Home အင်တာဗျူး မြန်မာအရေး ဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည် နှင့် အင်တာဗျူး အပိုင်း(၁)

မြန်မာအရေး ဝေဖန်သုံးသပ်သူ ဒေါက်တာဇာနည် နှင့် အင်တာဗျူး အပိုင်း(၁)

171
0
Advertise Here

ဒီဇင်ဘာ-၂၀၁၂ – ဇန်န၀ါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။

ဥာဏ်လင်း မေးမြန်းသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲနေသည့် ပုံစံ၊  အရှေ့အနောက်အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံ ရေး၊မငြိမ်းချမ်းသေးသောမြန်မာပြည်မြောက်ပိုင်းကိစ္စ၊စိုးရိမ်စရာရခိုင်ပြည်နယ်အရေးအစရှိသည်တို့နှင့်ပတ်သက်ပြီး မော်ကွန်း မဂ္ဂဇင်း က မြန်မာ့အရေးဝေဖန် သုံးသပ်သူ ဒေါက်တာဇာနည်ကိုအင်တာဗျူးထားပါသည်။

Advertise Here

ဒေါက်တာဇာနည်သည်ဗြိတိန်နိုင်ငံLondon School of Economics၌ဧည့်ပညာရှင်တစ်ဦးဖြစ်ပြီးမြန်မာ့နိုင်ငံရေးအခင်းအကျင်း၊လူ့အခွင့်အရေး၊တိုင်းရင်းသားရေးရာတို့နှင့်ပတ်သက်လာပါကပြတ်ပြတ်သားသာ၊ဒိုးဒိုးဒေါက်ဒေါက်၊စူးစူးရှရှဝေဖန်သုံးသပ်သူတစ်ဦးအဖြစ်လူသိများသူဖြစ်သည်။နိုင်ငံတကာမီဒီယာများတွင်လည်း၎င်း၏အတွေးအမြင်၊သုံးသပ်ချက်များကိုရေးသားနေသူတစ်ဦးလည်းဖြစ်သည်။

Free Burma Coalition ကို တည်ထောင်ခဲ့သည့် ဒေါက်တာဇာနည်(maungzarni.com) သည်စစ်အစိုးရနှင့်ထိတွေ့ဆက်ဆံကြရန်အစဉ်တစိုက်အရေးဆိုခဲ့သူအနည်းစုထဲတွင်ပါဝင်ခဲ့ပြီးသူကိုယ်တိုင်ကလည်း ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် အစောပိုင်းကာလအထိ စစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံခဲ့ သူဖြစ်သည်။ ၂ဝဝ၈ မေလ နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဒုက္ခ သည်များထံသို့ ပြည်တွင်း၊ ပြည်ပမှပေးအပ်သည့် အရေးပေါ် အကူအညီများကို ထိုအချိန်မှစတင်၍ အစိုးရက ဟန့်တားမှုများပြုလုပ်ခဲ့သောကြောင့် ထိုအချိန်မှစကာ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံခြင်းကို ရပ်စဲခဲ့သည်။ “Knowledge, Control and Power: The Politics of Military Rule in Burma Under General Ne Win(1962-88)”  စာတမ်းဖြင့် အမေရိကန် ပြည်ထောင်စုရှိ Wisconsin တက္ကသိုလ်မှ ဒေါက်တာဘွဲ့ ရရှိခဲ့ သည့် ဒေါက်တာဇာနည်သည် မြန်မာနိုင်ငံအတွင်း လူမျိုးရေးစိတ် ဓာတ်ပြင်းထန်နေသည့်အပေါ် အင်မတန်စိုးရိမ်သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာများ အကဲ့ရဲ့ မခံရစေရေး မည်သို့လုပ်သင့်သည်ကို ယခု အင်တာဗျူး၌ အကြံပြု ဆွေးနွေး ထားပါသည်။

MAWKUN : လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ဘယ်လို သုံးသပ်ချင်လဲ။

Dr.Zarni: ခြုံကြည့်မယ်ဆိုရင် ရှေ့ဆက်သွားဖို့ အလားအလာ တော့ရှိတယ်။ နောက်ဆုတ်ဖို့ကတော့ တော်တော်လေး ခက်သွား မယ်။ တပ်ထဲကခေါင်းဆောင်တွေကလည်း သဘောပေါက်မှာပေါ့။ နောက်ပြန်သွားလို့မရဘူးဆိုတာ။ ဘာလို့လဲဆိုတော့ စစ်တပ်က အုပ်ချုပ်ခဲ့တာ ရာစုနှစ်တစ်ဝက်မှာ တိုင်းပြည်ဟာ ချွတ်ခြုံကျသွားခဲ့တယ်။ကျွန်တော်တို့က အပြင်ကနေပြီး မကောင်းတဲ့စိတ်နဲ့ ပြောတာမဟုတ်ဘူး။ (ပြည်ထောင်စု) ဝန်ကြီးဦးစိုးသိန်းတို့ နယူးယောက်မှာပြောတဲ့ဟာကို ကြည့် မယ်ဆိုရင် ဗမာပြည်မှာ  ကောင်းတာဘာမှ မရှိတော့ဘူး၊ ဘယ် နေရာပဲကြည့်ကြည့် သုံးမရ တော့ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ဗမာလိုပြောသွားတယ်လေ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိတ်ဓာတ် အကုန်လုံး ကျနေတာ။

