွားတော့သည်။ ဇနီးဖြစ်သူက ဆုံးတုန်းက ၃၅ နှစ်၊ ကလေးက ခုနစ်လ။

ထိုအချိန်မှစကာ မိုးလင်း၊ မိုးချုပ် အရက်တွေ သောက် သည်။ စိတ်ညစ်ညစ်နှင့် ဘဝကို ဖြစ်ချင်တာဖြစ်၊ ရောက်ချင်ရာ ရောက်ဟုဆိုကာ ရေစုန်မျှောပစ်သည်။

သို့သော် သိပ်ကြာကြာ ရေစုန်မမျှောလိုက်ရပါ။ ဦးမောင်မောင် တွင်လည်း တီဘီလက္ခဏာများ စပြလာသည်။ ညဘက်၊ ညဘက် ချောင်းဆိုးလွန်းသောကြောင့် ကောင်းကောင်းမအိပ်နိုင်။ နေ့ လည်းဆိုး၊ ညလည်းဆိုးနှင့် နောက်ဆုံးတော့ အိမ်နီးချင်းများက သူ့ကို တီဘီများဖြစ်နေသလားဟု သံသယရှိကာ ဆေးစစ်ခိုင်း ကြသည်။

ထင်သည့်အတိုင်း ဦးမောင်မောင်မှာ တီဘီဖြစ်နေပြီ။ အောင်ဆန်းဆေးရုံမှာ တက်ရောက်ကုသရင်း သွေးစစ်ကြည့် တော့ သူ့မှာ HIV ပါ ရှိနေပြီတဲ့။

မင်္ဂလာဒုံဘက်မှာရှိသည့် သူ၏ ရပ်ကွက်ကို ပြန်ရောက် တော့ သူ့သတင်းကို ကြားထားသော ရက်ကွက်က လူတွေက သူ့ကိုရှောင်ကြသည်။ ညနေခင်း အိမ်အောက်ဆင်းပြီး လေညင်း ခံလျှင်ပင် သူ့ကို မြင်လျှင် ရပ်ကွက်ထဲကလူများက လာလမ်း အတိုင်း ပြန်ကွေ့သွားကြသည်ဟုဆိုသည်။ သူ့ကို အဖက်လုပ်ပြီး နှုတ်ဆက်ဖို့ကား ဝေးစွ။

ကိုယ်ခံအားကောင်းလာပြီး နေကောင်းသည့်အခါ ဘယ် ပြန်မှာတုံးဟုမေးလိုက်တော့ ချောင်းတဟွတ်ဟွတ်ဆိုးနေ သည့်ကြားမှ ရန်ကုန်ကတူမများက လက်မခံလျှင် ဧရာဝတီတိုင်း ဘက်က အမျိုးတွေဆီသွားနေမည်ဟုဆိုသည်။

တောက အမျိုးများကတော့ သူ့အပေါ် ကောင်းကောင်းမွန် ဆက်ဆံလိမ့်မည်၊ ကျွေးမွေးထားလိမ့်မည်ဟု ဦးမောင်မောင် ယူဆထားသည်။

ဘာကြောင့် ထိုသို့ယူဆထားသလဲဆိုတော့ “တောသူ တောင်သားတွေက ဒီရောဂါအကြောင်း မသိကြဘူး” ဟု ယုံကြည်မှုအပြည့်ရှိသော အသံဖြင့် ဦးမောင်မောင်ကဆိုသည်။

ကျေးလက်တောရွာများက ဤရောဂါနှင့်ပတ်သက်လျှင် သိကြမည်မဟုတ်ဟု ဦးမောင်မောင်က တစ်ထစ်ချယုံကြည် ထားသော်လည်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အင်မတန်ခေါင် ခိုက်သောရွာမှ ရန်ကုန်ကို ဆေးလာရှာသည့် ကိုမြင့်ဦး (အမည် လွှဲ)တို့ လင်မယားနှစ်ယောက်ကတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ မည်သို့ နေထိုင်သွားပါ့ဟု စဉ်းစားကာ ဝန်လေးနေကြသည်။

