Home အက်ဆေး ကျွန်တော်အဆောင်နေ ကျောင်းသား

ကျွန်တော်အဆောင်နေ ကျောင်းသား

156
0
Advertise Here

ဒီဇင်ဘာ ၂၀၁၂ – ဇန်န၀ါရီ ၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃) မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

ထင်အောင်ကျော် ရေးသည်။

Advertise Here

(က)

သံသေတ္တာတစ်လုံးနှင့် ထင်းရူးပုံးတစ်ပုံး။ အိပ်ရာလိပ်တစ်လိပ်နှင့် လက်ဆွဲအိတ်တစ်အိတ်။ အဲသည် ပစ္စည်းပစ္စယများကို သွေ့ခြောက်ခြောက်မြက်ခင်းပြင်ပေါ်မှာ ပုံထားသည်။ ပျဉ်းမနားဘူတာမှ ငှားလာသော ဂျစ်ကားက ကျွန်တော်တို့နှင့်ပစ္စည်းတွေကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် လင်းဇင်းဆောင်ရှေ့မှာ ချထားပေးခဲ့ပြီး ပြန်ထွက်သွားပါသည်။ ကျွန်တော်တို့ဆိုတာက ကျွန်တော်နှင့် ကျွန်တော့်အခန်းဖော် ရှမ်းတိုင်းရင်းသားစိုင်းမောက်ပါ။ သူ့မှာလည်း သူ့ပစ္စည်းတွေနှင့်သူ။

ကျောင်းဆောင်က နှစ်ထပ်အဆောက်အအုံဖြစ်ပြီး တစ်ထပ်ကို တစ်ခြမ်းလျှင် နှစ်ယောက်ခန်း ဆယ့်သုံးခန်းစီပါရှိသည်။လင်းဇင်းဆောင်က ထိုသို့ နှစ်ထပ်ဆောင် သုံးဆောင်ကိုအင်္ဂလိပ်အက္ခရာ U ပုံသဏ္ဌာန် ဖိုခုံလောက်ဆိုင် တည်ဆောက်ထားပါသည်။ အလယ်မှာ ကွင်းပြင်ကျယ်ကြီး။

ထို U စာလုံး၏ထိပ်တွင် အဆောင်မှူးနေရန် တစ်ထပ်တိုက်ပုကလေးရှိပြီး ယင်းနှင့်ယှဉ်လျက် စားဖိုဆောင်ပါ ထမင်းစားဆောင်ကြီး ရှိပါသည်။ ယင်းတို့ကိုကျော်၍ကြည့်လိုက်လျှင်တော့  အရှေ့ရိုး မတောင်တန်း ပြာကြီးက ဟိုးအဝေးဆီဝယ် မှိုင်းမှိုင်းညို့ လို့။

မေလဆန်း၏ထွက်ပြူစနေခြည်အောက်မှာ ဝန်းကျင်တစ်ခွင်သည် လိမ္မော်ရောင်ပြေးနေသည်။ ကျွန်တော်တို့ ကျောင်းသားသစ်နှစ်ယောက်ကွင်း ပြင်ြကီး ထဲရပ်ရင်းဟဟို ဟိုသည်သည်ငေးနေကြသည်။ ကျောင်းဖွင့်ရန် ရက်ပိုင်းမျှ လိုနေသေးရကားလူသူသိပ်မရှိသေး။ မနက်ေ စာစောလည်း ဖြစ်ြပန်ေ တာ့  ကျောင်းဆောင် များက သက်ငြိမ်နေပါသည်။

ကျွန်တော်တို့က အဆောင်မှူးအိမ်ဆီ လျှောက်သွားကြသည်။ ကျောင်းသားသစ်များရောက်ချိန်ဖြစ်၍ အဆောင်မှူးဆရာ ဦးတင်ညွန့်က အဆင်သင့်ပင် စောင့်နေပါသည်။ လူလုံးလူဖန်ကျစ်ကျစ်နှင့် ကိုယ်ဟန်မူရာ အေးဆေးသောဆရာကအဆောင်ခန်းများကို မဲနှိုက်ပြီး နေရာချပေးကြောင်းရှင်းပြကာမဲနှိုက်ခိုင်းပါသည်။ ရသည့် အခန်းနံပါတ်က ၈၉၊ အပေါ်ထပ်အရှေ့ဘက်ခြမ်းမှာ။

အထုပ်အပိုးများကိုသယ်ကာ အခန်းဆီ တက်လာခဲ့ပါသည်။ အခန်းက ဆယ်ပေပတ်လည်ခန့် ရှိမည်ထင်ပါသည်။ခုတင်၊ စားပွဲ၊ ကုလားထိုင်တစ်စုံ။ မီးပလပ်ခေါင်းနှင့် မီးခလုတ်ကလည်း တစ်စုံစီ။ မီးလုံး၊မီးချောင်းကို ကိုယ့်ဘာသာ ယူလာရသည်။ကျောဘက်မှာ နောက်ခန်းနှင့်ခြားထားသော အင်္ဂတေနံရံရှိနေပြီး အပေါ်ပိုင်းတွင်မူ သစ်သားချောင်းများဖြင့် ကာရံထားပါသည်။ မျက်နှာကြက်က အင်္ဂတေအညိုရောင်ဖြစ်ပြီး အင်္ဂတေနှင့်ကောက်ရိုးရောထားသော အချပ်များဖြစ်ဟန် တူပါသည်။

အခန်းကို ပွတ်တိုက်လှဲကျင်းကာ သန့်ရှင်းရေးလုပ်ပြီးနောက် အိပ်ရာလိပ်ကိုဖြေ၊ ခုတင်ပေါ်နေရာချပြီး ခဏအနားယူလိုက်ပါသည။် ဘဝပြဇာတ်ထဲက နောက်ဇာတ်ဝင်ခန်းတစ်ခန်းမှာသုံးနှစ်ကြာ ပါဝင်ကပြအသုံးတော်ခံရဦးမှာပါလား။

(ခ)

