Home သတင်းဆောင်းပါး ပါဂျောင်လူသတ်ကုန်းမှ ပဲ့တင်သံများ အပိုင်း(၃)

ပါဂျောင်လူသတ်ကုန်းမှ ပဲ့တင်သံများ အပိုင်း(၃)

233
0
Advertise Here

ဒီဇင်ဘာ-၂၀၁၂ – ဇန်န၀ါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ မှတ်တမ်းဆောင်းပါး ဖြစ်ပါသည်။
ထွန်းဦးခိုင် ရေးသည်။

လူသတ်ကုန်းနှင့် နတ်သျှင်နောင်

            သူ၏အမည်မှာ ကိုလှရွှေဖြစ် ပါသည်။ ကျွန်တော်နှင့်အတူတူ ပြန်လာသော ကိုအောင်ဝင်း (မြစ်ကြီးနား)၊ ကိုဂျိုးဖြူ (မန္တလေး)တို့လည်း အဖမ်းခံ ရပါသည်။ နောက်ရက်များတွင် သူငယ် ချင်းများအလုပ်သွားလျှင် ထိပ်တုံးခတ် ခံရသောသူများသာအချုပ်ထဲတွင် ကျန်ရစ်ပါသည်။ နေ့လယ်ခင်းအချိန်များတွင် တိတ်ဆိတ်နေပါသည်။ လေက တအား တိုက်သောကြောင့် အဝတ်များ ခြုံထားရပါ သည်။ အချုပ်ထဲတွင် ဘယ်သူဘယ်နေရာမှာရှိသည်ကိုကျွန်တော်မသိပါ။ လူတွေက အယောက် ခုနစ်ဆယ်လောက်ရှိပါသည်။ ညရောက်လျှင် လုံခြုံရေးကင်းမှူးက သီချင်း ဆိုခိုင်းပါသည်။

Advertise Here

            ကျွန်တော်၏ ညာဘက်အစွန်ထောင့် မည်းမှောင်နေသော နေရာမှ ”နတ်သျှင်နောင်” သီချင်းဆိုသံ ထွက်ပေါ် လာပါသည်။ ဆွေးဆွေးမြည့်မြည့်ဖြင့် အသံ အလွန်ကောင်းပါသည်။ အစကတော့ ဘယ်သူမှန်း မသိပါ။ နောက်ပိုင်းကျမှ ကို စိန်ဝင်း (အမရပူရ)ဟု သိရပါသည်။ ညတိုင်းလိုလို သူက ဆိုရပါသည်။

            နောက် ကိုစံမျိုးလည်း မကြာမကြာ ဆိုရပါသည်။ သူတို့နှစ်ယောက်အသံက လည်းကောင်းတော့ ကျွန်တော် မှတ်မိ နေပါသည်။ ဒီလိုနှင့် ရက်တွေတော်တော်များများကို မပြောင်းလဲသော ပုံစံခွက်ဖြင့် ကျွန်တော်တို့တစ်တွေ ကျော်ဖြတ် ခဲ့ကြရပါသည်။ ရှေ့ဆက်ခရီးကလည်း မှန်း ဆရန် ခက်ခဲပြီး မသေချာ မရေရာတော့ဟု ရိပ်မိနေကြမည် ထင်ပါသည်။

            စစ်သင်တန်းကို အတူတူတက်ခဲ့ကြ ပြီး ရှိအတူတူ၊ မရှိအတူတူ စားပြီး အတူတူ အိပ်ခဲ့ကြသည့် သူငယ်ချင်းတွေ၊ သေနတ် ကျည်ဆန်တွေကြားမှာ မိမိအသက်ကိုပင် ထည့်မတွက်ဘဲ အတူတူဖြတ်ကျော်ခဲ့သည့် သူငယ်ချင်းတွေ၊ ပညာရေးတစ်ပိုင်းတစ်စ နှင့် ယုံကြည်ချက်တူ သူငယ်ချင်းတွေ သူ တို့အားလုံးကို ထောက်လှမ်းရေးသူလျှိုဟု အမည်တပ်ပြီး အခြေအမြစ်မရှိသော သံသယအတွေးများ၊ ယုတ်ညံ့သော စိတ်ဓာတ်များနှင့် အကွက်ဆင်ပြီး သေတွင်းထဲ တွန်းပို့ခဲ့ကြသည်။

            တစ်နေ့ နေ့လယ်လောက်တွင် အလုပ်ကို စောစောသိမ်းလာသည်ကို ထူးဆန်းစွာ တွေ့ရသည်။ ခဏနေတော့ လုံခြုံရေးတပ်စိတ်များကလည်း အရင် နေ့တွေကထက် စည်းကမ်းတင်းကျပ် လာသည်ကို သတိထားမိသည်။ ”ကိုယ့် နေရာ ကိုယ်ထိုင်ကြ၊ မျက်နှာကို အဝတ် စည်းထားကြ”ဟု အမိန့်ပေးနေကြသည်။ ”ဒီနေ့ မင်းတို့တွေ စခန်းပြောင်းကြ ရမယ်။ စခန်းသစ်ကိုသွားလို့ရှိရင် လမ်းလျှောက်နိုင်အောင် ထမင်းကို ဝအောင်စားထားကြ”ဟုပြောပါသည်။ ခဏနေတော့ တန်းစီး လုပ်သူတွေက ထမင်းအိုးတွေ သယ်လာပြီး ထမင်းကျွေးပါသည်။ ကျွန်တော်တို့ တစ်တွေလည်း ထမင်းကိုသာ စားနေရတာ စိတ်ထဲမှာတော့ ထူးဆန်းနေသည်ဟု ထင်မိပါသည်။