MAWKUN: သူတို့ကိုယ်ကျိုးစီးပွားတွေနဲ့ ဝင်လာကြတဲ့ နိုင်ငံ ကြီးတွေနဲ့ဆက်ဆံတဲ့အခါမှာ ဘယ်လိုအချက်တွေကို သတိမူ သင့်လဲ။

Dr.Zarni: တရုတ်၊ အမေရိကန်၊ ဂျပန်နဲ့ အိန္ဒိယ အဲဒီ အင်အား စုလေးစုနဲ့ ဥရောပသမဂ္ဂ ကျွန်တော်တို့ဆီကို လာပြီးတော့ သူတို့ အကြံနဲ့သူတို့၊ သူတို့အကျိုးစီးပွားနဲ့ သူတို့ ပြန်ဝင်လာကြတယ်။ ဒီပြန်ဝင်လာတဲ့အချိန်မှာ ကျွန်တော်တို့ပြည်သူတွေမှာ နိုင်ငံရေး အခံ၊ အတွေးအမြင်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ခံမရှိဘူး၊ တိုး တက်မလာဘူးဆိုရင်တော့ ရှေ့လျှောက်မှာ ကောင်းတဲ့အပိုင်းရှိ သလို၊ ပိုပြီးတော့လည်း ဆိုးလာနိုင်တယ်လို့ ကျွန်တော်မြင်တယ်။ ဦးနေဝင်းခေတ်မှာ နေခဲ့ရတဲ့အနေအထားမျိုးထက် အဆပေါင်း များစွာ ဆိုးနိုင်တဲ့ အနေအထားရှိတယ်။

ဘာပြုလို့လဲဆိုတော့ နိုင်ငံရေးကစားတဲ့၊ စီးပွားရေး ကစားတဲ့ အကျိုးအမြတ်ထုတ်တဲ့လူတွေက အရမ်းများလာတယ်။ အဲတော့ ဒီတစ်ခါ တိုင်းပြည်မှာ ခေါင်းဆောင်မှု အသုံးမကျရင် တော့ ဒုတိယ အခွင့်အလမ်းပြန်ရမှာမဟုတ်ဘူး။ ဆိုလိုတာက တစ်စစီ ကို စုတ်ပြတ်သွားမယ့်အနေအထားမျိုးမြင်တယ်။ ကျွန်တော် တို့ဆီကို တရုတ်ဝင်လာတာပဲဖြစ်ဖြစ်၊ အမေရိကန် ပြန်ဝင်လာ တာပဲဖြစ်ဖြစ်၊ အင်္ဂလိပ်က ပြန်ဝင်လာတာပဲဖြစ်ဖြစ်၊ ဂျပန်ကလာ တာပဲဖြစ်ဖြစ် အကူအညီပေးတဲ့အခါ လူသားချင်း စာနာတဲ့ အကူအညီပဲဖြစ်ဖြစ်၊ စီးပွားရေးဖွံ့ဖြိုးဖို့ပဲဖြစ်ဖြစ် ငွေသန်းကိုရာနဲ့ ချီပြီးပေးမယ်။ ဒါတွေက တကယ်တမ်းပြောရင် ကျွန်တော် တို့နိုင်ငံက ပြည်သူအများစု ချွတ်ခြုံကျနေတဲ့အခါ ဆိုတော့၊ ပြာပုံ ပေါ်မှာ ရောက်နေတဲ့အခြေအနေမျိုးမှာဆိုတော့ ဒေါ်လာတစ် သန်းပဲဖြစ်ဖြစ်၊ တစ်သောင်းပဲဖြစ်ဖြစ်၊ တစ်သိန်းပဲဖြစ်ဖြစ် ကမ္ဘာ့ ဘဏ်တို့၊ အင်္ဂလန်တို့ကပေးတဲ့အခါမှာ အားလုံးက ဝမ်းလည်း သာတယ်၊ ကျေးဇူးလည်း တင်ကြတယ်။

ဒါပေမဲ့ ဒီပိုက်ဆံတွေဝင်လာတာက၊ တကယ်တမ်းပြောရ ရင် နိုင်ငံခြားအကူအညီဆိုတာမရှိဘူးဗျ။ အလကား ထမင်းကျွေး တာ မဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ကိုချစ်လို့ ဒီပိုက်ဆံပစ်ပေးတာ မဟုတ်ဘူး။ ဒါတွေက ထောင်မြင်၊ ရာစွန့်ဆိုတဲ့ ပုံစံမျိုး ပေါ့ဗျာ။ ဘီလီယံနဲ့ချီပြီးအကျိုးရှိမယ့်နေရာမျိုးမှာ ဒေါ်လာ သန်းတစ်ရာလောက်ပေးလိုက်ရတာ သူတို့အတွက် ပြဿနာ မရှိဘူး။ အဲဒါကိုမြင်ပြီးတော့ ကျွန်တော်တို့ပြည်သူတွေက ငွေထုပ်ကြီးတွေ ပိုက်ပြီးဝင်လာတဲ့ သူတွေကို ကျေးဇူးရှင်ကြီး တွေ၊ ကယ်တင်ရှင်ကြီးတွေလို့ မှတ်ယူပြီး သပြေပန်းနဲ့ကြိုနေမယ် ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် ပြဿနာရှိနိုင်တယ်။