ပညာရေးစနစ်သည်ကား မငြိမ်၊ အမြဲပြောင်းနေ၏။ ၁၉၇ဝပြည့်လွန် အစောပိုင်းနှစ်များတွင် ကျောင်းသား လှုပ်ရှားမှုများပေါ်လာပြီးသည့်နောက်ဝယ် ဒေသကောလိပ်များဆိုပြီး ဖွင့်လှစ်လာခဲ့သည်။ ဒသမတန်းအောင်မြင်ပြီးလျှင် ကောလိပ်ပထမနှစ်ကို တက်။ ဒုတိယနှစ်တွင် အထူးပြုလုပ်ငန်း အတတ်ပညာများကိုယူ။ထိုအတတ်ပညာများဆိုသည်ကစားသောက်ကုန်လုပ်ငန်းအတတ်ပညာ၊ ရုပ်ရှင်အတတ်ပညာ စသည်ဖြင့်။ ပြီးမှ သုံးနှစ်ပေါင်း ရမှတ်များကို ပျမ်းမျှယူကာ ဘဝလမ်းကြောင်း တက္ကသိုလ်များကို ဆက်တက်ရပါသည်။

သုံးလေးနှစ်ခန့်ကြာသော် နောက်ပုံစံတစ်မျိုးသို့ ပြောင်းလိုက်သည်။ ဒေသကောလိပ်တော်တော်များများကို နယ်မြေတက္ကသိုလ်များအဖြစ် ပြောင်းလဲလိုက်ပါသည်။ ဥပမာ ရန်ကုန်တွင် အမှတ် (၁)ဒေသကောလိပ်သည် ရန်ကုန်တက္ကသိုလ်(ဗိုလ်တထောင်နယ်မြေ)၊ အမှတ် (၂)သည် လှိုင်နယ်မြေနှင့်အမှတ် (၃)သည် ကြည့်မြင်တိုင်နယ်မြေဟူ၍ ဖြစ်လာသည်။

ဒုတိယနှစ်မှာ အထူးပြုလုပ်ငန်းအတတ်ပညာများ မရှိတော့ပြန်။ သိပံ္ပတွဲ၊ ဝိဇ္ဇာတွဲ ဘာသာရပ်များ ဆက်သင်ကြရပါသည်။ သုံးနှစ်ပေါင်းရမှတ်များကို ပျမ်းမျှယူသော စနစ်ကမူဆက်ရှိနေပါသည်။

ဒါလည်း နှစ်နှစ်ခန့်ပဲထင်ပါသည်။ ၁၉၈၁-၈၂ ပညာသင်နှစ်မှစကာ ဒသမတန်းရမှတ်ဖြင့် တက္ကသိုလ်များကို ရွေးချယ်တက်ရောက်ရသောစနစ်ကို ပြန်လည်ကျင့်သုံးခဲ့ပါသည်။

ကျွန်တော်တို့ကမူ သုံးနှစ်ပေါင်းရမှတ်ကို ပျမ်းမျှယူသောစနစ်၏ နောက်ဆုံးအသုတ်။ ၁၉၈၄-၈၅ ပညာသင်နှစ်ကိုကျွန်တော်တို့တက်ရသောအခါ တတိယနှစ် (အကြီးတန်း)အဖြစ်နှင့် တက်ရပါသည်။ အကြောင်းမူ ၁၉၈၁-၈၂ ဒသမတန်းအောင်မြင်ပြီး စိုက်ပျိုးရေးတက္ကသိုလ်သို့ တိုက်ရိုက်ဝင်လာသောကျောင်းသူကျောင်းသားများက တတိယနှစ် (အငယ်တန်း)အဖြစ်နှင့် ရှိနှင့်ပြီးသားကိုး။

သူတို့ကား ကျွန်တော်တို့ထက် အတန်းငယ်သော်ငြားကျောင်းဆောင်မှာ နှစ်နှစ်နေခဲ့ဖူးပြီ။ ကျွန်တော်တို့ကမူ ယခုမှသစ်လွင်တွေ။

(ဂ)

တစ်နိုင်ငံလုံးမှာ တစ်ခုတည်းသာရှိသော တက္ကသိုလ်များထဲတွင် စိုက်ပျိုးရေးတက္ကသိုလ်လည်း တစ်ခုအပါအဝင်ပါ။ သည်လို တက္ကသိုလ်ကြီးများတွင် အားသာချက်တချို့ ရှိပါသည်။တက္ကသိုလ်သို့ တစ်နိုင်ငံလုံးမှ တိုင်းရင်းသားပေါင်းစုံ လာတက်ကြရသည်။ ဆိုပါတော့၊ ကျွန်တော်က ရန်ကုန်မှာမွေးသော်ငြားမိဘမျိုးရိုးက ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲက။ ကျွန်တော့်အခန်းဖော်က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ဇာတိ။

တက္ကသိုလ်ကြီးမှာ လူမျိုးစုံ၊ ဘာသာစုံ။ သည်လို မတူကွဲပြားမှုတွေကပင် တက္ကသိုလ်ကြီးကို အရောင်အသွေးပြည့်ဝစုံလင်စေပါသည်။ အရောင်အသွေးစုံလင်ပြီး ပျားပိတုန်းများ ဝဲပျံနေသော ပန်းဥယျာဉ်အလားပါပေ။ ပန်းတစ်မျိုးတည်းသာ ဖူးပွင့်နေသော ပန်းဥယျာဉ်သည် အဘယ်မှာ လှပစိုပြည်မည်နည်း။ ဖြူနီဝါ ပန်းပေါင်းစုံပါမှ ပန်းဥယျာဉ်၏အလှသည် အသက်ဝင်လာရသည် မဟုတ်လား။

