မတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၁) မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။
မောင်မောင်ထွန်း ရေးသည်။
(၁)
၂ဝ၁၅ ကို ထိတ်လန့်စရာ သွေးထွက်သံယို အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဖွင့်လှစ်လိုက်သော ပြင်သစ်မဂ္ဂဇင်း တိုက်ခိုက်ခံရ မှုနှင့်ပတ်သက်၍ သဘောထားအမြင်များ ကမ္ဘာ့သတင်းစာတို့ တွင် လျှံထွက်လာခဲ့ရာ တစ်ကိုယ်ရေ လွတ်လပ်မှုနှင့် လူ့အခွင့် အရေးကို ရှေ့တန်းတင်သော အနောက်မီဒီယာများက လွတ်လပ် စွာ ရေးသားပြောဆိုခွင့်ဘက်က ကာကွယ်ရပ်တည်သလို ဘာ သာရေးကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သဘော ထားသော အာရှနိုင်ငံများနှင့် အစ္စလာမ်နိုင်ငံများတွင်တော့ ဤ ဖြစ်ရပ်မှာ ဘာသာတရားကို သရော်စော်ကားမှု၏ မဖြစ်သင့် သော အကျိုးဆက်ဟု ယူဆကြပါသည်။
နယူးယောက်တိုင်း(မ်)၏ နာမည်ကျော် ပင်တိုင်ဆောင်းပါး ရှင်တောမတ်ဖရိုင်းမင်းက ဤသွေးထွက်သံယိုကိစ္စကို အာရပ် မွတ်ဆလင်ကမ္ဘာတွင်ဖြစ်နေသော အကြမ်းဖက်မှုများနှင့် ဆက် စပ်၍ အစွန်းရောက်မွတ်ဆလင်တို့၏ အကြမ်းဖက်မှုကို အဓိကခံ ရသည်မှာ မွတ်ဆလင်လူထုသာဖြစ်၍ အကြမ်းဖက်မှုဆန့်ကျင် ရေးချီတက်ဆန္ဒပြပွဲကို ပြင်သစ်တွင် ပြုလုပ်သည်ထက် တကယ် တမ်းအာရပ်-မွတ်ဆလင်များ ဦးဆောင်၍ မွတ်ဆလင်နိုင်ငံများ တွင် ပို၍ လုပ်သင့်ကြောင်း၊ ဘာသာအယူဝါဒများအနက် အစ္စ လာမ်သည် ဘာသာရေးအာဏာပိုင်ဟူ၍ မရှိဘဲ ဂိုဏ်းခွဲများရှိ သည့်အနက် အကြမ်းဖက်မှုသို့ ရောက်သွားနိုင်သော ဝါဟာဘီ၊ ဆလဖီစသည့် အစွန်းရောက်အယူဝါဒများလည်း ရှိပြီး ထိုအယူ ဝါဒတို့ကို ထောက်ခံနေသည့် မွတ်ဆလင်လူထုလည်း ရှိကြောင်း၊ အကျိုးစီးပွားကို အဓိကထားသော နိုင်ငံတကာဆက်ဆံရေး နောက်ကွယ်တွင် (ရေနံထွက်ရှိရာ ဆော်ဒီအာရေဗျနှင့် အမေရိ ကန်ဆက်ဆံရေး) အစွန်းရောက်အစ္စလာမ်အယူဝါဒခွဲများနှင့် ပတ်သက်ပြီး နိုင်ငံကြီးများက နှာစေးနေကြခြင်းနှင့် အစွန်း ရောက်အစ္စလာမ်ဝါဒနှင့် မူလစစ်မှန်သော အစ္စလာမ်အယူဝါဒတို့ အကြား