Home အင်တာဗျူး ရန်ကုန်တက္ကသိုလ်၊ ပထ၀ီဝင်ဌာန၊ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာထွန်းကိုနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်တက္ကသိုလ်၊ ပထ၀ီဝင်ဌာန၊ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာထွန်းကိုနှင့် တွေ့ဆုံမေးမြန်းခြင်း

156
0
Advertise Here

 

နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။

ကျေဇေယျ တွေ့ဆုံ မေးမြန်းသည်။

Advertise Here

လက်ရှိအခြေအနေတွင် ရာသီဥတုဖောက်ပြန်မှုနှုန်း မြင့်တက်ပြီး တစ်ဖက်တွင်လည်း ကမ္ဘာ့ငလျင်ရပ်ဝန်းနှစ်ခုအနက် အယ်လ် ပိုက်ငလျင်ရပ်ဝန်း (Alpide Belt) ပေါ်တွင် မြန်မာနိုင်ငံသည် အလျားလိုက်ကျရောက်နေသည်။ ထို့အပြင် အချို့သော ပညာ ရှင်များက မြန်မာနိုင်ငံသည် လူကြောင့်ဖြစ်သော သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်နေမှုများ ရှိနေသည်ဟု ထောက်ပြဝေဖန် သုံး သပ်နေကြသည်။

          ယနေ့အချိန်အထိ မြန်မာနိုင်ငံသည် တည်ဆောက်ထားပြီး သည့် အကြီးစားတမံပေါင်း နှစ်ရာနီးပါး ရှိနေပါပြီ။ ယင်းသို့သော နိုင်ငံတွင် တည်ရှိနေသည့် ဆည်တမံများသည် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို မည်သို့ သက်ရောက်မှုရှိနေပါသလဲ ဆိုသည်ကို မော်ကွန်းမဂ္ဂဇင်းက စိတ်ဝင်စားသည်။

          ထို့ကြောင့် မြန်မာနိုင်ငံက ဆည်များနှင့်ပတ်သက်သည့် သုတေသနစာတမ်းများ ပြုစုခဲ့သူဖြစ်သလို လက်ရှိတွင် ရန်ကုန် တက္ကသိုလ်၊ ပထဝီဝင်ဌာနတွင် ပါမောက္ခ/ဌာနမှူး ဖြစ်သည့်  ဒေါက်တာထွန်းကိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက် နုတ်ဖော်ပြလိုက်သည်။

မော်ကွန်း။  ။ ကျွန်တော်တို့နိုင်ငံမှာ အဓိကတည်ဆောက်တဲ့ ဆည်အမျိုးအစားတွေကို ပြောပြပေးပါ။

ဒေါက်တာထွန်းကို။  ။ ဆည်ဆိုတာက တည်ဆောက်တဲ့ပုံစံအပေါ် မှာပဲ ကွာခြားသွားတာပါ။ မြန်မာနိုင်ငံမှာကတော့ များသောအား ဖြင့် မြေသားတမံတွေကို တည်ဆောက်ကြတာ များပါတယ်။ ဆည်အမျိုးအစားအနေနဲ့ ပြောမယ်ဆိုရင်  နည်းပညာပိုင်းအရ ဆိုရင် Dam(ရေကာတာ)နဲ့ Embankment (ရေလှောင်တမံ) ဆိုပြီးပဲ ကွာပါတယ်။ တချို့နေရာတွေမှာကတော့ ရေကြီးရေလျှံမှု တွေကို ထိန်းသိမ်းဖို့အတွက်  Embankment  တွေ တည်ဆောက် ကြတယ်ပေါ့။ ဥပမာပြောရရင် ကာဘိုးဆည်မျိုးပေါ့။ (ကာဘိုး ဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် တည်ရှိ သည်။) Embankment အမျိုးအစားက ဘယ်လိုဟာလဲဆိုရင် မြစ်မကြီးကိုရေတံခါးနဲ့ ပိတ်ပေးပြီး လိုအပ်တဲ့အချိန်မှာ ရေကို လွှတ်ပေးတာမျိုးပေါ့။ ကျွန်တော်တို့ဆီမှာက Embankment တွေ လုပ်ကြတာများတယ်။

မော်ကွန်း။  ။ ကျွန်တော်တို့နိုင်ငံမှာ ဆည်တွေကို တည်ဆောက် တဲ့အခါ အရည်အသွေးစံသတ်မှတ်ချက်တွေက ဘယ်လိုတွေလုပ် ဆောင် တည်ဆောက်ပါသလဲ။

ဒေါက်တာထွန်းကို။  ။ ဆည်တွေကို အဓိကကတော့ ဆည်မြောင်း ဦးစီးဌာနက တည်ဆောက်တာပေါ့။ အဲဒီမှာ ဘာသာရပ်အလိုက် သုတေသနအဖွဲ့အစည်းတွေရှိပါတယ်။ ဥပမာအားဖြင့် မြေသား စမ်းသပ်တဲ့ အဖွဲ့တွေလည်းရှိတယ်။ ရာသီဥတုစမ်းသပ်တဲ့ အဖွဲ့ တွေလည်း ရှိတယ်။ ဘူမိဗေဒကို တိုင်းတာဆောင်ရွက်ပေးတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ ဆည်မြောင်းဦးစီးဌာနဘက်က ကြည့် ရင်လည်းပဲ သုတေသနအဆင့်ဆင့်ကို ဆောင်ရွက်ပြီးမှ ဆည်ကို တည်ဆောက်တာပါပဲ။ ပြောစရာက တစ်ခုတည်းပါပဲ။ ဘာလဲဆို ရင် ကျွန်တော်တို့နိုင်ငံမှာ Basic Infrastructure Information (အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ သတင်းအချက်အလက်) အားနည်းတယ်။ အဲဒီအပိုင်းမှာ အားနည်းတာကြောင့် ဆည် တည်ဆောက်တဲ့အပိုင်းမှာလည်း အားနည်းပါတယ်။

           ဥပမာလေးတစ်ခု ကျွန်တော်ပြောပြရရင် ဆည်တစ်ခု တည်ဆောက်ဖို့အတွက် အရင်ဆုံး ဘာလိုလဲဆိုလို့ရှိရင် သမိုင်း နောက်ခံ မိုးလေဝသသတင်းအချက်အလက် လိုပါတယ်။ ကျွန် တော်တို့မြန်မာနိုင်ငံမှာက မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက တည်ဆောက်ထားတဲ့ Weather Station (ရာသီဥတုတိုင်းထွာ ရေးစခန်း) တွေက  အရေအတွက်အားဖြင့် အရမ်းနည်းတယ်။  ရှိခဲ့တဲ့ Station တွေကလည်း ဘယ်မှာပဲရှိသလဲဆိုရင် မြေပြန့် ဒေသတွေမှာပဲ ရှိတယ်။ လူတွေနေထိုင်တဲ့ Settlement ဧရိယာ တွေမှာပဲ Station တွေက ရှိတယ်။

          ဆည်တည်ဆောက်လိုက်တဲ့ နေရာတွေအားလုံးက Remote (ဝေးလံခေါင်သီ) ဧရိယာတွေမှာများတယ်။ တစ်နည်းအား ဖြင့် ကုန်းမြင့်နေရာတွေမှာ ဆည်တွေက ပိုများတယ်။ မိုးလေဝသ Station တွေက မြေပြန့်လွင့်ပြင်ဒေသတွေ၊ လူနေထူထပ်တဲ့ ဒေသတွေမှာပဲ တည်ရှိတယ်။ ဆည်ဆောက်မယ့်နေရာတွေက ကုန်းမြင့်နေရာတွေမှာပဲ ရှိနေတဲ့အခါ အဲဒီဆည်တည်ဆောက် မယ့်နေရာရဲ့ မိုးရေချိန်ပမာဏရရှိမှုကို တွက်တဲ့အခါ မြေပြန့် ဒေသက မိုးရေချိန်ကို ခန့်မှန်းပြီးတော့ယူခဲ့ရတယ်။ အဲဒီအခါမှာ တချို့အချက်အလက် အလွဲအမှားတွေက ဘယ်မှာ သွားထိခိုက် သလဲဆိုရင်  ဆည်တည်ဆောက်မှုအပိုင်းကို အများကြီးထိခိုက် သွားတယ်။ ဒီဟာက နံပါတ်တစ်အချက်ပေါ့။

          နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံရဲ့မြေပြင်ပေါ့။ မြန်မာနိုင်ငံမှာ Geology Map (ဘူမိဗေဒမြေပုံ) ဆိုတာပဲ ရှိ တယ်။ Geology Map ဆိုတာက အောက်ခံကျောက်သားတွေ ဘယ်လိုတည်ရှိနေတယ်ဆိုတာကို ဖော်ပြတဲ့မြေပုံပေါ့။ မြန်မာ နိုင်ငံမှာ အဲဒါပဲရှိတယ်။ Geomorphology Map (ဘူမိရုပ်သွင် မြေပုံ) ဆိုတာ ကျွန်တော်တို့နိုင်ငံမှာ အခုအချိန်အထိ မရှိသေးပါ ဘူး။  အားလုံးနားလည်အောင် ရှင်းပြရရင် ဘူမိဗေဒဆိုတာက ကမ္ဘာမြေကြီးရဲ့အောက်၊ မြေအောက်မှာရှိနေတဲ့ ကျောက်သား တွေရဲ့ တည်ရှိမှုကိုပြောတာပါ။ ဘူမိရုပ်သွင်ဆိုတာက အဲဒီ ကျောက်သားတွေရဲ့ အထပ်ဘက် လူတွေရပ်တည်နေတဲ့ မြေပြင် ရဲ့ကြားက မြေသားရဲ့ သွင်ပြင်လက္ခဏာကို ဘူမိရုပ်သွင်လို့ ခေါ် တာပါ။ အဲဒီဘူမိရုပ်သွင်ရဲ့ တည်ရှိမှု၊ နေရာအလိုက် ပြောင်းလဲနေ မှုတွေကို ကျွန်တော်တို့နိုင်ငံမှာ မြေပုံကားချပ်အနေနဲ့ မရှိသေး ပါဘူး။ ဆည်တည်ဆောက်တဲ့နေရာတွေမှာ Geomorphology Map (ဘူမိရုပ်သွင်မြေပုံ) မရှိတဲ့အတွက်ကြောင့် တည်ဆောက်မှု အပိုင်းမှာ မှီငြမ်းကိုးကားစရာအချက်အလက်တွေလည်း အား နည်းမှု အများကြီးရှိခဲ့မယ်။

မော်ကွန်း။  ။  Geomorphology Map (ဘူမိရုပ်သွင်မြေပုံ) မရှိ တာကြောင့် ဆည်တည်ဆောက်မှုအပိုင်းတွေမှာ အားနည်းခဲ့ တယ်ဆိုရင် အကျိုးဆက်တွေက ဘာတွေ ဖြစ်လာနိုင်ပါသလဲ။

ဒေါက်တာထွန်းကို။  ။ ဒါက ဆည်တွေ တည်ဆောက်တာတင် မကပါဘူး။ မြေအောက်ကနေ ရေစုပ်ယူတဲ့အပိုင်းတွေမှာလည်းပဲ Geomorphology Map (ဘူမိရုပ်သွင်မြေပုံ) မရှိရင် ဒုက္ခ ရောက်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့က မြေကြီးအောက် ကနေပြီး အဝီစိတွင်းတစ်ခု တူးမယ်ပေါ့။ အဝီစိတွင်းတစ်တွင်း တူးတယ်ဆိုရင် အဲဒီတွင်းကရေက တကယ့် Ground Water (မြေအောက်ရေ)ကို ယူတာမဟုတ်ဘူး။  Ground Water ဆို တာက ဘူဗိဗေဒအရ အောက်မှာတည်ရှိနေတဲ့ ကျောက်သားရဲ့ အောက်က ရေကို ပြောတာ။ အဲဒီမရောက်ခင် ကြားမှာ ဘာရှိနေ သေးသလဲဆိုရင် ရေအောင်းလွှာဆိုတာရှိသေးတယ်။ အဲဒီ ရေ အောင်းလွှာကို ဘယ်နေရာမှာ ရှိတယ်ဆိုတာ Geomorphology Map (ဘူမိရုပ်သွင်မြေပုံ) မရှိရင် မသိဘူး။ ရေအောင်းလွှာ ဘယ်နားမှာရှိလဲဆိုတာ မသိတဲ့အတွက်ကြောင့် မြေအောက်ရေ ထုတ်ယူတဲ့ အပိုင်းမှာလည်း အခက်အခဲရှိတယ်။