တက္ကသိုလ်တွင် ပြည်နယ်နှင့်တိုင်းများအလိုက် အသင်းအဖွဲ့များ ဖွဲ့ကြသည်။ ဘာသာရေးအသင်းအဖွဲ့များ ဖွဲ့ကြသည်။အသင်းအဖွဲ့များက ဆိုင်ရာဆိုင်ရာ ပွဲလမ်းများကျင်းပကြပြီး သူ့ကိုယ်ဖိတ်၊ ကိုယ့်သူဖိတ်ဖြင့် အပြန်အလှန် သွားကြလာကြသည်။တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံကြသည်။

သည်လိုနည်းဖြင့် တစ်ဦး၏ယဉ်ကျေးမှုကို တစ်ဦးက သိရှိလာသည်။ တစ်ဦး၏ဓလေ့စရိုက်ကို တစ်ဦးက နားလည်လာသည်။ ဤတွင် တစ်ဦးကိုတစ်ဦး လေးစားမှုရှိလာကြပါသည်။ ငါနဲ့မတူ ငါ့ရန်သူဆိုသော စိတ်ထားများ အထိုက်အလျောက် ပြေလျော့လာကြပါသည်။

ရေဆင်းတွင် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး တက္ကသိုလ်၊ သစ်တောပညာတက္ကသိုလ် တို့လည်းရှိရာ ထိုတက္ကသိုလ်များမှ ကျောင်းသားများနှင့်လည်း တက္ကသိုလ်ချင်း ရင်းနှီးလာကြပါသည်။ ယခင်က တိ-မွေး-ကု တက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့ကြား မပြေလည်မှုများရှိခဲ့သော်လည်း ကျွန်တော်တို့နှစ်မှစကာ အချင်းချင်း ခင်မင်ရင်းနှီးလာကြပါသည်။

ယင်းမှာ နယ်မြေဒေသသားချင်း သူငယ်ချင်းများမှ စခဲ့ပါသည်။ ဥပမာ တောင်သာဇာတိ စိုက်ပျိုးရေးကျောင်းသားထံသို့မြင်းခြံမှ တိ-မွေး-ကု ကျောင်းသား လာလည်သည်။ သူနှင့်အတူမန္တလေးမှ တိ-မွေး-ကု ကျောင်းသားလည်း ပါလာသည်။ တောင်သာစိုက်ပျိုးရေးကျောင်းသားသည် မန္တလေးသားကို မိတ်ဖွဲ့ရင်းရန်ကုန်နှင့် မလှိုင်မှလာသော သူငယ်ချင်း စိုက်ပျိုးရေးကျောင်းသားများနှင့်ပါ မိတ်ဆက်ပေးလိုက်ပါသည်။

သည်ဖြစ်စဉ်ကလေးကို ကြည့်ပါက တစ်ညနေခင်းမှာတောင်သာ၊ မြင်းခြံ၊ မန္တလေး၊ ရန်ကုန်နှင့် မလှိုင်တို့မှ စိုက်ပျိုးရေးနှင့် တိ-မွေး-ကု ကျောင်းသား လေးငါးဆယ်ယောက်သည်သူငယ်ချင်း ဖြစ်သွားကြပါသည်။ ထိုမှတစ်ဆင့် နောက်ထပ်နောက်ထပ် ခင်မင်မှုတွေ တိုးပွားလာသည်။ ကျောင်းသားချင်းသာမက ကျောင်းသူများနှင့်လည်း ကျွမ်းဝင်လာကြသည်။

သည်လို ခင်မင်ရင်းနှီးမှုများတွင် အနေဝေး၍ သွေးအေးသွားကြသည်များရှိသော်ငြား နှစ်ကာလကြာရှည် အခင်မင်မပျက်ဘဲ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းကောင်းများဖြစ်သွားကြတာလည်း မနည်းချေ။

ကျွန်တော်နှင့် တာမွေမှ တော်ဝင်မြန်မာ အိမ်ဆောက်ပစ္စည်းဆိုင်ရှင် ကိုမိုးမြင့်အောင်တို့သည် ထိုသို့ ခင်မင်ရင်းနှီးသောသူငယ်ချင်းများဖြစ်ကြပါသည်။

ဘဝခရီးနှင်ရင်း အမှတ်မထင် ပြန်လည်ဆုံတွေ့ကြရသည်များကလည်း တကယ်ပင် ကြည်နူးစရာ။ ကျွန်တော်သည် ရုံးလုပ်ငန်းတာဝန်ဖြင့်ရော စာနယ်ဇင်းသမားတစ်ယောက် အဖြစ်ဖြင့်ပါ ခရီးသွားရလေ့ရှိရာ သူငယ်ချင်းများရှိသော မြို့ ရွာများဖြစ်နေလျှင် အချိန်ပေးပြီး သူတို့နှင့် ကြိုးစားတွေ့ဆုံပါသည်။ ဆုံဖြစ်သောအခါများတွင် ရှေးဖြစ်ဟောင်းများကို ပြန်ပြီးစားမြုံ့ပြန်ရတာများက တတမ်းတတနိုင်လှပေသည်။

အမှတ်တရဆုံဖြစ်တာများကို ပြန်ပြောရလျှင် မ္တနလေးကိုရောက်ခိုက်မှာ ကိုသက်ဆွေအောင်၊ ကိုဥာဏ်ထွန်းအောင်နှင့်ကိုခင်မောင်စိုးတို့နှင့် တွေ့ ခဲ့ပါသည်။ ကိုခင်မောင်စိုးမှာ ကျွန်တော်တို့ နောက်ဆုံးနှစ်တွင် သူတို့က ပထမနှစ်အဖြစ်ရောက်လာသြူဖစ်သော်လည်း နောက်ပိုင်းတွင်များစွာခင်မင်ရင်းနှီးခဲ့ပါသည။်

တံတားဦးကို ရောက်သောအခါ ကျွန်တော်တို့က မောင်တူးဟုခေါ်သော တံတားဦးစိုက်ပျိုးရေးရုံးမှ ကိုခင်မောင်သန်းအပြင် တိ-မွေး-ကု တက္ကသိုလ်ဆင်း ကိုအောင်စိုးမြင့်တို့နှင့်ပါတွေ့ဆုံခဲ့ရပါသည်။ ဧရာဝတီခရီးစဉ်ဖြင့် မြစ်ကြီးနားရောက်တော့ဈေးထဲမှာ ဒေါ် မြရင်ရွှေဆိုင်ဖွင့်ထားသော ကိုဝင်းနိုင်တစ်ယောက်ကျွန်တော်တည်းခိုရာသို့ ဆိုင်ကယ်ကြီးဖြင့် ပေါက်ချလာပါသည်။