MAWKUN:ပြည်တွင်းမှာ တရုတ်ရဲ့ အကျိုးစီးပွားက အမြောက်အမြားပဲ။ အတော်များများကတော့ စစ်အစိုးရ လက်ထက်တုန်းကနှစ်ဖက်အစိုးရသဘောတူညီမှုတွေနဲ့လုပ်ထားတဲ့ကိစ္စတွေ။အဲဒီအထဲကတချို့လုပ်ငန်းတွေကို ဒေသခံတွေက အကြောင်းကြောင်းကြောင့် လက်မခံလိုကြဘူး။ ဥပမာ-လက်ပံတောင်းတောင်ကိစ္စလိုဟာမျိုးပေါ့။ အဲတော့ နောက်ထပ်ရော ဘယ်လိုအခင်းအကျင်းတွေကို မြင်တွေ့ရဖွယ်ရှိလဲ။

Dr.Zarni: အရင်က စီမံကိန်းတွေဆွဲပြီးတော့ တရုတ်နဲ့ပဲ လက်မှတ်ထိုးထိုး၊ တခြားနိုင်ငံတွေနဲ့ပဲထိုးထိုး ပြည်သူက ဘာမှ ပြောပိုင်ခွင့်မရှိတဲ့အနေအထားမျိုးမှာ အုပ်ချုပ်သူလူတန်းစား တွေက လုပ်သွားခဲ့တယ်။ ဗိုလ်ချုပ်ခင်ညွန့်တို့လက်ထက်က တည်းက တရုတ်နဲ့ တအား ရောပြီး အထက်ဗမာပြည်တစ်ခုလုံးမှာ ဗမာစကားကို တစ်ခွန်းမှ မပြောတတ်တဲ့ ယူနန်ဘက်ကသူတွေကို မှတ်ပုံတင်တွေ ထုတ်ပေးတာတွေ လုပ်လာခဲ့ကြတယ်။

လောလောဆယ် လူတွေသိနေကြတာက ဘင်္ဂါလီတွေ၊ ရိုဟင်ဂျာတွေကို နှင်ဖို့လောက်ပဲပြောနေကြပေမယ့် သူတို့က ကျွန်တော်တို့နိုင်ငံအတွက် အဓိကအန္တရာယ်မဟုတ်ဘူး။ တကယ်က အထက်ဗမာပြည်တစ်ခုလုံး၊ အဓိက မန္တလေးမှာ တရုတ်ရဲ့ စီးပွားရေးတွေရှိတယ်။ သူတို့က မြေတွေကိုလိုက်ဝယ် တယ်။ လူမှုရေးကိစ္စတွေမှာပါ တော်တော်လေးဝင်ပြီး လွှမ်းမိုးတဲ့ သဘောမှာရှိတယ်။ စီးပွားရေးတစ်ခုတည်းတင်မဟုတ်ဘူး။ တကယ်တိုင်းပြည်မှာ အန္တရာယ်ရှိတာက တရုတ်ပြည်ကြီးရဲ့ အကျိုးစီးပွားတွေက ကျွန်တော်တို့ အထက်ဗမာပြည်ကြီးကို မျိုလိုက်တာ။ အဲဒါက ကျွန်တော်တို့တွေအတွက် ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ အဲဒါကို အဓိကထားပြီးတော့ စဉ်းစားဖို့ကောင်းတယ်။

မြေနိမ့်ရာ လှံစိုက်တဲ့ပုံစံမျိုး၊ ဘင်္ဂါလီကို ရှင်းလိုက်၊ နိုင်ငံက နှင်ထုတ်လိုက်တို့ဆိုတာတွေက တလွဲဆံပင်ကောင်းပြီးတော့ ဖက်ဆစ်ဆန်ဆန်တွေဖြစ်နေကြတယ်။ လူမျိုးရေး မုန်းတီးမှုများ နေတာ။ တကယ်တမ်း ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး တွေကို ခြိမ်းခြောက်နေတာက အထက်ဗမာပြည်ကို မျိုသွားတဲ့ တရုတ်ရဲ့ အကျိုးစီးပွားအဆက်အနွယ်တွေပဲ။ ဒါကို ကျွန်တော် တို့က အဓိကထားပြီး လုပ်မှရမယ်။

