Home သုံးသပ်ချက် စစ်မက်ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လူသားလုံခြုံရေးလမ်းစဉ်

စစ်မက်ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လူသားလုံခြုံရေးလမ်းစဉ်

208
0
Advertise Here

အကျဉ်းချုပ် – ဤဆောင်းပါးတွင် စစ်မက်ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လူသား လုံခြုံရေး လမ်းစဉ် (Human Security Approach) ဆိုင်ရာ အခြေခံ သဘောတရားများကို ကောင်းနိုးရာရာ ထုတ်နုတ်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဆီလျော်အောင် ပြင်ဆင် ချဲ့ထွင် ရေးသားထားပါသည်။ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွေ့ ဆောင်ရွက်နေသော ကွင်းဆင်း ၀န်ထမ်းငယ်များ၊ စေတနာ့ ၀န်ထမ်းများ၊ ငြိမ်းချမ်းရေး လိုလားသူများ အနေဖြင့် စစ်မက်ပဋိပက္ခ သဘောတရား၊ ငြိမ်းချမ်းရေး အယူအဆများကို လေ့လာရာတွင် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။ ထင်ရှားသော သဘောတရားများကို စုစည်း၍ အကျဉ်းချုပ် ဆွေးနွေးထားပြီး လိုအပ်သော နေရာတွင် သာဓကများ ထည့်သွင်းကာ တင်ပြထားပါသည်။ စာရေးသူ အနေဖြင့် ကုလသမဂ္ဂ၏ လူသား လုံခြုံရေး လမ်းစဉ်ပါ မူဝါဒများကို မြန်မာနိုင်ငံတွင် ဆောင်ရွက်နေလျက် ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ထည့်သွင်း ဆောင်ရွက်နိုင်ပါက ပြည်တွင်း ငြိမ်းချမ်းရေးမှ တစ်ဆင့် ကမ္ဘာ့ ငြိမ်းချမ်းရေးသို့ လျှောက်လှမ်းနိုင်မည် ဟု ယူဆထားပြီး၊ ပြည်တွင်း၌ ဖြစ်ပေါ်နေသော အခြေအနေများကို လက်လှမ်းမီသမျှ သုံးသပ် ဆွေးနွေးထားပါသည်။ အကယ်၍ ဤဆောင်းပါးတွင် အယူဝါဒ သဘောတရား ရေးရာ ကွဲလွဲ မှားယွင်းမှု တစ်စုံတစ်ရာ ရှိနေပါက မူရင်း ရေးသားသူ ပညာရှင်တို့၏ ချွတ်ချော်မှုကြောင့် မဟုတ်ဘဲ ဤစာရေးသူ၏ ယူဆချက် မှားယွင်းခြင်း၊ ဖွင့်ဆိုချက် ညံ့ဖျင်းခြင်း ဟု မှတ်ယူစေလိုပါသည်။

၁။ မြန်မာနိုင်ငံနှင့် စစ်မက်ပဋိပက္ခ

မြန်မာ့သမိုင်းသည် အခြားနိုင်ငံများ၏ သမိုင်းနည်းတူ စစ်မက်တည်း ဟူသော တိမ်သလ္လာဖြင့် ဖုံးလွှမ်းနေလေ၏။ ဤသည်မှာ ဘာမျှ ဆန်းကြယ်သည် မဟုတ်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံဟု ခေါ်ဆိုရာ ဒေသ၌ လွန်ခဲ့သော နှစ်ပေါင်း ပရိစ္ဆေဒ မြောက်မြားစွာ ကတည်းက စတင်၍ အခြေချ နေထိုင်ခဲ့ကြသော မြန်မာဘိုးဘေးတို့သည် သမိုင်း တလျှောက်တွင် စစ်ပွဲပေါင်း မြောက်မြားစွာကို ယှဉ်ပြိုင် တိုက်ခိုက်ပြီး ဤမြေ၊ ဤရေ၊ ဤလေပိုင်နက် နယ်နိမိတ်မျဉ်းကို ကျွန်ုပ်တို့၏ ဘူမိနက်သန် နေရာမှန် ဖြစ်အောင် သွေးဖြင့် ရေးခဲ့ကြလေ၏။

Advertise Here

မြန်မာဟူသည့် ဇာတိ လက္ခဏာ ၀ိသေသ တစ်ရပ် ပေါ်ထွန်းအောင် တည်ဆောက်ခဲ့ရာ လမ်းသည် ဖြောင့်ဖြူးလှသည် မဟုတ်ချေ။ စစ်မက်ကို စစ်မက်ဖြင့် ရင်ဆိုင် ဖြေရှင်း၍ လျှောက်လှမ်းခဲ့ရာ သမိုင်း တလျှောက်တွင် စတေးခဲ့ရသော အသက်၊ သွေး၊ ချွေးတို့ များခဲ့လေပြီ။ စစ်မက်ကြောင့် အသွေး၊ အသား၊ အရိုးများစွာ တောင်ပုံ ရာပုံ ဆုံးရှုံးခဲ့ရလေပြီ။ သမိုင်း တလျှောက် ယှဉ်ပြိုင်ခဲ့ကြသည့် စစ်မက် အရေးအခင်း တို့တွင် အောင်ပွဲ ရသည့် အကြိမ်ပေါင်း မရေတွက်နိုင်သလို အရေးနိမ့်သည့် အခါလည်း ရှိခဲ့သည်သာ ဖြစ်သည်။

မြန်မာသမိုင်းတွင် စစ်မက် အရေးကြောင့် အဆိုး အကောင်း၊ အလှည့် အပြောင်း မြောက်မြားစွာ ပေါ်ပေါက်ခဲ့ရ၏။ စစ်မက်ကြောင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြောင်းလဲမှု မြောက်မြားစွာ ဖြစ်ပေါ်ခဲ့၏။ မြန်မာ့ ယဉ်ကျေးမှုနှင့် ခေတ်ပြိုင်ဖြစ်သော မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် ယဉ်ကျေးမှုတို့တွင်လည်း စစ်မက်ကြောင့် အပြောင်းအလဲများဖြင့် ကြုံခဲ့ရသည်သာ ဖြစ်သည်။ ယဉ်ကျေးမှုချင်း မနီးယိုးစွဲ တူညီကြသော်လည်း အုပ်စိုးသူတို့၏ တန်ခိုးတေဇာ သြဇာအာဏာ ယှဉ်ပြိုင်မှုကြောင့် ဤမြေ၊ ဤရေ၊ ဤလေပိုင်နက်တွင် နေထိုင်ကြသူ အချင်းချင်း စစ်ခင်းခဲ့သည်မှာ အကြိမ်ကြိမ် အခါခါပင် ဖြစ်သည်။

မြန်မာ့သမိုင်း တလျှောက် ပုဂံခေတ်တွင် တိုက်ခိုက်ခဲ့သော စစ်ပွဲတို့ကြောင့် ဘာသာရေးနှင့် ယဉ်ကျေးမှု တိုးတက်ခဲ့၏။ ပုဂံ ပျက်သုဉ်းပြီး ပင်းယခေတ်နှင့် အင်းဝခေတ်တွင် ဆင်နွဲခဲ့သော စစ်မက်ကြောင့် ဤယဉ်ကျေးမှု ရှင်သန်ခဲ့ရ၏။ တောင်ငူခေတ်တွင် ရင်ဆိုင်ခဲ့ရသော စစ်ရေးကြောင့် နယ်နိမိတ် သြဇာအာဏာ ကျယ်ပြန့်ခဲ့ရ၏။ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တို့တွင်လည်း နိုင်ငံရေး အကျပ်အတည်း မြောက်မြားစွာကို စစ်မက်ဖြင့် ဖြေရှင်း၍ ဤမြေ၊ ဤရေ၊ ဤလေပိုင်နက်ကို စောင့်ရှောက်ခဲ့ရလေ၏။

မြင့်တုံနိမ့်တုံ လောက ဓမ္မတာ အရ နိမ့်ပါးချိန် ရောက်ခိုက်ဝယ် ထိပါးသူတို့၏ ကျူးကျော်မှုကို စစ်မက်ဖြင့် တုံ့ပြန်ခဲ့ရ၏။ အရှုံးဖြင့် ရင်ဆိုင်ခဲ့ရ၏။ ပဒေသရာဇ် ခေတ်စနစ်ကို နိဂုံးချုပ်လိုက်သော ကိုလိုနီစစ်ပွဲ အပြီးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှု မြောက်မြားစွာ ပေါ်ထွန်းခဲ့လေသည်။ အကောင်းဖြင့် ဆုံခဲ့ရသလို၊ အဆိုးဖြင့်လည်း ကြုံခဲ့ရ၏။ ဤမြေ၊ ဤရေ၊ ဤလေပိုင်နက်တွင် နေထိုင်ကြသူတို့သည် ကမ္ဘာစစ်ကြီးကို နှစ်ကြိမ်တိတိ မလွှဲမရှောင်သာ ကြုံခဲ့ရ၏။ ကျွဲနှစ်ကောင် ခတ်သည့် အကြားက မြေဇာပင် ပမာ ဖြစ်ခဲ့ပြီး သွေးမြေကျရ ပြန်၏။

ကျူးကျော်သူတို့၏ လက်အတွင်းမှ ဤမြေ၊ ဤရေ၊ ဤလေပိုင်နက်ကို ပြန်လည် သိမ်းပိုက်ရာတွင်လည်း စစ်ရေးကို သုံးခဲ့ရပြန်သည်။ ထာဝရ မိတ်ဆွေ မရှိ၊ ထာဝရ ရန်သူ မရှိသည့် သဘောကို ဆင်ခြင်၍ ရန်သူကို မိတ်ဆွေဖွဲ့၊ မိတ်ဖက် ဖြစ်ဖူးသူကို စစ်မက်ဖြင့် မလွှဲမရှောင်သာ တုံ့ပြန်ကာ လွတ်လပ်ရေးကို ရယူခဲ့ရပြန်သည်။ အောင်ပွဲ သိမ်းပကားရန် အလို့ငှာ ကျဆင်းခဲ့ရသော သွေးတို့ ဤရေမြေတွင် ချင်းချင်းနီခဲ့လေ၏။ စစ်တလင်းတွင် အသက်ပေါင်း မြောက်မြားစွာ ဆုံးပါးခဲ့ရလေ၏။ စစ်မက် ကင်းမဲ့ခြင်းကို အဘယ်ခါဝယ် ရပါ့မည်နည်း။

တစ်ဖန် လွတ်လပ်ရေး ရပြီးချိန်တွင် အယူဝါဒ ကွဲပြားမှု၊ မျိုးနွယ် စရိုက် လက္ခဏာ ကွာခြားမှုတို့ကြောင့် ဤမြေ၊ ဤရေ၊ ဤလေပိုင်နက်တွင် နေထိုင်ကြသူ အချင်းချင်း စစ်ခင်း၍ ပြဿနာကို ဖြေရှင်းခဲ့ကြရာ ဆယ်စုနှစ် (၆) ခု ကျော်လွှားသည့်တိုင် အဖြေ မတွေ့နိုင်သေး။ ခေတ် အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ လိုအပ်ချက် (Needs) နှင့် လိုအင်ဆန္ဒ (Wants) တို့ကို စစ်မက်ဖြင့် ဖြေရှင်းကြရာ သွေးချောင်းစီးခဲ့လေပြီ။ ငြိမ်းချမ်းရေး တေးသွားကို အဘယ်ခါဝယ် ဆိုညည်းရပါမည်နည်း။

အောင်ပွဲကြောင့် ကျခဲ့ရသော မျက်ရည်များ၊ အရေးနိမ့်သဖြင့် ကျခဲ့ရသော မျက်ရည်များသည် ဤရေမြေတွင် ဒလဟော စီးဆင်းခဲ့၊ စီးဆင်းနေဆဲပင် ဖြစ်သည်။ စစ်မက်ကြောင့် ကျဆင်းရသည့် မျက်ရည်ကို အဘယ်သူ သုတ်မည်နည်း။ စစ်မက်ကြောင့် နှလုံး ပူဆွေးရသူတို့ကို အဘယ်သူ နှစ်သိမ့်မည်နည်း။ စစ်မက်ကြောင့် သွေးမြေ မကျရလေအောင် အဘယ်နည်းကို အသုံးပြုရအံ့နည်း။ အထူးသဖြင့် အစိတ်စိတ် အမြွှာမြွှာ ကွဲပြားမှုတို့ဖြင့် ပြည့်နှက်နေသော ဤမြေ၊ ဤရေ၊ ဤလေပိုင်နက်တွင် မှီတင်း နေထိုင်ကြသူတို့၏ ဘုံရည်မှန်းချက်ကို သွေးမြေ မကျသည့်နည်းဖြင့် ယူသော် ရနိုင်ပါမည်လော။

ကြံသော် ရမည်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်စွမ်း ရှိသော လူသားများ ဖြစ်လေရကား၊ ဆန္ဒကို အောင်မြင် အထမြောက်အောင် ကြံစည် အားထုတ်လျှင်၊ လိုလားသည့် ရလဒ်ကို မလွဲမသွေ ရယူနိုင်မည်မှာ မလွဲပင် ဖြစ်သည်။ ကျွန်ုပ်တို့ လိုလားသော ပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ ကိုယ်တိုင် ဖန်တီး တည်ဆောက်ရမည် ဖြစ်သတည်း။

၂။ စစ်မက်ပဋိပက္ခ သဘောတရားများ

စင်စစ် မြန်မာ့သမိုင်းတွင် သာမက ကမ္ဘာ့ တစ်ဝှမ်းလုံးတွင်လည်း စစ်မက်သည် ကောင်းသော ပြောင်းလဲခြင်း၊ ဆိုးသော ပြောင်းလဲခြင်းတို့ကို ဖြစ်စေခဲ့၏။ လူ့ယဉ်ကျေးမှု ပေါ်ပေါက်ချိန်မှ စတင်ခဲ့သော စစ်မက် ပဋိပက္ခ အရေးမှာ ယနေ့တိုင် ရှိနေဆဲ ဖြစ်သည်။ ယနေ့တိုင် အသုံးပြုနေရဆဲ ဖြစ်၏။

အထူးသဖြင့် စစ်အေးတိုက်ပွဲ (Cold War) ပြီးဆုံးချိန်တွင် အမျိုးသားရေး စစ်ပွဲများ၊ လူမျိုးရေး စစ်ပွဲများ၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုများ၊ နိုင်ငံတကာ ရာဇ၀တ်ဂိုဏ်းတို့၏ ခြိမ်းခြောက်မှုများ တဟုန်ထိုး မြင့်မားလာ၏။ ခေတ်သစ် စစ်ဘုရင်တို့၏ အဖျက်အင်အားကို ထိန်းချုပ်ရာတွင် စစ်မက်နည်းကို အသုံးပြုမှသာ သွေးမြေကျမှုကို လျှော့ချနိုင်မည် ဖြစ်သည်။ စစ်မက် အနိဋ္ဌာရုံ ကင်းမဲ့ရေး၊ လုံခြုံ အေးချမ်း တည်ငြိမ်ရေး အတွက် စစ်မက်ကို မလွှဲမရှောင်သာ အသုံးပြုကြရဦးမည် ဖြစ်သည်။ စစ်မက်ကို ဆန့်ကျင်သည် ဟု ဆိုရုံမျှနှင့် ငြိမ်းချမ်းရေးဝါဒီ ဖြစ်သည်ဟု မဆိုထိုက်။

အချုပ်အခြာ အာဏာပိုင် နိုင်ငံတိုင်းတွင် စစ်မက်သည် အရေးပါသော အခန်းကဏ္ဍ ဖြစ်၏။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ လူမှုရေး တိုးတက်မှုတို့ ထက် ပို၍ စစ်မက် အရေးကို ဦးစားပေးနေကြဆဲ ဖြစ်သည်။ ယနေ့ခေတ်တွင် စစ်မက် မလိုလားသူ (Pacificts) တို့က စစ်မက် ဆန့်ကျင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြသော်လည်း၊ အကျပ်အတည်း ပဋိပက္ခတို့ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နည်းလမ်းတို့ဖြင့် ဖြေရှင်းရန် အခွင့်အခါ မသင့်လျှင် စစ်ရေးဖြင့် ဖြေရှင်းရမည်သာ ဖြစ်ပေသည်။

တရုတ်လူမျိုး မဟာဗျူဟာ ပညာရှင် ဆွန်ဇူး၏ အလိုအရ “စစ်သည် မရှိမဖြစ် လိုအပ်သည့် မကောင်းမှု” ဖြစ်၏။ သို့သော် ဆွန်ဇူးက “သွေးမြေ မကျရဘဲ ငြိမ်းချမ်းစွာ အောင်နိုင်ခြင်းသည် သာ၍ ကောင်းသည်” ဟု သေနင်္ဂဗျူဟာကျမ်းတွင် သေချာစွာ ဆိုထား၏။ ဤသည်ကို ထောက်ချင့်လျှင် စစ်မက် နည်းလမ်းကို တတ်နိုင်သမျှ ရှောင်ရှားကာ ရင်ဆိုင် ယှဉ်ပြိုင်သူတို့၏ အလိုဆန္ဒ အသီးသီး ပြည့်ဝစေမည့် နည်းလမ်းကို ရှာဖွေ အသုံးပြုပါက လုံခြုံမှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှု အဓွန့် ရှည်ကြာအောင် ထိန်းသိမ်းနိုင်မည် ဖြစ်သည်။

လူ့သမိုင်း တလျှောက်တွင် စစ်မက်အရေးနှင့် ပက်သက်၍ နိုင်ငံတကာရေးရာ ပညာရှင်တို့၏ အယူအဆ ကွဲလွဲချက် များစွာ ပေါ်ပေါက်ခဲ့ပြီး သဘောတရား အသစ်များ ထပ်မံ ပေါ်ထွန်းနေဆဲ ဖြစ်သည်။ စစ်မက်ပဋိပက္ခ သဘောတရားများကို အကျဉ်းချုံး၍ တင်ပြပါမည်။

ခေတ်ဟောင်း ရီးယဲလစ်ဝါဒီ (Classical Realists) နှင့် ခေတ်သစ် ရီးယဲလစ်ဝါဒီ (Neo-realists) တို့က စစ်ကို ရှောင်လွှဲ၍ မရနိုင် ဟု အခိုင်အမာ ယူဆကြသည်။ ရီးယဲလစ်ဝါဒီတို့၏ အလိုအရ အချုပ်အခြာ အာဏာပိုင် နိုင်ငံတိုင်းသည် လုံခြုံရေး၊ တည်ငြိမ်ရေးကို အလေးပေး၍ ဆောင်ရွက်လေ့ ရှိပြီး အချင်းချင်း ယုံကြည်မှု မရှိကြ ဟု ဆိုသည်။ တစ်ဘက်နှင့် တစ်ဘက် ယုံကြည်မှု ကင်းမဲ့ရာမှ လုံခြုံရေးဆိုင်ရာ အကျပ်ရိုက်မှု (Security Dilemma) ဖြစ်ပေါ်လာ၏။ ထိုမှ တစ်ဆင့် ပြိုင်ဘက်၏ ရန်စွယ်ကို ချိုးနှိမ်ကာကွယ်ရန် ခုခံအားကို မြှင့်တင်ရာမှ စတင်၍ စစ်ရေး တင်းမာမှု ဖြစ်ပေါ်ကာ စစ်မက် ဖြစ်ပွားရန် အကြောင်းဖန်တော့သည် ဟု ဆို၏။ ဤသည်မှာ လက်တွေ့ ကမ္ဘာတွင် ဖြစ်စမြဲတည်း ဟု ဆိုကြ၏။ ထို့ကြောင့် စစ်ကို ရှောင်လွှဲ၍ မရနိုင်ချေ ဟု ရီးယဲလစ်ဝါဒီတို့က ယူဆကြသည်။

လစ်ဘရယ်ဝါဒီ (Liberals) တို့ကမူ အင်အား တောင့်တင်းသည့် အဖွဲ့အစည်းစနစ် ထွန်းကားလာလျှင် စစ်မက်ကို ရှောင်ရှားနိုင်မည့် အခြေအနေကို ဖန်တီးနိုင်မည်မှာ မလွဲ ဖြစ်သည် ဟု ယူဆ၏။ ကိုယ်စားလှယ် အုပ်ချုပ်သူတို့ကို ပြည်သူတို့က အပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် စစ်မက် ရန်စောင်မှုကို လျှော့ချကာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဟု ဆို၏။ ဒီမိုကရေစီ နိုင်ငံ အချင်းချင်း စစ်ခင်းခြင်း မရှိဟူသည် ကို အကြောင်းပြု၍ ဒီမိုကရေစီဝါဒ ထွန်းကားလျှင် စစ်မက်ကို ရှောင်လွှဲနိုင်လိမ့်မည် ဟု ယူဆကြလေ၏။ သို့သော် ဒီမိုကရေစီ နိုင်ငံနှင့် ဒီမိုကရေစီ မဟုတ်သော နိုင်ငံတို့ အကြားရှိ စစ်မက်ကို ရှောင်ရှားရန် နည်းလမ်း မရှိချေ။ သို့ဖြစ်ရကား ဒီမိုကရေစီ မဟုတ်သည့် နိုင်ငံကို ဒီမိုကရေစီ ဇာတ်သွင်းခြင်းသည် ကမ္ဘာ့ စစ်မက်ကို လျှော့ချမည့် နည်းလမ်း ဖြစ်ချေသည် ဟု လစ်ဘရယ်ဝါဒီတို့က ဆို၏။