တာချီလိတ်ရောက်ခိုက်မှာ ကျွန်တော့် အခန်းဖော် စိုင်းမောက်ကို လိုက်ရှာခဲ့ပါသည်။ သို့သော် ကျွန်တော့်ထက် အသက်တစ်ဆယ့်နှစ်နှစ်ကြီးသော သူငယ်ချင်းမှာ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်၍ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို ဝမ်းနည်းဖွယ် ကြားသိခဲ့ရပါသည်။

ကျွန်တော် ပြင်ဦးလွင်ကို ခရီးထွက်ခဲ့ရာ ကိုခင်မောင်စိုး၏သတင်းပေးချက်အရ ကိုကျော်မောင်မောင်နှင့် မထားထားလွင်တို့ဇနီးမောင်နှံကို မြို့နယ်စိုက်ပျိုးရေးမန်နေဂျာရုံးမှာ တွေ့ ခဲ့ရပါသည်။ မန်နေဂျာကြီးအိမ်မှာ ညစာစားရင်း တခြားနယ်များမှ သူငယ်ချင်းတချို့နှင့်ပါ ပျော်ရွှင်စွာ ဖုန်းပြောခဲ့ရပါသည်။

မကြာသေးမီက ကျွန်တော် ပုပ္ပားကိုသွားရင်းနှင့် ကျောက်ပန်းတောင်းမှ မနွယ်နီထွန်း၊ မတင်တင်ဦးနှင့် သူ့ခင်ပွန်းကိုလဝင်းတို့နှင့် ဆုံခဲ့ရပါသေးသည်။ ပြည်တွင်းတွင်မက ပြည်ပခရီးတွင်လည်း နယူးယောက်မြို့ကြီး၌ ကျွန်တော်နှင့် ကွင်းတစ်ဖွဲ့တည်းသား ကိုဝင်းလှိုင်နှင့် တစ်နေ့တာ ဆုံစည်းခဲ့ရပါသည်။

အကယ်၍ ကိုယ့်နယ်တစ်နယ်တည်းမှ ကျောင်းသူကျောင်းသားများနှင့်သာ ကျောင်းတက်ခဲ့ရမည်ဆိုလျှင် နိုင်ငံ တစ်နံတစ်လျား ခရီးသွားရင်း သူငယ်ချင်းများနှင့် သည်လို ပြန်ဆုံမိဖို့ဆိုတာဘယ်မှာ လွယ်မည်နည်း။

ထိုသူငယ်ချင်းများထဲမှ တချို့၏ အကူအညီဖြင့် သတင်းများ၊ ခရီးသွားဆောင်းပါးများကို ဝေဝေဆာဆာ ရေးသားနိုင်ခဲ့ပါသည်။ သေချာပါသည်၊ သူတို့တစ်တွေနှင့် မဆုံခဲ့ရလျှင်၊ သူတို့အကူအညီတွေကို မရခဲ့လျှင် ကျွန်တော့် ရေးသားတင်ပြချက်များသည် ဤမျှ ပြည့်စုံအသက်ဝင်နေလိမ့်မည် မဟုတ်ချေ။

(ဃ)

ကျောင်းဆောင်မနေရခင်အထိ ကျွန်တော်တို့ အများစုသည် မိဘမျက်စိအောက်မှာပဲ နေခဲ့ကြရပါသည်။ မိဘရင်ငွေ့ကိုပဲခိုလှုံနေခဲ့ကြသည်။ ယခုမူ မိနှင့်ဖသည် ဝေးတစ်မြေမှာ ကျန်ခဲ့ ပြီ။ကိုယ်သည်သာလျှင် ကိုယ့်ဘဝ၏ သခင်။ ကိုယ်သည်သာလျှင်ကိုယ့်ကြမ္မာ၏ဆရာ။ဒါသည်ပင်အဆောင်နေရခြင်း၏ အကျိုးကျေးဇူးတစ်ခု။

နောက်ပြီး အခန်းထဲမှာ ကိုယ်တစ်ယောက်တည်း မင်းမူနေရတာမျိုးမဟုတ်။ အခန်းဖော်ရှိသည်။ ထိုသူသည် တခြားနယ်သား ဖြစ်ချင်ဖြစ်မည်။ သည်လိုလူနှင့် စရိုက်အားလုံး တူနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်။ တစ်ကိုယ်ကောင်းဆန်လို့မရ။ လူမျိုး၊ဘာသာမတူလျှင်လည်း အဆင်ပြေအောင် နေရမည်။ မုဆိုးစိုင်သင်ဆိုသလို အဆောင်နေကျောင်းသားကိုကျောင်းဆောင် ဓလေ့က သင်ကြားပေးသွားသည်။ လုံးဝ မလိုက်နာနိုင်သူတို့အတွက်ကားတခြား ရွေးစရာမရှိ၊အောင် ဖျာလိပ်၍ ပြန်ရုံသာ။

သည်တော့ အဆောင်နေ ကျောင်းသား ကျောင်းသူများသည် လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေထိုင်တတ်လာသည်။ ပေါင်းသင်းဆက်ဆံတတ်လာသည်။

မိမိဘာသာမိမိ တာဝန်ယူကြရသည်။ ကိုယ့်အဝတ်အစားကို ကိုယ့်ဘာသာ လျှော်ဖွပ်မီးပူထိုးရသည်။ သို့မဟုတ်ကတစ်ကိုယ်ရေသန့်ရှင်းမှု မရှိသူအဖြစ် အများက ကဲ့ရယ်ကြလိမ့်မည်။ နောက်ပြီး အဆောင်မှာက အစားအသောက်အကောင်းလှကြီးမဟုတ်။ ကိုယ့်အိမ်က ထည့်ပေးလိုက်တာ၊ သူ့အိမ်ကထည့်ပေးလိုက်တာများကို ဝေမျှစားကြရသည်။ ဒါသည်ကျောင်းဆောင်၏ ယဉ်ကျေးမှုတစ်ခု။

