Home သတင်းဆောင်းပါး သင့်ကလေး စားတဲ့မုန့်တွေ အန္တရယ် ကင်းရဲ့လား အပိုင်း(၁)

သင့်ကလေး စားတဲ့မုန့်တွေ အန္တရယ် ကင်းရဲ့လား အပိုင်း(၁)

180
0
Advertise Here

Photo: Soe Yu Zaw

နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။ စိုးယုဇော်၊ မင်းလွင် နှင့် သက်ဦးမွန် ပံ့ပိုးသည်။

Advertise Here

အချိန်က နံနက် ၁၁ နာရီ။

ဒေါင်…ဒေါင်…ဒေါင်… ဟူသော ကျောင်းခေါင်း လောင်း သံထွက်ပေါ်လာသည်နှင့် အဖြူအစိမ်း တူညီစွာဝတ်ဆင်ထားသည့် ကျောင်းသူလေးများ သည် စာသင်ခန်းအတွင်းမှ အလျှိုလျှိုထွက်လာ ကြသည်။ တချို့က အလျင်အမြန် ပြေးထွက်လာကြ သလို တချို့က ဖြည်းဖြည်းအေးအေး လမ်းလျှောက် လာကြသည်။ကျောင်းက  နှစ်ထပ်အဆောင်နှင့် သုံးထပ်အဆောင်များဖြစ်သောကြောင့် တချို့ ကျောင်းသူလေးများကတော့ လှေကားအတိုင်း ပြေးဆင်းလာကြသည်။

မုန့်စားကျောင်းဆင်းချိန်ဖြစ်သောကြောင့် ကျောင်းသူ လေးများ၏ ခြေလှမ်းတို့သည် ကျောင်းမုန့်ဈေးတန်းဆီသို့ ဦး တည်နေကြသည်။ ကျောင်းဝင်းအတွင်းရှိ မုန့်ဈေးတန်းတွင် မုန့် များက အမျိုးအမည်စုံလှသည်။ တချို့မုန့်များကို သံချိတ်များဖြင့် ချိတ်ဆွဲထားသလို တချို့ကိုလည်း ရောင်စုံပလတ်စတစ်ခြင်းငယ် များထဲတွင် အမျိုးအစားအလိုက် ထည့်ကာထားသည်။

နီရဲရဲသစ်သီးယိုစုံအထုပ်များ၊ ဂျယ်လီဘူးများ၊ သကြား လုံး၊ အချိုရည်၊ ကော်ဖီ၊ ခေါက်ဆွဲခြောက်ထုပ်၊ ပေါင်မုန့်၊ ကိတ်မုန့် စသဖြင့် မျိုးစုံသောစားသောက်စရာများကို ပုံစံမျိုးစုံ၊ အရောင် မျိုးစုံနှင့် တွေ့ရသည်။ တချို့မုန့်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ များ မပါရှိဘဲ တရုတ်စာ၊ ထိုင်းစာများဖြင့်သာ ရေးသားထားသည်။

ယခုကျောင်းမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း (အမျိုးသမီးကျောင်း)ဖြစ် ပြီး အဆိုပါကျောင်းတွင် ကလေးများအတွက် အာဟာရမဖြစ်နိုင် သော ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ သက်တမ်းကုန်ဆုံးသည့် မုန့်နှင့် ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးမည့် ရက်စွဲတပ်မထားသည့် မုန့်များ၊ ဆိုးဆေးပါသည့် မုန့်များ၊ တရုတ်စာ၊ ထိုင်းစာပါသည့် မုန့်များ အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနက စားသုံးရန်မသင့် ကြောင်း ထုတ်ပြန်ကြေညာထားသည့် မုန့်များကို မရောင်းချရန် ထားမြစ်ထားသည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီအေးက ဆိုသည်။ ကျောင်းမှ ချမှတ်ထားသည့် အဆိုပါစည်းကမ်းများကို မလိုက်နာပါက မုန့်ရောင်းချခွင့်မပြုဟု သူက ဆိုသည်။

ဆရာမကြီးထံခွင့်တောင်းပြီး မော်ကွန်းမဂ္ဂဇင်းက အဆိုပါ ကျောင်းမုန့်ဈေးတန်းကို ဝင်ရောက်ကြည့်ရှုရာတွင်တော့ ကျောင်းတွင် မရောင်းချရန် တားမြစ်ထားသည့် မုန့်များကို တွေ့ ခဲ့ရသကဲ့သို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (Food and Drug Administration – FDA) က တားမြစ်ထား သည့် မုန့်များနှင့် တရုတ်စာ၊ ထိုင်းစာများဖြင့်သာ ရေးသားဖော်ပြ ထားသည့် မုန့်များကိုပါ တွေ့ ခဲ့ရသည်။