မာ့က်စ်ဝါဒီ (Marxist) သို့မဟုတ် အကြွင်းမဲ့ တော်လှန်ရေးဝါဒီ (Radicals) တို့ကမူ ကွန်မြူနစ် ကြေညာစာတမ်း (Manifesto of the Communist Party) အလိုအရ စစ်မက် ပဋိပက္ခတို့သည် လူ့တန်းစား အလွှာ မညီမျှမှုကြောင့် ဖြစ်ပွားရခြင်း ဟု ယူဆသည်။ သို့ဖြစ်ရကား လူတန်းစား မညီမျှမှုကို ဖန်တီးနေသော လက်ရှိ ခေတ်စနစ်ကြီးကို အမြစ်လှန်မည့် ခေတ်ပြောင်း တော်လှန်ရေး တစ်ရပ်ကို ဆင်နွဲ၍ လူမှု အနိဌာရုံများ ကင်းစင်ကာ သာယာဝပြောပြီး တရားမျှတသည့် လူ့ဘောင်သစ်ကို ဖန်တီးမှသာ စစ်မက်ကို ထာဝရ ရှောင်ရှားနိုင်မည် ဟု ဆိုလေသည်။

ကွန်စရက်တဗစ်ဝါဒီ (Constructivists) တို့ကမူ စစ်မက်သည် အုပ်ချုပ်သူ လူတန်းစား၊ အုပ်ချုပ်ခံ ပြည်သူတို့၏ ယုံကြည်မှု၊ ယူဆချက်များနှင့် လူမှုစနစ် အခြေအနေကြောင့် ဖြစ်ပွားခြင်း ဟု ယူဆ၏။ စစ်မက်ပဋိပက္ခ ဖြစ်ပွားစေသော အကြောင်းတရားများ ဖြစ်သည့် အမျိုးသားရေးဝါဒ၊ လူမျိုးစု လက္ခဏာ၊ ဘာသာရေး ယုံကြည်မှု အစရှိသည် တို့သည် မွေးရာပါ မဟုတ်သဖြင့် လူသားတို့၏ အတွေးအခေါ်ကို ပုံသွင်းနေသော အကြောင်းတရားများကိုပြောင်းလဲမှသာလျှင် စစ်မက် အသုံးပြု၍ ပြဿနာ ဖြေရှင်းခြင်းကို ရှောင်လွှဲနိုင်မည်ဟု ယူဆကြ၏။ အခြား အယူအဆ မြောက်မြားစွာ ရှိပါသေးသည်။ အကျယ် မချဲ့လိုသဖြင့် ထင်ရှားသည့် အယူအဆ (၄) ရပ်ကိုသာ အကျဉ်းချုပ်၍ ဖော်ပြထားခြင်း ဖြစ်ပါသည်။

လူ့သမိုင်း တလျှောက် ဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲနှင့် ဖြစ်ပွားလတ္တံ့သော နိုင်ငံရေး အကျပ်အတည်းတို့ကို ဖြေရှင်းရာတွင် အယူအဆ သဘောတရား တစ်ရပ်ကို တရားသေ ဆုပ်ကိုင်၍ လှေနံဓားထစ် ဖြေရှင်းရိုး ထုံးစံ မရှိပါ။ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ကို ထောက်ချင့်၍ သဘောတရား အသီးသီးမှ ကောင်းနိုးရာရာ အချက်များကို ယူငင် သုံးစွဲကာ ပြဿနာကို ဖြေရှင်းကြစမြဲ ဖြစ်ပါသည်။ စစ်မက်ကို ရှောင်လွှဲ၍ မရနိုင်တော့ ဟု ယူဆရသည့် အခြေအနေသို့ ဆိုက်ရောက်လျှင်မူ ရီးယဲလစ်ဝါဒီ (Realists) တို့၏ ဆေးခါးကြီးကို သုံးကြစမြဲ ဖြစ်သည်။

၃။ စစ်မက်ပဋိပက္ခ ပေါ်ပေါက်ရခြင်း အကြောင်းတရားများ

ကမ္ဘာ့သမိုင်းတွင် စစ်မက် ပဋိပက္ခ ကင်းမဲ့သည့် လုံခြုံမှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှု စိုးမိုးသော အချိန်ကာလ အကယ်ပင် ရှိခဲ့ဖူးပါသလော။ မတူခြားနားသည့် ယဉ်ကျေးမှု အသီးသီး တည်ရှိရာ ဤမြေကမ္ဘာ၀ယ် စစ်မက်နည်းကို မသုံးဘဲ လုံခြုံမှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုကို ရနိုင်မည်လော။ စစ်မက်ပဋိပက္ခ ပေါ်ပေါက်ရခြင်း အကြောင်းတရားများကို လေ့လာ၍ သင်ခန်းစာ ထုတ်ယူနိုင်လျှင် အနာဂတ်တွင် ကြုံတွေ့ရဖွယ်ရှိသော အကျပ်အတည်းများကို ဖြေရှင်းရာ၌ အသုံးဝင်မည့် နည်းလမ်းကောင်းများကို ရှာဖွေနိုင်မည် ဖြစ်၏။

နိုင်ငံတကာ အဆင့်တွင် စစ်မက် ဖြစ်ပွားရခြင်း အကြောင်းရင်းနှင့် ပက်သက်၍လည်း သဘောတရား အယူအဆ ၀ိဝါဒ ကွဲပြားမှု များစွာ ရှိပြန်၏။ စစ်ဖြစ်ရခြင်း အကြောင်းရင်းများကို (၁) လူမျိုးစုချင်း မပြေလည်မှု၊ (၂) အယူဝါဒ ကွဲလွဲမှု၊ (၃) နယ်နိမိတ် ပြဿနာ၊ (၄) အုပ်စိုးသူ အစိုးရချင်း မပြေလည်မှု၊ (၅) စီးပွားရေး အကျိုးအမြတ် ရယူလိုမှု ဟု အကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။ ထို အကြောင်းရင်းများကို မနုဿ (Individual) ၊ ရာဇာ (State)၊ ကမ္ဘာ (International) တည်းဟူသော ခွဲခြားမှု အလွှာ (၃) ခု ဖြင့် အကြမ်းဖျင်း ခွဲခြမ်းကာ သုံးသပ်ကြည့်နိုင်ပါသည်။

မနုဿ (Individual) သို့မဟုတ် လူသား တစ်ဦးချင်း အဆင့် အမြင်ဖြင့် သုံးသပ်လျှင် စစ်မက် ပဋိပက္ခ ဖြစ်ပွားရခြင်းမှာ အုပ်ချုပ်သူ လူတန်းစားနှင့် အုပ်ချုပ်ခံ ပြည်သူတို့ကြောင့်ဟု ဆိုနိုင်ပါသည်။ ရီးယဲလစ်ဝါဒီ (Realists) တို့ကမူ စစ်မက် ဖြစ်ပွားရခြင်းသည် အသက်နှင့်ဘ၀ ရှင်သန်လိုမှု၊ ကြမ်းတမ်းသော ဗီဇစရိုက်တို့ကြောင့် ဟု ယူဆကြသည်။ တနည်းဆိုရလျှင် စစ်မက် ဖြစ်ပွားရခြင်းသည် လူသားတို့၏ ရုန့်ရင်း ကြမ်းတမ်းသည့် သဘာဝ ဗီဇစရိုက် ထကြွခြင်းကြောင့် ဖြစ်သည် ဟူသတတ်။ လစ်ဘရယ်ဝါဒီ (Liberals) တို့၏ အမြင်မှာလည်း ရီးယဲလစ်ဝါဒီ (Realists) တို့၏ အမြင်နှင့် မနီးယိုးစွဲ ဖြစ်၏။ လစ်ဘရယ်ဝါဒီ (Liberals) တို့၏ အမြင်အရ အုပ်ချုပ်သူ လူတန်းစား၏ အမြင် မှောက်မှားမှုကြောင့် အုပ်ချုပ်ခံ ပြည်သူတို့ပါ တစ်နွယ်ငင် တစ်စင်ပါ အဖြစ်သို့ ရောက်ရှိပြီး စစ်မက် ဖြစ်ပွားခြင်း ဖြစ်သည် ဟု ယူဆကြလေ၏။

ရာဇာ (State) သို့မဟုတ် နိုင်ငံတော် အဆင့် အမြင်ဖြင့် လေ့လာလျှင် စစ်မက် ဖြစ်ပွားရခြင်းမှာ နိုင်ငံအတွင်း ဖွဲ့စည်း လည်ပတ်ပုံ အခြေအနေကြောင့် ဟု ဆိုနိုင်သည်။ လစ်ဘရယ်ဝါဒီ (Liberals) တို့၏ အလိုမူကား အချို့သော နိုင်ငံရေး၊ စီးပွားရေး စနစ်များသည် စစ်မက် ဖြစ်ပွားရန် အကြောင်းဖန်သည် ဟူ၏။ ဥပမာ – အကြွင်းမဲ့ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံတွင် စစ်ကြေညာရန် စစ်ဆင်နွဲရန် အခွင့်အာဏာသည် လူတစ်ဦးတည်း၏ လက်ဝယ်တွင်း ရှိသဖြင့် စစ်မက် ဖြစ်ပွားရန် လွယ်ကူ၏။ ဒီမိုကရေစီ စနစ်တွင်မူ ကိုယ်စားပြု အုပ်ချုပ်သူ လူတန်းစားကို စစ်ကြေညာရန် စစ်ဆင်နွဲရန် အခွင့်အရေး ကန့်သတ် အပ်နှင်းထားသဖြင့် စစ်ဖြစ်ပွားရန် အတန်ငယ် ခဲယဉ်းသည် ဟု ယူဆကြသည်။

အကြွင်းမဲ့ တော်လှန်ရေး ၀ါဒီ (Radicals) တို့ကမူ ၎င်းတို့၏ လက်သုံး ကွန်မြူနစ် ကြေညာစာမ်း (Manifesto of the Communist Party) ပါ အယူအဆ အရ လူတန်းစား ပဋိပက္ခကြောင့် စစ်မက် ဖြစ်ပွားခြင်း ဟု ယူဆကြ၏။ ဘူဇွာ လူတန်းစား၏ နိုင်ငံရေး၊ စီးပွားရေး ခြယ်လှယ်မှုကြောင့် လူအဖွဲ့အစည်း အတွင်း မညီမျှမှု တိုးပွားလာကာ အဆုံးတွင် စစ်မက် ပဋိပက္ခ ဖြစ်ပွားလေသည် ဟု ဆို၏။ နိုင်ငံတစ်ခု အတွင်း ဖြစ်ပွားသည့် စစ်မက် ပဋိပက္ခကို ဤအယူအဆဖြင့် သုံးသပ်ကြည့်လျှင် မှန်သင့်သရွေ့ မှန်ကန်ပါ၏။ ထို့အပြင် နိုင်ငံ နယ်နမိတ် အတွင်း နေထိုင်ကြသူတို့ အချင်းချင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စနစ်ဆိုင်ရာ အငြင်းပွားမှုကို အကြောင်းပြု၍ ပြည်တွင်းစစ်မီး တောက်လောင်ကာ အခြားဒေသများသို့ ကူးစက်ခြင်းလည်း ရှိပါသည်။

ကမ္ဘာ (International) သို့မဟုတ် နိုင်ငံတကာ အဆင့် အမြင်ဖြင့် စစ်မက် ဖြစ်ပွားခြင်းကို သုံးသပ်ရာတွင် ရီးယဲလစ်ဝါဒီ (Realists) တို့က ဇမ္ဗူပတိ ဧကရာဇာ အုပ်ချုပ်ရေး စနစ်ကင်းမဲ့ခြင်း (Anarchy) ကို အခြေခံ ယူဆကြသည်။ ယင်းတို့၏ အမြင်အရ နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ ဆက်ဆံရေးသည် ဖရိုဖရဲဆန်လှပြီး၊ အထိန်းအကွပ် ကင်းမဲ့သည့် စနစ်တစ်ရပ် ဖြစ်သည်။ စစ်မက်ပဋိပက္ခ ရပ်တန့်အောင် ကြားဝင် ထိန်းချုပ်ပေးနိုင်စွမ်း ရှိသူ တိတိပပ သတ်မှတ်ထားခြင်း မရှိ။ ထို့ကြောင့် နိုင်ငံ အသီးသီး အနေဖြင့် မိမိတို့၏ အကျိုး စီးပွားကို ကာကွယ်၍ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမည် ဖြစ်သည်။ သို့မှသာ အချုပ်အခြာ အာဏာ၊ လွတ်လပ်မှု တည်မြဲအောင် ထိန်းသိမ်းနိုင်မည် ဖြစ်သည် ဟု ထင်မြင်ကြ၏။

သို့ဖြစ်ရာ နိုင်ငံတို့သည် စစ်ရေးအင်အား၊ စီးပွားရေးအင်အား တောင့်တင်းအောင် ဆောင်ရွက်ခြင်းဖြင့် အချုပ်အခြာ အာဏာ၊ လွတ်လပ်ခြင်းနှင့် လုံခြုံရေးကိစ္စကို စီမံရမည်ဟု ရီးယဲလစ်ဝါဒီ (Realists) တို့ ယူဆကြ၏။ ကမ္ဘာအဆင့် သြဇာအာဏာ ချိန်ခွင်လျှာကို ထိန်းသိမ်းခြင်း (Balance of Power) သည် လက်တွေ့ကျသော အမြင်ဖြစ်သည်ဟု ဆို၏။ ထို့အပြင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြဌာန်းခွင်ကို ရယူလိုသော မျိုးနွယ်တူ ၀ါဒတူ အုပ်စုများ အနေဖြင့် ယင်းတို့၏ လိုလားချက်ကို ဖြည့်ဆည်းပေးမည့် ဇမ္ဗူပတိ ဧကရာဇာ မရှိသောကြောင့် မိမိ လိုလားချက် ရရှိအောင် စစ်မက်ကို အသုံးပြု၍ ပြဿနာကို ဖြေရှင်းရမည် ဟု ဆိုသူလည်း ရှိပြန်သည်။

ရီးယဲလစ်ဝါဒီ (Realists) မူကွဲ ပညာရှင်များ အနက် Organski ၏ တန်ခိုးအာဏာ ပြောင်းလဲခြင်း သဘောတရား (Power Transition Theory) ကို အသုံးပြု၍ စစ်မက် ဖြစ်ပွားခြင်းကို ဆန်းစစ်သူတို့လည်း ရှိပါသည်။ တန်ခိုးအာဏာ ပြောင်းလဲခြင်း သဘောတရား အရ ကမ္ဘာ့ နိုင်ငံများ၏ သြဇာအာဏာကို (၁) ဦးဆောင်လွှမ်းမိုးသောနိုင်ငံ (Dominant States)၊ (၂) မဟာအင်အားကြီးနိုင်ငံ (Great Powers)၊ (၃) အင်အားတောင့်တင်းသောနိုင်ငံများ (Middle Powers) နှင့် (၄) အင်အားနည်းပါးသောနိုင်ငံ (Small Powers) ဟု အဆင့် (၄) ခု ခွဲခြား သတ်မှတ်ပြီး ယင်းနိုင်ငံများ၏ သြဇာအာဏာ အပြောင်းအလဲ ဖြစ်ပေါ်ပုံ ဆန်းစစ်၏။

ဤ သဘောတရားအရ တည်ဆဲ သြဇာအာဏာ ဖွဲ့စည်းမှုကို ကျေနပ်မှု မရှိသော နိုင်ငံသည် ဦးဆောင် လွှမ်းမိုးနေသော နိုင်ငံ၊ မဟာ အင်အားကြီး နိုင်ငံများ နည်းတူ အင်အား တောင့်တင်း လာပါက သြဇာအာဏာ ချိန်ခွင်လျှာကို ပြောင်းလဲရန် စစ်ရေး စိန်ခေါ်မှုဖြင့် စတင်ခြင်းကြောင့် စစ်မက်ပဋိက္ခ ဖြစ်ပေါ်လာသည် ဟု ဆို၏။ အင်အားကြီး နိုင်ငံတို့၏ သြဇာအာဏာ နိမ့်ကျခိုက်နှင့် အင်အား တောင့်တင်းလာသော နိုင်ငံ၏ သြဇာအာဏာ မြင့်တက်ချိန်တွင် စစ်ရေးတင်းမာမှု၊ စစ်မက်ပဋိပက္ခ ပုံမှန် ဖြစ်ပွားလေ့ ရှိသည် ဟု ဆို၏။ ဥပမာ ဆိုရလျှင် ယနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးတွင် သြဇာအာဏာ မြင့်တက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သြဇာအာဏာ လွှမ်းမိုးဆဲ အမေရိကန်ပြည်ထောင်စုတို့၏ မပြေပြစ်သော ဆက်ဆံရေးကို ကြည့်လျှင် ကမ္ဘာအဆင့် သြဇာအာဏာ ချိန်ခွင်လျှာကို ထိန်းသိမ်းခြင်း (Balance of Power) နှင့် တန်ခိုးအာဏာ ပြောင်းလဲခြင်း (Power Transition Theory) သဘောတရားတို့၏ အသုံးဝင်မှုကို သိမြင်နိုင်မည် ဖြစ်ပေသည်။

အထက်ဖော်ပြပါ စစ်မက် ဖြစ်ပွားရခြင်း အကြောင်းရင်းတို့မှာ နိုင်ငံတကာ စစ်ပွဲများကို ဆန်းစစ်၍ ဝေဖန်ထားခြင်း ဖြစ်ပါသည်။ လက်တွေ့တွင် စစ်ဖြစ်ရခြင်း အကြောင်းရင်းမှာ တစ်ခုထက် ပို၍ များပြားလေ့ ရှိစမြဲ ဖြစ်သဖြင့် သဘောတရား အမျိုးမျိုးကို အသုံးပြု၍ အလွှာ အသီးသီးကို တိုက်ဆိုင် စစ်ဆေးမှသာလျှင် စစ်ဖြစ်ရခြင်း အကြောင်းရင်းကို ယထာဘူတ ကျစွာဖြင့် ဆန်းစစ်နိုင်မည် ဖြစ်သည်။ သို့မှသာ စစ်မက် ပဋိပက္ခ ဖြစ်ပွားခြင်းကို တားဆီး ကာကွယ်ရန် နည်းလမ်းများ ရှာဖွေနိုင်မည် ဖြစ်ပေသည်။ ရှုမြင်ပုံ ကွာဟချက်၊ သဘောတရား ကွဲလွဲမှုများ ရှိမည်မှာ မလွဲတည်း။

