Home သတင်းဆောင်းပါး ငလျင်က ခြိမ်းခြောက်၊ ရာသီဥတုက ဖောက်ပြန်၊ ဆည်တွေရဲ့ မနက်ဖြန် အပိုင်း(၂)

ငလျင်က ခြိမ်းခြောက်၊ ရာသီဥတုက ဖောက်ပြန်၊ ဆည်တွေရဲ့ မနက်ဖြန် အပိုင်း(၂)

152
0
Advertise Here

ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။

ကျော်ဇေယျ ရေးသည်။ သန်းထိုက် နှင့် မောင်သင်တုန်း ပံ့ပိုးသည်။

စောင့်ကြည့်မှုအားနည်း

Advertise Here

ငလျင်ဇုန်တွေထဲမှာကျနေတဲ့ ဆည်တွေနဲ့ပတ်သက်ရင် စောင့်ကြည့်လေ့လာမှုမရှိတာဟာ အားနည်းချက်တစ်ခုဖြစ်တယ် လို့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာဘူမိဗေဒဌာနက ဧည့်ပါမောက္ခဖြစ်တဲ့ ဦးကျော်ထွန်းကဆိုပါတယ်။

ပြတ်ရွေ့သေနဲ့ ပြတ်ရွေ့ရှင်ဆိုပြီးရှိတဲ့အထဲမှာ ”ပြတ်ရွေ့ရှင် နဲ့နီးတဲ့ ဆည်တွေကို အမြဲတမ်းလိုလို Monitor (စောင့်ကြည့် တာ)လုပ်ဖို့ လိုတယ်။ ငလျင်လှုပ်ပြီဆိုရင် ဆည်တွေကို ဘယ်လို မျိုးသက်ရောက်မှုရှိလဲ။ အက်ကွဲကြောင်းတွေပေါ်လား၊ မပေါ် ဘူးလား။  နောက်တစ်ခုက အဲဒီငလျင်ဇုန်အတွင်းမှာ ကျနေ တဲ့ဆည်တွေ စဆောက်စဉ်တုန်းက ငလျင်ဒဏ်ခံအောင်လုပ်ခဲ့တာ မှာ ကိုက်ညီမှုရှိလား၊ မရှိဘူးလားဆိုတာကို ပြန်လည်စစ်ဆေးဖို့ လည်းလိုတယ်”လို့ သူက တိုက်တွန်းပါတယ်။

အရင်က လွယ်လွယ်ဆောက်ခဲ့တဲ့ကိစ္စတွေ ရှိခဲ့တာကြောင့် အခုအချိန်မှာ အဲဒီလိုဆည်တွေကိုလည်း ပြန်ပြီးတော့ စစ်ဆေး သင့်တယ်လို့ ဦးကျော်ထွန်းက အကြံပြုပါတယ်။

ငလျင်ပညာရှင်တွေ သတိပေးနေတဲ့  အင်အားကြီး ငလျင် ပြန်လှုပ်နိုင်တဲ့  စစ်ကိုင်းပြတ်ရွေ့ အစိတ်အပိုင်းတွေကတော့  အထူးသဖြင့်  ၁၉၃ဝ မှာ နောက်ဆုံးလှုပ်ထားတဲ့  ပဲခူးငလျင် အစိတ်အပိုင်းနဲ့ ၁၈၃၉ မှာ နောက်ဆုံးလှုပ်ထားတဲ့ အင်းဝငလျင် အစိတ်အပိုင်းတို့ပါ။

အဲဒီငလျင်ဇုန်ဧရိယာတွေမှာ ရေထုထည် ဧကပေတစ် သိန်းအထက် သိုလှောင်ထားတဲ့ ရေလှောင်တမံကြီးတွေလည်း ရှိနေပါတယ်။

”အင်းဝငလျင်လှုပ်ခဲ့တဲ့ ပြတ်ရွေ့အစိတ်အပိုင်းကနေပြီး တော့ တောက်လျှောက် တောင်ဘက်အက်ဒမန်ပင်လယ်အထိ အစိတ်အပိုင်းတွေသည် အနာဂတ်ငလျင်လှုပ်ဖို့အတွက် အခွင့် အရေးများလာတယ်”လို့ ဒေါက်တာမျိုးသန့်က သတိပေးပါတယ်။

ငလျင်ကြီးတွေ ပြန်လည်လှုပ်ခတ်နိုင်တာကြောင့်လည်း ဆည်တွေအပါအဝင် ၂ဝ၁ဝ အရှေ့ပိုင်းမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို ပြန်လည်ဆန်းစစ်မှုတွေ လုပ်သင့်တယ် လို့ ဒေါက်တာမျိုးသန့်က ဆိုတာဖြစ်ပါတယ်။