တွေ့ ခဲ့ရသော မုန့်များထဲတွင် အာဖျန်းဟုခေါ်သည့် အချို ရည်ဘူးလေးများလည်းပါသည်။ အချိုရည်ဘူးခေါင်းကို လက် ဖြင့်ဖိကာ ပါးစပ်ထဲသို့ ဖျန်းထည့်ရသောကြောင့် ကလေးများက အာဖျန်းဟု အမည်ပေးထားခြင်းဖြစ်သည်။ ပါးစပ်ထဲ ဖျန်းထည့် လိုက်ပါက အချိုရည်၏အရောင်ပေါ် မူတည်၍ လျှာပေါ်တွင် စွန်း ထင်းကာ ကျန်ခဲ့သည်။

တစ်ဦးစားတာကိုမြင်လျှင် နောက်တစ်ဦးကပါ လိုက်စား သလို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖျန်းပက်ကစားကြသည့် အတွက်လည်း ဗိုင်းရပ်စ်ဟု ကလေးများက ကင်ပွန်းတပ်ထား သော အဆိုပါအချိုရည်ဘူးတွင် တရုတ်စာများကိုသာ တွေ့ရသည်။

အဆိုပါမုန့်များအနက် အာဖျန်းအပါအဝင် မုန့်ငါးမျိုးခန့်ကို ဝယ်ယူပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီအေးထံ သွားရောက် ပြသခဲ့ရာ သူက ”ကျောင်းဆရာမက ကျောင်းဆရာမအလုပ်ကို လုပ်ဖို့ကို မရတော့ဘူး။ ဒီအလုပ်တွေပဲ လိုက်လုပ်နေရတယ်”ဟု ခုံပေါ်တွင် တင်ထားသည့် ခွင့်ပြုချက်မပါသည့် မုန့်များကို ကြည့် ကာ ညည်းညူရင်း ပြောသည်။

ကလေးငယ်များ ကြိုက်နှစ်သက်အောင် နည်းမျိုးစုံ၊ ပုံစံ မျိုးစုံဖြင့် အစားအသောက်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေ သူများနှင့် ဈေးကွက်အတွင်း တရားမဝင်မုန့်များအား လိုက်လံ စစ်ဆေးနေသည့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စစ်ဆေးအရေး ယူမှုပိုင်း အားနည်းနေသည့်အတွက်ကြောင့် မြန်မာနိုင်ငံရှိ ကလေးများသည် ဘေးမကင်းသော အစားအသောက် အ္တနရာယ် ကို အကြီးအကျယ် ရင်ဆိုင်နေကြရသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

Photo : Zayar Hlaing     ကလေးတွေကြား ရေပန်းစားသည့် အာဖျန်း

ဈေးကွက်မှာ စိတ်မချရသည့် မုန့်တွေ ရှိ

မော်ကွန်းမဂ္ဂဇင်းက စက်တင်ဘာနောက်ဆုံးပတ်နှင့် အောက်တိုဘာပထမပတ်အတွင်း ရန်ကုန်မြို့ရှိ မြို့နယ် ၁ဝ မြို့ နယ်မှ စာသင်ကျောင်းပေါင်း ၄၁ ကျောင်း၊ ကျောင်းပတ်ဝန်းကျင် နှင့် ရပ်ကွက်အတွင်းမှ ဈေးဆိုင်ပေါင်း ၅ဝ ခန့်ကို သွားရောက် ကာ စုံစမ်းထောက်လှမ်းခဲ့ပါသည်။

ထို့အပြင် ရန်ကုန်မြို့တွင် ကုန်ပစ္စည်းများကို အဓိကလက် လီလက်ကားဖြန့်ဖြူးသည့် သိမ်ကြီးဈေးနှင့် ညောင်ပင်လေး ဈေးမှ ကျောင်းနေအရွယ်ကလေးငယ်များ စားသောက်လေ့ရှိ သော မုန့်ပဲသရေစာများကိုလည်း လေ့လာခဲ့သည်။