၎။ စစ်မက်ပဋိပက္ခ အမျိုးအစားများ

ကမ္ဘာ့သမိုင်း တလျှောက် ဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားလတ့္တံသော စစ်ပွဲများကို အောက်ပါအတိုင်း အမျိုးအစား (၄) မျိုး ခွဲခြား သတ်မှတ်လေ့ ရှိသည်။
(၁) နိုင်ငံချင်း စစ်မက် ပဋိပက္ခ (Interstate War) – နိုင်ငံ အချင်းချင်း ဆင်နွဲသည့် စစ်မက် ပဋိပက္ခ ဖြစ်ပြီး၊ ဤကဲ့သို့သော စစ်ပွဲများတွင် အပြင်းထန်ဆုံးသော အဖျက်အင်အားကို အသုံးပြုလေ့ ရှိသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ဥပမာ – အင်္ဂလန် ပြင်သစ် ရှေးဟောင်း စစ်ပွဲများ။
(၂) နိုင်ငံတွင်း စစ်မက် ပဋိပက္ခ (Intrastate War) – နိုင်ငံ နယ်နိမိတ် တစ်ခု အတွင်းရှိ အုပ်စုများ အချင်းချင်း ဆင်နွဲသည့် စစ်ပွဲ ဖြစ်ပြီး ၂၁ ရာစုတွင် ဤစစ်ပွဲ အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာပြီ ဖြစ်သည်။ ဥပမာ – ရ၀မ်ဒါ လူမျိုးတုံး မျိုးဖြုတ် စစ်ပွဲ။
(၃) အကြွင်းမဲ့ စစ်မက် ပဋိပက္ခ (Total War) – မဟာ အင်အားကြီး နိုင်ငံများ အချင်းချင်း ဖျက်အားပြင်း လက်နက်များကို အသုံးပြု၍ ပြင်းထန်စွာ တိုက်ခိုက်သည့် စစ်မက် ပဋိပက္ခ ဖြစ်ပြီး၊ ဒုတိယ ကမ္ဘာစစ် အပြီးမှ စတင်၍ အကြွင်းမဲ့ စစ်မက် ပဋိပက္ခ လျော့နည်းသွားပြီ ဖြစ်သည်။ ဥပမာ – ကမာ့္ဘစစ်ပွဲများ။
(၄) ကန့်သတ် စစ်မက် ပဋိပက္ခ (Limited War) – ဤစစ်မက်၏ ရည်ရွယ်ချက်မှာ နယ်မြေ သိမ်းပိုက် စိုးမိုးရေး မဟုတ်သကဲ့သို့ အနိုင်၊ အရှုံး ပေါ်ထွက်အောင် ယှဉ်ပြိုင် တိုက်ခိုက်ခြင်း မဟုတ်ပေ။ သတ်မှတ် အချိန်ကာလ အတွင်း၌ မျှော်လင့်ထားသော နိုင်ငံရေး၊ စီးပွားရေး ရည်ရွယ်ချက် ရရှိအောင် လျင်မြန်စွာ တိုက်ခိုက်၍ ရန်သူ၏ အင်အားကို ချိနဲ့အောင် ဖန်တီးခြင်း ဖြစ်သည်။ ဥပမာ – ပင်လယ်ကွေ့စစ်ပွဲ။

၂၁ ရာစုတွင် အကြွင်းမဲ့ စစ်မက် ပဋိပက္ခ အဆင့်သို့ ကူးပြောင်း နိုင်သည့် နိုင်ငံချင်း စစ်မက် ပဋိပက္ခများ လျော့နည်း သွားပြီး ဖြစ်သည်။ သို့သော်လည်း ကန့်သတ် စစ်မက် ပဋိပက္ခနှင့် ပြည်တွင်းစစ်များ (Civil War) ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားပြီးနောက် ဖြစ်ပွားသည့် စစ်မက် ပဋိပက္ခများသုံး သုံးပုံ နှစ်ပုံမှာ ပြည်တွင်းစစ် ဖြစ်၏။ အထူးသဖြင့် စစ်အေးတိုက်ပွဲ (Cold War) ပြီးဆုံးချိန်တွင် ဖြစ်ပေါ်လာသည့် လူမျိုးရေး၊ အမျိုးသားရေး ပဋိပက္ခများနှင့် ဘာသာရေး အစွန်းရောက်တို့၏ အကြမ်းဖက် ပဋိပက္ခတို့မှာ ပြင်းထန်နေဆဲပင် ဖြစ်သည်။

ယေဘုယျအားဖြင့် ပြည်တွင်းစစ်သည် အချိန်ကြာမြင့်လေ့ ရှိမြဲ ဖြစ်သည်။ ပုံမှန် တိုက်ခိုက်ခြင်း မရှိသောကြောင့် တိုက်ခိုက်သူတို့ အနေဖြင့် အင်အား ဖြည့်တင်းရန် အချိန်ကာလ ပိုမို ရရှိပြီး၊ စစ်မက် ပဋိပက္ခ ဖြစ်ပွားမှုကို ရေရှည် အချိန် ဆွဲထားနိုင်သည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ စစ်စည်းမျဉ်း လုပ်ထုံးလုပ်နည်း ကန့်သတ်ချက်တို့ကြောင့် အဖျက် အင်အားကို ထိရောက်စွာ အသုံးပြုနိုင်စွမ်း မရှိချေ။ ပြည်တွင်းစစ်ပွဲတွင် အရှုံး၊ အနိုင် ကွဲပြားအောင် ယှဉ်ပြိုင် တိုက်ခိုက်ရန် အခြေအနေ ကန့်သတ်ချက်များ ပို၍ များပြားလာသဖြင့် အောင်နိုင်သူ၏ ငြိမ်းချမ်းရေး (Victor’s Peace) ကို ဖန်တီးနိုင်ရန် အခွင့်အလမ်း နည်းပါး၏။ ပြည်တွင်းစစ်ကို ဦးဆောင် ဆင်နွဲသူတို့၏ လိုလားချက်များ ဆုံချက် တစ်ခုသို့ မရောက်သရွေ့၊ အပေးအယူ သဘောတူညီမှု မရသရွေ့ စစ်မက် ပဋိပက္ခ ဖြစ်ပွားနေမည် ဖြစ်သည်။ ပြည်တွင်းစစ် ဖြစ်ပွားလျှင် အချိန်ကြာမြဲ ဖြစ်၏။

ပြည်တွင်းစစ်သည် ထိတွေ့မှု ပြင်းထန်ခြင်း မရှိသော်လည်း၊ ဖြစ်ပွားချိန် ကြာမြင့်သောကြောင့် သေကြေ ပျက်စီးနှုန်း ပြင်းထန်လေ့ ရှိသည်။ အထူးသဖြင့် ပြည်တွင်းစစ်တွင် ပြောက်ကြား စစ်ဗျူဟာ (Gurillera Warfare) ကို အသုံးပြု၍ ရေရှည် တိုက်ခိုက်ခြင်းကြောင့် စစ်သည်နှင့် အရပ်သား သေဆုံးမှု များပြား၏။ ထို့အပြင် ပြည်တွင်းစစ် အတွင်း ရန်သူ၏ စားနပ်ရိက္ခာ၊ တပ်သားသစ်၊ ရန်ပုံငွေ၊ သတင်းအချက်အလက် စုဆောင်းမှုကို ဖြတ်တောက် ပိတ်ဆို့ လုပ်ကြံလေ့ ရှိသဖြင့် ဒေသတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အခြေအနေ ဆိုးရွား ကျဆင်းလေ့ ရှိသည်။ အထူးသဖြင့် ရေရှည် ကြာမြင့်သော ပြည်တွင်းစစ်ပွဲ အတွင်း ကြီးပြင်းလာရသည့် မျိုးဆက်သစ်တို့တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်ပြီး၊ နောက်ဆက်တွဲ အနေဖြင့် အကြမ်းဖက်မှုများ မြင့်တက်လာလေ့ရှိသည်ကို တွေ့ရမည် ဖြစ်သည်။

လူသားတို့၏ သမိုင်းတလျှောက်တွင် စစ်မက် နည်းဗျူဟာများ တိုးတက် ပြောင်းလဲလာပြီး စစ်မက် ပဋိပက္ခကြောင့် ပျက်စီးနိုင်ခြေနှင့် အဖျက်အင်အားမှာ ပိုမို ပြင်းထန်လာ၏။ ကျောက်ခတ်တွင် ကျောက်လက်နက်၊ ကြေးခေတ်တွင် ကြေးလက်နက်၊ သံခေတ်တွင် သံလက်နက်ဖြင့် စတင်ခဲ့သော စစ်မက်ပဋိပက္ခသည် ယခုအခါတွင် ကွန်ပြူတာ ထိန်းချုပ်မှု၊ ဓာတု၊ ဇီဝ၊ စက်ရုပ်၊ နျူးကလီးယား၊ လက်နက်တို့ကို အသုံးပြု၍ စစ်ထိုးကြမည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။ အနာဂတ်တွင် စစ်မက် ပဋိပက္ခ အကြီးအကျယ် ဖြစ်ပွားခဲ့လျှင် လူသားတို့၏ တီထွင် ဖန်တီးမှု အလုံးစုံ ပျက်သုဉ်း၍ ကျောက်ခေတ်သို့ ပြန်လည် ရောက်ရှိနိုင်သော အခြေအနေကို တွန်းပို့နိုင်သည့် အန္တရာယ်များဖြင့် ကြုံတွေ့ နေရလေပြီ။

ဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားလတ့္တံသော စစ်ပွဲတို့တွင် အသုံးပြုသည့် စစ်ဆင်ရေး ဗျူဟာနှင့် လက်နက်တို့ကို အောက်ပါအတိုင်း အကြမ်ဖျင်း ခွဲခြားနိုင်ပါသည်။

၁။ သမားရိုးကျ စစ်ဆင်ရေး (Conventional War) – နှစ်ဘက် သို့မဟုတ် နှစ်ဘက်ထက် ပိုသော စစ်ခင်းသူတို့ တိုက်ခိုက်သည့် စစ်ဆင်ရေး ဖြစ်ပြီး ရန်သူ၏ စစ်အင်အား လျော့ကျအောင် သမားရိုးကျ လက်နက်များ အသုံးပြုကာ အလဲထိုး တိုက်ခိုက် ချေမှုန်း ဖျက်ဆီးခြင်း ဖြစ်သည်။ ဖျက်အားပြင်း လက်နက်သုံး လက်နက်ကို မသုံးဘဲ နိုင်ငံတကာ စစ်စည်းမျဉ်းများနှင့် အညီ တိုက်ခိုက်ကြသည့် စစ်ဆင်ရေး ဖြစ်သည်။
(က) သမားရိုးကျလက်နက် (Conventional Weapons) – အထိန်းအချုပ်၊ ကန့်သတ်ချက် ရှိသည့် စစ်ဆင်ရေးသုံး လက်နက်များဖြစ်သည်။
(ခ) ဖျက်အားပြင်းလက်နက် (Weapons of Mass Destruction) – ဓာတုလက်နက်၊ ဇီဝလက်နက်၊ နျူးကလီးယား လက်နက်များ ဖြစ်သည်။
၂။ သမားရိုးကျ မဟုတ်သော စစ်ဆင်ရေး (Unconventional Warfare) – နိုင်ငံတကာ စစ်စည်းမျဉ်းများနှင့် အညီ တိုက်ခိုက်ခြင်း မပြုသော စစ်ဆင်ရေး ဟု အကြမ်းဖျင်း ဆိုနိုင်သည်။ အစဉ်အလာအတိုင်း လက်ခံထားသည့် စစ်ဆင်ရေး ရည်မှန်းချက်များကို ငြင်းပယ်ပြီး စစ်စည်းမျဉ်းများကို ချိုးဖောက်၍ တိုက်ခိုက်သည့် စစ်ဆင်ရေး ဖြစ်သည်။
၃။ အချိုး မညီသော စစ်မက် ပဋိပက္ခ (Asymmetric Conflict) – အင်အားကြီးမားသူနှင့် အင်အားနည်းပါးသူတို့ ရင်ဆိုင် တိုက်ခိုက်ကြသည့် စစ်ဆင်ရေး ဖြစ်ပြီး၊ အင်အားနည်းပါးသူ၏ ရည်မှန်းချက်မှာ အနိုင်ရရန် မဟုတ်ဘဲ အင်အားကြီး ရန်သူ၏ အားနည်းချက်ကို ထိုးနှက်၍ စစ်မက်ပဋိပက္ခကို ရေရှည်ဆွဲထားရန် ဖြစ်သည်။
၎။ ပြောက်ကြား စစ်ဆင်ရေး (Guerilla Warfare) – ဤစစ်ဆင်ရေး အမျိုးအစားတွင် အင်အားကြီးမားသူနှင့် အင်အားနည်းပါးသူ ရင်ဆိုင်ကြရာ၌ အင်အားနည်းပါးသူ အနေဖြင့် အရပ်သားများကို အသုံးပြု၍ စားနပ်ရိက္ခာ၊ သတင်းအချက်အလက် ရယူခြင်း၊ အရပ်သားများကို တိုက်ခိုက်ရေး အဖွဲ့များတွင် ထည့်သွင်း အသုံးပြုခြင်းတို့ကို လုပ်ဆောင်လေ့ရှိသည်။ ထို့အပြင် အင်အားကြီး ရန်သူကို အလစ်အငိုက် ဖမ်း၍ တိုက်ခိုက်ပြီး ချက်ချင်း ဆုတ်ခွာကာ စစ်မက် ပဋိပက္ခကို ရေရှည်ဆွဲ၍ တိုက်ခိုက်လေ့ ရှိသည်။
၅။ အကြမ်းဖက် ခြိမ်းခြောက်မှုသုံး စစ်ဆင်ရေး (Terrorism) – ယေဘုယျ ဆိုရလျှင် အင်အား နည်းပါးသူ အနေဖြင့် ၎င်း၏ နိုင်ငံရေး ရည်ရွယ်ချက် ရရှိရန် သို့မဟုတ် အင်အားကြီး ရန်သူက ၎င်းအား တန်းတူရည်တူ အဖြစ် ဆက်ဆံ၍ နိုင်ငံရေး အပေးအယူ ပြုလုပ်စေရန် ရည်ရွယ်၍ သတ်မှတ် ပစ်မှတ်ကို ရုတ်ခြည်း ထိုးနှက် တိုက်ခိုက်သည့် စစ်ဆင်ရေး ဖြစ်သည်။ အကြမ်းဖက် ခြိမ်းခြောက်မှုသုံး စစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ ပြည်သူလူထု အကြားတွင် မတည်ငြိမ်မှု၊ စိုးရိမ်ပူပန်မှု မြင့်တက်လာအောင် ဖန်တီး၍ အင်အားကြီးရန်သူ၏ သြဇာအာဏာ ကျဆင်းစေရန် သို့မဟုတ် နိုင်ငံရေး အပေးအယူ ပေါ်ပေါက်စေရန် ဖြစ်သည်။

အကြမ်းဖက် ခြိမ်းခြောက်မှုသုံး စစ်ဆင်ရေးကို ဥရောပ ရိုမန်ခေတ်၊ အလယ်ခေတ်ကပင် စတင်၍ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့ စိုးရိမ်ပူပင်မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ကင်းမဲ့အောင် ဖန်တီးခြင်းသည် အဓိက လက်နက် ဖြစ်သည်။ ရုပ်ပိုင်း တိုက်ခိုက်မှုသည် အယောင်ပြ လက်နက်သာ ဖြစ်သည်။ ဤ စစ်ဆင်ရေးကို အိုင်ယာလန် တော်လှန်ရေး၊ သီရိလင်္ကာ တမီလ်း (ကျား) ပဋိပက္ခ စသည်တို့တွင် ထိရောက်စွာ အသုံးပြုခဲ့သော်လည်း၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် (၉ / ၁၁) အကြမ်းဖက် ခြိမ်းခြောက်မှုသုံး တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်တွင် လူသိများလာ၏။

အကြမ်းဖက် ခြိမ်းခြောက်မှုသုံး စစ်ဆင်ရေးသည် ၂၁ ရာစုတွင် အများဆုံး ကြုံတွေ့ရမည် ဖြစ်သော စစ်ဆင်ရေး အမျိုးအစား ဖြစ်သည်။ ထိန်းချုပ်ရန်၊ တန်ပြန် တိုက်ခိုက်ရန် ခဲယဉ်းသည့် စစ်မက် ပဋိပက္ခ အမျိုးအစား ဖြစ်သည်။ ဖွံ့ဖြိုးလာသော လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးသော ဖွဲ့စည်းမှုကြောင့် အကြမ်းဖက် ခြိမ်းခြောက်မှုသုံး စစ်ဆင်ရေး၏ ထိရောက်မှုမှာ နေ့စဉ်နှင့် အမျှ မြင့်မားလာပြီး၊ ထိန်းချုပ်ရေး နည်းလမ်းများမှာ တဖြည်းဖြည်း ချိနဲ့လာပြီ ဖြစ်သည်။ (စကားချပ် – အကြမ်းဖက် ခြိမ်းခြောက်မှုသုံး စစ်ဆင်ရေးနှင့် တန်ပြန် စစ်ဆင်ရေး အကြောင်းကို သီးခြား ဆောင်းပါး ရေးသားပါမည်။)

၂၁ ရာစုတွင် သမားရိုးကျ လုံခြုံရေး ကိစ္စများ (Traditional Security) အပြင် သမားရိုးကျ မဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှုများ (Non-traditional Security Threats) ပိုမို များပြားလာ၏။ သမားရိုးကျ မဟုတ်သော လုံခြုံရေး ကိစ္စ ဆိုသည်မှာ လူသားတို့၏ အသက် အိုးအိမ်နှင့် ချမ်းသာ သုခကို ပျက်စီးစေသည့် ခြိမ်းခြောက်မှုများ ဖြစ်သည်။ သဘာဝ ဘေးရန်၊ ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝ သယံဇာတ ယုတ်လျော့ ကုန်ခမ်းခြင်း၊ ကူးစက် ရောဂါများ၊ စားနပ်ရိက္ခာ အခက်အခဲ၊ လူကုန်ကူးမှု၊ တရားမ၀င် နယ်ခြား ဖြတ်ကျော် ကူးပြောင်းခြင်း၊ ပင်လယ်ဓားပြရန်စွယ်၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ဂိုဏ်းများ၏ အန္တရာယ် စသည်တို့ ပါဝင်သည်။ ယနေ့ခေတ်တွင် စစ်မက် ပဋိပက္ခ ကြောင့် သေကြေ ပျက်စီးခြင်းထက် သမားရိုးကျ မဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှုများကြောင့် ပျက်စီး ဆုံးရှုံးမှု နှစ်စဉ် မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

သမားရိုးကျ မဟုတ်သော လုံခြုံရေး ကိစ္စများမှာ နိုင်ငံ တစ်နိုင်ငံတည်း အနေဖြင့် ဖြေရှင်း၍ မရနိုင်သောကြောင့် နိုင်ငံများ ပူးပေါင်း၍ စုပေါင်း လုံခြုံရေး ကာကွယ်ရေး နည်းလမ်းများ (Collective Security Defense Measures) ရှာဖွေကာ ဖြေရှင်းရမည့် အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်သည်။ အထူးသဖြင့်၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတကာ မူးယစ်ဆေးဝါး ဂိုဏ်းများ၏ အန္တရာယ်ကြောင့် သေကြေ ပျက်စီးမှုများ မြင့်တက်လာသည်ကို တွေ့ရပေမည်။ မက္ကဆီကို နိုင်ငံတွင် ယခု ၂၀၁၄ ခုနှစ် အတွင်း ဖြစ်ပွားသည့် အီဂွာလာ လူသတ်ပွဲ (၀ါ) ကျောင်းသား (၄၃) ဦး ပြန်ပေးဆွဲ လုပ်ကြံခံရမှု (2014 Iguala Mass Kidnapping) သည် နိုင်ငံတကာ မူးယစ်ဆေးဝါး ဂိုဏ်းများ၏ အန္တရာယ် မြင့်မားလာပြီ ဖြစ်ကြောင်းကို မီးမောင်း ထိုးပြလျက် ရှိပေသည်။ သို့ဖြစ်၍ ၂၁ ရာစုတွင် သမားရိုးကျ မဟုတ်သော လုံခြုံရေး ကိစ္စများကို ထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်မှသာလျှင် နိုင်ငံများ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည် ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် တပ်မတော် အနေဖြင့် သမားရိုးကျ မဟုတ်သော လုံခြုံရေး ကိစ္စများကို ထည့်သွင်း စဉ်းစား၍ ဆောင်ရွက်နေသည်ကို အတန်ငယ် မြင်တွေ့ရပါသည်။ တပ်မတော် အနေဖြင့် သမားရိုးကျ မဟုတ်သော လုံခြုံရေး ကိစ္စများတွင် စစ်ဘက်ကျွမ်းကျင်သူ မဟာဗျူဟာရှင်များ သာမက အရပ်ဘက် ပညာရှင်များကိုပါ ထည့်သွင်း ခန့်ထား၍ ကြုံတွေ့ရဖွယ် ရှိသော သမားရိုးကျ မဟုတ်သော လုံခြုံရေး ကိစ္စများကို ကိုင်တွယ် ဆောင်ရွက်ရာတွင် လိုအပ်မည့် ပြင်ဆင်မှုများ ဆောင်ရွက်ရန် အချိန်တန်ပြီ ဖြစ်သည်ဟု ယူဆမိပါသည်။

၅။ ပဋိပက္ခ မျဉ်းကွေးကို အသုံးပြု၍ စစ်မက် ပဋိပက္ခကို လေ့လာခြင်း

စစ်မက်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတရားများကို တင်ပြပြီး ဖြစ်သဖြင့် စစ်မက် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ သရုပ်ခွဲခြင်းကို မကျဉ်းမကျယ် ဆိုပါမည်။ စစ်မက် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်များကို ပဋိပက္ခ မျဉ်းကွေး (Curve of Conflict) ရေးဆွဲ၍ သရုပ်ခွဲလေ့ ရှိသည်။ ပဋိပက္ခ မျဉ်းကွေး ရေးဆွဲခြင်းနှင့် စပ်လျဉ်းသည့် အယူအဆ အမြောက်အမြား ရှိပါသည်။ ဤဆောင်းပါးတွင် အသုံး တွင်ကျယ်သည့် U.S. Institute of Peace ၏ သမားရိုးကျ ပဋိပက္ခ မျဉ်းကွေးကို အသုံးပြု၍ ဆွေးနွေးမည် ဖြစ်ပါသည်။