Photo: Mg Thin Tone                                     ကင်းတပ်ရေလွှဲတမံကို တွေ့ရစဉ်

တည်ဆောက်မှုအပိုင်းမှာ စဉ်းစားစရာ

မြန်မာနိုင်ငံက ဆည်တွေဟာ ငလျင်ဒဏ်ခံနိုင်မှုနဲ့ ပတ် သက်ရင် အားလုံးမှာ ထည့်သွင်းတည်ဆောက်ထားတယ်လို့ ဆည်မြောင်းဦးစီးဌာနရဲ့ အောက်မြန်မာပြည်တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဇော်က ပြောပါတယ်။

ဒါပေမဲ့ ငလျင်ကြောင့် ဆည်တွေမပျက်စီးပါဘူးလို့တော့ ဘယ်သူမှ လုံးဝအာမမခံနိုင်ဘူးလို့ သူက ဆိုတယ်။ သူတို့ဌာန အနေနဲ့ ဆည်တွေတည်ဆောက်တိုင်းမှာ သက်ဆိုင်ရာဆည် တည်နေရာအလိုက် ငလျင်နဲ့ပတ်သက်တဲ့ ကိန်းသေတန်ဖိုးတစ်ခု စီထားပြီး တွက်ချက်တယ်လို့ သူက ပြောပါတယ်။ ဆည်တိုင်း၊ ဆည်တိုင်းမှာ ဘူမိဗေဒပညာရှင်တွေက ခန့်မှန်းပေးတဲ့ ငလျင် ဒဏ်ခံနိုင်ရည်ကို ဒီဇိုင်းရေးဆွဲသူက ထည့်သွင်း ဒီဇိုင်းလုပ်ပေမယ့် ဒီဇိုင်းလုပ်ထားတဲ့ ငလျင်ခံနိုင်ရည်နှုန်းထက် ပိုမြင့်တဲ့ ငလျင်လှုပ် ခဲ့ရင်တော့ အာမမခံနိုင်ဘူးလို့ သူက ဆိုပါတယ်။

”ဥပမာ-ကျွန်တော်တို့က ဆည်တစ်ခုကို တည်နေရာအရ ငလျင်နဲ့ ပတ်သက်ပြီး  0.1 g (Gravity Acceleration -ရေလှောင်တမံတစ်ခုကို ငလျင်ဒဏ်ခံနိုင်ရန် ဒီဇိုင်းလုပ်ရာတွင် ထည့်သွင်းတွက်ချက်ရသည့် ကိန်းသေ)နဲ့ ငလျင်ဒဏ်ခံနိုင်မှုကို ထည့်ပြီး တွက်ထားတယ်။ တကယ်လို့ ငလျင်က ထည့်တွက်ထား မှုထက် ပြင်းတဲ့ 0.15 g  နဲ့လာရင် အနည်းနဲ့ အများတော့ တမံ အပိုင်းမှာ ပြတ်ကျတာတို့၊ အက်သွားတာတို့၊ နိမ့်သွားတာတို့ဖြစ် ချင်ဖြစ်မယ်။  ဒါကိုတော့ ရှောင်လို့မရဘူး။ ဒါအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုရင် ဘယ်သူ့မှာမှလည်း တာဝန်မရှိဘူး”လို့ ဦးတင့်ဇော်က မော်ကွန်းကို ပြောပါတယ်။

ဆည်မှာ ထည့်သွင်းတွက်ချက်ထားတဲ့ ငလျင်ခံနိုင်ရည် အတိုင်းပဲ တူညီတဲ့အရှိန်နဲ့ ငလျင်လှုပ်လာခဲ့ရင်ရော တည် ဆောက်ပြီးစီးခဲ့တဲ့ ဆည်တွေဟာ ခံနိုင်ရည်ရှိမယ်လို့ အာမခံပါ သလားလို့ ဦးတင့်ဇော်ကို ထပ်မေးကြည့်တော့ ”ခံနိုင်ရည်ရှိနိုင်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ မော်ဒယ်လ် (ပုံစံငယ်) တွေ လုပ်ပြီးResearch (သုတေသန) တွေ လုပ်ထားတာ မရှိဘူးဗျ”လို့ သူက ဆိုပါတယ်။

ဆည်တွေမှာ ငလျင်ဒဏ်ခံနိုင်အောင် ထည့်သွင်းတွက်ချက် တဲ့  g တန်ဖိုးတွေကို အရပ်သားနားလည်တဲ့ ရစ်ချက်တာစကေးနဲ့ ပြန်လည်ရှင်းပြဖို့ခက်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တည်ဆောက်ကြတဲ့ ဆည်တွေမှာ g တန်ဖိုးကို နှစ်မျိုးနှစ်စားနဲ့ တွက်ထုတ်တယ်လို့ MNCOLD အဖွဲ့ဝင်လည်း ဖြစ်၊ ရန်ကုန်နည်းပညာတက္ကသိုလ် သတ္တုတူးဖော်ရေးအင်ဂျင်နီ ယာဌာန၊ ဧည့်ပါမောက္ခလည်းဖြစ်သူ ဒေါက်တာယုမောင်က ရှင်းပြတယ်။ ဆည်စီမံကိန်း ရှစ်ခုလောက်အတွက် ဒေါက်တာယု မောင်က g တန်ဖိုးတွေကို တွက်ချက်ပေးဖူးပါတယ်။