            အတွေးရင့်သန်သူ၊ မှန်မှန်ကန်ကန် စဉ်းစားချင့်ချိန်တွေးတတ်သူများကတော့ နောက်ဆုံးအကြိမ် ထမင်းစားခြင်းဟု သိနေကြပါသည်။ ထမင်းစားပြီးတော့ မျက်နှာကို အဝတ်စည်းခိုင်းပါသည်။ ကျွန်တော်ကတော့ သမ္ဗုဒ္ဓေဂါထာ၊ စက်ကြီး တစ်ဆယ့်သုံးစက်၊ အဋ္ဌာနမေတံဂါထာ၊ ဇလွန်ပြည်တော်ပြန်ဂါထာတို့ကို စိတ်ထဲ ကနေ အမှတ်ရတိုင်း ရွတ်ဖတ်နေမိပါသည်။

            ထိုအချိန်တွင် အမည်အခေါ်ခံရ သောသူက အပြင်ထွက်ပြီး တန်းစီမည်ဟု အမိန့်ပေးသံကို ကြားရပါသည်။ စာသင် ကျောင်းက အတန်းတင် စာမေးပွဲအောင် စာရင်း ကြေညာချက်နဲ့ကတော့ ဆန့်ကျင် ဘက်ဖြစ်ပါသည်။ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး (မ္တနလေး)၊ ကိုသာဓု၊ ကိုအောင် ဖုန်း၊ ကိုမောင်မောင်ကြွယ်၊ ဦးစိန် (ရန်ကုန်)၊ ကိုအေးမြင့်၊ ကိုမောင်မောင် (ကသာ)၊ ကိုရန်အောင် (မန္တလေး)၊ကို ကျော်ကျော်မင်း (ကန့်ဘလူ)၊ ကိုရဲသွေး (တပ်ကုန်း)၊ ကိုဌေးမြင့်ဝင်း၊ မခင်ချိုဦး၊ ကိုသက်နိုင် (ရန်ကုန်)၊ အမည် အခေါ်ခံရသော သူငယ်ချင်းများသည် သူတို့အရပ် ဒေသမြို့ရွာများ၌ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ရဲရင့်ပြတ်သားစွာ ဖြင့် ဦးဆောင်ခဲ့သော စစ်မှန်သည့် ကျောင်းသားခေါင်းဆောင်များ ဖြစ် ကြပါသည်။

            ကျွန်တော်၏နောက်ကျောဘက် တွင် တန်းစီနေသံများကို ကြားနေရပါ သည်။ ”သွားကြမယ်ဟေ့”ဟု အသံကို ကြားရပြီးနောက် သူငယ်ချင်းများ၏ လမ်းလျှောက်သော စစ်ဖိနပ်သံကို ကြား ရပါသည်။ သူငယ်ချင်းများအားလုံးကို စခန်းသစ်ဆီသို့ ခေါ် ဆောင်သွားကြ၏။

            တကယ်တော့ စခန်းအသစ်ကို မဟုတ်ဘဲ လူသတ်ကုန်းဆီ တရွေ့ရွေ့ တန်း စီပြီး လျှောက်သွားသော သူငယ်ချင်းများ ၏ မာကျောသော စိတ်ဓာတ်ကို ဦးညွှတ်မိ ပါသည်။ ကာယကံရှင်သူငယ်ချင်းများ၏ ရင်ထဲမှ စိတ်ခံစားမှုကို ပေါ်လွင်အောင် ပြောပြရန် အလွန်ခက်ခဲပါသည်။ ကျန်ရစ် ခဲ့သော ဘေးမှ ကျွန်တော်တောင် လမ်းလျှောက်နိုင်မည် မထင်ပေ။ အားလုံး တိတ် ဆိတ်ငြိမ်သက်နေကြသည်။ စိတ်ကို တည် ငြိမ်အောင် ကြိုးစားနေကြရသည်။

            အချိန် မမှတ်မိတော့။ သေနတ်သံ နှစ်ချက် ကြားလိုက်ရသည်။ နောက်ထပ် သေနတ်သံ မကြားရတော့။ ဒါဆိုရင်တော့ သေချာပါပြီ။ တောထဲတွင်ကျင်လည်ခဲ့ရ သော အတွေ့အကြုံတွေအရ မှန်းဆမိ လိုက်ပါသည်။ တွင်းကိုတူးခိုင်းမည်။ ပြီး လျှင် တွင်းနှုတ်ခမ်းတွင် ဒူးနှစ်ဖက်ထောက် ခိုင်းမည်။ ဦးခေါင်းနောက်စိကို ပေါက်ပြား နှင့်ရိုက်မည်။ ပြီးလျှင် လည်ကုပ်ကို ပြတ် အောင် ဓား သို့မဟုတ် ပေါက်ဆိန်နှင့် ခုတ်မည်။ တစ်ခုခုနှင့် လုပ်ကြတော့မည် ဆိုတာ သေချာပါပြီ။