နောက်ပြီးတော့ တစ်ချိန်တုန်းက ချုပ်ထားတဲ့ စီးပွားရေး စာချုပ်တွေက ပြည်သူကို မတရားချုပ်ချယ်တဲ့ အစိုးရက လုပ်ခဲ့ တာဆိုတော့ အဲဒီစာချုပ်တွေကို ကျွန်တော်တို့က ပြန်သုံးသပ်ပြီး တော့၊ စိစစ်ပြီးတော့ ပြင်သင့်တာတွေကို ပြင်ဖို့လိုလိမ့်မယ်နဲ့ တူတယ်။ မဟုတ်ရင်တော့ ပြည်သူက ကျောကော့အောင် ခံနေရ လိမ့်မယ်။

MAWKUN: ပြုပြင်ပြောင်းလဲရေးတွေတော့ လုပ်နေတယ်ပေါ့။ ဒါပေမဲ့ ကချင်ပြည်နယ်မှာ စစ်ပွဲတွေက အခုထိဖြစ်နေတုန်း။ KIA နဲ့ မြန်မာအစိုးရနဲ့ အခုထိ ငြိမ်းချမ်းရေးမရနိုင်သေးတဲ့ နောက်ကွယ်မှာ ဘယ်လိုအချက်တွေရှိမလဲဗျ။

Dr.Zarni: ဗမာအစိုးရက ငြိမ်းချမ်းရေးယူချင်တာမှ မဟုတ် ဘဲနဲ့။ ကချင်က သာမန်လူမျိုးစုလေးမဟုတ်ဘူး။ ကချင်က ကျွန် တော်တို့ ခေတ်သစ်နိုင်ငံကြီးကို ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်း တို့၊ ဦးနုတို့နဲ့ အားလုံးပေါင်းပြီးတော့ နိုင်ငံကို အတူတူထောင်မယ် ဆိုပြီးတော့ ထောင်ခဲ့တာ။ နောက်တစ်ခု သမိုင်းအရကြည့်မယ် ဆိုလို့ရှိရင် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကိုယ်တိုင် ပြောသွားတာရှိတယ်။ ကချင်ပြည်နယ်ဟာ ဘယ်တုန်းကမှ မြေပြန့်က ဗမာတွေရဲ့ လက်အောက်မှာမရှိခဲ့ဘူး။ ကချင်တွေက ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်လို့၊ လေးစားလို့ (လွတ်လပ် ရေး) အတူတူတောင်းမယ်ဆိုပြီးတော့ တောင်းခဲ့တာ။

အဲလိုလူမျိုးစု၊ အဖွဲ့အစည်းတစ်ခုကို ဗမာစစ်တပ်မှာရှိတဲ့ ခေါင်းဆောင်တွေက တမင် နှစ်ပေါက် တစ်ပေါက်ရိုက်ပြီးတော့ ကျုံးသွင်းတာ။ ပြီးတော့ ကချင်ထဲမှာ အကျင့်စာရိတ္တမခိုင်တဲ့၊ လောဘကြီးတဲ့သူတွေကို မွေးထားပြီးတော့ ကချင်တွေကို စီးပွား ရေးအရ ကျုံးသွင်းဖို့လုပ်တာ။ (Border Guard Force)ပေါ့ နော်။ အဲဒါကို ဟိုဘက်က လက်မခံလို့ ဒီလိုဖြစ်တာ။ အားလုံးထဲ မှာ ကိုယ့်နိုင်ငံက ခွဲထွက်မယ့် ဘယ်လူမျိုးစုမှမရှိဘူး။

သူတို့(အစိုးရ)က တမင် အသာစီးယူပြီးတော့ သူတို့ လုပ်ချင်တာလုပ်လို့ရတဲ့ဟာမျိုးကို ငြိမ်းချမ်းရေးလို့ခေါ်တယ်။ သူတို့လုပ်ချင်တာလုပ်လို့မရတဲ့အနေအထားမျိုးမှာ သူတို့က စစ်ကို ပေပြီးတော့ တိုက်တယ်။ ကချင်ကို တိုက်နေတာက ပြည်ထောင်စု ရဲ့ သစ္စာကို လုံးဝစော်ကားတာလို့ ကျွန်တော်က မြင်တယ်။

နောက်တစ်ခုက ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေ နေတဲ့နေရာတွေမှာ ရှမ်းပြည်နယ်ပဲဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ်၊ နောက်ဆုံးဗျာ ရခိုင်ပြည်နယ်လိုနေရာမျိုးမှာ လက်ရှိပြုပြင် ပြောင်းလဲရေးဆိုတာတွေဟာ အဲဒီမှာရှိတဲ့ ပြည်သူလူထုတွေဟာ ဒုက္ခရောက်ပြီးတော့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးတာက လွဲလို့ရှိရင် သူတို့အတွက်က ပြုပြင်ပြောင်းလဲရေးဆိုတာ ဘာ အကျိုးမှ မရှိ ဘူး။ ဒီကိစ္စက တိုင်းရင်းသား ဒေသတွေတင်မကဘူး။ ကြေးစင်တောင်ဘက်ကို ကြည့်လိုက်မယ်ဆိုရင် လယ်သမား တွေဟာ ထောင်နဲ့သောင်းနဲ့ချီပြီး ဒုက္ခရောက်ကြတယ်ဆိုတော့ ဗမာပြည်မှာရှိတဲ့ လူအများစု အတွက် ပြုပြင်ပြောင်းလဲမှုတွေက အကျိုးမရှိတဲ့အပြင် အကျိုးတောင်ယုတ်တယ်လို့ လက်ရှိအနေ အထားအရ မြင်နေရတယ်။ ဒါကြောင့် ဒီပြုပြင်ပြောင်းလဲရေး လုပ်တဲ့ကာလကို ကျွန်တော့် အနေနဲ့ အလွန်ကို သံသယရှိတယ်။