မြန်မာနိုင်ငံမှာ ဆည်တွေစတင်တည်ဆောက်စဉ်က ဆည် ဆောက်မယ့်ဧရိယာရဲ့ ကီလိုမီတာ ၃ဝဝ (၁၈၆ မိုင်) ဝန်းကျင်မှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးလှုပ်ခဲ့တဲ့ ငလျင်စကေးကိုယူပြီးယင်းလှုပ်အားကို ခံနိုင်ရည်ရှိမယ့် g တန်ဖိုးကိုကိန်းသေထား တည်ဆောက်ပါတယ်။ ဒါပေမဲ့လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်ကစပြီး ဆည်တည်ဆောက်မယ့်ဧရိယာရဲ့ ကီလိုမီတာ ၃ဝဝ ဝန်းကျင်မှာ Probabilistic Analysis လို့ခေါ်တဲ့ လှုပ်ခဲ့သမျှ ငလျင်စကေး အကြီးအသေးအားလုံးအပေါ်မူတည်တွက်ချက်တဲ့ နည်းစနစ် အသစ်ကို ပြောင်းလဲအသုံးပြုတယ်လို့ ဒေါက်တာယုမောင်က ရှင်းပြပါတယ်။ ဒီနည်းစနစ်အသစ်က ကမ္ဘာသုံးစံချိန်စံညွှန်း တစ် ခုဖြစ်တယ်လို့လည်း သူက ပြောပါသေးတယ်။

ဒီတွက်ချက်မှုအသစ်မှာ ”ငလျင် အကြီးအသေးပေါ်မူတည် တယ်။ အကွာအဝေးပေါ်မူတည်တယ်။ နောက် ဘယ်အချိန်လဲ ဆိုတဲ့ အပေါ်မူတယ်တယ်”လို့ သူက ပြောတယ်။

ဒီလိုနည်းစနစ်နှစ်မျိုးနဲ့ မြန်မာနိုင်ငံက ဆည်တွေမှာ ငလျင်ဒဏ်ခံနိုင်အောင် တွက်ချက်ခဲ့တယ်ဆိုပေမယ့် မြန်မာနိုင်ငံ မြေငလျင်ကော်မတီက တွက်ချက်ပေးရုံသာဖြစ်ပြီး ဆည်တည် ဆောက်တဲ့ ဌာနဆိုင်ရာတွေက သုံး၊ မသုံးကိုတော့ သူလည်း အတိအကျမပြောနိုင်ဘူးလို့ ဒေါက်တာယုမောင်က ဆိုပါတယ်။

ငလျင်အန္တရာယ်မြင့်မြင့်မားမားရှိနေတဲ့မြန်မာနိုင်ငံမှာ ဆည်တွေ တည်ဆောက်တဲ့အခါ ဆည်တစ်လုံးချင်းစီအလိုက် ငလျင်ခံနိုင်ရည်ကို တွက်ချက်တည်ဆောက်နေတာထက် ချောင်း ရိုး၊ မြစ်ရိုးတစ်လျှောက်လုံးမှာ တည်ဆောက်တဲ့ ဆည်တွေအား လုံးရဲ့ ပျမ်းမျှငလျင် ခံနိုင်ရည်ကို တွက်ချက်တည်ဆောက်တာမျိုး လုပ်သင့်တယ်လို့ ဦးစိုးသူရထွန်းက အကြံပြုတယ်။

ပြောရတာလွယ်ပေမယ့် ဒီဇိုင်းလုပ်တဲ့အခါမှာ ဒသမတစ် ခု ကွာလိုက်တာနဲ့ ဆည်ရဲ့ လျှောစောက်တွေက ကြီးသွားပြီးတော့ ကုန်ကျစရိတ်တွေကလည်း ကျပ်သန်းနဲ့ချီ တက်သွားနိုင်တာ ကြောင့် ဆည်ကိုဒီဇိုင်းလုပ်သူတွေက ”ချောင်အောင်(စရိတ် သက်သာအောင်)လုပ်ချင်မှာပဲ။ အဲဒီအခါကျတော့ အ္တနရာယ်က ရှိကိုရှိနေတယ်”လို့ ဦးစိုးသူရထွန်းက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာလက်ရှိတည်ဆောက်ထားတဲ့ ဆည်တွေက  ဆည်တစ်လုံးချင်းအလိုက် ငလျင်ခံနိုင်ရည်ကို ဒီဇိုင်းလုပ်တွက် ချက်ထားတာကြောင့် တွက်ချက်မှုအမှားတွေနဲ့ ကြုံတဲ့အခါမျိုး မှာ ”အပေါ်ကောင်ကျိုးရင် အောက်ကဆည်လည်း သွားပြီ”လို့ သူက ပြောပါတယ်။