ဤမျဉ်းကွေးမှာ နိုင်ငံတကာ စစ်မက် ပဋိပက္ခကို အခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ပြည်တွင်း ပဋိပက္ခများကို ဆန်းစစ်ရာတွင် ဤမျဉ်းကွေးကို တိုက်ရိုက် အသုံးပြုရန် သင့်လျော်မည် မဟုတ်ပါ။ အခြေအနေကို သုံးသပ်၍ အခြေခံ သဘောတရားကို ချဲ့ထွင် ပြင်ဆင်ရမည် ဖြစ်ပါသည်။

Curve of Conflict Myanmar
ပဋိပက္ခ မျဉ်းကွေး ရေးဆွဲ၍ အခြေအနေကို သုံးသပ်ကြည့်ခြင်းဖြင့် ပဋိပက္ခ ဖြစ်ထွန်းမှု၊ ပေါက်ကွဲမှု၊ အရှိန်လျော့ကျမှုတို့ကို သိမြင်နိုင်ပြီး ဖြစ်ပွားချိန် အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းစွာ သိမြင်နိုင်မည် ဖြစ်သည်။ လက်တွေ့ အနေအထားတွင် ဖြစ်ပေါ်သော ပဋိပက္ခတို့၏ ဖြစ်ထွန်းမှု၊ ပေါက်ကွဲမှုမှာ အရှိန်အဟုန် လျင်မြန်ကြောင်းကို သတိချပ်ရမည် ဖြစ်ပြီး၊ တသမတ်တည်း ဖြစ်ပေါ်လေ့ မရှိကြောင်းကို ဆင်ခြင်ရမည် ဖြစ်၏။

၆။ ပဋိပက္ခ သဘော သဘာဝကို ဆန်းစစ်ခြင်း

စစ်မက် ပဋိပက္ခသည် လူ့သမိုင်းတွင် အရေးပါသည့် ဆင့်ကဲဖြစ်စဉ်များ ဖြစ်ကြောင်း အထက်တွင် ဆိုခဲ့ပြီး ဖြစ်သည်။ ပဋိပက္ခကြောင့် တိုးတက်ခြင်း ဖြစ်စေနိုင်သလို ဆုတ်ယုတ်ခြင်းလည်း ဖြစ်တတ်၏။ ပဋိပက္ခကို ဆန်းစစ်ရာ၌ ကောင်းသော သဘောကို ဆောင်ကြဉ်းသည့် ပဋိပက္ခ သို့မဟုတ် ဣဋ္ဌ ပဋိပက္ခ (Positive Conflict) နှင့် မကောင်းသော သဘောကို ဖြစ်စေသည့် ပဋိပက္ခ သို့မဟုတ် အနိဋ္ဌ ပဋိပက္ခ (Negative Conflict) ဟူ၍ နှစ်မျိုး ခွဲနိုင်သည်။

စစ်စစ် ပဋိပက္ခ၏ အကျိုး သက်ရောက်မှုတိုင်းတွင် အကောင်း၊ အဆိုး သဘောများ ဒွန်တွဲနေလေသဖြင့် ဣဋ္ဌ ပဋိပက္ခ၊ အနိဋ္ဌ ပဋိပက္ခ ဟု တိတိပပ ခွဲခြားရန် မလွယ်ကူချေ။ မည်သည့် ပဋိက္ခသည် ဣဋ္ဌသဘောကို ဆောင်၍ မည်သည့် ပဋိပက္ခသည် အနိဋ္ဌ သဘောကို ဖြစ်စေသည် ဟူသည့် အချက်ကို အောက်ဖော်ပြပါ စံသတ်မှတ်ချက်များဖြင့် အကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။

ဣဋ္ဌ ပဋိပက္ခ (Positive Conflict) ၏ အကျိုး သက်ရောက်မှု တွင်
(၁) လက်ရှိ အခြေအနေကို အစားထိုး ပြောင်းလဲရန် စိတ်ကူးစိတ်သန်း အသစ်အဆန်းများ၊ အကြံအစည်ကောင်းများ ထွက်ပေါ်လာခြင်း၊
(၂) စည်းလုံးညီညွတ်မှု တိုးပွားလာပြီး လူနှင့်ပတ်ဝန်းကျင်၏ အကျိုးစီးပွား တိုးတက်အောင် ဖန်တီးနိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း၊
(၃) လက်ရှိ အနေအထားကို ယထာဘူတကျသော အမြင်ဖြင့် နှိုင်းယှဉ်သုံးသပ်နိုင်သည့် အခြေအနေ ဖြစ်ပေါ်လာခြင်း၊
(၄) စည်းလုံးညီညွတ်မှု တိုးပွားလာပြီးနောက် တစ်ဦးနှင့်တစ်ဦး နားလည်မှု ရရှိလာခြင်း စသည်တို့ ပါဝင်သည်။

အနိဋ္ဌ ပဋိပက္ခ (Negative Conflict) ကြောင့်
(၁) စိတ်ဝမ်း ကွဲပြားပြီး ဘုံရည်မှန်းချက် ပျက်ပြားခြင်း၊
(၂) အကျင့်စာရိတ္တ ပျက်ပြားမှုများ မြင့်မားလာပြီး၊ တစ်ကိုယ်ကောင်း အတ္တ၀ါဒ ထွန်းကားလာခြင်း၊
(၃) အရေးကြီး လုပ်ငန်းများနှင့် အရေးပေါ် လုပ်ငန်းများ၏ ကွဲပြားခြားနားမှုကို အခြေခံသော ၀ိဝါဒ ကွဲပြားမှု ပေါ်ပေါက်လာခြင်း၊
(၄) ဗြဟ္မစိုရ်တရား ပျက်ပြားခြင်း စသည်တို့ ဖြစ်ပေါ်တတ်သည်။

ဥပမာ ဆိုရလျှင် မြန်မာနိုင်ငံ ကုန်းဘောင်ခေတ် ပဒေသရာဇ် စနစ်ကို အဆုံးသတ်လိုက်သည့် ကိုလိုနီ စစ်မက်ကြောင့် အသက်ပေါင်း များစွာ သေကြေ ပျက်စီးခဲ့ရသော်လည်း လယ်ယာစိုက်ပျိုးရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အစရှိသည့် ကဏ္ဍများ ဖွံ့ဖြိုးလာပြီး ပြည်သူတို့၏ စားဝတ်နေရေး ချောင်လည်လာသဖြင့် ထိုပဋိပက္ခကို ဣဋ္ဌ ပဋိပက္ခ ဟု ဆိုသော် ဆိုရကောင်းသည်။ လွတ်လပ်ရေး ရပြီးနောက် ဖြစ်ပွားသည့် ပြည်တွင်းစစ်ကြောင့် အသက် အိုးအိမ် ပျက်စီးခြင်း၊ စီးပွားရေး ကျပ်တည်းခြင်း၊ လုံခြုံမှု မရှိခြင်း အစရှိသည့် ရလဒ်ဆိုးတို့ ဖြစ်ပွားသဖြင့် ပြည်တွင်းစစ်ကို အနိဋ္ဌ ပဋိပက္ခ ဟူ၍ ဆိုသော် သင့်နိုးအံ့သည်။

၇။ ဂေါ်လတန်၏ ပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ တြိဂံ

ပဋိပက္ခကို ဋီကာဖွင့်ရာတွင် နော်ဝေလူမျိုး သချာင်္၊ နိုင်ငံရေးနှင့် လူမှုဗေဒ ပညာရှင် ယောဟန် ဂေါ်လတန် (Johan Galtung) ဖော်ထုတ်သည့် ပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ တြိဂံ (Conflict Triangle) သည် အလွန် ထင်ရှားပြီး၊ အသုံးဝင်သည့် သဘောတရား ဖြစ်သည်။ ပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် ငြိမ်းချမ်းရေးတို့ အကြားရှိ ဆက်နွယ်မှုကို ဂေါ်လတန်၏ သဘောတရားကို အသုံးပြု၍ ခွဲခြမ်း စိတ်ဖြာ ကြည့်လျှင် ပဋိပက္ခနှင့် အကြမ်းဖက်မှု ဖြစ်စေသည့် အကြောင်းတရားကို ဖော်ထုတ်နိုင်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရန် နည်းလမ်းများ ရှာဖွေနိုင်မည် ဖြစ်သည်။

၁၉၆၀ ပြည့်နှစ်များတွင် ဂေါ်လတန်သည် (၁) ၀ိရောဓိ (Contradiction)၊ (၂) သဘောထား (Attitude)၊ (၃) အပြုအမူ (Behaviour) ဟူသော အကြောင်းတရား သုံးခုကို အခြေခံကာ ပဋိပက္ခ လေ့လာ သုံးသပ်ခဲ့၏။ ဤနေရာတွင် ၀ိရောဓိ (Contradiction) ဟူသည်မှာ ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်သူတို့၏ မျှော်မှန်း ရလဒ်များ ကွဲလွဲ ဆန့်ကျင်ခြင်းကို ဆိုလိုပေသည်။ ဥပမာ – ၁၉၄၈ ခုနှစ်တွင် ရရှိခဲ့သော မြန်မာ့လွတ်လပ်ရေးသည် အစစ်အမှန် မဟုတ်သေးဟု ယူဆသော အဖွဲ့အစည်းနှင့် လွတ်လပ်ရေး အစစ်အမှန် ရရှိပြီ ဟူ ယူဆသည့် အဖွဲ့အစည်းတို့ အကြားတွင် ၀ါဒကွဲပြား၍ ၀ိရောဓိ ဖြစ်ပွားခြင်း။

သဘောထား (Attitude) ဟူသည်မှာ ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်သူတို့ အပြန်အလှန် ထားရှိသော အမြင်များကို ဆိုလိုသည်။ ဥပမာ – ရ၀မ်ဒါ လူမျိုးသုဉ်း သုတ်သင်မှုတွင် ရုပ်ပိုင်းဆိုင်ရာ လူမျိုးရေး ကွဲပြားမှု ဖြစ်သော အရပ်အမောင်းကို အခြေခံသည့် အမြင်ကြောင့် တစ်ဘက်နှင့် တစ်ဘက် အုပ်စု ကွဲပြားမှု ဖြစ်ပေါ်ပြီး၊ အရပ်နိမ့်သော ဟူတူမျိုးနွယ်စုဝင်တို့က အရပ်မြင့်သော တူဆီမျိုးနွယ်စုဝင်တို့ကို အရှင်လတ်လတ် ခြေဖြတ်ပြီး ကွပ်မျက်ခြင်း။

အပြုအမူ (Behaviour) ဟူသည်မှာ ၀ိရောဓိ ကို အကြောင်းပြု၍ ပေါ်ထွန်းလာသော သဘောထား များကို အခြေခံသည့် အကြမ်းဖက် တုံ့ပြန်မှု သို့တည်းမဟုတ် အနုနည်းဖြင့် တုံ့ပြန်မှုကို ဆိုလိုသည်။ ဥပမာ – မြန်မာနိုင်ငံ လွတ်လပ်ရေး ခေတ်ဦးတွင် ဆိုရှယ်လစ်နှင့် ကွန်မြူနစ် အုပ်စုများ အကြား ၀ိဝါဒ ကွဲပြားမှုကို အခြေခံ၍ တစ်ဦးနှင့် တစ်ဦး ယုံမှား သံသယ မကင်းဖြစ်ကာ အဆုံးတွင် လက်နက်ကိုင် လမ်းစဉ်ဖြင့် အပြန်အလှန် တုံ့ပြန်ခြင်း။

ဂေါ်လတန်၏ အလိုမူကား ၀ိရောဓိ၊ သဘောထား၊ အပြုအမူ ဟူသော လောင်စာဓာတ် သုံးခု ညီညွတ်မှသာလျှင် ပဋိပက္ခမီး အဖြစ်သို့ ရောက်ရှိသည် ဟူ၏။ ပဋိပက္ခ တြိဂံကို အခြေခံ၍ အကြမ်းဖက်မှုများ၊ ငြိမ်းချမ်းရေး လမ်းစဉ်များကို ဂေါ်လတန်က အကျယ်ချဲ့ပြန်သည်။

Gultang's Triangle Models (Myanmar) High Resolution copy

အကြမ်းဖက်မှုများကို ဂေါ်လတန်က (၁) တိုက်ရိုက် အကြမ်းဖက်မှု (Direct Violence)၊ (၂) အုံလိုက်ကျင်းလိုက် အကြမ်းဖက်မှု (Structural Violence)၊ (၃) ဓလေ့ထုံးတမ်း အကြမ်းဖက်မှု (Cultural Violence) ဟူ၍ ထပ်မံ ခွဲခြားပြန်သည်။ (စကားချပ် ဤ မြန်မာဘာသာ ပြန်ဆိုချက်မှာ ဆီလျော်ပြည့်စုံခြင်း မရှိပါ။ ထို့ထက် ပို၍ ကောင်းသော စကားလုံး ရွေးချယ် စဉ်းစား၍ မရတော့သဖြင့် ယခုကဲ့သို့ ဘာသာပြန်ဆို ထားခြင်း ဖြစ်ပါသည်။ အနက်သဘောကို ခြုံငုံမိစေရန် အားထုတ်၍ အကျဉ်းချုပ် တင်ပြပါမည်။)

တိုက်ရိုက် အကြမ်းဖက်မှု (Direct Violence) သည် ထင်သာမြင်သာ ရှိသော အကြမ်းဖက်မှုများ ဖြစ်သည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေသည့် တိုက်ခိုက်မှု၊ ညှဉ်းပန်း နှိပ်စက်မှု၊ သတ်ဖြတ်မှု၊ နှုတ်ဖြင့်စော်ကားမှု အစရှိသော အကြမ်းဖက်မှုများ အားလုံးကို ဆိုလိုသည်။ ဤ အကြမ်းဖက်မှုမျိုးသည် စစ်မက်ကာလ အတွင်း၌ သာမက စစ်မဲ့ကာလ အတွင်းတွင်လည်း ဖြစ်ပျက်လေ့ရှိသည်။ ဥပမာ အနေဖြင့် ပြဆိုရလျှင် အမေရိကန် – အီရတ် စစ်မက် ပဋိပက္ခ အတွင်း၊ အမေရိကန် စစ်သား၏ လက်ချက်ကြောင့် အပြစ်မဲ့ အရပ်သား ကလေးငယ် တစ်ဦး သေဆုံးခြင်းသည် တိုက်ရိုက် အကြမ်းဖက်မှု ဖြစ်သည်။ မကြာမီက ဖြစ်ပျက်ခဲ့သော လက်ပံတောင်း ကြေးနီမိုင်း ပဋိပက္ခ၌ ရဲဝန်ထမ်းများနှင့် တောင်သူတို့ ရုန်းရင်းဆန်ခတ် ဖြစ်ရာတွင် ရဲဝန်ထမ်း၏ လက်ချက်ဖြင့် တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခြင်းသည် တိုက်ရိုက် အကြမ်းဖက်မှု ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် လူဖြူလူမဲ ကွဲပြားမှုကြောင့် လူဖြူက လူမဲကို နှိပ်စက်ခြင်း သို့မဟုတ် လူမဲက လူဖြူကို ရန်စောင် တိုက်ခိုက်ခြင်းသည် တိုက်ရိုက် အကြမ်းဖက်မှုပင် ဖြစ်သည်။

အုံလိုက်ကျင်းလိုက် အကြမ်းဖက်မှု (Structural Violence) မှာ အတော်ပင် ကျယ်ပြန့်သော သဘောကို ဆောင်၏။ ဆင်းရဲနွမ်းပါးမှု၊ ဆာလောင်မွတ်သိပ်မှု၊ ဖိနှိပ်ခံရမှု၊ ဇာတိ ပုည ဂုဏ်မာန ခွဲခြားမှုတို့ ပါဝင်သည်။ ဥပမာ အနေဖြင့် ပြဆိုရလျှင် အမေရိကန် – အီရတ် ပဋိပက္ခ အတွင်း အမေရိကန် အစိုးရ ချမှတ်သော စီးပွားရေး ပိတ်ဆို့မှုများကြောင့် ပြည်တွင်း စီးပွားရေး ကျဆင်းပြီး အီရတ် ကလေးငယ်များ အစာရေစာ ကောင်းမွန်စွာ မရရှိတော့ သဖြင့် အာဟာရ ပြတ်လပ်၍ သေဆုံးရခြင်းသည် အုံလိုက်ကျင်းလိုက် အကြမ်းဖက်မှု ဖြစ်သည်။ မြန်မာနိုင်ငံ လက်ပံတောင်း အရေးတွင် မြေယာသိမ်းဆည်းမှုများကြောင့် ဒေသခံ တောင်သူတို့၏ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ ပျက်စီးခြင်းသည်လည်း အုံလိုက်ကျင်းလိုက် အကြမ်းဖက်မှုပင် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် လူဖြူ လူမဲ ပြဿနာကြောင့် လူဖြူ ကြီးစိုးသော နေရာတွင် လူမဲများ အလုပ်အကိုင် မရရှိခြင်း၊ လူမဲများ လွှမ်းမိုးသည့် နေရာတွင် လူဖြူများ ခွဲခြား ဆက်ဆံခံရခြင်းသည် အုံလိုက်ကျင်းလိုက် အကြမ်းဖက်မှုပင် ဖြစ်သည်။

ဓလေ့ထုံးတမ်း အကြမ်းဖက်မှု (Cultural Violence) မှာ အထက်တွင် ဆိုခဲ့ပြီးသော အကြမ်းဖက်မှုများ၏ မြစ်ဖျားခံရာ ဖြစ်လေသည်။ မုန်းတီးရွံ့ရှာမှု၊ စက်ဆုပ်မှု၊ ကြောက်ရွံ့မှု၊ ယုံမှားသံသယ တို့ကို ဖြစ်စေသော အပြုအမူ၊ အတွေးအခေါ်၊ အကျင့်အကြံတို့ကို ဆိုလိုခြင်း ဖြစ်ပေသည်။ လူသားတို့၏ နေထိုင်မှု ဖြစ်စဉ်ကို အပြောင်းအလဲ ဖြစ်စေသည့် ဘာသာတရား၊ အယူဝါဒ၊ အနုပညာဖန်တီးမှု စသည်တို့မှ မြစ်ဖျားခံ၍ တိုက်ရိုက် အကြမ်းဖက်မှုနှင့် အုံလိုက်ကျင်းလိုက် အကြမ်းဖက်မှု ဖြစ်စေနိုင်သည့် အမူအကျင့် အားလုံးကို ဓလေ့ထုံးတမ်း အကြမ်းဖက်မှု စာရင်းသွင်းရမည် ဖြစ်ပေသည်။

ဥပမာ ဆိုရလျှင် အမေရိကန် – အီရတ် ပဋိပက္ခ အတွင်း အမျိုးဇာတိနှင့် အယူဝါဒ ကွာခြားချက်ကြောင့် ဖြစ်ပေါ်လာသော သံသယစိတ်သည် ဓလေ့ထုံးတမ်း အကြမ်းဖက်မှု ဖြစ်ပြီး၊ ယင်းကြောင့် ဖြစ်ပေါ်သည့် ညှဉ်းပန်း နှိပ်စက်မှု၊ သတ်ဖြတ်မှုနှင့် ၀န်းရံ ပိတ်ဆို့ လုပ်ကြံခြင်းသည် တိုက်ရိုက် အကြမ်းဖက်မှုနှင့် အုံလိုက်ကျင်းလိုက် အကြမ်းဖက်မှုများ ဖြစ်၏။ မြန်မာနိုင်ငံ လက်ပံတောင်း အရေးတွင် ဖြစ်ပေါ်သည့် တရုတ်လူမျိုး မုန်းတီး ဆန့်ကျင်ရေး အမြင်သည် ဓလေ့ထုံးတမ်း အကြမ်းဖက်မှု ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် လူဖြူ လူမဲ ကွဲပြားမှုကြောင့် လူမဲဆိုလျှင် မူးယစ်ဆေးဝါး သုံးစွဲသူ၊ ရာဇ၀တ်ကောင် ဖြစ်တန်ခြေ ပို၍ များနိုင်သည် ဟူသော အမြင်သည်လည်း ဓလေ့ထုံးတမ်း အကြမ်းဖက်မှုပင် ဖြစ်သည်။ ဓလေ့ထုံးတမ်း အကြမ်းဖက်မှုသည် မြင်တွေ့ရန် မလွယ်ကူ သဖြင့် ကိုင်တွယ် ဖြေရှင်းရ ခက်သော အကြမ်းဖက်မှု အမျိုးအစား ဖြစ်သည်။