          ဆည်တည်ဆောက်တဲ့အပိုင်းမှာလည်း နေရာတစ်ခုကို ရေ လှောင်လိုက်တယ်ပေါ့။ အခု မြန်မာနိုင်ငံမှာ တည်ဆောက်ထားတဲ့ Reservoir (ရေလှောင်တာတမံ) ဆိုပါတော့။ Reservoir တစ်ခုဆိုတာ စီးဆင်းနေတဲ့ မြစ်တွေကို ရှေ့ကနေ တမံရိုးတစ်ခုနဲ့ ကာပစ်လိုက်တာ။ ဒီ Reservoir ထဲကို စီးဝင်နေတဲ့ ချောင်းက တစ်ခုတည်း မဟုတ်ဘူး။ သူ့ရဲ့ အပေါ်ဘက်မှာရှိတဲ့ အနည်းဆုံး ချောင်းလေးငါးခုက စီးဝင်နေတယ်။ အဲဒီလို စီးဆင်းနေမှုတွေကို ကျွန်တော်တို့က အနိမ့်ဆုံး ချိုင့်ရှိတဲ့ နေရာကနေ တမံပိတ်လိုက် တာ။  အဲဒီလိုပိတ်လိုက်တဲ့နေရာကို ကျွန်တော်တို့က Reservoir လို့ ခေါ်တာ။

          ဆိုပါစို့၊ ဒီ Reservoir ထဲကို စီးဝင်နေတဲ့ချောင်းက လေး ချောင်းရှိတယ်ဆိုပါတော့။ အဲဒီချောင်းလေးချောင်းရဲ့  တည်ရှိနေ တဲ့ အောက်ခံကျောက်(သို့မဟုတ်) မြေသားရဲ့ အနေအထား၊ မြေဆီလွှာရဲ့ အနေအထားက ချောင်းတစ်ခုနဲ့ တစ်ခုကြားမှာ မတူပါဘူး။ အဲဒီချောင်းတွေရဲ့ မြေသားကုန်းဆင်ခြေလျှော တစ်ခုနဲ့ တစ်ခုဟာ မတူဘူး။ မြေသားတွေဟာ မတူတာကြောင့် စီးဝင်လာမယ့် အနည်(နုန်း)တွေဟာလည်း ချောင်းတစ်ခုနဲ့ တစ်ခု မတူဘူး။ ဆည်တစ်ခုကို ဒုက္ခအပေးဆုံးက ဘာလဲဆိုရင် အနည်ပါပဲ။ ကျွန်တော်တို့က ဘာကို ကြည့်ရမှာလဲဆိုရင် ရေ လှောင်မှာလား၊ အနည်လှောင်မှာလားပေါ့။ ရေမလှောင်မိဘဲနဲ့ အနည်လှောင်မိသွားရင် ဘာဖြစ်မလဲဆိုတော့ ကျွန်တော်တို့ ရေ လှောင်ချင်တဲ့ ချိုင့်ထဲမှာ အနည်တွေကို လှောင်မိသွားလိမ့်မယ်။ အနည်တွေပြည့်ရင် ရေက အပေါ်ကို လျှံတက်လာမယ်။ မိုးလေး နည်းနည်းရွာရုံနဲ့ ဆည်တမံရဲ့ အမြင့်ဆုံးရေမှတ်ကို ရေရောက် သွားပြီး ရေတွေ အပြင်ကိုစီးထွက်သွားမယ်။  ဆည်ကို ဒုက္ခ အပေးဆုံးက အနည်ပေါ့။

          အနည်များတဲ့နေရာဆိုရင် ကျွန်တော်တို့က ဘာလုပ်ပေးရ မလဲဆိုရင် ရေကူဆည် တည်ဆောက်ပေးရမယ်။ အဓိက ဆည် ကြီးရဲ့အပေါ်မှာ နောက်ထပ်ဆည်တစ်ခု ထပ်ခံတည်ဆောက်တာ ကို ရေကူဆည်ဆောက်တယ်လို့ ခေါ်တာပေါ့။ ဒါက ဆည်ထဲကို အဓိက အနည်မဝင်အောင် လုပ်တဲ့နည်းပေါ့။ နိုင်ငံတကာမှာတော့ ဆည်ထဲကို အနည်မဝင်အောင်လုပ်တဲ့နည်း သုံးမျိုးရှိတယ်။ တစ်ခုက ဆည်ထဲကို ရောက်လာတဲ့ အနည်တွေကို  သတ်မှတ် နှစ်အတွင်း ပြန်ဆယ်ထုတ်ပစ်တာပေါ့။

           ဥပမာအားဖြင့် ဒီနည်းလမ်းကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အများစုလုပ်ကြတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ဆည်တစ်ခု ဆောက် လိုက်တယ်ပေါ့။ မဆောက်ခင်မှာ ဘာလုပ်သလဲဆိုရင် ဒီဆည်ထဲ ကို နောက်ဆယ်နှစ်ကြာရင် စီးဝင်လာမယ့် အနည်ပမာဏကို သူတို့က တွက်ချက်ပြီးသား။ အဲဒီက ထွက်လာမယ့်အနည်ကို ပြန် ဖို့မယ့် နေရာကိုလည်း ပြင်ဆင်ပြီးသား။ ဖို့လိုက်လို့ ပြည့်သွားရင် အဲဒီနေရာကို ဘယ်လို Recreate လုပ်မယ်ဆိုတာလည်း ပြင် ဆင်ပြီးသား။ ဥပမာ-အနည်ကိုဆယ်မယ်။ ဆယ်နှစ်ကြာရင် တစ် ခါဖို့မယ်။ အနှစ်နှစ်ဆယ်ကြာရင် ဖို့မယ်။ ဖို့လို့ ပြည့်သွားရင် အဲဒီ နေရာကို ဂေါက်ကွင်းကြီးတစ်ခု လုပ်ပစ်လိုက်မယ်ဆိုတာမျိုးပေါ့။ သူတို့ဆီမှာကတော့ အဲဒီလို Plan (အစီအစဉ်ဆွဲ) ပြီး လုပ်ကြ တယ်။ ဒီလိုနည်းလမ်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပဲ လုပ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် ကုန်ကျစရိတ်အရမ်းများတယ်။ ရေထဲက နေ အနည်ပြန်ဆယ်ရတဲ့ ဒုက္ခက လွယ်မှ မလွယ်တာ။

          နောက်တစ်ခုက တချို့နိုင်ငံတွေက  တိုင်ကီထဲက ရေကို လှယ်တဲ့နည်းမျိုးနဲ့ လုပ်တယ်။ တိုင်ကီထဲမှာ ရေထည့်သုံးရင်း သုံး ရင်းကနေ နောက်ဆုံးတိုင်ကီထဲမှာ အနည်တွေ ဖြစ်လာတယ်။ အဲဒီတော့ တိုင်ကီကိုလည်း သွန်မချနိုင်ဘူးဆိုရင် ဘာလုပ်ကြ သလဲဆိုတော့ တိုင်ကီထဲမှာ ရေနည်းနေတဲ့အချိန်မှာ မွှေနှောက် ပြီး အနည်တွေကို ခပ်ထုတ်ပစ်ကြတယ်။ အဲဒီလိုနည်းပါပဲ။

            ဒီလိုနည်းနဲ့ ဆည်တွေက အနည်ကို ဖယ်ထုတ်တဲ့နည်းကို များသောအားဖြင့် တရုတ်နိုင်ငံမှာ လုပ်ကြတယ်။ နွေရာသီလိုမျိုး ဆည်ထဲမှာ ရေနည်းသွားတဲ့အချိန်မှာ ရေတွေထဲကို မိုင်းခွဲပစ် လိုက်တယ်။ ရေတွေနောက်သွားတဲ့ အချိန်ရောက်မှ ရေတံခါး ပေါက်ကနေ ဖွင့်ချပစ်လိုက်တယ်။ အနည်တွေ ထွက်သွားတယ် ပေါ့။ ဒီလိုနည်းကို တရုတ်မှာ သုံးတယ်။  ဒီနည်းက ကောင်းကျိုး တစ်ခုအနေနဲ့ ဘာရှိသလဲဆိုရင် ဆည်ထဲမှာ အနည် မရှိတော့ဘူး ပေါ့။ နောက်နှစ်တွေ နှစ်တွေမှာ ရေထပ်လှောင်လို့ ရသွားတာပေါ့။ ဆိုးကျိုးအနေနဲ့ကတော့ အဲဒီအနည်တွေကို ဆည်က စွန့်ထုတ် လိုက်တဲ့အတွက် ဆည်အောက်ဘက်မှာရှိတဲ့ လယ်တွေမှာ နုန်း တွေ လွှမ်းသွားပြီးတော့ လယ်မြေဧကတွေ ပျက်စီးကုန်တယ်။

          နောက်နည်းတစ်ခုက ရေကူဆည်တည်ဆောက်တာပေါ့။ အဲဒါက ဆည်ထဲကို  စီးဝင်လာမယ့် ချောင်းလေးချောင်းရှိရင် အဲဒီချောင်းတွေမှာ ဘယ်ချောင်းက အနည်စီးဝင်မှုပိုများလဲ။ တစ်ခုလား၊ နှစ်ခုလား၊ သုံးခုလား။ တတ်နိုင်တယ်ဆိုရင် ချောင်း လေးခုစလုံးမှာပေါ့။ မတတ်နိုင်ဘူးဆိုရင်လည်း နှစ်ခု(သို့မဟုတ်)တစ်ခုပေါ့။ အနည်စီးဝင်မှု အခြေအနေကို တွက်ချက်ပြီးတော့ ဆည်ရဲ့ အထက်မှာ ရေကူဆည် တည်ဆောက်ရတယ်။ ရေကူ ဆည်က အဓိက ဆည်ကြီးထဲကို ဝင်လာနိုင်တဲ့ နုန်းတွေကို စစ်ခံ ပေးထားလိုက်တဲ့သဘောပေါ့။

          ကျွန်တော်တို့နိုင်ငံမှာတော့ အထက်မှာပြောခဲ့တဲ့ နည်း သုံးနည်းထဲကနေပြီးတော့ ဖွံ့ဖြိုးပြီးနိုင်ငံ မဟုတ်သေးတဲ့အတွက် ကြောင့် အနည်ကို ဆယ်ထုတ်တဲ့နည်းကိုလည်း လောလောဆယ် မသုံးနိုင်သေးဘူး။ ဆည်ထဲကရေကို မွှေနှောက်ပြီးတော့ ဖွင့် ထုတ်လိုက်တဲ့နည်းကလည်း ကျွန်တော်တို့လို စိုက်ပျိုးရေးနိုင်ငံ အတွက် အရမ်းအန္တရာယ်များတယ်။ ဘာကြောင့်လဲဆိုရင် ဆည် တွေက အမြင့်ပိုင်းမှာ တည်ဆောက်တယ်။ လယ်ဧကတွေက အောက်ပိုင်းမှာ တည်ရှိတယ်။ ဆည်က နုန်းတွေ စွန့်လိုက်မယ်ဆို ရင် လယ်တွေ ထိကုန်မယ်။