တမံနှစ်ခုဆင့်ပြီးရှိနေတဲ့ နေရာတွေမှာ အပေါ်ဆည်ကျိုးရင် အောက်ဆည်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပါသလား လို့ ဆည်မြောင်းဦးစီးဌာနက ဦးတင့်ဇော်ကို မော်ကွန်းက ပြန်မေး မြန်းတဲ့အခါမှာ ”ငလျင်တို့၊ ဘာတို့ကတော့ ဆည်တစ်ခုချင်းနဲ့ပဲ ဆိုင်တဲ့အတွက် ဆည်တစ်ခုချင်းကိုပဲ ခံနိုင်ရည်ရှိအောင် ကျွန် တော်တို့ လုပ်တယ်”လို့ ပြန်ပြောပါတယ်။

ဦးစိုးသူရထွန်းကတော့ ဆည်တွေတည်ဆောက်တဲ့အခါမှာ MNCOLD လို အဖွဲ့မျိုးက ဘယ်သူတွေပဲ ဆည်လာဆောက် ဆောက် ဒီနိုင်ငံရဲ့ ဒေသအလိုက် ဆည်တွေဆောက်ရင် အနိမ့်ဆုံး စံနှုန်းအဖြစ် ထည့်သွင်းတွက်ချက်ရမယ့် ငလျင်နှုန်းသေကိန်း ဂဏန်းတွေ  (တစ်နည်းg တန်ဖိုး)ကို ထုတ်ပြန်ပေးသင့်တယ်လို့ အကြံပြုပါတယ်။

”ရေလည်းပြည့်နေတဲ့အချိန်၊ ငလျင်ကလည်း လှုပ်လိုက် လို့ကတော့ ပွဲပျက်ပြီ”လို့ ဦးစိုးသူရထွန်းက သတိပေးပါတယ်။

ကိုယ့်ထောင်ချောက် ကိုယ်ဆင်

ကြုံ့တွေ့ခဲ့ရတဲ့ အစွန်းရောက်မိုးကြောင့် တစ်နိုင်ငံလုံးက တမံတွေကို ပညာရှင်တွေက စိုးရိမ်နေသလို ငလျင်ဇုန်ထဲမှာရှိတဲ့ တောင်ငူမြို့က ဒေသခံဦးမျိုးကျော်သူလည်း သူတို့မြို့ရဲ့ ပတ်ပတ် လည်မှာတည်ဆောက်ထားတဲ့ ဆည်တွေနဲ့ ပတ်သက်ပြီး စိုးရိမ် နေပါတယ်။

မြို့ရဲ့ဝန်းကျင်မှာ ဆောက်လုပ်ထားတဲ့ ဆည်တွေနဲ့ပတ် သက်ရင် ဘယ်လို သတင်းအချက်အလက်မှ သူတို့ဒေသခံတွေ မသိရတဲ့အတွက် ပိုမိုစိုးရိမ်ကြောင်း သူက ပြောတယ်။

”ဒေသခံတွေတော်တော်များများက ဆည်တွေကျိုးရင် သူတို့ရေမြုပ်မယ်ဆိုတာသိတယ်။ ဒါပေမဲ့ ဘယ်လောက်အမြင့်နဲ့ မြုပ်မယ်၊ ဘယ်နေရာတွေ မြုပ်မယ်ဆိုတာတော့ မသိကြဘူး”လို့  ဦးမျိုးကျော်သူက ပြောတယ်။

သူက တောင်ငူမြို့အခြေစိုက် သဘာဝဘေးအန္တရာယ်ကယ် ဆယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဒေသမှာရှိနေတဲ့ ဆည် တွေက ဒေသခံတွေကို ဘယ်လိုဆိုးကျိုးတွေ ပေးလာနိုင်တယ်ဆို တာကို သက်ဆိုင်ရာဌာနတွေက ရှင်းရှင်းလင်းလင်းပြောကြားထားသင့်တယ်လို့ သူကဆိုပါတယ်။

”ငလျင်ကြောင့်သော်လည်းကောင်း၊ ဆည်ရဲ့ခံနိုင်ရည် အားကြောင့်သော်လည်းကောင်း ဆည်တစ်စုံတစ်ခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ အစီအမံတွေ ချပြသင့်တယ်”လို့ လည်း ဦးမျိုးကျော်သူက ဆိုပါတယ်။