ဂေါ်လတန်၏ ပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ တြိဂံ သဘောတရားကို အသုံးပြုလျှင် (၁) ၀ိရောဓိ (၂) သဘောထား (၃) အပြုအမူ ဟူသော အကြောင်းတရား သုံးခုကြောင့် (၁) တိုက်ရိုက် အကြမ်းဖက်မှု (Direct Violence)၊ (၂) အုံလိုက်ကျင်းလိုက် အကြမ်းဖက်မှု (Structural Violence)၊ (၃) ဓလေ့ထုံးတမ်း အကြမ်းဖက်မှု (Cultural Violence) အကျိုးဆက်များ ဖြစ်ပေါ်လာကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။ ဤတြိဂံ သဘောတရားကို (၁) ငြိမ်းချမ်းရေး ဖန်တီးခြင်း (Peacemaking) (၂) ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း (Peacekeeping) (၃) ငြိမ်းချမ်းရေး တည်ဆောက်ခြင်း (Peacebuilding) လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာ၌ ထည့်သွင်း အသုံးချနိုင်ပါသည်။

၈။ ဂေါ်လတန်၏ အနိဋ္ဌ ငြိမ်းချမ်းရေးနှင့် ဣဋ္ဌ ငြိမ်းချမ်းရေး အယူအဆ

ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော သဘောတရား အမျိုးမျိုး ကွဲလွဲကြောင်းကို အထက်တွင် ဆိုခဲ့ပြီး ဖြစ်သည်။ ဂေါ်လတန်က ထိုသဘောတရား အမြင် အမျိုးမျိုးကို ခြုံငုံ သုံးသပ်ကာ (၁) အနိဋ္ဌ ငြိမ်းချမ်းရေး (Negative Peace) နှင့် (၂) ဣဋ္ဌ ငြိမ်းချမ်းရေး (Positive Peace) ဟု နှစ်မျိုး စိတ်ပိုင်းလိုက်၏။ ဂေါ်လတန်၏ ငြိမ်းချမ်းရေး အမြင်တွင် အစဉ်အလာ အယူအဆ ဖြစ်သည့် စစ်မက် ကင်းမဲ့ခြင်း သာမက ရောဂါဘယ ကင်းဝေးခြင်း၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ခြင်း စသည်တို့ကိုပါ ထည့်သွင်း စဉ်းစားပါသည်။

ဂေါ်လတန်၏ အလိုအရ အနိဋ္ဌ ငြိမ်းချမ်းရေး ဟူသည်မှာ စစ်မက် ပဋိပက္ခ ကင်းဝေးခြင်း၊ သွေးထွက်သံယိုဖြစ်မှု ကင်းမဲ့ခြင်း၊ တိုက်ရိုက် အကြမ်းဖက်မှုနှင့် အုံလိုက်ကျင်းလိုက် အကြမ်းဖက်မှု ကင်းစင်ခြင်း ဖြစ်သည်။ ငြိမ်ဝပ်ပိပြားရေး သဘောလွှမ်းသည့် အနိဋ္ဌ ငြိမ်းချမ်းရေးကို ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် သော်လည်းကောင်း၊ စစ်မက် အင်အား၊ စီးပွားရေး အင်အားဖြင့် ကွပ်ညှပ်၍ သော်လည်းကောင်း ရယူနိုင်သည်။ ငြိမ်းချမ်းရေး ရယူပုံ အမြင် အမျိုးမျိုး ကွဲပြားခြင်းကို အထက်တွင် ဆိုခဲ့ပြီး ဖြစ်၍ ထပ်မံ မဆိုတော့ပြီ။

ဥပမာ အနေဖြင့် ပြဆိုရလျှင် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လှုပ်ရှားမှုများ၏ ဦးတည် ရည်ရွယ်ချက်ကို လေ့လာပါက အနိဋ္ဌ ငြိမ်းချမ်းရေးကို အဆောတလျင် တည်ဆောက်၍ စစ်မက် ပဋိပက္ခ ဖြစ်ပွားမှုကို ထိန်းချုပ်ခြင်း ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသတွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကွန်မြူနစ် စစ်မက် ပဋိပက္ခတို့တွင် တပ်မတော် အနေဖြင့် ကွန်မြူနစ် တပ်ဖွဲ့များကို အလဲထိုး၍ နယ်မြေ စိုးမိုးရေး၊ လုံခြုံရေးနှင့် အမိန့်အာဏာကို တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် စစ်မက်ကင်းမဲ့သော အနိဋ္ဌ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့သည်။ ယခုအခါ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနှင့် လူမျိုးစု လက်နက်ကိုင်၊ နိုင်ငံရေး အင်အားစုများ ဆွေးနွေးနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ ကနဦး ရည်မှန်းချက် ဖြစ်သည့် အပစ်အခတ် ရပ်စဲရေးမှာ အနိဋ္ဌ ငြိမ်းချမ်းရေး ဖြစ်သည်။

တစ်ဖန် ဂေါ်လတန်က ဣဋ္ဌ ငြိမ်းချမ်းရေး၏ သဘောကို ထပ်မံ ဖွင့်ဆိုပြန်၏။ ဣဋ္ဌ ငြိမ်းချမ်းရေး သည် စစ်မက် ကင်းရှင်းခြင်း၊ ရောဂါဘယ ကင်းဝေးခြင်း၊ လုံခြုံ တည်ငြိမ်မှု ရှိခြင်း သာမက အေးချမ်း ဖွံ့ဖြိုးခြင်း၊ တော်တည့် ကောင်းမွန်သည့် တရားဥပဒေ စိုးမိုးခြင်း ဟူသော သဘောများ ပါဝင်သည့် ထူးမြတ်သော ငြိမ်းချမ်းခြင်းကို ဆိုလိုပေသည်။ ဂေါ်လတန်က ဣဋ္ဌ ငြိမ်းချမ်းရေး သည် လူသားတို့၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး၊ တရား မျှတမှု ရှိရေးကို ရှေးရှုထားပြီး၊ လူသားတိုင်း ရရှိအပ်သော ငြိမ်းချမ်းရေး ဖြစ်ကာ ခွင့်တူ ညီမျှမှုဖြင့် တည်ဆောက်ရမည် ဟု ဆို၏။

ခွင့်တူညီမျှခြင်း ဆိုသည်မှာ လူ့အဖွဲ့အစည်းတွင် တွယ်ငြိနေသည့် မကောင်းသော အပြုအမူ၊ မသင့်သော အတွေးအမြင်၊ မမြတ်သော အလေ့စရိုက်၊ မလျော်သော လူ့အဖွဲ့အစည်း စည်းမျဉ်းများကို ပြုပြင် ပြောင်းလဲ ကျော်လွှားခြင်း ဖြစ်သည် ဟု ဂေါ်လတန်က ဆိုသည်။ တနည်းဆိုရလျှင် အသားအရောင်၊ အသက်အရွယ်၊ လိင်သဘာဝ စသည့် ခပ်သိမ်းသော ခွဲခြားဆက်ဆံမှုများ၊ အထူးထူးသော အကြမ်းဖက်မှုများကို အမြစ်လှန် ပြောင်းလဲကာ လူမှု အနိဌာရုံများ ကင်းစင်၍ သာယာဝပြောပြီး တရားမျှတသော လူ့ဘောင်သစ်သည် ဣဋ္ဌ ငြိမ်းချမ်းရေး ပန်းတိုင် ဖြစ်ပေ၏။

ဥပမာ အနေဖြင့် ဆိုရလျှင် ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် ပန်းတိုင်များသည် ဣဋ္ဌ ငြိမ်းချမ်းရေး သဘောဆောင်သည့် ငြိမ်းချမ်းရေး လမ်းစဉ် ဖြစ်သည်။ မြန်မာနိုင်ငံသားတို့ အလိုရှိ၊ တောင့်တသော ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး ရရှိရေး၊ ဒီမိုကရေစီ နည်းကျ အုပ်ချုပ်ရေး စနစ် ပေါ်ထွန်းရေး စသည်တို့သည် ဣဋ္ဌ ငြိမ်းချမ်းရေး လိုအပ်ချက် ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ဆောင်ရွက်နေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ တစ်ဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ပြီး၊ စာချုပ် မကျိုး မပေါက်ရလေအောင် နှစ်ဦးနှစ်ဘက် ထိန်းသိမ်းနိုင်လျှင် ဣဋ္ဌ ငြိမ်းချမ်းရေး လမ်းကြောင်းသို့ ဦးတည်ရန် အခြေအနေ ပေါ်ထွန်းလာမည် ဟု ယူဆမိသည်။
အနိဋ္ဌ ငြိမ်းချမ်းရေးနှင့် ဣဋ္ဌ ငြိမ်းချမ်းရေး သဘောတရားတို့၏ အသုံးဝင်မှု၊ လက်တွေ့ကျမှုကို ဆန်းစစ်သည့် အမြင်များ ရှိသည်ကို အသိအမှတ် ပြုရမည် ဖြစ်ပါသည်။ အထူးသဖြင့် တရားမျှတမှုကို ဦးတည်သည့် ဣဋ္ဌ ငြိမ်းချမ်းရေး သည် လက်တွေ့ကျသော အမြင်မဟုတ်၊ စိတ်ကူးယဉ် ၀ါဒ သာ ဖြစ်ချေသည် ဟု အခိုင်အမာ ဆိုသူတို့ အမြောက်အမြား ရှိပါသည်။ ဤအမြင်ကို စွဲကိုင်သူတို့က ဣဋ္ဌ ငြိမ်းချမ်းရေး သည် လက်တွေ့ အခြေအနေနှင့် ကင်းကွာနေသော အယူအဆ ဖြစ်သည်ဟု ယူဆကြသည်။

အချို့ ပညာရှင်များက လက်တွေ့ နိုင်ငံရေးတွင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခွင့်အရေးများ တန်းတူညီမျှ ရယူပိုင်ဆိုင်ခွင့် ကွာဟချက်နှင့် လူသားတို့၏ ကြမ်းတမ်းသော ဗီဇစရိုက် ထကြွခြင်းကြောင့် စစ်မက် ပဋိပက္ခ အချိန်မရွေး ဖြစ်ပွားနိုင်ခြင်းကြောင့် ဣဋ္ဌ ငြိမ်းချမ်းရေးကို မည်သည့် အခါတွင်မျှ မရနိုင်ဟု ယူဆကြသည်။ ဣဋ္ဌ ငြိမ်းချမ်းရေး အတွက် လေဖမ်း ဒန်းစီးမည့် အစား လက်နက် အင်အား၊ စီးပွားရေး အင်အားဖြင့် အာဏာ ချိန်ခွင်လျှာကို ထိန်းညှိမှသာလျှင် ငြိမ်ဝပ်ပိပြားသော ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည် ဟု ဆိုကြသည်။

စင်စစ် ဣဋ္ဌ ငြိမ်းချမ်းရေး ၀ါဒီတို့ အဆိုပြုသည့် တရားမျှတခြင်း ဆိုသည့်မှာ အဓိပ္ပာယ် မပြတ်သားသော သဘော ဖြစ်သည်။ မည့်သည့် တရားမျှတခြင်း၊ မည်သူ အတည်ပြုသည့် တရားမျှတခြင်းကို ဆိုလိုသနည်း ဟု စောကြောလျှင် အမယ်ဘုတ်၏ ချည်ခင် ဖြစ်သွားပေလိမ့်မည်။ လက်တွေ့တွင် တရားမျှတမှု ဆိုသည်မှာ အနိုင်ရသူတို့၏ လက်တွင်သာ ရှိသည် မဟုတ်လော။ အထူးသဖြင့် ပဋိပက္ခ ဖြစ်စဉ်တွင် ထိပ်တိုက် ဆုံသူတိုင်းသည် တရားမျှတမှု မရှိခြင်းကို ခံစားနေကြရသည် ဟု အမြဲတစေ ထင်မြင်ကြသဖြင့် နှစ်ဦး ဘဘောတူ လက်ခံနိုင်သည့် တရားမျှတမှု ဆိုသည်မှာ လုပ်ယူထားရသည့် အပေးအယူ ညှိနှိုင်းမှုသာ ဖြစ်သည်။

စာရေးသူ၏ အမြင်အရ လူသားတို့တွင် လောဘ၊ ဒေါသ၊ မောဟ ရှိနေသမျှ ကာလပတ်လုံး အကြွင်းမဲ့ ငြိမ်းချမ်းခြင်းကို ရနိုင်မည် မဟုတ်ဟု ယူဆပါသည်။ မောဟ လွှမ်း၍ ပေါ်ပေါက်လာသော လောဘ၊ ဒေါသကြောင့် ဖြစ်ပွားသည့် စစ်မက် ပဋိပက္ခကို အပြီးတိုင် ဆုံးခန်းသတ်ရန် ဖြစ်နိုင်မည် မဟုတ်ဟု ယူဆပါသည်။ လောဘ၊ ဒေါသ၊ မောဟ ကြောင့် ဖြစ်ပေါ်လာသည့် တိုက်ရိုက် အကြမ်းဖက်မှု၊ အုံလိုက်ကျင်းလိုက် အကြမ်းဖက်မှုတို့ကို အငြင်းပွားသူ နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော တရားမျှတမှုဖြင့် ပြေလည်အောင် ဖြေရှင်းရန် ခဲယဉ်းမည် မဟုတ်သော်လည်း ဓလေ့ထုံးတမ်း အကြမ်းဖက်မှုကို တိုက်ဖျက်ရန်မှာ အတော်ပင် ခဲယဉ်းမည် ဖြစ်ပေသည်။

၉။ ငြိမ်းချမ်းရေး သဘောတရားများ

စစ်မက် ပဋိပက္ခ ဆိုင်ရာ သဘောတရားတို့ကို အကျဉ်းချုပ် ဖော်ပြပြီး ဖြစ်သဖြင့် ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် အယူအဆများ အနက်မှာ ထင်ရှားသည့် သဘောတရား အချို့ကို ထုတ်နုတ် ဖော်ပြပါမည်။ ဦးစွာ နိုင်ငံတကာ တည်ငြိမ်မှု၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆိုင်ရာ အကြောင်းအရာများကို ဖော်ပြပြီး၊ ပြည်တွင်းနှင့် လူ့အဖွဲ့အစည်း ဆိုင်ရာ ငြိမ်းချမ်းရေး အမြင်များကို အတိုချုဉ်း၍ ဆွေးနွေးပါမည်။

စစ်မက်ပဋိပက္ခနှင့် ငြိမ်းချမ်းရေး သဘောတရားတို့သည် အပြန်အလှန် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် ရှိ၏။ လူ့အဖွဲ့အစည်း ပေါ်ပေါက်ချိန်မှ စတင်ခဲ့သော စစ်မက် ပဋိပက္ခကြောင့် သတ္တန္တရကပ်ကြီး အကြိမ်ကြိမ် သင့်ခဲ့ပြီးနောက်တွင် လူသားတို့သည် စစ်မက် ပဋိပက္ခ မဖြစ်မီက ၎င်းတို့ ရရှိခဲ့သော တည်ငြိမ်ခြင်း၊ လုံခြုံခြင်း အစရှိသည့် သဘောလွှမ်းသည့် ငြိမ်းချမ်းရေး ရရှိရန် နည်းလမ်းများ ရှာဖွေခဲ့လေ၏။ ငြိမ်းချမ်းရေးကို အနက် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြလေ၏။ ငြိမ်းချမ်းရေး သဘောတရားများသည် လူ့ယဉ်ကျေးမှု သမိုင်း ခေတ်စနစ်၏ လိုအပ်ချက် အရ ပြောင်းလဲခဲ့လေ၏။

တရုတ် သုခမိန် လောင်စွတ် (လောင်ဇူး) က စစ်မက်ပဋိပက္ခဖြင့် ငြိမ်းချမ်းရေး မရနိုင်။ ရေကဲ့သို့ တည်ငြိမ်၍ တည်ရှိမှု ပြောင်းလဲလွယ်မှု၊ လေကဲ့သို့ ဖြန့်ကြက် လှုပ်ရှားနိုင်ခြင်းသည် ငြိမ်းချမ်းရေး ဖြစ်သတည်း ဟု ဒဿန ပညာရှင် ပီပီ မိန့်လေ၏။ တစ်ဖန် တရုတ် သုခမိန် ကွန်ဖြူးရှပ်က ဟန်ချက်ညီမျှအောင် ထိန်းသိမ်းခြင်း၊ လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ခြင်းသည် ငြိမ်းချမ်းရေး ဖြစ်သည် ဟု ဆိုပြန်၏။

ဒတ်ခ်ျ သုခမိန် စပင်နိုဇာ၏ ငြိမ်းချမ်းရေး သဘောတရားမှာ အတော်ပင် စိတ်ကူးယဉ် ဆန်၏။ သူက ငြိမ်းချမ်းရေး ဟူသည်ကား စစ်မက် ပဋိပက္ခ ကင်းမဲ့ခြင်း ဟူသည့် သဘောကိုသာ ဆိုလိုသည် မဟုတ်၊ စာရိတ္တ ဖြူစင်ခြင်း၊ နှလုံးရည် ပြည့်ဝခြင်း၊ သဒ္ဓါထက်သန်ခြင်း၊ ယုံကြည်မှု ပြည့်ဝခြင်း၊ တရားမျှတမှု ဟူသည့် အကောင်းတကာ့ အကောင်းဆုံးသော သဘောတရားများ စုဝေးရာ အမြိုက်ဓာတ်ကြီး ဖြစ်ချေသတည်း ဟူ၏။ အရစ္စတိုတယ်ကမူ လိုအပ်လာလျှင် စစ်မက်ဆင်နွဲမှသာ ငြိမ်းချမ်းရေးကို ရနိုင်မည် ဟု ဆိုပြန်သည်။

ဘီစီ ၂ ရာစု ရိုမန်-ကာသေ့ဂ်ျ တို့၏ ပျူးနစ် စစ်ပွဲများ အပြီးတွင် ကာသေ့ဂ်ျမြို့ကို မွမွကြေအောင် ချေမှုန်းပြီး၊ အသစ် တစ်ဖန် တည်ထောင်ခြင်း မပြုနိုင်စေရန် မြေပြင်ကို ဆားဖြင့် သိပ်၍ အရာခပ်သိမ်း ပျက်စီးအောင် ဖန်တီးကာ ရန်မီး အပြီးသတ် ချုပ်ငြိမ်းအောင် စီမံ၍ ကာသေ့ဂ်ျ ငြိမ်ချမ်းရေး (Carthaginian Peace) ဟု အမည်တွင်သည့် စစ်မက်ပဋိက္ခ ချုပ်ငြိမ်းသော ငြိမ်းချမ်းခြင်း သဘောဆောင်သည့် ခေတ်ကြီးကို ဖန်တီးခဲ့ကြဖူးသည်။

စစ်မက်အင်အားဖြင့် ကျူးကျော်ရန်သူကို တွန်းလှန်ခြင်း၊ တည်ငြိမ်မှုကို ကာကွယ်ခြင်း ဟူသည့် သဘော စိုးမိုးသည့် အလက်ဇန်းဒြီးယား ငြိမ်းချမ်းရေးခေတ် (Alexandrian Peace) လည်း ထွန်းကားဖူး၏။ တဖန် ခရစ်ယာန် သူတော်စင် သြဂတ်စတင်း၏ တရားသော စစ်ဝါဒ (Just War) ကို အခြေပြုသည့် ငြိမ်ဝပ်ပိပြားသော သြဂတ်စတင်း ငြိမ်းချမ်းရေး (Augustine Peace) သဘောလည်း ပေါ်ဖူး၏။ ထို့နောက် နိုင်ငံ အသီးသီး၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် လုံခြုံရေးကို အခြေခံသော ၀က်စ်ဖေ့လယန် စာချုပ်ပါ ငြိမ်ချမ်းရေး (Westphalian Peace) လည်း တည်ခဲ့ဖူး၏။

ထိုမှတဖန် ဗြိတိသျှ အင်ပါယာ၏ ကိုလိုနီ ကုန်သွယ်ရေး အတွက် ရေကြောင်း ပိုက်နက် လွှမ်းမိုးရန် စစ်မက် အင်အားကို အသုံးပြု၍ စတင်ရာမှ ထိန်းချုပ် ကိုလိုနီ နယ်ပယ်များ တည်ငြိမ်ရေးကို ရှေးရှုသော ဘရစ်တန်းနီးယား ငြိမ်းချမ်းရေးခေတ် (Pax Britannia) လည်း ပေါ်ထွန်းဖူး၏။ ပထမ ကမ္ဘာစစ် အပြီး ပါရီ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို ပြီးနောက်တွင် မဟာမိတ် အင်အားကြီး နိုင်ငံများ ကြီးစိုးသည့် ဒီမိုကရေစီနှင့် စုပေါင်း လုံခြုံရေး ကိစ္စများကို ရှေ့တန်းတင်သည့် ငြိမ်းချမ်းရေး အယူအဆ ထွန်းကားပြန်သည်။

