Home အင်တာဗျူး မြန်မာအရေး ဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည် နှင့် အင်တာဗျူး အပိုင်း(၂)

မြန်မာအရေး ဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည် နှင့် အင်တာဗျူး အပိုင်း(၂)

149
0
Advertise Here

ဒီဇင်ဘာ-၂၀၁၂ – ဇန်န၀ါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။

ဥာဏ်လင်း မေးမြန်းသည်။

MAWKUN: ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုခွဲခြမ်းစိတ်ဖြာချင်လဲ။ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာကတည်းက သူဘာ တွေလုပ်နိုင်ခဲ့လဲဗျ။

Advertise Here

Dr.Zarni:  ကချင်ပဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ နောက်ဆုံး ဒီရိုဟင်ဂျာတွေပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာနေတဲ့ လူပဲ ဖြစ်ဖြစ်၊ ပြည်ပမှာနေတဲ့လူပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တစ်ချိန်လုံးတောင်းဆိုပြီးတော့၊ ထောက်ခံ ပြီးတော့၊ ဘာသာစုံ မေတ္တာပို့ပြီးတော့ နေခဲ့ကြတာ။ ဒေါ်အောင် ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ၊ ဒေါ်အောင်ဆန်းစု ကြည် လွတ်မြောက်ပါစေဆိုပြီးတော့ သူ့ပုံကိုအင်္ကျီမှာရိုက်ပြီး ဝတ်တဲ့သူလည်းရှိတယ်။ ဘုရားစင်မှာ ကပ်ထားတဲ့လူလည်းရှိ တယ်။ အားလုံးက သူ့ဘက်မှာ မားမားမတ်မတ် ရပ်တည်လာ ကြတယ်။

          သူလွတ်လာပြီးတော့ အစိုးရက သူ့ကို နိုင်ငံရေးအရ လူရာ သွင်းတဲ့အချိန်၊ အနောက်နိုင်ငံက ခေါင်းဆောင်တွေနဲ့ ဆက်ဆံပြီး သူ့ကို တစ်ကမ္ဘာလုံးကလေးလေးစားစားဆက်ဆံတဲ့အချိန်မှာ လူမျိုးစုတွေရဲ့အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့မတူတာက သူတို့တစ်တွေ ဒုက္ခရောက်ပြီး မိုးထဲ ရေထဲရောက်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ မဆိုင်သလိုနေတယ်။ ရခိုင်ပြည်နယ်မှာနှစ်ဖက်စလုံးက တစ် ယောက်ကိုတစ်ယောက် သတ်နေဖြတ်နေကြတဲ့အချိန်မှာ တစ်ဖက်ကိုဝင်ပြီးတော့ မားမားမတ်မတ်ရပ်ပေးလိုက်မယ်ဆိုရင် အဲဒီတစ်ဖက်ကို အားပေးအားမြှောက်ပြုရာကျမှာစိုးလို့ ရှောင်တယ်ပေါ့ဗျာ။

          ဒါပေမဲ့ ကချင်မှာဖြစ်နေတဲ့ပြဿနာက ကချင်တွေက နေပြည်တော်ကို ဝင်တိုက်၊ မန္တလေးကိုသိမ်း၊ လားရှိုးကိုသိမ်း၊ ရန်ကုန်ကိုတိုက်မယ်ဆိုတဲ့ အနေအထားမျိုးမှာဖြစ်နေတာမဟုတ်ဘူး။ အခုဖြစ်နေတာက ဗမာ့တပ်မတော်က ကချင်တွေရဲ့မြေကို သွားပြီး သယံဇာတတွေကို သိမ်းကျုံးပြီးတော့ယူဖို့၊ နောက်တစ်ခါ တရုတ်ပြည်ရဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းကို လုံခြုံမှုရှိဖို့၊ နောက်ပြီးတော့ သူတို့ဆီမှာရှိတဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေကို ဝင်ပြီးထိန်းချုပ်ဖို့၊ နောက်တစ်ခါ KIA ကို ဒူးထောက်အောင်လုပ် ဖို့ဆိုပြီးတော့ စစ်တပ်က ဟိုဘက်မှာရှိတဲ့၊ သူ့နေရာသူနေနေတဲ့ ကချင်တပ်ကို ကျူးကျော်စစ်လိုတိုက်နေတာ။