အိမ်မှ မန်နီအော်ဒါလာချိန်ဆိုလျှင်တော့ အူစိုကြရသည်။မနက်စာဖြစ်ဖြစ်၊ ညစာဖြစ်ဖြစ် တစ်နပ်ကို ဆိုင်မှာ မြိုးမြိုးမြက်မြက် ဝယ်စားကြသည်။ ခံတွင်းမြိန်လိုက်သည့်ဖြစ်ခြင်း။

ကျောင်းဆောင်နေသည်ဆိုရာတွင် အရေးကြီးသော တစ်ချက်က ပတ်ဝန်းကျင်ကို အနှောင့်အယှက်မပေးမိဖို့၊ မဖြစ်စေဖို့ပါ။ တချို့ အဆောင်အပေါ်ထပ်မှာ နေသည်။ စည်းကမ်းမဲ့စွာအမှိုက်ကို အောက်ပစ်ချသည်။ မရပါ။ ထိုအကျင့်ကိုမပြင်လျှင်ဝိုင်းဝန်း သြဘာပေးတာ ခံရမည်။ တချို့က အပေါ်မှနေ၍ ဖနောင့်ဆောင့်ပြီး လမ်းလျှောက်တတ်သည်။ ဆင်ခြင်ရသည်။ ငါကိုင်တုတ်ခံရ မှဆိုလျှင်တော့ မကောင်း။

တချို့က ကျောင်းဆောင်ရောက်ပြီ၊ မိဘမျက်စိအောက်မှလွတ်ပြီဆိုပြီး အကွပ်မဲ့ကြမ်းပမာ ဖြစ်တတ်ကြလေသည်။ ကျွန်တော်တို့ဆီမှာ အသက်ဘယ်ရွေ့ဘယ်မျှရှိမှ ဆေးလိပ်ရောင်းမည်၊ ယမကာရောင်းမည်ဆိုပြီး စည်းကမ်း လုပ်ထားတာမရှိ။တက္ကသိုလ် ပရိဝုဏ်ဆိုပြီး ယမကာကင်းတာမျိုးလည်း မရှိတတ်။နောက်ပြီး အဆောင်ခန်းများထဲမှာ ကုလားကားကြည့်ကြသည်ကလည်း ဟိုးရှေး အရင့်အရင်ကတည်းက အစဉ်အလာတစ်ရပ်။

တစ်ကြိမ်မှာ ငိုအားထက် ရယ်အားသန်ရသော အဖြစ်တစ်ခုကို ကြားခဲ့ရပါသည်။ ကျောင်းသားတစ်ယောက်သည် ကုလားကားအကြည့်ကောင်းသဖြင့် သူ့ဖခင်ဝယ်ပေးထားသော အင်္ဂလိပ်အဘိဓာန်စာအုပ်ကြီးကို ပေါင်လိုက်ရသည်။ သို့သော် သူ့ဖခင်ကိုလည်း ကြောက်သဖြင့် သူငယ်ချင်းတစ်ယောက်ထံ အဘိဓာန်စာအုပ်ရွေးဖို့ ငွေတောင်းသည့်စာတစ်စောင် ရေးသည်။ အိမ်ကိုလည်း သာကြောင်း၊ မာကြောင်းနှင့် အဆင်ပြေပါက ငွေယားကလေးနည်းနည်းပါးပါး ထည့်ပေးဖို့ ရေးသည်။

ဖြစ်ချင်တော့ စာနှစ်စောင်ကို လိပ်စာမှားပြီး ထည့်လိုက်မိသည်။ ဖခင်ထံမှ အဘိဓာန်ရွေးဖို့ငွေနှင့် နောက်နောင် စာအုပ်ကိုမပေါင်ဖို့ စာပေလွှာ ပါးလိုက်လေသည်။ ထိုကျောင်းသားသည်အတော်ကလေး ခံစားသွားရပါသည်။

တကယ်တော့ ဘာတွေကုလိုပ်၊ ဘာတွေကို မလုပ်ရဟုဘယ်သူကမှ တုတ်ကိုင်ပြီး လာတားနေတာ မဟုတ်။ မိမိဘာသာသတိတမန် ဥာဏ်မြေကတုတ် လုပ်ကြရသည်။

စတုတ္ထနှစ်စာမေးပွဲကြီးနီးလာသောအချိန်က ကျွန်တော်နှင့် ကျွန်တော့်အခန်းဖော်တို့ စာကျက်နေတာကို အမှတ်ရရရှိနေသည်။ အချိန်က မနက်စောစော လေးနာရီခန့်ရှိလိမ့်မည် ထင်ပါသည်။ အညာဆောင်းဒဏ်ခံရင်း အဆောင်ကော်ရစ်ဒါ မီးရောင်အောက်မှာ လမ်းလျှောက်ပြီး စာကြည့်နေကြပါသည်။ အခန်းထဲက စားပွဲမှာထိုင်လျှင် အိပ်ငိုက်မည် စိုးသောကြောင့်ပါ။

ဤတွင် ကျွန်တော်တို့ကျောဘက်ခန်းမှ မုံရွာနယ်သား ကိုအောင်ဂျမ်းကလည်း လမ်းလျှောက်စာကျက်ရင်း ကျွန်တော်တို့ဘက် ရောက်လာပါသည်။ သူက ကျွန်တော်တို့နှစ်ယောက်ကိုအတန်ငယ်ကြာ တွေပြီးစိုက်ကြည့်နေပါသည်။ ကျွန်တော်တို့ကလည်း သူ့ကို ပြန်ကြည့်မိရာ ”အေးဗျာ … ကျုပ်တို့ကို ဘယ်သူကမှလည်း ရိုက်မခိုင်းဘဲနဲ့ စာတွေကျက်နေလိုက်ကြတာ၊ မအိပ်မနေဘဲ၊ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက ဒါပဲထင်ပါရဲ့ဗျာ”ဆိုပြီး ဂျာကင်အင်္ကျီကြီးဖြင့် ပြုံးညည်းညည်း ပြောသွားလေသည်။