            အဲဒါကြောင့် ဒီမှာကတော့ ရေကူဆည်တည်ဆောက်တဲ့ နည်းနဲ့ပဲ ဆည်ထဲကိုဝင်မယ့် နုန်းတွေကို ဆယ်ပစ်ကြတာ များပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ တည်ရှိနေတဲ့ ဆည်အား လုံးမှာ ရေကူဆည် မဆောက်ထားနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ ရဲ့နိုင်ငံမှာ ဆည်တွေနဲ့ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ အဓိက ပြဿ       နာပဲ။ တချို့သောဆည်တွေမှာလောက်ပဲ ရေကူဆည်ကို ဆောက်ထားနိုင်သေးတယ်။ တချို့ဆည်တွေမှာဆို ဆည်ထဲကို စီး ဝင်တဲ့ နုန်းပမာဏကို မတွက်ထားနိုင်သေးဘူး။ ဒီအချက်က လည်း ဆည်တွေရဲ့ ကြံ့ခိုင်ရေးအတွက် နောက်ထပ် စိုးရိမ်စရာ ကောင်းတဲ့ အချက်တစ်ခုပေါ့။

မော်ကွန်း။  ။ ဆရာက အနည်အကြောင်းကိုပြောတော့ ကျွန် တော် ခေါင်းထဲဝင်လာတာလေး ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေက မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေဖြစ်တော့ ကလေးလို ဒေသ တွေက မြစ်တွေမှာ  အနည်စီးဆင်းမှုနှုန်း များခဲ့တာကို တွေ့ ခဲ့ တယ်။    အခုလို အနည်ပိုချမှုနှုန်းမြင့်တော့ အဲဒီဒေသမှာ ရှိနေတဲ့ ဆည်တွေရဲ့ ကြံ့ခိုင်ရေးအခြေအနေက ဘယ်လိုတွေဖြစ်လာနိုင် ပါသလဲ။  ရာဇဂြိုဟ်လိုဆည်ဆိုရင် အနည်ဝင်နှုန်း အရမ်းမြင့်မယ် လို့  အချို့ကပြောကြပါတယ်။

ဒေါက်တာထွန်းကို။  ။ ပွင့်ပွင့်လင်းလင်းပြောရရင် ရာဇဂြိုဟ်ဆည် ဖြစ်စဉ်ကတော့ Accidental(မတော်တဆ) ပါ။ Accidental လို့ဆိုတာက ဒီလိုအခြေအနေမှာ အဲဒီလောက် မိုးသည်းထန်ပြီး အနည်စီးဝင်မှုက  ဖြစ်တောင့်ဖြစ်ခဲကိစ္စပါ။  ပုံမှန်အားဖြင့် ပြောရ ရင် အဲဒီနေရာတွေဟာ အဲဒီလောက် မိုးရွာလေ့ရွာထ မရှိဘူးပေါ့။ ကျွန်တော်တို့နိုင်ငံမှာက အထက်မှာပြောခဲ့သလို အနည်ကို စနစ် တကျတိုင်းထွာမှုကလည်း အားနည်းနေပါသေးတယ်။ အဲဒီတော့ ရာဇဂြိုဟ်မှာဖြစ်ခဲ့တဲ့ အနေအထားအရဆိုရင်  ဆည်ရဲ့အထက် ပိုင်း Upstream ဧရိယာမှာ သစ်ခုတ်တဲ့ ပမာဏဟာ အရမ်းများ တယ်။ ဒါက တရားဝင်ရော၊ တရားမဝင်ရောပါတာပေါ့။ နောက် တစ်ခုက စနစ်တကျခုတ်ယူမှုမရှိဘူးပေါ့။ ဘာကိုပြောတာလဲဆို ရင် ကျွန်တော်တို့က သစ်တစ်ပင်ကို ခုတ်ယူပြီဆိုတာနဲ့ ပုံမှန်သင်း သတ်တယ်။ နောက် အကိုင်းတွေ၊ အလက်တွေကို ခုတ်တယ်ဆိုတဲ့ စနစ်ကို သုံးရတယ်။ နောက် သစ်ပင်ကိုခုတ်ပြီးတာနဲ့ အကိုင်း အခက်တွေကို ဘာပြန်လုပ်မယ်ဆိုတဲ့စနစ်ကို ကျင့်သုံးရတယ်။

           အခု ရာဇဂြိုဟ်ဆည်မှာ ဖြစ်ခဲ့တဲ့ ပြဿ  နာတွေက ဘာလဲ ဆိုတော့ အပင်ရဲ့ ပင်စည်ကိုယူပြီး ကျန်တဲ့အပိုင်းတွေကို ဒီ အတိုင်းပဲထားခဲ့ကြတဲ့ အနေအထားကို တွေ့ရတယ်။ (ရာဇဂြိုဟ်ဆည်သည် စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် တည်ရှိသည်)။ အဲဒါတွေအားလုံးသည် ဆည်ထဲကို ရေအားနဲ့ အတူ စီးဝင်လာတာပေါ့။ နောက်တစ်ခုက စစ်ကိုင်းတိုင်းအထက် ပိုင်း၊ ချင်းပြည်နယ်ဘက်မှာရှိတဲ့ မြေသားအနေအထားကလည်း မြန်မာနိုင်ငံတစ်ခုလုံးအနေနဲ့ ကြည့်မယ်ဆိုရင် သက်နုကျောက်တည်ရှိတဲ့နေရာတွေပေါ့။ မြန်မာနိုင်ငံတစ်ခုလုံးမှာ အရှေ့ဘက် ကုန်းမြင့်ဒေသက သက်တမ်းအရင့်ဆုံးဖြစ်ပြီးတော့ တဖြည်း ဖြည်းနဲ့ အနောက်ဘက်ပိုင်းက သက်တမ်းနုသွားတာပေါ့။ သက် တမ်းနုတဲ့ကျောက်တွေရယ်၊ မြေသားကို ကုပ်ယူထားမယ့် သစ် ပင်တွေကလည်း မရှိတဲ့အခါကျတော့ အခုလိုမျိုးကြုံတောင့်ကြုံခဲ့တွေ့ရတဲ့၊ Intensity(ပြင်းထန်မှု) အရမ်းများတဲ့ မိုးရေချိန် ပမာဏနဲ့ တွေ့တဲ့အခါမှာ ဆည်ရဲ့အထက်ဧရိယာတစ်လျှောက်က နုန်းတွေဟာ ထိုးဆင်းလာခဲ့တာပေါ့။

          နုန်းတွေ ဆည်ထဲရောက်ပြီဆိုရင်တော့ ဆည်က ပြဿ နာ စတက်ပြီ။ ဒါအခု အဲဒီဆည်က ပြဿ နာစတက်ပြီပေါ့။ ဘာ ကြောင့်လဲဆိုတော့ ဆည်ထဲမှာ အနည်တွေပိတ်သွားပြီ။  အခု လောလောဆယ် ဆည်မှာဖြစ်တဲ့ဟာက ဘာပြဿနာမှတော့ မရှိ သေးဘူး။ ဒါပေမဲ့ လာမယ့်နှစ်ကစပြီးတော့ အဲဒီရာဇဂြိုဟ်ဆည် ပြဿ နာတက်ပြီ။ ဘာကြောင့်လဲဆိုရင် သူရေလှောင်မယ့် ပမာဏထဲကို နုန်းတွေက ဝင်သွားပြီလေ။ ရာဇဂြိုဟ်ဆည် တည် ဆောက်ထားတာက တစ်ဖတ်ပိတ်ဆည်၊ အပေါ်ကချောင်းတွေက ရေကိုလှောင်တာ။ အခုသူလှောင်ထားတဲ့ ရေကန်ထဲမှာ နုန်းတွေ ဝင်သွားတယ်ဆိုတော့ နောက်နှစ်မိုးပုံမှန်ရွာချိန်မှာ စီးဆင်းလာ မယ့်ရေကို ဒီဆည်က မလှောင်နိုင်တော့ဘူး။ အနည်တွေကိုပဲ လှောင်ထားသလိုကြီးဖြစ်သွားမယ်။ အဲဒီရေတွေက ရေပိုလွှဲက တစ်ဆင့် အပေါ်ကို ကျော်ဆင်းလာမယ်။ အဲဒါဆိုရင်တော့ လာ မယ့်နှစ်ကို ဆည်အောက်ပိုင်းဒေသက ပိုထိမယ်ပေါ့။

          အကောင်းဆုံးကတော့ Dam Management (ရေ လှောင်တမံဆိုင်ရာ စီမံခန့်ခွဲမှု) အနေနဲ့ အထဲက ရှိနေတဲ့ နုန်းကို ဘယ်လိုနည်းနဲ့ ပြန်ဆယ်ထုတ်မလဲဆိုတာပါ။ ဒါကို အခုလော လောဆယ်မှာ စစဉ်းစားရမယ်။ နောက်နှစ် ၂ဝ၁၆ မိုးရာသီ မရောက်ခင်ကြားမှာ ဒီအနည်တွေကို ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ပြန်ထုတ်မလဲဆိုတဲ့ဟာက အဓိက ပြဿ နာတစ်ရပ်ဖြစ်လာတယ်။

မော်ကွန်း။  ။ အခု ဆရာပြောတဲ့အထဲမှာ Dam Management ဆိုတာ မှတ်မိလိုက်တယ်။ အဲဒါဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့  Dam Management နဲ့ အခြားနိုင်ငံတကာမှာ လုပ်ဆောင်နေတဲ့ Dam Management တွေ ဘယ်လို ကွာခြားနေတာရှိလဲဆိုတာ ရှင်းပြပေးစေချင်ပါတယ်။

ဒေါက်တာထွန်းကို။  ။ Dam Management ဆိုတဲ့အပိုင်းမှာ နှစ်ပိုင်းရှိပါတယ်။ Dam(ရေလှောင်တမံ) တစ်ခုကို ကျွန်တော် တို့က Manage(စီမံခန့်ခွဲမှု) လုပ်တော့မယ်ဆိုရင် Upland ဧရိယာ(ရေလှောင်တမံအထက်ပိုင်းဒေသ)နဲ့ Downward ဧရိယာ(ရေလှောင်တမံအောက်ပိုင်းဒေသ)ဆိုပြီး နှစ်ပိုင်းရှိတယ်။ Upland  ဧရိယာကတော့ ဆည်ရဲ့ အပေါ်ပိုင်းကိုပြောတာပေါ့။ အဲဒီလိုနေရာမှာ Upland Management(ရေလှောင်တမံ အထက်ပိုင်းဒေသစီမံခန့်ခွဲမှု) က သီးသန့်ရှိတယ်။ အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ ရေကူဆည်တည်ဆောက်ခြင်းတို့၊ အဲဒီ အပေါ်မှာရှိနေတဲ့ ရေဝေရေလဲဧရိယာထိန်းသိမ်းခြင်းတို့ဆိုတာ တွေက Dam Management ထဲမှာ ပါတယ်။

           ဘာကြောင့်လဲဆိုရင်  ဒီဆည်မဆောက်ခင်တုန်းက ဒီ ချောင်းတွေရဲ့ River System (မြစ်ကြောင်းစနစ်)က တွဲယှက် တည်ရှိနေတာပေါ့။ River System ကြီးတစ်ခုလုံးကို ကျွန်တော် တို့က ရေဝေရေလဲဒေသလို့ခေါ်တာပေါ့။ ချောင်းလက်တက်ပေါင်း မြောက်မြားစွာကနေ နောက်ဆုံး ချောင်းမကြီးတစ်ခု၊ အဲဒီ ချောင်းမကြီးကနေ မြစ်တစ်ခုထဲကို စီးဝင်မယ်။ အဲဒီမြစ်တွေ၊ မြစ်တွေ အားလုံးဆုံပြီးတော့ မြစ်မကြီး ဖြစ်မယ် စသည်ဖြင့် အဲဒီ လို ဆက်စပ်ရှိနေကြတာပေါ့လေ။ အဲဒီ လိုရှိနေတဲ့ စနစ်တစ်ခုကို ဆည်တစ်ခုပိတ်လိုက်တယ်ဆိုတာက ရှိနေတဲ့ River System တစ်ခုကို ဖျက်ပစ်လိုက်တာ။ အဲဒါ ကြောင့် ဆည်ရဲ့အထက်ပိုင်းမှာ သီးခြားရေဝေရေလဲ ဒေသအသစ်တစ်ခု ဖြစ်သွားတယ်။  အဲဒီရေ ဝေရေလဲဒေသမှာရှိတဲ့ Biodiversity အားလုံးကို ထိန်းကျောင်း ပေးရမှာကလည်း Dam Management ထဲမှာပါတယ်။ Biodiversity လို့ ပြောတဲ့အခါမှာ အပင်တွေရော၊ အကောင်တွေ ရော အားလုံးပါတာပေါ့။