            အတွေးနှင့်ပင် တုန်လှုပ်မိပါသည်။ ယုံကြည်ချက်တိုင်း ပြီးဆုံးတဲ့အထိ လုပ် ဆောင်မည်ဟု သန္နိဋ္ဌာန်ချထားသော ရည် မှန်းချက်သည်လည်း ခရီးလမ်းတစ်ဝက် တွင် ကျိုးပျက်သွားပါတော့သည်။ ယုံကြည် ချက်အတိုင်း  ပေးဆပ်ထားသော ဘဝတွေ ကိုနှမြောလိုက်ပါဘိ။ အဖြစ်အပျက်တွေက မြန်ဆန်လှသည်။

            ဇာတ်ခုံပေါ်တွင် ကန့်လန့်ကာကို ဆွဲတင်လိုက်သလို အပြောင်းအလဲက မြန်သည်။ ဘယ်လိုမှ တွေးထင်မထားသည့် ကံကြမ္မာနှင့် ကြုံတွေ့လိုက်ရသည်။ အချုပ် ဆောင်တစ်ခုလုံး တုန်လှုပ်စွာဖြင့် တိတ်  ဆိတ်နေကြသည်။

            ထိုနေ့ညက ကျွန်တော်တို့ ကောင်း ကောင်း အိပ်မရကြပေ။ သေဆုံးသွားသော သူငယ်ချင်းများက သူတို့သည် စစ်မှန် သော ကျောင်းသားခေါင်းဆောင်များဖြစ်သည်ကို လာရောက်ပြောကြဟန်တူပါ သည်။ အိပ်နေသော သူငယ်ချင်းများကို တစ်ယောက်ပြီးတစ်ယောက် ဝင်ပူးပြီး အော်ဟစ်ကြပါသည်။ ကျွန်တော်တို့လည်း လန့်နိုးကြပါသည်။ လေးယောက်၊ ငါး ယောက်လောက် အပူးခံရပါသည်။ အချုပ် ဆောင်လည်း ဗြောင်းဆန်သွားပါတော့ သည်။ ထိုနေ့ညကတော့ သက်ပြင်းအခါခါ ချပြီး အိပ်ပျော်သွားပါတော့သည်။

            သုံးရက်လောက်ကြာတော့ ကျွန် တော်တို့ကို သံကြိုးဖြင့်ပြောင်းပြီး ခတ်ပါ သည်။ ထိပ်တုံးဖြင့် မနေရတော့ပါ။ ခြေ ထောက်တွေကို သံကြိုးခတ်ပြီးတော့မှ အပြင်ထွက်ပြီး အလုပ်လိုက်လုပ်ရပါတော့ သည်။ ထမင်းစားချိန်တွင်သာ အလုပ်နားရ ပြီး ကျန်အချိန်များတွင် အလုပ်လုပ်နေရပါ သည်။ သစ်ပင်ခုတ်ခြင်း၊ ခုတ်လှဲထားသော သစ်ပင်များကို ကြိုးဖြင့်ချည်ကာ ခက်ခက် ခဲခဲ လူအားဖြင့် ဝိုင်းပြီးဆွဲရပါသည်။ တိုင် အတွက် အသုံးလိုလျှင် ခုတ်လှဲပြီးသော သစ်ပင်များကို  ပခုံးပေါ်တွင်ထမ်း၍ လိုတဲ့ နေရာရောက်အောင် ကုန်းတက်ကုန်းဆင်း သွားပြီး  ပို့ပေးရပါသည်။

            စခန်းတစ်ခုလုံးအတွက် ထင်းခွေ ပေးရပါသည်။ အဆောက်အအုံဆောက်ရန် လိုအပ်လျှင်လည်း သွားပြီး ပင်ပင်ပန်းပန်း လုပ်ပေးရပါသည်။ အသတ်မခံရဘဲ အသက်ရှင်ကျန်ရစ်ခဲ့သော ကျွန်တော်တို့ သူငယ်ချင်းတစ်တွေသည်လည်း ဘယ်နေ့ များလဲဆိုပြီး ထိတ်လန့် နေရပါသည်။       အပြင်သို့ထွက်ပြီးအလုပ်လိုက်လုပ်ရတော့ လူမရှိသော နေရာရောက်မှသာ အချင်း ချင်း စကားပြောခွင့်ရပါတော့သည်။ လူ လာတာမြင်ရလျှင် ပါးစပ်ပိတ်ပြီး ကိုယ့် အလုပ် ကိုယ်လုပ်နေရပါသည်။