          ဗမာစစ်တပ်က ကချင်ပြည်နယ်ကိုသွားပြီးတော့ တရား မျှတတဲ့၊ နိုင်ငံတော်အတွက် တိုက်နေတဲ့စစ်မဟုတ်ဘူး။ ကချင်တပ်က ကျွန်တော်တို့တော့ ခင်ဗျားတို့နိုင်ငံမှာ မနေတော့ဘူးဆို ပြီး ခွဲထွက်ရေးအတွက် တိုက်နေတာမဟုတ်ဘူး။ အဲလိုအနေ အထားမျိုးမှာ ဒေါ်အောင်ဆန်း စုကြည်က တစ်ဘက်နဲ့တစ်ဘက် စစ်တိုက်နေတဲ့အချိန်မှာ ဘယ်ဘက်မှာမှ ဝင်မပါချင်ဘူးဆိုတဲ့ အခါကျတော့ ကချင်ဘက်က ခံစားကြရတာက ဒေါ်အောင်ဆန်းစု ကြည်က သူတို့ကို လုံးဝသံယောဇဉ်မရှိဘူး၊ နောက် solidarity (သွေးစည်းတဲ့ အနေအထားမျိုး) မရှိဘူးလို့ ခံစားရတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွတ်လာတဲ့အခါမှာ ဘာလုပ်ပေးလဲ ဆိုတော့ တိုင်းပြည်အတွက် ဒီအချိန်ထိလုပ်ပေးခဲ့တာက နည်းပြီး တော့ ဦးသိန်းစိန်တို့အစိုးရအတွက် အကျိုးဖြစ်တဲ့အလုပ်တွေ ကိုပဲ ဒေါ်အောင်ဆန်းစုကြည်က လုပ်နေတယ်လို့ ကျွန်တော်က အဲလိုပဲသုံးသပ်တယ်။

          ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေလို တိုင်းပြည်ကို စည်းစည်းလုံးလုံးဖြစ်အောင်ဦးဆောင်နိုင်မယ်လို့ အားလုံးက မျှော်လင့်ထားတယ်။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီအာဏာရဖို့ကိစ္စ၊ သူကိုယ်တိုင်သမ္မတဖြစ်ဖို့ကိစ္စကို နံပါတ်တစ် အရေးထားပြီးတဲ့အခါမှာ တိုင်းပြည်ကိုသွေးချောင်းစီးတဲ့ အနေအထားမျိုးမှာ သူနဲ့မဆိုင်သလိုနေတဲ့အခါမှာကျတော့           တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအမြင်ဘက်က ကြည့်မယ်ဆို ရင်တော့ သူဟာ အလွန်ကို ဆုံးရှုံးတယ်။

          ရှေ့လာမယ့် အနှစ် ၂ဝ လောက်မှာ လက်ရှိဗမာနိုင်ငံကို ပြန်ပြီးသုံးသပ်မယ်ဆိုလို့ရှိရင် ဒီကာလကိုသမိုင်းဆရာတွေက ဘယ်လိုရေးမလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာ ပြည်သူပြည်သားတွေ အကုန်လုံးကို စည်းလုံးညီညွတ်မှုကိုပေးဖို့ အလားအလာရှိလျက်နဲ့ အဲဒီအခွင့်အရေးကို အဆုံးရှုံးခံတဲ့နိုင်ငံရေးသမားလို့ပဲ သူ့ကိုသုံးသပ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။