ထို့နောက်တွင် ကုလသမဂ္ဂ ဖွဲ့စည်းပြီး စစ်မက် ကင်းဝေးရေး၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး၊ စုပေါင်း လုံခြုံရေး၊ တရားမျှတမှု၊ လစ်ဘရယ် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားရေး၊ လွတ်လပ်သော ကူးသန်း ရောင်းဝယ်မှု ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အခြေခံသည့် ငြိမ်းချမ်းရေး ထွန်းကားလာ၏။ စင်စစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အင်အားကြီး နိုင်ငံများဖြင့် ဖွဲ့စည်းထားဖြင့် ဖြစ်သဖြင့် ဤငြိမ်းချမ်းရေးမှာလည်း အင်အားကြီး နိုင်ငံတို့ အနေဖြင့် စစ်မက်နှင့် စီးပွားရေး အင်အားကို အသုံးပြု၍ ကြီးစိုး ချယ်လှယ်သည့် ငြိမ်းချမ်းရေးသာ ဖြစ်သည်။

ပစက္ခကာလတွင် ထင်ရှားသော ငြိမ်းချမ်းရေး အယူအဆ နှစ်ခုမှာ ရီးယဲလစ် (လက်သစ်ဝါဒီ) ငြိမ်းချမ်းရေး (Neo-Realist Peace) နှင့် လစ်ဘရယ် (လက်သစ်ဝါဒီ) ငြိမ်းချမ်းရေး (Neo-Liberal Peace) ဖြစ်သည်။ ရီးယဲလစ် (လက်သစ်ဝါဒီ) ငြိမ်းချမ်းရေး (Neo-Realist Peace) သည် နိုင်ငံ၏ အချုပ်အခြာကို ဗဟိုပြုသည့် ငြိမ်းချမ်းရေး ဖြစ်သည်။ ဇမ္ဗူပတိ ဧကရာဇာ အုပ်ချုပ်ရေး စနစ်ကင်းမဲ့ခြင်း ဟူသည့် အမြင်ကို အခြေခံ၍ မိမိ၏ အချုပ်အခြာ အာဏာ တည်တံ့ရေး၊ လုံခြုံ လွတ်လပ်ရေးကို ဦးစားပေးသော ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် စစ်မက်နှင့် စီးပွားရေး သြဇာ အာဏာကို လက်ကိုင် အသုံးပြုသည်။

စစ်မက် အင်အားဖြင့် နိုင်ငံများ အကြားရှိ သြဇာ အာဏာ ချိန်ခွင်လျှာကို တည့်မတ်ရန် အားထုတ်လေ့ ရှိသည်။ အင်အားကြီး နိုင်ငံများ အနေဖြင့် စစ်ရေးနှင့် စီးပွားရေး အရှိန်အ၀ါကို အသုံးပြု၍ အင်အား နည်းပါးသော နိုင်ငံများ၏ ရန်လိုမှုကို ထိန်းချုပ်နိုင်လျှင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည် ဟု ယူဆကြသည်။ တနည်းဆိုရသော် ခေတ်သစ် ရီးယဲလစ် ငြိမ်းချမ်းရေးသည် လက်နက်အင်အားကို အသုံးပြု၍ တန်ခိုးအာဏာ ဟန်ချက်ကို ထိန်းညှိကာ တည်ဆောက်ထားသော နိုင်ရာစား ငြိမ်းချမ်းရေး ၀ါဒသာ ဖြစ်သည်။

စစ်အေးတိုက်ပွဲ (Cold War) ပြီးဆုံးပြီး နောက်တွင် ခေတ်သစ် လစ်ဘရယ် ငြိမ်းချမ်းရေး အမြင် အားကောင်းလာလေ၏။ ခေတ်သစ် လစ်ဘရယ် ငြိမ်းချမ်းရေး (Neo-Liberal Peace) သည်လည်း နိုင်ငံ၏ အချုပ်အခြာကို အခြေပြုသည့် ငြိမ်းချမ်းရေး အယူအဆပင် ဖြစ်သည်။ လိုရင်းကို ဆိုရလျှင် အရင်းရှင် စီးပွားရေး စနစ်နှင့် ဒီမိုကရေစီ ပေါင်းစပ်ခြင်း၏ ရလဒ်မှာ ခေတ်သစ် လစ်ဘရယ် ငြိမ်းချမ်းရေး ဖြစ်သတည်း။

နိုင်ငံ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရရှိမည့် ချစ်ကြည် ရင်းနှီးမှု၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် အမှီသဟဲ ပြုမှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဖွံ့ဖြိုးလာလျှင် စစ်မက် ပဋိပက္ခကို ရှောင်လွှဲနိုင်ပြီး တည်ငြိမ် လုံခြုံမှု ရှိသော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လိမ့်မည်ဟု လစ်ဘရယ်တို့က အခိုင်အမာ ယူဆကြသည်။ ယူဆသည့် အတိုင်းပင် ဥရောပသမဂ္ဂ တည်ထောင်နိုင်ခဲ့ပြီး အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း ကူးသန်း ရောင်းဝယ် ဖောက်ကားရေး ထွန်းကားအောင် စီမံနိုင်သဖြင့် စစ်မက်ပဋိပက္ခကို ရှောင်လွှဲနိုင်သည့် လမ်းကြောင်းထက်သို့ ရောက်ရှိခဲ့လေ၏။

သာဓက အနေဖြင့် ဆိုရလျှင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့် ပြင်သစ်နှင့် ဂျာမနီ သည် ကမ္ဘာ့ ရန်ဘက် နိုင်ငံများ ဖြစ်ခဲ့ဖူးကြသော်လည်း စီးပွားရေး အပြန်အလှန် အပြန်အလှန် အမှီသဟဲ ဖြစ်ထွန်းပြီးနောက်တွင် အတိတ် ရန်ငြိုးကို သင်ပုန်းခြေကာ ပြေလည် ငြိမ်းချမ်းသည့် ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့လေ၏။ လစ်ဘရစ် ငြိမ်ချမ်းရေး စိုးမိုးသည့် နိုင်ငံတို့သည် ယင်းတို့၏ လုံခြုံရေး၊ ငြိမ်းချမ်းရေးကို ထိပါးနိုင်သည်ဟု ယူဆရဖွယ် ရှိသည့် အကျိုးတူ စီးပွားဖက် မဟုတ်သော နိုင်ငံများ၏ ထိပါးမှု၊ တန်ခိုးအာဏာ မြင့်တက်လာခြင်းကို ထိန်းညှိရာတွင် စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေးဖြင့် ကွပ်ညှပ်ကာ တုံ့ပြန်ကြစမြဲ ဖြစ်သည်။ သို့ဖြစ်၍ လစ်ဘရယ် ငြိမ်းချမ်းရေးမှာလည်း ကြီးနိုင်ငယ်ညှဉ်း သဘောဆောင်သည့် ငြိမ်းချမ်းရေးသာ ဖြစ်သည်။

သို့ဖြစ်လျှင် အဘယ် ငြိမ်းချမ်းရေးသည် စစ်မှန်သော တော်တည့် ကောင်းမွန်သော ငြိမ်းချမ်းရေး ဖြစ်သနည်းဟု စောကြောဖွယ်ရာ ရှိ၏။ ခေတ်သစ် ရီးယဲလစ် ငြိမ်းချမ်းရေး (Neo-Realist Peace) နှင့် ခေတ်သစ် လစ်ဘရယ် ငြိမ်းချမ်းရေး (Neo-Liberal Peace) နှစ်မျိုးလုံးမှာ အင်အားကြီး နိုင်ငံတို့က ယင်းတို့၏ အကျိုး စီးပွားကို စောင့်ရှောက်ရန် စီးပွားရေးအင်အား၊ လက်နက်အင်အားဖြင့် ကမ္ဘာ့လုံခြုံရေး စစ်မက်ပဋိပက္ခ လျော့ပါးအောင် ထိန်းသိမ်းခြင်းသာ ဖြစ်သည်။

ဤ ငြိမ်းချမ်းရေး အမြင်နှစ်ရပ်လုံးသည် နိုင်ငံ လုံခြုံရေးကို ဦးစားပေး ဗဟိုပြုသည့် ဗိုလ်ကျ စိုးမိုးသော အသွင်ကို ဆောင်သည့် ငြိမ်းချမ်းရေး အမြင်များ ဖြစ်ပြီး နိုင်ငံအတွင်း နေထိုင်ကြသော လူသားတို့၏ လုံခြုံရေး၊ အခွင့်အရေး၊ လွတ်လပ်ခြင်းနှင့် တရားမျှတမှုကို ဆောင်ရွက်ရာတွင် ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။ သို့ဖြစ်၍ လွတ်လပ် တရားမျှတမှုကို ဦးတည်သည့် ငြိမ်းချမ်းရေး အယူအဆသစ်သည် ယခုအခါတွင် ပေါ်ထွန်း အားကောင်းစ ပြုလာပြီ ဖြစ်သည်။

ပစက္ခ ကမ္ဘာ့ငြိမ်းချမ်းရေး နယ်ပယ်တွင် ခေတ်သစ် လစ်ဘရယ် ငြိမ်းချမ်းရေး (Neo-Liberal Peace) သည် ဦးဆောင် သဘောတရား အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လျက် ရှိပြီး၊ ခေတ်သစ် ရီးယဲလစ် ငြိမ်းချမ်းရေး (Neo-Realist Peace) မှာလည်း ခိုင်မာဆဲ ဖြစ်သည်။ သို့စေမူ ပိုမို ကောင်းမွန်သည့် လွတ်လပ် တရားမျှတမှုကို ဦးတည်သည့် ငြိမ်းချမ်းရေးကို ဦးတည်ရမည်သာ ဖြစ်သည်။

အထက်တွင် ဆိုခဲ့သည်မှာ ထင်ရှားသော ငြိမ်းချမ်းရေး အယူအဆများ ဖြစ်ပြီး ဒေသ၊ ပယောဂကြောင့် အမြင် အမျိုးမျိုး အဖုံဖုံ ကွဲပြားမည်မှာ မုချပင် ဖြစ်သည်။ စစ်မက် ပဋိပက္ခကို အနက်ဖွင့်ဆိုရန် လွယ်ကူသော်လည်း ငြိမ်းချမ်းရေးကို အနက် ဖွင့်ဆိုရန် မလွယ်ချေ။ ငြိမ်းချမ်းရေး ဟူသည်မှာ အဘယ်နည်း ဟူသည့် မေးခွန်း အတွက် ပြီးပြည့်စုံသော အဖြေ မရှိချေ။ လူ့အဖွဲ့အစည်း၊ လူသားတို့၏ လိုအပ်ချက် (Needs) နှင့် လိုအင်ဆန္ဒ (Wants) ကွဲပြားမှုကြောင့် ငြိမ်းချမ်းရေးမှာ ကွဲပြားနေမည် ဖြစ်သည်။ ဥပမာ ဆိုရလျှင် လူမှုရေး၊ စီးပွားရေး ကောင်းမွန်သည့် နော်ဝေးနိုင်ငံမှ လူတစ်ဦးက ငြိမ်းချမ်းရေး ဟူသည် တရားမျှတမှု ရှိခြင်း ဟု ယူဆချိန်တွင် အီရတ်နိုင်ငံမှ လူတစ်ဦး အတွက် ငြိမ်းချမ်းရေး ဟူသည်မှာ အသက်အန္တရာယ် ကင်းဝေးခြင်း ဖြစ်ပေလိမ့်မည်။

အတိုချုဉ်း၍ ဆိုရလျှင် ငြိမ်းချမ်းရေး ဆိုင်ရာ အနက်ဖွင့်ဆိုချက်သည် ဇာတိ၊ ပုည၊ ဂုဏ်မာနနှင့် ရေမြေ သဘာဝကို အမှီပြု၍ အပြောင်းအလဲ ဖြစ်ပေါ်လျက် ရှိပေသည်။ ကဗျာဆန်ဆန် ဆိုလျှင်မူကား ငြိမ်းချမ်းရေး ချိုးငှက်သည် ကြည့်သူ၏ အမြင်ပေါ် မူတည်၍ အရောင် ပြောင်းလဲနိုင်ပါသည်။ ငြိမ်းချမ်းရေး ချိုးငှက်၏ အရောင်တွင် သွေးရောင် မစွန်းထင်အောင် ခေတ်စနစ်ဖြင့် ကိုက်ညီမည့် နည်းလမ်းများ ရွေးချယ်ကာ လက်တွေ့ အသုံးပြုကြလျှင် လွတ်လပ် တရားမျှတမှုကို အခြေခံသော ငြိမ်းချမ်းရေးကို လူသားတိုင်း ရမည်မှာ မလွဲပင် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် လူသား လုံခြုံရေး လမ်းစဉ် (Human Security) ကို ထည့်သွင်း အသုံးပြုရမှာသာ ရေရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် ဖြစ်၏။ ဆက်လက် ဖော်ပြမည့် မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းရေး ကဏ္ဍတွင် လူသား လုံခြုံရေး လမ်းစဉ် အကြောင်းကို ပျင်းရိဖွယ် မဖြစ်ရလေအောင် မကျဉ်းမကျယ် ဆွေးနွေးမည် ဖြစ်သည်။

၁၀။ မြန်မာနိုင်ငံနှင့် ငြိမ်းချမ်းရေး

စစ်မက်ပဋိပက္ခ ဖြစ်စဉ်တွင် အငြင်းပွားဖွယ်ဖြစ်သော်လည်း အရေးပါသော အချက်တစ်ခုမှာ စစ်မက် ပဋိပက္ခမှ ရရှိသည့် အကျိုးအမြတ်ကို မည်သူ ခံစားပိုင်ခွင့် ရှိသနည်း ဟူသော မေးခွန်းဖြစ်သည်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အရေးပါသည့် အချက်မှာ ငြိမ်းချမ်းရေး ဟူသည်မှာ ပျက်စီးလွယ် ကျိုးပဲ့လွယ်သော အသွင်ကို ဆောင်သည် ဟူသော အချက်ပင် ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ အရိုက်အရာကို ဦးသိန်းစိန် လက်ခံ ရယူပြီးနောက် ပြောကြားသည့် အဖွင့်မိန့်ခွန်းတွင် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်၍ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မည် ဖြစ်ကြောင်း ပြည်သူတို့အား အသိပေးခဲ့သည်။ သမ္မတ ဦးသိန်းစိန် ဆိုလိုသည့် ထာဝရ ငြိမ်းချမ်းရေး ဟူသည်မှာ မည်သည့် အသွင်ကို ဆောင်သော ငြိမ်းချမ်းရေး ဖြစ်သည်ကို စာရေးသူ ကောင်းမွန်စွာ နားလည်ခြင်း မရှိသော်လည်း အပြုသဘောဆောင်သည့် ဦးတည်ချက် တစ်ခု ဖြစ်သည် ဟု ယူဆမိပါသည်။

၂၀၁၁ ခုနှစ် သြဂုတ်လမှ စတင်၍ ဆောင်ရွက်နေသော ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ပထမ အဆင့် ဖြစ်သော အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမှ ရလဒ် တိတိပပ ထွက်ပေါ်ခြင်း မရှိသေးသော်လည်း တိုက်ခိုက်မှု လျော့ကျလာသည်မှာ ၀မ်းမြောက်ဖွယ် ဖြစ်ပါသည်။ မြန်မာ့ တပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များ အကြားတွင် အသေးစား မြေပြင် ထိတွေ့မှုများ ဖြစ်ပွားနေဆဲ ဖြစ်သော်လည်း အခြားနိုင်ငံများမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နှိုင်းယှဉ်ကြည့်ပါက ပြောပလောက်သော ပမာဏ မဟုတ် ဟု ဆိုသော် ဆိုရကောင်းသည်။ ဖြစ်ပွားဆဲ စစ်မက် ပဋိပက္ခကို စစ်မက်ဖြင့် မတုံ့နှင်းဘဲ အပေးအယူ လုပ်ကာ ညှိနှိုင်းမှုဖြင့် ပြေလည်အောင် ဖြေရှင်နိုင်လျှင် အနိဋ္ဌ ငြိမ်းချမ်းရေး အဆင့်မှ တစ်ဆင့် ဣဋ္ဌ ငြိမ်းချမ်းရေး သို့ ပြောင်းလဲနိုင်မည် ဖြစ်ပေသည်။

တပ်မတော်နှင့် လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များ၏ တပ်ဖွဲ့စည်းမှု၊ တပ်လည်ပတ်မှု၊ အမိန့်အာဏာ၊ နိုင်ငံရေး ယုံကြည်ချက် အစရှိသည့် ကွာခြားချက်များကြောင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းမှာ အချိန် ကြာမြင့်လိမ့်မည်မှာ မလွဲပင် ဖြစ်၏။ ယခုလာမည့် ပြည်ထောင်စုနေ့တွင် ရေးထိုးဖွယ် ရှိသော အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆို နိုင်ခဲ့လျှင်လည်း နောက်ပိုင်း ကာလများတွင် တပ်ကျွံမှု၊ အသေးစား ထိတွေ့မှုများ ဖြစ်ပွားဦးမည် ဟု မှန်းဆမိပါသည်။ အထူးသဖြင့် အပစ်အခတ် ရပ်စဲမှု စောင့်ကြည့်ရေး ကာလ အတွင်း၌ အသေးစား ထိတွေ့မှုများ ဆက်လက် ဖြစ်ပွားနေဦးမည်မှာ မုချပင် ဖြစ်သည်။

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ပထမ အဆင့် ဖြစ်သော အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ခဲ့လျှင် ဆက်လက် ဆောင်ရွက်ရမည့် ဒုတိယ အဆင့် ဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် တတိယ အဆင့် ဖြစ်သော တရားဝင် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခြင်း လုပ်ငန်းစဉ်များတွင်လည်း ကန့်သတ်ချက်များ၊ စိန်ခေါ်မှုများ ရှိနေဦးမည် ဖြစ်သည်။

ဥပမာ ဆိုရလျှင် နိုင်ငံရေးဖွံ့ဖြိုးမှု အားနည်းသော ဒေသများတွင် လူမျိုးစု စစ်ခေါင်းဆောင် ၀ါဒ (Ethno Wardlordism) ခေါင်းထောင်လာပြီး စစ်မက် အရိပ်အယောင် ပြန်လည် ပေါ်ထွန်းလာမည့် အနေအထားလည်း ဖြစ်တန်ချေ ရှိသည်။ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကို ကန့်သတ်လျှင် စစ်မက် ပဋိပက္ခ ပြန်လည် ဖြစ်ပွားနိုင်သည်။ နယ်စပ်ဒေသ မြိုကြီးများတွင် လက်နက်ပုန်း ပြဿနာ ထူပြောလာနိုင်ပြီး ဓားပြမှု၊ ခြိမ်းခြောက်မှု၊ ပြန်ပေးဆွဲမှုများ ဖြစ်ပေါ်နိုင်ပါသည်။ ထို့အပြင် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ညှိနှိုင်းရေး ဆွေးနွေးပွဲများကို အချိန် ဆွဲ၍ လက်နက် ရိက္ခာ လူသူ အင်အား ဖြည့်တင်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်။

ထို ဖြစ်တန်ခြေ ရှိသော ပြဿနာ သောင်းခြောက်ထောင်ထက် ပို၍ အရေးကြီးသော အချက်မှာ ငြိမ်းချမ်းရေး ဟူသည် ပျက်စီးလွယ်၊ ကျိုးပေါက်လွယ်သော အသွင်ကို ဆောင်သည် ဟူသော အချက်ပင် ဖြစ်သတည်း။ ကမ္ဘာ့ တစ်ဝှမ်း၌ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ ဖြစ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကျိုးပေါက်ခဲ့သည့် ငြိမ်းချမ်းရေး စာချုပ် အမြောက်အမြား ရှိကြောင်း၊ စာချုပ် အခိုင်အမာ ချုပ်ဆိုပြီးတွင် ပြန်လည် ဖြစ်ပွားသော တိုက်ပွဲပေါင်း မြောက်မြားစွာ ရှိကြောင်းကို ထောက်ချင့်လျှင် ငြိမ်းချမ်းရေး စာချုပ် ဟူသည်မှာ သာမန် စက္ကူ တစ်ရွက်သာ ဖြစ်ကြောင်း သုံးသပ်နိုင်မည် ဖြစ်ပေသည်။