သူတို့ ပတ်ဝန်းကျင်တွင် ဤရောဂါရလျှင် အပျော် အပါးလိုက်စား၍ရသည်ဟု အများစုက ထင်မှတ်ထား ကြရာ ယင်း၏ဂယက်ကို လင်မယားနှစ်ယောက်ကြံ့ကြံ့ခံကြရမည် ဖြစ်သည်။ လူဦးရေ ၃ဝဝ ဝန်းကျင်ရှိသည့် သူတို့ရွာက ယခု တောင် သူတို့လင်မယားကို မခေါ်ချင်၊ မပြောချင်ဖြစ်နေကြ သည်ဟုဆိုပါသည်။

သူတို့ရွာကား မြို့နှင့် ၃၅ မိုင်အကွာတွင်ရှိသည်။ မိန်းမ ဖြစ်သူက ကောက်စိုက်ချိန် ကောက်စိုက်လိုက်၊ ကောက်ရိတ်ချိန် ကောက် ရိတ်လိုက်၊ ယောက်ျားဖြစ်သူကတော့ သူများလယ်မှာ သူရင်းငှားအလုပ်ရင်းဖြင့် ဆင်းဆင်းရဲရဲ အသက်မွေးကြရသည်။

လင်မယားနှစ်ယောက်စလုံးမှာ HIV ပိုးရှိနေကြသည့် ကိုမြင့်ဦးတို့ ဇနီးမောင်နှံထံသို့ နောက်ထပ် လေးလလောက်ဆိုလျှင် ရတနာလေးတစ်ခုရောက်လာတော့မည်။ ထိုသို့ ရောက်လာမည့် သားဦးရတနာ (သို့ ) သမီးဦးရတနာရမည့် အချိန်ကို စောင့်မျှော်ရင်း ဝမ်းသာသည့်တစ်ချိန်တည်းတွင် ထိုကလေးအတွက် စိုးရိမ်နေကြရပြန်သည်။

လင်မယားနှစ်ယောက်စလုံးအလိုချင်ဆုံးသော ဆုလာဘ် က သူတို့ကလေး ပိုးကင်းစွာဖြင့် မွေးဖွားလာရေးပင်ဖြစ်သည်။ ပြီး တော့ ပညာတတ်တစ်ယောက်လည်း ဖြစ်စေချင်သည်။

လောလောဆယ်တော့ ဆေးခန်းကညွှန်ကြားသည့် အတိုင်း ကလေးဆီကို ပိုးကူးမသွားအောင် မိခင်လောင်းဖြစ်သူက ကာကွယ်ဆေး သောက်နေသည်။

တစ်ခုရှိသည်က မွေးဖွားလာမည့် ကလေးအား ပြုစု ပျိုးထောင်ဖို့ လင်မယားနှစ်ယောက်စလုံး ဆေးပုံမှန် မှီဝဲနိုင်ကြဖို့ တော့ လိုနေလိမ့်မည်ဟု ကိုမြင့်ဦးကဆိုသည်။

လောလောဆယ်တွင် ကိုမြင့်ဦးသည်လည်း ကိုတင်ထွန်း နည်းတူ အေအာတီဆေးရရှိရေးအတွက် တန်းစီနေရသူဖြစ်သည်။

ကိုတင်ထွန်းနှင့်အတူ ဆေးရမည့်အချိန်ကို စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ပေါင်းစည်းတည်ဆောက်ကာ တောင့်ခံရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အေအာတီဆးဝါးဖြန့်ကျက်နိုင်မှုအနေ အထားမှာ လောလောဆယ်တွင် အာရှဒေသတွင်းနိုင်ငံများနှင့် ယှဉ်ကြည့်လျှင် နောက်ပိတ်ဆုံးလောက်တွင် ရှိနိုင်ကြောင်း (MSF-Holland)မှ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးက သုံးသပ်သည်။