           ဒီအပင်နဲ့ အကောင်တွေနဲ့ သဟဇာတဖြစ်နေမှ၊ ဒီတော ထဲမှာ ဒီသစ်ပင်တွေကလည်း တည်မြဲမယ်ပေါ့။ အဲဒီသစ်ပင်တွေ တည်မြဲပါမှ အောက်မှာရှိတဲ့မြေသားတွေကလည်း ခိုင်ခံ့မယ်။ အပင်တွေ၊ အကောင်တွေမရှိရင် မြေကြီးကလည်း မတည်တံ့နိုင် ဘူး။ မြေကြီးတွေ မတည်တံ့နိုင်ရင် အဲဒီမြေသားတွေက ဆည်ထဲ ကို စီးဝင်မယ်။ ဆည်ထဲကိုစီးဝင်ရင် ရေတွေက အပေါ်ကို ကျော် ကြမယ်။ ကျော်ကြတဲ့အခါ Downward ကို ရေတွေ ရောက် လာမယ်။

           Downward  အပိုင်းမှာ ဘာရှိသလဲဆိုရင် အဓိကအား ဖြင့် စိုက်ပျိုးရေးပေါ့။ ရေသွင်းစိုက်ပျိုးမှုတွေပေါ့။ နောက်တစ်ခုက ရေလွှမ်းမိုးမှုထိန်းချုပ်ရေး။ ဒီကဏ္ဍနှစ်ခုအတွက် ဆည်ကို တည် ဆောက်ကြတယ်။ By-product (ပူးတွဲထုတ်ကုန်) အဖြစ် ရေ အားလျှပ်စစ်ကိုသုံးတယ်။ ဒါကတော့ ပူးတွဲထုတ်တာပေါ့။ ကျွန်တော်တို့နိုင်ငံမှာကတော့ ဆည်တွေကို ရေသွင်းစိုက်ပျိုးရေး အတွက် အသုံးများတယ်။ ရေလွှမ်းမှုထိန်းချုပ်ရေးအတွက် အသုံးများတယ်။ ဆည်တည်ဆောက်ထားပြီးတဲ့ နေရာအတော် များများမှာ ရေသွင်းစိုက်ပျိုးရေးအတွက် ဦးစားပေးလုပ်တာ များပါတယ်။  ရေသွင်းစိုက်ပျိုးရေးကို ဦးစားပေးတာနဲ့ တစ်ပြိုင် နက် ဘာတွေပါလာသလဲဆိုရင် သူ့မှာ Canal (ရေသွင်း/ရေ ထုတ်မြောင်း) တွေပေါ်လာတယ်။ သူလည်းပဲ Network စနစ် တစ်ခုနဲ့ သွားတာပဲ။

           ကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ Canal တွေ၊ Canal  တွေ မှာက Network နဲ့ သွားတဲ့အခါမှာ ဘယ်နေရာကိုမှ အခြားအား တစ်ခုနဲ့ ရေကိုမတွန်းဘူး။ အားလုံးသည် Gravity (ကမ္ဘာမြေဆွဲ အား)နဲ့ လွှတ်တာ။ Gravity ဆိုတာ အမြင့်ပိုင်းကနေ အနိမ့် ပိုင်းကို ရေပို့တာကို ဆိုလိုတာပါ။ စိုက်ပျိုးတဲ့နေရာဆိုမှတော့ အားလုံးဟာ မြေပြန့်ဧရိယာတွေ ဖြစ်သွားပြီ။ မြေပြန့်ဧရိယာတွေ မှာ Gravity  နဲ့ ရေလွှတ်တယ်ဆိုတာက အရမ်းကိုခက်ပါတယ်။ အဲဒါကြောင့်ပဲ Divert လုပ်ပြီး ရေလမ်းကြောင်းကို လွှဲပြီးတော့ လိုချင်တဲ့နေရာကို ပို့ကြတယ်။ ပို့ကြတဲ့အခါမှာ ရေဆုံးရှုံးတဲ့အပိုင်း တွေ ပါလာတယ်ပေါ့။ ရေဆုံးရှုံးမှုမရှိအောင်လုပ်ရမယ်၊ ဒါမှ ဆည်က တည်တံ့မှာ။ အဲဒီအတွက် Canal လိုင်းတွေကို စနစ် တကျ ထိန်းသိမ်းပေးနိုင်ရေးဟာလည်း Downward ဧရိယာရဲ့ Dam Management ထဲမှာပါတယ်။ ဒီလိုပုံစံနဲ့ ကျွန်တော်တို့ ဆည်တွေကို ထိန်းသိမ်းရပါတယ်။

မော်ကွန်း။  ။ ဆရာပြောခဲ့တဲ့ဟာကို မှတ်မိတာက ဆည်တစ်ခု ဆောက်လုပ်တာက မြစ်ရဲ့ ရေဝေရေလဲဒေသစနစ်ကို ဖျက်ဆီးပစ် လိုက်တာလို့ဆိုတော့ ဒီရဲ့အကျိုးဆက်တွေကရော ဘာတွေဖြစ် လာနိုင်သလဲ။

ဒေါက်တာထွန်းကို။  ။ သက်ရောက်မှုတွေကတော့ အများကြီး ရှိပါတယ်။ ပြောရရင်တော့ မြစ်တွေ၊ ချောင်းတွေဆိုတာက သဘာဝအတိုင်း တည်ရှိနေတာ။ ဆည်ဆိုတာက လူလုပ်တဲ့ အရာတစ်ခုပေါ့။ သဘာဝကို လူတွေရဲ့ ဖန်တီးမှုတစ်ခု ပေါင်းစပ် လိုက်ပြီဆိုရင်တော့ သဘာဝပျက်ယွင်းမှုဆိုတာကို ကြုံရမယ်။ သဘာဝပျက်ယွင်းပြီဆိုတာနဲ့ အဲဒီဒဏ်ကို လူတွေပဲ ပြန်ခံစားရ တာပါပဲ။ တစ်ခါတစ်ခါမှာ ဆည်တည်ဆောက်လိုက်လို့ ကောင်း တာတွေချည်းပဲ ရတယ်လို့ ပြောလို့မရဘူး။ သူ့ရဲ့ဆိုးကျိုးတွေ လည်း ရှိပါတယ်။ ကျွန်တော်တို့က အဆိုးဘက်က ပိုများမလား၊ အကောင်းဘက်က ပိုများမလားဆိုတာကို ချင့်ချိန်ပြီးတော့ သုံးစွဲ ရတာကိုး။ အဲဒါကို Sustainable Development လို့ ခေါ်ကြ တယ်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုလို့ ခေါ်တာပေါ့။

          ဆိုလိုချင်တာက နေရာတစ်ခုမှာ ဆည်တစ်ခုတည်ဆောက် လိုက်လို့ ကောင်းတာချည်းပဲ မဟုတ်သလို ဆည်ဆောက်တိုင်း ဆိုးတာချည်းပဲလည်း မဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ ဆည် တစ်ခုဆိုတာ ဆောက်သင့်ပါတယ်။ ဒါပေမဲ့ နေရာတိုင်းကို ဆည် ဆောက်လို့တော့ မကောင်းဘူးပေါ့။ ဆိုပါစို့၊ ကျွန်တော်ရဲ့ ပညာ ရပ်ဆိုင်ရာ လေ့လာတဲ့ ဒေသတစ်ခုဖြစ်တဲ့ စစ်တောင်းမြစ်ဒေသ ဆိုရင် စစ်တောင်းမြစ်ထဲကို စီးဝင်တဲ့ အနောက်ဘက်ခြမ်းတစ် လျှောက်က ချောင်းတွေသည် ဘယ်ကနေ မြစ်ဖျားခံလာသလဲ ဆိုရင် ပဲခူးရိုးမကနေ လာတယ်။  စစ်တောင်းမြစ်အတွက်ဆိုရင် ပဲခူးရိုးမကြီးက ရေကို ခွဲဝေပေးတဲ့နေရာပေါ့။ သူ့ဆီက ဝေပေး လိုက်တဲ့ ရေတွေက စစ်တောင်းမြစ်ထဲကို ရောက်လာတာ။ အဲဒီ စစ်တောင်းမြစ်ထဲကိုစီးဝင်တဲ့ ချောင်းအားလုံးကီုော တွေ ပိတ်ပစ်လိုက်ကြတယ်။ ဥပမာ-ထိပ်ဆုံးကနေ စကြည့်မယ်ဆိုရင် ရဲနွယ်ဆည်၊ အထက်ဘက်ကိုတက်သွားမယ်ဆိုရင် ကွန်ချောင်း ဆည်၊ နောက် ဖြူးချောင်းဆည်၊ ခပေါင်းဆည်၊ နောက် ဆွာ ချောင်းဆည် စသည်ဖြင့် တစ်လျှောက်လုံးက ချောင်းတွေအား လုံးကို ပိတ်ပစ်လိုက်တယ်ပေါ့။

          အဲဒီလိုလုပ်လိုက်တော့ ဘာဖြစ်သွားလဲဆိုလို့ရှိရင် ပိတ် လိုက်တဲ့ နေရာတွေ၊ နေရာတွေတိုင်းမှာ ရေတွေလည်း လှောင် သလို အနည်ကိုလည်း လှောင်တယ်။ ဆည်က ကျော်ကျလာတဲ့ ရေတွေသည်Fresh Water ဖြစ်သွားတယ်။ အနည်မပါသော ရေကြည်။ ဘာကြောင့်လဲဆိုတော့ ဆည်က ချောင်းကို ပိတ်လိုက် တယ်ဆိုရင် အနည်က ထိုင်ပြီးသားဖြစ်တာကြောင့် တမံကို ကျော်ထွက်စီးသွားတဲ့ရေတွေသည် ရေကြည်တွေသာလျှင် ဖြစ် သွားတယ်။

           သာမန်စီးဆင်းနေတဲ့ ရေတွေမှာအနည်ပါတဲ့ရေနဲ့ အနည် မပါတဲ့ရေ စီးဆင်းမှုနှုန်း ဘယ်ဟာက ပိုမြန်သလဲဆိုတော့ အနည် မပါတဲ့ရေက ပိုမြန်ပါတယ်။ အနည်မပါတဲ့ရေမှာ ဘာတက်သွား သလဲဆိုရင် ရေစီးနှုန်းတက်သွားတယ်။ ရေစီးနှုန်းမြင့်တဲ့ ချောင်း တွေအားလုံးက စစ်တောင်းမြစ်ထဲကို စီးဝင်တော့ စစ်တောင်းမြစ် ရဲ့ ရေစီးနှုန်းက ပိုမြင့်တက်လာတယ်။ ကြီးလာတယ်ပေါ့။ အရင် တုန်းက အနည်တွေနဲ့စီးဆင်းနေတဲ့ စစ်တောင်းမြစ်ဟာ အခု ဆည်တွေ တည်ဆောက်လိုက်ပြီးတဲ့နောက်ပိုင်း ရေကြည်တွေနဲ့ စီးဆင်းနေတယ်။ အဲဒီအတွက် ရေစီးပိုမြန်လာမယ်။ စစ်တောင်း မြစ်ကြီးရဲ့ ဘေးတိုက်တိုက်စားမှုနှုန်းက ဆည်တွေပိတ်လိုက်တာ ကြောင့် လျော့ကျသွားပေမယ့်  Longitudinally (အလျား လိုက်) စီးဆင်းမှုနှုန်းမှာတော့  စစ်တောင်းမြစ်ကြီးရဲ့ ကမ်းနှစ်ဖက် ကို တိုက်စားမှုနှုန်းတွေ ပိုများလာတယ်။