MAWKUN:၂ဝ၁၅ မှာ ဘယ်လိုနိုင်ငံရေးအခင်းအကျင်းမျိုးကို မြင်တွေ့ရမလဲ။ သမ္မတဦးသိန်းစိန်ကလည်း တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒပေါ်မူတည်ပြီးတော့ ဒုတိယ သမ္မတသက်တမ်းကို စဉ်းစားကောင်းစဉ်းစားမယ်လို့ ပြောထား တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူက သူ့ကို သမ္မတဖြစ်စေချင်ရင် သမ္မတလုပ်ပါမယ်လို့ ပြောထားတာရှိတယ်။ ပါတီကြီးနှစ်ခုရဲ့ အားပြိုင်မှု ဘယ်လိုမျိုးမြင်တွေ့ရမလဲဗျ။

Dr.Zarni:  ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့က စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝထောက်ခံတဲ့ အနေအထားမျိုး ရှိမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလို့ရမယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းဖို့ဆိုတာက လွှတ်တော်အမတ် ၇၅ ရာခိုင် နှုန်းအထက် မဲပေးမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလို့ရတယ်။ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ယူထားတဲ့အခါကျတော့ ကြံ့ ဖွံ့ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး)ပါတီကော၊ြီူ ကော၊ အကုန်လုံးပေါင်းပြီး ညီညွတ်တယ်ဆိုရင်တောင်မှ ၇၅ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ နောက်ထပ် တစ်မဲလိုသေးတယ်။

          ဒီမိုကရေစီခေတ်မှာဆိုရင် ကြံ့ ဖွံ့ရော၊ NLD ရော၊ တခြား ပါတီတွေရော အားလုံးပေါင်းပြီး ၇၅ ရာခိုင်နှုန်းရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အဲလိုမဖြစ်နိုင်တာတင် မကသေးဘူး။ ၇၅ ရာခိုင်နှုန်း မဖြစ်နိုင်တဲ့ဟာက ဖြစ်လာခဲ့ရင်တောင်မှ တပ်က တစ်မဲက ဘယ်လိုမှမဖြစ်နိုင်ဘူး။ စစ်တပ်ကဝင်ထိုင်တဲ့ စစ်ဗိုလ် အရာရှိတွေက ပါလီမန်အမတ် အရေခြုံထားတာပဲရှိတယ်။ စစ်သားဆိုတာက အထက်ကလာတဲ့အမိန့်ကိုပဲ နာခံမှာ။ အထက်က ဒါတွေကို လက်မခံနဲ့ဆိုရင် အရပ်သားတွေနဲ့ ပေါင်းပြီး မဲထည့်မှာမဟုတ်ဘူး။ နောက်တစ်ခုက စစ်တပ်က လိုလိုလား လားနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပေး လိုက်တယ်ဆိုရင် တောင်မှ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့က သူ့မှာ (မြန်မာ နိုင်ငံသားမဟုတ်တဲ့) သားနှစ်ယောက်ရှိနေတယ်။ သမ္မတဖြစ်ဖို့ အလားအလာဟာ စစ်တပ်ပေါ်မှာ အရမ်းမူတည်တယ်။

MAWKUN:  မြန်မာပြည်မှာ လူမျိုးရေးမုန်းတီးမှုတွေ၊ ဘာသာရေး စိတ်ဓာတ်တွေ တအားပြင်းထန်နေတယ်ဆိုပြီးတော့ ဒေါက်တာဇာနည်တို့အပါအဝင် ဝေဖန်နေကြတာရှိတယ်။ ဘာကြောင့်များလဲ။

Dr.Zarni:  ပညာရေးနယ်ပယ်မှာ အသိဥာဏ်ဖွံ့ဖြိုးဖို့ကိစ္စ၊ ဒီမို ကရေစီကိစ္စ၊ အမျိုးသားရေးစိတ်ဓာတ် တအားလွန်ကဲနေတဲ့ ကိစ္စ တွေနဲ့ ပတ်သက်ပြီး အစိုးရအဆက်ဆက်က ပညာပေးတာတွေ မရှိခဲ့တဲ့အခါကျတော့ ကျွန်တော်တို့အနေအထားက ဘယ်လိုဖြစ် လာလဲဆိုရင် အင်္ဂလိပ်လိုရင် racism ၊ လူမျိုးရေးမုန်းတီးမှုတွေ၊ ပြီးတော့ ဘာသာရေးမတူတာနဲ့ အကုန်လုံးကို ဝါးလုံးသိမ်း ရိုက်တာတွေရှိတယ်။ လူမျိုးစုတစ်ခုလုံး၊ နောက်တစ်ခါ အဖွဲ့ အစည်းတစ်ခုလုံး၊ ဘာသာခြားပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာတူတဲ့သူပဲ ဖြစ်ဖြစ် ဝါးလုံးရှည်နဲ့သိမ်းကျုံးပြီး စော်ကားတာမျိုးရှိတယ်။

