ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၅) မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။
တောတွင်းသို့စဝင်ကြပြီ
မနက်၆နာရီခွဲသည်နှင့်မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီးမနက်စာကြက်ဥကြော်နှင့်ထမင်းကြော်ကိုစားသောက်ကြသည်။ပြီးလျှင်သွားလာဖို့အတွက် ပြင်ကြဆင်ကြတော့သည်။ တောထဲတွင်အဓိကလိုအပ်သည်မှာရိက္ခာဖြစ်သည်။ထို့ကြောင့်အခြေခံဆန်၊ဆီ၊ဆားကိုတော့လုံလောက်စွာထည့်ရသည်။
ဟင်းစားကတော့ တောထဲတွင် ဖြစ်သလိုပင်။မိမိတို့တွင်ပါလာကြသည့်ငါးခြောက်ငါးခြမ်းလေးများနှင့်စားကြမှာဖြစ်ပြီး တောထဲတွင် မျောက်(သို့) တောကောင်များပစ်လို့ရပါကဟင်းအဖြစ်သုံးဆောင်ရမည်ဟုအရင်နှစ်က ဆေးသောက်ပွဲလိုက်ပါဖူးသူခမောင်းသွယ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်ကိုလွှမ်းမိုးက ပြောပြသည်။
ဆန်ကိုတော့တစ်ယောက်ကိုတစ်ပြည်ကျကြွပ်ကြွပ်အိတ်နှင့်ခွဲသယ်ကြရသည်။ထို့အပြင် ဆေးကျိုရန်ဒယ်အိုးတို့ကိုလည်းကိုယ်စီသယ်ဆောင်ရသည်။ဦးစောကဲဒိုတို့ဆိုလျှင်ဆန်အပြင်ဆီ၊ဆား၊ ဆေးကျိုဖို့ဒန်အိုးစသဖြင့်ဆာလာအိတ်နှင့်အပြည့်သယ်ရသည်။
ကျွန်တော်ကတော့သက်သာပါသေးသည်။ဆန်တစ်ပြည်၊ ကျောပိုးအိတ်တစ်လုံး၊ဟန်းကောချိုင့်တစ်လုံးပါသည်။ဒါတောင်ကျွန်တော့်အဖို့ လေးလှသည်။ကျွန်တော်တို့အဖွဲ့တွင်ပါသောမိန်းကလေးများလည်းထိုနည်းတူ။ကိုယ့်ဆန်အိတ်၊ကိုယ့်ဒန်အိုး လေးတွေကိုယ်စီနှင့်။
ခုနစ်နာရီခွဲသည်နှင့်ကျွန်တော်တို့အဖွဲ့ဆိုင်ကယ်နှင့်ဆိတ်ဖြုံးကျေးရွာသို့ထွက်လာခဲ့ကြသည်။ကျွန်တော်တို့ကိုဦးဆောင် ခေါ်သွားမည့် ဆေးဆရာအိမ်သို့ဖြစ်သည်။ လေးဆယ့်ငါးမိနစ်ခန့်ဆိုင်ကယ်မောင်းပြီးသောအခါ ဆေးဆရာအိမ်သို့ ရောက်ရှိသည်။ ဆေးဆရာအိမ်ကနှစ်ထပ်ခြေတံရှည်အိမ်ဖြစ်သည်။ခြံထဲတွင်ကွမ်းပင်၊သီးပင်စားပင်နှင့်သစ်ခွပန်းများကိုစိုက်ပျိုးထားသည်။
အိမ်အပေါ်ထပ်တွင် ဆေးသောက်ပွဲသို့လိုက်ပါမည့်ရွာခံများကိုလည်းထပ်တွေ့ရသည်။ကျွန်တော်တို့အဖွဲ့လည်း ဆေးဆရာနှင့် ခေတ္တစကားပြောကြသည်။ ဆေးသောက်ပွဲအတွေ့အကြုံများအကြောင်းဖြစ်သည်။