          နောက်တစ်ခုက Ecology (ဂေဟဗေဒ) ဘက်ကကြည့်ရင် မြစ်တွေ၊ ချောင်းတွေထဲမှာ အစဉ်တစ်စိုက်ရှိနေတဲ့ ပြောရရင် Biodivertsity( ဇီဝမျိုးစုံမျိုးကွဲ) တွေပေါ့။ ငါးတွေ၊ အကောင် တွေပေါ့။ ဒါတွေရဲ့ ရှင်သန်မှုသည်လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ရေညစ်ညမ်းမှုလို့ခေါ်တဲ့ Water Pollution ဒီအကောင်တွေရဲ့ စားသုံးမှုကြောင့် တချို့က အလို အလျောက် သန့်ရှင်းသွားတာတွေရှိတယ်။ ရေထဲမှာ ရှင်သန် ပေါက်ဖွားနေတဲ့ အကောင်ကလေးတွေက ရေမှော်ကို စားတယ်။ ရေမှော်တွေ မရှိတာကြောင့် ရေက ပိုသန့်ရှင်းသွားတယ်။ အဲဒီ နည်းတွေနဲ့လည်း ရေညစ်ညမ်းမှုကို ကာကွယ်လို့ရတယ်။ အဲဒီလို အကောင်ကလေးတွေဟာ ဘာတွေနဲ့ ရှင်သန်ကြသလဲဆိုရင် အနည်တွေနဲ့ ရှင်သန်ရပါတယ်။ အနည်တွေလျော့နည်းသွားရင် အကောင်လေးတွေရဲ့ ပေါက်ပွားအားကလည်း လျော့ကျသွားမယ်။

          လူတိုင်းသိတဲ့ ဥပမာတစ်ခုပြောပြမယ်။ ကျွန်တော်တို့ မြန်မာမှန်ရင် ငါးသလောက်ကို စားဖူးကြပါတယ်။ ငါးသလောက်က နှစ်မျိုးကွဲတယ်။ ဧရာဝတီအောက်ဘက်အခြမ်းမှာရရှိတဲ့ ငါး သလောက်ကို ကျွန်တော်တို့က ကဝက်ကင်းငါးသလောက်လို့ ခေါ်တယ်။ နောက်တစ်နေရာက ရခိုင်ကမ်းရိုးတန်းဘက်အခြမ်းမှာလည်း ငါးသလောက်က ရတယ်။ ငါးသလောက်က ရေချိုရေ ငန်စပ်မှာ ပေါက်ဖွားတာကိုး။ ဒါပေမဲ့ ဘာကြောင့် ဧရာဝတီက ငါးသလောက်ဟာ ရခိုင်က ငါးသလောက်ထက် ပိုပြီးတော့ ဆူဖြိုး သလဲ။ ဧရာဝတီဆိုတာ ဟိုး မေခ၊ မလိခကနေပြီးတော့ မတူညီတဲ့ မြေဆီလွှာမျိုးစုံကို တိုက်စားလာပြီးတော့  သယ်လာတဲ့ အနည် တွေဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လာစုတယ်။ အဲဒီလို မျိုး Nutrition(အာဟာရ) များတဲ့ အနည်တွေကို စားသုံးရတဲ့ ငါးသလောက်သည် ပိုပြီးတော့ဆူဖြိုးတယ်။ ရခိုင်ဘက်ကျတော့ ရခိုင်ကမ်းမြှောင်က ပင်လယ်နဲ့ကပ်နေတာကိုး။ အဲဒီအတွက် စီး ဆင်းလာတဲ့ချောင်းတွေက အနည်ပမာဏနည်းတယ်။ Nutrition ပါဝင်မှုကလည်း အရမ်းနည်းတယ်။  အကောင်တွေကို ရှင် သန်စေတဲ့ဓာတ် အားနည်းတယ်။

          ဒီလိုပါပဲ၊ ဆည်တွေကိုသာ ပိတ်လိုက်ရင် မြစ်တွေထဲမှာ၊ ရေတွေထဲမှာ အနည်တွေ နည်းသွားမယ်။ ရေနေသတ္တဝါတွေကို အင်အားဖြစ်စေတဲ့ Nutrition တွေလည်း ပါဝင်မှုနည်းသွား တယ်။ ဒီဆည်တွေရဲ့ အကျိုးဆက်အဖြစ် မြန်မာ့ကမ်းရိုးတန်းမှာ ငါးသယံဇာတကလည်း အရှည်သဖြင့် ထိခိုက်မှုရှိသွားမယ်။ ဒါက ဆည်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ အကျိုးဆက်တွေဖြစ်ပါတယ်။

မော်ကွန်း။  ။ နောက်ထပ်မေးချင်တာက ဆည်တွေရဲ့ အောက် ဘက်ဧရိယာတွေမှာရှိတဲ့ လူတွေနေတဲ့ ဒေသတွေအတွက် စီမံ ခန့်ခွဲမှုက နိုင်ငံတကာမှာ ဘယ်လိုတွေလုပ်ဆောင်ရပါသလဲ။ ကျွန်တော်တို့ဆီမှာရော ဘယ်လို ဆောင်ရွက်နေပါသလဲ။

ဒေါက်တာထွန်းကို။  ။ အဲဒါကတော့ Reservoir (ရေလှောင်တမံ)  ကို စပြီး တည်ဆောက်တဲ့အချိန်မှာ ဆည်မြောင်းပညာရှင်များရဲ့ ခန့်မှန်းတွက်ချက်မှုများက အရေးပါတဲ့ အချက်တစ်ခုပေါ့။ ဘာ ကြောင့်လဲဆိုရင် အခြေခံလိုက်နာရမယ့် စည်းမျဉ်းတစ်ခုအနေနဲ့ ဆည်ဆောက်လိုက်တဲ့နေရာရဲ့ မြေအောက်မှာ Fault Line (ပြတ်ရွေ့ကြော)တွေ၊ သို့မဟုတ် Crack (အက်ကွဲကြောင်း)တွေ မရှိရဘူး။

           ဘာကြောင့်လဲဆိုရင် ငလျင်ရဲ့သဘောတရားက  ပြတ်ရွေ့ ကြောနေရာမှာ ငလျင်ဆိုတာ အမြဲလှုပ်နေတာပဲ။ ဒါပေမဲ့ ဟိုး မြေကြီးရဲ့ အောက်၊ မီတာအလွန်နက်တဲ့နေရာမှာ လှုပ်တာနဲ့ မြေ ကြီးရဲ့ အပေါ်ယံအလွှာနားကို ကပ်လှုပ်တာနဲ့ ဒီလိုပဲ ကွာခြားပါ တယ်။ ကမ္ဘာမြေကြီးရဲ့တည်ဆောက်ပုံကိုက Tectonic Crack ဆိုတဲ့ ကျောက်ချပ်ကြီးတွေနဲ့ ဆက်စပ်ပြီး တည်ဆောက်ထား တာဆိုတော့ ဒီကျောက်ချပ်ကြီးတွေ တစ်ခုနဲ့တစ်ခုကလည်း အမြဲတမ်း ပွတ်တိုက်လှုပ်ရှားနေတာ။ ဒါပေမဲ့ ကျွန်တော်တို့က တော့ မသိပါဘူး။ ကျွန်တော်တို့နေထိုင်တဲ့ မြေပြင်ရဲ့ အနီးအနား အထိ တက်လှုပ်တော့မှသာ ငလျင်လှုပ်ပါလားလို့ သိလိုက်ရတာ ပါ။ သာမန်အားဖြင့် သူက အမြဲတမ်း ပုံမှန်လှုပ်နေတာပါ။

          အဲဒီတော့ ရေလှောင်ထားတဲ့ပမာဏကို အဓိက တားဆီး ပေးထားတာက ဒီတမံကြီးတစ်ခုတည်းပဲရှိတာလေ။ အောက်က မြေကြီးက အမြဲလှုပ်နေလို့ လှောင်ထားတဲ့ ရေကပါ လိုက်လှုပ်နေ မယ်ဆိုရင် ဒီတမံတစ်ခုရဲ့ တည်တံ့မှုဟာ အရမ်း အခက်အခဲဖြစ် သွားနိုင်တယ်။ နောက်တစ်ခုက ဆည်တည်ဆောက်လိုက်ပြီ ဆို ကတည်းက Reservior တစ်ခုသည် ပုံမှန်ရေစီးဆင်းပေးနိုင်ဖို့အတွက် ဆည်ကို အမြဲတမ်း အမြင့်မှာပဲ တည်ဆောက်ကြတယ်။ လူတွေက အမြဲတမ်း မြေပြန့်လွင်ပြင်၊ အနိမ့်ပိုင်းတွေမှာ နေထိုင် ကြတယ်။ အဲဒါကြောင့် များသောအားဖြင့် လူတွေ နေထိုင်နေတဲ့ နေရာသည် ဆည်တွေရဲ့ အောက်ဘက်မှာပဲ တည်ရှိနေတတ် တယ်။ ဆည်ရဲ့အပေါ်ပိုင်းမှာ လူတွေနေတယ်ဆိုတာ နည်းပါတယ်။ မြန်မာမှာရော ကမ္ဘာမှာပါ ဆည်တည်ဆောက်တဲ့ ဧရိယာအများ စုက Settlement(လူများနေထိုင်ရာဒေသ) ဧရိယာရဲ့ အမြင့် ပိုင်းမှာပဲ ရှိနေတာကြောင့် ဒီ ဆည်တမံရိုးတွေဟာ Settlement ဧရိယာတွေရဲ့ ရှင်သန်ရပ်တည်ရေးအတွက် အမြဲတမ်းခြိမ်းခြောက် နေတဲ့အရာပဲ။ ဒီတမံရိုး တစ်ခုခု ဒုက္ခပေးတာနဲ့ အောက်ဘက်က လူတွေထိခိုက်မှာပဲ။

          ဆည်တွေသည် အောက်မှာ ပြတ်ရွေ့ကြောတွေ မရှိရဘူး။ အက်ကွဲကြောင်းတွေ မရှိရဘူး။ နောက်တစ်ခါ တမံရိုးတစ်ခုကို တည်ဆောက်မယ်ဆိုရင် တိုက်လေတစ်ခုနဲ့ ထောင့်မှန်အနေ အထား မတည်ဆောက်ရဘူး ဆိုတာတွေကို  ဆည်မြောင်းပညာ ရှင်အားလုံး နားလည်ကြပါတယ်။ ဒါတွေကို သူတို့ရှောင်ရှားပြီး တော့ တည်ဆောက်ကြမှာပါ။ တည်ဆောက်နိုင်တဲ့ပမာဏပေါ် မှာ မူတည်ပြီးတော့ မြေသားတမံ၊ ကျောက်စီတမံ စသဖြင့် ကွာ ခြားသွားတာပေါ့လေ။ ကျောက်စီတမံကတော့ မြေသားတမံ ထက် ပိုစိတ်ချရပါတယ်။ မြေသားတမံသည် ကျောက်စီတမံ လောက်တော့ စိတ်မချရဘူး။

          တမံအမြင့်ကို ဘယ်လောက်ထားရမလဲ ဆိုတာတွေက တော့ မိုးလေဝသအချက်အလက်တွေပေါ် မူတည်ပြီး မိုးရေချိန် အလိုက် တည်ဆောက်ရတာပါ။ ဒါတွေကိုတော့ ပုံမှန်တွက်ချက် တည်ဆောက်ကြရပါတယ်။ သို့သော် အခြေခံအချက်အလက် ဖြစ်တဲ့ တမံအတွင်းကို စီးဝင်မှုပမာဏတွက်တာ မခိုင်လုံခဲ့ရင်  အခြားတွက်ချက်မှုတွေလည်း လွဲကောင်းလွဲသွားနိုင်တာပေါ့။