          ဆိုလိုတာကတော့ ဝါးလုံးသိမ်းကျုံးပြီး ပြောတဲ့ဟာမျိုး တွေကို ကမ္ဘာကလက်မခံတော့ဘူး။ အဲဒီလက်မခံတော့တဲ့ဟာကို ကျွန်တော်တို့ပြည်သူတွေက အခုထိမသိသေးဘူး။ မသိတဲ့အခါ ကျတော့ အများစုက သံဃာတော်တွေကော၊ သာမန်ပြည် သူတွေရော မွတ်ဆလင်ရိုဟင်ဂျာတွေကို ဘယ်လိုဆိုပြီးတော့ အားလုံးသိမ်းကျုံးပြီးတော့ စော်ကားတာမျိုး၊ ဆဲတာမျိုး၊ နှင် ထုတ်ဖို့ message ပေးတာမျိုး၊ ဆိုင်းဘုတ်ထောင်တာ၊ လမ်း လျှောက်တာတွေလုပ်တယ်။ တကယ်တမ်းကျရင် အပြင်ကနေ လှမ်းကြည့်တဲ့အခါကျတော့ အလွန်ကို ရှက်စရာကောင်းတယ်။

          ဟစ်တလာလက်ထက်ကလို ဂျူးတွေကို အကုန်လုံး မောင်းထုတ်မယ်ဆိုတဲ့ဟာမျိုး လူမျိုးစိတ်ဓာတ်တွေ ပြင်းလာတဲ့ အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ဝင်ပြီးတော့ ပြောမယ်ဆို လို့ရှိရင် ပြည်သူကို ပညာပေးတယ်လို့ပြောလို့ရတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူ့ဆီက တစ်လုံးမှ ထွက်မလာဘူး။ ပြည်သူကို ပညာပေးရမယ့် အခြေအနေမျိုး ရောက်လာတဲ့အနေအထားမှာ တစ်ဘက်နဲ့တစ်ဘက် ရန်ဖြစ်နေတဲ့အခါမျိုးမှာ ဘေးမှာနေမယ် ဆိုတဲ့ ကြားနေနေတဲ့အခါကျတော့ လုံးဝကို အရုပ်ဆိုးတယ်။ အဲတော့ ကျွန်တော့်အနေနဲ့ပြောမယ်ဆိုရင်တော့ လက်ရှိကမ္ဘာ ထဲမှာ ပြန်ပြီးဝင်တဲ့အခါကျတော့ လူမျိုးရေးစိတ်ဓာတ် သိပ်ပြင်း ထန်တာမျိုး၊ သွေးကစကားပြောတယ်တို့နဲ့ သွားလို့မရဘူး။