            စကားပြောခွင့်ရမှသာ သူငယ်ချင်း တွေ အသတ်ခံရသောနေ့မှာ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှန်း သိရပါ တော့သည်။ တော်လှန်ရေးလုပ်ဖော်လုပ် ဖက်အချင်းချင်း ရန်သူဟု သတ်မှတ်ခံရ ခြင်းသည် ယုံကြည်ချက်တွေ ပျောက်ဆုံး ပြီး ဘဝမှာ အထိနာလှပါသည်။ ဒီလိုအဖြစ် ဆိုးမျိုးကို ကျောင်းသားတပ်အတွင်းမှာ ပေါ်ပေါက်၍ ကွဲပြဲရခြင်း၏ အဓိက အကြောင်းရင်းမှာ မပြောပလောက်သော လုပ်ပိုင်ခွင့်အာဏာ၊ အခွင့်အရေး၊ ခံစားရ မှုအပေါ် အရင်းခံ၍ စတင်ပေါ်ပေါက်လာရ ခြင်းဖြစ်ပါသည်။

            နောက်တန်းဌာနချုပ်မှာ အနေများ ပြီး တရုတ်ပြည်မှလာသော ဂွမ်းကပ်စောင် များကို ခင်းခြုံပြီးအိပ်၊ ခြင်ထောင် ထောင်၊ ခုတင်ဘေးမှာ မီးဖိုဖို၊ လက်ဖက်ရည်ချိန် ဆိုလျှင် လက်ဖက်ရည်၊ အရက်သောက် ချိန်ဆိုလျှင် အရက်သောက်၊ အသားဟင်း နှင့်ထမင်းစား၊ အနွေးထည်ဂျာကင်အင်္ကျီ ကောင်းကောင်းတွေဝတ်၊ ပိုက်ဆံတွေ ကိုသုံး၊ မိမိလုပ်ချင်သလို လုပ်ခွင့်ရပြီး ဘဝအနေချောင်သော၊ အာဏာရှင်ကို တိုက်ရင်းဖြင့် အာဏာရူးသွားသော ဖောက်ပြန်ရေးသမား ကော်မတီဝင်တွေ ကြောင့် ဖြစ်ပါ သည်။

            ထိုကော်မတီဝင်များမှာ ဒုဥက္ကဋ္ဌ(၁) ကျော်ကျော်၊ ဒုဥက္ကဋ္ဌ (၂) သံချောင်း၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ အောင်နိုင်၊ အတွင်းရေးမှူး (၁) မျိုးဝင်း၊ အတွင်းရေးမှူး (၂) လှဆိုင်း၊ နေဒွန်း၊ အောင်ကြီး၊ စိန်အေးတို့ ဖြစ်ကြပါသည်။ ၄င်းကော်မတီက ဖေဖော်ဝါရီလ (၁၂)ရက် နေ့တွင် ကျောင်းသားခေါင်းဆောင် (၁၅)ဦးကို တစ်နေ့တည်း၊ တစ်ချိန်တည်း၊ တစ် နေရာတည်းတွင် ရက်စက်စွာ ခေါင်းဖြတ် သတ်ဖြတ်ရန် အမိန့်ပေးခဲ့ပါသည်။

            နှစ်ယောက်ကိုသာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြပါသည်။ ထို့ကြောင့် အချုပ် ဆောင်မှ သေနတ်သံနှစ်ချက်ကို ကြား လိုက်ရခြင်းဖြစ်ပါ သည်။ စစ်ကြောရာတွင် လက်လွန်ပြီး သေဆုံးသွားသော ကျောင်း သားခေါင်းဆောင်များကိုပါ ထည့်ပေါင်း လိုက်လျှင် စုစုပေါင်း (၃၉)ယောက်ဖြစ်ပါ သည်။ စစ်ကြောရာတွင် ကိုယ်ထိလက် ရောက်ရိုက်နှက်ပြီး အဓိကပါဝင်ခဲ့ကြသူ များမှာ သန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုး မြင့်၊ သောကြာ၊ တခြားအမည်မသိရသော စစ်ရုံးတွင် တာဝန်ကျနေသူများလည်း ပါဝင်နှိပ်စက်ခဲ့ကြပါသည်။

            တစ်နေ့ အလုပ်လုပ်ချိန်တွင် တန်း စီရမည်ဟု ပြောသောအခါ ကျွန်တော် လန့်သွားပါသည်။ စိုးရိမ်စိတ်လည်း ဖြစ် သွားပါသည်။ ဘာများထပ်ပြီးတော့ လုပ် ကြဦးမှာလည်းဟုထိတ်လန့်နေမိပါသည်။ ကျွန်တော်တို့ တစ်တွေကိုတန်းစီခိုင်းပြီး ABSDF တောင်ပိုင်းမှလာသော ဒေါက် တာနိုင်အောင်က တစ်ယောက်စီကို ဓာတ်ပုံရိုက်သွားခြင်းဖြစ်ပါသည်။ အဖြစ် မှန်ကို သိလိုက်ရတော့မှ ကျွန်တော်တို့ရင် ထဲမှ အလုံးကြီးကျသွားပြီး စိုးရိမ်စိတ်တွေ ပျောက်သွားပါသည်။