မော်ကွန်း။  ။ ဆရာပြောခဲ့တဲ့ ရဲနွယ်၊ ကွန်၊ ဖြူး၊ ခပေါင်း၊ ဆွာ စတဲ့ ဆည်တွေက မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပြတ်ရွေ့ကြောတစ်ခုဖြစ် တဲ့ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ တည်ရှိနေတယ်လို့ အချို့က ပြောကြပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်က ဆည်တွေနဲ့ ပတ် သက်ပြီးတော့ ဘယ်လို ထိန်းသိမ်းစောင့်ရှောက်သင့်ပါသလဲ။

ဒေါက်တာထွန်းကို။  ။ အဲဒီဆည်အားလုံးကတော့ စစ်ကိုင်းပြတ်ရွေ့အပေါ်မှာမရှိပါဘူး။ မှန်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့သည် ပဲခူး ရိုးမကို ဖြတ်ဆင်းသွားတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ရဲနွယ်၊ ကွန်၊ဖြူး၊ ခပေါင်း၊ ဆွာ စတဲ့ ဆည်တွေအားလုံးသည် ပဲခူး ရိုးမရဲ့ Foothill (တောင်ခြေ) ဒေသတွေမှာ တည်ဆောက်ထား တာတွေပါ။ နောက်ထပ်ပြောရရင် စစ်ကိုင်းပြတ်ရွေ့ကြောသည် ပဲခူးရိုးမဘက်အရောက်မှာ ပေါ်လိုက်ပျောက်လိုက်ပါ။ နေရာ တိုင်းမှာ တောက်လျှောက်မမြင်ရပါဘူး။ ဆည်အားလုံးကတော့ ပြတ်ရွေ့ပေါ်မှာ တည်ရှိနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆည်တွေရဲ့ ရေဝေဧရိယာထဲမှာတော့ ပြတ်ရွေ့ပါနေပါတယ်။ ရေလှောင်ထား တဲ့ ဧရိယာကြီးရဲ့ အောက်မှာတော့ စစ်ကိုင်းပြတ်ရွေ့မရှိပါဘူး။ အပေါ်ဘက်မှာတော့ စစ်ကိုင်းပြတ်ရွေ့ကြော ရှိနေပါတယ်။

မော်ကွန်း။  ။ ဆည်တွေရဲ့အောက်ဘက်မှာ နေထိုင်ရတဲ့လူတွေက ဖိအားတွေ အမြဲရှိတယ်ဆိုတော့ ဒီလိုအခြေအနေတွေကို နိုင်ငံ တကာမှာရော ဘယ်လိုစီမံခန့်ခွဲပါသလဲ။ ကျွန်တော်တို့ဆီမှာရော ဘယ်လိုလုပ်သလဲဆိုတာ သုံးသပ်ပေးပါဦး။

ဒေါက်တာထွန်းကို။  ။ အမှန်ကတော့ နိုင်ငံတော်ရဲ့ တည်ဆောက် ရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကက ဆောင်ရွက်တဲ့ တည် ဆောက်ရေး လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ စက်မှုလုပ်ငန်းတွေမှာပဲ ဖြစ် ဖြစ်၊ မည်သည့်တည်ဆောက်ရေးလုပ်ငန်းမဆိုပေါ့။ ကျွန်တော်တို့ က ဘာရှိသင့်သလဲဆိုတော့ Environmental Impact Assessment(EIA), Social Impact Assessment(SIA),Health Impact Assessment(HIA)  ဆိုတာတွေ ရှိကို ရှိသင့် တယ်။ ကျွန်တော်တို့နိုင်ငံမှာက အဲဒီအလေ့အထမရှိဘူးတော့ မဟုတ်ဘူး၊ အရမ်းနည်းနေတယ်။

           ဥပမာဆိုပါစို့၊ လက်ရှိ ဆည်တစ်ခုတည်ဆောက်တော့မယ် ဆိုရင် ဆည်နဲ့ပတ်သက်တဲ့  သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး စေမှုအစီရင်ခံစာ(EIA)၊ လူမှုဝန်းကျင်သို့ ထိခိုက်လာမည့် အစီ ရင်ခံစာ(SIA)၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်နိုင်မှုအစီရင်ခံ စာ(HIA) တွေကို အရင်ဆုံးပြုစုပေးရတယ်။  အဲဒီအစီရင်ခံစာ ပြုစုထုတ်ပြန်ချက်ပေါ်မှာ ဆည်အောက်မှာရှိတဲ့ လူထုက ကျေနပ် တယ်၊ လက်ခံတယ်ဆိုရင် စီမံကိန်းကို လုပ်ပေါ့။

           ဘာကြောင့်လဲဆိုရင် သဘာဝဟာ သဘာဝအတိုင်း တည် ရှိနေတာ ဘာမှမဖြစ်ဘူး။ အဲဒီသဘာဝကို လူကဖန်တီးလုပ်ယူ လိုက်ပြီဆိုတာနဲ့ Impact (သက်ရောက်မှု) ဆိုတာ ရှိကိုရှိတယ်။ ဒါပေမဲ့ ကောင်းကျိုးက ပိုများမလား၊ ဆိုးကျိုးက ပိုများမလား။ ကောင်းကျိုးက များတယ်။ ကောင်းကျိုးများတယ်ဆိုတာ ဆိုး ကျိုးမရှိဘူးလားဆိုတော့ ရှိတယ်။ သို့သော် ကောင်းကျိုးများ တယ်၊ ဆိုးကျိုးနည်းတယ်ဆိုရင် လုပ်သင့်တယ်။ ကောင်းကျိုး လေးရတော့ နည်းနည်းလေးပဲ၊ ဆိုးကျိုးအရမ်းများနေတယ်ဆိုရင် မလုပ်သင့်ဘူး။

          ဥပမာဆိုပါစို့၊ ဆည်တစ်ခုဆောက်လိုက်တယ်။ ဆည်တည် ဆောက်လိုက်တာကြောင့် သူ့ရဲ့အောက်က စိုက်ပျိုးမယ့် ဧရိယာ တွေမှာ ရေတွေ ရသွားမယ်။ အဲဒီအတွက် စိုက်ပျိုးရေးအတွက် ကောင်းသွားမယ်။ သို့သော် အဲဒီ ဆည်တည်ဆောက်ထားတဲ့ အောက်မှာ ပြတ်ရွေ့ကြောကြီးရှိနေတယ်ဆိုရင် ဆည်အောက်က လူတွေဘာလုပ်မလဲ။ အသေခံမလား၊ စပါးစိုက်မလား။ ဒီလို ပြတ် ရွေ့အောက်မှာ ရှိနေတယ်ဆိုရင် အချိန်မရွေး ဒုက္ခပေးနိုင်တယ်။ အဲဒီ ပြတ်ရွေ့ကလည်း စိုးရိမ်ရတဲ့ အနေအထားရှိနေတယ် ဆိုရင် ဘာဖြစ်လို့ ဆည်တွေ တည်ဆောက်မလဲ။ မြစ်ထဲက ရေကို တင်ယူသုံးရင်ကော မရနိုင်ဘူးလား။

          ဆည်တစ်ခုဆောက်မယ်ဆိုရင် မဆောက်ခင်ကတည်းက Preliminary Investigation  ခေါ်တဲ့ ကြိုတင်တိုင်းထွာမှုများ ဆောင်ရွက်ရတယ်။ ဒါကို ဆည်ဆောက်မယ့် ဆည်မြောင်းဦးစီး ဌာနက ဦးဆောင်လုပ်ပါတယ်။  မိုးရေချိန်အနေအထားတွေ၊ လေ တိုက်နှုန်းတွေ၊ ရေစီးကြောင်းတွေ၊ နေပူချိန်တွေစတဲ့ ကြိုတင် တိုင်းထွာမှုတွေကို ဆောင်ရွက်ရသလို တစ်ဖက်ကလည်း ဘာ လုပ်သင့်သလဲဆိုရင် အဲဒီဆည်ဆောက်လိုက်ရင် ဖြစ်ပေါ်လာမယ့် ပတ်ဝန်းကျင်ထိခိုက်မှု၊ နစ်နာမှုများ၊ လူမှုထိခိုက်နစ်နာမှုများ၊  ကျန်းမာရေးထိခိုက်နစ်နာမှုများဆိုတဲ့ အစီရင်ခံစာတွေကို ပွင့် လင်းမြင်သာစွာ ဆောင်ရွက်ရင် လူထုကို ရှင်းရှင်းလင်းလင်းချပြ ပြီးသား ဖြစ်သွားတာပေါ့။  အဲဒီလို လုပ်လိုက်တဲ့အတွက်ကြောင့် လူထုကလည်း နှစ်သက်တယ်၊ မနှစ်သက်ဘူး။ ပြောရရင်တော့ ဒီမိုကရေစီနည်းကျကျပေါ့။ အများက လက်ခံရင် လုပ်တာဟာ အကောင်းဆုံးပဲပေါ့။ မဟုတ်ရင်တော့ ဆည်တည်ဆောက်တာက Risk (ထိခိုက်ဆုံးရှုံးမှု) အရမ်းယူရတယ်။

မော်ကွန်း။  ။ မြန်မာနိုင်ငံမှာ တည်ဆောက်ပြီးသားဆည်က ကျွန် တော်သိသလောက် ၁၈ဝ အထက်မှာ ရှိနေပြီပေါ့။ မြန်မာနိုင်ငံက တည်ဆောက်ပြီးခဲ့တဲ့ဆည်တွေနဲ့ ပတ်သက်ရင် ဘယ်လိုကိစ္စ တွေက အခုအချိန်မှာ သတိထားရမယ့် အခြေအနေတွေရောက် နေပြီလို့ ဆရာမြင်ပါသလဲ။

ဒေါက်တာထွန်းကို။  ။ အခုခင်ဗျားတင်ပြသလိုပါပဲ။ လက်ရှိ ကျွန် တော်တို့နိုင်ငံမှာ ဆည်ပေါင်းက ၁၈ဝ ကျော်သွားပြီပေါ့လေ။ တစ် ချိန်တုန်းက ဆည်မြောင်းဦးစီးဌာနက ဆည်တွေတည်ဆောက်မှု အပိုင်းကို နှစ်အလိုက်တောင် စီမံချက်ထားပြီးတည်ဆောက်ခဲ့ တယ်ပေါ့လေ။ တကယ်တော့ နှစ်တစ်ခုနဲ့ လျာထားချက်ထား တည်ဆောက်ရအောင် ဆည်ဆိုတာ ပြောရရင် စက်ရုံက ထုတ်တဲ့ ထုတ်ကုန်မှ မဟုတ်တာဗျာ။ ဒါက ကျွန်တော်ရဲ့အမြင်ပါ။ ဒါပေမဲ့ တစ်ချိန်ကတော့ အဲဒီလိုနှစ်အလိုက် လျာထားတည်ဆောက်ခဲ့ တယ်။ အခုလောလောဆယ်တော့ ရှိပြီးသွားပြီပေါ့ဗျာ။ ကျွန် တော့်အနေနဲ့ အကြံပြုပြောချင်တာက ရှေ့ဆက်ပြီးတော့ ဆည် တွေဟာ လုံးဝမဆောက်ရတော့ဘူးဆိုတဲ့ အကြံကိုလည်း ကျွန် တော် မပေးလိုပါဘူး။ လိုအပ်တဲ့နေရာတွေမှာတော့ တည် ဆောက်ရမှာပါ။ အထက်မှာ ပြောခဲ့သလိုပဲ ဆည်တစ်ခုကို တည်ဆောက်တော့မယ်ဆိုရင် ဆည်မြောင်းဘက်အခြမ်းက Preliminary Investigation  ကို တိကျစွာဆောင်ရွက်သင့်သလို တစ်ဖက်မှာလည်း  EIA,SIA,HIA လို့ ခေါ်တဲ့ ထိခိုက်ပျက်စီးမှု အစီရင်ခံစာများကိုလည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပြီးမှ ဆည်တစ်ခုကိုတည်ဆောက်သင့်တယ်။ ဒါက တစ်ပိုင်းပေါ့။