မပြတ်သားသည့် သဘောထားများကြောင့် ပို၍ ဆိုးလာ နေကြောင်း၊ တကယ်တမ်း အကြမ်းဖက်ဂျီဟတ်ဝါဒကို ရှုံ့ချပြစ် တင်ရုံနှင့် မပြီး၊ အာရပ်-မွတ်ဆလင်ကမ္ဘာမှ လူထုရော၊ အနောက် ကမ္ဘာမှ လူတို့ပါ ၄င်းတို့၏ အသိအမြင်မပြတ်သားမှုတို့ကို ခဝါချ ပြီး ဟိုဘက်တစ်မျိုး၊ ဒီဘက်တစ်မျိုး နှစ်မျက်နှာ ကစားပွဲများ (Double Games) ကို ရပ်တန့်ဖို့ လိုကြောင်း သူ၏ သဘောထား အမြင်ကို ရေးပါသည်။
ဥရောပစီးပွားရေးတက္ကသိုလ် (INSEAD) မှ မွတ်ဆလင် ပညာရှင်တစ်ဦးကတော့ ကမ္ဘာတွင် မွတ်ဆလင်များမှာ အခြား လူများစု ဘာသာဝင်များ၏ စနစ်တကျခွဲခြားဆက်ဆံမှုကို ခံရ သည့် လူနည်းစုဖြစ်ကြောင်း၊ အစ္စလာမ်သည် အကြမ်းဖက်သူ လူနည်းစုကြောင့် နာမည်ပျက်နေသော်လည်း တကယ်တမ်း အကြမ်းဖက်အယူဝါဒကို လက်မခံသည့် မွတ်ဆလင်လူထုမှာ အများစုဖြစ်ကြောင်း အစ္စလာမ်ဘာသာဘက်က ကာကွယ်ရေး သားသည်။ ၂ဝ၁၁ ခုနှစ်က နော်ဝေတွင် မွတ်ဆလင် ၇၇ ဦးကို ပစ် ခတ်သတ်ဖြတ်ခဲ့သော တစ်ကိုယ်တော်သေနတ်သမား နော်ဝေ နိုင်ငံသား Anders Breivik ကို ကြည့်ခြင်းအားဖြင့် လူ့အဖွဲ့ အစည်းအတွင်း အကြမ်းဖက်မှုမှာ ဘာသာတရား၊ လူမျိုးနှင့် မဆိုင်၊ ပေါ်ပေါက်တတ်သည်ဖြစ်ကြောင်း၊ Breivik အတွက် မည် သည့်ဥရောပလူမျိုးကိုမှ မွတ်ဆလင်များအား တောင်းပန်ဖို့ မမျှော်လင့်ခဲ့ကြသလို အစွန်းရောက်ဘာသာရေး အယူအဆ ကြောင့် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွက် မည်သည့် မွတ်ဆလင်မှ ဥရောပလူ့အဖွဲ့အစည်းအား တောင်းပန်ဖို့လိုသည် ဟု မယူဆသင့်ကြောင်း၊ အပေါ်ယံကြည့်လျှင် ဤကိစ္စမှာ အစ္စလာမ် ဘာသာနှင့် လွတ်လပ်စွာပြောဆိုခွင့်တို့၏ တိုက်ပွဲ၊ ဥရောပနှင့် မွတ်ဆလင်တို့၏ ပဋိပက္ခဟု ထင်ရသော်လည်း တကယ်တမ်း အကျိုးအကြောင်းကို ဆန်းစစ်ကြည့်မည်ဆိုလျှင် ဘာသာရေးနှင့် ဘာမှ မဆိုင်၊ လုံခြုံရေးပေါ့လျော့ခြင်းကြောင့် ဖြစ်ကြောင်း၊ မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်သူများမှာ အကြမ်းဖက်အဖွဲ့အစည်း များနှင့် အဆက်အသွယ်ရှိခြင်းကြောင့် ယခင်ကပင် အရေးယူ ဖမ်းဆီးခံရဖူးသူများ ဖြစ်ရာ ဤကဲ့သို့ လွတ်နေသော အကြမ်းဖက် ဝါဒီများ မည်မျှရှိ မည်ကို မသိနိုင်ကြောင်း စသဖြင့် ရေးပါသည်။