ဟုတ်ပါသည်။ ကျောင်းဆောင်သားတို့သည် ပျော်ပါးသည့်အခါ ပျော်ပါးကြရသော်ငြား စာမေးပွဲတစ္ဆေကြီးကိုလည်း ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရပါသည်။ မည်သည့် ဆရာ၊ ဆရာမထံကမှ မေးခွန်း မရပါ။

စိုက်ပျိုးရေး တက္ကသိုလ်တွင် ဆရာတပည့်ဆက်ဆံရေးကအတော်ပင် သွေးနီးပါသည်။ ဆရာဆရာမများက တပည့်များကိုများသောအားဖြင့် နာမည်နှင့် တွဲသိနေတတ်သည်။ ကျောင်းတက်ချိန်ဖြစ်စေ၊ လယ်ကွင်းများ သို့မဟုတ် ဓာတ်ခွဲခန်းများထဲမှာလက်တွေ့ချိန်များတွင်ဖြစ်စေ ပျက်ကွက်ပါက ချက်ချင်းသိကြပါသည်။ သင်ကြားချိန်တွင် ဆရာ၊ ဆရာမများဖြစ်ကြသော်ငြားကျောင်းချိန်ပြင်ပတွင်မူ မိဝေးဖဝေး လာကြရသော ကျောင်းသူကျောင်းသားများအတွက် ဦးလေးနှင့် အဒေါ်များ၊ အစ်ကိုနှင့်အစ်မများ ဖြစ်ကြလေသည်။

သို့ဖြစ်စေကာမူ စာမေးပွဲမေးခွန်းများသည် စိမ်းစိမ်းကျက်ကျက် မည်သူ့ထံကိုမှ ပေါက်ကြားရိုးမရှိခဲ့ချေ။ ဒါသည်လည်းကျောင်းဆောင်ယဉ်ကျေးမှု၏ တစ်စိတ်တစ်ပိုင်းဟု ကျွန်တော်ကတော့ မြင်မိပါသည်။ သို့သော် ဓနဥစ္စာနှင့် အာဏာတည်းဟူသော ဖျက်မျဉ်းတို့ ဝင်လာလျှင်မူ မည်သို့ရှိမည်ကို မပြောတတ်။

(င)

ကျောင်းနေဘဝကို ပြောမည်ဆိုလျှင် ကျောင်းသူကျောင်းသားများ၏ မေတ္တာဘွဲ့ကိုမဖော်ပြက ပြည့်စုံအံ့မထင်။မိဘ အရိပ်အောက်မှလွတ်ချိန်၊ နှလုံးသားကလည်း ကစားချိန်ဆိုတော့ချစ်ခြင်းမေတ္တာကို တောင့်တလာတတ်ကြသည်မှာဓမ္မတာ။

အတန်းလွှတ်ပြီဆိုလျှင် ကျောင်းသားတချို့က အဆောင်ကိုပြန်၊ ရေအမြန်ချိုးကြသည်။ ထမင်းစားဆောင်သွားပြီးကမန်းကတန်း ထမင်းစားကြသည်။ ထို့နောက်တော့ ရှိုးစမိုးဖြင့်ကျောင်းသူများအဆောင် ရှေ့ကနေ ဖြတ်လျှောက်ကြတော့၏။

ကျောင်းသူတချို့ကလည်း အဆောင် ကော်ရစ်ဒါကနေလူလုံးပြကာ သူတို့ အဆောင်ရှေ့မှ ဖြတ်လျှောက်သွားသောသူကောင်းသားများကို တစေ့တစောင်း အကဲခတ်ကြလေသည်။ ကျောင်းသားများအတွက်မူ မိမိတို့စိတ်ဝင်စားသောကျောင်းသူများကို ထိုသို့ ရိုးခနဲ ရိပ်ခနဲတွေ့လိုက်ရတာကိုက ရင်ခုန်စရာ၊ ကြည်နူးစရာ။ သူတို့သည်ကား ဓူဝံကြယ်ကိုပင် တောင်ဘက်သို့ ရွှေ့ရ ရွှေ့ရ ရွှေ့ပစ်မည်တကဲကဲ။

သည့်ထက် ခရီးပေါက်နေသူတို့ကတော့ မိန်းကလေးဆောင် ဂိတ်ဝကနေ ဘယ်သူဘယ်ဝါကို တွေ့ချင်ပါသည်ဆို ပြီးခေါ်တွေ့ကြပါသည်။ မိန်းကလေးဆောင်များက ညနေခြောက်နာရီလောက်အထိ ဖွင့်ပေးထားပါသည်။ (သစ်လွင်ကြိုဆိုပွဲများနှင့်တခြားပွဲလမ်းများ ရှိသည့်အခါမျိုးတွင် ညကိုးနာရီခန့်အထိအဆောင်များကို ဖွင့်ပေးထားတတ်ပါသည်) အဆောင်ဂိတ်ဆီကျောင်းသူကထွက်လာလျှင် အဲသည်မှာပဲ နှစ်ယောက်သားဣရြေရ စကားပြောကြပါသည်။

လူသိရှင်ကြား သမီးရည်းစားဖြစ်သွားကြလျှင်ကားများသောအားဖြင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင်ကျောင်းဆောင်များအနီးတစ်ဝိုက် အေးအေးချမ်းချမ်းရှိသောနေရာမျိုးတွင်ဖြစ်စေ၊ စားသောက်ဆိုင်များတွင်ဖြစ်စေ ဆုံတွေ့ တတ်ကြပါသည်။ ထို့ထက်ပို၍ ချစ်မေတ္တာစေရာကို ခရီးနယ်ကျွံတာမျိုးတွေလည်း ရှိကောင်းရှိပေမည်။ ဒါကတော့ တစ်ကဏ္ဍ။