          သမိုင်းကိုပြန်ကြည့်ရင် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေး ရခါစ ဗမာပြည် ဦးနုခေတ်ကိုပဲဖြစ်ဖြစ်၊ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရဖို့လုပ်တဲ့အချိန်ပဲဖြစ်ဖြစ်၊ ၁၉၄၇ ခုနှစ်အချိန်ပဲ ဖြစ်ဖြစ် သူနဲ့လုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးကို သွေးစကား ပြောတယ်ဆိုပြီးတော့ ခေါ်တာမဟုတ်ဘူး။ တိုင်းပြည်အကျိုးကို ဘယ်သူကလုပ်ပေးနိုင်သလဲ၊ တိုင်းပြည်ပေါ် ဘယ်သူကစေတနာရှိလဲဆိုတဲ့အခြေခံပေါ်မှာ လူမျိုးမရွေး၊ ဘာသာမရွေးလုပ်တာ။ တို့ဗမာအစည်းအရုံးကိုထောင်တာ သခင်ဘသောင်း တစ် ယောက်တည်းမဟုတ်ဘူး။ သူ့သူငယ်ချင်း မွတ်ဆလင်တွေနဲ့ ပေါင်းပြီးထောင်ကြတာ။ အဲတော့ တိုင်းရင်းသားတွေ ပါတယ်။ မွတ်ဆလင်တွေပါတယ်။ ဟိန္ဒူလည်းပါတယ်။ ခရစ်ယာန်လည်း ပါတယ်။ ဘာသာမရှိတဲ့သူလည်းပါတယ်။ နတ်ကိုးကွယ်တဲ့ သူလည်းပါတယ်။ အဲလိုမျိုး တိုင်းပြည်ကို စပြီးထောင်တဲ့အချိန်မှာ အနှစ်သာရရှိတဲ့၊ တိုင်းပြည်ချစ်တဲ့စိတ်နဲ့ပဲ လူမျိုးရေး မခွဲခြား တဲ့စိတ်၊ ဘာသာရေးမခွဲခြားတဲ့စိတ်နဲ့ အရည်အချင်းရှိမှုအပေါ်မှာ အခြေခံပြီး လုပ်ဆောင်တဲ့အမြင်မျိုး၊ အမျိုးသားရေး အမြင်မျိုး ရှိခဲ့ကြတယ်။

          လွတ်လပ်ရေးရပြီး အနှစ် ၆ဝ၊ ၇ဝ ရှိလာတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမှာ နာဇီဂျာမနီလို အမြင်မျိုးတွေ အပင်းဝင် လာတယ်။ အဲဒါကိုပြင်မှဖြစ်မယ်။ ဒါကြောင့်မို့လို့ စီးပွားရေးတွေ ဖွံ့ဖြိုးလာတာတွေထက် ပိုပြီးအရေးကြီးတယ်။ ဒါနဲ့ တန်းတူ အရေးကြီးတာက ကျွန်တော်တို့နိုင်ငံကြီး လွတ်လပ်ရေးရက တည်းက စစ်မီးတောက်နေတာ အခုချိန်ထိ မငြိမ်းသေးဘူး။ လူမျိုးရေးတွေ၊ အဓိကရုဏ်းတွေဖြစ်နေတာလည်း အခုချိန်ထိ မငြိမ်းသေးဘူး။ ဒီမိုကရေစီဆိုတာကိုလည်း တင်းပြည့်၊ ကျပ်ပြည့် မသွားနိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် စစ်ဖြစ်ပြီးတော့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး မုန်းနေတဲ့အချိန်မှာ ဒီမိုကရေစီဆိုတဲ့ စနစ်ကို ကျွန်တော်တို့ မလိုက်နိုင်ဘူး။ စစ်တပ်ကပဲ ဝင်ပြီး ထိန်းရမယ်။

          ရခိုင်မှာ ဒီမိုကရေစီနည်း စပြီး ကျင့်သုံးပြီးတော့ ရခိုင် ပြည်နယ်ကို တိုးတက်အောင်လုပ်ရတဲ့အချိန်မှာ ဒေါ်အောင် ဆန်းစုကြည် အပါ အဝင် တခြားနိုင်ငံရေးပါတီတွေအကုန်လုံးက ရခိုင်ပြည်နယ်ကို စစ်တပ်တွေ အကုန်ပို့ပါဆိုတဲ့ အနေအထားမျိုး ကို ရောက်လာတယ်။ အဲတော့ ဒီမိုကရေစီစနစ်ဆိုတာက စစ်တပ်ရဲ့ကဏ္ဍ တဖြည်းဖြည်း မှိန်သွားပြီးတော့ ပြည်သူတွေရဲ့ အခန်းကဏ္ဍက ရှေ့ကို တက်လာရမယ့်အခါမှာ ကျွန်တော်တို့က စစ်တပ်ရဲ့အခန်းကဏ္ဍကို ကိုယ်ကိုယ်တိုင်ကတောင်မှ လိုလို လားလားတောင်းဆိုနေတဲ့ အနေအထားရောက်နေတယ်ဆိုရင် ဗုဒ္ဓဘာသာအရပြောမယ်ဆိုရင် နိုင်ငံရေးအရ ဆုတ်ကပ်ထဲကို ရောက်နေတယ်။ ရှေ့ဘယ်လိုဆက်သွားမလဲဆိုတာကို စဉ်းစား ကြဖို့ လိုလိမ့်မယ်။