ထိုသို့လေ့လာရာတွင် FDA ထံမှ တောင်းခံရရှိထားသည့် ကလေးငယ်များ မစားသင့်သော မုန့်အမျိုးအစား ၄၇ မျိုး ဖော်ပြ ထားသည့် စာရင်းကိုပါ ယူသွားသည်။

ယင်းစာရင်းထဲတွင် ဖော်ပြပါရှိသည့် အခေါ်အဝေါ်အတိုင်း ဈေးကွက်ထဲသို့ သွားရောက်ပြီး ဝယ်ကြည့်ရာ FDA က စားသုံး ရန်မသင့်ဟု ထုတ်ပြန်ခဲ့သည့် မုန့်ပဲသရေစာ ၄၇ မျိုးအနက် ပုံသဏ္ဌာန်မတူသော်လည်း အခေါ်အဝေါ်တူသည့် (ဥပမာ- အမှတ် တံဆိပ်မပါ တုတ်ထိုးချိုချဉ်၊ အာဖျန်း) အပါအဝင် မုန့် ၁၅ မျိုးခန့် ကို ဈေးကွက်အတွင်း တွေ့ ခဲ့ရသည်။

သဘောကတော့ တားမြစ်ထားသည့် မုန့်ပဲသရေစာ ၄၇ မျိုးအနက် (ယင်းတို့နှင့် ပုံသဏ္ဌာန်မတူသော်လည်း အခေါ်အဝေါ် တူသည့်) မုန့်ပဲသရေစာ သုံးပုံတစ်ပုံခန့်ကို ဈေးကွက်ထဲတွင် တွေ့ ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မြန်မာစာမပါဘဲ တရုတ်စာ၊ ထိုင်းစာနှင့် အင်္ဂလိပ်စာများသာ ပါဝင်သော စားသောက်ကုန်များကိုလည်း တွေ့ ခဲ့ရသည်။

အာဖျန်းကဲ့သို့ ပသဏ္ဌာန်မတူသော်လည်း အခေါ်အဝေါ်တူ သည့် မုန့် ၁၅ မျိုးနှင့် တရုတ်စာ၊ ထိုင်းစာနှင့် အင်္ဂလိပ်စာများ သာပါသော မုန့်များထဲမှ မုန့် ၂၅ မျိုးကိုလည်း ဝယ်ယူလိုက်သည်။ ထို့နောက် အဆိုပါ မုန့်အမျိုးအစား ၄ဝ ကို ယူကာ နေပြည်တော် ရှိ FDA ရုံးသို့ သွားရောက်ပြသခဲ့သည်။

ထိုသို့ ပြသရာတွင် ပထမမုန့် ၁၅ မျိုးမှာ FDA က စား သုံးရန် မသင့်ကြောင်း ကြေညာထားသည့် မုန့်များနှင့် ပုံသဏ္ဌာန် တူညီခြင်းမရှိဟု ယင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး လည်း ဖြစ်၊ ဈေးကွက်ထောက်လှမ်းရေးမှူးလည်း ဖြစ်သည့် ဒေါက်တာနှင်းနန္ဒာကျော်က ဆိုသည်။

သို့သော် အဆိုပါမုန့်များမှာ ၄င်းတို့ခွင့်ပြုချက်ဖြင့် ဈေး ကွက်ထဲရောက်နေခြင်း ဟုတ်၊ မဟုတ်ကိုတော့ သဲသဲကွဲကွဲ၊ ပြတ် ပြတ်သားသား ပြောဆိုခဲ့ခြင်းမရှိပါ။ ထို့ပြင် အဆိုပါမုန့်များသည် စားသုံးသူအတွက် အန္တရာယ်ရှိ၊ မရှိကိုလည်း စစ်ဆေးပြီးမှသာ ပြောနိုင်မည်ဟုဆိုသည်။

ဤနေရာတွင် ရှုပ်ထွေးဖွယ်ရာ ကိစ္စတစ်ခုရှိသည်။ ယင်းမှာ FDA က ကြေညာထားသည့် မုန့်နှင့် ဈေးကွက်ထဲမှ ဝယ်ယူခဲ့ သည့် မုန့်တို့သည် အခေါ်အဝေါ်တူသည့်တိုင် ပသဏ္ဌာန်မတူသည့် အချက်ဖြစ်သည်။