          ရှိပြီးသားဆည်တွေပေါ့။ ဒါတွေက ဖျက်ပစ်လို့လည်း ရတာ မဟုတ်ဘူးလေ။ အဲဒီဆည်တွေနဲ့ပတ်သက်ရင်တော့ ဆည်ထိန်း သိမ်းမှုအပိုင်းကို ဒီထက်ပိုပြီးတော့ စနစ်တကျဆောင်ရွက်သင့် တယ်။ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ဘာလဲဆိုရင် Upload Management နဲ့ တစ်ခုကတော့ Downstream Management ပေါ့။ နှစ်ပိုင်းစလုံးမှာ ဘက်ပေါင်းစုံက စနစ်တကျ ထိန်း သိမ်းသင့်တယ်။ ဆည်က အမြင့်ပိုင်းမှာ တည်ရှိနေတာ။ လူတွေ က အနိမ့်ပိုင်းမှာ နေနေကြတာ။ ဆည်ရဲ့အ္တနရာယ်ဟာ ပြောရရင် တော့ Settlement (လူများနေထိုင်ရာဒေသ) ဧရိယာအားလုံးကို ထိခိုက်နိုင်တာပါ။

          ဥပမာအနေနဲ့ပြောရရင် ရန်ကုန်မြို့ရဲ့အထက်ပိုင်းမှာ ငမိုး ရိပ်ဆည်ရှိပါတယ်။ ငမိုးရိပ်ဆည်ရဲ့ ရေလှောင်ထားတဲ့ပမာဏဟာ ဘယ်လောက်ပမာဏအင်အားရှိသလဲဆိုတော့ ကျွန်တော့်ဆရာ ဖြစ်တဲ့ ဆရာကြီးဦးမောင်မောင်အေးပြောကြားခဲ့တာကို ပြန် ပြောရရင် အဲဒီဆည်ရဲ့ ရေအားလုံးကို တစ်ပြိုင်နက် လွှတ်ချလိုက် လို့ရှိရင် ရန်ကုန်မြို့လယ်က ကုန်သည်ကြီးများဟိုတယ်ရဲ့ (ယခု Sule Shangarila Hotel) ရှစ်လွှာလောက်အထိကို ရေမြုပ် သွားနိုင်တဲ့ ပမာဏကို သိုလှောင်ထားတာပါ။ ကျွန်တော့်ဆရာ တွေက ငမိုးရိပ်ဆည်ရဲ့ ရေလှောင်ထားတဲ့ ရေပမာဏကို မြေပြင် ကို ဖြန့်ချတွက်ချက်လိုက်တာပါ။ အဲဒါကြောင့် ဆည်တစ်ခုရဲ့ ကြံ့ ခိုင်မှု၊ ဆည်တစ်ခုရဲ့ တည်တံမှုဟာ Settlement (လူများနေထိုင် ရာဒေသ) ဧရိယာတွေအတွက် အလွန်အရေးပါပါတယ်။

          လက်ရှိ ရှိနေပြီးသား တမံတွေရဲ့ ကြံ့ခိုင်မှုက အဓိကအနည် ပါပဲ။ ကျွန်တော်တို့က ဆည်ထဲမှာ ရေလှောင်ချင်တာ။  ရေမလှောင် ဘဲနဲ့ အနည်လှောင်မိရင် အဲဒီဆည်ကစပြီး ဒုက္ခပေးတော့တာပါပဲ။ ဘာကြောင့်လဲဆိုရင် ရေက အပေါ်ကို ကျော်ကျလာတော့မယ်။ ဆည်တည်ဆောက်တဲ့ ရည်ရွယ်ချက်က ရေသွင်းစိုက်ပျိုးရေးနဲ့ ရေလွှမ်းမိုးမှုကို ကာကွယ်ဖို့ဆိုတာလေ။ ဒီရည်ရွယ်ချက်နှစ်ခုနဲ့ ဆည်ကိုဆောက်ကြတာ၊ ဆည်ကြောင့် ရေလွှမ်းရတယ်ဆိုရင် ကောင်းမှမကောင်းတာ။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဆည်ထဲက အနည်ကို ပြန်ထုတ်ရမယ့်ဟာတွေကို အသာထားလိုက်ဦး၊ ကျွန် တော်တို့ဆီမှာက ဆည်တွေမှာ အနည်ဘယ်လောက်တည်ရှိနေတယ်ဆိုတာကိုတောင် တိုင်းတာနိုင်တဲ့ အင်အားပမာဏက နည်းနေသေးတယ်။ ဒါတွေကို ဆည်မြောင်းဦးစီးဌာနက ဦး ဆောင်ပြီးတော့ စနစ်တကျ အချက်အလက်တွေ ကောက်သင့် တယ်။ ပြီးတဲ့အခါမှာ ဒီဟာကို ဘယ်လိုမျိုး စီမံခန့်ခွဲမလဲပေါ့။ အထက်မှာ ကျွန်တော်ပြောခဲ့သလို ဆည်ထဲကအနည်တွေကို ထုတ်တဲ့ နည်းလမ်းသုံးခုရှိပါတယ်။ အနည်ကို ဆယ်ထုတ်တဲ့နည်း လမ်းလည်း ရှိတယ်၊ အနည်ကိုလှယ်ထုတ်တဲ့နည်းလမ်းလည်း ရှိ တယ်။ ရေကူဆည်နဲ့ တားတဲ့နည်းလမ်းလည်း ရှိတယ်။ ဝင်ပြီး သားအနည်ကိုတော့ အခုအချိန်မှာ ရေကူဆည်ဆောက်ရင်တော့ မရတော့ဘူးပေါ့လေ။ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထိန်းသိမ်း မယ်ဆိုရင်တော့ ကောင်းတဲ့အချက်တစ်ခုပါ။

မော်ကွန်း။  ။ ဆရာပြောခဲ့တဲ့ ရှိပြီးသားဆည်တွေကို ယခုထက်ပို တဲ့ ထိန်းသိမ်းတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်သင့်တယ်ဆိုတာက ဘယ်လို ထိန်းသိမ်းတာတွေကို ပြောတာလဲ။

ဒေါက်တာထွန်းကို။  ။ ဆည်တွေအားလုံးဟာ ဘယ်လောက်အထိ အနည်တွေဝင်နေပြီလဲဆိုတာကို ကောက်ယူထားတဲ့ အချက် အလက် လောလောဆယ် ကျွန်တော်တို့နိုင်ငံမှာမရှိဘူး။ ဆိုပါစို့၊ အခု ဆွာရေလှောင်တမံ၊ ပြီးတော့ ခပေါင်းရေလှောင်တမံ၊ ဒီ ဘက်မှာ ဖြူးရေလှောင်တမံတွေဆိုရင် သူ့မှာအနည်ပမာဏ ဘယ်လောက်ဝင်နေပြီဆိုတာသိမှ၊ ရေဘယ်လောက် လှောင်နေ တယ်ဆိုတာကိုသိရမှာ။ အဲဒီဆည်တွေမှာ အနည်ဘယ်လောက် ဝင်နေပြီဆိုတာ ၂ဝဝ၃-၂ဝဝ၄ ဝန်းကျင်လောက် ကျွန်တော် အဲဒီ ဆည်တွေကို Study လုပ်တဲ့အချိန်တုန်းက သူတို့ဆီမှာ အနည် ဝင်တာကို တိုင်းတာတဲ့ အချက်အလက်မရှိဘူး။ အခုတော့ မပြောတတ်ဘူးပေါ့။ တစ်နှစ်ကို အနည် ဘယ်လောက်ဝင်နေတယ် ဆိုတာ သိမှ၊  ဘယ်နှနှစ်အကြာမှာ ဒီအနည်တွေကို ပြန်ဆယ် ထုတ်ရမယ်ဆိုတာကို တွက်လို့ရမှာလေ။

          ဒါကြောင့်မို့ ကျွန်တော်က ယခုထိန်းသိမ်းမှုတွေထက် ပိုတဲ့ ထိန်းသိမ်းမှုတွေမျိုး ဆောင်ရွက်သင့်တယ်လို့ ပြောတာပါ။ နောက်တစ်ချက်က ဘာလဲဆိုရင် Upload Management (ဆည်အထက်ပိုင်းဒေသ စီမံခန့်ခွဲမှု) ပေါ့။ ဆည်ဆိုတာကို ကျွန် တော်တို့က ရေလှောင်ထားတဲ့ နေရာတစ်ခုတည်းကိုပဲ ကြည့်လို့ မရပါဘူး။ ကျွန်တော်တို့က ဆည်လို့ပြောလိုက်ရင် ရေရှိနေတဲ့ ဧရိယာကိုပဲ ဆည်လို့ ထင်ထားကြတာ။ ဆည်ရဲ့အထက်ပိုင်းမှာ ရှိနေတဲ့ ရေဝေရေလဲဒေသ၊ ပြောရရင် သစ်တောကြီးတွေပေါ့။ သူတို့ကို ဆည်နဲ့မဆိုင်တဲ့ ဧရိယာလိုမျိုး ထားထားကြတယ်။ တကယ်တော့ အဲဒီသစ်တောတွေမှာ ရှိနေတဲ့ Ecology Structure ပေါ့ဗျာ။ အကောင်တွေရော၊ အပင်တွေရော၊ အားလုံးရဲ့ ရှင်သန်မှုက ဆည်တစ်ခုရဲ့  ရှင်သန်မှုနဲ့ တစ်ထပ်တည်းကျပါတယ်။ ဒီအပင်တွေ၊ ဒီအကောင်တွေ ဒီနေရာမှာမရှိတော့ရင် အဲဒီ နေရာတွေက မြေသားတွေကလည်း ဒီအတိုင်းမတည်ရှိနိုင်တော့ ပါဘူး။ အကုန်လုံး ဆည်ထဲကို ထိုးဆင်းလာမယ်။ ဒါဆိုရင် ဆည်ရဲ့ ကြံ့ခိုင်မှုကလည်း ပျက်စီးလာမယ်။

           ဆည်တစ်ခုမှာ သက်တမ်းရှိပါတယ်။ ဒီဆည်ဟာ ဘယ် လောက်သက်တမ်းပဲ လက်ခံနိုင်တယ်ဆိုတာ ဆည်တိုင်းမှာ ရှိပြီး သားပါ။ ဆည်ဟာ အနည်ဝင်တာများရင်  သတ်မှတ်ထားတဲ့ သက်တမ်းထက် သက်တမ်းတိုသွားနိုင်တယ်။ လူတွေလိုပဲပေါ့။ လူတွေ အစားအသောက်ပုံမှန်မဖြစ်တော့တဲ့အခါ လူ့သက်တမ်း တို လာသလိုပဲ ဆည်တွေမှာလည်း ရေလှောင်ဧရိယာတွေသာမက သူ့ရဲ့အထက်ပိုင်းဟာလည်း ဆည်တွေရဲ့ Body ကြီးပါပဲ။ ဒီ Body ကို မထိန်းသိမ်းရင် ဆည်လည်း သက်တမ်းတိုမှာပဲ။ မကြာ ခင်မှာပဲ ပျက်စီးသွားလိမ့်မယ်။ ဒီဆည်တွေသာ ပျက်စီးသွားရင် ဘယ်သူတွေထိခိုက်မလဲဆိုတော့ ဆည်အောက်မှာ နေထိုင်နေတဲ့ လူတွေပဲ ထိခိုက်မယ်။

မော်ကွန်း။  ။ ဆည်သက်တမ်းအကြောင်းကို ဆရာပြောခဲ့တော့ ကျွန်တော်တို့နိုင်ငံက ဆည်တွေကိုရော ဘယ်လို သက်တမ်းသတ် မှတ်ချက်တွေ လုပ်ကြပါသလဲ။

ဒေါက်တာထွန်းကို။  ။ ဆည်ရဲ့သက်တမ်းဆိုတာကို ဆည်မြောင်း ပညာရှင်များက သတ်မှတ်ပြီးသားပါ။ ဆိုပါစို့၊ နေရာတစ်ခုမှာ တမံတစ်ခုပိတ်လိုက်ရင် အနည်းဆုံး အဲဒီဧရိယာရဲ့ လွန်ခဲ့တဲ့အနှစ် သုံးဆယ်ကျော်လောက်က မိုးရေချိန်မှတ်တမ်းကို သတ်မှတ်ပြီး တော့ ဒီဆည်ထဲကို တစ်နှစ်ကို ရေပမာဏက ဘယ်လောက်ကျ ရောက်မယ်၊ အနည်ပမာဏ ဘယ်လောက်ကျရောက်မယ်ဆိုတဲ့ ဖြစ်နိုင်ခြေတွက်ချက်မှုက ရှိပြီးသား။