“ထိုင်းတို့၊ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေမှာဆိုရင် ဆေး ပေးနိုင်မှုရာခိုင်နှုန်းက တော်တော့်ကို မြင့်ကြတယ်။ ဆေး လို အပ်ရင် အဲဒီနိုင်ငံတွေမှာ သွားယူလို့ရတဲ့နေရာတွေရှိထားပေးတယ်”ဟု (MSF-Holland) မှ ဒီဂရု(တ်)က ဆိုသည်။

Photo : Zayar Hlaing    

အာသောကာရာမဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော HIV ပိုးရှိသူတစ်ဦး

မျှော်လင့်ချက်

သို့သော်လည်း တိုင်းပြည်တွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာမှုကြောင့် အဖွဲ့အစည်း၊ အသင်းအပင်း အလှူရှင်များ မြန်မာနိုင်ငံကို ပိုမိုလှူချင်စိတ်ပေါက်လာလိမ့်မည်ဟု ၄င်းက ခန့်မှန်းထားသည်။

“သုံးနှစ်အတွင်းမှာ (ဆေးလိုအပ်တဲ့) လူအများစု ဆေးရ လာလိမ့်မယ်။ ပြီးတော့ HIV ပတ်ဝန်းကျင်ဟာလည်း အများကြီး ပို ကောင်းလာလိမ့်မယ်” ဟု ဒီဂရု(တ်)ကမှန်းဆသည်။

ယခုနှစ် ၂ဝ၁၂ ကုန်ရင်ကိုပဲ ဆေးရရှိမည့် အရေအတွက် မှာ ၄ဝ,ဝဝဝ ကျော်လောက်ကနေ ၅ဝ,ဝဝဝ လောက်အထိ အရေ အတွက် တိုးတက်လာနိုင်ကြောင်း ဒီဂရု(တ်)က တွက်ဆထား သည်။

UNAIDS မှ ဒေါက်တာစိုးနိုင်ကလည်း ၂ဝ၁၅ အရောက် တွင် ဆေးလိုအပ်သူများ၏ ၈ဝ ရာခိုင်နှုန်း ဆေးရနိုင်သည်ဟု ခန့်မှန်းထားသည်။

“အရင်လို ပိတ်ဆို့မှုတွေ မရှိကြတော့ဘူးဆိုတော့ ပိုပြီး တော့ အဆင်ပြေလာနိုင်စရာအကြောင်းရှိတာပဲ”ဟု ¤င်းက ဆိုသည်။

တစ်ချိန်တည်းတွင် ပြည်ပအလှူငွေကိုပဲ လိုက်မျှော်နေ ကြဖို့ မလိုကြောင်း ဒေါက်တာစိုးနိုင်က ထောက်ပြသည်။

“ပြည်တွင်းမှာလည်း ငွေရှိတဲ့သူတွေရှိတယ်။ သူတို့တစ် တွေ လှူဒါန်းလာကြအောင်လည်း တိုက်တွန်းတာတွေ လုပ် သင့်တယ်”

HIV ။AIDS ရှိသူများအား ဖေးမစောင့်ရှောက်ရေး လုပ် ငန်းများ တစ်လျှောက်လုံးလုပ်လာခဲ့သည့် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဖြူဖြူသင်းကလည်း ဒေါက်တာစိုးနိုင်ကဲ့သို့ ထင်မြင် ယူဆသည်။

“ဒီထဲ(မြန်မာပြည်)မှာရှိနေတဲ့ ချမ်းသာတဲ့သူတွေ၊ စိတ်ပါ ဝင်စားတဲ့သူတွေ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ အလွန်အရေး ကြီးပါတယ်”ဟု သူကဆိုသည်။

နောက်တစ်ကြိမ်ကျင်းပမည့် လွှတ်တော်အစည်းအဝေး တွင်HIV ကိစ္စအပါအဝင် ပျက်စီးယိုယွင်းနေသော ကျန်းမာရေး စနစ်ကြီးနှင့် ပတ်သက်ပြီး အဆိုတင်သွင်းသွားဖို့ရှိကြောင်း လည်း ဒေါ်ဖြူဖြူသင်းကပြောသည်။