ဥပမာ-အာဖျန်းကို FDA က စားသုံးရန်မသင့်သော မုန့် များစာရင်းတွင် ထည့်သွင်းထားသည်။ ထိုအာဖျန်းကို ဈေးကွက် ထဲမှ ဝယ်ယူပြီး ပြသကြည့်ရာ ဒေါက်တာနှင်းနန္ဒာကျော်က ”အာ ဖျန်းကတော့ အစ်မတို့ပြောတာ ဒီပုံတော့ မဟုတ်ဘူး။ ဒါပေမဲ့ အာဖျန်းကိုတော့ မသုံးသင့်ဘူးလို့ အစ်မတို့ အကုန်လုံး ကြေညာ ထားတယ်”ဟု တုံ့ပြန်သည်။

FDA က အာဖျန်းကို မစားသုံးသင့်သော အစားအစာ အဖြစ် ကြေညာစဉ်က အားဖျန်းပုံစံမှာ ပလပ်စတစ်ဘူးငယ်တစ်ခု  ဖြစ်ပြီး အဖုံးတစ်ဖက်သာပါသည်။ ယခု ဈေးကွက်ထဲတွင်ရှိနေ သော အာဖျန်းပုံစံမှာလည်း ပလတ်စတစ်ဘူးငယ်တစ်ခုဖြစ်ပြီး တစ်ဖက်တွင် အဖုံးပါကာ ကျန်တစ်ဖက်တွင် မီးထွန်းလို့ရသည့် လက်နှိပ်ခလုတ်တစ်ခုပါရှိသည်။ အလားတူ တချို့သော အာဖျန်း ဘူးများမှာ နှုတ်သီးခေါင်းများပါရှိသည်။

တရုတ်စာ၊ ထိုင်းစာနှင့် အင်္ဂလိပ်စာများသာပါသော မုန့် ၂၅ မျိုးကို ပြသရာတွင်တော့ ယင်း ၂၅ မျိုးအနက် ငါးမျိုးသာ FDA ခွင့်ပြုချက်ရှိပြီး ကျန်သည့် အမျိုး ၂ဝ မှာ FDA ခွင့်ပြုချက် မရှိသည့် မုန့်များ ဖြစ်နေသည်ကို တွေ့ရသည်။

အဆိုပါ မုန့်အမျိုးအစား ၂ဝ  (ငါးပုံလေးပုံ)မှာ ခွင့်ပြုချက် မရှိသော မုန့်များသာဖြစ်ပြီး အန္တရာယ်ရှိသော အစားအသောက် ဟုတ်၊ မဟုတ်ဆိုသည်ကိုမူ ဓာတ်ခွဲစမ်းသပ်ခြင်း မပြုရသေးသော ကြောင့် အတည်ပြုမပြောနိုင်ဟု ဒေါက်တာနှင်းနန္ဒာကျော်က ရှင်းပြသည်။

ပြည်ပမှ တင်သွင်းလာသည့် မုန့်များကို FDA က စစ်ဆေး ပြီး ထောက်ခံချက်ပေးရာတွင် အဆိုပါမုန့်အမျိုးအစားနှင့် ပါဝင် သည့်ကုန်ကြမ်းများကို အနည်းဆုံး အင်္ဂလိပ်လို ရေးသားထားရန် သတ်မှတ်ထားသည်ဟု သူက ဆိုသည်။

”ဥပမာ-တရုတ်စာတွေနဲ့ချည်း လာတာရှိသလို ထိုင်းစာ တွေနဲ့ချည်းလည်း လာတာရှိတယ်။ အဲဒါဆိုရင်တော့ ကျိန်းသေ တယ်။ အစ်မတို့(ထောက်ခံချက်)ပေးထားတာ မဟုတ်ဘူး”ဟု ဒေါက်တာနှင်းနန္ဒာကျော်က ရှင်းပြသည်။

အကြိမ်ကြိမ်စစ်ဆေးရန် လိုအပ်

ဈေးကွက်ထဲတွင် လေ့လာမှုများအရ သိရသည်မှာ FDA က မုန့်အမှတ်တံဆိပ်တစ်မျိုးမျိုးကို တားမြစ်လိုက်ပါက အဆိုပါ မုန့်အမှတ်တံဆိပ်သည် ဈေးကွက်မှ ပျောက်သွားတတ်သော်လည်း အဆိုပါမုန့်သည် အခြားအမှတ်တံဆိပ်တစ်မျိုး (သို့) ပုံသဏ္ဌာန် တစ်မျိုးမျိုးနှင့် ဈေးကွက်ထဲ ပြန်ဝင်လာတတ်သည်ဟုဆိုပါသည်။