MAWKUN: ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နော်ဝေပါဝင် ပတ်သက်နေတာကို ဘယ်လိုမြင်လဲခင်ဗျ။ နိုင်ငံတကာမှာရော သူတို့ တကယ်စွမ်းဆောင်နိုင်တာရှိလားခင်ဗျ။ နောက်ကွယ်မှာ ဘယ်လို အကျိုးစီးပွားတွေ ရှိတတ်ကြသလဲ။

Dr.Zarni: နော်ဝေက ဗမာပြည်ထဲကို ဝင်လာတာက ရှင်းရှင်း လေး။ နော်ဝေဝင်လိုက်တဲ့နိုင်ငံတိုင်းမှာ ငြိမ်းချမ်းရေး ပီပီပြင်ပြင် ရသွားတဲ့နိုင်ငံဆိုတာမရှိဘူး။ ပါလက်စတိုင်းနဲ့ အစ္စရေးကိစ္စကို ကြည့်မယ်ဆိုရင် ၁၉၉၅ မှာ ပါလက်စတိုင်းခေါင်းဆောင် ရာဆာအာရာဖတ်နဲ့ အစ္စရေးဝန်ကြီးချုပ်တို့နဲ့ အော်စလိုငြိမ်းချမ်း ရေးဆွေးနွေးပွဲဆိုပြီးတော့ နော်ဝေကလုပ်တယ်။ စာချုပ်တချို့ ချုပ်လိုက်တယ်။  ဒါပေမဲ့ ဒီနေ့အထိ အစ္စရေးနဲ့ ပါလက်စတိုင်းနဲ့ ဂါဇာမှာချနေတုန်းပဲ။ ဆိုလိုတာက အော်စလို (နော်ဝေ) ဝင်လုပ် လိုက်လို့ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးရသွားတယ်ဆို တာမရှိဘူး။ အာရှတိုက်ကိုဝင်လာတဲ့အခါကျတော့လည်း နော်ဝေဝင်လာလို့ ငြိမ်းချမ်းရေးရသွားတယ်ဆိုတာ ကျွန်တော် တစ်ခါမှ မတွေ့ ဖူးဘူး။ ခင်ဗျား သီရိလင်္ကာနိုင်ငံကို ကြည့်လိုက် ဗျာ။ သီရိလင်္ကာ၊ ကိုလံဘိုမြို့မှာ ဗုဒ္ဓဘာသာအမည်ခံထားတဲ့ ကိုလံဘိုအစိုးရနဲ့ ခရစ်ယာန်အများစုဖြစ်တဲ့ ကျားသူပုန်အဖွဲ့နဲ့ တိုက်ကြတဲ့ ကိစ္စ။ (နောက်ဆုံး) ကျားသူပုန်တွေ လက်နက်ချပြီး တဲ့အခါမှာ (အစိုးရတပ်က) သတ်ပစ်တာ အစုလိုက်၊ အပြုံလိုက်။ နော်ဝေကလည်း ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးလုပ်ချင်တဲ့ နိုင်ငံတစ်နိုင်ငံပဲ။ အကျိုးအမြတ်ရဖို့အတွက်လာတာ။ ဒါ ကြောင့် မို့လို့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့သိဖို့ရာက နိုင်ငံခြားက ဝင်လာတယ်ဆိုရင် စီးပွားရေးသမားပဲဝင်ဝင်၊ နိုင်ငံရေးသမား ပဲဝင်ဝင်၊ ဘယ်သမ္မတပဲလာလာ သူတို့အကျိုး စီးပွားအတွက် လာတာ။ ကျုပ်တို့နိုင်ငံကြီး လမ်းပွင့်သွားဖို့တို့၊ ကျုပ်တို့နိုင်ငံ ကလူတွေ ထမင်းနပ်မှန်အောင်စားဖို့တို့၊ ရှေ့မှာ စီးပွားရေးတွေ ကောင်းလာဖို့အတွက် လာတာမဟုတ်ဘူး။ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ တစ်နပ်မှ အလကားစားရတဲ့ ထမင်း၊ တစ်ခွက်မှ အလကားသောက်ရတဲ့ လက်ဖက်ရည်ဆို တာမရှိဘူး။ ကျုပ်တို့ကို ချစ်လို့လာတာ တစ်ကောင်မှ မရှိဘူး။