            အချုပ်ဆောင်တွင် အသက်မသေ၍ ကျန်ရှိနေခဲ့သော ကျွန်တော်တို့ သူငယ် ချင်းများသည် အစားဆင်းရဲ၊ အနေ ဆင်းရဲ ဖြင့် ရုန်းကန်နေကြရပါသည်။ ရေခဲသော ဒေသတွင် ကျွန်တော်တို့တစ်တွေ ကိုယ်စီ အနွေးထည်မရှိကြပါ။ ဟိုအဝတ်ပတ် ဒီအဝတ်ပတ်ဖြင့် ပတ်ထားရပါသည်။ လေကလည်း လူကို လွင့်ထွက်မတတ် တ ဝုန်းဝုန်းနေအောင် တိုက်ခတ်နေပါသည်။ ဒီကြားထဲ မိုးကရွာလိုက်ပြီဆိုလျှင် မတိတ်၊ တိတ်ပြန်တော့လည်း ဆီးနှင်းတွေကကျသဖြင့် ရာသီဥတုဒဏ်ကို အလူးအလဲ ခံနေကြ ရပါသည်။

            ပြည့်ပြည့်စုံစုံ နေရတဲ့သူတွေမှာတောင် ခိုက်ခိုက်တုန်နေအောင် ချမ်းကြ ပါသည်။ မပြည့်မစုံဘဲ နေနေရသည့်ကျွန်တော်တို့သူငယ်ချင်းတွေမှာ ပြောမပြ နိုင်လောက်အောင် ချမ်းကြပါသည်။ ဒီကြားထဲ သန့်ရှင်းရေး ကောင်းကောင်း မလုပ်ရတော့ ယားနာတွေက ပေါက်ဆို တော့ အနေရအထိုင်ရ အလွန်ခက်ပါ သည်။ ကျွန်တော့်ဘေးကတချို့ သူငယ်ချင်း တွေဆိုလျှင် တစ်ကိုယ်လုံး နီးပါး ပေါက်ကြ ပါသည်။ ကျွန်တော့်ကို သံကြိုးခတ်ချည်ပြီး နောက် နေရာပြောင်းပြီး အိပ်ရသည်။ အရင်တုန်းက အချုပ်ဆောင်ဝင်ပေါက်၏ ညာဘက်တန်းမှာ အိပ်ရပြီး ယခုတော့ အဝင်ပေါက်၏ ဘယ်ဘက်အတန်း အစွန်ဆုံး သူငယ်ချင်း၏ အတွင်းဘက် ငါးယောက်မြောက်လောက်မှာ အိပ်ရသည်။

            မုံရွာသားများဖြစ်သော မြင့်ဇော်၊ ကျော်ကျော်ဦး၊ အောင်မွန်၊ မန္တလေး သားတွေက မ္တနလာ၊ ကိုဇင်တို့တစ်တွေနှင့် ကပ်လျက် အိပ်ကြရသည်။ ကိုဇင်ဆိုလျှင် ကျန်းမာရေး သိပ်မကောင်းပါ။ အထု အထောင်းခံရသော ဒဏ်ချက်များဖြင့် စုတ်ပြတ်သတ်နေပါသည်။ ရာသီဥတုဒဏ် ကလည်း ခံရသေးတော့ သူ့ကိုယ်သူ သိပ် မမှုတော့ပေ။ ဖြစ်လေရာဘဝမှာ ပျော် ပျော်နေဆိုသလို သူထင်သလို နေပါ သည်။ ဆံပင်တွေကလည်း ဆီလိမ်းမထားရ တော့ကြမ်းပြီး နီကြောင်ကြောင်ဖြစ် နေ ပါသည်။ ပြီးတော့ ဆံပင်တွေက အပေါ် သို့ထောင်နေပါသည်။ ထောင်နေရတဲ့အထဲ ဘယ်ကအဝတ်စမှန်းမသိ ခေါင်းမှာချည် ထားလိုက်သေးသည်။ ဘောင်းဘီတွေမှာ လည်း အဝတ်စတွေ ချည်ထားသေးသည်။ သဘောတော့ကောင်းသည်။ သူ့ကို ဘာ ပြောပြော ဟုတ်ကဲ့ပဲ ပြောသည်။ ကိုဇင်နဲ့ ကျော်ကျော်ဦး သူငယ်ချင်းနှစ်ယောက်က တကျက်ကျက်၊ မင်းဟိုဘက်တိုး၊ ငါ ဒီဘက် တိုးနဲ့ ရယ်ရပါသည်။

            ညအိပ်လျှင် အနာတွေကယားတော့ ကုတ်တဲ့အခါ ဘေးက သူငယ်ချင်းက အိပ် မရတော့ပါ။ ကျွန်တော်တို့အချုပ်ဆောင် သို့ လေးရက်ငါးရက်တစ်ကြိမ် ဆေးကု ပေးပါသည်။ ဆေးသင်တန်းတက်ထား သော မိန်းကလေးများလာပြီး ကုပေးပါ သည်။ သူတို့ထဲမှ စကားပြောသံခပ်ဝဲဝဲဖြင့် ကချင်တိုင်းရင်းသူလေး ခါးတောင်ကို တော့ အမှတ်ရနေမိသည်။ သူမက အလွန် သဘောကောင်းသည်။ ကျွန်တော်တို့ အပေါ် အနွံအတာအလွန်ခံပါသည်။ စိတ် ရှည်သည်းခံပါသည်။ သူရောက်လာပြီဆို လျှင် ဘယ်သူဘာဖြစ်သလဲ၊ နေမကောင်း ဘူးလား၊ ခေါင်းကိုက်နေလား အမြဲမေး လေ့ရှိပါသည်။ သူက လူစေ့အောင် မေးပါ သည်။ ကျော်ကျော်ဦးဘာဖြစ်သလဲ၊ မြင့်ဇော် ဘာဖြစ်သလဲ၊ မန္တလာဘာဖြစ်သလဲ၊ အောင်မွန်ဘာဖြစ်သလဲ စသဖြင့်  အမြဲ မေးလေ့ ရှိပါသည်။