ထို့ကြောင့် တစ်ကြိမ်တစ်ခါစစ်ဆေးပြီးရုံနှင့် မလုံလောက် ဘဲ တားမြစ်မုန့်များ ဈေးကွက်ထဲ ပြန်လည်ရောက်ရှိလာနိုင်သည့် အခြေအနေကြောင့် ထပ်ခါထပ်ခါ စစ်ဆေးနေရသည်ဟု FDA (အစားအသောက်ဌာန)မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော် က ဆိုသည်။

မစားသောက်ရန် ထုတ်ပြန်ကြေညာခဲ့သည့် အစားအသောက် များ ဈေးကွက်ထဲသို့ ပြန်လည်ရောက်ရှိသည်ကို တွေ့ရပါက အဆိုပါမုန့် တွေ့ ခဲ့သည့်ကျောင်းသို့ စာပို့ခြင်း၊ ကျောင်းကျန်းမာ ရေးအဖွဲ့များကို ပညာပေးခြင်းနှင့် ထပ်မံ မရောင်းချရန်တို့ကို အသိပေးရသည်ဟု သူက ဆိုသည်။

FDA က ရှိတဲ့လူနဲ့ အခြေခံပညာကျောင်းတိုင်းကို ရောက်နေနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ သက်ဆိုင်ရာမြို့နယ်မှာရှိ တဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေမှာ ရှိတဲ့ ကျောင်းကျန်းမာ ရေးအဖွဲ့တွေကို ဒီလိုတာဝန်တွေ လွှဲပေးတယ်။ ကျောင်းတိုင်းကို နေ့စဉ်နဲ့အမျှ ကျောင်းကျန်းမာရေးဝန်ထမ်း ရောက်နိုင်ဖို့ဆိုတာ လည်း မဖြစ်နိုင်ဘူးထင်တယ်။ မဖြစ်နိုင်ဘူးဆိုတဲ့အတွက် ဒီလို ဟာတွေ ပြန်ပြီးတော့ ရှိလာမှာပဲ။ ရှိလာလို့ရှိရင် ရှိမှန်း FDA က ချက်ချင်းသိချင်မှ သိမယ်”ဟု သူက ဆိုသည်။

ထိုသို့ ပညာပေး၊ စစ်ဆေးမှုများ ပြုလုပ်နေသည့်ကြားက ပင် ကျောင်းဈေးတန်းတွင် မုန့်ရောင်းချနေကြသူများသည် တား မြစ်ထားသည့် မုန့်များကို ‘ခိုးရောင်းနေကြသည်’ဟု ကျောင်းအုပ် ဆရာမကြီး ဒေါ်သိင်္ဂီအေးက ယခုလိုဆိုသည်။

”ဆရာမတို့ သွားကြည့်ရင် သိမ်းဆည်းထားမယ်၊ ဝှက် ထားမယ်ဖြစ်တဲ့အတွက် ကျောင်းသူတွေကိုပဲ ဆရာမတို့က ဝယ် ခိုင်းပြီးတော့ ဈေးရောင်းတဲ့သူတွေ လိုက်နာမှု ရှိ၊ မရှိကို အဲဒီလို လုပ်ရတာတွေလည်းရှိတယ်”ဟု သူက ဆိုသည်။

စာသင်ကျောင်းများရှိ မုန့်ဈေးတန်းများသို့ မျက်နှာစိမ်း ရောက်သွားသည့်အခါမျိုးတွင် ဈေးရောင်းနေသူတို့သည် သူတို့ ရောင်းချနေသည့် မုန့်တချို့အား အလျင်အမြန်သိမ်းဆည်းတတ် သည်ကို မော်ကွန်းက တွေ့ ခဲ့ရသည်။ သူတို့သည် ကျောင်းမုန့်ဈေး တန်းတွင် မည်သည့်မုန့်ကို ရောင်းခွင့်ရှိပြီး မည်သည့်မုန့်ကို မရောင်းရဆိုသောအချက်ကို သိနေကြပြီးဖြစ်သည်။ သို့သော် စစ် ဆေးသူများမသိအောင် ရောင်းချနေသည့် ကိစ္စများလည်း ရှိသည်။