MAWKUN: ရခိုင်ကိစ္စမှာ အစိုးရရဲ့ ကိုင်တွယ်ပုံကို ဘယ်လို မြင်လဲခင်ဗျ။

Dr.Zarni:  အစိုးရက နောက်ကွယ်မှာ ပါတဲ့အနေအထားလို့ ကျွန်တော်သုံးသပ်လို့ရတယ်။မေလထဲမှာ ရခိုင်အမျိုးသမီး ဗလက္ကာရအပြုခံရပြီး အသတ်ခံရတယ်။ နောက် ဗမာသတင်းစာ တွေထဲမှာပါတာကလည်း ရခိုင်ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်ကိုမွတ်ဆလင်သုံးယောက်က ဗလက္ကာရကျင့်ပြီး ရက် ရက်စက်စက်သတ်လိုက်တယ်ဆိုတဲ့သတင်းပါတယ်။

အဲဒီသတင်းထွက်လာပြီးတဲ့အခါ တောင်ကုတ်ဘက်မှာ မွတ်ဆလင် ဆယ်ယောက်လောက်ကို လူ ၃ဝဝ လောက်က သတ်လိုက်တယ်ဆိုတော့ စဉ်းစားကြည့်။ အစိုးရပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အစိုးရနဲ့မကင်းတဲ့ အဖွဲ့ရဲ့ လက်ချက်ပါနေတယ်လို့ ကျွန်တော်မြင်တယ်။ ရခိုင်တွေနဲ့ မွတ်ဆလင်တွေနဲ့ တစ်ယောက် နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေတဲ့ အသိုင်းအဝိုင်းရှိတယ်။ ကျောက်နီမော်လိုနေရာမျိုးကိုကြည့်လိုက်။ ဆွေစဉ်မျိုးဆက်နေ လာတာ။ ဘာမှ ပြဿနာမရှိဘူး။ ရခိုင် ဗုဒ္ဓဘာသာတွေနဲ့ မွတ်ဆလင်တွေ၊ ဘင်္ဂါလီပဲခေါ်ခေါ်၊ ရိုဟင်ဂျာပဲ ခေါ်ခေါ် တစ် ယောက်နဲ့ တစ်ယောက် ရိုက်နေကြတာ၊ ခုတ်နေကြတာ မရှိခဲ့ ဘူး။ အဲလိုအနေအထားမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် ရက်ရက်စက်စက်လုပ်လာကြအောင် ဘယ်သူက နှပ်ကြောင်းပေး လိုက်တာလဲ။ အဲဒီနှပ်ကြောင်းပေးလိုက်တဲ့အထဲမှာ အစိုးရက ဘယ်အတိုင်းအတာအထိပါသလဲ။ နောက်စုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့တဲ့အခါမှာ၊ ဦးသိန်းစိန်က ကုလသမဂ္ဂကို မိန့်ခွန်းပြောတဲ့ အခါမှာ ဒီ၂၇ ယောက် ဟာ တိုင်းပြည်ရဲ့ မျက်နှာဖုံးတွေဖြစ်တယ် ဆိုပြီးပြောတယ်။ ဒါပေမဲ့ စုံစမ်းရေးကော်မရှင်ကိုပထမဆုံးဖွဲ့တဲ့ နေ့ကတည်းက အစိုးရက ဘာမှ ပီပီပြင်ပြင်အကူအညီမပေးခဲ့ဘူး။ ရုံးလည်းမပေးခဲ့ဘူး။ ငွေလည်း မပေးခဲ့ဘူး။ တောင်းဆိုထားကြတဲ့ လုံခြုံရေးအရာရှိတွေနဲ့လည်း ပီပီပြင်ပြင်တွေ့ ခွင့်မပေးဘူး။ စုံစမ်းစစ်ဆေးရေးကော်မရှင်ကြီးက အခုကျတော့ ကိုဇာဂနာတို့၊ ကိုအောင်နိုင်ဦးတို့၊ နောက်တစ်ခါ ဒေါက်တာအန်ဒရူးဆိုတဲ့ ချင်းလူမျိုး ဥပဒေပညာရှင်တို့ဟာ ဘာမှ ပီပီပြင်ပြင်လုပ်နိုင်တဲ့ အနေအထားမျိုးမရှိတော့ဘူး။ နောက်တစ်ခုက စုံစမ်းစစ်ဆေး ရေးလုပ်တယ်ဆိုတာက အနောက်က ဖိအားတွေ ဝင်မလာ အောင် လုပ်တာဖြစ်မယ်။ ဒီလူမျိုးရေးပြဿနာက အစိုးရဘက်က တစ်နည်းတစ်ဖုံနဲ့နိုင်ငံရေးကို ကစားတာလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်အပြင်ကနေပြီးတော့ သားပုပ်လေလွင့် စွပ်စွဲတာ မဟုတ်ဘူး။နောက်ပြီးတော့ စဉ်းစားမယ်ဆိုလို့ရှိရင် လူမျိုးရေး အရေးအခင်း စဖြစ်ကတည်းက သမ္မတဦးသိန်းစိန်ရဲ့ စကားတွေက လေး၊ ငါးခါ လောက်အမျိုးမျိုး စကားလမ်းကြောင်းတွေက ပြောင်းသွားတယ်။