          (နောက်) ဘာသာရေးဆိုတာက နိုင်ငံရေးနဲ့ ဘာမှမဆိုင် ဘူးဗျ။ နိုင်ငံတော်နဲ့လည်း ဘာမှမဆိုင်ဘူး။ နိုင်ငံတော်ရဲ့အလုပ်က ပြည်သူ စားဝတ်နေရေးချောင်ဖို့၊ စီးပွားရေးကောင်းဖို့ စနစ်တစ်ခုကို  ထောင်ပေးရမယ်။ နိုင်ငံတော်က ပြည်သူ အသက်၊ အိုးအိမ်ကို ကာကွယ်ပေးရမယ်။ ည ၁၂ နာရီမှာ အလုပ်လုပ်ပြီးလို့ ဘတ်စ် ကားစီးပြီး အိမ်ပြန်လာလို့ရှိရင် ပြည်သူတွေ လုံလုံခြုံခြုံနဲ့ လမ်း လျှောက်ပြန်လာနိုင်တဲ့ လမ်းမျိုးတွေ၊ ငြိမ်းချမ်းသာယာရေးကို လုပ်ပေးဖို့။

          ဂေါတမကိုးကွယ်၊ ကိုးကွယ်၊ ဂျေးဆပ်ခရိုက်စ်ကို ကိုးကွယ် ကိုးကွယ်၊ သို့မဟုတ် အလ္လာကိုးကွယ်၊ ကိုးကွယ်  ကြိုက်တာ ကိုး ကွယ်။ အဲဒါ နိုင်ငံတော်နဲ့ဘာမှမဆိုင်ဘူး။ နိုင်ငံတော်ရဲ့ အလုပ်လည်း မဟုတ်ဘူး။ ဘာသာရေးဆိုတဲ့ဟာက ကျွန်တော်တို့တစ် တွေ တစ်ဦးချင်းစီရဲ့ ယုံကြည်မှုအနေနဲ့ ဆက်ထားရမယ်။

          ဘာလုပ်ရမလဲဆိုတော့ လူမျိုးနဲ့ဘာသာရေးကို လုံးဝ ခွဲထုတ် ပစ်လိုက်ရမယ်။ ဗမာပြည်ပေါ်မှာ သံယောဇဉ်ရှိပြီးတော့ ဗမာပြည်ရဲ့ အကျိုးစီးပွားကို အကျိုးဆောင်ပေးမယ့်လူတွေ၊ ဗမာ ပြည်ထဲမှာရှိတဲ့ လူတွေကို တစ်နိုင်ငံတည်းမှာနေတဲ့ နိုင်ငံသူ၊ နိုင်ငံသားအချင်းချင်းပဲဆိုပြီး လူမျိုးမရွေး၊ ဘာသာမရွေး မြင်နိုင်တဲ့အမြင်ကို စတင်မှ ရမယ်။