ဆည်တွေပေးမယ့် ရေဘေးဒုက္ခကို တစ်နေ့မဟုတ်၊ တစ် နေ့ ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုတာကို အသက် ၆၃ နှစ်အရွယ် ဦးသန်းလှနဲ့ ရွာသူရွာသားတွေကလည်း မှန်းဆထားကြပြီးသားပါ။

ဦးသန်းလှတို့ ဘိုကုန်းရွာဟာ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ နယ်မှာရှိတာပါ။ ရာသီဥတုက မှန်းဆလို့မရဖြစ်နေတဲ့အချိန်မှာ သူနဲ့အတူ ရွာသားတွေယုံကြည်နေကြတာက ရှေးလူကြီးတွေ ပြောခဲ့တဲ့ တဘောင်ပါ။ အနာဂတ်မှာဖြစ်လာမယ့်အကြောင်းတွေ ကို ရှေးလူကြီးတွေက ကြိုတင်နိမိတ်ဖတ်ခဲ့လို့ သူတို့တစ်တွေယုံ ကြည်နေတာလို့ဆိုတယ်။ အဲဒီတဘောင်က ‘ရွှေဆံတော် စိန်ဖူး တော်ကို ထိုးဝါးနဲ့ မွှေရှာရမယ်’ဆိုတဲ့ဟာပါ။

ဒီတဘောင်ရဲ့အဓိပ္ပာယ်က ဒီဒေသမှာ ရေကြီးမှုတွေ ကြုံရ မယ်၊ အဲဒီရေလွှမ်းမှုက ကြီးမားလွန်းတာကြောင့် တောင်ငူမြို့က ရွှေဆံတော်ဘုရားရဲ့ စိန်ဖူးတော်ကိုတောင် ထိုးဝါးထိုးပြီး ပြန်ရှာ ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။  ”အခု ဆည်ကြီးတွေ ရှိလာပြီဆိုတော့ ကျိုးခဲ့ရင်မြုပ်ပြီပေါ့၊ တဘောင်တွေနဲ့လည်း ကိုက်သွားတာပေါ့”လို့ ဦးသန်းလှကပြောပြတယ်။

ဦးသန်းလှတို့ရွာရဲ့ အနောက်ဘက် ပဲခူးရိုးမတောင်ခြေမှာ ခပေါင်းရေလှောင်တမံရှိပါတယ်။ ဒီတမံဟာစစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောဘေးမှာ တည်ဆောက်ထားတဲ့ တမံဖြစ်ပါတယ်။

ဦးသန်းလှတို့ဘိုကုန်းရွာသားတွေတင် ရေလှောင်တမံကိုခြေကန်အိပ်နေရတာမဟုတ်ပါဘူး။  တောင်ငူခရိုင်အတွင်းက လူတွေအားလုံးဟာရေလှောင်တမံတွေရဲ့ ဝန်းရံခြင်းကိုခံထားရ တဲ့ အခြေအနေအောက်မှာ နေနေရပါတယ်။

တောင်ငူခရိုင်အတွင်းမှာ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ရေ တာရှည်၊ ထန်းတပင်နဲ့ ကျောက်ကြီးဆိုတဲ့ မြို့နယ်ခြောက်ခု ပါ ဝင်ပါတယ်။ ခရိုင်တစ်ခုလုံးမှာလူဦးရေ ၁၁ သိန်းကျော်နေထိုင် ပါတယ်။ ဒီခရိုင်အတွင်းက မြို့နယ်တိုင်းနီးပါးမှာ ရေလှောင်တမံ တွေရှိပါတယ်။

တောင်ငူမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်က တောင် တန်းတွေမှာဆိုရင် ရေလှောင်အားကြီးမားတဲ့ ရေလှောင်တမံ တွေဖြစ်တဲ့ ပသိရေလှောင်တမံ၊ သောက်ရေခပ်ရေလှောင်တမံ၊ ဆွာချောင်းရေလှောင်တမံနဲ့ ခပေါင်းချောင်းရေလှောင်တမံတွေ ရှိပါတယ်။ အခြားရေလွှဲဆည်နဲ့ ရေလှောင်တမံ အသေးစားတွေ လည်းရှိပါသေးတယ်။

ငလျင်ဇုန်ထဲမှာရှိတဲ့ သူတို့ဒေသဟာ အခုအချိန်မှာ ဆည် တွေနဲ့ ပတ်သက်ရင် ကြိုတင်ပြင်ဆင်မှုတွေစလုပ်သင့်ပြီလို့ တောင်ငူတက္ကသိုလ် ဘူမိဗေဒဌာနက လက်ထောက်ကထိက ဒေါက်တာစိုးမင်းကပြောပါတယ်။ သူက UN- Habitat အဖွဲ့နဲ့ ပူးပေါင်းပြီး တောင်ငူမြို့ရဲ့ ငလျင်အ္တနရာယ်ဇုန် မြေပုံတွေကို လတ် တလော ရေးဆွဲနေသူပါ။