ညည မိန်းကလေးအဆောင်များရှေ့ သွားပြီး ဂစ်တာတီး သီချင်းဆိုကြတာကလည်း ကျောင်းဆောင်များ၏ အစဉ်အလာယဉ်ကျေးမှုတစ်ရပ်။ တချို့ကမိမိေ ကြွနေသော ကျောင်း သူရှိရာအဆောင်ရှေ့ကို သူငယ်ချင်းများနှင့် အတူသွားပြီး သီချင်းကလေးများဖြင့် ကြူတတ်ကြသည်။ အဆင်ပြေသည့်အခါလည်းရှိ၊ တပ်ခေါက်ပြန်ရသည့်အခါလည်း ရှိလေ၏။

အချစ်ဇာတ်လမ်းများရှိသည်ဆိုတော့ အသည်းကွဲဇာတ်ဝင်ခန်းများကလည်း မလွှဲသာမရှောင်သာချေ။ သူငယ်ချင်းများကယမကာဖြင့်ကုစားဖို့ အကြံကောင်း ဥာဏ်ကောင်းတွေပေး၍မူးယစ်ရီဝေရင်း ငိုချင်းဖွဲ့ ကြတာလည်း မရှား။ ရောဂါရင့်တုန်းမှာတော့  မရှူ နိုင် မကယ်နိုင်ကြ။ နောင်တော့လည်းအချိန်ကကုစားသွားသည်သာ။

ကျွန်တော်သည်လည်း နှလုံးသား၏စေကျွန် ဖြစ်ခဲ့ဖူးပါသည်။ နောက်ဆုံးနှစ်မှာ လှပျိုဖြူတစ်ဦးကို ကျွန်တော့်နှလုံးသားက လက်ညှိုးထိုးပြခဲ့ပါသည်။ သို့သော် မြားနတ်မောင်ကသူ့လေးကို မတင်ခဲ့။ ကျွန်တော့်မှာ အတော်ကလေးခံစားခဲ့ရသည်။ နောက်တော့ ယခုဘဝကြင်ဖော်နှင့် တွေ့ခါမှ မြားနတ်မောင်က အခါတော်ပေးလေတော့ရာ ကျွန်တော်တို့မှာ နဖူးစာရွာလည်ကာ ဆုံစည်း ခဲ့ရပါတော့သည်။ ဒါသည်ပင် ဘဝ။

ကျောင်း ဆောင်နေဘဝတွင်အများ အကျိုး ကိုဆောင်ပေးရတာမျိုး များလည်း ရှိပါသည။် အဆောင်များတွင် ကျောင်း ဆောင်သာယာရေးကော်မတီများကို အများသဘောဆန္ဒဖြင့် ရွေးချယ်ဖွဲ့စည်းကြပါသည်။ အဓိကက ကျောင်းဆောင်နေ ကျောင်းသားကျောင်းသူများ စားရေး နေရေးအတွက် ပါ။ အဆိုပါကော်မတီတွင် ကျွန်တော် နှစ်နှစ်ခွဲကြာ ပါဝင်ခဲ့ရပါသည်။

အဆောင်နေ ကော်မတီဝင်များက အဆောင်သူအဆောင်သားများ နေ့စဉ်စား သောက်ရေးအတွက် အလှည့်ကျဈေးဝယ်လိုက်ကြရပါသည်။ ထိုကော်မတီဝင်သည် တော်တည့်မှန်ကန်လျှင်၊ ဈေးဝယ်ကျွမ်းကျင်လျှင်၊ စားဖိုဆောင်ထမင်းချက်များနှင့်ပါးပါးနပ်နပ် ဆက်ဆံတတ်လျှင် လူအများ ဟင်းကောင်း ပိုစားရပါသည်။ တစ်လတစ်ခါ မြိုးမြိုးမြက်မြက် စားကြရအောင်အဆောငမှ်ူး များက ”ဂရင်း ဒင်နာ”ဆြိုပီး စီစဉ်ပေးတာ မျိုး လည်းရှိတတ်ပါသည်။ ထိုအခါမျိုးဝယ် ကျောင်းသူကျောင်းသားတွေအူစိုကြရသည်ပေါ့။

ကျွန်တော်မှတ်မိသလောက်ထိုစဉ်ကအဆောင်ကြေးသည်တစ်လ ၁၂ဝ ကျပ်။ ကျောင်းလခက တစ်လ ၆ဝ ကျပ်ဟု ထင်ပါသည။် ထိုငွေဖြင့် မနက်စာ၊ ညစာ ထမင်း ဟင်းနှစ်နပ်စားရပါသည်။ မနက်စာက များသောအားဖြင့် အသီးအရွက် နှင့်ပဲဟင်းတို့ဖြစ်ပြီ ညနေစာတွင်မူ အသားငါး ပါသည်။ ထမင်းကိုဒန်အိုးကြီးများဖြင့် ချပေးထားပြီး ကြိုက်သလောက် ထည့်စား။ဟင်းကတော့ ပုံစံခွက်ထဲမှာ ပါတာနှင့် တင်းတိမ်ရပါသည်။

တချို့က တက္ကသိုလ်ကျောင်းသားများကို ပုံစံခွက်ဖြင့်ကျွေးသည်မှာ တမင် နာမ်နှိမ်တာဆိုပြီး ဘ၀င်မ ကျကြ။ သည်လို စီမံသူ အာဏာပိုင်များ၏ စိတ်ရင်းအခံက ဘာလဲဆို ခြင်းကိုမူသူတို့ပဲသိပါလိမ့်မည။် မည်သို့ဆိုစေတက္ကသိုလ်ကျောင်းတော်သူကျောင်းတော်သားတွေ ပုံစံခွက်များဖြင့် ညစားကြရသည်ကမူအမြင်မတော် ဆင်တော်နှင့် ခလောက်ဆိုတာမျိုး ဖြစ်နေတာတော့ အမှန်။