            ကျွန်တော့်နာမည် ထွန်းဦးခိုင်ကျ တော့ သူ မခေါ်တတ်ပါ။ ထွန်းထွန်းခိုင် ဘာဖြစ်သလဲ၊ နေကောင်းသလား၊ စေ တနာပါပါဖြင့် သူရောက်တိုင်း မေးပါသည်။ ကိုဇင်ကိုကျတော့ ကရုဏာဖြင့် ဆူလေ့ရှိ သည်။ကိုဇင်ရေ …အဲလိုမနေနဲ့၊ ကြားလား၊ သန့်သန့် ရှင်းရှင်းနေ၊ ပြောလည်းပြော ဆေးလည်းကုပေးလုပ်ပေးပါသည်။ ကိုဇင် ကိုတော့ သူရောက်တိုင်း ဆေးလိမ်းဆေးကု အမြဲလုပ်ပေးပါသည်။ သူငယ် ချင်းတွေကို သူဆူလျှင် ကျွန်တော် အမြဲပြုံးပါသည်။ ပြုံးရုံပဲတတ်နိုင်ပါသည်။ တဟားဟားနှင့် လွတ်လွတ်လပ်လပ်ရယ်လို့ မရနိုင်တဲ့ဘဝ ဆိုတော့ သူများမကြားအောင်ဘဲ ပြုံးရပါ သည်။ မခါး၏စိတ် စေတနာကို ကျွန်တော် အမှတ်ရနေပါသည်။ တစ်နေ့နေ့  တစ်ချိန် ချိန်မှာ ဆပ်ခွင့်ရမယ်ဆိုရင် ဆပ်ချင်ပါ သည်။ ထိုဆပ်ခွင့်ရမယ့် တစ်နေ့နေ့ တစ်ချိန် ချိန်ဆိုတာ ကျွန်တော်တို့ဘဝတွေ လွတ် မြောက်မှရပါလိမ့်မည်။ ထိုဘဝတွေ လွတ် မြောက်ဖို့အတွက်လုပ်ဆောင်ရမယ့် လမ်းစ ကတော့ ဘယ်တော့များမှ  အကောင် အထည် ပေါ် မလဲဟု စောင့်ဆိုင်းနေရသည်။

နှုတ်ဆက်ခဲ့တယ် ပါဂျောင်

            တစ်နေ့၌ ကျွန်တော်အိပ်ပျော်နေ စဉ် ဘေးမှ သူငယ်ချင်းများက ကျွန်တော့် ကို နှိုးကြပါသည်။ ရုတ်တရက် ကျွန်တော် လန့် နိုးသွားသော်လည်း ကျွန်တော် မထရဲပါ။ အိပ်မက်မက်နေတာလားဆိုပြီး ဇဝေဇဝါဖြစ်နေပါသည်။ အကယ်၍ အိပ် နေရာမှ ထထိုင်လိုက်ပါက အစောင့်များ က ထွက်ပြေးရန်အတွက် အိပ်နေရာမှ ထ ထိုင်တာလားဆို ပြီး ရက်ရက်စက်စက် ရိုက်တတ်ပါသည်။ ဒါမှမဟုတ် နောက် တစ်ကြိမ်ထပ်ပြီး စစ်မေးရန်အတွက်လာ ပြီး နှိုးနေတာလားဆိုပြီး စိုးရိမ်စိတ် ဝင်မိပါသည်။ ညာဘက်စောင်းလျက် အိပ်ချင်ဟန် ဆောင်နေလိုက်ပါသည်။

            အသံ ခပ်အုပ် အုပ်ဖြင့် ဟေ့ကောင် ထွန်းဦးခိုင် ထ,ထ ဆိုပြီး ဆက်တိုက်နှိုးသံ ကို ကျွန်တော်ကြားရပါသည်။ စိတ်ထဲ တွင်လည်း သင်္ကာမကင်းဖြစ်မိပါသည်။ သူငယ်ချင်းတွေ၏ လှုပ်ရှားသံသဲ့သဲ့ကို လည်း ကြားရသောအခါ မျက်လုံးကို ပိတ်စည်းထားသောအဝတ်ကို လက်မဖြင့် အသာလှန်ပြီး ချောင်းကြည့်လိုက်ရာ အကုန်လုံး ငုတ်တုတ်ထထိုင်နေသည်ကို တွေ့လိုက်ရပါသည်။ ကျွန်တော်လည်း အိပ်နေရာမှ အမြန် ထထိုင်လိုက်ပါသည်။ ထို့နောက် မျက်နှာမှ အဝတ်စကို ချွတ် လိုက်ပြီး လက်တွင်ချည်ထားသော ကြိုး ကို မိမိဘာသာ အမြန်ဖြေရပါသည်။ ဘေး က သူငယ်ချင်းတွေက ”ဟေ့ကောင် မြန် မြန်လုပ်၊ တချို့ သူငယ်ချင်းတွေတောင် အပြင်ရောက်နေပြီ”ဟု ခပ်တိုးတိုးဖြင့် သတိပေးပါသည်။