”ဆည်တွေကို ကျွန်တော်တို့ စောင့်ကြည့်နေဖို့လိုတယ်။ ဆည်ရဲ့ ရေလမ်းကြောင်းတွေကို ကျွန်တော်တို့ Survey (စစ် တမ်း)လိုက်ဖို့ လိုတယ်။ ဆည်ကရေတွေ အရှိန်အဟုန်နဲ့ ဆင်းလာ ပြီဆိုရင် ဘယ်ရွာတွေကို ရေကဘယ်အချိန်အတွင်းမှာ တစ်မုဟုတ်ချင်း ဘယ်လောက်ရောက်လာမယ်ဆိုတဲ့ Survey တွေ လုပ်ဖို့လိုတယ်”လို့ သူကပြောတယ်။

”Accidental (မတော်တဆထိခိုက်မှု)ဆိုတာရှိတယ် လေ။ အကယ်၍ငလျင်တစ်ခုခုကြောင့် ဆည်ကြီး Failure (ပျက် စီးကျိုးပဲ့မှု) ဖြစ်ခဲ့မယ်ဆိုသော်၊ အကယ်၍ရာသီဥတုရဲ့ ဖောက် ပြားမှုကြောင့် ရေလွှတ်ခဲ့ရမယ်ဆိုသော်၊ အကယ်၍ မမျှော်လင့် သည့် မြေပြိုမှုတစ်ခုကြောင့် ဆည်ကျိုးခဲ့မယ်ဆိုသော် စသဖြင့် အဲဒီအကယ်၍၊ အကယ်၍တွေကို ကျွန်တော်တို့က ကြိုတင်တွက် ချက်ထားရမှာ”လို့ ဒေါက်တာစိုးမင်းက ပြောပါတယ်။

ဒီဒေသမှာ တည်ဆောက်ထားတဲ့ ဆည်တွေဟာ မူလဒီဇိုင်း အရည်အသွေးနဲ့ ပြည့်မီမှု၊ ရှိမရှိကို အခုလိုအချိန်မှာ ပြန်လည်စစ် ဆေးသင့်ပြီလို့ တောင်ငူခရိုင်၊ မိုးလေဝသနဲ့ ဇလဗေဒဦးစီးမှူး ဦးမျိုးမြင့်အောင်ကလည်း သုံးသပ်ပါတယ်။

”တို့ ဒီအတိုင်းအေးအေးနေလို့ မရဘူး။ ငလျင်ဆိုတာ ဘယ်အချိန်မှာဘယ်အနေအထားမျိုးနဲ့ ဖြစ်လာနိုင်တယ်ဆိုတာ ကို မသိနိုင်တဲ့အတွက် ဘတ်ဂျတ်တွေမှာ၊ ထပ်တိုးတောင်းပြီး တော့ ဆည်တွေကို နဂိုထက်ပိုကောင်းတဲ့ အစီအမံတွေ လုပ်သင့် တယ်”လို့ သူက ဆိုတယ်။

တောင်ငူဒေသမှာ တည်ဆောက်ထားတဲ့ ဆည်တွေဟာ ငလျင်ရဲ့ တိုက်ရိုက်ဖျက်ဆီးမှုကိုခံနိုင်ရည်ရှိခဲ့ရင်တောင်မှ တောင် ကြားဒေသတွေမှာ တည်ဆောက်ထားတဲ့အတွက်ကြောင့် အခြား အန္တရာယ်တွေလည်း ရှိပါသေးတယ်။

အဲဒါကတော့ ငလျင်လှုပ်တဲ့အချိန်မှာ မြေပြိုပြီး ဆည်ရေ လျှံကြတာမျိုးပါ။ ဒီဖြစ်စဉ်ကြောင့် အောက်မှာ ရုတ်တရက် ရေ လွှမ်းနိုင်တယ်လို့  ဘူမိဗေဒပညာရှင် ဒေါက်တာစိုးမင်းက ပြော ပါတယ်။

”ဆည်တွေက တောင်ကြားတွေမှာ တည်ဆောက်ထား တာ။ သူတို့ကို လျှိုပိတ်ဆည်လို့ပြောရမယ်။ ငလျင်လှုပ်တဲ့ အချိန် မှာ မြေတွေပြိုကျပြီးတော့ ဒီမြေတွေ ထုလိုက်၊ ထည်လိုက် ဆည် ထဲကို ရုတ်တရက်ထိုးဝင်ခဲ့ရင်၊  ရေတွေက ဆည်ပေါင်ကို အလုံး လိုက်ဆောင့်ပြီး ဆည်ကို ဘောင်ဘင်လာခတ်မယ်။ ဒါဆိုရင် ရေ တွေ လျှံထွက်လာနိုင်တယ်။ အဲဒီရေတွေဟာ အောက်မှာရှိတဲ့ ရွာတွေကို ဒုက္ခပေးနိုင်တယ်”လို့ သူက ရှင်းပြပါတယ်။