အောက်ပါအကျဉ်းချုပ်ဘာသာပြန်ထားသော ဆောင်းပါး ကတော့ အုပ်စုနှစ်စုအကြား ဘက်မလိုက်သော သဘောထား အမြင်ဟု ဆိုနိုင်ပါသည်။ ဆောင်းပါးရှင်မှာ ဘာသာမဲ့ဝါဒီတစ်ဦး ဖြစ်ကာ စင်ကာပူအမျိုးသားတက္ကသိုလ်နှင့် လက်ဘနွန်တို့တွင် ပညာသင်ကြားခဲ့ဖူးပြီး ယခု ယေးတက္ကသိုလ်တွင် ပါရဂူဘွဲ့ အတွက် ကျမ်းပြုနေသူ ကျောင်းသူတစ်ဦးဖြစ်သည်။
(၂)
နှစ်ဦးပိုင်းက ပြင်သစ်တွင် အစွန်းရောက်မွတ်ဆလင်တို့ ကျူးလွန်ခဲ့ကြသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက် ၍ တလောက ကျွန်မ၏ (စင်ကာပူနိုင်ငံသား) သူငယ်ချင်း၊ ပြင် သစ်သူငယ်ချင်းတို့နှင့် စိတ်ဝင်စားစရာကောင်းသော ဆွေးနွေး ပွဲလေးဖြစ်သွားခဲ့ပါသည်။
ပြင်သစ်လူငယ်က ပြင်သစ်စာပြောင်မဂ္ဂဇင်းတိုက်ခိုက်ခံရ ခြင်းကို အနောက်မီဒီယာများ ပုံဖော်ရေးသားကြသည့်အတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အတင့်ရဲစွာ တိုက်ခိုက်မှု ဟု ယူဆသည်။ ပြင်သစ်တို့ တန်ဖိုးထားချီးမြှောက်သည့် လွတ် လပ်စွာ ပြောဆိုခွင့်ဟူသော အခွင့်အရေးကို ကိုင်စွဲ၍ သူ၏ ဖေ့စ် ဘွတ်ခ်အကောင့်တွင် သူ့ကိုယ်သူ ချာလီဟတ်ဒိုဟု အမှတ် အသားပြုသည်။ သိကြသည့်အတိုင်း ပြင်သစ်မှ စာရေးဆရာ၊ ဒဿနပညာရှင် ဗော်(လ)တဲယား၏ ဇာတိမြေဖြစ်သည်။ ”သင် ပြောတာကို ကျွန်ုပ်သဘောမတူ၊ သို့သော် သင်၏ ပြောဆိုခွင့်ကို ကျွန်ုပ်အသက်နှင့်လဲ၍ ကာကွယ်ပါသည်”ဟူသော သူ၏ ကမ္ဘာ ကျော်စကားနှင့် တွဲ၍ မှတ်မိကြပါသည်။ ပြင်သစ်လူထုကလည်း ‘ငါဟာ ချာလီ’ဟူသော မဂ္ဂဇင်းတိုက်အမည် ဆိုင်းဘုတ်များဖြင့် အသက်ဆုံးရှုံးခဲ့သော သတင်းစာဆရာများနှင့်အတူ ရပ်တည် ကြောင်း လူထုချီတက်ပွဲကြီးဖြင့် ဆန္ဒထုတ်ဖော်ကြသည်။ ကျွန်မ ၏ သူငယ်ချင်းက ဘာသာမဲ့တစ်ဦးဖြစ်ပါသည်။ သူကတော့ အကြမ်းဖက်သူများကို တားဆီးရာတွင် အသက်ဆုံးရှုံးသွားသော ရဲဝန်ထမ်းအာမက်ကို ရွေးချယ်ပါသည်။ လက်ဘနွန်နိုင်ငံမှ ဘယ်လ်ဂျီယံလူမျိုး