            ကြိုးဖြေပြီးသောအခါ ခေါင်းအုံးပြီး အိပ်သော ဘောင်းဘီရှည် တစ်ထည်ကို ယူပြီး သံခြေကျင်းအသံမ မြည်စေရန် အတွက် အပေါ်မှထပ်ပြီး ဝတ်ပါသည်။ ထို့ နောက် အဝတ်စဖြင့် ခြေသလုံး၊ ပေါင်တို့ ကို သံခြေကျင်း မလှုပ်ခတ်စေရန်အတွက် ခြေထောက် နှစ်ဖက်စလုံးကိုချည်လိုက်ပါ သည်။ ကျွန်တော်လည်း အချုပ်ဆောင် အပေါက်ဝသို့ မြန်မြန်သွားပါသည်။ အပေါက်ဝဘေးတွင် အစောင့်များကို ကြိုးဖြင့်ချည်နှောင်ထားသည်ကို သူတို့ ဘေးမှဖြတ်လျှောက်ရင်း မီးပုံမီး၏အလင်းရောင်ကြောင့် ခပ်ဝါးဝါးသာ တွေ့ ရပါသည်။ ကျွန်တော်လည်း အချိန်မရ၍ သေသေချာချာ မကြည့်နိုင်ပါ။ သူငယ် ချင်းတွေ ဝိုင်းထားသည်ကိုလည်း အမှတ် တမဲ့ တွေ့လိုက်ရပါသည်။

            မှောက်ထား သော လက်ဖမိုးကို လှန်လိုက်ပြီး လက်ဖ ဝါးပြောင်းလိုက်သလို အဖြစ်အပျက်တွေက အလွန်မြန်လှပါ သည်။ အချုပ်ဆောင်အပြင်သို့ အမြန် သွားပြီး စစ်ဖိနပ်ကို ကိုယ်နှင့်တော်အောင် အမြန်ရွေးရပါသည်။ အပြင်ဘက်တွင် စစ်ဖိနပ်များ ပြန့်ကျဲနေပါသည်။ မိမိ အရင်ရောက်သော သူငယ်ချင်းများက ရွေးထားပုံရပါသည်။ ကျွန် တော်ကလည်း မိမိခြေထောက်နှင့်တော်မည့်ဖိနပ်ကို ည အမှောင်ထဲတွင် ရှာဖွေရပါသည်။ ကံအား လျော်စွာဖြင့် ကျွန်တော့် ခြေထောက်ကို တော်မည့် စစ်ဖိနပ်ကို ရွေးမိပါသည်။ ကိုယ်လုပ်သမျှကို သေသေသပ် သပ်ဖြစ် အောင် ဂရုစိုက်ရပါသည်။ အမှားအယွင်း တစ်စုံတစ်ရာဖြစ်ပေါ်ပါက သူ ငယ်ချင်း တွေအကုန်လုံး မလွတ်မြောက်ဘဲ အသက် သေဆုံးသွားနိုင်ပါသည်။

            စစ်ဖိနပ်စီးပြီးသောအခါ သူငယ်ချင်းတစ်ယောက်က ကျွန်တော်တို့သွား ရမည့်လမ်းကို ညွှန်ပြပါသည်။ ကျွန်တော် လည်း ခပ်သုတ်သုတ် အသံမထွက်အောင် လျှောက်သွားပါသည်။ အရင်ရောက်နှင့် နေသော သူငယ်ချင်းတွေက တန်းစီပြီး ရပ်စောင့်နေတာကို ကျွန်တော် တွေ့ရပါ သည်။ ထိုအခါကျမှ ကျွန်တော် နောက်ကျ နေတာကို သတိထားမိပါသည်။ ကျွန် တော်လည်း နောက်မှလိုက်လာသော သူငယ်ချင်းများကို ရပ်ပြီးစောင့်နေရပါ သည်။ ရေခဲသောဒေသ၏ ညသန်းခေါင် ယံတွင် တိုက်ခိုက်သောလေသည် အလွန် အေးပါသည်။ ဆီးနှင်းများလည်း ကျ၍ နေပါသည်။ ဘေးပတ်ဝန်းကျင်သို့ လှမ်း ကြည့်လိုက်သောအခါ နှင်းမှုန်တွေကြား တွင် မှုန်ဝါးဝါးသာ မြင်ရပါသည်။ အားလုံးတိတ်ဆိတ်ပြီးအိပ်မောကျနေကြပါသည်။  ကျွန်တော်တို့ရပ်နေသော နေရာမှ အောက်ချိုင့်ထဲ လှမ်းကြည့်လိုက်သော အခါ သဲသဲကွဲကွဲ ဘာမှမမြင်ရဘဲ တဲတချို့ ကိုသာ မှန်းဆကြည့်မိပါသည်။ ဘယ်နေ ရာမှာ ဘာရှိသည်ကို ကျွန်တော် သေသေ ချာချာမသိပါ။ ကျွန်တော်လည်း သူငယ် ချင်းများ၏ ဦးဆောင်မှုနောက်သို့သာ လိုက်ပါအသင်ရှင်ခွင့်ရသူ တစ်ယောက် ဖြစ်ပါသည်။