           ဥပမာ-ဆည်တစ်ခုက တစ်ထောင်ကုဗမီတာ ရေလှောင် နိုင်တယ်ဆိုပါတော့။ ကျလာမယ့် ရေနဲ့အတူ အနည်က တစ်နှစ်ကို တစ်ဆယ်ကုဗမီတာ ဝင်တယ်ဆိုပါစို့။ ဆယ်နှစ်ကြာရင် တစ်ရာ ကုဗမီတာ အနည်ဝင်မယ်၊ နှစ်တစ်ရာကြာရင် တစ်ထောင် ကုဗ မီတာ အနည်ဝင်မယ်ပေါ့။ အဲဒီတော့ ရေတစ်ထောင်ကုဗမီတာ လှောင်နိုင်တဲ့ တမံထဲကို နှစ်တစ်ရာအကြာမှာ အနည်တစ်ထောင် ကုဗမီတာ ဝင်တယ်ဆိုရင် ဆည်က အနည်တွေနဲ့ ပြည့်သွားပြီပေါ့။ ရွှံ့ပြင်ဖြစ်သွားမယ်ပေါ့။ အဲဒီအခါမှာ ဆည်ရဲ့သက်တမ်းက ကုန် တယ်ပေါ့။ သက်တမ်းရှည်ချင်ရင် အနည်တွေကို ပြန်ဆယ်ထုတ် တဲ့ နည်းနဲ့လုပ်ပေါ့။ သို့သော် ဘယ်လိုလုပ်လုပ် အနည်ကြောင့် ဆည်သက်တမ်းဟာ တိုသွားတတ်တဲ့ သဘာဝရှိပါတယ်။

မော်ကွန်း။  ။ မြန်မာနိုင်ငံက ထပ်မံတည်ဆောက်မယ့် ဆည်စီမံ ကိန်းတွေလည်း ရှိနေပါတယ်။ ဒါနဲ့ပတ်သက်တဲ့ ဆရာရဲ့ အကြံပြု ချက်ပြောပေးပါဦး။

ဒေါက်တာထွန်းကို။  ။ ကျွန်တော်ကတော့ ဘူမိရုပ်သွင်သမားဆို တော့ သဘာဝကတော့ သဘာဝအတိုင်းရှိတာ အကောင်းဆုံးပါ ပဲ။ ဒါပေမဲ့ လက်ရှိဆည်တွေနဲ့ပတ်သက်လို့၊ ထပ်မံတည်ဆောက် ကြမယ့် ဆည်မြောင်းတာတမံတွေနဲ့ပတ်သက်လို့ မလုပ်ပါနဲ့လို့ တားရဖို့အတွက်တော့ တားစရာမလိုပါဘူး။ လုပ်ဟေ့လို့လည်း ပြောစရာမလိုပါဘူး။ ကဏ္ဍအသီးသီးမှာ ပညာရှင်တွေ ရှိပါတယ်။ တတ်ကျွမ်းနားလည်တဲ့ တတ်သိပညာရှင်တွေ ရှိပါတယ်။ သူတို့ တွေနဲ့ တိုင်ပင်ပြီးတော့ အကောင်းဆုံးနည်းလမ်းတစ်ခုကိုရှာပါ။ အထက်မှာ ပြောခဲ့သလိုပဲ အရာရာတိုင်းမှာ Man-Made Action ပါလာရင် Impact ဆိုတာ ရှိစမြဲပါပဲ။

          အဲဒီ Impact တွေထဲမှာမှ ကောင်းကျိုးရလဒ် ပိုပါသလား၊ ဆိုးကျိုးက ပိုများသလား။    ဒါကို ယှဉ်ကြည့်မယ်။ ကောင်းကျိုးက များတယ်၊ ဆိုးကျိုးကလည်းပဲ ထိခိုက်လောက်စရာမရှိဘူးဆိုရင်၊ ထိခိုက်လောက်စရာ မရှိဘူးဆိုတာ နှစ်ပိုင်းရှိတယ်။ တစ်ခါတလေ မှာ ကျွန်တော်တို့က အပ်ကလေးနဲ့ ထိုးလိုက်တာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ထိုးလိုက်တာ ပုရွက်ဆိတ်ဖြစ်နေခဲ့ရင်ကော၊ ကျွန် တော်တို့ဘက်ကကြည့်တော့  အပ်ကလေးပဲဆိုပေမယ့် အထိုးခံရ တာက ပုရွက်ဆိတ်ဖြစ်ခဲ့ရင်။ ဒီလိုတွေလည်း ကွာသေးတာပေါ့။ အဲဒါကြောင့်မို့လို့ EIA, SIA, HIA တွေလုပ်ဖို့ ဒါတွေက ဘယ် သူခံစားရမှာလဲဆိုရင်  ဆည်တည်ဆောက်တဲ့ဒေသမှာရှိတဲ့ ဒေသခံတွေအတွက်ပဲ။ ဒေသခံတွေအတွက်က တချို့အရာတွေက ဘေးက ကြည့်တဲ့လူတွေက ဒါလောက်လေးပဲကွာဆိုပေမယ့် သူ တို့အတွက်ကြီးမားတယ်လို့မြင်ရင် မလုပ်သင့်ပါဘူး။ ဒီလိုကိစ္စ တွေကို ထည့်သွင်းကြည့်သင့်ပါတယ်။

မော်ကွန်း။  ။ ကျွန်တော်တို့နိုင်ငံလို ငလျင်ကြောတွေ ပေါများတဲ့ နိုင်ငံတစ်ခုမှာ ရေလှောင်တမံဆောက်ပြီး စီးပွားရှာမယ့် စီမံကိန်း တွေကရော သင့်လျော်မှုရှိ၊ မရှိ သုံးသပ်ပေးပါဦး။

ဒေါက်တာထွန်းကို။  ။ ကျွန်တော်အမြင်အရ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ Dam ဆိုတာ စီးပွားရှာစရာတစ်ခုလို့ မမြင်ပါ ဘူး။ ဘာကြောင့်လဲဆိုရင် Dam ဆိုတာ နိုင်ငံတစ်ခုရဲ့ အခြေခံ အဆောက်အအုံတစ်ခုပါ။ နိုင်ငံရဲ့လူမှုဘဝဖွံ့ဖြိုးမှုရဲ့ အခြေခံ အဆောက်အအုံတစ်ခုပါ။ အခြေခံအအောက်အအုံတစ်ခုဟာ စီး ပွားရှာသင့်တဲ့ အရာမဟုတ်ပါဘူး။ ဘေးထွက်တစ်ခုကို စီးပွားရှာ တယ်ဆိုတာက တစ်မျိုးပါ။

           ဒီနေရာဟာ ဆည်လုံးဝကို ဆောက်သင့်တယ်(ဆိုရင်)အဲဒါကို ဆောက်လုပ်ပေးရမှာ နိုင်ငံတော်ရဲ့တာဝန်။ နိုင်ငံတော်က ဆောက်လုပ်လိုက်လို့ ဖြစ်လာမယ့် ဆည်နဲ့အတူ အကျိုးခံစားရမှာ က ပြည်သူတွေပါ။ အဲဒီဆည် တည်ဆောက်လိုက်တာကြောင့် ဒီကနေပြီး ရေအားလျှပ်စစ်လေး ထုတ်လို့ရမယ်ဆိုရင် ဒါက ဆည်ရဲ့ ဘေးထွက်ကောင်းကျိုးလေးတစ်ခုပါပဲ။ အဲဒီအတွက် ပြင်ပလုပ်ငန်းရှင်ကိုခေါ်ယူပြီး အစိုးရနဲ့  BOT လုပ်လိုက်တယ်၊ ပူးပေါင်းဆောင်ရွက်လိုက်တယ်။ အစိုးရရဲ့ ကုန်ကျစရိတ်ထဲကို ပုဂ္ဂလိကဘက်က အကျိုးတူလေး ပါဝင်လိုက်တယ်။ အကျိုးကျေးဇူး ကို တစ်ဖက်က လျှပ်စစ်ထုတ်ရောင်းတာမျိုးပေါ့။ ဒီလိုခံစားတာ က တစ်ကဏ္ဍပါ။

          ဒါပေမဲ့ လျှပ်စစ်ထုတ်ချင်လို့ဆိုပြီးတော့ ဆည်တော့ မဆောက်သင့်ပါဘူး။ ဒီဆည်သည် ဒေသခံတွေရဲ့ အကျိုးအတွက်၊ စိုက်ပျိုးရေးအတွက်သော်လည်းကောင်း၊ ရေလွှမ်းမိုးမှုထိန်းချုပ် ရေးအတွက်သော်လည်းကောင်း၊ လျှပ်စစ်ရရှိရေးအတွက်သော်လည်းကောင်း၊ ဆည်တစ်ခုကို ဆောက်တယ်ပေါ့။ အဲဒါက နိုင်ငံ တော်ရဲ့ တာဝန်ပါ။ နိုင်ငံတော်က လုပ်ပေးရမယ့်ကိစ္စပါ။ ဘာ ကြောင့်လဲဆိုရင် ဆည်ဆိုတာ နိုင်ငံရဲ့အခြေခံအဆောက်အအုံ တစ်ခု ဖြစ်နေလို့ပါ။

           ဘယ်နိုင်ငံမှာမဆို နိုင်ငံရဲ့အခြေခံအဆောက်အအုံတည် ဆောက်ရေးသည် နိုင်ငံတော်ရဲ့ တာဝန်ပါ။ အဲဒီအတွက် နိုင်ငံ တော်က တည်ဆောက်ပြီးတော့ ဘေးထွက်ကောင်းကျိုးကို ပုဂ္ဂ လိကနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက် ဖို့အတွက် နိုင်ငံတော်က လုပ်ရတာမဟုတ်ပါဘူး။

မော်ကွန်း။  ။ ဆရာအနေနဲ့ ဖြည့်ပြောချင်တာရှိတာများ ပြောပေး ပါဦး။

ဒေါက်တာထွန်းကို။     ။ အထူးအထွေတော့ ထပ်ဖြည့်ပြောစရာမရှိ ပါဘူး။ တစ်ခုပါပဲ၊ ရှိပြီးသားဆည်တွေကတော့ ဆက်လက်ပြီး တော့ စနစ်တကျထိန်းသိမ်းပေးဖို့ပဲလိုပါတယ်။ အသစ်အသစ် တည်ဆောက်မယ့် စီမံကိန်းများ ရှိနေသေးတယ်ဆိုရင်ပေါ့၊ ရှိ လည်း ရှိနေဦးမှာပါ။ ပြောချင်တာကတော့ ဆည်ဆိုတာ နိုင်ငံ တစ်ခုရဲ့ အခြေခံအဆောက်အအုံတစ်ခုပါ။ အခြေခံအဆောက် အအုံ ဖြစ်တာနဲ့အညီ ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြ ပေးဖို့၊ ပြည်သူတွေ ပွင့်လင်းစွာသိမြင်လာစေဖို့အတွက် ဆည် တိုင်းလိုလို တည်ဆောက်တော့မယ်ဆိုရင် မတည်ဆောက်ခင်က တည်းက ကြိုတင်တိုင်းထွာမှုများ ဆောင်ရွက်ရသလို တစ်ဖက်မှာ လည်းပဲ EIA, SIA, HIA တွေကို ဒေသခံပြည်သူတွေ ကျေနပ် လက်ခံလာစေတဲ့အထိ ချပြပြီးမှ ကျေနပ်လက်ခံမှ ဆောင်ရွက်စေ ချင်ပါတယ်။       ။

Advertise Here

LEAVE A REPLY

Please enter your comment!
Please enter your name here