သို့ဖြစ်လျှင် အစိတ်စိတ် အမြွှာမြွှာ ကွဲပြားမှုတို့ဖြင့် ပြည့်နှက်နေသည့် ဤမြေ၊ ဤရေ၊ ဤလေပိုင်နက်တွင် မှီတင်း နေထိုင်ကြသူတို့ လိုလား တောင့်တရာ ငြိမ်းချမ်းရေး (အနိဋ္ဌ ငြိမ်းချမ်းရေး၊ ဣဋ္ဌ ငြိမ်းချမ်းရေး) ကို အဘယ်နည်းဖြင့် ရယူနိုင်မည်နည်း။ ရရှိပြီးသား တည်ငြိမ်မှုကို အဘယ်နည်းဖြင့် ထိန်းသိမ်းနိုင်မည်နည်း။ အနာဂတ်တွင် ဖြစ်ပွားဖွယ် ရှိသော ပဋိပက္ခ၊ အငြင်းပွားမှု၊ အကြမ်းဖက်မှု များကို အဘယ်နည်းဖြင့် တားဆီးနိုင်မည်နည်း။ ကျွန်ုပ်တို့ ရွေးချယ်စရာ နည်းလမ်း ဟူ၍ လူသား လုံခြုံရေး လမ်းစဉ် (Human Security) တစ်ခုတည်းသာ ရှိပါတော့သည်။

၁၁။ မြန်မာ့ငြိမ်းချမ်းရေးနှင့် လူသားလုံခြုံရေးလမ်းစဉ်

လူ့ယဉ်ကျေးမှု ပြောင်းလဲသည်နှင့် အမျှ လူ့အသက် ဂုဏ်သိက္ခာ ဆိုင်ရာ တန်ဖိုးထားမှုလည်း ပြောင်းလဲလာ၏။ ယနေ့ကာလတွင် ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းကိုပင် ခွင့်မပြုတော့။ ရှေးဟောင်း စစ်ပွဲများတွင် ရန်သူ၏ ဦးခေါင်းကို ဖြတ်ယူ၍ ရန်သူ၏ နှလုံးကို ထုတ်ယူကာ အောင်သေစားခြင်း မထူးဆန်းသော စစ်ယဉ်ကျေးမှု ဖြစ်သော်လည်း ယနေ့ခေတ်တွင် ထိုအပြုအမူမျိုးကို လက်မခံတော့ပြီ။ ရန်သူ၏ ခြေချောင်း၊ လက်ချောင်းများကို တစ်ခုချင်း ဖြတ်တောက်၍ သွေးထွက်လွန်အောင် လုပ်ပြီး နာကျင်မှု ဝေဒနာကို ရှည်ကြာစွာ ခံစားစေသော ညှဉ်းပန်းနည်းများကို ယနေ့ခေတ်တွင် မသုံးကြတော့ပြီ။

ခေတ်မီ ပြောင်းလဲလာသော လက်နက် ထုတ်လုပ်မှု စနစ်တွင် နာကျင်မှု ဝေဒနာ လျော့နည်းစေသော လက်နက်များ တီထွင်၍ ရန်သူကို လျင်မြန် ထိရောက်စွာ သတ်ဖြတ်မည့် နည်းလမ်းများ ရှာဖွေနေကြပြီ ဖြစ်သည်။ ညှဉ်းပန်း နှိပ်စက်ခြင်း နည်းလမ်းများလည်း ပြောင်းလဲ လာပြီ ဖြစ်သည်။ ပြောင်းလဲလာသော စစ်ဥပဒေ၊ စည်းမျဉ်း လုပ်ထုံးများကို ကျော်လွှားရန် အလို့ငှာ ရန်သူကို ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းခြင်း မပြုတော့ဘဲ ထိရောက်စွာ နှိပ်စက်ရန် ကျွမ်းကျင် ပညာရှင်များကို ငှားရမ်း၍ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက် နည်းသစ်များ တီထွင်ကာ အသုံးပြုနေကြပြီ ဖြစ်သည်။ ဥပမာ ဆိုရလျှင် အမေရိကန် ပြည်ထောင်စု၏ စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့သည် ပညာရှင်နှစ်ဦးကို ဒေါ်လာ ၈၁ သန်း အကုန်အကျခံ ငှားရမ်း၍ ညှင်းပန်း နှိပ်စက်နည်း အသစ်များ တီထွင်ခဲ့ကြောင်း မကြာမီက ထုတ်ပြန်ခဲ့သော အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်၏ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အရ သိရှိရသည်။

ယနေ့ခေတ် စနစ်တွင် လျင်မြန်သော သတ်ဖြတ်နည်း၊ ထိရောက်သော ဒဏ်ရာပျောက် ညှဉ်းပန်းနည်းများ ပေါ်ပေါက်နေသော်လည်း လူ့ယဉ်ကျေးမှု တိုးတက်ခြင်းကို ယေဘုယျ ခြုံငုံကြည့်လျှင် လူသားတို့၏ အသက် ဂုဏ်သိက္ခာ အပေါ် တန်ဖိုးထားမှုမှာ မြင့်တက်လာကြောင်း တွေ့ရမည် ဖြစ်ပါသည်။ အထူးသဖြင့် စစ်မက် ပဋိပက္ခ အတွင်း အရပ်သား အသက် သေဆုံးမှု နည်းပါးအောင် ဆောင်ရွက်ခြင်းနှင့် လူ့အခွင့်အရေး လုပ်ငန်းများတွင် အောင်မြင်မှုများ ရရှိလျက် ရှိ၏။ စစ်အေးတိုက်ပွဲ (Cold War) အပြီးတွင် ပေါ်ပေါက်လာသည့် စစ်မက်ပဋိပက္ခများ၊ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် လူ့အခွင့်အရေးကို ကျယ်ပြန့်စွာ ထည့်သွင်း စဉ်းစားလာကြသည်။ ရန်သူပင် ဖြစ်လင့်ကစား လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ညှဉ်းဆဲ သတ်ဖြတ်ခြင်း မပြုအပ် ဟူသော အယူအဆ တွင်ကျယ်လာသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘူးထရို့စ် ဘူးထရို့စ် ဂါလီ ပြုစု၍ ၁၉၉၂ ခုနှစ်တွင် လုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့သော ငြိမ်းချမ်းရေးလမ်းစဉ် (An Agenda for Peace) အစီရင်ခံစာ၌ လူသား လုံခြုံရေး လမ်းစဉ် ကို အခြေခံသည့် လုပ်ထုံးများ ပါဝင်လာသည်။ ဤလမ်းစဉ်သည် ယောဟန် ဂေါ်လတန် ဖော်ထုတ်ခဲ့သော ငြိမ်းချမ်းရေး အမြင်များနှင့်လည်း ကိုက်ညီမှု ရှိပေသည်။ ကုလသမဂ္ဂ၏ ဆောင်ရွက်ဆဲ ငြိမ်းချမ်းရေး လုပ်ငန်းများတွင် လူသား လုံခြုံရေး လမ်းစဉ်ကို ထည့်သွင်း ဆောင်ရွက်လျက် ရှိပါသည်။ သို့သော် ရည်ရွယ်ချက် အပြည့်အ၀ မရရှိသေးပါ။ ပြင်ဆင်ရဦးမည် ဖြစ်၏။

လူသား လုံခြုံရေး လမ်းစဉ် အရ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပဓာနကျသော အချက်များမှာ (၁) ပဋိပက္ခ ဖြစ်ပွားစေသည့် အခြေခံ အကြောင်းရင်းများကို ဖော်ထုတ်၍ ဖြေရှင်းခြင်း၊ (၂) ရေမြေဒေသ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေနှင့် သင့်လျော်မှု ရှိသည့် နည်းလမ်း ရှာဖွေခြင်း၊ (၃) ရေရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေးကို ရှေးရှုခြင်း၊ (၄) ဒေသ အတွင်းရှိ ရင်းမြစ်များကို ထိရောက်စွာ အသုံးချ၍ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း တို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများမှ တိကျသော ရလဒ် တစ်ခု အဖြူ၊ အမဲ သဲကွဲစွာ ထွက်ပေါ်လာလျှင် ငြိမ်းချမ်းရေး ဖန်တီးရာတွင် အသုံးပြုရမည့် ရေရှည်နည်းလမ်း ထွက်ပေါ် လာပေလိမ့်မည်။ ငြိမ်းချမ်းရေးကို စစ်မက်အင်အားဖြင့် သော်လည်းကောင်း၊ နိုင်ငံရေး ဆွေးနွေးမှုဖြင့် သော်လည်းကောင်း၊ စီးပွားရေး ထိန်းချုပ် ကွပ်ညှပ်မှုဖြင့် သော်လည်းကောင်း၊ လူမှုရေး ဖိအားဖြင့် သော်လည်းကောင်း ရယူနိုင်ကြောင်းကို နှစ်ဦးနှစ်ဘက် ဆွေးနွေးသူများ အနေဖြင့် ကောင်းစွာ သတိမူပြီး ဖြစ်ပေလိမ့်မည်။ မြန်မာနိုင်ငံ၌ သာမက ဒေသတွင်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲတို့၏ သွယ်ဝိုက် ဖိအားကြောင့် ရလဒ်ကောင်းကိုသာ နှစ်ဦးနှစ်ဘက်လုံး ရွေးချယ်ကြလိမ့်မည် ဟု ယူဆမိသည်။

ဆောင်ရွက်ဆဲ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများတွင် ဒေသခံတို့၏ လိုအပ်ချက်များကို ထင်ဟပ်သည့် အချက်များကို အားရဖွယ် ကောင်းလောက်အောင် ထည့်သွင်း ဆွေးနွေးခြင်း မတွေ့ရပေ။ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှု ကာလတွင် အာဏာကို တိုက်ရိုက် သုံးစွဲပိုင်ခွင့် ရှိသူတို့ လွှမ်းမိုးသည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ အာဏာကို တိုက်ရိုက် ရယူထားသူတို့ အနေဖြင့် ဒေသခံတို့၏ အသံကို လျစ်လျူရှုပြီး၊ ပြည်သူလူထု ဟူသော စကားလုံးကို မိမိ၏ ယုံကြည် ယူဆချက် အတွက် အသုံးပြုလျှင် သင့်မြတ်မည် မဟုတ်ချေ။ ဒေသခံတို့၏ လိုအပ်ချက်ကို လျစ်လျူရှုပါက ရေရှည်တွင် မိမိတို့ ရရှိထားသော အာဏာစက် ကျဆင်းတတ်ကြောင်းကို သတိပြု ဆင်ခြင်အပ်ပေသည်။ တွေးခေါ်ပညာရှင် ကားလမတ်စ် ဆိုခဲ့ဖူးသည့် ပစ္စည်းမဲ့ အာဏာမဲ့တို့တွင် နှောင်ကြိုးမှ အပ ဆုံးရှုံးစရာ ဟူ၍ ဘာတစ်ခုမျှ မရှိ ဟူသော စကားကို ဆင်ခြင်သင့်၏။

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စိတ်ပါဝင်စားသူ ပြည်သူလူထု၊ တက်ကြွလှုပ်ရှားသူများ၊ စာနယ်ဇင်းသမားတို့ အနေဖြင့်လည်း ငြိမ်းချမ်းရေး ညှိနှိုင်းမှုများကို အချိန်တို အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် ခဲယဉ်းကြောင်းကို သတိချပ်ရာ၏။ စင်စစ် ငြိမ်းချမ်းရေး ညှိနှိုင်းမှု ဟူသည်မှာ ဈေးဆစ်ခြင်း၊ ဈေးကစားခြင်း ဖြစ်ပေသည်။ ဟင်းရွက်ကန်စွန်း ဈေးဝယ်ရာတွင် ဈေးဆစ်ချိန် အနည်းဆုံး ငါးမိနစ်ခန့်မျှ ကြာမြင့်တတ်သည်။ သြဇာအာဏာ သယံဇာတ ခွဲခြမ်းရေး ဈေးဆစ်ခြင်း၊ ဈေးကစားခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးချိန် ကာလ ကြာညောင်းတတ်သည်မှာ ဘာမျှ မဆန်းလှပါ။ အခန့်မသင့်၍ အဝေ မတည့်လျှင် ဆယ်စုနှစ် ချီ၍ ကြာမြင့်နိုင်ပါသည်။

နိုင်ငံတော် အစိုးရ (သို့မဟုတ်) တာဝန်ရှိသူများ အနေဖြင့် လူသား လုံခြုံရေး လမ်းစဉ်ကို ငြိမ်းချမ်းရေး (အနိဋ္ဌ ငြိမ်းချမ်းရေး၊ ဣဋ္ဌ ငြိမ်းချမ်းရေး) တည်ဆောက်မှု လုပ်ငန်းများတွင် ထည့်သွင်း အသုံးချခြင်းဖြင့် နိုင်ငံသားတို့၏ အသက် ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်မည် ဖြစ်ပေသည်။ ယုတ်စွအဆုံး ဆွေးနွေးသူများ အကျိုးအမြတ် ခွဲဝေမှု ဆိုင်ရာ အပေးအယူ အလျော့အတင်း သဘောတူညီချက် မရရှိ၍ ပဋိပက္ခ ဆုံးခန်းတိုင်ခြင်းသို့ မရောက်သည့်တိုင် လူသား လုံခြုံရေး လမ်းစဉ်ကို ကျင့်သုံးခြင်းဖြင့် ဖြစ်ပွားဆဲ ပြဿနာများကို လျှော့ချနိုင်မည် ဖြစ်ပေသည်။

၁၂။ လူသားလုံခြုံရေးလမ်းစဉ် မဟာဗျူဟာများ

လူသား လုံခြုံရေး လမ်းစဉ်ကို လက်တွေ့ ကျင့်သုံးရာ၌ ကဏ္ဍ (၄) ရပ် ခွဲခြား၍ ဆောင်ရွက်နိုင်ပါသည်။ ကဏ္ဍ (၄) ရပ် ကို အခြေခံ၍ လုပ်ငန်းစဉ်များကို ခွဲခြားရာ မဟာဗျူဟာ (၂၃) မျိုး ထွက်ပေါ်လာ၏။

နိုင်ငံရေး လုံခြုံမှုနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စရပ်များ (Political Security and Governance)

စစ်မက် ပဋိပက္ခ အဆုံးသတ်ခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းတွင် အရေးကြီးဆုံး ကဏ္ဍမှာ နိုင်ငံရေး လုံခြုံမှုပင် ဖြစ်ပါသည်။ ရပ်ရွာဒေသ အတွင်း နိုင်ငံရေး လုံခြုံမှုနှင့် အုပ်ချုပ်ရေး ကောင်းမွန်မှ ကျန်ရှိသော ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူသား လုံခြုံရေး လမ်းစဉ်ကို ဤကဏ္ဍတွင် ထည့်သွင်း ဆောင်ရွက်ရာ၌ ဖော်ပြပါ အချက်တို့ကို ဆောင်ရွက်ရမည် ဖြစ်၏။

(၁) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ တရား စီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုနှင့် ရွေးကောက်ပွဲ စနစ်များတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များကို ပြင်ဆင် ပြောင်းလဲခြင်း၊
(၂) ပြည်သူ့ရေးရာ ဆုံးဖြတ်ချက် ချမှတ်မှုများ ပွင့်လင်းမြင်သာမှု ရှိစေရန် ဆောင်ရွက်ခြင်း၊ အုပ်ချုပ်ရေး ကောင်းမွန်အောင် စီမံခန့်ခွဲခြင်းဖြင့် နိုင်ငံရေး အုပ်ချုပ်မှု အမိန့်အာဏာ တည်တံ့ ခိုင်မာအောင် ဖန်တီးခြင်း၊
(၃) နိုင်ငံရေး ဆောင်ရွက်မှုများတွင် စိတ်ဝင်စားသူတိုင်း ပါဝင်ခွင့် ရရှိစေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် (လိုအပ်ပါက) နိုင်ငံရေး ဖွံ့ဖြိုးမှု အားနည်းသော ဒေသများတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး ဆိုင်ရာ နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၄) နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်လိုသော ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍကို မြှင့်တင်ပေးခြင်း၊ ဘုံ ရည်မှန်းချက် ရှာဖွေခြင်းနှင့် ဒေသတွင်း ပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၅) အုပ်ချုပ်ရေး အာဏာ ခွဲဝေ အပ်နှင်း၍ ဒေသန္တရ လိုအပ်ချက်များကို ပြည်သူတို့၏ ပါဝင်မှုဖြင့် လက်တွဲ ဖြေရှင်းခြင်း၊
(၆) ပဋိပက္ခမှ ငြိမ်းချမ်းရေးသို့ ပြောင်းလဲရာတွင် ဆောင်ရွက်ရမည့် ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲများ ပေါ်ပေါက်စေရန် စောင့်ကြည့် လေ့လာ၍ ထိန်းသိမ်း ဆောင်ရွက်ခြင်း၊

ရပ်ရွာ လုံခြုံရေးနှင့် ဒေသခံ လူ့အဖွဲ့အစည်း တည်ငြိမ်မှု ရရှိရေး ဆိုင်ရာ ကိစ္စရပ်များ (Community Security and Societial Stability)

ပဋိပက္ခ ဖြစ်စဉ်တွင် တိုက်ရိုက် ပါဝင်သူများ အနေဖြင့် ရပ်ရွာ လုံခြုံရေးနှင့် ဒေသခံ လူ့အဖွဲ့အစည်း တည်ငြိမ်မှု ရရှိရေး အတွက် ရေတို ရေရှည် နည်းလမ်းများ ချမှတ်၍ ဆောင်ရွက်ရမည်မှာ ထုံးစံပင် ဖြစ်သည်။ ဤကဏ္ဍသည် အလွန် အရေးပါပြီး အကဲဆတ်သော အသွင်ကိုလည်း ဆောင်၏။ ဤကဏ္ဍကို ဆောင်ရွက်ရာ၌ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် စစ်မက် ပဋိပက္ခ တစ်ကျော့ပြန်မည်မှာ မလွဲပင် ဖြစ်ချေ၏။ လူသား လုံခြုံရေး လမ်းစဉ်ကို ထည့်သွင်း၍ ရပ်ရွာ လုံခြုံရေးနှင့် ဒေသခံ လူ့အဖွဲ့အစည်း တည်ငြိမ်မှု ရရှိရေး အတွက် ဆောင်ရွက်ရာတွင် ဖော်ပြပါ အချက်များကို ဆောင်ရွက်ရမည် ဖြစ်သည်။

(၇) နိုင်ငံတော် သစ္စာခံ မဟုတ်သော တပ်ဖွဲ့များ၏ ခဲယမ်း မီးကျောက် လက်နက် ကိုင်ဆောင်မှုကို ကန့်သတ်ခြင်း၊ လက်နက် တပ်ဆင် အသုံးပြုမှုကို ဖျက်သိမ်းခြင်း၊
(၈) ပဋိပက္ခ အတွင်း ပါဝင် တိုက်ခိုက်ခဲ့သော တပ်သားဟောင်း အထူးသဖြင့် နိုင်ငံတော် သစ္စာခံ မဟုတ်သော တပ်ဖွဲ့ဝင်ဟောင်းများ၏ အသက်မွေး ၀မ်းကျောင်းမှု အဆင်ပြေစေရန် ငွေကြေး၊ နည်းပညာ ပံ့ပိုးခြင်း၊
(၉) အသေးစား ခဲယမ်းမီးကျောက် လက်နက်များ ဖျက်သိမ်းခြင်း၊ လက်နက်ပုန်းများ ရှာဖွေ ဖျက်စီးခြင်း၊
(၁၀) အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူမျိုးရေး စိတ်ဝမ်း ကွဲပြားမှုများကို ကိုင်တွယ် ဖြေရှင်းခြင်း၊ ဖွံ့ဖြိုးရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် လူမျိုးစု ကိုယ်စားလှယ်များ အချိုးကျ ရွေးချယ်၍ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊
(၁၁) လွတ်လပ်၍ မျှတမှု ရှိသော သတင်း စာနယ်ဇင်း လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ပေးခြင်း၊
(၁၂) ပြည်သူ့ အခြေပြု ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့အစည်းများ ပေါ်ပေါက်စေရန် ဆောင်ရွက်ပေးခြင်း၊
(၁၃) လူမျိုးစု လက္ခဏာ၊ ယဉ်ကျေးမှု၊ အခွင့်အရေးများကို စောင့်ရှောက် ကာကွယ်နိုင်မည့် အစီအစဉ်များ ချမှတ် ဖော်ထုတ်ခြင်း၊
(၁၄) စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည် နေရာချထားရေး၊

ဒေသခံတို့၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ (Personal Security and Human Rights)