ငွေကုန်ကြေးကျများစွာနဲ့ ဆည်တွေကို ပေါပေါလောလော တည်ဆောက်ခဲ့တဲ့အပေါ်မှာ ဒေါက်တာစိုးမင်းက အခုလို ပြောပါတယ်။

”ခပ်ရိုင်းရိုင်းပြောရရင်  ဘာနဲ့ သွားတူနေတုန်းဆိုတော့ အခုမြန်မာနိုင်ငံက ကိုယ့်ထောင်ချောက် ကိုယ်ဆင်ထားသလို ဖြစ်နေတယ်”

Source: Myanmar Geosciences Society     ငလျင်ကြောများ အနီးရှိ ရေဧကပေ တစ်သိန်း နှင့် အထက် သိုလှောင်ထားသည့် ဆည်(၂၂)လုံး နှင့် ငလျင်ကြောများ၊ မြို့များ တည်ရှိမှု ပြမြေပုံ

(မြန်မာနိုင်ငံတွင် ရေလှောင်ဆည်၊ ရေလွှဲဆည် နှင့် ရေလှောင်ကန်ပေါင်း ၄၇၀ ခန့် ရှိသည်။)

အရေးတကြီးလိုတဲ့ Software

မြန်မာနိုင်ငံမှာ ဆည်တစ်ခုကျိုးခဲ့ရင် အောက်ဘက်ဧရိယာ မှာ နေထိုင်တဲ့ လူနေဒေသတွေ ထိခိုက်ပျက်စီးမှု ဖြစ်နိုင်ခြေကို ကြိုတင်တွက်ချက်ခန့်မှန်းနိုင်တာ မရှိသေးဘူးလို့ ဆည်မြောင်း ဦးစီးဌာနက ဦးတင့်ဇော်က ပြောပါတယ်။

အဲဒီပညာရပ်က တိုးတက်တဲ့ တိုင်းပြည်တွေမှာတော့ အသုံးပြုနေပေမယ့် မြန်မာနိုင်ငံကတော့ မသုံးနိုင်သေးပါဘူး။ ဒီပညာရပ်ကို ဆည်မြောင်းပညာရပ်အခေါ်အဝေါ်အရ Dam Break Analysis လို့ ခေါ်တယ်လို့ သူက ဆက်ပြောပါတယ်။

”ဆည်တစ်ခုကို ကွန်ပျူတာပေါ်မှာSoftware အသုံးပြုပြီး Failure Pattern  (ကျိုးနိုင်တဲ့ ပုံစံ) အရ ဆည်ကျိုးခဲ့ရင် တမံရဲ့ အောက်ဘက်မှာ ထိခိုက်နိုင်ခြေတွေကို ဆန်းစစ်တာပါ။ ဒီလို ထိ ခိုက်နိုင်ခြေတွေကို ကြိုတင်သိထားတာကြောင့် အောက်ဘက် လူနေဧရိယာတွေရဲ့ ပျက်စီးဆုံးရှုံးမှုကို လျော့နည်းအောင် လုပ် နိုင်မယ်”လို့ သူက ဆိုပါတယ်။

”ရုတ်တရက် ဆည်ကျိုးခဲ့ရင် ဘာတွေလုပ်ဆောင်ရမယ်ဆို တာ အဲဒီ Dam Break Analysis လုပ်ပြီးတော့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်နိုင်တာတွေ ရှိတယ်။ အခုလောလောဆယ်တော့ Dam Break Analysis ကို မလုပ်နိုင်သေးပါဘူး။ လုပ်ဖို့အတွက် အဲဒီပညာရပ်ကို ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေနဲ့ ဆောင်ရွယ်မယ့် ဆည် မြောင်းစီမံကိန်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေး နိုင်ရန် ဆွေးနွေးနေပါတယ်”လို့ ဦးတင့်ဇော်က ပြောပါတယ်။

ဆည်တွေရဲ့ကြံ့ခိုင်ရည်ကို မစစ်ဆေးနိုင်သေးခင်မှာတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကမ်းဖြူရွာက ဦးခွေးမောင်တို့ လိုဒေသခံတွေဟာ သူတို့တစ်တွေရဲ့ အသက်အိုးအိမ်အတွက် စိုး ရိမ်ပူပန်နေကြရဦးမှာပါ။