ဆေးဆရာကြီးနာမည်ကဦးစောဖိတတ်။ပုံစံကဂင်တိုတို၊အသက်က ခြောက်ဆယ်ရှိပြီဖြစ်သည်။အသက်အရွယ်နှင့်မလိုက်အောင်ဖျတ်လတ်လွန်းလှသည်။အသားကနဂိုဖြူသော်လည်း နေပူဒဏ်ကြောင့်ညိုညစ်ညစ်ဖြစ်နေဟန်တူသည်။ပါးစပ်ထဲမှာလည်းကွမ်းတွေကအပြည့်။သွားတွေပင်မမြင်ရ။ရဲရဲနီနေသည်။
သူက ဆေးဆရာမျိုးရိုးတော့မဟုတ်။အိမ်ထောင်ကျမှ ဆေးဆရာဖြစ်လာခြင်းဖြစ်သည်။သူ၏ယောက္ခမက ဆေးဆရာကြီးဖြစ်ပြီးသူ့သမီးနှင့်အကြောင်းပါသောအခါသူကိုယ်တိုင် ဆေးဆရာဖြစ်လာသည်။ ဆေးဆရာကြီး၏ဇနီးကလည်းသူ့ဖခင်၏ ဆေးပညာအမွေကိုအကုန်ရရှိထားသူဖြစ်သည်။သူငယ်စဉ်၁၂နှစ်သမီးတည်းကဖခင်ဖြစ်သူက တောထဲ ဆေးသွားနုတ်သည့်အခါ ခေါ်သွားပြီးသင်ပြပေးသည်ဟုယခုအသက်၄၈နှစ်အရွယ်ရှိပြီဖြစ်သော ဒေါ်နော်ထီးဖောကရှင်းပြပါသည်။
ဆေးသောက်ပွဲလိုက်မည့်သူများထဲတွင် ကျောင်းဆရာမပါသည်။မုဆိုးပါသည်။ထားဝယ်ဒေသခံလူမှုအဖွဲ့အစည်းတွေပါသည်။ နောက်သတင်းသမားဆိုလျှင်ကျွန်တော်နှင့်ကိုတင့်လွင်၊အားလုံးပေါင်း၃၄ ယောက်ရှိသည်။မိန်းကလေးက၁၃ ယောက် ဖြစ်သည်။
ဆေးဆရာကြီးအိမ်မှကိုးနာရီထိုးသည်နှင့်ကျွန်တော်တို့အဖွဲ့ဆိုင်ကယ်ကိုယ်စီနှင့်ထွက်လာခဲ့ကြသည်။ တောထဲကိုဆိုင်ကယ်စီးလို့ရသောနေရာအထိစီးသွားကာထိုမှတစ်ဆင့် ဆေး တောင်သို့လမ်းလျှောက်ရမည်ဖြစ်သည်။လမ်းတွင်ရှိသော ဈေးဆိုင်တစ်ခုတွင်လိုအပ်သောပစ္စည်းအနည်းငယ်ကိုဝယ်ကြသေးသည်။ကျွန်တော်ကမုန့်ထုပ်အချို့နှင့် ခေါင်းမှာတပ်လို့ရသည့်လက်နှိပ်ဓာတ်မီးတစ်ခုဝယ်လိုက်သည်။
ရေသန့်ဘူးသုံး၊ လေးဘူးဝယ်မည်လုပ်တော့ကိုတင့်လွင်ကအလေးခံသယ်မနေနဲ့ဟုဆိုသည်။ တောထဲတွင်စမ်းချောင်း ရေက ရေသန့်ထက်ပိုကောင်းသည်ဟု ညွှန်းတာကြောင့်ကျွန် တော်လည်းမဝယ်ဖြစ်တော့။စဉ်းစားကြည့်မိတော့သုံး၊ လေးရက်စာ ရေကိုလည်းသယ်နိုင်မည်မဟုတ်။ထို့ကြောင့်လမ်းမှာ သောက်ဖို့ ရေတစ်ဘူးသာဝယ်ခဲ့လိုက်တော့သည်။
Photo: Thet Oo Mon တနင်္သာရီသစ်တော ကြိုးဝိုင်းနယ်မြေ အမှတ်အသားတိုင်
ခရီးကြမ်းတဲ့ တောတွင်းလမ်း