ဤကဏ္ဍတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ သိမ်မွေ့သော သဘောကို ဆောင်ပြီး ရေရှည် ဆောင်ရွက်ရမည် ဖြစ်သည်။

(၁၅) တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ရေးရာ အမိန့်အာဏာ တည်တံ့ရေး၊
(၁၆) လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရဲဝန်ထမ်းများကို လူ့အခွင့်အရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ စွမ်းရည် မြှင့်တင်ရေး သင်တန်းများ ပို့ချခြင်း၊
(၁၇) ဒေသခံတို့ ခံစားပိုင်ခွင့် ရှိသော လူ့အခွင့်အရေးများ အပြည့်အ၀ ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊
(၁၈) အကြမ်းဖက် ပဋိပက္ခများ၊ ရာဇ၀တ် အမှုအခင်းများကို ထိရောက် လျင်မြန်စွာ ကိုင်တွယ် နိုင်သော ထိန်းချုပ်ရေးစနစ် ဖန်တီး လည်ပတ်ခြင်း၊
(၁၉) စစ်မက် ပဋိပက္ခ ကာလ အတွင်း အသုံးပြုခဲ့သည် မပေါက်ကွဲသေးသော မိုင်းဗုံးများကို ရှင်းလင်းခြင်း၊ ဒေသခံများအား မိုင်းအန္တရာယ် ကာကွယ်ရေး အသိပညာ ဖြန့်ဖြူးခြင်း၊

စီးပွားရေး လုံခြုံမှု ဆိုင်ရာ ကိစ္စရပ်များ (Economic Security)

စီးပွားရေး ကောင်းမွန်မှ နိုင်ငံရေး တည်ငြိမ်မည် ဖြစ်သဖြင့် ဒေသတွင်း စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် ဦးစားပေး လုပ်ငန်းများ သတ်မှတ်၍ ဆောင်ရွက်ရမည် ဖြစ်သည်။ အထူးသဖြင့် စစ်မက် ပဋိပက္ခ ဖြစ်ပွားခဲ့သော ဒေသများတွင် ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးမားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခများ လျော့နည်းအောင် ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်သည်။ စီးပွားရေး လုံခြုံမှု ကဏ္ဍတွင် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ထည့်သွင်း အသုံးချနိုင်၏။

(၂၀) ဒေသတွင်း စီးပွားရေး လုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ရန် ဖန်တီးပေးခြင်း၊ စီးပွားရေး လည်ပတ်မှုတွင် အရေးပါသော အခြေခံ အဆောက်အအုံများ ဖြစ်သည့် ဘဏ်၊ ဈေး၊ ကုန်စည်ဒိုင်၊ ပို့ဆောင်ရေး စသည်တို့ကို ပြုပြင် တည်ဆောက် ပေးခြင်း၊
(၂၁) အလုပ်လက်မဲ့ဦးရေ၊ အထူးသဖြင့် လူငယ်လူရွယ်များ အလုပ်အကိုင် ရရှိစေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊
(၂၂) တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် ဆောင်ရွက်ပေးခြင်း၊
(၂၃) လူမှု စီးပွားရေး ကွာဟမှုများကို လျှော့ချနိုင်ရန် ဆောင်ရွက်ခြင်း၊ အထူးသဖြင့် မြေယာ ဝေခြမ်းရေးနှင့် ချေးငွေ အရင်းအနှီး ပံ့ပိုးရေး လုပ်ငန်းများ အားကောင်းစေရန် စီမံပေးခြင်း။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဘူးထရို့စ် ဘူးထရို့စ် ဂါလီ က ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ကျင့်သုံးရမည့် တစ်ခုတည်းသော စံသတ်မှတ်ချက် မရှိ ဟု ဆိုခဲ့ဖူးသည်။ အထက် ဖော်ပြပါ မဟာဗျူဟာတို့ကို လက်တွေ့ အနေအထားတွင် အကုန်အစင် ထည့်သွင်း အသုံးချရန် ကန့်သတ်ချက်များ ရှိနေသည်မှာ ကျိန်းသေပင် ဖြစ်ပါသည်။ ထို မဟာဗျူဟာတို့ကို ဒေသနှင့် ကိုက်ညီအောင် ပြင်ဆင်၍ ဆောင်ရွက်မှ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

၁၃။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွေ့ ဆောင်ရွက်နိုင်သည့် လူသား လုံခြုံရေး လမ်းစဉ် မဟာဗျူဟာများ

မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားတွင် ဆောင်ရွက်နိုင်သော လူသား လုံခြုံရေး လမ်းစဉ် မဟာဗျူဟာ အချို့ကို ထုတ်နုတ်၍ ဆွေးနွေးပါမည်။ အထက် ဖော်ပြပါ မဟာဗျူဟာ (၂၃) လုံးကို သာဓက ဆောင်လျှင် စာရှည်မည် စိုးသောကြောင့် စာရေးသူ စိတ်ဝင်စားသည့် အချက်များကိုသာ ရွေးချယ် ဆွေးနွေးပါမည်။ စာရှုသူ အနေဖြင့် ချဲ့ထွင် တွေးတော ကြံဆနိုင်မည် ဖြစ်ကြောင်း ယူဆမိပါသည်။

ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ အနေဖြင့် ဆောင်ရွက်ဆဲ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်ကို အာဏာ တိုက်ရိုက် ကျင့်သုံးသူများကို အခြေပြုသည့် ချဉ်းကပ်မှု လမ်းစဉ် (Elite-centered Approach) အဖြစ်မှ ပြည်သူ အခြေပြု ချဉ်းကပ်မှု လမ်းစဉ် (People-centered Approach) အဖြစ်သို့ ပြောင်းလဲစေရန် လူမှုရေး ဖိအား အသုံးပြု၍ ဆောင်ရွက်သင့်ပါသည်။

ဒေသ အတွင်းရှိ အရင်းအမြစ်များကို အသုံးပြု၍ ကျား၊ မ၊ ကလေး၊ လူကြီး အနွယ်ဇာတ် အသီးသီး၏ လိုအပ်ချက်များကို ကိုင်တွယ် ဖြေရှင်းနိုင်သော အနေအထားသို့ ရောက်ရှိရေး အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်သူများအား တိုက်တွန်း နှိုးဆော် ဖိအားပေးပြီး ဆောင်ရွက်သင့်ပါသည်။

ပဋိပက္ခ ဒေသများတွင် နိုင်ငံရေး လုံခြုံမှု မြင့်မားစေရန် အတွက် နိုင်ငံတော် အစိုးရ အဖွဲ့နှင့် လူမျိုးစု နိုင်ငံရေး စစ်ရေး ခေါင်းဆောင်များသည် ဒေသခံ လူမှုရေး ခေါင်းဆောင်များနှင့် ပူးပေါင်း၍ တရားစီရင်ရေး လုပ်ငန်းများ ချောမွေ့ရေး၊ ရွေးကောက်ပွဲ ဗဟုသုတ ဖြန့်ဖြူးခြင်း၊ ဒီမိုကရေစီ နည်းကျ ကျေးရွာအဆင့် ခေါင်းဆောင်များ ရွေးချယ်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။

ပဋိပက္ခသင့် ဒေသများတွင် မြေယာပိုင်ဆိုင်မှု ပြဿနာများ ပေါ်ပေါက်နေခြင်းကို အဆောတလျင် ဖြေရှင်းရမည် ဖြစ်ပြီး၊ ရိုးရာဓလေ့ ထုံးတမ်းများကို ထည့်သွင်း စဉ်းစား၍ မြေယာ နေရာ ပြန်လည် ချထားရေး၊ မြေယာ ပိုင်ဆိုင်မှု အထောက်အထား ထုတ်ဝေပေးခြင်း စသည့် လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရမည် ဖြစ်သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင်လည်း ဒေသခံတို့၏ လိုအပ်ချက်များကို ဖော်ထုတ်၍ လူထု ပါဝင် ပူးပေါင်းမှု ရှိသော ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်အောင် စီမံပေးရမည် ဖြစ်သည်။

ပဋိပက္ခသင့် ဒေသများတွင် လူမျိုးစု စစ်ခေါင်းဆောင်များ၏ သြဇာ၊ အာဏာ ဆက်လက် တည့်တံနေဦးမည် ဖြစ်သဖြင့် ယင်း စစ်ခေါင်းဆောင်တို့အား လိုအပ်သော ဦးဆောင်မှု စွမ်းရည်မြှင့် သင်တန်းများ၊ ဒီမိုကရေစီ နည်းကျ အုပ်ချုပ်ရေး သင်တန်းများ၊ ပဋိပက္ခ ဖျန်ဖြေရေးနှင့် စီမံခန့်ခွဲရေး သင်တန်းများ ပို့ချ၍ စစ်ရေး ခေါင်းဆောင် အဖြစ်မှ နိုင်ငံရေး ခေါင်းဆောင် အဖြစ်သို့ ပြောင်းလဲနိုင်စေရန် အခွင့်အလမ်းများ ဖော်ထုတ်ပေးရမည် ဖြစ်ပါသည်။

အသေးစား ခဲယမ်းမီးကျောက် လက်နက်များ ဖျက်သိမ်းခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့များ ပြင်ဆင် ဖွဲ့စည်းခြင်းတွင် အခက်အခဲ များစွာ ကြုံရဖွယ် ရှိပါသည်။ အထူးသဖြင့် ခွဲထွက် အဖွဲ့များ ထပ်မံ ပေါ်ပေါက်လာနိုင်သည်ကို သတိပြုရမည် ဖြစ်ပြီး၊ ခွဲထွက် အဖွဲ့များ ပေါ်ပေါက်လာပါက ပြန်လည် သိမ်းသွင်းခြင်း သို့မဟုတ် အပြီးတိုင် ချေမှုန်းခြင်း အစရှိသည့် လုံခြုံရေး အစီအစဉ်များကို တရား ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ပြင်ဆင်ရမည် ဖြစ်သည်။ ဤလုပ်ငန်းစဉ်တွင် အဓိက တာဝန်ရှိသူများမှာ လူမျိုးစု နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်များ ဖြစ်ပေလိမ့်မည်။

ပဋိပက္ခသင့် ဒေသခံ အချို့သည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် အိမ်တွင်း အကြမ်းဖက်မှုများ ကျူးလွန်တတ်သည်ကို သတိပြုရမည် ဖြစ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ကျွမ်းကျင် ပညာရှင်များဖြင့် တိုင်ပင်၍ ဆောင်ရွက်သင့်ပါသည်။ ပဋိပက္ခသင့် ဒေသများသည် ဗုဒ္ဓသာသနာ၊ ခရစ်ယာန်သာသနာ ထွန်းကားရာ ဒေသများ ဖြစ်သဖြင့် ထေရ၀ါဒ ရဟန်းတော်များ၊ ခရစ်ယာန် ရဟန်းတော်များ၊ သင်းအုပ် သင်းအုပ် သိက္ခာတော်ရ ဆရာများ၊ အခြား သင့်လျော်ရာ သာသနာ ၀န်ထမ်းများကို တိုင်ပင် လျှောက်ထား၍ ဒေသခံ လူထု အတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်သင့်ပါသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတော် လူ့အခွင့်အရေး ကော်မရှင်၏ ဦးဆောင်မှုဖြင့် ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူများဖြင့် တွေ့ဆုံ၍ လူ့အခွင့်အရေး မြင့်မားရေး ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ရမည် ဖြစ်သည်။ မြေမြုပ်မိုင်း ပြဿနာကို ဖြေရှင်းရာတွင် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ ဒေသခံ မိုင်းရှင်းလုပ်သားများ မွေးထုတ်နိုင်ရန် အစီအစဉ် ချမှတ်ရမည် ဖြစ်သည်။ မိုင်းဒဏ်သင့် ပြည်သူလူထု အတွက် အသက်မွေး ၀မ်းကျောင်းလုပ်ငန်း ထောက်ပံ့ရေး၊ ခြေတုလက်တု တပ်ဆင်ပေးရေး၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရမည် ဖြစ်သည်။

အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နိုင်လျှင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းကို ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထိုအချိန်တွင် စီးပွားရေး လုပ်ငန်းများစွာ တစ်ဟုန်ထိုး ပေါ်ပေါက်ဖွယ် ရှိသဖြင့် ဒေသတွင်း စီးပွားရေး ကွာဟမှု တရှိန်ထိုး မြင့်တက်ခြင်းကို တုံ့ပြန်ရန်နှင့် စီးပွားရေး လုပ်ငန်းများ၏ အကျိုးရလဒ်ကို ဒေသခံတို့ ထိုက်သင့်စွာ ခံစားပိုင်ခွင့် ရရှိစေရန် အစီအစဉ်များ ကြိုတင် ချမှတ်ထားရမည် ဖြစ်သည်။ အထူးသဖြင့် သယံဇာတ ရေရှည် ထုတ်ယူ သုံးစွဲရေး အတွက် ခိုင်မာသော မူဝါဒများ ချမှတ်ရမည် ဖြစ်ပြီး ဒေသခံ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ၏ စီးပွားရေး လုပ်ငန်းများကို ကာကွယ်နိုင်မည့် ဒေသိယ ကျင့်ထုံးများ ရေးဆွဲရမည် ဖြစ်သည်။

စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင် ဒေသခံ လူငယ်တို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးကို ရှေးရှု၍ ဆောင်ရွက် သင့်ပြီး၊ လူငယ်များ အတွက် လုပ်ငန်း ကျွမ်းကျင်မှု သင်တန်းများ ပို့ချရေးကိုလည်း တပါးတည်း လုပ်ဆောင်ရမည် ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ကျေးလက်နှင့် မြို့ပြ လူငယ်များ အကြားရှိ လေ့လာ သင်ယူရေး အခွင့်အလမ်း ကွာဟချက်ကို ဖြေရှင်းရန် ကြိုးစားရမည် ဖြစ်သည်။ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းများတွင် လူငယ်များကို ပါဝင်နိုင်မည့် ပတ်ဝန်းကျင်သစ် ဖန်တီးပေးရမည် ဖြစ်ပြီး၊ လူငယ်များ၏ ဦးဆောင်မှု စွမ်းရည် မြင့်မားရေး အတွက် ဒေသဆိုင်ရာ၊ နိုင်ငံတကာ လူငယ် အဖွဲ့အစည်းများဖြင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးကို နိုင်ငံတော်က ဦးဆောင်၍ ဆောင်ရွက်ပေးရမည် ဖြစ်သည်။

အထက် ဖော်ပြပါ ကိစ္စရပ်များထက် ပို၍ အရေးကြီးသော အချက်မှာ ဘုံ အမျိုးသား လက္ခဏာ ဖန်တီးခြင်းပင် ဖြစ်ပါသည်။ ရာစုနှစ် ထက်ဝက်ကျော် ကြာမြင့်သော ပြည်တွင်း ပဋိပက္ခ အတွင်း လူမျိုးရေး ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်ရာတွင် အရေးပါသည့် အမျိုးသား လက္ခဏာ ဖန်တီးခြင်းကို လိမ္မာ ပါးနပ်စွာဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသား အားလုံး လက်ခံနိုင်မည့် အမျိုးသားရေး လက္ခဏာ တစ်ခု ဖန်တီး၍ ညီညွတ်သော ကွဲပြားမှု ပေါ်ထွန်းစေရန် ဆောင်ရွက်ရမည် ဖြစ်၏။

ကျောင်းသုံး သင်ရိုးညွန်းတမ်းများကို ခေတ်စနစ်နှင့် ဆီလျော်အောင် ချဲ့ထွင် ပြင်ဆင် ပြောင်းလဲရန် လိုအပ်မည် ဖြစ်ပြီး၊ သမိုင်း သင်ခန်းစာ ပြန်လည် ပို့ချရာ၌ အချက်အလက်ကို အခြေခံ၍ သင်ခန်းစာ ထုတ်ယူနိုင်မှုကို အားပေးသော နိုင်ငံတော် အဆင့် သမိုင်းသစ် သင်ရိုးသစ် ရေးဆွဲရန် လိုအပ်ပေလိမ့်မည်။ ဤသို့ ဆောင်ရွက်ရာတွင် အခက်အခဲပေါင်း မြောက်မြားစွာ ကြုံရမည်မှာ မလွဲတည်း။

၁၄။ အနိဋ္ဌ ငြိမ်းချမ်းရေး မှ ဣဋ္ဌ ငြိမ်းချမ်းရေး သို့

နိဂုံးချုပ် အနေဖြင့် ဆိုရလျှင် အစိတ်စိတ် အမြွှာမြွှာ ကွဲပြားမှုတို့ဖြင့် ပြည့်နှက်နေသည့် ဤမြေ၊ ဤရေ၊ ဤလေပိုင်နက်တွင် မှီတင်း နေထိုင်ကြသူတို့၏ ဘုံရည်မှန်းချက် ငြိမ်းချမ်းရေးကို သွေးမြေ မကျသည့်နည်းဖြင့် ရယူရန် အခွင့်အလမ်း ရှိပါသည်။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူသား လုံခြုံရေး လမ်းစဉ်ကို ထည့်သွင်း ကျင့်သုံးလျှင် ပြည်သူတို့ တောင့်တသည့် မျှော်မှန်းချက်ကို ရယူနိုင်မည်မှာ မလွဲပင် ဖြစ်ပါသည်။

လူသား လုံခြုံရေး လမ်းစဉ် မဟာဗျူဟာများကို ရပ်ရွာအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဆောင်ရွက်လျှင် စစ်မက်ပဋိပက္ခ ကင်းမဲ့သော အနိဋ္ဌ ငြိမ်းချမ်းရေး ကို ရယူနိုင်ရုံမျှ သာမက တရားမျှတ၍ သာယာ ၀ပြောမှု ရှိသော ဣဋ္ဌ ငြိမ်းချမ်းရေးကိုပါ ရယူနိုင်မည် ဖြစ်သည်ဟု ယူဆမိသည်။ ဤလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်လျှင် ပြည်တွင်း ငြိမ်းချမ်းရေး သာမက ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ အထောက်အကူ ပြုမည် ဖြစ်၏။

ဆန္ဒတော ကိံနာမ ကမ္မံ နသိဇ္ဈတိ ဆန္ဒပြင်းပြလာလျှင် မအောင်မြင်သော အမှု ကိစ္စဟူ၍ မရှိ ဟူသည့် စကားအတိုင်း ငြိမ်းချမ်းမှုကို ပြင်းပြစွာ တောင့်တ၍ ကြံစည် အားထုတ်လျှင် အရယူနိုင်မည် ဖြစ်ချေသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှု လမ်းခရီးသည် ဖြောင့်ဖြူးခြင်း မရှိသော်လည်း ရောက်အောင် လျှောက်လျှင် မုချ ရောက်ရမည် ဖြစ်ပါသည်။

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ သောကြာနေ့။ ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆။

ကျမ်းကိုးစာရင်း

၁။ အရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာ
၂။ ဗညားဒလ၊ ရာဇာဓိရာဇ်အရေးတော်ပုံ
၃။ ဦးကုလား၊ မဟာရာဇ၀င်
၎။ A World Flying Apart? Violent Nationalist Conflict and the End of the Cold War by R. William Ayres
၅။ An Agenda for Peace: Preventive Diplomacy, Peacemaking and Peace-keeping, Report of the Secretary-General pursuant to the statement adopted by the Summit Meeting of the Security Council on 31 January 1992
၆။ Conceptualising Peacebuilding: Human Security and Sustainable Peace by John G. Cockell
၇။ Contemporary Conflict Resolution: The Prevention, Management and Transformation of Deadly Conflicts (Third Edition) by Oliver Ramsbotham, Tom Woodhouse and Hugh Miall
၈။ Cosmopolitanism as a Peace Theory by Professor Jerry Sanders
၉။ Essentials of International Relations, W.W. Norton & Company
၁၀။ Globalization and the Study of International Security by Cha Victor
၁၁။ Lectures of Professor Jerry Sanders from University of California Berkeley.
၁၂။ From War to peace: A Human Security Approach for Peacebuilding in Myanmar (Unpublished) by Maung Ne Lynn Aung (2014)
၁၃။ Nontraditional Security and Multilateralism in Asia: Reshaping the Contours of Regional Security Architecture? by Mely Caballero-Anthony
၁၄။ Peace and Conflict Studies by Ho-Won Jeong
၁၅။ Peace in International Relations by Oliver P. Richmond
၁၆။ Preventing Crisis Enabling Recovery (2014), United Nations Development Programme
၁၇။ The Art of War by Sun Tzu, Translated by Lionel Giles
၁၈။ Myanmar Peace Center, http://www.myanmarpeace.org/
၁၉။ Myanmar Peace Monitor, http://www.mmpeacemonitor.org
၂၀။ United States Institute of Peace, http://www.usip.org/

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here