ပြီးခဲ့တဲ့မိုးတွင်းကာလမှာ ရေလွှမ်းတဲ့ဒဏ်ကို သူတို့ရွာက မခံခဲ့ရပေမယ့် သူတို့နဲ့ ပေပေါင်း ၁,၂ဝဝ ကျော်ကျော်သာဝေးတဲ့ ကင်းတပ်ရေလွှဲတမံသာ ကျိုးခဲ့သည်ရှိသော်ဆိုတဲ့ စိုးရိမ်စိတ် ကြောင့် အိမ်ခြေ ၆ဝ လောက်ရှိတဲ့ ကမ်းဖြူရွာသားတွေဟာ ရတက်မအေး ဖြစ်နေကြတာဖြစ်ပါတယ်။

ကင်းတပ်ရေလွှဲတမံဟာ အထက်ဘက် ကိုးမိုင်အကွာ လောက်မှာရှိတဲ့၊ မြန်မာနိုင်ငံမှာ ရေပမာဏအများဆုံး သိုလှောင် နိုင်တဲ့ သဖန်းဆိပ်ရေလှောင်တမံက လွှတ်လိုက်တဲ့ရေတွေကို သူက တစ်ဆင့်ထပ်ထိန်းပြီး တန့်ဆည်မြို့နယ်၊ ကန့်ဘလူမြို့နယ်နဲ့ ဘုတလင်မြို့နယ်တွေ အပါအဝင် မြို့နယ်ဆယ်ခုလောက်ကို စိုက် ပျိုးရေ ပေးဝေပါတယ်။ နောက် ပိုလျှံရေတွေကို  မူးမြစ်ထဲကို ထပ်မံလွှဲပေးတဲ့ ရေလွှဲတမံဖြစ်ပါတယ်။

နောက်တစ်ချက် သူတို့ယုံကြည်နေတာက မြန်မာသက္ကရာဇ် ရှစ်ဂဏန်းနဲ့ ဆုံးတဲ့နှစ်တွေမှာ ရေကြီးမယ်ဆိုတာပါပဲ။ သူတို့ရဲ့ အတွေ့အကြုံအရ ရှစ်ဂဏန်းနဲ့ ဆုံးတဲ့နှစ်တိုင်း ရေကြီးတာကို ခံခဲ့ ကြရတယ်လို့ အသက် ၈ဝ ကျော်ပြီဖြစ်တဲ့ ဦးခွေးမောင်က ဆိုပါ တယ်။ နောက်နှစ်ဟာ မြန်မာသက္ကရာဇ် ၁၃၇၈ ဖြစ်လို့ ဒီအတွက် ဦးခွေးမောင်ရဲ့ စိုးရိမ်မှုဟာ အမြင့်ဆုံးကို ရောက်နေတာပါ။

အားပြင်းတဲ့ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင် ထည့်သွင်းတည်ဆောက်ထားတဲ့အတွက်ကြောင့် သဖန်းဆိပ်တမံဟာ ကြံ့ ခိုင်မှုရှိတယ်လို့ ပညာရှင်များက ယူဆထားကြပါတယ်။ ဒါပေမဲ့ အဲဒီတမံကနေ လျှံကျလာတဲ့ရေပမာဏများလာရင် အောက် ဘက်က တစ်ဆင့်ထိန်းတဲ့ ပေ ၅ဝ အမြင့်ရှိတဲ့ ကင်းတပ်တမံက မခံနိုင်လို့ရှိရင် ဒုက္ခတွေ့မှာကို ဒေသခံတွေ ထိတ်လန့်နေကြတာ ဖြစ်ပါတယ်။

ဦးခွေးမောင်ဟာ အနီးအနားက ရွာတွေဖြစ်တဲ့ ဝက်တိုး ကျေးရွာနဲ့ သာဂေါင်ကြီးကျေးရွာက ရွာသူရွာသားတွေကိုလည်း ပြောင်းကြဖို့စည်းရုံးနေပါတယ်။ ဒီရွာတွေကတော့ ကင်းတပ်ရေ လွှဲတမံက လွှတ်လိုက်တဲ့ရေတွေ စီးဆင်းရာလမ်းတစ်လျှောက် ဖြစ်တဲ့ မူးမြစ်ဘေးမှာ ရှိကြတာပါ။

ဦးခွေးမောင် အစိုးရိမ်ကြီး စိုးရိမ်တာက တမံကျိုးမယ့်ကိစ္စ ပါ။ သူက စိုးရိမ်တကြီးနဲ့ အခုလိုပြောပါတယ်။

”ဗုံးကွဲတာက ကျန်ဦးမယ်။ ဒီတမံကျိုးရင် ကျန်မှာ မဟုတ်ဘူး” ။        ။    အပိုင်း( ၁ )သို့

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here