ကျောင်းသား၊ ကျောင်းသူများ၏ကျန်းမာရေးအတွက် ကျောင်းမုန့်ဈေးတန်းရှိ အစားအသောက်ဘေးအန္တရာယ်ကင်း ရှင်းရေးစီမံချက်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက် အောက်ရှိ ကျောင်းကျန်းမာရေးဌာနက ယခင်ကတည်းက ဆောင်ရွက်လျက်ရှိသည်ဟု FDA မှ ဒေါက်တာထွန်းဇော်က ဆိုသည်။

သို့သော် ကျောင်းကျန်းမာရေးအဖွဲ့သည် ကလေးများကို တစ်ယောက်ချင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကလေးများ၏ အရပ်အမောင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွားကျန်းမာ ရေးနှင့် ကျန်းမာရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက် ခြင်းစသည့် လုပ်ငန်းတာဝန်များ များပြားလှသဖြင့် ကျောင်းမုန့် ဈေးတန်း ဘေးအ္တနရာယ်ကင်းရှင်းရေးကို တစ်စိတ်တစ်ပိုင်းသာ ဆောင်ရွက်နိုင်သည်ဟု သူက ပြောသည်။

သို့ဖြစ်ရာ အခြေခံစာသင်ကျောင်းများရှိ မုန့်ဈေးတန်းများ တွင် ရောင်းချနေသော အစားအသောက်များ ဘေးအ္တနရာယ် ကင်းရှင်းရေးစီမံချက်သည် ယခင်ကတည်းက အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သော်လည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နိုင်ခဲ့ခြင်းမရှိဟု FDA ညွှန်ကြားရေးမှူးက ဆိုသည်။

သို့သော် သူက ”မနှစ်(၂ဝ၁၄) စာသင်နှစ်ကစပြီး ကျယ် ကျယ်ပြန့်ပြန့်လုပ်တယ်။ ပြည်နယ်နဲ့တိုင်း ကိုးခုမှာ လုပ်ခဲ့တယ်”ဟု ဆိုသည်။

ယခုနှစ်တွင်လည်း ကျန်ရှိနေသေးသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအပါအဝင် ပြည်နယ်နှင့်တိုင်း ရှစ်ခု၊ ၁ဝ ခု ခန့်တွင် FDA အပါအဝင် ကျောင်းကျန်းမာရေးဌာန၊ သက်ဆိုင် ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ယခင်က ကျောင်းမုန့်ဈေးတန်းရှိ မုန့်များ ဘေးအ္တနရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများကိုသာ အဓိက ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ပညာပေးလုပ်ငန်း အပြင် မုန့်နမူနာတွေကိုယူပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးရသည့် လုပ်ငန်းကိုပါ လုပ်ဆောင်လျက်ရှိသည်ဟု ဒေါက်တာထွန်းဇော် က ပြောသည်။

Photo : Zayar Hlaing

ဘယ်သူ့မှာ တာဝန်ရှိလဲ

ရန်ကုန်တိုင်းဒေသကြီး ကျောင်းကျန်းမာရေးဆရာဝန်ကြီး၊ (မိခင်နှင့် ကလေးအထူးကု) ဒေါက်တာခင်စောရီက အခြေခံ ပညာ ကျောင်းများ၌ အစားအသောက် ဘေးအ္တနရာယ်ကင်း ရှင်းရေးအတွက် ကျောင်းကျန်းမာရေးစီမံချက်ထဲမှ တစ်ခုဖြစ် သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသော မြို့နယ်အားလုံးမှ ကျောင်းများကို ကျောင်းကျန်းမာရေးနှင့်ပတ်သက်သော စာများ ထုတ်သလို ကျန်းမာရေးပညာပေးဟောပြောပွဲများလည်း ပြု လုပ်ပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် သက်ဆိုင်ရာမြို့နယ်များတွင် ကျောင်းကျန်းမာရေးတာဝန်ခံများရှိသလို ကျောင်းတိုင်းတွင်လည်း ကျောင်းကျန်း မာရေးကော်မတီများ ဖွဲ့စည်းထားပေးသည်ဟု ဒေါက်တာခင် စောရီက ဆိုသည်။ ကျောင်းများတွင် အန္တရာယ်ရှိ အစားအသောက် များရှိလာပါက အဆိုပါကျောင်း၏ ကျောင်းအုပ်ကြီးနှင့် ကျောင်း မုန့်ဈေးတန်းကို တာဝန်ယူသည့်ဆရာများနှင့် သက်ဆိုင်သည်ဟု ဒေါက်တာခင်စောရီက ဆိုသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျောင်းကျန်းမာရေး ဆရာဝန်များမှ စာသင်ကျောင်းများတွင်အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေးအတွက် ကျောင်းဆရာမ၊ ကျောင်းသား မိဘများနှင့် ကျောင်းသူ၊ ကျောင်းသားများအား ပညာပေးဟော ပြောပွဲများ ပြုလုပ်ပေးနေသော်လည်း တစ်နှစ်လုံးတွင် တစ်ကြိမ်၊ နှစ်ကြိမ်မျှသာ လုပ်ဆောင်နိုင်သည်ဟု အင်းစိန်မြို့နယ်၊ အမှတ် (၁၂) အခြေခံပညာမူလတန်းကျောင်းမှ နံနက်ပိုင်းတာဝန်ခံ ဆရာမ ဒေါ်မြင့်မြင့်သန်းက ထောက်ပြသည်။