ကျွန်တော်တို့က ဆေးတောင်ရှိသည့်နေရာသို့ဆိတ်ဖြုန်း ကျေးရွာအနောက်မြောက်ဘက်မှထွက်လာခဲ့ကြသည်။ရွာတချို့ကို ဖြတ်ရသည်။ရွာထဲက ဖြတ်သွားသည့်အခါလမ်းကဆိုင်ကယ်စီးလို့အဆင်ပြေနေသေးသည်။ဒါပေမဲ့တစ်စတစ်စ တောထဲ ရောက်လာသည့်အခါမှာတော့လမ်းကြမ်းကအစပြုလေပြီ။
လမ်းတွေကဆိုင်ကယ်လမ်းမဟုတ်။လှည်းလမ်း၊သဲလမ်း၊ ကျောက်တုံးလမ်းတွေပေါ်က ဖြတ်သန်းသွားရသည်။ မြက်တောထူထူထဲ ဖြတ်ရသည့်အခါဆူးတွေ၊ချုံတွေကဆိုင်ကယ်နှင့်မလွတ်။ကျွန်တော်က ဘောင်းဘီတိုဝတ်ထားတော့ပိုဆိုးသည်။ ခြေသလုံးတစ်ဝိုက်ပွန်းရာ၊ရှရာများနှင့် ဖြစ်နေတော့သည်။
ချောင်းတွေကို ဖြတ်ရသည်ကပင် လေး၊ငါးခါ။ထိုအခါများတွင်ဆိုင်ကယ်ကိုနှစ်ယောက်စီးလို့မရ။လမ်းဆင်းလျှောက်ရသည်။ဆိုင်ကယ်ပေါ်လိုက်ရသည်မှာလွယ်လှသည်မဟုတ်။အထုပ်အပိုးတွေမကျအောင်ကိုင်ရသေးသည်။ဆိုင်ကယ်ပေါ်က ပြုတ်မကျအောင်လည်းထိန်းထားရသည်။အခြားသူတွေတော့ဘယ်လိုနေသည်မသိ။ကျွန်တော်ကတော့ဆိုင်ကယ်ပေါ်က ပြေးဆင်းချင်စိတ်ပင် ပေါက်သည်။
တောလမ်းဖြစ်သည့်အတွက်တစ်ခါတစ်ရံလမ်းစပျောက်တတ်သေးသည်။တစ်ခါကျွန်တော်တို့တစ်စီးတည်း ရှေ့ရောက်သွားသည်။အတော်ကြာမှ နောက်ကဆိုင်ကယ်များမပါလာသည့်အခါထိုင်စောင့်ရပါသေးသည်။လမ်းကကြမ်းသောကြောင့်ပါလာသည့်ဆိုင်ကယ်များလည်းစက်ချွတ်ယွင်းကြသည်။တစ် ယောက်နှင့်တစ်ယောက် စောင့်နေကြရသောကြောင့်လည်းခရီးကမတွင်ဖြစ်နေသည်။
တောလမ်းကြမ်းကိုသုံးနာရီခန့်ခက်ခက်ခဲခဲစီးပြီးသောအခါတွင်တော့ဆိုင်ကယ်လမ်းဆုံးသို့ ရောက်ရှိပါတော့သည်။ပါလာသည့်ဆိုင်ကယ်များကိုထိုနေရာတွင်ထားခဲ့ရမည်ဖြစ်သည်။ နေရာလေးကအတော့်ကိုသာယာလှသည်။ တောတွေ၊ တောင် တွေကို ဖြတ်သန်းစီးဆင်းလာသည့်စမ်းချောင်းကထိုနေရာလေးတွင်အိုင်လိုဖြစ်နေပြီး ရေများကကြည်လင်အေးမြနေသည်။သဘာဝရေအိုင်ဖြစ်သည်။
ထိုနေရာတွင်ခဏနားပြီး ရေအိုင်တွင် ရေဆင်းချိုးကြသည်။အချိန်က နေ့လယ်၁၂နာရီထိုးပြီဖြစ်သောကြောင့်ထို နေရာမှာပဲ နေ့လယ်စာစားသောက်ဖို့ ပြင်ကြပါသည်။ ကျောက်ခဲတုံးတွေနဲ့မီးဖိုဖိုပြီးထမင်းအိုးတည်ကြသည်။