သို့ဖြင့် ပွင့်လင်းလာသော နိုင်ငံရေးအခင်းအကျင်းနှင့်အတူ ဆေးလိုသူများအတွက်တစ်နှစ်၊ နှစ်နှစ်အတွင်း၎င်းတို့ လိုအပ် သည့် အေအာတီအသက်ကယ်ဆေး ရရှိရေးအလား အလာ ကောင်းများ တွေ့မြင်နေရသည်ဟု အဖွဲ့အစည်းများကဆိုသည်။

ဆေးမြန်မြန်ရလေ ကောင်းလေဟု တောင့်တနေသော ကိုတင်ထွန်းတို့ကတော့ တစ်နှစ်၊ နှစ်နှစ်ဟူသည်ကိုပင် မစောင့်ဆိုင်းနိုင်ကြပါ။ သူတို့လောလော လတ်လတ် တောင့်တ နေသည်ကတော့ တီဘီကဲ့သို့သော အခြားရောဂါများ မကူးစက်မီ ကိုယ်ခံအားကို အကောင်းဆုံး တည်ဆောက်ထားချင်တာပဲ ဖြစ်သည်။

နောက်တစ်ခုက ၁၄ လ အရွယ် ကလေးငယ်၏ ကျန်းမာ ရေးအခြေအနေပဲဖြစ်သည်။ ထိုကလေး မကျန်းမမာဖြစ်ခဲ့လျှင် ဟူသော သောကစိတ်ကလည်း ကိုတင်ထွန်းနည်းတူ ဇနီးသည် မှာလည်းရှိနေသည်။

ထိုကလေးကို ကိုယ်ဝန်ဆောင်စဉ်တုန်းက ဇနီးသည် ဆေး မသောက်ဖြစ်လိုက်။ သို့အတွက် ကလေးငယ်မှာ မိခင်ဆီက HIV ပိုး ပါသွားလေမည်လားဆိုသည်ကို လင်မယားနှစ်ယောက် စလုံးက စိုးထိတ်နေကြသည်။

နောက်နှစ်လလောက်နေလျှင် ကလေးအား ဆေးစစ် ကြည့်ကြမည်ဟုဆိုသည်။ သွေးအဖြေကား မည်သို့ရှိမည်ကိုမူ လင်မယားနှစ်ယောက်စလုံး မခန့်မှန်းနိုင်။ ခန့်မှန်းလည်း မခန့် မှန်းဝံ့ကြ။

သည်လိုနှင့် သူတို့၏ ရှေ့ရေးအခြေအနေများ ဆွေးနွေးရင်း ကိုတင်ထွန်းတစ်ယောက် ချွေးတွေရွှဲနစ်နေသည်။ ကလေးက သူ့အပေါ် ကုတ်ဖက်တက်ဖို့ကြိုးစားနေသည်။ ဇနီးဖြစ်သူက သူ့ခင်ပွန်း စကားအေးအေးဆေးဆေး ပြောလို့ရအောင် ဖအေပေါ် အတင်းတက်ရန် ကြိုးစားနေသည့်ကလေးကို သူ့ရင်ခွင်ထဲ ပြန်ဆွဲ ခေါ်နေသည်။

ဘာကိုမှ သတိမထားမိတော့သည့် ကိုတင်ထွန်း တစ် ယောက်ကတော့ ချွေးသံရွှဲရွှဲဖြင့် အသက်ကယ်ဆေး အေအာတီ ကို သူအရေးတကြီး ဘာကြောင့် လိုအပ်ရသည့်အကြောင်းကို ပြောလို့ ကောင်းနေတုန်း။

သူထပ်ကာတလဲလဲ ပြောနေတာကတော့ သူ့မိသားစု အနာဂတ်အတွက် အေအာတီဆေးသည် အရေးကြီးဆုံးဆိုတာ ပဲဖြစ်သည်။

”ကျွန်တော့်မိသားစုအတွက် ဒီဆေးကို ကျွန်တော် အမြန် ဆုံး လိုချင်တယ်။ အခြားရောဂါတွေ ဝင်မလာခင်၊ လဲမသွားခင် ကျွန်တော်သောက်ထားချင်တယ်” ။     ။   အပိုင်း(၁)သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here