            ကျွန်တော်သိသလောက် ဦး ဆောင် သူမှာ ကိုစိုးလေး၊ ကိုမြင့်သိန်း၊ ကိုဝင်းမြင့်၊ ကိုကျော်ဇင်၊ ကိုဒဿ၊ ကိုပေါ်ဦး၊ ကိုထင် လင်းအောင် (ငကောက်)၊ ကို ထိန်လင်း၊ ကိုအီနွတ်၊ ကိုကျော်မျိုး၊ ကိုထွန်းဇံ (တာကော)၊ တခြားအမည် မမှတ်မိသော သူငယ်ချင်းတို့ဖြစ်သည်။ သူတို့ဦးဆောင်ဖောက်ထွက်မှုကြောင့်သာ ကျွန်တော်တို့ တစ်တွေ အသက်ရှင်သန်ခွင့်ရခြင်း ဖြစ် ပါသည်။ စိတ်ထဲတွင်တော့ လွတ်မြောက် အောင်တော့ရုန်းကန်ရမည်ဟု တွေးမိပါ သည်။ စိတ်ချရသောနေရာ မရောက် မချင်း ပြင်းပြင်းထန်ထန် ခရီး ဆက်ရပါ တော့မည်။ ရှေ့ဆက် ခရီးဘယ်လို ကြုံ တွေ့ရမည်ဆိုတာ ကြိုတင်ပြီးတော့ မသိ ပါ။ သေချာတာတစ်ခုကတော့ လွတ် မြောက်ရန်အတွက် မြန်မြန်ဝေးဝေး ရောက်အောင် ပြင်းပြင်းထန်ထန် ခရီး ဆက်ရပါမည်။

            အတွေးများဝင်နေချိန်မှာ နောက် ဆုံးမှလိုက်လာသော သူငယ်ချင်း များ၏ အချုပ်ဆောင်ထဲမှာ ဘယ်သူမှ မကျန် တော့ဘူး၊ စထွက်လို့ရပြီ စသည့် အကြောင်းကြားချက်ကို ရှေ့သို့ ထပ်ဆင့် အကြောင်းကြားလိုက်ပါသည်။ ထို့ နောက် စထွက်မည်ဆိုသော အကြောင်း ကြားချက်နှင့်အတူ နောက်ကျတဲ့ ခြေ ထောက် သစ္စာဖောက်ဟု ခံယူရင်း သုတ် ခြေတင်ကြပါတော့သည်။ ကေအိုင်အေ များနေသော တောင်ကုန်းအောက်ဘက် မှ လမ်းမကြီးကိုဖြတ်ပြီး လျှိုကြီးထဲ ဆင်းကြပါသည်။ ထို့နောက် အောက် ဆေးရုံအနီးမှဖောက်ထွက်ပြီး ရှားဟော့ ပါလမ်းအတိုင်း မှောင်နှင့်မည်းမည်း သုတ်ခြေတင်ကြပါ တော့သည်။

            လွတ်မြောက်အောင် ပြေးနေရင်းမှ ကျွန်တော်၏ခေါင်းထဲ တွင် အတွေးတစ်ခု တွေးနေပါသည်။

            ABSDF မြောက်ပိုင်း ပါဂျောင် တွင် ဖြစ်ပွားခဲ့သော ကျောင်းသားလူ သတ်ပွဲ သွေးချောင်းစီးမှုကြီးသည် ထိုစဉ် က တာဝန်ယူခဲ့သော အသိဥာဏ်မဲ့သော၊ စဉ်းစားဆင်ခြင်ဥာဏ်မရှိသော၊ ဖောက်ပြန်ရေးသမား ဗဟိုကော်မတီဝင်များနှင့် ထိုကော်မတီ၏နောက်လိုက် လူတစ်စု တို့၏ ယုတ်ညံ့သော လုပ်ဆောင်ချက်ပင် ဖြစ်ပါသည်။      ။

(မှတ်ချက် –  နောင်တစ်ချိန် တွေ့ ခွင့်ရ လျှင် ကျေးဇူးတင်ကြောင်းကို လေးလေး နက်နက်ပြောရန် စဉ်းစားထားသော် လည်း ခတ်ချိုရွာဇာတိ ကချင်တိုင်းရင်းသူ ဆေးဆရာမလေးမခါးသည် အေးချမ်း သော အမိရင်ခွင်ပြန်ရောက်ပြီး ငယ်ရွယ် နုပျိုသော အရွယ်မှာပင် လောကအလှ တရား တွေကို ရှာဖွေ မခံစားနိုင်တော့ဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားသည့် အတွက် နှမျောတသရင်း သူငယ်ချင်း အေးချမ်းတဲ့ ဘုံဘဝကို ပျော်ရွှင်စွာ ရောက်ပါစေလို့ နှလုံးသားထဲမှ လေးလေး နက်နက် ဆု တောင်းပေးလိုက်ပါတယ်။)     အပိုင်း(၂)သို့

 

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here