ဟင်းကတော့ပါလာသည့်ကြက်သားကို ရေပေါလောနှင့်ခပ်စပ်စပ်ကလေးချက်ထားသည်။ပန်းကန်ကတော့စတီးပန်းကန် တွေပါသည်။သို့သော်ပန်းကန်များကမလောက်င။ကိစ္စမရှိ၊ငှက်ပျောဖက်၊ဒန်အိုးအဖုံးများနှင့်စားကြသည်။ခရီးကပန်း၊ဗိုက်ကဆာနှင့် တောတွင်းပထမဆုံးစားရသည့်ထမင်းဝိုင်းကမြိုင်ဆိုင်သွားသည်။
အားလုံးအပန်းပြေကြသည်နှင့်ဆိုင်ကယ်များကို သော့ခတ်ကာချုံထဲ၊သစ်ပင်ကြီးများဘေးတွင်စုကာထားလိုက်ကြသည်။ တောင်တက်လမ်းစချေပြီ။လမ်းကသိပ်မတ်စောက်လှသည်မဟုတ်။ခပ်ပြေပြေပင်။သို့သော်အထုပ်အပိုးများနှင့်တက်ရသောကြောင့်အတော်ပင်ပန်းလှသည်။ တောကအစမို့အပင်ကြီးတွေကသိပ်မရှိ။ဝါးရုံတောတွေကတော့ ဘေးဘီဝဲယာတွင်ထူထပ်စွာ ပေါက်ရောက်နေသည်။လမ်းတစ်လျှောက်ဆင်များကို ထောင်ချောက်ဆင်ဖမ်းသော မြေကျင်းများကိုလည်း တွေ့ရသည်။ဆင်တစ်ကောင်ဆံ့သည့်အနက်နှင့်အကျယ်ရှိသည့် မြေကျင်းများပင်ဖြစ်သည်။
နာရီဝက်လောက်လမ်းလျှောက်လိုက်၊တစ်ခါနားလိုက်နှင့်နှစ်နာရီလောက်လမ်းလျှောက်ပြီးသောအခါကျွန်တော်တို့ညအိပ်စခန်းချမည့် ချောင်းကြီးချောင်းနေရာသို့ ရောက်သည်။ ချောင်းကြီးချောင်းဟုဆိုသော်လည်း ချောင်းမှာသိပ်မကျယ်လှ။ တောတွင်းစခန်းချသည့် နေရာတွင်အရေးကြီးဆုံးက ရေရရှိ သော နေရာပင်ဖြစ်သည်။
စခန်းချသည့်နေရာကဝါးတောကြီးဖြစ်သည်။သစ်ပင်ကြီးအနည်းငယ်ကိုလည်း တွေ့ရသည်။စခန်းချဖို့ ယောကျ်ားလေးများက ချောင်း၏ညာဘက်အခြမ်းတွင် နေရာယူကြသည်။မိန်းကလေးများက ချောင်းဘယ်ဘက်အခြမ်းတွင် နေရာယူပါသည်။ နေရာယူသည့် နေရာတွင်ညဘက်အိပ်ရန်ကြိုးပုခက်များကိုဆင်ကြသည်။ ရေချိုးသူကချိုး၊ထမင်းချက်ရန် ပြင်သူက ပြင်နှင့်စခန်းမှာဆူညံနေပြီး ပျော်စရာကောင်းလှပါသည်။
ကျွန်တော်သည် ရေချိုးပြီးသည်နှင့်ဓာတ်ပုံလျှောက်ရိုက် တော့သည်။ကျွန်တော့်အဖို့ မြင်မြင်သမျှအသစ်အဆန်းတွေချည်းသာ။ဒါကြောင့်ထားဝယ်CSOအဖွဲ့မှကိုမျိုးသူကကင်မရာဘက်ထရီကို နောက်နေ့ရိုက်ရန်ချန်ထားပါဦးဟုကျွန် တော့်ကိုလှမ်းပြောပါသည်။ကျွန်တော်ကကင်မရာဘက်ထရီအပိုထည့်ယူလာပါသည်ဟု ပြန်ပြောလိုက်သည်။သူကကျွန် တော်အလုပ်လုပ်နေသည့်မဂ္ဂဇင်းကိုအစွဲပြုပြီးစကားပြောသည့်အခါကိုမော်ကွန်းဟုခေါ်သည်။သူကအသက်၂၄နှစ်။ကျွန် တော့်ထက်တစ်နှစ်သာငယ်သည်။ အပိုင်း(၁)သို့