ဆရာမဒေါ်မြင့်မြင့်သန်းတို့၏ ကျောင်းတွင်လည်း ကျောင်း မုန့်ဈေးတန်းရှိ မုန့်များ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ မရှိ၊ သက် တမ်းကုန်ဆုံးနေသည့် မုန့် ဟုတ်၊ မဟုတ်၊ ဓာတုဆိုးဆေးပါဝင်မှု များ၊ မများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စားသုံးရန်မသင့်ဟု ကြေညာထားသည့် မုန့်ဟုတ်၊ မဟုတ် စသည့်အချက်များကို စစ် ဆေးနေရသည်ဟု ဆိုသည်။

ထိုသို့စစ်နေသည့်ကြားမှ ”မုန့်တွေက (FDA ခွင့်ပြု ချက်) မပါတာ များနေတော့ ဘာမှ မတတ်နိုင်ဘူး။ မြင်တဲ့အတိုင်းပါပဲ”ဟု ဆရာမဒေါ်မြင့်မြင့်သန်းက ကလေးတွေ အစားများသည့် ကျောင်းမုန့်ဈေးတန်းမှ တရုတ်၊ ထိုင်းစာများ ပါသည့်မုန့်များကို လက်ညှိုးထိုးပြရင်း ပြောသည်။

စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က အစား အသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သုံးနှစ်ကျော်(၂ဝ၁၂၊ သြဂုတ် ၂၆ရက်မှ ယနေ့အထိ) ကာလအတွင်း မြောက် ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်နှင့် ဗဟန်းမြို့နယ်များရှိ ကျောင်းပေါင်းတစ်ရာကျော်ကို လိုက်လံ စစ်ဆေးကြည့်ခဲ့သည်ဟု ဆိုပါသည်။

ထိုသို့စစ်ဆေးရာတွင် FDA ထောက်ခံချက်မပါသည့် မုန့် များ၊ တားမြစ်ဓာတုဆိုးဆေး သုံးစွဲထားသည့် မုန့်များ၊ မသန့်ရှင်း သောဆီများဖြင့် ကြော်ထားသည့်မုန့်များ၊ သွင်းကုန်လိုင်စင်နှင့် မြန်မာစာမပါဘဲ တရုတ်၊ ထိုင်းစာများသာ ပါဝင်သည့် မုန့်များကို တွေ့ရှိခဲ့ပြီး ယင်းတို့အနက် ”မုန့် ၈ဝရာခိုင်နှုန်းက စားသုံးဖို့ မသင့်တဲ့ မုန့်တွေဖြစ်နေတယ်” ဟု ဦးဗအုပ်ခိုင်က ဆိုသည်။

စာသင်ကျောင်းဆိုတာ ကလေးတွေအတွက် (သူတို့အိမ် က မီးဖိုချောင်ပြီးရင်) ဒုတိယ မီးဖိုချောင်ပဲ။ အခုချိန်ထိ (ကျောင်း က) မုန့်တွေကတော့ အာဟာရတန်ဖိုးမရှိဘူး။ မုန့်တွေက အပျော် အစားအစာ၊ အမှိုက်စာလို့ပဲမြင်တယ်”ဟုသူကသုံးသပ်သည်။

အစားအသောက်များကို FDA က လိုက်လံစစ်ဆေးရာ တွင် ၄င်းတို့ဌာနမှ စားသုံးရန်မသင့်ဟု တားမြစ်ထားသည့် မုန့် များ ရောင်းချနေသည်ကို တွေ့ရှိရပါက နောက်နောင်တွင် ထပ်မံ မရောင်းချရန် သတိပေးခံဝန်လက်မှတ် ထိုးခိုင်းပြီး မုန့်များကို လည်း ချက်ချင်းသိမ်းဆည်းသည်ဟု ဒေါက်တာနှင်းနန္ဒာကျော်က ရှင်းပြသည်။