          တပ်ထဲမှာကြည့်လိုက်။ ဗုဒ္ဓဘာသာအမည်ခံထားတဲ့ အရာရှိတွေကလွဲလို့ ကျန်တဲ့အရာရှိတွေမရှိတော့ဘူး။ စစ်တပ် ဟာ ဗမာနဲ့ ဗုဒ္ဓဘာသာ၊ ဒါမှမဟုတ်လို့ရှိရင် တိုင်းရင်းသားနဲ့ ဗုဒ္ဓဘာသာက လွဲ လို့ရှိရင် ကျန်တဲ့ဘာသာဝင်တွေကို အပြတ်ရှင်း ထုတ်လိုက်တယ်။ ဒါက စစ်တပ်မှာ လုပ်တယ်ဆိုရင်တော့ ဖြစ် ချင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ၊ နိုင်ငံ ထူထောင်တဲ့နေရာမှာ ငါကိုးကွယ်တဲ့ဘုရားကို ကိုးကွယ်တဲ့ လူတွေပဲ နိုင်ငံတော်ကိုသစ္စာရှိတယ်ဆိုတဲ့ အမြင်နဲ့သွားရင် ကျွန်တော်တို့က ဟစ်တလာ ဂျာမနီခေတ်ကို ပြန်ရောက်လိမ့်မယ်။ အဲတော့ အဲလိုအမြင်မျိုးကို ပြည်သူတွေကြားထဲမှာ ဖြန့်နေတယ် ဆိုလို့ရှိရင် တိုင်းပြည်ကို ကမောက်ကမလုပ်တာပဲလို့ ကျွန်တော် မြင်တယ်။

          တစ်ယောက်နဲ့တစ်ယောက် သည်းခံဖို့တင်မဟုတ်ဘူးဗျ။ အလ္လာကိုပဲကိုးကွယ် ကိုးကွယ်၊ ဗုဒ္ဓကိုပဲ ကိုးကွယ် ကိုးကွယ်၊ သခင်ယေရှု ကိုးကွယ် ကိုးကွယ် လေးစားရမယ်။ နောက်ပြီး သွေး စကားပေါ့။ လူမျိုးရေးဆိုရာမှာ သွေးဆိုတဲ့စကားကို ဆွဲထုတ် ပစ်မှရမယ်။ နာဇီဂျာမနီရဲ့ အယူအဆကို ခရစ်နှစ် ၂ဝ၁၂ ခုနှစ် မှာ လက်ခံမယ်ဆိုလို့ရှိရင် အလွန်ဆုံးရှုံးတယ်။ ခေတ်နဲ့လည်း မလျော်ညီဘူး။ တိုင်းပြည်လည်း ကမောက်ကမဖြစ်ပြီး ယူဂိုစ လားဗီးယားနိုင်ငံလိုကွဲမယ့် အိုက်ဒီယိုလော်ဂျီအမြင် ဖြစ်တယ်။

          ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့လို ပြည်သူအများက လေးစားတဲ့သူတွေက ဗမာပြည်သူတွေကို လူမျိုးရေးအမြင်၊ လူမျိုးရေးနို့သက်ခံပြီးတော့ စို့နေတဲ့ဟာကို ခွဲထုတ်ပစ်မှရမယ်။

MAWKUN: နောက်ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။

Dr.Zarni: Social media တွေ၊ Facebook လိုဟာမျိုးတွေ မှာပေါ့၊ လူတွေက တစ်ယောက်နဲ့တစ်ယောက် စော်ကားမော်ကား လုပ်တာတွေ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး သိက္ခာချတာတွေဟာ ကမ္ဘာမှာ ယဉ်ကျေးမှုကြီးတဲ့၊ တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် အလုပ်ပြုတ်တယ်၊ ထောင်ကျတယ်။

          ကျွန်တော်တို့နိုင်ငံကို တစ်ကမ္ဘာလုံးက ကြည့်နေတာက မွတ်ဆလင်တွေကိုသတ်ဖြတ်နေတယ်၊ ရိုဟင်ဂျာတွေကို သတ် ဖြတ်နေတယ်၊ အနိုင်ကျင့်နေတယ်ဆိုပြီးတော့ ကိုယ့်နိုင်ငံသား တွေကို ဒီလိုမျိုးအကြည့်ခံရတယ်ဆိုတာ စိတ်လည်းမကောင်းဘူး။ တစ်ခါတလေကျတော့ ကိုယ်လည်းဝင်ပြောမိတယ်။ တစ်ကမ္ဘာ လုံးက ယဉ်ကျေးမှုရှိတဲ့နိုင်ငံတွေက ကျွန်တော်တို့နိုင်ငံကို လက် ရှိကြည့်နေတာက အော့ကြောလန်တဲ့ မျက်လုံးနဲ့ ကြည့်နေတာ။