လှုပ်ရှားတက်ကြွသူတစ်ဦးကလည်း ‘ငါ ချာ လီမဟုတ်၊ ငါဟာ အကြမ်းဖက်သူတွေကို ခုခံကာကွယ်ရင်း သေ ဆုံးသွားတဲ့ အာမက်ဖြစ်တယ်။ ချာလီက ငါ့ရဲ့ အယူဝါဒကို စော် ကားတယ်။ အာမက်က (ချာလီရဲ့) ပြောဆိုပိုင်ခွင့်ကို ကာကွယ် ရင်း အသက်ဆုံးရှုံးရတာ ဖြစ်တယ်”ဟု တွီတာတွင် ရေးပါသည်။ (အာမက်မီရာဘက်မှာ အကြမ်းဖက်သမားတို့၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့သော အစ္စလာမ်ဘာသာဝင်ရဲတစ်ဦးဖြစ်သည်။)
ကျွန်မ၏ ပြင်သစ်သူငယ်ချင်းက အာမက်က သူရဲကောင်း ဟု သဘောတူသော်လည်း သူ၏ ဖေ့စ်ဘွတ်ခ်ကတော့ ‘ငါဟာ ချာလီ’ဟုပင်။ သူက မိုဟာမက်ကို လှောင်ပြောင်ထားသည့် ကာ တွန်းကို သရော်စော်ကားမှုဟု မမြင်။ သူက ‘ဒါ ဘာသာတရားကို တိုက်ခိုက်တာ မဟုတ်ဘူးလေ။ ဘာသာရေးအစွန်းရောက်တွေကို ဝေဖန်တာပဲ’ဟု ငြင်းသည်။ သူက ရှေးခေတ်ကာလက အရှေ့ အလယ်ပိုင်းတွင် တွေ့ရသော ပရောဖက်မိုဟာမက်၏ ရုပ်ပုံ၊ သင်္ကေတများကို ရည်ညွှန်း၍ မိုဟာမက်ပုံ မဆွဲရဘူးလို့ တားမြစ် မထားပါဘူးဟု ဆိုလာပါသည်။ (အစ္စလာမ်ဘာသာတွင် မိုဟာ မက်၏ ရုပ်ပုံရေးဆွဲခွင့်နှင့် မိုဟာမက်အဖြစ် သရုပ်ဆောင်ခွင့်တို့ ကို တားမြစ်ထားသည်။) ဘာသာရေးခေါင်းဆောင်တစ်ဦးအဖြစ် ရည်ညွှန်းသော အမှတ်အသားရုပ်ပုံနှင့် ရုပ်ပြောင်ကာတွန်းပုံတို့ ကြား ကြီးမားသော ခြားနားချက်ရှိသည်ဆိုသည်ကို သတိထားမိ ပုံမရပါ။
ဤဖြစ်ရပ်နှင့် ပတ်သက်သည့် အငြင်းပွားစရာမှာ လွတ် လပ်စွာ ပြောဆိုခွင့် ဖြစ်ပါလိမ့်မည်။ ပြင်သစ်တွင် လုံးဝလွတ်လပ် သော ရေးသားပြောဆိုခွင့် ရှိပါသလား။ ထိုအခွင့်အရေးသည် အကန့်အသတ်နှင့်လား။
ဒုတိယကမ္ဘာစစ်၏ ငရဲခန်းများကို ဖြတ်သန်းခဲ့ရသည့် ဥရောပသမိုင်းကြောင့် စစ်အတွင်းက ဖြစ်ပွားခဲ့သော လူမျိုးဖြုတ် သတ်ဖြတ်မှုများ မရှိခဲ့ပါဟု ငြင်းဆိုမှုကို ပြစ်မှုမြောက်သည်ဟု ပြင်သစ်တွင် ဥပဒေပြုသတ်မှတ်ထားပါသည်။ (ဥရောပ ဒုတိယ ကမ္ဘာစစ်သမိုင်းနှင့်ပတ်သက်၍ တရားဝင်ပြောဆို ရေးသားထား သော မူ (Version) အတိုင်းမဟုတ်ဘဲ စစ်အတွင်းက သတ်ဖြတ် မှုများမဖြစ်ခဲ့ပါဟု