ကုလသမဂ္ဂမဟာမင်းကြီး လာတဲ့အခါကျတော့ ဒီဘင်္ဂါလီ တွေဟာ ကျွန်တော်တို့နိုင်ငံကဟာတွေ မဟုတ်ပါဘူး။ တရားမဝင် ခိုးဝင်လာတဲ့သူတွေပါ။ သူတို့ကို တခြားနိုင်ငံကို ပို့ချင်ပို့၊ ဒါမှ မဟုတ်ရင်လည်း တစ်နေရာမှာ ဒုက္ခသည်စခန်းဆောက်ပြီးတော့ ကုလသမဂ္ဂက ကျွေးထားပါလို့ပြောတယ်။ နောက်တစ်ခါ VOA နဲ့ အင်တာဗျူးတဲ့အခါကျတော့ လေသံကပြောင်းသွားတယ်။ မဟုတ်ဘူးတဲ့၊ ကျွန်တော်တို့ စစ်ဆေးပြီးပါပြီတဲ့။ အများစုက တော့ ကျွန်တော်တို့နိုင်ငံမှာရှိပြီးသား၊ ကျွန်တော်တို့နိုင်ငံသား တွေပါတဲ့။ နောက်မှဝင်လာတဲ့လူက အလွန်နည်းပါတယ် ဆိုပြီးတော့ ပြောထားတယ်။

ကျွန်တော်ပြောချင်တာက သမ္မတလိုပုဂ္ဂိုလ်ကြီးကတောင် မျိုးစုံပေါ့ဗျာ။ ဒီကွေ့မှာ ဒီတက်နဲ့လှော်ဆိုတဲ့ ပုံစံမျိုးနဲ့။ အဲဒါ တွေကို ကြည့်ပြီးတော့ ကျွန်တော်ထင်တယ်။ နေပြည်တော်က မရိုးမသားနဲ့ ဝင်ပြီးတော့ ပါတယ်လို့ထင်တယ်။ ၁၉၆၇ မှာလည်း တရုတ်-ဗမာ အရေးအခင်းကို သူတို့ဖန်တီးခဲ့တယ်။ အမျိုးမျိုး ပေါ့ဗျာ။ သမ္မတ အကြံပေးလုပ်နေတဲ့ ဒေါက်တာကျော်ရင်လှိုင်ကတောင်မှ သူစာရေးထားတဲ့အထဲမှာ ရှိပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်တို့ပြုတ်သွားပြီးတဲ့ နောက်ပိုင်းမှာ မွတ်ဆလင်အရေးအခင်းကို ဖန်တီးဖို့ ထောက်လှမ်းရေးဘက်က လုပ်တယ်ဆိုတဲ့ စကားတွေ။ ဒေါက်တာကျော်ရင်လှိုင်ကိုယ်တိုင်က ရေးထားတာဆိုတော့ နေပြည်တော်က လူတွေကို ကျွန်တော်က လုံးဝအယုံအကြည်ကို မရှိဘူး။  ဒီလူတွေက အာဏာရရေးအတွက် တစ်ယောက်နဲ့ တစ်ယောက် တည်ပေးတာ၊ တို့ပေးတာတွေ လုပ်ခဲ့ကြတယ်။ အောက်ခြေကလူတွေမတည့်မှ ယာလည်းညက်စေ၊ ကြက်လည်း ပန်းစေဆိုတဲ့အနေနဲ့ ကြက်ကိုလည်းဖမ်းမယ်၊ ယာကိုလည်း ထွန် ပြီးသားဖြစ်သွားမယ်ဆိုတဲ့ သဘောမျိုးလို့ ကျွန်တော်မြင်တယ်။

MAWKUN: ရခိုင်မှာ လူအုပ်စုနှစ်ခုကြားမှာ မုန်းတီးရေးတွေ တအားမြင့်မားနေတဲ့အချိန်မှာ တချို့ယူဆကြတာက ဘယ်လို နည်းနဲ့မှ ဒီလူအုပ်စုနှစ်စုဟာ အရင်လိုအနေအထားမျိုးပြန်နေလို့ မရတော့ဘူး၊ အတူထားဖို့လည်း မသင့်တော့ဘူးဆိုပြီးတော့ ပြောကြတယ်။ တချို့ကပြောတာက အချိန်ကာလတစ်ခုကို ဖြတ် သန်းပြီးတဲ့အခါမှာ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုရှိလာတဲ့ အခါကျရင် အရင်လို အနေ အထားမျိုး ပြန်ပြီးထားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတယ်။ အဲဒီပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။