”အရေးယူလို့လည်း မပြီးဘူး။ အစ်မတို့နိုင်ငံမှာက ဗဟု သုတနည်းပါးတယ်။ မသိလို့ ရောင်းတာလည်း ဖြစ်နိုင်တယ်။ သိလို့ရောင်းတာလည်း ဖြစ်နိုင်တယ်”ဟု ၄င်းက ဆိုသည်။

လူအများစုက ထောင်ချအရေးယူခြင်းကို အဓိကနည်း လမ်းအဖြစ် ထင်နေကြသော်လည်း FDA က ပညာပေးရေးလုပ် ငန်းတွေကိုသာ ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ ထိုသို့ပညာ ပေးရာတွင် ဆိုးဆေးများအကြောင်းကို ပြောကြားခြင်း၊ အန္တရာယ် ရှိသည့် အမှတ်တံဆိပ်တွင် မည်သည့်အချက်အလက်များရှိသည့် အကြောင်းကို ပြောပြခြင်းတို့ဖြင့် နားလည်အောင် ရှင်းပြပေး သည်ဟု ဆိုသည်။

သို့သော် ကျောင်းမုန့်ဈေးတန်းအပါအဝင် မုန့်ဈေးကွက် တွင် FDA ၏ ခွင့်ပြုချက်မပါသော တရားမဝင်မုန့်များအား ရောင်းချနေသည်ကို တွေ့ရပါသည်။ အဆိုပါ FDA ၏ ခွင့်ပြုချက် မပါသောမုန့်များအား ရောင်းချနေသည်ကို တွေ့ရပါက သိမ်း ဆည်း၍ ရ၊ မရနှင့် ပတ်သက်ပြီး FDA ၊ စားသုံးသူကာကွယ်ရေး အသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းနှင့် ကျောင်းကျန်းမာရေးဆရာဝန်တို့အား မေး မြန်းခဲ့သည်။ သို့သော် မည်သူကမှ သိမ်းဆည်း၍ ရ၊ မရကို တိတိ ပပ ပြောကြားခြင်း မရှိပေ။

၁၉၉၇ တွင် ပြဋ္ဌာန်းခဲ့သည့် အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) တွင် စားသုံးသူကို အဆိပ်သင့်စေနိုင် သော၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် ကျန်းမာ ရေးကို ထိခိုက်စေနိုင်သော အစားအသောက်များကို ထုတ်လုပ် ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သို လှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများကို မည်သူမျှ မပြုလုပ်ရဟု ပြဋ္ဌာန်း ခဲ့သည်။

ယင်းဥပဒေပုဒ်မ ၂၂ ပါ အချက်ကို ဖောက်ဖျက်ကျူးလွန် လျှင် ထိုသူအား ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ ငွေဒဏ် ကျပ် ၃ဝ,ဝဝဝ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) တွင် ပြဋ္ဌာန်းထားသည်။

သို့သော် ၂ဝ၁၃၊ သြဂုတ်တွင် ပြဋ္ဌာန်းခဲ့သည့် အမျိုးသား အစားအသောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် အမျိုးသား အစားအသောက်ဥပဒေတွင်ပါရှိသော ပုဒ်မ ၂၂ ၊ ပုဒ်မခွဲ က အရ ဒဏ်ငွေ ၃ဝ,ဝဝဝ ဆိုသည့်နေရာတွင် ကျပ်သုံးသိန်းထက် မပို သော ငွေဒဏ်ဟု အစားထိုးပြဋ္ဌာန်းခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် အမျိုးသားအစားအသောက် ဥပဒေအရအရေးယူခြင်းထက် သတင်းစာများတွင် ကြေညာ ခြင်း၊ ပစ္စည်းများသိမ်းခြင်း၊ ဖျက်ဆီးခြင်း၊ ထုတ်လုပ်သူကို ပညာ ပေးခြင်း၊ ရောင်းချသူများကို ပညာပေးခြင်းဆိုသည့် စီမံခန့်ခွဲမှု နည်းလမ်းကိုသာ အသုံးပြုသည်ဟု FDA မှ ဒေါက်တာထွန်းဇော်   က ဆိုသည်။      အပိုင်း( ၂ )သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here