ငြင်းဆိုခဲ့လျှင် ထိုလုပ်ရပ်သည် ပြင်သစ်ဥပဒေ အား ချိုးဖောက်ခြင်းပင်။) ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော ပြင်သစ် တွင် အမုန်းတရား ဟောပြောဖြန့်ချိမှုကိုလည်း တားမြစ်ထား သည်။ မည်သည့် ဘာသာ၊ လူမျိုး၊ လိင်ကွဲပြားမှု၊ ကိုယ်အင်္ဂါချို့တဲ့မှု တို့ကို အကြောင်းပြု၍ လူတစ်ယောက် သို့မဟုတ် လူအုပ်စုတစ်စု ကို အသရေဖျက်စော်ကားမှု ခွင့်မပြုပါ။ သို့သော် ပထမကမ္ဘာစစ် အတွင်းနှင့် စစ်အပြီးကာလ အာမေးနီးယန်းများအပေါ် တူရကီ (ထိုစဉ်က အော်တိုမန်အင်ပါယာ) ကျူးလွန်ခဲ့သော စနစ်တကျ လူမျိုးဖြုတ်သတ်ဖြတ်ခဲ့ခြင်း မဟုတ်ပါဟု ငြင်းဆိုမှုကတော့ ပြင် သစ်နိုင်ငံတွင် ဥပဒေချိုးဖောက်ခြင်းဟု သတ်မှတ်ထားခြင်းမရှိ ပေ။ ထိုသတ်ဖြတ်မှုကြီးတွင် အာမေးနီးယန်းလူမျိုးပေါင်း တစ် သန်းကျော်သေဆုံးခဲ့ကြသည်။ ထိုကိစ္စကြီး မဖြစ်ပွားခဲ့ပါဟု ငြင်း ဆိုခြင်းသည် ရာဇဝတ်မှုမြောက်သည်ဟု တင်သွင်းသော ဥပဒေ ကြမ်းကို ၂ဝ၁၂ ပြင်သစ်ပါလီမန်က ပယ်ချခဲ့သည်။ သန်းထောင် ချီတန်ဖိုးရှိသော တူရကီနှင့် ပြင်သစ်တို့အကြား ကုန်သွယ်မှုက ထိုဥပဒေအတည်မဖြစ်ရေးအတွက် တားဆီးလိုက်ခြင်းလား။ (တူရကီက လူမျိုးဖြုတ်သတ်ဖြတ်မှု (Genocide) ဟူသော အသုံး အနှုန်းကို ငြင်းဆိုထားသည်။) ကုန်သွယ်မှုတန်ဖိုးများအောက် တွင် အမှန်တရားပြောဆိုခွင့်မှာ ဆိတ်သုဉ်းသွားပြီလား။ မည်သို့ ပင်နောက်ကွယ်က အကြောင်းရင်းရှိပါစေ၊ ပြင်သစ်တွင် လွတ် လပ်စွာ ပြောဆိုခွင့်မှာ အကန့်အသတ်နှင့်သာ ဖြစ်သည်ကတော့ သေချာပါသည်။ နိုင်ငံတို့အကြား နိုင်ငံရေးနှင့် စီးပွားရေးအကျိုး အမြတ်ကိစ္စများကြောင့် ထိုအကန့်အသတ်များမှာ တစ်ပြေးညီ မဟုတ်။
ယခုဆိုလျှင် တစ်ကမ္ဘာလုံးလိုလို ကူးစက်လာနေသော အစ္စလာမ်မုန်းတီးရေးလှုပ်ရှားမှုများအလယ်တွင် ဥရောပမွတ် ဆလင်အသိုင်းအဝိုင်းကို ခါတိုင်းထက်ပို၍ ဂရုတစိုက်ဆက်ဆံရန် လိုအပ်နေပါသည်။ ထို့ပြင် မွတ်ဆလင်အသိုင်းအဝိုင်းများတွင် အနောက်မုန်းတီးရေးကို မီးထိုးပေးနေသလို ဖြစ်နေသည့် ပြင်ပ အကြောင်းအရာများကလည်း ရှိသေးသည်။ အီရတ်နှင့် အာဖဂန် နစ္စတန်တွင် အမေရိကန်တို့၏ ရမ်းကားသော လုပ်ရပ်မျိုး၊ ကုလ သမဂ္ဂဆုံးဖြတ်ချက်ကို မလိုက်နာဘဲ ပါလက်စတိုင်းနယ်မြေများ ကို သိမ်းယူထားသော အစ္စရေး၏ လုပ်ရပ်မျိုး။ ၂ဝ၁၄ ခုနှစ်ထဲတွင် ပင် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှ ဂါဇာကို ထိုးစစ်ဆင်ခဲ့ခြင်း၊ ထိုလုပ်ရပ်များကြောင့် ထိခိုက်နာကျင်ရသည့် မွတ်ဆလင်လူထုအပေါ် စာနာသည့် ရေးသားတင်ပြမှုများ အနောက်မီဒီယာများတွင် တွေ့ရလေ့မရှိလှပါ။
ပြင်သစ်တွင် ဖြစ်ပျက်သွားသော အကြမ်းဖက်မှုမှာ ထိတ် လန့်ကြောက်ရွံ့စရာကောင်းပါသည်။ ရှုံ့ချပြစ်တင်ထိုက်သည့် ကိစ္စလည်း ဖြစ်ပါသည်။ သို့သော် ဤကိစ္စမှာ လွတ်လပ်စွာ ပြော ဆိုရေးသားခွင့်ကို တိုက်ခိုက်ခြင်းဟု ပုံဖော်မှုမျိုးကိုတော့ လက် မခံနိုင်ပါ။ ပြင်သစ်လူ့အဖွဲ့အစည်းအနေနှင့် လွတ်လပ်စွာ ပြောဆို ခွင့်၏ အတိုင်းအတာနှင့် သတင်းစာပညာအားဖြင့် ပြန်လှန်ဆန်း စစ်ရန်လိုပါသည်။ ပရောဖတ်မိုဟာမက်အပေါ် လှောင်ပြောင် စော်ကားသည့် ကာတွန်းနှင့်ပတ်သက်၍ မွတ်ဆလင်တို့ ခံစားရ သော ဒေါသတို့ကိုလည်း စာနာနားလည်ပေးဖို့ လိုပါလိမ့်မည်။ ထိုအမျက်ဒေါသတို့ကို အစွန်းရောက်အကြမ်းဖက်သမားတို့ ဝင်ရောက်အမြတ်ထုတ်ကာ နောက်ထပ်အရုပ်ဆိုးသော ဖြစ်ရပ် များ ထပ်မံမဖြစ်ပွားစေဖို့ အရေးကြီးဆုံးပင်။ တကယ်တော့ ပြင် သစ်တွင် အသက်ဆုံးရှုံးသွားသူများအပေါ် ပူဆွေးသောကဖြစ်ရ သလို နိုင်ဂျီးရီးယား၊ ယီမင်၊ ဆီးရီးယား၊ အီရတ်အစရှိသည့် နေ ရာတို့တွင် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့သူများစွာအတွက် လည်း ပူဆွေးသောကရောက်သင့်သည်သာ ဖြစ်ပါသည်။
ရည်ညွှန်း။ ။
(1) Charlie Hebdo horror is not an attack on free speech by Koh Choon Hwee (Today, 13 January 2015)
(2) A Call to revolution against jihadist zeal (New York Times, 15 January,2015 )
(3) Paris Attack: Debate should be on security failure, not religion (Project Syndicate, 19 January 2015)