          ကောင်းတဲ့ပြည်သူတွေက အများကြီးရှိတယ်။ ဒါပေမဲ့ ဆိုးတဲ့လူတွေက ရှေ့တန်းကိုထွက်ပြီးတော့ ဖက်ဆစ်အယူဝါဒတွေ ပေါ်နေတဲ့အချိန်မှာ ကောင်းတဲ့ပြည်သူတွေက လူမျိုးမရွေး၊ ဘာသာမရွေး ကြောက်ပြီး ငြိမ်နေကြတယ်။  အဲဒီအနေအထားကို ပြောင်းမှ ကျွန်တော်တို့နိုင်ငံက ရှေ့ကိုတက်မယ်။ မဟုတ်လို့ရှိရင် တော့ စီးပွားရေးမြှုပ်နှံမှု ဘီလီယံ ထောင်နဲ့ချီလာလာ၊ သမ္မတ အိုဘားမားပဲလာလာ အကြံလာပေးမယ်ဆိုရင်တောင် ကျွန်တော်တို့နိုင်ငံက ကောင်းဖို့ အလားအလာမရှိနိုင်ဘူး။

          ဗမာပြည်လို တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံရှိနေတဲ့ လူမှုအဖွဲ့အစည်းမှာ အမျိုးသားရေးအမြင်သစ် တစ်ခု လိုကိုလိုအပ်တယ်။ ပြီးတော့ ဗမာဆိုတာဘယ်လိုလူတွေကို ခေါ်တာလဲ၊ မျိုးချစ်တဲ့သူဆိုတာ ဘယ်လိုလူတွေလဲဆိုတဲ့ဟာ လည်း လိုအပ်တယ်။ ဗမာဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ်ဟာ သွေးတို့၊ ဘာသာရေးတို့အပေါ် အခြေပြုတဲ့ ဗမာ-ဗုဒ္ဓဘာသာ၊ တိုင်းရင်းသားဆိုတဲ့ အယူအဆဟောင်းကနေ လမ်းခွဲထွက် ရမယ်။ ဗမာပြည်သစ်မှာ ဗမာနဲ့ဗုဒ္ဓဘာသာဝင်တွေဟာ ဗမာပြည် တွင်းရှိတဲ့ တခြားသူတွေထက် ပိုပြီး သာတူညီမျှရှိတဲ့လူတွေအဖြစ် မခံစားစေရဘူး။ ဗမာသစ်ဆိုတာဟာ ကိုးကွယ်ယုံကြည်ရာ၊ နိုင်ငံရေး အမြင်၊ ပရက်ဖဲရှင်နယ် နောက်ခံအကြောင်းတရား တွေကိုဘေးဖယ်၊ ပြီးတော့ ယဉ်ကျေးမှုစုံဝါဒနဲ့ အများပြည်သူ လူထုနဲ့ဆိုင်တဲ့ မျိုးချစ်စိတ်တွေ ရှိရမယ်။ စစ်သားနဲ့ဗိုလ်ချုပ်တွေ သာ စစ်မှန်တဲ့မျိုးချစ်ပုဂ္ဂိုလ်တွေဖြစ်တယ်၊ နိုင်ငံသားတွေကတော့ သူတို့ လောက်မျိုးချစ်စိတ်မရှိဘူးဆိုတဲ့ စစ်တပ်ရဲ့ အတွေးအခေါ် ကို ဗမာသစ်က ထာဝရ ဖယ်ခွာနိုင်ရမယ်။(မှတ်ချက် – အင်တာဗျူးအဖြေများတွင်ပါရှိသော ‘ဗမာ’ဟူသော အသုံးအနှုန်းနှင့် ‘ရိုဟင်ဂျာ’ဟူသော အသုံးအနှုန်းတို့မှာ အင်တာ ဗျူးဖြေသူ၏ အသုံးအနှုန်းများသာဖြစ်ပါသည်။)    အပိုင်း( ၁ )သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here