နောက်တော့ ထမင်းအုပ်နှင့်၊ ထမင်းပန်းကန်၊ ဟင်းပန်းကန်နှင့် ဟန်ကျပန်ကျ ဖြစ်လာသည်ကို ဝမ်းသာစရာ တွေ့ရပါသည်။

တက္ကသိုလ်ဟူသည် ဗျူရိုကရေစီအုပ်ချုပ်ရေး ယန္တရားနှင့်အသိပညာရှင် အတတ်ပညာရှင်များကိုလေ့ကျင့်မွေးထုတ်ပေးရာဌာနဖြစ်ပါသည။် သည့်အတွက် တက္ကသိုလ်သင်တန်းသားများနှင့်လျော်ညီသော အဆင့်အတန်း၊ ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ပေးရန် လိုပါသည်။ သို့မှသာ နိုင်ငံ့ရှေ့ရေးက လှပပေမည်။ အကြောင်းမူ သူတို့တစ်တွေ ဘွဲ့ရပြီးလျှင် နိုင်ငံ့တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြရတော့မည်ကိုး။

သည်အခါ သူတို့က အရည်အသွေးနိမ့်ကျနေလျှင်၊စိတ်ဓာတ်အဆင့်အတန်း မမြင့်မားလျှင် တိုင်းပြည်ကြီးဘာဖြစ်သွားမည်နည်း။ သည်မေးခွန်းကိုတော့ ကျွန်တော်ဖြေစရာမလိုဟု ထင်ပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ကျောင်းသားဘဝက အင်္ဂလိပ်အစိုးရသည် ရန်ကုန်တက္ကသိုလ်၌ ကျောင်းအိပ်ကျောင်းစားထားသည်မှာ အဓိပ္ပာယ်မဲ့တော့မဟုတ်တန်ရာ။ မြန်မာနိုင်ငံအကျိုးအတွက်မဟုတ်ဟု ဆိုစေဦး ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများကို နောင်တစ်ခေတ်၏ခေါင်းဆောင်များအဖြစ် လေ့ကျင့်ပျိုးထောင်ပေးလိုက်တာကတော့ သေချာပါသည်။

(စ)

ရာသီစက်ဝန်းဟူသည်ကား မရပ်နား။ သုံးနှစ်သုံးမိုးသည်ပြည့်ခဲ့လေပြီ။ စာသင်သားတို့သည်လည်း ပုရစ်ဖူးမှသည် စိမ်းလန်းငွားစွင့်သော ရွက်ကြီးဖားဖား ဖြစ်ခဲ့လေပြီ။ နေပူမိုးရွာမရှောင် စိုက်ခင်းထဲမှာ စိုက်ဟယ်ပျိုးဟယ်မို့ ဖြူဖြူပျော့ပျော့တွေပင် နေလောင်ခံအသားအရေနှင့် ဖြစ်နေကြပြီ။

ကျောင်းပိတ်ပြီ။ ကျောင်းပြီးပြီဆိုသောအခါ နေ့နေ့ညညတပူးတွဲတွဲနေလာခဲ့ကြသော ကျောင်းဆောင်သူ ကျောင်းဆောင်သားတို့သည် အထူးပင် တုန်လှုပ်မိကြလေသည်။ ကျောင်းသားဘဝ ဇာတ်သိမ်းပြီး လူကြီးဘဝ ရုန်းကန်လှုပ်ရှားကြရတော့မည်ဆိုသောအခါ မရေမရာလည်း ဖြစ်ကြရသည်။ ယခင်က စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းပြီးလျှင် အလုပ်တန်းရခဲ့သော်လည်းကျွန်တော်တို့နှစ်တွင်မူ ထိုသို့မဟုတ်တော့။ သည်တော့ ဘဝရှေ့ရေးက တိမ်ဖုံးပါလို့ လမသာဆိုသလို ဖြစ်နေလေသည်။

မည်သို့ဆိုစေ အချိန်တန် အိမ်ပြန်ရစမြဲ။ အဆောင်များမှကျောင်းသူကျောင်းသားများ တစ်သုတ်ပြီးတစ်သုတ် ပြန်ကြသည်။ ကျောင်းက ကားကြီးများ စီစဉ်ပေးသည်။ ဘူတာပလက်ဖောင်းပေါ်မှာ သုံးနှစ်စာ ပစ္စည်းပစ္စယများ၊ စာအုပ်သေတ္တာများကအပြည့်။ ကျောင်းသူကျောင်းသားများ၏ ရင်ထဲမှာ သုံးနှစ်စာအသိပညာနှင့် ခံစားချက်များက အပြည့်။

ကျွန်တော်နှင့် အခန်းဖော်တို့ ရေဆင်းမှအပြန်က ဧပြီလဆန်း ညတစ်ည။ ရာသီက ပူအိုက်သည်။ ညအမှောင်ဝယ် ကျောင်းဆောင်များဆီက မီးလုံးများက မမှိန့်တမှိန်။ ကျွန်တော်တို့ လာခါစကကဲ့သို့ပင် အဆောင်များသည် တိတ်ဆိတ်ငြိမ်သက်လျက် ညအမှောင်ထဲမှာ ငုတ်တုတ်ထိုင်နေကြသယောင်။

ကားကြီးက ဘီးစလိမ့်ပြီ။ နောက်တော့ အရှိန်နှင့် ပြေးပါလေ၏။ ရေဆင်းတက္ကသိုလ်နှင့် ကျောင်းဆောင်များမှ မီးရောင်များသည် ဝေး၍ဝေး၍၊ နောက်တော့ မှိန်၍မှိန်၍ ကျန်ရစ်သည်။အဆောင်နေဘဝကရခဲ့သော သင်ခန်းစာများကမူ မနေ့တစ်နေ့ကလိုပင် လတ်ဆတ်နေဆဲ။ ပြီးတော့ ရင်ထဲမှာ ထင်လင်းနေဆဲ။     ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here