Dr.Zarni:  မြစ်ဝကျွန်းပေါ်ဒေသမှာ BIA(Burma Independence Army) ၊BDA(Burma Defense Army) ခေတ်က ဗိုလ်မိုးကြိုးနဲ့ တော်တော်နီးစပ်တဲ့ ဖက်ဆစ်ဂျပန်စစ် အရာရှိ နှစ်ယောက်ကို  ကရင်တွေဘက်က သတ်လိုက်တာရှိ တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဗိုလ်မိုးကြိုးက တွေ့သမျှကရင် တွေကို အကုန်သတ်ဆိုပြီးတော့ အမိန့်ပေးခဲ့တာရှိတယ်။ BIA တပ်ကလည်းပါတယ်။ ဗိုလ်မိုးကြိုးရဲ့တပ်တွေလည်းပါတယ်။ ကရင်တွေကို အစုလိုက်၊ အပြုံလိုက် သတ်လိုက်ကြတယ်။ ဦးနု တက်လာတဲ့အချိန် ၁၉၄၉-၅ဝ မှာလည်း ကရင်တွေနဲ့ဗမာတွေနဲ့ တစ်ဘက်နဲ့တစ်ဘက် သတ်ကြတာရှိတယ်။ ကိုယ်ဝန်ဆောင် ကိုသတ်ပြီး ဗိုက်ထဲကကလေးကို ဆွဲထုတ်တာတို့ အဲဒီလောက် အထိ ရက်ရက်စက်စက်သတ်ခဲ့တာတွေရှိပါ တယ်။

မုန်းတယ်ဆိုတာ တစ်သက်လုံးမုန်းဖို့ဆိုတာမဖြစ်ပါဘူး။ ကျွန်တော်တို့က ဗုဒ္ဓဘာသာတွေနော်။ ချစ်တာတို့၊ မုန်းတာ တို့ဟာ မြဲတဲ့ကိစ္စတွေမဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် နေလို့ မရဘူးဆိုတာက ဝင်ပြီးတော့ တွန်းကြတာပေါ့ဗျာ။ ရခိုင် တွေအားလုံးနဲ့ မွတ်ဆလင်တွေ အကုန်လုံးဖြစ်တာ မဟုတ်ပါဘူး။ ကောင်းတဲ့ရခိုင်တွေ အများကြီးရှိတယ်။ ဆိုးတဲ့ ရိုဟင်ဂျာတွေ လည်း အများကြီးရှိတယ်။ ကောင်းတဲ့ ရိုဟင်ဂျာတွေလည်း ရှိတယ်။ ဆိုးတဲ့ရခိုင်တွေလည်း ရှိတယ်။ ဖြစ်ခဲ့တာတွေက အလွန် ကို ဝမ်းနည်းစရာကောင်းတယ်။ ၁၉၃ဝ နာဇီဂျာမနီလို ပုံစံမျိုး အထိဖြစ်လာတယ်ဆိုတာက ဘေးကနေပြီး သွေးထိုးတာတွေ ပါတယ်။ မြှောက်ပေးတာတွေပါတယ်။ အဲတော့ စနစ်တကျ အချိန်ယူပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် နောက် ၁ဝ နှစ်၊ ၁၅ နှစ်မှာ ပြေလည်ပြီးတော့ ပြန်ပြီးတော့ ကောင်းကောင်းမွန်မွန်နေနိုင်တဲ့ အနေအထားမျိုး ရောက်သွားဖို့ အလားအလာရှိပါတယ်။ အမေရိ ကန်နိုင်ငံကိုပဲကြည့်လိုက်။ လူမည်းတွေကို ကျွန်လုပ်ထားတာက နေပြီးတော့ ဒီကနေ့အချိန်မှာ လူမည်းသွေး တစ်ဝက်ပါတဲ့ သမ္မတကနေပြီးတော့ လူဖြူအများစုဖြစ်တဲ့နိုင်ငံမှာ သမ္မတ တက်လုပ်နိုင်တဲ့အနေအထားမျိုး။

ကြီးတဲ့အမှုကိုငယ်အောင်၊ ငယ်တဲ့အမှုကို ပပျောက်အောင် လုပ်တာ မဟုတ်ဘဲနဲ့ ငယ်တဲ့အမှုကိုကြီးအောင်၊ ကြီးတဲ့အမှုကို တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်အောင် လုပ်တဲ့အစိုးရမျိုးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး သင့်သင့်မြတ်မြတ် နေလို့ရမလဲ။

ဘယ်လိုအစိုးရမျိုးက တိုင်းပြည်ကို အုပ်ချုပ်တာလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့တိုင်းရင်းသားတွေအချင်းချင်း ချစ်ချစ် ခင်ခင်နေမှာလား၊ ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူထားပြီးတော့ သင့်သင့်မြတ်မြတ်နေမှာ လားဆိုတဲ့ မေးခွန်းကို အဖြေပေးလို့ရမယ်။ အုပ်ချုပ်သူတွေက တစ်ယောက် နဲ့တစ်ယောက် အမြင်ကွဲပြားတာတွေကို အမြတ်ယူပြီးတော့ နိုင်ငံရေးသွေးစုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဆယ်နှစ် တစ်ခါ၊ ၁၅ နှစ်တစ်ခါ၊ နှစ် ၂ဝ တစ်ခါဆိုသလိုပဲ တိုင်းပြည်မှာ စစ်ဘေးရော၊ ဘာသာရေးမီးရော ဘယ်တော့မှ ငြိမ်းမှာ မဟုတ်ဘူး။      အပိုင်း( ၂ )သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here